Friday, April 23, 2010

ဘလော့ဂ်စပေါ့(ထ်) နှင့် ဟော့ရှော့(ခ်)



မြင်နှင့် အတွေးဆိုသောအရာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသောအရာများဟု ကျွန်တော်ယူဆမိ ပါသည်။ မြင်ပြီးမှတွေးသလား...၊ တွေးပြီးမှ ရှုမြင်သုံးသပ်သလားဆိုတာကတော့ အခြေအနေ၊ ဖြစ်ရပ်တစ်ခု ပေါ်တွင်သာ မူတည်နေပါလိမ့်မည်ထင်မိပြန်ပါသေးသည်။


~~~@@~~~



နက်နဲသော အတွေးအမြင်များကို မပိုင်ဆိုင်သည့်ကျွန်တော် အနီးဆုံး ကိုယ့်လုပ်ရပ်၊ ကိုယ့်ကိုယ်ကို ပြန်မြင်မိ၊ တွေးမိပါသည်။ (အကြီးကြီးတွေ တစ်ကယ်ထိုင်တွေးဖို့ မစွမ်းပါ။)

ကျွန်တော်ရေးဖြစ်ခဲ့သောစာများကိုပြန်မြင်ကာ တွေးကြည့်မိလိုက်သောအခါ ကိုးဆယ့်ငါးရာခိုင်နှုန်းလောက် မှာ (ဘလော့ဂ်ပို့စ်တစ်ခုအနေဖြင့်) အတော့်ကိုရှည်းလျှားလွန်းလှပါသည်။ ဘလော့ဂ်စာမျက်နှာပေါ်သို့ မတင် ရသေးခင် word ဖိုင်လ်ထဲတွင်ရေးထားမိသည်ကပင် အနည်းဆုံးလေးငါးမျက်နှာစာလောက်ရှိပါသည်။ သိပ်သည်းသော စာလုံးရေဖြင့်ရေးသားရသော ကဗျာများသည်ပင် အရှည်က ခပ်များများဟု မြင်မိပါသည်။

ဘလော့ဂ်ရေးဖော် သူငယ်ချင်းတစ်ယောက်၏ ပို့စ်တစ်ခုတွင်ဖတ်လိုက်ရဖူးသည်။ စာရှည်လျှင် ဖတ်သူငြီးငွေ့ မည်။ အီလာမည်။ ထိုအခါ စာကိုမဖတ်ပဲနှင့် ကျော်ချင်ကျော်သွားနိုင်သည့် အဓိပ္ပါယ်မျိုး သက်ရောက်နေပါ၏ ။ ထိုစာစုလေးကို ဖတ်ပြီးသည့်နောက် စာရှည်ရှည်များကိုသာ အများဆုံးရေးလေ့ရှိသော ကျွန်တော်ကိုယ့်ကို ကိုယ် ပြန်မြင်ယောင်လာကာ မေးခွန်းတစ်ခုကို ကိုယ့်သာသာ ပြန်မေးမိလိုက်၏။ “စာတိုတိုလေးတွေ မရေး နိုင်ဘူးလား”...ဟူ၍ပင်...။

ထိုမေးခွန်းကြောင့် ကျွန်တော့်ရင်တွင်းမှ ထွက်လာသော အဖြေကအတော့်ကိုရှင်းလှပါသည်။ “မဖြစ်နိုင်၊ မရေးနိုင်ပါ”...... ဟု ဆိုပါသည်။ ရသစာပေများကိုသာ (စိတ်ခံစားမှုကို ဦးစားပေးတတ်သူတစ်ယောက်အနေ ဖြင့်) တစ်ရှိုက်မက်မက် ဖတ်လာခဲ့ရသောသူမို့ ကျွန်တော်စာရေးဖြစ်သောအခါတွင် ရသဖက်ကို ဦးစားပေး သည့် ခံစားမှုစာစုများ၊ အက်ဆေးများ၊ ကဗျာများ၊ ၀တ္တုတိုများကိုသာ အများဆုံးရေးဖြစ်ခဲ့မိပါသည်။

မတောက်တစ်ခေါက်နိုင်လှစွာဖြင့် စာရေးမိသောကျွန်တော်သည် စာရေးမိတိုင်းလည်း (နားလည်မိသရွေ့) ဖြစ်စဉ်ပြရေးနည်းနှင့်၊ သရုပ်ဖော်ရေးနည်းနှစ်ခုကို ရောမွှေစွာရေးမိသည်။ (စကားလုံးနိမိတ်ပုံကိုယူပြီးရေးရန် အားနည်းတတ်ပါသည်။) ရေးမိတိုင်းလည်း စာထဲတွင်ပါသော နေရာ၊ အဖြစ်အပျက်များကို အသေးစိတ်မြင် ယောင်ကာ ခံစားရေးမိတတ်ပြန်သေးပါ၏။ နောက် စကားပြောအရေးအသားထက်၊ စကားပြေအရေးအသား ကို (သိပ်မတတ်ကျွမ်းသော်လည်း) ပိုအားသန်စွာဖြင့် ဖွဲ့နွဲ့စွာရေးမိတတ်သည်မှာလည်း အခါခါပင်။

ဥပမာ “မြက်ခင်းပေါ်တွင် သစ်ရွက်များကြွေကျနေသည်”...ဟု ရေးနိုင်သည့်နေရာတွင် “မြက်ခင်းစိမ်း စိမ်းပေါ်တွင် သစ်ရွက်ခြောက်များကြွေကျနေလေသည်မှာ ညှိုးနွမ်းဆိတ်သုန်းလွန်း လှပါသည်”...စသည်ဖြင့်...။ ထိုအခါတွင် နောက်ဆုံးပိတ်ရလာဒ်အဖြစ် ကျွန်တော်ရေးသည့် စာများသည် (ဘလော့ဂ်ပို့စ်တစ်ခုအနေနှင့်)အမှန်ရှည်လျှားနေခဲ့မည်ထင်ပါသည်။ သို့သော်လည်း ပို့စ်ကိုတိုအောင် ရေးနိုင်ဖို့ ကျွန်တော်မပြင်နိုင်ခဲ့ပါ။ သာမန်အနေဖြင့် ဘလော့ဂ်တစ်ခုပေါ်မှ ပို့စ်တစ်ပုဒ်၏သက်တမ်းသည် ပျမ်းမျှ တစ်ပတ်လောက်သာခံပါ၏။ ကာယကံရှင်မှလွဲပြီး မည်သူတစ်ဦးတစ်ယောက်မှ ပို့စ်တစ်ခုကို ခဏခ ဏပြန်လာဖတ်နေမည်မဟုတ်ပါ...။ သို့သော် ကျွန်တော်ကတော့ ရှည်လျှားသောပို့စ်များကိုရေးနေမိဆဲ ပင်....။

အဖွဲ့အနွဲ့၊ အရေးအသားဖြင့် စာဖတ်သူအား တစ်စုံတရာသော သုတ၊ ရသနှင့် ဆင်ခြင်တုံ့တရားပေးစွမ်းနိုင်ခဲ့ လေသော ၀တ္တုတို၊ ၀တ္တုလတ်၊ ၀တ္တုရှည်၊ လုံးချင်းဝတ္တုနှင့် အုပ်တွဲ ၀တ္တုရှည်ကြီးများကို အချိန်မပေးနိုင်သော စာဖတ်သူအချို့အတွက်ငဲ့ညှာစွာ တိုအောင်ချုံ့ရေးခဲ့ကြလျှင် ဘယ်လိုများ နေမှာပါလိမ့်ဟု... တစ်ခါတရံတွင် ရူးကြောင်ကြောင်နိုင်စွာ ကျွန်တော်တွေးမိ၊ မြင်မိခဲ့သောအခါ တစ်ခုကို သွားသတိရမိလိုက်ပါသည်။ ကျွန် တော်တို့ တက္ကသိုလ်ပထမနှစ်တုန်းက မိုင်နာ ဘာသာရပ်အဖြစ်သာသင်ခွင့်ရခဲ့လေသော မြန်မာစာတွင် အ နှစ်ချုပ်ရေးနည်းနှင့် ခပ်ဆင်ဆင်တူနေလိမ့်မည်လားဟူ၍....။

ထိုအခါ ဆိုလိုရင်းတော့ရောက်မည်...။ ရသ(ခံစားမှုအပိုင်းတွင်)လိုတာထက်ပိုစွာ အားနည်းသွားမည်ဟု ထင်မြင်မိပါသည်။ (ကိုယ်ပိုင်ထင်မြင်ယူဆချက်မို့ မှားချင် မှားနေနိုင်ပါသည်။)

ထို့ကြောင့် ကျွန်တော်သည် ရသစာများကို မတောက်တစ်ခေါက်ရေးသားနေရာတွင် (စိတ်ပါနေသမျှ၊ ဘ လော့ဂ်ရေးဖို့ အခွင့်အလမ်းရှိနေသမျှကာလတစ်လျှောက်လုံး)ပို့စ်ရှည်ရှည်များကိုသာ ရေးသားနေလိမ့်ဦး မည့်ဝါသနာရှင်တစ်ယောက်ဟု ပြန်မြင်မိနေပါသည်။ ကျွန်တော်ရေးသောပို့စ်များ၊ စာများကို ရှည်လွန်း၍ အချိန်ပေးစွာ မဖတ်နိုင်သူ ဘလော့ဂ်ရေးသော၊ မရေးသော မောင်နှမများအား.... ကျွန်တော် ဘယ်လိုမှမ မြင်မိပါ....။ လူတိုင်းသည် သူ့အကြောင်း၊ သူ့ခံစားချက်၊ သူ့စိတ်စေရာကိုနာခံနေကြရသောသူများဟု ကျွန် တော် ရိုးသားစွာ တွေးမိ၊ မြင်မိထားတာ နှစ်ကာလ အတော့်ကိုကြာခဲ့ပြီမို့ပင်....။ (သေချာသည်က တိုတိုနှင့် ထိထိ မိမိရှိသော ရသစာလေးများကို ရေးဖို့ညံ့ဖျင်းလွန်းနေခဲ့သောကြောင့် ကျွန်တော့်ရဲ့ စာမျက်နှာကို ကျော် သွားခဲ့လျှင်လည်း.... ကျွန်တော်သည် မည်သို့မျှ ခံစားလိမ့်မည် မဟုတ်ပါ...။)

~~~@@~~~

လော့ဂ်ရေးသောမောင်နှမသူငယ်ချင်းများကြားတွင် တစ်ဦးနှင့် တစ်ယောက်ခင်မင်ရင်းနှီးစွာဖြင့် တက်ဂ်ကြ သောအလေ့အထလေးကိုလည်း ကျွန်တော် မြင်ကြည့်ကာ တွေးမိပြန်ပါသေးသည်။ ကျွန်တော်သည်လည်း အတက်ဂ်ခံရဖူးသည်။ ကျွန်တော်ကလည်း ဆက်ကာ တက်ဂ်ခဲ့ဖူးသည်။ သို့သော်... အခု အခြေအနေတွင် ကိုယ်နှင့်နှိုင်းစာကာ တစ်ဖက်ကတက်ဂ်ခံရသောမောင်နှမများအတွက် ကိုယ့်အဖြစ်နှင့်ယှဉ်ကာ ကျွန်တော် မြင်မိ၊ တွေးမိနေပါသည်။ ဒီနေရာတွင် ကျွန်တော့်ရဲ့ daily lifeလေးကို နည်းနည်းပြောပြပါမည်။ ကျွန်တော် သည် အရှေ့တောင်အာရှ နိုင်ငံငယ်လေးတစ်ခုမှ သာမန်စက်ရုံအလုပ်သမားတစ်ဦးသာဖြစ်ပါသည်။ မည်ကဲ့ သို့သော အဆင့်မြင့်မြင့်ပညာမျိုး၊ အတွေးအခေါ်မျိုးကိုမှ ပိုင်ဆိုင်ထားသူမဟုတ်ပါ။ သာမန်တွေး၊ သာမန်ခံစား ချက်နှင့် သာမန်လူတစ်ယောက်သာဖြစ်ပါသည်။ အလုပ်ထဲတွင် တစ်နေ့ကို ၁၂နာရီတိတိ ရုန်းကန်လှုပ်ရှားရ ပါသည်။ တစ်လလုံးလုံးတွင် သာမန်အားဖြင့် နားရက်ပင် သိပ်မရတတ်ပါ..။ အချိန်ပိုများကို မလွှဲသာ မရှောင် သာလွန်း၍ ဆင်းခဲ့ရသည်မှာ အခါခါပင်ဖြစ်ပါသည်။ အလုပ်ထဲတွင်လည်း... ပြေးလွှားကာ အလုပ်လုပ်ရခဲ့ရ သည့် စက်ရုံလုပ်သားမို့ ကွန်ပျူတာကို စိန်ပြေနပြေထိုင်သုံးပြီးအလုပ်လုပ်ခွင့်မရှိပါ။ အလုပ်အတွက် တစ်ခါတ ရံမှသာပြေးသုံးဖြစ်ရတာများပါသည်။ အလုပ်သွားရန်ပြင်ချိန်၊ ပြန်ချိန်များနှင့် အလုပ်ချိန်အားလုံးပေါင်းလိုက်မိ သောအခါ တစ်နေ့တွင် ၁၅နာရီစာလောက်ရှိပါသည်။ အလုပ်မှပြန်လာလျှင် လျှော်ဖွပ်၊ ချက်ပြုတ်နှင့် တစ်နာ ရီကျော်ကျော်လောက် အချိန်ကုန်ပါသေးသည်။ နောက် အိမ်မှ အတူနေသော သူငယ်ချင်းများနှင့် အချိန်ပေး ကာစကားပြောရခြင်း၊ နောက် အွန်လိုင်းမှ ခင်မင်လေးစားရသော မောင်နှမတချို့နှင့် စကားအနည်းငယ်ပြော ခြင်းတို့အတွက် အချိန်အနည်းငယ်ပေးမိရသေးပါသည်။ အိပ်ချိန် လေးငါးနာရီလောက်သာပေးမိသော်လည်း ကျွန်တော်၏ ကိုယ်ပိုင်အချိန်သည် သုံးနာရီစာလောက်မျှသာကျန်ပါတော့သည်။ ထိုအတောအတွင်းတွင် ရေး လက်စစာကိုဆက်ရေးရင်း၊ နောက် ဘလော့ဂ်လည်ဖတ်ရင်း၊မှတ်ချက်လေးများရေးပေးရင်းဖြင့် ကျွန်တော့်အ တွက် အချိန်ဆိုတာ ရှားပါးလွန်းလှပါသည်။(နောက်ပြီး စာတစ်ပုဒ်ကို လွယ်ကူစွာ ဖတ်ကောင်းအောင်၊ သုတ၊ ရသပေးနိုင်အောင် ကျွန်တော်လျှင်မြန်စွာမရေးနိုင်ပါ...။ ဥာဏ်နည်းသလို အချိန်မရတာမို့ပင်....။)

