Thursday, October 29, 2009

အမြဲစိမ်းတော...



      သူနေခဲ့သည့်မြို့ကလေးထဲကိုခြေချမိတော့ ညမီးသီးများပင်အပြိုင်အဆိုင်လင်းဖျာစ,ပြုနေခဲ့လေပြီ...။ လမ်းမထက်တွင် ဟိုမှဒီသို့ သွားလာနေကြသောသူများ၊ ပလက်ဖောင်းပေါ်မှဈေးသည်များ၏ အပြိုင်အဆိုင် ဈေးခေါ်နေသံများ၊ လဖ္ဘက်ရည်ဆိုင်များဆီမှ သီချင်းသံများ၊ စက်ဘီး၊ ဆိုက်ကားစသည်တို့ထံမှ ကလင်က လင်မြည်သံများ၊ ကားဟွန်းတီးသံများ...စသည်တို့ဖြင့် ညခင်းကလေးကဆူညံစွာအသက်ဝင်နေခဲ့လေသည်။ ထိုအသံများကို နှစ်ခြိုက်စွာနားထောင်ရင်းသူ၏ အိမ်အပြန်ခြေလှမ်းများကိုခပ်သွက်သွက်လေး လှမ်းနေမိခဲ့  ၏။ မွေးရပ်မြေ၏ လေထုကိုမက်မောစွာ သူထပ်မံရှူရှိက်မိပြန်သည်။ ဘယ်နှစ်ကြိမ်မြောက်ရှူမိခြင်းမှန်း ကိုယ်တိုင်ပင် မရေတွက်နိုင်တော့....။

**********
       သူတို့အိမ်ရှိရာ လမ်းသွယ်လေးထဲသို့ သူဝင်လာခဲ့သည်။ ခပ်စောစောက ဆူညံသံလေးများသည် သူတို့လမ်းကလေးထဲတွင် ရေးရေးမျှအရာမထင်နိုင်တော့....၊ ဟိုး...... ခပ်ဝေးဝေးတွင် မှုန်ပြစွာကျန်ရစ်ခဲ့ လေပြီ...။

      ခြံတံခါးဝတွင် သူရပ်လိုက်သည်။ တံခါးချက်ကို မဖွင့်သေးပဲ ခြံထဲသို့ လွမ်းဆွတ်တမ်းတမှုများစွာဖြင့် သူလှမ်းကြည့်မိလိုက်သေးသည်။ အုန်းလက်ရှည်ရှည်သွယ်သွယ်လေးများသည် ညအမှောင်ထဲ တစ်စွန်းတစ ရောက်နေခဲ့သော မီးရောင်တစ်ချို့အောက်တွင် လက်ပစွာဖြင့် လေစီးကြောင်းအလိုက် ဟိုငဲ့... သည်ငဲ့ဖြင့် ယိမ်းနွဲ့နေကြတာကိုတွေ့ရ၏။ သူ့ရဲ့အိမ်ကလေးကတော့ မိုးချုပ်ပြီးစ ညဥ့်ဦးယံကောင်ကင်တစ်ခုရဲ့အောက် မှာ မီးရောင်ကလေး...တစ်လဲ့လဲ့နှင့်....။

       နောက်...ခြံတံခါးကိုအသာတွန်းဖွင့်ပြီး ခြေလှမ်းနှစ်ဆယ်စာလောက်အကွာမှာရှိသည့် အိမ်ကလေးဆီ သို့ ဖြည်းညင်းစွာ သူလျှောက်သွားလိုက်သည်။ အိမ်နားသို့မရောက်ခင် စိုက်ထားသောပန်းပင်များအနားမှ အဖြတ်တွင် ဟိုး... အရင်တုန်းက သူစိုက်ထားခဲ့ဖူသော အဖြူရောင်အပွင့်သေးသေးလေးများပွင့်တတ်သည့် နှင်းဆီပင်လေးများရှိလေဦးမလား... ဟုတွေးရင်း တစ်ချက်ငဲ့ကြည့်မိသေး၏။ မလင်းတလင်းမီးရောင်နှင့် အ ခြားအပင်များကြောင့် သဲကွဲစွာမမြင်ရ...။ သို့သော်လည်း ‘ရှိချင်မှ ရှိတော့မှာပါလေ’....ဟု တွေးမိပြန်သည်။ ဟုတ်သည်...၊ သူအိမ်က ထွက်ခွာလာခဲ့သည်မှာ နှစ်တွေအတော်ကြာညောင်းခဲ့ပြီပဲလေ...။

