Saturday, March 27, 2010

မနက်ခင်းလေးတစ်ခုထဲမှာ...











နက်ခြောက်နာရီခွဲတွင် နှိုးစက်ပေးထားမိသော ဖုန်းလေးက စူးရှကျယ်လောင်စွာ မြည်ဟည်းလာခဲ့လေ တော့သည်။

~~~~@@@~~~~

ဟာ...အိပ်လို့တောင်မ၀သေးဘူး...၊ မိုးကလင်းပြန်ပါပြီကွာ....။ နေပါဦး ညတုန်းက ငါဘယ်အချိန် အိပ်မိ တာပါလိမ့်။ ဆယ့်နှစ်နာရီလား....၊ ဟင့်အင်း... တစ်နာရီကျော်ခဲ့တယ်နဲ့ တူတယ်...။ အိပ်ရေးမ၀သလိုပဲ...၊ ဆက်အိပ်ချင်သေးလိုက်တာကွာ...။ ဒါပေမယ့် မဖြစ်ပါဘူး...ထဦးမှပါပဲ...။ နို့မို့ အလုပ်နောက် ကျနေခဲ့လိမ့်ဦးမယ်...။

အယ်.... ငါ့မျက်မှန်လေးရော...။ မအိပ်ခင် ဘယ်နားမှာထားမိလိုက်ပါလိမ့်...၊ ဟင်... ခေါင်းဦးဘေးနားက ငါ ထားနေကျနေရာလေးမှာလည်းမရှိဘူး...၊ ဘယ်ရောက်နေပါလိမ့်...။ အမှောင်ထဲမှာ လိုက်စမ်းကြည့်ဦး မှပါ...။ သြော်... ဒီမှာကိုး.....၊ မိတ်ဆွေက ဒီဖက်က ခေါင်းဦးနဲ့ ဖက်လုံးကြားမှာရောက်နေတာ...။ ဧကန္န တော့ ညကလည်း ငါစာဖတ်ရင်းနဲ့ မျက်မှန်မချွတ်ပဲ အိပ်ပျော်သွားပြန်သေးတာနဲ့တူပါရဲ့...။ ဟုတ်ပ...ခေါင်း ရင်းက ငါ့စက် ကလေးကလည်း ပွင့်လို့....။

အခန်းထဲမှာကလည်း မှောင်နေလိုက်တာ....၊ မီးဖွင့်ဦးမှ...၊ ပြီးရင် ငါ့မျက်မှန်လေးကိုစစ်ကြည့်ရဦးမယ်...။ ကဲ တော်ပါသေးရဲ့...၊ အိပ်ရင်းနဲ့ဖိမိပြီး ငါ့မျက်မှန်လေး မကျိုးသွားဘူး...။ အင်း... မျက်မှန်တပ်ခဲ့ရတဲ့ ကာ လတစ်လျှောက်လုံး ငါ့မျက်မှန်တွေလည်း ဒီလိုနည်းနဲ့ ကျိုးခဲ့ရပေါင်းများလှပြီ...။ ငါကိုကလည်း ငါပါပဲလေ...။ အိပ်ယာထဲမှာ စာဖတ်ရင်းနဲ့ အိပ်ပျော်...၊ နောက် မျက်မှန်ကိုမချွတ်မိနဲ့....။ ကျိုးတော့ အသစ်ပြန်လုပ်ရ...၊ အဲ့ဒီအခါကျတော့ ပိုက်ဆံက အပိုသက်သက်ကုန်....။

အင်း.... မျက်မှန်ကျိုးပြီးခါစ, မျက်မှန်အသစ်လုပ်ပြီးကာစဆိုရင်တော့ အိပ်ခါနီးရင် မျက်မှန်ကို ငါဂရုတစ် စိုက်ချွတ်ပြီး နေရာတကျထားမိတတ်ပါတယ်...။ တစ်ပါတ်နှစ်ပါတ်လောက်ပဲနဲ့တူပါရဲ့...။ ကြာလာ တော့လည်း သတိသိပ်မထားတော့ပဲ... ဖြစ်သလို ချွတ်ပစ်တတ်တာတွေက ခပ်များများရယ်...။ မသိစိတ်က စေ့ဆော်လို့တစ် ခါတစ်ခါ အိပ်ခါနီးရင် ချွတ်ဖြစ်တာနေမှာ....။

“တစ်ခါသေဖူး... ပျဉ်ဖိုးနားလည်”... တဲ့။ ကဲ... အခါခါသေဖူးတာတောင် နားမလည်နိုင်သေးတဲ့ ငါဆိုတဲ့အ ကောင်စားဆိုရင်ရော ဘယ်လိုလူမျိုးပါလိမ့်....။ တော်ပြီ....၊ ရှုပ်ပါတယ်ကွာ....မတွေးတော့ပါဘူး....။ ရေ ချိုးဦးမှပါ....။

