Thursday, January 28, 2010

သင်ခန်းစာ



ငွေ့ရည်ဖွဲ့နေခဲ့တဲ့
မီးခိုးရောင်တိမ်တိုက်တွေ....
ငါ့မျက်ဝန်းမှာ ပြိုခဲ့ပြီ....။

ဟိုး... အရင်တုန်းကဆို....
မင်းကို.... နှင်းဆီနီတွေနဲ့အတူ
အရူးအမူးတမ်းမက်ခဲ့ရဖူးတာ
ငါ့အတွက်တော့....
ဘာနဲ့မှ မယှဉ်သာနိုင်ခဲ့တဲ့....
ကြည်ပြာရောင် ‘ရသ’ တစ်ခုပါပဲ....။

ဒါပေမယ့်လည်းလေ....
မှီတွယ်ခဲ့ဖူးတဲ့....
ငါ့.... ပခုံးထက်က မင်းရဲ့အရိပ်လေးတွေ....၊
ပေးအပ်ခဲ့ဖူးတဲ့....
ငါ့.... ရင်ဘတ်ပေါ်က မင်းရဲ့အနမ်းတွေ....၊
နွေးထွေးစေခဲ့ဖူးတဲ့....
ငါ့.... လက်ထဲက မင်းရဲ့လက်ဖ၀ါးလေးတွေ....၊
ရီဝေစွာကြည့်တတ်ခဲ့ဖူးတဲ့....
ငါ့.... နှလုံးသားထက်က မင်းမျက်ဝန်းလေးတွေ....
အားလုံး.... အားလုံးဟာ....
ခဏ... ခဏ... နဲ့ဆိုသလို....
အရောင်ပြောင်းလွယ်တတ်ချင်လွန်းတဲ့
မင်း... ‘ဆန္ဒ’ တစ်ချို့ကြောင့်...
ဆုံးရှုံးခြင်း မြစ်ရေထဲကို
မင်းနဲ့ အတူ ငါရေစုန်မျှောခဲ့လိုက်ရပြီ....။
.........................
ငါ့... နှလုံးသားကိုလည်း....
မင်ဟာ... နာကျင်စေလွန်းခဲ့ပါပြီ....။

အဆုံးသတ်မှာ ငါဖြစ်ခဲ့ရတဲ့ အဖြစ်ဟာ....
တစ်ကိုယ်ရည် အသည်းကွဲသမားတစ်ယောက်ရဲ့ ဘ၀မို့....
မင်းနဲ့ ပတ်သတ်လာရင်....
ယုံကြည်ခြင်းရဲ့ အစွန်တစ်ဖက်မှာ....
စိတ်ချစွာနဲ့ ရပ်နေမိဖို့ရာအတွက်....
ငါ... ဘယ်တော့မှ ကြိုးစားမိမယ် မထင်တော့ပါဘူး...။

နောက်တစ်ခါ....
ငါ့မျက်ဝန်းရဲ့ အခြေမှာ....
မီးခိုးရောင်တိမ်စိုင်တစ်ချို့...
ညို့ကာပြိုကျလာမှာကို....
ငါ.... စိုးရွံ့လို့ပါပဲကွယ်....။         ။

****^^^^****

=====================================
ပုံလေးကို ဒီနေရာလေးမှ ယူသုံပါတယ်ခင်ဗျာ....။
=====================================
စာကြွင်း.... အခုတစ်လော ညီလေးတစ်ချို့ရဲ့ ဘလော့ဂ်မှာတင်ထားတဲ့ ကဗျာလေးတစ်ချို့ကြောင့် တင်ဖြစ်သွားတဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ....။ ခင်မင်ရတဲ့ညီလေး တစ်ချို့အတွက် ကျွန်တော် အမှတ်တရ
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးလို့လည်း ပြောရင်ရပါတယ်....။ music player လေးမှာတင်ထားတဲ့သီချင်းလေးနဲ့
ခံစားကြည့်ပါဦးဗျာ...။ အဲ့ဒီအဆိုတော်က အမျိုးသမီးအဆိုတော်တွေထဲမှာ ကျွန်တော်နှစ်သက်ခဲ့ဖူးတဲ့ သူတစ်ယောက်ပါ...။ အခုတော့လည်း... သူ သီချင်းမဆိုတော့တာကြာလှပါပြီ....။
ကဗျာရေးတာ သိပ်မပိုင်လို့ အားနည်းချက်များကို နားလည်ပေးကြပါလို့....း)
=======================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

Friday, January 22, 2010

ဒုတိယဘ၀ထဲက.... လူ




ဟိုး....အရင် ၁၉၉၅-၉၆ ခုနှစ်ဝန်းကျင်လောက်ကပေါ့....။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဆယ်တန်း အောင်ပြီးကာစအချိန်မို့လို့ အတော်လေးကို အားနေခဲ့ဖူးပါတယ်...။ ကျောင်းတွေတက်ရဖို့ကလည်း ပိတ်လို့ ထားခဲ့တာမို့ အိမ်မှာပဲ နေနေခဲ့ရပါတယ်...။ ဘာအလုပ်မှလည်း မလုပ်ဖြစ်ခဲ့၊ သင်တန်းတွေဘာတွေလည်း မတက်ခဲ့ဖြစ်ပါဘူး...။ (ပိုက်ပိုက်မရှိလို့ပါ....။း))

သူငယ်ချင်းတွေနဲ့ လဖက်ရည်ဆိုင်သွားထိုင်လိုက်၊ အချင်းချင်းစုပြီး မတောက်တစ်ခေါက်ဂစ်တာတီးလိုက်နဲ့ မသိတဲ့သူကို မတတ်တဲ့သူက ဆရာကြီးတွေလုပ်လို့ကောင်းခဲ့တဲ့ အချိန်လေးတွေပါပဲ။ ပြီးတော့ အချစ်ဝတ္ထု တွေဘာတွေဖတ်ပြီး စိတ်ကူးယဉ်ကြ၊ ကဗျာတွေဖတ်ပြီး (ရည်းစာလည်းမရှိကြသေးပဲနဲ့) လွမ်းကြ၊ ဆွေးကြနဲ့ ပေါ့...။ အခုချိန်ပြန်တွေးကြည့်ရင် တော်တော်ပျော်စရာ၊ ရယ်စရာကောင်းခဲ့ပါတယ်...။ အဲ့ဒီတုန်းကတော့ ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေခဲ့ကြတာပါပဲ...။ မှန်တာပြောရရင် အဲ့ဒီတုန်းကဆို ကျွန်တော်ဘ၀သရုပ်ဖော်ဝတ္ထုတွေကို မဖတ်ချင်ခဲ့ပါဘူး....။ ကျွန်တော်ဖတ်ခဲ့တာတွေက စာရေးဆရာတွေ ထဲမှာဆို ဆရာငြိမ်းကျော်၊ လင်းသန့်၊ နေနော်၊ မောင်လှမျိုး(ခြင်းချောင်းခြံ)၊ တို့နဲ့ နောက် ဆရာ တာရာမင်း ဝေ၊ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ သွန်းနေစိုး၊ စာရေးဆရာမတွေထဲမှာဆို လွန်းထားထား(ဆေးတက္ကသိုလ်)၊ ရှင်မိုး (ဆေးတက္ကသိုလ်)၊ လမင်းမိုမို၊ ပုဏ္ဍမီ၊ ခင်ဦးခင်ခင်(ဆေးတက္ကသိုလ်)၊ ရှား...စတဲ့စာရေးဆရာ၊ ဆရာမတွေ ရဲ့ အချစ်ခံစားမှုဝတ္ထုလေးတွေ....၊ နောက်တော့မှ ဆရာမဂျူး။ မရှိမဖြစ်မိုးနဲ့ အမှတ်တရဆိုတဲ့ ၀တ္ထုတွေဆို အရမ်းကြိုက်ခဲ့မိတာပါ....။

