Saturday, April 3, 2010

လွဲ...


ဆိုင်းအလုပ်ခွင်ကနေပြန်လာတဲ့ ကျွန်တော်တို့ရဲ့ အိမ်အပြန်လမ်းမထက်မှာ မနက်ခင်းနေရောင်ခြည် တွေက ရက်ရက် စက်စက် ဖျာလို့ကျဆင်းနေခဲ့တယ်...။ မနက်ရှစ်နာရီကျော်ကျော်လောက်အချိန်ပဲရှိသေး တာပေမယ့် မလေးရှားနိုင်ငံရဲ့ နေအရှိန်က ပြင်းလွန်းစပြုနေခဲ့တာမို့ ရက်ရက်စက်စက်ဆိုတဲ့ စကားလုံးကို ကျွန်တော်သုံးလိုက်မိတာပါပဲ..။ အဲ့ဒီတော့ တစ်ညလုံးမအိပ်ခဲ့ရပဲ အလုပ်လုပ်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဖန် တွတ်တွတ်မျက်လုံးတွေက ကျိန်းစပ်စပ်ကိုဖြစ်နေခဲ့ကြရတော့တာပေါ့....။

ကျွန်တော်တို့လို့ ဆိုတာက ကျွန်တော်ရယ်၊ နောက် ကျွန်တော်နဲ့တစ်အိမ်ထဲအတူနေရုံတင်မသေးပဲ အခု ရက်ပိုင်း ညဆိုင်း အတူတူကျတာခြင်းပါတူနေတဲ့ သူငယ်ချင်းနှစ်ယောက်ရယ်...၊ အားလုံးပေါင်း သုံး ယောက်မို့ပါပဲ....။ အဲ့ဒီနှစ်ယောက်ထဲမှာ တစ်ယောက်က ကျွန်တော့်ထက် ငါးနှစ်၊ ခြောက်နှစ်လောက်ငယ် တယ်...။ သူ့ကို ကျွန်တော်က “အငယ်ကောင်” လို့ ခေါ်တယ်...။ မြန်မာပြည်မှာနေခဲ့တုန်းက သူ့ရဲ့အိမ်မှာ အငယ်ဆုံးသားမို့ သိပ်ဆိုးတယ်ဆိုပေမယ့် အခုကျွန်တော်တို့နဲ့ကျတော့လည်း သိပ်လိမ္မာပါတယ်...။ အလုပ် လည်း ကြိုးစားတယ်...၊ ကျွန်တော်တို့ပြောစကားကိုလည်း နားထောင်တတ်ပါသေးတယ်။ ဒီမှာရှိတဲ့ မြန်မာ ဆိုင်တွေမှာ ဆံပင်မညှပ်ချင်တတ်တဲ့သူ့ကို ဒီနိုင်ငံသားတွေဖွင့်တဲ့ ဗျူတီဆလွန်းတွေမှာ ဆံပင်ညှပ်ရင် သူလိုချင်တဲ့ပုံစံရအောင်လို့၊ နောက် ဆိုးချင်တဲ့ ဆေးအရောင်ရွေးပေးရတာတို့၊ သူမပြီးမချင်းစိတ်ရှည်ရှည်နဲ့ စာဖတ်ရင်းအမြဲထိုင်စောင့်ပေးရတတ်တာ ကျွန်တော်ပါပဲ...။

နောက်တစ်ယောက်ကတော့ ကျွန်တော့်ထက် ခြောက်နှစ်ကျော်ကျော်လောက်ကြီးတဲ့ သူငယ်ချင်းအ ကိုကြီးအရွယ်တစ်ယောက်ပါပဲ...။ သူက ဒီအရွယ်ကြီးရောက်နေတာတောင်မှ အိမ်ထောင်မရှိသေးတာမို့ ဒီမှာအများက၀ိုင်းခေါ်ကြတဲ့ “လူပျို ကြီး”ဆိုတဲ့ နာမည်ကိုပဲ ကျွန်တော်လိုက်ခေါ်ပါတယ်...။ လူပျိုကြီးက တော့ အသက်သာကြီးတာ...။ သူ့ထက်ငယ်တဲ့ ကျွန်တော့်ကို နာမည်အရှေ့မှာ “ကို”တပ်ပြီးခေါ်ရုံတင်မက သေးပါဘူး...။ စကားပြောရင် သူ့ကိုယ်သူ “ကျွန်တော်ကလေ”...ဆို ပြီး နာမ်စားသုံးပြောတတ်ပါသေး တယ်...။ စကားပြောယဉ်ကျေးရုံတင်မကပါဘူး...၊ စကားလည်းနည်းပါတယ်။ တော်ရုံနဲ့ စကားများများ မပြောပါဘူး။ သူများဘာတွေပဲပြောနေနေ၊ သူကြိုက်ကြိုက်မကြိုက်ကြိုက် ပြုံးပြီးနေတာပါပဲ။ (ဒါပေမယ့် သူ ကတစ်ခါတစ်လေကျရင်တော့ သူ့အကြောင်းတွေ ကျွန်တော့်ကို စိတ်လိုလက်ရပြောပြတတ်ပါတယ်...။) ရံဖန်ရံခါသောက် တတ်စားတတ်ရုံကလွဲပြီး အနေအေးပါတယ်...။ နောက်ပြီး အတော့်ကိုလည်း ကျန်းမာ ရေးကောင်းတတ်လွန်းသူပါ...။ သူ ကျွန်တော်နဲ့ အတူနေတဲ့ ကာလတစ်လျှောက်လုံး ဖျားတာ နာတာ တစ် ခါမှ မတွေ့ခဲ့မိပါဘူး....။ သိပ်ခင်စရာ ကောင်းတဲ့ သူပါပဲ...။