~~~~@@@~~~~

ရေချိုးခန်းအပြင်သို့ရောက်ခဲ့တော့......

~~~~@@@~~~~

သေစမ်းကွာ....၊ ရေမချိုးခင် ရေနွေးအိုးလေးကို ပလပ်ထိုးပြီး ခလုပ်မနှိပ်မိခဲ့ဘူး။ တယ်လည်း အသုံးမ ကျတဲ့ ငါပါလား....။ အခုတော့ ရေနွေးကျက်မှ ငါကော်ဖီဖျော်သောက်ရတော့မယ်...။ အင်း... ရေနွေးကျက် ဖို့က ငါးမိနစ်လောက်ပဲ ကြာလို့တော်သေးတယ်...။ အချိန်လည်းရပါသေးတယ်လေ...။

ဟင်း.... ပြီးခဲ့တဲ့ အပတ်တုန်းကဆို ငါနဲ့ အလုပ်ဆင်းရတဲ့ အဆိုင်းတူတဲ့ အခန်းဖော်ညီလေးက ငါရေချိုးပြီး တာနဲ့ အဆင်သင့်သောက်ဖို့ ကော်ဖီဖျော်ထားပေးတတ်တာမို့ ဒီနေ့မနက်လည်း အဲ့ဒီလိုပဲ ငါ့စိတ်ကမှတ်နေ တာနေမှာ...။ အခုတော့ သူက ညဆိုင်းရောက်သွားခဲ့ပြီကိုး......။ အင်းလေ.... ငါကြားဖူးခဲ့မိတဲ့ “အခွင့် အရေးဆိုတာ အမြဲတမ်းပုံမှန်ရမနေနိုင်ဘူးဆိုတာ မှန်တယ်”....။ ကဲပါလေ... အဲ့ဒီလို မရလည်း ကိုယ်ထူကိုယ်ထ စံနစ်ကို ကျင့်သုံးရတော့တာပေါ့...။ ပြောရမယ်ဆို “အလေ့အကျင့်” တောင်မှ ဖြစ်သေးတယ်....။ ကဲ... ရေနွေးမရသေးခင် စက်ရုံအ၀တ်အစားတွေလဲဦးမှပါ....။

ဟော.... ရေနွေးရပြီ...၊ ကော်ဖီဖျော်သောက်ဦးမှ...။ အင်း.... ကော်ဖီသောက်ရင်း ငါငေးနေကျ ပြတင်းက လေးကိုသွားငေးဦးမှ....။ ဟာ.... လေတွေ တိုက်လှချေလား....။ မိုးများရွာမလားမသိဘူး....။ သြော်...ဟုတ်ပ...၊ အနောက်ထောင့်ဖက်မှာမိုးသားတွေခဲနေတာပဲ....။ မိုးကတော့ အခုထက်ထိ မရွာသေးပါဘူး...။ ဒါပေ မယ့် ဒီနိုင်ငံက မိုးကအစိုးကိုမရဘူး....။ ရွာချင်ရင်ကောက်ကာငင်ကာ ထပြီး ရွာတတ်တာမျိုးကြီး...။ အဲ့ဒီလိုနဲ့ အလုပ်သွားရင်း လမ်းမှာမိုးရွာလို့ ခွေးပြေးဝက်ပြေးပြေးရတာခဏခဏပဲကိုး....။ အင်း.... “အတွေ့အကြုံတွေကနေ ယူတတ်ရင် သင်ခန်းစာရတယ်”.... ဆိုတာသိပ်မှန်တာပဲ...။ ကြည့်လေ... အ ခုဆိုရာသီဥတု ဒီလိုဖြစ် နေခဲ့တိုင်း စက်ရုံသွားကာနီး ငါထီးယူသွားတတ်တာ အကျင့်ကိုဖြစ်နေပြီ....။

ပြောမယ့်သာ ပြောရတယ်...၊ အခုလို မိုးတွေရွာကာနီးရင်...၊ လေတွေအရမ်းတိုက်ပြီး မိုးတွေရွာလာရင် အိမ် မှာပဲနေရင်း ငါရေးချင်တဲ့ စာလေးတွေထိုင်ရေးချင်နေမိတတ်တာ ငါ့ရဲ့ ဆန္ဒတစ်ခုပဲ....။ ဒါပေမယ့် ဆန္ဒက.... ဆန္ဒ....၊ ဘ၀က... ဘ၀လေ...။ ရောထွေးပစ်လိုက်ဖို့ ဖြစ်မှ မဖြစ်နိုင်တာ....။ အင်း... ဆန္ဒနဲ့ဘ၀ အတူတူ တစ်ထပ်တည်းမကျနိုင်တဲ့လူတွေအများကြီးထဲမှာ ငါလည်း တစ်ယောက်အပါအ၀င်ပဲလေ....။ အဲ့ဒီထဲမှာမှ ငါ ကံဆိုးလှချည်လားဆိုတဲ့.... “ဆုတ်နစ်စေမယ့် အတွေးမျိုးတွေနေလို့ ဘာမှအကျိုးဖြစ်လာ မှာမဟုတ်ပါဘူး”..။ ကဲပါလေ... အခန်းထဲဝင်၊ ငါ့စက်ကလေးကိုပိတ်ပြီး အလုပ်သွားဦးမှပါ....။