     တစ်ထပ်တည်းသာရှိသည့် မြေစိုက်သစ်သားအိမ်လေးရှေ့ရောက်တော့ သူ့ခြေလှမ်းတွေရပ်တန့်လိုက် ၏။ နောက်...အိမ်ရှေ့တံခါးဝ အကွယ်နားမှကပ်ပြီး အိမ်ရှေ့မျက်နှာစာတွင်ရိုက်ထားသော သစ်သားချောင်း လေးများကြားမှတစ်ဆင့် အိမ်ထဲသို့ ခိုး၍ချောင်းကြည့်မိလိုက်သည်။ ရုတ်တစ်ရက်များသူ့ကိုမြင်လိုက်ရလျှင် မေမေများ အံ့သြသွားလေမလား....ဟူ၍လည်း တွေးလိုက်မိသေးသည်။ မေမေတင်မကပါဘူး..၊ အကုန်လုံး တော့ အံ့သြ၀မ်းသာသွားကြမှာသေချာတယ်...ဟု ထပ်မံတွေးလိုက်မိတော့ သူ့မျက်ဝန်းတွေ အပြုံးရောင်နှင့် လဲ့လဲ့သန်းလာခဲ့ရ၏။

       သစ်သားချောင်းလေးများကြားမှ မြင်နေရသော သူ့မြင်ကွင်းထဲတွင် အိမ်ရှေ့၊ ခေါင်းရင်းနားမှာရှိသည့် ဘုရားကျောင်းဆောင်ရှေ့မှာ ဘုရားရှိခိုးနေသော ဖေဖေ့ကိုတွေ့ရ၏။ ဘုရားရှိခိုးပြီးသွားလို့ မေတ္တာပို့၊ အမျှ ဝေခဲ့မယ်ဆိုရင်... အဝေးရောက်နေခဲ့ရသောသူ့အတွက် ထိပ်ဆုံးကပါနေမှာသေချာတယ်...ဟု ထပ်မံတွေး လိုက်မိပြန်တော့ သူ့နှုတ်ခမ်းတွေ အလိုလိုနေရင်းပြုံးလာမိပါသည်။ ဖေဖေဘုရားရှိခိုးနေသော နေရာလေး ရဲ့ ခပ်လှမ်းလှမ်းမှာ သူ့အစ်မက အ၀တ်အစားတွေကို မီးပူတိုက်နေတာတွေရ၏။ သူ့အစ်ကိုကိုတော့ မတွေ့ ရ...။ ဒီအချိန်ဆို လဖ္ဘက်ရည်ဆိုင် ရောက်နေလောက်ပြီထင်တယ်...ဟု သူတွေးမိလိုက်သေးသည်။

      နောက်.. သူ့အကြည့်များက အစ်မနှင့် မနီးမဝေးနေရာလေးကိုရောက်သွားသည်။ သူ့ရင်ထဲတွင် အရာ အားလုံးပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။ ထိုနေရာလေးတွင်မူ မျက်လွှာလေးကို ငြိမ်းငြိမ်းချမ်းချမ်း ချ ထားကာ ပုတီးထိုင်စိတ်နေခဲ့သော သူ့ရဲ့ “မေမေ”....။

      သူ့မျက်ဝန်းများက တမ်းတ၊ လွမ်းဆွတ်ခြင်းများစွာဖြင့် စွတ်စိုလာခဲ့ရသည်။ ဘာရယ်ကြောင့်မှန်းမသိရ ဘဲ ၀ဲတက်လာခဲ့သော မျက်ရည်စများကို မျက်တောင်ဖြင့်တစ်ဖျပ်ဖျပ်ခတ်လိုက်ရင်း မေမေ့ကို သူအသေအ ချာ စိုက်ကြည့်နေမိခဲ့၏။ အခု သူ့မြင်ကွင်းထဲမှ မေမေသည် အတော့်ကို အိုမင်းသွားလေခဲ့ပြီ....။

      လွန်ခဲ့သည့် ခြောက်နှစ်၊ ခုနှစ်နှစ်ကာလတုန်းက ရေခြားမြေခြား ဒေသလေးတစ်ခုတွင် သူသွားရောက် အလုပ်လုပ်ချင်ပါသည်...ဟု ခွင့်ပန်ခဲ့စဉ်တုန်းက ခါးခါးသီးသီးငြင်းဆန်ခဲ့တဲ့ ပုံစံမျိုး လုံးဝမဟုတ်တော့ပါ။ သူ မှတ်မိနေသေးသည်။ ထိုအချိန်တုန်းက မေမေထံ သူခွင့်ပန်စွာ ဖွင့်ဟပြောခဲ့လေတော့ မေမေက....

