Wednesday, September 23, 2009

ဝန်ခံခြင်း...

နက်ရှိုင်းစွာပြာမှိုင်းနေခဲ့တဲ့ ညကောင်းကင်တစ်ခုမှာ
ကြယ်ကလေးတစ်ချို့က မှေးမှိန်စွာနဲ့ လင်းလက်နေခဲ့ကြတယ်....
အဲ့ဒါဟာ ညဥ့်နက်ချိန်တစ်ခုပဲပေါ့ .....။
ကောင်းကင်ပြင်ကြီးကို ငေးမောရင်းနဲ့
ဂစ်တာအိုလေးတစ်လုံးကို....
ခပ်ဖွဖွလေး ငါ .... သိုင်းဖက်ထားခဲ့မိတယ်...။
တေးသွားလေးတွေမညည်း ....၊ သံစဉ်တွေ မတီးခတ်ဖြစ်ခဲ့ပေမယ့်....
ဂစ်တာအိုလေးက ငါ့ကို နွေးထွေးစေခဲ့ပြန်တယ်....။
တစ်ကယ်လို့များ ဒီအချိန်မှာ
မင်း... သာ ငါနဲ့ အတူရှိနေခဲ့မယ်ဆိုရင်လို့.... တွေးလိုက်တဲ့ခဏမှာပဲ
ကြေကွဲခြင်းတွေက...
ဒီရေလှိုင်းတွေလို လျှံတက်လာခဲ့တာကို...
ငါ... ဘယ်လိုမှ ငြင်းဆန်လို့ မရနိုင်ခဲ့ဘူး....။
ဒါပေမယ့်လည်း...
အလွမ်း ... အဆွေး... ဆိုတဲ့ အရာတွေက
ငါ့ ၀ိညာဉ်ထဲမှာ ကိန်းအောင်းနေတာ ကြာခဲ့ပြီပဲလေ....။

ငါ့ကို မင်း စိုက်ကြည့်လိုက်တိုင်း
မင်းရှေ့မှာ ဘာမှ မဖြစ်သလို ငါ ... ဟန်ဆောင်နေနိုင်ခဲ့ပေမယ့်
အဲ့ဒီအပြစ်တွေဟာ....
မင်းမမြင်နိုင်တဲ့ မင်းရဲ့နောက်ကွယ်မှာတော့....
တစ်ငွေ့ငွေ့နဲ့ ... ငါ့ကို တိတ်တဆိတ်ကျွမ်းလောင်စေခဲ့ပြီ....။
အဲ့ဒီလိုမျိုးနဲ့....
တွေဝေခြင်းတွေ ရင်မှာပွင့်ဝေနေတဲ့ အခိုက်အတန့်လေးများမှာပဲ....
အဝေးကြီးကို မင်းထွက်သွားလေခဲ့တာ
ငါ့မြင်ကွင်းထဲက ပျောက်ကွယ်သွားလုမတတ်ပါပဲလေ....။
ဟိုး... မိုးကုတ်စက်ဝိုင်းနားထိတိုင်အောင်....
ငါလှမ်းမြင်နေခဲ့ရတဲ့ မြက်ခင်းတစ်ခုဟာ
အားလုံး.... စိမ်းလန်းနေလိမ့်မယ်လို့ထင်ခဲ့မိတဲ့အတွက်
အခုတော့ အမှားတွေရဲ့ မြှားအသွင်နဲ့ ပစ်ခွင်းတဲ့ ဒဏ်ကို
ငါဟာ... ရက်စက်စွာ ခံစားနေရခဲ့ပြီ....။

ညင်သာလွန်းတဲ့ လေစီးကြောင်းလေးတစ်ခုဟာ...
ညအခါမှာ ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခတ်လာရင်း
တိတ်တစ်ဆိတ်ဆန်စွာနဲ့...
လျှို့ဝှက်တဲ့ ညမွှေးပန်းရနံ့တွေကို ငါ့ဆီ ယူဆောင်လာခဲ့ကြပြန်တယ်...
ညဟာ... ပိုမိုစွာ အိုမင်းရင့်ရော်လာခဲ့ပေါ့....။
ဆိတ်ငြိမ်လွန်းတဲ့ညဟာ....
အထီးကျန်ရှုံးနိမ့်မှုတွေထဲက ငါ့ကို...
ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်အောင် ငြိတွယ်နေခဲ့စေပြန်တယ်....။
မင်းနဲ့ ငါ့ရဲ့ကြားမှာ...
ဘာတွေများ ကွာခြားနေခဲ့သလဲဆိုတာတွေကို...
အခုအချိန်မှတော့ ..... ငါပြန်မတွေးချင်တော့ပါဘူးကွယ်...။
မင်းနဲ့အတူရှိခဲ့တဲ့ ဟိုး...အရင်အချိန်တွေတုန်းက...
ရင်ထဲမှာရှိတဲ့စကားလုံးတွေကို ပြောမထွက်နိုင်ခဲ့တာဟာ
အငိုလွယ်တတ်ချင်တဲ့ မျက်ဝန်းတစ်စုံကို ငါပိုင်ဆိုင်ထားလို့ပါ....။
မျှော်လင့်ချက်တွေ မင်းပေးခဲ့လည်း...
အလောတစ်ကြီးနဲ့ ငါ.... မနင်းဖြတ်ရဲခဲ့ပါဘူး....။
တစ်ကယ်တမ်း မဝေးသေးခင်အချိန်တုန်းကတော့
အပြစ်ကင်းတဲ့ မင်းမျက်နှာလေးရယ်...
နောက်ပြီ... မင်းစကားသံလေးတွေရယ်တို့နဲ့ အတူ...
အဝေးကနေ နှစ်သိမ့်နေနိုင်မယ်လို့ ငါထင်မိခဲ့ပါတယ်....။

သစ်ရွက်ကြွေလေး တစ်ရွက်လို ပျက်စီးဆုံးရှုံးခြင်းများစွာနဲ့....
မင်းနဲ့ ဝေးရာကို ငါတိမ်းရှောင်ခဲ့ပေမယ့်လည်းလေ...
အဲ့ဒီလုပ်ရပ်ဟာ... အများအတွက်တော့မသိခဲ့ပါဘူး...။
ငါ့.. အတွက်တော့ အမည်ခံရုံ သက်သက်မျှသာပါပဲ...
ဘာ့ကြောင့်လည်းဆိုတော့
အခုချိန်ထိတိုင်အောင်ပဲ...
မင်းမျက်ဝန်းလေးတွေကို ငါလွမ်းတတ်နေခဲ့သေးလို့ပါ...။
ငါဟာ... ငါ့နှလုံးသားကို ပြန်မမြင်နိုင်ခဲ့တာကြောင့်
တမ်းတခြင်းများရဲ့အောက်မှာ ကျရှုံးစွာ နစ်မြုပ်သွားရတော့မလားကွယ်...။
တစ်ကယ်လို့များ....
ငါသာ.... မင်းပခုံးလေးရဲ့အထက်
တစ်မှေးလောက် မှေးစက်ခွင့်လေးပဲ ရနိုင်ခဲ့ရင်လေ...
အထီးကျန်လမ်းမထက်မှာ ငါတစ်ယောက်ထဲဆိုလည်း...
ဆက်လျှောက်သွားနိုင်မယ် ထင်ပါရဲ့....။
ဒါပေမယ့်လည်း...
မင်းနဲ့ပတ်သတ်တဲ့ ငါ့ရဲ့စိတ်ကူးဆိုတာ
ထင်ယောင်ထင်မှားနိုင်လွန်းလှတဲ့ အိပ်မက်မြစ်ကမ်းပါးပေါ်မှာ
ခပ်ရေးရေးပေါ်လာလေ့ရှိတဲ့ ပုံရိပ်ယောင်တစ်ခုလို
ငါ့အတွက် လက်တွေ့အကောင်အထည်ပေါ်ဖို့ ခဲယဉ်းလွန်းတာလည်း သိမိပါရဲ့....။
အဲ့ဒါကြောင့်လည်း ငါ့ဘ၀ရဲ့ အချိန်တွေဟာ...
သက်ပြင်းချသံတွေနဲ့ ပြည့်နှက်ခဲ့ရပေါ့....။

သေသပ်လှပခြင်းတွေ ကင်းမဲ့ခဲ့ရတဲ့ ဘ၀တစ်ခုဟာ...
အရာရာကို မ၀ံ့မရဲဖြစ်စေဖို့ ပြုပြင်ထိန်းကျောင်းခဲ့လေသလား...။
မင်း...ဟာ ငါအဖြူစင်ဆုံး တန်ဖိုးထားရာ တစ်ခုပါ...။
ငါ့ကြောင့် မင်း တစ်စုံတရာ နာကျင်အောင်မလုပ်ခဲ့မိပေမယ့်....
မင်းခွင့်မလွှတ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ ငါ... ကျေအေးနေပါတယ်ကွယ်...။
မျှော်လင့်မထားတဲ့ တုန့်ပြန်ခြင်းနဲ့ ၀မ်းနည်းစရာတွေ မင်းပေးခဲ့ရင်တောင်မှ...
လူတွေမမြင်နိုင်အောင် ငါမျိုသိပ်ရင်းနဲ့ ကျိတ်မှိတ်ခံစား နေလိုက်ပါ့မယ်...။
ဒါပေမယ့်လည်း...
မင်းဘ၀လမ်း တစ်လျှောက်မှာ မင်းလဲကျခဲ့မယ်ဆိုရင်တော့...
ငါလက်ကမ်းလို့ ကူညီခွင့် ရချင်မိပါသေးတယ်...။
မင်းရဲ့ အနောက်ဘက်က အမှောင်ထုထဲမှာ
ငါဟာ ဘယ်တုန်းကမှ နစ်မြုပ်စွာမနေခဲ့ချင်တာ အတိအကျပါ....။
တစ်ကယ်လို့များ မင်းသာ ငါ့ကို နားလည်ပေးနိုင်ခဲ့မယ်ဆိုရင်တော့....
အဲ့ဒီ အမှောင်တွေထဲမှာ ထာဝရဆိုလည်း... ငါနေခဲ့ပါ့မယ်....။

တစ်ချို့တွေ လက်ခံထားမိကြမှာဖြစ်တဲ့ နောက်ဆုံးဆိုတာ ပြီးဆုံးခြင်းဖြစ်ခဲ့ပေမယ့်
ငါ့...အတွက်ကတော့ အခုမှ စတင်ရုံပဲ ရှိပါသေးတယ်လေ...။
မင်းကို.... ငါ...ဟာ...
မင်းမသိနိုင်ခဲ့တဲ့ အချိန်တွေမှာ....မြတ်နိုးခြင်းများစွာနဲ့...
ဟိုး... အရင့်... အရင်ကတည်းက ချစ်ခဲ့မိတယ်ဆိုတာ တစ်ခုကတော့....
မင်းရှေ့ မှာ “၀န်ခံ” ချင်မိဆုံး...
ငါ့ ဆန္ဒ အကျိုးအပျက် တစ်ခုပါပဲ......။ ။

========================================
ဟိုး.... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရေးထားတဲ့ ကဗျာရှည်လေးပါ...။
ရှည်လွန်းလို့ တောင်းပန်ပါတယ်ခင်ဗျ....။
========================================

ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

Wednesday, September 9, 2009

ညနေ

အဲ့ဒီညနေခင်းမှာ....
လေပြေတွေ မွှေးပျံ့ပျံ့
ပန်းတွေဟာ သင်းမြတဲ့ ဆင်းရနံ့များနဲ့
ငွေမင်ရောင် တိမ်စိုင်တချို့
ကောင်းကင်ထောင့် တစ်နေရာမှာ မခို့တစ်ရို့ရပ်လို့.....။

အဲ့ဒီညနေခင်းမှာ....
လက်ဖ၀ါးတွေ အေးစက်စက်
ဒီရင်ခွင်ဟာ တစ်လှပ်လှပ်နဲ့
‘သူ’ လာရာလမ်း ရော်ရည်မှန်းစွာ...
ငါ... စောင့်စားနေခဲ့မိတာ....။

အဲ့ဒီညနေခင်းမှာ....
........ ............. ............
........ ............. ............
နှလုံးသွေးတွေ ရပ်တန့်စေဖို့
‘သူ’တို့ တွဲလက်တစ်စုံကို ငါ... မြင်ခဲ့မိလို့.....။

အဲ့ဒီညနေခင်းမှာ....
လေထဲက စွန်ကလေးတစ်ကောင်ဟာ ကြိုးပြတ်
ငှက်ကလေးတစ်ကောင်လည်း အိပ်တန်းပြန်နောက်ကျလျှက်.....
......... ........... ..........
......... ........... ..........
‘ကဖေးဆိုင်အိုလေး’ထဲက သီချင်းလေးက....ငို....
ငါ့... ရင်ဘတ်ထဲက ‘စိတ်ကူးအိပ်မက်လေး’ကလည်း.... ပြို ....။ ။



======================================
ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

Wednesday, September 2, 2009

“မေတ္တာတရား”.... ဆိုသည်မှာ...




