Friday, April 23, 2010

ဘလော့ဂ်စပေါ့(ထ်) နှင့် ဟော့ရှော့(ခ်)



မြင်နှင့် အတွေးဆိုသောအရာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသောအရာများဟု ကျွန်တော်ယူဆမိ ပါသည်။ မြင်ပြီးမှတွေးသလား...၊ တွေးပြီးမှ ရှုမြင်သုံးသပ်သလားဆိုတာကတော့ အခြေအနေ၊ ဖြစ်ရပ်တစ်ခု ပေါ်တွင်သာ မူတည်နေပါလိမ့်မည်ထင်မိပြန်ပါသေးသည်။


~~~@@~~~



နက်နဲသော အတွေးအမြင်များကို မပိုင်ဆိုင်သည့်ကျွန်တော် အနီးဆုံး ကိုယ့်လုပ်ရပ်၊ ကိုယ့်ကိုယ်ကို ပြန်မြင်မိ၊ တွေးမိပါသည်။ (အကြီးကြီးတွေ တစ်ကယ်ထိုင်တွေးဖို့ မစွမ်းပါ။)

ကျွန်တော်ရေးဖြစ်ခဲ့သောစာများကိုပြန်မြင်ကာ တွေးကြည့်မိလိုက်သောအခါ ကိုးဆယ့်ငါးရာခိုင်နှုန်းလောက် မှာ (ဘလော့ဂ်ပို့စ်တစ်ခုအနေဖြင့်) အတော့်ကိုရှည်းလျှားလွန်းလှပါသည်။ ဘလော့ဂ်စာမျက်နှာပေါ်သို့ မတင် ရသေးခင် word ဖိုင်လ်ထဲတွင်ရေးထားမိသည်ကပင် အနည်းဆုံးလေးငါးမျက်နှာစာလောက်ရှိပါသည်။ သိပ်သည်းသော စာလုံးရေဖြင့်ရေးသားရသော ကဗျာများသည်ပင် အရှည်က ခပ်များများဟု မြင်မိပါသည်။

ဘလော့ဂ်ရေးဖော် သူငယ်ချင်းတစ်ယောက်၏ ပို့စ်တစ်ခုတွင်ဖတ်လိုက်ရဖူးသည်။ စာရှည်လျှင် ဖတ်သူငြီးငွေ့ မည်။ အီလာမည်။ ထိုအခါ စာကိုမဖတ်ပဲနှင့် ကျော်ချင်ကျော်သွားနိုင်သည့် အဓိပ္ပါယ်မျိုး သက်ရောက်နေပါ၏ ။ ထိုစာစုလေးကို ဖတ်ပြီးသည့်နောက် စာရှည်ရှည်များကိုသာ အများဆုံးရေးလေ့ရှိသော ကျွန်တော်ကိုယ့်ကို ကိုယ် ပြန်မြင်ယောင်လာကာ မေးခွန်းတစ်ခုကို ကိုယ့်သာသာ ပြန်မေးမိလိုက်၏။ “စာတိုတိုလေးတွေ မရေး နိုင်ဘူးလား”...ဟူ၍ပင်...။

ထိုမေးခွန်းကြောင့် ကျွန်တော့်ရင်တွင်းမှ ထွက်လာသော အဖြေကအတော့်ကိုရှင်းလှပါသည်။ “မဖြစ်နိုင်၊ မရေးနိုင်ပါ”...... ဟု ဆိုပါသည်။ ရသစာပေများကိုသာ (စိတ်ခံစားမှုကို ဦးစားပေးတတ်သူတစ်ယောက်အနေ ဖြင့်) တစ်ရှိုက်မက်မက် ဖတ်လာခဲ့ရသောသူမို့ ကျွန်တော်စာရေးဖြစ်သောအခါတွင် ရသဖက်ကို ဦးစားပေး သည့် ခံစားမှုစာစုများ၊ အက်ဆေးများ၊ ကဗျာများ၊ ၀တ္တုတိုများကိုသာ အများဆုံးရေးဖြစ်ခဲ့မိပါသည်။

မတောက်တစ်ခေါက်နိုင်လှစွာဖြင့် စာရေးမိသောကျွန်တော်သည် စာရေးမိတိုင်းလည်း (နားလည်မိသရွေ့) ဖြစ်စဉ်ပြရေးနည်းနှင့်၊ သရုပ်ဖော်ရေးနည်းနှစ်ခုကို ရောမွှေစွာရေးမိသည်။ (စကားလုံးနိမိတ်ပုံကိုယူပြီးရေးရန် အားနည်းတတ်ပါသည်။) ရေးမိတိုင်းလည်း စာထဲတွင်ပါသော နေရာ၊ အဖြစ်အပျက်များကို အသေးစိတ်မြင် ယောင်ကာ ခံစားရေးမိတတ်ပြန်သေးပါ၏။ နောက် စကားပြောအရေးအသားထက်၊ စကားပြေအရေးအသား ကို (သိပ်မတတ်ကျွမ်းသော်လည်း) ပိုအားသန်စွာဖြင့် ဖွဲ့နွဲ့စွာရေးမိတတ်သည်မှာလည်း အခါခါပင်။

ဥပမာ “မြက်ခင်းပေါ်တွင် သစ်ရွက်များကြွေကျနေသည်”...ဟု ရေးနိုင်သည့်နေရာတွင် “မြက်ခင်းစိမ်း စိမ်းပေါ်တွင် သစ်ရွက်ခြောက်များကြွေကျနေလေသည်မှာ ညှိုးနွမ်းဆိတ်သုန်းလွန်း လှပါသည်”...စသည်ဖြင့်...။ ထိုအခါတွင် နောက်ဆုံးပိတ်ရလာဒ်အဖြစ် ကျွန်တော်ရေးသည့် စာများသည် (ဘလော့ဂ်ပို့စ်တစ်ခုအနေနှင့်)အမှန်ရှည်လျှားနေခဲ့မည်ထင်ပါသည်။ သို့သော်လည်း ပို့စ်ကိုတိုအောင် ရေးနိုင်ဖို့ ကျွန်တော်မပြင်နိုင်ခဲ့ပါ။ သာမန်အနေဖြင့် ဘလော့ဂ်တစ်ခုပေါ်မှ ပို့စ်တစ်ပုဒ်၏သက်တမ်းသည် ပျမ်းမျှ တစ်ပတ်လောက်သာခံပါ၏။ ကာယကံရှင်မှလွဲပြီး မည်သူတစ်ဦးတစ်ယောက်မှ ပို့စ်တစ်ခုကို ခဏခ ဏပြန်လာဖတ်နေမည်မဟုတ်ပါ...။ သို့သော် ကျွန်တော်ကတော့ ရှည်လျှားသောပို့စ်များကိုရေးနေမိဆဲ ပင်....။

အဖွဲ့အနွဲ့၊ အရေးအသားဖြင့် စာဖတ်သူအား တစ်စုံတရာသော သုတ၊ ရသနှင့် ဆင်ခြင်တုံ့တရားပေးစွမ်းနိုင်ခဲ့ လေသော ၀တ္တုတို၊ ၀တ္တုလတ်၊ ၀တ္တုရှည်၊ လုံးချင်းဝတ္တုနှင့် အုပ်တွဲ ၀တ္တုရှည်ကြီးများကို အချိန်မပေးနိုင်သော စာဖတ်သူအချို့အတွက်ငဲ့ညှာစွာ တိုအောင်ချုံ့ရေးခဲ့ကြလျှင် ဘယ်လိုများ နေမှာပါလိမ့်ဟု... တစ်ခါတရံတွင် ရူးကြောင်ကြောင်နိုင်စွာ ကျွန်တော်တွေးမိ၊ မြင်မိခဲ့သောအခါ တစ်ခုကို သွားသတိရမိလိုက်ပါသည်။ ကျွန် တော်တို့ တက္ကသိုလ်ပထမနှစ်တုန်းက မိုင်နာ ဘာသာရပ်အဖြစ်သာသင်ခွင့်ရခဲ့လေသော မြန်မာစာတွင် အ နှစ်ချုပ်ရေးနည်းနှင့် ခပ်ဆင်ဆင်တူနေလိမ့်မည်လားဟူ၍....။

ထိုအခါ ဆိုလိုရင်းတော့ရောက်မည်...။ ရသ(ခံစားမှုအပိုင်းတွင်)လိုတာထက်ပိုစွာ အားနည်းသွားမည်ဟု ထင်မြင်မိပါသည်။ (ကိုယ်ပိုင်ထင်မြင်ယူဆချက်မို့ မှားချင် မှားနေနိုင်ပါသည်။)

ထို့ကြောင့် ကျွန်တော်သည် ရသစာများကို မတောက်တစ်ခေါက်ရေးသားနေရာတွင် (စိတ်ပါနေသမျှ၊ ဘ လော့ဂ်ရေးဖို့ အခွင့်အလမ်းရှိနေသမျှကာလတစ်လျှောက်လုံး)ပို့စ်ရှည်ရှည်များကိုသာ ရေးသားနေလိမ့်ဦး မည့်ဝါသနာရှင်တစ်ယောက်ဟု ပြန်မြင်မိနေပါသည်။ ကျွန်တော်ရေးသောပို့စ်များ၊ စာများကို ရှည်လွန်း၍ အချိန်ပေးစွာ မဖတ်နိုင်သူ ဘလော့ဂ်ရေးသော၊ မရေးသော မောင်နှမများအား.... ကျွန်တော် ဘယ်လိုမှမ မြင်မိပါ....။ လူတိုင်းသည် သူ့အကြောင်း၊ သူ့ခံစားချက်၊ သူ့စိတ်စေရာကိုနာခံနေကြရသောသူများဟု ကျွန် တော် ရိုးသားစွာ တွေးမိ၊ မြင်မိထားတာ နှစ်ကာလ အတော့်ကိုကြာခဲ့ပြီမို့ပင်....။ (သေချာသည်က တိုတိုနှင့် ထိထိ မိမိရှိသော ရသစာလေးများကို ရေးဖို့ညံ့ဖျင်းလွန်းနေခဲ့သောကြောင့် ကျွန်တော့်ရဲ့ စာမျက်နှာကို ကျော် သွားခဲ့လျှင်လည်း.... ကျွန်တော်သည် မည်သို့မျှ ခံစားလိမ့်မည် မဟုတ်ပါ...။)

~~~@@~~~

လော့ဂ်ရေးသောမောင်နှမသူငယ်ချင်းများကြားတွင် တစ်ဦးနှင့် တစ်ယောက်ခင်မင်ရင်းနှီးစွာဖြင့် တက်ဂ်ကြ သောအလေ့အထလေးကိုလည်း ကျွန်တော် မြင်ကြည့်ကာ တွေးမိပြန်ပါသေးသည်။ ကျွန်တော်သည်လည်း အတက်ဂ်ခံရဖူးသည်။ ကျွန်တော်ကလည်း ဆက်ကာ တက်ဂ်ခဲ့ဖူးသည်။ သို့သော်... အခု အခြေအနေတွင် ကိုယ်နှင့်နှိုင်းစာကာ တစ်ဖက်ကတက်ဂ်ခံရသောမောင်နှမများအတွက် ကိုယ့်အဖြစ်နှင့်ယှဉ်ကာ ကျွန်တော် မြင်မိ၊ တွေးမိနေပါသည်။ ဒီနေရာတွင် ကျွန်တော့်ရဲ့ daily lifeလေးကို နည်းနည်းပြောပြပါမည်။ ကျွန်တော် သည် အရှေ့တောင်အာရှ နိုင်ငံငယ်လေးတစ်ခုမှ သာမန်စက်ရုံအလုပ်သမားတစ်ဦးသာဖြစ်ပါသည်။ မည်ကဲ့ သို့သော အဆင့်မြင့်မြင့်ပညာမျိုး၊ အတွေးအခေါ်မျိုးကိုမှ ပိုင်ဆိုင်ထားသူမဟုတ်ပါ။ သာမန်တွေး၊ သာမန်ခံစား ချက်နှင့် သာမန်လူတစ်ယောက်သာဖြစ်ပါသည်။ အလုပ်ထဲတွင် တစ်နေ့ကို ၁၂နာရီတိတိ ရုန်းကန်လှုပ်ရှားရ ပါသည်။ တစ်လလုံးလုံးတွင် သာမန်အားဖြင့် နားရက်ပင် သိပ်မရတတ်ပါ..။ အချိန်ပိုများကို မလွှဲသာ မရှောင် သာလွန်း၍ ဆင်းခဲ့ရသည်မှာ အခါခါပင်ဖြစ်ပါသည်။ အလုပ်ထဲတွင်လည်း... ပြေးလွှားကာ အလုပ်လုပ်ရခဲ့ရ သည့် စက်ရုံလုပ်သားမို့ ကွန်ပျူတာကို စိန်ပြေနပြေထိုင်သုံးပြီးအလုပ်လုပ်ခွင့်မရှိပါ။ အလုပ်အတွက် တစ်ခါတ ရံမှသာပြေးသုံးဖြစ်ရတာများပါသည်။ အလုပ်သွားရန်ပြင်ချိန်၊ ပြန်ချိန်များနှင့် အလုပ်ချိန်အားလုံးပေါင်းလိုက်မိ သောအခါ တစ်နေ့တွင် ၁၅နာရီစာလောက်ရှိပါသည်။ အလုပ်မှပြန်လာလျှင် လျှော်ဖွပ်၊ ချက်ပြုတ်နှင့် တစ်နာ ရီကျော်ကျော်လောက် အချိန်ကုန်ပါသေးသည်။ နောက် အိမ်မှ အတူနေသော သူငယ်ချင်းများနှင့် အချိန်ပေး ကာစကားပြောရခြင်း၊ နောက် အွန်လိုင်းမှ ခင်မင်လေးစားရသော မောင်နှမတချို့နှင့် စကားအနည်းငယ်ပြော ခြင်းတို့အတွက် အချိန်အနည်းငယ်ပေးမိရသေးပါသည်။ အိပ်ချိန် လေးငါးနာရီလောက်သာပေးမိသော်လည်း ကျွန်တော်၏ ကိုယ်ပိုင်အချိန်သည် သုံးနာရီစာလောက်မျှသာကျန်ပါတော့သည်။ ထိုအတောအတွင်းတွင် ရေး လက်စစာကိုဆက်ရေးရင်း၊ နောက် ဘလော့ဂ်လည်ဖတ်ရင်း၊မှတ်ချက်လေးများရေးပေးရင်းဖြင့် ကျွန်တော့်အ တွက် အချိန်ဆိုတာ ရှားပါးလွန်းလှပါသည်။(နောက်ပြီး စာတစ်ပုဒ်ကို လွယ်ကူစွာ ဖတ်ကောင်းအောင်၊ သုတ၊ ရသပေးနိုင်အောင် ကျွန်တော်လျှင်မြန်စွာမရေးနိုင်ပါ...။ ဥာဏ်နည်းသလို အချိန်မရတာမို့ပင်....။)

ပြည်တွင်း၊ ပြည်ပမှ ကျွန်တော်နှင့်ခင်မင်နေသော ဘလော့ဂ်ရေးဖော် မောင်နှမများလည်း ကျွန်တော့်နည်းတူ ပင်ဖြစ်မည်ဟု ထင်မိပါသည်။ (ကိုယ်ပိုင်မိသားစု ရှိသူဆို ပိုဆိုးမည်ထင်ပါ၏။) မှတ်မှတ်ရရ ကျွန်တော်ရေးခဲ့ သည့် သို့သော်လည်း ဆိုသော (အစ်မ၀ါ၏ နောင်လာမည့်ငါးနှစ်စိတ်ကူးကိုရေးမိသော) တက်ဂ်ပို့စ်လေးကို ကျွန်တော်ဆက်တက်ဂ်ခဲ့မိသော မောင်နှမအချို့မှာ ခုထိပင်မရေးရသေးပါ...။ ထို့အတွက် ကျွန်တော်မည်သို့ မှ မမြင်မိသေးရုံသာမက၊ ကျွန်တော့်စိတ်ထဲမှ တိတ်တိတ်လေးပင်ပြန်ကာကျိတ်၍ အားနာမိပါသေးသည်။ အ လကားနေရင်း( ခင်မင်လို့ဖြစ်ပေမယ့်) တက်ဂ်မိသောကျွန်တော့်ကြောင့် သူတို့မှာ အကြွေးတင်သလိုဖြစ်နေခဲ့ ရတာမို့ပင်ဖြစ်၏။ ထို့အတူ အချို့မောင်နှမများမှာလည်း ဖြစ်ညှစ်ကာရေးပေးကြရတတ်ပါသည်။ ထိုအခါ ကျွန် တော့် အကျင့်အတိုင်း ရင်ထဲမှ ကျေးဇူးလည်းတင်၊ အားလည်းနာ အခါခါဖြစ်မိရပါသည်။ ထို့ပြင် အကြွေးဆို သောအရာမှာ (မည်သည့်အကြွေးပင်ဖြစ်ပါစေ) အတော်ဆိုးသည်ဟု မြင်မိ၊ တွေးမိနေတတ်တာလည်း အခါ ခါဖြစ်၏။

ထို့ကြောင့် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချမိပါသည်။ နောက်ထပ် မည်သူ့ကိုမျှ တက်ဂ်ပို့စ်ကို ဆက်တက်ဂ် တော့မည်မဟုတ်တော့ပါ...။

~~~@@~~~

ကျွန်တော့်ဘလော့ဂ်သက်တမ်းခပ်ပါးပါးလေးတွင် ခင်မင်ရင်းနှီးစွာဖြင့် တက်ဂ်လာသော တက်ဂ်ပို့စ်အနည်း ငယ်ကိုကိုယ်တိုင်ရေးဖြစ်ခဲ့ဖူးပါသည်။ အခုခါတွင် ကျွန်တော်ရေးဖြစ်ခဲ့သော တက်ဂ်ပို့စ်များကိုပြန်မြင်ဖတ်ရှု ကာ သုံးသပ်မိပြန်ပါသည်။

ကျွန်တော်လေးစားစွာ ခင်မင်ရင်းနှီးခွင့်ရခဲ့သော ဘလော့ဂ်ရေးသူမောင်နှမတစ်ဦးဦးမှ ခေါင်းစဉ်တစ်ခုခုဖြင့် ကျွန်တော့်ကို တက်ဂ်လာပါက ဘယ်လိုပုံစံမျိုးလေးနှင့် အကောင်းဆုံးရေးပေးရလျှင်ကောင်းမလဲဟု စဉ်းစားမိ တာ အရင်ဆုံးဖြစ်ပါသည်။ အကြောင်းမှာ အထွေအထူးတော့ မဟုတ်ရပါ..။ တက်ဂ်ပို့စ်တွင် ပါဝင်သောအ ကြောင်းအရာခေါင်းစဉ်များ၏အောက်တွင်ရေးရင်ဖြင့်ကျွန်တော့် history တချို့ကို ဖော်ပြလိုက်သလိုဖြစ်သွား မှာ...၊ နောက်ထပ် ကျွန်တော့်လက်ရှိ အသက်အရွယ်လေးနှင့် ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်စွာ တွေးထားမိသမျှကို၊ ဖတ်ဖူး၊ သိဖူးသော စာများထဲမှ အတွေးအခေါ်များကိုပြွတ်သိပ်စွာ တက်ပို့စ်ထဲတွင်ရေး လိုက်မိလျှင်.... အွန်လိုင်းတွင်ဖြတ်သန်းသွားသမျှ ကျွန်တော့်ထက်ကြီးသူ၊ ငယ်သူမရွေး၊ အတွေးအခေါ်ရင့် ကျက်သူ မည်သူမဆို အမှတ်မထင်ဖတ်မိသွားပါက မတိုက်ဆိုင်ခဲ့လျှင် ရှက်ဖွယ်လိလိဖြစ်သွားမှာတစ် ကြောင်း....။ (ကိုယ့်တစ်ကိုယ်တည်း တွေးမိသောအတွေးများသည် များသောအားဖြင့် ၁၀၀%မှန်ဖို့ အခွင့်အ လမ်းနည်းပါးတတ်သည်ဟု မြင်မိ၊ တွေးမိပါသည်။)

နောက်ဆုံးတစ်ခုအနေဖြင့် (ကျွန်တော့်အတွေ့အကြုံအရ) အွန်လိုင်းတွင် စာဖတ်နေကြသူများထဲတွင် ဘလော့ဂ်မရေးပဲ၊ ဘလော့ဂ်သာဖတ်သော စာဖတ်သူအများစုရှိနေခြင်းကြောင့် အချို့တက်ဂ်ပို့စ်များကို ရယ်စရာ၊ လွမ်းစရာ၊ တွေးစရာပုံစံလေးများဖြင့် ၀တ္တုတိုပုံစံ၊ ခံစားမှုစာစုပုံစံ၊ အက်ဆေးပုံစံလေးများဖြင့် ရေးခဲ့ မိပါသည်။ တက်ဂ်ပို့စ်တစ်ခုထဲတွင် ဘလော့ဂ်ရေးသူအချင်းချင်းသာ နားလည်နိုင်သည့် အသုံးအနှုန်း၊ အ ချိတ်အဆက်နှင့်၊ အပြောအဆိုများကို ရိုးရိုးစာဖတ်နေသောသူများ (ဘလော့ဂ်မရေးသည့်မောင်နှမများ) ဖတ် မိလျှင် အတော့်ကို ဟာ,သွားမှစိုးလို့ပင်ဖြစ်ပါသည်။ (ထိုခံစားချက်ကို ကျွန်တော်ဘလော့ဂ်မရေးဖြစ်ခင်က ကိုယ်တိုင်ခံစားဖူးလို့ပဲဖြစ်ပါသည်။) အဓိကကတော့ စာတစ်ပုဒ်ကို အချိန်ပေးကာလာဖတ်သူမှနေ ဘာကြီး တွေရေးထားတာလည်းမသိဘူး...၊ သူ့ကိုယ်သူ ဆရာကြီးကျနေတာပဲဟု မြင်သွားမည်ဆိုလျှင် အတော့်ကို အားနာစရာ၊ ရှက်စရာကောင်းနေမည်ထင်ပါ၏။

ထိုကဲ့သို့ တက်ဂ်လာသောခေါင်းစဉ်တစ်ခုကို အတွေးပွားကာရေးလိုက်ရင်းဖြင့် ကျွန်တော်ရေးသားမိခဲ့သော ၀တ္တုတို၊ ခံစားမှုစာစု စသည့်စာများအား နာမည်ပေးခါနီးတွင် မူရင်းတက်ဂ်လိုက်သောခေါင်းစဉ်ထက် ရေးခဲ့ သောစာနှင့် သင့်လျော်ရာ၊ အဓိပ္ပါယ်လိုက်ဖက်ညီရာခေါင်းစဉ်လေးများကိုသာရွေးကာ ကျွန်တော်ပေးဖြစ်ခဲ့ ၏။ (ဥပမာအနေဖြင့်ဆိုရလျှင် ရင်မှဖြစ်သောသားသမီးများအား မိဘတို့မှ ချစ်မြတ်နိုးစွာ နာမည်မှည့်သလိုမျိုး ပင်ဖြစ်နေလိမ့်မည်ထင်ပါသည်။) သို့သော်လည်း ကျွန်တော်ရေးခဲ့သော တက်ဂ်ပို့စ်တိုင်း၏အောက်ဆုံးတွင် မူ ရင်းတက်ဂ်လိုက်သော ရေးဖော်မောင်နှမ၏ နာမည်၊ တက်ဂ်ခေါင်းစဉ်နှင့် ရေးသားထားသော စာများကို ပြန် ညွှန်းပေးထားမိပါသည်။

သို့ရာတွင် လွန်ခဲ့သောရက်အနည်းငယ်က ခင်မင်ရသောဘလော့ဂ်ရေးဖော်တစ်ယောက်၏ ဒီနေရာလေးတွင် ရှိသော ပို့စ်လေးတစ်ခုကို ကျွန်တော်ဖတ်မိပါသည်။ ပို့စ်လေးမှာ  တက်ဂ်ပို့စ်များကို ခေါင်းစဉ်ပြောင်းကာရေးဖို့ မဖြစ်သင့်ပါဟု ရိုးသားစွာတွေးပြီးရေးထားသော စာလေးပင်ဖြစ်ပါသည်။ ထိုအခါ ကိုယ်တိုင်ရေးဖြစ်ခဲ့မိသော တက်ဂ်ပို့စ်များကို ပြန်မြင်ယောင်ကြည့်ရင်း စဉ်းစားမိပါသည်။ နောက်... မူရင်းတက်ဂ်ခေါင်းစဉ်ကို စတင်မွေး ဖွားလိုက်သူနေရာမှလည်း ၀င်ခံစားကြည့်မိပါသေးသည်။

ဟုတ်ပါသည်။ တက်ဂ်လာသောခေါင်းစဉ်ကို ကိုယ်ပိုင်ရှုထောင့်မှသာအတွေးပွား၊ ခံစားရေးသားမိသော်လည်း ကျွန်တော်သည် သူများကလေးအား အိမ်ခေါ်၊ ရေမိုးချိုးပေး၊ သနပ်ခါးလိမ်း၊ အ၀တ်လဲပေးပြီး နာမည်ပြောင်း မှည့်လိုက်သလိုဖြစ်နေမည်ထင်ပါသည်။ ထိုလုပ်ရပ်ကို ဘေးမှရေးဖော်တချို့က ရိုးသားစွာသဘောမတူညီခဲ့ ကြလျှင် ခေါင်းစဉ်ကို စတင်မွေးဖွားခဲ့သော ကာယကံရှင်ဆိုလျှင် မည်သို့နေမည်မသိတော့ပါ။ စိတ်ထဲ ဘာမှမ ရှိ၊ မဖြစ်လျှင်ကောင်းပါသည်။ အကယ်၍ ဖြစ်နေခဲ့လျှင် လုံးဝ ( လုံးဝ) အားနာစရာကောင်းနေပြန်ပါသည်။

သို့သော် ကျွန်တော်ကလည်း တက်ဂ်လာခဲ့သော တက်ဂ်ပို့စ်များကို (စောစောကပြောခဲ့သော အကြောင်းများ ကြောင့်) ခံစားမှုစာစုပုံစံ၊ ၀တ္တုတိုပုံစံဖြင့်သာ ရေးချင်ပြီး၊ ထိုစာအမျိုးအစားနှင့်လိုက်ဖက်ညီသည့် ခေါင်းစဉ် လေးများကိုသာ ပေးချင်မိပါသည်။ (လိုအပ်၍ဖြစ်၏။) ထိုကဲ့သို့ ကြုံလျှင် ကြုံသလို ဆက်တိုက်လုပ်နေပြန်ပါ ကလည်း မူရင်းခေါင်းစဉ်ကိုမွေးဖွားပေးခဲ့သော ကာယကံရှင်နှင့် ခေါင်းစဉ်ပြောင်းရေးတာကို (မဖြစ်သင့်ဟု ရိုး သားစွာမြင်၍) မကြိုက်နှစ်သက်တတ်သော ဘေးလူအချို့အတွက် ကျွန်တော်သည် မရည်ရွယ်စွာဖြင့် စိတ် ညစ်နွမ်းအောင် လုပ်နေမိသလိုဖြစ်နေခဲ့ရဦးမည်ထင်ပါသည်။ တွေးတတ်၊ မြင်ကြည့်တတ်မည်ဆိုလျှင်လည်း အတော့်ကို အားနာဖို့ကောင်းနေပါသည်။

ထိုအခါ ဘက်မညီမျှနိုင်သည့်အခြေအနေတစ်ခုကို ညီလာစေရန် အားထုတ်ကြိုးစားမှုနည်းလှသော ကျွန် တော့်အတွက် နောက်ဆုံးလုပ်စရာအလုပ်တစ်ခုသာရှိပါတော့သည်။ အခြားတော့ မဟုတ်ပါ...။

“လောလောဆယ် ကျွန်တော်ရေးရန်ရှိနေသေးသော တက်ဂ်ပို့စ်များရေးပြီးလျှင် နောက်ထပ် မည်သည့်တက် ဂ်ပို့စ်ကိုမှ လက်ခံရေးသားတော့မှာမဟုတ်ကြောင်းကို ခင်မင်လေးစားရသော ရေးဖော်ရေးဖက်မောင်နှမများ အား နူးညွှတ်စွာ အသိပေးတောင်းပန်လိုက်ဖို့ပဲရှိပါတော့သည်။”

“ကျွန်တော် တက်ဂ်ပို့စ်များကို လုံးဝ မရေးတော့ပါ”....။

~~~@@~~~

လောလောဆယ်အခြေအနေတွင် ဘလော့ဂ်ပုံမှန်ရေး၊ ပုံမှန်ဖတ် (ရံဖန်ရံခါပျောက်) နေသူတစ်ဦးဖြစ်သော ကျွန်တော့်စိတ်ကို ပြန်မြင်ယောင်ကြည့်ကာ မေးခွန်းအချို့ ပြန်မေးမိပါသည်။ ကျွန်တော်ဟာ....

၁)စာရေးချင်လို့ရေးနေတာလား (ဒါမှမဟုတ်) နာမည်ကြီးချင်လို့ စာရေးနေတာလား၊ ကိုယ့်ကိုယ် ကို သိပ်ဟုတ်နေပြီထင်နေမိသလား....

၂)ရေးဖော်မောင်နှမတွေ ချီးမွမ်းသွားတိုင်း ကိုယ်ရေးတဲ့စာတွေဟာ သိပ်ကောင်းတယ်လို့ ထင်နေတတ်သူလား...။ ကိုယ်ရေးတဲ့စာတွေအပေါ်မှာ ယုံကြည်မှုလွန်ကဲနေခဲ့ပြီလား....

၃)ကိုယ့်ဘလော့ဂ်မှနေပြီး ကိုယ်သိထားသမျှလေးတွေကို ဆရာကြီးလေသံနဲ့ ပြောများပြောနေ မိပြီလား...

၎)ရေးထားသောစာအပေါ် တစ်စုံတစ်ယောက်နဲ့ သဘောထားခြင်းမတိုက်ဆိုင်တိုင်း ဆတ်ဆတ် ထိမခံဖြစ်နေတတ်သူလား....

၅)ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲဆိုတာ တစ်ဖက်လှည့်နည်းနဲ့ ဘလော့ဂ်ပေါ်မှာ ကြေငြာနေမိ သူလား...

၆)အများဖြတ်သန်းဖတ်နေတဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှာ ကိုယ့်အမြင်ကွက်ကွက်လေးကိုပဲ (ကိုယ် ပိုင်တဲ့ နေရာဆိုပြီး) ရေးချနေမိသူလား....

၇)အခြားသူရေးသားထားသောစာများအား ကောင်းလျှင်ကောင်းသည်ဟု ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ချီးမွမ်းဖို့ ခက်ခဲနေတတ်သူလား....

၈)ကိုယ့်ပို့စ်အသစ်တိုင်းကို အရေးတစ်ယူလာဖတ်၊ မန့်မှ၊ သူ့ပို့စ်အသစ်ကို ပြန်သွားဖတ်တတ်သူ လား....

၉)ကိုယ်မကျွမ်းကျင်သည့် အယူအဆများဖြင့်ရေးထားသောစာများ (ဥပမာ နိုင်ငံရေး၊ ဘာသာ ရေးအယူအဆ အချို့) တွင်ပြီးပြီးရော ကော်မန့်ဝင်ရေးတတ်သူများလား....

၁၀)ကိုယ့်နောက်မှ အသစ်ရေးသည့်သူများကို အားမပေးပဲ မျက်နှာကြီးရာသာ ဟင်းဖတ်ပါစွာ အ စဉ်သွားလည်နေတတ်သည့် ဘလော့ဂ်ရေးသူတစ်ဦးလား.....

စသည်ဖြင့်.........................................................။

ထိုအခါ......................................

~~~@@~~~

နောက်ထပ်တစ်ခုစဉ်းစားရင်း ကိုယ့်ကိုယ်ကို ပြန်မြင်မိပါသေး၏။

ကျွန်တော်သည် လေဟာနယ်ထဲမှ အလကားရသောနေရာလွတ်တစ်ခုဖြစ်သော“ဘလော့ဂ်စပေါ့(ထ်) နှင့် ဟော့ရှော့(ခ်)လုပ်နေခြင်း” များလားဟူ၍.........။                          ။

                               ~~~~~@@@~~~~~@@@~~~~~@@@~~~~~



ပုံလေးကို ဒီနေရာလေးကနေ ယူသုံးပါတယ်ခင်ဗျာ....။

=============================================================
ကိုဇော်က စပြီးတက်ဂ်လာတဲ့ ဒီတက်ဂ်ပို့စ်လေးကို မကြီးအေး(ချစ်ကြည်အေး)ကလည်း နှစ်ထပ်ကွမ်း ထပ် တက်ဂ်ထားလို့ ရေးလိုက်ပါတယ်...။ မူရင်းတက်ဂ်ခေါင်းစဉ်ကလေးက အမြင်များ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ အကျင့်ဆိုးအတိုင်း နာမည်ပြောင်းလိုက်ပြန်ပါပြီ...။ ခွင့်လွှတ်ကြပါလို့ တောင်းပန်ရင်း... ရင်ထဲမှ ရှိတဲ့ အရာ တချို့ ရွာချလိုက်ခွင့်ရတဲ့အတွက် ကိုဇော်နဲ့ မကြီးအေးတို့ကို ကျေးဇူးပါခင်ဗျာ.....။
=============================================================

ချစ်ခြင်းအားဖြင့်.......

ဏီလင်းညို

44 comments:

An Asian Tour Operator said...

ဖတ်ရင်းဖတ်ရင်းနဲ့ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျသွားပါတယ်။

ခင်မင်စွာ
AATO

လင်းခေတ်ဒီနို said...

တကယ်လား အတည်လား နောက်တာလား တို့ပတ် မရေးတော့ဘူးပေါ့ တကယ် . . . . ၀မ်းသာလိုက်တာတော် အယ် မွှားလို့ စိတ်မကောင်ဘူး ကိုဏီကြီးရယ် အဟင့် ရွှတ် ဖတ်

အိမ့်ချမ်းမြေ့ said...

ဟိုသင်္ကြန်ပို့စ်ကို တက်ဂ်မလို့ စဉ်းစားနေတာ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်.. :P

မေးခွန်းလေးတွေ ကောင်းတယ်..
မလေး အဲဒါထိုင်တွေးမိသွားပါတယ်..
ကျေးဇူးတင်ပါတယ်

ချစ်ကြည်အေး said...

ဏီလင်းရေ....အမလည်း အဲလိုအတွေးတွေ တော်တော်များများ တွေးမိဖူးတယ်...အဓိက ကတော့ အချိန်ပါပဲ...အချိန်ဆိုတဲ့ ဖရိန်ကျဉ်းကျဉ်းလေးထဲမှာ လုပ်ချင်တာတွေက များနေတော့ လျှော့ချပစ်နေရတယ်၊ တခါတခါ ဖတ်ချင်လွန်းလို့ သွားဖတ်နေခဲ့ပြီး အကြောင်းကြောင်းကြောင့် ကော်မန့်မရေးဖြစ်ခဲ့တာမျိုးတွေ၊ လိုင်းပေါ်မှာ ပြန်မချက်နိုင်တာတွေ ရှိတယ်၊ ဘလော့ဂ်ဂါတွေ အကုန်လုံးဟာ သူ့ဟန်နဲ့သူ ရေးနေကြတာပါပဲ၊ အမဆိုရင် စိတ်မရှည်တတ်တဲ့ အကျင့်ဆိုးကြောင့် စာတွေကို တုံးတိတိ ရေးချမိတတ်တယ်၊ သိုင်းဝိုင်းနေဖို့ စိတ်မရှည်တဲ့ အပြင် ပိုစ့်ရှည်မှာ၊ အချိန်မရတာ အဲဒါတွေနဲ့ပဲ တချို့ ပိုစ့်တွေဆို ကောင်းသင့်သလောက် မကောင်း၊ ကြွသင့်သလောက် ကြွမလာတော့ဘူး၊ ဒါပေမဲ့ ပျော်တာပါပဲ...ကိုယ် ရေးချင်တာတွေ မျှဝေခွင့်ရလို့ပါ...၊ ကော်မန့်ကတော့ ရှင်းပါတယ်၊ ကိုယ်လိုပဲ အချိန်မရလို့ မမန့်သူတွေ၊ ဖတ်ဖို့သက်သက် လာတဲ့သူတွေ ရှိတယ်လေ....
ဏီလင်း တက်ဂ်ပိုစ့် မရေးတော့ဘူးဆိုလို့ စိတ်မကောင်းဘူး၊ ကိုယ်တိုင် သိုင်းဝိုင်းမရေးတတ်ပေမဲ့ ရေးတတ်သူတွေ ရေးတာကိုတော့ ဖတ်ကောင်းနေမိတာကိုး...အမကတော့ နာမည်ကြီး သေး လက်လှမ်းမီ သလောက် ဖတ်ဖြစ်ပါတယ်။ ဒီတက်ဂ်ပို့စ်လေးအတွက် ကျေးဇူးပါ ဏီလင်းရေ....:)

မြသွေးနီ said...

ကိုဏီ..

ဒီပို့စ်လေးကို သေသေချာချာ ၂ခါပြန်ဖတ်မိပါတယ်..။

စာရေးသက် ၄လအတွင်းမှာ ကျွန်မကတော့ ၂ကြိမ်တက်ခြင်း ခံထားရ ပြီးပါပြီ။ ဒီလို တက်ဂ်ပို့စ်လေးတွေ ရေးခြင်းဟာ ဘလော့ဂ်ဂါအချင်းချင်း အသိအမြင်တွေ ဖလှယ်ရာ ရောက်ပြီး ရင်းနှီးမှုကို တိုးပွားစေမယ်လို့ ထင်မြင် မိတာကြောင့် ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတက်ဂ်ပို့စ်တွေကို အပွင့်လင်းဆုံးပြောရင် ရေးရမှာ ၀န်လေးမိတာအမှန်ပါဘဲ။ တက်ဂ်လာသူ များ နဲ့ ရင်းနှီးသူများ ဖြစ်တာတစ်ကြောင်း၊ အကြွေးရှိရင် မနေတတ်တဲ့ စိတ်အခံကြောင့်၎င်း၊ ကိုယ့်ကိုခင်မင်လို့ တက်ဂ်လာတာကို အသိအမှတ်ပြုလိုတဲ့ စိတ်ကြောင့် အမြန်ဆုံး ပြန်ရေးဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်ကတော့ ဘယ်တော့မှ သူများကို မတက်ဂ်ဖို့ ဆုံးဖြတ်ပြီးသားပါ။ အဓိက က အားနာစိတ်ကြောင့်ပါပဲ။ ကိုယ်ချပေးထားတဲ့ ခေါင်းစဉ်အပေါ်တက်ဂ်ခံရ သူတွေအတွက် ပြန်ရေးရတာ ဘောင်ကျဉ်းနေမိမှာ စိုးလို့၊ကိုယ်ခေါင်းစဉ် အပေါ် သူတို့အနေနဲ့ ခံစားပျော်ဝင်မှု မရှိပဲ အားနာစိတ်နဲ့ ရေးနေမိကြ မှာ စိုးလို့၊ မအားလပ်ကြသူတွေအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်နေမိမှာ စိုးမိလို့ပါ။

ကိုဏီပြောထားတဲ့ နောက်ဆုံးက စဉ်းစားသင့်တဲ့ အချက် ၁၀ချက် အတွက် တကယ့်ကို Bravo လုပ်လိုက်ပါတယ်။ အဲ့ဒီလို စဉ်းစား မိတာကိုလည်း Appreciate လုပ်ပါတယ်။

တော်သေးပြီ။ comment ရှည်သွားလို့ ခွင့်လွှတ် :)

ခင်မင်စွာ..
မြသွေးနီ

ဂျပန်ကောင်လေး said...

အစ်ကို့စာတွေမှာလေ တချို့က ဘလောက်တုံးတွေပဲမြင်ရတယ်... ဖောင့်တွေ အမျိုးမျိုးပြောင်းရေးတာလား......... စာရှည်ရှည်ရေးတာကောင်းတယ်ဗျာ..ကျွန်တော့်မှာ နည်းနည်းလေးရှည်လာရင် အတော်ကို ညောင်းနေတာ...း)))......

မိုးခါး said...

အများကြီး လျှောက် မတွေးပါနဲ့ ကိုဏီရေ
စိတ်ပင်ပန်းပါတယ် ..း)

ဘယ်လိုပဲ ရေးရေး ကိုယ့်ပရိတ်သတ်ကတော့ ဖတ်နေမှာပါပဲ .. ဟုတ်တယ်ဟုတ် ..း))

အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေနော် ..း)

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ.. ပိုစ့်ရှည်တာမရှည်တာအဓိကမဟုတ်ဘူးလို့သဒ္ဓါတော့
ထင်မိတယ်။ကိုယ်တိုင်ကစာပေ၀ါသနာပါလို့လားမသိဘူး..တခြားစာပေ
ဝါသနာပါတဲ့သူ၊စာရေးကောင်းတဲ့သူတွေရေးတဲ့စာတွေဆိုဖတ်ရတာကြိုက်
တယ်လေ။ကိုဏီလင်းရဲ့အခုပိုစ့်လေးကသဒ္ဓါ့အတွက်လည်းစဉ်းစားစရာဖြစ်
သွားရပါတယ်။ကိုယ်ရောအခုလိုမျိုးထဲကဘယ်အချက်တွေနဲ့ကိုက်ညီ
နေပြီလဲလို့.....။

ခင်တဲ့
သဒ္ဓါ

ဒဏ္ဍာရီ said...

နောက်ဆုံးတက်ပိုစ့်လေးကို သေချာဖတ်သွားတယ် ကိုဏီး။ လူတစ်ဦးနဲ့ တစ်ဦး အမြင်မတူကြတာရယ် တက်ပိုစ့်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေ ဖြစ်ဘူးပါတယ်။ ခေါင်းစဉ် ပြောင်းတာ မပြောင်းတာကတော့ စာရေးသူရဲ့ အမြင်ပေါ်မှာ မူတည်တာပေါ့နော်။ မိသားစု တခုတည်းမှာတောင် အမြင်တွေ ကွဲသေးတာပဲ ဘလော့်ပေါ်က သူငယ်ချင်းတွေလည်း အမြင်မတူကြတာတော့ နားလည်ရမှာပဲလေ။ ဒါကြောင့် တက်နဲ့ ပတ်သက်ပြီး ဒီလင့်လေးမှာ (http://www.dandaryee.com/2009/10/blog-post_29.html) ဒဏ္ဍာရီ ရေးဘူးခဲ့ပါတယ်။ ကိုဏီးလည်း ဖတ်ဘူးခဲ့ပါတယ်။
အခုရေးတဲ့ ပိုစ့်လေးကို နှစ်သက်သလို တွေးသင့်တဲ့ မေးခွန်းတွေလည်း ရသွားတယ်။ ကျေးဇူးတင်ပါတယ် ကိုဏီး..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အဖြူရောင်နတ်သမီး said...

အဲ...ကိုဏီက တကယ်ပဲ တဂ်ပို့စ် တွေမရေးတော့ဘူးလား...။
ညီမကတော့ သူများကို တခါမှ မတဂ်ဖူးဘူး..
သူများတွေက တဂ်ရင်တော့ မငြီးမညူ ရေးပေးတတ်ပါတယ်...တဂ်သူ သူငယ်ချင်းတွေကို ပျော်ရွှင်စေချင်တာရယ်...သူတို့တဂ်လိုက်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး “အဖြူရောင်နတ်သမီး ဆိုရင် ဘယ်လိုရေးလာမလဲ..ဘယ်လိုခံစားမလဲ...အမြင်လေးတွေ..” စသဖြင့် သူတို့ရဲ့စိတ်ဝင်စားမှု၊ဆန္ဒလေးတွေကို ဖြည့်ပေးချင်တာကြောင့် စာရေးတတ်သူစစ်စစ်ကြီးမဟုတ်ပေမယ့် “ကိုယ်ရေးတတ်သလို ချရေးရင်း” သူတို့ရဲ့ဆန္ဒကိုဖြည့်ပေးလိုက်တာပါပဲ..။
ကိုယ်ရေးတဲ့စာတွေနဲ့ပတ်သက်လို့ ဖတ်သူတွေအတွက် မှတ်သားစရာ ပါ/မပါ ဆိုတာကတော့ “ကိုယ့်ခံစားချက်ကို အဓိက ထားရေးတတ်သူမို့” အားနည်းကောင်း နည်းပါလိမ့်မယ်..။
ကိုယ့်ကို တဂ်သောသူများအတွက် လက်လွတ်ကြီးပြန်မသွားရလေအောင် တန်ပြန်တုန့်ပြန်ရင်း တဂ်သမျှပို့စ်များကို ရေးပေးခဲ့ပါတယ်...။

ကိုဏီရဲ့အတွေးနဲ့အမြင်လေးတွေကို အရမ်းသဘောကျတယ်...
မိမိဆိုလိုချင်တဲ့အကြောင်းအရာ တခုကို ပေါ်လွင်ပြတ်သားစွာ ထိထိမိမိရေးနိုင်လို့လေ...။

ရွှင်လန်းချမ်းမြေ့ပါစေ...ကိုဏီရေ...

မေဓာဝီ said...

ပြတ်သားလှချည်လား ဏီလင်းရေ ...
အင်း အဲလိုပြတ်သားတာလဲ ကောင်းပါတယ်။
သိပ်တော့ မတွေးနဲ့နော်။ ကိုယ်ရေးချင်တာရေး ကိုယ်ဖတ်ချင်တာဖတ် ကိုယ်မန့်ချင်တာမန့်ပေါ့။
ဘာပဲဖြစ်ဖြစ် ဏီလင်းရေ ... ကိုယ်အဆင်ပြေသလိုလုပ်ပါ။ အားလုံးက နားလည်ကြမှာပါ။

Blackroze said...

အကိုရာ...တက်ဂ်ပို့စ်ကိုမရေးတော့ဘူးလို့တော့မဆုံးဖြတ်လိုက်ပါနဲ့
ရေးပါ...ဒါမှလဲ...အမြင်မတူတဲ့ရူ့ထောင့်ကနေရေးထားတာတွေ
ဖတ်ရမှာပေါ့.....ဆက်ရေးပါအကို....
အကိုရဲ့အရေးအသားနဲ့အမြင်လေးတွေကကောင်းပါတယ်..
ရေးတဲ့စာတွေရှည်တယ်လို့လဲမထင်မိပါဘူးအကိုရာ...။။
တခါတခါသီချင်းလေးလဲဆိုပြပါဦးနော်..အကို...။။။

rose of sharon said...

အတွေးနဲ့အမြင်က လေးနက်ပါတယ်... အတွေးချင်းအမြင်ချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့ ကိုယ်ပိုင်ခံယူချက်တွေကနေ ဖြစ်ပေါ်လာကြတာမို့ မဝေဖန်ချင်ပါဘူး

မောင်မိုး said...

အခုလိုပွင့်လင်းစွာ ပြောသည့်အတွက် လေးစားမိပါသည်။ ကျွန်တော်တို့၏စိတ်သည် ဘလော့ဂ်ရေစီးကြောင်းထဲတွင် တုံ့တစ်ခါ စုန်တစ်ခါနဲ့ ခံစားမှုစာစုများကို ဖွင့်အန်ကြပါသည်။ ထိုအရာများသည် စဉ်းစားကြည့်သော် ကြောင်ရေချိုးသည့်အလုပ်များပေလားဟု ခံစားမိပါသည်။ သေချာသည်တစ်ခုမှာ ဘလော့ဂ်ရေးခြင်းကို အချိန်တစ်ခုရောက်လျှင် ရပ်တန့်ပါမည်။

sosegado said...

ဖတ်ရာကနေ ရေးလာသူ တစ်ယောက်နေနှင့်၊ မေးခွန်းများကိုဖတ်ရင်း တွေးမိပါသည်၊

SHWE ZIN U said...

ဘလော့ စပေါ့ နှင့် ဟော့ရှော့ လုပ်တယ်လို့ မထင်ပါဘူး ဏီဏီလေး ရယ်..
သူ့ကလည်း စိတ်ကြီးဘဲ.. ရေးချင်ရေးပေါ့ မရေးချင် မရေးနဲ့ပေါ.. အဟင်း ဟင်း..

စိတ်လျှော့လျှော့ .. အလျှော့လွန်သွားလို့ ဘောင်းဘီလည်း ကျွတ်ကျသွား အုန်းမယ်နော်

ခင်တဲ့
ရွှေစင်

ခြင် said...

သူငယ်ချင်းရေ အချိန်လုပြီး အွန်လိုင်းမှာစာလျှောက်ဖတ်နေရလို့ ခုမှရောက်တယ်... ချိတ်ချိုးပါနဲ့နော်...

ရောက်ရောက်ခြင်းတွေ့လိုက်ရတဲ့ ပို့ကြောင့်မတ်ကျိပူး တွားဒလယ်...
နင်ဂလဲဟယ်.... နာရှက်ဘို့လဲထားပါအူး.... အဟီး....

လွတ်လပ်စွာရေးသောစာသည် အလှဆုံးဖစ်သည်လို့ ဘယ်ဂလဲ မသိကြားဘူးသောကြောင့် ဆုံးချက်ဖတ် ကို ပြင်စေလိုကြောင်း အဆိုတင်သွင်းပါတယ်....

ဘော်ဒါကြီး

ခြင်..

(နင့်အကြွေးဆပ်ဘို့ ခြင့်ခမြာ ကွာလဖိုင်းမဖြစ်လို့ ကြိုးစားပြီး ရေးမယ်ကွာ) ဖတ်ရတော့မယ်လို့ အားခဲထား.... အာဟွမ်း....

ဆောင်းနှင်းရွက် said...

တဂ်စာရော ၊ မတဂ်စာရော
အမြဲ အားပေးနေမှာပါ ...

ပို့စ် ရေးတာပဲ
စိတ်ထဲ ရှိသမျှ အကုန်ရေးးပေါ့ ...
ဘာဗြစ်လဲ ..(ဘာမှဗြစ်ဘူးးးမလား) ..:D
ဘာမှ ထွေထွေထူးထူး လျှောက်တွေးမနေပါနဲ့ဗျာ ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

♥ကိုဇော်♥ said...

ကိုဏီရေးသွားတာတွေ ၊ တင်ပြသွားတာတွေ ကောင်းပါတယ်။
(ကိုဏီ အတွက်. . . . )

Tag ပို့စ်နဲ့ ပတ်သတ်ပြီးတော့ ကျနော်လည်း ဘယ်သူ့ကိုမှ စပြီး မ Tag ဖူးသေးပါဘူး။ သူများ Tag တာတွေသာ ခင်မင်စွာဖြင့် ကြိုးစား ပမ်းစား ပြန်ပြီး ကျနော့်မှာ ရေးပေးနေရပါသေးတယ်။

Tag ပို့စ်က ဘာလဲ ကျနော်ကတော့ စုထားပေးတယ် ထင်မိတာဗျ။ ဒီလို ဘလော့စရေးတော့ ကျနော်တို့ post-create ရဲ့ အောက်မှာ Lables ဆိုတဲ့ ဟာလေးမှာ ကျနော်တို့ ကိုယ်ရေးတဲ့ စာအစုလေးကို စုတတ်ကြတယ် မဟုတ်လား။ ဒါကို Blogspot မှာ Lables ဆိုပေမဲ့ တခြား Blog တွေမှာ Tag လို့ ရေးတတ်ကြတယ်။
ဒီလိုပဲ အချင်းချင်း Tag တယ် ဆိုတာ ခေါင်းစဉ်တူတာလေးကို လူ ၊ အမြင် မတူတာကနေ ဝိုင်းကြည့်ပြီး ရေးထားတာလေးတွေ စုထားတာလို့ ကျနော်က မှတ်သားဖူးလို့ ကျနော့် အမြင်လေးတွေကို ချပြကြည့်တာပါ။
တစ်ခု စိတ်မကောင်းစရာ ဖြစ်သွားတာက ကိုဏီရဲ့ Tag ပို့စ် “ ကိုယ့်အကြိုက် ”မှာ ကျနော်က ဒီလို ရေးမိသွားတာပါ။

ကိုယ့်အကြိုက်ဆိုပြီး ကျနော့်မှာ ရေးရတာ တော်တော်ကျဉ်းတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က ဘာကိုမှ သေချာ မကြိုက်တတ်လို့ပါပဲ။ ဒါကြောင့် ကျနော် ရှင်းပြထားသလို ကြိုက်တာ အပြင် မကြိုက်တာလေးကိုပါ တင်ပြမိတာပါ။

ပို့စ် ရှည်တာ ၊ တိုတာကတော့ ဘယ်သူ့ကိုမှ ဘာမှ အဖော်ညှိစရာ မလိုပါဘူးဗျာ။ကိုယ့်ဖာသာ နှစ်သက်သလို ရေးမှာပါပဲ။ အဆင်ပြေသလိုပေါ့။

စာရေးဟန်တွေကိုတော့ ဘယ်သူ့ကိုမှ သွားညှိလို့ မဖြစ်ဘူးဗျ။ ကိုယ်ရေးဟန်နဲ့ ကိုယ်ရေးရမှာပဲလေ။ ကိုယ့်ဖာသာ သရုပ်ဖော်နည်း ၊ စကားပြော ၊ စကားပြောရေးနည်း ကြိုက်တာနဲ့ ရေးပါ။ ကိုယ်နဲ့ ကိုယ့်စာဖတ်သူ အဆင်ပြေရင် ပြီးတာပါပဲ။ ဒါထက် ကိုယ့်အတွက် ပိုပြီး အဆင်ပြေရင် ပြီးတာပဲလေ။

ကိုဏီ ချပြထားတဲ့ အချက်တွေ ကိုယ့်ကိုယ်ကိုယ် မေးထားတာ ကောင်းပါတယ်။ ကျနော်ကတော့ စာတွေကို စိတ်ထွက်ပေါက် အနေနဲ့ ရေးတာ မဟုတ်ပါ။ ကျနော့် စိတ်ထွက်ပေါက်က တခြားပါ။ သို့သော် . . . . . . . . ( ဆောရီး )

လူဆိုတာ အချိန်များများစားစား ရှိတာ မဟုတ်ပါ။ ဒါကြောင့် ရှိနေတဲ့ အချိန်လေးမှာ တွန်းရေးမိတာတွေတော့ ရှိတယ်။ များမကြာခင်မှာ ကျနော်လည်း နားဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ လူဆိုတာ ပြောပြလို့ မရတဲ့ နောက်ခံ ပုံရိပ်တွေ ရှိတတ်စမြဲပဲ မဟုတ်လား။

Tag ပို့စ်ရေးပေးတဲ့ အတွက် ကျေးဇူး။

အမြင်ရှင်းစွာဖြင့်
ကိုဇော်

အောင်မော် said...

လေးစားပါတယ်၇ဲဘော်....
အမြင်လေးတွေက ၇ိုးသားပြီးပွင့်လင်းစွာေ၇းထားတာမို့ လေးစားစ၇ာပါ။
ကိုယ်တို့က စာဖတ်ချိန်မရှိတော့ ၇တဲ့အချိန်လေး ဘလော့တွေဖတ် အမြင်လေးတွေသုံးသပ်တဲ့အလုပ်ဘဲတတ်နှိုင်တာ....ဘလော့၈ါ၇ဲ့
စိတ်ကိုသူ့၇ဲ့စာတွေကနေတဆင့်ခန့်မှန်းလို့၇တယ်လေ...
အောင်မြင်ပါစေ။

မြတ်မွန် said...

အာ ..ကိုဏီးရေ..ကိုဏီးစာ ဖတ်ပြီး ကိုယ့်ကိုကိုယ် သံုးသပ်မိတယ်။ ဝါသနာပါလို့သာ ရေးနေတာပါ ကိုဏီးရာ..။
လူတိုင်း ကိုယ့်ဦးတည်ချက်နဲ့ ကိုယ်ပေါ့ ကိုဏီးရာ..ဘာရည်ရွယ်ချက်နဲ့ ဘလော့ လုပ်တာလည်း ဆိုတာ တော့ လိုမယ်။ အားလုံးတော့ ဝါသနာ အရ ရေးနေကြတာပါပဲ ။ ရေးတက်လွန်းလို့ ရေးနေကြတာ မဟုတ်ပေမယ့် သင်ရင်း လေ့လာရင်း သိတာလေးတွေ မျှဝေရင်း တစ်ယောက်ရေးတာကို တစ်ယောက် လေ့လာ အားပေးနေကြတာပါပဲ။
တစ်ခါတစ်လေ ကိုယ့်ပိုစ့်ကို အားမနာတမ်း ဝေဖန်စေချင်တယ်..။ကိုယ်ရေးတာ တကယ်မှ ကောင်းရဲ့လား ဆိုတာ..သံသယတော့ ဖြစ်မိတယ်...။ ကိုယ်ရေးတာ မကောင်းသေးဘူးလို့ပဲ စိတ်ထဲမှာ အမြဲ တွေးမိတယ်။
tag ပိုစ့်တွေကို ခင်မင်စွာ ဂရုတစိုက် ရေးပေးတက်တဲ့ ကိုဏီး မရေးတော့တာ စိတ်မကောင်းပါဘူး ။ မွန်ဆိုရင်တော့ တက်တွေကို စာရင်းလုပ်ပြီး မရေးရသေးသော တက်ပ်များဆိုပြီး ဘလော့ပေါ်မှာ စာရင်းလုပ်ထားလိုက်တယ် ကိုဏီးရေ..။
ကိုဏီး အစစ အရာရာ အဆင်ပြေပါစေ..။

မောင်မျိုး said...

ကိုညိုရေ အမှန်တိုင်း ပြောရ၇င်တော့ စာရှည်ရင် ဖတ်ရတာ သိပ်အဆင်မပြေတာပါး) နက်က နှေးတာကော ဆိုင်မှာသုံးတော့ ဈေးကြီးတာကောလေ ဟဟား ။ ဒါပေမယ့် အစ်ကို့ ရေးဟန်က အီတော့မအီပါဘူး စာတစ်ပုဒ်ကို လောလောဖတ်ရရင်လည်းမကောင်းဘူးလေ ကျနော်ခု ဒီစာကို လောကြီးဖတ်လိုက်လို့ပါ ဇိမိခံပြီးဖတ်ချင်တာ နောက်လည်း အဆင်ပြေရင် လာဖတ်ဖြစ်နေအုံးမှာပါ ဘလော့ကမ္ဘာမှာ လွတ်လပ်စွာ စီးမျောလိုက်စမ်းပါ ကန့်သတ်ချက်တွေနဲ့ ရေးရင် ဖီးလ် တွေ နောက်ပိုင်းပြောင်းသွားလိမ့်မယ်း) ကြုံခဲ့ဖူးလို့ ဆရာလုပ်ကြည့်တာ ဆောတီး ။

ကိုလူထွေး said...

ကိုလူထွေးရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ရှိပါတယ်...

ရေးချင်တာရေး
စိတ်မှာလေးတိုင်း
အတွေးနယ်ချဲ့မနေနဲ့

ခံစားချက်တူ
အချိန်ယူလို့
ဒီလူလာဖတ်လိမ့်မပေါ့...

းဝ)

ညလင်းအိမ် said...

ကျွန်တော်ကတော့ ဘာမှမပြောဘူး .. ဖတ်ရုံလေးပဲ ဖတ်သွားပါတယ် ...
စာရေးကောင်းတဲ့ အစ်ကို့ဆီမှာ ဒီထက် ကောင်းတဲ့ စိတ်ကူးတွေ အများကြီး ရှိနေအုန်းမှာပါ ... အေးဆေးပေါ့ အစ်ကိုရာ ... ဟုတ်တယ်ဟုတ် ...

ခင်တဲ့ ...

အင်ကြင်းသန့် said...

ကိုဏီး...

ပိုစ့်အတို အရှည်နဲ့ ပတ်သက်လို့ ညီမလေးလည်း ကိုဏီးမေးသလို ကိုယ့်ကိုကိုယ် ပြန်မေးဘူးပါတယ်... ဘာဖြစ်လို့လည်းဆိုတော့ ညီမလေးကလည်း ပိုစ့်တစ်ပုဒ်ကို ရေးလိုက်ရင် တနံတလျား မပြီးနိုင်မစီးနိုင် ရေးတတ်လွန်းလို့လေ (ကိုဏီးတို့လည်း သိပါတယ်...) ဒါပေမယ့်လည်း သေချာပါတယ်... ဘယ်လိုမှ ပိုစ့်တိုတို ရေးဖို့ရာမတတ်နိုင်ပါဘူး (ကိုယ်ကိုယ်တိုင်က ညံ့ဖျင်းတာလည်း ပါပါလိမ့်မယ်...) အဲဒီတော့ ညီမလေးလည်း ဆုံးဖြတ်ပြီးသားပါ... ကိုယ့်ပိုစ့်ရှည်လို့ မဖတ်ချင်ကြဘူးဆိုရင်လည်း ကိုယ်က ဘာများတတ်နိုင်မှာလဲ ....ကိုယ်တောင် ပိုစ့်အတိုမရေးနိုင်ဘူး...အရှည်ပဲ ရေးမယ်လို့ ရွေးချယ်ခဲ့တာ... စာဖတ်သူကလည်း ကိုယ့်လိုပဲ သူဖတ်ချင်တဲ့ပိုစ့်မျိုးပဲ ဖတ်မှာပေါ့ ...ဒါ့ကြောင့် အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားမှုမျိုးမှ မဖြစ်အောင်လည်း ကိုယ့်ကိုကိုယ် ဆုံးမထားပါတယ်...

နောက်တစ်ခုက ညီမလေးကတော့ စာရေးတယ်ဆိုတာ ရေးချင်လို့ကို ရေးချလိုက်တာတွေချည်းပါပဲ...အခု ကိုဏီးရေးပြထားမှပဲ ဖြစ်စဉ်ပြရေးနည်း၊ သရုပ်ဖော်ရေးနည်း၊ စကားလုံးနိမိတ်ပုံကိုယူပြီးရေးနည်း ဆိုတာတွေ ရှိတယ်ဆိုတာကို သိတော့တယ် ... (ညီမလေးရဲ့ ဗဟုသုတ ခေါင်းပါးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်...)

တက်ဂ်ပိုစ့်နဲ့ ပတ်သက်လို့တော့ ကိုယ့်ကို သူများက တက်ဂ်လာပြီဆိုရင် ခံစားမှုက နှစ်မျိုးဖြစ်ပါတယ်... တစ်ခုက အတက်ဂ်ခံရတဲ့ အတွက် ၀မ်းသာမိတာ (ကိုယ့်ကို တက်ဂ်တဲ့ မောင်နှမတွေက ကိုယ့်ကို ခင်မင်လို့သာ တက်ဂ်တယ်လို့ ညီမလေးက ခံယူမိလို့ပါ...) ဒါပေမယ့် နောက်တစ်ခုက အဲဒီလို အတက်ဂ်ခံရပြီး ကတည်းက အဲဒီအကြောင်းက ခေါင်းထဲမှာရောက်နေပြီးတော့ (ကိုယ်ကလည်း တက်ဂ်တဲ့သူရဲ့ ခင်မင်မှုကို အကောင်းဆုံးအားထုတ်မှုနဲ့သာ တုံ့ပြန်ပေးချင်တာဆိုတော့...) တစ်ခါတစ်ရံမှာ စိတ်ဖိစီးမှုလို ပုံစံမျိုးတောင် ဖြစ်သွားတတ်တာမျိုးပါ...

ညီမလေး အနေနဲ့တော့ သူများတွေကို တစ်ခါပဲ တက်ဂ်ခဲ့ဘူးသလို အဲဒါကလည်း နောက်ဆုံးတက်ဂ်ချင်းပါပဲ...(ရေးလည်းရေးခဲ့ဘူးပါတယ်...)...ဘာဖြစ်လို့လဲဆိုတော့ တစ်ပုဒ်ပဲ တက်ဂ်လိုက်တဲ့ ပိုစ့်မှာတင်ပဲ ရေးပေးရတဲ့ သူတွေဘက်က အခက်အခဲတွေကို သိရှိ အားနာသွားမိလို့ပါပဲ...

ခေါင်းစဉ်ပြောင်းတာနဲ့ ပတ်သက်လို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်ကြပါဘူး...(ညီမလေး ကိုယ်တိုင်လည်း တက်ဂ်ပိုစ့်တွေကို ခေါင်းစဉ်ပြောင်းရေးခဲ့ဘူးပါတယ်...)

ကိုင်္ဏီး အနေနဲ့ အခုလို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တာ တော်တော်ကောင်းပါတယ် (တစ်ခါတစ်ရံမှာ အားနာမှုတွေဟာ လူကို တော်တော် ဒုက္ခပေးတတ်လို့လေ...)

အောက်ဆုံးက မေးခွန်း ၁၀ ခုကိုတော့ အလွတ်ရအောင်ကို ကျက်သွားပါတယ် (ညီမလေးလည်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်သုံးသပ်ချင်လို့ပါ...)တကယ်တော့ ဘလော့ရေးခြင်းကို တစ်ချို့က စိတ်ရဲ့ထွက်ပေါက်လို့ ဆိုကြပေမယ့် တစ်ခါတစ်ရံကျတော့ ဘလော့ဂ်ရေးခြင်းကြောင့် စိတ်ဖိစီးမှုတောင် ပိုရသလိုပါပဲ (ဒါပေမယ့်လည်း ကိုယ်က စာမရေးပဲ မနေနိုင်တော့ မတတ်နိုင်သေးဘူးလေ... ကိုယ့်စိတ်ကိုယ်နိုင်တဲ့ တစ်နေ့တော့ ရပ်ပစ်ချင်ရပ်ပစ်လိုက်မှာပါပဲ...)

ကောင်းမွန်တဲ့ အတွေးစတွေကို ရသွားစေတဲ့ အတွက် ကိုဏီးကို ကျေးဇူးတင်ပါတယ်...

ခင်မင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

ဝေလင်း said...

အစ်ကိုရေ..
အစ်ကို့ပို့စ်လေးဖတ်ပြီးတော့ တော်တော်တော့ စဉ်းစားမိတယ်။ ကိုယ်တိုင်လည်း အစ်ကို့တဂ်ကြွေးနဲ့ အစ်မချစ်ကြည်ရဲ့ တဂ်ကြွေးမကြေသေးတော့။ ကောမန့်တွေလည်း သေချာဖတ်မိတယ်။ ကျွန်တော့်အနေနဲ့လည်း အစပိုင်းမှာ ဘလော့ကို အာရုံစိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သိပ်အချိန်မပေးနိုင်ဘူးဖြစ်လာရတယ်။ ပို့စ်မှန်မှန်မတင်နိုင်တာမျိုး.. သုံးဖြစ်တဲ့အချိန်နဲ့ စာရေးပြီးသားရှိတဲ့ အချိန်နဲ့ မကိုက်တာမျိုးတွေဖြစ်ရတယ်။ ကိုယ်တိုင်က စာဖတ်ရတာကို နှစ်ခြိုက်တဲ့ အတွက် တိုတာရှည်တာကို သိပ်အာရုံမထားမိဘူး။ ဘာလို့လဲဆိုတော့ ရှည်တိုင်းလည်း မကြိုက်သလို တိုတိုင်းလည်း ကောင်းတယ်မထင်လို့ပဲ အစ်ကို။ စာရေးတဲ့လူတစ်ယောက်ဟာ သူသန်ရာ ရေးမှာပဲအစ်ကို.. သူ့ဟန်နဲ့သူသွားမှာပဲ။ အဓိကက ဘယ်လောက် အနုပညာမြောက်မလဲ..? ကျွန်တော်ကိုယ်တိုင်လည်း တခါတလေ အချိန်ပေးပြီးမဖတ်နိုင်ဘူး။ များသောအားဖြင့်တော့ စာဖတ်တာကို စာရေးတာထက်ပိုလုပ်မိတတ်တယ်။ ပြီးတော့ အနည်းဆုံးတော့ ကိုယ်ရေးတာကို တစ်ယောက်ပဲ ဖတ်တဲ့လူရှိရှိ အားနာတယ်။ ကိုယ်က ရေးချင်တာရေး ဖတ်ချင်တဲ့လူဖတ်လိမ့်မယ်ဆိုတာမျိုးထက် အနည်းဆုးံတော့ ကိုယ်တတ်နိုင်သမျှလေး ကောင်းအောင်လုပ်ချင်တယ်။ ကိုယ့်လိပ်ပြာကိုယ်လုံချင်တယ်။ အမှန်အတိုင်းပြောရရင် ကောမန့်ကို ပေးချင်စိတ်ကိုမရှိဘူး။ ပေးလည်းမပေးတတ်ဘူး။ ဒါပေမယ့် ကောမန့်တစ်ခုရဲ့ အင်အားကို သိတယ်။ ကောမန့်တစ်ခုရဲ့ စွမ်းဆောင်နိုင်မှုကို နားလည်တယ်။ ဒါကြောင့်တတ်နိုင်သမျှ ပေးဖြစ်အောင်ကြိုးစားမိတယ်အစ်ကို.။ တဂ်ပို့တွေအနေနဲ့ကတော့ ကျွန်တော့်အနေနဲ့ သိပ်များများ အတဂ်မခံရဖူးဘူး။ ဒါပေမယ့် တဂ်ခံရရင် အမှန်အတိုင်းပြောမယ်အစ်ကို ပျော်တယ်။ ငါ့ကို ခင်ပါလား မင်ပါလားဆိုတဲ့ အတွေးကြောင့်ပဲ။ ကိုယ့်ဘက်က အခြေအနေမပေးလို့ မရေးပေးနိုင်သေးရင်သာရှိမယ်.. အားနာတယ်။ ကိုယ့်ကိုတော့ဖြင့် အရေးတယူနဲ့ တဂ်ထားတာ ငါ့ဘက်က ပြန်မလုပ်ပေးနိုင်သေးဘူးဆိုတဲ့ စိတ်ကလွဲရင် ပျော်တယ်... မအားတာကတော့ အစ်ကိုရယ်..ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းက စာရေးတာမှမဟုတ်ပဲ။ အားလုံးက စာဖတ်များရကနေ ပြောချင်တာလေးတွေရှိလာပြီး စာရေးဖြစ်ကြတာပဲ မဟုတ်လား... ဘာမှတော့ သိပ်မတွေးပါနဲ့ အစ်ကိုရာ.. အဓိကကတော့ ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ်စိတ်ကကျေနပ်ဖို့ပဲမဟုတ်လား...

~ဏီလင်းညို~ said...

ခင်မင်လေးစားရတဲ့ သူငယ်ချင်းမောင်နှမများ အားလုံး......
“ကိုအေအေတူ၊ ညီလေးဗညား(a)လင်းခေတ်ဒိုင်နိုဆော၊ မလေး၊ မကြီအေး၊ မမြသွေးနီ၊ ညီဂျပန်လေး၊ ညီမလေးမိုးခါး၊ သဒ္ဒါလှိုင်း၊ ညီမဒဏ္ဍာရီ၊ အဖြူရောင်နတ်သာမီး၊ မမေ၊ ညီမလေး blackroze၊ မရိုစ့်၊ ကိုမိုး၊ မကြီးရွှေဇင်၊ ကိုဆိုဆီ၊ ပျောက်နေတဲ့ ခြင်၊ ညီမလေးဆောင်နှင်းရွက်၊ ကိုဇော်၊ စာဝင်ဝင်ဖတ်ပေးနေတဲ့ ကိုအောင်မော်၊ ညီမမျက်မွှန်၊ ညီလေးမောင်မျိုး၊ အစ်ကိုလူထွေး၊ ညလင်းအိမ်တစ်ဖြစ်လဲ ညီလေးကိုတူး၊ ညီမလေး အင်ကြင်းသန့်၊ ညီလေးဝေလင်း”....
အားလုံး...... ဒီတက်ဂ်ပို့စ်လေးကို လာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ...။ ဒီတက်ဂ်ပို့စ်ထဲက အမြင်ဟာ... ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မြင်ကြည့်ထားတာပါနော်ဗျ....။ ဆက်တက်ဂ်ကြပါဦး၊ ရေးကြပါဦးဗျာ...။
ကျွန်တော်ကတော့ အချိန်မပေးနိုင်တာရယ်...၊ အားနာတာကြောင့်ရယ်.... မရေးတော့တာပါခင်ဗျာ....း))

especially >> ကိုဇော်ရေ....
ဘာစိတ်မကောင်းဖြစ်စရာရှိသလဲဗျာ....။
ခင်ဗျားရိုးသားစွာတွေးပြီးရေးထားမှန်း ကျွန်တော်ခံစားမိပါတယ်....။
ကျွန်တော်က ကိုယ့်ကိုယ်ကို မဖြစ်သင့်၊ မလုပ်သင့်ဘူးလို့ ဆင်ခြင်မိသွားတာကြောင့် ကျေးဇူးတောင်တင်ရဦးမှာပါဗျာ...။ အဟုတ်...း))
ပြီးတော့ အခု မအားဖို့လမ်းစတချို့ မြင်လာရတာကြောင့်လည်းပါပါတယ်...။
စာကတော့ ရေးပါဦးဗျာ....။
ခင်ဗျားကို ဘာမှမမြင်ပါဘူးဗျ....။
တစ်ကယ်ပဲ... တစ်ဇိမ်းဆန်လိုက်တာ... ကော်မန့်ရေးသွားတာ........း))

အားလုံးကိုခင်မင်နေတဲ့....

ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

သာမီးရယ်...မံမီလဲဘယ်သူ့မှမတက်ပါဘူးကွယ်..မံမီကိုတက်ရင်လဲငြိမ်နေတယ်(ရေးရမှာကြောက်လို့ပါ..တခြားမတွေးနဲ့နော်..ဟွန့်).... သာမီးရှည်ရှည်ကြိုက်တတ်တာတော့..မံမီအပြစ်မတင်ချင်ပါဘူးကွယ်..ကိုယ့်ဝါသနာနဲ့ကိုယ်ပဲ...မြင်းကြိုက်ရင်မြင်း..လားကြိုက်ရင်လား..ကိုယ်ကြိုက်တာကိုယ်ရွေးစီးပါလိမ့်မယ်ကွယ်...

~ဏီလင်းညို~ said...

ကိုကြီးကျောက်.....
ကိုကြီးကျောက်ရော ဘာကောင်ကြိုက်သတုန်းဗျ....း))
လာဖတ်တာ.... ကျေးဇူးဗျာ....း))
~~~@@@~~~

ဒီစာလေးက မချော စီဗုံးမှာ ကျော်ဝင်ထားရလို့မန့်မရတဲ့အတွက် ရေးသွားတဲ့စာလေးပါ.....။ သူကလည်း... တက်ဂ်ပို့စ်သိပ်မရေးချင်ပါဘူးလို့ ပြောဖူးခဲ့ပေမယ့်
ကျွန်တော်တက်ဂ်ပို့စ် မရေးတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့...ပို့စ်လေးမှာ တိုက်တိုက်ဆိုင်ဆိုင်လာပြောသွားတော့ အမှတ်မထင်ပဲစိတ်ထားခြင်းသွားတိုက်ဆိုင်သွားလို့ အမှတ်တရ... သိမ်းထားလိုက်တာပါ...။
~~~@@~~~

24 Apr 10, 02:21 PM
ချော: ကျွန်မကိုယ်တိုင်ကလဲ ကိုယ်ဥာဏ်မမှီတဲ့ သူများတွေးသလို လိုက်မတွေးနိုင်တဲ့ တဂ်ပို့တွေကို လုံးဝရေးတော့မှာ မဟုတ်သလို ဘယ်သူ့ကိုမှ တဂ်မှာ မဟုတ်တော့လို့ပါ.. ကျေးဇူးပါကိုဏီရေ.. ဆင်ခြင်စရာလေးတွေ ဖတ်လိုက်ရလို့ပါ..
24 Apr 10, 02:04 PM
ချော: ကိုဏီရဲ့စာတွေမှာ ကိုယ့်ကိုယ်ကိုနိမ့်ချခြင်းဆိုတာတွေဘဲ အမြဲတွေ့ရတတ်တယ်.. ကိုဏီဟာသူများကို ဆရာကြီးလုပ်နေတဲ့လေသံလဲမပေါက်ပါဘူး.. စာရှည်ရှည်ရေးလဲဖတ်ကောင်းနေတာပါဘဲ..တဂ်ပို့ရေးတာမရေးတာကိုတော့ အပြစ်လုံးဝမမြင်မိပါဘူး..
~~~@@~~~

အားလုံးကို ခင်မင်နေတဲ့

ဏီလင်းညို

ရွှေနတ်သား said...

မင်္ဂလာပါ ကိုဏီ...
ကျွန်တော်လည်း အခုမှစာစရေးဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ....အခုတော့ရေးတာထက်အကိုတွေအမတွေ၇ဲ့ 
ဘလော့လေးတွေလိုက်လည်..မှတ်သားနေဆဲပါ...
တက်ဂ်ပို့ စ် တွေမေ၇းတော့ဘူးဆိုတာလည်း နားလည်ပါတယ်
နည်းပါးလှတဲ့ အချိန်လေးတွေကိုလုပြီးဝါသနာအ၇စာတွေေ၇း
နေကြတဲ့  အကိုအမအပေါင်းကိုလည်းလေးစားပါတယ်ဗျာ...

မြစ်ကျိုးအင်း said...

စာဖတ်သူအတွက် တစ်ခုခုရမယ်ဆိုရင် တဂ်တာဖြစ်ဖြစ် မဖြစ်ဖြစ် ရေးပါတယ်။ မှတ်မှတ်ရရ တဂ်ပို့စ် ၃ ခုပဲ ရေးခဲ့ဖူးတယ်။ ကျန်တဲ့ ၁၀ ခုကျော်တော့ မရေးခဲ့ဘူး။ ၂ ယောက် နဲ့တော့ အခင်မင် ပျက်သွားရတယ်။ ကျွန်တော်တို့မှာ စာဖတ်သူက ဘလော့ဂါ တွေတင် မဟုတ်ပါဘူး။ ပြင်ပစာဖတ်ပရိတ်သတ်တွေ အများကြီး ရှိပါတယ်။ သူတို့အတွက် ဝေးတဲ့စာမျိုး ဥပမာ ဘလော့ဂ်ဂါ အချင်းချင်း လက်တဆုပ်စာ လောက်နားလည်မှာမျိုးတွေ ရေးရမှာ အရမ်းအားနာမိတယ်။ ဘလော့ဂါ အယောက် ၇၀ ကျော်ပါတဲ့ ဘလော့ဂ်ဂါနဲ့အဏ္ဏဝါ ပို့ဆိုရင် ၃ ရက် တပိုင်းလောက် တင်ဖို့ ညနက်တဲ့အထိ ရေးခဲ့ရတယ်။ မြန်မြန်တင်ပြီးမှ ပြင်ပစာဖတ်သူ တွေအတွက် တခြားပို့စ် တင်ပေးလို့ရမှာ ဆိုတဲ့အသိနဲ့ အဲဒီရက် က အအိပ်ပျက်ပြီး အလုပ်ပျက်ခဲ့ဖူးတယ်။ တင်ပြီးနောက်ပိုင်းလည်း ပြင်ပစာဖတ်သူတွေကို စိတ်ထဲမှာ အားနာနေမိတယ်။ သူတို့ကို အဖက်မလုပ်ပုံများ ရောက်သွားပြီ လား အကြိမ်ကြိမ်တွေးမိတယ်။ ဒါကြောင့် ဘလော့ဂ်ဂါ သင်္ကြန်ကို မရေးဖြစ်တော့တာပါ။
ကျနော် ဆိုလိုချင်တာက ရင်ဘတ်တိုင်း နာလည်ခံစားလို့ရဖို့ တဂ်ပို့စ်ဖြစ်ဖြစ် မဖြစ်ဖြစ် ရေးစေချင်တယ်လေ။ ဒါပေမယ့် များသောအားဖြင့် တဂ်ပို့စ်တွေက ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ များတယ်။ ကျနော်လည်း တဂ်ပို့စ် မရေးဖြစ်တဲ့ အဓိက အချက်က ပြင်ပစာဖတ်သူတွေက ဟိုဘလော့ဂ် ဝင်ကြည့်လည်း ဒီအကြောင်းအရာ ဒီဘလော့ဂ်ဝင်ကြည့်လည်း ဒီအကြောင်းအရာ ဆိုတော့ သူတို့ကို အားနာမိလို့ပါ။
ပြင်ပစာဖတ်သူအတွက်ပါ အကြောင်းအရာပိုင်း ကောင်းရင်တော့ တဂ်ပို့စ်လည်း ကြိုဆိုမှာပါ။ ကျနော် ရေးတဲ့ ဘလော့ဂ်ဂါ အငြိမ့်က မူရင်းက တဂ် ပို့စ်ပါ။ ရင်ဘတ်တိုင်း သိနိင်တယ်ဆိုတဲ့ အသိနဲ့ တဂ်တာလက်ခံပြီး ရေးဖြစ်ခဲ့တယ်။

အခုပေးတဲ့ ကွန်မန့်က ကိုယ်ရေးကိုယ်တာ ဖြစ်နေနိင်တယ် ဒါပေမယ့် ကိုညို့ ပို့စ်လေးကို သဘောကျလို့ ကျွန်တော့် ခံစားချက်ကို ပြောပြဖြစ်တာပါ။

စာဖတ်သူအတွက် အသိ တစ်ခုခုတိုးမယ့် ရသ တစ်ခုခုရမယ့် တဂ်ပို့စ်တွေ များလာစေချင်ပါတယ်။

ကိုယ့်အမြင်လေးကိုရေးရာမှာ နှိမ့်ချပြီး ရေးတဲ့ ကိုညို့ရဲ့ ဒီပို့စ်လေးကို တကယ်သဘောကျတယ်။

အားပေးပါတယ်သူငယ်ချင်း

★Craton said...

အောင်မငီးးးး ပို့စ်ရော မန့်မန့်တွေရော ရှည်လျားထွေပြားထှား(
မောဘီ အအေးတိုက်တော့ ..
ဒါရှိုရင် တားတားယေးကို တက်ဂ်ထားတဲ့ဟာကြီး ရေးဂျရာ မရိုတော့ဘူးပေါ့နော်.. ဦးဦး .. ။ ခွိခွိ..။ ဂွတ်ထ။ :P

nai said...

တွေးစရာတွေတကယ်ပေးခဲ့တဲ့ပိုစ့်လေးပါ..
လိုမယ်ထင်တာလေးယူပြီးမလိုဘူးထင်တာကိုစိတ်တိုင်းကျ
ပယ်ပြီးနာမည်ပြောင်းသင့်တာပြောင်းလို့ကိုယ်ပိုင်ပစ္စလုပ်လိုက်ပါပြီ။
လူတိုင်းမှာလွတ်လပ်စွာရွေချယ်ခွင့်ရှိတာကြောင့်လုပ်ချင်တာလုပ်အကိုရေ..ကိုယ်ရွေးတာကိုယ်ရမှာပဲ..
အကိုရေးသည်ဖြစ်စေမရေးသည်ဖြစ်စေ..အဲဒါကအကို့အပိုင်း..
ကျွန်တော့်တို့အပိုင်းကသူငယ်ချင်းကသူငယ်ချင်းပဲ.
အစစအရာရာအဆင်ပြေပါစေ( nai )

ညီမလေး said...

ပေါ့ပေါ့ ပါးပါးပေါ့ ကိုလင်းညိုရယ် ...
ကိုလင်းညို ရေးတဲ့စာတွေ တပါးသူတယောက်ကို အဆိပ်အတောက်၊ အနှောက်အယှက် ဖြစ်စေတာမျိုးမှမဟုတ်တာ .. ။ ကိုယ့်ဝါသနာအရ စာရေးတာပဲ တခြားတော့ သိပ်အများကြီး မတွေးပါနဲ့ ။
ပျော်ရွင်ပါစေ ကိုလင်းညို ..။

အနမ်း said...

အတွေးတွေ အမြင်တွေကတော့အများကြီးပဲ ဏီလင်းရေ..။ ဏီလင်းပြောရေးတာတွေလည်း မှန်ပါတယ်။ ဒါပေမယ့် မြသွေးနီပြောသလို ပါပဲ တက်ဂ်ပို့စ်လေးတွေရေးခြင်းဟာ ဘလော့ဂ်ဂါအချင်းချင်း အသိအမြင် တွေ ဖလှယ်ရာရောက်ပြီး ရင်းနှီးမှုကို တိုးပွားစေမယ်လို့ ထင်မြင်မိတာ ကြောင့် ဆိုတာ..ဟုတ်ပါတယ်.။ အမကိုယ်တိုင်လည်း မိတ်ဆွေကောင်းဆိုတဲ့ အကြောင်းကို ကိုယ်မြင်သလိုရေးခဲ့ပြီး၊ ဘလော့ဂါ သုံး၊ လေး ယောက်ကို လည်း တဂ်ခဲ့ဖူးပါတယ်။ သူတို့တွေဘယ်လိုမြင်သလဲသိချင်လို့ပါ။

နောက်ပိုင်းတော့ ဏီလင်းပြောသလိုပဲ အလုပ်မအားရတဲ့ကြားရ ရေးပေးရတဲ့ သူတွေကို အားနာတာနဲ့ တဂ်ပိုစ့်ကိုမရေးခိုင်းဖြစ်တော့ဘူး။ သူများရေးခိုင်းတာကိုတော့ ကိုယ်လည်း ကိုယ်မြင်သလောက်ရေးပေးပါ တယ်။ ကိုယ့်အတွက်ကတော့ ကိုယ့်ကိုခင်လို့မင်လို့ ရေးခိုင်းတာလို့ပဲ သဘော ထားမိတယ်။ ပိုစ့်တွေ တိုတာ ရှည်တာကတော့ အကြောင်းအရာတွေ ကိုယ်စိတ်ထဲရှိရင် ရှိသလောက် ရေးကြတာပဲ။ ဖတ်တဲ့သူ မဖတ်ချင်တော့ လည်း မတတ်နိုင်ဘူးပေါ့။ စာဖတ်သူကို မလေးစားရာတော့ မရောက်ပါဘူး။ စာရေးသူအနေနဲ့ ရေးချင်တဲ့အကြောင်းအရာကို လွတ်လွတ်လပ်လပ်ရေးနိုင် သလို စာဖတ်သူမှာလည်း ကိုယ့်စိတ်ကြိုက်ကိုကိုယ်ရွေးခြယ်ဖတ်ယူလို့ရတာ ပါပဲ။

အမတို့ဆို ကိုယ်ရေးနိုင်တာကိုက တိုတိုဖြစ်နေတာ။ အရှည်ရေးချင်တာတောင် ကိုယ်ကမရေးနိုင်ခဲ့ပါဘူး။ အခုရေးတဲ့ အမြင် တဂ်ပို့စ်လေးလည်း ကိုယ်မြင်ရာတွေကိုရေးထားတာပဲမို့ကောင်းပါတယ်။ ကွန်မန့်တောင် တော်တော်ရှည်သွားပြီ။ အဆင်ပြေပျော်ရွှင်ပါစေ ဏီဏီရေ..။

lonetone said...

တွေးစရာတွေ အများကြီးရသွားတယ်။ ထောက်ပြရေးသားထားတာ သင့်လျော်ပါတယ်ဗျ။ ဒီပို့စ်ရဲ့ ကွန်မန့်တွေတော့ နောက်မှ ထပ်ဖတ်တော့မယ်။

PhyoPhyo said...

ကိုဏီရေ .. အလည်ရောက်ပါတယ်၊ ကိုကြီးကျောက်ဘလောဂ့်ရောက်သွားရင်းနဲ့ ဒီဘက်ကိုလှည့်လာတာ၊ Grandpa သီချင်း နားထောင်သွားတယ်၊ အဖိုးနဲ့ မဆုံဘူးလိုက်တော့ သိပ်မခံစားတတ်ပေမဲ့ ကိုမှိုး လားမသိဘူး *ရူပါ* ဆိုပြီး ဆိုဘူးတယ်ထင်တယ်၊ သီချင်းလေး ကြိုက်တယ်၊ ကိုဏီရေးတဲ့ စာတွေက တကယ်ကောင်းနေတာပဲ၊ မဂ္ဂဇင်းတွေမပို့ဘူးလား၊ ဘလောဂ့်တွေလိုက်လိုက်လည်ရင်း စာရေးတော်တော်ကောင်းကြတာတွေ့ရတယ်၊ ဘလောဂ့်အတွက် စာကို တိုအောင်ရေးဖို့မလိုပါဘူး၊ စာရေးချင်လို့ရေးတာပဲကို၊ ဘလောဂ့်အတွက်ရေးတာမဟုတ်ပဲ၊ ရေးထားတဲ့စာတွေ ဘလောဂ့်ကိုတင်တယ် စိတ်ကူးပြီးရေးပေါ့၊
လေးစားခင်မင်လျှက်

သမီးကြီး said...

ကိုဏီလင်းညိုရေ သမီးကြီးက blog လေးမဆောက်ရခင် ကတည်းက စာဖတ်တာဝါသနာပါတော့ blog တွေမှာ စာလိုက်ဖတ်ဖြစ်တယ်။ Tag post တွေ, comment တွေကို ဖတ်ရတဲ့အခါ blogger တွေကြားထဲက ခင်မင်ရင်းနှီးမှု၊ နွေးထွေးမှုတွေကို ခံစားရတယ်။ အချင်းချင်း စနောက်နေကြတာတွေကို ဖတ်ရတဲ့ အခါ ဖတ်ရသူကိုပါ ပျော်ရွှင်မှုတွေ ကူးစက်လာပါတယ်။ ဒါကြောင့် စာဖတ်သူတစ်ယောက် အနေနဲ့ခံစားမိတာကတော့ ရေးတဲ့သူက ကိုယ်ရေးတဲ့စာထဲမှာ ပျော်ရွှင်အောင်၊ ဝမ်းနည်းအောင်၊ ဗဟုသုတရအောင်၊ ..... စတဲ့ရသအမျိုးမျိုးလေးတွေကို ခံစားပြီး ရေးသလို ဖတ်ရတဲ့သူကလည်း အဲဒီရသလေးတွေကို စာရေးတဲ့သူနဲ့အတူ မျှဝေခံစားသွားကြတာပါပဲ။ ရေးတဲ့သူက ဖတ်တဲ့သူကို ကျေးဇူးတင်သလို ဖတ်ရတဲ့သူကလည်း ရေးတဲ့သူကို ရသလေးတွေအတွက် ကျေးဇူးတင်နေပါတယ်။ ဒီလိုခံစားပြီး စာဖတ်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် စာတွေများများဆက်ရေးပါအုန်း။
အဆင်ပြေပျော်ရွှင်ပါစေရှင်။

မောင်ဘကြိုင် said...

ကိုဏီရေ...
ပို့စ်ရှည်ရှည်တိုတို ဖတ်ချင်ရင်တော့ ဖတ်ဖြစ်တယ်ဗျ
တဂ်ပို့စ်ကတော့ အခါသင့်သလိုပေါ့လေ ရေးဖြစ်ရင်လည်းရေး
ဖြစ်တယ်
ကိုဏီ အမြင်တွေသဘာဝကျပါတယ် တချို့ကလည်း တမျိုးမြင်
ပေါ့လေ အမြင်လေးတွေတော့ကွဲမှာပေါ့
အဓိက ကတော့ အချိန် ကြောင့်ပဲထင်တယ် တခါတခါ အလုပ်
တွေပိလာရင် စာဖတ် စာရေးချင်တဲ့ စိတ်တွေသာရှိတာ
မရေးဖြစ် မဖတ်ဖြစ် ပေါ့
ထို့အတူပဲ ဖတ်များပြန်တော့လည်း အီပြီး စာရွေးလာတော့
တယ် ကျွန်တော့်အထင်ကတော့ ရေးတဲ့သူ က သူ့မူအတိုင်း
ရေး ဖတ်တဲ့သူကလည်း နိုင်သလို ပေါ့ ကိုယ့်မူလေးအတိုင်းဖတ်

ကိုလူထွေးပြောသလိုပဲထင်မိတယ်
ရေးချင်တာရေး
စိတ်မှာလေးတိုင်း
အတွေးနယ်ချဲ့မနေနဲ့

ခံစားချက်တူ
အချိန်ယူလို့
ဒီလူလာဖတ်လိမ့်မပေါ့...


ဘာပြောပြော ကျွန်တော်လည်း ဖတ်ချင်တဲ့စာ ဖတ်ချင်တဲ့နေ
ရာ မှာ ဖတ်ဖြစ်တယ် ကျွန်တော်လည်း အကြွေးတွေတင်နေ
တယ် ဖတ်ချင်တဲ့ စာတွေမဖတ်နိုင်သေးဖူး
ဆပ်အုံးမှး)

စံလင်းထွန်း said...

အတွေးအမြင်တွေ၊ ဆင်ခြင်စရာတွေ တသီတတန်းကြီးရသွားပါတယ်ခင်ဗျာ။

ခင်မင်တဲ့
စံလင်းထွန်း

~ဏီလင်းညို~ said...

ရွှေနတ်သား၊ မျှစ်၊ ခရေတွန်၊ nai၊ ညီမလေး၊ မအနမ်း၊ ကိုလုံးတုန်း၊ မဖြိုး၊ သမီးကြီး၊ ကိုဘကြိုင်နဲ့ ညီလေး.........စံလင်းထွန်း....
အားလုံး...အားလုံး...... ကျွန်တော့်ရဲ့ အမြင်လေးကို ဝေမျှခံစားပေးသွားလို့ ကျေးဇူးပါခင်ဗျာ........။

ခင်မင်နေတဲ့
ဏီလင်းညို

ညီညီ said...

ကိုဏီ ရေ.

တောင်းပန်ခြင်းနဲ့အတူ ရောက်လာခဲ့ပါတယ်.။ အစ်ကိုတဂ်ထားတဲ့ အစ်မ၀ါ ရဲ့ ပိုစ့်ကို ကျွန်တော်လည်း နောက်ဆုံးအနေနဲ့ ရေးသွားပါ့မယ်။ တစ်ကယ်တော့ ကျွန်တော့်မှာအချိန်မရှိလို့ပါလို့ မပြောပါဘူး.။ ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှု့ရေးပိုင်းဆိုင်ရာတွေမှာ ဘယ်လိုမှ ဘလော့ဂ်ဘက်ကို မလှည့်နိုင်ခဲ့တာကြောင့် အခုချိန်ထိ ကျွန်တော်မရေးဖြစ်ခဲ့သေးတာပါ.။
နောက်ထပ်တစ်ခု ၀န်ခံချင်သေးတာကတော့ ကျွန်တော့် ဘလော့ဂ် အိမ်ကို ကျွန်တော်ကိုယ်တိုင် မ၀င်ဖြစ်ခဲ့တဲ့အထိ ကျွန်တော့်စိတ်တွေ လေနေခဲ့တာပါ.။ အဆိုးဆုံးအချိန်တွေကို ကျွန်တော်ကျော်ဖြတ်ပြီးအချိန်မှာ ကျွန်တော်သတိရလိုက်တဲ့ ကျွန်တော့်ဘလော့ဂ်အိမ်လေးက ကျွန်တော်တည်ဆောက်ထားခဲ့သလို မဟုတ်တော့တာပဲဗျာ.။ ဘယ်လိုတွေဖြစ်ကုန်တယ်မသိဘူး.။ ပြင်လို့မရတော့ဘူး. အခု အားလုံးပြန်ပြင်ပြီး မှ အကြွေးတွေအားလုံးပြန်ဖတ်ရင်း အစ်ကို့အိမ်ရောက်မှ ကိုယ့်ကိုကိုယ် ပြန်ရှက်မိတယ်ဗျာ.။ အစ်ကိုလို အလုပ်တွေနဲ့မအားတဲ့သူတောင် ကိုယ့်အိမ်ကို တစ်နေ့တစ်ခေါက်တော့ ရောက်ဖြစ်လိမ့်မယ်.. ။ ကျွန်တော်အစ်ကို့ရဲ့ တဂ်ပိုစ့်လေးကို ကြိုးစားရေးမယ်လို့ကတိပေးပါတယ်ဗျာ.။ ကျွန်တော့်အတွက် စိတ်ထိခိုက်သွားရတယ်ဆို တောင်းပန်ပါတယ်။။
အစ်ကိုဏီ တစ်ယောက် အစစအရာရာ အဆင်ပြေပါစေ။
ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ပေါ့ဆိမ့် said...

ကိုဏီ... ခံစားချက်တွေက ကျတော်နဲ့ တိုက်ဆိုင်တာလေးတွေ တော်တော်များပါတယ်။ စာရှည်လည်း ဆုံးအောင်ဖတ်ခဲ့လို့ သိရတာပါ။ ပြောချင်တာလေး တစ်ခုက ပို့စ်တစ်ပိုဒ် ဟာရှည်သည် ဖြစ်စေ တိုသည် ဖြစ်စေ ကောင်းမွန်တဲ့ရသ ဖြစ်ဖို့ နှင့် အရယူဖို့ ရေးသင့်ပါတယ်၊ ဖတ်သင့်ပါတယ်။

မိုးယံ said...

အလွမ်းပြော လာဖတ်တာ... (အကြွေးကျန်နေတာလဲပါတယ်) အဲမှာ ပို့စ်အရှည်ကြီးနဲ့ ကွန်မန့်အရှည်ကြီးတွေ.. ရှင်းတမ်းအရှည်ကြီးတွေ တွေ့တော့တာပဲ.. နားလည်မှု အပြန်အလှန် အရှည်ကြီးတွေ.. အမြင်အရှည်ကြီးတွေ ခံစားချက်အရှည်ကြီးတွေ အို အရှည်ကြီးတွေမှ တစ်ကယ့်အရှည်ကြီးတွေ ... ဒီကြားထဲ ဘာကောင်စီးချင်သလဲ ဆိုတာရယ်.. ပြည်တော်ပြန် အန်တီညို့ကို လွမ်းလို့.. အလွမ်းပြေ စာတွေဖတ်နေတယ်.. ကြားရာအရပ်က သာဓုခေါ်... အဲ.. ယောင်လို့... ရောက်ရာအရပ်က အသိအမှတ်ပြုပါ.. ကိုယ်ကလဲ အားကျမခံ သူများတွေလို အရှည်ကြီးတွေ မန့်ချင်ပေမယ့် ကိုယ်မှ အရှည်ကြီးမမန့် တတ်တာကိုး.. အဲဒါနဲ့ အရှည်ကြီးမမန့်တတ်လို့ ကြိုးစားပမ်းစား အရှည်ကြီးမန့်မယ်လုပ်တော့လဲ အရှည်ကြီးမမန့်တတ်ဘူး ဖြစ်နေတယ်.. အဲဒါနဲ့ပဲ အရှည်ကြီးမဖြစ်ရင်နေ ကိုယ်က အရှည်ကြီးမန့်ချင်စိတ် ရှိနေတာဆိုတော့ ကိုယ့်စိတ်ထဲ ကိုယ်မန့်တာ အရှည်ကြီးလို့ပဲ သတ်မှတ်ထားတာပေါ့... အန်တီညိုရယ်... နောက်တစ်ခု အရှည်ကြီးမလွမ်းရအောင် အန်တီညို စာအရှည်ကြီးတွေ ပြန်ရေးပါ.. တို့ကတော့ စာအရှည်ကြီးတွေ ဖတ်ရတာ အချိန်သိပ်မရပေမယ့် ကိုဏီ့စာအရှည်ကြီးတွေကို ကြိုက်လို့ အရှည်ကြီးတွေ မဖတ်ဖြစ်တဲ့ ကိုယ်က ကိုဏီ့စာ အရှည်ကြီးတွေကို ဖတ်ပါတယ်.. နောက်ဆိုလဲ စာအရှည်ကြီးတွေဖြစ်ရင်ဖြစ်ပါစေ...ရေးနော်... အရှည်ကြီးကြိုက်တဲ့ လူတွေရှိတာပဲလေ.. တော်ပြီ ကွန်မန့်က အရှည်ကြီးဖြစ်သွားရင် သိပ်မကောင်းမှာစိုးလို့ အရှည်ကြီးရေးခြင်ပေးမယ့် အရှည်ကြီးမရေးတော့ပါဘူး.. ဂြီ