   “တော်စမ်းပါ သားငယ်လေးရယ်...၊ မင်းအကြောင်းကို မေမေကောင်းကောင်းသိပါတယ်...။ မင်း..ဟာ အင်မတန်မှ အေးအေးချမ်းချမ်းနေချင်တတ်တဲ့သူ..၊ မင်းဘာသာ မင်းရဲ့ပုံမှန်အလုပ်ကလေးကိုလုပ်ပြီးတော့ ပဲ နေစမ်းပါကွယ်...။ မင်းကို အပင်လေးတွေစိုက်လိုက်၊ အလုပ်ကလေးသွားလိုက်၊ ပြန်လာလိုက်၊ မင်းရဲ့ ငါး ကန်လေးတွေကို ရေလဲပေးလိုက်၊ မင်းရဲ့ ကြောင်ကလေးတွေနဲ့ဆော့လိုက်၊ နောက်ပြီး...ဂီတာတီးလိုက်၊ မင်းဝါသနာပါတဲ့ စာတွေ၊ ကဗျာတွေ၊ သီချင်းတွေရေးလိုက်နဲ့ မေမေ့ မျက်စိရှေ့မှာနေတာကိုပဲမြင်ချင်လှပါ တယ်ကွယ်...။ မင်းလုပ်ခ မင်းဟာမင်းသုံးစမ်းပါ...။ မလောက်ရင် မေမေနိုင်သလောက် ထပ်ပေးပါဦးမယ်.။
         မေမေမသေခင်တော့ မင်းကို ထမင်းနှစ်နပ် အမြဲတင်ကျွေးထားနိုင်ပါတယ်ကွဲ့...။ ဘယ်ကိုမှ... မင်း သွားစရာမလိုပါဘူး”....

     .... ဟု ခေါင်းတစ်ခါခါနှင့် ဒေါသတစ်ကြီး ပြောခဲ့သေးသည်။ ငိုလည်းငိုခဲ့သေး၏။ သို့သော်လည်း သူ့ဘ ၀ရှေ့ရေးနှင့်အတူ ဘ၀တစ်ခုမှာ တစ်ခါသာတော်စပ်ခွင့်ရသော မိဘများရဲ့နောင်ရေးအတွက် တတ်နိုင်သ လောက်ကြိုးစားကြည့်ပေးချင်ခဲ့သော သူ့ရဲ့ဆန္ဒလှိုင်းတံပိုးတွေကို မေမေ့ခမြာ လွန်ဆန်နိုင်ခြင်းကင်းမဲ့စွာ ဖြင့် နောက်ဆုံးတော့ လက်မြှောက်အရှုံးပေးခဲ့ရပါသည်။

       လွန်ခဲ့သည့် နှစ်အနည်းငယ်က ခွင့်ရက်အနည်းငယ်ရသဖြင့် ထိုအိမ်ကလေးသို့ ဧည့်သည်တစ်ဦးလိုပင် သူပြန်ဖြစ်ခဲ့သေးသည်။ ရက်အနည်းငယ်မျှသာနေထိုင်ခွင့်ရခဲ့သော ထိုအချိန်ကထက်စာရင် အခုမြင်နေရခဲ့ သော မေမေ့ရုပ်သွင်မှာ ပိုမိုအိုမင်းသွားခဲ့တာမို့ သူ့ရင်မှာ ထိခိုက်စွာခံစားရမိသည်။ ဇရာသဘောကို သိနေ ခဲ့လျှက်နှင့် နာကျည်းမိသလိုလို...။

