Monday, May 31, 2010

အချိန်မှီ



လင်းမြမြရောင်စဉ်တန်းများဖြင့် လွန်းယှက်ကာလင်းလက်နေခဲ့သောခန်းမကျယ်ကြီးတစ်ခုရဲ့ အ၀ဆီကို သူ ရောက်ရှိလာခဲ့၏။ အလင်းအမှောင်မကွဲပြားခဲ့သောနေရာတစ်ခုမှလာခဲ့ရသူမို့ ခန်းမကျယ်အ၀ကနေပြီး အလင်းတန်းများရဲ့စူးရှမှုကို သူ့မျက်လုံးများကမခံမရပ်နိုင်ခဲ့...။ ထို့ကြောင့် ခန်းမအတွင်းသို့ပင် လှမ်းမျှော်ကာမကြည့်နိုင်တော့ပဲ သူ့မျက်လုံးများကိုချက်ခြင်းပင် တင်းတင်းရင်းရင်းစေ့ပိတ်လိုက်မိသည်။

မျက်လုံးများကို မှိတ်ပစ်လိုက်တော့ ခံစားမှုအာရုံတွင် တစ်စုံတရာက ထင်ထင်ရှားရှားနိုင်လွန်းလှစွာပေါ်ထင် လာခဲ့သည်။ ထိုအရာကို အမိလိုက်ဖမ်းရင်း သူ့သွေးခုန်နှုန်းတွေမြန်လာခဲ့၏။ ရင်ဘတ်ထဲမှ နှလုံးသားတစ်စုံ ကလည်း ပုံမှန်မဟုတ်သည့်နှုန်းဖြင့် တစ်ဒိတ်ဒိတ်ခုန်လာခဲ့၏။ အသက်ရှူသံတွေကလည်း အကြိမ်အရေအ တွက်ခပ်စိပ်စိပ်ဖြစ်လာကာ မြင့်တက်လာခဲ့သည်။ အာရုံထဲတွင်သူအမိဖမ်းလိုက်တာက သူမဟုတ်သော တစ် စုံတစ်ယောက်.....။

မျက်စိမှိတ်ထားရင်း သိစိတ်တစ်ခုဖြင့် ခန်းမကျယ်ထဲသို့ သူခြေလှမ်းစတင်လှမ်းကာဝင်မိခဲ့၏။ နောက်... နှုတ်မှနေပြီး စိတ်အာရုံထဲမှတစ်စုံတစ်ယောက်ကိုမကျေနပ်လွန်းစွာ ‘တောက်တစ်ချက်’ ခေါက်လိုက်မိသည်။ ထိုအခါ မကျေနပ်မှုများက သူ့ရင်ဝဆီသို့ ဒီရေလှိုင်းတံပိုးများအလား ပိုမိုရုန်းကြွစွာဖြင့် ဖိတ်လျှံတက်လာခဲ့ လေတော့၏။ ခါး... သီး... လိုက်..... တာ.....

မျက်စိမှိတ်ထားနေခဲ့သော သူ့မျက်နှာပေါ်မှ နှုတ်ခမ်းတစ်စုံက အလိုလိုပွင့်ဟသွား၏။ နောက် ခါးသီးစွာဖြင့် သံကုန်ဟစ်ကာ အော်လိုက်မိသည်။

“အဲ့ဒီကောင်.... အလကားကောင်”....

ရင်ဘတ်ထဲတွင် နည်းနည်းနေသာထိုင်သာ ရှိသလိုဖြစ်သွားသည်။ မျက်လုံးများပိတ်ထားသော်လည်း ဖွင့်ဟ ထားမိသော သူ့နားစည်တွင် ‘အဲ့ဒီကောင်...အလကားကောင်’.....၊ ‘အဲ့ဒီကောင်...အလကားကောင်’...ဟူ သောပဲ့တင်ထပ်သံများကို အခန်းနံရံများဆီမှပြန်ရိုက်ခတ်လာသဖြင့် ထပ်ခါ ထပ်ခါကြားလိုက်ရ၏။ သူ့ပဲ့တင် ထပ်သံကို သူ့ဘာသာ ကျေနပ်စွာပြန်နားထောင်ရင်း အာရုံဆီမှ သူမဟုတ်သောတစ်စုံတစ်ယောက်ကို မကျေနပ်စွာဖြင့် သူဆက်အော်မိတော့သည်။

“အဲ့ဒီကောင်.... ငတုံး...၊ ငအ”.....