ကျွန်တော်အလုပ်လုပ်သော စက်ရုံရဲ့အနောက်ဘက်တွင် ကျွန်တော်တို့ထမင်းစားရာ ကင်(န်)တင်းလေးရှိ ပါသည်။

ထိုကင်(န်)တင်းကလေးတွင် လာရောက်ကာ နေထိုင်အခြေချနေကြသော ကြောင်ကလေးများရှိခဲ့ပါသည်။ သူတို့က ကင်(န်)တင်းတွင် ကျွန်တော်တို့ ထမင်းစားချိန်၊ လဖ္ဘက်ရည်သောက်ချိန်များတွင် အနားသို့လာ၍ ကျွန်တော်တို့ ကျွေးမည့်အစာများကို တောင်းစားတတ်ကြပါသည်။ တစ်ချို့တွေက စေတနာရှိ၍ ကျွေးကြ၊ သော်လည်း တစ်ချို့တွေကမူ သူတို့တွေရဲ့အနားတွင် ခေါင်းကလေးများမော့၊ လည်ပင်းကလေးများထောင် ကာ အစာမျှော်နေတတ်ကြရှာသော ကြောင်ကလေးများကို အရေးပင်မစိုက်...။ သူတို့စားနေသောထမင်း၊ ဟင်း၊ မုန့် စသည်တို့ကို တစ်ခြားလူများ ၀င်လုစားမည့်အလား အငမ်းမရစားနေတတ်ကြတာ ကျွန်တော် အမြဲလိုလို တွေ့နေခဲ့ရ၏။

သို့သော် ကျွန်တော်အပါအ၀င် ကျွန်တော်နှင့် ခင်မင်ရင်းနှီးနေကြသော မြန်မာလူမျိုးအလုပ်သမားကမူ ထို
ကြောင်ကလေးများကို အစဉ်အမြဲလိုလို ဂရုတစ်စိုက် အစာကျွေးခဲ့ကြပါသည်။ (ကျွန်တော့်ရဲ့မေမေပြောခဲ့ သလို အိမ်မွေးတိရစ္ဆာန်လေးတွေက လူတွေကျွေးမှ စားရတာမို့ပင်...။)

ထို့ကြောင့် သူတို့ကလည်း သိပ်ကိုလည်လှ၏။ ထမင်းစားချိန်၊ လဖ္ဘက်ရည်သောက်ချိန်များမှာဆိုရင် ကျွန် တော်တို့အနားမှာ ပင်တရစ်ဝဲ၀ဲ...။ သနားစရာ မျက်လုံးကလေးများနှင့် ငေးမျှော်ကြည့်ရင်း သူတို့ကို ကျွေး မည့် စားစရာကို ငံ့လင့်နေတတ်ကြမြဲ....။

လွန်ခဲ့သောလေး၊ငါးနှစ်လောက်တုန်းက ကင်(န်)တင်းတွင်ရှိသော ကြောင်အရေအတွက်မှာအတော်များသ လောက် ပြီးခဲ့သည့်နှစ်(၂၀၀၈)ခုနှစ်လယ်လောက်မှစပြီး ကင်(န်)တင်းတွင်ရှိသောကြောင်ကလေးများ၏အ ရေအတွက်မှာ တစ်ဖြည်းဖြည်းနှင့် လျှော့ပါးလာတာကို ကျွန်တော်သတိထားမိလာခဲ့၏။ အရွယ်ရောက်လာ ကြတာကြောင့် နေရာသစ်ရှာကြခြင်းမျိုးပင်ဟု...ကျွန်တော်လက်ခံထားမိခဲ့သည်။ (လူတောင်မှ အရွယ်တွေ ရ၊ နောက် အတောင်အလက်စုံလာခဲ့ပြီဆို သင့်တော်ရာနေရာကို ရှာဖွေလာကြသေးတာပဲလေ...။)

၂၀၀၈ခုနှစ် နှောင်းပိုင်းလောက်တွင်မူ ကျွန်တော်တို့ရဲ့ ကင်(န်)တင်းတွင် မှီခိုနေထိုင်ကြသောကြောင်အရေ အတွက်မှာ နှစ်ကောင်တည်းရှိတော့၏။နှစ်ကောင်စလုံးမှာ ရေညှိစိမ်းရောင်ဖျော့ဖျော့လေးများဖြင့် ဆင်တူ၊ပုံ စံတူဖြစ်ပေမယ့် သူတို့နှစ်ကောင်ကိုခွဲခြားဖို့ရာ ကျွန်တော်တို့အတွက် သိပ်မခက်ခဲလှ..။ တစ်ကောင်ကအမြီး တို၊ နောက်တစ်ကောင်က အမြီးရှည်ဆိုတော့ ခွဲခြားရတာလွယ်ကူလှပါသည်။ နှစ်ကောင်စလုံးမှာကြောင်မ လေးများဖြစ်ကြ၏။ တစ်ကောင်နှင့်တစ်ကောင်လည်း အတာ့်ကို ကြီး ပြင်းလာသည့်အထိတော်တော်လေးချစ် ခင်ကြပါသည်။ တစ်ခါမှ သူတို့နှစ်ကောင်ကို အချင်းချင်းကိုက်ပြီး ခိုက်ရန်ဖြစ်တာ မတွေ့ခဲ့ရဖူးပါ။

ထိုနှစ်ကောင်အနက် အမြီးရှည်မလေးမှာ အစားစားရာတွင် အိနြေ္ဒရသောအကောင်လေးဖြစ်၏။ တော်ရုံတန် ရုံ ပါးစပ်မှ အော်ဟစ်ကာ တစ်ညောင်ညောင်သံပေး၍ တောင်းရိုးထုံးစံမရှိ...။ စေတနာရှိလို့ ချကျွေးမှသာသူ ကစားသည်။ အေးအေးဆေးဆေးဖြင့်....။

သို့သော်...“အမြီးတိုမ”လေးကတော့ မရ...။ အစာကို လူ့အနားကပ်၊ ခြေထောက်ကိုသူ့ခန္ဓာကိုယ်နှင့် ပွတ် သီး ပွတ်သပ်လုပ်ကာ ပါးစပ်မှလည်း တစ် ညောင် ညောင်အော်ရင်း တောင်းတတ်သည်။ သူ့ကို ချပြီးကျွေး လိုက်ပြန်ရင်လည်း အေးရာအေးကြောင်း ဘယ်တော့မှ မစား...။ ဟိုဟို ဒီဒီ၊ တောင်ကြည့် မြောက်ကြည့် လုပ်ရင်း အငမ်းမရ စားတတ်လေသည်။ ကျွေးသမျှကိုလည်း စားနိုင်၏။ ကျွန်တော်ချကျွေးသော အသား၊ ငါး စသည့် သူတို့ကြိုက်တတ်သော အညှီများအပြင်... ကန်စွန်းရွက်ကြော်၊ မုန်ညှင်းရွက်ကြော်၊ မြေပဲဆံ ကြော်...စသည်တို့ကိုပါ မက်မက်စက်စက်စားတတ်လေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်လေးမှာ လုံးကျစ် ၀ဖြိုးနေခဲ့လေတော့သည်။

“အမြီးရှည်မလေး”မှာတော့ အစားကို ပုံမှန်ထက်ပိုမစား၊ မျှတရုံလောက်သာပဲ စားတတ်၍ ခန္ဓာကိုယ် လုံးကျစ်ကျစ်ကလေးနှင့် ကြောင်တစ်ကောင်တွင် ရှိသင့် ရှိထိုက်သော ကိုယ်လုံး ကိုယ်ထည်ထက် ပိုပြီးတက်မလာခဲ့...။ သို့သော်လည်း ကျွန်တော်သဘောကျသည့် အချက်ကလေးကသူ့ထံတွင် ရှိနေတာ ကြောင့် စိတ်ထဲတွင် “အမြီးရှည်မလေး”အပေါ် နည်းနည်းပိုမိသလိုရှိခဲ့ရ၏။ ထိုအရာကတော့ တစ်ခြားမဟုတ်။ သူဗိုက်ဝပြီဆိုလျှင် တော်ရာသို့သွားနေ၍ သူမရဲ့ ခြေ၊ လက်၊ အမြီးနှင့်ကျောကုန်း စသည့်နေရာများသို့ သူ့လျှာဖြင့် သိမ်းလျှက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်တတ်သောအကျင့် လေးကြောင့်ပင်ဖြစ်၏။

“အမြီးတိုမ”ကတော့ ထိုသို့မဟုတ်...။ စားပြီးတာနှင့် ကြွေပြားခင်းထားသော ကင်(န်)တင်းကြမ်းပြင် ပေါ်တွင် သူ့ခန္ဓာကိုယ်ကို ဗိုင်းခ,နဲပစ်လှဲချ....၊ ပြီးတာနဲ့ ခွေခေါက်ကာ သူ့ရှေ့ခြေနှစ်ချောင်းပေါ် ခေါင်းတင်ကာ မျက် စိနှစ်လုံးကို စုံမှိတ်အိပ်တတ်လေ၏။ ထို့ကြောင့် ဖြစ်ကတတ်ဆန်းနိုင်လှသော ထို“အမြီးတိုမ”ကို ကျွန်တော် နည်းနည်း မျက်မုန်းကျိုးမိသည်။

ယခုနှစ်(၂၀၀၉ခုနှစ်) အလယ်လောက်တွင်မူ ထိုကြောင်မလေးနှစ်ကောင်လုံး သူတို့၏သဘာဝအရ သားပေါက်ကြလေတော့သည်။ “အမြီးတိုမ”က နှစ်ကောင်၊ နောက် “အမြီးရှည်မ”က လေးကောင်။ သူတို့နှစ်ကောင်လုံးက သားပေါက်လေးများ လက်တစ်ဆုပ်သာသာအရွယ်တွင် ကလေးထိန်းရင်း ကျွန်တော်တို့ ကင်(န်)တင်းအနားသို့ ခေါ်ခေါ်လာတတ်တာကြောင့် သိရခြင်းသာဖြစ်၏။

ကျွန်တော်တို့ကင်(န်)တင်းမှာ လေ၀င်လေထွက်ကောင်းစေရန်အတွက် ဘေးဘက်တွင် အကာအရံ များမထားပါ။ မြင့်မား ကျယ်ပြန့်သည့် အမိုးနှင့်အတူ ထောက်ထားသော ကွန်ကရစ်တိုင်များသာရှိပါ သည်။ (မျက်စိထဲမြင်လာအောင် ရေးပြရမည်ဆိုရင်တော့ ဇရပ်ပုံစံမျိုးပေါ့။)

ထိုကင်(န်)တင်းရဲ့ဘိတ်ဆုံး(အစွန်းဆုံးတစ်ဖက်)တွင်ကျွန်တော်တို့လိုဆေးလိပ်သောက်တတ်သော လူများအတွက်(လူဆိုး၊ လူမိုက်များအတွက်) ဆေးလိပ်သောက်ရသော နေရာသပ်သပ်ရှိပါသည်။
(အများထမင်းစားရာ ကင်(န်)တင်းကြီးထဲတွင် ရောနှောသောက်ခွင့် မရှိပါ။ အဲ့သလို အပယ်ခံရ၏။)

ထိုဆေးလိပ်သောက်သောနေရာနားတွင် စီတန်း၍စိုက်ထားသော ပုဏ္ဏားရိပ်ပင်ပုပုလေးများအောက် နှင့်မြက်ခင်းစိမ်းစိမ်းလေးရဲ့အပေါ်တွင် ထိုကြောင်ပေါက်စကလေးများမှာ ပြေးလွှားဆော့ကစားတတ် ကြပါသည်။

ကြောင်မနှစ်ကောင်ခေါ်လာသော ကြောင်ပေါက်စကလေးများမှာ ချစ်စရာမျက်နှာပေးလေးများ၊ သေး သေးကွေးကွေး ခန္ဓာကိုယ်လုံးပုပုလေးများဖြင့် ချစ်စရာ၊ အသည်းယားစရာကောင်လွန်းလှ၏။ ဒါပေမဲ့ သူတို့က သိပ်ကြောက်တတ်ကြသည်။ သူတို့ အနားသို့ ကျွန်တော်တို့မရောက်နိုင်သေးခင် ပြေးလိုက် ကြတာများ လှစ်ခနဲ၊ လှစ်ခနဲပင်...။ သူတို့ရဲ့ အမေနှစ်ကောင်ကတော့ ကျွန်တော်တို့ကို ဘာမှရန်မူခဲ့ ခြင်းမရှိခဲ့။