      ထိုအချိန်တုန်းက သူပြန်ရမယ့်ရက်နီးလာလေလေ...၊ မေမေ့မျက်နှာမကောင်းဖြစ်လာလေလေ....ဆို တာကို သူသတိထားမိခဲ့သေးသည်။ သူပြန်မည့် ထိုတစ်ညက အိမ်ကလေးရဲ့အပြင်ဘက်တွင် မိုးများသည်း ထန်စွာရွာသွန်းနေခဲ့ပါသည်။ မနက်စောစော လေဆိပ်ဆင်းမှာမို့ အိမ်မှလူများကို လိုက်မပို့ဖို့သူပြောခဲ့သေး ၏။ အတူပြန်လာလည်သည့် သူငယ်ချင်းများနှင့် စု၍အိပ်ရာ မြို့ထဲမှတည်းခိုခန်းလေးဆီသို့ အပြီး မသွားခင် ထိုညကလေးက အိမ်ရှိလူများကို သူကန်တော့ရင်းနှုတ်ဆက်ခဲ့ပါသေးသည်။ အားလုံးရဲ့ စိုလဲ့နေခဲ့သောမျက် ၀န်းများကို ရင်ဆိုင်နိုင်ခြင်းများ မရှိခဲ့ရပါ...။ ဖိနပ်ချွတ်လေးတွင်ထိုင်ပြီးဖိနပ်စီးနေသော (အိမ်မှ နောက်တစ် ခေါက်ထပ်ဝေးဦးမည်ဖြစ်သော) သူ့ကိုမေမေက သူထိုင်ရာမှအ,ထတွင် တင်းကျပ်စွာပွေ့ဖက်လျှက်....

   “ဒီတစ်ခေါက်...သွားရင်ရော...ဘယ်လောက်တောင်ကြာအောင်နေဦးမှာလည်းကွယ်.....သားငယ်လေး ရယ်”... ဟု ငိုရှိုက်ရင်းမေးခဲ့ပါသည်။ သူက ... ရှင်မတောင်သနပ်ခါးရနံ့ သင်းသင်းလေးမွှေးပျံ့၍နေခဲ့သည့် မေမေ့ရဲ့ လည်ဂုတ်နေရာလေးကို အသာငုံ့နမ်းပြီး “သိပ်မကြာပါဘူးဗျာ”.... ဆိုသောစကားလေးကို အသံမ တုန်ခါအောင်ကြိုးစားပြောခဲ့ရသေးပါသည်။ နောက်... သူ့ထက်အရပ်နိမ့်သော မေမေ့ရဲ့ ပခုံးထက်မှအင်္ကျီစ လေးအပေါ်တွင် စိုလာသောမျက်ရည်များကို ခိုးဝှက်စွာ ပွတ်သုတ်ခဲ့မိတာ....မေမေမှလွဲပြီး ဘယ်သူမှ မသိ နိုင်ခဲ့ပါ... ဟု သူထင်မိခဲ့၏။

      သူအလုပ်လုပ်ရသော...ရေခြားမြေခြားဒေသလေးသို့ပြန်ရောက်ပြီး နှစ်အနည်းငယ်လောက်ထပ်ကြာ လာခဲ့သော အချိန်တစ်ခုတွင် မေမေ့ထံမှစာလေးတစ်စောင်ကို သူလက်ခံရမိ၏။ ရှေးဆန်သော လက်ရေး လေးများနှင့် သပ်ရပ်စွာရေးထားသော မေမေ့ရဲ့စာလေးကို ဖွင့်ဖတ်ကြည့်မိရင်း ဆူညံလွန်းလှသော စက်သံ များကြားမှာပင် သူမျက်ရည်ဝဲလာမိခဲ့သေးသည်။ မေမေ့ရဲ့ စာလေးထဲမှ...

     “မေမေတို့က အသက်ကြီးနေပါပြီသားရယ်...။ သွားရချိန်နီးနေပါပြီ...၊ မေမေမျက်စိမမှိတ်ခင် သားနဲ့အ တူပျော်ပျော်ရွှင်ရွှင်နေသွားချင်ပါသေးတယ်”.... ဆိုတဲ့ စာသားလေးတွေ...၊ နောက်ပြီး “ပိုက်ဆံတွေကို မေ မေ တစ်ခါတစ်လေကျရင် သိပ်မုန်းမိတာပဲကွယ်...၊ သူ့ကြောင့် သား.. မေမေတို့နဲ့ ခွဲပြီး အဝေးကြီးမှာ နေခဲ့ လို့”.... ဆိုတဲ့ စာသားလေးတွေက သူ့ရင်ကို တော်တော်ထိခိုက်စေခဲ့ပါသည်။ ထို့ပြင် မိဘတွေ အသက်အ ရွယ်အိုမင်းလာချိန်မှာ ငွေကြေးတစ်ခုထဲနှင့် ရုပ်အာဟာရအတွက် ဖြည့်ဆည်းပေးနေရုံဖြင့် မလုံလောက်နိုင် တော့တာ...၊ စိတ်အာဟာရအတွက်ပါ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေခဲ့တာကို သူသတိရသွားမိခဲ့ပါသည်။

