Tuesday, May 11, 2010

ဆန်းကြယ်...




ဒီတစ်ပတ်တနင်္ဂနွေနေ့တွင်လည်း ကြားရက်တွေတုန်းက အမျှော်လင့်ကြီးမျှော်လင့်ထားခဲ့မိရသလို သူနားရက်မရခဲ့ပြန်ပါ။ ရှောင်လွှဲလို့မရနိုင်ခဲ့သောအကြောင်းပြချက်မျိုးစုံစုဝေးနေရာလုပ်ငန်းခွင်ဆီသို့သာ ခြေဦးတည်ခဲ့မိရပြန်ပါသည်။ “တနင်္ဂနွေ နေ့မှာ ငါအချိန်ပိုမဆင်းလို့ မရဘူးလား”.... ဟု သူမေးလိုက်တိုင်း၊ ညှိုးငယ်သော မျက်နှာထားအိုအိုဖြင့် “မဖြစ်လို့ပါကွာ” ဟု ပြန်ဖြေတတ်သော (ဦးလေးအရွယ်) သူ့ဘော့စ်ကို လွန်ဆန်ကာ ငြင်းပယ်ပစ်လိုက်ဖို့ သူ့မှာအင်အားလုံးဝမရှိခဲ့ရတာ အခါခါပင်...။ နောက်ပြီး... သူ့ဌာနမှာရှိ သည့်အခက်အခဲ၊ အကျပ်အတည်းများကို သိသိကြီးနှင့် မျက်စိမှိတ်ကာ နေလိုက်ဖို့ရာလည်း သူ့အတွက် မ ဖြစ်နိုင်ခဲ့ရပါ။ ထို့ကြောင့် အလုပ်သွားတိုင်း လွယ်သွားတတ်သည့် အိတ်စုတ်စုတ်လေး ကိုပခုံးထက်တွင် လွယ်ကာ ငိုက်စိုက်၊ ငိုက်စိုက်ဖြင့် အလုပ်ရှိရာစက်ရုံသို့ ဒီတစ်ပတ်တနင်္ဂနွေတွင်လည်း သူရောက်ခဲ့ရပြန်၏။

ဒီတနင်္ဂနွေနေ့တွင် မနက်ခင်းလေးကတည်းက ကောင်းကင်တွင် မိုးတိမ်မည်းမည်းတချို့ကအုံ့အုံ့ ဆိုင်းဆိုင်းနှင့်...။ ဖြစ်နိုင်လျှင် အိမ်ကကိုယ့်အခန်းကျဉ်းလေးထဲမှာသာ စာတွေဖတ်လိုက်၊ ရေးလိုက် လုပ်ချင်နေမိတာ သူ့ဆန္ဒအမှန်ပင်......။ နောက်ပြီး မသိမသာပင်ပန်းချင်နေပြီဖြစ်သော သူ့ခန္ဓာကိုယ်ကို အ နားပေးချင်မိနေတာလည်း အမှန်...။

~~~~@@~~~~

စက်ရုံတွင်အလုပ်လုပ်ရင်း နေ့လည် ၁၂နာရီ ထမင်းစားချိန်အရောက် ကင်(န်)တင်းကိုသူဆင်းခဲ့လေ တော့ ကောင်းကင်တွင် မိုးတိမ်မည်းများက ဟိုဒီရွေ့လျှားလျှက်...၊ နောက် မိုးသက်လေပြင်းများက တဟူး ဟူးတိုက်ခတ်နေခဲ့ကြပြန်၏။ ဒီနေ့ တနင်္ဂနွေနေမို့ စက်ရုံတွင်ရှိသည့် (အရေးကြီးသော) ဌာနတချို့သာ အ လုပ်ဆင်းရတာမို့ လူနည်းနည်းလေးသာ အလုပ် ဆင်းသည့်အတွက် ကင်(န်)တင်းတွင် ခါတိုင်းပုံမှန်ရောင်း နေကျ ထမင်းရောင်းသူမလာပါ...။ သို့သော်လည်း ကိစ္စမရှိ...။ ဒီလိုနေ့မျိုးတွင် ကိုယ်စားချင်သည့် အစားအ သောက်ကို အပြင်တွင် သွားဝယ်ပေးတတ်သော သူငယ်ချင်းတစ်ယောက်ယောက်ကို မှာလိုက်ရုံသာ...။ နေ့ခင်း၊ နေ့ခင်းနေ့လည်ပိုင်းများတွင် ထမင်းကြော်၊ ခေါက်ဆွဲကြော် စသည်တို့ကို မစားချင်သည့်အတွက် ရိုးရိုးထမင်းနှင့် ဟင်းတစ်ခုခုသာဝယ်လာပေးဖို့ သူမှာမိသည်။

ကင်(န်)တင်းကို သူရောက်ခဲ့တော့ အချို့သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက စားပင်နေကြလေပြီ....။

