Saturday, February 27, 2010

ယာယီခွင့်


















လောလောဆယ်.... ရုတ်တရက်ချွတ်ယွင်းသွားသော ကျန်းမာရေးကြောင့် ကျွန်တော်ဘလော့ဂ်ရေး
တာကို ခဏနားပါမယ်...။
အမြဲတမ်း... အရက်တစ်ပုလင်းလောက် သောက်ထားရသလို ခေါင်းတွေမူးနေတာမို့လည်း.... စာတွေဖတ်
လို့မရပါဘူး....။ (ဆေးတွေသောက်ထားရလို့ပါ...။)
အဲ့ဒီအတွက် ဘလော့ဂ်လည်ပြီး စာမဖတ်နိုင်တာကို ခင်မင်လေးစားရတဲ့ အစ်ကို၊ အစ်မ၊ ညီ၊ ညီမများ နား လည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်...။
ဝိုင်းပြီး စိတ်ပူပေးကြတဲ့ မောင်နှမများနဲ့ မအားလို့ မမေးဖြစ်တဲ့ မောင်နှမများ၊ တိတ်တိတ်လေး စာလာဖတ် ပြီး လှည့်ပြန်သွားကြတဲ့ မောင်နှမများ အားလုံးကိုလည်း... ရင်ထဲက လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်နေမိခဲ့ ပါတယ်..။
မကြာခင်ပြန်လာနိုင်ဖို့ကိုလည်း... ကျွန်တော်ကိုယ်တိုင်မျှော်လင့်ရင်း... အကောင်းဆုံးကြိုးစားနေပါတယ်...။
ကျွန်တော့်ဘလော့လေးထဲမှာလာပြီး ကျွန်တော်နဲ့အတူ ပျော်ရွှင်မှု၊ လွမ်းဆွတ် ၀မ်းနည်းမှုတွေကို ဝေမျှစွာ ခံစားပေးခဲ့ကြတဲ့ မောင်နှမများအားလုံးကို ရင်ထဲက သတိရနေမှာပါ...။
မကြာခင်ပြန်လာခဲ့ပါ့မယ်...။

=============================
ပုံလေးကို ဒီက ယူသုံးတယ်...။
=============================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

Friday, February 26, 2010

အိမ်ပြန်မရောက်နိုင်သေးသူ....


တစ်ကယ်ပါ...။

ဘ၀လမ်း... ခပ်ကြမ်းကြမ်းပေါ်က...
လောကဓံ အနိမ့်အမြင့် လှိုင်းလုံးတွေထက်...
အလိုက်သင့် ဖြတ်သန်းစီးမျောနေခဲ့ရတဲ့
ယုံကြည်ချက်တစ်ခုနဲ့ ကျွန်တော်ရယ်လေ....။

တစ်ခါတလေများ....
ရက်စက်လွန်းတဲ့ ထိုးနှက်ချက်တွေနဲ့ကြုံရတိုင်း...
ဟိုးတုန်းကလိုမျိုး....
မေမေ့ရဲ့ ရင်ခွင်အိုအိုထက်....
ခပ်တိုးတိုး မျက်နှာဝှက်ရင်း...
ရင်ထဲက ကျွန်တော့် သောကမီးတွေကို...
မျက်ရည်စို အငိုတချို့နဲ့...
နွမ်းလျစွာ ဖြေသိမ့်ခွင့်မျိုးရချင်မိခဲ့တယ်....။

လက်ထဲက အိပ်မက်တစ်ခုကို
အသက်သွင်းဖို့ ကြိုးစားနေဆဲခဏ...
ဒီရင်ဘတ်တစ်ခိုမှာ....
နာကျင်မှုတွေပဲ ပိုပို များလာခဲ့ရသလိုလို....။

ဒါပေမယ့်လည်း....
ဒဏ်ရာ အစုံအလင်နဲ့ ခြေစုံရပ်ရင်း....
စိတ်အာရုံမှာ အခါခါမြင်ယောင်မိတတ်တဲ့
ကျွန်တော့်ရဲ့အမြဲစိမ်းတောအုပ်ငယ်လေးဟာ...
ထာဝရ အေးမြလန်းဆန်းနေခဲ့မှာမှန်ပေမယ့်....
အခုထက်ထိတော့.... ကျွန်တော်လေ....
အိမ်ပြန်မရောက်နိုင်သေးဘူး...မေမေ....။ ။

=============================
ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
=============================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

Sunday, February 21, 2010

ကိုယ့်အကြိုက်(၁)


















မေးတဲ့သူရှိတော့လည်း...ကြုံတုန်းလေး သွပ်များတို့ အကြိုက်လေးတွေကို ပြောပြရသေးတာပေါ့...။ သွပ်များတို့ရဲ့ အကြိုက်ကတော့ အနုပညာသည်ဘ၀ပေါ့...။ ဟိုး...ချာတိတ်ဘ၀တုန်းကဆို ရုပ်ရှင်မင်းသ မီးတွေဆိုသိပ်ကို အားကျတာ...။ သူတို့လိုမျိုး နာမည်ကြီးချင်ရတာများ အမောပဲလေ...။ မှတ်မိနေသေး တယ်...။ အဲ့ဒီတုန်းက “မောင်”ကားနဲ့ နာမည် ကြီး နေခဲ့တဲ့ “မေသန်းနု”ကို အားကျပြီး ငါလည်းကြီးလာရင် ရုပ်ရှင်မင်းသမီးလုပ်မယ်ပေါ့လေ..။ သူ့ကို အားကျတော့ နာမည်တောင်ကိုယ့်ကိုယ်ကို ကျိတ်ပြီးရွေးထား လိုက်သေးတာ...၊ ဘာတဲ့... “မေသန်းရင့်” လို့...။ ဟုတ်တယ်လေ...ကိုယ်က သူ့လို နုနုနယ်နယ်လေးမှ မ ဟုတ်ခဲ့တာကိုး....။ အသက်တစ်နှစ်ကြီးလာလေ... နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ပိုထူလာမှာမို့လို့ ကိုး...။ ဒါမှမဟုတ် “မိုးမိုးမြင့်အောင်” ကိုတုပပြီး “မိုးမိုးမဲမှောင်”လို့ မှည့်ခေါ်ရင်ရော ကောင်းမလားလို့ ကိုယ့် ကိုယ်ကိုယ် စဉ်းစားရတာများ အမောပဲလေ....။ စကားမစပ်ကိုယ့် အသားအရောင်က အနက်နုရောင်လို့ ခေါ်ရင်ကောင်းမလား...၊ ဒါမှမဟုတ် သပိတ်ရောင် ပြေပြေလေးလို့ခေါ်ရရင်ကောင်းမလားလို့ စဉ်းစား နေရတဲ့ အသားအရေနဲ့ကိုး....။ သွပ်များက အဲ့သလို နာမည်ရွေးရင်း ဦးနှောက်ခြောက်နေတာကို အတူတွဲ နေကျဖြစ်တဲ့ သူငယ်ချင်းက မကြည့်ရက်လို့နဲ့ တူပါတယ်...။ သူကလည်း အကြံပေးရှာပါတယ်...။ ဟို သွား တက်က လေးနဲ့ ရယ်လိုက်ရင် သိပ်ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်မင်းသမီးလေး.. “မေသဉ္ဇာဦး” နဲ့ ဆင် သွားအောင် “မေသင်္ချာတူး”..လို့ပေးလိုက်ပါလားတဲ့...။ အကြံပေးသလိုလိုနဲ့ နှိမ်တာကို သွပ်များက သိပ်သိ တယ်လေ...။ အဲ့ဒါကြောင့် ပါးကြွပ်ကြွပ်ကျိုးသွားမယ်လို့တောင် သူ့ကို ရန်ထောင်ခဲ့ရသေးတာ...။ ဟုတ် တယ်လေ... သွပ်များတို့က သင်္ချာမှာဆို ချာတူးလန်ထွက် နေတယ်လို့ ပြောလို့ရအောင်ကို ဖျဉ်းရရှာတာ ကိုး...။ တစ်ခါတစ်လေများ ဆယ့်နှစ်ထဲက ခုနှစ်နှုတ်ပြီဟေ့ဆို လက်တွေရော ခြေထောက်တွေရော အငြိမ် မှ မနေရတော့တာ...ခစ်..ခစ် ခစ်.။