အဲ့ဒါနဲ့ ကျွန်တော်တို့သုံးယောက်ရဲ့အိမ်အပြန်လမ်းမှာ သူတို့နှစ်ယောက်ကတော့ ၀ါသနာတူတွေမို့လို့ စလောင်းကနေပြီးဒီ တစ်ပတ်လာမယ့် ဘောလုံးပွဲစဉ်တွေအကြောင်းပြောနေကြတယ်...။ ကျွန်တော်က လည်း အိမ်ရောက်ရင် အားလုံးစားဖို့ ဘာဟင်းများချက်ရင် ကောင်းပါ့မလဲဆိုတာတွေးလိုက်၊ ရေးလက်စ,စာကို ဆက်ရေးဖို့တွေးလိုက်နဲ့ပေါ့...။ ၀ါသနာချင်း မတူကြပေမယ့် အိမ်ကိုဦးတည်နေတဲ့ ခြေလှမ်းတွေ ကတော့ခပ်သွက်သွက်နဲ့ အတူတူဖြစ်နေခဲ့ကြပါတယ်...။

သုံးယောက်သား ရင်ဘောင်တန်းပြီးလျှောက်လာကြတာ လမ်းတစ်ဝက်လောက်လည်းရောက်ရော နေက ပူသထက် ပိုပူလာတာမို့ အငယ်ကောင်က ကျွန်တော့်ကိုလှမ်းပြောတယ်...။

“အစ်ကိုကြီး... နေကလည်းပူလိုက်တာ အသေပဲနော်”....

“အေးကွ”....

တစ်ဖက်အစွန်က အငယ်ကောင်ကို ပြန်ဖြေရင်း ဘေးနားကလူပျိုကြီးကို စောင်းကြည့်လိုက်တော့ လူပျိုကြီးက ထောက်ခံ သလိုခေါင်းကိုငြိမ့်ပြတယ်...။ လူပျိုကြီးအဲ့သလိုလုပ်ပြတာကို အငယ်ကောင်ကလည်း တစ်ဖက်အစွန်ကနေကြည့်ပြီး ခပ်ကျယ်ကျယ်လေသံနဲ့ ....

“ဒီလိုနေပြင်းတတ်တဲ့ အချိန်တွေဆိုရင် နေကာမျက်မှန်တပ်ထားလိုက်ရမှာ...၊ အဲ့ဒါဆို ကွက်တိပဲဗျ... နော်.. အစ်ကိုကြီး၊ ဒါနဲ့ နေပါဦးဗျ...။ လူပျိုကြီး... ခင်ဗျားရဲ့ ဟို နေကာမျက်မှန်ရော”....

လို့မေးလိုက်ပါတယ်....။

ဒါပေမယ့် လူပျိုကြီးက ပြန်မဖြေပါဘူး...။ မျက်နှာကိုငုံ့ထားရင်း သူ့ခြေထောက်အောက်က ကတ္တရာ လမ်းမည်းမည်းကြီးကို တစ်ခါမှမမြင်ဖူးတဲ့ ပုံစံနဲ့ သည်းသည်းမည်းမည်းကြည့်ပြီးတော့သာ လျှောက်နေခဲ့ ပါတယ်...။ ကျွန်တော်က စိတ်ထဲတစ်ခု ခုကိုရိပ်မိလာသလို သံသယဖြစ်လာပြီး အငယ်ကောင့်မျက်နှာကို လှမ်းကြည့်လိုက်မိတော့ သူမျက်နှာလေးက ပြုံးစိစိနဲ့...။ ပြီးတော့ ကျွန်တော့်ကို မျက်စိတစ်ဖက်မှိတ်ပြရင်း လူပျိုကြီးရဲ့ ပခုံးကိုဖက်ပြီးထပ်မေးလိုက်ပြန်ပါတယ်...။

“ဘယ်မှာလည်းလို့....၊ ခင်ဗျားရဲ့ နေကာမျက်မှန်”....

ဒီတစ်ခါလည်း လူပျိုကြီးက ပြန်မဖြေပါဘူး...၊ ပြန်မဖြေတဲ့အပြင် သူ့ပခုံးကိုဖက်ထားတဲ့ အငယ်ကောင့် လက်ထဲကနေပြီး တော့ရုန်းထွက်ရင်း “ဟာ”..... ဆိုတဲ့ လေသံရှည်ကြီးနဲ့ အော်လိုက်ပါတယ်...။ နောက် ကျွန်တော်တို့နှစ်ယောက်ကြားက နေ အရှေ့ကိုငေါထွက်ပြီး ခပ်သွက်သွက်လေး ပြေးလျှောက် လျှောက် သွားနေလိုက်ပါတော့တယ်...။

ရုတ်တစ်ရက်မို့ ကျွန်တော်တောင်မှကြောင်တောင်တောင်ဖြစ်သွားမိပါသေးတယ်...။ ဒီလူကြီးဘာဖြစ်သွား တာပါလိမ့်ပေါ့လေ...။ အငယ်ကောင်ကတော့ လူငယ်လေးပီပီ ပါးစပ်က တဟီးဟီးနဲ့ အသံထွက်အော် ရယ်ပြီးလူပျိုကြီးနောက်ကိုအမှီင်္ပဲ ပြေးလိုက်သွားလိုက်ပါတယ်...။ အဲ့တော့ နောက်မှာကျွန်တော်တစ် ယောက်တည်းကျန်ခဲ့ရတော့တာပေါ့။ နောက်ပြီး ဒါက တစ်ခန်းထဲအတူနေကြတဲ့ သူတို့နှစ်ယောက်သာ သိတဲ့ကိစ္စပဲဖြစ်ရမယ်... လို့ စိတ်ထဲကနေတွေးမိလိုက်ရင်း သူတို့ကို မှီအောင် ကျွန်တော်လည်း အပြေးတစ် ပိုင်းလိုက်သွားလိုက်မိပါတယ်...။ အလုပ်သွားတိုင်းလွယ်သွားတတ်တဲ့ ကျွန်တော့် ရဲ့အိတ်စုတ်စုတ်လေးက စာရေးရင်သုံးတဲ့ခဲတံတွေ၊ ဘောပင်တွေထည့်ထားတဲ့ ကွန်ပါဘူးလေးတောင်မှ ခလောက်ဆန်လိုက်သ လိုဖြစ်သွားတာမို့ “ကလောက်...၊ ကလောက်”... ဆိုတဲ့ အသံလေးတွေတောင်မှမြည်သွားခဲ့သေးရဲ့....။