ထမင်းသွားဝယ်ပေးခဲ့သော သူငယ်ချင်းကို ကျသင့်ငွေပေးပြီး သူ့အတွက်ဝယ်လာသည့်ဖော့ထမင်း ဘူးလေးကိုယူ...၊ နောက် (ကင်(န်)တင်းလေးတွင် လူရှင်းနေပါလျှက်) ချောင်ကျကျနေရာရှိစားပွဲလေးတွင် ဖုန်းအစုတ်လေးမှ သူသိပ်ကို နှစ်သက်လွန်းသော သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးလေးဖွင့်....၊ ရေဘူးလေးကို အနားမှာချရင်း ထမင်းစားဖို့ သူပြင်မိသည်။

ဖော့ထမင်းဘူးလေးကို ဖွင့်ကြည့်လိုက်မိတော့ သက်ပြင်းတစ်ချက် သူရှိုက်မိ၏။ ဖော့ထမင်းဘူးလေးထဲတွင် ဘာအရွက် ကိုကြော်ထားမှန်းမသိသော အရွက်ကြော်မကျက်တစ်ကျက် အနည်းငယ်...၊ ပင်လယ်ငါးကြော် ခပ်ပျော့ပျော့ တစ်ကောင်နှင့်အတူ၊ အလတ်စားဆန် (ဆန်စေ့ခပ်တိုတိုလေးများနှင့်)ချက်ထားသော ဆိုင် ချက် ထမင်းဖြူဖြူလေးများသာ....။ အခြား ဘာဆို... ဘာမှမပါ...။

“ဘာမှရွေးချယ်စရာမရှိသော အခြေအနေတစ်ခုတွင် ဇီဇာကြောင်နေဖို့အတွက် အခွင့်မရှိ ”... ဟု  ယူဆခဲ့ထားမိသော သူ့အ တွေးအတိုင်း ထိုထမင်းဘူးထဲမှ ထမင်းဟင်းများကို ၀င်သလောက်စားဖို့ သူဆုံးဖြတ်လိုက်၏။ ဟင်းရွက်ကြော်ကို အနည်းငယ်ခပ်စားကြည့်မိတော့ (သူအလွန်မုန်းလှသည့်) အနံ့ပြင်း လွန်းသော ကြက်သွန်ဖြူအနံ့များမွှန်နေသည်မို့ ဟင်းရွက်ကြော်ကို မစားတော့ဖို့ဆုံးဖြတ်လိုက်ရင်း.... ဘေး သို့တွန်းဖယ်လိုက်မိသည်။ ထို့ကြောင့် ငါးကြော်နှင့်ထမင်းသာစားတော့မည်... ဟု တွေးရင်း ငါးကြော်ကိုဇွန်း နှင့်ထိုးကြည့်မိတော့ ပင်လယ်ငါးကြော်က ပျော့စိစိနှင့်....။ ထုံးစံအတိုင်း ငါးကြော်မှ အသားတချို့ကို ဇွန်းနှင့် အနည်းငယ်ဖဲ့ရင်း ခြေထောက်နားမှာ အစာလာတောင်းနေသော (သူချစ်သည့်) ကြောင်ကလေးများကို အ ရင်ချကျွေးရင်း သူပါနည်းနည်းမြည်းကြည့်မိတော့ ငါးကြော်က လုံးဝမကျက်ပါ...။ ညှီစို့စို့နှင့်၊ ပြုတ်ထားတာ ထက်နည်းနည်းပဲသာမည် သူထင်ပါသည်။ သို့သော်လည်း ကြိုးစားပြီးစားရန် ဆုံးဖြတ်ပြီးထားတာမို့ ငါးကြော်ကို အနည်းငယ်ဖဲ့ရင်း ထမင်းတစ်ဇွန်းခပ်ကာ သူစားလိုက်မိသည်။ ပါးစပ်ထဲတွင် သူဝါးလိုက်မိသော ထမင်းတစ်လုပ်က လုံးဝမနပ်ပါ။ သေသေချာချာ သူကြည့်မိတော့ ထမင်းဘူးထဲမှ ထမင်းတချို့က ဆန်စေ့သိပ်မပျောက်၊ ပြောရမယ်ဆိုလျှင် လုံးဝမနပ်...။

အားတင်းပြီး....... သူဆက်စားမိတော့ နှစ်လုပ်၊ သုံးလုပ်ထက် ပိုမ၀င်နိုင်တော့ပါ...။ ထို့ကြောင့် ထမင်းဘူး လေးကို (၀ယ်လာပေးသော သူငယ်ချင်း ကင်(န်)တင်းမှမထွက်ခင်အထိ ဒီအတိုင်းဖွင့်ထားကာ အချိန်ဆွဲနေပြီးမှ) သူ အမှိုက်ပုံးထဲထည့် လိုက်မိတော့သည်။ ဆက်စားဖို့ လုံးဝမဖြစ်နိုင်တော့တာမို့ပင်ဖြစ်ပါ သည်။