ကျွန်တော့်စိတ်ထင် ကြောင်ကလေးများတစ်လသား အရွယ်လောက်တွင်ထင်ပါသည်။ နို့မပြတ်သေးခဲ့ သော ကြောင်ပေါက်စလေး လေးကောင်ကိုထား၍ “အမြီးရှည်မ”တစ်ကောင် ပျောက်ခြင်းမလှပျောက် သွားခဲ့လေတော့၏။ ခါတိုင်းလို ကျွန်တော်တို့ ထမင်းစားချိန်၊ လဖ္ဘက်ရည်သောက်ဆင်းချိန်၊ (ဆေးလိပ် ဆင်းသောက်ချိန်)များတွင် သူမကို လုံးဝမတွေ့ရတော့...။ ဒီလိုနှင့် တစ်ပတ်ကနေပြီး နှစ်ပတ်ဖြစ်လာ ကျွန်တော်တို့မှာ “အမြီးရှည်မ”တစ်ကောင် အဖြစ်ဆိုးတစ်ခုခုနဲ့ကြုံတွေ့ရရင်း ဒုက္ခဖြစ်ကာ အသက်ဆုံး ရှုံးသွားခဲ့ရပြီလား...၊ ဒါမှမဟုတ် မိခင်စိတ်ပျောက်သွားပြီး တစ်ခြားတစ်နေရာကို ထွက်သွားခဲ့တာလား ဟု အတွေးရခက်နေခဲ့မိကြလေတော့သည်။

ကျန်ရစ်ခဲ့သော ကြောင်ပေါက်စလေး လေးကောင်မှာ မျက်စိသူငယ်နားသူငယ် ဖြစ်ကာကျန်နေခဲ့တော့ လေ၏။ ထိုရက်ပိုင်းအတောအတွင်းမှာပဲ နောက်ထပ်ကြောင်ကလေးနှစ်ကောင်မှာ နို့မသောက်ရ၍ထင် ပါသည်။ သေဆုံးသွားခဲ့ကြလေပြန်သည်။ ထိုအခါ အမိမဲ့ ကြောင်ကလေးနှစ်ကောင်မှာ ကင်(န်)တင်း တွင် ယောင်ချာချာဖြင့် သနားစရာကျန်ရစ်ခဲ့ပြန်လေတော့သည်။ အရင်ကလိုလည်း သိပ်ပြီးမကစားကြ တော့...။ ကျွန်တော်တို့ကျွေးသော ပေါင်မုန့်လေးများ၊ မျှင်၍ကျွေးသော ကြက်သားကြော်အမွှာလေးများ ကိုစားပြီးလျှင် မနီးမဝေးမှာ သွားပြီး ခွေခွေခေါက်ခေါက်လေးလှဲနေတတ်ကြတော့၏။

သို့သော် “အမြီးတိုမ”နှင့် သူ့သားနှစ်ကောင်ကတော့ ကင်(န်)တင်းတွင် စားလိုက်ကြသည်မှာ အလုအ ယက်၊ ဆော့လိုက်ကြသည်မှာလည်း လက်လက်ကိုစင်နေလေတော့သည်။ (စိုင်းစိုင်းရဲ့ “တစ်လောက လုံးကို ဗြောင်းဆန်နေတာပါပဲ”...ဟုဆိုနိုင်မည်ထင်၏။) ထို့ကြောင့် ရွယ်တူချင်းဖြစ်ပါလျှက် ထိုအမိမဲ့ သောကြောင်ကလေးနှစ်ကောင်ထက် အမေရှိသောကြောင်ကလေးနှစ်ကောင်က ပိုပြီးထွားလာကြသ လိုရှိလာသည်။

တစ်နေ့ ကျွန်တော်တို့လဖ္ဘက်ရည်သောက်ဆင်းချိန်တွင်ဖြစ်သည်။ အနီးအနားတွင် လာရောက်ကာ အ စာတောင်းနေကြသော ကြောင်ကလေးများကို ကျွေးအပြီး၊ သူတို့တွေလည်းစားအပြီးတွင် “အမြီးတိုမ” က သူတို့ကြောင်သဘာဝအသံဖြင့် သူ့ကလေးနှစ်ကောင်ကိုခေါ်လေ၏။ ထိုအခါ အမိမဲ့သားကြောင်က လေးနှစ်ကောင်ကလည်းရောယောင်ပြီး(သူတို့အမေသူတို့ကိုခေါ်တယ်ထင်သလားမသိပါ၊)“အမြီးတိုမ” ထံ အပြေးအလွှားလေး သွားလိုက်ကြတာကို ကျွန်တော်တွေ့လိုက်ရပါသည်။

မျက်စိရှေ့မှာပင် “အမြီးတိုမ”က အနားသို့ရောက်လာသော ထိုအမိမဲ့သား ကြောင်လေးနှစ်ကောင်ကို ပါးစပ်မှ ခွီးကနဲနေအောင် ဒေါသတကြီးအော်ငေါက်ရင်း လက်တစ်ဖက်ဖြင့်ပါ ထိုသားပေါက်လေးနှစ် ကောင်ကို တစ်ချက်စီ လှမ်းကုတ်လိုက်တာ ကျွန်တော်တွေ့လိုက်ရသည်။ ထိုအခါကြောင်ကလေးနှစ် ကောင်မှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အနားတွင်ရှိသော ကွန်ကရစ်ရေနှုတ်မြောင်းတိမ်တိမ်လေးထဲ သို့ ကသောကမျောပြေးဆင်းသွားကြရှာလေတော့၏။

ကျွန်တော့်ရင်ထဲမှာ ၀ုန်းခ,နဲ ပေါက်ကွဲသွားမိ၏။ ကြည့်စမ်းပါဦး...။ လုပ်ရက်လိုက်တာ...၊ အကြင်နာ တရားတော်တော်မဲ့တာပဲ...ဟုလည်း စိတ်ထဲမှရေရွတ်မိသည်။ နောက် သူ့ကလေးနှစ်ကောင်ကိုသာ ဟိုလျှက်၊ ဒီလျှက်လုပ်ပေးနေသော ထိုကြောင်“အမြီးတိုမ”ကို ကျွန်တော့်အရှေ့စားပွဲခုံပေါ်တွင်ရှိနေခဲ့ သော ကော်ဖီခွက်ဖြင့် ကောက်ပေါက်လိုက်မိလေတော့သည်။ (ကြီးနိုင်ငယ်ညှင်းလုပ်တာကို မကြိုက် နှစ်သက်သော ကျွန်တော်၊ ကိုယ်တိုင် ကြီးနိုင်ငယ်ညှင်းလုပ်မိတာ အခုဒီစာရေးနေရင်းနဲ့မှ ပြန်စဉ်းစား မိပါသည်။)

ပါးစပ်မှလည်း ရိုင်းပြစွာဖြင့် “သေစမ်းကွာ...၊ တော်တော်ဆိုးတဲ့ကောင်မ”...ဟု ရေရွတ်မိခဲ့သေး၏။
ကျွန်တော်ပစ်လိုက်သော ကော်ဖီခွက်မှာ အကြွေစေ့ထည့်ပြီးဝယ်ရသောစက်မှ နက်(စ်)ကော်ဖီ တံ ဆိပ်နှိပ်ထားသော စက္ကူခွက်လေးဖြစ်သည့်အပြင် ခွက်ထဲတွင်လည်း ကော်ဖီက ဖင်ကပ်လောက်ပဲ ကျန်တော့တာကြောင့် ပစ်မှတ်ဖြစ်သောထို“အမြီးတိုမ”ဆီကိုမရောက်ပဲလမ်းထက်မှာပင် လွင့်ကျ၍ သွားလေတော့၏။ သို့သော်လည်း ထို“အမြီးတိုမ” ကတော့ ကျွန်တော့်မျက်နှာမှဒေါသထန်နေသော အသွင်နှင့် သူ့ကိုလှမ်းပစ်လိုက်သော ဟန်ကြောင့် ပြေးလိုက်သည်မှာ ထောင်၍နေတော့သည်။ သူ့ ကလေးနှစ်ကောင်ကလည်း အနောက်ကနေ ၀ရုန်းသုန်းကားနိုင်လှစွာဖြင့် ပြေးကြလေတော့သည်။

ထိုအဖြစ်အပျက်ကို အစမှအဆုံးမမြင်လိုက်ရသော ဘေးနားမှာရှိသည့် သူငယ်ချင်းများက “ဘာဖြစ် တာလည်း”...ဟု ကျွန်တော့်ကိုဝိုင်းမေးကြ၏။ အဖြစ်အပျက်အားသူတို့ကို ပြန်ပြောပြရင်း ကျွန်တော့် ရင်ထဲတွင် မိခင်မဲ့ ကြောင်ကလေးနှစ်ကောင်ကို သနားရင်း...၊ ထို“အမြီးတိုမ”ကိုတော့ ဒေါသထွက် နေမိခဲ့တော့သည်။

ကျွန်တော့်ရဲ့ အပြုအမူကိုလည်း “အမြီးတိုမ”က မှတ်မိသည်ထင်ပါသည်။ နောက်ရက်များတွင် ကျွန် တော့်အနားသို့လာမကပ်တော့...။ ကျွန်တော့်ကိုမြင်လျှင် တစ်ချိုးတည်း ထွက်ထွက်ပြေးတတ်လေ တော့၏။ တစ်ခါတစ်လေ ကျွန်တော်ကော်ဖီစက်နားမှာ ရပ်၊ အကြွေစေ့ထည့်ပြီး ကော်ဖီခွက်ကို ရပ် စောင့်နေတုန်း သူနှင့်ပတ်ပင်းတိုးလျှင် ကျွန်တော်က မျက်နှာထိ မျက်နှာထားဖြင့် (ရိုင်းပြစွာ)“ဟဲ့... ကြောင်ဆိုးမ”ဟု ခပ်ငေါက်ငေါက်လှမ်းခေါ်လျှင်ပဲ...အဲ့ဒီ “အမြီးတိုမ”ခမြာ ပြေးလိုက်ရသည်မှာ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျလောက်အောင်ပင်။

သူကျွန်တော့်အနား မလာရဲတော့ သူ့ကိုကျွေးမည့်အစာများကို ထိုအမိမဲ့ကြောင်ကလေးများအားပို ကျွေးလို့ရသွားပါသည်။ (အရင်ကတည်းကကျွန်တော်သူ့ကို ဆတ်စလူးထလွန်းလို့(ကန်တော့ပါနော်) မျက်မုန်းကျိုးခဲ့တာ အပေါ်မှာ ရေးခဲ့ပြီးပါပြီ။)

သို့သော်လည်း နောက်ပိုင်းတွင်မူ ထိုအမိမဲ့သားကြောင်ကလေးနှစ်ကောင်မှာ “အမြီးတိုမ”ရဲ့သားနှစ် ကောင်က မြက်ခင်းပေါ်တွင် တစ်ကောင်နှင့် တစ်ကောင်လိုက်တမ်း ပြေးတမ်းကစားကြတာ၊ ဖမ်းမိ သောအခါ နှစ်ကောင်သား နားပန်းလုံးကြတာ၊ ပုဏ္ဏရိပ်ကိုင်းပျော့ပျော့လေးများကို ခုန်တက်ပြီး ယီး လေးခိုစီးတာ... စတာတွေကို ဘေးကနေ အတိုင်းသားမြင်နေရပေမယ့် ၀င်မဆော့ရဲကြရှာတော့ပါ။ (“အမြီးတိုမ”က ကိုက်မှာစိုးလို့ ထင်ပါသည်။)

ိုထိုမြင်ကွင်းလေးကို မြင်ရတိုင်း ကျွန်တော့်မှာ မိခင်မဲ့ကြောင်ကလေးနှစ်ကောင်ကို သနားတဲ့စိတ်များ ရင်မှာ ဖြစ်ရမိ၏။ သူတစ်ပါးမိသားစု ပျော်မြူးစွာဆော့နေကြတာကို အဝေးမှငေးကြည့်နေရရှာသော ထိုကြောင်ကလေးနှစ်ကောင်ကို ကျွန်တော့်အပြင် တစ်ခြားမြန်မာလူမျိုးအလုပ်သမားများကပါ ဂရု ဏာသက်ခဲ့ကြရလေ၏။ သို့သော်လည်း ဘာဆို ဘာမှမတတ်နိုင်ခဲ့ကြ...။

