Thursday, February 4, 2010

အလိုချင်ဆုံးသော...













(၁)
အဲ့ဒီလမ်းရဲ့အကွေ့လေးတစ်ခုဟာ
ကျဉ်းမြောင်းစွာ မည်းမှောင်နေခဲ့တယ်...။
မရောက်သေးခင်မှာ....
ဘာတွေဖြစ်လာမလဲဆိုတာ... ကြိုတင်မသိနိုင်ခဲ့ပေမယ့်
ဖြန့်ကျက်ထားခဲ့တဲ့ စိတ်ကူးတောင်ပံတစ်စုံနဲ့
ပျံသန်းခြင်း ခရီးစဉ်အစမှာ...
ငါဟာ... လတ်ဆတ်နေခဲ့သေးတယ်...။

ငါ ဆိုက်ရောက်လုနီးခဲ့ပြီ...
အမှောင်ရိပ်တွေ ဖုံးလွမ်းတတ်နေတဲ့ ကမ္ဘာမှာ
မီးစလေး တစ်စအဖြစ် လင်းဖျာနေခဲ့ချင်ပေမယ့်....
လေက ကြမ်းလွန်းနေခဲ့ပြန်တယ်...။
ေ၀၀ါးစွာ လင်းနေခဲ့ရတဲ့ဘ၀မှာ
ခဏခဏ.... ကြိုးစားခဲ့ရတဲ့နာရီတွေတိုင်း
ရာသီဆိုးက မီးနီပြတယ်...။
သို့ပေမယ့်....
ငါ... ရှေ့ဆက်တိုးခဲ့တယ်...။

(၂)

အန္တရာယ်ဆိုးတွေကို ဖယ်ရှားပစ်နိုင်မယ့် လက်တစ်စုံကို
ငါ ပိုင်ဆိုင်ခွင့်ရှိနေချင်ခဲ့တာ...
မရှုရက်နိုင်တဲ့ မျက်ဝန်းတွေကြောင့်ပါ....။
သို့ပေမယ့်လည်း...
ရွာချလိုက်မိတဲ့ ‘စေတနာ’ မိုးစက်တွေဟာ...
‘တောင်းဆိုမှုကင်းမဲ့တဲ့လွင်ပြင်’ မှာသွန်းမိလေခဲ့တော့
တကယ်လိုအပ်နေခဲ့တဲ့ တချို့တောင်မှ
‘ဥပေက္ခာ’ ပေစွန်းနေတဲ့ ခွက်နဲ့သာ ခံယူလာခဲ့ကြလေတော့တယ်...။

တကယ်လို့များ....
လိုချင်နေတဲ့ အရာမှန်သမျှသာ ငါ့... ထံမှာရှိနေခဲ့တယ်ဆိုရင်
ယူသွား လိုက်စမ်းပါ....။
မင်းရဲ့ အရေပြားပါးပါးလေးအောက်မှာ အမှန်ရှိနေခဲ့တဲ့....
နောက်ပြီး... အတိုင်းသားမြင်နေခဲ့ရတဲ့
ရိုးသားခြင်း...၊ မရိုးသားခြင်း ဆိုတဲ့ ‘ဗိုင်းရပ်(စ်)’ တွေကို
အပေါင်း၊ အနှုတ်သေချာစေဖို့ရာ....
ခွဲခြမ်း စိတ်ဖြာခြင်း မပြုနိုင်လောက်အောင်
မွေးရာပါ မျက်လုံးတစ်စုံကို
ငါ ကိုယ်တိုင်ပဲ အာခံ တော်လှန်ထားခဲ့တယ်...။

(၃)
ရံဖန် ရံခါဆိုသလိုမျိုး အငိုက်မိချိန်တွေမှာ...
အမှတ်မထင် ကျွတ်ကျလာတတ်တဲ့ မျက်နှာဖုံးတွေကို
သေချာစွာ ငါ... စောင့်ဖမ်းကြည့်မနေခဲ့ပေမယ့်...
တွေ့မြင်ခဲ့လိုက်မိတာကတော့...
‘ပြာ’ကျသွားစေနိုင်တဲ့ ‘ရမ္မက်မီး’ တစ်ချို့ဟာ....
ရက်စက်စွာ...၊ လှပစွာ တောက်လောင်နေခဲ့ကြတယ်....။
ဒီလိုအဖြစ်မျိုးတွေကို ကြားဖူးနားဝရှိခဲ့ပေမယ့်
မယုံနိုင်ခဲ့သေးတဲ့.... ငါ
မျက်စိကို အထပ်ထပ် ပွတ်သပ်ကြည့်နေတုန်းမှာ....
တကယ့်ကိုပဲ....
မီးတချို့ဟာ ငါ့ကိုတိုက်စားနေခဲ့ပြီ...။

ရေမျောသွားခဲ့ရလေတဲ့ ‘နား’တစ်ဖက်ခြင်းစီတွေဟာ....
ကမ်းနဲ့ နီးစပ်ဖို့ရာ ဝေးနေခဲ့သေးရုံမျှသာမကသေးပဲ
တချို့တွေဆို...
ကိုယ်ပိုင်တဲ့ နားတစ်ဖက်....
ကိုယ်တိုင်ပဲ ပျောက်ရှနေခဲ့မှန်းတောင်မှ မသိခဲ့ကြသေးတော့...
‘အပေး၊ အယူ’ ဆိုင်ရာ ‘သီအိုရီ’ကို သင်ကြားပေးဖို့....
စိတ်ပျက်စွာ လစ်ဟင်း၊ ပျက်ကွက်နေခဲ့ရတဲ့အထိ
‘လောက’ဟာ... နွမ်းနယ်နေခဲ့ရတဲ့အတွက်....
တပ်မက်မှုတွေ ပေကျံနေခဲ့တဲ့ မျက်လုံးတချို့ကို....
အာခံဖို့ဆို... ငါ... သိပ်ကို ၀န်လေးခဲ့ရမိတယ်...။

(၄)
‘ပျော့ညံ့ခြင်း’ ဆိုတာကို တတ်မြောက်ဖို့အတွက်
သင်ကြား၊ နာယူမှုအပိုင်းမှာ သိပ်များများမလိုအပ်လှပါဘူး....။
မကြာ ခဏဆိုသလိုမျိုးသာ....
ခေါင်းကလေးကို ငြိမ့်တတ်ရင် လုံလောက်ပါပြီ...။
သေချာအောင်သာ ထပ်ခါ ထပ်ခါ ကြိုးစားကြည့်ခဲ့မယ်ဆိုရင်....
လွန်ဆန်မရနိုင်တော့လောက်အောင်ကိုပဲ...
မှန်ကန်စွာ ပျော့ညံ့တတ်လာလိမ့်မယ်...။
ဒီလိုနည်းနဲ့...
ငါ ကိုယ်တိုင်ပဲ ‘သားကောင်’ ဖြစ်ခဲ့ရတာ...
ခဏ... ခဏနဲ့ ကြာလှရှိခဲ့ပေါ့....။

ဟန်ဆောင်ခြင်းတွေကို အားတင်းရင်ဆိုင်ဖို့
မွေးမြူထားမိခဲ့တဲ့ စိတ်တချို့ဟာ...
ချိုမြမြ စကားလုံးလေးတွေရဲ့ အကြား
ဖရို ဖရဲ... ပြိုလဲခဲ့ရတာများ....
ကောက်ရိုးလေးတစ်မျှင်ထက်ပို ဖွာဆန်ကျဲနေခဲ့လေတော့....
အော့နှလုံးနာစရာ... ငါ့ အဖြစ်တွေကို...
တချို့တွေဆို....
စာမျက်နှာတောင် ကျော်ပစ်ခဲ့ကြသေးတယ်...။

(၅)
နေ့စဉ်နဲ့ အမျှ...
‘ပုံရိပ် အစစ်နဲ့ အယောင်’ မသိနိုင်တော့လောက်အောင်
ဖျားယောင်းခံနေခဲ့ရမှန်း မေ့လျော့နေခဲ့ကြရတဲ့
ကြေးမှုံပြင်ရဲ့ ‘ယာဇ်ကောင်’ တချို့ဟာ
မြင်လွှာတွေ အနည်းငယ် ချွတ်ယွင်းနေခဲ့ပေမယ့်
သူတို့ရဲ့ နှုတ်ခမ်းထက်...
‘နယူတန်’ကို တရွတ်တိုက် ချိတ်ဆွဲထားဖို့ အမှတ်ရနေခဲ့...။

မုန်တိုင်းထန်နေခဲ့တဲ့ ပင်လယ်ရေပြင်ဆီကလို...
‘ဆန္ဒ’ ...ဆိုတဲ့ လှိုင်းတွေထဲ အတူတူ ကူးခပ်နေဆဲ...
တချို့တွေဟာ....
ကမ်းလင့်မိခဲ့တဲ့၊ ဖြည့်ဆည်းပေးခဲ့တဲ့ လက်တစ်စုံကို...
တစ်ဖက်ကမ်းအရောက်....
လှော်တက်အဖြစ်နဲ့ အသုံးပြုပြီးတဲ့နောက်...
မလိုအပ်တော့လို့ စွန့်ပစ်ရုံမျှမက...
ပေါ့ပါးစွာ ချိုးဖျက်ချေမွခဲ့ကြသေးပြန်တယ်...။
ဒီအဖြစ်တွေကို...
ပြန်ပြောင်းကာ ရေတွက်နိုင်ဖို့
လက်ဆယ်ချောင်းသာ ငါပိုင်ခဲ့လေတော့
တွက်ချက်ဖို့ သွေးပျက်နေခဲ့တုန်းမှာ
တစ်ခြားဖက် ကမ်းအထက်နားဆီက...
ပြိုလု ပြိုခါနီး ခပ်ဝါးဝါး အရိပ်တစ်ခုဟာ
ငါ့ကိုယ်ပိုင် ဖြစ်နေခဲ့လေတယ်...။

(၆)
ရက်စက်တတ်ဖို့ မသင်ကြားပေးခဲ့တဲ့
‘ဗီဇ’...ဆိုတဲ့ သတ္တ၀ါတစ်ကောင်ကြောင့်...
ငါဟာ... တရိရိနဲ့ ညှင်းပန်းခံ ဖြစ်နေခဲ့ရပြီ....။
စာနာစွာနဲ့ ညှာတာတတ်မှုများဟာလည်း....
ငါ့ရဲ့ စိတ်ကို ပင်ပန်းစေလွန်းခဲ့ပါပြီ...။
တကယ်လို့များ...
သက်ရောက်မှုမညီမျှတဲ့ ဒီရပ်ဝန်းတစ်ခုသာ....
ကွဲအက်ဖို့ လွယ်ကူလွန်းတဲ့
ဆပ်ပြာပူပေါင်းတစ်လုံး ဖြစ်နေခဲ့မယ်ဆို...
ငါလေ...
တစ်ကြိမ်လောက်တော့...
ရက်စက်စွာ ဖောက်ခွဲပစ်လိုက်ချင်ပါရဲ့...။

နေစမ်းပါစေ...
ဝေချင်... ကြွေချင်တဲ့ ‘ဘ၀’တွေ...
လွင့်ချင်ရာကိုသာ... လွင့်ကြစမ်းပါစေလို့...
တင်းမာချင်လွန်းစွာ တက်မိတဲ့ ချဉ်ခြင်းတွေ....
မာန နဲ့ရောစပ်
ဒီသွေးကြောတစ်လျှောက်
မွှေနှောက်ကာ မစီးဆင်းနိုင်ခဲ့သေးသမျှတော့....
အသွားရှိ အပြန်မဲ့တဲ့ ‘ကန္တာရ’တစ်ခုမှာ
ငါဟာ... ကြိမ်ဖန်များစွာ သေရလိမ့်ဦးမယ်...။

(၇)

နောက်ကျစွာ ရောက်လာတတ်တဲ့ သိတတ်မှုဟာ
‘နောင်တ’ ဆိုတဲ့ မြားတစ်စင်းအသွင်နဲ့
ငါ့ရင်ကို စူးဝင်စေမိတဲ့ခဏ
ခြေရင်းမှာ ပုံချထားမိခဲ့တဲ့
‘တစ်ကိုယ်ကောင်းဆန်ခြင်း’ဆိုတဲ့ သွေးသောက်ဟာ....
သွေးယိုစီးကျနေတဲ့ ငါ့ကို...
မိုက်တွင်းနက်စွာနဲ့ ဟက်ဟက်ပက်ပက် လှောင်ရယ်နေခဲ့ချိန်မှာ....
အဖြူရောင်လောကရဲ့ ‘ရနံ့’ တချို့ဟာ...
နှစ်သိမ့်ခြင်းအပြုံးများနဲ့ အတူ...
ငါ့ကို သွေးတိတ်စေခဲ့ပြီ....။

‘ပကတိ’ တန်ဖိုးကို တိုက်စားခြေဖျက်မယ့် အရာတွေ...
ထိုးစစ်ဆင်လို့သာ မောချင် မောသွားကြပါစေ
ငါဟာ... လေရူးမှာကြွေလူးရမယ့် ရွက်ခြောက်မဖြစ်သေးသမျှ...
လဲကျတဲ့ခဏ အားယူထ,လို့သာ...
စိန်ခေါ်နေမယ့် အတုအယောင်တွေရဲ့ကြား
တည့်မတ်စွာ လျှောက်လှမ်းနေရင်း...
ဖြစ်ချင်တဲ့ ‘ဆန္ဒ’ တစ်ခုသာ ငါ... ပျိုးထားလိုက်မိတော့တယ်...။

(၈)
အဲ့ဒါကတော့
ဟောဒီရင်ဘတ် အတွင်းပိုင်းမှာ....
(ဘယ်သူမှ မသိနိုင်ခဲ့ရင်လည်း)
သန့်စင်တဲ့ အဖြူရောင်ဝိညာဉ်တစ်ခုကို....
ငါ့ လက်နဲ့...ငါ...
ကြိုးစား ထွန်ယက်ချင်နေခဲ့တာပါပဲ...။         

==========================



~~~~~@@@~~~~~~
6th Feb; 2008
02:20 a:m
Tuesday

ပုံလေးကို ဒီနေရာလေး ယူသုံးပါတယ်ခင်ဗျာ...။

=========================================================
လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျွန်တော်ဘလော့ မရေးဖြစ်ခင်တည်းက ခင်မင်လေးစားခဲ့ရတဲ့ အစ်မတစ်ယောက်ရဲ့ တချို့ သိပ်မရောက်ဖြစ်တဲ့ဒီနေရာလေးမှာ တင်ထားတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်မိခဲ့ရင်း....
နောက်ပြီး... နာမည်လေးမြင်ဖူးရုံနဲ့ စိတ်ထဲမှာ နှစ်သက်မိရင်းသွားလည်ခဲ့မိတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ အိမ်လေးမှာ တင်ထားတဲ့ ကဗျာလေးရယ်...။ (အဲ့ဒီအစ်ကိုကို ကျွန်တော်က အရင်သွားပြီးမိတ်ဆက်ရင်း ရောက်ခဲ့ရတာပါ...။ ရောက်လည်းရောက်ခဲ့ရော ကျွန်တော်နှစ်သက်တဲ့ အတွေးတွေအများကြီးပေးတဲ့ ကဗျာလေးတွေရှိတဲ့နေရာဖြစ်နေလို့ အရမ်းဝမ်းသာခဲ့ရမိပါတယ်...။)
စတာတွေကိုပေါင်းပြီး... အခုလတ်တစ်လော ကျွန်တော်ခံစားနေရတဲ့ စိတ်အခြေအနေလေးရယ်တို့နဲ့အတူ ကျွန်တော့်ရဲ့ ကဗျာရေးတဲ့ မှတ်စုစာအုပ် အဟောင်းလေးကို ပြန်လှန်မိခဲ့ရင်း ဟိုးအရင်တုန်းက ရေးခဲ့မိတဲ့ ကဗျာရှည်လေး တစ်ပုဒ်ကို တင်လိုက်မိတာပါ...။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ အစ်ကိုရော၊ အစ်မပါ...ကျွန်တော်နဲ့ မွေးဖွားတဲ့ ရာသီခွင်ခြင်းသွားတူနေပါတယ်...။(ကုမ်ရာသီခွင်ပါ...) အရင်တုန်းက တကယ့်ကို မသိခဲ့ရတာ အမှန်ပါပဲ...။ အဲ့ဒါကြောင့် အစ်ကိုနဲ့ အစ်မရော... ကျွန်တော့်အတွက်ပါ အမှတ်တရအဖြစ်တင်လိုက်မိပါတယ်...။ ပိုပြီးတိုက်ဆိုင်တာက ဒီကဗျာလေးကို ကျွန်တော်ရေးခဲ့တဲ့နေ့စွဲကို အမှတ်မထင်ကြည့်လိုက်မိတော့ ‘ကုမ်’ရာသီခွင်ထဲမှာပါပဲ...။ အမှတ်မထင်တဲ့တိုက်ဆိုင်မှုတွေကို ကျွန်တော် ကိုယ်တိုင် အံ့သြခဲ့ရမိတာပါ...။ ဒီကဗျာလေးကို ကျွန်တော်မွေးဖွားခဲ့တဲ့ ရက်စွဲကိုကြည့်မိတော့ နှစ်နှစ်သားပြည့်ဖို့ ရက်ပိုင်း၊ နာရီပိုင်းလေးပဲ လိုပါတော့တယ်ဗျာ....။ မှတ်မိတာတစ်ခုက အဲ့ဒီကဗျာလေးကို တစ်ညလုံး တစ်ထိုင်တည်း အပြီးထိုင်ရေးခဲ့မိတယ်ဆိုတာပါပဲ...။ အဲ့ဒီအချိန်တုန်းက ဘာခံစားချက်နဲ့ ရေးခဲ့မိ သလဲဆိုတာ အခုအချိန်မှာ ဘယ်လိုမှ ပြန်စဉ်းစားလို့ မရတော့ပါဘူး...။ တကယ်တော့ ကျွန်တော်တို့ ထင်ခဲ့မိ...၊ ခံစားမိခဲ့တဲ့ အတွေးခံစားချက်တွေဟာ... အချိန်ကြာလာတဲ့အခါမှာ တစ်ဖြည်းဖြည်း မှိန်ဖျော့လာတတ်တာကတော့ ကျွန်တော့် အတွက်တော့ ကိုယ်တွေ့ပါပဲဗျာ....။
သူငယ်ချင်း...ညီအစ်ကို မောင်နှမအားလုံး...ကုမ်ရာသီခွင်လေးမှာ... ကောင်းကင်က လုလင်ပျိုတစ်ဦး သွန်းလောင်းတဲ့ ရေစင်အေးတွေကြောင့် အေးမြလန်းဆန်းနိုင်ကြပါစေခင်ဗျာ....။
(မှတ်ချက်...ကျွန်တော့် မွေးနေ့က မရောက်သေးပါဘူးနော်...။ မွေးနေ့ပို့စ်ကို နောက်မှ ရေးမှာမို့လို့ မွေးနေ့ဆုမွန် မတောင်းပေးကြပါနဲ့ဦးနော်....း))
=======================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

31 comments:

ကိုဇော် said...

ကောင်းတယ် ကိုဏီရေ..။
ဒီလို ကဗျာရှည်လေး မရေးဖြစ်တာ တော်တော်ကို ကြာပြီ။
ခံစားချက်တွေပဲ သေကုန်လို့လား။
ဦးနှောက်တွေပဲ အရည်ပျော်ကုန်လို့လား။
အတွေးတွေပဲ လန့်ပျံကုန်လို့လား။
စိတ်ကူးတွေပဲ မှော်ပျောက်နေလို့လား။
ဘာမှန်း မသိပေမဲ့ ကျနော် ဒီလို ကဗျာ မရေးနိုင်တာ ကြာပြီ။

အားပေးလျှက်ပါ
ကိုဇော်

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ...
ကောင်းလိုက်တဲ့ ကဗျာတပုဒ်ပါ.. လေးစားပါတယ်...စကားလုံးတိုင်းမှာ အဓိပ္ပါယ် အပြည့်ရှိလိုက်တာ..။
ပျော်ရွှင်စရာ မွေးနေ့ ကိုပိုင်ဆိုင်နိုင်ပြီး အဖြူရောင်ဝိညာဉ် ကို အကောင်အထည် ဖေါ်နိုင်ပါစေ...။

အင်ကြင်းသန့် said...

ကောင်းပါ့ ကိုဏီးရေ...
ကဗျာက အစကနေအဆုံးအထိ စိတ်ကိုညှစ်ထားပြီး တဖြည်းဖြည်းချင်း ခေါ်သွားတယ်...
အဆုံးသတ်ရောက်မှပဲ သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်ရတော့တယ်...
ကိုဏီးကဗျာကိုဖတ်ရတာ စိတ်မောလိုက်တာ... :(
ကိုဏီးထွန်ယက်နေတဲ့ အဖြူရောင် ၀ိညာဉ်တစ်ခု အမြန်ဆုံးအသက်ဝင်လာနိုင်ပါစေ....

(ဒီလောက်ဆိုရင်တော့ မဆိုးသေးပါဘူး...တစ်ရှူးဘူးများ ယူလာရတော့မလားလို့...
စဖြစ်အောင် စသွားပါသေးသည်။)

ခင်မင်လေးစားတဲ့
အင်ကြင်း

ဒဏ္ဍာရီ said...

ကိုဏီးရေ....... ကဗျာလေးက တကယ့်ကို အသက်ဝင်တယ်။ ဒီလို ကဗျာရှည်လေးကို စိတ်ဝင်တစား ဖတ်နိုင်အောင် ရေးတတ်တဲ့ အကို့ကိုလည်း အားကျမိပါတယ်။ ကွန်မန့်တောင် မန့်ရတာ ဆန့်ငင်ဆန့်ငင် တော်တော်လုပ်တယ်။ မွေးနေ့ဆုကို မတောင်းနဲ့အုံး ဆိုတော့ ....း)
မတောင်းပေးသေးပဲ ပြန်သွားတယ်။ ပိုစ့်တင်မှ လာဆက်မန့်တော့မယ်။

ခင်မင်လေးစားလျှက်

မောင်မိုး said...

ပုံထဲကလူနဲ့ ရန်ဖြစ်နေတယ်မှတ်လို့။။ မင်းမလုပ်နဲ့ ငါ့ဘာသာလုပ်မယ်ဆိုပြီးတော့လေ။ :D
နောက်တာပါဗျာ။ ရင်ထဲက စူးစူးစိုက်စိုက်ရေးထားတဲ့ ကဗျာဖြစ်လို့ ထပ်တူခံစားရပါတယ်။ ဟေ့..ကိုဏီ ကြိတ်ငိုမနေနဲ့ဦးနော်။ ဟားးဟားး

အဖြူရောင်နတ်သမီး said...

ကောင်းကင်က လုလင်ပျိုတစ်ဦး သွန်းလောင်းတဲ့ ရေစင်အေးတွေကြောင့် အေးမြလန်းဆန်းနိုင်ပါစေ...ဆိုတဲ့ဆုနဲ့ပြည့်ပါစေ ကိုဏီရေ...

ကာရံမဲ့ said...

စာလုံးတိုင်း ခံစားချက် ပြည့်နေတဲ့ ကဗျာတစ်ပုဒ် ကိုဖတ်ရင်း လိုက်ဖတ် တဲ့ ကွန်မန့် ကို မရေးနိုင်တာ ခွင့်လွတ်ဗျာ.

kiki said...

ကဗျာဆန်ဆန်တွေ သိပ်မခံစားတတ်လို့  ဘာပြောရမှန်းတောင် မသိဘူး။ဒါပေမဲ့ ဒီလောက်ရှည်ရှည် ရေးနိုင်တာ တော့ ချီးမွန်းရမယ် ။တော်ရုံ ခံစားချက် နဲ့ တော့ ရေးလို့  မထွက်နိုင်ဘူးလေ ။
စာတွေ ကဗျာတွေ ကို ချစ်တတ်သူတဦး ရဲ့ စိတ်နှလုံးသား ဟာ ပိုနူးညံ့ မယ် လို့ တော့ ထင်မိတယ် ။
အားပေးလျှက်ပါ ဏလည ရေ ...

ရွှေရတုမှတ်တမ်း said...

ကုန်ရာသီပါဗျာ.. ဒီလတကယ်ကုန်တယ်..အကြွေးထူတော့ မပူတော့ဘူး..အဟဲ

ကိုလူထွေး said...

မပျော့ညံ့ပါနဲ့...
သားကောင်လည်း အဖြစ်မခံပါနဲ့...
ကိုယ့်ကိုကိုယ် ထုဆစ်ပြီး ယစ်ပူဇော်မယ်ဆိုရင်တော့
ဒီဘက်ကိုလည်း အရိုးအရင်းလေး နဲနဲပါးပါး ပို့ပေးလိုက်စေချင်ပါတယ်...

းဝ)

ဂျပန်ကောင်လေး said...

ဒီကဗျာရှည်အတွက် ကွန်မန့်တစ်စုံတစ်ခုရေးခဲ့မယ်.. မှတ်ချက်ပြုခဲ့မယ်ဆိုရင် မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်... ကျွန်တော့်အနေနဲ့ တစ်ခုပဲပြောခဲ့နိုင်ပါတယ်... အစ်ကိုဏီလင်းညို တကယ့်ကို တော်ပါတယ်... ဒီလို ကဗျာရှည်တစ်ပုဒ် ထုဆစ်နိုင်တဲ့ ခံစားချက်နဲ့ လက်စွမ်းကို တကယ်ပဲ မချီးကျူးပဲ မနေနိုင်ဘူး....


ခင်မင်တဲ့
ဂျပန်ကောင်လေး

rose of sharon said...

ကဗျာကောင်းလေးဖတ်လိုက်ရလို့ကျေးဇူး... မွေးနေ့ကနီးပြီထင်ရဲ့... ကြိုပြောနော်

Angel Shaper said...

အကိုရေ....
မပျော့ညံ့ရဘူးလေ....
ဖိုက်တင်းးးးးးးးးးးးးးးး (Fighting)ဗျာာာာာာာာာ
ကဗျာရှည်လေးကို လေးစားအားကျစွာ ဖတ်သွားတယ်နော်။
ဖိုက်တင်းးးးးးးးးးးးးးနော်။ ဖိုက်တင်းးးးးးးးးး

စံလင်းထွန်း said...

ကဗျာကိုတော့ သေချာမဖတ်သွားဘူး။ ကူးသွားတယ်ဗျာ။ အေးဆေးဖတ်ဖို့။

busymozzee said...

အင်ဂျင်းပြောတာ မှန်လိုက်တာ.... နောက်ဆုံးကြတော့ သက်မကြီးချပလိုက်တယ်.... ဒုန်း... မှတ်ကရော...

စောင်းပျောထားတာလား.... ဏလညရေ.... တငယ်ချင်းရဲ့....

မြစ်ကျိုးအင်း said...

ဇာတ်လမ်းရှည်ကြီးတပုဒ်ဖတ်ရသလို
ကဗျာရှည်ကြီးကို တခါနားပြီးဖတ်လိုက်ရတယ်
ကဗျာရှင်လိုပါပဲ အတုအယောင်တွေကြားမှာ ဖြူစင်စွာ ရှင်သန် ချင်ပါတယ်။

aye said...

ရွာတန်းရှည်ကဗျာဖတ်သွားတယ်

ဝေလင်း said...

အားကျတယ်အစ်ကိုရာ..ကျွန်တော်ကတော့ ခုထိမရေးနိုင်သေးဘူး အဲ့လိုကဗျာမျိုး..ရေးကြည့်ဖူးသေးတယ်..အရှည်ကြီးရေးထားလို့ ကဗျာရှည်ဖြစ်နေပေမယ့် အကြောင်းအရာတွေက ကဗျာထဲမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတော့ ဘာထူးမှာလည်း.. ကဗျာရှည်ခေါ်ဖို့မှမကောင်းတော့တာ။ အစ်ကိုကဗျာလေးကတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိမိမိရှိပါ့ဗျာ...

ဝေလင်း said...

မေ့သွားလို့ မွှေးနေ့က နီးပြီလားအစ်ကိုရ..ပြောဦးလေဗျာ..

ဂျေဂျူဝိုင် said...

ရှင်းလင်းချက်ကို ဖတ်ချင်ဘူးဗျ။ ကဗျာပဲဖတ်ချင်တယ်။

ဆောင်းယွန်းလ said...

ေ၀၀ါးစွာ လင်းနေခဲ့ရတဲ့ဘ၀မှာ
ခဏခဏ.... ကြိုးစားခဲ့ရတဲ့နာရီတွေတိုင်း
ရာသီဆိုးက မီးနီပြတယ်...။
သို့ပေမယ့်....
ငါ... ရှေ့ဆက်တိုးခဲ့တယ်...။
ဒီလိုပဲ ရှေ့ကိုဆက်တိုးရမှာပေါ့ ညီလေးရာ
ဘဝနဲ့ရင်းပြီး နှလုံးသားနဲ့ဖြန့်ခင်းထားတဲ့ ကဗျာတပုဒ်မှန်းသိသာပါတယ် ညီလေးရေ...ကဗျာလေးကို လေဒလေးနက်နက် ဖတ်ရှုခံစားသွားခဲ့ပါတယ်ညီလေး
လှပသော အနာဂတ်များကို ဖန်တီးပိုင်ဆိုင်နိုင်သူဖြစ်ပါစေလို့ ရောက်လာတော့မယ့် မွေးနေ့အတွက် ဆုတောင်းပေးလိုက်တယ်ကွာ...
အကိုဆောင်းယွန်းလ

ညရဲ့ကောင်းကင် said...

မန့်ချင်ပေမယ့် ဘာမန့်ရမလဲ
စိတ်တွေဝေတ၀ါးနဲ့
ကဗျာရဲ့ အဆုံးမှာ နှောင်ထုံးသွားရတယ်...
စာလုံးတွေ သုံးချက် အဆုံးသတ်လှပုံက
လူတစ်ယောက်ရဲ့ စိတ်
အရိပ်ထက်တောင် ပီပြင်လှတယ်...
ပေးလိုက်တဲ့ရသ အနုအရွတွေက
ဘ၀ရဲ့ တစိတ်တဒေသမို့
ပြောပြမတတ်လောက်အောင်
လှပပါပေတယ် ...

အစ်ကိုရေ... ပြောမပြတတ်အောင်ကို ဖြစ်သွားတယ်...
အခေါက်ခေါက် အခါခါလည်း ပြန်ဖတ်မိတယ်...
ဒီလိုကဗျာရှည်ကြီးကို ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ဆွဲခေါ်သွားနိုင်တယ်...
ကျွန်တော့် ဘ၀အတွက်တော့ ကဗျာကောင်းတပုဒ် ရလိုက်ပြီဗျာ...

လာလည်တာ နောက်ကျလို့စိတ်မဆိုးပါနဲ့ ခင်ဗျာ...
ကျွန်တော် မအားတာရယ် ... စက်သုံးလို့ မရတာရယ်ကြောင့်ပါ...

လေးစားစွာဖြင့်

မောင်ဘကြိုင် said...

ဟူးးး လေးစားတယ်ဗျာ
ကောင်းလိုက်တာနော် ဘာပြောစရာမှမရှိတော့ဖူး
း) အခုမှလာဖတ်ဖြစ်တာခွင့်လွှတ်ပါဗျား)

အိမ့်ချမ်းမြေ့ said...

ဆပ်ပြာပူပေါင်းတစ်လုံးဆိုရင်.. မလေးလည်း ကူဖောက်ပေးလိုက်မယ် :P

နောက်ဆုံးအပိုဒ်က သံချ ကို အရမ်းကြိုက်တယ်။

မလေး

မင်းအိမ်ဖြူ said...

လိုချင်တာ ရစေဗျာ

မိုးစက်အိမ် said...

နေ့စဉ်နဲ့ အမျှ...
‘ပုံရိပ် အစစ်နဲ့ အယောင်’ မသိနိုင်တော့လောက်အောင်
ဖျားယောင်းခံနေခဲ့ရမှန်း မေ့လျော့နေခဲ့ကြရတဲ့
ကြေးမှုံပြင်ရဲ့ ‘ယာဇ်ကောင်’ တချို့ဟာ
မြင်လွှာတွေ အနည်းငယ် ချွတ်ယွင်းနေခဲ့ပေမယ့်
သူတို့ရဲ့ နှုတ်ခမ်းထက်...
‘နယူတန်’ကို တရွတ်တိုက် ချိတ်ဆွဲထားဖို့ အမှတ်ရနေခဲ့
အဲနေရာက တော့သဘောကျဆုံးဘဲ တစ်ပိုဒ်လုံးကောင်းတယ်ဗျာ
နောက်လည်းခုလိုများများရေးသား ဖော်ကျူးနိုင်ပါစေ အားပေးလျက်ပါ

Bravo said...

စာသားအသုံးနှုန်းတွေ
အထားအသိုတွေက အားကျလောက်ပါတယ်ဗျာ
ချစ်ကို ကြီးရေ..
ကဗျာကို သဘောကျတယ်ဗျာ

မြသွေးနီ said...

ရေးထားတာအားကျစရာကောင်းပါတယ်ရှင်။
ဒီလိုကဗျာတစ်ပုဒ်ထွက်ကျလာဖို့ဆိုတာ တကယ့်ကိုမလွယ်လှပါဘူးနော်။

ညီမလေး said...

လိုချင်နေတဲ့ ဆန္ဒတွေကို ရပ်တန့်သွားစေတဲ့ အရာကို အလိုချင်ဆုံးပဲ ဆိုရင် ကိုလင်းညို ဘာပြောမလဲ ???

သွယ်လင်းဆက် said...

အပိုဒ် နံပါတ် (၅) ကို သဘောကျတယ်ဗျာ။

Anonymous said...

ကောင်းလိုက်တာ။
ကဗျာရှည်ထဲမှာ ပါတဲ့  အပိုဒ်တိုင်း အနှစ်သာရ အပြည့်ပဲ။
ခင်မင်လေးစားစွာအားပေးပါတယ်။