    အခုတော့ သူပြန်လာခဲ့ပြီ...။ သူ့အတွက် အကြင်နာ...၊  မေတ္တာတရားများဖြင့် ဘယ်တော့မှခြောက်သွေ့ မသွားနိုင်ခဲ့ရသည့် “အမြဲစိမ်းတော”...လေးနှင့်တူသော “အမေ့အိမ်”..ဆီသို့ သူပြန်လာခဲ့ပါပြီ...။

********

     ဖိနပ်ချွတ်လေးသို့ သူလှမ်းတက်လိုက်သည်။ ပါလာသော အထုတ်အပိုးများကို တံခါးဝမှာပုံချလိုက်သော အသံတချို့ကြောင့် သူ့အမနှင့် အတူ မေမေက ပုတီးစိတ်နေရာမှ လှမ်းကြည့်လာ၏။ ဘုရားရှိခိုးနေဆဲဖြစ်ခဲ့ သော ဖေဖေ့ကို အနှောက်အယှက်မဖြစ်အောင် သူ့ကို အံ့သြတကြီး လှမ်းကြည့်နေသော မေမေ့ကို သူ လှမ်း ခေါ်လိုက်သည်။
     “မေမေ...ရေ”......

**********

(အတွေးထဲမှာ အိမ်ပြန်ဖြစ်ခဲ့တဲ့ ညတစ်ညက ရေးထားခဲ့တဲ့ပို့စ်လေးပါ...။ အခုမှပဲ အဆုံးသတ်နိုင်ခဲ့လို့ပါ ခင်ဗျာ...။ ပုံလေးက ဖော်ဝပ်(ဒ်)မေးတစ်စောင်ကရထားတာ source မသိလို့ပါခင်ဗျ..။)
===================================================
အောက်တိုဘာလ(၅)ရက်နေ့က ကျရောက်ခဲ့သော မေမေ့ရဲ့ ၅၈နှစ်မြောက် မွေးနေ့အတွက် အမှတ်တရ....။
===================================================
ချစ်ခြင်းအားဖြင့်...

ဏီလင်းညို

25 comments:

ဒဏ္ဍာရီ said...

ကိုဏီလင်းညိုရဲ့ ပိုစ့်လေးကို ဖတ်ပြီး မိဘနဲ့ သားသမီးကြားက ကြီးမားတဲ့ မေတ္တာတရားတွေနဲ့ ချစ်ခြင်းတရားတွေကို ခံစားလိုက်ရပါတယ်။ အကို့မေမေ ပြောတဲ့စကားလေးဟာ အရမ်းမှန်တယ်နော်။ ပိုက်ဆံတွေကို မုန်းတယ်တဲ့ ဒီပိုက်ဆံတွေကြောင့် အခုလိုခွဲနေရတာတဲ့။ မှန်လိုက်တာ အကိုရယ်။

ဒီပိုစ့်လေးကို ဖတ်ပြီး အိမ်က မိဘတွေကို အရမ်းသတိရသွားတယ်။ မေမေလည်း ဒီလိုစကားမျိုးပြောဘူးတယ်။ သမီးရယ်တဲ့ မေမေတို့မသေခင်တော့ မိသားစုတွေ တူတူနေသွားချင်တယ်တဲ့။ တကယ် မျက်ရည်ကျမိပါတယ်။

မတတ်သာတဲ့ ဘ၀မှ မိဘတွေကို လုပ်ကျွေးချင်တာရယ် ကိုယ့်ဘ၀ တိုးတက်ချင်တာရယ်ကြောင့် အခုလို ရေမြေခြားနေကြရပေမယ့် ကိုယ်တိုင်းပြည်နဲ့ မိသားစုကိုတော့ နေ့စဉ်နဲ့အမျှ လွမ်းနေရတာပါ။

အကို့ရဲ့ မေမေ ၅၈ နှစ်ပြည့်မွေးနေ့မှသည် နှစ်ပေါင်းရှည်ကြာ ချစ်သောမိသားစုနှင့် အတူတကွ နေနိုင်ပါစေနော်။

ခင်မင်လေးစားလျှက်

မောင်ဘကြိုင် said...

