Wednesday, December 30, 2009

ပွဲတော်ည



    အဲ့ဒီညဟာ...ရောင်စုံညလေးတစ်ခုဖြစ်နေတယ်...။ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ မွတ်သိပ်ခြင်း တွေကလည်း သူ့ကိုအားဖြည့်ပေးနေခဲ့ကြလေတယ်...။ ရယ်မောလိုက်တဲ့အသံတွေ၊ အချင်းချင်း စကားစ မြည်ပြောဆိုနေခဲ့ကြသံတွေ...၊ တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ပြုချီး မြှောက်လိုက်တဲ့အသံတွေ...၊ အား လုံး အားလုံးသောအသံတွေဟာ လေစီးကြောင်းကနေ တစ်ဆင့်ကောင်းကင်ယံဆီကို လွင့်ပျံ့သွားခဲ့ကြ တယ်...။
       ကောင်းကင်ထက်မှာလင်းလက်နေတဲ့ ကြယ်စင်လေးတွေလိုပါပဲ...၊ အမျိုးသမီးလေး များရဲ့ မျက်ဝန်းနဲ့ အပြုံးတွေဟာ လင်းလက်တောက်ပနေခဲ့ကြပေါ့...။ ပင်လယ်သမုဒ္ဒရာ တွေဆီက ကျောက်ဆောင်တန်း တစ်ချို့လိုမျိုး တည်ကြည်ခိုင်မာခြင်းများစွာရှိနေသယောင် မျက်နှာထား၊ အပြုံးများနဲ့ အမျိုးသားအချို့ဟာ လည်း အမျိုးသမီးပျိုလေးများနဲ့ မနီးမဝေးမှာ ရှိနေခဲ့ကြပြန်သေးတယ်...။
       ညဟာ ဘာကိုမှ မသိနားမလည်တတ်သေးတဲ့ ကလေးငယ်လေးတစ်ယောက်လိုပဲရှိ နေခဲ့ပါသေးရဲ့...။ အားလုံးသော လူတွေဟာ ရွှင်မြူးနေကြဆဲပါပဲ...။ သူတို့တွေပျော်ရွှင်နေ ဆဲခဏမှာ ၀မ်းနည်းပူဆွေးမှု တစ် ချို့တစ်လေကတော့ နှလုံးသားဝိညာဉ်ရဲ့အနက်ရှိုင်းဆုံး ထောင့်တစ်နေရာမှာ နွေးထွေးစွာ အိပ်စက်နေ ခဲ့ကြတယ်လေ....။ ဒါပေမယ့် ဟိုး.. အဝေး ဝေး တောင်တန်းတွေပေါ်မှာရှိတဲ့ ထင်းရှူးပင်လေးတွေကတော့ အေးမြခြင်းရဲ့ပြင်းရှတဲ့ အရသာကို ထိရှစွာခံစားနေခဲ့ကြရပြီ....။

                                                          **********
    လူအုပ်စုကြီးရဲ့ မနီးမဝေးမှာတော့ မီးပုံကြီးတစ်ခုဟာ ပျင်းရိခြင်းများစွာနဲ့တောက် လောင်နေခဲ့ရင်း တစ်ကိုယ်တည်းညည်းညူလိုက်တယ်....၊ ‘ရှိပါစေတော့’...တဲ့လေ...။ လူအုပ်စုကြီးကိုကြည့်ရင်းနဲ့ပေါ့...။
      အဲ့ဒီအသံကိုလည်းကြားလိုက်ရရော... မလှမ်းမကမ်းမှာရှိတဲ့ ၀ါးရုံပင်အုပ်က ခိုးခိုးခစ်ခစ်နဲ့ (မခိုးမခန့် နိုင်လွန်းလှတဲ့ အသံနဲ့) ကြိတ်ရယ်လိုက်တယ်...။ ဒါပေမယ့် ၀ါးရုံပင်အုပ်ရဲ့ ရယ်သံကို လူအုပ်စုကြီးဆီက အ ဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ အ၀တ်အစားတွေက ကြားဖြစ်အောင်ကြားလိုက်မိကြတယ်....။ ကြား လိုက်မိတဲ့ခဏမှာသူတို့တွေဟာ ကိုယ်စီမ လုံမလဲဖြစ်သွားကြပြီး သူတို့ရဲ့မျက်လွှာတွေကို အသာချလိုက် ကြတယ်...။ ဒါပေမယ့် သူ တို့ရဲ့ မျက်နှာတွေကတော့ မထီလေးစားပုံစံနဲ့ မာန်တက်နေခဲ့ကြတုန်းပဲတဲ့....။
       “ဒါမျိုးတွေဟာ မဖြစ်သင့်ဘူး....၊ တစ်ကယ်တော့ လူတွေဟာ ၀မ်းတွင်းရူးတွေပဲ”....
       လို့ လင်းနို့တွေက ခပ်ကျယ်ကျယ်ပြောလိုက်ကြတယ်...။ ဇီးကွက်တစ်ကောင်ကလည်း လင်းနို့တွေ ရဲ့စကားကိုဖြည့်စွက်စွာနဲ့ ၀င်ပြီးပြောလိုက်ပြန်တယ်...။
      “တစ်ကယ်တမ်းပြောရမယ်ဆို လူတွေဟာ ကျေးဇူးမသိတတ်ဘူးလို့ ဆိုနိုင်တယ်ဗျ..၊ ဘယ်သူတွေက များ သူတို့လူ့ဘောင်လောကကို တိုက်ရိုက်ရော၊ နောက်သွယ်ဝိုက်ပြီးတော့ ပါ ကူညီထောက်ပံ့ပေးပြီးနေခဲ့ ကြတာကို သူတို့အခုအချိန်မှာ တွေးတောင်တွေးမိကြမှာ မ ဟုတ်ပါဘူး....။ မယုံရင် ခုနေခါ ခင်ဗျားတို့ကျုပ် တို့ အဲ့ဒီဝိုင်းထဲကိုသွားကြည့်...၊ ခါးခါး သီး သီးကို ၀ိုင်းနှင်ထုတ်ကြလိမ့်မယ်...။ အရိုက်ခံရလို့ ကျိုးပဲ့မသွား ရင်ပဲ ကံကောင်းတယ် မှတ်”....
       “ဟုတ်ပရှင်...ဟုတ်ပ...၊ ပြောရမယ်ဆိုရင်တော့လေ...လူတွေဟာသနားစရာကောင်း လောက်အောင် ကိုပဲ သိပ်ပြီးထုံထိုင်းလွန်းတတ်ကြပါရဲ့...။ ကြည့်လေ... လောကမှာ တစ် ကယ့် အလှအစစ်ဆိုတာ သူတို့ ဘာမှန်းတောင်မှ မသိကြသေးဘူး”....
       လို့ ညမွှေးပန်းပွင့်လေးတွေက နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ကြွက်ကြွက်ညံနေခဲ့ အောင်ဝင်ပြော လိုက်ကြပြန်တယ်...။
       သူတို့တစ်အုပ်လုံး ပြောနေတဲ့စကားသံတွေကို အနားမှာတစ်ချိန်လုံးငြိမ်ပြီးနားထောင် နေခဲ့တဲ့ ညောင် ပင်အိုကြီးက...
       “တော်ကြစမ်းပါကွယ်... ငါ့နှယ် အေးအေးဆေးဆေးနေရမလားမှတ်တယ်... ၊ နားကိုညည်း နေတော့ တာပါပဲ...။ ဒီမှာမင်းတို့မှတ်ထားကြ...၊ အားလုံးဟာ...သူ့နေရာနဲ့သူလို အပ်တယ်...။ ဒါကို မင်းတို့က တစ် ဖက်သတ်အတွေးတွေနဲ့ တွေးပြီးလျှောက်ပြောမနေကြနဲ့ကွဲ့..။ ပြီးတော့ ကိုယ်စီ အားနည်းချက် အားသာ ချက်တွေလည်းရှိကြမှာပဲ...။ အေးပေါ့လေ လောကမှာ သူများကို အပြစ်ပြောဖို့၊ သူများအားနည်းချက်ကို ထောက်ဖို့ဆိုတာက အလွယ်ကူဆုံးအလုပ်ပဲကိုး”.... လို့ ညည်းညူစွာနဲ့ ပြောလိုက်တယ်...။
       အဲ့ဒီအချိန်မှာပဲ....
       သာယာညှင်းပြောင်းတဲ့ ဂီတသံစဉ်လေးတစ်ခုက သူတို့အားလုံးဆီကို ဟိုး... ဝေး ဝေးကနေပြီး လွင့်ပျံ့ လာခဲ့လေတော့တယ်...။

                                                           **********

      ဘယ်အရာကများ ငါတို့ရဲ့စိတ်လှုပ်ရှားလာနိုင်တဲ့အချိန်တွေကို ကန့်သတ်ထိမ်း ချုပ်လို့ထား နိုင်လိမ့်မလဲ...။ ဒါပေမယ့်လည်း ငါတို့ဟာ ကိုယ်ပိုင်တဲ့လမ်းကို ကိုယ်ကိုတိုင်ပဲရွေးချယ်နိုင်ဖို့အ စွမ်း ရှိသင့် လှပါတယ်...။ ပင်ပန်းဆင်းရဲမှု၊ ဒါမှမဟုတ်ရင် ခက်ခဲကြမ်းတမ်းမှု...၊ ဘာတွေပဲကြုံဆုံလာရ ပါစေ.. ငါတို့ရဲ့ ကိုယ်တွင်းသစ္စာတရားဟာ ထိမ်းသိမ်းဖို့သင့်ပါတယ်။
       အမှန်တရားဆိုတာ ကမ္ဘာမြေကြီးပေါ်ကနေ ဘယ်တော့မှပျောက်ကွယ်သွားမဲ့အရာမ ဟုတ်ခဲ့ပါဘူး...။ အဲ့ဒါကိုလူတိုင်း သတိမပြုမိ၊ မသိခဲ့မိကြပေမယ့် ငါတို့ကတော့နားလည်သ ဘောပေါက်သင့်ပါတယ်...။ ငါတို့ သာ မစဉ်းစားမတွေးခေါ်တတ်ခဲ့ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ နေရာနဲ့ အချိန်အခါတွေဟာ ဘာမှအသုံးဝင် တော့မှာမဟုတ်ပါဘူး...။ အဓိကဟာ အဓိကပါပဲ...၊ ဘယ်အရာမှ လာပြီးပြောင်းလဲပစ်လို့မရနိုင်သလို ဖြစ် လည်း မဖြစ်နိုင်ပါဘူး..။
       မေးခွန်းတစ်ခုလောက် ငါ့ကိုယ်ငါမေးကြည့်ချင်မိတယ်...။ ငါပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂုဏ် သိက္ခာကို ဘယ် လိုတိုင်းတာရင်ကောင်းမလဲ...။
       အဆိုးဆုံးကတော့ အရောရော အနှောနှောနဲ့ ငြိတွယ်စွာ ရှုပ်ထွေးတတ်ခြင်းများရယ် ပါပဲ...။