ထားပါတော့လေ...။ အဲ့ဒီအကြောင်းတွေကို...။ အဲ့ဒါတွေက သွပ်များငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ တာတွေပဲပေါ့....။ ကြိုက်နှစ်သက်လို့လေ...။ ဘာရယ်တော့ ဟုတ်ပါဘူး....။

~~~~~@@@@@~~~~~

အဲ့သလိုနဲ့ သွပ်များတို့လည်း လူပျိုဖြန်းဖြစ်လာရော အသက်ဆယ့်ဆစ်နှစ်လောက်မှာ (မှတ်ချက်= ဆယ့် ရှစ်နှစ်ဟု ဖတ်ပါရန်။) ဟော... မော်ဒယ်လ် ဆိုတာတွေ ခေတ်စားလာပါ လေရောလား...။ အဲ့ဒီမှာ မော် ဒယ်လ်လည်းလုပ်၊ သရုပ်ဆောင်လည်းလုပ်တဲ့ “နန္ဒာလှိုင်၊ ခိုင်သင်းကြည်၊ လှအဉ္ဇလီတင့်”တို့ကို အားကျပြီး ကိုယ့်ကိုယ်ကို “လန်ဒါ..လှိုင်၊ ယိုင်သင်းကြည်(သွပ်များက မခိုင်ပဲ ခပ်ယိုင်ယိုင်ကိုး...)၊ လှမယ်ဇလီညွန့်” စ တဲ့ နာမည်အမိုက်စားလေးတွေ တွေးပြီးပေးကြည့်ရတာများ တယ်ပျော်စရာကောင်း ခဲ့တာ...။ ဘယ်နာမည်လေးကများ ငါနဲ့ အလိုက်ဆုံးဖြစ်မလဲ.. ဆိုတဲ့ အတွေးလေးနဲ့မို့လေ....ဟင်း..ဟင်း...။

ဟော.. နောက်ကျတော့ မော်ဒယ်လ်သီးသန့်ပဲ ဖြစ်ချင်လာပြန်ရော...။ ဘာဖြစ်လို့လည်းဆိုတော့ မင်းသမီး လုပ်ရင် အဖက်ခံရမှာစိုးလို့ပဲလေ...။ တော်ကြာနေ ကိုယ်နဲ့တွဲရိုက်တဲ့ မင်းသားက ချိုင်းချွေးနံ့တွေ ဘာတွေ နံနေရင်ဘယ့်နှယ်လုပ်ကြမတုန်းနော်...။ အဲ့ဒါနဲ့ မော်ဒယ်လ်လုပ်မယ်ပေါ့...။ ကြိုက်လို့ စိတ်ကူးမိတာလေ..။ အဲ့ဒါနဲ့ မော်ဒယ်လ်သင်တန်းတက်ဖို့ကို လည်း စုံစမ်းရတော့တာပေါ့...။ အဲ့ဒီမှာ မော်ဒယ်လ်သင်တန်းမ တက်သေးခင်၊ မအပ်ရသေးခင် လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ “နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ် ရည်သောင်း” တို့ကို အားကျတုပပြီး ကိုယ့်ကိုယ်ကို “နှင်းတွတ်ပီသောင်း” လို့ မှည့်ရရင်ကောင်းမလား၊ “အေးတွတ်ပီသောင်း” လို့ မှည့်ရင်ကောင်းမလား စဉ်းစားမိသေးတယ်...။ အဲ့ဒီလိုဖြစ်နေတော့ စောစောက ပြောပြတဲ့သူငယ်ချင်းကပဲ အချွန်နဲ့ဝင်မပြန်သေးတယ်...။ ဟို “စမိုင်းလ်” ဆိုတဲ့ မော်ဒယ်လ်မလေးနဲ့တူသွား အောင် နင်လည်း “ခရိုင်း(န်)” လို့မှည့်လိုက်ပါလားတဲ့...။

သွပ်များတို့ရဲ့သူငယ်ချင်းတွေများ ပြောပါတယ်...၊ အဲ့သလိုမျိုး အားကိုးရတာလေ...။

အဲ့ဒါနဲ့ သွပ်များလည်း မော်ဒယ်လ်သင်တန်းတက်ဖို့သွားစုံစမ်းတာပေါ့...။ အဲ့ဒီမှာ မြန်မာပြည်ထဲမှာ နာမည် ကြီးနေတဲ့ မော်ဒယ်လ်သင်တန်း နှစ်ခု၊ သုံးခုလောက်ကို သွားစုံစမ်းခဲ့မိ လိုက်တော့ အဆင်ပြေပါတယ်...။ ဖော်ဖော်ရွေရွေပါပဲ ကြိုဆိုခဲ့ကြပါတယ်...။ မော်ဒယ်လ် တစ်ယောက်ဖြစ်ဖို့ကဘာတွေလိုအပ်တယ်ဆိုတဲ့ အ ချက်အလက်တွေကိုလည်းအကြံပေးခဲ့ ကြပါတယ်...။ ဒါပေမယ့် အဲ့ဒီမှာစတွေ့တာပဲလို့ပြောရမှာပဲလေ...။ မော်ဒယ်လ်ကောင်း တစ်ယောက်အဖြစ် စင်ပေါ်မှာ မားမား၊ မားမားနဲ့ ကြောင်လျှောက်လျှောက်နိုင်ဖို့က မြင့်မားတဲ့ အရပ်အမောင်းရှိမှကိုး...။ ဒီကဖြင့် ငါးပေစွန်းစွန်းလေးလောက်ပဲရှိတဲ့ အရပ်အမောင်းလေးနဲ့ ဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း...။ အဲ့ဒါနဲ့ သွပ်များလည်း... စိတ်နှစ်ခြမ်းပိန် သွားတာပေါ့...။ ဖြစ်နိုင်ဖို့ က ဝေးသွားတာကိုး...။ ဒါပေမယ့် သင်တန်းက ဆရာမတွေက အားပေးကြပါတယ်...၊ ဖြစ်နိုင်ပါတယ်ပေါ့။ (သူတို့သင်တန်းမတက်ပဲ လွတ်သွားမှာစိုးလို့ တော့ မဟုတ်လောက်ပါဘူးနော်...။)

နောက်ပြီး သင်တန်းကအပြန် အတူပါတဲ့ သူငယ်ချင်းကလည်းအားပေးပါတယ်...။ မော်ဒယ်လ်တစ်ကယ် ဖြစ်ချင်လို့ အရပ်ရှည်ချင်ရင် သူကူညီမယ်တဲ့လေ...။ အဲ့ဒီစကားကိုလည်း ကြားရရော သွပ်များဖြင့် ၀မ်းသာ လိုက်တာလေ... မပြောပါနဲ့တော့...။ အဲ့ဒါနဲ့ သူ့ကို “နင်က ဘယ်လိုကူညီမှာလည်း... ငါကဖြစ်နိုင်ရင် အမြန် ဆုံးနည်းနဲ့ အရပ်ရှည်ချင်တာ”လို့ ပြောခဲ့တော့ သူငယ်ချင်းက သွပ်များကို ခေါင်းငြိမ့်ပြတယ်...။ ပြီးတော့ “စိတ်ချ.. ရှည်ကို ရှည်လာ စေရမယ်”...တဲ့လေ...။ အဲ့ဒါနဲ့ ဈေးတစ်ခုထဲကိုဝင်ပြီး အရပ်ရှည်ဖို့အတွက် အထောက်အကူပြုပစ္စည်းကိုဝင်ဝယ်ကြတယ်...။ ပြီးတာနဲ့ သူငယ်ချင်းပြောသလို လုပ်ဖို့ အိမ်ကို အမြန် ဆုံနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြန်လာခဲ့လိုက်တယ်...။ ဟုတ်တယ်လေ... အိမ်ရောက်မှ သူငယ်ချင်းပြော လိုက်တဲ့နည်းအတိုင်း အမြန်အရပ်ရှည်နည်းကို စမ်းကြည့်နိုင်မှာကိုး...။ သွပ်များက ဖြစ်နိုင်ရင် ချက်ခြင်း လက်ငင်းအရပ်ရှည်ထွက်ချင်နေတာကိုး...။ မော်ဒယ်လ်ဆိုတာ ကလည်း ဖြစ်ချင်နေလှပြီလေ...။ ထွန့်ထွန့် ကိုလူးနေခဲ့တာ....။

အဲ့ဒါနဲ့ အိမ်လည်းရောက်ရော... သူငယ်ချင်းရှာဝယ်ပေးလိုက်တဲ့ အလုံးခပ်တုတ်တုတ်ကြိုး ရှည်ရှည်ရဲ့ အစ တစ်ဖက်ကို ထုတ်တန်းမှာ သေချာခိုင်နေအောင်ချည်...။ နောက်တစ်ဖက်ကိုတော့ ကွင်းလျှောလုပ်ပြီး သူ ငယ်ချင်းမှာလိုက်သလို လည်ပင်းကို ကွင်းထဲဝင်စွပ်ပြီး တက်ရပ်နေတဲ့ ခုံကို ကန်ချဖို့ ပြင်ခါနီး မေမေက အော်ဟစ် ဘုရားတပြီးအနားကိုရောက် လာပါလေရော...။ အဲ့ဒါနဲ့ သွပ်များလည်း မလုပ်ဖြစ်သေးပဲ “မေ မေ့ကို ဘာဖြစ်လို့လည်း ဒီမှာ သွပ်များ အရပ်ရှည်နည်းလေ့ကျင့်ခန်းလုပ်မလို့”...ဆိုပြီးပြောတော့ မေမေက “အဲ့သလို လည်ပင်းကိုကြိုးကွင်းစွပ်ပြီးခုန်ချတာကို ဆွဲကြိုးချသေတယ်”လို့ ခေါ်တယ်ဆိုပြီး ပြောပြပါလေ ရော...။ အဲ့ဒါနဲ့ သွပ်များလည်း... ခုံပေါ်က ကမန်းကတန်းဆင်း၊ ပြီးတော့ ကြိုးကို ကပြာကယာသိမ်းပြီး စောစောက အခါတော်ပေးလုပ်လိုက်တဲ့ သူငယ်ချင်းအိမ်ရှေ့သွားပြီး ပုဆိုးစွန်တောင်ဆွဲမပြီး...ရှစ်သံ ချည်အော်ဟစ်ပြီးရန်တွေ့တာပေါ့...။ ပြောရမယ်ဆို အဲ့ဒီထဲက အနုပညာသည်ဘ၀ကို နည်းနည်းစိတ် ကုန်သွားတယ်...။ နောက်ပြီးသူငယ်ချင်းတစ်ယောက်ကလည်း ပြောသေးတယ်လေ...။ “အနုပညာ သည်တစ်ယောက်ရဲ့ ဘ၀ကို နင်က လွယ်လွယ်နဲ့ မှတ်လို့လားတဲ့”...၊ အဆက်အသွယ်၊ ဘာဘက်ဂ ရောင်းမှ မရှိပဲ ဒီအတိုင်းဘလိုင်းကြီးဝင်သွားရင် နင်‘အေးချမ်းမေ’ ဖြစ်သွားလိမ့်မယ်”တဲ့...။

သိတယ်မှတ်လား...။ သူငယ်ချင်းကအဲ့သလိုပြောတော့ သွပ်များတို့က နည်းနည်းဝေးတယ်လေ...။ သိပ်နား မလည်ဘူး..။ ဘာ“အေးချမ်းမေ” ဖြစ်သွားမှာလဲလို့မေးတော့ “တစ်စစီကျိုး ပဲ့သွားမှာ”ကို ပြောတာတဲ့လေ..။ ပြောမပြောချင်ဘူး...။ ပြီးတော့ သူကပဲဆက်ပြောခဲ့သေးတာက သူငယ်ချင်းရယ်တဲ့... အနုပညာလောက ထဲကိုများ “ခြေစုံပစ်ဝင်ဖို့” မကြိုးစားပါနဲ့တဲ့လေ...။ အဲ့ဒီတော့ သွပ်များက အထွန့်တက်ပြီး ခြေစုံပစ်ဝင် တော့ ဘာဖြစ်မှာလဲလို့ ပြန်မေးခဲ့လိုက်တော့ အဲ့ဒီသူငယ်ချင်းက သွပ်များကို ခပ်မာမာကြည့်ပြီး သ ဟောက်သဟာ လေသံနဲ့ ပြောပါလေရော...။

“ဖင်ထိုင်ရက် ပြုတ်ကျမှာ စိုးလို့”...တဲ့လေ...။