ပြည်တွင်း၊ ပြည်ပမှ ကျွန်တော်နှင့်ခင်မင်နေသော ဘလော့ဂ်ရေးဖော် မောင်နှမများလည်း ကျွန်တော့်နည်းတူ ပင်ဖြစ်မည်ဟု ထင်မိပါသည်။ (ကိုယ်ပိုင်မိသားစု ရှိသူဆို ပိုဆိုးမည်ထင်ပါ၏။) မှတ်မှတ်ရရ ကျွန်တော်ရေးခဲ့ သည့် သို့သော်လည်း ဆိုသော (အစ်မ၀ါ၏ နောင်လာမည့်ငါးနှစ်စိတ်ကူးကိုရေးမိသော) တက်ဂ်ပို့စ်လေးကို ကျွန်တော်ဆက်တက်ဂ်ခဲ့မိသော မောင်နှမအချို့မှာ ခုထိပင်မရေးရသေးပါ...။ ထို့အတွက် ကျွန်တော်မည်သို့ မှ မမြင်မိသေးရုံသာမက၊ ကျွန်တော့်စိတ်ထဲမှ တိတ်တိတ်လေးပင်ပြန်ကာကျိတ်၍ အားနာမိပါသေးသည်။ အ လကားနေရင်း( ခင်မင်လို့ဖြစ်ပေမယ့်) တက်ဂ်မိသောကျွန်တော့်ကြောင့် သူတို့မှာ အကြွေးတင်သလိုဖြစ်နေခဲ့ ရတာမို့ပင်ဖြစ်၏။ ထို့အတူ အချို့မောင်နှမများမှာလည်း ဖြစ်ညှစ်ကာရေးပေးကြရတတ်ပါသည်။ ထိုအခါ ကျွန် တော့် အကျင့်အတိုင်း ရင်ထဲမှ ကျေးဇူးလည်းတင်၊ အားလည်းနာ အခါခါဖြစ်မိရပါသည်။ ထို့ပြင် အကြွေးဆို သောအရာမှာ (မည်သည့်အကြွေးပင်ဖြစ်ပါစေ) အတော်ဆိုးသည်ဟု မြင်မိ၊ တွေးမိနေတတ်တာလည်း အခါ ခါဖြစ်၏။

ထို့ကြောင့် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချမိပါသည်။ နောက်ထပ် မည်သူ့ကိုမျှ တက်ဂ်ပို့စ်ကို ဆက်တက်ဂ် တော့မည်မဟုတ်တော့ပါ...။

~~~@@~~~

ကျွန်တော့်ဘလော့ဂ်သက်တမ်းခပ်ပါးပါးလေးတွင် ခင်မင်ရင်းနှီးစွာဖြင့် တက်ဂ်လာသော တက်ဂ်ပို့စ်အနည်း ငယ်ကိုကိုယ်တိုင်ရေးဖြစ်ခဲ့ဖူးပါသည်။ အခုခါတွင် ကျွန်တော်ရေးဖြစ်ခဲ့သော တက်ဂ်ပို့စ်များကိုပြန်မြင်ဖတ်ရှု ကာ သုံးသပ်မိပြန်ပါသည်။

ကျွန်တော်လေးစားစွာ ခင်မင်ရင်းနှီးခွင့်ရခဲ့သော ဘလော့ဂ်ရေးသူမောင်နှမတစ်ဦးဦးမှ ခေါင်းစဉ်တစ်ခုခုဖြင့် ကျွန်တော့်ကို တက်ဂ်လာပါက ဘယ်လိုပုံစံမျိုးလေးနှင့် အကောင်းဆုံးရေးပေးရလျှင်ကောင်းမလဲဟု စဉ်းစားမိ တာ အရင်ဆုံးဖြစ်ပါသည်။ အကြောင်းမှာ အထွေအထူးတော့ မဟုတ်ရပါ..။ တက်ဂ်ပို့စ်တွင် ပါဝင်သောအ ကြောင်းအရာခေါင်းစဉ်များ၏အောက်တွင်ရေးရင်ဖြင့်ကျွန်တော့် history တချို့ကို ဖော်ပြလိုက်သလိုဖြစ်သွား မှာ...၊ နောက်ထပ် ကျွန်တော့်လက်ရှိ အသက်အရွယ်လေးနှင့် ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်စွာ တွေးထားမိသမျှကို၊ ဖတ်ဖူး၊ သိဖူးသော စာများထဲမှ အတွေးအခေါ်များကိုပြွတ်သိပ်စွာ တက်ပို့စ်ထဲတွင်ရေး လိုက်မိလျှင်.... အွန်လိုင်းတွင်ဖြတ်သန်းသွားသမျှ ကျွန်တော့်ထက်ကြီးသူ၊ ငယ်သူမရွေး၊ အတွေးအခေါ်ရင့် ကျက်သူ မည်သူမဆို အမှတ်မထင်ဖတ်မိသွားပါက မတိုက်ဆိုင်ခဲ့လျှင် ရှက်ဖွယ်လိလိဖြစ်သွားမှာတစ် ကြောင်း....။ (ကိုယ့်တစ်ကိုယ်တည်း တွေးမိသောအတွေးများသည် များသောအားဖြင့် ၁၀၀%မှန်ဖို့ အခွင့်အ လမ်းနည်းပါးတတ်သည်ဟု မြင်မိ၊ တွေးမိပါသည်။)

နောက်ဆုံးတစ်ခုအနေဖြင့် (ကျွန်တော့်အတွေ့အကြုံအရ) အွန်လိုင်းတွင် စာဖတ်နေကြသူများထဲတွင် ဘလော့ဂ်မရေးပဲ၊ ဘလော့ဂ်သာဖတ်သော စာဖတ်သူအများစုရှိနေခြင်းကြောင့် အချို့တက်ဂ်ပို့စ်များကို ရယ်စရာ၊ လွမ်းစရာ၊ တွေးစရာပုံစံလေးများဖြင့် ၀တ္တုတိုပုံစံ၊ ခံစားမှုစာစုပုံစံ၊ အက်ဆေးပုံစံလေးများဖြင့် ရေးခဲ့ မိပါသည်။ တက်ဂ်ပို့စ်တစ်ခုထဲတွင် ဘလော့ဂ်ရေးသူအချင်းချင်းသာ နားလည်နိုင်သည့် အသုံးအနှုန်း၊ အ ချိတ်အဆက်နှင့်၊ အပြောအဆိုများကို ရိုးရိုးစာဖတ်နေသောသူများ (ဘလော့ဂ်မရေးသည့်မောင်နှမများ) ဖတ် မိလျှင် အတော့်ကို ဟာ,သွားမှစိုးလို့ပင်ဖြစ်ပါသည်။ (ထိုခံစားချက်ကို ကျွန်တော်ဘလော့ဂ်မရေးဖြစ်ခင်က ကိုယ်တိုင်ခံစားဖူးလို့ပဲဖြစ်ပါသည်။) အဓိကကတော့ စာတစ်ပုဒ်ကို အချိန်ပေးကာလာဖတ်သူမှနေ ဘာကြီး တွေရေးထားတာလည်းမသိဘူး...၊ သူ့ကိုယ်သူ ဆရာကြီးကျနေတာပဲဟု မြင်သွားမည်ဆိုလျှင် အတော့်ကို အားနာစရာ၊ ရှက်စရာကောင်းနေမည်ထင်ပါ၏။

ထိုကဲ့သို့ တက်ဂ်လာသောခေါင်းစဉ်တစ်ခုကို အတွေးပွားကာရေးလိုက်ရင်းဖြင့် ကျွန်တော်ရေးသားမိခဲ့သော ၀တ္တုတို၊ ခံစားမှုစာစု စသည့်စာများအား နာမည်ပေးခါနီးတွင် မူရင်းတက်ဂ်လိုက်သောခေါင်းစဉ်ထက် ရေးခဲ့ သောစာနှင့် သင့်လျော်ရာ၊ အဓိပ္ပါယ်လိုက်ဖက်ညီရာခေါင်းစဉ်လေးများကိုသာရွေးကာ ကျွန်တော်ပေးဖြစ်ခဲ့ ၏။ (ဥပမာအနေဖြင့်ဆိုရလျှင် ရင်မှဖြစ်သောသားသမီးများအား မိဘတို့မှ ချစ်မြတ်နိုးစွာ နာမည်မှည့်သလိုမျိုး ပင်ဖြစ်နေလိမ့်မည်ထင်ပါသည်။) သို့သော်လည်း ကျွန်တော်ရေးခဲ့သော တက်ဂ်ပို့စ်တိုင်း၏အောက်ဆုံးတွင် မူ ရင်းတက်ဂ်လိုက်သော ရေးဖော်မောင်နှမ၏ နာမည်၊ တက်ဂ်ခေါင်းစဉ်နှင့် ရေးသားထားသော စာများကို ပြန် ညွှန်းပေးထားမိပါသည်။

သို့ရာတွင် လွန်ခဲ့သောရက်အနည်းငယ်က ခင်မင်ရသောဘလော့ဂ်ရေးဖော်တစ်ယောက်၏ ဒီနေရာလေးတွင် ရှိသော ပို့စ်လေးတစ်ခုကို ကျွန်တော်ဖတ်မိပါသည်။ ပို့စ်လေးမှာ  တက်ဂ်ပို့စ်များကို ခေါင်းစဉ်ပြောင်းကာရေးဖို့ မဖြစ်သင့်ပါဟု ရိုးသားစွာတွေးပြီးရေးထားသော စာလေးပင်ဖြစ်ပါသည်။ ထိုအခါ ကိုယ်တိုင်ရေးဖြစ်ခဲ့မိသော တက်ဂ်ပို့စ်များကို ပြန်မြင်ယောင်ကြည့်ရင်း စဉ်းစားမိပါသည်။ နောက်... မူရင်းတက်ဂ်ခေါင်းစဉ်ကို စတင်မွေး ဖွားလိုက်သူနေရာမှလည်း ၀င်ခံစားကြည့်မိပါသေးသည်။

ဟုတ်ပါသည်။ တက်ဂ်လာသောခေါင်းစဉ်ကို ကိုယ်ပိုင်ရှုထောင့်မှသာအတွေးပွား၊ ခံစားရေးသားမိသော်လည်း ကျွန်တော်သည် သူများကလေးအား အိမ်ခေါ်၊ ရေမိုးချိုးပေး၊ သနပ်ခါးလိမ်း၊ အ၀တ်လဲပေးပြီး နာမည်ပြောင်း မှည့်လိုက်သလိုဖြစ်နေမည်ထင်ပါသည်။ ထိုလုပ်ရပ်ကို ဘေးမှရေးဖော်တချို့က ရိုးသားစွာသဘောမတူညီခဲ့ ကြလျှင် ခေါင်းစဉ်ကို စတင်မွေးဖွားခဲ့သော ကာယကံရှင်ဆိုလျှင် မည်သို့နေမည်မသိတော့ပါ။ စိတ်ထဲ ဘာမှမ ရှိ၊ မဖြစ်လျှင်ကောင်းပါသည်။ အကယ်၍ ဖြစ်နေခဲ့လျှင် လုံးဝ ( လုံးဝ) အားနာစရာကောင်းနေပြန်ပါသည်။

သို့သော် ကျွန်တော်ကလည်း တက်ဂ်လာခဲ့သော တက်ဂ်ပို့စ်များကို (စောစောကပြောခဲ့သော အကြောင်းများ ကြောင့်) ခံစားမှုစာစုပုံစံ၊ ၀တ္တုတိုပုံစံဖြင့်သာ ရေးချင်ပြီး၊ ထိုစာအမျိုးအစားနှင့်လိုက်ဖက်ညီသည့် ခေါင်းစဉ် လေးများကိုသာ ပေးချင်မိပါသည်။ (လိုအပ်၍ဖြစ်၏။) ထိုကဲ့သို့ ကြုံလျှင် ကြုံသလို ဆက်တိုက်လုပ်နေပြန်ပါ ကလည်း မူရင်းခေါင်းစဉ်ကိုမွေးဖွားပေးခဲ့သော ကာယကံရှင်နှင့် ခေါင်းစဉ်ပြောင်းရေးတာကို (မဖြစ်သင့်ဟု ရိုး သားစွာမြင်၍) မကြိုက်နှစ်သက်တတ်သော ဘေးလူအချို့အတွက် ကျွန်တော်သည် မရည်ရွယ်စွာဖြင့် စိတ် ညစ်နွမ်းအောင် လုပ်နေမိသလိုဖြစ်နေခဲ့ရဦးမည်ထင်ပါသည်။ တွေးတတ်၊ မြင်ကြည့်တတ်မည်ဆိုလျှင်လည်း အတော့်ကို အားနာဖို့ကောင်းနေပါသည်။

ထိုအခါ ဘက်မညီမျှနိုင်သည့်အခြေအနေတစ်ခုကို ညီလာစေရန် အားထုတ်ကြိုးစားမှုနည်းလှသော ကျွန် တော့်အတွက် နောက်ဆုံးလုပ်စရာအလုပ်တစ်ခုသာရှိပါတော့သည်။ အခြားတော့ မဟုတ်ပါ...။

“လောလောဆယ် ကျွန်တော်ရေးရန်ရှိနေသေးသော တက်ဂ်ပို့စ်များရေးပြီးလျှင် နောက်ထပ် မည်သည့်တက် ဂ်ပို့စ်ကိုမှ လက်ခံရေးသားတော့မှာမဟုတ်ကြောင်းကို ခင်မင်လေးစားရသော ရေးဖော်ရေးဖက်မောင်နှမများ အား နူးညွှတ်စွာ အသိပေးတောင်းပန်လိုက်ဖို့ပဲရှိပါတော့သည်။”

“ကျွန်တော် တက်ဂ်ပို့စ်များကို လုံးဝ မရေးတော့ပါ”....။

~~~@@~~~

လောလောဆယ်အခြေအနေတွင် ဘလော့ဂ်ပုံမှန်ရေး၊ ပုံမှန်ဖတ် (ရံဖန်ရံခါပျောက်) နေသူတစ်ဦးဖြစ်သော ကျွန်တော့်စိတ်ကို ပြန်မြင်ယောင်ကြည့်ကာ မေးခွန်းအချို့ ပြန်မေးမိပါသည်။ ကျွန်တော်ဟာ....

