Saturday, May 22, 2010

ရီဝေ...ည




သန်းခေါင်ယံအချိန်လွန်ကာစ ညဥ့်ကောင်းကင်တစ်ခုရဲ့အရောင်က အနီရောင်လဲ့လဲ့ သန်းနေ ခဲ့သည်။ ထိုအထက်တွင် တစ်ရိပ်ရိပ် လွင့်မျော၍နေလေခဲ့သော တိမ်အုပ်စုများကို ဟို...ဒီပြန့်ကျဲစွာတွေ့ နေရလေ၏။ မြေပြင်အထက်တွင်အဆက်မပြတ် တိုက်ခတ်နေသော လေထုထဲမှာ အေးစက်စက်ဖြင့် မိုးရနံ့များ ကပ်ငြိနေတာကို “သူ”ခံစားမိသည်။ စောစောကထက် ပိုအေးလာသလိုရှိတာကြောင့် ကိုယ်ပေါ် တွင်ဝတ် ထားသော ဂျင်းဂျက်ကတ် အဟောင်းလေးကို ရင်ဘတ် ဆွဲစေ့လိုက်သည်။ နောက် လက်နှစ်ဖက် ဖြင့်လည်း လက်ပိုက်ကာ ကိုယ့်ကိုယ်ကိုပြန်ပြီး သိုင်းဖက်ထားမိ သေး၏။

မကြာခင် မိုးရွာတော့မည်ထင်ပါသည်။



ခပ်လှမ်းလှမ်းရှိ လမ်းမီးတိုင်လေးမှ အ၀ါရောင်မီးသီးကလေးက ညဥ့်နက်ချိန်မို့ထင်သည်။ တိုက်ခတ်နေ သော လေဒဏ်ကြောင့် တိုင်ထိပ်ဖျားတွင် ယမ်းခါနေခဲ့သော ဒန်မီးစလောင်းဖုံးလေး အောက်တွင် ပြည့်ဝစွာ လင်းဖြာနေခဲ့လေသည်။ သို့သော်လည်း ထိုအလင်းမှာ သူရပ်နေခဲ့သော ဒီလမ်းသွယ်လေးရဲ့နံဘေးက ကံ့ကော်ပင်ကြီးအောက်ကိုတော့ ၀င်ရောက်ထိုးဖောက်နိုင်စွမ်းမရှိနိုင်ခဲ့ပေ။ ခြံအပြင်ဘက်မှနေပြီး ဘေး တိုက်အနေအထားမှ “သူ”လှမ်းငေးနေမိခဲ့တဲ့ “သူမ”တို့ရဲ့ တစ်ထပ်အိမ်ပုပုလေးကတော့ မိုးချုပ် ညနက်ရီရီမှာ ငြိမ်သက်စွာ တိတ်ဆိတ်လျက် တစ်အိမ်လုံး မည်းမှောင်လျက်ရှိသော်လည်း အိမ်ရဲ့အရှေ့ ဆင်ဝင်အောက်မှာတော့ အပြာနုရောင် မီးပွင့်ငယ်ငယ်လေးတစ်ပွင့် မှုန်ဖျဖျလင်းနေခဲ့တာတွေ့ရ၏။ ထိုမီး ပွင့်လေးဆီမှ တစ်စွန်းတစ်စ ဖိတ်စင်ကျနေသော အလင်းတန်းတချို့က ခြံထဲရှိခုံတန်းလေးပေါ်တွင် တစ် ယောက်တည်း ထိုင်နေခဲ့သော “သူမ”ကိုဝိုးတ၀ါး မြင်တွေ့နေရစေလေသည်။ တဟူးဟူး တိုက်ခတ်နေ သောလေစီးကြောင်းများက ခြံထဲမှာရှိသည့် သစ်ပင်ကြီးငယ်များနှင့် “သူမ”ရဲ့ဆံပင်ရှည်ရှည်လေးများကို ၀ဲ ပျံကာ လူးလွန့်နေစေခဲ့၏။