ထိုအဖြစ်အပျက်များအလွန် တစ်ပတ်ကျော်ကျော်ကြာမြင့်သောနေ့တစ်နေ့တွင်ဖြစ်၏။ ညပိုင်းအလုပ် ဆင်းနေရသောကျွန်တော်....။ တစ်ည ညဥ့်သုံးနာရီခန့်တွင် ဆေးလိပ်သောက်ချင်လာ၍(လူမိုက်အ လုပ်ကိုလုပ်ရန်) ကင်(န်)တင်းကို တစ်ယောက်တည်းဆင်းလာမိခဲ့သည်။ သို့သော်ကျွန်တော်တို့ဆေး လိပ်သောက်ဖို့ သတ်မှတ်ထားသည့် နေရာလေးသို့မရောက်သေးခင်လှမ်းမြင်လိုက်ရသော မြင်ကွင်း တစ်ခုကြောင့် ကျွန်တော့်ခြေလှမ်းများကို ဆက်လှမ်းလို့မရနိုင်လောက်အောင် ဖြစ်သွားရပါသည်။ နောက် တစ်ကိုယ်လုံးလည်း ကြက်သီး၊ မွှေးညှင်းများ ထ,လာတဲ့အထိ (ဘာရယ်မှန်းမသိသော) ခံစားချက်တစ်ခု ကိုလည်း ခံစားလိုက်ရပါသည်။

ကင်(န်)တင်းမှ ဖျာကျနေသော မီးရောင်လဲ့လဲ့အောက်တွင်ကြောင်ကလေး လေးကောင်အားနို့တိုက် ကျွေးနေခဲ့သော ကျွန်တော်မျက်မုန်းကျိုးခဲ့သည့် “အမြီးတိုမ”...။ နို့တိုက်ရင်းနဲ့ ထို ကလေးများအား တစ်လှည့်စီ ခန္ဓာကိုယ်လေးများပေါ်ကို လျှာဖြင့် သိမ်းလျက်ပေးနေခဲ့သော “အမြီးတိုမ”...။ သူ့ရဲ့က လေးနှစ်ကောင်နှင့်အတူ မိခင်မဲ့ကလေးနှစ်ကောင်ကိုပါ ယုယစွာ ကြင်နာနေခဲ့သော “အမြီးတိုမ”..။

ကျွန်တော်ရှေ့ဆက်မသွားဖြစ်တော့...။ (ကျွန်တော့်ကိုမြင်လျှင် “အမြီးတိုမ” ထွက်ပြေးခဲ့ပါက ငြိမ်းချမ်းနေ ခဲ့သော သူတို့ အခြေအနေလေး ပျက်ယွင်းသွားမှာစိုးရိမ်မိလို့သာဖြစ်ပါသည်။) နောက်သို့ ပြန်လှည့်ခဲ့ရင်း (ဆေးလိပ်သောက်ချင်နေသောအချိန်တွင် မသောက်လိုက်ရသော်လည်း) ရင်ထဲမှာတစ်ခုခုအတွက် ကျေနပ် နေခဲ့မိသလိုပင်...။

နောက်ရက်များတွင် ကျွန်တော်တို့သည် “အမြီးတိုမ” နှင့်သူ့သားလေးနှစ်ကောင်၊ နောက် မွေးစားသား လေးနှစ်ကောင်ဖြင့် ပျော်ရွင်စွာ ပြေးလွှားကစားနေကြတာ...၊ နောက် အလုအယက် နို့ဝိုင်းစို့နေကြတာ တွေကို တွေ့နေခဲ့ရပါတော့သည်။ တွေ့ရတိုင်လည်း ကျွန်တော့်ရင်ထဲမှ “အမြီးတိုမ”ကို သူ မသိနိုင်ခဲ့ ပေမယ့် တောင်းပန်နေမိရင်း..၊ မိခင်မဲ့ကြောင်ကလေးများကိုယ်စား“အမြီးတိုမ”ကို ကျိတ်ကာ ကျေးဇူး တင်နေမိခဲ့ပါတော့သည်။ နောက်ပြီးတော့လည်း“အမြီးတိုမ”တစ်ကောင် ကြောင်ကလေးများတွင် မိခင် မရှိတော့တာ တစ်ကယ်ပဲသိသွားလို့လား...? ဒါမှမဟုတ် မိခင်မဲ့ကြောင်ကလေးများကို သားသမီးချင်း ကိုယ်ချင်းစာပြီး သနားသွားလို့ လက်ခံလိုက်တာလား...?စသဖြင့် တွေးနေမိပါသည်။ (တစ်ကယ့် အ ဖြစ်မှန်ကိုတော့ “အမြီးတိုမ”တစ်ကောင်မှလွဲပြီး ဘယ်သူမှမသိနိုင်ပါ...။)

နောက်ပြီး သူတို့တွေအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ကစားနေကြတာကိုမြင်တိုင်း ဒီနှစ် ဧပရယ်လ လယ် လောက်တွင် သူ့ဘလော့(ဂ်)မှာရော ဒီ“အိပ်မက်များ”မှာပါ ရေးသားခဲ့သော “မလေး” (အစ်မ တစ်ပြည် သူ အိမ့်ချမ်းမြေ့ရဲ့)“ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်”...ဆိုသော ရုပ်ရှင်ခံစားမှု ဆောင်းပါးတစ်ပုဒ် ထဲမှ “တိရစ္ဆာန်တွေဟာလဲ တစ်ခါတစ်ရံမှာ လူသားတွေထက် လူသားဆန်စွာနဲ့”...ဆိုတဲ့ စာသားလေး ကို သတိရနေမိတတ်ခဲ့ပါတော့သည်။

~~~~~~~@@@@~~~~~~~


(ပုံလေးကို ဒီနေရာမှ ယူသုံးပါတယ်ခင်ဗျာ....။)

======================================================
“မလေး”ရေ...
ကြိုတင်ခွင့်မတောင်းပဲ “မလေး”ရဲ့ ပို့(စ်)ထဲက စာသားလေးကို ယူသုံးမိလို့ ဒီနေရာလေးကနေပြီး လေး စားစွာတောင်းပန်လိုက်ပါတယ်....။ ခွင့်လွှတ်ပါခင်ဗျာ...။
======================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

“အမှတ်တမဲ့များ”....နှင့် ...ကျွန်တော်...(၂)

အမှတ်တမဲ့(ခ)
~~~~~~~~~~~~~

ကျွန်တော် အထက်တန်း(ဆယ်တန်း)ကျောင်းသားဘ၀က ဖြစ်ပါသည်။

ထိုစဉ်က ကျွန်တော်သည် အတန်းထဲတွင် ကျွန်တော်နှင့်မသိသူ မရှိသလောက် တစ်တန်းလုံးနှင့် ခင်မင်ရင်းနှီးခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါသည်။ တစ်နေ့တွင် “သူငယ်ချင်းကောင်မလေးတစ်ယောက်”က ကျွန်တော့်ကို သူ့‘အော်တို’စာအုပ်လေးထဲတွင် အမှတ်တရအဖြစ် ကဗျာလေးတစ်ပုဒ်ကို ရေးခိုင်း ပါသည်။ထိုအချိန်တုန်းက ကျွန်တော်တို့ကျောင်းသားဘ၀တွင် စာမေးပွဲနီးလာပြီဆို‘အော်တို’ ရေးခိုင်း ခြင်းများသိပ်ကိုခေတ်စားလှပါသည်။

ထိုသူငယ်ချင်းကောင်မလေးမှာ မတောက်တစ်ခေါက် စာတွေ၊ ကဗျာတွေရေးရတာ ၀ါသနာပါသော ကျွန်တော့်အကြောင်းကိုသိ၍ သူ့စာအုပ်လေး ထဲတွင် ကဗျာရေးခိုင်းခြင်းပင်...။ (အရူး..ဘုံမြှောက် ခဲ့လေသလား..ဟု အခုမှစဉ်းစားမိ၏။) နောက်ပြီးတော့ ထိုသူငယ်ချင်းကောင်မလေးမှာ ကျန် သော တခြားယောက်ျားလေး သူငယ်ချင်းဟူ၍ များများစားစားသိပ်မရှိပါ..။ တော်တော်လေးအနေငြိမ်လှ၏။

သူမ၏စာအုပ်ကလေးမှာ လှတ ပတလေးဖြစ်သည်။ မိုးပြာရောင်နောက်ခံကပ်ထူအဖုံးလေးပေါ်တွင် ပန်းပွင့်သေးသေးနုပ်နုပ်ပုံလေးများကိုနောက်ခံထား၍ အပေါ်မှ အသဲပုံလေးများနှင့် ကာတွန်းပုံလေး တချို့ကိုရောယှက်ကာ ဒီဇိုင်းဆွဲထားသော လက်တစ်ညို့သာသာရှည်သည့် မထူမပါး ချစ်စရာ စာအုပ် ကလေးပင်...။

ကျွန်တော့်စားပွဲခုံကို ပြန်ရောက်တော့ ကိုယ့်ကိုရေးခိုင်းတာ အရင်မရေးသေးပဲ သူများတွေက ဘယ်လိုများရေးထားကြသလဲ...ဟုတွေးရင်းစာအုပ်ကလေးကို အရှေ့မှစ၍ ဖတ်နေမိလိုက်၏။ မှတ်မိ ပါသေးသည်။ သူမရဲ့စာအုပ်လေးထဲမှာ ရေးထားတာတွေက....

“ဘ၀တစ်ကွေ့မှာ...
ခဏတွေ့ရပေမယ့်....
ထာဝရမမေ့ပါဘူးကွာ”.... ဆိုတာမျိုးတွေ...။ နောက်ပြီးရှိပါသေးသည်။

“ပိန်းရွက်ရေစို...
တမာချိုလို့....
မြွေကဖားကို...
ချစ်ရေးဆိုမှ...
မင်းကို ဒို့ မုန်းမေ့လိုက်မယ်”... ဆိုတာမျိုးတွေရောပင်...။ အောက်မှလည်း ဘယ်သူ၊ ဘယ်ဝှါ..စသဖြင့် လက်မှတ်တွေကို ရှုပ်ရှက် ခက်နေအောင် (အဆန်းတစ်ကာ့ ထိပ်ခေါင်တင်သည့်နည်းများဖြင့်) ထိုးထားကြ တာကိုလည်းတွေ့ရ၏။ နောက်..ဟိုကျော်...ဒီကျော်ဖြင့် ကျွန်တော်လျှောက်ဖတ်ကြည့်တော့ ၀တ္ထုတွေထဲမှ သူမကူးထားဟန်တူသော ကဗျာများကိုလည်းတွေ့ရ၏။ ဘာတဲ့...“မြတ်နိုးတွယ် ရစ်...သိပ်ချစ်တယ် မောင်”.....ဆိုသောကဗျာလေးတစ်ပုဒ်တော့ ကျွန်တော်ကောင်းကောင်းမှတ်မိနေပါသေးသည်။ ထပ်ပြီးတော့ဖတ်ရသည့်ကဗျာ များမှာ မိန်းကလေးများ၏ ပုဂ္ဂလိက ခံစားချက်များနှင့် တိုက်ဆိုင် နေတတ်သော အလွမ်း၊ အဆွေးဖွဲ့ နုနု လှလှ ကဗျာလေးများပင်ဖြစ်၏။

ထို့နောက်...စာအုပ်ထဲတွင် ကျွန်တော်ရေးနိုင်မည့် နေရာလွတ်စာမျက်နှာတစ်ခုကိုဖွင့်ပြီး ဘော(လ်)ပင်ကို ပါးစပ်မှကိုက်ရင်း..“သူများတွေနဲ့မတူရ အောင် ငါဘယ်လိုကဗျာမျိုးရေးရရင်ကောင်းမလဲ”...? ဟု စဉ်းစား ခန်း ၀င်နေလိုက်မိသည်။ ထိုစဉ် မုန့်စား ဆင်းချိန်ရောက်၍ မြည်လာသော လျှပ်စစ်ခေါင်းလောင်းသံကို စူးရှကျယ်လောင်စွာဖြင့် ကြားလိုက်ရပါသည်။