တစ်ခါတစ်ရံတွင် အဆင်မပြေဖြစ်စရာ အခြေအနေနှင့်အကြောင်းတရားများသည် မယုံကြည်နိုင် လောက်အောင်ပင်တိုက် ဆိုင်နေတတ်ပါသည်။

~~~~@@@~~~~

နေ လေးနာရီလောက်ကျတော့ သူ့အစာအိမ်က မခံမရပ်နိုင်လောက်အောင် ဆာလောင်လာလေ တော့၏။ အလုပ်လုပ် နေရတာလည်း အားမရှိတော့သလိုပင်...။ ထို့ကြောင့် ညနေ လေးနာရီခွဲ လက်ဖက် ရည်သောက်ဆင်းချိန်တွင် ကင်(န်)တင်းရှိ အကြွေစေ့ထည့်ကာ ၀ယ်ရသောခေါက်ဆွဲ ခြောက်ဘူးရောင်း သည့်စက်မှ ခေါက်ဆွဲခြောက်ဘူးတစ်ဘူး သူဝယ်မိ၏။ အကြွေစေ့အားလုံးပေါင်း မလေးရှားရင်းဂစ် တစ်ကျပ် နှင့်ပြားခုနှစ်ဆယ်တိတိပင်...။ (ပြားခြောက်ဆယ်တန် နက်(စ်)ကော်ဖီ သုံးခွက်လောက် ကော်ဖီစက်မှနေပြီးဝယ်သောက် လို့ရပါသည်၊။း))


အကြွေစေ့ထည့်...၊ သူစားချင်တဲ့ ခေါက်ဆွဲအမျိုးအစားပုံလေး ပြ ထားသောနေရာလေးမှ ခလုပ်ကလေးကိုနှိပ်လိုက်တော့ ‘ဂလုံး’ ဆိုသော မြည်သံလေးနှင့်အတူ ခေါက်ဆွဲခြောက်ဘူး လေးပြုတ် ကျလာသံက သူ့နားထဲတွင်ချိုမြိန်လွန်းလှနေခဲ့ရသလိုလို....။ အ လောတကြီးနှင့် ခေါက်ဆွဲခြောက်ဘူးလေးကို ဖွင့်...၊ သူ့ထုံးစံအ တိုင်း အရသာအထုတ်ကလေးကို ဘေးဖယ်ရင်း ကင်(န်)တင်းရှိ ရေပူ၊ ရေအေးစက်လေးမှ ရေပူခလုပ်ကိုဖွင့်ရင်း ဘူးထဲမှခေါက် ဆွဲခြောက်များကို နှစ်ခါဆေးမိ၏။ နောက်... အရသာအထုတ် လေးကိုဖောက်ထည့်ရင်း ဘူးထဲမှာအသင့်ပါသည့် ကော်ခက် ရင်းလေးနှင့် မွှေနှောက်ကာအဖုံး ပြန်ပိတ်၊ သုံးမိနစ်လောက် သူ စောင့်.......။

နောက်တော့ ပူပူနွေးနွေး ခေါက်ဆွဲပြုတ်ကို ကော်ခက်ရင်း လေး ဖြင့် သူခပ်စားမိသည်။ များသောအားဖြင့် ခေါက်ဆွဲပြုတ်ကို သိပ်မစားဖြစ်ပေမယ့် ဒီတစ်ခါစားလိုက်ရသော ခေါက်ဆွဲပြုတ်ရဲ့အရသာက သူ့ပါးစပ်ထဲတွင် ချိုမြိန်လွန်းလှစွာ...၊ အရသာရှိလွန်းလှစွာဖြင့်...။ ခေါက် ဆွဲပြုတ်များကိုခပ်စားရင်း တစ်ခါတစ်ခါ ဘူးထဲမှ ခေါက်ဆွဲပြုတ်ရည်များကိုပါ မော့လို့ သောက်မိပြန်သည်။ စိတ်ထဲမှနေ အရသာရှိလိုက်တာ.... ဟုထင်မိလိုက်တာလည်း အခါခါ....။

တစ်ယောက်တည်း မြိန်ယှက်စွာစားနေရင်း ခေါက်ဆွဲပြုတ်ဘူးလေးကုန်ခါနီး (သုံးပုံတစ်ပုံပျော့ပျော့ လောက်သာကျန်နေတော့သည့်)အချိန်တွင် ကင်(န်)တင်းကို အနည်းငယ်နောက်ကျမှဆင်းလာသော သူ ငယ်ချင်းညီလေးတစ်ယောက် ရောက်လာသည်။ နောက်... သူ့နံဘေးတွင်ဝင်ထိုင်ရင်း...... မေး၏။

“အစ်ကိုကြီး..... ခေါက်ဆွဲခြောက်ဘူးက အိမ်ကယူလာတာလားဗျ”.......

“မဟုတ်ပါဘူးဗျာ....၊ ဟိုစက်ကနေ၀ယ်ထားတာ...၊ ဘာတုန်း...... မင်းစားချင်လို့လားကွ...၊ အစ်ကို့မှာ အ ကြွေစေ့တွေရှိသေးတယ်”.......