၁)စာရေးချင်လို့ရေးနေတာလား (ဒါမှမဟုတ်) နာမည်ကြီးချင်လို့ စာရေးနေတာလား၊ ကိုယ့်ကိုယ် ကို သိပ်ဟုတ်နေပြီထင်နေမိသလား....

၂)ရေးဖော်မောင်နှမတွေ ချီးမွမ်းသွားတိုင်း ကိုယ်ရေးတဲ့စာတွေဟာ သိပ်ကောင်းတယ်လို့ ထင်နေတတ်သူလား...။ ကိုယ်ရေးတဲ့စာတွေအပေါ်မှာ ယုံကြည်မှုလွန်ကဲနေခဲ့ပြီလား....

၃)ကိုယ့်ဘလော့ဂ်မှနေပြီး ကိုယ်သိထားသမျှလေးတွေကို ဆရာကြီးလေသံနဲ့ ပြောများပြောနေ မိပြီလား...

၎)ရေးထားသောစာအပေါ် တစ်စုံတစ်ယောက်နဲ့ သဘောထားခြင်းမတိုက်ဆိုင်တိုင်း ဆတ်ဆတ် ထိမခံဖြစ်နေတတ်သူလား....

၅)ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲဆိုတာ တစ်ဖက်လှည့်နည်းနဲ့ ဘလော့ဂ်ပေါ်မှာ ကြေငြာနေမိ သူလား...

၆)အများဖြတ်သန်းဖတ်နေတဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှာ ကိုယ့်အမြင်ကွက်ကွက်လေးကိုပဲ (ကိုယ် ပိုင်တဲ့ နေရာဆိုပြီး) ရေးချနေမိသူလား....

၇)အခြားသူရေးသားထားသောစာများအား ကောင်းလျှင်ကောင်းသည်ဟု ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ချီးမွမ်းဖို့ ခက်ခဲနေတတ်သူလား....

၈)ကိုယ့်ပို့စ်အသစ်တိုင်းကို အရေးတစ်ယူလာဖတ်၊ မန့်မှ၊ သူ့ပို့စ်အသစ်ကို ပြန်သွားဖတ်တတ်သူ လား....

၉)ကိုယ်မကျွမ်းကျင်သည့် အယူအဆများဖြင့်ရေးထားသောစာများ (ဥပမာ နိုင်ငံရေး၊ ဘာသာ ရေးအယူအဆ အချို့) တွင်ပြီးပြီးရော ကော်မန့်ဝင်ရေးတတ်သူများလား....

၁၀)ကိုယ့်နောက်မှ အသစ်ရေးသည့်သူများကို အားမပေးပဲ မျက်နှာကြီးရာသာ ဟင်းဖတ်ပါစွာ အ စဉ်သွားလည်နေတတ်သည့် ဘလော့ဂ်ရေးသူတစ်ဦးလား.....

စသည်ဖြင့်.........................................................။

ထိုအခါ......................................

~~~@@~~~

နောက်ထပ်တစ်ခုစဉ်းစားရင်း ကိုယ့်ကိုယ်ကို ပြန်မြင်မိပါသေး၏။

ကျွန်တော်သည် လေဟာနယ်ထဲမှ အလကားရသောနေရာလွတ်တစ်ခုဖြစ်သော“ဘလော့ဂ်စပေါ့(ထ်) နှင့် ဟော့ရှော့(ခ်)လုပ်နေခြင်း” များလားဟူ၍.........။                          ။

                               ~~~~~@@@~~~~~@@@~~~~~@@@~~~~~



ပုံလေးကို ဒီနေရာလေးကနေ ယူသုံးပါတယ်ခင်ဗျာ....။

=============================================================
ကိုဇော်က စပြီးတက်ဂ်လာတဲ့ ဒီတက်ဂ်ပို့စ်လေးကို မကြီးအေး(ချစ်ကြည်အေး)ကလည်း နှစ်ထပ်ကွမ်း ထပ် တက်ဂ်ထားလို့ ရေးလိုက်ပါတယ်...။ မူရင်းတက်ဂ်ခေါင်းစဉ်ကလေးက အမြင်များ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ အကျင့်ဆိုးအတိုင်း နာမည်ပြောင်းလိုက်ပြန်ပါပြီ...။ ခွင့်လွှတ်ကြပါလို့ တောင်းပန်ရင်း... ရင်ထဲမှ ရှိတဲ့ အရာ တချို့ ရွာချလိုက်ခွင့်ရတဲ့အတွက် ကိုဇော်နဲ့ မကြီးအေးတို့ကို ကျေးဇူးပါခင်ဗျာ.....။
=============================================================

ချစ်ခြင်းအားဖြင့်.......

ဏီလင်းညို

Wednesday, April 14, 2010

နွှဲ... ပျော်....




နက်ခြောက်နာရီခွဲလောက်ပဲရှိသေးတာမှန်ပေမယ့် ဒီနေ့မနက်ခင်းတွင်တော့ “ငစိုး”တစ်ယောက် အစော ကြီးနိုးလာမိသည်။ မျက်စိနှစ်လုံးပွင့်ပွင့်ခြင်း အိပ်ယာထက်မှလူးလဲထကာ ခြင်ထောင်အပြင်ဘက်သို့ တိုး ထွက်ခဲ့လိုက်၏။ ဒီနေ့ သင်္ကြန်အကျနေ့မဟုတ်ပါလား......။

သုံးထပ်သားကာထာသော အိပ်ခန်းလေးအပြင်ဘက်ကို ငစိုးထွက်ခဲ့တော့ အိမ်ရှေ့ခေါင်းရင်းခန်းရှိဘုရားစင် ရှေ့တွင် ဘုရားသောက်တော်ရေလဲနေသော ဖေကြီးက....

“ဟာ.... ငါ့သားအိပ်ပုတ်လေးက ဒီနေ့ကျတော့ အစောကြီးနိုးနေလို့ပါလားဟေ့”.....

“ဟုတ်”.......

တမင်ကလာ အံ့သြသံလုပ်ပြီးမေးလိုက်သော ဖေကြီးရဲ့အမေးကြောင့် မျက်လုံးအစုံကိုလက်နှစ်ဖက်ဖြင့် ရှက်ကိုးရှက်ကန်းနိုင်စွာ ဟိုပွတ်ဒီပွတ်လုပ်ရင်း မပွင့်တစ်ပွင့်လေသံနှင့် ငစိုးပြန်ဖြေလိုက်သည်။ ငစိုး အသံ အဆုံးတွင် နောက်ဖေးမီးဖိုချောင်ဆီမှ မိခင်ဖြစ်သူရဲ့အသံကထွက်ပေါ်လာပြန်သည်။

“ငါ့သားအငယ်ဆုံးလေးက ဒါမျိုးဆို တယ်ဝီရိယကောင်းတယ်လားဟေ့”......

မီးဖိုချောင်ဆီမှ မေကြီးကို ငစိုးမမြင်ရသော်လည်း မေကြီးရဲ့လှမ်းမေးလိုက်သောအသံထဲတွင် ကျီစယ်စွာ ရယ်မောလိုသံများပါနေတာကြောင့် ဖေကြီးရှေ့တွင် စောစောကထက်ပိုပြီး ရှက်သွားမိသည်။ ငစိုးကလည်း ငစိုးပဲဖြစ်သည်။ ခါတိုင်းဆို ကျောင်းပိတ်ရက်တွင် နေဖင်ထိုးမှ အိပ်ယာထနေကျမို့ပင်...။ ထို့ကြောင့် ရှက် ရှက်နှင့်ပါးစပ်မှနေ... “မေကြီးကလဲဗျာ”.... ဟု ဗလုံးဗထွေးပြန်အော်ရင်း ခြေဆောင့်မိတော့ ဖေကြီးကရယ် ၏။

“ကဲ.... သွား..... သွား....၊ မျက်နှာသစ်၊ သွားတိုက်ဦး...။ ပြီးရင် ဖေကြီးနဲ့အတူ ဘုရားလာရှိခိုးရဦးမယ် နော်”..

“ဟုတ်”.....

အသံနှင့်အတူ ဖေကြီးရှေ့မှနေ ငစိုးတစ်ယောက် လှစ်ခနဲပြေးထွက်ခဲ့လိုက်၏။ အိမ်ပေါ်မှနေပြေးဆင်းသွားခဲ့ သောငစိုးရဲ့ဦးတည်ရာက ခြံထောင့်ရေတွင်းလေးဘေးနားတွင်ရှိသည့် သူတို့ရေချိုးသောနေရာလေး ဆီသို့ပဲ ဖြစ်ပါသည်။

မျက်စိရှေ့မှနေပြီး လှစ်ခနဲပြေးထွက်သွားသော ငစိုးကို ဖခင်ဖြစ်သူမှာ ပြုံးကြည့်ရင်းကျန်ရစ်ခဲ့ရလေသည်။ တစ်ကယ်တော့လည်း ဒုတိယတန်းဖြေထားသော အထွေးဆုံးသားလေးငစိုးမှာ သူတို့တစ်မိသားစုလုံးရဲ့ အ သည်းကျော်လေးပင် မဟုတ်ပါလား....။

~~~@@~~~

ကမန်းကတန်းနှင့် မျက်နှာသစ်ကာ သွားတိုက်ခဲ့ပြီးတော့ ဖေကြီးနှင့်အတူ ငစိုးဘုရားဝင်ထိုင်ရှိခိုးခဲ့ရ သေး၏။ သို့သော်... ခါတိုင်းလို နမောတဿ အစချီသည့်သူရသမျှ ဘုရားရှိခိုးစာများကို၊ နောက်... “ဤ သို့ပြုရ မြတ်ပုညကို”.... အစချီသည့် မေတ္တာပို့ အမျှဝေခြင်းများကို ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပဲ... သြ ကာဿလေးနည်း နည်းပါးပါးလောက်ပါးစပ်လှုပ်ရုံရွတ်ပြီး ဆောင့်ကြောင့်ထိုင်ရာမှ ပေါက်ဆိန်ပေါက် ဦး သုံးကြိမ်ချလိုက်ရင်း ငစိုး တစ်ယောက် ဘုရားရှိခိုးခြင်းကို အဆုံးသတ်ပစ်ခဲ့လိုက်သည်။

ပြီးတော့မီးဖိုချောင်အတွင်းသို့ ၀င်ကာ မေကြီးခူးကျွေးသော ထမင်းကြော်ဝါ၀ါလေးများကို စိတ်စောစွာ ခပ်မြန်မြန်လေးခပ်စားနေလိုက်၏။ ဒီနေ့ ပဲပြုတ်သည်မလာတာမို့ ထမင်းကို ဘဲဥလေးနှင့် ဒီအတိုင်းကြော် ထားတာကိုပင် ငစိုးတစ်ယောက် ခါတိုင်းလို ကြေးများ၊ ဂျီတိုက်ဖို့ သတိမရအားပါ...။ မေကြီးက အလော တစ်ကြီးနိုင်ပုံပေါက်နေသော ငစိုးကို ကြည့်ရင်းပြောသည်။

“ဖြည်းဖြည်းစားပါ.... သားငယ်လေးရဲ့... ၊ အစောကြီးရှိပါသေးတယ်...၊ ခုမှ ခုနှစ်နာရီကျော်ပဲရှိသေး တာ”....

“ဟုတ်”....

ပလုံးပထွေးဖြင့် ပြန်သာဖြေလိုက်သော်လည်း စားနေသည့်အရှိန်ကို ငစိုးမလျှော့မိပါ...။

“မကြီးနဲ့ ကိုလတ်ကော မေကြီးရ”....

သူအိပ်ယာနိုးကတည်းက အစ်မနှင့် အစ်ကိုဖြစ်သူကို မမြင်ရမိသေးတာမို့ မေကြီးကို ငစိုးမေးလိုက်မိသည်။ မကြီးက တက္ကသိုလ် ပထမနှစ်၊ ကိုလတ်က အခုနှစ်ဆယ်တန်းတက်ရတော့မည်။

“သား.... ကိုလတ်က အိပ်တုန်းကွဲ့...၊ မကြီးကတော့ သူ့အခန်းထဲမှာ သားလေးအတွက် အလုပ်ရှုပ်နေတယ် ထင်ပါရဲ့ကွယ်... ဟင်း....ဟင်း”.....

မေကြီးစကားကို ငစိုး ခေါင်းငြိမ့်ပြလိုက်ရင်း မကြီးဆီသွားဖို့ထမင်းကြော်ကို မြန်မြန်လက်စသတ်နေမိဆဲ....