~~~~~@@@@@~~~~~

အဲ့ဒါနဲ့ သွပ်များလည်း... ရှိတာလေးကိုစုဆောင်းပြီး ဖြစ်ချင်တဲ့ အနုပညာသည်ဘ၀ကို ခဏခေါက် သိမ်းပြီး ဟောဒီနိုင်ငံလေးကိုထွက်လာခဲ့တော့တာပဲ...။ ဟော...ဒီမှာနေရင်း ရရ စားစားနဲ့ နေလာလိုက်တာ နောက်ပိုင်းကျတော့လည်း အဲ့ဒီ အနုပညာပိုးက ပြန်ထ,လာပြန် ပါလေရော...။ ဒါပေမယ့် ဒီနိုင်ငံမှာတော့ သရုပ်ဆောင်လုပ်ဖို့ စိတ်မကူးရဲတော့ ရှိစုမဲ့စု ပိုက် ပိုက်လေးနဲ့ နုတ်ဘွတ်(ခ်)လေးတစ်လုံးဝယ်...။ နောက် ပြီး အင်တာနက်လိုင်းလေးတစ်ခုကို ချိတ်ပြီး အင်တာနက်ထဲမှာ သွပ်များအကြိုက် ပေါက်ကရ မတောက် တစ်ခေါက်စာတွေ ရေး နေတော့တာပါပဲ...။ ဘလော့ဂ်တစ်ခု ဆောက်ပြီးတော့ပေါ့လေ...။

ဒါပေမယ့်လည်း...အဲ့သလို ကိုယ့်အကြိုက်ကလေးတွေကို ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ရဲ့ ပိုက်ပိုက်ကို ကိုယ် သုံးပြီး ၀ါသနာအရ ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ စာတွေရေးနေတော့လည်း.. အေးအေးဆေးဆေး မနေရ ပါဘူး...။ မမြင်ရတဲ့ ရန်တွေကိုလည်း... ကြောက်နေရသေးတာ...။ ဟုတ်ပ...။ သွပ်များနဲ့ သိနေ၊ ခင်နေတဲ့ ဘလော့ဂ်ရေးတဲ့ ညီမတွေဆို စီဗုံးမှာ ယောက်ျားတန်မဲ့ ပက်ပက်စက်စက်၊ ရိုင်းရိုင်းစိုင်းစိုင်း လာပြောတာကို ခံရလို့ စီဗုံးလေးတွေ တောင်မှ ဖြုတ်ထားလိုက်ရရှာကြတယ်လေ...။ ကြားရတာများ...တစ်ကယ့်ကို စိတ် တွေ မကောင်းဘူးဖြစ်ရတာ...။ တစ်ကယ်တော့ စီဗုံးဆိုတာ... တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ဖို့၊ အ သိပေးဖို့၊ ဆိုတာအတွက်ပဲ ရည်ရွယ်ပြီးထားကြတာ များပါတယ်...။ နောက်ပြီး ပြည်တွင်းက သူငယ်ချင်း တွေက ကျော်ဝင်ရတတ်လို့ မန့်လို့မရတာတွေဘာတွေရှိတတ်ရင် ရောက်ကြောင်းပြောသွားနိုင်တဲ့ နေရာ လေးတစ်ခုပါပဲ...။ ဒါပေမယ့် တစ်လွဲဆံပင် ကောင်းစွာနဲ့ မဟုတ်မဟတ်တွေရေးတတ်တဲ့သူတွေရဲ့ ရန်ကို ကြောက်လို့ သူတို့ခမြာများဖြုတ်ပြီး သိမ်းထားလိုက်ကြရရှာတယ်လေ...။ သွပ်များဖြင့် တွေးလိုက်တိုင်း စိတ်ကို မကောင်းပါဘူးလေ...တစ်ကယ်...။ အယောင်ဆောင်ရေးတယ်ဆိုလား...ဘာလားပါပဲ...။ အဲ့ဒီတော့ သွပ်များလည်း တစ်ကယ်ကို ကြောက်ရတော့တာပေါ့...။ ဘလော့ဂ်ကို ကြိုက်နှစ်သက်လို့ ရေး နေခဲ့ပေမယ့် မတော်လို့ သွပ်များနာမည်ကြီးသုံးပြီး...သွပ်များမသိတဲ့နေရာမှာ သွားဆဲထားခဲ့ရင် ဘယ့် နှယ်လုပ်မလဲနော်...။ ဟင်း...ဟင်း...တွေးတာနဲ့ တောင်ကျောချမ်းမိပါရဲ့..။

ဟယ်... ကိုယ့်အကြိုက်ရေးနေရင်းကနေ ဘယ်ကိုရောက်သွားတယ် မသိပါဘူး...အဟစ်..။ ပြန်ပြောရရင် အနုပညာသည်ဘ၀ကိုတော့ အခုထက်ထိ ကြိုက်နေတုန်းပါပဲ...။ ဒီအသက် အရွယ်ကြီးရောက်နေတဲ့ အထိ လေ...။ ဘယ်လောက်တောင်များလည်းဆို ပြီးခဲ့တဲ့နှစ်က လန်ဒန်မှာ သီချင်းဆိုရင်း အကကောင်းခဲ့တဲ့ “မိုးဟေကို” လေးကိုအားကျပြီး ဒီတစ်ခါ မြန်မာပြည်အပြီးပြန်ဖြစ်ခဲ့ရင် “ဆောင်းဟေကို”..ဆိုတဲ့နာမည် လေးနဲ့ အနုပညာလောကထဲမှာ လှုပ်ရှားဦးမလားလို့....။ ။

~~~~~@@@@@~~~~~

ပုံလေးကိုဒီနေရာ လေးက ယူသုံးပါတယ်ခင်ဗျာ...။
=============================================================
ဒီတက်ဂ်ပို့စ်လေးကကိုကြီးကျောက်ဆီက စ,လိုက်တာပါ...။ သူကနေတစ်ဆင့် ကိုမိုးကို တက်ဂ်လိုက်တာ ကျွန်တော့်ဆီပြန်ရောက်လာလို့ အမှတ်တရအနေနဲ့ ကိုကြီးကျောက်ရဲ့ လေသံလေး နည်းနည်းပါအောင် ရေးလိုက်ပါတယ်....း))

(အဲ့ဒီနေ့ကနေစပြီး ကျွန်တော်ရယ်...၊ ကိုကြီးကျောက်ရယ်...၊ ကိုမိုးရယ်ကြားမှာ မန်မီဆိုတဲ့ အခေါ်အဝေါ် တွေ ခေတ်စားကုန်တော့တာပဲ...။ ကြည့်လေ...ဟိုတစ်ခါ စီဗုံးမှာ လာပြီး ကိုကြီးကျောက် အော်သွားတာ ကို..။ “သမီးကို မာမီသတိရလို့ လာလည်တာတဲ့လေ”....း))

ကိုမိုးတက်ဂ်ထားတဲ့ တစ်ကယ်နှစ်သက်တဲ့ ရုပ်ဝတ္တုပစ္စည်းလေးတွေကို နောက်တစ်ခါ အတည်ရေး ပေးဦးမှာပါ...။ အဲ့ဒီအခါကျရင်ကျွန်တော့်ရဲ့ညီလေးတွေကို တက်ဂ်ပါတော့မယ်...။ ညီလေးတွေ သတိကျပ် ကျပ်ထားနေကြပါခင်ဗျာ....း))
=============================================================

ချစ်ခြင်းအားဖြင့်.....

ဏီလင်းညို

Thursday, February 18, 2010

မြစ်ဖျားခံရာ.... နေ့တစ်ရက်


 
ကျွန်တော်စီးဆင်းပျော်ဝင်ခဲ့တဲ့ “ချစ်ခြင်း၊ မုန်းခြင်း”... မြစ်အစင်းစင်းတို့ရဲ့ စတင်မြစ်ဖျားခံ စီးဆင်းရာ....

ကျွန်တော်ရရှိခဲ့တဲ့ “ကြင်နာခြင်း၊ နာကျင်ခြင်း”.... နှင်းစက်၊ မီးပွင့်တွေ စတင်မြစ်ဖျားခံ လင်းလက်ရာ....

ကျွန်တော်ကိုယ်တိုင်စိုက်ထူခဲ့တဲ့ “အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း” မှတ်တိုင်တွေ စတင်မြစ်ဖျားခံ ဖြစ်တည်ရာ..

ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ “ဆုံတွေ့ခြင်း၊ ခွဲခွါခြင်း” လမ်းမတွေ စတင်မြစ်ဖျားခံ လျှောက်လှမ်းခဲ့ရာ....

ကုမ်ရာသီရဲ့ (Aquarius) ရဲ့ နောက်ဆုံးနေ့ရက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ဟာ... ကျွန်တော်ဆိုတဲ့ လူ တစ်ယောက်ရဲ့ မွေးနေ့ရက်လေးတစ်ရက် ဖြစ်နေခဲ့ရတယ်....။

~~~~~~~~~~

နှုတ်ဆက် လက်ပြစွာ ထွက်ခွါသွားတော့မယ့် ဆောင်းနှောင်းရာသီရဲ့ တစ်ခုသော အရုဏ်တက် မနက်ခင်း လေးမှာ ဒီလောကထဲကိုခြေချခွင့်ပေးခဲ့တဲ့ မေမေ.....