ခေါက်ဆွဲခြောက်ဘူးဝယ်ခဲ့သော စက်ကို မေးငေါ့ပြရင်း သူပြန်မေးမိတော့ ထိုညီလေးက ခေါင်းယမ်းပြ သည်။ ‘မစားချင်ပါ ဘူး အစ်ကိုကြီးရာ’..... ဟုပြောရင်း.... သူ့ရှေ့မှ စားလက်စခေါက်ဆွဲခြောက်ဘူးလေးကို ယူပြီး.. ဖင်မြှောက်ကြည့်လေ၏။ နောက်... သူ့ကို ပြရင်းပြောသည်။

“တွေ့လား... အစ်ကိုကြီး....၊ ဒီစက်ထဲက ခေါက်ဆွဲခြောက်ဘူး တချို့က expire ဖြစ်နေတာဗျ....။ အဲ့ဒါ ကြောင့်မို့လို့ အစ်ကိုကြီးကို အိမ်ကယူလာတာလားလို့ မေးကြည့်တာ”......

ထိုညီလေးပြောမှပင် သူသေချာကြည့်မိတော့သည်။ ဟုတ်၏။ ခေါက်ဆွဲခြောက်ဘူးလေးဖင်တွင်ပါသည့် နောက်ဆုံးစား သုံးသင့်သည့်ရက်စွဲသည် (အခုလက်ရှိရက်နှင့်တွက်ကြည့်လျှင်) နှစ်လလောက် လွန်နေခဲ့ လေပြီ......။ နမော်နမဲ့နိုင်လွန်း လှသောကိုယ့်အဖြစ်ကို ရှက်ကိုးရှက်ရှက်ကန်းဖြစ်ကာ ကယောင်ကတမ်း ဖြင့် ခေါက်ဆွဲကို နည်းနည်းထပ်ခပ်စားမိပြန်၏။ ခေါက်ဆွဲခြောက်ဘူးလေးအတွင်းမှ ခေါက်ဆွဲပြုတ်ပူပူ နွေးနွေးလေးများရဲ့အရသာက မပြောင်းလဲသေး....။ သူ့ပါးစပ်တွင်း ကောင်းနေဆဲပင်.....။ သို့သော်.......

~~~~@@@~~~~

“လူတို့၏ စိတ်သည် ဆန်းကြယ်လွန်းလှသည်”.....ဟု သူထင်မိ၏။ စောစောက စားနေခဲ့မိသော ခေါက်ဆွဲပြုတ်၏ဇစ်မြစ်ကို မသိခင်အချိန်အထိသူ့စိတ်ထဲတွင် ဘာခံစားချက်မှမရှိပဲ နှစ်သက်စွာ စားသုံးနေ ခဲ့မိသေး၏။ သို့သော် သက်တမ်းလွန်နေ၍ မကောင်းမှန်း၊ မစားသင့်တော့မှန်း သိသည့်အချိန်တွင် (မိနစ် ပိုင်းမျှသာခြားနားခဲ့သည့်အချိန်တွင်) အရသာခြင်းတူနေခဲ့ပါလျှက် သူ့စိတ်ထဲတွင် မယုံကြည်တော့သလို လို....။ နောက်.... ခေါက်ဆွဲပြုတ်ရဲ့နေရာတွင် အခြားသက်ရှိ၊ သက်မဲ့များ၏ အနေအထား၊ အမူအကျင့်၊ စိတ်နေစိတ်ထား... စသည်တို့ကို (သူ့ထုံးစံအတိုင်း) အစားထိုးကာ မြင်ယောင်ကြည့်မိရင်း ခြေလှမ်းများက သူနှင့်မနီးမဝေးရှိ အမှိုက်ပုံးဆီသို့ ဦးတည်နေခဲ့မိတော့လေသည်။ အရသာကောင်းနေသေးသော်လည်း ဆက်မစားဖြစ်တော့သော (ဆက်စားဖို့ မဖြစ်နိုင်တော့သော၊ ဆန္ဒမရှိတော့သော)လက်ကျန်ခေါက်ဆွဲ ခြောက်ဘူးလေးအား....... အမှိုက်ပုံးထဲသို့ ထည့်ပြီးလွှင့်ပစ်လိုက်ရန် အတွက်သာ.......။         ။

                         ~~~~~@@@~~~~~@@@~~~~~@@@~~~~~

==============================================================
တစ်ကယ်ကြုံခဲ့၊ တွေးမိခဲ့ရတဲ့ အဖြစ်လေးပါ......။playerမှာတင်ထားတဲ့ ဆရာထီးရဲ့ “တစ်ယောက် သောသူအနမ်း”ဆို တဲ့သီချင်းလေးက အဲ့ဒီနေ့က နားထောင်ဖြစ်ခဲ့တဲ့သီချင်းလေးပါပဲခင်ဗျာ......း)) အိမ် သိပ်မလည်ဖြစ်နိုင်ခဲ့ရပဲ ပျောက်နေမိလို့ အားလုံးကို သတိရနေမိပါတယ်......။ ပုံလေးကတော့ ကျွန်တော် ခေါက်ဆွဲဘူးဝယ်ခဲ့တဲ့ ကင်(န်)တင်းက စက်လေးပါ...။
==============================================================

ချစ်ခြင်းအားဖြင့်........