“အဲ့ဒီကောင်... အရူး၊ အပေါ”......

“အဲ့ဒီကောင်... နွားခြေရာခွက်ထဲက ဖားလို... အမြင်မကျယ်တဲ့ကောင်”......

“အဲ့ဒီကောင်.... ငါ့လောက်တောင် မသိ၊ မတတ်တဲ့ကောင်”.......

“အဲ့ဒီကောင်.... ၀ါးလုံးခေါင်းထဲမှာ လ,သာနေတတ်တဲ့ကောင်”.....

“အဲ့ဒီကောင်... ဘာမှမဟုတ်ပဲ.. အခြောက်တိုက် ဘ၀င်မြင့်ရောဂါစွဲကပ်နေတဲ့ ၀မ်းတွင်းရူး”....

“အဲ့ဒီကောင်... ငါ့လောက်မှ စိတ်ထားမကောင်းပဲ စိတ်နှလုံး သေးသိမ်ဖျဉ်းလွန်းတဲ့ကောင်”.....

“အဲ့ဒီကောင်... ကိုယ်အေးနေရင် ကိုယ့်ဖို့ပဲသိ...၊ သူများဖို့ မသိတတ်တဲ့ကောင်”....

“အဲ့ဒီကောင်... ကိုယ့်ထက်သာ မနာလိုဖြစ်တတ်တဲ့ကောင်”.....

“အဲ့ဒီကောင်... ဘာအစွမ်းအစမှမရှိပဲ... သက်သက်မဲ့ အရေခြုံနေတဲ့ အယောင်ဆောင်ကောင်”....

“အဲ့ဒီကောင်...... .... ..... ......... ........”........

“အဲ့ဒီကောင်......... ...... ............”.........

“အဲ့ဒီ..... ........”......

“အဲ့........ ........ ......”..........

“........ ....... .......”

......

~~~~@@~~~~

ဆက်တိုက်ဟစ်အော်လိုက်ရတာမို့ သူအ တော်မောပန်းသွားမိသည်။ အာခေါင်လည်း အ တော်ခြောက်သွား၏။ သို့သော် သူပြောချင်နေ သောစကားများကို စိတ်ထဲမှ တစ်စုံတစ်ယောက် အား နှုတ်မှဖွင့်ဟကာ စိတ်ရှိလက်ရှိ ဟစ်အော်ပြော လိုက်ရတာမို့ သူ့ရင်ထဲတွင် အတော်လေး နေသာ ထိုင်သာရှိသွားသည်။ ပေါ့ပါးသွား၏။

ပိတ်ထားသော မျက်ခွံလွှာပါပါးပေါ်မှ အလင်း စက်များက သူနှင့်ယဉ်ပါးသလိုရှိလာခဲ့၏။ ထို့ ကြောင့် မျက်လုံး များကို ဖြည်းဖြည်းခြင်း သူဖွင့် ကြည့်မိလိုက်သည်။

ထိုအခါ သူ့နှုတ်ခမ်းဖျားများဆီမှ တစ်ခုတည်းသော စကားလုံးလေးတစ်လုံး ဖရိုဖရဲ ထွက်ကျသွားရ၏။

“ဟင်”......