~~~~@@@~~~~

လုပ်ရှိရာ စက်ရုံဆီကို ဦးတည်နေခဲ့သော ကားလမ်းမလေးရဲ့ဘေး၊ ပလက်ဖောင်းအထက်တွင် လက်တစ် ဖက်က ထီးရှည်တစ်ချောင်းကိုကိုင်ရင်း၊ ပခုံးတစ်ဖက်က အလုပ်သွားတိုင်း လွယ်သွားနေကျ အိတ်စုတ်စုတ်လေးကိုလွယ်ကာ ခြေလှမ်းတို့ ခပ်သွက်သွက် လှမ်းလို့နေခဲ့မိဆဲ.....

~~~~@@@~~~~

အင်း... နောက်ထပ်ဆယ့်ငါးမိနစ်လောက်တော့ ငါလမ်းလျှောက်ရဦးမယ်...။ ဟာ... လေကပြင်း လှချေလား။ လေထုတဲမှာ မိုးရနံ့တွေ ပိုမိုငြိတွယ်နေခဲ့သလိုပဲ...။ ဟား...ဟား... ငါဆိုတဲ့ကောင်ကလည်း စာရေးနေခဲ့တာ လည်းမဟုတ်ပဲနဲ့အတွေးထဲမှာတောင် စာရေးနေတဲ့လေသံကြီးပေါက်လို့...၊ အဖွဲ့အနွဲ့တွေ ဘာတွေနဲ့...။ အင်းလေ...“၀ါသနာနဲ့ ဗီဇဆိုတာ တားဆီးပိတ်ဆို့ထားလို့ ရကောင်းတဲ့အရာတွေမှမဟုတ် တာ...။ အခြေအနေနဲ့ အကြောင်းတရားတိုက်ဆိုင်လာရင်ပွင့်ထွက်လာတတ်တာမျိုးပဲ ထင်ပါရဲ့”....။

ဟော... ပြောရင်းဆိုရင်းနဲ့ မိုးဖွဲလေးတွေကျလာပြီ...။ အောင်မလေးဗျာ... ချက်ခြင်းမိုးကစိပ်လာပါပြီ...။ ကဲ... ထီးဖွင့်ဆောင်းဦးမှ...။ ဟင်... ငါ့နောက်က ခြေသံတစ်ဖုတ်ဖုတ်နဲ့ ပြေးလာတာ ဘယ်သူပါလိမ့်...၊ လှည့်ပြီး ကြည့်လိုက်ဦးမှပဲ...။ သြော်... ငါတို့စက်ရုံကို ပြီးခဲ့တဲ့လကမှ အသစ်ထပ်ရောက်လာတဲ့ နီပေါလ်လူ မျိုးကုလား လေးတစ်ယောက်ကိုး...။ ထီးလည်းပါမလာဘူး....။ သေအောင်ပြေးတောင်ဒီမိုးက မင်းမလွတ် ဘူးကွ...။ ကဲပါလေ... သနားစရာပဲ...၊ ငါ့ထီးထဲဝင်ဆောင်းဖို့ ခေါ်လိုက်ပါဦးမယ်...။

ငါ့ကို အားနာလို့နဲ့တူတယ်..ကုလားလေးက သူ့ကိုယ်လေးကိုရို့ပြီး ဟိုဘက်တိုးပြီးနေရှာတယ်...။ အားမ နာပါနဲ့ကွာ...။ ငါတို့မင်းတို့က တစ်စက်ရုံတည်း အလုပ်လုပ်နေရတဲ့သူချင်းအတူတူပါပဲ...။ သစ်တာနဲ့ ဟောင်းတာ ဒီနှစ်ခုထဲကွာခြားတာပါ...။ အင်း... ဒီကုလားလေးတော့ ငါကူညီလိုက်နိုင်ပေမယ့်...ဟိုးရှေ့မှာ ပြေးသွားနေရတဲ့ ကျန်တဲ့ နီပေါလ်သုံးယောက်ကိုတော့ ငါမကူညီနိုင်တော့ဘူး...။ ဝေးလည်းဝေး၊ ထီးက လည်းတစ်ချောင်း ထဲဆိုတော့ ခက်ပါရဲ့...။ အိုကွာ... ငါနိုင်သလောက်တော့ ကူညီခွင့်ရပြီးသားပဲ...။ ဖြေ သာပါတယ်...။ ဒါပေမဲ့ သူတို့ခမြာ အခုမှဒီရောက်ကာစဆိုတော့ အစစအရာရာချို့တဲ့ကြရရှာတယ်...။ အစစအဆင်ပြေကြပါစေဗျာ။