ဏီလင်းညို


37 comments:

ဆောင်းယွန်းလ said...

ဟုတ်တယ်ညီလေးရေ..လူ့စိတ်ဟာ ဆန်းကျယ်လွန်းလှတယ်...

စိတ်ကြောင့် စိတ်တွေဖြစ်လာရတာပါပဲ...

ခင်မင်လျက်
အကိုဆောင်းယွန်းလ

ရွှေရတုမှတ်တမ်း said...

ကဲ..ကဲ...ဘာစားချင်သလဲပြော..ပို့ပေးမယ်...expireတော့မဖြစ်ပါဘူး

အဖြူရောင်နတ်သမီး said...

ဖြစ်ရမယ် ...ကိုဏီကတော့....
အဆင်မပြေတာတွေ တစ်ရက်ထဲစုသွားတာကိုး...





အဆင်ပြေပါစေ...လို့ဆုတောင်းပေးခဲ့တယ်နော်...

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဏီလင်းညိုရဲ့ ပိုစ့်တချို့ကို ဖတ်ဖူးခဲ့ပေမယ့် ကွန်မန့် တခါမှ မရေးဘူးသေးဖူး။

နန္ဒာ ချစ်တဲ့ စာရေး ၊ ကဗျာရေးကောင်းတဲ့ မလေး (အိမ်ချမ်းမြေ့) ဆီကနေ "ဏီလင်းညို" ဆိုတဲ့ နာမည်ကို စရင်းနှီးခဲ့ဖူးတာပါ။

လူတွေ အားလုံးဟာ စိတ်ခြင်း မတူသလို အဲလို မတူတဲ့ စိတ်တွေ အားလုံးဟာလဲ ဆန်းကြယ်လွန်းလှတယ်။

ဏီလင်းညို ကြုံခဲ့တဲ့ အဖြစ်က သနားစရာ ကောင်းသလိုလိုနဲ့ ပိုစ့်ဖတ်လို့ အပြီးမှာ နန္ဒာ ရီဖြစ်လိုက်မိတယ်။ :)

အဲဒီအတွက် စာရေးသူ ဏီလင်းညို ရင်းလိုက်ရတဲ့ ခေါက်ဆွဲခြောက်ဘူးလေးနဲ့ ပိုစ့်ဖြစ်အောင် ဖန်တီးလိုက်တဲ့ အချိန်တွေ အတွက် တန်မယ်လို့ မျှော်လင့်ပါရဲ့လေ။

ခင်မင်စွာ.,
စိုးမြနန္ဒာသက်လွင် (SMNTL)

Nge Naing said...

ရှေးလူကြီးတွေ ပြောတာ ရှိပါတယ်။ အကုသိုလ်ဆိုတာ အဖ်ါနဲ့လာတယ်ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်ထင်တယ်။ ဒါနဲ့ ထမင်းမမကျက်တာ၊ ခေါက်ဆွဲထုပ် ဒိတ်လွန်နေတာကို ဆိုင်ရှင်ကို ပြန်သွားပြောပြီး လဲလို့မရဘူးလား။ လဲလို့မရရင်တောင်မှ အဲဒါပြောပြဖို့ တာဝန်ရှိပါတယ်။ အော်စီမှာဆို ဒီလို ဖြစ်ရင် တရားတောင်စွဲလို့ရတယ်။
အဆင်မပြေမှုတွေက လွန်မြောက်ပါစေ။

သဒ္ဓါလှိုင်း said...

ကိုဏီလင်းပိုစ့်ဖတ်ပြီး အတွေးတချို့ရသွားတယ်။လူ့ရဲ့စိတ်ဟာဖတ်ဖို့ခက်
တယ်နော်။

ခင်တဲ့
သဒ္ဓါ

sosegado said...

လွဲပြီးရင်း လွဲနိုင်လွန်းပါတယ်၊ ကြက်ဖ ဆိုထားတဲ့ သီချင်းလိုဖြစ်နေတယ်၊
လွဲလွန်းတော့ ဖြစ်မှဖြစ်ရလေလို့ ပြုံးမိတယ်။

မောင်မိုး said...

ဒီလို အဆင်မပြေမှုတွေ ခဏခဏ ကြုံဖူးလို့ကိုယ်ချင်းစာပါတယ်။ ပြီးတော့ ခေါက်ဆွဲခြောက်စားခြင်းရဲ့ခံစားချက်ကလည်း ထပ်တူကျပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ..နေတတ်သလို နေထိုင်သွားပါလို့ပဲ တိုက်တွန်းခဲ့ပါတယ်။

lonetone said...