သေချာတယ်အစ်ကိုရေ ခံစားရတယ် ငွေလာရှာနေရပေမယ့် မလွယ်ပါဖူးဗျာ
မိဘတွေနဲ့ညီကိုမောင်နှမတွေနဲ့ အတူပြန်နေချင်နေပြီဗျာ
ကျွန်တော်လဲ မလေးရောက်နေတာ ၇ နှစ် ရှိပြီ ဒီနှစ်ကုန်ရင် အမေ့အိမ်ကို
ပြန်တော့မယ်အစ်ကို မိဘတွေအသက်ကြီးနေပြီ..
စာဖတ်ရင်းမျက်ရည်တောင်လည်မိတယ်ဗျာ
အစစအရာရာအဆင်ပြေပါစေ

အဖြူရောင်နတ်သမီး said...

မိဘတွေသက်ရှိထင်ရှားရှိသေးတဲ့ သူတွေအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်...
ကျမရဲ့မိဘတွေကတော့ ဆုံးပါးသွားခဲ့တာ...ကြာပြီကော..........

linn said...

သြော် တကယ်ပြန်ဖြစ်ခဲ့တာ မဟုတ်ဘူးပေါ့ ... ပြန်နိုင်တဲ့ အနေအထားဆိုရင် မိဘနားမှာ နေပေးတာ ကောင်းတာပေါ့ .. နော ..ဒါပေမဲ့ လူတိုင်း လူတိုင်းက သူ့အကြောင်းနဲ့သူ ချည့်မို့လား .. ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ချမ်းသာ ပျော်ရွှင်မှုတွေကို ဖန်တီးနိုင်ပါစေ ...

့hnin said...

ကိုဏီလင်းညိုရဲ့ မေမေ ၅၈ နှစ်မြောက်မွေးနေ့မှစပြီး
ကျန်းမာချမ်းသာ ပျော်ရွှင်စွာဖြင့် နောင်နှစ်ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်.........
အမေကို ချစ်တဲ့ ကိုဏီလင်းညို တစ်ယောက်လဲ ချစ်သောမိခင်ကို
ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ၂ မျိုးလံးနဲ့ ကျေးဇူးဆပ်နိုင်တဲ့ သူတစ်ယောက်ဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း
ခင်မင်လျှက်ပါ
နှင်းဟေမာ

သိင်္ဂါကျော် said...

ဟုတ်ပါတယ် အမေ့အိမ်ဆိုတာ တကယ့် အမြဲစိမ်းတောပါပဲ...
ဘယ်လို အချိန်ပဲ ဖြစ်ဖြစ်.. ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ်...

စိတ်၏ဖြေရာ said...

ဒီပိုစ့်လေးဖတ်ပြီးတကယ်ခံစားရပါတယ်။ကျွန်မရဲ့အသက်
၈၀ကျော်အဖေကိုပြန်မတွေ့နိုင်တာ၅နှစ်ရှိပါပြီ။
သူ့ရဲ့ကျန်ရှိနေတဲ့နောက်ဆုံးအချိန်လေးတွေ
ကိုအနားမှာနေပြီးခြေဆုတ်လက်နယ်မပြုစုပေးနိုင်တဲ့
အတွက်အမြဲအပြစ်ရှိသလိုခံစားရပါတယ်။မိတ်ဆွေ
သူငယ်ချင်းများအားလုံးအသက်ရှည်ကျန်းမာသော
မိဘတွေနဲ့အမြဲစိမ်းတောလေးမှာအတူနေ
နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်။

ဂျပန်ကောင်လေး said...

အင်း... အစ်ကို့ကို အစ်ကို့အမေက ဘယ်လောက်များလွမ်းနေလိမ့်မလဲ နော်... ဒီလို ဆုံလိုက်ကွဲလိုက်ဆိုတာ ဘ၀ပဲလား......

ပုံရိပ် said...

ဖတ်ပြီးတော့ အိမ်လွမ်းလာသလိုလို။

မင်းအိမ်ဖြူ said...

ကျွန်တော်လည်း ဆုတောင်းပေးပါတယ်

အဝေးရောက်သားတွေ အလွမ်းတွေ တာမရှည်ပါစေနဲ့ရယ်လို့

စာတွေ အများကြီးရေးနိုင်တယ်

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

ဗညားရှိန် said...

ရေးသားချက်က ကောင်းလွန်းတယ် ကိုဏီလင်းရေ ခံစားလိုက်ရတဲ့ မေတ္တာ တရားလေးပါပဲ ဟုတ်တယ် ကျွန်တော်တို့လို အဝေးရောက်သူတွေ အတွက် မိဘ မေတ္တာ အရိပ်လေးက အရမ်းအေးမြ နေဆဲပါပဲ

ညရဲ့ကောင်းကင် said...