ဟော... ငါတို့ဘေးကပ်လာပြီးရပ်တဲ့ ကားတစ်စီးက ဟွန်းသံပေးနေပါလား...။ ဟာ... ဒါငါနဲ့ သိပ်ခင်နေတဲ့ ဒီနိုင်ငံသား ငါ့သူငယ်ချင်းရဲ့ကားပဲ...။ ငါတို့ကို ကားကြုံနဲ့ စက်ရုံလိုက်ဖို့ခေါ်နေတာ၊ လိုက်သွားဦးမှ နို့မို့ဆို ဒီမိုးနဲ့ ငါ့ဘောင်းဘီအောက်နားတွေစိုကုန်ရင် အလုပ်ထဲဒုက္ခရောက်နေဦးမှာ...။ ဒီကုလားလေးကိုလည်း ငါနဲ့တစ်ခါတည်း လိုက်ဖို့ခေါ်သွားရမယ်....။

အင်း... “စေတနာဆိုတာ...တူသောအကျိုးပေးတတ်တယ်” ဆိုတာ ငါ့အတွက်တော့ ချက်ချင်းလက်တွေ့ကြုံ ရတာပါပဲ...။ ဒီလိုစိတ်မျိုးလေးများများမွေးနိုင်ဖို့ကြိုးစားရဦးမယ်...။ ခုနကပဲ..ငါ့ထီးအောက်ကို ဒီကု လားလေးကိုခေါ်မိတယ်...၊ အခုတော့ ထီးထက်လုံခြုံတဲ့ ကားထဲမှာသက်တောင့် သက်သာနဲ့ ငါလိုက် နေရပြီ...။ အင်း.. မိုးကလည်း မစဲသေးဘူး...။ ဟော... စောစောက ပြေးသွားနေတဲ့ နီပေါလ်သုံးယောက် နား ငါတို့ကားရောက်ပြီ...။ ငါ့သူငယ်ချင်းကို ကားခဏရပ်ခိုင်းပြီး စောစောက ငါတို့ဆောင်းလာတဲ့ ထီးကို လှမ်းပေးလိုက်ဦးမှ၊ စောစောငါတို့ဆောင်းလာတဲ့ ထီးရှည်ကို သူတို့ဆောင်းလိုက်ရရင် နည်းနည်းတော့ မိုး ဒဏ်ကသက်သာသွားမှာပဲလေ...။ ငါလက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးတစ်ခုလိုပေါ့...။ “ဘာမှမရှိတာထက် စာရင် တစ်စုံတစ်ခုရှိနေခဲ့ရ သေးတာ ပိုကောင်းတယ်”... ဆိုတာလေးလေ...။ နောက်ပြီး “ကူညီတယ်ဆို တာ အခြေအနေနဲ့ အချိန်အခါ တိုက်ဆိုင်မှ ပိုပြီးကောင်းတာမျိုး”....ပဲလေ...။

အင်း...ကားနောက်ကမှန်ထဲကနေပြီး သူတို့သုံးယောက် ငါပေးလိုက်တဲ့ထီးလေးကို ဆောင်းပြီး လမ်း လျှောက် နေကြတာကိုကြည့်ရတာ...စိတ်ချမ်းသာလိုက်တာ...။ “သူတစ်ပါးကို ကူညီလိုက်လို့ အထမြောက် သွားရင် ရလာတဲ့ ကြည်နူးမှုက ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှုမျိုးများပါလား”....။

ဟော... ငါတို့ စက်ရုံရှေ့မှာကားရပ်သွားပြီ...။ ကျေးဇူးတင်ပါတယ်...သူငယ်ချင်းရယ်...။ “သူများပြုပေးခဲ့တဲ့ ကျေးဇူးတရားကို အကောင်းဆုံးအရင်တုန့်ပြန်နိုင်တာက ဒီစကားလေးပါပဲ”....။

