Friday, February 12, 2010

“မိုးသည်းတစ်ည”....

ဖျတ်ခ,နဲ လင်းလာသော မီးအလင်းရောင်ကြောင့် ပိတ်ထားသောမျက်လုံးများကို ဖွင့်လိုက်ရသည်။ ခပ်မှောင်မှောင် အိပ်ခန်းလေးထဲမှာ သူအိပ်နေခဲ့တာကြောင့် ရုတ်တစ်ရက်ဖွင့်လိုက်သော မီးချောင်းရဲ့အ လင်းရောင်ကို ရင်မဆိုင်နိုင်သလို မျက်စိထဲတွင် စူးရှရှဖြင့်....၊ နောက်ပြီးတော့လည်း ဆက်ပြီး အိပ်ချင်စိတ် သိပ်မပျယ်သေး တာမို့ သူ့ မျက်လုံးတွေက ဖန်တွတ်တွတ်ဖြစ်နေခဲ့ရလေသည်။

“ထတော့လေ... အစ်ကိုကြီး...၊ အလုပ်ဆင်းရဦးမှာ မဟုတ်လား”.....

အသံလာရာ တံခါးဝဆီကိုခေါင်းငြိမ့်ပြလိုက်ကာ ခေါင်းအုံးဘေးမှာထားသော အဝေးကြည့်မျက် မှန်လေးကိုယူပြီးတပ်လိုက်ရင်း အိပ်ယာထက်မှထလိုက်သည်။ အခန်းအတွင်းမှဖြူဖွေးသော မီးချောင်းအ လင်းရောင်အောက်တွင် သူ့ကို အိပ်ယာလာနှိုးသော အခန်းဖော် ‘ညီလေး’တစ်ယောက်ကိုတွေ့ရ၏။ အ ကျင့်ပါနေသော လက်က အိပ်ယာဘေးမှ ကွန်ပျူတာလေးရဲ့အဖုံးကို ဖွင့်ဖို့လှမ်းမိတော့ ‘ခုနှစ်နာရီထိုး တော့မယ်’....ဟု သတိပေးသလို ထပ်ပြောပြန်သည်။ သူပြုံးလိုက်မိသည်။ ဟုတ်သည်လေ... ဒီည သူအ လုပ်သွားဆင်းရဦးမှာပဲ...။ မနက်ဖြန်မနက်မှ မင်းနဲ့ငါ ပြန်တွေ့မယ်ကွာ...ဟု စက်ကလေးကို စိတ်ထဲမှ ကျိတ်ကာနှုတ်ဆက်လိုက်သည်။ နောက် ထိုညီလေးရဲ့ အရှေ့မှာပင် ရေချိုးခန်းထဲသို့ဝင်ရန် မျက်နှာသုတ်ပုဝါတွေဘာတွေကိုယူတော့မှ စိတ်ချသလိုမျိုး အခန်းအပြင်သို့ ပြန်ထွက်သွားလေတော့၏။ သူဒုတိ ယအကြိမ်မြောက်ထပ်ပြုံးမိရင်း အိပ်ခန်းနှင့်တွဲလျှက်ဖြစ်သော ရေချိုးခန်းထဲသို့ ၀င်ခဲ့မိတော့သည်။

++++++++++

သူ ရေချိုးခန်းအပြင်ဘက်ပြန်ရောက်တော့ အခန်းထဲရှိ သုံးဆင့်မျှသာမြင့်သော စာအုပ်စင်ကလေး ရဲ့အပေါ်တွင် အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်လေးကို အဆင်သင့်တွေ့လိုက်ရပြန်လေ သည်။ ရေချိုးပြီးစ ချမ်းချမ်းစီးစီးမို့ ကော်ဖီခွက်လေးကိုမြင်လိုက်ရတော့ မနေနိုင်စွာ (ခေါင်းတောင် ခြောက်အောင်မသုတ် နိုင်ခဲ့သေးပဲ) သူတစ်ငုံလောက် သောက်လိုက်သေးသည်။ ရင်ထဲတွင်နွေးသွားသော အနွေးဓာတ်လေးနှင့်အတူ လျှာဖျားမှာစွဲကျန်ရစ်ခဲ့သော ခါးသက်သက် ကော်ဖီအရသာကိုခံစားမိရ၏။

အလုပ်ယူနီဖောင်းများကို အမြန်လဲလှယ်ရင်း ထိုကော်ဖီခွက်လေးကို ဇိမ်နဲ့သောက်နေလိုက်သည်။ နောက် မှ သတိရ၍ ၀ရံတာတွင်လှမ်းထားသော ခြေအိတ်များကိုရုတ်ဖို့ အခန်းအပြင်သို့အထွက်....

“ဟာ... အစ်ကိုကြီး...ရေချိုးပြီးသွားပြီလား...၊ ကျွန်တော်က မပြီးသေးဘူးထင်လို့”.....

ခါးတွင် မျက်နှာသုတ်ပုဝါလေးကိုပတ်လျှက် ဧည့်ခန်းထဲတွင်ထိုင်နေသော နောက်ထပ် ညီလေးတစ်ယောက် က သူ့ကိုလှမ်းပြောသည်။ ကြည့်ရတာသူလည်း ရေချိုးမလို့ထင်၏။

“အေး... အေး... အစ်ကိုပြီးသွားပြီ”....

သူ့စကားဆုံးတော့ ထိုညီလေးက အရှေ့ဘက်ရှိ နောက်ထပ်ရေချိုးခန်းတစ်ခုဆီကို ရေချိုးရန် ပြေးသွားလေ တော့သည်။ သူထပ်ပြုံးလိုက်မိပြန်၏။ တစ်ကယ်လို့များ...အရှေ့ဘက်မှာရှိသည့်ရေချိုးခန်းတွင် တစ်စုံတစ်ဦး ရေချိုးနေခဲ့ပါက အနောက်ဘက်တွင်ရှိသော ရေချိုးခန်းထဲတွင် ရေအားနည်းသွားတတ်သည်။ ထို့ကြောင့် သူ ရေချိုးနေချိန်တွင် မချိုးပဲ...သူပြီးတဲ့အထိ ထိုင်စောင့်နေခဲ့ပေးသော ထိုညီလေး၏ စာနာမှု လေးကြောင့် သူပြုံး မိလိုက်ခြင်းသာ....။

အလုပ်ချိန်နီးနေခဲ့တာကြောင့် အိတ်ကိုလွယ်၊ ရေဘူးကိုယူပြီး အခန်းအပြင်သို့ နောက်တစ်ခါထွက်ခဲ့လေ တော့ ညီလေးတစ်ယောက်က....

“ထမင်းဘူး ထည့်ထားပေးတယ်...အစ်ကိုကြီး... ကြက်သားဟင်းနဲ့ သိလား”....

ကြည့်လိုက်တော့ ဧည့်ခန်းရှိ စားပွဲခုံလေးအပေါ်မှာ အိတ်ကလေးနှင့် သေသေချာချာ ထုတ်ပိုးပေးထားသော ထမင်းဘူးကလေးကိုတွေ့ရ၏။ ဒီည သူအလုပ်လုပ်ရသောစက်ရုံတွင် လူအနည်းငယ်သာ ရက်အစားထိုး ဆင်းရတာကြောင့် ကင်(န်)တင်းတွင် ထမင်းရောင်းသူမလာတာကိုသိ၍ သူ့အတွက်ထမင်းဘူးထည့်ထား ပေးသော ထိုညီလေး၏ စေတနာတစ်ခု...။ သူ ထပ်ပြီးပြုံးလိုက်မိပြန်၏။ ဒီကနေ့ည သူခဏခဏ ပြုံးမိနေပါ သည်။

“အေး..အေး... သင့်ခ်ယူပဲ”....

ကတိုက် ကရိုက်နှင့်ကျေးဇူးတင်စကားပြောရင်း... ဖိနပ်ချွတ်တွင် သူဖိနပ်စီးနေလိုက်သည်။ တစ်ချက်ချက် နှင့်မြည်နေသော နာရီလက်တံလေးများက အလုပ်ချိန်နီးကပ်နေပြီ .... ဟု သူ့ကိုသတိပေးနေခဲ့သလိုလို...။ ဖိနပ်ကြိုးများကို စိတ်လောစွာဖြင့် ခပ်သွက်သွက်ချည်နေဆဲ ခဏ....

“အစ်ကိုကြီး... မိုးရွာတော့မယ်နဲ့တူတယ်... လေတွေ အရမ်းတိုက်လာပြီ”...

“ဟေ... ဟုတ်လားကွ”....

ဧည်ခန်းရှိပြတင်းဝတွင်ရပ်ပြီး မိုးလေ၀သခန့်မှန်းရေးလုပ်နေခဲ့ကြသော ညီလေးသုံးယောက်ထဲမှတစ် ယောက်က သူ့ကိုလှမ်းပြောတာကြောင့် စိတ်ပျက်စွာဖြင့်ပြန်မေးမိသည်။ နောက် ဒီနိုင်ငံမှ မိုးကသိပ်အ ကျင့်ဆိုးတာပဲ ဟုလည်းတွေးမိ၏။ ဟုတ်သည်၊ အလုပ်သွားချိန်၊ ပြန်ချိန်များဆိုလျှင် ရွာတတ်တာအမြဲ...။

“ထီးယူသွားဦးနော်...၊ ဒီမှာ အစ်ကိုကြီး”....

ပြောပြောဆိုဆိုနှင့် ညီလေးတစ်ယောက်က ထီးကောက်ရှည်တစ်ချောင်းလာပေးသည်။ သူလှမ်းယူလိုက် ရင်း အားလုံးကို သိမ်းကြုံးပြီး ‘သွားတော့မယ်’...ဟုနှုတ်ဆက်ရင်း တိုက်အောက်သို့ ခပ်သွက်သွက်လေးပြေး ဆင်းခဲ့လိုက်သည်။

+++++++++

သူတိုက်ခန်းအောက် လမ်းမပေါ်သို့ရောက်တော့ မိုးမရွာသေးပါ။ သို့သော် အိမ်ပေါ်မှညီလေးတွေပြော လိုက်သလို လေတွေခပ်ရမ်းရမ်းတိုက်ခတ်နေတာကို အေးမြစွာခံစားရ၏။ ကောင်းကင်မှာလည်း အနည်း ငယ်နီမြန်း နေတာတွေ့ရသည်။ ဟိုဟိုဒီဒီသွားလာနေကြသော လူများကိုအားကျစွာကြည့်ရင်း လုပ်ငန်းခွင် သို့ခြေလှမ်းစ,ကာ ခပ်သွက်သွက်လေးလှမ်းမိသည်။

“အစ်ကိုကြီး... အလုပ်သွားတော့မလို့လားဗျ... မိုးလည်းမရွာဘဲနဲ့ ထီးကြီးယူလာတယ်”....

လှမ်းနှုတ်ဆက်လိုက်သော မြန်မာလူမျိုး ညီလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။ သူလှမ်း ကြည့်မိလိုက်တော့ နားရက်မို့တိုက်အောက်ဆင်းပြီး ခြေများနေသော တစ်ခြားအခန်းတွင်နေတဲ့ ညီလေး တစ်ယောက်ကိုတွေ့ရ၏။

သူပြန်ပြုံးပြလိုက်ရင်း...

“အေးကွာ... အိမ်ပေါ်က ညီလေးတွေက မိုးရွာတော့မယ်ဆိုပြီး ထည့်ပေးလိုက်လို့ ယူလာတာ... ကဲ...သွား ဦးမယ်ကွာ”.....

ပြန်နှုတ်ဆက်ပြီး ရှေ့သို့ သူဆက်လျှောက်လာခဲ့သည်။ သူတို့နေသော တိုက်ခန်းများနှင့် မနီးမဝေးရှိ မီးပွိုင့် လေးကို ဖြတ်အကူးတွင် မိုးဖွဲလေးများ ခပ်ကျဲကျဲကျဆင်းလာ၏။ တစ်ဖက်လမ်းသို့ ကူးအပြီးတွင် ထီးကလေး ကို သူဖွင့်ဆောင်းလိုက်ပါသည်။ သူတို့အလုပ်လုပ်သော စက်ရုံတည်ရှိရာနေရာသို့ရောက်ဖို့ နောက်ထပ် ဆယ့်ငါးမိနစ်လောက် သူလမ်းလျှောက်ရဦးပေမည်။

သူအလုပ်သွားရာ လမ်းမဘေးတစ်ဖက်တစ်ချက်စီတွင် ဘာလူနေအိမ်မှ မရှိ...။ အားလုံးစက်ရုံများချည်း သာ။ ည ရှစ်နာရီထိုးကာနီးအချိန်မို့ လမ်းမပေါ်တွင် လူသူကင်းရှင်းနေခဲ့၏။ တစ်ချက်တစ်ချက် တွင်ဖြတ်သန်းသွားတတ်သော ကားနှင့် ဆိုင်ကယ်အချို့မှလွဲပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။ သူတစ်ယောက်ထဲပဲ နောက်ကျနေခဲ့တာကြောင့်လားမသိ။ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များကိုပင် အရိပ်အ ယောင်တောင်မှ မတွေ့ရ တော့...။

သူဆက်လျှောက်နေဆဲ ခဏအတွင်းမှာပင် မိုးများက စတင်ရွာချလာလေတော့သည်။ အစပိုင်းတွင် ခပ်ဖြည်းဖြည်း...၊ နောက်တော့ တစ်ဖြည်းဖြည်းနှင့် သည်းထန်လာလေတော့၏။ ထိုမိုးစက်များကို ဆောင်းထားသော ထီးကလေးနှင့် ကာကွယ်ရင်း ထီးကလေးကို ဂရုတစ်စိုက်ထည့်ပေးလိုက်သော ညီလေးများကို ရင်ထဲမှ ကျေးဇူးတင်မိသည်။ နို့မို့ဆိုရင် သူမိုးမိမှာသေချာပါသည်။ လက်တစ်ဖက်မှ ဆွဲကိုင် ထားသော ထမင်းဘူးလေးကိုရေမစိုအောင် ရှေ့သို့ ပို့ထားရင်း အိမ်မှ အတူနေရသည့် ညီလေးများအ ကြောင်းကို သူတွေးနေမိခဲ့လေတော့၏။

သူ့အတွက် လိုအပ်မယ်ထင်တာမှန်သမျှကို (သူမခိုင်းရဘဲနှင့်) အလိုလိုလုပ်ပေးတတ်တဲ့ အကြောင်းများပင် ဖြစ်ပါသည်။ သူတို့တွေနားရက်မှာ အလုပ်ဆင်းရသော သူ့အတွက် ထမင်းဘူးမှအစ...ကော်ဖီကို အဆင် သင့်ဖျော်ပေးထားသည့်အဆုံး လုပ်ပေးတတ်သော ညီလေးများ၏ ဂရုတစ်စိုက်အပြုအမူလေးများ...။ ပြည်ပ တွင် အလုပ်လုပ်နေရသော သူ့လိုလူမျိုးများတွင် ရနိုင်ခဲလှသည့် အခွင့်အရေးတစ်ခု...ဟု သူထင်မိ၏။

ထိုအခွင့်အရေးကို ရရှိနိုင်ဖို့အတွက် သူ့ဘက်က ဘာမှ အရင်းအနှီးအများကြီး မစိုက်ထုတ်ခဲ့ရဖူးပါ။ အတူတူ နေခဲ့ရစဉ်ကာလတစ်လျှောက်လုံး ထိုညီလေးများကိုရော....၊ သူနှင့် ရွယ်တူ၊ နောက် သူ့ထက်ကြီးသူများကို ပါ စိတ်ရင်းအမှန်ဖြင့် လေးလေးစားစား၊ နွေးနွေးထွေးထွေး ချစ်ခင်ခဲ့ခြင်းနှင့် သူတို့ရဲ့ လိုအပ်ချက်လေးများ ကိုတတ်နိုင်သလောက် ကူညီလိုခဲ့ခြင်းလေးသာရှိခဲ့ပါသည်။

+++++++++++

မိုးက မစဲဘဲ တိုးလို့သာသည်းထန်လာလေသည်။ သူ့ဘောင်းဘီအောက်ခြေများတွင် မိုးရေများနှင့် စိုစွတ် နေခဲ့ရပြီဖြစ်၏။ လူရှင်းသော လမ်းကလေးထက် သည်းထန်သောမိုးရေစက်များကြားတွင် သူတစ်ယောက် ထဲ...။ မိုးသက်လေတစ်ချက် သူ့ဆီတိုးဝှေ့လာစဉ်ခဏတွင် စိမ့်ခနဲတစ်ချက်ဖြစ်သွား ရသည်။ သို့သော်လည်း အအေးဒဏ်က သူ့ရင်ထဲအထိတော့ ၀င်ရောက် ထွင်းဖောက်နိုင်ခြင်းမရှိခဲ့...။ သူ့ စိတ်ထဲ၊ နောက်ရင် ထဲတွင်ပါ... ညီလေးများ၏ ဂရုတစ်စိုက်နှင့် စေတနာပါသော အပြုအမူလေးများ ကြောင့်လုံခြုံစွာ နွေးထွေး နေခဲ့တာကြောင့်ပဲ ဖြစ်ပါသည်။

++++++++++
ရှေ့ကို လှမ်းမျှော်ကြည့်လိုက်တော့ သူ အလုပ်လုပ်သော စက်ရုံလေးကို ညမီးရောင်အောက်ရှိ မိုးရေ စက်များကြားတွင် ၀ိုးတစ်ဝါး တွေ့နေရလေပြီ....။         ။

++++++++++

ပုံကလေးကိုဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ...။

==================================
Hostel No. (C 2-2) မှ ညီလေးများအတွက် အမှတ်တရ....
==================================
စာကြွင်း.... လောလောဆယ် ဏီလင်းညိုရဲ့ အခြေအနေမှာ ဆိုက်ဒ်ဘားတွင်တင်ထားသည့်အခြေအနေနှင့် တစ်ထပ်တည်းဖြစ်နေပါ၍ ခပ်တည်တည်နှင့် ဆားချက်ထားခြင်းသာဖြစ်ပါကြောင်း...း)
=======================================================
ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

12 comments:

ရွှေပြည်သူ said...

စာရေးတော်တော် ကောင်းပါတယ် ကိုဏီလင်းညို။ ကျွန်မ cbox မှာ လာလာအားပေးသွားတတ်တဲ့ ကိုဏီလင်းညိုနဲ့ တစ်ယောက်ထဲ ထင်ပါတယ်။ အခုမှ ဘလော့ရှိတာ သိရလို့ စဖတ်ရတာပါ။ ဝါသနာပါရာ စာတွေအများကြီး ဆက်ရေးနိုင်ပါစေရှင်။

~ဏီလင်းညို~ said...

ဟုတ်ပါတယ်ခင်ဗျ... မရွှေပြည်သူ...
ဒီနေ့မှ ကျွန်တော့် ဘလော့ဂ်လေးကို ဖွင့်မိတာပါ...။ ကျွန်တော်မှာ ဘလော့ဂ်ရှိတာကို ဘယ်သူမှမသိဘူးထင်နေခဲ့တာပါ...။ ပြောလည်း မပြောပြထားမိခဲ့လို့ပါ...။ သူများစာတွေဖတ်ရတာ ကျွန်တော်ပိုနှစ်သက်တတ်တာလည်းပါပါတယ်...။ ဆုတောင်းပေးတာ... ကျေးဇူးပါခင်ဗျ...။

ကျွန်တော် said...

အရေးအသားကတော့ရှယ်ဘဲဗျာ.. အတွေ့အကြုံလေးတွေနောင်လည်းဆက်ရေးပါဦး

အင်ကြင်းသန့် said...

ကိုဏီး...လူလည်ကျထားပါသည်...ဒါပိုစ့်အဟောင်းကြီး မို့လား...

မိုးငွေ့...... said...

ဖတ်ပြီးသားကြီးပါလို့...။ မျက်စိလည်သွားတယ်...ဘယ်လိုဖြစ်ပြီး ပို့စ်အဟောင်းက ထိပ်ဆုံးရောက်နေသလဲလို့...။

ခင်မင်စွာဖြင့်
မိုးငွေ့

ညီမလေး said...

စေတနာမေတ္တာဆိုတာ ရောင်ပြန်ဟတ်တတ်ပါတယ် ကိုလင်းညို ... ။
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားနေတဲ့ ခေတ်ပျက်ကြီးထဲမှာ အဲ့လိုလေးတွေကြားနေရတာလဲ မင်္ဂလာတပါးပဲနော် ..။

ဒဏ္ဍာရီ said...

ဒီစာလေး ဖတ်ပြီး ကိုဏီး ပုံစံကို မျက်စိထဲ မြင်ယောင်သွားမိပါတယ်။ အဲဒီလို သရုပ်ဖော်တော်ချက်...။း)
ဂရုစိုက်ပြီး ချစ်ခင်တဲ့ အခန်းဖော် ညီလေးတွေနဲ့ နေရတဲ့ အတွက်လည်း အားကျမိပါတယ် ကိုဏီး။ ဒါကြောင့် အကိုကလည်း ဟင်းချက်ရင် (၉) ယောက်စာတောင် ချက်ရတာကိုး။ အခုမှ သဘောပေါက်တော့တယ်။ မေတ္တာဆိုတာ အသွားပြန်ရှိတယ် ဆိုတာ အမှန်ပဲနော်။ ဆားချက်ထားပေမယ့် မဖတ်ရသေးလို့ အသစ်ပါပဲ အကို။

ခင်မင်လေးစားလျှက်

ညရဲ့ကောင်းကင် said...

ကောင်းလိုက်တာ ဗျာ...

ကျွန်တော်တောင်လာနေချင်လာပြီ အစ်ကိုနဲ့အတူ ...
အဲလိုမျိုးနေရရင် ဘယ်လောက်တောင် စိတ်ချမ်းသာမလဲနော်..

မောင်မိုး said...

ရုပ်တည်ကြီးနဲ့ ဆားချက်တယ်ဆိုတာ ဒါပဲ..။
အစအဆုံးတော့ ဖတ်သွားပါတယ်။ လူဇိုးးးးး

အဖြူရောင်နတ်သမီး said...

ကိုဏီ...
အရေးအသားလေးတွေ မှတ်သားသွားပါတယ်...
ရေးထားတာ အရမ်းညက်တယ်...
ကျေးဇူးပါနော်...
အစဉ် လေးစားလျှက်..

မြတ်မွန် said...

အားပျော်စရာကြီး ကိုဏီးက ဖော်ရွေတာကို ညီလေးတွေက ချစ်တာပေါ့..။
အားငယ်နေလို့ ချောကလက် စားသွားတယ်။

မိုးခါး said...

စိတ်ချမ်းသာဖို့ ကောင်းလိုက်တား))