အသစ် မတင်လို့ စောင့်နေတာဗျ။
တချို့ကိစ္စတွေမှာ အဆင်မပြေချင်ရင် ဆက်တိုက်၊ ကံကောင်းချင်ရင်လည်း ဆက်တိုက် ဖြစ်တတ်ပါတယ်ဗျ။ ဒီပို့စ်ဖတ်ကြည့်လိုက်တော့ အခုတလော ကိုလင်းညိုတစ်ယောက် အလုပ်ပင်ပန်းပြီး motivation ကျနေတယ်လို့ ထင်ရပါတယ်...Take Care, Bro!!

Mogok Thar said...

“စိတ်” ဆိုတာ “ဆန်းကြယ်”

သိင်္ဂါကျော် said...

တစ်ချို့ဆိုင်တွေက အစားအသောက်တွေ ဝယ်စားရင်လည်း သူတို့ လုပ်နေတာ မမြင်ရရင်သာ ကောင်းတာ.. မြင်သွားရင်တော့ စားချင်စိတ် မရှိတော့သလိုပေါ့...။
အမေ့အိမ် မဟုတ်တော့လည်း အစားအသောက်က ဒီလိုပဲပေါ့.. အဆင်ပြေတလှည့် မပြေတလည့်..။

ညီမလေး said...

"Ignorance is Bliss" တဲ့ ကိုလင်းညို..။ အဲ့ဒါကို နန္ဒာသိန်းဇံကတော့ "မသိတာ ကောင်းတယ်" လို့ ဘာသာပြန်ထားပါတယ် ။ ဟုတ်တယ်.. တခါတခါမှာ ၊ တချို့ အရာတွေက မသိတာ ကောင်းတယ် ကိုလင်းညို .. ။ သိလိုက်ရမှ စောစောက ခေါက်ဆွဲဘူးလေး လွင့်ပစ်လိုက်ရသလိုမျိုး အရသာရှိမှု တချို့ ပျောက်ဆုံးသွားတတ်တယ်လေ....... ။

မြစ်ကျိုးအင်း said...

လူ့သဘာဝပါပဲ ။ ဒီလိုမျိုးတွေ ကြုံခဲ့ဖူးတယ်။
မသိစိတ်ကို လှည့်စားနိင် စေစားနိင်တဲ့ တစ်နေ့ ရောက်ခဲ့ရင် တော့ စားလို့ကုန်တဲ့အထိ ကောင်းနေမယ်လို့ ခံစားလာရမှာပါ။

ပထမပိုင်းမှာ စားလို့ကောင်းနေတယ်ဆိုတဲ့ စိတ်ကို အမိအရ ဖမ်းဆုပ်ထားတဲ့ ပုံစံမျိုး။ နောက်ထပ်ဘယ်လို အခြေအနေ ကြုံကြုံ ပထမ ရရှိထားတဲ့ ခံစားချက်ကို မကျော်လွန် စေရတာမျိုးပေါ့။
ဒါပေမယ့် သိပ်ခက်ပါတယ်။

အင်ကြင်းသန့် said...

အောင်မာလေးးးးးးးးးး ငါ့အစ်ကိုဂျီးကလည်း ရှက်ကိုရှက်ကန်းများ ဖြစ်နေရသေးတယ်...သုံးပုံနှစ်ပုံတောင် စားပြီးသွားပြီပဲဟာ...ကျန်တဲ့ သုံးပုံတစ်ပုံကို ဆက်စားလိုက်ရောပေါ့...တစ်ခုခုဖြစ်လည်း အသိသာကြီး :)))

(စိတ်ညစ်နေပုံပေါ်လို့ စသွားပါသည်...)

ညီမလေး
အင်ကြင်း

♥ကိုဇော်♥ said...

တကယ်တော့ အဲဒီဒိတ်ရောက်တိုင်း စားလို့ မကောင်းတော့တာတော့ မဟုတ်ဘူးဗျ။ တကယ်က Expire ဆိုတာ စားသုံးရန် မသင့်တာပါ။
စားရင်တော့ စားလို့ရပါသေးတယ်။ အဓိက က ကိုယ့်ရဲ့ စိတ်ပါပဲ။

မြသွေးနီ said...

ကိုဏီ...
ညီလေးဖြစ်သူသာ လာမပြောရင်..
ကုန်အောင်စားပစ်မှာ မဟုတ်လား..??
မှန်မှန်ပြော....?
:)

Anonymous said...

ဖြစ်တက်ပါတယ် ........ လူ့စိတ်ဆိုတာ ဆန်းကျယ်တယ်လေ ...... ဒါ့ကြောင့် လည်း ချစ်တာ တွေ မုန်းတာတွေ ကြိုက်တာတွေ မကြိုက်တာတွေ ဖြစ်နေရတာပေါ့ ဟိဟိ

ဘာလဲတော့ မသိဘူး

ပြောချင်ရာ လာပြောသွားတာ

မင်းအိမ်ဖြူ

မောင်ဘကြိုင် said...