“မောင်လေးရေ”....

မီးဖိုခန်းအ၀ဆီမှ ခေါ်သံကြောင့် ငစိုးနောက်ကိုလှည့်ကြည့်မိတော့ သူ့ကိုပြုံးကာကြည့်ရင်း မီးဖိုထဲဝင်လာ သောမကြီးကို တွေ့ရ၏။ မကြီးရဲ့ခေါင်းတွင် ပိတောက်ပန်းဝါ၀ါလေးများ ဝေနေအောင်ပန်ထားတာမို့ ဒီနေ့ မကြီးပိုလှနေသည်ဟု ထင်ရပါသည်။

“စားလို့ မပြီးသေးဘူးလား မောင်လေးရဲ့”....

အနားသို့ရောက်လာသောမကြီးက ငစိုးရဲ့ပါးလေးကို တစ်ချက်ငုံ့နမ်းလိုက်ရင်း ဘေးတွင်ထိုင်ချကာ မေး လိုက်သည်။ ခေါင်းငြိမ့်ပြလိုက်ရင်း မကြီးရဲ့ခေါင်းမှပိတောက်ပန်းလေးများက မွှေးလိုက်တာဟု ငစိုးစိတ်ထဲ တွင် ထင်မိလိုက်၏။

“ဟုတ်.... ပြီးပြီ”....

ပန်းကန်ထဲတွင် နည်းနည်းကျန်နေသေးသော ထမင်းကြော်ပန်းကန်လေးကိုဘေးသို့တွန်းဖယ်ရင်း ငစိုးပြန်ဖြေ တော့ မေကြီးကပြုံးပြီးမျက်စောင်းပျော့ပျော့ထိုးကာ ငစိုးကိုကြည့်သည်။ ဒါကို ငစိုးကမမြင် ချင်ယောင်ဆောင်ရင်း ဘေးနားမှ မကြီးရဲ့မျက်နှာကို သူ့လက်သေးသေးလေးနှစ်ဖက်ဖြင့်လှမ်းကိုင်ပြီး သူ့ ဘက်ဆွဲလှည့်ကာ....

“မကြီးက ပိတောက်ပန်းတွေများကြီးနဲ့ လှတယ်...၊ သားလည်း မကြီးကို မွှေးမွှေးပြန်ပေးမယ်”....

ပြောပြောဆိုဆိုနှင့် သနပ်ခါးလိမ်းထားသော မကြီးရဲ့ပါးပြင်တစ်ဖက်ကို ငစိုးက သူ့နှုတ်ခမ်းသေးသေးလေး ဖြင့် ကျွတ်ခနဲ မြည်စေကာနမ်းလိုက်တော့ မကြီးတင်မက မေကြီးကပါ ရောပြီးရယ်ကြလေတော့၏။ မကြီး က ရယ်ရင်း “နှုတ်ခမ်းက ဆီတွေကိုမသုတ်ပဲနမ်းတာ မကြီးတော့ ပေကုန်ပါပြီကွယ်”.... ဟု ခပ်ညည်းညည်း လေးဆိုသည်။ သို့သော် မကြီးရဲ့မျက်နှာတွင် စိတ်ဆိုးတဲ့အရိပ်ယောင် လုံးဝမရှိတာကို ငစိုးသိပါသည်။ နောက် ဟင်းချက်နေသော မေကြီးခါးကိုလှမ်းဖက်လိုက်ရင်း.....

“မေကြီးကိုလည်း...... မွှေးမွှေးပေးချင်တယ်”.....

“အလကား...... အပိုလေး”.....

ပါးစပ်ကသာပြောသော်လည်း မေကြီးက ငစိုးနမ်းလို့ရအောင် ထိုင်ချပေးသည်။ မေကြီးရဲ့ပါးကိုလည်း ဟို ဖက်ဒီဖက် ဘယ်ပြန်ညာပြန် နမ်းလိုက်ပြီးတော့ သူ့ထုံးစံအတိုင်း ငစိုးက လက်ကလေးဖြန့်ကာ....

“မုန့်ဖိုးပေး”....

“ဟောတော့....၊ သင်္ကြန်ရက်တောင်မှ အကြွေးရှင်လေးက အကြွေးတောင်းတယ်တော့”....

မေကြီးအဲ့သလိုပြောတော့ ငစိုးရဲ့မျက်နှာက စပ်ဖြဲဖြဲလေးနှင့် ရှိနေလေ၏။ ခါးကြားမှ မေကြီးထုတ်ပေးသော ကျပ်တန်အသစ်လေးတစ်ရွက်ကို ညကတည်းက ရှာထားသော ပလတ်စတစ်အိတ်လေးထဲတွင် ငစိုးသေချာ ထည့်လိုက်ပါသည်။ ရေလျှောက်ပက်လျှင် ပိုက်ဆံလေးရေစိုသွားမှာစိုးလို့ပင်။ နောက် မကြီးဖက်ကိုလှည့် ကာ ....

“မကြီးလည်း.... သားကို မုန့်ဖိုးပေးလေဗျာ”......

“အယ်... မောင်လေး ဆော့ဖို့ ရေပြွတ်လေးနဲ့ မျက်မှန်ပါတဲ့ သင်္ကြန်ဦးထုပ်လေး မကြီးဝယ်ပေးထားတယ် လေကွဲ့”.....

“ရဘူး.... သားရေလိုက်ပက်ရင်းနဲ့ ဗိုက်ဆာလာရင် မုန့်ဝယ်စားဖို့ မုန့်ဖိုးပေးရဦးမယ်လေ”.....

“အေးပါကွယ်..... ပြီးရင်မကြီးပေးပါ့မယ်....။ ကဲ... အခုမကြီးနဲ့ လိုက်ခဲ့ဦး...။ မောင်လေးကို အ၀တ်အစား လဲပေးဖို့”....

ခေါင်းငြိမ့်ရင်း မကြီးလက်ကိုဆွဲကာ အစ်မဖြစ်သူခေါ်ရာနောက်ကို ငစိုးတစ်ယောက် ကောက်ကောက်ပါ လိုက်သွားလေတော့၏။ မကြီးအိပ်ခန်းကျဉ်းကျဉ်းလေးထဲရောက်တော့ မကြီးက ငစိုးကိုအ၀တ်အစားများ လဲပေးလေတော့သည်။ ငစိုးသိပ်ကြိုက်သော ကြွက်ရုပ်ကာတွန်းပုံလေးများပါသည့် တီရှပ်အင်္ကျီအသစ်၊ ဒူးအောက် နားလောက်ရောက်သည့် သင်္ကြန်ဘောင်းဘီခပ်ပွပွလေးများနှင့်ပင်...။ ဘောင်းဘီလေး ရဲ့အောက်နားပတ် ပတ်လည်တွင်လည်း ငစိုးသိပ်ကြိုက်သော အုန်းပင်ပုံလေးများလည်း အများကြီး ပါသေး၏။ နောက် ငစိုး သူ ငယ်တန်းတုန်းကလွယ်ခဲ့သော ကချင်လွယ်အိတ်အဟောင်းလေးထဲတွင် ပလတ်စတစ်ဂါလံပုံးအသေးစားကို ထည့်ထားသော လွယ်အိတ်ကလေးကိုမကြီးကပေးပြန်သည်။ ပြီးတော့ ပိုက်လုံးရှည်ရှည်၊ ထိပ်တွင်ဒုံးပျံပုံထိပ် ဖူးလေးပါသော ရေပြွတ်အသစ်အစိမ်းရောင်လေးကို ငစိုး လက်ထဲသို့ထည့်ပေးလေ၏။ ပိုက်လုံးလေးကို ရေပုံးထဲကိုထည့်....၊ ရေပြွတ်လေးကို လက်ကနေကိုင်ရင်း ငစိုးတစ်ယောက်အူမြူးစွာနှင့် ခုန်ဆွ...၊ ခုန်ဆွဖြစ်လာခဲ့ရလေတော့သည်။ ပျော်သည်...၊ မကြာခင် သူငယ် ချင်းများနှင့်အတူ ငစိုးရေကစားရပေတော့မည်။ သို့သော် ရေပုံးလေးထဲတွင် ရေမဖြည့်ရသေးပါ....။

“ခဏလေး ငြိမ်နေပါဦးမောင်လေးရဲ့...၊ ဒီမှာ ဦးထုပ်ဆောင်းရဦးမယ်လေ”....

ပြောပြောဆိုဆိုနှင့် မကြီးက လျှာလေးသာပါသော သင်္ကြန်ဦးထုပ်ကလေးကို ငစိုးရဲ့ခေါင်းတွင်ဆောင်း ပေးပြန်သည်။ ဒီသင်္ကြန်ဦးထုပ်လေးကိုလည်း.... ငစိုးသိပ်ကြိုက်ပြန်ပါသည်။ တစ်ခုတည်းသာပါသော ဦး ထုပ်လျှာလေးရဲ့အောက်တွင် နေကာမျက်မှန်လေးက ကပ်လျှက်ပါနေသေးတာမို့ဖြစ်၏။ တပ်ချင်ရင် နေကာမျက်မှန်ပုံစံလေးကို အောက်သို့ဆွဲချလိုက်ရုံ...၊ မတပ်ချင်ရင်လည်း မျက်မှန်လေးကို အပေါ်သို့ခေါက် တင်ထားလိုက်ရုံမို့ ပင်ဖြစ်ပါသည်။

“ကဲ... ပြီးပြီ...။ လာ... တိုင်ကီထဲကရေတွေကို လွယ်အိတ်ထဲက ပုံးလေးထဲမကြီးလိုက်ထည့်ပေးမယ်”....

မကြီးခေါ်ရာနောက်သို့ ငစိုးကောင်ကောက်ပါအောင် လိုက်ခဲ့မိပြန်သည်။ အိမ်ပေါ်မှဆင်းရန် အိမ်ရှေ့ခန်း မှအဖြတ်တွင် ဧည့်ခန်းနေရာလေးမှာ ထမင်းကြော်အတူစားနေကြသော ဖေကြီးနှင့် မေကြီးကိုတွေ့လိုက်ရ တာမို့ အနားကို ငစိုးပြေးသွားရင်း ခပ်မြောက်မြောက်လေး မေးလိုက်ပါသည်။

“ဖေကြီးနဲ့ မေကြီးရေ့.... သားပုံစံက မိုက်တယ်မှတ်လားဗျ”......

“ဟား..... ဟား..... မိုက်ပါ့ကွာ.......၊ ငါ့သားငယ်လေးကတော့”.....

“ချောပါ့..... လှပါ့ရှင်”.....

မေကြီးရော... ဖေကြီးပါ... ကြည်နူးစွာပြုံးရယ်ရင်း တစ်ယောက်ခြင်းစီချီးမွမ်းတာခံလိုက်ရတာမို့ ငစိုးတစ် ချက် နှစ်ချက်လောက်ခုန်ဆွ... ခုန်ဆွလုပ်လိုက်ပြန်တော့ အားလုံးက ၀ိုင်းရယ်ကြသည်။ နောက် မေကြီးက မှာ၏။

“သားလေး... လမ်းထဲမှာပဲ ရေလိုက်ပက်ရမယ်နော်...၊ သူများတွေနဲ့လည်း ရန်မဖြစ်ရဘူး...၊ ဗိုက်ကြီးသည် တွေနဲ့ ဥပုသ်သည်တွေကိုလည်း ရေမပက်ရဘူးနော်... ကြားလား...။ ရေကုန်လို့ သူများဆီမှာတောင်းရင် ချို ချိုသာသာနဲ့ ယဉ်ယဉ်ကျေးကျေးတောင်းရမယ်....။ တစ်ယောက်နဲ့ တစ်ယောက်လည်း မဆဲရဘူး..... ကဲ.... ဟုတ်ပြီလား”....

“ဟုတ်ကဲ့”....

မေကြီးရဲ့ အမှာစကားကို ငစိုးသေချာစွာခေါင်းလေးငြိမ့်ပြရင်း ဖြေမိသည်။ ဖေကြီးကတော့ ငစိုးကို ခပ်ပြုံးပြုံး ကြီးကြည့်နေလေတော့၏။ နောက်... မကြီးနှင့်အတူ အိမ်အောက်ကိုဆင်းခဲ့လိုက်ရင်း ရေချိုးသည့် တိုင်ကီထဲ မှ ရေများကို မကြီးက လွယ်အိတ်ထဲရှိ ပလတ်စတစ်ပုံးလေးထဲသို့ ခွက်ဖြင့် ခပ်ထည့်ပေးနေတာ ကို ငစိုးစောင့် နေမိဆဲ....

“ငစိုးရေ....၊ ဟေးရောင် ငစိုး”.....

“ဟာ...... မကြီးမြန်မြန်လုပ်ဗျ....၊ အော်ကုလားတို့တွေ သားကိုလာခေါ်နေကြပြီ”....

ခြံရှေ့မှ ငစိုးရဲ့သူငယ်ချင်းတစ်သိုက် အော်ခေါ်သံများကြောင့် မကြီးကို ငစိုး လော,မိလေတော့သည်။

“ပြီးပါပြီ... မောင်လေးရဲ့”....

ပုံးထဲတွင် ရေအပြည့်ထည့်ထားသောလွယ်အိတ်လေးကိုလွယ်ပြီး ခြံဝဆီသို့ ငစိုးလှည့်ထွက်ကာ ပြေးခဲ့မိလေ တော့... မကြီးက နောက်မှလှမ်းခေါ်ပြန်သည်။

“မောင်လေး..... ခဏလာဦး”....

“ဘာလဲဗျာ.... မကြီးကလည်း”....