အဲ့ဒီအချိန်လေးကနေစ,ပြီး ဒီနေ့ထက်ထိတိုင် ဒီလောကထဲမှာ လူကို လူလို့မြင်တတ်စေဖို့ သွန်သင်ပေးခဲ့တဲ့ ဖေဖေတို့ကို အနှိုင်းမဲ့ ကျေးဇူးတင်စွာနဲ့ ကျွန်တော် ဦးညွှတ်နေမိဆဲပါပဲ..။

~~~~~~~~~~

ပုံလေးကို ဒီနေရာ မှယူသုံးပါတယ်ခင်ဗျာ....။

=============================================================
စာကြွင်း ... မွေးနေ့ပေမယ့်လည်း ကျွန်တော် ဘာအထိမ်းအမှတ်မှ မလုပ်ဖြစ်ပါဘူးခင်ဗျာ...။ သာမန်လက် လုပ်လက်စား ဆင်းရဲသားမို့.... ဘလော့ဂ်ပေါ်မှာလည်း... ဘာမှ မကျွေးနိုင်တာခွင့်လွှတ်ကြပါလို့....:D
=============================================================

ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

Monday, February 15, 2010

ဟို.... တစ်လော

ဟို.... တစ်လောကပါပဲ....။

မနက် အိပ်ယာထတော့ အလုပ်မသွားသေးခင် ရသမျှအချိန်လေးမှာ ကျွန်တော်မေးလ်စစ် ကြည့်လိုက်မိ ပါတယ်...။ ဒါက အမြဲတမ်းကျွန်တော်လုပ်နေကျ အကျင့်လေးတစ်ခုပါပဲ....၊ ချက်ချင်းမပြန်ဖြစ်သေးပေမယ့် ပြန်ရောက်ရင် reply လုပ်ဖို့ မှတ်ထားရတာမို့ပါ...။

အဲ့ဒီမှာ ကျွန်တော်သိပ်ခင်တဲ့ ညီလေးတစ်ယောက်ပို့ထားတဲ့ မေးလ်လေးတစ်စောင်ကြောင့် ကျွန်တော့် မျက်ခုံးနှစ်ဖက် အတွန့်ချိုးသွားမိရပါတယ်...။ တစ်ခြားတော့မဟုတ်ပါဘူး၊ အဲ့ဒီ ညီလေးရဲ့ စာတွေကို ပြင် ဆင်ဖြတ်တောက်ပြီး ဆိုက်ဒ်တစ်ခုမှာ တင်ထားတယ်ဆိုတဲ့ မေးလ်လေးကြောင့်ပါပဲ...။ စကားမစပ်ပြော ပြရရင် အဲ့ဒီညီလေးနဲ့ ကျွန်တော်က အခုလိုမတောက်တစ်ခေါက် ဘလော့ဂ်ရေးရင်းနဲ့မှသိကျွမ်းခဲ့ရတာပါ...။ ဒါပေမယ့် ကျွန်တော်နဲ့ သူ တော်တော်ခင်ဖြစ်ပါတယ်...။ သူ့ဘလော့ဂ်လေးမှာ ကျွန်တော်သွားသွားနောက် တာကို တချို့တွေဆိုသိမှာပါ...။ ဂျီတော့ခ်မှာ စ,ရတာအားမရလို့ပါပဲ...။ စိတ်သိပ်မဆိုးတတ်တဲ့ ခင်စရာ ကောင်းတဲ့ ညီလေးတစ်ယောက်ပါပဲ...။ (ကျွန်တော် အပြင်မှာ အစသန်တာ တချို့ တွေသိပါတယ်....း))

အဲ့ဒါနဲ့ ကျွန်တော်လည်း မေးလ်ထဲမှာ သူထည့်ပေးထားတဲ့ လင့်ခ်လေးကို နှိပ်ပြီးချက်ခြင်း သွားလိုက်မိတော့ ဟိုက်ခ,နဲဖြစ်သွားရပါတယ်...။ အမှန်အကန်ကို လုပ်ထားတာပါ...။ ပလိန်းကြီးလို့တောင် ဆိုနိုင်ပါတယ်...။ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး မကောင်းဘူး ဖြစ်သွားရပါတယ်...။ ဒါပေမယ့် နာရီစက်သံ တစ်ချက် ချက်က ကျွန်တော့်ရဲ့အလုပ်ချိန်နီး ကပ်နေပြီလို့ ပြောနေတာမို့ အလုပ်ကို ကမန်းကတန်းထွက်ခဲ့ရတယ်...၊ အဲ့ဒီကိစ္စက ခေါင်းထဲကမထွက်နိုင်ခဲ့ရဘူး...။ စဉ်းစားနေမိတာ တစ်နေကုန်နီးပါးပဲ....။

ဟုတ်တယ်လေ...။ အွန်လိုင်းမှာ ၀ါသနာအရ စာတွေ ကဗျာတွေ ရေးနေကြတဲ့သူအများစုဟာ ဒီလို ပြဿနာမျိုးကို တစ်နေ့မဟုတ် တစ်နေ့တော့ ကြုံရမှာပါပဲ...။ (စာပေ စည်းကမ်းမရှိတာလား...၊ မသိတာ လားတော့မပြောတတ်ပါဘူး....။) ပေါ်တင်ကြီး စာတစ်ပုဒ်လုံးကိုကူးယူပြီး အောက်က ကိုယ့်နာမည်ကို ခပ် တည်တည်နဲ့ တပ်ထားတာမျိုးတွေကို မြင်ဖူးကြားဖူး ပါတယ်...။ ကျွန်တော်နဲ့ ခင်နေတဲ့ အစ်မ တစ်ယောက် ဆို ခဏခဏခံရပါတယ်...။ အခုအဖြစ်ကတော့ အဲ့ဒီလို အဖြစ်မျိုးထက်ပိုဆိုးတယ်လို့ထင်မိရတယ်...။ ကိုယ့် စာကို ကူးယူထားတာတော့ ဟုတ်တယ်...၊ ဒါပေမယ့် စွပ်ဆွဲစရာ၊ လက်ဆုပ်လက်ကိုင်ပြစရာ မယ်မယ်ရရမ ရှိဘူး...။ ကိုယ့်စာကို သူ့စာလိုလုပ်ထားတာကိုး.....။ ဥပမာ... ကျွန်တော်နေရာမှာ ကျွန်မ ထည့်တာမျိုး၊ စာ ပိုဒ်လေးရဲ့ အစမှာ သူ့ပိုင် အာဘော်လေးတွေ တစ်ကြောင်းနှစ်ကြောင်း လောက်ထည့်တာမျိုး၊ အပိတ်နေ ရာလေးမှာ နည်းနည်းထပ်ကွန့်လိုက်တာမျိုး... စတာမျိုးလေးတွေပေါ့...။

စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ဆိုတာ... လွယ်လွယ်နဲ့ ဖြစ်မလာနိုင်ဘူးဆိုတာ ကိုယ်တိုင်ခံစား ပြီးရေးဖူးတဲ့ စာ ရေးသူတိုင်းသိကြပါတယ်...။ အရင်ဆုံး တွေးရတယ်...၊ ခံစားရတယ်...၊ ပြီးရင် ဖတ်တဲ့သူငယ်ချင်းတွေ အဆင်ပြေဖို့ ချောမွေ့အချိတ်အဆက်မိအောင် ကြိုးစားပြီးရေးရပါတယ်...၊ ရေးထားတဲ့ စာနဲ့လိုက်ဖက် မယ့်ပုံလေးတွေကို ဂူးဂဲလ်မှာ တောနင်းပြီးရှာရ ဖွေရတယ်...၊ ပြီးရင် သတ်ပုံစစ်ရတယ်...၊ စာလုံးလေးတွေ ဟိုဘက်သည်ဘက် ညီညာနေရဖို့ အတွက် (ကျွန်တော်ဆိုရင်ပြောတာပါ) လိုက်ညှိရတယ်...။ ပြောရရင် တော့ အများကြီးပါပဲ။ မလွယ်တာကတော့ အမှန်ပါ...။ အများက လက်ခံပြီးဖတ်ရှုနိုင်ဖို့အတွက် စာကောင်း တစ်ပုဒ်၊ ကဗျာကောင်းတစ်ပုဒ် ရင်ဘတ်ထဲက ထွက်ကျလာရုံနဲ့တင်မရပါဘူး။ ဘလော့ဂ်ပေါ်ကိုရောက် အောင် ဘယ်လိုပုံစံနည်းနဲ့ အားထုတ်ရသေးသလဲဆိုတာ ဘလော့ဂ်ရေးသူတိုင်း သိပါတယ်...။

အဲ့ဒီလို မွေးထုတ်လိုက်ရတဲ့ စာလေးတွေ၊ ကဗျာလေးတွေကို ကိုယ်တိုင်ဖန်တီးခဲ့ရတဲ့ ကာယကံရှင် တွေအနေနဲ့ အများကြီး တန်ဖိုးထားတတ်ကြတာ မလွန်လောက်ပါဘူးလို့ လည်း ကျွန်တော်မြင်မိပါတယ်...။ အမြဲတမ်း အရိပ်တစ်ကြည့်ကြည့်နဲ့ မနေရုံတစ်မယ်ပါပဲ...။ မသိတဲ့ သူတွေကတော့ ပြောချင်ပြောကြပါလိမ့် မယ်... “အလကား... အဖြစ်သည်းနေကြတာပါလို့”....။ ဒါပေမယ့် ရင်ဘတ်ခြင်းတူသူတွေကတော့ နား လည်နိုင်ပါလိမ့်မယ်...။

များသောအားဖြင့် တချို့ဆိုဒ်ကလေးတွေရဲ့ ဆိုဒ်ဘားနေရာမှာ “ကျွန်တော်/ကျွန်မတို့ရဲ့ စာလေးတွေကို ယူ သုံးမယ်ဆိုရင် နာမည်လေးတစ်ဆိတ်လောက်၊ လင့်ခ်လေးတစ်ဆိတ် လောက်ညွှန်းပေးကြပါ ခင်ဗျာ/ရှင်”... ဆိုတဲ့ စာသားလေးတွေကိုမြင်ရတိုင်း ကျွန်တော့်ရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာနာစိတ်လေးတွေ အမြဲဖြစ်ရ ပါတယ်...။ ကြိုးစားအားထုတ်မှုကို အသိ အမှတ်ပြုတာလေးတစ်ခုကို ခံယူချင်တာကလွဲလို့ တစ်ခြား ဘာရည်ရွယ်ချက်မှလည်းမရှိဘူးဆိုတာ နားလည်မိလို့ပါပဲ...။ ဒီလောက် သတိပေးတောင်းပန်ထားတဲ့ စာလေးတွေရှိနေတာတောင်မှ ဒီကိစ္စလေးတွေ မကြာခဏဖြစ်ဖြစ်နေတာကို ကျွန်တော်သတိထားမိပါ တယ်...။ နောက်ပြီး... အဲ့ဒီလိုအဖြစ်မျိုးတွေ ကြုံရကြားရတိုင်းလည်း... စိတ်ထဲမှာ ဘာဖြစ်လို့များအဲ့ ဒီလို လုပ်ချင်ကြရတာလည်းမသိဘူး...လို့ တွေးမိတတ်ပြန်ပါသေးတယ်...။ အားလုံး ကိုယ်ချင်းစာစိတ်ရှိရင် ဘယ် လောက်တောင်ကောင်းမလဲလို့ (မဖြစ်နိုင်မှန်းသိသိနဲ့ကို) တွေးမိပြန်ပါသေးတယ်...။

ဒီနေရာမှာ မေးချင်စရာ မေးခွန်းလေးတစ်ခုရှိလာနိုင်ပါတယ် ။ “အကူးမခံချင်ရင် ဘလော့ဂ် စာမျက်နှာ တွေပေါ် မတင်နဲ့ပေါ့”... ဆိုတဲ့စကားလေးပါပဲ...။ ဟုတ်ပါတယ်...။ ဒါပေမယ့် ဒီ အွန်လိုင်းစာမျက်နှာလေး တွေပေါ်ကိုတင်တယ်ဆိုတာက ကိုယ်ရေးထားတဲ့ စာလေးတွေကို သူများတစ်ကာက ဘယ်လိုမြင်တယ်...၊ ဘယ်လိုခံစားမိတယ် ဆိုတာလေးတွေကို ဝေမျှခံ စားစွာနဲ့ သိချင်တဲ့ ဆန္ဒလေးကြောင့်လို့ ကျွန် တော်မြင်မိပါတယ်...။ အဲ့ဒါကြောင့် အချိန်တွေကုန်ခံ၊ ငွေကုန်ခံ၊ လူပင်ပန်းခံပြီး ဒီစာမျက်နှာလေးတွေ ပေါ်ကို ရေးထားသမျှလေးတွေ ခံစားမိသမျှလေးတွေ တင်နေကြတာပါ...။ အကူးခံချင်လို့ တင်တာမဟုတ် ဘူးဆိုတာ ကျိန်းသေပါတယ်....။ ဒါပေမယ့် ကိုယ်ပိုင်ဦးနှောက်ကို မသုံးချင်ပဲနဲ့ ဖြတ်လမ်းနည်းနဲ့ ဘလော့ဂ် ရပ်ဝန်းမှာ ရှင်သန်ချင်တဲ့ တချို့ကတော့ ကူးမယ်ဆိုတာချည်းပါပဲ...။ (ကမ္ဘာကျော် ရေကူး ချန်ပီယံတောင် မျက်ရည်ယိုရွှဲ... ငိုပွဲဆင်နွှဲသွားနိုင်လောက်ပါတယ်....း)) ဘယ်လိုနည်းမျိုး ပဲသုံးသုံးပါ...။ ကူးချချင်တဲ့သူက တော့ ရအောင်ကူးမှာပါပဲ...။ ကိုယ့်စာကို ကြိုက်နှစ်သက်လို့ ကူးတယ်ဆိုပေမယ့် အဲ့ဒီလိုနည်းမျိုးနဲ့ ကိုယ့်စာကို သူ့စာလုပ်တာမျိုးကတော့ ဘယ်လို လူမျိုးမှ နှစ်သက်စွာနဲ့ ဖြေသိမ့်နိုင်မယ်မထင်ပါဘူး...။

အစက ပြောခဲ့တာကိုပြန်ကောက်ပြောရရင် စာကိုကူးယူခံရတာထက်၊ ဖျက်လို့ဖျက်ဆီးလုပ်တာမျိုးခံရတာ က ပိုဆိုးမယ်လို့ မြင်မိတယ်ဆိုတာလေးပါပဲ...။ (ကူးယူခံရတာလည်း...ဆိုးပါတယ်နော်....၊ တော်ကြာ မ ဆိုးဘူးပြောတယ်ထင်မှာစိုးလို့ပါခင်ဗျာ....း))