“နင်... အိမ်ပေါ်တက်သင့်နေပြီ”.... အသံမဲ့စွာဖြင့် ထိုစကားတစ်ခွန်းကို သူ့ရင်တွင်းမှနေပြီး သူမကိုပြော လိုက်မိသည်။ နောက်... ‘အပြင်မှာ အရမ်းအေးနေတာ နင်မသိဘူးလား’...၊ ‘နင်ဘာတွေ တွေးနေတာလဲ’ ၊ ‘ဘာတွေဖြစ်နေတာလဲ’....စသည့် မေးခွန်းတွေကို ‘သူမ’ ကြားနိုင်မှာမဟုတ်တဲ့ ရင်ဘတ်အတွင်းပိုင်းကနေ စိုးရိမ်ပူပန်စွာ ဆက်တိုက် ‘သူ’အော်ဟစ်မေးနေမိခဲ့၏။ အဆက်မပြတ်ဆိုသလို တိုက်ခတ်နေသော လေ ဒဏ်ကြောင့် သူ့ခေါင်းပေါ်မှ ကံကော်ပင်ကြီးလည်း ယိမ်းထိုးနေခဲ့ရပြန်သည်။ ကံ့ကော်ရွက်များ အချင်းချင်း ပွတ်တိုက် ရိုက်ခတ်မိရာမှထွက်ပေါ်လာသော အသံတွေက သူ့နားထဲတွင် လိုအပ်တာထက်ပိုပြီး ဆူညံနေ ခဲ့သလိုလို....။

သူ ခေါင်းတစ်ချက် ယမ်းခါလိုက်မိသည်။ သွားစမ်းပါ...၊ ဒီဆူညံသံတွေကို ငါလက်မခံနိုင်တော့ပါဘူး...။ ညနေခင်းတုန်းကကြားခဲ့ရသည့် စကားလေးတစ်ခွန်းနဲ့တင် သူ့နားထဲ....၊ နောက် ရင်ထဲမှာပါ အခုထက်ထိ ဆူညံစွာပဲ့တင်ထပ်နေခဲ့ရတာ...။ ဟုတ်သည်...၊ အဲ့ဒီ စကားလေးတစ်ခွန်းကြောင့်သာပဲ သူအိပ်မရနိုင် အောင်ဖြစ်ခဲ့ရပြီး အသိအမှတ်မဲ့စွာ အိမ်မှထွက်လာခဲ့မိတာ...။ ပြီးတော့ မရည်ရွယ်မိစွာနဲ့ သူမတို့ အိမ်နား ကိုရောက်ခဲ့ရ....၊ နောက်တော့ သူမရဲ့အိမ်ကလေးကို (သူမ မသိနိုင်ခဲ့ပေမယ့်) သူငေးနေမိခဲ့ရ....။ ဒါပေ မယ့် အခုလိုမျိုးသူမကို ခြံထဲမှာတစ်ယောက်တည်း ဆင်းထိုင်နေတာ တွေ့ရလိမ့်မယ်လို့ သူလုံးဝထင်မှတ် မထားမိခဲ့ပါ....။

“ငါသူ့ကို အဖြေပြန်ပေးလိုက်ပြီ.... သိလား”....

ဒီစကားလေးကို သူပြန်ကြားယောင်လာမိပြန်သည်။ တဆက်တည်းမှာပဲ ရင်ဘတ်အတွင်းပိုင်း၊ ဟိုး... အ နက်ရှိုင်းဆုံးနေရာတစ်ထောင့်က အက်ကွဲနေခဲ့ရသလိုခံစားမှုက တစ်ကျော့ပြန်လာကာ အသစ်လို နာကျင် လာမိပြန်လေသည်။ သူသက်ပြင်းတစ်ချက်ကို ကြိတ်ရှိုက်မိပြန်၏။ ဘယ်နှစ်ကြိမ်မြောက် သက်ပြင်းရှိုက်မိ ခြင်းလည်း...ဟု ကိုယ့်ကိုယ်ကိုပင် မသိနိုင်တော့....။ ထိုစဉ်မိုးခြိမ်းသံသဲ့သဲ့ကို သူ့နားထဲကြားလိုက်ရသ လိုရှိသည်။ လျှပ်စီးတစ်ချက် ၀င်းကနဲအလက်တွင် ခေါင်းငုံ့ကာ ငြိမ်သက်နေခဲ့သော သူမရဲ့ခန္ဓာကိုယ်လေး အနည်းငယ်တုန်သွားသလို သူတွေ့လိုက်၏။ မိုးတွေချိမ်း...၊ လျှပ်စီးတွေလက်ပြီဆိုရင် ကြောက်တတ်သော သူမ...၊ အခုလို ညဥ့်နက်သန်းခေါင်အချိန်မှာ အပြင်ဘက်တွင် တစ်ယောက်တည်း…။