နှုတ်ခမ်းလေးစူရင်း.... အနားကိုရောက်လာသော ငစိုးကို မကြီးက ရေခွက်ထဲမှရေများဖြင့် အဦးဆုံးလောင်း ချ လိုက်လေတော့ ငစိုးရဲ့တစ်ကိုယ်လုံးရွှဲရွှဲစိုသွားရတော့လေသည်။ ရုတ်တစ်ရက်မို့ အေးခနဲဖြစ်သွားပြီး ပါးစပ်မှ လည်း အား....ခနဲအော်မိတော့ မကြီးက ဟက်ဟက်ပက်ပက်ရယ်လေ၏။ နောက်နှုတ်မှလည်း “ငါ့မောင်လေး ကိုဘယ်သူမှ မလောင်းခင်ရေအရင်လောင်းတာဟေ့”.... ဟုဆိုကာ ထပ်ပက်ပြန်လေ တော့.... ငစိုးကလည်း အားကျမခံစွာဖြင့် သူ့ရေပြွတ်သေးသေးလေးဖြင့် မကြီးကို အားကုန်ပြန်ပက်လေ တော့၏။

“သင်္ကြန်ကျလို့ ရေပက်တယ်...၊ စိတ်ဆိုးပါနဲ့ မကြီးရယ်”....

ပါးစပ်မှလည်း သီချင်းလေးတောင် ငစိုးဆိုလိုက်မိသေး၏။ ပျော်လိုက်သည့်ဖြစ်ခြင်း....။ မကြီးက ရေတွေအ များကြီးစိုသွားမှာစိုးပြီး အိမ်ပေါ်သို့တက်ပြေးလေတော့သည်။ မကြီးရဲ့အဖြစ်ကို ငစိုးတစ်ယောက် တစ်ဟီး ဟီးနှင့်ရယ်ရင်း ခြေလှမ်းများက သူငယ်ချင်းများရှိရာ ခြံအပြင်ဆီသို့ ပြေးထွက်ခဲ့လေတော့သည်။ စိတ်ထဲမှ နေပြီးတော့လည်း ကြုံးအော်လိုက်မိသေးသည်။ “သင်္ကြန်ကျပြီဟေ့”.... ဟူ၍ပင်....။

~~~@@~~~



စိုးတို့အိမ်ရှေ့ မြေနီလမ်းလေးထက်ရှိတချို့နေရာများတွင် ဗွက်ထ,နေခဲ့လေသည်။ လမ်းနံဘေးရှိပိ တောက် ပင်ကြီးအောက်တွင်တော့ ပိတောက်ရွက်အခက်စိမ်းစိမ်းလေးများနှင့်ပိတောက်ပွင့်ဝါ၀ါလေးများက ဟိုဒီကျဲပျံ့ စွာဖြင့် မြေပြင်အထက်တွင် လဲလျောင်းနေခဲ့ကြလေ၏။ အချို့ကတော့ ရွံ့ဗွက်တွေထဲမှာ...။

ပိတောက်ပင်ကြီးအောက်တွင်တော့ ငစိုးတို့ကလေးတစ်သိုက် ပျော်ရွှင်စွာရေပက်ဆော့ကစားနေ ခဲ့ကြသည်။ ငစိုးတို့သည် လမ်းပေါ်မှဖြတ်သွားဖြတ်လာမှန်သမျှကိုမလွတ်တမ်းပင် ရေပြွတ်လေးများဖြင့် တစ်ရွှီးရွှီးအသံ မြည်အောင်လိုက်ပက်ကြ၏။ ဖြတ်သွားဖြတ်လာများမရှိသောအခါတွင်မူ အချင်းချင်း ပြန်ပက်ကြလေတော့ပြန်သည်။ လွယ်ထားသော လွယ်အိတ်ကလေးများထဲမှ ရေများကုန်သွားလျှင် အနီးအ နားမှ အိမ်ရှေ့များတွင်ရေ ပက်နေကြသော သူငယ်ချင်းအိမ်နီးချင်းများဆီမှ သွားတောင်းထည့်လိုက်ရုံသာ ပင်...။ ဘာမှပူစရာမရှိ..။ အခု လည်း ဖြတ်သွားဖြတ်လာများမရှိသေးတာမို့ ငစိုးတို့တစ်သိုက် အချင်းချင်း ပြန်ပက်နေကြလေပြန်သည်။

“အား....၊ ဟေးရောင် ငစိုး...။ မင်းကလည်း မျက်နှာကိုမပက်နဲ့လေကွာ.... စပ်တယ်ဟ”....

အော်ကုလားက နောက်ဆုတ်ကာ ငစိုးကိုခံပက်ရင်းအော်သည်။ ငစိုးက တစ်ဟီးဟီးရယ်ရင်း ရှေ့တိုးပြီးသူ့ရေ ပြွတ်လေးနှင့် အော်ကုလားကို အတင်းလိုက်ကာဖိထိုးပက်၏။ ဘေးနားတွင်လည်း သူတို့အုပ်စုထဲမှ စိန်ဌေး နှင့် မောင်မောင်တို့က မင်းဇော်ကိုဝိုင်းထိုးပက်နေကြလေသည်။ နှစ်ယောက်တစ်ယောက်မို့ မင်းဇော်ခမြာမခံ နိုင်တော့ပဲ ၀ူးဝူးဝါးဝါးအော်ရင်း ထွက်ပြေးရလေတော့၏။ မင်းဇော်ထွက်ပြေးတော့လည်း စိန်ဌေးနှင့် မောင် မောင်တို့က နှစ်ယောက်သားအချင်းချင်းပြန်ပက်ကြပြန်လေတော့သည်။ သူတို့နှင့်မနီးမဝေးရှိ ကလေးများမှာ လည်းထိုနည်းတူပင် အချင်းချင်းပြန်ပက်ကြနှင့် သင်္ကြန်ပွဲလေးက စည်ကားလွန်းနေခဲ့ရ၏။ အချို့ကလေးများ ကတော့ ဇလားထဲမှရေများကိုခွက်ဖြင့်ခပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လောင်းနေကြပြန်လေတော့သည်။

“ဟေးရောင်တွေ.... ဟိုမှာကြည့်စမ်း....။ ကတုံးမထွက်လာတာကို”....

မင်းဇော်ညွှန်ပြရာကို ငစိုးတို့တစ်သိုက်လုံးလှမ်းကြည့်လိုက်တော့ သူတို့တက်နေခဲ့သော ဒုတိယတန်းထဲမှ တစ်ရပ်ကွက်တည်း၊ တစ်လမ်းတည်းနေသူ ကတုံးမကိုတွေ့လိုက်ရ၏။ ကတုံးမရဲ့နာမည်အရင်းက စန္ဒာအေး၊ သို့သော် ကြီးလာလျှင် ဆံပင်သန်အောင်ဆိုပြီး ခဏခဏ ကတုံးတုံးပေးသောသူမရဲ့အမေကြောင့် စန္ဒာအေး ခမြာ အမြဲကတုံးဆံပင်နှင့်ဖြစ်နေရရှာလေတော့သည်။ ထို့ကြောင့် စန္ဒာအေးကိုတစ်လမ်းလုံးက ကတုံးမ...ဟု ပင်ခေါ်ကြလေ၏။

ကတုံးမက ဒုတိယတန်းကျောင်းသူလေးအရွယ်နှင့်မလိုက်အောင် အတန်းထဲတွင်အင်မတန်မှ ရှိုးများသူလေး ဖြစ်ပါသည်။ အခုလည်းကြည့်....၊ သင်္ကြန်အဆင် တရုတ်ပိတ်အစကို အပေါ်ကလူကြီးတွေဝတ်သလို လက် ပြတ်ခါးတိုအင်္ကျီ၊ အောက်က ထမီဖြင့် ထက်အောက်ဆင်တူ ၀မ်းဆက်ဝတ်ထားလေသည်။ မျက်နှာပြင် ထက်တွင်လည်း နှုတ်ခမ်းနီ၊ ပါးနီတွေနှင့်...။ ကတုံးဆံပင်သာဖြစ်နေသောခေါင်းမို့ ပန်းပန်စရာဆံပင်မရှိတာတောင် မှ ပိတောက်ပန်းတစ်ခက်ကို နားတွင်ညှပ်ကာပန်ထားလိုက်သေးသည်။ ကြည့်ရတာ သူမရဲ့အစ်မများနှင့်အတူ မဏ္ဍပ်တွေလျှောက်ကြည့်ကြမည်ထင်ရ၏။ သူမရဲ့အစ်မများက ထွက်မလာကြသေးသော်လည်း ကတုံးမ ကတော့ ခြံအပြင်ထွက်လိုက်၊ ခြံဝတွင်ရပ်လိုက်၊ ခြံထဲခဏ၀င်လိုက်နှင့် လူလုံးပြနေလေတော့သည်။ သူမ၀တ် စားဆင်ပြင်ထားတာကို လမ်းထဲမှရွယ်တူကလေးများအားကြွားချင်၊ မြင်စေချင်တာမို့လားမသိ...။

“အသာနေ...၊ ငါတို့အနားရောက်လာမှ အသေဆော်ပစ်မယ်”....

ကတုံးမကို အမြင်ကတ်သလိုစောင်ကြည့်ရင်း အော်ကုလားက ငစိုးတို့တစ်သိုက်လုံးဖက်လှည့်ကာ ခပ်ကျိတ် ကျိတ်ကြုံးဝါးပြောသည်။ ငစိုးတို့တစ်သိုက်လုံးကလည်း ပြိုင်တူခေါင်းငြိမ့်ကာ ထောက်ခံကြပါသည်။ နောက် မောင်မောင်က....

“ဟေးရောင်တွေ...၊ မင်းတို့ပုံးတွေထဲမှာ ရေရှိကြသေးရဲ့လားကွ...။ ပြန်စစ်ကြည့်ကြဦး...၊ တော်နေကြာ သူ တို့တွေထွက်လာမှ ငါတို့ဆော်ပစ်စရာရေမရှိပဲနေဦးမယ်”....

မောင်မောင့် သတိပေးစကားကြောင့် ငစိုးတို့တစ်သိုက်လုံး လွယ်အိတ်တွေထဲမှ ကိုယ့်ရေပုံးကို ကိုယ်ပြန်စစ်မိ ကြလေတော့သည်။ ဟုတ်ပ...၊ စောစောက အချင်းချင်းပြန်ပက်ထားတာမို့ ပုံးတွေထဲတွင်ရေသိပ်မရှိကြတော့ ...။ ထို့ကြောင့်အနားရှိ အိမ်သို့ပြေးကာ ကမန်းကတန်းရေဖြည့်ပြီး အသင့်စောင့်နေလိုက်ကြလေတော့၏။

ငစိုးတို့ သိပ်မစောင့်လိုက်ရပါ...။ မကြာခင်မှာပင် ကတုံးမနှင့်အတူ သူ့အစ်မအပျိုသုံးယောက်၊ နောက် သူမဦး လေးနှင့်အဒေါ် စုစုပေါင်းခြောက်ယောက် ခြံအပြင်သို့ထွက်လာကြတာကို တွေ့လိုက်ရပါတော့သည်။ အနီး အနားရှိ ကလေးများနှင့် လူငယ်တချို့က သူတို့ကိုရေ၀ိုင်းလောင်းကြတော့ ကတုံးမတို့ခမြာ ချက်ချင်းရွှဲရွှဲစိုလို့ သွားကြရတော့လေ၏။ ရေလောင်းကြသည်မှာလည်း... လူငယ်က လူငယ်ချင်းချင်း၊ ကလေး ကလေးအချင်း ချင်း...။

ငစိုးတို့ အုပ်စုနားကို သူတို့ရောက်လာတော့ တစ်အုပ်လုံးညာသံပေးကာဝိုင်းပြီး ရေပြွတ်ကိုယ်စီဖြင့်ထိုးပက် ကြ လေတော့သည်။ တစ်ခြားလူကြီးတွေကိုမပက်ပဲ.... ကတုံးမတစ်ယောက်တည်းကိုသာ မဲပက်နေကြတာ မို့ ကတုံးမခမြာ ကျောကော့နေရရှာလေတော့၏။ နောက် နားတွင်ညှပ်ပန်ထားသော ပိတောက်ပန်းခက်က လေးမှာလည်း ရေပြွတ်များဒဏ်ကြောင့် မြေခ,ကာရွှံ့ရေများထဲ လူးသွားရရှာလေတော့သည်။ အစတော့ ကတုံးမကအသာလေးငြိမ်နေသေး၏။ နောက် ကြာလာတော့ ရေမွန်းလာပြီးမချိမခံသာဖြစ်ကာ အော်လေ တော့သည်။ ငို သံတောင်ပါ၏။

“သေနာကောင်တွေ...၊ မသာကောင်တွေ... တော်ကြပါတော့ဟဲ့....။ ဒီလောက်တောင်ပက်ရသလား...ဟီး”..

ကတုံးမရဲ့ အသံစူးစူးကြောင့် ငစိုးတို့တွေ နောက်ကြောင်းလှည့်ပြီး တစ်ချိုးတည်းလစ်ပြေးလေတော့သည်။ ဒါတောင်မှ မျက်နှာပြောင်တတ်သောစိန်ဌေးက ပြေးရင်းနောက်လှည့်အကြည့်တွင် သူနှင့်အကြည့်ခြင်းဆုံမိ သွားသော ကတုံးမကို လျှာထုတ်ကာပြောင်ပြခဲ့လိုက်သေး၏။

~~~@@~~~

တစ်မနက်လုံး မီးကုန်ယမ်းကုန်ရေဆော့ခဲ့ကြတာမို့ နံနက်ဆယ်နာရီခွဲခန့် နေမြင့်လာချိန်တွင် ငစိုးဗိုက်ထဲမှာ ဟာလာသည်။ မနက်တုန်းက စားခဲ့သော ထမင်းကြော်တစ်ပန်းကန်သည်လည်း ဗိုက်ထဲတွင်ဘယ်ချောင်ကို ကပ်သွားခဲ့ပြီလည်းမသိတော့ပါ...။

“ဗိုက်ဆာတယ်ကွာ”....