~~~~@@@~~~~

သိပ်မဝေးသော စက်ရုံဂိတ်ဝသို့ မိုးရေများကြားထဲမှ ဖြတ်ပြေးသွားလိုက်မိသည်။ သိပ်မစိုသွားပါ...။

~~~~@@@~~~~

အင်း... ဒီနေ့လည်း “အလုပ်ကို အလုပ်လုပ်ချင်လို့ လုပ်တာ...၊ ငွေရနေလို့ ၀တ်ကျေတမ်းကျေ လုပ် နေတာ မဟုတ်ဘူးဆိုတဲ့ စိတ်ကလေးထားပြီး လုပ်ဦးမှပါပဲ”.....။

~~~~@@@~~~~

(ပုံကလေးကို ဒီနေရာလေး မှ ယူသုံးပါတယ်ခင်ဗျာ....။)
========================================================
ခင်မင်ရတဲ့ မချော(အစိမ်းရောင်လွင်ပြင်) တက်ထားတဲ့ အတွေးများ ဆိုတဲ့ တက်ဂ်ပို့စ်လေးကို ကျွန်တော် ရေးတတ်တဲ့ ပုံစံလေးနဲ့ ရေးလိုက်မိပါတယ်...။ မချောရေ... ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ...။ ဒီပို့စ် လေးထဲမှာ ပါတဲ့တချို့ဟာလေးတွေက တစ်ကယ်လို့များအယူအဆမတိုက်ဆိုင်ခဲ့ရင် လွတ်လပ်စွာ ကွဲလွဲနိုင် ပါတယ်ခင်ဗျာ....။
ဆက်တက်ဂ်ချင်တဲ့ မောင်နှမတွေကတော့.... မလေး(အိမ့်ချမ်းမြေ့)မမေ( မေဓာဝီ)မမသီရိမအနမ်းကွိကွိစ်(ကိကီ)သူငယ်ချင်း(ခြင်)၊ ခင်တာသိပ်မကြာခဲ့သေးတဲ့ မိုးခေတ်၊ ညီမလေးဆောင်းနှင်းရွက်၊ နောက် ပြီး အိပ်မက်ချယ်ရီ ဆိုတဲ့ မြို့လေးထဲက အပြင်သိပ်မထွက်ပဲ ကဗျာကောင်းလေးတွေ၊ စာစုကောင်းလေး တွေရေးတတ်တဲ့ ညီမလေး၊ စိုင်းစိုင်းမွန်းနဲ့ ကူးလွေ့ တို့ သုံးယောက်စလုံး....ကို ဆက်တက်ဂ်ပါတယ်...။
ကိုယ်ရေးချင်တဲ့ ပုံစံလေးနဲ့သာရေးပေးကြပါဦးဗျာနော်...။ တက်ဂ်ခံရပြီးသားဆိုရင်လည်း ရပါတယ်နော့်...။
အမှတ်တရ ကျွန်တော့်အတွက်ရေးပေးကြမယ်ဆိုရင် အရမ်းဝမ်းသာမိရမှာပါခင်ဗျာ...။
မူရင်း မချောရဲ့ ပို့စ်လေးကတော့ ဒီနေရာမှာ ပါ....။
========================================================

ချစ်ခြင်းအားဖြင့်........
ဏီလင်းညို

31 comments:

ကိုခိုင် said...

စေတနာသည်တူသောအကျိုးပေး၏။
ဒီတခါမတက်ခိုင်းတဲ့အတွက်ကျေးဇူးး)
အတွေးတွေကောင်းတယ်။

ကိုခိုင်

reenoemann said...

စာလာဖတ်သွားပါတယ်ဗျာ

what is good things said...

တစ်နေ့တာ မနက်ခင်းလေးအကြောင်းရေးသွားတာလေးက လွတ်လွတ်လပ်လပ် လေးပါလား။ ဖတ်လို့တော့ကောင်းသား။
တဂ်တာကတော့ အချိန်ပေးအုံးနော်း))

မြစ်ကျိုးအင်း said...

အညို တစ်ယောက် အတွေးတွေများနေတယ်ထင်တယ် စိတ်ငြိမ်သွားအောင် အိမ်ထောင်ရက်သား ချပေးအုံးမှပဲ သူလိုချင်တဲ့ မာစီဒီးလည်း ပေးလိုက်တာ ကောင်းပါတယ်လေ။
ငါ့မှာလည်း မမောင်းတတ်လို့ ဘီဒိုထဲ ထားရမယ့် အတူတူ သူသုံးပါစေလေ။ အညို့စာဖတ်ပြီး ငါ့မှာလည်း စေတနာတွေ ယိုဖိတ်နေပါလား။ အလွယ်တကူရလို့ တန်ဖိုးထားပါ့မလား မသိဘူး။ ကိုယ်ထူကိုယ်ထဖြစ်အောင် ဆိုက်ကား တစ်စီးပဲ ဝယ်ပေးလိုက်တာ ကောင်းပါတယ်လေ။ နေပူ မိုးရွာဒဏ် သက်သာအောင်တော့ အမိုးလေးပါ မိုးပေးလိုက်အုံးမှ။

အတွေးတွေရေးတာ ကောင်းတော့ ဖတ်ရင်း ဓါတ်ကူး သွားတယ်း)

ဆောင်းနှင်းရွက် said...

ကိုဏီလင်းညိုရေ ...
တော်တော်လေး ဖတ်လို့ ကောင်းတယ် ..
အရမ်းလည်း ကြိုက်မိတယ် ..

အတွေးလည်း အရမ်းကောင်းသလို
တွေးထားတဲ့ စိတ်ကလေးရဲ့ ခံစားချက်က
တော်တော် လေးစားဖို့ ကောင်းတယ် ..
ဆောင်းနှင်း ကြိုးစားပြီး ရေးပေးပါ့မယ် ...
ဒါပေမယ့် မရေးခင်ကတည်းကပဲ
ကြိုပြောထားခဲ့ပါ့မယ် ..
အကို့လောက်တော့
ရေးနိုင်မှာ မဟုတ်တာ အသေချာဆုံးပဲ ..
ပြီးတော့ နဲနဲလည်းကြာမယ် လို့ ..
အိမ်ပြောင်းပြီးရင် ရေးပေးမယ်နော် ..