~~~~~@@@@@~~~~~

ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။

(မည်သူ့ကိုမှ မရည်ရွယ်ပါ...။ တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ပါခင်ဗျာ....။)
သူငယ်ချင်း...ညီအစ်ကိုမောင်နှမတွေအားလုံး...စိတ်အနှောက်အယှက်ကင်းကင်းနဲ့ စာတွေအများကြီးရေး နိုင်ပါစေခင်ဗျာ။

======================================
ညီလေး ကိုတူး အတွက် အမှတ်တရ.....။
======================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

Saturday, February 13, 2010

valentine's လက်ဆောင်




 
နှုတ်ဆက်တော့မယ့် နှင်းစ,တွေနဲ့အတူ....
မင်းရောက်လာခဲ့တယ်....။
ချစ်တတ်သူတွေအတွက်....
ချစ်တတ်သူတွေ သတ်မှတ်ခဲ့ကြတဲ့....
“ဖေဖော်ဝါရီ ၁၄” ရေ....
မင်းနာမည်က Valentine's day တဲ့လားကွယ်....။

မျှော်နေသူတွေ မျှော်ဆဲ...
အနားနား ရောက်ရှိလာခဲ့ချိန်မှာ....
နွေးထွေးမှု အသင်္ချေနဲ့သာ....
မင်း.... ပွေ့ဖက်လိုက်ပါတော့....။


ဒါဆို....
ချစ်လျှက်နဲ့ ဝေးနေရသူတွေ....
နီးလျှက်နဲ့ ဆွေးရမှာ စိုးနေတဲ့သူတွေ အားလုံးအတွက်....
အေးစက်စက် ဆောင်းညရဲ့ရိုက်ပုတ်မှုဒဏ်ကို....
အနည်းနဲ့ အများ ခံနိုင်ရည် ရှိသွားကြလိမ့်မယ်....။


ဒါပေမယ့်...
မင်းနာမည်တည်ရှိတဲ့....
ဒီရက်စွဲငယ်လေးတစ်ခုရဲ့အောက်မှာ....
အထီးကျန်ဆန်....သိမ်ငယ်မှုများစွာနဲ့....
အချစ်ရှုံးခဲ့ရတဲ့ အရှုံးသမားတချို့အတွက်....
နှစ်သိမ့်စေမယ့် အပြုံးတစ်ပွင့်တော့....
မင်း... ချွေချခဲ့စမ်းစေချင်တယ်.... Valentine's day ရယ်....။ ။

===========================
ပုံကလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ...။
===========================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

Friday, February 12, 2010

“မိုးသည်းတစ်ည”....

ဖျတ်ခ,နဲ လင်းလာသော မီးအလင်းရောင်ကြောင့် ပိတ်ထားသောမျက်လုံးများကို ဖွင့်လိုက်ရသည်။ ခပ်မှောင်မှောင် အိပ်ခန်းလေးထဲမှာ သူအိပ်နေခဲ့တာကြောင့် ရုတ်တစ်ရက်ဖွင့်လိုက်သော မီးချောင်းရဲ့အ လင်းရောင်ကို ရင်မဆိုင်နိုင်သလို မျက်စိထဲတွင် စူးရှရှဖြင့်....၊ နောက်ပြီးတော့လည်း ဆက်ပြီး အိပ်ချင်စိတ် သိပ်မပျယ်သေး တာမို့ သူ့ မျက်လုံးတွေက ဖန်တွတ်တွတ်ဖြစ်နေခဲ့ရလေသည်။

“ထတော့လေ... အစ်ကိုကြီး...၊ အလုပ်ဆင်းရဦးမှာ မဟုတ်လား”.....

အသံလာရာ တံခါးဝဆီကိုခေါင်းငြိမ့်ပြလိုက်ကာ ခေါင်းအုံးဘေးမှာထားသော အဝေးကြည့်မျက် မှန်လေးကိုယူပြီးတပ်လိုက်ရင်း အိပ်ယာထက်မှထလိုက်သည်။ အခန်းအတွင်းမှဖြူဖွေးသော မီးချောင်းအ လင်းရောင်အောက်တွင် သူ့ကို အိပ်ယာလာနှိုးသော အခန်းဖော် ‘ညီလေး’တစ်ယောက်ကိုတွေ့ရ၏။ အ ကျင့်ပါနေသော လက်က အိပ်ယာဘေးမှ ကွန်ပျူတာလေးရဲ့အဖုံးကို ဖွင့်ဖို့လှမ်းမိတော့ ‘ခုနှစ်နာရီထိုး တော့မယ်’....ဟု သတိပေးသလို ထပ်ပြောပြန်သည်။ သူပြုံးလိုက်မိသည်။ ဟုတ်သည်လေ... ဒီည သူအ လုပ်သွားဆင်းရဦးမှာပဲ...။ မနက်ဖြန်မနက်မှ မင်းနဲ့ငါ ပြန်တွေ့မယ်ကွာ...ဟု စက်ကလေးကို စိတ်ထဲမှ ကျိတ်ကာနှုတ်ဆက်လိုက်သည်။ နောက် ထိုညီလေးရဲ့ အရှေ့မှာပင် ရေချိုးခန်းထဲသို့ဝင်ရန် မျက်နှာသုတ်ပုဝါတွေဘာတွေကိုယူတော့မှ စိတ်ချသလိုမျိုး အခန်းအပြင်သို့ ပြန်ထွက်သွားလေတော့၏။ သူဒုတိ ယအကြိမ်မြောက်ထပ်ပြုံးမိရင်း အိပ်ခန်းနှင့်တွဲလျှက်ဖြစ်သော ရေချိုးခန်းထဲသို့ ၀င်ခဲ့မိတော့သည်။

++++++++++

သူ ရေချိုးခန်းအပြင်ဘက်ပြန်ရောက်တော့ အခန်းထဲရှိ သုံးဆင့်မျှသာမြင့်သော စာအုပ်စင်ကလေး ရဲ့အပေါ်တွင် အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်လေးကို အဆင်သင့်တွေ့လိုက်ရပြန်လေ သည်။ ရေချိုးပြီးစ ချမ်းချမ်းစီးစီးမို့ ကော်ဖီခွက်လေးကိုမြင်လိုက်ရတော့ မနေနိုင်စွာ (ခေါင်းတောင် ခြောက်အောင်မသုတ် နိုင်ခဲ့သေးပဲ) သူတစ်ငုံလောက် သောက်လိုက်သေးသည်။ ရင်ထဲတွင်နွေးသွားသော အနွေးဓာတ်လေးနှင့်အတူ လျှာဖျားမှာစွဲကျန်ရစ်ခဲ့သော ခါးသက်သက် ကော်ဖီအရသာကိုခံစားမိရ၏။

အလုပ်ယူနီဖောင်းများကို အမြန်လဲလှယ်ရင်း ထိုကော်ဖီခွက်လေးကို ဇိမ်နဲ့သောက်နေလိုက်သည်။ နောက် မှ သတိရ၍ ၀ရံတာတွင်လှမ်းထားသော ခြေအိတ်များကိုရုတ်ဖို့ အခန်းအပြင်သို့အထွက်....

“ဟာ... အစ်ကိုကြီး...ရေချိုးပြီးသွားပြီလား...၊ ကျွန်တော်က မပြီးသေးဘူးထင်လို့”.....

ခါးတွင် မျက်နှာသုတ်ပုဝါလေးကိုပတ်လျှက် ဧည့်ခန်းထဲတွင်ထိုင်နေသော နောက်ထပ် ညီလေးတစ်ယောက် က သူ့ကိုလှမ်းပြောသည်။ ကြည့်ရတာသူလည်း ရေချိုးမလို့ထင်၏။

“အေး... အေး... အစ်ကိုပြီးသွားပြီ”....