 “နင်ဘာတွေဖြစ် နေတာလဲ”.... ဟု သူမ ကြားနိုင်မှာမဟုတ်မှန်း သိရက်နဲ့သူ့ရင်တွင်းမှနေ ထပ်မေးမိပြန် သည်။ တစ်ကယ်ဆို အခုလိုမျိုးအချိန်မှာ နင်ပျော်နေရမှာလေ..၊ ညနေတုန်းကမှ နင်လောလောလတ်လတ် အဖြေပြန်ပေးလိုက်တဲ့ နင့်ချစ်သူ အသစ်စက်စက်နဲ့ နင်ဖုန်းပြောနေသင့်တာလေ...၊ဒါမှမဟုတ်ခဲ့သေး ရင် နင်သူ့အကြောင်းတွေတွေးပြီး အိပ်ယာထဲမှာ နွေးနွေးထွေးထွေးနဲ့နေနေသင့်တာလေ...။ သူ့ရင်ထဲမှ သူမ ကိုတိုက်တွန်းစကားတချို့ တီးတိုးဆိုနေမိ၏။ တကယ်ဆို သူမပျော်ရွှင်နေတာကိုပဲ သူမြင်ချင်ခဲ့တာ အခုမှမ ဟုတ်...။ အရင်ကတည်းက.....၊ ဟုတ်သည်.... ဟိုး.... အရင်ကတည်းက....။

~~~~@@@~~~~

သူ ဒုတိယနှစ်တုန်းက ရည်းစားထားတော့မယ်ဟု သူမကို အသိပေးစွာပြောခဲ့တုန်းက သူ့ရှေ့မှာတင် သူမငိုခဲ့ဖူးသည်။ သူက ‘ဘာဖြစ်လို့ငိုရတာလဲ’ဟု ချော့မော့စွာမေးခဲ့သောအခါတွင် သူမပြန်မဖြေခဲ့...။ သို့ သော်လည်း မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း ခေါင်းခါပြနေခဲ့သော သူမရဲ့ အငို မျက်နှာလေးကို သူ့ရင်ထဲမှ ဖျောက်ဖျက်ပစ်လို့မရနိုင်စွာဖြင့်ရှိခဲ့ရလေ၏။ ထို့ကြောင့် စိတ်ဝင်စားရုံသာ ဖြစ်ခဲ့ မိသော လေထဲကရည်စူးသူကို သူဆက်ပြီးမကြိုးစားမိခဲ့တော့...။ ဒါပေမယ့် သူမကတော့ နောက်ပိုင်း သူ နှင့်တွေ့တိုင်း‘နင့်ကောင်မလေးနဲ့ နင်အဆင်ပြေရဲ့လား’...ဟု မေးတတ်ခဲ့တာ၊ သူကလည်းပြီးစလွယ် ခေါင်းပြန်ငြိမ့်ပြတတ်ခဲ့ မိတာတွေက အခုလိုမျိုး အခြေအနေတွေကို ရောက်သွားလိမ့်မယ်လို့ သူလုံးဝမထင် ထားခဲ့မိတာအမှန်ပင်....။ တကယ်ဆို‘နင့်ကောင်မလေးကို နင်သိပ်ချစ်တာပဲလား’...ဟု သူမ မေးတိုင်း ‘သိပ် ချစ်တာပေါ့’...ဟု ပြန်ဖြေတတ်ခဲ့သော သူ့မျက်ဝန်းတွေကို သူမတစ်ယောက် နားလည်တတ်ခဲ့မိလျှင်....၊ အ ဓိပ္ပါယ်ဖတ်တတ်ခဲ့မယ်ဆိုရင်တော့... ။

သူပြန်မတွေးချင်တော့ပါ...။

သူမနှင့်အတူရှိနေခဲ့စဉ်အချိန်ခဏတာများမှာ ရင်ထဲက သူ့ခံစားချက်တွေက တစ်ဖြေးဖြေးနှင့် နူးညံ့၊ နောက် စည်းချက် မမှန်စွာမြန်ဆန်လာခဲ့ရတာတွေ...။ ဒါပေမယ့် သူမရဲ့စိတ်ထဲမှာ တွေးထင်နေခဲ့တာက သူ့မှာ ချစ်သူတစ်ယောက်ရှိနေနှင့်ခဲ့ပြီဆိုတာပင်။ ထို့ကြောင့် ရင်ထဲမှာရှိခဲ့တာတွေကို သူ့မှာဖွင့်ဟပြောဖို့ခက်ခဲ နေခဲ့ရသည်။ မရည်ရွယ်မိစွာဖြင့် ထိုအခြေအနေမှာ သူတွန့်ဆုတ်နေဆဲမှာပဲ အချိန်တွေက တစ်ရွေ့ရွေ့နဲ့ သူ့တို့နှစ်ယောက် အနားကနေ တိုးတိုးတိတ်တိတ်ဖြတ်သန်းသွားခဲ့ကြ...၊။