သူတို့ကိုလည်း ကျွန်တော်မှီလာခဲ့ရော သူတို့နှစ်ယောက်ကရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ကြတယ်...။ အငယ် ကောင်က လူပျို ကြီးကိုလိုက်ဆွဲဖက်၊ လူပျိုကြီးကရုန်းနဲ့ပေါ့...။ အဲ့ဒါနဲ့ ကျွန်တော်လည်း လူပျိုကြီးရဲ့အင်္ကျီ လက်မောင်းတစ်ဖက်ကအစကို ဆွဲလိုက်ရင်း ငြိမ်ငြိမ်နေကြစမ်းပါဗျာလို့.... ခပ်ကြိတ်ကြိတ်လေးသတိပေး လိုက်ရတယ်...။ ဟုတ်တယ်လေ... ဘေးကနေ ပြီးဖြတ်သွားဖြတ်လာလုပ်နေတဲ့သူတချို့က ကျွန် တော်တို့သုံးယောက်ကို ကြည့်နေလို့ကိုး....။ ပြီးတော့ သုံးယောက်စလုံး ကမကြီးမငယ်တွေနဲ့ဆိုတော့လေ..။ အသက်နှစ်ဆယ့်ငါးနှစ်အောက်ဆိုတာ သုံးယောက်ထဲမှာ တစ်ယောက်မှမပါဘူး...။ ဒါပေမယ့် ကျွန်တော် လည်း.... လူပျိုကြီးနားကိုကပ်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါသေးတယ်...။

“ဘာနေကာမျက်မှန်လဲဗျ... လုပ်စမ်းပါဦး လူပျိုကြီးရဲ့”....

“အလကား... ဘာမှမဟုတ်ပါဘူးဗျာ”....

မျက်နှာနီမြန်းမြန်းနဲ့ လူပျိုကြီးကပြန်ဖြေတယ်...။ ကြည့်ရတာ သူကျွန်တော်သိသွားမှာကို ရှက်ကိုးရှက် ကန်းဖြစ်နေခဲ့တဲ့ပုံစံပါပဲ...။ အဲ့ဒါကြောင့် ကျွန်တော်လည်း သိချင်စိတ်ပိုပြင်းလာပြီးထပ်မေးမလို့လုပ်တုန်း အငယ်ကောင်က၀င်ပြောပြန်တယ်။

“ဘာ... ဘာမှမဟုတ်ရမှာလဲဗျ...၊ ဟေ့လူကြီး ခင်ဗျားကိုယ်တိုင်ပြော....၊ မပြောရင် ကျွန်တော် အစ်ကိုကြီး ကို ဖွလိုက်မှာနော်...ဟီး... ဟီး”....

အဲ့သလို အငယ်ကောင်ကပြောလိုက်တော့ လူပျိုကြီးက ‘ဟေ့ရောင်နော်... နေ... နေ... ငါ့ဘာသာငါ ပြော ပြမယ်’... လို့ ဆိုတယ်...။ ဒါပေမယ့် ချက်ခြင်းမပြောသေးပဲနဲ့ ကြက်ကြီးလည်လိမ်ထားသလို ခေါင်းကြီးငုံ့ပြီး နေနေသေးတာမို့... ကျွန်တော်က...

“ဘာလည်းဗျ...၊ ခင်ဗျားက ဒီလူ... ဒီလူအချင်းချင်းတောင်မှ မပြောပြချင်ဘူးလာဗျာ”... ဆိုပြီးစကားနာ ထိုးလိုက်ပါတယ်။ အဲ့ဒီတော့မှ သူကမပြောချင်ပြောချင်နိုင်လွန်းတဲ့လေသံလေးလေးကြီးနဲ့ ကျွန်တော့်ကို ပြောပြပါတော့တယ်...။

“အခုပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျွန်တော်တို့ ‘မာကိုတာ’(makota) ကိုသွားကြတယ်”....

သူပြောတဲ့ မာကိုတာဆိုတာ ကျွန်တော်တို့ အခုနေနေတဲ့ မလေးရှားနိုင်ငံ မလက်ကာမြို့လေးမှာရှိတဲ့ အ ပန်းဖြေရာနေရာ လေးတစ်ခုပါ...။ အဲ့ဒီနေရာမှာ ဟိုးတုန်းက ရှေးဟောင်းအဆောက်အဦးတွေ၊ ပန်းပင်တွေ၊ ရှော့ပင်း(န်)စင်(န်)တာတွေနဲ့ နေ့တိုင်းလိုလို လူစည်ကားတတ်တဲ့နေရာလေးတစ်ခုပါပဲ...။ သမီးရည်းစား တွေ အရောက်များတဲ့နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး...။

“ဘယ်သူနဲ့ သွားတာလည်းဗျ”...

သိရဲ့သားနဲ့ ကျွန်တော်မေးလိုက်တာပါ...။ သူ ကျွန်တော်တို့တိုက်ရဲ့ တစ်ဖက်ကတိုက်ခန်းတွေမှာနေတဲ့ အင်ဒိုနီးရှားမလေးတစ်ယောက်နဲ့ ချိတ်တိတ်တိတ်ဖြစ်နေတာ ကျွန်တော်သိထားမိလို့ပါပဲ...။

“ကျွန်တော့် ကောင်မလေးနဲ့ နှစ်ယောက်တည်း”....

လူပျိုကြီးဆီကအဲ့ဒီအဖြေစကားလည်းကြားရရော အငယ်ကောင့်ဆီက ‘ဟိ... ဟိ’... ဆိုတဲ့ ကျိတ်ရယ်လိုက် သံလေးထွက်လာတယ်...။ ဘာမှန်းရေရေရာရာမသိသေးပေမယ့် ကျွန်တော်လည်း ပြုံးစိစိဖြစ်သွား မိတယ်...။ ဟုတ်တယ်လေ...၊ လူပျိုကြီးက စကားသာနည်းတာ...၊ ကျွန်တော်တို့ထက်စွံတာကိုးလို့....။ သူ က ဆက်ပြောတယ်...။

“အဲ့ဒါနဲ့ မာကိုတာသွားဖို့ ဘတ်(စ်)တန်းလည်းရောက်ရော နေကာမျက်မှန်တွေရောင်းနေတာတွေ့တာနဲ့ ကျွန်တော်လည်း တစ်လက်ဝယ်လိုက်မိတယ်...။ တစ်ခါမှမတပ်ဖူးတာနဲ့ တပ်ကြည့်ချင်လို့ဝယ်လိုက်တာ အဲ့ဒီမှာ”....

ကျွန်တော်ကြားဖြတ်ပြီးမေးလိုက်တယ်....။

“ဘယ်လောက်ပေးရတုန်းဗျ”....

“ရင်းဂစ် ၁၀ပဲပေးရပါတယ်”....

ကျွန်တော့်စိတ်ထဲမှာ သြော်... ဈေးချိုသားပဲဟ... လို့တွေးလိုက်မိတုန်း လူပျိုကြီးက ဆက်ပြောပြတယ်...။

“ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်လည်း မာကိုတာကိုရောက်ရော နှစ်ယောက်သား လျှောက်လည်ကြ တာပေါ့...။ သူကလည်း ရှိုးတွေ၊ စမိုးတွေနဲ့...၊ ကျွန်တော်ကလည်း အင်္ကျီအသစ်၊ ဖိနပ်အသစ်၊ ဘောင်းဘီ အသစ်တွေနဲ့ နေကာမျက်မှန် အသစ်ကိုတပ်လို့ပေါ့... ဟီး”....

ပြောရင်းနဲ့ သူ့အဖြစ်ကိုပြန်တွေးမိတယ်နဲ့တူပါရဲ့...။ လူပျိုကြီးရဲ့အသံထဲမှာ ရယ်သံတစ်ဝက်ပါလာတယ်..။ အငယ်ကောင်ကတော့ တစ်ဟိ....ဟိ.. ဖြစ်နေပါပြီ..။ အဲ့ဒါကြောင့် ကျွန်တော့်ရင်ထဲမှာလည်း ဘာများဖြစ် လာမှာပါလိမ့်ဆိုတာကို သိချင်လာတဲ့စိတ်နဲ့ ကျလိ... ကျလိဖြစ်လာရပါပြီ...။

“အဲ့ဒီလိုနဲ့ လျှောက်လည်လိုက်၊ တွေ့တဲ့နေရာ ဓာတ်ပုံရိုက်လိုက်နဲ့ပေါ့...။ နေကလည်းပူတော့ ကျွန်တော် လည်း စောနက ၀ယ်လာတဲ့ နေကာမျက်မှန်အသစ်ကို မချွတ်တမ်း တောက်လျှောက်တပ်ထားတာပေါ့...။ ကြာလာတော့ ဘာဖြစ်လာမှန်း မသိဘူး...၊ အဲ့ဒီမျက်မှန်ကိုတပ်ထားရင်း ခေါင်းထဲမှာ နောက်တောက် တောက်ဖြစ်လာရော...။ နောက်တော့ မိုက်ခနဲဖြစ်သွားပြီး ကျွန်တော့်ကောင်မလေးနဲ့အတူတူ ပလက် ဖောင်းတစ်ခုပေါ်မှာလျှောက်နေရင်း ဘေးနားကရေမြောင်းထဲကိုကျွန်တော်ဖုတ်ခနဲ ပြုတ်ကျသွားပါလေ ရောဗျ”....

ကျွန်တော့်စိတ်ထဲမှာ ‘ဟိုက်..ခ,နဲ’ ဖြစ်သွားရတယ်..။ ပြီးတော့ သူများတကာကို အားနာဖို့သတိမရတော့ပဲ ကျွန်တော့်ထုံး စံအတိုင်း တစ်ဟား...ဟား... နဲ့ အော်ရယ်ပစ်လိုက်မိပါတယ်....။ အငယ်ကောင်ကလည်း တ ဟီးဟီးနဲ့ပေါ့...။ စဉ်းစား ကြည့်လေ...၊ ချစ်သူနဲ့ သေချာဝတ်စားပြီး လျှောက်လည်နေကြတုန်း ၀ယ်တပ် လိုက်မိတဲ့ အပေါစားနေကာမျက်မှန်တစ် လက်ဒုက္ခပေးလို့ ခေါင်းထဲမိုက်ခနဲဖြစ်သွားရပြီး... ကွန်ကရစ်ရေ မြောင်းထဲပြုတ်ကျသွားရတာ... အတော့်ကို လွဲလွန်းတဲ့ ကိစ္စမို့လို့ပါပဲ....။ မျက်မှန်က အပေါစားဆိုတော့ မှန် သားက လှိုင်းထနေလို့များလားလို့လည်း တွေးမိလိုက်ပါတယ်...။

“တော်သေးတယ်...၊ အဲ့ဒီရေမြောင်းက သိပ်မနက်တဲ့အပြင် ရေလည်းမရှိလို့...။ ဒါပေမယ့်ဗျာ... အဲ့ဒီနေရာ မှာ လူတွေက အများကြီးဆိုတော့ ကျွန်တော့်မှာ ရှက်လိုက်တာဗျာ”.....

သူဆက်ပြောပြတာကို နားထောင်နေရင်း ကျွန်တော်သိချင်တဲ့ မေးခွန်းလေးတစ်ခုကိုမေးလိုက်ပါတယ်...။

“အဲ့ဒါနဲ့ စောစောက နေကာမျက်မှန်လေးရောဗျ...အခု...။ အမှတ်တရဖြစ်အောင် သိမ်းထားလိုက်တာ လား”....

ကျွန်တော့် အမေးကို လူပျိုကြီးက ခေါင်းကိုဘယ်ညာ ခပ်သွက်သွက်လေးယမ်းပစ်လိုက်ပြီး ခါးခါးသီးသီးနိုင် လွန်းလှတဲ့ လေသံနဲ့ ပြန်ဖြေတယ်....။

“ဟင့်အင်း....။ ဘယ်ကလာဗျာ....။ ကျွန်တော်လည်း... မြောင်းထဲက ရှက်ရှက်နဲ့ ကုန်းထပြီး စိတ်ဆိုးလွန်း လို့ အဲ့ဒီမျက် မှန်ကို အဲ့နေရာမှာပဲချွတ်၊ နောက်လက်နဲ့ လိမ်ချိုးပစ်လိုက်ပြီး မြေကြီးပေါ်ကိုချ၊ ဖနောင့်နဲ့ပါ ပေါက်ပစ်ခဲ့သေးတယ်လေဗျာ .... အေး...ရော”....

သူ့စကားအဆုံးမှာ ကျွန်တော်နဲ့ အငယ်ကောင်က ၀ါးလုံးကွဲထပ်ရယ်ပစ်လိုက်ကြတော့ သူလည်း လိုက်ရယ် တယ်....။

~~~~@@@~~~~

အိမ်ပြန်ရောက်တော့ အခန်းထဲဝင်...၊ စက်ရုံအ၀တ်အစားတွေကိုလဲရင်း ‘ရေသဘင်မျက်မှန်’ရယ်လို့ ကျွန်တော်တို့တွေ နောက်ပြောင်ခေါ်တတ်ကြတဲ့ ကမ္ဘာကျော်တံဆိပ်အမျိုးမျိုးနဲ့ နေကာမျက်မှန်တွေဟာ.. လူကို ဘေးမဖြစ်နိုင်အောင် ပစ္စည်း ကောင်းတွေ သုံးထားရလို့ ဈေးကြီးတာ နေမှာလို့စဉ်းစားမိရင်း လူပျိုကြီး အဖြစ်ကို ပြန်တွေးမိပြန်တယ်...။ နောက်တော့ တစ်ယောက်ထဲ ခိုးရယ်မိပြန်တယ်...။

နောက်ပြီး သတိရမိသွားတာလေးတစ်ခုက ရှေးလူကြီးတွေထားရစ်ခဲ့ကြတဲ့ စကားပုံအများကြီးထဲက တစ်ခု....။

ဘာတဲ့....

“အမျိုးနဲ့လည်း.... မကျယ်နဲ့”....
“အဖိုးနည်းလည်း... မ၀ယ်နဲ့”.... ဆိုလား....။            ။

~~~~@@@~~~~

(တစ်ကယ့် အဖြစ်အပျက်လေး တစ်ခုပါ...။ စကားပုံလေးမှားနေရင် ပြင်ပေးခဲ့ကြပါဦးနော်ဗျ...။ နေကာမျက် မှန်တပ်သော သူများ သတိပြုကြပါ....း))
မာကိုတာ ဆိုတဲ့နေရာလေးက ဓာတ်ပုံတွေကြည့်ချင်ရင် တော်ရာနေရာ ဆိုတဲ့ ပို့စ်လေးကို သွားပါခင်ဗျာ။
=================================
ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
=================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

37 comments:

ဆောင်းယွန်းလ said...

ညီလေးရေ စာလာဖတ်သွားတယ်။ လူပျိုကြီးကိုပြောလိုက်ပါဦး ”နောက်တခါ ကောင်မလေးနဲ့လျှောက်လည်လို့ နေသိပ်ပူရင် ရေဘင်တို့ အေအိုတို့ပဲတပ်ပါ“လို့.....

♥ကိုဇော်♥ said...

ဟီးဟီး....ဒါ ညည်းကိုယ်တွေပဲ ဖြစ်ရမယ် မိညိုရယ်. . .
သူများကို လွှဲမချပါနဲ့အေ. . .

ရေဘင် ဆိုတာ နေရောင်ခြည်က လာတဲ့ UV တို့ ဘာတို့ ကို ၇၅ % ကျော် သူက စစ်ထုတ်ပေးနိုင်တယ်လေ။ ဒါကြောင့်လည်း တကယ်ကို သူတို့ကို တန်ဖိုးကြီးကြီးပေးဝယ်ရတာပါပဲ။
ဒါပေမဲ့ မျက်မှန် ဆိုရင်တော့ AO ပဲ ကြိုက်တယ်။ ( တစ်ခါမှတော့ မတပ်ဖူးဘူး ရှက်လို့...ဟီး )

မေဓာဝီ said...

ဏီလင်းစကားပုံက "အမျိုးနည်း" ဖြစ်မယ်ထင်တယ်။ အမျိုးနည်းတော့ အုပ်စုမတောင့်လို့ စွာကျယ် စွာကျယ်မလုပ်နဲ့ဆိုတဲ့ သဘောလို့ထင်တာပဲ၊

အမျိုးနည်းလည်း မကျယ်နဲ့။
အဖိုးနည်းလည်း မ၀ယ်နဲ့ ။

အမျိုးနည်းလျက် ကျယ်တော့ ဒုက္ခဖြစ်မည်။
အဖိုးနည်းလျက် ၀ယ်တော့ ပြုတ်ကျရစ်မည်။ :P

ကိုယ့်ဟာကိုယ် ထင်တာထပ်ဖြည့်ပြီး ဏီလင်းစာနဲ့လိုက်အောင် ရေးလိုက်တာနော်။ တကယ့်စကားပုံမဟုတ်ဘူး။

အမေ ပြောလို့ကြားဖူးနေတာကတော့ "အဖိုးနည်းရင် အိုးကွဲပဲရမယ်" တဲ့။

အင်ကြင်းသန့် said...

ကိုဏီး.....

ကိုဏီးရဲ့ စာမှာ အောက်ဆုံးက စာတစ်ကြောင်းကျန်နေတယ်။

(မှတ်ချက်။ ။ကျွန်နော် ဏီလင်းညို၏ ကိုယ်တွေ့ဇာတ်လမ်းဖြစ်ပါကြောင်း...)

ဆိုတဲ့စာလေ...မေ့နေတယ်ထင်လို့ ညီမလေးက ဖြည့်ပေးတာပါ....ခွိ..:)))))

ချစ်ကြည်အေး said...

ဟယ်...လူပျိုကြီး သနားပါတယ်...ဒီကြားထဲ ဘလော့ဂါ့ သူငယ်ချင်းဖြစ်လေတော့ သူ့ခမျာ ရှက်ရှက်နဲ့ပဲ ဘလော့ဂ်ပေါ်မှာ အဖွခံလိုက်ရပါရောလား....:)

ရွှေရတုမှတ်တမ်း said...

သာမီးလဲသတိထား..၀ဋ်လည်တတ်တ်ာနော်..သူများကိုကြည့်ပြီး တဟီးဟီးဖြစ်နေတာပေါ့လေ

~ဏီလင်းညို~ said...

ကိုဆောင်းရေ.....ဟုတ်ကဲ့.... ညီပြောလိုက်မယ်...။ ဟိဟိ....ဒါပေမယ့် ဒီ ၇လပိုင်းဆို သူမြန်မာပြည်အပြီးပြန်တော့မှာလေ....း))

ကိုဇော်ရေ...... ခင်ဗျားကတော့ အတင်းစွပ်ဆွဲနေတော့တာပဲနော်.....ဇော်ဇော်နက်စ်ကြီး......း))

မမေရေ..... မမေပြောတာအဟုတ်ဗျ....။ အနော်မှားတာ အားလုံးသိပြီး အမှားကို အမှန်ထင်နေသူတွေရှိချင်ရှိနေမှာမို့ ပို့စ်ထဲက အနော်ရေးထားတဲ့ စကားပုံကို မပြင်ပဲ ဒီအတိုင်းထားလိုက်မယ်နော်ဗျ...။ ယှဉ်ကြည့်ရင် ပိုသိအောင်လို့ရယ်... နောက်ပြီး အမှတ်တရလည်းဖြစ်တာပေါ့....။ တစ်ကယ့်ကို အိုးကွဲပဲဗျာ.... ဟိဟိ...း))

အင်ကြင်းရေ...... ကိုဏီးကတော့ အူဝဲလေးကလွဲပြီး ဘယ်တူ့ကိုမှ စိတ်ကူးလို့မရတာမို့ ဒီစာထဲက တစ်ယောက်ဟာ ကိုဏီးလို့ မထင်ပါနဲ့ကွယ်...ဟား...ဟား...။ (အသားယူပြောတာ.... အူဝဲရေ ဆောတီးစ်....း))

မကြီးအေးရေ..... ဟုတ်တယ်..... သူရှက်လည်းရှက်တတ်သေးတယ်လေ...။ ဒါပေမယ့် အနော်လည်း မနေနိုင်လို့ရေးလိုက်မိရောဗျာ...။ ရှုး... တိုး.....တိုးနော်....း))

ကိုကြီးကျောက်နော်...... ဟီးဟီး ဖြစ်တော့ ဘာဖစ်လဲဂျာ......။ ဟီးဟီး....ဟီးဟီး.....။ လည်စရာဝဋ် မရှိတော့ဘောင်........း))

အားလုံးကို ခင်မင်နေတဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

ကိုဏီးရေ...... လူပျိုကြီး အကြောင်း ပြုံးပြီး ဖတ်သွားတယ်။ ဖြစ်တတ်ပါတယ်လေ..။ တော်သေတာပေါ့ ကောင်မလေး ဘာမှမဖြစ်လို့..။ ဖြစ်ဘူး.. နောက်ဆို ကိုဏီးနဲ့တွေ့ရင် အပြောအဆို အနေအထိုင် ဆင်ခြင်ရမယ်.. ပိုစ့်ဖြစ်သွားအုံးမယ်။း))
စတာနော် ကိုဏီး..။

ခင်မင်လေးစားလျှက်

sosegado said...

တကယ်အဖြစ်အပျက်လေးကို ဖတ်ပျော်အောင်ရေးထားတာ၊ လူပျိုကြီးက စွန့်တယ်နော်၊

မိုးခါး said...

ဘာလို့ အဲလိုဖြစ်တာလဲ မသိဘူးနော် .. :D

SHWE ZIN U said...

လူပျိုကြီး ဆိုတာ ကိုဏီများလား...
အဖိုးနဲရင် အိုးကွဲ ဘဲရမယ်ဆိုတာ မှန်ပါတယ်..
ပျော်စရာလေးတွေ အတွက် ပျော်သွားပါတယ်..

ခင်တဲ့
ရွှေစင်

ညရဲ့ကောင်းကင် said...

လူပျိုကြီး သနားပါတယ်ဗျ ...
သူ့ခမျာ ရှိုးအပီထုတ်ထားတာကိုမှ အရှက်တကွဲဖြစ်ရတယ် ...း))

အောင်မော် said...

ဘာမဟုတ်တဲ့အကြောင်းအ၇ာလေးကိုpostေ၇းတတ်တဲ့ဏီလင်းညီုကီုbravo ပါ။

ဝေလင်း said...

အင်း.. သတိထားမှပဲနော့
ဒီမှာလည်း နွေဦးရောက်နေလို့ မျက်မှန်တပ်ဖို့ စိုင်းပြင်းနေတဲ့ သူငယ်ချင်းတွေကို ပေးဖတ်ရမယ်.. ဟဲ..ဟဲ

အဖြူရောင်နတ်သမီး said...

ဟီး ဟီး....ရီရတယ်...
လူပျိုကြီးသနားပါတယ်...
ကိုဏီတို့ကတော့ လုပ်ချလိုက်ပြန်ပြီ..
အင်တာနက်ပေါ်တင်ပြီး “ဖွ”နေတယ်...

မြစ်ကျိုးအင်း said...

ကောင်မလေးနဲ့ ဂိုက်ပေးကြမ်းနေတုန်း မြောင်ထဲ ပြုတ်ကျ သွားတာ ဘေးလူအနေနဲ့ ရယ်စရာ ဖြစ်နိင်ပေမယ့် ကိုယ်တိုင်သာ ဆိုရင်လည်း ရှက်တာနဲ့ မျက်မှန်ပါ အမှုန့်ချေပစ်မလားဘဲ..။

ဘလောဂ်ဂါတွေ နဲ့ အပေါင်းအသင်း ဖြစ်ရင် ဒီလိုပဲဗျ
ဖွ အဲလေ ရယ်စရာဆို မျှဝေ ပေးလိုက်မိတာပါပဲ

Angel Shaper said...

လူပျိုကြီးဘာဖြစ်သွားသေးလဲ....သနားပါတယ်
နဖူးတွေပါထပ်ဆောင့်မှာစိုးလို့ပါ.....:P

Angel Shaper said...

ကိုကြီးညိုနော် လူပျိုကြီကိုအားကျပြီးတော့
မလေးသူတွေ အင်ဒိုသူတွေ ကိုတော့မကြံနဲ့နော်.....
ယောင်းမ...မတော်ချင်ဘူးးနော်.... ဒါဗြဲ.................
(ချစ်ခင်၍ သတိပေးခြင်းဖြစ်ကြောင်းမှတ်ယူပါလေ.......)

ညီမသေးသေးလေး

စံလင်းထွန်း said...

စာတွေဖတ်ပြီး ပြုံးမိပါတယ်ဗျာ။

ညီမလေး said...

ဖြစ်ရလေ ကိုလင်းညိုရယ် ..းD

ရွှေပြည်သူ said...

ဖြစ်မှဖြစ်ရလေ လူပျိုကြီးရယ်...း) ကိုဏီလင်းညိုကလည်း ဟာသမြောက်အောင် ရေးတတ်ပါပေတယ်...

kiki said...

ဖစ်မှ ဖစ်ရပလေ ဏလည ရယ် ။
စကားမစပ် အဲ့ ဒီ နေ့  က ဏလည ဘာ နေကာ မျက်မှန်ကြီး တပ်မိလို့ တုံး....ပါဝါ ပါတယ် နဲ့ တူတယ် ။
အဖိုးနည်း တော့ အဖွား ရော .. များသေးလား ..း))

ဂျပန်ကောင်လေး said...

း))... သနားပါတယ်ဗျာ... ကောင်မလေးနဲ့ ပျော်နေတာလေး ပျက်သွားရော.... ဒါနဲ့ ကိုဏီးဘလော့ခ်မှာလေ တချို့ခေါင်းစဉ်တွေ စာတွေကို Google Chrome မှာ မမြင်ရဘူးဗျ... အဲဒါ ဖောင့်လေးကြေငြာထားပေးပါဦး...

သမီးကြီး said...

စာအရေးတအားကောင်းတဲ့အတွတ် လူပျိုကြီး အဖြစ်ကို မြင်ယောင်ပြီး ရယ်ရမလို သနားရမလိုဖြစ်သွားပါတယ်။
ဒါနဲ့စကားမဆက် ကိုဏီလင်းညို ကသူများကိုလူပျိုကြီးတဲ့... အသိညီမလေးတွေကပြောဖူးတယ်။ အသက် 16 နှစ်ကနေ 18နှစ်ကြားကအပျိုပေါက်စ၊ 18 နှစ်ကနေ 20 နှစ်ကြားကအပျိုလေး၊ 20 နှစ်ကနေ 25 နှစ်ကြားကအပျို၊ 25 နှစ်ကျော်ရင်အပျိုကြီးတဲ့။
ယောက်ျားလေးကိုလဲ ဒီလိုပဲသတ်မှတ်ပါတယ်တဲ့။ ဒီလိုသာဆိုရင်ကိုဏီလင်းညို လည်းလူပျိုကြီးပါပဲ.... :P
ခင်မင်ရင်းနှီး၍စသွားပါတယ်။ :) လူပျိုကြီးဟုအခေါ်မခံချင်ပါက သက်သေပြနိုင်ရန် အမြန်ဆုံးကြိုးစားပါ။

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
ဘလော့ဂါတွေများတယ်ပြီးကြောက်ရတယ်။ ဘာလေးပဲဖြစ်ဖြစ်ဘလော့ပေါ်တင်
ဖို့လုပ်ကြတာကိုး။ အဲဒီလူပျိုကြီးရောသူ့အကြောင်းဘလော့ပေါ်တင်လိုက်တာ
သိလား..။တော်တော်ရှက်မယ်ထင်တယ်နော်။။

ခင်တဲ့
သဒ္ဓါ

Anonymous said...

အရာရာ နဲ့ အကြောင်းကြောင်းပေါ့ ...

ကိုဏီလင်းညိုရေ ..
တဂ်ထားတဲ့ ခေါင်းစဉ်က
အရမ်းမြင့်နေတော့ တွေးလို့ မရဘူးး ဖြစ်နေတယ် ..
ဒါကြောင့်
တောင်းလည်း ပန်ပါတယ် ..
စကောလည်း ပန်ပါတယ် ..
စကာလည်း ပန်ပါတယ် ..
ခု လောလောဆယ်တော့ မရေးပါရစေနဲ့လို့ ...
နောင် တွေးလို့ ရလာတဲ့နေ့ကျရင်
ရေးပေးမယ် နော် ..
သွေ့ပုချိ ...


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဆောင်းနှင်းရွက် said...

အရာရာနဲ့ အကြောင်းကြောင်းပေါ့ ..

ကိုဏီလင်းညို ရေ ..
တဂ်ထားတဲ့ ပို့စ်ခေါင်းစဉ်က
တွေးလို့ မရဘူး ဖြစ်နေတယ် ..
ဒါကြောင့်
တောင်းလည်း ပန်ပါတယ် ..
စကောလည်း ပန်ပါတယ် ..
စကာလည်း ပန်ပါတယ် ..
နောင် တွေးလို့ ရတဲ့နေ့မှပဲ
ရေးပေးတော့မယ်နော် ...
သွေ့ပုချိ ပါနော် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကေသရီ said...

ကိုဏီရေ
ရယ်စရာလေးတွေလာဖတ်သွားတယ်။

မောင်မိုး said...

မာမီးရေ...အနော်လည်း အရင်တုန်းက ရေသဘင် AO တွေအမြဲတပ်လေ့ရှိတယ်ဗျ။ အခုတော့ မျက်စိကအဝေးမှုန်ဆိုတော့ ရေသဘင်တွေနဲ့ ဝေးကွာသွားပြီဆိုပါတော့။ ဒါပေမဲ့ အခုအဝေးကြည့်မျက်မှန်မှာ ကာလာထည့်ထားတယ်။ နေပူထဲမှာဆိုရင် မျက်မှန်က မည်းသွားတော့ ရေသဘင်စတိုင်ပေါ့ဗျာ။ မျက်မှန်တပ်တဲ့အကျင့်ရှိသူက နေပူထဲ ဒီအတိုင်းထွက်ရင် မျက်စိက မခံနိုင်ဘူးဗျ။ ဒါပဲဗျာ။ အနော့်မှာ အလုပ်တွေရှိသေးတယ်။

rose of sharon said...

အဖိုးနဲ အိုးကွဲတဲ့... သူ့ခမျာအရှက်ကွဲ

မြသွေးနီ said...

ကိုဏီရေ...
ကျွန်မတို့ ဘလော့ဂ်ဂါများ ရေးစရာတွေ့ရင်
မနေနိုင် ဘလော့ဂ်ပေါ်တင်မိတော့တာပဲနော်။
ကျွန်မလည်း ခုရက်ပိုင်း အရေးကောင်းလို့
အိမ်ကလူတွေ မေထ္ထာပို့တာ ခံနေရတယ်။
ဟီး..

Blackroze said...

လူပျိုကြီးသနားပါတယ်အကိုရာ...

အိမ့်ချမ်းမြေ့ said...

အမျိုးနဲ့လည်း မကျယ်နှင့်ဆိုတာ ဘာလည်းမေးမလို့ မမေကော့မန့်ဖတ်မိမှ နည်းနည်းနားလည်သလိုဖြစ်...

ဒါတောင် သိပ်.. တမျိုးဘဲ .. မရှင်းဘူး။

အမှန်က အမျိုးနည်းလျှင် ပိုမကျယ်နှင့်...ဆိုရင်..
အမ်.. ထားပါတော့။

မမေကော ကိုဏီကော.. "ပေါချောင်ကောင်း" ဆိုတာ ရှိသေးတယ်နော်..
ကိုယ့်ဟာကိုယ်ပြောပြီး ရှုပ်ကုန်ဘီ..

မြတ်မွန် said...

နောက်ဆုံးပိတ်မှ လာရေးတာ ခွင့်လွတ်ပါ ကိုဏီးရေ..
ကိုဏီးရေးတာလေး ဖတ်ပြီး ပျော်စရာကြီး...ဟိဟိ ရယ်ရတယ်။
လူပျိုကြီးတော့ ၂ခါရှက် ဖြစ်ရတယ်။
ကိုဏီးပါ ဖွလို့လေ။။:P

zox said...

အစ်ကိုရေ... အရမ်းမဖွနဲ့ဦး။ ကိုယ့်အလှည့်ကျ ပြန်ဖွနေဦးမယ်။ အဟဲ။ ပျောက်နေတာ ကြာလို့ ဒီနေ့ တွေ့လိုက်ရတော့ ၀မ်းသာသွားတယ်။

ရွှေနတ်သား said...

သေပါပြီ..လူပျိုကြီးတော့ ..မျက်မှန်ကောင်းကျိုးပေးတာနဲ့ 
မကဲလိုက်၇ဘူးပေါ့လေ...
စာေ၇းတဲ့ သူသူငယ်ချင်းဖြစ်၇တာမချောင်ဘူးဆိုတာ ဟုတ်ပါတယ်
ကျွန်တော်လည်း လစ်၇င်လစ်သလိုသူငယ်ချင်းတွေအကြောင်း
ဖောက်သည်ချမိလို့  ခဏခဏ မျက်စောင်းထိုးခံ၇ပါကြောင်း

blackcoffee said...

အင်း...ကျွန်တော်လဲ မလက်ကာကို ရောက်ခဲ့ဘူးပါတယ်။ဒီပိုစ့်လေးကိုဖတ်ရတော့ မလေးရှားမှာနေတုန်းကအချိန်တွေကိုသတိရမိတယ်။ကျွန်တော်က ရှားအာလမ်းမှာနေခဲ့တာပါ။

sindecafe.com