ထိုအခါ သူမရဲ့စာအုပ်လေးကို ခပ်မြန်မြန်ပိတ်...၊ ပြီးတော့ စားပွဲပေါ်ရှိ ကျွန်တော့်စာအုပ်တချို့ပေါ်တွင် ဒီ အတိုင်းတင်ထားရစ်ခဲ့ကာ ကျောင်းမုန့်ဈေးတန်းဆီသို့ သူငယ်ချင်းများနှင့်အတူအပြေးအလွှားသွားလိုက်မိ တော့၏။ (ကျွန်တော်တို့ကျောင်းမှ မုန့်ဟင်းခါးဆိုင်မှာ နောက်ကျ ခြေထောက်.....သစ္စာဖောက်ပင်ဖြစ်၏။ နောက်ကျသွားလျှင် ငတ်ရတာများလှပါသည်။ နောက် ကျောင်းမှာနှစ်ချိန်ကျောင်းဖြစ်၍ မုန့်စားဆင်းချိန်မှာ မိနစ်သုံးဆယ်မျှသာရှိပါသည်။)

မုန့်စားကျောင်းပြန်တက်ကာနီးအချိန်မှကပ်၍ အတန်းထဲသို့ ကျွန်တော်ပြန်ဝင်ဖြစ်သည်။ တစ်တန်းဝင် တစ် တစ်တန်းထွက်ဖြင့် အခြားတန်းခွဲများရှိ သူငယ်ချင်းများနှင့် ဟေးလား...၀ါးလား...လုပ်နေခဲ့ခြင်းကြောင့် သာ ဖြစ်၏။ ကျွန်တော့်ခုံကိုပြန်ရောက်တော့ စောစောကထားခဲ့သော ‘အော်တို’ ..စာအုပ်လေးထဲတွင် ကဗျာရေး ပေးရန် ပြန်သတိရကာ ထားခဲ့သော စာအုပ်ပုံပေါ်ကိုကြည့်မိတော့ ထိုစာအုပ်ကလေးက ရှိမနေတော့။ ကျွန် တော့်စိတ်ထဲတွင် နောက်တစ်ယောက်ကိုများ ရေးခိုင်းဖို့ သူခဏပြန်ယူသွား တာများလား...ဟု စဉ်းစားနေမိ ဆဲခဏတွင်သူ့အချိန်ဖြစ်၍အတန်းထဲသို့ဝင်လာပြီဖြစ်သော ရူပဗေဒ ဆရာမကြောင့် ထိုအတွေးကို ခေါင်း ထဲမှ ခဏထုတ်ထားလိုက်ရသည်။ သို့သော်လည်း ကျွန်တော့်စိတ်ထဲ သိပ်ဘ၀င်မကျမိခဲ့....။

ရူပဗေဒအချိန်ပြီးတော့ နောက်ဆရာ မ၀င်သေးခင်... ထိုသူငယ်ချင်းကောင်မလေးရှိရာ ခုံကိုသွားပြီး ‘နင့် စာ အုပ်ကို နင်ပြန်ယူထားသေးလားဟုကျွန်တော်ခြေရာခံစွာ သွားမေးမိသည်။ ထိုအခါ ထို သူငယ်ချင်းကောင်မ လေးက အနည်းငယ်နီမြန်းနေခဲ့သော မျက်နှာ၊ စိုစွတ်နေခဲ့သောနီစပ်စပ်မျက်ဝန်း လေးများဖြင့်ကျွန်တော့်ကို စူးရဲစွာစိုက်ကြည့်ရင်း...

“သွား... နင်ငါ့ကို ဘာမှလာမမေးနဲ့...။ ငါ့စာအုပ်ထဲမှာလည်း နင်ဘာကဗျာမှ
ရေးပေးစရာမလိုတော့ဘူး...။ နင့်ကိုလည်း ငါသိပ်မုန်းတယ်...။ အလကား ငါ့
ကိုအရှက်ခွဲတဲ့ကောင်စုတ်...။ ဒီနေ့ကစပြီး နင်မြဲမြဲမှတ်ထားလိုက်...။ နင်နဲ့ ငါ့
ကြားမှာ ဘာသူငယ်ချင်းအကန့်မှ မရှိတော့ဘူး”.... ဟု မာကျောစွာ ကျွန်တော့်ကိုပြောလေတော့သည်။

ဘလိုင်းကြီးကောတာကိုခံလိုက်ရ၍ ရုတ်တရက်တော့ ကျွန်တော် အူကြောင်ကြောင်ဖြစ်မိသွား၏။ နောက် တော့နားလည်နိုင်စွမ်းကင်းမဲ့စွာ သူမကို ထပ်မေးရန်ဟန်ပြင်တော့ သူ့ဘေးတွင်ထိုင်နေသောတစ်ယောက် က ကျွန်တော့်ကို ...

“ဟဲ့..နင်သွားတော့...။ ဒီမှာလာပြီး ထပ်မေးမနေနဲ့တော့....။ အေး...နင်သိပ်
သိချင်နေတယ်ဆိုရင် နင့်သူငယ်ချင်း ‘ကျောက်ကျောရေပက်.... အစုပ်ပလုပ်
ကောင်’ “.....” ကိုသွားမေးကြည့်တော့”......ဟု ၀င်ဟောက်ပြန်ပါသည်။

ကြာလာရင် အရှက်ကွဲတော့မှာစိုး၍ သူတို့နားမှ ကျွန်တော်လှည့်ထွက်လာခဲ့လိုက်ရသည်။ နောက် သူတို့ ပြောလိုက်သော နာမည်ပိုင်ရှင် သူငယ်ချင်းကို သွားမေးတော့မှ အဖြစ်မှန်ကို ကျွန်တော်သိခဲ့ရပါတော့၏။ ဖြစ်ပုံက ဒီလိုပင်...။

မုန့်စားကျောင်းဆင်းခါနီး ကျွန်တော်‘အမှတ်တမဲ’့ထားခဲ့မိသော စာအုပ်ပုံပေါ်မှ ထိုသူငယ်ချင်းကောင်မလေး ရဲ့စာအုပ်ကို ကျွန်တော့်ထက်အရင် အတန်းသို့ပြန်ရောက်သွားသော ကျွန်တော့်သူငယ်ချင်း လောင်စိန်တစ် ကောင်က တွေ့သွားခဲ့သည်။ ထိုကောင်မှာ ကျွန်တော့်စာပွဲပေါ်မှ ထိုစာအုပ်ကလေးကို ယူပြီး ကျန်သောသူ ငယ်ချင်းများနှင့်အတူ အနည်းငယ်ကျယ်လောင်သောလေသံဖြင့် ပါးစပ်မှ အသံထွက်ပြီးဖတ်ကာ တစ်..ဟီး ဟီး...၊ တစ်ဟား... ဟား...လုပ်နေခဲ့ကြသည်ဆို၏။

ဒါကို မုန့်စားကျောင်းလွှတ်ချိန်တွင် ဆင်းမစားပဲ အိမ်မှပါလာသည့် မုန့်ဘူးလေးကိုဖွင့်စားနေခဲ့သော ထို စာ အုပ်ပိုင်ရှင် ကောင်မလေးနှင့် သူ့ဘော်ဒါများက မြင်နေ..၊ ကြားနေခဲ့ရသည်။ ပထမတော့ ရှက်၍ ဘာမှ မ ပြောခဲ့ပေမယ့် နောက်ပိုင်းကျတော့ (ရင်တွင်းဖြစ်ကဗျာများကို အသံထွက်ပြီးဖတ်နေခဲ့ကြတော့)သူငယ်ချင်း ကောင်မလေးခမြာ သည်းညည်းမခံနိုင်တော့ဘဲ...ထိုလောင်စိန်ကောင်များရဲ့လက်အတွင်းမှ သူ့စာအုပ်က လေးကို ဒေါသတစ်ကြီးဖြင့် လာရောက်ဆွဲယူသွားခဲ့လေတော့သည်။ နောက်ပြီး ကျွန်တော့်သူငယ်ချင်းများ ကိုလည်း “အရိုင်း အစိုင်းကောင်တွေ...၊ နင်တို့ကို ဆရာမနဲ့တိုင်ပြောမယ်”..ဟုလည်း ခြိမ်းခြောက်သွားခဲ့လေသေးသည်ဟု ကျွန်တော်ပြန်သိရတော့ စိတ်မကောင်း ခြင်းကြီး စွာဖြစ်မိရပါသည်။ (သို့သော်လည်း တစ်ကယ်တမ်းတွင် သူမက ဆရာမနှင့်သွားမတိုင်ခဲ့ပါ...။)

အမှန်တစ်ကယ်တော့ သူမသည် အလွန်သိမ်မွေ့ ရှက်ကြောက်တတ်သူလေးတစ်ဦးပင်ဖြစ်ပါသည်။ ကျွန် တော်နှင့်ခင်မင်၍သာ ကျွန်တော့်ကို အမှတ်တရ ကဗျာလေးရေးခိုင်းခဲ့ခြင်းသာဖြစ်၏။ သို့သော်လည်း သူမ ရဲ့ စာအုပ်လေးကို `အမှတ်တစ်မဲ့’ဖြင့် သေသေချာချာမသိမ်းဆည်းခဲ့ပဲ ခုံပေါ်တွင် ဒီအတိုင်း(ပစ္စလတ်ခတ်) နိုင်လှစွာ ထားပစ်ခဲ့သော ကျွန်တော့်ကြောင့် သူမခမြာ အရှက်ကွဲသလိုဖြစ်ခဲ့ရပါသည်။ ဒီကိစ္စအတွက်ကျွန် တော့်မှာ မပြေးသော်လည်းကန်ရာရှိ ဆိုသလိုအခြေအနေမျိုးသို့ အလိုလိုနေရင်းရောက်သွားခဲ့ရလေတော့ ၏။ ထို့အတွက် ကျွန်တော်သူမကို ပြေရာပြေကြောင်းတောင်းပန်ချင်တာတောင်မှ အခွင့်မရခဲ့တော့ပါ။

ဘာကြောင့်လည်းဆိုတော့ ထိုအဖြစ်အပျက်များအပြီးတွင် တစ်ပတ်နှစ်ပတ်ခန့်သာ သူမ ကျောင်းတက်ခဲ့ တာကြောင့်ပဲဖြစ်၏။ ထိုရက်ပိုင်းအတောအတွင်းတွင်လည်း သူမက ကျွန်တော့်ကိုမြင်လျှင် ခါးခါးသီးသီး စူးစိုက်ကြည့်တတ်ကာ ချာခနဲ, ချာခနဲ မျက်နှာလွှဲလွှဲသွားတတ်တာကြောင့်ပင်...။ များသော အားဖြင့်လည်း ကျွန်တော်ရှိသောရပ်ဝန်းကို သူရှောင်ရှားစွာနေတတ်ပါသည်။ (နောက်ပိုင်း သူ့သူငယ်ချင်းတွေ ပြန်ပြောပြတဲ့ စကားများအရ ကျွန်တော့်ကို တစ်သက်လုံးမုန်းသွားမည်..။ ကျွန်တော့်ကြောင့် သူမ၏ဘ၀တွင် ပထမဦးဆုံး အကြိမ် လူများအကြားတွင် အရှက်ကွဲခဲ့ရတာကိုလည်း သူ့တစ်သက်လုံး ဘယ်တော့မှ မမေ့နိုင်တော့ပါ ဟု သိခဲ့ရပါသည်။)

ထိုကဲ့သို့ဖြင့် တစ်ပတ်၊ နှစ်ပတ်မျှသာ သူမ ကျောင်းဆက်တက်ပြီး နောက်ပိုင်းတွင် ကျွန်တော်တို့၏ အတန်း တင်စာမေးပွဲကြီးနီးကပ်လာပြီဖြစ်၍ သူမကျောင်းသို့မလာတော့ပဲအိမ်တွင်သာစာကျက်ရန် စာမေး ပွဲဖြေသည့် အထိ ခွင့်ရက်ရှည် ယူသွားခဲ့ပါတော့သည်။ (ထိုအချိန်မှာ လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်ကဖြစ်ပြီး အခုအချိန် ဒီ စာကို ကျွန်တော်ရေးနေသည့် လက်ရှိအချိန်အထိသူမနှင့်ကျွန်တော် တစ်ခေါက်တောင်မှ ထပ်မံမတွေ့ဆုံဖြစ် ခဲ့တော့ပါ...။)

အဲ့ဒီလိုနည်းမျိုးဖြင့် ကျွန်တော်သည်အတက်တန်းကျောင်းသားဘ၀က‘အမှတ်တမဲ့လုပ်ရပ်’လေးတစ်ခု ကြောင့် ကျွန်တော့်ကို ဖြူစင်စွာခင်မင်ခဲ့သော သူငယ်ချင်းကောင်မလေးတစ်ယောက်ကို ဆုံးရှုံးသွားခဲ့ရရုံ မျှမကသေး သူမကိုလည်း လူပုံအလယ်တွင် အရှက်တစ်ကွဲ အကျိုးနည်းပုံစံမျိုးနှင့် တွေ့ကြုံစေ ခဲ့မိသေးကြောင်းကိုလည်း အခုအချိန်တွင် တစ်ခါတစ်ရံ ‘အမှတ်တရ’အဖြစ် သတိတရ ရှိနေ တတ်ခဲ့ ပါသေးတော့သည်။ ။

============================================
ကျန်တာတွေကိုလည်း နောက်မှဆက်ရေးပါဦးမယ်ခင်ဗျာ....။ ။
============================================

ချစ်ခြင်းအားဖြင့် .....