နောက်ပြီးတော့......
ကျွန်တော့တို့သူငယ်ချင်းတွေ တစ်အုပ်ကြီးစုံကြပြီဆိုရင် ဂစ်တာတီးပြီးတော့ သီချင်းဆိုတတ်ကြတာများခဲ့ပါ တယ်...။ (ဟိုးအရင်က) ငါးကျပ်တန်ကျွတ်ကျွတ်အိတ်ကြီးထဲမှာအပြည့်ထည့်ထားတဲ့ သီချင်းစာအုပ်တွေထဲ က သီချင်းတွေကို ဆိုရင်းဆိုရင်းနဲ့ အားမရတော့လို့ နောက်ပိုင်းကိုယ့်ဟာကိုယ်ရေးပြီးဆိုဖို့ကို ကျွန်တော်တို့ ကြိုးစားလာခဲ့ကြမိခဲ့တယ်...။ သီချင်းရေးကြတော့ ကိုယ့်နာမည် အရင်းနဲ့မရေးပဲ...တေးရေးနာမည်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်ဟာကိုယ် ရွေးကြတော့ နဂိုထဲက စာတွေကဗျာတွေကို အခုလိုမျိုးပဲ မတောက်တစ် ခေါက်ရေးနေတဲ့ ကျွန်တော်က စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဏီလင်းညို လို့ပေးလိုက်ပါတယ်...။ ကျွန်တော် အဲ့ ဒီနာမည်လေးကိုလည်းပေးလိုက်ရော ကျွန်တော့်သူငယ်ချင်းတွေက ၀ိုင်းမေးပါတယ်...။ “ဘာအဓိပ္ပာယ်လဲ” ပေါ့လေ...။ သူတို့မမေးခင်ထဲက ကျွန်တော့်မှာ ဖြေစရာအဆင်သင့်ရှိထားပြီးသားပါ...။

“ငါ့နာမည်က ဘ၀တစ်ခုကို အမြဲကိုယ်စားပြုနေတဲ့ နာမည်လေးကွ”...လို့ ကျွန်တော်က ခပ်ကြွားကြွားလေး ပြန်ဖြေခဲ့လိုက်တော့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ၀ိုင်းဆဲခဲ့ကြပါသေးတယ်....။း)

ဟုတ်ပါတယ်...။ တစ်ကယ်လည်း အဲ့သလိုတွေးပြီးကျွန်တော် သေချာရွေးချယ်ခဲ့တာပါ...။ နေ့တစ်နေ့ခြင်းစီ ဟာ ကျွန်တော်တို့ဘ၀ပဲဆိုတာကို လက်ခံထားမိတဲ့ ကျွန်တော့်အတွက် နေ့တစ်နေ့ကို ကိုယ်စားပြုတဲ့ ဒီနာ မည်လေးကို သေချာစဉ်းစားပြီးတော့ရွေးချယ်ခဲ့မိတာ အမှန်ပါပဲ...။

ရောင်နီ(ဏီ) လာချိန်ပြီးတဲ့နောက်မှာ...
နေ့အ လင်း ရောင်အောက်ကို ကျွန်တော်တို့ရောက်ခဲ့ကြရတယ်...။
နေ ညို သွားခဲ့ပြီး အမှောင်ရိပ်အောက်ရောက်ခဲ့ရရင်တော့ နောက်ထပ် နေ့သစ်တစ်ခုကို စောင့်မျှော်ရဦး မှာ... ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ “ဏီလင်းညို”  ဆိုတဲ့ နာမည်လေးကို ကျွန်တော်ရွေးချယ်မိခဲ့တဲ့ အကြောင်း ကို သူငယ်ချင်းတွေကို သေချာရှင်းပြတော့မှ သူတို့က ၀ိုင်းအော်ခဲ့ကြတော့တယ်...။

“ခွေးကောင်... မင်းသိပ်စိတ်ကူးကောင်းတာပဲ”တဲ့လေ....။

(မှတ်ချက်- အဲ့ဒီတုန်းက ကျွန်တော်တို့ရေးထားခဲ့သောသီချင်းများကို မည်သူမှ ယူမသုံးခဲ့ကြပါ....း))

++++++++++

ကျွန်တော် ပြည်ပရောက်ခဲ့ပြီးတော့ တော်တော်လေးကြာမှ အင်တာနက်ကို သုံးဖြစ်ပါတယ်...။ အဲ့ဒါ တောင်မှ မသုံးတတ်သုံးတတ်နဲ့သုံးရတာပါ...။ နည်းပညာနဲ့ပတ်သတ်ရင် ကျွန်တော်ဘာမှမသိပါဘူး။ မြန်မာ စာတွေကို အင်တာနက်ထဲမှာမြင်ရရင် ဘာမှန်းမသိဘူး ကျွန်တော့်ရင်ထဲမှာဝမ်းသာမိတတ်တာပါ...။ တစ် နေ့ ကျွန်တော် နက်ထဲမှာ မြန်မာစာအုပ်တွေရှိတဲ့ဆိုက်ဒ်ကို လိုက်ရှာရင်းနဲ့ အိပ်မက်များဆိုတဲ့နေရာလေးကို ရောက်သွားပါတယ်...။ အဲ့ဒီမှာ ကျွန်တော့်ရင်ထဲမှာ တော်တော်ကြာကြာငုပ်လျှိုးနေခဲ့ရတဲ့ ၀ါသနာက ခေါင်း ထောင်ထလာပါတော့တယ်...။ စာရေးချင်တဲ့ ခံစားမှုပါ...။ အဲ့ဒါနဲ့ ကျွန်တော် အိပ်မက်များမှာ ၂၀၀၉ခုနှစ် ၈ လပိုင်းလောက်မှာ စရေးဖြစ်ခဲ့တယ်...။ ဒီမတိုင်ခင်ကတော့ လောကအလှ အွန်လိုင်းမဂ္ဂဇင်းမှာလည်း နည်း နည်းသွားရေးဖြစ်ခဲ့ပါသေးတယ်...။

နောက်ပိုင်းဘလော့တွေ လိုက်ဖတ်ရင်းနဲ့ ကိုယ်လည်း ကိုယ်ပိုင်ဘလော့လေးတစ်ခုလောက်လိုချင်လာမိခဲ့ပါ တယ်...။ အဲ့ဒါနဲ့ အခုဒီစမ်းတစ်ဝါးဝါးရပ်ဝန်းလေးကို မဖြစ်စလောက် ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ဖြစ်ညှစ် ပြီးလုပ်ခဲ့မိတယ်...။ ပြီးတော့ ကျွန်တော် တတ်သလောက်အစွမ်းလေးနဲ့ ရသလောက် အချိန်လေးတွေထဲမှာ စာလေးတွေရေးပြီး...ဒီဘလော့လေးပေါ်တင်ခဲ့မိတယ်....။ အဲ့ဒါကို သူငယ်ချင်း မောင်နှမတွေက စိတ်ရှည် လက်ရှည် လာလာဖတ်ရင်းအားပေးခဲ့ကြတယ်...။ (များသောအားဖြင့် ကျွန်တော့်ပို့စ်တွေက ကုလားကားလို အရှည်ကြီးတွေဖြစ်နေတတ်လို့ပါ...) အဲ့ဒီအတွက်လည်း ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေမိခဲ့သလို ကျွန် တော်ပိုင်တဲ့ ဘလော့ဂ်စာမျက်နှာလေးကိုလည်း ပိုတွယ်တာလာခဲ့မိပါတယ်...။ ဒီဘလော့လေးထဲမှာ ကျွန် တော်နဲ့ ထိတွေ့ခွင့်ရတဲ့ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေက ကျွန်တော့်ကို အမျိုးမျိုးခေါ်ကြပါတယ်...။ ကျွန်တော့်ဘလော့လေးရဲ့နာမည်နဲ့ စာရေးနေတဲ့ ကျွန်တော့်ရဲ့နာမည်အလိုက်ပေါ့....။