အရိပ်တစ်ကြည့်ကြည့်နဲ့ သူမဘေးနားမှာ ရှိနေခွင့်လေးနဲ့ပဲ သူရောင့်ရဲနေခဲ့တဲ့ ခဏတာများစွာရဲ့အလွန် မှာတော့ သူမမျှော်လင့်ခဲ့သော စကားလေးတစ်ခွန်းကို သူမပြောခဲ့လေတော့တာ...။ အရင်းနှီးဆုံး သူငယ် ချင်းတစ်ယောက် ပီသစွာ သူမ ဖွင့်ဟပြောပြခဲ့သော၊ သူမကို ချစ်ခွင့်ပန်ထားတာ ကြာမြင့်လှပြီဖြစ်သော သူမသိခဲ့တဲ့ လူစိမ်းတစ်ယောက်အကြောင်းနှင့် ထိုလူရဲ့ချစ်ခြင်းကို ပြန်လည်တုန့်ပြန်လိုက်ပြီဖြစ်သော သူမရဲ့ဆုံးဖြတ်ချက်တို့က သူ့ရင်ကို တစ်ငွေ့ငွေ့နဲ့လောင်ကျွမ်းစေခဲ့တာ အခုချိန်အထိ...။ ဘယ်တော့များမှ ငြိမ်းနိုင်မှာလည်းဟု သူရင်ထဲမှကြေကွဲစွာ ကိုယ့်ကိုကိုယ်မေးမိသည်။ တိုက်ခတ်နေသော မိုးသက်လေပြင်း ကြောင့် ကံ့ကော်ပင်ကြီးဆီမှ အရွက်တချို့က ညကြီးမင်းကြီးမှာ လွင့်ကြွေလာခဲ့၏။ ထိုအထဲမှ သက်တမ်း လွန်နေခဲ့သလား...၊ သက်တမ်းနုနေသေးခဲ့သလား ရေရာစွာ သူမသိခဲ့သော သစ်ရွက်ကလေးတစ်ရွက်က သူ့ပခုံးကို တို့ခတ်ကာ မြေပြင်ပေါ်ကိုကြွေဆင်းသွားခဲ့လေသည်။

လူမသိသူမသိကွဲရှသွားခဲ့ရသော သူ့နှလုံးသားတစ်စုံနှင့် အဖြစ်ချင်းတူနေခဲ့ရသလိုပဲ...ဟု သူတွေးမိ လိုက်ပြန်သည်။ “ငါနင့်ကို သိပ်ချစ်ခဲ့တယ်”....ဘယ်တော့မှ သူမ ကြားနိုင်မှာမဟုတ်တဲ့ စကားတစ်ခွန်းကို ဒီ တစ်ခါတော့ သူ့နှုတ်မှ (တစ်ကိုယ်တည်းကြားနိုင်ရုံ)တီးတိုးဆိုမိသည်။ ခါတိုင်းဆိုရင် သူရင်ထဲမှသာ တီးတိုး ဆိုနေခဲ့ရတာလေ...။ လေထုက ပိုမိုစိုထိုင်းလာခဲ့သည်။ ထို့နောက်တွင်တော့ အဝေးဆီမှ မိုးစက်များ၏ ပြိုဆင်းလာနေသော အသံများကို သူနားထဲမှာကြားလိုက်ရသည်။ သူ ကြားလိုက်သလို သူမလည်း ကြားမိ ဟန်တူသည်။ ဖြည်းညှင်းစွာဖြင့် နေရာမှ သူမထရပ်လိုက်တာကို တွေ့လိုက်ရ၏။ နောက်တော့ ဆံပင်လေး တွေ တလွင့်လွင့်ဖြစ်နေလျှက် အိမ်ထဲသို့ဝင်သွားသောသူမရဲ့နောက်ကျောလေးကို ညမီးရောင် လင်းဖျဖျ လေးရဲ့ အောက်မှာဆုံးရှုံးခြင်းများစွာဖြင့် သူငေးနေခဲ့မိသည်။ ရင်ဘတ်ထဲမှ ၀မ်းနည်းဆွေးမြေ့မှုတချို့ ကတော့ သူ့အတွက် ဘာနဲ့မှ နှိုင်းဆလို့ မရနိုင်ခဲ့စွာ လျှံတက်နေခဲ့ဆဲ...။