                                                      **********

       ငွေရောင်နှင်းမြူလေးတွေဟာ တစ်ဖွဲဖွဲကျဆင်းနေခဲ့တုန်းပါပဲ...။ စောစောက ကဲ့ရဲ့ပြစ်တင်နေခဲ့ကြတဲ့ တစ်စုကတော့ ငြိမ်သက်သွားခဲ့ကြပါပြီ...။ အမှန်ကိုမြင်သွားလို့လား...၊ မလွန်ဆန်နိုင်တာ ကြောင့်လားဆိုတာ... သူတို့မှလွဲရင် သိနိုင်စရာလူတစ်ယောက်မှ ရှာတွေ့ဖို့ လမ်းစမရှိခဲ့...။ မီးပုံဘေးနားက လူတစ်စုကတော့ ယစ်မူးပျော်ရွှင်စွာရှိနေခဲ့ကြဆဲပဲ...၊ ဒါပေမယ့်လည်း သူတို့တွေဟာ အဲ့ဒီအချိန်လေးကို ထာဝရအတွက်သိမ်းထားဖို့ဘယ်လိုမှ မဖြစ်နိုင်ခဲ့တာ သေချာလှပါတယ်...။
       ရုတ်တစ်ရက်ဆိုသလိုပါပဲ...၊ နာရီစင်အိုကြီးကနေ မြည်သံတစ်ချို့ထုတ်လွှတ်လိုက်ပါတယ်...။ မြည် သံအားလုံးက ဆယ့်နှစ်ချက်တိတိပါပဲ...။ နာရီစင်အိုကြီးကတော့ သူ့တာဝန်ကို ပုံမှန်ဆောင်ရွက်လိုက်တာ မှန်ပေမယ့်... လူအုပ်စုကြီးကတော့....
       “ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ပါ.”.... လို့ ရွှင်မြူးစွာအော်ဟစ်ခဲ့လိုက်ကြတယ်...။
       ပြီးတော့ သူတို့တွေဟာ..တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ရင်း အပြန်အလှန် ဆုတောင်းပေးနေ ခဲ့ကြတယ်...။ နှစ်သစ်အတွက်ပေါ့...။ ဒါပေမယ့် အဲ့ဒီဆုတွေ တစ်ကယ်ဖြစ်လာမှာ ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုသိနိုင်မှာလဲလေ...။
       ဘ၀တစ်ခုခြင်းစီရဲ့ ပြည့်စုံမှုဆိုတာ ဘာကိုခေါ်ပါသလဲ....။
       အဖြူနဲ့ အမည်းရောင်တွေကတော့ ကမ္ဘာကြီးတည်နေသရွေ့ရှိနေခဲ့ဦးမှာပါပဲ...။
       နေ့တစ်နေ့ခြင်းစီဟာ ဘ၀တွေပါပဲ...။ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းသွားကြမလဲ...။
       ပူဆွေးမှုတွေနဲ့တော့ နေ့ရက်တွေကို မပေစွန်းပါစေနဲ့...။ ၀မ်းနည်းမှု၊ နာကျင်မှုတွေဟာလည်း ရိုးစင်း စွာရောက်လာတတ်တဲ့ ဧည့်သည်တစ်မျိုးမို့လို့ပါပဲ...။
       မသိနားမလည်ခြင်းထက် လွဲမှားစွာနားလည်တတ်ခြင်းက ပိုမိုဆိုးရွားတတ်တာမို့...
       တစ်ခါတစ်လေမှာ အမှန်တွေက အမှားဖြစ်သွားနိုင်တာကတော့ သေချာပါတယ်...။
       ရံဖန်ရံခါတော့လည်း ညစ်ပေနေတဲ့ မျက်နှာတွေဟာ သန့်ရှင်းစင်ကြယ်နေသလိုရှိနေ တတ်သေးရဲ့...။
       မျက်ကန်းနေသူတစ်ယောက်လို....
       တစ်ချို့တွေဟာ အမှန်ကိုမမြင်နိုင်ကြဘူး...။
       အကြားအာရုံ ချို့တဲ့နေတဲ့သူတစ်ယောက်လို....
       တစ်ချို့တွေဟာလည်း ကောင်းမြတ်ခြင်းတရားကို မကြားတတ်ကြဘူး...။
       ဆွံ့အနေတဲ့သူတစ်ယောက်လိုမျိုး...
       တစ်ချို့တွေဟာလည်း အမှန်ကိုပြောမထွက်တတ်ကြပါဘူး...။
       ..... အဲ့ဒါတွေအတွက် အငြင်းပွားနေစရာမလိုပါဘူး...။ လူတိုင်းဟာ ကိုယ့်အကြိုက်ကို ကိုယ်တိုင်ရွေး ချယ်ပိုင်စွမ်းရှိကြလို့ပါပဲ...။ ဒါပေမယ့်လည်းလေ...ကိုယ်ကြိုက်တာ ကိုယ် လုပ်ခွင့်ရနေတာတောင်မှ တစ်ချို့ တွေဟာ ဘာကိုမပြည့်ဝနိုင်သေးစွာနဲ့ မကျေနပ်နိုင်ရခဲ့သေးတာလဲ...။
       ဘာပဲဖြစ်ဖြစ်ပါ...။
       သူတို့တွေသာ ဘ၀အိပ်မက်ဆိုးကို နိုးထခွင့်မရလောက်အောင်မက်ခွင့်ရခဲ့မယ်ဆို....
       ဘယ်သူတွေကများ ကူညီနိုင်မှာလဲလေ...။
       နောက်ဆုံး...စစ်မှန်တဲ့ ချစ်ခြင်းကိုရော ဘာနဲ့ သက်သေပြနိုင်မှာလဲ....
                                                          **********

       နှစ်သစ်ကို ကြိုဆိုတဲ့ပွဲလေးကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်..။ စောစောက လူအုပ်ကြီးဟာ လည်း ဦးတည်ရာ ခြားနားစွာနဲ့ တစ်ကွဲတစ်ပြားစီဖြစ်သွားခဲ့ရတော့တယ်...။ ဒါပေမယ့်လည်း သူတို့တွေထဲ မှာ တစ်ချို့တွေက လှပနေဆဲ...၊ တစ်ချို့တွေက ရီဝေေ၀ဖြစ်နေကြဆဲပဲတဲ့...။ ဘယ်သူတွေကများ သူတို့ တွေကို အကောင်းဆုံးတွေ သယ်ဆောင်လာပေးမှာလဲ။
       ညကတော့ အိပ်မောကျသွားခဲ့ပြီဖြစ်ပါတယ်...။
       နှင်းမြူလေးတွေကတော့ သိပ်သည်းစွာနဲ့ ကျဆင်းနေခဲ့တုန်းပဲတဲ့....။
       နှစ်သစ်ကတော့ ငါတို့ရဲ့ဆီကိုရောက်လာခဲ့ပြီးပြီဖြစ်ပါတယ်...။
       နှစ်တိုင်းနှစ်တိုင်းမှာ ငါတို့တွေဟာ ဆုတွေတောင်းကြတယ်...၊ ဆုံးဖြတ်ချက်တွေ...၊ ရည်ရွယ်ချက်တွေ ထားခဲ့ကြတယ်...။ ဒါပေမယ့်လည်း အဲ့ဒါတွေအားလုံးဟာ တစ်ကယ် တမ်းမှာတော့ ငါတို့ရဲ့လက်တွေ့ဖြတ် သန်းရတဲ့နှစ်တစ်နှစ်အပေါ် သက်ရောက်မှုရှိချင်မှ ရှိနေလိမ့်မယ်...။
       ဒါပေမယ့် ဆိုရိုးစကားတစ်ခုရှိခဲ့ဖူးတယ်...။ “ဘာမှမရှိတာထက် တစ်စုံတစ်ခုရှိနေတာက ပိုမိုကောင်း မွန်နေသေးတယ်”...(something is better then none) ဆိုတာပါပဲလေ.....။          ။

(ပုံကလေးကို ဒီနေရာမှ ယူသုံးပါတယ်ခင်ဗျာ...။)
=========================================================
ကျွန်တော့်ရဲ့ ဒီနေရာလေးကို စာလာလာဖတ်ပေးတဲ့၊ချစ်ခင်လေးစားရတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း
တွေအားလုံးနဲ့ တိတ်တိတ်လေးလာဖတ်ပေးနေခဲ့တဲ့ မောင်နှမတွေအားလုံးအတွက် အမှတ်တရ ရေးလိုက်မိ တဲ့ပို့စ်လေးပါခင်ဗျာ...။ အားလုံးပဲ ပျော်ရွှင်သော၊ ချမ်းမြေ့သော နှစ်သစ်ဖြစ်စေဖို့ ဒီနေရာလေးကနေ ဆန္ဒပြုနေလျှက်ပါခင်ဗျာ....။
=========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

Friday, December 25, 2009

မညှိုးပန်း


    
နက်လင်းအားကြီးချိန်က သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့်ထင်ပါသည်။ ညဆိုင်းအလုပ်ခွင်မှ အိမ်သို့အပြန်၊ လှမ်းနေဆဲဖြစ်သော သူ၏ခြေလှမ်းများအောက်မှ အနက်ရောင် နိုင်လွန်ကတ္တရာလမ်းညီညီလေး က ရေစက်များဖြင့် စွတ်စိုနေခဲ့၏။ ထို့အတူ လမ်းမထက်တွင် ဟိုဒီပြန့်ကျဲစွာ ကြွေကျနေခဲ့သော သစ်ရွက်စိမ်းစိမ်း လေးများမှာလည်း စိုစွတ်နေဆဲဖြစ်တာ တွေ့နေရသည်။
         
ကောင်းကင်ကို သူတစ်ချက်မော့ကြည့်မိသည်။ မနက်စောစောဖြစ်နေသော်လည်း နေရောင်ကို လုံးဝမမြင်ရ။ အုပ်စုဖွဲ့ကာ ဟိုဒီရွေ့လျားနေခဲ့သော တိမ်မည်းညိုညိုတို့က ကြည့်နေရင်းခဏမှာပင် တဖြည်းဖြည်း နိမ့်ဆင်း လာနေသည် ထင်ရ၏။ အတွေ့အကြုံအရ နောက်ထပ်တစ်ခေါက် ထပ်ပြီး မိုးရွာဖို့ အစပျိုးနေပြန်ပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဝေ့,ခနဲတိုက်ခတ်လာသော မိုးသက်လေတစ်သုတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်ခ,နဲဖြစ် အောင် အေးသွားရ၏။ ထို့ကြောင့် ပခုံးနှစ်ဖက်ကို အသာကြုံ့ရင်း လှမ်းနေဆဲဖြစ်သော ခြေလှမ်းများကို ခပ်သွက် သွက်လေး လှမ်းလိုက်မိ၏။
        
နောက်...စိတ်ထဲမှလည်း နောက်ထပ် ဆယ့်ငါးမိနစ်အတောအတွင်း ဒီမိုးမရွာပါစေနဲ့ဟု တိတ်တိတ်ကျိတ်ကာ ဆုတောင်းမိသည်။ အလုပ်မှအပြန် သူ့တွင် ထီးမပါလာခဲ့တာမို့သာ ဖြစ်ပါသည်။
        
နှစ်တစ်နှစ်၏ပြီးဆုံးမှုကို လှပစွာအနားသပ်ပေးမြဲဖြစ်သည့် ဒီဇင်ဘာလလေးဖြစ်တာမို့ သူရှင်သန်ကြီးပြင်းခဲ့ရာ အမိမြေတွင် မြူနှင်းတို့ဝေဖြာစွာဖြင့် အေးမြမြဆောင်းဥတုလေးဖြစ်နေခဲ့မှာ အသေအချာပင်။ သို့သော်လည်း လက်ရှိ သူနေထိုင်ကာ အလုပ်လုပ်နေခဲ့ရသည့် ပြည်ပနိုင်ငံငယ်လေးတစ်ခုတွင်မူ အခုတလော မိုးများရွာသွန်းနေ ခဲ့သည်မှာ နေ့စဉ်ရက်ဆက်ဆိုသလိုပင် ဖြစ်နေပါသည်။
         