တစ်ချို့က.... ညီလေး၊ မောင်လေး၊ အစ်ကို စတဲ့အသုံးအနှုန်းလေးတွေနဲ့ နွေးနွေးထွေးထွေး....
တစ်ချို့ က ကျွန်တော့်နာမည် အပြည့်အစုံ ဏီလင်းညို၊ ကိုဏီလင်းညို လို့ ခင်ခင်မင်မင်....
တစ်ချို့က... ကျွန်တော်နာမည် သုံးလုံးထဲက သူတို့သဘောတစ်ကျခေါ်ချင်တဲ့အတိုင်း....
ကိုဏီ....
ဏီလင်း....၊ ကိုဏီလင်း....
ကိုလင်း...
ကိုလင်းညို....
ကိုညို (ဦးစိတ်တို မပါလို့နော်... နို့မို့ဆို.....း))
ကိုဏီး....
ဏီဏီ....
ဏီလေး....
ဏလည...
ဏိုလင်းငီ...(သူငယ်ချင်း ခြင်ရဲ့ အခေါ်....း))
..... ဆိုပြီးရင်းရင်းနှီးနှီးခေါ်ခဲ့ကြပါတယ်....။

ဘယ်လိုပဲခေါ်ခေါ်... အလုပ်ကနေ အိမ်ပြန်ရောက်လာလို့ ဘလော့ဂ်လေးကိုဖွင့်ကြည့်ရင်း... အဲ့ဒီခေါ်သံ လေးတွေကို နားထဲမှာ ကြားယောင်လာမိနေတတ်တဲ့သူက... ကျွန်တော်ပါပဲ...။ စိတ်ထဲမှာလည်း... ကိုယ့် ဘေးနားမှာ မမြင်နိုင်တဲ့ ရင်းနှီးနွေးထွေးမှုတွေ ကျွန်တော့်ဘေးနားမှာ ၀န်းရံနေခဲ့ရသလိုပါပဲ...။


++++++++++

မေမေကကျွန်တော့်ကို ဟိုးငယ်ငယ်လေးထဲက နာမည်အရင်းပေးထားခဲ့ပြီးသားပါ...။ ကျွန်တော့် ဘ၀အစစ် ထဲမှာ အဲ့ဒီနာမည်လေးနဲ့ ရှင်သန်ရုန်းကန်နေရဆဲဖြစ်သလို...၊ ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ ဘလော့ဂ် လေးထဲက ဏီလင်းညို ဆိုတဲ့ နာမည်လေးနဲ့ ဒုတိယဘ၀လေးထဲမှာလည်း.... အခုအချိန်ထိ တော့ ပျော်နေဆဲဖြစ်တဲ့ လူတစ်ယောက်အဖြစ် ရှိနေခဲ့တုန်းပါပဲ...။               ။


++++++++++


ပုံလေးကို ဒီနေရာလေး မှယူသုံးပါတယ်ဗျာ....။
============================================================

စာကြွင်း - ဒီပို့စ်လေးကို ကျွန်တော်ရေးဖြစ်သွားတာ.... ညီမလေးနေ့အိပ်မက်က စီဘောက်မှာ လာပြီး
29 Dec 09, 12:33 PM
နေ့အိပ်မက်: ကတည်းက ဟိုမစန္ဒာရဲ့ အရိပ်ထဲက ညီလင်းညိုကိုပဲ သွားသွားသတိရနေလို့

29 Dec 09, 12:33 PM
နေ့အိပ်မက်: သြော် ဒါနဲ့ မေးမယ်မေးမယ်နဲ့ မေ့နေတာ ဏီလင်းညိုဆိုတဲ့နာမည်က ဘယ်လိုရွေးထားတာလဲဟင်.. ဒီဘလော့ဂ်ကိုစရောက်တ......

......လို့ မေးထားလို့ ရေးဖြစ်သွားတာပါ...။ နောက်ပိုင်း ဘ၀သရုပ်ဖော်ဝတ္ထုတွေဖတ်ဖြစ်ခဲ့ပေမယ့် အဲ့ဒီဝတ္ထု ကို ညီမလေးပြောမှပဲ ရှာဖတ်ကြည့်မိခဲ့ရတယ်...။ ဟုတ်ပါတယ်၊ အဲ့ဒီဝတ္ထုထဲမှာပါတဲ့ မောင်နှမသုံးယောက် ထဲက အငယ်ဆုံး ဇတ်ကောင်လေးရဲ့နာမည်ပါ...။ ဒါပေမယ့် ညီလင်းညိုနဲ့ ဏီလင်းညို ဆိုတာ အဓိပ္ပာယ် ခြင်းလုံဝမတူပါဘူး...။ နောက်ပြီးတော့လည်း... ဒီနာမည်လေးနဲ့ပဲ ခုလို မတောက်တစ်ခေါက်စာတွေ ကဗျာ လေးတွေကို ဟိုးအရင်ကတည်းက (မသိခင်တုန်းကတည်းက) ရေးခဲ့တာမို့ ပြောင်းဖို့အစီအစဉ် လုံးဝလည်း မရှိခဲ့တဲ့အတွက် ဒီနာမည်လေးနဲ့ပဲ ဒီစာမျက်နှာပေါ်မှာ တတ်သလောက်၊ မှတ်သလောက်စာလေးတွေ ရေး နေဦးမှာပါ...။ ဒီပို့စ်လေးကို ညီမလေးလာမေးသွားတဲ့က ရေးသင့်မရေးသင့် ချိန်ဆနေခဲ့ရတာရယ်...၊ အစ်မ ၀ါရဲ့ တက်ဂ်ပို့စ်လေးကို ကီးသွင်းပြီးရေးနေရတာရယ်...း) နောက်ပြီး အခုတစ်လော စက်ရုံမှာ လူတွေအ ရမ်းလျှော့သွားလို့ အလုပ်တွေပိုလာခဲ့လို့ မအားနိုင်တာရယ်တွေကြောင့် အခုမှ တင်ဖြစ်လိုက်တာပါ...။

နောက်ပြီးတော့ တစ်လက်စတည်းပြောချင်တာက.. အားလပ်ချိန်အရမ်းနည်းလွန်းလှတဲ့ ကျွန်တော့်အတွက်
ကျွန်တော့်ရဲ့ ဘလော့မှာတင်ထားတဲ့ မောင်နှမတွေရဲ့ ဘလော့လေးတွေကိုတောင် အလျှင်မှီအောင် မနည်း လိုက်ဖတ်နေရတာနဲ့...၊ စာရေးနေရတာနဲ့ တစ်ခြား ဘယ်နေရာကိုမှ မရောက်ဖြစ်သေးတာ ဒီနေ့ အထိဆိုတဲ့ စကားလေးပါပဲခင်ဗျာ....း)

ဒီပို့စ်လေးရေးဖြစ်ခဲ့တဲ့အတွက် ညီမလေးနေ့အိပ်မက်ကိုလည်း...ကျေးဇူးပါဗျာ....း)

===========================================================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

Sunday, January 10, 2010

သို့သော်လည်း.....



       မြက်ခင်းစိမ်းစိမ်းလေးပေါ်တွင် ကြွေကျနေခဲ့လေသော သစ်ရွက်ခြောက် ကလေးများကို မြင်နေခဲ့ရသည်မှာ ညှိုးနွမ်းဆိတ်သုန်းလွန်းလှ၏။ အင်းလျားကန်ရေပြင်ကို ဖြတ်သန်းကာ တိုက်ခတ်နေခဲ့သော လေပြေတစ်ချို့ကြောင့် ရေပြင်အထက်တွင် လှိုင်းကြပ်ခွပ်လေးများ ထနေခဲ့ရသည်။ ရေအစပ်ရှိ မြက်ပင်ရှည်ရှည်လေးတစ်ချို့ လေယူရာသို့ လိုက်ပါယိမ်းနွဲ့နေ ခဲ့ကြတာကို အဓိပ္ပာယ်မဲ့လွန်းစွာ သူငေးကြည့် နေမိခဲ့၏။