း) မက်ဂီတွေချည်းလွတ်မကြိတ်နဲ့ဗျ ဆံပင်တွေဖြူလာလိမ့်မယ်
း) ကိုယ်ချင်းစာပါတယ်ဗျာ

ချစ်ကြည်အေး said...

စိတ်က တကယ်ပဲ ဆန်းကြယ်တာ...လိုက်လို့ကို မမီနိုင်ဘူး....:)

ပေါ့ဆိမ့် said...

စိတ်.. စိတ် .. ဟုတ်ပါတယ်ဗျာ..
စိတ်က အာရုံကတဆင့် အတွေးတွေပေါ်မှာ အခြေခံတယ်လို့ ထင်မိပါတယ်။ အတွေးတွေကြောင့် စိတ်က ခုတစ်မျိုး တော်ကြာ တစ်မျိုး ဖြစ်ဖြစ်နေတာပေါ့...

ဝေလင်း said...

ရေးပဲ ရေးတတ်နိုင်လွန်း... :)
စိတ်စိတ်.. စိတ်ကလည်း ခက်ပါတယ်...
လူလူ..လူကလည်း ခက်ပါတယ်..
ငါငါ...ငါကတော့ အခက်ဆုံးပဲ

ဘာမှတော့ မဆိုင်ဘူးလားမသိဘူး.. ၀င်ပွားသွား၏

Blackroze said...

တခါတလေ....မသိတာကအကောင်းဆုံးပါဘဲလေ..ခေါက်ဆွဲခြောက်
ကိစ္စလိုပေါ့နော်..
စိုင်းထီးဆိုင်ရဲ့တယောက်သောသူအနမ်း..ကလဲကောင်းတယ်အကိုရာ..

လင်းခေတ်ဒီနို said...

ကိုဏီ ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူးး)

An Asian Tour Operator said...

ကေအယ်ကိုလာခဲ့ အဆင်ပြေမှုတွေ ချည်းပဲတွေ့သွားစေရမယ်။

အိမ့်ချမ်းမြေ့ said...

ရေအေးစက်လေးမှ ရေပူခလုပ်ကိုဖွင့်ရင်း ဘူးထဲမှခေါက် ဆွဲခြောက်များကို နှစ်ခါဆေးမိ၏။ နောက်... အရသာအထုတ် လေးကိုဖောက်ထည့်ရင်း ဘူးထဲမှာအသင့်ပါသည့် ကော်ခက် ရင်းလေးနှင့် မွှေနှောက်ကာအဖုံး ပြန်ပိတ်၊ သုံးမိနစ်လောက် သူ စောင့်.......။

နောက်တော့ ပူပူနွေးနွေး ခေါက်ဆွဲပြုတ်ကို မစားသေးဘဲ ထိုင်ငေးနေတုန်း.. ညီလေးတစ်ယောက်ကရောက်လာ.. ခေါက်ဆွဲထုတ်က expire ဖြစ်နေတာကိုထောက်ပြ။
အဲ့ချိန်မှာ ဗိုက်ကဆာ.. ခေါက်ဆွဲပြုတ်နံ့က တစ်ခန်းလုံးသင်းပျံ...

expire ဖြစ်နေတာကို သိသိနဲ့.. တစ်ဇွန်းလောက်ဖြစ်ဖြစ် ဆက်မြည်းမလား..
..........?
..........?

ကိုယ်သာဆိုရင်ဆိုပြီး တွေးမိလိုက်တာလေးပါ။

ကိုလူထွေး said...

နောက်ဆုံးစားသုံးသင့်တဲ့ရက်ဆိုတာ အရသာကောင်းခြင်း မကောင်းခြင်းနဲ့ မဆိုင်ဘူးလေ ကိုဏီ...

မမြင်နိုင်တဲ့ ဓာတ်သဘောတွေနဲ့ အထူးပြုလုပ်ထားတဲ့ စားစရာမို့ မမြင်နိုင်တဲ့ အန္တရာယ်တွေက ပိုပြီးကြီးထွားလာနိုင်တာမို့ မစားသင့်တော့ဘူး ပြောတာပါ။

အမှန်က ပိုက်ဆံယူပြီး ရောင်းစားတဲ့ စက်ပိုင်ရှင်က နေ့စွဲလွန်နေတဲ့ စားစရာတွေကို တာဝန်သိသိနဲ့ ဖယ်ရှားသင့်တာပါ။

စားသုံးသူမှာ ပိုက်ဆံလည်း ကုန်သွားသေး.. လွှင့်လည်းပစ်လိုက်ရသေးဆိုတော့ မနစ်နာလွန်းဘူးလား...

(ဆိုလိုရင်းနဲ့ လွဲပြီး ပြောချင်တာတွေ ပြောသွားတာကိုတော့ ဆောရီးဗျာ...)

းဝ)

Angel Shaper said...