သူ့စကားဆုံးတော့ ထိုညီလေးက အရှေ့ဘက်ရှိ နောက်ထပ်ရေချိုးခန်းတစ်ခုဆီကို ရေချိုးရန် ပြေးသွားလေ တော့သည်။ သူထပ်ပြုံးလိုက်မိပြန်၏။ တစ်ကယ်လို့များ...အရှေ့ဘက်မှာရှိသည့်ရေချိုးခန်းတွင် တစ်စုံတစ်ဦး ရေချိုးနေခဲ့ပါက အနောက်ဘက်တွင်ရှိသော ရေချိုးခန်းထဲတွင် ရေအားနည်းသွားတတ်သည်။ ထို့ကြောင့် သူ ရေချိုးနေချိန်တွင် မချိုးပဲ...သူပြီးတဲ့အထိ ထိုင်စောင့်နေခဲ့ပေးသော ထိုညီလေး၏ စာနာမှု လေးကြောင့် သူပြုံး မိလိုက်ခြင်းသာ....။

အလုပ်ချိန်နီးနေခဲ့တာကြောင့် အိတ်ကိုလွယ်၊ ရေဘူးကိုယူပြီး အခန်းအပြင်သို့ နောက်တစ်ခါထွက်ခဲ့လေ တော့ ညီလေးတစ်ယောက်က....

“ထမင်းဘူး ထည့်ထားပေးတယ်...အစ်ကိုကြီး... ကြက်သားဟင်းနဲ့ သိလား”....

ကြည့်လိုက်တော့ ဧည့်ခန်းရှိ စားပွဲခုံလေးအပေါ်မှာ အိတ်ကလေးနှင့် သေသေချာချာ ထုတ်ပိုးပေးထားသော ထမင်းဘူးကလေးကိုတွေ့ရ၏။ ဒီည သူအလုပ်လုပ်ရသောစက်ရုံတွင် လူအနည်းငယ်သာ ရက်အစားထိုး ဆင်းရတာကြောင့် ကင်(န်)တင်းတွင် ထမင်းရောင်းသူမလာတာကိုသိ၍ သူ့အတွက်ထမင်းဘူးထည့်ထား ပေးသော ထိုညီလေး၏ စေတနာတစ်ခု...။ သူ ထပ်ပြီးပြုံးလိုက်မိပြန်၏။ ဒီကနေ့ည သူခဏခဏ ပြုံးမိနေပါ သည်။

“အေး..အေး... သင့်ခ်ယူပဲ”....

ကတိုက် ကရိုက်နှင့်ကျေးဇူးတင်စကားပြောရင်း... ဖိနပ်ချွတ်တွင် သူဖိနပ်စီးနေလိုက်သည်။ တစ်ချက်ချက် နှင့်မြည်နေသော နာရီလက်တံလေးများက အလုပ်ချိန်နီးကပ်နေပြီ .... ဟု သူ့ကိုသတိပေးနေခဲ့သလိုလို...။ ဖိနပ်ကြိုးများကို စိတ်လောစွာဖြင့် ခပ်သွက်သွက်ချည်နေဆဲ ခဏ....

“အစ်ကိုကြီး... မိုးရွာတော့မယ်နဲ့တူတယ်... လေတွေ အရမ်းတိုက်လာပြီ”...

“ဟေ... ဟုတ်လားကွ”....

ဧည်ခန်းရှိပြတင်းဝတွင်ရပ်ပြီး မိုးလေ၀သခန့်မှန်းရေးလုပ်နေခဲ့ကြသော ညီလေးသုံးယောက်ထဲမှတစ် ယောက်က သူ့ကိုလှမ်းပြောတာကြောင့် စိတ်ပျက်စွာဖြင့်ပြန်မေးမိသည်။ နောက် ဒီနိုင်ငံမှ မိုးကသိပ်အ ကျင့်ဆိုးတာပဲ ဟုလည်းတွေးမိ၏။ ဟုတ်သည်၊ အလုပ်သွားချိန်၊ ပြန်ချိန်များဆိုလျှင် ရွာတတ်တာအမြဲ...။

“ထီးယူသွားဦးနော်...၊ ဒီမှာ အစ်ကိုကြီး”....

ပြောပြောဆိုဆိုနှင့် ညီလေးတစ်ယောက်က ထီးကောက်ရှည်တစ်ချောင်းလာပေးသည်။ သူလှမ်းယူလိုက် ရင်း အားလုံးကို သိမ်းကြုံးပြီး ‘သွားတော့မယ်’...ဟုနှုတ်ဆက်ရင်း တိုက်အောက်သို့ ခပ်သွက်သွက်လေးပြေး ဆင်းခဲ့လိုက်သည်။

+++++++++

သူတိုက်ခန်းအောက် လမ်းမပေါ်သို့ရောက်တော့ မိုးမရွာသေးပါ။ သို့သော် အိမ်ပေါ်မှညီလေးတွေပြော လိုက်သလို လေတွေခပ်ရမ်းရမ်းတိုက်ခတ်နေတာကို အေးမြစွာခံစားရ၏။ ကောင်းကင်မှာလည်း အနည်း ငယ်နီမြန်း နေတာတွေ့ရသည်။ ဟိုဟိုဒီဒီသွားလာနေကြသော လူများကိုအားကျစွာကြည့်ရင်း လုပ်ငန်းခွင် သို့ခြေလှမ်းစ,ကာ ခပ်သွက်သွက်လေးလှမ်းမိသည်။

“အစ်ကိုကြီး... အလုပ်သွားတော့မလို့လားဗျ... မိုးလည်းမရွာဘဲနဲ့ ထီးကြီးယူလာတယ်”....

လှမ်းနှုတ်ဆက်လိုက်သော မြန်မာလူမျိုး ညီလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။ သူလှမ်း ကြည့်မိလိုက်တော့ နားရက်မို့တိုက်အောက်ဆင်းပြီး ခြေများနေသော တစ်ခြားအခန်းတွင်နေတဲ့ ညီလေး တစ်ယောက်ကိုတွေ့ရ၏။

သူပြန်ပြုံးပြလိုက်ရင်း...

“အေးကွာ... အိမ်ပေါ်က ညီလေးတွေက မိုးရွာတော့မယ်ဆိုပြီး ထည့်ပေးလိုက်လို့ ယူလာတာ... ကဲ...သွား ဦးမယ်ကွာ”.....

ပြန်နှုတ်ဆက်ပြီး ရှေ့သို့ သူဆက်လျှောက်လာခဲ့သည်။ သူတို့နေသော တိုက်ခန်းများနှင့် မနီးမဝေးရှိ မီးပွိုင့် လေးကို ဖြတ်အကူးတွင် မိုးဖွဲလေးများ ခပ်ကျဲကျဲကျဆင်းလာ၏။ တစ်ဖက်လမ်းသို့ ကူးအပြီးတွင် ထီးကလေး ကို သူဖွင့်ဆောင်းလိုက်ပါသည်။ သူတို့အလုပ်လုပ်သော စက်ရုံတည်ရှိရာနေရာသို့ရောက်ဖို့ နောက်ထပ် ဆယ့်ငါးမိနစ်လောက် သူလမ်းလျှောက်ရဦးပေမည်။

သူအလုပ်သွားရာ လမ်းမဘေးတစ်ဖက်တစ်ချက်စီတွင် ဘာလူနေအိမ်မှ မရှိ...။ အားလုံးစက်ရုံများချည်း သာ။ ည ရှစ်နာရီထိုးကာနီးအချိန်မို့ လမ်းမပေါ်တွင် လူသူကင်းရှင်းနေခဲ့၏။ တစ်ချက်တစ်ချက် တွင်ဖြတ်သန်းသွားတတ်သော ကားနှင့် ဆိုင်ကယ်အချို့မှလွဲပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။ သူတစ်ယောက်ထဲပဲ နောက်ကျနေခဲ့တာကြောင့်လားမသိ။ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များကိုပင် အရိပ်အ ယောင်တောင်မှ မတွေ့ရ တော့...။

သူဆက်လျှောက်နေဆဲ ခဏအတွင်းမှာပင် မိုးများက စတင်ရွာချလာလေတော့သည်။ အစပိုင်းတွင် ခပ်ဖြည်းဖြည်း...၊ နောက်တော့ တစ်ဖြည်းဖြည်းနှင့် သည်းထန်လာလေတော့၏။ ထိုမိုးစက်များကို ဆောင်းထားသော ထီးကလေးနှင့် ကာကွယ်ရင်း ထီးကလေးကို ဂရုတစ်စိုက်ထည့်ပေးလိုက်သော ညီလေးများကို ရင်ထဲမှ ကျေးဇူးတင်မိသည်။ နို့မို့ဆိုရင် သူမိုးမိမှာသေချာပါသည်။ လက်တစ်ဖက်မှ ဆွဲကိုင် ထားသော ထမင်းဘူးလေးကိုရေမစိုအောင် ရှေ့သို့ ပို့ထားရင်း အိမ်မှ အတူနေရသည့် ညီလေးများအ ကြောင်းကို သူတွေးနေမိခဲ့လေတော့၏။

သူ့အတွက် လိုအပ်မယ်ထင်တာမှန်သမျှကို (သူမခိုင်းရဘဲနှင့်) အလိုလိုလုပ်ပေးတတ်တဲ့ အကြောင်းများပင် ဖြစ်ပါသည်။ သူတို့တွေနားရက်မှာ အလုပ်ဆင်းရသော သူ့အတွက် ထမင်းဘူးမှအစ...ကော်ဖီကို အဆင် သင့်ဖျော်ပေးထားသည့်အဆုံး လုပ်ပေးတတ်သော ညီလေးများ၏ ဂရုတစ်စိုက်အပြုအမူလေးများ...။ ပြည်ပ တွင် အလုပ်လုပ်နေရသော သူ့လိုလူမျိုးများတွင် ရနိုင်ခဲလှသည့် အခွင့်အရေးတစ်ခု...ဟု သူထင်မိ၏။

ထိုအခွင့်အရေးကို ရရှိနိုင်ဖို့အတွက် သူ့ဘက်က ဘာမှ အရင်းအနှီးအများကြီး မစိုက်ထုတ်ခဲ့ရဖူးပါ။ အတူတူ နေခဲ့ရစဉ်ကာလတစ်လျှောက်လုံး ထိုညီလေးများကိုရော....၊ သူနှင့် ရွယ်တူ၊ နောက် သူ့ထက်ကြီးသူများကို ပါ စိတ်ရင်းအမှန်ဖြင့် လေးလေးစားစား၊ နွေးနွေးထွေးထွေး ချစ်ခင်ခဲ့ခြင်းနှင့် သူတို့ရဲ့ လိုအပ်ချက်လေးများ ကိုတတ်နိုင်သလောက် ကူညီလိုခဲ့ခြင်းလေးသာရှိခဲ့ပါသည်။