       သာမန်ရုံးဖွင့်ရက်လေးဖြစ်နေခဲ့တာမို့ ညနေ လေးနာရီလောက်ဖြစ်နေခဲ့တာတောင်မှ မြကျွန်းသာ အ ပန်းဖြေဥယျာဉ်လေးထဲတွင် လူရှင်းနေခဲ့သည်။ ထို့ထက်ပိုပြီး သူတို့ရောက် နေခဲ့သော ဆိတ်ငြိမ်ကျွန်းလေး တွင် ပိုမိုလူရှင်းနေခဲ့တာ အမှန်ပင်...။ နွေဦးရာသီရဲ့ ညနေ စောင်းအချိန်ဖြစ်နေခဲ့တာမို့ အပြင်ဘက်တွင် ပူ လောင်ကျွမ်းမြနေလွန်းခဲ့သည်။ သို့သော်လည်း သူတို့ပတ်ဝန်းကျင်လေးတွင်မူ သစ်ပင်အုပ်များရဲ့ အရိပ် နှင့်ရေပြင်ကိုဖြတ်သန်း တိုက်ခတ်နေခဲ့သော လေပြေညင်းတို့ကြောင့် အေးချမ်းစွာရှိနေခဲ့ရပါသည်။ သို့ သော်လည်း သူ့ရင်ထဲတွင် မငြိမ်းချမ်းနိုင်ခဲ့ပါ...။

      ရွက်ခြောက်များပေါ် နင်းဖြတ်လာသောခြေသံတစ်စုံကြောင့် သူလှည့်ကြည့်လိုက်မိ၏။ တိုက်ခတ်နေ သော လေပြေနှင့်အတူ တစ်လွင့်လွင့်မျောပါနေခဲ့လေသော ဆံပင်ရှည်ရှည် လေးများနှင့် “သက်ထား”...ဟု မြတ်နိုးစွာခေါ်ခဲ့ရသည့် သူ့ရဲ့ နှလုံးသားဗဟိုရပ်ဝန်းလေး ကိုတွေ့လိုက်ရသည်။ စောစောတုန်းကတော့ ကန် စပ်အနား၊ ခပ်လှမ်းလှမ်းမှာရှိသည့် ခုံတန်းလေးပေါ်တွင် သူတို့နှစ်ယောက် အတူတူထိုင်နေခဲ့ကြသေးသည်။ နောက်တော့ သူက ဒီနေရာလေးမှာလာရပ်ရင်း လှိုင်းကြပ်ခွပ်လေးများထနေသော ကန်ရေပြင်ကို အ ဓိပ္ပာယ် မဲ့လွန်းစွာငေးနေမိတာ...။ သက်ထားကတော့ ထိုခုံလေးမှာထိုင်ကျန်နေရစ်ခဲ့တာ....။

       အနားမှာ ညင်သာစွာလာရပ်သော သက်ထားရဲ့ မျက်နှာလေးကို သူငေးကြည့်လိုက်မိ၏။ သက်ထား ရဲ့ မျက်နှာလေးက မှိုင်းဖျဖျအရိပ်လေးတွေဖုံးလွှမ်းနေဆဲ...။ ‘အရင်လို ပြုံး နေစမ်းပါ သက်ထားရယ်’...ဟု ရင်ထဲမှ သူဆိုမိသည်။

      “မောင်”...

       သက်ထားက နှုတ်ခမ်းလေးလှုပ်ရုံသာ ခပ်ဖွဖွလေသံလေးဖြင့် သူ့ကိုခေါ်၏။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အဲ့ဒီလိုခေါ်သံလေးကိုကြားလိုက်ရတိုင်း သူ့ရင်တွေနွေးထွေးစွာရှိနေခဲ့ရတာကို သက်ထားတစ်ယောက်တော့ သိချင်မှ သိလိမ့်မည်။ သိအောင်လည်း သူမပြောပြခဲ့ဖူး....။ တစ်ခါတစ်လေ သက်ထားပြောတတ်တဲ့ “မောင်.. သက်ထား ချစ်သလောက် မချစ်ဘူး”... ဆိုတဲ့ စကားလေးများကိုပင် သူပြန်လည်ချေပစွာ ဖြေ ရှင်းမပြခဲ့ဖူးပါ။ အပြင်ပန်းမှာ အေးစက် စက်နိုင်ခဲ့သလောက် ရင်ထဲမှာ သိပ်ချစ်တတ်တာကို သူကိုယ်တိုင် မှလွဲပြီး ဘယ်သူမှလည်း သိနိုင်လိမ့်မယ်မထင်မိခဲ့တော့...။ သိဖို့လည်း လိုအပ်ခဲ့လိမ့်မည်ဟု... သူဘယ် တုန်းကမှ ထင်မထားခဲ့ပါ...။

       မျက်ခုံးနှစ်ဖက်ကိုပင့်ကာ ‘ဘာလဲ’... ဟု အသံမဲ့စွာသူမေးလိုက်တော့ သက်ထားက မျက်လွှာလေးကို အသာအယာချ၏။ နောက် (သူမြတ်နိုးလွန်းတတ်သော) မျက်လွှာကလေးကို တစ်ချက်ပင့်ကာသူ့ကို ကြည့် ရင်း....

      “သက်ထား.... တစ်ခုလောက်တော့ မေးချင်တယ်”...

       “မေးလေ... သက်ထား”...

       သက်ပြင်းတစ်ချက်ရှိုက်ရင်း ခေါင်းငြိမ့်ကာ လေးပင်စွာဖြင့် သူပြောလိုက်သည်။ လေထဲတွင် လွင့်နေ ဆဲဖြစ်သော ဆံပင်တစ်ချို့ကိုလိုက်လံသိမ်းဆည်းရင်း သက်ထားက...

      “စောစောက မောင်ပြောသွားတဲ့ စကားတွေက သက်ထားအပေါ်မှာ သိပ်ရက်စက်ရာ ကျနေတယ်လို့ မောင်မထင်မိဘူးလားဟင်”....

       မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားစေလောက်အောင် ဖြတ်ရိုက်ခံလိုက်ရသလို သူခံစားလိုက်ရ၏။ ရင်ဘတ်အတွင်းပိုင်းမှ တစ်ဆစ်ဆစ်နာကျင်လာကာ သက်ထားကို သူငေး ကြည့်မိလိုက်သည်။ သက်ထား ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ တစ်ဆတ်ဆတ်လှုပ်ခါနေတာကို သူသတိထားလိုက်မိသည်။ ရင်ထဲတွင် ဆို့နင့်နေခဲ့စွာဖြင့် သူမျက်နှာလွဲရင်း....

      “သက်ထားကြိုက်သလို ထင်ပါတော့....၊ မောင် ဘာကိုမှ ဖြေရှင်းဖို့ကြိုးစားမိတော့မှာ မဟုတ်တော့ ပါဘူး....။ ဒါပေမယ့်”....

       “ဒါပေမယ့် ဘာဖြစ်လည်းမောင်...၊ မောင်ပြောခဲ့တာတွေက သက်ထားအတွက်ပါလို့ ပြောဦးမလို့ လား...၊ တော်ပါတော့မောင်ရယ်”....

       သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်သော သက်ထားရဲ့စကားသံလေးတွေက တုန်ယင်စွာလှုပ်ခတ်နေ ခဲ့ကြ၏။ ချစ်သူ၏ နာကျည်းသံစွက်နေသော လေသံတိုးတိုးလေးက သူ့ရင်ကို မုန်တိုင်းထန်စေနိုင်ခဲ့လေသ လား...။ သက်ထားရဲ့ မျက်ဝန်းလေးတွေက အနည်းငယ်နီ မြန်းစွာ စွတ်စိုနေခဲ့သေးရုံသာမက နှုတ်ခမ်း ထောင့်စွန်းလေးများ တစ်ဆတ်ဆတ်လှုပ်ခါနေခဲ့တာကို သူထပ်ပြီး သတိထားမိလိုက်ပြန်သေးသည်။ ဘ၀မှာ ရှုံးနိမ့်မှုတွေများခဲ့ရတဲ့ သူ့အတွက်ရှားပါးစွာ မြတ်နိုးတန်ဖိုးထားချစ်ခဲ့ရတဲ့ ချစ်သူကောင်မလေးတစ်ယောက် ၀မ်းနည်း ကြေကွဲစွာ ခံစားနေရတာကို ဆုံးပါးခြင်းများစွာဖြင့် သူငေးစိုက်ကြည့်နေခဲ့မိ၏။ တစ်ခြားဘာဆို ဘာမှ သူမတတ်နိုင်တော့ပြီလား...ဟု ရင်တွင်းမှ ကိုယ့်ကိုယ်ကို ကြေကွဲစွာဖြင့် မေးမိခဲ့ပေမယ့် အဖြေက ရေရာစွာထွက်မလာခဲ့ပါ...။ သူကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကိုပြန်မကယ် နိုင်ခဲ့ရလောက်အောင် ခံစားရင်း ကြေကွဲနေခဲ့ရတာ ဘာသာအသိဆုံးမို့ပင်...။ အခြေအနေ မတူညီတဲ့ ဘ၀နှစ်ခုကို ညီမျှအောင်ကြိုးစားနေခဲ့ ရင်း ရှုံးနိမ့်ခဲ့ရသော ချစ်ခြင်းတစ်ခုအတွက် သူဘယ်လိုနှစ်သိမ့်နိုင်မလဲဆိုတာကိုလည်း... ခုချိန်မှာ မစဉ်းစား တတ်တော့...။ သေချာနေခဲ့တာတစ်ခုကတော့ သူသက်ထားကို မြတ်နိုးစွာ သိပ်ချစ်နေဆဲဆိုတာပင်ဖြစ်ပါ သည်။ သို့ သော်လည်းလေ...။

       “တစ်ကယ်ဆို မောင်ပြန်စဉ်းစားကြည့်လိုက်ပါ...။ မောင်ဝါသနာပါတဲ့ စာတွေ ကဗျာ တွေရေးတာ သက်ထားဘယ်တုန်းကများ တားမြစ်ပိတ်ပင်ခဲ့ဖူးလဲ...၊ မောင်ဆေးလိပ်တွေ သောက်တာကို စိုးရိမ်လို့ သ တိပေးပေမယ့် ဘယ်တုန်းက ပိတ်ပင်ခဲ့ဖူးလည်း...၊ မောင် လုပ်တတ်တဲ့ လူမှုရေးအလုပ်ကလေးတွေကို လုပ်ဖို့အတွက် သက်ထားနဲ့တွေ့ရမယ့်အချိန် တွေကိုသုံးပစ်တာကိုရော သက်ထားဘယ်တုန်းက ငြူစူခဲ့ဖူး လည်း...၊ ဒါနဲ့များ မောင်ရယ်”

       မချိတင်ကဲ လေသံလေးနှင့်ပြောနေသော သက်ထားကို သူငေးကြည့်နေမိခဲ့သည်။ လေတိုးနေသော ကြောင့် သက်ထားရဲ့ အင်္ကျီလက်ရှည်ဖြူဖြူလေးက တစ်ဖျတ်ဖျတ်လူးလွန့်နေခဲ့တာကိုတွေ့နေရ၏။ ထိုအ င်္ကျီလေးတစ်ထည်ရဲ့တန်ဖိုးမှာ လွန်ခဲ့သည့်တစ်ပတ်ကျော်ခန့်က သူအလုပ်ထွက်ခဲ့သော ကုမ္ပဏီတစ်ခုမှ သူရသည့်တစ်လစာနီးပါး ငွေပမာဏနှင့် ညီမျှ နေခဲ့တာကိုလည်း သက်ထားသိအောင် သူမပြောပြချင် မိတော့ပါ...။ အရာရာချို့တဲ့လွန်းခဲ့ရသည့် ဘ၀တစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ရပေမယ့် သူသက်ထားကို သိပ် ချစ်ခဲ့မိတာအမှန်ပင်။ သက်ထားက ဆက်ပြောသည်။

       “အခုလည်း မောင် တစ်ခြားနိုင်ငံကိုသွားတော့မယ်...၊ မောင့်ဘ၀အတွက်...၊ မောင့်မိဘတွေအတွက် သွားတယ်ဆိုတာကို သက်ထားနားလည်တယ်...၊ ဘယ်လောက်ကြာမလဲ ဆိုတာ မောင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမသိနိုင်ဘူးဆိုတာကိုလည်း လက်ခံတယ်...၊ ဒါ ပေမယ့် မောင်ရယ်...သက်ထားရဲ့ဘက်က မောင့် ကို စောင့်နေပါမယ်ဆိုတာတောင်မှ”....

       ပြောရင်းဖြင့် အသံလေးတိမ်ဝင်ကာ ခေါင်းလေးငုံ့ရင်း တစ်ချက်မျှကျိတ်ရှိုက်လိုက်သော သက်ထားကို သူကြေကွဲစွာကြည့်နေမိခဲ့၏။ ခဏခဏ ချရဖန်များနေခဲ့သော သက်ပြင်းတစ် ချက်ကိုသူထပ် ရှိုက်လိုက်ရင်း

       “မစောင့်ပါနဲ့လို့ မောင်ထပ်ပြောချင်တယ်သက်ထား”....

       တစ်ချိန်လုံးငြိမ်သက်နားထောင်နေခဲ့သော သူ့ထံမှစကားသံကြောင့် သက်ထားက မော့ကြည့်သည်။ မျက်ဝန်းလှလှလေးတစ်ဝိုက်တွင်ခိုတွဲနေခဲ့လေသော ချစ်သူရဲ့ အငိုမျက်ဝန်း များကို သူမျက်နှာလွှဲလိုက်ရင်း ဆက်ပြောမိ၏။

       “မနက်ဖြန်ကိုတောင် သေချာမပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ မောင်တို့ရဲ့ဘ၀တွေမှာ ဘယ်အရာမှ မတည်မြဲ ပါဘူး....၊ ဒါကို သက်ထားလည်းသိပါတယ်...၊ ပြီးတော့ မောင့်ရဲ့ဘ၀နဲ့ သက်ထားရဲ့ဘ၀...၊ လုံးဝမနီးစပ် နိုင်တာ နေ့စဉ်နဲ့အမျှ မောင်ပိုသိလာခဲ့ရတာကြာပြီ...။ မသေချာလွန်းတဲ့ မောင့်ဘ၀တစ်ခုအတွက် သက် ထားကို အချိန်ကုန်ခံပြီးစောင့်မနေစေချင်တာကို မောင်မမှားဘူးလို့ ကိုယ့်ကိုယ်ကိုထင်မိပါတယ် သက်ထား ရယ်...
       ပြီးတော့ ဒီရက်ပိုင်းထဲမှာ မောင်သွားရတော့မယ့်နေရာသစ်တစ်ခုမှာ အဆင်ပြေမှုတွေ မောင့်အတွက် ရှိနေ...၊ မရှိနေဘူးဆိုတာကိုလည်း ဘယ်သူမှကြိုမသိနိုင်ဘူးလေ...၊ တစ်ဦးနဲ့တစ်ယောက် မိုင်တွေအများ ကြီးဝေးကွာတဲ့နေရာမှာနေပြီး... မရေရာနိုင်လွန်းတဲ့ မောင့် ဘ၀တစ်ခုအတွက် သက်ထားကို ချည်နှောင်မ ထားသင့်ဘူးလို့ မောင်ယူဆထားခဲ့မိတာ အမှားတစ်ခုလား”....

       ပြောရင်း အဖျားတွင်အနည်းငယ်တုန်ယင်သွားသော သူ့စကားသံကြောင့် သက်ထားက ခေါင်းကို တွင်တွင်ခါယမ်းရင်း ကယောင်ကတမ်းနိုင်လှစွာ သူ့နှုတ်ခမ်းများပေါ်သို့ လက်ဖ၀ါးလေးဖြင့် အတင်းလိုက် ပိတ်လေတော့သည်။ သူ သက်ထားရဲ့လက်ဖ၀ါးလေးများကို ညင်သာစွာဆွဲဖယ်မိရင်း....

       “တစ်ကယ်ပါသက်ထားရယ်...၊ မောင့်ကို ပြောခွင့်ပေးပါတော့...။ မိသားစုတာဝန် ဆိုတာ မောင့်ပခုံး ပေါ်မှာပါ...၊ ဘယ်သူမှပေးအပ်တဲ့အရာမဟုတ်ပေမယ့်လည်း မောင်ကိုယ်တိုင်ကျေကျေနပ်နပ် ထမ်းရွက် ချင်ခဲ့တဲ့ အရာတစ်ခုပါ...။ ပြီးတော့ မောင်ဆိုတဲ့ ကောင်ဟာ တစ်ကယ်လို့ တစ်ချိန်ချိန်မှာ မြန်မာပြည်ကို အ ပြီးပြန်လာဖြစ်ခဲ့ရင်တောင်မှ သက်ထားတို့ရဲ့ အသိုင်းအ၀ိုင်းကဖြစ်စေချင်တဲ့ ပညာတတ်ကြီး၊ နောက် စီးပွား ရေးလုပ်ငန်းရှင်ကြီးအဖြစ်ရပ် တည်နေနိုင်မှာ... နေခဲ့မှာမဟုတ်ပဲ အေးအေးချမ်းချမ်း ခြံကလေးတစ်ခြံမှာ နှစ်ရှည်သီးပင် လေးတွေစိုက်ရင်း တစ်ဖက်က စာအုပ်အရောင်းဆိုင်... ဒါမှမဟုတ်အငှားဆိုင်လေးဖွင့်ပြီး ဘ၀ကို ရိုးရိုးသားသား တိတ်တိတ်ဆိတ်ဆိတ်လေး ဖြတ်သန်းချင်နေခဲ့တဲ့သူလေ...။ မောင် ၀ါသနာပါတဲ့၊ ဘယ်သူမှ အသိအမှတ်မပြုတဲ့ မတောက်တစ်ခေါက်စာလေးတွေ ကဗျာ လေးတွေရေးရင်းနဲ့ပေါ့...
       ပြီးတော့ သက်ထားမှာလည်း သက်ထားတို့အသိုင်းအ၀ိုင်းက သဘောတူကြည်ဖြူထားပြီးသားလူရှိ တယ်ဆိုတာကို ကျောင်းသားဘ၀မှာ မောင်မသိခဲ့တာ အမှန်ပါ...။ ဒါပေမယ့် အခုအခြေအနေမှာ မောင်က သက်ထားအနားမှာ နေခွင့်ရှိတဲ့အချိန်တွေကို ကိုယ်ကိုယ်တိုင်အဆုံး သတ်ခဲ့ရပြီမို့ အဆင်ပြေသာယာတဲ့ ဘ၀တစ်ခုကို ဘာအချုပ်အနှောင်မှမရှိပဲ သက်ထားကို ပိုင်ဆိုင်စေချင်လို့ မောင့်ကို စောင့်မနေခိုင်းတော့တာ နားလည်ပေးပါ သက်ထားရယ်”...

      ပြောရင်းဖြင့် ဆုတ်ကိုင်ထားမိတဲ့ သက်ထားရဲ့လက်ဖ၀ါးလေးကို သူဖြစ်ညှစ်ရင်းအား ပေးလိုက်မိတော့ ချစ်သူက အငိုမျက်ဝန်းလေးနှင့်ကြည့်ရင်း ခေါင်းကို ညင်သာစွာယမ်းလေ၏။ နောက်...‘မောင်မရှိပဲ သက် ထားပျော်နိုင်မယ်ထင်လား’...ဟု ခပ်တိုးတိုးရှိုက်ရင်း မေးခဲ့ သည်။ သူ့ရင်တွေ ကြေမွကုန်ပြီထင်ပါသည်။

       ထိုစဉ် သက်ထားလွယ်ထားသော အိတ်ကလေးထဲမှ သာယာသောဖုန်းမြည်သံလေးကို နှစ်ယောက် သားကြားလိုက်ရသည်။ သက်ထားက သူ့အိတ်လေးထဲမှ လက်ကိုင်ဖုန်းလေးကိုအသာထုတ်ရင်း ခပ်တိုးတိုး ပြောနေတာကို သူငေးကြည့်နေခဲ့မိ၏။ ဟိုး... အရင် ကျောင်း သားဘ၀တုန်းက သူချစ်ခဲ့မိသော သူ့ရှေ့မှ ချစ်သူလေးကို အစစအရာရာပြည့်စုံသာလွန်နေခဲ့သောအနေအထားတစ်ခုမှန်း သူမသိခဲ့ရိုးအမှန်ပင်..။ သို့ သော် အခုတော့ အစစ အရာရာ ကွာခြားလွန်းနေခဲ့သော သူတို့နှစ်ယောက်ရဲ့အခြေအနေတွင် ပျက်သုန်းရ တော့မည့် သူ့အချစ်တစ်ခုအတွက် သူတိတ်တစ်ဆိတ်ကြေကွဲနေတော့ပါမည်။ အစစ အဆင်ပြေနေခဲ့သော သက်ထားရဲ့ဘ၀လေးကို မရေရာလွန်းသောသူ့ဘ၀ကြောင့် အနှောက်အယှက်မဖြစ်စေချင် မိတော့ပါ...။ သို့သော်လည်း... သူ့အပေါ်တွင်ဖြူစင်စွာ ချစ်နိုင်လွန်းသော သက်ထားရဲ့အတွက် သူ့ရင်ထဲတွင်လည်း ထိရှ လွန်းနေခဲ့စွာ ခံစားနေရပါသည်။

       ဖုန်းပြောလို့ပြီးသွားတာမို့ ဖုန်းကို အိတ်ထဲသို့ပြန်ထည့်ရင်း သက်ထားက ခပ်တိုးတိုးပြော၏။

       “ရူပါ ဆက်တာ... သူအခု ပန်းခြံရှေ့က ကားပါကင်နေရာမှာ ရောက်နေပြီတဲ့လေ”...

       သူခေါင်းငြိမ့်ပြလိုက်၏။ မျက်စိထဲတွင်လည်း သူ့ကို အရည်မရ အဖတ်မရအလုပ်တွေ လုပ်နေတဲ့ က လေကချေကောင်ဟု စွပ်စွဲတတ်သော၊ ကြီးပွားတိုးတက်မယ့်ကောင်မဟုတ် ဟုဆိုတတ်သော၊ သက်ထား နှင့် သူရဲ့ချစ်ခြင်းကို ခါးသီးစွာ ကန့်ကွက်တတ်သော ရူပါဆို တဲ့ မိန်းကလေးကို မြင်ယောင်လာမိ၏။ သက် ထားရဲ့ အချစ်ဆုံးသူငယ်ချင်းမလေးဖြစ်နေခဲ့ပေမယ့် သူ့ကိုတော့ ခါးခါးသီးသီး မုန်းတီးရှုတ်ချတတ်သော သူတစ်ယောက်။ သို့သော်လည်း ရူပါပြောတာတွေက အများထင်မြင်ချက်နှင့် အတိအကျဖြစ်နေခဲ့တာမို့ သူ ဘယ်တုန်းကမှပြန်လည် ငြင်းဆန်ခဲ့မိခြင်းမရှိပါ...။ သူ့ကို အငိုမျက်ဝန်းလေးများနှင့် ကြည့်နေဆဲ ဖြစ်သော သက်ထားကို သူတိုးတိုးလေးမေးလိုက်သည်။

       “သူတစ်ယောက်ထဲ လာတာလား”...

       “အင်း... လာတုန်းကတော့နှစ်ယောက်ပါ...။ အိမ်ကကားကို သက်ထားယူလာတာလေ သူက သက် ထားကို ဒီမှာပို့ခဲ့ပြီး သူ့အစ်မအိမ်ခဏသွားနေတာ...။ အခုပြန်လာခေါ်တာ”....

       “သြော်”....

       နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်သေးပဲ ခဏတာငြိမ်နေမိခဲ့ကြသည်။ လေပြေကတော့ အဆက်မပြတ်ဆိုသလို သူတို့နှစ်ယောက်ကြားတွင်ခပ်တိုးတိုးတိုက်ခတ်နေဆဲ...။ အတန်ကြာမှ သက်ပြင်း တစ်ချက်ကို သူထပ်မံရှိုက်လိုက်ရင်း...

       “ကဲ... သက်ထားသွားတော့...၊ ထာဝရအတွက် ဒီညနေလေးမှာ မောင်အပြီးတိုင် နှုတ်ဆက်လိုက်ပါ တယ်”....

       သူ့စကားသံကြောင့် သက်ထားရဲ့ခန္ဓာကိုယ်လေး ယိုင်ခနဲဖြစ်သွားသယောင်ပင်...။ သို့သော်လည်း ဆုံးဖြတ်ချက်ချပြီးခဲ့လျှင် ပြန်လည်ပြင်ဆင်ပစ်ဖို့ခေါင်းမာတတ်လွန်းသော သူ့ အကြောင်းကိုသိထားတာမို့ စီး ကျလာသော မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်ရင်း...

       “ဒါဆိုလည်း... သက်ထားသွားပြီမောင်...။ မောင်က မေ့စေချင်တယ်ဆို သက်ထားကြိုးစားပါ့မယ်...၊ ဒါပေမယ့် သက်ထားကိုယ့်ကိုယ်ကို မသေချာနိုင်ခဲ့သေးတာကိုတော့ ခွင့် လွှတ်ပါမောင်...။ သက်ထားလည်း မောင့်ကို ထာဝရမဖြစ်ချင်ပေမယ့် မောင့်ဆန္ဒအရ နှုတ်ဆက်ခဲ့ပါတယ်”....

       သူခေါင်းငြိမ့်ပြလိုက်မိသည်ထင်ပါသည်။ ခေါင်းငြိမ့်ရင်း ဘယ်လောက်ကြာကြာခေါင်း ငုံ့နေခဲ့မိသည်မ သိပါ...။ သူပြန်မော့ကြည့်မိတော့ ခပ်ဝေးဝေးသို့ရောက်နေခဲ့ပြီဖြစ်သော ချစ်ခဲ့ရသူ သက်ထားရဲ့ နောက် ကျောဖြူဖြူလေးကို ခပ်ရေးရေးမျှသာမြင်နေရတော့၏။ စီးကျလာခဲ့သော မျက်ရည်တစ်စက်နှစ်စက်ကို လက်ခုံဖြင့်ပွတ်သုတ်မိရင်း ခပ်တိုးတိုး သူဆိုမိ၏။

       “မင်းကို မောင်ချစ်လွန်းလို့ပါ သက်ထားရယ်”....

                                                         @@@@@@@@


        ချစ်သူကို ချန်ထားရစ်စေခဲ့သော မိုးမချုပ်မီအချိန်လေးတွင် အမှောင်ရိပ်တစ်ချို့ဝင်ရောက် လာတာ သူ့အတွက် စောလွန်းလှသည်ထင်မိ၏။ သူ့နှလုံးသားတစ်စုံကတော့ ခပ်တိုးတိုးတိုက်ခတ်နေသော လေပြေနှင့်အတူ ခပ်ဆွေးဆွေး ငိုညည်းနေခဲ့ရပါသည်။

        သို့သော်လည်း....။        ။

                                                           @@@@@@@@

(ပုံလေးကိုဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ...)


အစ်မ၀ါရဲ့ ပို့စ်လေးကို ဆက်ပြီးတက်ဂ်ချင်ပါသေးတယ်...
ညီမလေးမြတ်မွန်
ညီမလေးအင်ကြင်းသန့်
မကြီးချစ်ကြည်အေး(မကြီးအေး)
ကိုမိုး
နောက် စိတ်၏ဖြေရာ
ညီလေးကိုတူး ညရဲ့ကောင်းကင်
သူငယ်ချင်းခြင်ကလေး
ပျောက်နေတာကြာတဲ့ကိုချမ်း(ချမ်းလင်းနေ)
ညီမလေးအကီနို
ညီလေးညီညီ(အနာဂတ်သံစဉ်)

စတဲ့ သူတွေကို တက်ဂ်လိုက်ချင်ပါတယ်...။ အစ်မ၀ါလိုပဲ ကျွန်တော်လည်း သူတို့ရဲ့စိတ်ကူးလေးတွေကို သိချင် မိလို့ပါခင်ဗျာ...။ အားရင်ရေးပေးကြပါဦးနော်...။ မူရင်းပို့စ်က ဒီနေရာလေးမှာပါ...။ ကိုယ်ကြိုက်တဲ့ပုံ စံလေးတွေနဲ့ ရေးပေးပါနော်ဗျ...။
=============================================================
ခင်မင်ရတဲ့ အစ်မ၀ါရဲ့ဒီနေရာလေးမှာတက်ဂ်ထားတဲ့ ပို့စ်လေးကို ကျွန်တော်ရေးတတ်သလို ရေးလိုက်မိပါ တယ်ဗျာ...။ အစ်မ၀ါရေ... မဆိုင်ရင် ခွင့်လွှတ်နော်...။ နောင် ငါးနှစ်မဟုတ်ဘူး... ထာဝရဖြစ်နေမယ့် ကျွန် တော့်ရဲ့စိတ်ကူးလေးပါဗျာ...း)) ပြီးတော့ ကြာလည်း အရမ်းကြာသွားလို့ တောင်းပန်ပါတယ်ဗျာ...။ (နောက်ဆို ဘယ်သူမှတောင်တက်ဂ်ချင်မယ် မထင်တော့ပါဘူးနော်...း))
=============================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို



Wednesday, January 6, 2010

တော်ရာ နေရာ

       ပျော်ရာမှာ မနေရ..၊ တော်ရာမှာ နေနေရတဲ့ဘ၀တွေ ရေတွက်လို့မရနိုင်လောက်အောင်ပဲ အများကြီးရှိနေခဲ့မှာ သေချာပါတယ်...။ ကျွန်တော်လည်း... အပါအ၀င်ပေါ့...။ လောလောဆယ် ကျွန်တော် ရုန်းကန်နေရဆဲဖြစ်တဲ့ နေရာလေးက မြို့လေးရဲ့ ဓါတ်ပုံလေးတွေပါ....။



ဒီပုံလေးကို ကျွန်တော်ကားပေါ်က လှမ်းရိုက်ထားတာပါ...။ (အဝေးပြေးကားဂိတ်နားက နေရာလေးပေါ့....။)



ဝေးပြေးကားဂိတ်လေးပါ...။ စလုံးက သူငယ်ချင်းတွေကားစီးလာရင် အဲ့ဒီမှာရပ်တယ်လေ...။ (ကျွန်တော့်အိမ်နဲ့ သိပ်မဝေးပါဘူး...။)

အဲ့ဒီနေရာလေးကနေ ဘတ်စ်ကားစီးသွားရင် အောက်က ပုံတွေရှိတဲ့နေရာလေးကိုရောက်သွားမှာပါ...။
အဲ့ဒီနေရာကို သမိုင်းဝင်နေရာလို့ပြောပါတယ်...။ ဗြိတိသျှခေတ်က အဆောက်အဦးတွေလို့ ဆိုကြပါတယ်။




ဘုရားရှစ်ခိုးကျောင်းတစ်ခုပါ...။ ၁၇၅၃ ခုနှစ်ကလို့ ရေးထားပါတယ်..။ (ကြာလှပြီနော်...)



နာရီစင်တစ်ခု....(ဘယ်နှစ်နာရီရှိပြီလဲ ဟင်...လို့ လိုက်မေးမနေရအောင်နဲ့တူတယ်...)



နာရီစင်နဲ့ ဘုရားကျောင်းကို အဝေးက လှမ်းရိုက်ထားတာ..။ တော်တယ်နော်...:D



ရေပန်းတစ်ခု ... (ရေဆင်းမချိုးရဘူးနော်ဗျ...)



ပြတိုက်တဲ့လေ..။ နေတာကြာလှပြီ...တစ်ခါမှဝင်မကြည့်ဖြစ်သေးဘူး... (အဲ့သလောက် စိတ်ဝင်စား
တတ်တာလေ...)



ကျွန်တော်ချစ်တဲ့ ပန်းလေးတွေ....။



လေရဟတ်တစ်ခုပါ...။ (ကျွန်တော်ရိုက်တဲ့အချိန်မှာ အဲ့ဒီနေရာမှာ လူများနေတာနဲ့ မအောင့်နိုင်လို့ ရိုက်လိုက်တာပါ...။ အဲ့ဒီကောင်မလေးနှစ်ယောက်က ဘယ်နိုင်ငံသူလည်း မသိပါဘူး။ ကျွန်တော်နဲ့လည်း ဘာမှ မဆိုင်ကြောင်း ကျမ်းကျိန်အပ်ပါသည်...:D.... မျက်နှာတွေကို ၀ါးနေအောင်မလုပ်တတ်လို့ပါဗျာ...။)



အဲ့ဒါလည်း... ဟိုးတုန်းကဟာလို့ပြောကြတယ်...။ (စောစောက ရဟတ်နဲ့ သိပ်မဝေးတော့ပါဘူး...)




ခုနက ဒလက်ကြီးနားမှာ သီချင်းဆိုနေကြတဲ့ လူတွေ...။ (ဆောင်းဘောက်က လာမှလာရဲ့လားမသိဘူး...ဟင်း...)



သင်္ဘောကြီး...(အဲ့ဒီအထဲမှာ ပြခန်းတွေရှိတယ်ဗျ...။ ကျွန်တော်တော့ ၀င်မကြည့်ဖြစ်ခဲ့သေးတာ ဒီနေ့ထိပဲ)



ပင်လယ်ကမ်းစပ်နားပါဗျာ...။ (သင်္ဘောကြီးနားက လှမ်းရိုက်ထားတာလေ...)



အမြှောက်ကြီးတွေနဲ့ ချိန်ထားပါသည်။ မလှုပ်နဲ့...:D

 
ကျွန်တော်ချစ်တဲ့ ပန်းတွေပွင့်တဲ့ သစ်ပင်တစ်ပင်ပါ...။ (တရုတ်စကားပန်းလို့ထင်တာပါပဲ...)



အဲ့ဒီနေရာက ဟိုတုန်းက ရန်သူတွေကို မျှော်ကြည့်တဲ့ နေရာလို့ဆိုကြတယ်...။ တောင်ပေါ်မှာပါ...။ ကျွန်တော်ရိုက်တဲ့အချိန်မှာ အဲ့ဒီယင်းဂလိပ် အစ်မကြီး ဘယ့်နှယ်ပါလာတာလဲ မသိပါဘူး...)




အဲ့ဒီ အဆောက်အဦးထဲမှာရှိတဲ့ ကျောက်စာတွေ...။ (မျိုးကြီးဟုတ်ဘူးနော်....:D...)



ဒါက နောက်ထပ် ကျောက်စာတွေပါ...။ (ဘာတွေရေးထားတာလဲ သိဘူးဗျ...။)



အဲ့ဒီ အဆောက်အဦးနားမှာ ရှိတဲ့ ဂူတွေပါ...။ လူသေတွေ မြုပ်ထားတာလေ...။ (ကြောက်စ်စရာကြီးနော်...)



ခုနက နေရာကနေ ဆင်းလာခဲ့တော့ တွေ့ရတဲ့ အဆောက်အဦးပါဗျာ...။ (တွေ့ရတာတွေကတော့ စိတ်ဝင်စားစရာတွေပဲနော်...။)



တယော သင်ကြဦးမလားဗျ...။ (အပေါ်က အဆောက်အဦးထဲမှာလေ....၊ တယောတီးပြရင်း ပိုက်ပိုက်ရှာနေတဲ့ ချစ်စရာ အဖိုးတစ်ယောက်...)



အဲ့ဒီ အဆောက်အဦး ရှေ့က အမြှောက် နောက်တစ်ခု...။ (မလှုပ်နဲ့နော်... ပြောနေတယ်...:D...)



ပန်းဆိုက်ကား...စီးကြဦးမလားဗျာ...။



ဖိုးဖိုးတစ်ယောက်ရဲ့ ရုပ်ထုတစ်ခု... (နာမည်မသိတာ ခွင့်လွှတ်ပါဗျ...။)



ကျွန်တော်ချစ်တဲ့ ပန်းကလေးတွေ....။ (မြင်ရင်မနေနိုင်လို့ ရိုက်ထားမိတာပါ...)


နောက်ထပ် ကျွန်တော်ချစ်တဲ့ပန်းလေးတွေ....။

@@@@@@@@@@


အဲ့ဒါ ကျွန်တော်နေတဲ့ တော်ရာဆိုတဲ့ နေရာလေးမှာရှိတဲ့ အမှတ်ရစရာနေရာလေးပါဗျာ...။ လာလည်ကြပါဦးနော်...။ ဒါပေမယ့် လာလည်ခဲ့ရင်တော့  ချစ်ခင်ရတဲ့ အစ်ကိုလူထွေးရဲ့ ဒီနေရာလေးမှာဗေဒင်ဟောထားတဲ့ အတိုင်း... တနင်္ဂနွေသားဖြစ်နေခဲ့တာမို့ လိုက်နာမယ့် ယတြာအတိုင်းဆောင်ရွက်မှာပါ...။ စိတ်မဆိုးကြပါနဲ့နော်.:D..။  ပုံတွေအားလုံက မလေးရှားနိုင်ငံ မလက်ကာ မြို့လေးရဲ့ ပင်လယ်ကမ်းစပ်နားမှာရှိတဲ့ မာကိုတာ(makota) လို့ ခေါ်တဲ့ ရှေးဟောင်းနေရာလေးကပါ...။ မာကိုတာဆိုတာ ခံတပ်လို့ အဓိပ္ပာယ်ရတယ်ဆိုလား မသိပါဘူးဗျ...။ ဟိုး..တုန်းက ပေါ်တူဂီတွေလာပြီး နယ်ချဲ့ဝင်ရောက်ခဲ့တဲ့နေရာလေးရဲ့ အစလို့ပြောကြပါတယ်...။
 သူငယ်ချင်းတွေရဲ့ ပြောစကားအရ ကျွန်တော် အပြင်ထွက်ရင် မိုးရွာလိမ့်မယ်လို့ ဆိုခဲ့တဲ့အတိုင်း အဲ့ဒီနေ့က အပြန်မှာ တစ်ကယ်ပဲ မိုးရွာခဲ့ပါတယ်...။ ကျွန်တော့်ပုံပါတဲ့ ဓာတ်ပုံလေးတွေကို တင်ချင်ပေမယ့် နေ့ခင်းဆိုလည်း နေ့ခင်းကြောင်တောင်...၊ ညဆိုလည်း ညကြီးမင်းကြီး... ဘလော့ပေါ်မှာ သရဲထခြောက်တယ် ထင်နေမှာစိုးလို့ မတင်လိုက်တော့တာကို ချစ်ခင်ရတဲ့ မောင်နှမတွေကတော့ ကြိတ်  ၀မ်းသာနေမယ်ထင်ပါတယ်....:D
@@@@@@@@@@

P.S ဓာတ်ပုံတွေက ဖုန်းမှာပါတဲ့ ကင်မရာလေးနဲ့ ရိုက်ထားတာမို့ အရည်အသွေးသိပ်မကောင်းတာ ခွင့်လွှတ်ပါခင်ဗျ...။ နောက်မို့ဆို မြန်မာပြည်က နာမည်ကြီးဓာတ်ပုံဆရာ ၀ဏ္ဍခွါညို (စာလုံးပေါင်း မှားသွားလားမသိ) နဲ့ နင်လားငါလားဖြစ်နေမှာ စိုးလို့ပါခင်ဗျ....)

========================================================
အမှန်ကတော့ အမ၀ါရဲ့ တက်ပို့စ်လေးကိုရေးနေခဲ့တာပါ...။ ရေးရင်းနဲ့ ကိုယ့်ကိုယ်ကို သနားလာလို့ ဒီပို့စ်လေးကို တင်လိုက်တာပါ...း))
အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ....။)
========================================================
ချစ်ခြင်းအားဖြင့်..............
ဏီလင်းညို