~~~~@@@~~~~

ထိုတစ်ညက သူရဲ့ အိမ်အပြန်လမ်းတွင် မျက်ရည်တို့က မိုးရေများနှင့် ရောယှက်၊ စွတ်စိုနေခဲ့တာ ဘယ်သူမှမသိနိုင်ခဲ့ပါ.....။                     ။

                                         ~~~~@@~~~~@@~~~~@@~~~~



ပုံလေးကို ဒီနေရာလေးက ယူသုံးတာပါခင်ဗျာ....။
=============================================================
ဟိုးအရင်တုန်းက လောကအလှ အွန်လိုင်းမဂ္ဂဇင်း မှာ သွားရေးထားတဲ့ဝတ္တုလေးပါခင်ဗျာ....။ စာမရေးနိုင်ခဲ့ ရလောက်အောင် ဘာတွေမှန်းမသိရှုပ်နေတဲ့ ကိစ္စတွေရယ်...။ Don Williams ရဲ့ Crying in the rain.ဆို တဲ့ သီချင်းလေးကို ပြန်နားထောင်မိနေတာရယ်....၊ မှိုတက်ခေါက်ဆွဲကို ကိုယ့်ဘာသာပြန်ကြည့်ရင်း စိတ်ကုန်တာရယ်...၊ နောက်ပြီး ဘလော့ဂ်လေးမှာ တစ်ခုခုတင်ချင်နေတာရယ်....စတာတွေ ပေါင်းပြီး ဆား ပြန်ချက်ထားတာပါခင်ဗျာ..။ ဖတ်ပြီးတဲ့ မောင်နှမတွေ ခဏလေးမသိချင်ယောင်ဆောင်ပေးကြပါခင်ဗျာ..း)) ခဏလောက်ထပ်ပျောက်နေဦးမလား ကိုယ်တိုင်တောင် မသေချာသေးပါဘူးခင်ဗျာ....။....:D
=============================================================

ချစ်ခြင်းအားဖြင့်.....

ဏီလင်းညို



34 comments:

အဖြူရောင်နတ်သမီး said...

ဟဲ..ဟဲ..
ဟောဟဲ...ဟဲဟော...
အပြေးလေးလာမန့်တာ...
ဟီး..
တစ်ပဲ...
ဖတ်ဖူးတယ်..(အရင်က)
ပြန်ဖတ်သွားတယ်...
ကြိတ်ပြီးကြွေနေတယ်ထင်တယ်...
ဒီ..သူမကိုပဲ...ခံတွင်းတွေ့နေလေတော့...မဟုတ်မှလွဲရော...ဒို့ အကိုကြီးတော့...ဟီး..ဘာမှပြောမသွားဖူးနော်...

ညီမလေး said...

အော် .. ဒုက္ခ ၊ ဒုက္ခ ။

ရွှေရတုမှတ်တမ်း said...

ရီဝေည ဆိုတော့..ကိုဏီးတို့ ဘီယာများမူးနေသလားလို့...
လက်စသတ်တော့...အဲဒါမူးနေတာကိုး...

Nge Naing said...

သူနဲ့သူမနဲ့ အခုလက်ရှိအခြေအနေက ဘယ်လိုလဲ စိတ်ဝင်စားတယ်။

ခိုင်နုငယ် said...

သူမကို ယခုချိန်ထိ သတိတရ
ရှိနေသေးတဲ့
"ရီဝေေ၀ ည"
ဆီကအတွေးတစ်ချို့ကိုလာရောက်လို့ဖတ်သွားပါတယ်ဗျို့
ပျော်ရွှင်ပါစေဗျို့

SHWE ZIN U said...

သူများ ဆားချက်လို့ လိုက်ချက်ထားတာလား

အလကားစတာ ကိုဏီရေ မဖတ်ဘူးသေးဘူး သနားစရာလေးဘဲ

ခင်တဲ့
ရွှေစင်

♥ ကိုဇော် ♥ said...

ဟွန်း. . ဟွန်း . .မပြောချင်ဘူး။
ခုတလော ရှောက်သီးဆေးပြား မရောင်းပဲ မူးရစ် ရီဝေ နေတာပေါ့လေ။
ပြောစမ်ဘာ. . ပြောလိုက်စမ်းဘာ. .
သိပီ. .သိပီ. . .အခန်းဘေးနားက ရိုတီ ရောင်းတဲ့ ကုလားမကြီးကို စောင်းရေးထားတာ မလား။
သိဘာဒယ်. . . သိလိုက်ဘာဒယ်နော်။

ရွှေနတ်သား said...

အဲဒီလိုဖြစ်ရပ်ကလေးတွေ ရှိခဲ့ ဘူးတယ်ကိုဏီရေ....
ဘာလို့ များမပွင့်လင်းခဲ့ ကြပါလိမ့်ဗျာ
တကယ်ချစ်သူကိုဆုံးရှုံးရပြီဆိုမှ ခံစားရတဲ့ အတိုင်းအတာက
သေလောက်ပါတယ်

blackroze said...

ကိုဏီကြီး
လာဖတ်သွားတယ်..
သီချင်းဆိုကောင်းသလိုဝတ္ထုရေးလဲကောင်းတာဘဲနော်..
ချစ်မိပြီဆိုရင်မျိုသိပ်မထားပါနဲ့တဲ့
ဖွင့်ပြောလိုက်တာအကောင်းဆုံးပါတဲ့လေ.

busymozzee said...

ဏီဏီရေ.... အဆင်ပြေပါစေ သငယ်ချင်း....း)

thaw zin soe said...

တကယ်တော့ဗျာ နှလုံးသားဆိုတာကြီးက ရင်ဘက်ထဲရှိမနေပဲ လူတွေထင်သာမြင်သာရှိတဲ့ ခန္ဓာကိုယ်အပြင်ဘက်မှာရှိရင် ပိုများကောင်းမလားပဲ တစ်ယေက်အချစ်ကို တစ်ယောက်မြင်နိုင်ပြီး နားလည်မှုတွေ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ဖြစ်မနေတော့ဘူးပေါ့..
ခံစားပြီးဖတ်သွားပါတယ်...
လေးစားလျက်.....

မောင်ဘကြိုင် said...

ဒုတိယအကြိမ် ခံစားသွားတယ် ကိုဏီရေ...

အမည်မဲ့ said...

အရမ်းကောင်းတယ်။
ထိထိခိုက်ခိုက်လေး ခံစားသွားပါတယ်။

said...

စိတ်ကူးကော.. ပုံဖော်တာကော ကြိုက်တယ်အစ်ကို။ ဖတ်လည်း မဖတ်ရသေးပါဘူး.. (ဒီလိုဆားချက်တာတော့ ခွင့်လွတ်ပါတယ် :))
ဒီလိုဝတ္ထုတိုလေးက ၀ါကျရှည်တွေ သုံးတော့ ပိုပြီး ပျော့သွားတာပေါ့။ ခေါင်းစဉ်နဲ့ အကြောင်းအရာနဲ့ အရေးအသားစတိုင်လိုက်တယ်အစ်ကို။ တစ်နေရာလေးပဲ နဲနဲဖတ်ရထောက်သွားတယ်။ (ခြံအပြင်ဘက်မှနေပြီး ဘေး တိုက်အနေအထားမှ “သူ”လှမ်းငေးနေမိခဲ့တဲ့ “သူမ”တို့ရဲ့ တစ်ထပ်အိမ်ပုပုလေးကတော့ မိုးချုပ် ညနက်ရီရီမှာ ငြိမ်သက်စွာ တိတ်ဆိတ်လျက် တစ်အိမ်လုံး မည်းမှောင်လျက်ရှိသော်လည်း အိမ်ရဲ့အရှေ့ ဆင်ဝင်အောက်မှာတော့ အပြာနုရောင် မီးပွင့်ငယ်ငယ်လေးတစ်ပွင့် မှုန်ဖျဖျလင်းနေခဲ့တာတွေ့ရ၏။) အဲဒါလေးပဲ။ ဘာမှတော့မဟုတ်ပါဘူး။ ဖတ်ရထောက်သွားတာလေးပြောပါတယ်။
ဝတ္ထုသက်သက်ဆိုရင်တော့ ဘာမှမပြောတော့ဘူး :) ကိုကြီးရင်တွင်းဖြစ်ဆိုရင်တော့ :) မြန်မြန်ဖွင့်ပြောလိုက်တာအကောင်းဆုံးပဲ သိပ်တွေးတဲ့လူဟာ အမြဲနောက်ကျတယ်အစ်ကို(ကိုယ်တွေ့) ဒါပေမယ့် ဖွင့်ပြောလိုက်ပါ။ နောက်ကျပေမယ့် အကျိုးမယုတ်ပါဘူး(အဲဒါလည်း ကိုယ်တွေ့ပဲ)..။
:)