ဏီလင်းညို....

“အမှတ်တမဲ့များ”.... နှင့် ကျွန်တော်....(၁)

အမှတ်တမဲ့(က)
~~~~~~~~~~~
ကျွန်တော် မူလတန်းကျောင်းသားဘ၀တုန်းက ဖြစ်ပါသည်။

ကျောင်းဆင်းခါနီးအချိန်တွင် ဆရာမက ကိုယ့်ပစ္စည်းများကို ကိုယ်တိုင်ပြန်စစ်ရန် သတိပေးတာကြောင့် လွယ်အိတ်ကို စားပွဲခုံပေါ်တင်ရင်း အထဲမှ ပေတံ၊ စာအုပ်နှင့် ကွန်ပါဘူးစ,တာတွေ စုံ၊ မစုံကို မွှေနှောက်ကာ ကျွန်တော်စစ်ဆေးနေမိ၏။ ထိုအခိုက် အတန်းရဲ့ရှေ့ဆုံးရှိခုံတွင် ထိုင် နေခဲ့သော ကျွန်တော့်စားပွဲနှင့် ဆက်နေသောစားပွဲခုံတွင် ထိုင်နေခဲ့သောဆရာမက ကျွန်တော့်ကို ကြည့်ရင်းအမှတ်မထင် ပြောခဲ့လေသည်။

“သားရယ်....၊ မင်း တော်တော်ညစ်ပတ်ပါလားကွယ်....။
ကြည့်စမ်း... မင်း လွယ်အိတ်အမှီးမှာ ဇီးစေ့တစ်စေ့ ကပ်လို့”....

ကမန်းကတန်းဖြင့် ကျွန်တော့်ရဲ့ ကချင်လွယ်အိတ်အစိမ်းရောင်လေး၏ ဖင်ပိုင်းကို လှည့်ပတ်ကြည့်မိတော့ ဟုတ်ပါသည်။ လွယ်အိတ်အမှီးဖျား လေးတွင် ဇီးစေ့လေးတစ်စေ့က ကပ်လျှက်သား...။ ကပ်နေတာများ ဘယ်လောက်တောင်မှ ကြာနေခဲ့ပြီလည်းမသိနိုင်တော့...။ ဇီးစေ့လေးမှာဖြင့် ခြောက်တောင်နေခဲ့ပြီ....။

ဇီးစေ့လေးကို လွယ်အိတ်အမှီးဖျားမှနေ အသာဆွဲခွာရင်း ရှက်ပြုံးလေးတစ်ခုကို ဆရာမအားကျွန်တော်ပြုံးပြခဲ့မိ၏။ ဘေးနားက သူငယ်ချင်းကမူ ကျွန်တော့်အဖြစ်ကိုကြည့်ပြီး သူ့လက်ညှိုးလေးကို ကွေးချည်...၊ ဆန့်ချည်လုပ်ကာ ‘ကရော်... ကရော်.... ရှက်ပါတယ်’.... ဟု ကျွန်တော့်ကိုတိုး တိုးလေး ကြိတ်လှောင်လေသည်။ ကျွန်တော်က ‘ဘာဖြစ်လဲ... ဘာဖြစ်လဲ’.... ဟု အရှက်ပြေပြန်ပြောခဲ့တာ မှတ်မိနေသေး၏။ နောက်.... အဲ့ဒီ အကြောင်းတွေကို (ကလေးပီပီ) ကျွန်တော့်ခေါင်းထဲမှာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပြန်သည်။ ကျောင်းဆင်းကာနီးပြီးကိုး...။

ကျောင်းဆင်းတော့ မေမေက လာကြိုသည်။ ထုံးစံအတိုင်း မေမေနှင့်ကျွန်တော် အိမ်အပြန်လမ်းတွင်စကားတွေဖောင်ဖွဲ့နေမိကြ၏။ မေမေကကျွန် တော့်ကို ‘ဒီနေ့ ကျောင်းမှာ အရိုက်ခံရသေးသလား’...ဟုမေး၏။ နောက်... စာတွေရော ရရလား...၊ ထမင်းရော ကုန်အောင်စားရဲ့ လား... စ,သဖြင့် မေးခွန်းတွေ တစ်တွတ်တွတ်ဆက်မေးလေတော့သည်။ မေမေရဲ့မေးခွန်းတွေကို ‘အင်း’...ပေါင်းမြောက်များစွာဖြင့် ပြန်ဖြေနေခဲ့ ရင်း...၊ ရုတ်တရက် ကျောင်းဆင်းကာနီးအချိန်က လွယ်အိတ်တွင် ဇီးစေ့ကပ်နေခဲ့သောအဖြစ်ကိုသတိရသွားမိပြီး ‘အမှတ်တမဲ့’...မေမေ့ကိုပြန်၍ ပြောပြမိလေသည်။

ထိုအခါ မေမေက လှမ်းလျှောက်နေဆဲဖြစ်သော သူ့ခြေလှမ်းများကိုရပ်တန့်ကာ ရုတ်တရက် ကျွန်တော့်ရှေ့တွင်ဆောင့်ကြောင့်ထိုင်ချလိုက်လေ သည်။ နောက်... သူ့ရှေ့တွင်ရပ်နေသော (လက်တောက်လောက်သာရှိသေးသည့်) အကောင်သေးသေးလေးကျွန်တော့်ကို ခြေဆုံး၊ ခေါင်းဆုံး ကြည့်နေလေတော့သည်။ မေမေ့ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတချို့ရစ်ဝဲနေခဲ့တာကို (ထိုစဉ်က) ဘာကြောင့်မှန်း ကျွန်တော်နားမလည်တတ်ခဲ့ပါ ။ (နောက် ကျွန်တော်ကြီးလာတော့မှ စဉ်းစားတတ်ခဲ့မိသည်မှာ မေမေသည် သူမ၏အထွေးဆုံးသားလေးဖြစ်သော ကျွန်တော့်ကို ဆရာမက ‘သိပ် ညစ်ပတ်တာပဲ’...ဟု ပြောတာကိုခံလိုက်ရ၍ ၀မ်းနည်း၊ စိတ်မကောင်းဖြစ်သွားရခြင်းပဲ...ဟူ၍ပင်။)

ထိုကဲ့သို့မျက်ရည်ဝဲလျှက် ကျွန်တော့်ကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း မေမေကပြောလေသည်။

“ဟုတ်ပ...သားရယ်...၊ မင်းတစ်ကိုယ်လုံးမှာလည်း ဆော့ထားတာ
ပေပွလို့...ကြောင်ချီးရုပ်ကလေးတောင် ပေါက်နေမှကိုးကွဲ့...။
ဆရာမပြောမယ်ဆိုရင်လည်း ပြောချင်စရာပါပဲကွယ်”....

သို့သော်လည်း နောက်တစ်နေ့မှစ၍ မေမေသည် ကျွန်တော့်ကိုကျောင်းပို့ကာနီးအချိန်ဆိုလျှင် လိုအပ်သည်ထက်ပိုမိုကာအလုပ်ရှုပ်ရရှာလေတော့ ၏။ ခါတိုင်းထက်ပို၍ ကျွန်တော့်တစ်ကိုယ်လုံး သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင်ရှိနေစေဖို့အတွက်ပဲဖြစ်သည်။ သုံးထည်မျှသာရှိသော ကျွန်တော့်ရဲ့ ကျောင်းစိမ်းအင်္ကျီသေးသေးလေးများကို ဖွေးဆွတ်နေစေရန် သေချာလျှော်ဖွပ်ရ၏။ မွှေးပျံ့ပြီးခေါက်ရိုးကျိုးနေစေရန်အတွက်လည်း မီးသွေးမီးပူ လေးဖြင့် ပိုမိုဂရုတစိုက်တိုက်ပေးလာရသည်။ ကျောင်းဆင်းချိန်ရောက်ခဲ့ရင်လည်း လာကြိုရင်း အပြန်လမ်းတွင် ‘သားကို ဆရာမကညစ်ပတ်တယ် လို့ပြောသေးလား’....ဟု မေးရတာလည်း ခဏခဏပင်...။

ကျွန်တော့်အထက်မှ အတန်းကြီးသော အစ်မနှစ်ယာက်နှင့် အစ်ကိုတစ်ယောက်၏ဝေယျာဝစ္စများအပြင် ကျွန်တော့်အတွက်ပါပိုမိုဂရုစိုက်လာရတာ ကြောင့်မို့ မေမေခမြာ (ထိုစာသင်နှစ်က) ပိုပင်ပန်းခဲ့ရပါသည်။

ကျွန်တော့်ကို ဆရာမကနောက်တစ်ခါပြောတာခံရမှာ မေမေစိုးရိမ်နေခဲ့ရဟန်တူပါသည်။ (သို့သော်လည်း ဆရာမက ကျွန်တော့်ကိုသက်သက်မဲ့ နှိမ်၍ပြောခြင်းမဟုတ်တာကို မေမေသိခဲ့ပါသည်။ ကျွန်တော်က ပေကျံနေအောင် ဆော့တတ်တဲ့ မျောက်ကလေးကိုး....။)

နောက်ပြီးတော့ ကျွန်တော်မှာလည်းကျောင်းတွင်သန့်သန့်ရှင်းရှင်းမနေခဲ့၊ မကစားခဲ့ဘူဆိုလျှင်ကျွန်တော်လိုချင်သည့် ပန်းချီဆွဲသည့် ပုံဆွဲစာအုပ် နှင့် ရောင်စုံခဲတံများကို ၀ယ်မပေးတော့ဘူး....ဟူသည့် မေမေရဲ့ရာဇသံကြောင့် အရင်တုန်းကလို သူငယ်ချင်းများနှင့် (ကျောင်းတွင်) နားပန်း လုံးတမ်း၊ အမြင့်ခုန်တမ်း၊ စိန်ပြေးတမ်း၊ နောက်... ဆွဲလား ယမ်းလားနည်းဖြင့် ကစားရသော အရူးမကြီး မစာဥ...စသည့် ကစားနည်းများကို ၀င် မကစားဖြစ်တော့....။ လက်ရှောင်၍သာ နေလိုက်ရတော့သည်။

ဒီလိုနည်းမျိုးဖြင့် ကျွန်တော်သည် ကလေးဘ၀က (ကလေးပီပီ) ‘အမှတ်တမဲ့စကားတစ်ခွန်း’ကြောင့် မေမေခမြာ ၀မ်းနည်းရ...၊ စိတ်မကောင်းဖြစ် ခဲ့ရ...၊ ပင်ပန်းခဲ့ရရုံမျှသာမကသေး....။ ကျွန်တော်ကိုယ်တိုင်လည်း ကစားချင်သော ကစားနည်းတစ်ချို့ကို (ထိုစာသင်နှစ် တစ်နှစ်တာအတွင်း) ကျောခိုင်းခဲ့ရဖူးတာကို တစ်ခါတစ်ရံ ပြန်ပြီးအောက်မေ့၊ သတိတရရှိနေခဲ့မိပါသည်။ ။

===========
ကျန်တဲ့ ‘အမှတ်တမဲ့’လေးတွေကို နောက်နေ့မှပဲ ဆက်ရေးတော့မယ်နော်...။
အလုပ်လုပ်ရဦးမှာမို့လို့ပါခင်ဗျာ...။
===========

ချစ်ခြင်းအားဖြင့် .....

ဏီလင်းညို....

“နှုတ်ဆက်ချိန် ခဏတာများ”နှင့် ကျွန်တော်....

ဒီနေ့ည အလုပ်ကိုကျွန်တော်ရောက်သွားတော့ ကျွန်တော်အလုပ်လုပ်ရသော ဌာနအတွင်း လူတွေတစ်ယောက်မှမရှိကြ...။ အ၀ါရောင်မီးကလေး များ တစ်လဲ့လဲ့လင်းဖျာပြီး ငြိမ်သက်စွာ ရပ်တန့်နေခဲ့ကြတဲ့ ဌာနထဲကautomatic-drillingစက်များကိုကြည့်ရင်း စက်တွေရပ်နေတာ ဘယ်လောက် တောင်မှ ကြာနေခဲ့ပြီလဲ...ဟု တွေးမိ၏။

ွိလွယ်လာသောအိတ်ကို စားပွဲခုံပေါ်တင်ရင်း ကွန်ပျူတာရှေ့ တွင်ဝင်ထိုင်မိသည်။ နေ့လယ်ခင်းတုန်းက အရေးကြီးတဲ့အလုပ်တွေကို ကျွန်တော့်ရဲ့  ဘော့(စ်)က ဘာတွေများခိုင်းသွားသလဲ....ဟုတွေးရင်း အီးမေး(လ်)ဖွင့်ဖတ်မိနေလိုက်သည်။ ထိုခဏတွင် ကျွန်တော့်လက်ကိုင်ဖုန်းက စူးရှ ကျယ်လောင်စွာ မြည်ဟည်းလာလေသည်။ ရုတ်တစ်ရက်မို့ ကျွန်တော်လန့်ဖျတ်သွားမိ၏။