ငစိုးက ညည်းညူစွာပြောတော့ ကျန်သော မောင်မောင်တို့၊ စိန်ဌေးတို့ကလည်း ထောက်ခံကြသည်။ မင်းဇော် ကလည်းခေါင်းငြိမ့်ရင်း ဟုတ်တယ်... ဟုဆိုလေသည်။ အော်ကုလားက...

“ဒါဆို ဟိုဘက်လမ်းထဲက ငါ့သူငယ်ချင်း ဖိုးခွားတို့အိမ်ကိုသွားကြမလား...၊ သူတို့အိမ်မှာ ဒီနေ့မနက် သာကူ တိုက်မယ်လို့ ငါ့ကို ဒီကောင်ပြောထားတယ်ကွ”....

“ဟုတ်လားကွ”....

မင်းဇော်က စိတ်ဝင်တစ်စားမေးတော့ အော်ကုလားကခေါင်းငြိမ့်ပြသည်။ ငစိုးတို့တစ်သိုက်လုံး ချိုချိုပြစ်ပြစ်နှင့် သာကူဆို အသေအလဲကြိုက်ကြပါသည်။

“ဒါဆို သွားကြမယ်လေကွာ”....

မောင်မောင်က ၀င်လောဆော်တော့ ငစိုးတို့ခြေလှမ်းများက တစ်ဖက်လမ်းစီကိုဦးတည်နေခဲ့ကြလေတော့၏။ ငစိုးစိတ်ထဲတွင် မေကြီးတို့သိရင် ဆူခံထိမလား...ဟု နည်းနည်းစိုးရိမ်မိလိုက်သော်လည်း သာကူအကြောင်း ကိုစဉ်းစားမိလိုက်တော့ စိုးရိမ်စိတ်များက ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားရရှာသည်။ ရေပုံးလေးတွေကို ထည့်ထားသော လွယ်အိတ်လေးတွေကိုယ်စီလွယ်ရင်း...၊ လက်က ရေပြွတ်လေးတွေကိုကိုင်ရင်း လမ်းတွင် တွေ့သမျှလူတွေကို လိုက်ပက်ခဲ့ကြသေး၏။

တစ်ဖက်လမ်းသို့မရောက်သေးခင် လမ်းတွင်သရက်သီးတုတ်ထိုးရောင်းသော သရက်သီးသည်အဒေါ်ကြီး တစ်ယောက်နှင့်တွေ့တာမို့ ငစိုးတို့မနေနိုင်တော့ပဲ တစ်ယောက်တစ်ကျပ်ဖိုးစီဝယ်စားလိုက်ကြသေးသည်။ င စိုးဘောင်းဘီအိတ်ထဲရှိ ပလတ်စတစ်အိတ်လေးထဲတွင် ပိုက်ဆံတစ်ကျပ်ကျန်နေပါသေးသည်။ မနက်က မေ ကြီးထံမှ တစ်ကျပ်၊ မကြီးထံမှတစ်ကျပ် စုစုပေါင်းနှစ်ကျပ် ငစိုးရခဲ့တာမို့ပင်ဖြစ်ပါသည်။

တစ်ဖက်လမ်းရှိ အော်ကုလားသူငယ်ချင်းဖိုးခွားတို့အိမ်ရှေ့တွင် အုန်းလက်မဏ္ဍပ်ထိုးပြီး လာသမျှကလေးလူ ကြီးမှန်သမျှကို သာကူတိုက်ကျွေးနေသည်မှာ ဆူဆူညံညံနှင့်ပျော်စရာကြီးပင်...။ မိုးပြဲဒယ်ကြီးထဲမှ အငွေ့တ ထောင်းထောင်းထနေသော သာကူညိုညိုပြစ်ပြစ်များကို ငစိုးတို့တစ်ချက်လှမ်းငေးကာ တံတွေးကိုယ်စီမျိုချမိ လိုက်ကြတာအရင်ဆုံးပင်ဖြစ်ပါသည်။ ထမင်းစား စားပွဲဝိုင်း သစ်သားခုံကြီးတစ်ခုတွင် ရေစိုကာကြွက်စုတ်က လေးများနှင့်တူနေသော ငစိုးတို့တစ်သိုက် ခပ်ကုပ်ကုပ်လေးဝင်ထိုင်ကြတော့ ဦးလေးကြီးနှစ်ယောက်က သူ တို့အားလုံးဖို့ သာကူပန်းကန်များလာချပေးလေတော့သည်။ ပန်းကန်ထဲရှိသာကူများထဲတွင် အုန်းသီစိမ်းခြစ် ဖြူ ဖြူဖွေးဖွေးလေးများ၊ နောက်ပြီး ကန်စွန်းဥဖတ်များဖြင့်...။ ရနံ့မှာလည်း ထန်းလျှက်နံ့သင်းပြီးမွှေးကြိုင်ကာ စားချင်စဖွယ်အတိ...။

ငစိုးတို့ တစ်အုပ်လုံးစားလိုက်ကြသည်မှာ ခေါင်းပင်မဖော်နိုင်ကြတော့ပါ...။ တစ်ယောက် နှစ်ပန်းကန်စီစားပြီး တော့မှသာ အာသာပြေတော့လေသည်။ နောက် အော်ကုလားသူငယ်ချင်းကိုပင် နှုတ်မဆက်ကြတော့ပဲ အိမ် ပြန်ဖို့ခြေလှမ်းပြင်မိကြတော့သည်။ ထိုလမ်းထဲမှ အဖြတ်၊ လမ်းထိပ်သို့ထွက်ခါနီးတွင် ရေပက်နေကြသော က လေးတစ်သိုက်နှင့် ငစိုးတို့အုပ်စု ထိပ်တိုက်တိုးမိကြလေတော့သည်။ ထိုကလေးများက ငစိုးတို့အား သူတို့၏ လမ်းထဲမှမဟုတ်မှန်းသိတာမို့ အငြိုးဖြင့်ဝိုင်းဆော်ကြလေတော့သည်။ တချို့က ကျောကော့သွားလောက်စေ အောင် နို့ဆီခွက်ဖြင့် ခွက်စောင်းခုပ်ကြသည်။ အချို့က ပိုက်ဖြင့်ထိုးကြသည်။ အချို့ကတော့ ရေခွက်ဖြင့်ပက် ကြလေသည်။ ငစိုးတို့မှာပြန်ပက်ကြသော်လည်း ငါးယောက်နှင့်အများမို့တစ်ကြောင်း...၊ နောက် ပုံးထဲတွင်ရေ ကုန်သွားတာတစ်ကြောင်းမို့ ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေတော့သည်။

ငစိုးတို့လမ်းထိပ်ရောက်တော့ လမ်းထဲမ၀င်သေးပဲ... လမ်းထိပ်ရှိ အုန်းလက်မဏ္ဍပ်တွင် လူကြီးများနှင့်အတူ ရေပက်လိုက်၊ ဖွင့်ထားသော အင်္ဂလိပ်သီချင်းများဖြင့် ဘရိတ်ဒန့်ဆွဲလိုက်ဖြင့် ကဲလိုက်ကြသေးတော့၏။ တချို့လူကြီးများက သူတို့ကလေးများကို အိုးမည်းလိုက်သုတ်နေသေးသဖြင့် ငယ်သံပါအောင်အော်ရင်း ထွက်ပြေးရသေးပါသည်။

~~~@@~~~

စိုး အိမ်ပြန်ရောက်တော့ နေ့လယ် ဆယ့်နှစ်နာရီပင်ထိုးတော့မည်။ ရေများစိုတစ်ဝက်၊ ခြောက်တစ်ဝက်ဖြင့် မျက်လုံးနီနီရေသရဲရုပ်လေးပေါက်နေသော ငစိုးကို မကြီးက ရေဆီးချိုးပေးလေတော့သည်။ မကြီးရေချိုးပေး နေတာကို ခုန်ပေါက်ကာခံရင်း တိုင်ကီအဖုံးပေါ်မှ အုန်းလက်ထိုးထိုးထောင်ထောင်နှင့် အတာအိုးလေးကို ငစိုး လှမ်းကိုင်မိသေးသည်။ မကြီးက သိကြားမင်းကြီး ခွေးရေပုရပိုဒ်ထဲမှတ်သွားဦးမယ် ဟုဆိုတာကြောင့် မကိုင် ဖြစ်တော့..။ သို့သော် နှစ်ဆန်းတစ်ရက်နေ့တွင် ဒီအိုးကလေးများကို လမ်းမပေါ်တွင် ဘုန်းဘုန်းများပရိတ်ရွတ် လျှင်သွားထားရတာတော့ ငစိုးကောင်းကောင်းမှတ်မိသည်။ ဘုန်းဘုန်းများ ပရိတ်ရွတ်၊ တရားဟောပြီးချိန်ဆို လျှင် သံပုံးများကို တစ်ဘုန်းဘုန်းထုပြီး သရဲခြောက်ထုတ်ရတာကို ငစိုးအလွန်ကြိုက်သောကြောင့်ဖြစ်ပါ၏။

ရေချိုးပြီး ထမင်းစားတော့ မေကြီးချက်ထားသော ဘဲဥ၊ အာလူးနှင့် ငါးခြောက်ရောချက်ထားသော ဘဲဥချဉ် ရည်ဟင်းနှင့်...။ ကောင်းလိုက်သည့်ဖြစ်ခြင်း...။ ဖေကြီးတို့ကတော့ ဘုန်းကြီးကျောင်းသွားနှင့်ကြပြီ။ ငစိုးပင် မတွေ့လိုက်ရတော့ပါ။

ထမင်းစားပြီးတော့ မကြီးက တစ်ရေးတစ်မောအိပ်ရမည်ဆိုတာကြောင့် ငစိုးအိပ်ရလေတော့သည်။ ရေချိုးပြီး ကာစ စွပ်ကျယ်အင်္ကျီဂျိုင်းပြတ်လေးကိုဝတ်ထားပြီး အိမ်အောက်မြေပြောင်ပြောင်ထက်တွင် မကြီးခင်းထား သော သင်ဖြူးဖျာလေးထက်၊ မကြီးဘေးနားတွင် တုန်းလုံးပက်လက်လှန်ရင်း ငစိုးရဲ့အတွေးများက ဟိုဟို ဒီဒီ ပြေးလျှက်ရှိသည်။ မကြီးကတော့ ငစိုးဘေးနားတွင်လှဲရင်း ၀တ္တုစာအုပ်ဖတ်နေလေသည်။ ငစိုးရဲ့အတွေးထဲတွင်တော့ ညနေကျရင်လည်း ရေထွက်ကစားရဦးမည်။ နောက် သူတို့လမ်းထိပ်မဏ္ဍပ်က တိုက်မည့် မုန့်လက်ဆောင်းများကိုလည်း အ၀သောက်မည်။ ထိုမုန့်လက် ဆောင်းကိုလာသောက်မည့် ဟိုဘက်လမ်းမှ သူတို့ကိုရေ၀ိုင်းပက်ခဲ့သော ဟိုအုပ်စုကို လက်စားခြေစွာ သေ အောင်ပြန်ပက်မည်... စသဖြင့်တွေးရင်း မျက်လုံးများက မှေးစင်းစွာအိပ်ချင်လာမိတော့သည်။ နောက်..... ငစိုးတစ်ယောက် ပါးစပ်လေးဟကာဖြင့် နှစ်နှစ်ခြိုက်ပင်အိပ် ပျော်သွားလေတော့၏။

~~~@@~~~

အိမ်ရှေ့မြေနီလမ်းလေးပေါ်တွင် တန်ခူးလေများက ရေစိုနေဆဲလမ်းမပေါ်မှဖြတ်သန်းတိုက်ခတ်ရင်း တစ်ချက် တစ်ချက် ငစိုးကိုပွတ်သပ်ကြည်စယ်စွာ အေးမြစေလျှက် ချော့သိပ်နေပါတော့သည်။ နောက်ကျန် နေသေးသော သင်္ကြန်ရက်များတွင်လည်း ထိုနည်းတူပင် ငစိုးအတွက် တိုက်ခတ်ပေးနေလိမ့်ဦးမည်။       ။

                               ~~~@@~~~~ ~~~@@~~~ ~~~@@~~~


ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
============================================================= သင်္ကြန်ရက်တွေမတိုင်ခင်ကတည်းက ရေးနေမိခဲ့တဲ့ ၀တ္တုတိုလေးပါခင်ဗျာ...။ အခုမှပဲ အဆုံးသတ်နိုင်ခဲ့ရလို့ ပါခင်ဗျာ...။

ဘာမဟုတ်တဲ့ ကျွန်တော့်ရဲ့ဒီနေရာလေးကို စာလာလာဖတ်ပေးနေကြတဲ့ ကျွန်တော်သိခွင့်ရသော ဘလော့ဂ် ရေးသော၊ မရေးသော သူငယ်ချင်းမောင်နှမများ၊ တိတ်တိတ်လေးစာလာဖတ်သွားလို့ ကျွန်တော်သိခွင့်မရတဲ့ ဘလော့ဂ်ရေးသော မရေးသောမောင်နှမများအားလုံး အတာသင်္ကြန်ကာလအတွင်းမှာ အတာရေလို အေးမြ နိုင်ကြပါစေခင်ဗျာ...။ နှစ်သစ်မှာလည်း ရွှင်လန်းချမ်းမြေ့စွာနဲ့ အစစအရာရာ အဆင်ပြေအောင်မြင်ပါစေလို့ ဒီဝတ္တုတိုလေးနဲ့အတူ ဒီနေရာလေးကနေပြီးတော့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ခင်ဗျာ......။

============================================================= ချစ်ခြင်းအားဖြင့်

ဏီလင်းညို

Friday, April 9, 2010

ကျွန်တော်ဆိုမိတဲ့သီချင်းလေး တစ်ပုဒ်



နေ့ညနေတုန်းက အိမ်ကညီလေးတစ်ယောက် မြန်မာပြည်အပြီးပြန်တော့မှာမို့ သူ့အတွက် လက် ဆောင်ပစ္စည်းတချို့ လိုက်ဝယ်ပေးရင်းနဲ့ ထုံးစံအတိုင်း ကွန်ပျူတာပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ သွားငေး ရင်း မိုက်တစ်စုံဝယ်လာလိုက်ရော....။ (မရှိသေးလို့လေ...း))

အိမ်လည်းရောက်ရော..... အဲ့ဒီမိုက်တစ်ခုနဲ့ သောင်းကျန်းကြည့်လိုက်တယ်လေ.....း))

စာအရှည်ကြီးတွေနဲ့ နှိပ်စက်ရတာ အားမရသေးလို့ အခု အသံနဲ့နှိပ်စက်လိုက်ပါတယ် ခင်ဗျာ....။

sing for you မှာ သီချင်းလေးတစ်ပုဒ်သွားအော်ဆိုထားတာ.... နားထောင်ကြည့်ပေးပါဦး။

ဖိုးကာရဲ့ သိမ်းထားမှာလား...ဆိုတဲ့ သီချင်းလေးပါခင်ဗျာ....။

ပျော်ရွှင်စရာ သင်္ကြန်ပိတ်ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ....။


 
========================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

Saturday, April 3, 2010

လွဲ...