~~~~@@~~~~

နံရံပတ်ပတ်လည်တွင် ကိုယ်လုံးပေါ်မှန်ချပ်ကြီးများနှင့်အတိပြီးစွာကာရံထားသော ခန်းမကျယ်ကြီးအ တွင်းသို့ သူရောက်ရှိနေခဲ့တာကြောင့်ပင်ဖြစ်၏။

အခန်းပတ်ပတ်လည်ကို ချာလည်လည်ဖြစ်သွားအောင် ကိုယ်ကိုတစ်ပတ်လှည့်ကာ လိုက်ကြည့်မိတော့ တွေ့ လိုက်မိရတာက သူ့ကိုယ်ပိုင်ပုံရိပ်များသည်သာ....။ သို့သော် စောစောက မျက်စိမှိတ်ကာစိတ်ထဲမှ သူမဟုတ် ခဲ့သော တစ်စုံတစ်ယောက်အား ပစ်ပေါက်ခဲ့သည့်စကားလုံများအတိုင်း သူ့ပုံရိပ်များက မှန်ချပ်များထဲတွင် အ လဲလဲ...အကွဲကွဲ....။

ခန်းမကျယ်ကြီးထဲတွင် သူတစ်ယောက်မှလွဲပြီး ဘယ်သူမှမရှိ၊ သို့သော် သူ့ကိုယ်သူပြန်ကာ ခပ်တိုတိုးလေး ကျိတ်ရှက်သွားမိခဲ့ရသည်။

~~~~@@~~~~

ကယ်၍များ အချိန်မှီ စွာ သူ့ကိုယ်သူပြန်မရှက်တတ်ခဲ့မိဘူးဆိုလျှင်.........။            ။

                          ~~~~@@@@~~~~@@@@~~~~@@@@~~~~



ပုံလေးကိုဒီနေရာလေးကနေ ယူသုံးပါတယ်ခင်ဗျာ....။
=============================================================
ခင်မင်ရတဲ့ ရေးဖော်သူငယ်ချင်း ကိုမိုး(ဘလော့ဂ်ဂါ မောင်မိုး)တက်ဂ်ထားခဲ့တဲ့ အသိတရားဆိုတဲ့ တက်ဂ် ပို့စ်လေးပါခင်ဗျာ။ ကြာလှပါပြီ.... ခုမှ လက်စသတ်ဖြစ်ခဲ့ရလို့ပါ။ ဘလော့ဂ်စပေါ့(ထ်)နဲ့ ဟော့ရှော့(ခ်)ဆိုတဲ့ ပို့စ်လေးမှာရေးခဲ့သလို ကျွန်တော်နောက်ဆုံးရေးဖြစ်တဲ့ တက်ဂ်ပို့စ်လေးပါပဲခင်ဗျာ....။ ကိုမိုးရေ...ကျွန် တော်သိတဲ့ အသိတရားလေးကို အကြာကြီးနေမှပြီးလို့ တောင်းရော၊ ဇကောရော၊ လင်ပန်းရော၊ ဒိုဘီခြင်း ရော၊ ဇကာရော....  အားလုံးစုပြီး ပန်လိုက်ပါတယ်ဗျာ........:D
=============================================================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

24 comments:

ရိုးမ အရိုင်းပန်း said...

GOOD IDEA!!!!!

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
သဒ္ဓါတောင် မှန်ခန်းမကြီးထဲကိုရောက်သွားသလိုခံစားလိုက်ရတယ်။
အော်ဖို့တော့နည်းနည်းလန့်သွားတယ်။ကိုယ့်ကိုကိုယ်ပြန်ကြည့်မိလိုက်တယ်...
ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
ခင်တဲ့
သဒ္ဓါ

မြသွေးနီ said...

ကိုဏီရေ...
ဒီပို့စ်လေးဖတ်ပြီး သဒ္ဓါလိုပဲ တွေးမိသွားတယ်။
ဘ၀မှာ လှပတဲ့ လိပ်ပြာလေးတွေသာ ထာဝရ ၀ဲပျံနေစေချင်ပါတယ်ရှင်..။

ခိုင်နုငယ် said...

ကိုဏီလင်းညိုရေ
အမိအရလာဖတ်သွားပါတယ်ဗျာ။
အသိတရားကို အချိန်မှီဆုပ်ကိုင်လိုက်
နိုင်လို့်တော်သေးတာပေါ့ သို့မဟုတ်ရင်
ကိုယ်လွှတ်တဲ့မြှားကိုယ်ကိုကိုပြန်စူးရချည်ရဲ့
ကျနော်အမြင်ရူ့ထောင့်လေးကနေတွေးသွားတာပါ။
လွဲချော်သွားခဲ့ရင်စောတီးပါ။
ဂွတ်ပိုစ့်

သိင်္ဂါကျော် said...

ကိုယ်လည်း အဲဒီလို အော်ချင်နေတာ ကြာပြီ..
ကိုယ်နေတဲ့ နေရာမှာလည်း မှန်တံခါးတွေ များတယ်လေ.. :D

Angel Shaper said...

အဲလိုတော့ အော်ချင်တဲ့ဆန္ဒ ဖြစ်ပေါ်ဖူးတယ်။
ကိုဏီကြီးတို့အခန်းလိုတော့ မှန်တံခါးတွေ အများဘူး။ ဒီတော့ လက်လျှော့လိုက်ရတယ်။ ဟဲဟဲ
အဆင်ပြေပျော်ရွှင်ပါစေနော်။
အလုပ်များနေလို့ မနှိပ်စက်လိုက်ရတာတော့ စိတ်မကောင်း။
တွေ့မှ အတိုးချပြီး နှိပ်စက်ဖို့ တိုင်ပင်ထားသည်။ ဟိဟိ

sosegado said...

ခပ်တိုတိုးလေး ကျိတ်ရှက်သွားခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ၊ အော် လူတွေ လူတွေ……ကိုယ်လည်းပါတယ်၊

SHWE ZIN U said...

မရှက်ပါနဲ့ ကိုဏီ ဒါရှက်စရာ ဟုတ်ဘူး ဟိုဟာ..ဟိုဟာ မှ ရှက်စရာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ကိုဏီးက မှန်ကြည့်နေတယ်ပေါ့လေ...
တယ်ချောတဲ့..ငါပါလား.....အဟား....
ပတ်လည်မှာပါမှန်ရှိရင်..နောက်ကျောရော..ဖင်ရော..အကုန်မြင်ရလတ္တံ့

အင်ကြင်းသန့် said...

ကိုယ့်ကိုကိုယ်ပြန်လည်ဆင်ခြင်ဖို့ အသိတရား တကယ်ကိုရလိုက်ပါတယ်...

ဒါပေမယ့် အစ်ကိုဂျီးရေ....တစ်ချို့တစ်ချို့သောလူစားတွေကတော့ အချိန်မှီ ကျိတ်လည်းမရှက်တတ်ကြဘူး....ဗြောင်လည်း မရှက်တတ်ကြဘူး...မျက်နှာတော်တော်ပြောင်တတ်ကြတယ် ... :)))

ညီမလေး
အင်ကြင်း

မြစ်ကျိုးအင်း said...

အဲဒီကောင်... အချိန်မှီ အမှန်တရား မြင်နိင်ပါစေဗျာ ...။

ကိုယ့်အနေအထားကို ကိုယ်လိုက်မှီနိင်အောင် အများကြီး မတွေးဖြစ်အောင် သတိထားနေရတယ်။

ဘဝကို ဖြတ်သန်းမယ် ရိုးရိုးသားသားနဲ့ ပျော်ပျော်ရွှင်ရွှင် မာန်မာနတွေ ထားခဲ့ကြစို့ ...။

mg lay said...