ခါတိုင်းနေ့တွေဆိုရင် မနက်ရှစ်နာရီနှင့်၊ ညရှစ်နာရီ အလုပ်ဆိုင်းချိန်းချိန်တွေမှာဆိုရင် ကျွန်တော်တို့ဌာနအတွင်း ကြွက်ကြွက်ကိုညံနေတတ်သည်။ပြန်တော့မည့်သူက အခုမှဝင်သည့်လူကို အလုပ်နှင့်ပတ်သတ်ပြီးမှာစရာရှိတာတွေကိုမှာကြ၊ နောက်စက်ရုံတွင်းမှာဖြစ်နေသည့် နောက်ဆုံးပေါ်သတင်းများကို အတင်းအဖြစ်အုပ်ကြ၊ နောက်ပြီး ရယ်ကြ မောကြ၊ ဟီလာတိုက်ကြနှင့်စက်သံများနှင့် ထွေးလုံးရစ်ပတ်ကာ ထာဝရဆူညံနေတတ်ပါသည်။ သို့သော် ဒီနေ့မှ ထူးထူးခြားခြားအခန်းအတွင်းလူတစ်ယောက်မှမရှိပဲတိတ်ဆိတ်နေတာကြောင့် ကျွန်တော်လန့်သွားမိခြင်းပဲဖြစ်ပါသည်။

ဖုန်းကိုကောက်ကိုင်ကာ နားထောင်လိုက်တော့ ဆက်သူက ကျွန်တော့်ရဲ့ စူပါဗွိုက်ဆာ...။ သူက ကျွန်တော့်ကိုရောက်နေပြီဆိုရင် ကင်(န်)တင်းကိုလာခဲ့...ဟု ဖုန်းထဲမှပြောသည်။ သူဖုန်းချသွားတော့ ဖုန်းကိုဘောင်းဘီအိတ်ထဲ ကမန်းကတန်းထိုးထည့်ကာစက်ရုံအနောက်ဘက်ရှိကျွန်တော်တို့ ထမင်းစားရာ ကင်(န်)တင်းသို့ ကျွန်တော် ခြေကုန်သုတ်ကာ ပြေးသွားမိသည်။ ဌာနအထဲမှာ လူတွေအားလုံး ဘာ့ကြောင့်မရှိရသလဲဆိုတာ အခုတော့ ကျွန်တော်သိပြီ....။

ကျွန်တော် ကင်(န်)တင်းကိုရောက်သွားတော့ ဟိုမှာကျွန်တော်မှလွဲ၍ လူအားလုံးစုံနေခဲ့လေပြီ။ စားပွဲခုံတန်းများအပေါ်မှာတည်ခင်းထားသောအစားအသောက်နှင့် ဖျော်ရည်များကိုတစ်ချက်ဝေ့ကြည့်ရင်း အားလုံးကိုသိမ်းကြုံးပြီး sorryတစ်ခွန်းလောက် အားလုံးကြားသောလေသံဖြင့် မတိုးမကျယ်ပြောဖြစ်၏။ တစ်ချိန်ထဲမှာပင် ကိုယ့်ကိုယ်ကို နားဘန်ကျင်းပစ်ချင်စိတ်လည်းဖြစ်မိရပါသည်။

ဘာရယ်ကြောင့်မှတော့မဟုတ်....။ မေ့တတ်လွန်းသော ကျွန်တော့်အကျင့်ကြောင့်သာဖြစ်ပါသည်။ ဒီကနေ့ညတွင် စာချုပ်သက်တမ်းပြည့်သွား၍ သက်ဆိုင်ရာ မိခင်နိုင်ငံအသီးသီးဆီသို့ ပြန်ကြရတော့မည့် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း လေးယောက်၏နှုတ်ဆက်ပွဲရှိတာကို ဆိုး ဆိုးဝါးဝါးကြီး ကျွန်တော်မေ့နေမိခဲ့တာလေ.။ပြန်ကြမည့်သူများထဲတွင် ကျွန်တော်တို့မြန်မာပြည်မှနှစ်ယောက်၊ နောက်ပါကစ္စတန်နိုင်ငံမှနှစ်ယောက်ဖြစ်သည်။ ။ပိုဆိုးတာက အဲ့ဒီလေးယောက်ထဲမှာ ကျွန်တော်နှင့်တစ်ဌာနတည်းအလုပ်လုပ်ရသော သူငယ်ချင်းတစ်ယောက်ပါနေခဲ့တာပင်ဖြစ်၏။ သူက မြန်မာပြည်က၊ နောက်ပြီး ကျွန်တော်နဲ့အတူ နှစ်ရှည်လများ အလုပ်တွဲလုပ်ခဲ့ဖူးသောသူ....။ ဒါ့ကြောင့် ကျွန်တော့်တစ်ဌာနလုံး ကင်(န်)တင်းကိုရောက်နေခဲ့ကြတာဖြစ်သည်။
တစ်ဆက်ထဲမှာပင်ကျွန်တော့်ရဲ့ စူပါအထက်က ဘော့(စ်)ကိုလည်းတွေ့လိုက်ရ၏။ ထိုအခါမှအခြေအနေကိုကျွန်တော်ပြန်သုံးသပ်မိပြန်သည်။
ကျွန်တော်စက်ရုံဝင်းထဲကိုဝင်လာတော့ အဲ့ဒီဘော့(စ်)ရဲ့ ကား ကို မြင်ခဲ့မိသေးသည်။ ဒါတောင်မှ ကျွန်တော်ဟာ အမှတ်တစ်မဲ့နိုင်လွန်းခဲ့စွာ...။

အားလုံးကို အားနာစွာဖြင့် သွားဖြဲပြပြီး ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ပြီး ကျွန်တော်မှတ်တမ်းတင်ဓာတ်ပုံလိုက်ရိုက်ပေးနေမိသည်။ နောက်မှ သူတို့ဓာတ်ပုံများကို စီဒီထဲထည့်ကာ လျှော်ကြေးအဖြစ်လက်ဆောင်လုပ်ပေးမည်...ဟူသောရည်ရွယ်ချက်ဖြင့်ပင်...။ ထို့နောက် သူတို့ ၏နှုတ်ဆက်ပွဲအခမ်းအနားစတင်လေတော့သည်။ ကျွန်တော်အပါအ၀င် တစ်ခြားသူငယ်ချင်းများကလည်း သူတို့နှုတ်ဆက်ပွဲကို ကင်မရာမီးများတစ်ဖျပ်ဖျပ်ဖြင့်လင်းလက်စေကာဓာတ်ပုံဝိုင်းရိုက်ကြလေတော့သည်မှာ အလင်းရောင်များလျှံထွက်လွန်းနေ၍ ကျွန်တော့်စိတ်ထဲ မြန်မာပြည်မှ အကယ်ဒမီပေးပွဲကိုပင် မဆီမဆိုင်သွားသတိရမိ၍ တစ်ယောက်ထဲ ခိုးပြုံးမိလေသည်။

နောက်တော့ သူတို့က အလှည့်ကျ ကျေးဇူးတင်စကားများ၊ တောင်းပန်စကားများ အသီးသီးပြောကြ၊ ပြီးတော့ လက်ဆွဲနှုတ်ဆက်ကြဖြင့် သူတို့၏ နှုတ်ဆက်ပွဲအခမ်းအနားက ဆူညံဝေစည်စွာဖြင့် ရှိနေခဲ့လေတော့သည်။ ကျွန်တော့်မှာ ကိုယ့်အပြစ်နှင့်ကိုယ်မို့ သူတို့တွေကို ပို့(စ်)အမျိုးမျိုးမှနေ၍ လိုက်ပြီး ဓာတ်ပုံရိုက်ပေးနေခဲ့မိတော့၏။ ကျွန်တော့်စိတ်ထဲမှ ကျိတ်ကာနာမည်ပေးထားသော အင်္ဂလိပ်ဘိန်းမုန့်(ပီဇာမုန့်)ကိုတစ်ခါတစ်ခါ လက်မှ ကိုင်၍ ကိုက်စားရင်း သူတို့ကိုရှုထောင့်အမျိုးမျိုးမှ နေပြီး ဓာတ်ပုံရိုက်ရန်အတွက် ပတ်ချောင်းနေခဲ့မိတော့သည်။

များမကြာမီမှာပင် သူတို့ရဲ့ နှုတ်ဆက်ပွဲအခမ်းအနားက ပြီးဆုံးသွားခဲ့လေတော့သည်။ ပစ္စည်းများကို သိမ်းသူကသိမ်း၊ အမှိုက်များကိုပစ်သူကပစ်၊ခုံ တွေကို တစ်ညီတစ်ညာတည်းဖြစ်အောင် ပြန်စီသူက စီနှင့် အားလုံးအလုပ်ရှုပ်နေခဲ့ကြ၏။ တချို့ ကတော့ အိမ်အပြန်ခရီးအတွက်ခြေလှမ်းပြင်နေကြသလို ...၊ (ကျွန်တော်အပါအ၀င်)တချို့ကတော့တစ်ညတာလုပ်ငန်းခွင်ကိုပြန်ဝင်ကြရန် စိုင်းပြင်းနေလေခဲ့ကြတော့
သည်။

ကျွန်တော်ကတော့ သူငယ်ချင်းအချို့ နှင့် အနောက်ဘက်တွင် စီးကရက်ဖွာရင်း အဲ့ဒီလူများကို အသိအမှတ်မဲ့စွာဖြင့် ငေးကြည့်နေခဲ့မိလေသည်။ တစ်ခါတစ်ခါ ဘေးနားက ဆေးလိပ်သောက်ဖော် သူငယ်ချင်းများနှင့် စကားစမြည်ပြောနေခဲ့ရင်း တစ်ခုခုလွဲချော်နေတာကို ကျွန်တော့်ကိုယ် ကျွန် တော်သတိထားမိလာသလိုရှိလာ၏။ ဟုတ်သည်...။ ကျွန်တော်တစ်ခုခုလွဲချော်နေခဲ့သည်မှာ သေချာနေခဲ့ပြီ...။

ဟိုး....အရင်တုန်းက(လွန်ခဲ့သည့်ငါးနှစ်ကျော်ကျော်ကာလတုန်းက)စ၍ယနေ့အချိန်အထိ ကျွန်တော်ကိုနှုတ်ဆက်သွားကြသော သူငယ်ချင်းပေါင်း များစွာရဲ့ နှုတ်ဆက်ပွဲများကို တက်ရောက်ခဲ့ရစဉ်က ခံစားချက်များနှင့် အခုနှုတ်ဆက်ပွဲတွင် ကျွန်တော်ခံစားနေရသော ခံစားချက်က လုံးဝကိုဆန့် ကျင်ဘက် ဖြစ်နေခဲ့တာကြောင့်ပင်...။

ဟိုးတုန်းကဆိုရင် သူတို့တွေ နှုတ်ဆက်ပွဲလုပ်တိုင်း ကျွန်တော့်မှာ ရင်ထဲတွင်ထိခိုက်စွာခံစားခဲ့ရဖူးသည်။ နောက်ပြီး တစ်ခုခုကို လစ်ဟာဆုံးရှုံးကာ သွားရသလိုလို....၊ အားငယ် ၀မ်းနည်းမိသလိုလို ခံစားရဖူးသည်။ သို့သော်လည်းအခုတော့ ကျွန်တော့်ရင်ထဲတွင်ခံစားချက်က ဗလာနထ္ထိ...။ ၀မ်းနည်းခြင်း...၊ ၀မ်းသာခြင်း စသည့်ခံစားချက်များ ကျွန်တော့်ရင်ထဲတွင်ဘာမှ မရှိခဲ့ရသလိုဖြစ် နေခဲ့ရ၏။

စာချုပ်သက်တမ်းစေ့လို့ သက်ဆိုင်ရာမိခင်နိုင်ငံအသီးသီးသို့ ပြန်သွားကြသော သူငယ်ချင်းများ...၊ ဆေးစစ်တာ မအောင်မြင်လို့(မပြန်ချင်သေးဘဲ နှင့်) အိမ်ပြန်သွားကြရရှာသော အမျိုးတူ၊ အမျိုးကွဲ သူငယ်ချင်းများ....၊ လုပ်ငန်းခွင်ထဲတွင် ဒဏ်ရာရလို့ (ဒါမှမဟုတ်) ရုတ်တစ်ရက် ကျန်းမာရေး ချွတ်ယွင်းသွားလို့ နာကျင်စွာ အိမ်ပြန်သွားကြရရှာသော သူငယ်ချင်းများ...၊ လုပ်ငန်းခွင်ထဲတွင် ပြဿနာတက်လို့ ရုတ်တစ်ရက် အိမ်ပြန်သွားရရှာ သောသူငယ်ချင်းများ...၊ ကမ္ဘာ့စီးပွားရေးကျဆင်းသည့် ဂယက်ကြောင့် မမျှော်လင့်ဘဲ အိမ်ပြန်ပို့ခံလိုက်ရသည့် သူငယ်ချင်းများ စသဖြင့် များပြားလှစွာသော သူငယ်ချင်းတို့၏ ပုံစံအမျိုးမျိုးနှင့် နှုတ်ဆက်သွားခြင်းကို ကျွန်တော် မရေတွက်နိုင်လောက်အောင်ကို ကြုံခဲ့၊ ခံစားခဲ့ရ ဖူးပါသည်။

သူတို့တွေ ပြန်ခါနီး အခုလိုနှုတ်ဆက်ပွဲတွေ ဘာတွေလုပ်(တချို့ ကျတော့လည်း မလုပ်နိုင်ရှာကြပါဘူး။) ကျွန်တော်တို့ကို နှုတ်ဆက်ကြတဲ့အချိန် တွေတိုင်း ကျွန်တော့်ရင်ထဲတွင် (စောစောကပြောပြခဲ့သည့်အတိုင်း) ဘာရယ်မဟုတ်သောခံစားချက်၊ အမည်ဖော်ပြလို့မရနိုင်ခဲ့သော တစ်စုံတရာ ခံစားချက်များဖြင့် အရမ်းလှိုင်းထနေခဲ့ရဖူးပါသည်။ စိတ်မကောင်းဖြစ်ခြင်း၊ ၀မ်းနည်းခြင်း စသောခံစားချက်များဖြင့် ကျွန်တော့်စိတ်သည်အချိန်ကာ လတော်တော်ကြာသည့်တိုင် ညှိုးနွမ်းနေတတ်ခဲ့ရသည်။ ကျွန်တော်ချစ်သော သူငယ်ချင်းများနှင့် မခွဲမခွါ အတူတစ်ကွနေလိုခဲ့သော အတ္တဆန်တဲ့ ကျွန်တော့် ဆန္ဒတွေကြောင့်လားတော့ မသိ...။

သို့သော်လည်းအခုကျွန်တော့်ရင်ထဲတွင်ထိုသူငယ်ချင်းများပြန်ကြတော့မည့်အတွက်နှုတ်ဆက်ပွဲလုပ်တာကိုဝမ်းနည်းခြင်း၊စိတ်မကောင်းဖြစ် ခြင်း၊ ၀မ်းသာပျော်ရွှင်ခြင်း...စသည့်ခံစားချက်များတစ်ခုမှရှိမနေခဲ့ရပါ။ ထိုသို့ပြောလိုက်ရခြင်းအတွက် ကျွန်တော့်အနေဖြင့် ထိုသူငယ်ချင်းများအပေါ်တွင် ချစ်ခင်မှု၊ သံယောဇဉ်တရားများ မရှိ၍မဟုတ်ရပါ။ တိုင်းတစ်ပါးတွင် အတူတစ်ကွနေထိုင်ကာ ဆိုးတူကောင်းဖက် အလုပ်အတူတူလုပ် ကိုင်ခဲ့ရသော သူငယ်ချင်းများပေါ်တွင် ကျွန်တော့်အနေဖြင့် လေးစားစွာချစ်ခင်ခဲ့ရချည်းသာဖြစ်ပါသည်။ သံယောဇဉ်လည်းရှိပါသည်။(သူတို့ဘက်ကတော့မသိပါ။)

နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုဝေခွဲမရစွာဖြင့်အဖြေရှာကြည့်မိသည်။ ဘာ့ကြောင့်များ ကျွန်တော်ခံစားချက်မဲ့သလိုဖြစ်နေရတာလည်းဆိုတာကိုပဲ ဖြစ်၏။ သေချာသည့်အဖြေကတစ်ခုမှ ထွက်မလာခဲ့...။

ဖြစ်နိုင်ချေတစ်ခုတော့ သွားစဉ်းစားမိလိုက်သည်။ သို့သော်လည်းသေချာမှုရှိ မရှိဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုဝေခွဲရခက်နေဆဲ...။ ကျွန်တော့်ကို နှုတ်ဆက်သွားကြသူဦးရေများပြားလွန်းလှတာကြောင့် (အိမ်မပြန်နိုင်သေးသူကျွန်တော်သည်) ခွဲခွါရခြင်းရဲ့ဒဏ်ကိုခံနိုင်ရည်ရှိသွား ခြင်းပဲလား....၊ ဒါမှမဟုတ်ခံစားရတာတွေများလွန်းလို့ နောက်ထပ်ခံစားနိုင်ဖို့ရာအားမရှိတော့လောက်အောင် ‘ဟုန်’သွားခဲ့ရလေသလား...တစ်ခုခု တော့ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့သော်လည်း လောလောဆယ်ကျွန်တော့်ရင်ထဲတွင်“တစ်စုံတရာနဲ့ပတ်သတ်လို့ ခံစားခဲ့ရသမျှ ခံစားချက်တွေဟာ ထပ်ခါတစ်လဲလဲနဲ့ ကြိမ်ဖန်များစွာခံစားနေရခဲ့မယ်ဆိုရင် နာရကောင်းမှန်းမသိတတ်တော့လောက်အောင် ထုံပေပေခံစားချက်ကို ပြောင်းလဲသွားစေတတ်သလား...ရယ်လို့ အခုအချိန်မှာကျွန်တော် ဒွိဟစိတ် ဖြစ်နေခဲ့ရဆဲပင်”....။ ။

ချစ်ခြင်းအားဖြင်....

ဏီလင်းညို....

“ပန်းအဘိဓာန်”.....

တစ်ချို့ တွေတော့ ဖတ်ဖူး ...၊ သိဖူးပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်....။ ပန်းပွင့်ကလေး တစ်ချို့ ရဲ့  အနက် အဓိပ္ပါယ်ကိုပေါ့ ....။‘မော်ဒန်စာရေး
ဆရာ ဖြစ်တဲ့ ဆရာမင်းခိုက်စိုးစံ’ ရဲ့  ‘ကမ္ဘာဦး ရည်းစား’ ....လို့အမည်ရတဲ့ ၀တ္ထုလေးရဲ့  နောက်ကျောမှာပါတဲ့ ‘ပန်းအဓိပ္ပါယ် ဖွင့်ဆိုချက်’ လေးကို
ကျွန်တော် ဝေမျှလိုက်ပါတယ်....။ ကျွန်တော့် ကိုယ်ပိုင်ရေးသားချက်မဟုတ်ပါဘူးနော်...။ ဆရာ မင်းခိုက်စိုးစံရဲ့ စာလေးကို ကူးယူဖော်ပြထားရုံပါ
ပဲ....။ တစ်ကယ်လို့များ မသိသေးတဲ့ သူငယ်ချင်းတွေများရှိခဲ့မယ်ဆိုရင် သိသွားစေချင်လို့ပါ....။ . . .



“ပန်းအဘိဓာန်”.....

၁။ ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
၂။ ကြာပန်း = မိတ်ဆွေတွေရဲ့  ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
၃။ ခရေပန်း = မေ့မသွားပါနဲ့ကွယ်...။
၎။ ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ။
၅။ ခေါင်းလောင်းပန်းအဖြူ = အမြန်ဆုံး နီးခွင့်ရချင်တယ်....။
၆။ ဂန္ဓမာပန်းအဖြူ = ငြိမ်းချမ်းပါစေ...။
၇။ ဂန္ဓမာပန်းအ၀ါ = သတိရနေမယ်....။
၈။ ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ ချစ်သူပါ။
၉။ စံပယ်ပန်း = မင်းရဲ့ အချစ်ကို လက်ခံလိုက်တယ်....။
၁၀။ ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်....။
၁၁။ ဆောင်တော်ကူးပန်း = မင်းကြောင့် ကိုယ့်မှာ ရူးပြီ....။
၁၂။ ဆယ့်နှစ်ရာသီပန်း = ရိုးသား ဖြူစင်ခြင်း။
၁၃။ ညမွှေးပန်း = အရာရာမင်းအတွက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်....။
၁၄။ ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ ကြရအောင်....။
၁၅။ ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့ ....။
၁၆။ ဒေါနပန်း = တို့တစ်တွေ ခွဲခွါကြပါစို့ ....။
၁၇။ နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ။
၁၈။ နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ....။
၁၉။ ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်....။
၂၀။ နေကြာပန်း = မင်းရဲ့ ဘ၀ရှေ့ ရေး အဆင်ပြေစေဖို့ ကိုယ်တာဝန်ယူပါတယ်..။
၂၁။ ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဒ်ပါ...။
၂၂။ ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို လှပသူတစ်ယောက်ပါ...။
၂၃။ ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း ....။
၂၄။ မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း။
၂၅။ မိုးမခပန်း = လွမ်းဆွေး ကြေကွဲရခြင်း...။
၂၆။ သဇင်ပန်း = ကျေးဇူးပြု၍ ကိုယ့်ကို မမုန်းလိုက်ပါနဲ့ ....။
၂၇။ သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း။
၂၈။ သော်ကပန်း = ကိုယ့်ကို ခွင့်လွှတ်ပါ....။
၂၉။ သံလွင်ပန်း = အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း။
၃၀။ ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်....။
၃၁။ ၀ိုင်အိုလက်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ....။
၃၃။ အုန်းပန်း = ကံကောင်းခြင်း။

Written by ; DAVID O. FLYNN.
Ref; Reader's Digest Aug,1957.Vol.4. No.1.
“မင်းခိုက်စိုးစံ” .... “ကမ္ဘာဦး ရည်းစား”....


ဏီလင်းညို....

Tuesday, September 1, 2009

မင်းအတွက်.....

မင်းသိရဲ့ သားနဲ့
ဘာ့ကြောင့်များ ဝေးကွာစေခဲ့သလဲကွယ်.....။

တစ်ကယ်ဆို .....
နားလည်မှုဆိုတဲ့ ကမ်းပါးတစ်ခုဟာ
အချိန်ဆိုတဲ့ မြစ်ရေတွေ စီးဆင်းနေသ၍
တိုက်စားခြေဖျက်ခြင်းခံနေရမှာ အသေအချာပဲဆိုတာ...
ငါ မေ့သွားထားခဲ့မိလေတော့
ပြန်မဆုံနိုင်တဲ့ အခြေအနေတစ်ခုကို
မင်း.... ဖန်တီးသွားရက်ခဲ့တော့တာပေါ့.....။

ရှိပါစေတော့....။

တစ်ယောက်ထဲ....ငါ
နွေဦးမှာ မြေလူးရတဲ့
သစ်ရွက်တွေ ကြွေချိန်ရောက်တိုင်း....
မင်းအတွက် တစ်ခုတည်းသောတောင်းဆုကို
ထာဝရ ဆန္ဒပြုပေးနေမိဦးမှာ....
ငါ့ရဲ့  သေချာခြင်းများစွာထဲက တစ်ခုပါ....။

ဘ၀သစ်မှာ....
အချစ်သစ်နဲ့အတူ....
မင်း.... ပျော်နိုင်ပါစေတော့....။ ။

~ဏီလင်းညို~
07th August 2009
09:33 a:m
(In Malaysia)
မင်းအတွက်.....