ဆိုင်းအလုပ်ခွင်ကနေပြန်လာတဲ့ ကျွန်တော်တို့ရဲ့ အိမ်အပြန်လမ်းမထက်မှာ မနက်ခင်းနေရောင်ခြည် တွေက ရက်ရက် စက်စက် ဖျာလို့ကျဆင်းနေခဲ့တယ်...။ မနက်ရှစ်နာရီကျော်ကျော်လောက်အချိန်ပဲရှိသေး တာပေမယ့် မလေးရှားနိုင်ငံရဲ့ နေအရှိန်က ပြင်းလွန်းစပြုနေခဲ့တာမို့ ရက်ရက်စက်စက်ဆိုတဲ့ စကားလုံးကို ကျွန်တော်သုံးလိုက်မိတာပါပဲ..။ အဲ့ဒီတော့ တစ်ညလုံးမအိပ်ခဲ့ရပဲ အလုပ်လုပ်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဖန် တွတ်တွတ်မျက်လုံးတွေက ကျိန်းစပ်စပ်ကိုဖြစ်နေခဲ့ကြရတော့တာပေါ့....။

ကျွန်တော်တို့လို့ ဆိုတာက ကျွန်တော်ရယ်၊ နောက် ကျွန်တော်နဲ့တစ်အိမ်ထဲအတူနေရုံတင်မသေးပဲ အခု ရက်ပိုင်း ညဆိုင်း အတူတူကျတာခြင်းပါတူနေတဲ့ သူငယ်ချင်းနှစ်ယောက်ရယ်...၊ အားလုံးပေါင်း သုံး ယောက်မို့ပါပဲ....။ အဲ့ဒီနှစ်ယောက်ထဲမှာ တစ်ယောက်က ကျွန်တော့်ထက် ငါးနှစ်၊ ခြောက်နှစ်လောက်ငယ် တယ်...။ သူ့ကို ကျွန်တော်က “အငယ်ကောင်” လို့ ခေါ်တယ်...။ မြန်မာပြည်မှာနေခဲ့တုန်းက သူ့ရဲ့အိမ်မှာ အငယ်ဆုံးသားမို့ သိပ်ဆိုးတယ်ဆိုပေမယ့် အခုကျွန်တော်တို့နဲ့ကျတော့လည်း သိပ်လိမ္မာပါတယ်...။ အလုပ် လည်း ကြိုးစားတယ်...၊ ကျွန်တော်တို့ပြောစကားကိုလည်း နားထောင်တတ်ပါသေးတယ်။ ဒီမှာရှိတဲ့ မြန်မာ ဆိုင်တွေမှာ ဆံပင်မညှပ်ချင်တတ်တဲ့သူ့ကို ဒီနိုင်ငံသားတွေဖွင့်တဲ့ ဗျူတီဆလွန်းတွေမှာ ဆံပင်ညှပ်ရင် သူလိုချင်တဲ့ပုံစံရအောင်လို့၊ နောက် ဆိုးချင်တဲ့ ဆေးအရောင်ရွေးပေးရတာတို့၊ သူမပြီးမချင်းစိတ်ရှည်ရှည်နဲ့ စာဖတ်ရင်းအမြဲထိုင်စောင့်ပေးရတတ်တာ ကျွန်တော်ပါပဲ...။

နောက်တစ်ယောက်ကတော့ ကျွန်တော့်ထက် ခြောက်နှစ်ကျော်ကျော်လောက်ကြီးတဲ့ သူငယ်ချင်းအ ကိုကြီးအရွယ်တစ်ယောက်ပါပဲ...။ သူက ဒီအရွယ်ကြီးရောက်နေတာတောင်မှ အိမ်ထောင်မရှိသေးတာမို့ ဒီမှာအများက၀ိုင်းခေါ်ကြတဲ့ “လူပျို ကြီး”ဆိုတဲ့ နာမည်ကိုပဲ ကျွန်တော်လိုက်ခေါ်ပါတယ်...။ လူပျိုကြီးက တော့ အသက်သာကြီးတာ...။ သူ့ထက်ငယ်တဲ့ ကျွန်တော့်ကို နာမည်အရှေ့မှာ “ကို”တပ်ပြီးခေါ်ရုံတင်မက သေးပါဘူး...။ စကားပြောရင် သူ့ကိုယ်သူ “ကျွန်တော်ကလေ”...ဆို ပြီး နာမ်စားသုံးပြောတတ်ပါသေး တယ်...။ စကားပြောယဉ်ကျေးရုံတင်မကပါဘူး...၊ စကားလည်းနည်းပါတယ်။ တော်ရုံနဲ့ စကားများများ မပြောပါဘူး။ သူများဘာတွေပဲပြောနေနေ၊ သူကြိုက်ကြိုက်မကြိုက်ကြိုက် ပြုံးပြီးနေတာပါပဲ။ (ဒါပေမယ့် သူ ကတစ်ခါတစ်လေကျရင်တော့ သူ့အကြောင်းတွေ ကျွန်တော့်ကို စိတ်လိုလက်ရပြောပြတတ်ပါတယ်...။) ရံဖန်ရံခါသောက် တတ်စားတတ်ရုံကလွဲပြီး အနေအေးပါတယ်...။ နောက်ပြီး အတော့်ကိုလည်း ကျန်းမာ ရေးကောင်းတတ်လွန်းသူပါ...။ သူ ကျွန်တော်နဲ့ အတူနေတဲ့ ကာလတစ်လျှောက်လုံး ဖျားတာ နာတာ တစ် ခါမှ မတွေ့ခဲ့မိပါဘူး....။ သိပ်ခင်စရာ ကောင်းတဲ့ သူပါပဲ...။

အဲ့ဒါနဲ့ ကျွန်တော်တို့သုံးယောက်ရဲ့အိမ်အပြန်လမ်းမှာ သူတို့နှစ်ယောက်ကတော့ ၀ါသနာတူတွေမို့လို့ စလောင်းကနေပြီးဒီ တစ်ပတ်လာမယ့် ဘောလုံးပွဲစဉ်တွေအကြောင်းပြောနေကြတယ်...။ ကျွန်တော်က လည်း အိမ်ရောက်ရင် အားလုံးစားဖို့ ဘာဟင်းများချက်ရင် ကောင်းပါ့မလဲဆိုတာတွေးလိုက်၊ ရေးလက်စ,စာကို ဆက်ရေးဖို့တွေးလိုက်နဲ့ပေါ့...။ ၀ါသနာချင်း မတူကြပေမယ့် အိမ်ကိုဦးတည်နေတဲ့ ခြေလှမ်းတွေ ကတော့ခပ်သွက်သွက်နဲ့ အတူတူဖြစ်နေခဲ့ကြပါတယ်...။

သုံးယောက်သား ရင်ဘောင်တန်းပြီးလျှောက်လာကြတာ လမ်းတစ်ဝက်လောက်လည်းရောက်ရော နေက ပူသထက် ပိုပူလာတာမို့ အငယ်ကောင်က ကျွန်တော့်ကိုလှမ်းပြောတယ်...။

“အစ်ကိုကြီး... နေကလည်းပူလိုက်တာ အသေပဲနော်”....

“အေးကွ”....

တစ်ဖက်အစွန်က အငယ်ကောင်ကို ပြန်ဖြေရင်း ဘေးနားကလူပျိုကြီးကို စောင်းကြည့်လိုက်တော့ လူပျိုကြီးက ထောက်ခံ သလိုခေါင်းကိုငြိမ့်ပြတယ်...။ လူပျိုကြီးအဲ့သလိုလုပ်ပြတာကို အငယ်ကောင်ကလည်း တစ်ဖက်အစွန်ကနေကြည့်ပြီး ခပ်ကျယ်ကျယ်လေသံနဲ့ ....

“ဒီလိုနေပြင်းတတ်တဲ့ အချိန်တွေဆိုရင် နေကာမျက်မှန်တပ်ထားလိုက်ရမှာ...၊ အဲ့ဒါဆို ကွက်တိပဲဗျ... နော်.. အစ်ကိုကြီး၊ ဒါနဲ့ နေပါဦးဗျ...။ လူပျိုကြီး... ခင်ဗျားရဲ့ ဟို နေကာမျက်မှန်ရော”....

လို့မေးလိုက်ပါတယ်....။

ဒါပေမယ့် လူပျိုကြီးက ပြန်မဖြေပါဘူး...။ မျက်နှာကိုငုံ့ထားရင်း သူ့ခြေထောက်အောက်က ကတ္တရာ လမ်းမည်းမည်းကြီးကို တစ်ခါမှမမြင်ဖူးတဲ့ ပုံစံနဲ့ သည်းသည်းမည်းမည်းကြည့်ပြီးတော့သာ လျှောက်နေခဲ့ ပါတယ်...။ ကျွန်တော်က စိတ်ထဲတစ်ခု ခုကိုရိပ်မိလာသလို သံသယဖြစ်လာပြီး အငယ်ကောင့်မျက်နှာကို လှမ်းကြည့်လိုက်မိတော့ သူမျက်နှာလေးက ပြုံးစိစိနဲ့...။ ပြီးတော့ ကျွန်တော့်ကို မျက်စိတစ်ဖက်မှိတ်ပြရင်း လူပျိုကြီးရဲ့ ပခုံးကိုဖက်ပြီးထပ်မေးလိုက်ပြန်ပါတယ်...။

“ဘယ်မှာလည်းလို့....၊ ခင်ဗျားရဲ့ နေကာမျက်မှန်”....

ဒီတစ်ခါလည်း လူပျိုကြီးက ပြန်မဖြေပါဘူး...၊ ပြန်မဖြေတဲ့အပြင် သူ့ပခုံးကိုဖက်ထားတဲ့ အငယ်ကောင့် လက်ထဲကနေပြီး တော့ရုန်းထွက်ရင်း “ဟာ”..... ဆိုတဲ့ လေသံရှည်ကြီးနဲ့ အော်လိုက်ပါတယ်...။ နောက် ကျွန်တော်တို့နှစ်ယောက်ကြားက နေ အရှေ့ကိုငေါထွက်ပြီး ခပ်သွက်သွက်လေး ပြေးလျှောက် လျှောက် သွားနေလိုက်ပါတော့တယ်...။

ရုတ်တစ်ရက်မို့ ကျွန်တော်တောင်မှကြောင်တောင်တောင်ဖြစ်သွားမိပါသေးတယ်...။ ဒီလူကြီးဘာဖြစ်သွား တာပါလိမ့်ပေါ့လေ...။ အငယ်ကောင်ကတော့ လူငယ်လေးပီပီ ပါးစပ်က တဟီးဟီးနဲ့ အသံထွက်အော် ရယ်ပြီးလူပျိုကြီးနောက်ကိုအမှီင်္ပဲ ပြေးလိုက်သွားလိုက်ပါတယ်...။ အဲ့တော့ နောက်မှာကျွန်တော်တစ် ယောက်တည်းကျန်ခဲ့ရတော့တာပေါ့။ နောက်ပြီး ဒါက တစ်ခန်းထဲအတူနေကြတဲ့ သူတို့နှစ်ယောက်သာ သိတဲ့ကိစ္စပဲဖြစ်ရမယ်... လို့ စိတ်ထဲကနေတွေးမိလိုက်ရင်း သူတို့ကို မှီအောင် ကျွန်တော်လည်း အပြေးတစ် ပိုင်းလိုက်သွားလိုက်မိပါတယ်...။ အလုပ်သွားတိုင်းလွယ်သွားတတ်တဲ့ ကျွန်တော့် ရဲ့အိတ်စုတ်စုတ်လေးက စာရေးရင်သုံးတဲ့ခဲတံတွေ၊ ဘောပင်တွေထည့်ထားတဲ့ ကွန်ပါဘူးလေးတောင်မှ ခလောက်ဆန်လိုက်သ လိုဖြစ်သွားတာမို့ “ကလောက်...၊ ကလောက်”... ဆိုတဲ့ အသံလေးတွေတောင်မှမြည်သွားခဲ့သေးရဲ့....။

သူတို့ကိုလည်း ကျွန်တော်မှီလာခဲ့ရော သူတို့နှစ်ယောက်ကရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ကြတယ်...။ အငယ် ကောင်က လူပျို ကြီးကိုလိုက်ဆွဲဖက်၊ လူပျိုကြီးကရုန်းနဲ့ပေါ့...။ အဲ့ဒါနဲ့ ကျွန်တော်လည်း လူပျိုကြီးရဲ့အင်္ကျီ လက်မောင်းတစ်ဖက်ကအစကို ဆွဲလိုက်ရင်း ငြိမ်ငြိမ်နေကြစမ်းပါဗျာလို့.... ခပ်ကြိတ်ကြိတ်လေးသတိပေး လိုက်ရတယ်...။ ဟုတ်တယ်လေ... ဘေးကနေ ပြီးဖြတ်သွားဖြတ်လာလုပ်နေတဲ့သူတချို့က ကျွန် တော်တို့သုံးယောက်ကို ကြည့်နေလို့ကိုး....။ ပြီးတော့ သုံးယောက်စလုံး ကမကြီးမငယ်တွေနဲ့ဆိုတော့လေ..။ အသက်နှစ်ဆယ့်ငါးနှစ်အောက်ဆိုတာ သုံးယောက်ထဲမှာ တစ်ယောက်မှမပါဘူး...။ ဒါပေမယ့် ကျွန်တော် လည်း.... လူပျိုကြီးနားကိုကပ်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါသေးတယ်...။

“ဘာနေကာမျက်မှန်လဲဗျ... လုပ်စမ်းပါဦး လူပျိုကြီးရဲ့”....