အရမ်းကိုကောင်းတယ်ဗျာ..
ဖတ်နေရင်းနဲ့ မျက်ဝန်းရဲ့တဖက်တချက်မှာတောင် မျက်ရည်တွေဝှေ့သီရတယ်...
မိဘမေတ္တာဆိုတာ ဘာနဲ့မှ နှိုင်းလို့မရတာ အမှန်ပါ...
အိမ်ပြန်ဖို့ ခြေလှမ်းတွေကို အမြဲမျှော်လင့်နေကြတဲ့ အိမ်းဝေးသူအားလုံးနဲ့
ကိုဏီလင်းညိုရဲ့ စိတ်ကူးတွေ မမြန်အကောင်အထည်ဖော်နိုင်ကြပါစေဗျာ...
လေးစားလျက်

busymozzee said...

ကျနော်လဲ မေမေ့ကို ချစ်တယ်.... ကျနော့်မွေးနေ့မှာ သူ ဖုန်းဆက်လာတယ်.... သူမေ့နေပြီထင်တာ.... လွမ်းလိုက်တာ....သား အမိတွေ တွေ့ရမယ့် အချိန်တွေ ဟာ နဲသထက်နဲလာကြတယ် ဆိုတော့ .... စဉ်းစားတိုင်းဝမ်းနည်းတယ်.... မေမေနဲ့ဖေဖေကို ကိုယ်ထက်ပြန်ငယ်စေချင်လိုက်တာ.... ကျန်းမာေ၇းကောင်းအောင်လဲ ဂရုစိုက်ပေးဘို့မလွယ်.... ကိုယ်ကအဝေးမှာလေ...
ကယ်ဂျပါအူး.... အိမ်ပြန်ချင်လိုက်တာနော်....

~ဏီလင်းညို~ said...

မေမေ့အတွက် မွေးနေ့ပို့စ်လေးကို လာဖတ်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူး...တစ်ကယ်ပဲတင်ပါတယ်ခင်ဗျာ...။
မေမေ့အတွက် ဆုတောင်းပေးကြတာကိုလည်း ဖော်မပြတတ်အောင်ဝမ်းသာရပါတယ်...။ အိမ်လွမ်းတဲ့ ဝေဒနာလေးတွေလည်း ကင်းကြပါစေဗျ...။ (ကိုယ့်အတွက်ပါ..ထည့်ဆုတောင်းပါ၏...။)

ကျွန်တော် said...

ကို ဏီလင်းညိုရဲ့မေမေ သက်တော်ရာကျော်ရှည်ပါစေဗျာ.. အား..................................................ကျွန်တော် လည်းအဲလို အော်ဟစ်ပြီးငိုလိုက်ချင်တယ်..

Angel Shaper said...

ခုမှရောက်ဖြစ်တာ ဆောရီးပါ အကိုရေ...
အမြဲစိမ်းတောလေး ထာဝရစိမ်းစို လန်းဆန်းနေပါစေဗျာ။
အကို့အမေ သက်ရှည်ကျန်းမာလို့ မိသားစုနဲ့ ပျော်ရွှင်ကြည်နူးပါစေဗျာ။

ရွှေပြည်သူ said...

“ဒီတစ်ခေါက်...သွားရင်ရော...ဘယ်လောက်တောင်ကြာအောင် နေဦးမှာလည်းကွယ်.....သားငယ်လေးရယ်” ဆိုတဲ့နေရာ အရောက်မှာ မျက်ရည်ဝဲမိတယ်။ ဇာတ်လမ်းအဆုံးမှာ ရင်ထဲလှိုက်ကနဲ ဖြစ်သွားတယ်။ ကျွန်မရဲ့ အမြဲစိမ်းတောကိုလည်း လွမ်းသွားမိပါတယ်။

မိုးထက်အိမ် said...

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော့်အဖေ့မွေးနေ့နားနီးနေတဲ့ အချိန်ရယ် ၊ အိမ်ကို လွမ်းနေတဲ့ အချိန်ရယ်နဲ့ တိုက်ဆိုင်နေတော့ ရင်ထဲတော်တော်ရောက်တယ်....
တစ်ခု ကံကောင်းတာက ကျနော်က ပြန်ချင်တဲ့အချိန် ထပြန်လို့ ရတယ်ဗျ....
ကိုဏီလင်းညိုတစ်ယောက် ချစ်သော အမြဲစိမ်းတောကြီးထဲမှာ စိတ်ရှိသလောက် ပျော်ပျော်ကြီး နေနိုင်ပါစေဗျာ....

ချမ်းလင်းနေ said...