ရေးထားသမျှ ပို့စ်တွေထဲမှာ
ဒီပို့စ်နဲ့ ဟိုတစ်လောက ရေးတဲ့ ပို့စ် ၂ ပုဒ်ကို
အကြိုက်ဆုံးပဲ ..
ဟို ပို့စ်က နာမည်တော့ မမှတ်မိတော့ပါဘူးးး ..
ကင်တင်းမှာ ကြောင်လေးကို ပုစွန်ကျွေးတာကို
အနောက်ကနေ ဆွဲတဲ့ အကြောင်း လေ ..
အဲ့ပို့စ်လေးးးပါ ...

ဆက်လက်ပြီး
စာတွေ ဒီ့ထက် ပို ရေးနိုင်လာပါစေ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မေဓာဝီ said...

ဏီလင်းရဲ့ အတွေးက စီကာစဉ်ကာနဲ့ ဖတ်လို့ကောင်းပါတယ်။ အမလဲ အားရင် တွေးပေးပါမယ်။ တကယ်တမ်းက တွေးတာတော့ အမြဲတွေးဖြစ်ပါတယ်။ လက်ကသာ ချမရေးဖြစ်တာ။ ကိုယ်တွေးတာကို အလိုအလျောက် လိုက်ရေးပေးနိုင်တဲ့ စက်မျိုးပေါ်ရင် ကောင်းမှာလို့ ခပ်ပျင်းပျင်းနဲ့ တွေးနေမိသေးတယ်။ :D

သိင်္ဂါကျော် said...

မနက်ခင်းတိုင်းကို စိတ်ကောင်းနှလုံးကောင်းနဲ့ ဖြတ်သန်းတာ အကောင်းဆုံးပဲပေါ့..။
နံနက်တိုင်းမှာ ပျော်ရွှင်စွာ နိုးထနိုင်ပါစေ...။

kiki said...

ဏလည ရဲ့  အတွေးတွေရော အရေးတွေပါကောင်းလွန်းလို့
များတို့ တွေးစရာတောင် ကျန်တော့ပါဘူး ။

မျက်မှန် ဘယ်နှစ်လက် ကျိုးခဲ့ပြီးပြီလည်း ။
နောက်ဆို ရိုးရိုးထီး မဆောင်းပဲ ဘုန်းကြီးဆောင်းထီး (သို့မဟုတ်) ဂေါက်ရိုက်သူတွေ ဆောင်းတဲ့ထီး သယ်ပါ ။ ဒါမှ လူ ၃-၄ ယောက်ကို ကူဆောင်းပေးနိုင်မှာပါ ။

“အတွေ့အကြုံတွေကနေ ယူတတ်ရင် သင်ခန်းစာရတယ်”.... ဆိုတာသိပ်မှန်တာပဲ...။ ကြည့်လေ... အ ခုဆို.. မနေနိုင် မထိုင်နိုင် လာဖတ်ကြည့်မိလို့ အတဂ် ခံလိုက်ရပြီ.. ။နောက်ဆို သတိထားနေမှ ..း))))


များကတော့ .. “အလုပ်ကို အလုပ်လုပ်ချင်လို့ လုပ်တာ မဟုတ်ပါဘူး ...၊ ငွေရနေလို့ ၀တ်ကျေတမ်းကျေ လုပ် နေတာ ပါပဲ”... ဟဲဟဲ ..၊ ငွေသာ မရလို့  ဘယ်လုပ်လိမ့်မလည်း ကွယ် ..”

မခင် တခင် နဲ့ စ သွားပါသည် ..( မရေးချင် ရေးချင် နဲ့ တဂ် ပို့ စ် ကိုတော့ မသေမချာ ပဲ ဖြေပါမည် .. )

♥ကိုဇော်♥ said...

မိညို....
မကူညီတာထက် စာရင် ကူညီတာ ကောင်းတာပေါ့...
ဆက်လက်သာ ကူညီပါ အေ။
မိမြစ်က ဆိုက်ကားဝယ်ပေးတော့...
ငါကလည်း ဒီကနေ ရတဲ့ ဝင်ငွေတွေ အလကား ဖြစ်မှာ စိုးလို့...
မိန်းမ ခပ်ဆိုးဆိုး တစ်ယောက် ရှာပေးဦးမှပဲ...

ပျော်ရွှင်ပါစေ
ကိုဇော်

မိုးခါး said...

ကြွေးသစ်တွေ ယူနေပြန်ဘီ .. :D
အတွေးတွေ တချို့က သိတော့ သိတယ် မလုပ်ဖြစ်သေး မေ့နေသေးတာလေးတွေပေါ့နော်
အောက်ပိုင်းနားလေးကတော့ ကောင်းတဲ့ အတွေးနဲ့ လက်တွေ့ အကောင်ထည်ဖော်လိုက်နိုင်တဲ့ အတွေးလေးပေါ့ ..

မင်္ဂလာရှိသော ညလေးပါ :D

စံလင်းထွန်း said...