+++++++++++

မိုးက မစဲဘဲ တိုးလို့သာသည်းထန်လာလေသည်။ သူ့ဘောင်းဘီအောက်ခြေများတွင် မိုးရေများနှင့် စိုစွတ် နေခဲ့ရပြီဖြစ်၏။ လူရှင်းသော လမ်းကလေးထက် သည်းထန်သောမိုးရေစက်များကြားတွင် သူတစ်ယောက် ထဲ...။ မိုးသက်လေတစ်ချက် သူ့ဆီတိုးဝှေ့လာစဉ်ခဏတွင် စိမ့်ခနဲတစ်ချက်ဖြစ်သွား ရသည်။ သို့သော်လည်း အအေးဒဏ်က သူ့ရင်ထဲအထိတော့ ၀င်ရောက် ထွင်းဖောက်နိုင်ခြင်းမရှိခဲ့...။ သူ့ စိတ်ထဲ၊ နောက်ရင် ထဲတွင်ပါ... ညီလေးများ၏ ဂရုတစ်စိုက်နှင့် စေတနာပါသော အပြုအမူလေးများ ကြောင့်လုံခြုံစွာ နွေးထွေး နေခဲ့တာကြောင့်ပဲ ဖြစ်ပါသည်။

++++++++++
ရှေ့ကို လှမ်းမျှော်ကြည့်လိုက်တော့ သူ အလုပ်လုပ်သော စက်ရုံလေးကို ညမီးရောင်အောက်ရှိ မိုးရေ စက်များကြားတွင် ၀ိုးတစ်ဝါး တွေ့နေရလေပြီ....။         ။

++++++++++

ပုံကလေးကိုဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ...။

==================================
Hostel No. (C 2-2) မှ ညီလေးများအတွက် အမှတ်တရ....
==================================
စာကြွင်း.... လောလောဆယ် ဏီလင်းညိုရဲ့ အခြေအနေမှာ ဆိုက်ဒ်ဘားတွင်တင်ထားသည့်အခြေအနေနှင့် တစ်ထပ်တည်းဖြစ်နေပါ၍ ခပ်တည်တည်နှင့် ဆားချက်ထားခြင်းသာဖြစ်ပါကြောင်း...း)
=======================================================
ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

Thursday, February 4, 2010

အလိုချင်ဆုံးသော...













(၁)
အဲ့ဒီလမ်းရဲ့အကွေ့လေးတစ်ခုဟာ
ကျဉ်းမြောင်းစွာ မည်းမှောင်နေခဲ့တယ်...။
မရောက်သေးခင်မှာ....
ဘာတွေဖြစ်လာမလဲဆိုတာ... ကြိုတင်မသိနိုင်ခဲ့ပေမယ့်
ဖြန့်ကျက်ထားခဲ့တဲ့ စိတ်ကူးတောင်ပံတစ်စုံနဲ့
ပျံသန်းခြင်း ခရီးစဉ်အစမှာ...
ငါဟာ... လတ်ဆတ်နေခဲ့သေးတယ်...။

ငါ ဆိုက်ရောက်လုနီးခဲ့ပြီ...
အမှောင်ရိပ်တွေ ဖုံးလွမ်းတတ်နေတဲ့ ကမ္ဘာမှာ
မီးစလေး တစ်စအဖြစ် လင်းဖျာနေခဲ့ချင်ပေမယ့်....
လေက ကြမ်းလွန်းနေခဲ့ပြန်တယ်...။
ေ၀၀ါးစွာ လင်းနေခဲ့ရတဲ့ဘ၀မှာ
ခဏခဏ.... ကြိုးစားခဲ့ရတဲ့နာရီတွေတိုင်း
ရာသီဆိုးက မီးနီပြတယ်...။
သို့ပေမယ့်....
ငါ... ရှေ့ဆက်တိုးခဲ့တယ်...။

(၂)

အန္တရာယ်ဆိုးတွေကို ဖယ်ရှားပစ်နိုင်မယ့် လက်တစ်စုံကို
ငါ ပိုင်ဆိုင်ခွင့်ရှိနေချင်ခဲ့တာ...
မရှုရက်နိုင်တဲ့ မျက်ဝန်းတွေကြောင့်ပါ....။
သို့ပေမယ့်လည်း...
ရွာချလိုက်မိတဲ့ ‘စေတနာ’ မိုးစက်တွေဟာ...
‘တောင်းဆိုမှုကင်းမဲ့တဲ့လွင်ပြင်’ မှာသွန်းမိလေခဲ့တော့
တကယ်လိုအပ်နေခဲ့တဲ့ တချို့တောင်မှ
‘ဥပေက္ခာ’ ပေစွန်းနေတဲ့ ခွက်နဲ့သာ ခံယူလာခဲ့ကြလေတော့တယ်...။

တကယ်လို့များ....
လိုချင်နေတဲ့ အရာမှန်သမျှသာ ငါ့... ထံမှာရှိနေခဲ့တယ်ဆိုရင်
ယူသွား လိုက်စမ်းပါ....။
မင်းရဲ့ အရေပြားပါးပါးလေးအောက်မှာ အမှန်ရှိနေခဲ့တဲ့....
နောက်ပြီး... အတိုင်းသားမြင်နေခဲ့ရတဲ့
ရိုးသားခြင်း...၊ မရိုးသားခြင်း ဆိုတဲ့ ‘ဗိုင်းရပ်(စ်)’ တွေကို
အပေါင်း၊ အနှုတ်သေချာစေဖို့ရာ....
ခွဲခြမ်း စိတ်ဖြာခြင်း မပြုနိုင်လောက်အောင်
မွေးရာပါ မျက်လုံးတစ်စုံကို
ငါ ကိုယ်တိုင်ပဲ အာခံ တော်လှန်ထားခဲ့တယ်...။

(၃)
ရံဖန် ရံခါဆိုသလိုမျိုး အငိုက်မိချိန်တွေမှာ...
အမှတ်မထင် ကျွတ်ကျလာတတ်တဲ့ မျက်နှာဖုံးတွေကို
သေချာစွာ ငါ... စောင့်ဖမ်းကြည့်မနေခဲ့ပေမယ့်...
တွေ့မြင်ခဲ့လိုက်မိတာကတော့...
‘ပြာ’ကျသွားစေနိုင်တဲ့ ‘ရမ္မက်မီး’ တစ်ချို့ဟာ....
ရက်စက်စွာ...၊ လှပစွာ တောက်လောင်နေခဲ့ကြတယ်....။
ဒီလိုအဖြစ်မျိုးတွေကို ကြားဖူးနားဝရှိခဲ့ပေမယ့်
မယုံနိုင်ခဲ့သေးတဲ့.... ငါ
မျက်စိကို အထပ်ထပ် ပွတ်သပ်ကြည့်နေတုန်းမှာ....
တကယ့်ကိုပဲ....
မီးတချို့ဟာ ငါ့ကိုတိုက်စားနေခဲ့ပြီ...။

ရေမျောသွားခဲ့ရလေတဲ့ ‘နား’တစ်ဖက်ခြင်းစီတွေဟာ....
ကမ်းနဲ့ နီးစပ်ဖို့ရာ ဝေးနေခဲ့သေးရုံမျှသာမကသေးပဲ
တချို့တွေဆို...
ကိုယ်ပိုင်တဲ့ နားတစ်ဖက်....
ကိုယ်တိုင်ပဲ ပျောက်ရှနေခဲ့မှန်းတောင်မှ မသိခဲ့ကြသေးတော့...
‘အပေး၊ အယူ’ ဆိုင်ရာ ‘သီအိုရီ’ကို သင်ကြားပေးဖို့....
စိတ်ပျက်စွာ လစ်ဟင်း၊ ပျက်ကွက်နေခဲ့ရတဲ့အထိ
‘လောက’ဟာ... နွမ်းနယ်နေခဲ့ရတဲ့အတွက်....
တပ်မက်မှုတွေ ပေကျံနေခဲ့တဲ့ မျက်လုံးတချို့ကို....
အာခံဖို့ဆို... ငါ... သိပ်ကို ၀န်လေးခဲ့ရမိတယ်...။

(၄)
‘ပျော့ညံ့ခြင်း’ ဆိုတာကို တတ်မြောက်ဖို့အတွက်
သင်ကြား၊ နာယူမှုအပိုင်းမှာ သိပ်များများမလိုအပ်လှပါဘူး....။
မကြာ ခဏဆိုသလိုမျိုးသာ....
ခေါင်းကလေးကို ငြိမ့်တတ်ရင် လုံလောက်ပါပြီ...။
သေချာအောင်သာ ထပ်ခါ ထပ်ခါ ကြိုးစားကြည့်ခဲ့မယ်ဆိုရင်....
လွန်ဆန်မရနိုင်တော့လောက်အောင်ကိုပဲ...
မှန်ကန်စွာ ပျော့ညံ့တတ်လာလိမ့်မယ်...။
ဒီလိုနည်းနဲ့...
ငါ ကိုယ်တိုင်ပဲ ‘သားကောင်’ ဖြစ်ခဲ့ရတာ...
ခဏ... ခဏနဲ့ ကြာလှရှိခဲ့ပေါ့....။

ဟန်ဆောင်ခြင်းတွေကို အားတင်းရင်ဆိုင်ဖို့
မွေးမြူထားမိခဲ့တဲ့ စိတ်တချို့ဟာ...
ချိုမြမြ စကားလုံးလေးတွေရဲ့ အကြား
ဖရို ဖရဲ... ပြိုလဲခဲ့ရတာများ....
ကောက်ရိုးလေးတစ်မျှင်ထက်ပို ဖွာဆန်ကျဲနေခဲ့လေတော့....
အော့နှလုံးနာစရာ... ငါ့ အဖြစ်တွေကို...
တချို့တွေဆို....
စာမျက်နှာတောင် ကျော်ပစ်ခဲ့ကြသေးတယ်...။

(၅)
နေ့စဉ်နဲ့ အမျှ...
‘ပုံရိပ် အစစ်နဲ့ အယောင်’ မသိနိုင်တော့လောက်အောင်
ဖျားယောင်းခံနေခဲ့ရမှန်း မေ့လျော့နေခဲ့ကြရတဲ့
ကြေးမှုံပြင်ရဲ့ ‘ယာဇ်ကောင်’ တချို့ဟာ
မြင်လွှာတွေ အနည်းငယ် ချွတ်ယွင်းနေခဲ့ပေမယ့်
သူတို့ရဲ့ နှုတ်ခမ်းထက်...
‘နယူတန်’ကို တရွတ်တိုက် ချိတ်ဆွဲထားဖို့ အမှတ်ရနေခဲ့...။