ညီရေ အမေဆိုတာ ဘာနဲမှ နှိုင်းမရ၊ အစားထိုးမရနိုင်တာမို့လို့ အမေရှိနေသေးတဲ့ ညီအတွက် မဟာကံကောင်းမှုကြီးပဲကွာ။ ညီမေမေ သားလိမ္မာလေးအတွက် ပျော်ရွှင်ကြည်နူးနိုင်ပါစေဗျာ။

ချစ်ကြည်အေး said...

Mother is a one and only living god.......

အင်ကြင်းသန့် said...

ဖတ်ပြီးမျက်ရည်တွေဝဲလာသည်အထိခံစားရပါတယ်
ကျနော်အိမ်ကိုတစ်ခေါက်ပြန်ခဲ့တုန်းကပုံစံတွေနဲ့ ဆင်ဆင်တူနေလို့လေ
မှန်ပါတယ် ကိုဏီလင်းညို....အမေ့အိမ်ဟာ သားသမီးတွေအတွက် အမြဲစိမ်းတောပါပဲ.........

PhyoPhyo said...

အမေ့ကို သတိရလိုက်တာ ... ဖတ်စရာတွေ အများကြီးပဲ .. အရေးကောင်းတယ် .. ဖတ်လိုက်ဦးမယ်

မိုးခါး said...

ငိုချင်သွားဘီ ...း((

အကို့ရဲ အမြဲစိမ်းတောလေး အမြဲ စိမ်းလန်းပါစေ
အမေ့ရင်ခွင်ကို အမြန်ဆုံး ပြန်နိုင်ပါစေ
စိတ်ကူး ဆန္ဒတွေ အမြန် ပြည့်ဝပါစေ ..

Yan said...

ကိုဏီရေ...

ဒီပို့စ်လေးကို သဘောကျလို့ Myanmar Blogs Digest Page လေးအတွက် ယူသွားတယ်နော်. ကျေးဇူး ဘရို.

https://www.facebook.com/mmblogsdigest

ခင်မင်စွာဖြင့်
Yan.

Sanda Lynn Shein said...

ကိုဏီလင်းညိုရဲ့ စာကိုဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင် ဂါရ၀ပြုလိုက်ပါတယ်. ကျွန်မကလောလောဆယ် ချပီးသားဆုံးဖြတ်ချက်အောက်မှာ မလွန့်မလူးသာဘဲ တွေဝေနေတဲ့ အမေတစ်ဖြစ်လဲသမီးတစ်ယောက်ပါ.။ အိမ်နဲ့အဝေးမှာ ငွေရှာရင်း အိမ်ကိုခဏပြန်ရောက်တဲ့အခိုက် ကျွန်မသားငယ်လေးကို ထိန်းကျောင်းပေးရင်း ညဘက်တွေမှာ အထီးကျန်နေတဲ့ မေမေ့ကိုကြည့်ပီး ငါအိမ်ပြန်မှ ဖြစ်မယ်လို့ တွေးပီး ပြန်ဖို့လဲ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ် (သားကိုမခွဲချင်တော့တာလဲ ပါတာပေါ့လေ). လုပ်ငန်းခွင်ထဲပြန်ရောက်လို့ အလုပ်လဲထွက်စာတင်ပီးပါပီ.အဲဒီမှာ ကျွန်မ စပီးတွေဝေလာတာပါပဲ.ငွေပဲဆက်ရှာရင်ကောင်းမလား.အိမ်ပြန်ဖို့ဆုံးဖြတ်တာမှားနေပီလား.မျက်လုံးထဲမှာ ငွေစက္ကူတွေကတစ်လှည့် မေမေကတစ်လှည့် သားမျက်နှာက တစ်လှည့်နဲ့ စိတ်ညစ်နေတာပါ.။ ကိုဏီလင်းညိုရဲ့စာကိုဖတ်ပီးချိန်မှာ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ကျွန်မ ကျေနပ်စိတ်နဲ့ အတွေးတွေ လင်းရှင်းသွားပါတယ်.။ ကျွန်မအိမ်ပြန်မယ်.အဖော်မဲ့နေတဲ့ မေမေ့နားမှာ သားငယ်နဲ့အတူတူ ရေပူရေချမ်းလှမ်းရင်း မေမေ့ရဲ့ နေ၀င်ချိန် တွေကို အတူတူဖြတ်သန်းမယ်. ကျေးဇူးအထူးကိုတင်မိပါတယ်.ဆရာကိုဏီလင်းညို။