ကျွန်တော်လည်း အဲ့ဒီလိုမျိုးတိတ်တိတ်လေးရေရွတ်မိပေါင်းများလှပေါ့အစ်ကိုရေ
အဲဒီလိုနဲ့ပဲ ဘဝကို ဆင်ခြင်ညဏ် လေးနဲ့ပြန် တည်ဆောက်ရတာပါဘဲ။
ခဏခဏတည်ဆောက်လိုက်ခဏခဏ ပြန်ပြိုသွားလိုက်ပေါ့ဗျာ ဟီး

မြတ်မွန် said...

ဘယ်သူက ဘယ်သူကို အပြစ်တင်နေတာလဲလို့ ၂ခေါက်လောက်ပြန်ဖတ်ရတယ်.။။
ကိုဏီး ဒီတစ်ခါရေးထားတာ ဒီဇိုင်းဆန်းဆန်းလေးနော်..။
ခင်မင်လေးစားလျှက်။

ကိုဇော် said...

အော်. . ဟစ်လိုက်ရတာ စိတ်များ ပေါ့ပါးသွားလားဗျ။

အဲဒီလို မအော်တတ်လို့ မသိလို့ မေးတာပါ။

သူ့ကိုယ်သူ အော်လိုက်မိတော့လည်း နည်းနည်းတော့ ပေါ့သွားတာပေါ့လေ။

တော်ပါသေးရဲ့. . .ကိုယ်တိုင်မို့လို့. . ။ တခြားသူဆို ကွဲမှာပဲ . . ခေါင်း။

လင်းခေတ်ဒီနို said...

ကိုဏီ စဉ်းလဲ စဉ်းစားနိင်လွန်းတယ်ဗျာ အဲလိုရေးဖို့ တကယ်ချီးကျွေးပါတယ်
အယ် ချီးကျူးပါတယ်ဗျာ ဟီးဟီး ဟဲဟဲ

း) တကယ်ကောင်းတဲ့ အရေးအသားလေးပါပဲ ကိုဏီရေ

shwe said...

ကိုလင်းညို ဒီပို့စ်လေးကြောင့် ကိုယ့်ကိုကိုယ် အမြဲ ဆင်ခြင်နိုင်အောင် အသိပေးလိုက်သလိုပါပဲ
ကျေးဇူးပါနော်

ညလင်းအိမ် said...

အစ်ကိုရေ ..
ရေးတတ်တယ်ဗျာ ...
တကယ့်ကို တော်ပါပေတယ် ...

ချီးကျူးပါဧ။် ...

blackroze said...

တခါတလေ..အဲလိုပြန်ပြီးအော်မိတတ်တယ်အကိုရာ...

မောင်ဘကြိုင် said...

ပုံစံမျိုးမျိုးပဲ ရေးတတ်ပါ့ဗျာ
း) ဂွတ်ထနေတာပဲး)

အိမ့်ချမ်းမြေ့ said...

ကွန့်မင့်ရေးမလို့ ငုတ်တုပ်ထိုင်နေတာ (အမှန်တရားတွေကိုရေးထားတော့ ဘာပြောရမှန်းမသိလို့) သီချင်းအစဆုံး၂ခါနားထောင်ပြီး ပြန်သွားပါပြီ :)
James Blunt တော့ အရမ်းကြိုက်တယ်

TYZ said...

အရေးအသားလေးဆန်းတယ်။ သင်ခန်းစာလည်းရတယ်။ ကျေးဇူး...။

ညီညီထွေး said...

ကောင်းလိုက်တဲ့ အတွေးခေါ်လေး ကိုဏီးရေ....

ခင်မင်တဲ့
ညီညီထွေး

ညီမလေး said...

တခါတခါ အချိန်မမှီလိုက်တာတွေလဲ ရှိတယ် ကိုလင်းညို...

thaw zin soe said...

ကျနော်ကတော့ အရင်ကဆိုတောင်ပေါ်တက်ပြီး ဒီလိုခဏခဏအော်ခဲ့ဖူးတယ်.. ခုတော့မအော်တာလည်းကြာပြီ လူပါးဝမှုတွေကိုတော့ ကြုံနေရတုန်းပဲ ဘာကြောင့်မအော်တော့ဘူးဆိုတာကိုလည်းမေ့သွားပြီ... အဆင်ပြေပါစေဗျား.....
လေးစားလျက်..........