ထိုကဲ့သို့ အိမ်အပြန်လမ်းတွင် မိုးတွေရွာသည်ဖြစ်ဖြစ်...၊ အခုလို ရွာခါနီးဆဲဆဲပဲဖြစ်ဖြစ်...သူ့ရင်ထဲတွင်.....

~~~@~~~

        
အုတ်နီခဲအကျိုးအပဲ့များကို ထုခွဲကာခင်းထားသော မညီမညာလမ်းလေး၏ အပေါ်တွင် ခပ်စောစောက ရွာချခဲ့သော မိုးရေစက်များ ပေစွန်းနေခဲ့သည်။ လမ်းလေး အထက်ရှိ ချိုင့်ခွက်နေရာ အတော်များများထဲတွင် ရွံ့ ရောင်ပေါက်နေသောရေများ ၀ပ်ကျန်နေရစ်ခဲ့တာ တွေ့ရ၏။ လမ်းဘေးအစပ်နားရှိ ရေများပြည့်နေခဲ့သော ရေ နှုတ်မြောင်းလေး၏ နှုတ်ခမ်းအစပ်တွင် မြက်နှင့် ကနဖော့ပင်များက စိမ်းလန်းစွာဖြင့် သန်သန်စွမ်းစွမ်း ပေါက်နေ ခဲ့တာကိုလည်း မြင်နေရသည်။
         
မိုးတွင်းစီး ကွင်းထိုးဖိနပ်အနက်ရောင် ခပ်ကြီးကြီးတစ်ရံ၏ အကူအညီဖြင့် (သူ့အတွက်) အချိန်မရွေးပင် ချော်လဲသွားနိုင်သော မညီမညာလမ်းကလေးထက် ဂရုစိုက်ကာ သူလျှောက်လှမ်းနေခဲ့ရသည်။ တစ်ခါတရံတွင် နင်းစရာအမာခံမရှိပဲ ရေပြည့်နေသည့် ချိုင့်ခွက်ငယ်လေးများကိုမူ ကွေ့ပတ်ရှောင်မသွားတော့ပဲ သူခုန်ကျော်ပစ်ခဲ့ လိုက်သည်။ ခပ်ဆိုးဆိုးလမ်းလေးအထက်တွင် လမ်းလျှောက်နေခဲ့ရတာမှန်သော်လည်း မိုးရနံ့ပါသောလေထုကို ရှူရှိုက်ရင်း သူနှစ်သက်စွာပျော်နေမိခဲ့သည်။ ဇူလိုင်လ၏ မိုးရက်တစ်ရက်ဖြစ်တာမို့ ကောင်းကင်ပြင်တစ်ခုလုံးတွင် တိမ်မည်းညိုညိုတို့က မှိုင်းမှိုင်းပြပြဖြင့် ရှိနေခဲ့လေ၏။
        
သူ ဆက်လျှောက်လာခဲ့သည်။ မိုးအုံ့နေခဲ့သော နေ့လယ်ပိုင်းမို့ လမ်းလေးထက်တွင် လူရှင်းနေခဲ့သည်။ တစ်ယောက်စ, နှစ်ယောက်စဆိုသလို ဘေးနားမှဖြတ်သွားကြသော လူတချို့က သူ့ကိုအကဲခတ်သလိုမျိုး ကြည့် သွားကြတာ သတိထားမိ၏။ အလိုလိုနေရင်း ပြုံးနေမိသော သူ့မျက်နှာကြောင့်ပင် ဖြစ်မည်ထင်ပါသည်။
         
သံဇကာကွက်ကျဲကျဲများဖြင့် ခြံစည်းရိုးကျယ်ကျယ်ခတ်ထားသော မူလတန်းကျောင်းလေး တစ်ကျောင်း ရှေ့သို့ သူရောက်လာခဲ့သည်။ ကျောင်းဝင်းတံခါးဝရှိ သစ်သားတံခါးလေးနားမှာရပ်ရင်း အထဲသို့ သူလှမ်းကြည့်မိ၏။ အုတ်ဖြင့် အယ်လ် (L) ပုံစံဆောက်ထားခဲ့သော တစ်ထပ်ကျောင်းဆောင် ရှည်ရှည်လေးက သူ့မျက်စိထဲတွင် ခါတိုင်းထက်ပိုသေးသွားသည်ဟု ထင်ရ၏။ နောက်မှ မမြင်ရတာကြာသွားလို့ဖြစ်မည်ဟု ပြန်တွေးမိလိုက်သည်။ သို့သော် ကျောင်းကလေးကို သုတ်ထားခဲ့သည့် ဆေးအဖြူရောင်ကလေးကမူ အရင်ကထက်ပိုပြီး မှေးမှိန်စွာဖြင့် ညစ်ထပ်ထပ်နိုင်နေတာကတော့ အမှန်ပင်။
         
စေ့ရုံသာ စေ့ထားသော ခပ်ယိုင်ယိုင် သစ်သားဝင်းတံခါးလေးကို တွန်းဖွင့်ရင်း ကျောင်းဝင်းအတွင်းသို့ သူဝင်ခဲ့လိုက်သည်။ ကျောင်း၏ အရှေ့ဘက်တွင်ရှိသော မကျဉ်းမကျယ် ကစားကွင်းလေးမှာလည်း ရေများစိုနေ ဆဲဖြစ်တာတွေ့ရ၏။ ကွင်း၏အစပ်ရှိ အလံတိုင်လေးအထက်တွင်မူ သိပ်မသစ်တော့သော နိုင်ငံတော်အလံက မိုး ရေများဖြင့် စိုကပ်နေခဲ့သည်။ ထိုနံဘေးမှ သူဖြတ်လျှောက်လာခဲ့လိုက်သည်။ ကျောင်းဆောင်အစပ် ကော်ရစ်ဒါ ပေါ်ခြေချမိတော့ စောစောကတည်းက သူကြားနေခဲ့ရသော ကျောင်းသားလေးများ၏ ဆူညံသံ၊ စာဆိုသံတို့ကို ပိုမိုပီပြင်စွာ ကြားလာရသည်။
         
“ဟယ်... သား”...
        
အလွန်ရင်းနှီးခဲ့ဖူးသော ခေါ်သံကြောင့် သူလှမ်းကြည့်မိသည်။ သူနှင့် အနီးဆုံးနေရာတွင်ရှိသော ရုံးခန်းထဲမှ ထွက်လာသည့် ခန္ဓာကိုယ်ခပ်ဖိုင့်ဖိုင့်နှင့် ဆရာမတစ်ယောက်ကို တွေ့လိုက်ရ၏။ သူနှင့် အရမ်းရင်းနှီးခဲ့ဖူးသော ထိုဆရာမရှိရာသို့ ပြုံးပြရင်း လှမ်းသွားလိုက်သည်။ ဆရာမက အားရ၀မ်းသာစွာ ပြုံးရင်းမေးသည်။
        
 “ဆရာ့ဆီကို လာတာလားသား”
 “ဟုတ်ကဲ့ဆရာမ...အဖေရှိရဲ့လားမသိဘူးနော်”...
         
ဆရာမ၏အမေးကို ခေါင်းငြိမ့်ကာပြန်ဖြေလိုက်ရင်း မေးမိသည်။
        
“ရှိတယ် သားရဲ့၊ လာ ဆရာမ သားအဖေအတန်းကို လိုက်ပို့ပေးမယ်..။ မတွေ့ရတာ ကြာလို့လားမသိဘူး၊ သားက ပိုချောလာသလိုပဲ”....
        
ဆရာမ၏စကားကြောင့် ရှက်ရွံ့၊ အနေခက်စွာသူရယ်လိုက်မိရင်း ထိုဆရာမဘေးနားမှနေ သူလိုက်သွားမိ ခဲ့သည်။ ထိုဆရာမသည် သူ့အဖေနှင့် တစ်ကျောင်းတည်း လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတစ်ယောက်၊ သူတို့မိသားစု နှင့် ခင်မင်ရင်းနှီးနေခဲ့သူ တစ်ဦးဖြစ်၏။ ပထမတန်းဟု ရေးထားသည့် စာသင်ခန်းလေး တစ်ခန်းအရှေ့မှ သူတို့အ ဖြတ်တွင် အပေါက်ဝနားရှိ စားပွဲခုံတွင်ထိုင်နေသော ဆရာမတစ်ယောက်က လှမ်းပြီး....
         
“အစ်မရေ... ဧည့်သည်လာတာလား”....
“ဟုတ်တယ် ညီမရေ့။ ဒါ..ဆရာ့သားလေ၊ ပြည်ပမှာ အလုပ်သွားလုပ်နေတာ ကြာပြီ။ အခုမှ အလည်ပြန် ရောက်လာတာလေ။ အဲ့ဒါ အခု သူ့အဖေဆီကို လာလည်တာတဲ့၊ သားအဖတွေက အိမ်မှာမတွေ့ရတာ ကျနေ တာပဲလေ။ ဟင်း...ဟင်း”
        
အတန်းထဲက ဆရာမကအပြင်သို့ထွက်လာရင်း....
     
“သြော်.. အဝေးရောက်နေတဲ့ ဆရာ့သားဆိုတာလား။ သားအဖေ ပြောပြောနေတာတော့ ခဏခဏ ဆိုသလို ဆရာမတို့ ကြားဖူးနေတာ။ လူကိုတစ်ခါမှ မတွေ့ဖူးခဲ့ပေမယ့် နာမည်ကိုတော့ ရင်းနှီးနေခဲ့တာကြာပြီသားရဲ့။ ဆ ရာမက မင်းထွက်သွားပြီးမှ ဒီကျောင်းကို ပြောင်းလာခဲ့တာလေ”
“ဟုတ်ကဲ့ပါ ဆရာမ၊ ကျွန်တော်လည်း တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ”
       
အဖေ့ လုပ်ဖော်ကိုင်ဖက် ဆရာမမို့ ယဉ်ကျေးစွာ သူနှုတ်ဆက်လိုက်မိသည်။ ထိုဆရာမက ပြုံးကာ ခေါင်းငြိမ့် ပြသည်။ ဆက်လျှောက်လာခဲ့ကြတော့ “ဒုတိယတန်း”ဟု ရေးထားသော စာသင်ခန်းရှေ့သို့ သူတို့ ရောက်လာကြ ၏။
       
 “လှည်းဘီးများ ရွှံ့ထဲကျွံနေသောအခါ လှည်းသမားသည် မည်သူ့ကို တိုင်တည်သနည်း”....
         
သံနေသံထားဖြင့် မေးလိုက်သော အဖေ့အသံအား သူကြားလိုက်ရတော့ ပြုံးမိသည်။
         
“လှည်းဘီးများရွှံ့ထဲကျွံနေသောအခါ... လှည်းသမားက ရေနတ်မင်းကို တိုင်တည်ပါသည်”...
      
သံပြိုင်ဖြေလိုက်ကြသော ကျောင်းသားလေးများ၏ အသံကြောင့် သူထပ်ပြုံးမိပြန်သည်။ ကျောင်းသားငယ် လေးများ၏ စာဆိုသံသည် သူ့နားထဲတွင် ချိုမြိန်ဖွယ်ကောင်းသော ဂီတသံစဉ်တေးသွားတစ်ပုဒ်လို ဖြတ်သန်းစီး ဆင်းသွားသောကြောင့်သာ ဖြစ်ပါသည်။
         
လိုက်ပို့သောဆရာမက အတန်းဝသို့ဝင်လိုက်ရင်း...
        
“ဆရာ... ဒီမှာဘယ်သူရောက်နေသလဲဆိုတာ လာကြည့်ပါဦး”....
         
အခန်းဝကို ကျောပေးထားသည့် အနေအထားတွင်ရှိသော ကျောက်သင်ပုန်းရှေ့မှာရပ်ရင်း ကလေးများကို စာချပေးနေခဲ့သော အဖေက သူ့အား မြင်သေးဟန်မတူ။ သို့သော်လည်း ကျောင်းသားလေးများ၏ အကြည့်အား လုံးက အတန်းဝမှ သူတို့ဆီသို့ ရောက်လာကြ၏။  ခေါ်လိုက်သော ဆရာမ၏အသံကြောင့် အတန်းဝသို့ ထွက်လာ သောအဖေက သူ့ကိုမြင်တော့...
         
“ဟာ... သား၊ မိုးနဲ့ လေနဲ့ဟာကို အိမ်မှာမနေပဲ ဘာဖြစ်လို့ ဒီကို လိုက်လာရတာတုန်းကွ”....
         
ဟု... အံ့သြစွာဖြင့် ပြုံးရင်းမေးလေတော့သည်။ သူက ‘ပျင်းလို’့ဟု ခပ်တိုးတိုးပြန်ဖြေတော့ အဖေက ရယ်၏။ ဟုတ်သည်၊ အဝေးကြီးမှ အိမ်သို့ခဏပြန်လာရသောသူ့အတွက် အလုပ်လုပ်စရာ မယ်မယ်ရရ မရှိတာမို့ ပျင်း နေခဲ့ရတာ အမှန်ပင်။၊ နောက်ပြီး... လုပ်ငန်းခွင်အသီးသီးသို့ သွားနေကြသော အမေ၊ အဖေနှင့် အစ်ကို၊ အစ်မ တွေကြောင့် အိမ်တွင်ဘယ်သူမှမရှိ၊ သူပြည်ပ မထွက်ခင်က ရှိခဲ့ဖူးသော ငယ်သူငယ်ချင်းတချို့မှာလည်း အလုပ် ကိုယ်စီနှင့်၊ ရှိသည့် သူငယ်ချင်းတချို့ကျပြန်တော့လည်း (သူ့ဘက်က ပြည်ပတွင် အနေကြာလာခဲ့၍ ဘာမှမ ပြောင်းလဲခဲ့သော်လည်း) စည်းခြားသည့် စကားများကိုဆိုသူဆို၊ ထေ့ငေါ့ချင်သလိုမျိုး စကားတွေပြောရင်း ရှောင် ဖယ် ရှောင်ဖယ် လုပ်နေတတ်တာမို့ ထပ်တွေ့ဖို့ရာ သူမကြိုးစားချင်မိတော့တာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် အ လည်ပြန်လာသည့် ရက်များအတွင်း အိမ်မှာ သူတစ်ယောက်ထဲ စာအုပ်ဖတ်နေရတာ များနေခဲ့ပါသည်။ သူစာ အုပ်တွေ ဖတ်နေပြန်တော့လည်း အဖေနှင့်အမေတို့က မြင်တိုင်း “သားရယ်၊ မင်းမျက်စိကို အနားပေးပါဦးကွာ” ဟု ဆိုတတ်ပြန်သေးသည်။
         
“ကဲ..အခု ဘာလုပ်ဖို့ အဖေ့ကျောင်းကို လိုက်လာရတာလဲ”
       
ပြုံးပြီးမေးသော အဖေ့အမေးစကားကို မျက်နှာခပ်ပုပ်ပုပ်လုပ်ထားပြီး သူပြန်ဖြေမိ၏။
        
“လက်ဖက်ရည် သောက်ချင်လို့ လိုက်လာတာ”
 “ဟေ”...
       
အဖေက အံ့သြရယ်ချင်သလိုပုံစံဖြင့် ရေရွတ်သည်။ နောက် သူတို့သားအဖကို ဘေးနားမှနေပြုံးရင်း ရပ် ကြည့်နေခဲ့သော စောစောကလိုက်ပို့သည့် ဆရာမအား တစ်ချက်ကြည့်ကာ...
         
“အိမ်မှာ တီးမစ်ခ်အထုတ်တွေ ရှိတယ်လေကွာ။ ဖျော်သောက်ရောပေါ့ သားရယ်”
“ဟင့်အင်း... ဆိုင်ကဖျော်တဲ့ ပေါ့ဆိမ့်လက်ဖက်ရည်ကို ဆိုင်မှာပဲသောက်ချင်တာ”
         
ခေါင်းခါရင်း ဂျစ်တိုက်စွာပြန်ဖြေသော သူ့ကို အဖေကပြုံးရင်းကြည့်ကာ...
        
 “ဒါဆိုလည်း ကိုယ့်ဘာသာ သွားသောက်ပါလားသားရဲ့။ ဘာတုန်း ပိုက်ဆံမရှိလို့လားကွ”
       
အဖေ့အမေးစကားကြောင့် သူခိုးပြုံးလိုက်မိသည်။ ဟုတ်သည်။ ဟိုးအရင် အချိန်တွေတုန်းက (သူ ပြည်ပမ ထွက်ခင် အချိန်တွေတုန်းကဆို) လက်ဖက်ရည်ဖိုးမရှိတိုင်း အဖေ့ဆီက သူတောင်းနေကျ။ တစ်ခါတလေ အိမ်မှာ အဖေ့ကို ပြောပြီး အင်္ကျီအိတ်ထဲကနေ သူကြိုက်သလောက် နှိုက်ယူသွားနေကျ။ အခုတော့ သူပြန်လာခိုက်တွင် သုံးချင်ရာသုံးဖို့ဆိုပြီး သူ့ပိုက်ဆံအိတ်အဟောင်းလေးထဲမှာ အမေထည့်ထားပေးသော ပိုက်ဆံအချို့ရှိနေခဲ့ သော်လည်း အဖေ့ရှေ့မှာ လက်ဝါးဖြန့်လိုက်ပြီး...
        
“ဟုတ်တယ်... ပေး”....
       
ဝတ်ထားသော အဖြူရောင် လည်ကတုံးရှပ်အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်လေးတစ်ရွက်ကိုထုတ်ပြီး သူ့ လက်ထဲသို့ အဖေကထည့်ပေးသည်။ သူမြန်မြန်လေး လှမ်းယူလိုက်၏။ ဟုတ်သည်။ သူဘယ်လောက်ပဲ ပိုက်ဆံ ရှာနေနိုင်သည်ဖြစ်စေ အဖေပေးသော ထိုပိုက်ဆံလေးကို သူမက်မောပါသည်။ ပိုက်ဆံယူပြီးသော်လည်း သူခေါင်း ခါကာ....
         
“ဟုတ်ဘူးဗျ။ သားတစ်ယောက်ထဲ မသောက်ချင်ဘူး။ အဲ့ဒါကြောင့် အဖေဆီလာခဲ့တာ။ အဖေနဲ့အတူတူ သွားထိုင်ချင်လို့ ကျောင်းအထိလိုက်လာပြီး ခေါ်တာဗျ။ သိပြီလား”
         
သူ့စကားကြောင့် ဘေးနားတွင် ရပ်ကြည့်နေသောဆရာမက ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ အဖေကလည်း ရယ်ရင်း...
        
“ဟာ... သားရယ်။ ဒီမှာ ကျောင်းမဆင်းသေးဘူးလေကွာ။ ကျောင်းက ညနေသုံးနာရီမှဆင်းမှာလေ။ အခုမှ နှစ်နာရီခွဲကျော်ကျော်လေး ပဲရှိသေးတာလေကွာ”
“လိုက်ပို့လိုက်ပါ ဆရာရယ်။ ဆရာ့အတန်း ကျွန်မတို့ကြည့်ထားလိုက်ပါ့မယ်။ ဆရာ့သားလေး သနားပါ တယ်ရှင်။ သူ့ခမြာ အဝေးကြီးကနေ ပြန်လာရတာကို”
      
ဘေးနားမှ ဆရာမက သူတို့သားအဖကိုကြည့်ပြီး မနေနိုင်တော့သလိုဝင်ပြော၏။ အတန်းထဲမှကလေးလေး များကတော့ သူတို့တွေကိုကြည့်ကာ ကြွက်စီ... ကြွက်စီနှင့် ဖြစ်နေကြသည်။ သူက...
       
“ဟုတ်ပါတယ်ဗျ။ သားကလည်း ကျောင်းဆင်းမှ အဖေနဲ့အတူတူသွားဖို့ ကြိုပြီးလာတာပါ။ အခုလောလော ဆယ်သွားမှာ မဟုတ်သေးပါဘူး”
“ဘာတွေဖြစ်နေကြတာလဲ ဒီသားအဖတွေ”
        
စောစောကအတန်းဝမှာ သူ့ကိုနှုတ်ဆက်ခဲ့သော ဆရာမက အနားသို့ရောက်လာရင်း မေးခြင်းဖြစ်လေ၏။ အဖေက ရယ်ရင်း...
        
“ဒီမှာဗျာ။ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်သွားချင်တယ်ဆိုပြီး လာဂျီကျနေလို့ဗျ။ သူ့အရွယ်ကြီးနဲ့လည်း မုန့်ဖိုးတောင်းနေသေးတယ်လေဗျာ။ ဒါကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်သား အငယ်ဆုံးလေ ဆရာမ”
“သိပြီးပါပြီရှင်၊ စောစောက တွေ့ပြီးသားပါ။ ဆရာပြောပြောနေတဲ့ ဆရာ့သားက အပြင်မှာတွေ့ရတော့ တကယ့် လူငယ်လေးလိုပဲနော်”
        
ထိုဆရာမက ခေါင်းစွပ်မိုးကာသားဂျာကင် အနက်ရောင်၊ အောက်ခံတီရှပ်အဖြူ၊ နောက် ဒူးခေါင်းနားအထိ သာရှည်သော ရှော့ပင်န်လေးနှင့်အတူ အောက်က ကွင်းထိုးဖိနပ်အကြီးကြီးကို ၀တ်ထားသော ပိန်ပိန်ပါးပါးနှင့်သူ့ ကိုကြည့်ရင်းပြော၏။ အဖေက ပြုံးကာခေါင်းငြိမ့်ပြရင်း သူ့ကိုကြည့်ကာ...
        
“သား.. မင်းက မိုးရွာခါနီးကို ထီးလည်းမယူလာဘူး။ နောက်ပြီး ဘောင်းဘီတိုလေးနဲ့ အအေးမိနေပါဦးမယ်ကွာ။ မင်းအမေသိရင် အဖေ့ကို ဆူနေဦးမယ်။ နေဦး... ဒီကိုဘာနဲ့လာတာလဲ”
“ဆိုက်ကားနဲ့လာတာ၊ ဒီလမ်းထဲကို ဆိုက်ကားဝင်မရလို့ လမ်းလျှောက်လာတာလေ”
“အေး..အေး..၊ ဒါဆိုခဏစောင့်၊ မိနစ်သုံးဆယ်လောက်ဆို ကျောင်းဆင်းတော့မှာပါကွာ။ အဲ့ဒီကျမှ အတူ တူသွားကြတာပေါ့။ အဖေ လိုက်ပို့မယ်”
“ဟုတ်”....
        
သူနာခံစွာ ခေါင်းငြိမ့်လိုက်ပါသည်။ အသက်နှစ်ဆယ့်ခုနှစ်နှစ်နီးပါး ဖြစ်နေခဲ့ပေမယ့် အဖေ့ကိုသူဆိုးရတာ မရှက်ပါ။ သို့သော် သူစိမ်းများရှေ့တွင်မူ သူဆင်ခြင်သင့်သည် ထင်မိ၏။
         
ကျောင်းသားလေးတစ်ယောက်ယူလာပေးသော သစ်သားခုံလေးကို အဖေ့အတန်းအပြင်ဘက်ရှိ ကော် ရစ်ဒါမှာချပြီး သူထိုင်ချလိုက်မိသည်။ စောစောက ဆရာမနှစ်ယောက်က သူ့ကိုပြုံးပြနှုတ်ဆက်ခဲ့ပြီး အတန်းရှိရာ သို့ ပြန်သွားကြလေ၏။ အဖေကလည်း သူ့ပခုံးကိုတစ်ချက်ပုတ်ရင်း စာဆက်သင်ရန် သူ့အတန်းထဲကိုပြန်ဝင်သွား သည်။
         
“ကဲ..ပြန်စမယ်...၊ ရေနတ်မင်းက လှည်းသမားကို မည်သို့ပြောလိုက်သနည်း”....
“ရေနတ်မင်းက လှည်းသမားအား... ဟယ်လူပျင်း..လှည်းကို ရှေ့သို့ရွေ့အောင် သင်ကိုယ်တိုင်”....
        
အဖေ့ မေးခွန်းအဆုံးတွင် ကျောင်းသားလေးများ၏ ပြိုင်တူညီညာစွာပြန်ဖြေလိုက်သော စာအံသံလေးများ ကို သူနားထောင်ရင်း ကျောင်းဝင်းအတွင်းမှ ကုက္ကိုလ်ပင်၊ ခရေပင်၊ အုန်းပင် စသည်တို့ လေတိုက်တိုင်း ယိမ်းနွဲ့နေ ခဲ့ကြတာကို သူငေးကာ တွေးနေမိခဲ့သည်။ အဖေသည် သူ့အတွက် ဖခင်တစ်ယောက်တင်သာမက သူ၏ သင်ဆ ရာလည်း ဖြစ်ခဲ့ဖူးသည့် အကြောင်းများကိုပင်။
        
ဟုတ်သည်၊ အဖေသည် ငယ်စဉ်တုန်းက သူတက်ခဲ့ရသည့် မူလတန်းကျောင်းလေးတစ်ခုတွင်လည်း အခုလိုမျိုး မူလတန်းပြဆရာတစ်ဦးအဖြစ် ရှိနေခဲ့ဖူးသည်။ ငယ်ငယ်က ကျောင်းသွားတိုင်း အဖေ့မောင်ဗမာစက်ဘီး ကယ်ရီယာ အနောက်ကနေထိုင်ရင်း ကျောင်းလိုက်တက်ခဲ့ရတာတွေကို မှတ်မိနေသေးသည်။ တစ်ခါတလေ ကျောင်းမှအပြန် လက်ဖက်ရည်ကြိုက်တတ်သောအဖေက လက်ဖက်ရည်ဆိုင်သို့ဝင်ပြီး သောက်တိုင်း အောက်ခံ ပန်းကန်ပြားလေးထဲသို့ ခွက်ထဲမှ လက်ဖက်ရည်များကို နည်းနည်းချင်းထည့်ကာ အေးအောင်မှုတ်ပြီး တိုက်ခဲ့တာ တွေကိုလည်း မှတ်မိနေပါသေးသည်။
        
ထိုစဉ်က အဖေစာသင်သော မူလတန်းကျောင်းကလေးတွင် သူငယ်တန်းမှ လေးတန်းအထိ သူတက်ခဲ့ရ တာမှန်သော်လည်း စတုထ္ထတန်းရောက်မှ အဖေ့အတန်းမှာ သူတက်ခွင့်ရခဲ့သည်။ ကိုယ့်အဖေအတန်းမှာ တက်ရ တာဖြစ်သော်လည်း ဘာအခွင့်အရေးမှ ပိုမရခဲ့ဖူးပါ။ အခွင့်အရေးမရသည့်အပြင် မှတ်မှတ်ရရ ရိုက်ခံထိခဲ့ဖူးလေ သည်။ မုန်းစားကျောင်းဆင်းခါနီး ကစားချင်ဇောကြီးသောစိတ်များဖြင့် မလှမပရေးထားသော သူ့စာအုပ်ကို  အ နားသို့ခေါ်ပြရင်း လက်ဖ၀ါးကိုနာအောင် ကြိမ်လုံးသေးသေးလေးဖြင့် ခပ်စပ်စပ်လေး တွယ်ခံရခြင်းပင်။ နောက် စာရေးတာ အရမ်းကြီးမလှရင်နေပစေ၊ သူများဖတ်လို့ရအောင် ရှင်းရှင်းလင်းလင်းရေးရတယ်ကွ...ဟု ဆိုခဲ့သော အဖေ့ရဲ့စကားများက သူ့နားထဲမှမထွက်နိုင်ခဲ့တာ အခုအချိန်အထိ...။
        
နောက် သူငါးတန်းရောက်တော့ ထိုမူလတန်းကျောင်းလေးကို စွန့်ခွာကာ အထက်တန်းကျောင်းသို့ ပြောင်း ရွေ့ခဲ့ရ၏။ တဖြည်းဖြည်းနှင့် သူအတန်းကြီးလာခဲ့သော်လည်း အဖေ့ရဲ့မူလတန်းပြ ကျောင်းဆရာဘ၀လေးက အ ရင်အတိုင်း မပြောင်းလဲခဲ့။ တစ်ခါတလေ အဖေ့မိတ်ဆွေဆရာ၊ ဆရာမများက အလယ်တန်းပြ၊ အထက်တန်းပြ၊ ကျောင်းအုပ် စသည့် ရာထူးအသီးသီးတိုးသွားအောင် သူ့နည်းသူ့ဟန်များဖြင့် ကြိုးစားသွားကြသောအခါ၊ အဖေ့ ကိုလည်း တိုက်တွန်းစကားတွေ ဆိုတတ်ကြသောအခါ ပြုံးနေတတ်သော အဖေ့အားကြည့်ရင်း သူနားမလည်နိုင် ခဲ့။ သို့သော် အခုတော့ သူနားလည်လာခဲ့မိရ၏။ ကလေးလေးတွေကို အခြေခံမူလတန်းမှစပြီး စာသင်ပေးရခြင်း အား ပျော်နေတတ်သော အဖေရယ်လေ။
         
“ကဲ.... ကိုယ့်ပစ္စည်းတွေကိုယ် စုံအောင်စစ်ပြီးသိမ်းမယ်ဟေ့။ ကျောင်းဆင်းခါနီး ပြန်စစ်ကြပါ”
      
အဖေ့သတိပေးစကားနှင့်အတူ ကျောင်းသားလေးများ၏ ဆူညံသံလေးများကို သူကြားလိုက်ရသည်။ သူငယ်ငယ်တုန်းကလည်း ကျောင်းမှအပြန်လွယ်အိတ်ကို စစ်စေခဲ့တာ၊ သူများပစ္စည်းကို မှားပါလာခဲ့လျှင် နောက် နေ့ပြန်ပေးခိုင်းတတ်သေး၏။ သူများပစ္စည်းကို မမက်မောတတ်စေဖို့ လမ်းပြပေးခဲ့သော အဖေ့ကျေးဇူးများကြောင့် (ဘယ်သူမှမသိနိုင်ခဲ့သည့်) ရိုးသားမှုတစ်ခုက အခုအချိန်ထိ သူ့ရင်ထဲတွင် အမြစ်တွယ်နေခဲ့ဆဲပင်။
         
“ကဲ...သား... ထတော့ ကျောင်းဆင်းပြီကွ။ အဖေတို့သွားကြမယ်လေ”...
“ဟုတ်ကဲ့”....
        
ကျောင်းသားလေးများကြားမှ သူတို့သားအဖနှစ်ယောက် ကျောင်းဝင်းထဲမှထွက်ခဲ့ကြတော့ ဆရာမတချို့က ပြုံးကြည့်ကျန်နေခဲ့ကြ၏။ မိုးသက်လေတစ်ချက်ဝေ့ကာ တိုက်ခတ်လာပြန်တာမို့ အဖေ့ပခုံးကို သူလှမ်းဖက် လိုက်မိပါသည်။ ဖေဖေက ပြုံးနေရင်း...
         
“ချမ်းလို့လားသားရဲ့”....
“ဟုတ်ကဲ့”...
“ဟေ့ကောင်တွေ၊ မဆော့ကြနဲ့ကွ...ချော်လဲမယ်မင်းတို့။ တော်ကြာမိုးရွာတော့မှာ မြန်မြန်ပြန်ကြဦးနော်။ လမ်းမှာ လျှောက်ဆော့မနေကြနဲ့ဦး”
       
သူနှင့်လမ်းလျှောက်နေရင်း အနားမှာလျှောက်နေကြသော ကျောင်းသားလေးများကို အဖေက စိုးရိမ်စွာဖြင့် လှမ်းအော် ပြောနေပြန်လေသည်။ ကလေးလေးများက ‘ဟုတ်ကဲ့ပါ ဆရာကြီး’ဟု လက်ကလေးများကို ပိုက်ရင်း ပြန်ဖြေသွားကြတာ တွေ့ရတော့ သူ့ရင်ထဲတွင်ကြည်နူးမိ၏။ အဲ့ဒါကြောင့် မူလတန်းပြဆရာကြီးဘ၀ကို အဖေမစွန့် လွှတ်နိုင်တာများလားဟု မရေမရာ တွေးလိုက်မိသေးသည်။
        
လက်ဖက်ရည်ဆိုင်ရောက်တော့ သူတို့သားအဖနှစ်ယောက် လက်ဖက်ရည်တစ်ခွက်စီ အတူတူသောက်ကြစဉ် ဘူးထဲမှ စီးကရက်တစ်လိပ်ကို သူထုတ်သောက်တော့ ဆေးလိပ်မသောက်တော့ပြီဖြစ်သောအဖေက...
         
“သားရယ်... မင်းဆေးလိပ်တွေ အရမ်းမသောက်နဲ့နော်”...
“ဟုတ်ကဲ့ပါ... အဖေရဲ့”...
         
စိုးရိမ်ပူပန်စွာဖြင့် ပြောသောစကားမို့ သူသေချာခေါင်းငြိမ့်ပြီး ကတိပေးလိုက်မိပါသည်။ နောက်ပြီး သူတက္ကသိုလ် ပထမနှစ်စတက်တော့ ဆေးလိပ်စသောက်ဖြစ်ခဲ့တာကို တစ်ချက်လွှတ်အမိန့်သုံးကာ အတင်းအကျပ်မတား မြစ်ခဲ့ပဲ ‘မကောင်းတာကိုသိပေမယ့် လုပ်ချင်နေတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိပဲ ကောင်းတယ်’... ဟု သ တိပေးခဲ့တာကို မှတ်မိနေပါသေးသည်။
        
လက်ဖက်ရည်ဆိုင်ထဲမှ စားပွဲခုံသေးသေးလေးတွင် နှစ်ယောက်ပူးပြီး ဘေးချင်းယှဉ်လျှက် ထိုင်နေခဲ့ကြသော သူတို့သားအဖကို ဆိုင်အတွင်းရှိ တချို့ဝိုင်းများမှ အထူးအဆန်းလိုကြည့်နေကြတာ သူသတိထားမိ၏။ သူ အလုပ်လုပ်သော နိုင်ငံ၏အကြောင်းများ၊ လုပ်ငန်းခွင်ရဲ့အကြောင်းများကို အဖေက ခပ်တိုးတိုးဖြင့်ပြုံးပြီးမေးသော အခါ သူပြန်ဖြေလိုက်တိုင်း အဖေ့ရဲ့မျက်ဝန်းများက ကျေနပ်ခြင်းရောင်စဉ်များဖြင့် တလက်လက် ရှိနေခဲ့သည်။ ဒီ လိုမျက်လုံးများဖြင့် သူ့ကို လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကတည်းက အဖေကြည့်ခဲ့ဖူးတာ မှတ်မိသည်။
        
သူဆယ်တန်းကျောင်းသားဘ၀က ညဥ့်နက်ပိုင်းအထိတိုင်အောင် စာကျက်နေတတ်သောသူနှင့် မလှမ်းမ ကမ်းတွင် ရေနွေးကြမ်းဓါတ်ဘူးတစ်လုံးဖြင့် ရေနွေးထိုင်သောက်ရင်း ဘယ်လောက် ညဥ့်နက်နေနေ အဖေက ထိုင်စောင့်ပေးခဲ့ဖူးသည်။ နောက် အချိန်တန်လျှင် အိပ်သင့်ပြီဟု တိုက်တွန်းပြောခဲ့ရင်း သူ့ကို အားရကျေနပ်သော မျက်ဝန်းများဖြင့် ကြည့်ခဲ့ဖူးတာ။ သို့သော် အခုတော့ သူ့ကိုကြည့်သောမျက်လုံးများထဲတွင် အားကိုးခြင်း အရိပ်အ ယောင်များလည်း ယှက်သန်းနေခဲ့တာကို သူသတိထားမိတော့ ပိုကြိုးစားဖို့ တိတ်တိတ်လေး ကျိတ်ဆုံးဖြတ်ထား လိုက်မိ၏။ ဆယ်တန်းစာမေးပွဲကြီးဖြေရတော့ အဖေကိုယ်တိုင်လိုက်ပြီး (ငယ်ငယ်တုန်းက စီးခဲ့ရသည့် စက်ဘီးအို လေးပေါ်တင်ကာ) စာမေးပွဲဖြေရမည့်ကျောင်းသို့ လိုက်ပို့ခဲ့၊ ထိုင်စောင့်နေခဲ့တာတွေကိုလည်း သူဘယ်တော့မှ မေ့နိုင်ခဲ့မှာ မဟုတ်တာသေချာလှပါသည်။
         
“ကဲ... သားရေ၊ ပြန်ကြရအောင်ကွာ။ မိုးတွေရွာလာပြီကွ၊ တော်ကြာ မင်း အအေးမိနေလိမ့်မယ်။ နောက် ပြီး မင်းအမေက သူအိမ်ပြန်လာတဲ့အချိန် မင်းကိုမတွေ့ရင် အဖေ့ကိုဆူနေဦးမယ်ကွာ.. ဟား... ဟား”
        
အဖေ့ရဲ့ရယ်သံနှင့်အတူ သူလည်းလိုက်ရယ်မိ၏။ သူတို့သားအဖ လက်ဖက်ရည်ဆိုင်အိုအိုလေးထဲမှ ထွက် ခဲ့ကြတော့ ဆိုင်အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေခဲ့ပြီဖြစ်ပါသည်။ အဖေက သူ့ကချင်လွယ်အိတ် အဟောင်းလေးထဲမှ ခိုတံဆိပ် ခေါက်ထီးအနက်ရောင်လေးကို ထုတ်ပြီး ဖွင့်ပေးလာတာကြောင့် သူ လှမ်းယူလိုက် ရင်း အဖေ့ပခုံးကို အသာဖက်ကာ ထီးမိုးပေးလိုက်သည်။ မိုးရေစက်များ သည်းထန်စွာ ကျဆင်းနေခဲ့သော လမ်းမ လေးထက်တွင် သူနှင့်အဖေတို့နှစ်ယောက် ထီးကလေးတစ်ချောင်းအောက်မှာ အတူတူခိုလှုံရင်း အိမ်အပြန်လမ်း သို့ ခြေလှမ်းစ,နေမိခဲ့ကြပါသည်။ မိုးသက်လေကြောင့် အပြင်ဘက်တွင် ချမ်းနေခဲ့ရသော်လည်း အဖေ့ကို ဖက် ထားရတာမို့ သူ့ရင်ထဲ...၊ နောက် စိတ်တွင် နွေးထွေးနေခဲ့မိသည်။ အဖေလည်း သူ့လိုပဲ ရှိနေမှာသေချာပါသည်။ ပြုံးနေခဲ့သော အဖေ့မျက်လုံးနှင့် နှုတ်ခမ်းများက သက်သေခံနေခြင်းအား သူမြင်နေရလို့ပင် ဖြစ်ပါသည်။
                                                       
~~~@~~~

        
တွေးနှင့်လျှောက်လာခဲ့သောသူ၊ ဘေးနားမှနေဝေါခနဲဖြတ်သွားသော ဆိုင်ကယ်သံကြောင့် လက်ရှိ သူ ကျင်လည်နေခဲ့ရသော ပတ်ဝန်းကျင်သို့ စိတ်ဝိညာဉ်တို့ ပြန်ရောက်လာရတော့၏။ မိုးမရွာခင် ခပ်သွက်သွက်လေး လျှောက်လာခဲ့မိလေတာ၊ ခုတော့ ရှေ့မှာ သူတို့နေသော တိုက်ခန်းများကိုပင် လှမ်းမြင်နေရလေပြီ။ သို့ရာတွင် မီးပွိုင့်လေးတစ်ခုကို သူဖြတ်ကူးရပေဦးမည်။ မီးပွိုင့်လေးမှ အချက်ပြမီးကို လမ်းကူးရန်အတွက်စောင့်နေရင်း ပြီးခဲ့ သောရက်က အမိမြေရှိသူ့အိမ်သို့ ဖုန်းဆက်စဉ် အဖေပြောခဲ့သော စကားလေးကို ပြန်သတိရလာမိတော့ ပြုံးမိ လိုက်သည်။ အဖေပြောသော စကားလေးမှာ အခြားတော့မဟုတ်...“သား... အဲ့ဒီမှာ ကားတွေအများကြီးနေမယ်၊ ကားလမ်းကူးရင် သေချာကြည့်ကူးနော်” ဟူသော စကားလေးပင် ဖြစ်ပါသည်။ အသက်သုံးဆယ်နီးပါး ရှိနေခဲ့ပြီ ဖြစ်သော သူ့ကို ကလေးလေးတစ်ယောက်လို စိတ်ပူပန်စွာဖြင့် ချစ်ခင်နေနိုင်သေးတဲ့ အဖေရယ်လေ။ အဖေ့ရဲ့ မေတ္တာတရားများက သူ့အတွက်တော့ ဘယ်တော့မှ ညှိုးနွမ်းမသွားနိုင်သည့် မညှိုးပန်းလေး တစ်ပွင့်လိုသာ။
        
မီးပွိုင့်လေးကို ကားတွေအကုန်ရှင်းမှ သူဖြတ်ကူးမိသည်။ သူ့ပတ်ဝန်းကျင်မှ မိုးသက်လေထဲတွင် ဘယ်သူ မှမမြင်နိုင်သည့် မညှိုးပန်းရနံ့လေးက လွင့်ပျံ့နေဆဲဖြစ်တာကို သူတစ်ယောက်ထဲခံစားမိရင်း ရှေ့ဆက် လျှောက်ရ မည့်လမ်းကို တည့်မတ်စွာ လျှောက်ရင်း...။            ။

===========================================================
အငြိမ်းစားမူလတန်းပြကျောင်းဆရာကြီး ဖေဖေ့ရဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့က ကျရောက်ခဲ့သော (၆၂)နှစ် မြောက်မွေးနေ့အတွက် အမှတ်တရအဖြစ်.... ၂၀၀၇ဇူလိုင်လတုန်းက အိမ်ခဏပြန်ဖြစ်တုန်း ဖေဖေနှင့်အ တူ လဖ္ဘက်ရည်ဆိုင်ထိုင်ခဲ့ရတဲ့ အဖြစ်လေးကို ခံစားရေးဖွဲ့ထားတာပါခင်ဗျာ....။      ။
===========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို


အပျိုစင်မဂ္ဂဇင်း၊ ၂၀၁၄၊ ဇန်န၀ါရီ။

Saturday, December 19, 2009

ကိုယ့်အလှည့်...



“ဟယ်လို... မောနင်း... ချစ်သူ”...
  မနက်စောစောစီးစီး ညဆိုင်းအလုပ်ဆင်းရာမှ အိမ်ပြန်တော့မည့်ကျွန်တော်...၊ နှုတ်ဆက်သံကြားလို့ လှမ်း ကြည့်မိတော့ ကျွန်တော်တို့ဌာနမှ ဒီနိုင်ငံသူ အင်ဂျင်နီယာမလေးကိုတွေ့လိုက်ရသည်။
   သူတို့ရဲ့ယဉ်ကျေမှု၊ ဓလေ့ထုံးစံအတိုင်းခေါင်းတွင် ခေါင်းစည်းပုဝါလှလှလေးဖြင့် (ဆံပင်များမပေါ်အောင်) သပ်သပ်ရပ်ရပ် ဖုံးအုပ်ချည်နှောင်ထားသော သူမကိုပြန်ကာ လက်ပြနှုတ်ဆက်ခဲ့လိုက်ရင်း... စက်ရုံအပြင် ဘက်သို့ ခြေချမိခဲ့သည်။ သို့သော်လည်း ကျွန်တော့စိတ်ထဲတွင် ရယ်ချင်နေမိသည်။ ကြည့်ဦးလေ...သူနဲ့ ဘာမှမဆိုင် တဲ့ သာမန်လုပ်ဖော်ကိုင်ဖက် သူစိမ်းယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို သူမ ခေါ်ပုံကြီးက....
   “ချစ်သူ”...တဲ့...။ ပြီးတော့လည်း သူတို့ဘာသာစကားမဟုတ်တဲ့ မြန်မာစကားကို ပြောပုံကလည်း နားထဲ မှာ ထော်လော်ကန့်လန့်ကြီးဖြစ်၏။ “ချစ်သူ”...ဟု..သူမက ခေါ်သော်လည်း...ကျွန်တော့်နားထဲတွင်ကြားမိ တာက..... “ချီးသူ”....။ လေယူလေသိမ်းကွာခြားတာကြောင့်ပင်ဖြစ်မည်..ဟုတွေးမိသည်။ လွန်ခဲ့တဲ့ လက တည်းက သူမ ကျွန်တော့်ကို အဲ့သလို ခေါ်နေခဲ့တာ...။ ကျွန်တော်က “နင်...ငါ့ကို “ချစ်သူ”..လို့ မခေါ် နဲ့...၊  အဲ့ဒါ ဘာအဓိပ္ပါယ် လည်းဆိုတာ...နင်သိလို့လား”.... ဟု မေးခဲ့တော့ သူမက....
    “သိသားပဲ...၊ “ချစ်သူ”...ဆိုတာ..“ဒါလင်” လိုမျိုး အဓိပ္ပါယ်ဆိုတာ..၊ နင်ကငါခင်တဲ့ သူငယ်ချင်းမို့လို့ ခေါ် တာပါဟယ်”..ဟု ရယ်ကာမောကာဖြင့်ရှင်းပြတာကို နားထောင်ခဲ့ရသေး၏။ “ဘယ်သူ...သင်ပေးတာလည်း” ဟု ကျွန်တော်မေးတော့ သူမက အားရပါးရ ရယ်ရင်း ကျွန်တော့်သူငယ်ချင်းတစ်ယောက်နာမည်ကို ပြောပြ ခဲ့သေးသည်။ နောက်သူမက... “ငါက နင်တို့ကို မြန်မာလို ခင်ခင်မင်မင်..ခေါ်ချင်လို့ပါဟယ်”...ဟု ပြောခဲ့ဖူး သေးတာအမှတ်ရမိသည်။ ဟုတ်သည်...၊သူမအဲ့ဒီလိုခေါ်တာ ကျွန်တော့်တစ်ယောက်တည်းကိုတော့ မဟုတ် ၊ သူမခင်မင်သည့် ကျန်သော မြန်မာလူမျိုးများကိုလည်း ထိုသို့ပင်ခေါ်တတ်တာ တွေ့ရ၏။ သို့သော်လည်းသူ မ အဲ့ဒီလို ခေါ်လိုက်တိုင်း ကျွန်တော့်နားထဲတွင် ကြားရသော လေသံကြီးက တစ်မျိုးကြီးမို့ ရယ်ချင်မိတာ အ မြဲပင်...။ တစ်ဆက်တည်း ကျွန်တော်တို့ ဒီကိုရောက်ကာစတုန်းက အဖြစ်အပျက်လေးတစ်ချို့ကိုလည်း ပြန် တွေးမိလာတော့သည်။

@@@@@@@@@

     ကျွန်တော်တို့ ဒီကိုရောက်ကာစတုန်းက (လွန်ခဲ့သည့် ခြောက်နှစ်နီးပါးကာလတုန်းက) အလုပ် လုပ် ရတဲ့စက်ရုံမှာ ပထမဦးဆုံးမြန်မာလူမျိုးများမို့ အားလုံးရဲ့ အထူးအဆန်းဖြစ်စွာ စိတ်ဝင်စားမှုကို အနည်း နှင့်အများ ခံစားခဲ့ရဖူးသည်။ သူတို့ ဘာသာစကားကို လုံးဝဥဿုံ မပြောတတ်သောကျွန်တော့်ထံတွင် မြန်မာပြည်ရဲ့အကြောင်းများကို စပ်စုကြသည်။ ထိုအခါများတွင် “တောက်တဲ့၊ ခွေးအ”...စသည်တို့ လှည်း နင်းရာမှ ထွက်ပေါ် လာတတ်သော အသံများထက်ဆိုးရွားသည့် မတောက်တခေါက် အင်္ဂလိပ်စကားဖြင့် ကျွန်တော့်မှာ ကြိုးစား ၍ရှင်းပြခဲ့ရဖူးတာ...မှတ်မိနေခဲ့သေးပါသည်။
     တစ်နေ့ ကျွန်တော့် ဌာနမှ အရည်အသွေးစစ်ဆေးသော ဒီနိုင်ငံသူကောင်မလေးက ကျွန်တော့်ထံတွင် မြန်မာစကားသင်ပါသည်။ သူသင်သည်မှာ တစ်လုံးတည်း...။ " I hate you"...ဆိုတာကို မြန်မာလိုမျိုးဘယ် လိုပြောသလဲ... ဟု။ ကျွန်တော်က... “မင်းကို... ငါမုန်းတယ်”...ဟု သင်ပေးလိုက်ပါသည်။ ထိုအခါ သူမက ပါးစပ်မှနေပြီး “မင်း... ရို... ရာ... မွန်း... ဒယ်”...ဟု တစ်လုံးချင်း ဆီမန်းမန်းသလို ရွတ်နေလေတော့၏။
     ကျွန်တော့်စိတ်ထင် တစ်ပတ်လောက်အကြာတွင်ဖြစ်၏။ ကျွန်တော်နှင့် ထိုကောင်မလေး အတူတူတွဲ၍ အလုပ်လုပ်နေသော စားပွဲခုံသို့ တစ်ဌာနတည်းမှ ဒီနိုင်ငံသား ကောင်တစ်ကောင်ရောက်လာပါသည်။ ထို့ နောက် ကျွန်တော့်ကိုမျက်စိတစ်ဖက်မှိတ်ပြကာ ထိုကောင်မလေးကို ပြီတီတီမျက်နှာထားဖြင့် ငုံ့ကိုင်းကြည့် ကာ... အလုပ်လုပ်နေသော စားပွဲပေါ်တွင် လက်ထောက်ပြီး....
     “မင်းရို... ရာချီးတယ်”... ဟု...မတိုးမကျယ်လေး...ပြောလိုက်ပါသည်။ ကျွန်တော်တို့နှစ်ယောက်စလုံးအ တူကြားလိုက်ရတာမို့ အံ့သြစွာဖြင့် ထိုကောင်ကို ကျွန်တော်မော့ကြည့်မိသည်။ ဟုတ်သည်လေ...၊ အဲ့ဒီနိုင်ငံ သားပြောတာ ကျွန်တော်တို့ မြန်မာစကားပဲကိုး...။ အသံမပီပေမယ့် “မင်းကို...ငါချစ်တယ်”...လို့ပြောမှန်းသိ လိုက်တာကြောင့်ပင်...။
      ထိုအခါ ကျွန်တော့်ဘေးမှ ကောင်မလေးကလည်း... အားကျမခံ ပက်ခနဲပြန်ပြောလိုက်ပါသည်။ “မင်း.. ရို ရာမွန်း ဒယ်”...ဟု...။ မျက်စောင်းပါထိုးလိုက်သေး၏။ ကျွန်တော့်မှာ မြန်မာစကားဖြင့် အတိုင်အဖောက် ညီနေကြသော သူတို့နှစ်ယောက်ကိုကြည့်ရင်း..တစ်ခွိခွိဖြစ်နေခဲ့ရဖူးသည်။ နောက် ကျွန်တော်က ထိုကောင် မလေးကို “သူဘာပြောတာလဲဆိုတာ...နင်သိလို့လား”..ဟုမေးတော့ ခေါင်းခါပြ၏။ “ဒါပေမယ့် သူငါမကြိုက် တာ တစ်ခုခုလာပြောတာတော့ သိတယ်”...ဟု ဆိုသည်။ မိန်းကလေးများ၏ မွေးရာပါအရေအချင်းများလား ဟု တွေးမိခဲ့သေးသည်။ ဟို ကောင်ကလည်း..ဘယ်ကနေများ သင်လာတယ်မသိ...။ ကျွန်တော်က မနေနိုင် စွာ မီးမြိုက်ခံထားရသည့် ခရမ်းသီးတစ်လုံးလို ရှုံ့မဲ့၊ လိမ်တွန့်သွားသည့် မျက်နှာထားဖြစ်သွားရှာသော အဲ့ဒီ ကောင်ကိုလည်း...“သူ ဘာပြန်ပြောတာလည်းဆိုတာ... မင်းနားလည်လို့လား”...ဟု သိချင်စွာမေးတော့ “မ သိဘူး”...ဟု ပြန်ဖြေရင်းခေါင်းခါပြရှာပါသည်။ “ဒါဆို... မင်းမျက်နှာက ဘာဖြစ်လို့ မဲ့နေတာလည်း”...ဟုရေ လာမြောင်းပေးစကားဖြင့် ကျွန်တော်ကမေးတော့ “သူ... ငါ့ကို လက်မခံချင်တာတော့ ငါသိတယ်လေ”...ဟု ပြန်ပြောခဲ့၏။ အင်း... ဒါလည်း ယောက်ျားလေးတွေရဲ့ မွေးရာပါ အရည်အချင်းတစ်ခုပင် ဖြစ်မည်ထင်ပါ၏။
      ဘာပဲပြောပြော ကျွန်တော်ကတော့ မျက်စိရှေ့တွင် မြန်မာစကားကို အချီအချညီညာစွာဖြင့် တစ်ဦးနှင့် တစ်ဦး နားမလည်ပါးမလည်၊ တစ်ဦးဆိုလိုတာကို တစ်ယောက်က အဓိပ္ပာယ်မသိစွာ ပြောနေခဲ့ကြသော သူ တို့နှစ်ယောက်ကိုကြည့်ရင်း... အတောမသတ်နိုင်အောင် ရယ်မိခဲ့ဖူးပါသည်။

                                                 @@@@@@@@@@

      နောက်တစ်ကြိမ်ကတော့ နည်းနည်းပြင်းထန်ပါသည်။ တစ်နေ့မနက် ကျွန်တော်တို့ ညဆိုင်းသမား များက အလုပ်မှ ပြန်ခါနီး၊ မနက်ဆိုင်းသမားများက အလုပ်ကို ၀င်လာခါစအချိန်တွင်ဖြစ်၏။ ထုံးစံအတိုင်း ထိုအချိန်လေးတွင် တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန်နှုတ်ဆက်...၊ နောက် သတင်းတွေ၊ အတင်း တွေကို ပြောကြနှင့် မနက်ခင်းအစည်းအဝေးမစခင် ကျွန်တော်တို့ရုံးခန်းလေးထဲမှာ ကြွက်ကြွက်ကို ညံနေခဲ့ သည်။ ကျွန်တော်တို့ရဲ့ ဌာနအကြီးအကဲလုပ်သူ မရောက်လာသေးတာကြောင့် အားလုံး...ဟေးလား... ၀ါး.. လားဖြင့် ပျော်စရာတောင်ကောင်းနေသေး၏။ တစ်ချို့က ခုံပေါ်တွင်ထိုင်ကြ၊ တစ်ချို့က မတ်တပ်ရပ်နေကြ၊ နောက်..တစ်ချို့က စားပွဲခုံပေါ် တက်ထိုင်နေကြနှင့် လွတ်လပ်နေကြသည်မှာ အတောမသတ်...။
       စကားအများကြီးမပြောချင်တတ်သော ကျွန်တော်ကတော့ ရုံးခန်းထောင့်မှာရှိသည့် ဖိုင်များထည့်သိမ်း သည့် သံလော်ကာ ပုပုလေးပေါ်တွင် ခြေနှစ်ချောင်းတွဲလောင်းချကာ တက်ထိုင်နေမိပါသည်။ အလုအယက် ပြောနေကြသော သူတို့ကို ငေးကြည့်ရင်းပြုံးနေမိသေး၏။ ဒီနိုင်ငံမှ မိန်းကလေးများသာမက၊ အင်ဒိုနီးရှားမှ မိန်းကလေးများသည်လည်း တော်တော် စကားများတာပဲ... ဟုတွေးနေမိခဲ့သေးသည်။
     ထိုစဉ် ရုံးခန်းမှန်တံခါးကို တွန်းဖွင့်ရင်း အခုမှဝင်လာသော မနက်ဆိုင်းမှ အင်ဒိုနီးရှားကောင်မလေးတစ် ယောက်က ထောင့်တွင်တစ်ယောက်ထဲ ထိုင်ကာ ပြုံးနေသော ကျွန်တော့်ကို သူတို့ဘာသာစကားဖြင့်...
      “ဟိုင်း... ဆာရမ်း...ဆလာမတ်ပါဂီး (Hi...sayang... selamat pagi...)...”... ဟု အနားသို့လျှောက် လာရင်း အော်နှုတ်ဆက်လိုက်ပါသည်။ အဓိပ္ပာယ်မှာ “ မင်္ဂလာ နံနက်ခင်းပါ... အချစ်ရေ”... ဟု ရ၏။
       ကျွန်တော်က ပြုံးပြပြီးပြန်ခေါင်းငြိမ့်ပြလိုက်သော်လည်း ဘေးနားမှာရှိနေသည့် အင်ဒိုနီးရှားကောင်မ လေးတစ်ယောက်က၀င်၍....
       “ဟေ့..နှာဘူးမ”...ဟု အော်ဟစ်ခေါ်ကာ နောက်ဆက်တွဲ သူတို့ဘာသာစကားဖြင့် “အလုပ်တောင် မ လုပ်ရသေးဘူး...နင်တော်တော်နှာဘူး ထ,နေပါလား..ဟင်”..ဟုကြားမှ ၀င်သမပါလေတော့သည်။ နောက် ပြီးတော့လည်း “ဘာ့ညာ့... နှာဘူးမ”...ဟုရေရွတ်လိုက်သေး။ (ဘာ့ညာ့ဆိုသည်မှာ အများကြီးဟု အဓိပ္ပါယ် ရပါသည်။) ပြောခံလိုက်ရသော တစ်ယောက်ကလည်း မခေပါ...။ ပက်ခ,နဲပြန်၍ပြောလိုက်သည်မှာ (ကန် တော့ပါနော်...)
       “အာပါး...လင်ခိုးမ”...ဟူ၍ပင်...။ (apa ဆိုသည်မှာ ဘာလည်းဟု အဓိပ္ပါယ်ရပါသည်။)
       တစ်ချို့တစ်ချို့သော မြန်မာလူမျိုးများရဲ့ အသင်အပြကောင်းမှုကြောင့် မဟုတ်တာတွေကို သူတို့အ ရင်တတ်နေတာ အကြောင်းမဟုတ်..၊ မူရင်းအဓိပ္ပါယ်ရဲ့ အတိမ်အနက်ကို မသိပဲ စွတ်ရွတ်ပြောနေကြသော သူတို့ နှစ်ယောက်ရဲ့ကြားမှာ ကျွန်တော်ကပဲ မရှင်းမရှင်းကြီးလိုလိုဖြစ်နေခဲ့ရ၏။ အမှန်က အေးဆေးနေလေ့ ရှိသော ကျွန်တော့်ကို သူတို့လန့်တတ်ကြပါသည်။ သို့သော်လည်း သူတို့ထိုသို့ပြောနေကြသော စကားများ ကြောင့် အကုန်လုံးက အော်ရယ်ကြပါလေတော့သည်။ ကျွန်တော့်မှာလည်း ငိုအားထက်..ရယ်အားသန်ဆို သလိုမျိုးကြီးဖြစ်ခဲ့ရသေးပါသည်။

                                                   @@@@@@@@@@@

     ၂၀၀၆ခုနှစ် နှစ်ဦးပိုင်းလောက်တွင်လည်း ကျွန်တော်တို့စက်ရုံမှာ ဘာအရူးထ,သည်မသိ...။ မနက် မိုးလင်း အလုပ်ဝင်ချိန်ပြန်ချိန်များတွင် စက်ရုံမှ ရှိရှိသမျှသော မန်နေဂျာ၊ ဘာဂျာ၊ ညာဂျာ စသည့်ရာထူးကြီး သော လူကြီးများအားလုံး...စက်ရုံဝင်းအတွင်းဘက် ဂိတ်တံခါးဝနားတွင် တန်းစီရပ်လျှက် ဖြတ်သွားသမျှ သောအလုပ်သမားကြီးငယ်မရွေးကို “မောနင်း...မောနင်း”...ဟု ယိမ်းတိုက်ထားသလို တစ်ယောက်ပြီးတစ် ယောက်နှုတ်ဆက်ကြပါသည်။ အပြုံးတုများလည်းပါသေး၏။ အဲ့ဒါမျိုးကို ကျွန်တော်လုံးဝမကြိုက်နှစ်သက် တတ်ခဲ့ပါ...။ အကျိုးစီးပွားတစ်ခုအတွက် သက်သက်ဟန်လုပ်နေကြမှန်းသိနေတာမို့ပင်...။ အမှန်မှာ ထိုလူ ကြီးလုပ်သူများထဲတွင် အင်မတန်ခွဲခြားတတ်သော၊ နှိမ်ချဆက်ဆံတတ်သော သူများ အများအပြားပါဝင်နေ ခဲ့တာကြောင့်ပင်ဖြစ်ပါသည်။(ကိုယ်တိုင်ခံစားဖူးလို့ပါ...)
         သို့သော်အချို့မှာဖြင့် စိတ်သဘောထားကောင်းကြပါသည်။ ထိုအထဲတွင် မြန်မာအလုပ်သမားများကို ချစ်ခင်တတ်သော ဒီနိုင်ငံသူ မန်နေဂျာ တရုတ်မတစ်ယောက်လည်းပါသည်။ ထိုတရုတ်မက ကျွန်တော်တို့ ကိုမြင်လျှင် အခြားသူများကဲ့သို့ “မောနင်း”..ဟု မနှုတ်ဆက်ပဲ.. ကျွန်တော်အရမ်းကြိုက်သည့် “မင်္ဂလာပါ”.. ဆိုသည့် စကားလေးဖြင့် နှုတ်ဆက်တတ်ပါသည်။ မြန်မာလိုပြောရတာကိုလည်း သူနှစ်သက်ဟန်တူပါ၏။
      တစ်နေ့ ကျွန်တော်တို့ အလုပ်ဝင်ချိန်တွင် ထိုတရုတ်မရှေ့က အဖြတ်တွင် သူမက ကျွန်တော်တို့ကို ထုံး စံအတိုင်း “မင်္ဂလာပါ”...ဟုနှုတ်ဆက်ပါသည်။ ထိုစဉ်ကျွန်တော်တို့ နောက်နားမှ ကပ်ပါလာခဲ့သော ဒီနိုင်ငံ သားဖြစ်သူ maintaince ဌာနမှ အိန္ဒိယကုလားကောင်လေးတစ်ယောက်က ထိုတစ်ရုတ်မကို လှမ်းပြီး မျက် နှာထိ မျက်နှာထားဖြင့်....
     “နားငြီးတယ်...တိတ်တိတ်နေကြ”...ဟု အော်သွားပါလေတော့သည်။ ရုတ်တရက်မို့ ကျွန်တော်တို့လည်း ရယ်ချင်စွာအံ့သြသွားပါသည်။ မြန်မာလို ပီပီသသကြီးပြောသွားသောကြောင့်ပင်...။ ကျွန်တော်တို့နည်းတူ ထိုတရုတ်မတင်သာမက အနားမှာရှိသည့် တစ်ချို့မန်နေဂျာများလည်း အံ့သြသွားကြလေ၏။ သို့သော် နား မလည်ကြ၍ တော်ပါသေးသည်။ ကျွန်တော်တို့မှာ ထိုရှေ့မှလွန်လာခဲ့ပြီးသည့်နောက် ၀ါးလုံးကွဲရယ်မိခဲ့တာ ကိုဒီနေ့အထိမှတ်မိနေခဲ့ပါသည်။ (နောက်မှ ပြန်သိရသည်မှာ ထိုကုလားလေးသည် မနက်တိုင်းမြင်နေရ သော ထိုမန်နေဂျာအုပ်စု၏လုပ်ရပ်ကို အရေမရအဖတ်မရဟုမြင်နေ၍ မြန်မာလိုပြောတတ်အောင် သူနှင့် ဌာနတူ မြန်မာအမျိုးသားထံမှ ထိုစကားလေးကို တမင်တစ်ကာကြိုးစားသင်ထားခဲ့ခြင်းဟူ၍ပင်...။)
      သို့သော်လည်း တစ်ခါတစ်ရံ ကျွန်တော့်မျက်စိရှေ့တွင် ဇာတ်တိုက်ထားသည့်အလား မြန်မာစကားကို အချီအချ... ညီညာစွာပြောနေခဲ့ကြသော သူတို့တွေကိုကြည့်ရင်း အူလှိုက်သည်းလှိုက်ရယ်မောမိခဲ့တာက တော့ အမှန်ပင်ဖြစ်၏။

                                               @@@@@@@@@

    လွန်ခဲ့သည့် လအနည်းငယ်လောက်က ဖြစ်ခဲ့ပါသည်။ တစ်ည ကျွန်တော်အလုပ်ထဲတွင် ပျင်းလာခဲ့ တာကြောင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် မြန်မာသူငယ်ချင်းညီလေးများရှိရာဌာနသို့ ခဏသွားမိခဲ့သည်။ ည ပိုင်းအလုပ်လုပ်ရာတွင် စက်ရုံ၌ ကြောက်ရမည့်လူကြီးများမရှိတာကြောင့် ပုံမှန်အလုပ်လေးတွေလုပ်ရင်း အားလုံးလွတ်လပ်နေကြပါသည်။ အေးအေး...ဆေးဆေးပင်...။
       ထိုဌာနသို့ ကျွန်တော်ရောက်တော့ သူငယ်ချင်းညီလေးများက အလုပ်လုပ်နေကြပေမယ့် အင်ဒိုနီးရှား ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့လက်ကိုင်ဖုန်းလေးဖြင့် ဂိမ်းကစားနေပါသည်။ ဒါကို ကျွန်တော် မြင်တော့ နောက်ချင်စိတ်ဖြင့် သူမကို....
         “ဟေ့...နင် အလုပ်မလုပ်ပဲဆော့နေတယ် ဟုတ်လား... အေး..အေး..ဆော့...၊ မနက်ကျရင် နင့်လူ ကြီးနဲ့ ..ငါတိုင်ပြောမယ်”...ဟု မြန်မာလိုပဲ ပြောလိုက်ပါသည်။ သူမ မြန်မာစကားကို နားမလည်ပါ...။ သို့ပေ မယ့် ကျွန်တော့်ကို မျက်စောင်းတစ်ချက်လှမ်းထိုးရင်း ဂျိုကြည့်ကြည့်ကာ...
        “သဒိုးဇား....၊ ရာပါ့ပေ့ရိုက်လွတ်ရ”...ဟု အော်ပြောရင်း ဆောင့်ဆောင့်အောင့်အောင့်လုပ်ကာ ထွက် သွားပါတော့သည်။ သူမ ကျွန်တော့်ကို ဘာပြောသွားသလဲဆိုတာ ရုတ်တရက်တော့ ကျွန်တော်နားမလည်ခဲ့ မိ။ သို့သော်...ဘေးနားမှာရှိသည့် ထိုဌာနမှ မြန်မာညီလေးများက ကျွန်တော်ကိုကြည့်ပြီး..၀ါးခနဲ ၀ိုင်းရယ် ကြပါလေတော့သည်။ နဝေတိမ်တောင်နိုင်စွာဖြင့် ဘေးနားမှာရှိသည့် ညီလေးတစ်ယောက်ကို သူမဘာ ပြောသွားတာလည်းဟုမေးမိတော့...ထိုညီလေးက..ကျွန်တော့်ကို အားနာစွာကြည့်ရင်း...
      “အဲ့ဒါ အစ်ကိုကြီးကို ‘သူတောင်းစား...ငါ..ပါးပိတ်ရိုက်လိုက်ရ’...လို့ ပြောသွားတာ”....ဟု ရှင်းပြလေ၏။
ရှက်လွန်း၍ ထိုနေရာမှာ လဲသေလိုက်ချင်စိတ်ပင်ပေါက်သွားမိပါသည်။ ပါးစပ်အငြိမ်မနေနိုင်ပဲ သွားစမိခဲ့ သောကျွန်တော်... ကိုယ့်အပြစ်နှင့်ကိုပင်....။ ထိုစကားမှာ သူတို့ဌာနမှ မြန်မာလူမျိုးများ ပြောနေကျမို့ သူမ ကောင်းကောင်းတတ်နေခဲ့တာ...ဆန်းတော့မဆန်းပါ...။
       သို့သော်ထိုစကားဖြင့် ကျွန်တော့်အပြောကို ချက်ကျလက်ကျ ပြန်ခံပြောသွားသော သူမရဲ့အပြောကို အရင်အခါတွေတုန်းကလို ကျွန်တော်မရယ်နိုင်ခဲ့မိတော့ပါ...။ ရင်ထဲတွင် ဘလိုင်းကြီး ဆဲတာခံလိုက်ရတာ ကြောင့် နင်နေခဲ့မိတာ အမှန်ပင်...။ နောက်မှ စဉ်းစားမိသည်။ အရင်တုန်းက သူများတွေအလှည့်တုန်းက ဟားတိုက်ကာရယ်ခဲ့မိသော ကျွန်တော်...။ အခု ကိုယ့်အလှည့်မှာ ကိုယ့်ကို တည့်တည့်လာမှန်တော့ လုံးဝ ကို မရယ်နိုင်ခဲ့တော့....။ သြော်... ကိုယ့်အလှည့် ပဲလေ...။ ဒီလိုပဲဖြစ်ရမှာပေါ့ဟု ဖြေတွေးတွေးမိ၏။

                                                 @@@@@@@@@@@@

         နောက်တစ်ခါ ကိုယ့်အလှည့်တွင် ကောင်းတာပဲဖြစ်ဖြစ်..ဆိုးတာပဲဖြစ်ဖြစ်..ပြုံးပြုံးလေး လက်ခံ နိုင်ဖို့ကို ကျွန်တော် အများကြီးကြိုးစားရပေဦးမည်။             ။

                                                   @@@@@@@@@@@@
======================================================
(ပုံကလေးကိုဒီနေရာလေး မှ ယူသုံးပါတယ်ခင်ဗျာ...။)
======================================================


ချစ်ခြင်းအားဖြင့်....
ဏီလင်းညို