မုန်တိုင်းထန်နေခဲ့တဲ့ ပင်လယ်ရေပြင်ဆီကလို...
‘ဆန္ဒ’ ...ဆိုတဲ့ လှိုင်းတွေထဲ အတူတူ ကူးခပ်နေဆဲ...
တချို့တွေဟာ....
ကမ်းလင့်မိခဲ့တဲ့၊ ဖြည့်ဆည်းပေးခဲ့တဲ့ လက်တစ်စုံကို...
တစ်ဖက်ကမ်းအရောက်....
လှော်တက်အဖြစ်နဲ့ အသုံးပြုပြီးတဲ့နောက်...
မလိုအပ်တော့လို့ စွန့်ပစ်ရုံမျှမက...
ပေါ့ပါးစွာ ချိုးဖျက်ချေမွခဲ့ကြသေးပြန်တယ်...။
ဒီအဖြစ်တွေကို...
ပြန်ပြောင်းကာ ရေတွက်နိုင်ဖို့
လက်ဆယ်ချောင်းသာ ငါပိုင်ခဲ့လေတော့
တွက်ချက်ဖို့ သွေးပျက်နေခဲ့တုန်းမှာ
တစ်ခြားဖက် ကမ်းအထက်နားဆီက...
ပြိုလု ပြိုခါနီး ခပ်ဝါးဝါး အရိပ်တစ်ခုဟာ
ငါ့ကိုယ်ပိုင် ဖြစ်နေခဲ့လေတယ်...။

(၆)
ရက်စက်တတ်ဖို့ မသင်ကြားပေးခဲ့တဲ့
‘ဗီဇ’...ဆိုတဲ့ သတ္တ၀ါတစ်ကောင်ကြောင့်...
ငါဟာ... တရိရိနဲ့ ညှင်းပန်းခံ ဖြစ်နေခဲ့ရပြီ....။
စာနာစွာနဲ့ ညှာတာတတ်မှုများဟာလည်း....
ငါ့ရဲ့ စိတ်ကို ပင်ပန်းစေလွန်းခဲ့ပါပြီ...။
တကယ်လို့များ...
သက်ရောက်မှုမညီမျှတဲ့ ဒီရပ်ဝန်းတစ်ခုသာ....
ကွဲအက်ဖို့ လွယ်ကူလွန်းတဲ့
ဆပ်ပြာပူပေါင်းတစ်လုံး ဖြစ်နေခဲ့မယ်ဆို...
ငါလေ...
တစ်ကြိမ်လောက်တော့...
ရက်စက်စွာ ဖောက်ခွဲပစ်လိုက်ချင်ပါရဲ့...။

နေစမ်းပါစေ...
ဝေချင်... ကြွေချင်တဲ့ ‘ဘ၀’တွေ...
လွင့်ချင်ရာကိုသာ... လွင့်ကြစမ်းပါစေလို့...
တင်းမာချင်လွန်းစွာ တက်မိတဲ့ ချဉ်ခြင်းတွေ....
မာန နဲ့ရောစပ်
ဒီသွေးကြောတစ်လျှောက်
မွှေနှောက်ကာ မစီးဆင်းနိုင်ခဲ့သေးသမျှတော့....
အသွားရှိ အပြန်မဲ့တဲ့ ‘ကန္တာရ’တစ်ခုမှာ
ငါဟာ... ကြိမ်ဖန်များစွာ သေရလိမ့်ဦးမယ်...။

(၇)

နောက်ကျစွာ ရောက်လာတတ်တဲ့ သိတတ်မှုဟာ
‘နောင်တ’ ဆိုတဲ့ မြားတစ်စင်းအသွင်နဲ့
ငါ့ရင်ကို စူးဝင်စေမိတဲ့ခဏ
ခြေရင်းမှာ ပုံချထားမိခဲ့တဲ့
‘တစ်ကိုယ်ကောင်းဆန်ခြင်း’ဆိုတဲ့ သွေးသောက်ဟာ....
သွေးယိုစီးကျနေတဲ့ ငါ့ကို...
မိုက်တွင်းနက်စွာနဲ့ ဟက်ဟက်ပက်ပက် လှောင်ရယ်နေခဲ့ချိန်မှာ....
အဖြူရောင်လောကရဲ့ ‘ရနံ့’ တချို့ဟာ...
နှစ်သိမ့်ခြင်းအပြုံးများနဲ့ အတူ...
ငါ့ကို သွေးတိတ်စေခဲ့ပြီ....။

‘ပကတိ’ တန်ဖိုးကို တိုက်စားခြေဖျက်မယ့် အရာတွေ...
ထိုးစစ်ဆင်လို့သာ မောချင် မောသွားကြပါစေ
ငါဟာ... လေရူးမှာကြွေလူးရမယ့် ရွက်ခြောက်မဖြစ်သေးသမျှ...
လဲကျတဲ့ခဏ အားယူထ,လို့သာ...
စိန်ခေါ်နေမယ့် အတုအယောင်တွေရဲ့ကြား
တည့်မတ်စွာ လျှောက်လှမ်းနေရင်း...
ဖြစ်ချင်တဲ့ ‘ဆန္ဒ’ တစ်ခုသာ ငါ... ပျိုးထားလိုက်မိတော့တယ်...။

(၈)
အဲ့ဒါကတော့
ဟောဒီရင်ဘတ် အတွင်းပိုင်းမှာ....
(ဘယ်သူမှ မသိနိုင်ခဲ့ရင်လည်း)
သန့်စင်တဲ့ အဖြူရောင်ဝိညာဉ်တစ်ခုကို....
ငါ့ လက်နဲ့...ငါ...
ကြိုးစား ထွန်ယက်ချင်နေခဲ့တာပါပဲ...။         

==========================



~~~~~@@@~~~~~~
6th Feb; 2008
02:20 a:m
Tuesday

ပုံလေးကို ဒီနေရာလေး ယူသုံးပါတယ်ခင်ဗျာ...။

=========================================================
လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျွန်တော်ဘလော့ မရေးဖြစ်ခင်တည်းက ခင်မင်လေးစားခဲ့ရတဲ့ အစ်မတစ်ယောက်ရဲ့ တချို့ သိပ်မရောက်ဖြစ်တဲ့ဒီနေရာလေးမှာ တင်ထားတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်မိခဲ့ရင်း....
နောက်ပြီး... နာမည်လေးမြင်ဖူးရုံနဲ့ စိတ်ထဲမှာ နှစ်သက်မိရင်းသွားလည်ခဲ့မိတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ အိမ်လေးမှာ တင်ထားတဲ့ ကဗျာလေးရယ်...။ (အဲ့ဒီအစ်ကိုကို ကျွန်တော်က အရင်သွားပြီးမိတ်ဆက်ရင်း ရောက်ခဲ့ရတာပါ...။ ရောက်လည်းရောက်ခဲ့ရော ကျွန်တော်နှစ်သက်တဲ့ အတွေးတွေအများကြီးပေးတဲ့ ကဗျာလေးတွေရှိတဲ့နေရာဖြစ်နေလို့ အရမ်းဝမ်းသာခဲ့ရမိပါတယ်...။)
စတာတွေကိုပေါင်းပြီး... အခုလတ်တစ်လော ကျွန်တော်ခံစားနေရတဲ့ စိတ်အခြေအနေလေးရယ်တို့နဲ့အတူ ကျွန်တော့်ရဲ့ ကဗျာရေးတဲ့ မှတ်စုစာအုပ် အဟောင်းလေးကို ပြန်လှန်မိခဲ့ရင်း ဟိုးအရင်တုန်းက ရေးခဲ့မိတဲ့ ကဗျာရှည်လေး တစ်ပုဒ်ကို တင်လိုက်မိတာပါ...။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ အစ်ကိုရော၊ အစ်မပါ...ကျွန်တော်နဲ့ မွေးဖွားတဲ့ ရာသီခွင်ခြင်းသွားတူနေပါတယ်...။(ကုမ်ရာသီခွင်ပါ...) အရင်တုန်းက တကယ့်ကို မသိခဲ့ရတာ အမှန်ပါပဲ...။ အဲ့ဒါကြောင့် အစ်ကိုနဲ့ အစ်မရော... ကျွန်တော့်အတွက်ပါ အမှတ်တရအဖြစ်တင်လိုက်မိပါတယ်...။ ပိုပြီးတိုက်ဆိုင်တာက ဒီကဗျာလေးကို ကျွန်တော်ရေးခဲ့တဲ့နေ့စွဲကို အမှတ်မထင်ကြည့်လိုက်မိတော့ ‘ကုမ်’ရာသီခွင်ထဲမှာပါပဲ...။ အမှတ်မထင်တဲ့တိုက်ဆိုင်မှုတွေကို ကျွန်တော် ကိုယ်တိုင် အံ့သြခဲ့ရမိတာပါ...။ ဒီကဗျာလေးကို ကျွန်တော်မွေးဖွားခဲ့တဲ့ ရက်စွဲကိုကြည့်မိတော့ နှစ်နှစ်သားပြည့်ဖို့ ရက်ပိုင်း၊ နာရီပိုင်းလေးပဲ လိုပါတော့တယ်ဗျာ....။ မှတ်မိတာတစ်ခုက အဲ့ဒီကဗျာလေးကို တစ်ညလုံး တစ်ထိုင်တည်း အပြီးထိုင်ရေးခဲ့မိတယ်ဆိုတာပါပဲ...။ အဲ့ဒီအချိန်တုန်းက ဘာခံစားချက်နဲ့ ရေးခဲ့မိ သလဲဆိုတာ အခုအချိန်မှာ ဘယ်လိုမှ ပြန်စဉ်းစားလို့ မရတော့ပါဘူး...။ တကယ်တော့ ကျွန်တော်တို့ ထင်ခဲ့မိ...၊ ခံစားမိခဲ့တဲ့ အတွေးခံစားချက်တွေဟာ... အချိန်ကြာလာတဲ့အခါမှာ တစ်ဖြည်းဖြည်း မှိန်ဖျော့လာတတ်တာကတော့ ကျွန်တော့် အတွက်တော့ ကိုယ်တွေ့ပါပဲဗျာ....။
သူငယ်ချင်း...ညီအစ်ကို မောင်နှမအားလုံး...ကုမ်ရာသီခွင်လေးမှာ... ကောင်းကင်က လုလင်ပျိုတစ်ဦး သွန်းလောင်းတဲ့ ရေစင်အေးတွေကြောင့် အေးမြလန်းဆန်းနိုင်ကြပါစေခင်ဗျာ....။
(မှတ်ချက်...ကျွန်တော့် မွေးနေ့က မရောက်သေးပါဘူးနော်...။ မွေးနေ့ပို့စ်ကို နောက်မှ ရေးမှာမို့လို့ မွေးနေ့ဆုမွန် မတောင်းပေးကြပါနဲ့ဦးနော်....း))
=======================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို