Sunday, January 10, 2010

သို့သော်လည်း.....



       မြက်ခင်းစိမ်းစိမ်းလေးပေါ်တွင် ကြွေကျနေခဲ့လေသော သစ်ရွက်ခြောက် ကလေးများကို မြင်နေခဲ့ရသည်မှာ ညှိုးနွမ်းဆိတ်သုန်းလွန်းလှ၏။ အင်းလျားကန်ရေပြင်ကို ဖြတ်သန်းကာ တိုက်ခတ်နေခဲ့သော လေပြေတစ်ချို့ကြောင့် ရေပြင်အထက်တွင် လှိုင်းကြပ်ခွပ်လေးများ ထနေခဲ့ရသည်။ ရေအစပ်ရှိ မြက်ပင်ရှည်ရှည်လေးတစ်ချို့ လေယူရာသို့ လိုက်ပါယိမ်းနွဲ့နေ ခဲ့ကြတာကို အဓိပ္ပာယ်မဲ့လွန်းစွာ သူငေးကြည့် နေမိခဲ့၏။

       သာမန်ရုံးဖွင့်ရက်လေးဖြစ်နေခဲ့တာမို့ ညနေ လေးနာရီလောက်ဖြစ်နေခဲ့တာတောင်မှ မြကျွန်းသာ အ ပန်းဖြေဥယျာဉ်လေးထဲတွင် လူရှင်းနေခဲ့သည်။ ထို့ထက်ပိုပြီး သူတို့ရောက် နေခဲ့သော ဆိတ်ငြိမ်ကျွန်းလေး တွင် ပိုမိုလူရှင်းနေခဲ့တာ အမှန်ပင်...။ နွေဦးရာသီရဲ့ ညနေ စောင်းအချိန်ဖြစ်နေခဲ့တာမို့ အပြင်ဘက်တွင် ပူ လောင်ကျွမ်းမြနေလွန်းခဲ့သည်။ သို့သော်လည်း သူတို့ပတ်ဝန်းကျင်လေးတွင်မူ သစ်ပင်အုပ်များရဲ့ အရိပ် နှင့်ရေပြင်ကိုဖြတ်သန်း တိုက်ခတ်နေခဲ့သော လေပြေညင်းတို့ကြောင့် အေးချမ်းစွာရှိနေခဲ့ရပါသည်။ သို့ သော်လည်း သူ့ရင်ထဲတွင် မငြိမ်းချမ်းနိုင်ခဲ့ပါ...။

      ရွက်ခြောက်များပေါ် နင်းဖြတ်လာသောခြေသံတစ်စုံကြောင့် သူလှည့်ကြည့်လိုက်မိ၏။ တိုက်ခတ်နေ သော လေပြေနှင့်အတူ တစ်လွင့်လွင့်မျောပါနေခဲ့လေသော ဆံပင်ရှည်ရှည် လေးများနှင့် “သက်ထား”...ဟု မြတ်နိုးစွာခေါ်ခဲ့ရသည့် သူ့ရဲ့ နှလုံးသားဗဟိုရပ်ဝန်းလေး ကိုတွေ့လိုက်ရသည်။ စောစောတုန်းကတော့ ကန် စပ်အနား၊ ခပ်လှမ်းလှမ်းမှာရှိသည့် ခုံတန်းလေးပေါ်တွင် သူတို့နှစ်ယောက် အတူတူထိုင်နေခဲ့ကြသေးသည်။ နောက်တော့ သူက ဒီနေရာလေးမှာလာရပ်ရင်း လှိုင်းကြပ်ခွပ်လေးများထနေသော ကန်ရေပြင်ကို အ ဓိပ္ပာယ် မဲ့လွန်းစွာငေးနေမိတာ...။ သက်ထားကတော့ ထိုခုံလေးမှာထိုင်ကျန်နေရစ်ခဲ့တာ....။

       အနားမှာ ညင်သာစွာလာရပ်သော သက်ထားရဲ့ မျက်နှာလေးကို သူငေးကြည့်လိုက်မိ၏။ သက်ထား ရဲ့ မျက်နှာလေးက မှိုင်းဖျဖျအရိပ်လေးတွေဖုံးလွှမ်းနေဆဲ...။ ‘အရင်လို ပြုံး နေစမ်းပါ သက်ထားရယ်’...ဟု ရင်ထဲမှ သူဆိုမိသည်။

      “မောင်”...

       သက်ထားက နှုတ်ခမ်းလေးလှုပ်ရုံသာ ခပ်ဖွဖွလေသံလေးဖြင့် သူ့ကိုခေါ်၏။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အဲ့ဒီလိုခေါ်သံလေးကိုကြားလိုက်ရတိုင်း သူ့ရင်တွေနွေးထွေးစွာရှိနေခဲ့ရတာကို သက်ထားတစ်ယောက်တော့ သိချင်မှ သိလိမ့်မည်။ သိအောင်လည်း သူမပြောပြခဲ့ဖူး....။ တစ်ခါတစ်လေ သက်ထားပြောတတ်တဲ့ “မောင်.. သက်ထား ချစ်သလောက် မချစ်ဘူး”... ဆိုတဲ့ စကားလေးများကိုပင် သူပြန်လည်ချေပစွာ ဖြေ ရှင်းမပြခဲ့ဖူးပါ။ အပြင်ပန်းမှာ အေးစက် စက်နိုင်ခဲ့သလောက် ရင်ထဲမှာ သိပ်ချစ်တတ်တာကို သူကိုယ်တိုင် မှလွဲပြီး ဘယ်သူမှလည်း သိနိုင်လိမ့်မယ်မထင်မိခဲ့တော့...။ သိဖို့လည်း လိုအပ်ခဲ့လိမ့်မည်ဟု... သူဘယ် တုန်းကမှ ထင်မထားခဲ့ပါ...။

       မျက်ခုံးနှစ်ဖက်ကိုပင့်ကာ ‘ဘာလဲ’... ဟု အသံမဲ့စွာသူမေးလိုက်တော့ သက်ထားက မျက်လွှာလေးကို အသာအယာချ၏။ နောက် (သူမြတ်နိုးလွန်းတတ်သော) မျက်လွှာကလေးကို တစ်ချက်ပင့်ကာသူ့ကို ကြည့် ရင်း....

      “သက်ထား.... တစ်ခုလောက်တော့ မေးချင်တယ်”...

       “မေးလေ... သက်ထား”...

       သက်ပြင်းတစ်ချက်ရှိုက်ရင်း ခေါင်းငြိမ့်ကာ လေးပင်စွာဖြင့် သူပြောလိုက်သည်။ လေထဲတွင် လွင့်နေ ဆဲဖြစ်သော ဆံပင်တစ်ချို့ကိုလိုက်လံသိမ်းဆည်းရင်း သက်ထားက...

      “စောစောက မောင်ပြောသွားတဲ့ စကားတွေက သက်ထားအပေါ်မှာ သိပ်ရက်စက်ရာ ကျနေတယ်လို့ မောင်မထင်မိဘူးလားဟင်”....

       မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားစေလောက်အောင် ဖြတ်ရိုက်ခံလိုက်ရသလို သူခံစားလိုက်ရ၏။ ရင်ဘတ်အတွင်းပိုင်းမှ တစ်ဆစ်ဆစ်နာကျင်လာကာ သက်ထားကို သူငေး ကြည့်မိလိုက်သည်။ သက်ထား ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ တစ်ဆတ်ဆတ်လှုပ်ခါနေတာကို သူသတိထားလိုက်မိသည်။ ရင်ထဲတွင် ဆို့နင့်နေခဲ့စွာဖြင့် သူမျက်နှာလွဲရင်း....

      “သက်ထားကြိုက်သလို ထင်ပါတော့....၊ မောင် ဘာကိုမှ ဖြေရှင်းဖို့ကြိုးစားမိတော့မှာ မဟုတ်တော့ ပါဘူး....။ ဒါပေမယ့်”....

       “ဒါပေမယ့် ဘာဖြစ်လည်းမောင်...၊ မောင်ပြောခဲ့တာတွေက သက်ထားအတွက်ပါလို့ ပြောဦးမလို့ လား...၊ တော်ပါတော့မောင်ရယ်”....

       သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်သော သက်ထားရဲ့စကားသံလေးတွေက တုန်ယင်စွာလှုပ်ခတ်နေ ခဲ့ကြ၏။ ချစ်သူ၏ နာကျည်းသံစွက်နေသော လေသံတိုးတိုးလေးက သူ့ရင်ကို မုန်တိုင်းထန်စေနိုင်ခဲ့လေသ လား...။ သက်ထားရဲ့ မျက်ဝန်းလေးတွေက အနည်းငယ်နီ မြန်းစွာ စွတ်စိုနေခဲ့သေးရုံသာမက နှုတ်ခမ်း ထောင့်စွန်းလေးများ တစ်ဆတ်ဆတ်လှုပ်ခါနေခဲ့တာကို သူထပ်ပြီး သတိထားမိလိုက်ပြန်သေးသည်။ ဘ၀မှာ ရှုံးနိမ့်မှုတွေများခဲ့ရတဲ့ သူ့အတွက်ရှားပါးစွာ မြတ်နိုးတန်ဖိုးထားချစ်ခဲ့ရတဲ့ ချစ်သူကောင်မလေးတစ်ယောက် ၀မ်းနည်း ကြေကွဲစွာ ခံစားနေရတာကို ဆုံးပါးခြင်းများစွာဖြင့် သူငေးစိုက်ကြည့်နေခဲ့မိ၏။ တစ်ခြားဘာဆို ဘာမှ သူမတတ်နိုင်တော့ပြီလား...ဟု ရင်တွင်းမှ ကိုယ့်ကိုယ်ကို ကြေကွဲစွာဖြင့် မေးမိခဲ့ပေမယ့် အဖြေက ရေရာစွာထွက်မလာခဲ့ပါ...။ သူကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကိုပြန်မကယ် နိုင်ခဲ့ရလောက်အောင် ခံစားရင်း ကြေကွဲနေခဲ့ရတာ ဘာသာအသိဆုံးမို့ပင်...။ အခြေအနေ မတူညီတဲ့ ဘ၀နှစ်ခုကို ညီမျှအောင်ကြိုးစားနေခဲ့ ရင်း ရှုံးနိမ့်ခဲ့ရသော ချစ်ခြင်းတစ်ခုအတွက် သူဘယ်လိုနှစ်သိမ့်နိုင်မလဲဆိုတာကိုလည်း... ခုချိန်မှာ မစဉ်းစား တတ်တော့...။ သေချာနေခဲ့တာတစ်ခုကတော့ သူသက်ထားကို မြတ်နိုးစွာ သိပ်ချစ်နေဆဲဆိုတာပင်ဖြစ်ပါ သည်။ သို့ သော်လည်းလေ...။

       “တစ်ကယ်ဆို မောင်ပြန်စဉ်းစားကြည့်လိုက်ပါ...။ မောင်ဝါသနာပါတဲ့ စာတွေ ကဗျာ တွေရေးတာ သက်ထားဘယ်တုန်းကများ တားမြစ်ပိတ်ပင်ခဲ့ဖူးလဲ...၊ မောင်ဆေးလိပ်တွေ သောက်တာကို စိုးရိမ်လို့ သ တိပေးပေမယ့် ဘယ်တုန်းက ပိတ်ပင်ခဲ့ဖူးလည်း...၊ မောင် လုပ်တတ်တဲ့ လူမှုရေးအလုပ်ကလေးတွေကို လုပ်ဖို့အတွက် သက်ထားနဲ့တွေ့ရမယ့်အချိန် တွေကိုသုံးပစ်တာကိုရော သက်ထားဘယ်တုန်းက ငြူစူခဲ့ဖူး လည်း...၊ ဒါနဲ့များ မောင်ရယ်”

       မချိတင်ကဲ လေသံလေးနှင့်ပြောနေသော သက်ထားကို သူငေးကြည့်နေမိခဲ့သည်။ လေတိုးနေသော ကြောင့် သက်ထားရဲ့ အင်္ကျီလက်ရှည်ဖြူဖြူလေးက တစ်ဖျတ်ဖျတ်လူးလွန့်နေခဲ့တာကိုတွေ့နေရ၏။ ထိုအ င်္ကျီလေးတစ်ထည်ရဲ့တန်ဖိုးမှာ လွန်ခဲ့သည့်တစ်ပတ်ကျော်ခန့်က သူအလုပ်ထွက်ခဲ့သော ကုမ္ပဏီတစ်ခုမှ သူရသည့်တစ်လစာနီးပါး ငွေပမာဏနှင့် ညီမျှ နေခဲ့တာကိုလည်း သက်ထားသိအောင် သူမပြောပြချင် မိတော့ပါ...။ အရာရာချို့တဲ့လွန်းခဲ့ရသည့် ဘ၀တစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ရပေမယ့် သူသက်ထားကို သိပ် ချစ်ခဲ့မိတာအမှန်ပင်။ သက်ထားက ဆက်ပြောသည်။

       “အခုလည်း မောင် တစ်ခြားနိုင်ငံကိုသွားတော့မယ်...၊ မောင့်ဘ၀အတွက်...၊ မောင့်မိဘတွေအတွက် သွားတယ်ဆိုတာကို သက်ထားနားလည်တယ်...၊ ဘယ်လောက်ကြာမလဲ ဆိုတာ မောင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမသိနိုင်ဘူးဆိုတာကိုလည်း လက်ခံတယ်...၊ ဒါ ပေမယ့် မောင်ရယ်...သက်ထားရဲ့ဘက်က မောင့် ကို စောင့်နေပါမယ်ဆိုတာတောင်မှ”....

       ပြောရင်းဖြင့် အသံလေးတိမ်ဝင်ကာ ခေါင်းလေးငုံ့ရင်း တစ်ချက်မျှကျိတ်ရှိုက်လိုက်သော သက်ထားကို သူကြေကွဲစွာကြည့်နေမိခဲ့၏။ ခဏခဏ ချရဖန်များနေခဲ့သော သက်ပြင်းတစ် ချက်ကိုသူထပ် ရှိုက်လိုက်ရင်း

       “မစောင့်ပါနဲ့လို့ မောင်ထပ်ပြောချင်တယ်သက်ထား”....

       တစ်ချိန်လုံးငြိမ်သက်နားထောင်နေခဲ့သော သူ့ထံမှစကားသံကြောင့် သက်ထားက မော့ကြည့်သည်။ မျက်ဝန်းလှလှလေးတစ်ဝိုက်တွင်ခိုတွဲနေခဲ့လေသော ချစ်သူရဲ့ အငိုမျက်ဝန်း များကို သူမျက်နှာလွှဲလိုက်ရင်း ဆက်ပြောမိ၏။

       “မနက်ဖြန်ကိုတောင် သေချာမပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ မောင်တို့ရဲ့ဘ၀တွေမှာ ဘယ်အရာမှ မတည်မြဲ ပါဘူး....၊ ဒါကို သက်ထားလည်းသိပါတယ်...၊ ပြီးတော့ မောင့်ရဲ့ဘ၀နဲ့ သက်ထားရဲ့ဘ၀...၊ လုံးဝမနီးစပ် နိုင်တာ နေ့စဉ်နဲ့အမျှ မောင်ပိုသိလာခဲ့ရတာကြာပြီ...။ မသေချာလွန်းတဲ့ မောင့်ဘ၀တစ်ခုအတွက် သက် ထားကို အချိန်ကုန်ခံပြီးစောင့်မနေစေချင်တာကို မောင်မမှားဘူးလို့ ကိုယ့်ကိုယ်ကိုထင်မိပါတယ် သက်ထား ရယ်...
       ပြီးတော့ ဒီရက်ပိုင်းထဲမှာ မောင်သွားရတော့မယ့်နေရာသစ်တစ်ခုမှာ အဆင်ပြေမှုတွေ မောင့်အတွက် ရှိနေ...၊ မရှိနေဘူးဆိုတာကိုလည်း ဘယ်သူမှကြိုမသိနိုင်ဘူးလေ...၊ တစ်ဦးနဲ့တစ်ယောက် မိုင်တွေအများ ကြီးဝေးကွာတဲ့နေရာမှာနေပြီး... မရေရာနိုင်လွန်းတဲ့ မောင့် ဘ၀တစ်ခုအတွက် သက်ထားကို ချည်နှောင်မ ထားသင့်ဘူးလို့ မောင်ယူဆထားခဲ့မိတာ အမှားတစ်ခုလား”....

       ပြောရင်း အဖျားတွင်အနည်းငယ်တုန်ယင်သွားသော သူ့စကားသံကြောင့် သက်ထားက ခေါင်းကို တွင်တွင်ခါယမ်းရင်း ကယောင်ကတမ်းနိုင်လှစွာ သူ့နှုတ်ခမ်းများပေါ်သို့ လက်ဖ၀ါးလေးဖြင့် အတင်းလိုက် ပိတ်လေတော့သည်။ သူ သက်ထားရဲ့လက်ဖ၀ါးလေးများကို ညင်သာစွာဆွဲဖယ်မိရင်း....

       “တစ်ကယ်ပါသက်ထားရယ်...၊ မောင့်ကို ပြောခွင့်ပေးပါတော့...။ မိသားစုတာဝန် ဆိုတာ မောင့်ပခုံး ပေါ်မှာပါ...၊ ဘယ်သူမှပေးအပ်တဲ့အရာမဟုတ်ပေမယ့်လည်း မောင်ကိုယ်တိုင်ကျေကျေနပ်နပ် ထမ်းရွက် ချင်ခဲ့တဲ့ အရာတစ်ခုပါ...။ ပြီးတော့ မောင်ဆိုတဲ့ ကောင်ဟာ တစ်ကယ်လို့ တစ်ချိန်ချိန်မှာ မြန်မာပြည်ကို အ ပြီးပြန်လာဖြစ်ခဲ့ရင်တောင်မှ သက်ထားတို့ရဲ့ အသိုင်းအ၀ိုင်းကဖြစ်စေချင်တဲ့ ပညာတတ်ကြီး၊ နောက် စီးပွား ရေးလုပ်ငန်းရှင်ကြီးအဖြစ်ရပ် တည်နေနိုင်မှာ... နေခဲ့မှာမဟုတ်ပဲ အေးအေးချမ်းချမ်း ခြံကလေးတစ်ခြံမှာ နှစ်ရှည်သီးပင် လေးတွေစိုက်ရင်း တစ်ဖက်က စာအုပ်အရောင်းဆိုင်... ဒါမှမဟုတ်အငှားဆိုင်လေးဖွင့်ပြီး ဘ၀ကို ရိုးရိုးသားသား တိတ်တိတ်ဆိတ်ဆိတ်လေး ဖြတ်သန်းချင်နေခဲ့တဲ့သူလေ...။ မောင် ၀ါသနာပါတဲ့၊ ဘယ်သူမှ အသိအမှတ်မပြုတဲ့ မတောက်တစ်ခေါက်စာလေးတွေ ကဗျာ လေးတွေရေးရင်းနဲ့ပေါ့...
       ပြီးတော့ သက်ထားမှာလည်း သက်ထားတို့အသိုင်းအ၀ိုင်းက သဘောတူကြည်ဖြူထားပြီးသားလူရှိ တယ်ဆိုတာကို ကျောင်းသားဘ၀မှာ မောင်မသိခဲ့တာ အမှန်ပါ...။ ဒါပေမယ့် အခုအခြေအနေမှာ မောင်က သက်ထားအနားမှာ နေခွင့်ရှိတဲ့အချိန်တွေကို ကိုယ်ကိုယ်တိုင်အဆုံး သတ်ခဲ့ရပြီမို့ အဆင်ပြေသာယာတဲ့ ဘ၀တစ်ခုကို ဘာအချုပ်အနှောင်မှမရှိပဲ သက်ထားကို ပိုင်ဆိုင်စေချင်လို့ မောင့်ကို စောင့်မနေခိုင်းတော့တာ နားလည်ပေးပါ သက်ထားရယ်”...

      ပြောရင်းဖြင့် ဆုတ်ကိုင်ထားမိတဲ့ သက်ထားရဲ့လက်ဖ၀ါးလေးကို သူဖြစ်ညှစ်ရင်းအား ပေးလိုက်မိတော့ ချစ်သူက အငိုမျက်ဝန်းလေးနှင့်ကြည့်ရင်း ခေါင်းကို ညင်သာစွာယမ်းလေ၏။ နောက်...‘မောင်မရှိပဲ သက် ထားပျော်နိုင်မယ်ထင်လား’...ဟု ခပ်တိုးတိုးရှိုက်ရင်း မေးခဲ့ သည်။ သူ့ရင်တွေ ကြေမွကုန်ပြီထင်ပါသည်။

       ထိုစဉ် သက်ထားလွယ်ထားသော အိတ်ကလေးထဲမှ သာယာသောဖုန်းမြည်သံလေးကို နှစ်ယောက် သားကြားလိုက်ရသည်။ သက်ထားက သူ့အိတ်လေးထဲမှ လက်ကိုင်ဖုန်းလေးကိုအသာထုတ်ရင်း ခပ်တိုးတိုး ပြောနေတာကို သူငေးကြည့်နေခဲ့မိ၏။ ဟိုး... အရင် ကျောင်း သားဘ၀တုန်းက သူချစ်ခဲ့မိသော သူ့ရှေ့မှ ချစ်သူလေးကို အစစအရာရာပြည့်စုံသာလွန်နေခဲ့သောအနေအထားတစ်ခုမှန်း သူမသိခဲ့ရိုးအမှန်ပင်..။ သို့ သော် အခုတော့ အစစ အရာရာ ကွာခြားလွန်းနေခဲ့သော သူတို့နှစ်ယောက်ရဲ့အခြေအနေတွင် ပျက်သုန်းရ တော့မည့် သူ့အချစ်တစ်ခုအတွက် သူတိတ်တစ်ဆိတ်ကြေကွဲနေတော့ပါမည်။ အစစ အဆင်ပြေနေခဲ့သော သက်ထားရဲ့ဘ၀လေးကို မရေရာလွန်းသောသူ့ဘ၀ကြောင့် အနှောက်အယှက်မဖြစ်စေချင် မိတော့ပါ...။ သို့သော်လည်း... သူ့အပေါ်တွင်ဖြူစင်စွာ ချစ်နိုင်လွန်းသော သက်ထားရဲ့အတွက် သူ့ရင်ထဲတွင်လည်း ထိရှ လွန်းနေခဲ့စွာ ခံစားနေရပါသည်။

       ဖုန်းပြောလို့ပြီးသွားတာမို့ ဖုန်းကို အိတ်ထဲသို့ပြန်ထည့်ရင်း သက်ထားက ခပ်တိုးတိုးပြော၏။

       “ရူပါ ဆက်တာ... သူအခု ပန်းခြံရှေ့က ကားပါကင်နေရာမှာ ရောက်နေပြီတဲ့လေ”...

       သူခေါင်းငြိမ့်ပြလိုက်၏။ မျက်စိထဲတွင်လည်း သူ့ကို အရည်မရ အဖတ်မရအလုပ်တွေ လုပ်နေတဲ့ က လေကချေကောင်ဟု စွပ်စွဲတတ်သော၊ ကြီးပွားတိုးတက်မယ့်ကောင်မဟုတ် ဟုဆိုတတ်သော၊ သက်ထား နှင့် သူရဲ့ချစ်ခြင်းကို ခါးသီးစွာ ကန့်ကွက်တတ်သော ရူပါဆို တဲ့ မိန်းကလေးကို မြင်ယောင်လာမိ၏။ သက် ထားရဲ့ အချစ်ဆုံးသူငယ်ချင်းမလေးဖြစ်နေခဲ့ပေမယ့် သူ့ကိုတော့ ခါးခါးသီးသီး မုန်းတီးရှုတ်ချတတ်သော သူတစ်ယောက်။ သို့သော်လည်း ရူပါပြောတာတွေက အများထင်မြင်ချက်နှင့် အတိအကျဖြစ်နေခဲ့တာမို့ သူ ဘယ်တုန်းကမှပြန်လည် ငြင်းဆန်ခဲ့မိခြင်းမရှိပါ...။ သူ့ကို အငိုမျက်ဝန်းလေးများနှင့် ကြည့်နေဆဲ ဖြစ်သော သက်ထားကို သူတိုးတိုးလေးမေးလိုက်သည်။

       “သူတစ်ယောက်ထဲ လာတာလား”...

       “အင်း... လာတုန်းကတော့နှစ်ယောက်ပါ...။ အိမ်ကကားကို သက်ထားယူလာတာလေ သူက သက် ထားကို ဒီမှာပို့ခဲ့ပြီး သူ့အစ်မအိမ်ခဏသွားနေတာ...။ အခုပြန်လာခေါ်တာ”....

       “သြော်”....

       နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်သေးပဲ ခဏတာငြိမ်နေမိခဲ့ကြသည်။ လေပြေကတော့ အဆက်မပြတ်ဆိုသလို သူတို့နှစ်ယောက်ကြားတွင်ခပ်တိုးတိုးတိုက်ခတ်နေဆဲ...။ အတန်ကြာမှ သက်ပြင်း တစ်ချက်ကို သူထပ်မံရှိုက်လိုက်ရင်း...

       “ကဲ... သက်ထားသွားတော့...၊ ထာဝရအတွက် ဒီညနေလေးမှာ မောင်အပြီးတိုင် နှုတ်ဆက်လိုက်ပါ တယ်”....

       သူ့စကားသံကြောင့် သက်ထားရဲ့ခန္ဓာကိုယ်လေး ယိုင်ခနဲဖြစ်သွားသယောင်ပင်...။ သို့သော်လည်း ဆုံးဖြတ်ချက်ချပြီးခဲ့လျှင် ပြန်လည်ပြင်ဆင်ပစ်ဖို့ခေါင်းမာတတ်လွန်းသော သူ့ အကြောင်းကိုသိထားတာမို့ စီး ကျလာသော မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်ရင်း...

       “ဒါဆိုလည်း... သက်ထားသွားပြီမောင်...။ မောင်က မေ့စေချင်တယ်ဆို သက်ထားကြိုးစားပါ့မယ်...၊ ဒါပေမယ့် သက်ထားကိုယ့်ကိုယ်ကို မသေချာနိုင်ခဲ့သေးတာကိုတော့ ခွင့် လွှတ်ပါမောင်...။ သက်ထားလည်း မောင့်ကို ထာဝရမဖြစ်ချင်ပေမယ့် မောင့်ဆန္ဒအရ နှုတ်ဆက်ခဲ့ပါတယ်”....

       သူခေါင်းငြိမ့်ပြလိုက်မိသည်ထင်ပါသည်။ ခေါင်းငြိမ့်ရင်း ဘယ်လောက်ကြာကြာခေါင်း ငုံ့နေခဲ့မိသည်မ သိပါ...။ သူပြန်မော့ကြည့်မိတော့ ခပ်ဝေးဝေးသို့ရောက်နေခဲ့ပြီဖြစ်သော ချစ်ခဲ့ရသူ သက်ထားရဲ့ နောက် ကျောဖြူဖြူလေးကို ခပ်ရေးရေးမျှသာမြင်နေရတော့၏။ စီးကျလာခဲ့သော မျက်ရည်တစ်စက်နှစ်စက်ကို လက်ခုံဖြင့်ပွတ်သုတ်မိရင်း ခပ်တိုးတိုး သူဆိုမိ၏။

       “မင်းကို မောင်ချစ်လွန်းလို့ပါ သက်ထားရယ်”....

                                                         @@@@@@@@


        ချစ်သူကို ချန်ထားရစ်စေခဲ့သော မိုးမချုပ်မီအချိန်လေးတွင် အမှောင်ရိပ်တစ်ချို့ဝင်ရောက် လာတာ သူ့အတွက် စောလွန်းလှသည်ထင်မိ၏။ သူ့နှလုံးသားတစ်စုံကတော့ ခပ်တိုးတိုးတိုက်ခတ်နေသော လေပြေနှင့်အတူ ခပ်ဆွေးဆွေး ငိုညည်းနေခဲ့ရပါသည်။

        သို့သော်လည်း....။        ။

                                                           @@@@@@@@

(ပုံလေးကိုဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ...)


အစ်မ၀ါရဲ့ ပို့စ်လေးကို ဆက်ပြီးတက်ဂ်ချင်ပါသေးတယ်...
ညီမလေးမြတ်မွန်
ညီမလေးအင်ကြင်းသန့်
မကြီးချစ်ကြည်အေး(မကြီးအေး)
ကိုမိုး
နောက် စိတ်၏ဖြေရာ
ညီလေးကိုတူး ညရဲ့ကောင်းကင်
သူငယ်ချင်းခြင်ကလေး
ပျောက်နေတာကြာတဲ့ကိုချမ်း(ချမ်းလင်းနေ)
ညီမလေးအကီနို
ညီလေးညီညီ(အနာဂတ်သံစဉ်)

စတဲ့ သူတွေကို တက်ဂ်လိုက်ချင်ပါတယ်...။ အစ်မ၀ါလိုပဲ ကျွန်တော်လည်း သူတို့ရဲ့စိတ်ကူးလေးတွေကို သိချင် မိလို့ပါခင်ဗျာ...။ အားရင်ရေးပေးကြပါဦးနော်...။ မူရင်းပို့စ်က ဒီနေရာလေးမှာပါ...။ ကိုယ်ကြိုက်တဲ့ပုံ စံလေးတွေနဲ့ ရေးပေးပါနော်ဗျ...။
=============================================================
ခင်မင်ရတဲ့ အစ်မ၀ါရဲ့ဒီနေရာလေးမှာတက်ဂ်ထားတဲ့ ပို့စ်လေးကို ကျွန်တော်ရေးတတ်သလို ရေးလိုက်မိပါ တယ်ဗျာ...။ အစ်မ၀ါရေ... မဆိုင်ရင် ခွင့်လွှတ်နော်...။ နောင် ငါးနှစ်မဟုတ်ဘူး... ထာဝရဖြစ်နေမယ့် ကျွန် တော့်ရဲ့စိတ်ကူးလေးပါဗျာ...း)) ပြီးတော့ ကြာလည်း အရမ်းကြာသွားလို့ တောင်းပန်ပါတယ်ဗျာ...။ (နောက်ဆို ဘယ်သူမှတောင်တက်ဂ်ချင်မယ် မထင်တော့ပါဘူးနော်...း))
=============================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို



27 comments:

မောင်မိုး said...

ကိုဏီရေ...ရေးရမှာတောင် ခပ်တွန့်တွန့်ပဲဗျာ။ အနုအရွအလှအပလေးတွေ တစ်ခါမှ မရေးဘူးတော့ ဖိန်းနေတယ်ဆိုပါတော့ဗျို့။
ကိုဏီတို့များရေးထားလိုက်တာ....ငိုရင်းနဲ့ ရေးနေသလားမှတ်ရတယ်။
ကျွန်တော်လည်း ကြိုးစားပြီးရေးပါဦးမယ်။ :D

ကာရံမဲ့ said...

အစ်ကိုက အစ်မ၀ါ တက်ဂ်လို့ ရေးခဲ့တာဆိုပေမယ့် အစ်ကိုယ့်ရဲ့ တကယ် အဖြစ်အပျက်လေးလားဗျ.။ အရမ်းပဲ ခံစားလိုက်ရတယ်.။

အားပေးလျက်ပါဗျို့.....

WWKM said...

အင်းးး ဇာတ်လမ်းလေးက ဆွဲခေါ်သွားတာ ကောင်းမှကောင်းပါပဲ ဏီလင်းညိုရေ.
စာရေးကောင်းလိုက်တာ အရမ်းပါပဲလား.
ရင်ထဲမှာ ရှိနေပြီးသားဇာတ်လမ်းလေးကို အချိန်အကြာကြီးယူပြီး
ခံစားချက်အပြည့်နဲ့ရေးပေးတာ ကျေးဇူးတင်ပါတယ်နော်.
ဇာတ်လမ်းလေးဟာ ၀တ္ထုသာဆိုရင် အရမ်းဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် စာဖတ်သူကို ရင်ထဲမှာ စွဲကျန်ခဲ့နိုင်
အောင်ပဲ ကောင်းမွန်လှပါတယ်လို့ပဲ ပြောမိမှာပါ။
ဒါပေမယ့် ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်လေးဆို
တော့ တကယ်စိတ်မကောင်းမိပါဘူး.ဏီလင်းညိုရေ..
ဏီလင်းညိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိကြိုးစားပေါ့.
ကိုယ့်ကပြည့်ပြည့်စုံစုံ အခြေအနေနဲ့ ပြန်နိုင်တဲ့အချိန်မှာ ချစ်သူ
နဲ့ ပြန်ဆုံနိုင်ရင် ပြန်ဆုံနိုင်ဦးမှာပါကွယ်..
ဖူးစာပါရင် ဘယ်သူဖျက်ဖျက်မရနိုင်ဘူး ထင်ပါရဲ့..
ရင်ထဲမှာ စွဲမြဲစွာရှိနေတဲ့ ချစ်သူလေးအကြောင်း ရင်ဖွင့်ရေးပေးတာ ကျေးဇူးအထူးတင်မိပါတယ်နော်.

ဒါနဲ့ တက်ဂ်ပို့စ် အဖြေ နံပါတ် ၁က.. ဘာလုပ်ချင်တဲ့ ရည်ရွယ်
ချက်ကလေးပေါ့..း))
နောင် ၅နှစ်မှာ ဘာအလုပ်လုပ်ဖို့စိတ်ကူးရည်မှန်းချက်ကလေးရှိ
ထားလဲဆိုတာ ရှိနေရင်တော့ ပြောပြပေးပါဦး။ မရှိသေးဘူးဆိုရင်လည်း အကြောင်းမဟုတ်တော့ပါဘူး။

တက်ဂ်ပို့စ်အတွက် ဇာတ်လမ်းလှလှလေးရေးပေးတာ ကျေးဇူးပါ။

ခင်မင်စွာနဲ့

အစ်မ၀ါ

ဒဏ္ဍာရီ said...

ဒို့အကိုကတော့ ရင်ထဲက ခံစားချက်တွေ ထွက်လာပြီနော်။ ပိုစ့်လေးက ကောင်းပါတယ် အကို... ကိုယ့်ကိုယ်ကို မပိုင်တဲ့ ဘ၀တွေမှာ တခါတလေ စတေးလိုက်ရတဲ့ အရာတွေ ရှိတတ်စမြဲပါ။
ချစ်သောသူနဲ့ ပြန်လည်ဆုံတွေ့နိုင်ပါစေ..။

ခင်မင်လေးစားလျှက်

ခြင် said...

ဟိုက်... အဲတာ မိုးကြီးရေးရမှာလား... ပြတ်တနာပဲ....

အင်ကြင်းသန့် said...

အင်း....ဒီနေ့တော့ဘယ်လိုဖြစ်တယ်မသိ၊ မနက်က ကိုမိုးရဲ့ဇာတ်သိမ်းပိုင်းပိုစ့်ကို သွားဖတ်ပြီးမျက်ရည်ဝဲရတယ်....
အခုလည်း မျက်ရည်ဝဲချင်စရာနောက်ထပ်တစ်ပုဒ်...
တစ်ကယ့် အဖြစ်အပျက်ဆိုရင်တော့ တို့အစ်ကိုကြီးနဲ့ အဲဒီမသက်ထားနဲ့ နှစ်ယောက်လုံးအတွက် တကယ့်ကို စိတ်မကောင်းဘူး....ဖူးစာမှန်ရင်တော့ ပြန်ဆုံနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်ကိုဏီးရယ်....

ဒါနဲ့....သြော်...ကိုဏီး...ကိုဏီး၊
ဟယ်လီကော်ပလာဖိုးမရှိလို့ ကျနော့်ကိုဒီလိုနည်းနဲ့ပြစ်ဒဏ်ပေးလိုက်တာပေါ့လေ... (စပြန်ပြီ.....ဟီးးးးးးးးး)

ကျနော်စာရေးမကောင်းတာကို သိသိကြီးနဲ့အခုလိုတခုတ်တရ တဂ်ပေးလို့ကျေးဇူးအထူးပါ ကိုဏီး
ဘာမှရေရေရာရာမရှိသေးပေမယ့် ကျနော်ကြိုးစားပြီးရေးပါ့မယ်...
(ဒါပေမယ့် အပေါ်မှာ ကိုမိုးပြောသလို အနုအရွအလှအပတွေ တစ်ခါမှမရေးဘူးလို့ မကောင်းလည်းဖတ်၊ ကောင်းလည်းဖတ်ပေးပေါ့နော်....)

ခင်မင်လေးစားလျက်
အင်ကြင်း

Anonymous said...

အစ်ကိုရေ ကျွန်တော်အခု မြန်မာပြည်ကိုပြန်ရောက်နေတယ်ဗျ.။ ကမန်းကတန်းထွက်လာတာ ကိုယ့်အိမ်ကိုဘာမှမကြည့်ခဲ့ရဘူး။ တဂ် ထားတယ်ဆိုတာတွေ့လို့ အတင်းကျော်ခွ လာဖတ်သွားတယ်.။ စလုံး ပြန်ရောက်ရောက်ခြင်း ရေးနိုင်အောင်ကြိုးစားပါမယ်ဗျာ.။ အစ်ကို ဇာတ်လမ်းလေးကိုဖတ်ပြီး မျောသွားတယ်ဗျို့။ ကျေးဇူးတင်ပါတယ် ခင်ဗျာ.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

မြတ်မွန် said...

အော်..ကိုဏီးက မဖြစ်သေးတဲ့ ကိစ္စလား ဖြစ်ပြီးသား ကိစ္စလားတော့ မသိဘူး ကိုယ်ကိုကိုယ် အားငယ်တတ်လွန်းတာရော..။ ကိုဏီးနဲ့ သင့်တော်မဲ့ သတ်ထားလေး ရှိနေမှာပါ။ ကိုဏီးလိုချင်တဲ့ ဘဝမျိုးလေး ဖန်တီးယူ ဘာလို့မရရမှာလဲ။
(၁)နောင်၅နှစ်တောင် မရောက်သေးဘူး လွမ်းဖို့ ဆွေးဖို့ဘဲ စဉ်းစားနေတယ် ကိုဏီး ဆိုးပါ၏။
(၂) ကောင်မလေးကို ပြစ်ထားခဲ့တယ် ကိုဏီးဆိုးပါ၏ ။
(၃) ဇာတ်လမ်းတွဲကြီးတောင် ပြီးသေးဘူး တက်(ဂ်) တဲ့အတွက် ကိုဏီးဆိုးပါ၏ ။
ဟီး စတာ ရေးပေးမယ်နော်ကိုဏီး လာမယ် ကြာမယ်နော် ကိုဏီး ..
ခင်မင်လေးစားစွာဖြင့်။

အဖြူရောင်နတ်သမီး said...

ဟင့်....ငိုချင်ရဲ့ လက်တို့ပါဆိုနေမှ...
......................................................
နောက်မှထပ်လာခဲ့မယ်....
......................................................
ကိုဏီ..အဆင်ပြေပါစေ....

Anonymous said...

အွန်.. အစ်ကိုကလည်းဗျာ.. ဆွေးတယ်..ရေလည်ဆွေးတယ်..း((.. အဲဒါ တကယ်ဇာတ်လမ်းလား... ကိုယ်ချစ်တဲ့သူကို ဘာလို့ ရအောင်ယူနိုင်တာလဲ.. သူ့အသိုင်းအ၀ိုင်းက လက်ခံနိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားလို့ရတာပဲ..း((.. အားမလျှော့စေချင်ဘူး...

ခင်တဲ့
ဂျပန်ကောင်လေး

ခရေညို said...

ဟင့်
မောင်ရက်စက်တယ်

သက်ထား

ညရဲ့ကောင်းကင် said...

အရမ်းကို ဖတ်လို့ကောင်းတယ်အစ်ကိုရေ...
ရင်နင့်အောင်ခံစားရတယ်...
စာကိုဖတ်လို့ကောင်းအောင် ဆွဲခေါ်သွားတယ်နော်...
ခံစားချက်နဲ့ရေးရတဲ့ စာတွေတိုင်းမှာ နှလုံးသားက အမာရွတ်ကို နုစေခဲ့ပြန်ပြီလား...အစ်ကိုရယ်...


အစ်ကိုရေ ကျွန်တော်တော့ မထင်ဘူးဗျာ...
ရေးနိုင်လိမ့်မယ်လို့လေ...ဒါပေမယ့် ကြိုးစားပြီးရေးပေးပါမယ်...
ကျွန်တော့်ကို စောင့်ပေးပါခင်ဗျာ..
နောင်ငါးနှစ်ဆိုရင်လား...
တကယ်တော့ ဘာမှကို မဖြစ်ချင်တော့တာပါ...ပိုင်ဆိုင်ချင်လေ ပိုဆုံးရှုံးရလေမို့ ဘာမှကို မမျှော်လင့်မိတော့ပါဘူး...
ရှိခဲ့ဘူးတဲ့ စိတ်ကူးတွေကိုပဲ ကြိုးစားပြီးရေးပေးပါတော့မယ်...

ခင်မင်ရင်နှီးစွာဖြင့်
ညရဲ့ကောင်းကင်

ဝေဟင်အောင် said...

ကျွန်တော်လည်း ၀င်ဖတ်ခဲ့ပါတယ် အစ်ကိုရယ်။ မိုက်တယ်ဗျာ။

ညီမလေး said...

မချစ်မိကြရင်လဲ အကောင်းသားပေါ့နော် ...
သို့သော်လည်း.........

မြစ်ကျိုးအင်း said...

အချစ်နဲ့ဘဝ အားပြိုင်တဲ့ ဇာတ်လမ်းလေးပေါ့။

ဘဝထဲမဆွဲခေါ်ရက်လို့ အချစ်ကို ထားခဲ့ရသလို
အချစ်ကိုမခွဲနိင်လို့ ဘဝထဲ ခေါ်လာမိတာတွေလည်း ရှိမှာပါပဲ။

ရွှေပြည်သူ said...

ဖတ်ရင်းဝမ်းနည်းလာတယ်... ဒါပေမယ့် “မောင်” ဆိုတဲ့ သူရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ ထောက်ခံမိပါတယ်။ အမြဲမှတ်မိနေတဲ့ သီချင်းစာသားလေးလိုပေါ့ “You gotta be cruel to be kind” တဲ့...။ အကြိုက်ဆုံးက နောက်ဆုံးရေးတဲ့... “သို့သော်လည်း...” ဆိုတာလေး...

ကိုဇော် said...

အရေးကောင်းလေးပါပဲ...
လာဖတ်သွားပါတယ်ဗျာ...။

မမသီရိ said...

အရေးကောင်းလေး..
ဆွတ်ပျံ့ဖွယ်ရာ

မျက်နှာချင်ဆိုင်ပြောဝံ့တဲ့သတ္တိ ရှိတဲ့ ဇာတ်ကောင် ကောင်းလေးနဲ့
တည်ငြိမ်စွာ ရင်ဆိုင်ရဲတဲ့ ကောင်မလေး အကြောင်းကတော့
တကဲ့ ၀တ္တု တပုဒ်ပါပဲလေ..

အိမ့်ချမ်းမြေ့ said...

စာမရေးနိုင်လို့ စာတွေလိုက်ဖတ်မယ်ဆိုပြီး ဒီကိုရောက်လာတာ..

မင်းကိုချစ်လွန်းလို့ပါ သက်ထားရယ်.. ဆိုတဲ့စာရေးသူရဲ့ စကားရယ်..
ရွှေပြည်သူပြောတဲ့... ရက်စက်ခြင်းဟာကြင်နာခြင်းဆိုတဲ့ သီချင်းစာသားရယ်..

တီဗွီကလည်း အလွမ်းရုပ်ရှင်ပြ..
သီချင်းတွေကလည်း အလွမ်းသီချင်းဆိုကြ
သက်ပြင်းမောတွေကိုချပြီး
ပြန်သွားပါပြီကွယ်..

ဘယ်လိုမှ မခံစားနိုင်တော့သော
မလေး

rose of sharon said...

ဖတ်လို့ကောင်းတယ်.... စာရေးကောင်းလိုက်တာနော်

သိင်္ဂါကျော် said...

ကိုယ်ပိုင်ပုံပြင်များလား....
ဘဝအခြေအနေဆိုတာကြောင့်တော့ ချစ်သူတွေ မဝေးသင့်ပါဘူးနော်..

မေကျော် said...

တကယ်ထင်တာပဲ ဟုတ်တယ်ဟုတ်

အချစ်မဲ့ဂစ်တာ said...

ဒီလောက်ထိ ထိအောင်ရေးနိုင်ပုံထောက်ရင်တော့ ဖြစ်နိုင်ပါတယ်.. ကိုယ်ပိုင်ပုံပြင်.. အဟ..

သီဟသစ် said...

ညီလေးဏီလင်းရေ

ဖတ်ရတာ ဆွတ်ပျံ့လွမ်းမောစရာ ကောင်းလိုက်တာ

မောင်ဆိုတဲ့သူရဲ့ ဆုံးဖြတ်ချက် မှန်တယ်ပဲ ပြောရမယ်ထင်ပါ့

ခင်မင်စွာဖြင့်
သီဟသစ်

နေ့အိပ်မက် said...

ဒီလိုအဖြစ်မျိုးတွေ ဒီခေတ်မှာ တကယ်ရှိသေးတယ်လား @_@ စိတ်မကောင်းစရာ။ ဇာတ်လမ်းကရိုးပေးမဲ့ အရေးအသားက ညက်လွန်းတော့ ဖတ်ကောင်းကောင်းနဲ့ဖတ်လာတာ ဆုံးသွားမှ တဂ်ပို့စ်မှန်းသိတယ် :D။ ဒါနဲ့ ဘာလဲကို ဘာလည်းလို့ပေါင်းထားတယ်သိလား

~ဏီလင်းညို~ said...

အစ်မ၀ါတက်ဂ်ထားတဲ့ နောင်ငါးနှစ်ကြာရင် ဘာလုပ်ချင်တယ် (စိတ်ကူးထဲက)ချစ်သူဟာ ဘယ်လိုပုံစံမျိုးလေးလဲဆိုတာကို ၀တ္တုပုံစံလေးနဲ့ ကျွန်တော်ရေးလိုက်မိတာကို လာဖတ်ပေးခဲ့တဲ့ မောင်နှမသူငယ်ချင်း အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ...။ (စိတ်ဆင်းရဲသွားကြရတယ်ဆိုရင် တောင်းရော ဇကောရောပန်အပ်ပါ၏။း))
အစ်မ၀ါရေ....
ပို့စ်လေးထဲမှာ ကျွန်တော်ရေးခဲ့သလိုမျိုးပါပဲဗျာ...။ နောက်ငါးနှစ်ကျရင် နှစ်ရှည်သီးပင်လေးတွေ ပါတဲ့ခြံတစ်ခြံစိုက်ရင်း... စာအုပ်ရောင်းချင်ရောင်း...၊ ဒါမှမဟုတ်...အငှားဆိုင်လေးဖွင့်ရင်းနေသွားတော့မှာပါ...။ အေးဆေးပဲ နေချင်မိတော့လို့ပါ...။ အထက်မြန်မာပြည်ဘက်မှာ သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ ခြံလုပ်ငန်းလုပ်ဖို့ စီစဉ်ထားပြီးသားပါ...။
ပြီးတော့ အစ်မ၀ါတက်ဂ်လို့ ရေးချင်နေမိတဲ့ ပုံစံနဲ့ ၀တ္တုတိုလေးတစ်ပုဒ် ရေးဖြစ်သွားတဲ့အတွက်ရော...၊ ဆုတောင်းပေးသွားတာတွေ အတွက်ပါ ကျေးဇူးပါခင်ဗျာ...း)
အားလုံးကို ခင်မင်နေခဲ့ရတဲ့
ဏီလင်းညို

မောင်ဖိုးနမ်း said...

ကျွန်တော်ဘလော့မလုပ်ခင်စာဖတ်သူပါ သူများတွေကိုအားကျပြီး ရေးဖို့ကြိုးစားကြည့်တာပါ အဲ့မှာ တဂ်ပိုစ့်တော်တော်များများဖတ်ဖူးပါတယ်
အဟဲ ခုတော့ ကိုဏီလင်းညိုကိုတော့လက်ဖျားခါတယ်ဗျာ ရက်ရက်စက်စက်း))
အဖွဲ့အနွဲ့သေသပ်တာကိုပြောတာပါ မြကျွန်းသာကြီးဆိုတာ ကျွန်တော်ခဏခဏ ရောက်တဲ့နေရာ ရန်ကင်းဆိုတော့ နီးနီးကလေးရယ် ကျွန်တော့်ကိုသာ ဖွဲ့နွဲ့ပြစမ်းဆို ဟီးမဖြစ်နိုင်ဘူး လေးစားတယ်ဗျာ တကယ်တကယ်