“အလကား... ဘာမှမဟုတ်ပါဘူးဗျာ”....

မျက်နှာနီမြန်းမြန်းနဲ့ လူပျိုကြီးကပြန်ဖြေတယ်...။ ကြည့်ရတာ သူကျွန်တော်သိသွားမှာကို ရှက်ကိုးရှက် ကန်းဖြစ်နေခဲ့တဲ့ပုံစံပါပဲ...။ အဲ့ဒါကြောင့် ကျွန်တော်လည်း သိချင်စိတ်ပိုပြင်းလာပြီးထပ်မေးမလို့လုပ်တုန်း အငယ်ကောင်က၀င်ပြောပြန်တယ်။

“ဘာ... ဘာမှမဟုတ်ရမှာလဲဗျ...၊ ဟေ့လူကြီး ခင်ဗျားကိုယ်တိုင်ပြော....၊ မပြောရင် ကျွန်တော် အစ်ကိုကြီး ကို ဖွလိုက်မှာနော်...ဟီး... ဟီး”....

အဲ့သလို အငယ်ကောင်ကပြောလိုက်တော့ လူပျိုကြီးက ‘ဟေ့ရောင်နော်... နေ... နေ... ငါ့ဘာသာငါ ပြော ပြမယ်’... လို့ ဆိုတယ်...။ ဒါပေမယ့် ချက်ခြင်းမပြောသေးပဲနဲ့ ကြက်ကြီးလည်လိမ်ထားသလို ခေါင်းကြီးငုံ့ပြီး နေနေသေးတာမို့... ကျွန်တော်က...

“ဘာလည်းဗျ...၊ ခင်ဗျားက ဒီလူ... ဒီလူအချင်းချင်းတောင်မှ မပြောပြချင်ဘူးလာဗျာ”... ဆိုပြီးစကားနာ ထိုးလိုက်ပါတယ်။ အဲ့ဒီတော့မှ သူကမပြောချင်ပြောချင်နိုင်လွန်းတဲ့လေသံလေးလေးကြီးနဲ့ ကျွန်တော့်ကို ပြောပြပါတော့တယ်...။

“အခုပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျွန်တော်တို့ ‘မာကိုတာ’(makota) ကိုသွားကြတယ်”....

သူပြောတဲ့ မာကိုတာဆိုတာ ကျွန်တော်တို့ အခုနေနေတဲ့ မလေးရှားနိုင်ငံ မလက်ကာမြို့လေးမှာရှိတဲ့ အ ပန်းဖြေရာနေရာ လေးတစ်ခုပါ...။ အဲ့ဒီနေရာမှာ ဟိုးတုန်းက ရှေးဟောင်းအဆောက်အဦးတွေ၊ ပန်းပင်တွေ၊ ရှော့ပင်း(န်)စင်(န်)တာတွေနဲ့ နေ့တိုင်းလိုလို လူစည်ကားတတ်တဲ့နေရာလေးတစ်ခုပါပဲ...။ သမီးရည်းစား တွေ အရောက်များတဲ့နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး...။

“ဘယ်သူနဲ့ သွားတာလည်းဗျ”...

သိရဲ့သားနဲ့ ကျွန်တော်မေးလိုက်တာပါ...။ သူ ကျွန်တော်တို့တိုက်ရဲ့ တစ်ဖက်ကတိုက်ခန်းတွေမှာနေတဲ့ အင်ဒိုနီးရှားမလေးတစ်ယောက်နဲ့ ချိတ်တိတ်တိတ်ဖြစ်နေတာ ကျွန်တော်သိထားမိလို့ပါပဲ...။

“ကျွန်တော့် ကောင်မလေးနဲ့ နှစ်ယောက်တည်း”....

လူပျိုကြီးဆီကအဲ့ဒီအဖြေစကားလည်းကြားရရော အငယ်ကောင့်ဆီက ‘ဟိ... ဟိ’... ဆိုတဲ့ ကျိတ်ရယ်လိုက် သံလေးထွက်လာတယ်...။ ဘာမှန်းရေရေရာရာမသိသေးပေမယ့် ကျွန်တော်လည်း ပြုံးစိစိဖြစ်သွား မိတယ်...။ ဟုတ်တယ်လေ...၊ လူပျိုကြီးက စကားသာနည်းတာ...၊ ကျွန်တော်တို့ထက်စွံတာကိုးလို့....။ သူ က ဆက်ပြောတယ်...။

“အဲ့ဒါနဲ့ မာကိုတာသွားဖို့ ဘတ်(စ်)တန်းလည်းရောက်ရော နေကာမျက်မှန်တွေရောင်းနေတာတွေ့တာနဲ့ ကျွန်တော်လည်း တစ်လက်ဝယ်လိုက်မိတယ်...။ တစ်ခါမှမတပ်ဖူးတာနဲ့ တပ်ကြည့်ချင်လို့ဝယ်လိုက်တာ အဲ့ဒီမှာ”....

ကျွန်တော်ကြားဖြတ်ပြီးမေးလိုက်တယ်....။

“ဘယ်လောက်ပေးရတုန်းဗျ”....

“ရင်းဂစ် ၁၀ပဲပေးရပါတယ်”....

ကျွန်တော့်စိတ်ထဲမှာ သြော်... ဈေးချိုသားပဲဟ... လို့တွေးလိုက်မိတုန်း လူပျိုကြီးက ဆက်ပြောပြတယ်...။

“ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်လည်း မာကိုတာကိုရောက်ရော နှစ်ယောက်သား လျှောက်လည်ကြ တာပေါ့...။ သူကလည်း ရှိုးတွေ၊ စမိုးတွေနဲ့...၊ ကျွန်တော်ကလည်း အင်္ကျီအသစ်၊ ဖိနပ်အသစ်၊ ဘောင်းဘီ အသစ်တွေနဲ့ နေကာမျက်မှန် အသစ်ကိုတပ်လို့ပေါ့... ဟီး”....

ပြောရင်းနဲ့ သူ့အဖြစ်ကိုပြန်တွေးမိတယ်နဲ့တူပါရဲ့...။ လူပျိုကြီးရဲ့အသံထဲမှာ ရယ်သံတစ်ဝက်ပါလာတယ်..။ အငယ်ကောင်ကတော့ တစ်ဟိ....ဟိ.. ဖြစ်နေပါပြီ..။ အဲ့ဒါကြောင့် ကျွန်တော့်ရင်ထဲမှာလည်း ဘာများဖြစ် လာမှာပါလိမ့်ဆိုတာကို သိချင်လာတဲ့စိတ်နဲ့ ကျလိ... ကျလိဖြစ်လာရပါပြီ...။

“အဲ့ဒီလိုနဲ့ လျှောက်လည်လိုက်၊ တွေ့တဲ့နေရာ ဓာတ်ပုံရိုက်လိုက်နဲ့ပေါ့...။ နေကလည်းပူတော့ ကျွန်တော် လည်း စောနက ၀ယ်လာတဲ့ နေကာမျက်မှန်အသစ်ကို မချွတ်တမ်း တောက်လျှောက်တပ်ထားတာပေါ့...။ ကြာလာတော့ ဘာဖြစ်လာမှန်း မသိဘူး...၊ အဲ့ဒီမျက်မှန်ကိုတပ်ထားရင်း ခေါင်းထဲမှာ နောက်တောက် တောက်ဖြစ်လာရော...။ နောက်တော့ မိုက်ခနဲဖြစ်သွားပြီး ကျွန်တော့်ကောင်မလေးနဲ့အတူတူ ပလက် ဖောင်းတစ်ခုပေါ်မှာလျှောက်နေရင်း ဘေးနားကရေမြောင်းထဲကိုကျွန်တော်ဖုတ်ခနဲ ပြုတ်ကျသွားပါလေ ရောဗျ”....

ကျွန်တော့်စိတ်ထဲမှာ ‘ဟိုက်..ခ,နဲ’ ဖြစ်သွားရတယ်..။ ပြီးတော့ သူများတကာကို အားနာဖို့သတိမရတော့ပဲ ကျွန်တော့်ထုံး စံအတိုင်း တစ်ဟား...ဟား... နဲ့ အော်ရယ်ပစ်လိုက်မိပါတယ်....။ အငယ်ကောင်ကလည်း တ ဟီးဟီးနဲ့ပေါ့...။ စဉ်းစား ကြည့်လေ...၊ ချစ်သူနဲ့ သေချာဝတ်စားပြီး လျှောက်လည်နေကြတုန်း ၀ယ်တပ် လိုက်မိတဲ့ အပေါစားနေကာမျက်မှန်တစ် လက်ဒုက္ခပေးလို့ ခေါင်းထဲမိုက်ခနဲဖြစ်သွားရပြီး... ကွန်ကရစ်ရေ မြောင်းထဲပြုတ်ကျသွားရတာ... အတော့်ကို လွဲလွန်းတဲ့ ကိစ္စမို့လို့ပါပဲ....။ မျက်မှန်က အပေါစားဆိုတော့ မှန် သားက လှိုင်းထနေလို့များလားလို့လည်း တွေးမိလိုက်ပါတယ်...။

“တော်သေးတယ်...၊ အဲ့ဒီရေမြောင်းက သိပ်မနက်တဲ့အပြင် ရေလည်းမရှိလို့...။ ဒါပေမယ့်ဗျာ... အဲ့ဒီနေရာ မှာ လူတွေက အများကြီးဆိုတော့ ကျွန်တော့်မှာ ရှက်လိုက်တာဗျာ”.....

သူဆက်ပြောပြတာကို နားထောင်နေရင်း ကျွန်တော်သိချင်တဲ့ မေးခွန်းလေးတစ်ခုကိုမေးလိုက်ပါတယ်...။

“အဲ့ဒါနဲ့ စောစောက နေကာမျက်မှန်လေးရောဗျ...အခု...။ အမှတ်တရဖြစ်အောင် သိမ်းထားလိုက်တာ လား”....

ကျွန်တော့် အမေးကို လူပျိုကြီးက ခေါင်းကိုဘယ်ညာ ခပ်သွက်သွက်လေးယမ်းပစ်လိုက်ပြီး ခါးခါးသီးသီးနိုင် လွန်းလှတဲ့ လေသံနဲ့ ပြန်ဖြေတယ်....။

“ဟင့်အင်း....။ ဘယ်ကလာဗျာ....။ ကျွန်တော်လည်း... မြောင်းထဲက ရှက်ရှက်နဲ့ ကုန်းထပြီး စိတ်ဆိုးလွန်း လို့ အဲ့ဒီမျက် မှန်ကို အဲ့နေရာမှာပဲချွတ်၊ နောက်လက်နဲ့ လိမ်ချိုးပစ်လိုက်ပြီး မြေကြီးပေါ်ကိုချ၊ ဖနောင့်နဲ့ပါ ပေါက်ပစ်ခဲ့သေးတယ်လေဗျာ .... အေး...ရော”....

သူ့စကားအဆုံးမှာ ကျွန်တော်နဲ့ အငယ်ကောင်က ၀ါးလုံးကွဲထပ်ရယ်ပစ်လိုက်ကြတော့ သူလည်း လိုက်ရယ် တယ်....။

~~~~@@@~~~~

အိမ်ပြန်ရောက်တော့ အခန်းထဲဝင်...၊ စက်ရုံအ၀တ်အစားတွေကိုလဲရင်း ‘ရေသဘင်မျက်မှန်’ရယ်လို့ ကျွန်တော်တို့တွေ နောက်ပြောင်ခေါ်တတ်ကြတဲ့ ကမ္ဘာကျော်တံဆိပ်အမျိုးမျိုးနဲ့ နေကာမျက်မှန်တွေဟာ.. လူကို ဘေးမဖြစ်နိုင်အောင် ပစ္စည်း ကောင်းတွေ သုံးထားရလို့ ဈေးကြီးတာ နေမှာလို့စဉ်းစားမိရင်း လူပျိုကြီး အဖြစ်ကို ပြန်တွေးမိပြန်တယ်...။ နောက်တော့ တစ်ယောက်ထဲ ခိုးရယ်မိပြန်တယ်...။

နောက်ပြီး သတိရမိသွားတာလေးတစ်ခုက ရှေးလူကြီးတွေထားရစ်ခဲ့ကြတဲ့ စကားပုံအများကြီးထဲက တစ်ခု....။

ဘာတဲ့....

“အမျိုးနဲ့လည်း.... မကျယ်နဲ့”....
“အဖိုးနည်းလည်း... မ၀ယ်နဲ့”.... ဆိုလား....။            ။

~~~~@@@~~~~

(တစ်ကယ့် အဖြစ်အပျက်လေး တစ်ခုပါ...။ စကားပုံလေးမှားနေရင် ပြင်ပေးခဲ့ကြပါဦးနော်ဗျ...။ နေကာမျက် မှန်တပ်သော သူများ သတိပြုကြပါ....း))
မာကိုတာ ဆိုတဲ့နေရာလေးက ဓာတ်ပုံတွေကြည့်ချင်ရင် တော်ရာနေရာ ဆိုတဲ့ ပို့စ်လေးကို သွားပါခင်ဗျာ။
=================================
ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
=================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို