Saturday, October 17, 2009

“လမ်းခုလတ်တစ်နေရာ”....




စိမ်းလန်းသော တောအုပ်ထူထူလေးတစ်ခုကို သူဖြတ်သန်းလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးမြ
စွာဖြင့်သာယာနေခဲ့သော်လည်း သူ့စိတ်ထဲတွင် ကြည်နူးဆွတ်ပျံ့မှုကိုမခံစားရတာ ဘာ့ကြောင့်များလည်း..ဟု
တွေးမိ၏။ မရေရာသောအတွေးများက အထက်အောက် မွှေနှောက်စီးဆင်းကာ ရင်ဘတ်တစ်လျှောက် ဖြတ်
သန်းရွေ့လျှားနေခဲ့ကြသည်။ လေပြည်လေးတစ်ချက်အဝှေ့တွင် လွင့်ပျံ့လာသောတောပန်းရိုင်းလေးများ၏ရ
နံ့ကလည်း သူ့စိတ်ကို ကြည်လင်မှုမပေးနိုင်စွမ်းတာ...အမှန်ပင်ဖြစ်၏။ နောက်ပြီး... ထိုပန်းပွင့်ကလေးများမှာ
အဝေးကနေ လှမ်းကြည့်ခဲ့လိုက်မိတုန်းက လှသလိုလိုရှိနေခဲ့သော်လည်း အနားကပ်ကြည့်မိတော့ အစိုဓာတ်
များလွင့်ပြယ်စွာဖြင့် သွေ့ခြောက်နေခဲ့သလိုပဲ....ဟု သူ့စိတ်ထဲတွင် ခံစားတွေးထင်မိသည်။

ထို့ကြောင့် မျက်နှာလွှဲလိုက်ရင်း တောပန်းကလေးများနှင့်ဝေးရာဆီသို့ တစ်ရွေ့ရွေ့ဖြင့်သူဆက်လှမ်းမိသည်။
သစ်ပင်များထက်ဆီမှ ကျီကျီကြာကြာဖြင့် မြည်တမ်းကာအော်မြည်နေခဲ့ကြသော ငှက်ကလေးများရဲ့အသံက
လိုအပ်တာထက် ပိုပြီးဆူညံနေခဲ့သလိုပဲဟု... ထင်မိပြန်သည်။ မလိုတမာမျက်နှာထားဖြင့် သစ်ပင်များအပေါ်
ဆီသို့ သူမော့ကြည့်လိုက်မိတော့ ငှက်ကလေးများက သူတို့ ဘာသာဘာဝတေးကို ရွှင်မြူးစွာသီကျူးနေခဲ့ကြ
တာတွေ့ရ၏။ သူစဉ်းစားမိလိုက်ပြန်သည်။ ငှက်ကလေးများရဲ့ တေးဆိုသံကိုတောင်မှ ဘာဖြစ်လို့များ သူငြီး
ငွေ့နေခဲ့ရတာလည်း...ဟု....။

အရင်တုန်းကဆိုရင်... သဘာဝတရား၊ နောက် ပတ်ဝန်းကျင်ကိုချစ်တတ်ခဲ့တာ သူ့အပြင် နှစ်ယောက်မရှိနိုင်
ခဲ့ဘူး....ဟု သူထင်မှတ်ထားခဲ့မိပါသည်။ သို့သော်... အခုတော့ဖြင့်....။

+++++++++++++

တစ်ဖြည်းဖြည်းနှင့် တောအုပ်လေး၏အစွန်သို့ရောက်လာသည်။ နောက်လှည့်ကြည့်မိတော့ သစ်ပင်ထူထူတို့
က သူ့နောက်မှာ မှိုင်ငေးစွာရပ်တန့်ကျန်ရစ်နေခဲ့ကြသလိုလိုပင်...။ အရှေ့ကိုလှမ်းမျှော်ကြည့်မိတော့ မလှမ်း
မကမ်းတွင် တစ်သွင်သွင်စီးဆင်းနေသော စမ်းချောင်းကလေးတစ်ခုကိုတွေ့ရလေသည်။ ရေ ကိုမြင်လိုက်ရ
တာမို့ ခရီးဝေးကလာခဲ့ရသော သူရင်ထဲတွင် ပူလောင်ပြင်းရှလာခဲ့သည်။ သူ တော်တော် ရေငတ်နေခဲ့တာကို
အခုမှပင် ကိုယ့်ကိုကိုယ်ပြန်သတိထားမိလာခဲ့ရ၏။ ထို့ကြောင့် အလောတစ်ကြီးနိုင်လှသော ခြေလှမ်းများဖြင့်
စမ်းချောင်းလေးဆီသို့ ခပ်သွက်သွက်လေးသွားမိလိုက်သည်။ နေရောင်ခြည်တန်းတစ်ချို့က တစ်စစနှင့် ကျဲ
ပါးလာသော သစ်ပင်များကြားမှနေပြီး သူ့ကိုယ်ပေါ်တွင် သက်ဆင်းလျှက်ရှိ၏။

ရေအစပ်တွင်ရပ်ရင်းတစ်သွင်သွင်စီးဆင်းနေလေသော စမ်းချောင်းလေးကိုသူခဏကြည့်မိသည်။ စမ်းချောင်း
လေးစီးဆင်းနေပုံမှာ ပျင်းရိပျင်းတွဲနိုင်လွန်းလှသည်။ “အပြောင်းအလဲမရှိတဲ့ ဘ၀တစ်ခုထက် ဘယ် အရာက
ငြီးငွေ့စရာပိုကောင်းနိုင်မလဲ”....ဟု သူစဉ်းစားမိလိုက်သေး၏။ နောက် ရေအစပ်မှာ အသာထိုင်ချလိုက်တော့
ရင်ဘတ်ထဲမှခြောက်သွေ့သော ရေဆာလောင်မှုကတိုးလို့သာပြင်းထန်လာခဲ့သည်။ လက်ခုပ်နှစ်ဖက်ဖြင့် စမ်း
ရေကို သူ ခပ်ရန်ဟန်ပြင်လိုက်စဉ်....

“မခပ်နဲ့”.... ဟု ပြင်းထန်စွာတားမြစ်လိုက်သော အသံတစ်ခုကို သူ့နားထဲတွင်ကြားလိုက်ရ၏။ ထို့ကြောင့်မို့
ရွယ်ထားသောလက်ကို ပြန်ရုတ်သိမ်းရင်း အံ့သြစွာဖြင့်ပတ်ဝန်းကျင်ကိုအကဲခတ်စွာ ဝေ့၀ိုက်ကြည့်မိလိုက်၏။
သို့သော် ဘယ်သူမှမရှိ...။ ထို့ကြောင့် ထပ်ခပ်ဖို့ရာ သူဟန်ပြင်လိုက်တော့...

“မသောက်နဲ့လေ...၊ ခပ်လည်းမခပ်နဲ့...။ တောထဲ တောင်ထဲကရေဟာ ရောဂါပိုးမွှားတွေ ပါနိုင်တယ်..ဆိုတာ မင်းသိရဲ့သားနဲ့များကွာ...။ အဆင်းက ကြည်လင်အေးမြနေပေမယ့် မင်းကိုဒုက္ခဖြစ်စေမယ့်အရာတွေ မပါဝင်
နိုင်ပါဘူးလို့ မင်းအာမခံနိုင်လို့လားကွ...။ မဆင်မခြင်ပဲမင်းထင်ရာတွေကို မင်းလျှောက်လုပ်နေလို့ နောက်ဆုံး
ဒုက္ခဖြစ်လာရရင် မင်းမိဘတွေနဲ့ မင်းမိသားစုပဲ ရင်ကျိုးရမှာပေါ့ကွ...။ အဲ့ဒါပဲ..၊ မင်းတို့ဟာလေ... လတ်တစ်
လောပြင်းရှနေတဲ့ ဆန္ဒတွေအတွက် ဖြည့်ဆည်းစရာတွေ့လာပြီဆိုရင် အရှည်ကိုမျှော်ပြီး...ဘာကိုမှ မစဉ်းစား
ချင်ကြတော့ဘူး...။အဲ့ဒါတွေကြောင့်မို့ငါ့ပတ်ဝန်းကျင်ကလေထုထဲမှာ နောင်တ,တရားနဲ့ ညည်းတွားသံတွေ၊
သက်ပျင်းချသံတွေက သိပ်သိပ်သည်းသည်းနဲ့ ငွေ့ရည်ဖွဲ့နေခဲ့တာပဲဖြစ်မှာ”.....

.... ဟူသော အသံများကို ပီပြင်ပြတ်သားစွာ သူကြားလိုက်ရသည်။

ပထမတစ်ခါတုန်းကလို အသံလာရာဆီကိုလိုက်ရှာကြည့်ဖို့ သူစိတ်မကူးတော့..။ ထို့အတူ စမ်းရေကိုသောက်
ဖို့ရာလည်း စိတ်အားမသန်တော့...။

+++++++++++

စမ်းချောင်းလေးဘေးမှ သူထွက်ခွာလာခဲ့၏။ ဟိုး...အဝေးတွင် သူအရောက်သွားချင်သော နေရာလေးကို မှုန်
ပျပျလေး လှမ်းတွေ့နေရလေပြီ...။ ။

===========================================

ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

7 comments:

သိင်္ဂါကျော် said...

ဘာကို ပြောချင်တာလဲ ဟင်
ငှက်ဖျား ပညာပေးချင်တာလား :P

ဒဏ္ဍာရီ said...

သံသရာ ခရီးသွား ဧည့်သည်လို ပိုစ့်လေးကို ခံစားလိုက်ရတယ်။ မှန်တယ် အကို လူတွေဟာ လက်တလော ဆာလောင်ပြင်းပျမှု ပူပြင်းမှုတွေကို ခံနိုင်ရည် မရှိကြဘူးနော်။ ခဏတာ ချုပ်တည်းနိုင်ရင် လိုရာပန်းတိုင်ကိုတော့ ရောက်မြဲဖြစ်မှာပါ။
အကို့ရဲ့ ပိုစ့်လေးကိုတော့ နားလည်သလိုလေး မှတ်သားသွားပါတယ်။ ရည်ရွယ်ချက်လေးကိုရောပေါ့။

ခင်မင်လေးစားလျှက်

အမရာ said...

တင်ပြထားပုံလေးကောင်းပါတယ်....

Angel Shaper said...

အင်းးးး ဖတ်သွားတယ်အကိုရေ....

အိမ့်ချမ်းမြေ့ said...

လတ်တစ်
လောပြင်းရှနေတဲ့ ဆန္ဒတွေအတွက် ဖြည့်ဆည်းစရာတွေ့လာပြီဆိုရင် အရှည်ကိုမျှော်ပြီး...ဘာကိုမှ မစဉ်းစား
ချင်ကြတော့ဘူး...။အဲ့ဒါတွေကြောင့်မို့ငါ့ပတ်ဝန်းကျင်ကလေထုထဲမှာ နောင်တ,တရားနဲ့ ညည်းတွားသံတွေ၊
သက်ပျင်းချသံတွေက သိပ်သိပ်သည်းသည်းနဲ့ ငွေ့ရည်ဖွဲ့နေခဲ့တာပဲဖြစ်မှာ”.....

အဲဒီစကားအတွက် ကျေးဇူးတင်ပါတယ်....

ကိုလူထွေး said...

လတ်တလောပြင်းရှနေတဲ့ ဆန္ဒတွေအတွက် ဖြည့်ဆည်းစရာတွေ့လာပြီဆိုရင် အရှည်ကိုမျှော်ပြီး...ဘာကိုမှ မစဉ်းစားချင်ကြတော့ဘူး

စဉ်းစားဆင်ခြင်စရာပဲ...

းဝ)

နေ့အိပ်မက် said...

ဒီစကားလေးတစ်ခွန်းနဲ့ မသောက်ဘဲ ထွက်သွားတာလား.. တော်ကြာ စမ်းချောင်းထဲကရေက ကိုယ့်ဘ၀ကို ပြောင်းလဲပေးနိုင်တဲ့ နတ်ရေကန်လိုရေဆို နှမြောစရာ