ဝေလင်း said...

အစ်ကိုရေ အပေါ်ကဟာက ကျွန်တော်ရေးတာ..။ ဝေလင်း
ဘယ်လိုလုပ်ပြီးသဝေထိုးပဲပါသွားလဲမသိဘူး.. :)

မြတ်မွန် said...

ကိုဏီးပျောက်နေတာတော့ သိတယ်..
ဘာတွေ အလုပ်ရှုပ်နေလဲ ကိုဏီး..
အတွေးလေးတွေက ဆွေးမြေ့မြေ့လေး..နော်..

rose of sharon said...

ဝထ္တုတိုတည်ဆောက်ပုံလေးကိုသဘောကျတယ်... စိတ်ကူးလေးကောင်းတယ်.... ဇာတ်ကောင်တွေကိုသဘောမကျဘူး... လက်တွေ့မဆန်တာမကြိုက်ဘူး

ချစ်ကြည်အေး said...

ပွင့်လင်းလိုက်ကြပါတော့လားဟယ်...ငါနဲ့များ နေရာချင်း လဲလိုက်ချင်တယ်...ဟင်း ဟင်း ဟင်း !! (မချိတင်ကဲလေသံနှင့် ပြောသွား...)

sosegado said...

ဖတ်သွားပါတယ် နောက်ခံသီချင်းလေးနှင့်၊
တစ်ခါတစ်လေမှာ ဖွင့်မပြောလိုက်တာ မပြောမိတာတွေက ပိုကောင်းပါတယ်၊ အခြေအနေအရပေါ့၊

အင်ကြင်းသန့် said...

အော်...ငါ့အစ်ကိုဂျီး ပျောက်နေတာ ဆွေးသောကမီး ဖိစီးနေရှာလို့ကိုးးးးးးးး

(ဖတ်ဖူးပါတယ်...မသိချင်ယောင်ဆောင်ပေးပါဆိုလို့ တိတ်တိတ်လေးပဲ ပြန်သွားတယ် ဘာတစ်လုံးဆို တစ်လုံးမှ ရေးမသွားဘူးနော် :)))


ညီမလေး
အင်ကြင်း

ညီညီထွေး said...

ကောင်းလိုက်တဲ့ ဇာတ်လမ်းလေး ကိုဏီး...း))... မတွေ့တာကြာပြီနော်....

what is good things said...

သြော်...ဒါ့ကြောင့် ဒါ့ကြောင့်ကိုးး
ဆားပဲချက်ချက် ငပိပဲချက်ချက် လာရောက်အားပေးသွားပါကြောင်းး

TYZ said...

ကိုဏီလင်းညိုရေ
ခံစားချက်အပြည့်နဲ့ ဖတ်သွားတယ်။ တစ်ယောက်သော ကျွန်မသူငယ်ချင်းကို သတိရသွားတယ်။ အကြာကြီးပျောက်မသွားနဲ့နော်... စာအသစ်လေးတွေ ဖတ်ဖို့စောင့်နေပါတယ်ရှင်။

ဆောင်းနှင်းရွက် said...

မဖတ်ဖူးသေး ပါ ဘူးးး ကွယ် ....

အားပေးသွားတယ် ဗျို့ ....

An Asian Tour Operator said...

ရီဝေေ၀ ဖြစ်တာတော့ ညတိုင်းပဲ.. :P

ခရေညို said...

ဏီလင်းရေ အမလည်းရီဝေဝေနဲ့ဖတ်ပြီးပြန်သွားတယ် :)

သဒ္ဓါလှိုင်း said...

သဒ္ဓါလည်းခုတလောရီဝေေ၀ဆိုတော့တွေ့လိုက်တော့လန့်သွားတယ်။
လူတွေဟာနှလုံးသားချင်းနားလည်ပါတယ်ဆိုရင်ဘာလို့များမပွင့်လင်း
ကြတာလဲနော်..။ချစ်ခင်သူတိုင်းပွင့်လင်းနိုင်ကြပါစေနော်..။

ခင်တဲ့
သဒ္ဓါ

မိုးငွေ့...... said...

အင်းလေ...မချစ်ပြောသလိုပဲ...ဏီဏီကလဲ ဖွင့်ပစ်လိုက် ဖွင့်ပစ်လိုက် ကျိတ်မထားနဲ့...ခံစားချက်ကိုပြောပါတယ်...။ နေကောင်းတယ်ဟုတ် ပျောက်နေတာကြာလို့...။ ဆားချက်ထားတာ ငံနေတုန်းပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

KiKi said...

ဪ.. အုံ့ ပုန်း သီးတွေ ပါ လား.. ရှင်းရှင်းပြောလိုက် ပြီးနေတာ ပဲ .. ဟာ ပဲ ...ဟာပဲ .. ခုတော့ ဘယ့်နှယ် ရှိ စ ..ဟင်း ဟင်း..

ညလင်းအိမ် said...

အစ်ကိုရေ ၀တ္ထုတိုလေး ဖတ်ပြီး ဆွေးသွားတယ် ...
အစ်ကို ဘာဖြစ်နေလဲဟင် ...
ကူညီပါရစေ ...
ကျွန်တော့်ကို အားကျပြီး အသည်းကွဲနေလား ...
ဒါမှမဟုတ် ရန်ဖြစ်ရမယ့်သူ မရှိလို့ လွမ်းနေလား ...

အဲလို ရီဝေတဲ့ ညတွေ ... ကျွန်တော်တို့ အနားက ပြေးထွက်သွားကြပါစေတော့ဗျာ ...
မခံနိုင်တော့ဘူး ... အဟင့်ဟင့် ...

မြစ်ကျိုးအင်း said...

ငယ်ငယ်ကဆို အဲဒီလို ဇာတ်လမ်းတွေ ဖတ်ရင် အသဲယားရော ဖွင့်ပြောလိုက်ရင် ပြီးရောဟာကို ဆိုပြီး အားမလို အားမရ ဖြစ်တာလေ။ နောက်တော့လည်း ဇာတ်လမ်းရဲ့ သဘောသဘာဝ ကို သိလာတော့ တငြိမ့်ငြိမ့်ပေးတဲ့ရသ ကိုပဲ ဆုပ်ကိုင်လိုက်မိ တော့တယ်။

linn said...

အော ...
ပျောက်နေလားလို့ မှတ်နေတာ သူလဲ ရီဝေေ၀ ဖြစ်နေတာကိုး ...
သယ်ရင်းရေ လင်းတော့ နေကောင်းသွားပြီ ...
သယ်ရင်းလဲ အမြန်ဆုံး ကျန်းမာ ပျော်ရွှင်နိုင်ပါစေ ... နော ..

မြသွေးနီ said...

သက္ကရာဇ်တွေ နောက်ပြန်ရွှေ့လို့ ဖတ်ရှုခံစားသွားပါကြောင်း...။
ထူးအိမ်သင်ရဲ့ " ဝေးသွားတဲ့အခါ " သီချင်းလေးနဲ့တွဲတင်ရမှာ..။

Angel Shaper said...

အဟွတ်... သိပ်မပြောချင်တော့ဘူး။ ဒီလူကြီးကို... ရီဝေဝေဖြစ်နေတယ် ဆိုကတည်းက အဟဲ... ရိပ်မိနေတယ်။ အလဲ့...
ဒီကိုလာပါလား (ဦးတည်တို့နဲ့သာ အဖွဲ့ကျကြည့် အချိန်ပြည့် ရီဝေနေလိမ့်မည်) ဟဟားးးးး
ကိုဏီရေ... ပျော်ရွှင်ပါစေနော်။ သတိရပါသည်။ ညီသေးသေးကို သီချင်းဆိုပြပြီး၊ ညီမသေးသေးလေးကို သီချင်းဆိုမပြ၍ ကွေးပါသည်။ မှတ်ထားတယ်နော်။ မှတ်ထားတယ်။ :P