ပိုစ့်အသစ်ကို ခုမှ သိရလို့ ဖတ်ဖြစ်ပါတယ် အကိုရေ ..။

အရေးအသားတွေ တော်တော်ကောင်းပါတယ်။ အတွေးလေးတွေအများကြီးတွေ့ရတယ်။ ခံယူချက်တွေရောပဲ ..။

ခင်မင်တဲ့
စံလင်းထွန်း

ဇောင်း said...

ကိုလင်းညိုကြီးရဲ့ အတွေးနဲ့စိတ်ကူးလေးတွေကို သဘောကျမိတယ်ဗျာ....:)
=------------------------------------------------------------------------------=
ZaunG

မိုးခေတ် said...

မနက်ခင်းလေးက လှတယ်..
အတွေးလေးတွေကလဲ လှတယ်..
အရေးအသားလေးကလဲ လှတယ်..
မလှတာကတော့ မမိုးခေတ်ဆိုပြီး အတက်ဂ်ခံလိုက်ရတာပဲ.. :(
တက်ဂ်ပို့စ်တစ်ခါမှတော့ မရေးဘူးသေးဘူးဗျ...ခုပထမဆုံးပေါ့..
အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ပို့စ်အသစ်မရေးဖြစ်တာတောင် ကြာနေပြီ.. :D
ဘာပဲဖြစ်ဖြစ် ကြိုးစားပမ်းစားနဲ့ တတ်နိုင်သမျှအမြန်ဆုံးရေးပါမယ်ဗျာ...
အတွေးတွေကိုကြိုက်တယ်... ။

အင်ကြင်းသန့် said...

အင်း...သူများတကာတွေများ တွေးထားလိုက်တာ အတွေးကောင်းတွေချည်းပါပဲလား....အတုယူစရာပါပဲ

မနက်ခင်းလေးတစ်ခုထဲမှာပဲ မနက်ခင်းးလေးတစ်ခုထဲမှာဆိုတဲ့ ပိုစ့်ကို လာရောက်ဖတ်ရှုသွားပါဂျောင်း....

ခင်မင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

Anonymous said...

လက်တဖက်ရဲ့ ပေးကမ်းမှုသည်
လက်တဖက်အတွက် ရရှိမှု
လူတစ်ယောက်တွက် အတွေးလေးတွေက ထိုလူအတွက် စိတ်ကောင်းလေးတွေ ဖြစ်စေသည်ပေါ့ ...
တကယ်ကို ကောင်းမွန်တဲ့ အတွေးနဲ့ အရေးအသားတွေပါပဲ ...

ခင်တဲ့
ကိုတူး

ညီမလေး said...

တွေးတဲ့ အတွေးက လှပါပေတယ် ကိုလင်းညို.. ။

တက်ဂ်တာက အရေးမကြီးဘူး ခက်တာက ကိုလင်းညိုလို အရေးမကောင်းဘူးတော့ .. အဲ့တော့ ရေးဖို့က နဲနဲကြာမယ်ထင်ပး)

rose of sharon said...

မြင့်မြတ်တဲ့အတွေးလေးကို စိတ်ကြည်နူးစွာ ဖတ်သွားပါတယ်... :)

မောင်မိုး said...

ရိုးရိုးရှင်းရှင်းလေးနဲ့ ရေးသွားတာသဘောကျတယ်.။ အထုးသဖြင့် ကိုဏီ့စိတ်ကလေးကိုပါ။ ရှင်းသန့်နေတာကို အားကျအတုယူမိတယ်။

ခင်မင်စွာဖြင့်
မောင်မိုး

ဒဏ္ဍာရီ said...

မနက်ခင်း အိပ်ရာစထတဲ့ အချိန်ကစလို့ တွေးထားတဲ့ အတွေးလေး ဖတ်လို့ကောင်းတယ် ကိုဏီး။ အကောင်းမြင်ဘက်က တွေးတတ်တဲ့ အတွေးလေးကိုလည်း လေးစားပါတယ်။
ဒါနဲ့ စကားမစပ်.. ကိုဏီး နာမည်တွေများလိုက်တာ။ အညိုတွေရော ဘာတွေရော .. မသိလိုက်ဘူး။ တခေတ်နောက်ကျသွားတယ်။း)

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

သာမီးက မျက်မှန်းနဲ့ဆိုတော့ ကြောင်လိုဘယ်လိုလျှောက်မလဲ...
အလုပ်သွားဖို့ လံခြားတစီးတော့ ဝယ်ပေးမှဖြစ်တော့မယ်

Anonymous said...

မာမီညို
နံနက်ခင်းမှာ နံနက်စာ စိတ်အဟာရတွေ သုံးဆောင်သွားပါတယ်

နောင်လည်း ဒီထက်ကောင်းတဲ့ အဟာရများ ကျွေးနိုင်ပါစေ

ခင်တဲ့
seesein

SHWE ZIN U said...

အင်း အတွေးကောင်းလေးတွေ တွေးအုန်းမှ ကိုဏီ အတွေးလေးတွေ လိုပေါ့

ahphyulay said...

မျက်စေ့ နှစ်လုံး ဖွင့် လိုက်ကတဲက အတွေးတွေနဲ့  တွေးတဲ့ အလုပ်က
စ တော့ တာကိုး။ တွေးတဲ့  အတွေးတွေကလည်း မညိမ်တတ်တော့ 
တွေးတဲ့ နောက်ပဲ မဆုံးနိုင်အောင် လိုက်နေမိတော့ တာ နေမှာ။

Nge Naing said...

ဏီလင်းညိုရေ
အတွေးတွေ ကောင်းလှချည်လား။ အစ်မ အခုတလော ကျောင်းကိစ္စအလုပ်ကိစ္စတွေနဲ့ အလုပ်တော်တော်များနေလို့ ဏီလင်းညိုဆီမှမဟုတ်ဘူး ဘယ်သူ့ဆီမှ သိပ်မရောက်ဖြစ်တာ ဘယ်လိုမှ သဘောမထားပါနဲ့နော့်။ ကိုယ့်ဆီရောက်လာတဲ့သူတွေဆီကိုတော့ အချိန်ယူပြီး ပြန်လာလည်သွားပါတယ်။

အောင်မော် said...

ကိုနီဠင်းငြိုယေ
ဘတ်လို့ကောင်းသားဗျ...

ကေသရီ said...

ကိုဏီရေ
ကူညီတတ်တဲ့ မြန်မာ့စိတ်ထားလေးကို ပေါ်လွင်အောင်ရေးထားတာ စိတ်ချမ်းသာစရာကောင်းလိုက်တာ။ ဒီမှာနေတဲ့သူချင်းအတူတူ ကျွန်မကတော့ ဘယ်သူ့ကိုမှ မကူညီမိသေးဘူးလေ။ အိမ်ထဲက အပြင်မှ သိပ်မသွားဖြစ်တာ။ အခုမှ ကူညီဖို့ကြိုးစားလိုက်ဦးမယ် ဟီဟီ။ ဆက်ပြီးများများကူညီလိုက်ပါကိုဏီရေ။ စေတနာအကျိုးပေးပါတယ်။

lonetone said...

သူငယ်ချင်းရဲ့ မနက်ခင်းက တယ်ဖတ်လို့ ကောင်းသဗျ။ အောင်မြင်ပါစေဗျာ။

သမီးကြီး said...

ကိုဏီလင်းညို ရဲ့ မနက်ခင်းမှာ မျောပါသွားပါတယ်။ စာအရေးကောင်းပြီး စေတနာကောင်းတဲ့ ကိုဏီလင်းညို အမြဲကံကောင်းပါစေ။

busymozzee said...

ဟေးသူငယ်ချင်းရေ... ငါ့ကို တဂ်ထားတာကိုး.... သံရုံးမှာ အစာသွားကျွေးနေလို့ ပျာတုတ်နေတာဟေးး.. ရေးမယ်... အတွေးတွေမှ ပွနေတာပဲ... ရေးလိုက်ရရင်တော့ကွာ.... ဟင်းဟင်း... လက်ကောက်ကြီးနဲ့နေတော့မှာပဲယယယ... (အဲလေ)... အစက်စက်စက်....

ချစ်သူမောင် said...

အဟဲ ကိုဏီ ကူညီဖူးပါသော်ကော
ခက်တာက တချို့သူတွေရဲ့ ကူညီသူတွေအပေါ်ထားတဲ့အမြင်
တလွဲတွေမြင်တတ်လွန်းလို့း) များသောအားဖြင့်ကောင်မလေးတွေအကြည့်မှာ ဏှာဘူးကြီးလို့အမြင်မျိုး :) နောက်တစ်ခု“အလုပ်ကို အလုပ်လုပ်ချင်လို့ လုပ်တာ...၊ ငွေရနေလို့ ၀တ်ကျေတမ်းကျေ လုပ် နေတာ မဟုတ်ဘူးဆိုတဲ့ စိတ်ကလေးထားပြီး လုပ်ဦးမှပါပဲ”.....။
အဲဒီလိုအတွေးမျိုး ဘယ်နိုင်ငံရောက်ရောက် ကောင်းစားမယ့်အတွေးပါ ......
ကိုဏီ
ကျန်းမာပျော်ရွှင်ပါစေ

ခင်မင်လျှက်
ချစ်သူမောင်

မြသွေးနီ said...

ကိုဏီ..
တစ်ခါတစ်ခါရိုးရှင်းတာလေးကပဲ ဆန်းသစ်နေစေတယ်နော်။
အတွေးလေးကို ရိုးရိုးလေးတင်ပြသွားတာ နှစ်သက်စရာ..။
ကောင်းမွန်တဲ့ အတွေးလေးဖြစ်နေတော့ ..
ဖတ်ရသူကိုပါ စိတ်ချမ်းသာမှုတွေ ကူးစက်လာစေတယ်။