ညီလေးလာပြောတဲ့ စကားကို မျက်စိမှိတ်ပြီး ဆက်စားလိုက်ရမှာ
အဲလေ နားပိတ်ပြီးတော့စားလိုက်ရမှာ အဟိ

ဆောင်းနှင်းရွက် said...

တစ်ခါ တစ်လေ အဲ့လို ပဲ ..
အဆင်မပြေဘူးးး ဆိုတဲ့ နေ့ဆိုရင်
မနက်ကနေ ညနေ ဘာတွေ လွှဲနေမှန်းကို
မသိဘူးးး ....
ဟူးးးးးးးးးး ..... !!!1

မန်းကိုကို said...

တို့တတွေတော့ မလေးရှားမှာ မှိုတက်တဲ့ ပေါင်မုန့်တွေ ရောင်းခဲ့ရတာပါပဲ။
ကိုယ်ရောင်းချင်လို့တော့ မဟုတ်ပါဘူး၊ သွတ်ထားတဲ့ယိုကနေ အထဲမှာတက်နေတာ ဝယ်စားတဲ့လူလာပြောမှသိရတာလေ။
ပြန်လဲပေးပါတယ်။
ပေါင်မုန့်ပို့တဲ့ကုလားလာတော့ လဲသွားပေးတာ မှိုတက်တွေထပ်ပါနေလို့ ဖေါက်သည်ဖျက်လိုက်ရတယ်။

ညီညီထွေး said...

ကောင်းလိုက်တာ... ခံစားချက်လေးတွေ ရင်ထဲကို ဖြတ်ပြေးသွားတယ်....

SHWE ZIN U said...

ဖတ်လိုက်ရတာ စိတ်မကောင်း ပါဘူး ဒါကြောင့် သူများက ဟင်းချက် ချက် ကြွေးနေရတာပေါ့ များများလာစားနော်

စတာနော် ကိုဏီ ပျော်သွားအောင်လို့

ကူးလွေ့ said...

ကိုထူးအိမ်သင် သီချင်းလေးလိုပေါ့ကိုလင်းညိုရေ...။
"....နဲနဲလေးတော့ လွဲနေမယ်...လွဲလွဲလေးလည်းကောင်းတာပဲ...."

ကျွန်တော် ဆို ဆာဆာနဲ့ ကုန်အောင် ကြိတ်ပစ်မှာပဲ...။

ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

ကေသရီ said...

ကိုယ်ချင်းစာပါတယ်ကိုဏီရေ။ မြန်မာဆိုင်လေးတွေမှာ မြန်မာအစားအစာလေးတွေရနေလို့ တော်သေးတာပေါ့။ ညီမကတော့ လက်ဖက်သုတ်တို့ ၊ ခေါက်ဆွဲခြောက်တို့နဲ့ နှစ်ပါးသွားနေရတာကြာပြီ။

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ......
ပေါက်ကွဲမနေပါနဲ့..ဒီလိုပေါ့နော်...
မတွေ့လို့လာကြည့်တာ။။စီဘောက်ကလည်းရေးလို့မရဘူးလေ။။

ခင်တဲ့
သဒ္ဓါ

ခြင် said...

ငါဆိုရင် တော့ မျက်စိကြီးပြူးပြီး... ဟယ်တော်.... ဘိုက်ထဲရောက်ကုန်ပြီ... ထူးပါဘူးကွားဆိုပြီး...... ဟိုအဖတ်လေးပဲလတ်ဆတ်သလိုလို ဒီဘက်က အရည်လေးပဲ ပိုကောင်းသလိုလိုနဲ့ တစစီရွေးစားပြီး..နောက်ဆုံးအကုန်တီးပလိုက်မယ်... ဟီးဟီး... ဘိုက်ဆာပါတယ်ဆိုမှ.... ဟွမ်း.. စိတ်ကြီးတယ်....

thaw zin soe said...

ကျွန်တော်လည်း meggi နဲ့နှစ်ပါးသွားနေတာ နှစ်ပတ်ကျော်ပီ ဟင်းတော့ကောင်းကောင်းချက်တတ်တယ်ဗျာ ကြုံမှချက်ကျွေးမယ်.. ဘယ်နဲ့လဲ.......

ညလင်းအိမ် said...

အစ်ကိုဗျာ စိတ်မကောင်းဖြစ်အောင် အရမ်းလုပ်တယ်နော် ...
ဒီလိုလုပ်ပါလား .. အစ်ကို ညဟင်းချက်ရင် ပိုချက်ပြီး မနက် ထမင်းချိုင့်ထည့်သွားလေ ... အစာပြေပေါ့ ... အိမ်ရောက်မှ
အ၀တီးပေါ့ ...

ငါ့အစ်ကိုကြီး မိန်းမပေးစားမှ ဖြစ်တော့မယ် ...
ဒီညီလေးက ကြည့်မနေနိုင်တော့ဘူး ... ဒါပဲ .. ကလေးစကားနားထောင်ရမယ် ...း)