Saturday, March 13, 2010

တူညီသင့်တဲ့ အရာ


နေ့လည် (၁၂)နာရီထမင်းစားချိန်မို့လို့ သူအလုပ်လုပ်သော စက်ရုံအနောက်ဘက်ရှိ ထမင်းစား သည့်ကန်တင်း(န်)လေး တွင် လူကခပ်ရှုပ်ရှုပ်ဖြစ်နေ၏။ များပြားလှသော အလုပ်များကြောင့် ကန်တင်း(န်)အဆင်းနောက်ကျလေ့ရှိသော သူ့ရဲ့အ ရှေ့တွင် အရင်ရောက်နှင့်နေသူတွေက အများကြီးပင်....။

ထမင်းဝယ်စားဖို့အတွက် တန်းစီနေခဲ့သော လူတန်းရှည်ရဲ့နောက်ဆုံးတွင် သူဝင်ရပ်လိုက်သည်။ တစ်ရွေ့ ရွေ့နှင့် အရှေ့ ကိုသူရောက်လာခဲ့ပေမယ့် သူ့နောက်တွင်လာရပ်ကာ တန်းစီသူများကိုမတွေ့ရ....။ ထုံးစံအ တိုင်း သူပဲနောက်ဆုံးဖြစ်နေခဲ့ ပြန်ပြီလား.... ဟု တွေးရင်းကျိတ်ပြုံးမိလိုက်သည်။ သူ့အလှည့်ရောက်တော့ လေးထောင့်ပုံစံရှိ ဇောက်နက်နက်လင်ပန်း တွေထဲမှ ရွေးကျန်ဖြစ်သောဟင်းများကို ကောင်းနိုးရာရာခပ် ထည့်လိုက်မိသည်။ ပုဇွန်ထုပ်ခပ်ကြီးကြီး လေးငါးကောင်၊ ရုံးပတီသီး နှစ်တောင့် သုံးတောင့်၊ နောက် ဟင်းနု နွယ်ရွက်ကြော်နည်းနည်းဖြစ်၏။ ဒါဆို သူ့အတွက် လုံလောက်ပြီ....။

ပိုက်ဆံရှင်းကာ ထမင်းပန်းကန်ကိုသယ်ပြီး ကန်တင်း(န်)အနောက်ဘက် အစွန်ကျကျစားပွဲတန်းများဆီသို့ သူလျှောက်သွားလိုက်ပါသည်။ ထိုနေရာတွင် သူတို့မြန်မာလူမျိုးများစုပြီး ထမင်းထိုင်စားတတ်သောကြောင့် ပင်ဖြစ်၏။ စားပွဲခုံပေါ်တွင် ထမင်းပန်းကန်ကို တင်ရုံသာတင်ပြီး ထိုင်ပင်မထိုင်ရသေး...၊ ပျော့ပျောင်းနူးညံ့ လွန်းသောခန္ဓာကိုယ်လေးဖြင့် သူ့ခြေကျင်း နားကိုတိုးဝှေ့ပွတ်တိုက်ရင်း ‘ညောင်’...ခနဲအော်သံပေး လိုက်သောကြောင်ကလေးတစ်ကောင်ရဲ့အသံကြောင့် သူငုံ့ကြည့်လိုက်မိသည်။ ကန်တင်း(န်)မှာရှိသည့် လေး၊ ငါးလသားအရွယ်ကြောင်ကလေး ငါးကောင်အနက်မှ တစ်ကောင်....။

စားပွဲရှည်နှင့်တွဲလျှက်ရှိသော ခုံတန်းရှည်ရဲ့အစွန်းတစ်ဖက်တွင် ထိုင်ချလိုက်ရင်း စားပွဲတန်းအရှည်များ အောက်ကိုငုံ့ကာ တစ်ချက်ဝေ့၀ဲကြည့်လိုက်တော့ ကျန်သည့်ကြောင်လေးများက သူ့သူငယ်ချင်းမြန်မာ လူမျိုးများချကျွေးထားသော ကြက်သား၊ ငါးကြော်စသည်တို့ကို မြိန်ယှက်စွာစားနေကြတာကိုတွေ့ရ၏။ ထို ကြောင်ကလေးများရဲ့မိခင်ကြောင်မကြီးမှာ အခု သူတို့ကန်တင်း(န်)တွင် မရှိတော့....။ နို့ခွဲပြီး အခြားနေ ရာသို့ထွက်သွားလေခဲ့သည်မှာ တစ်လကျော်ကျော်ပင်ရှိနေခဲ့တာကို သူသတိထားမိပါသည်။ ထို့ကြောင့် ကျန်ရစ်ခဲ့သောကြောင်ကလေးငါးကောင်ကို အခုလိုမျိုးထမင်းစားချိန်၊ လဖက်ရည်သောက်ဆင်းချိန်များ တွင် သူတို့မြန်မာလူမျိုးအလုပ်သမားတစ်စုက ဂရုတစ်စိုက်ကျွေးမွေးရမြဲ...။ ကြောင်ကလေးများကလည်း အမြဲပုံမှန်ကျွေးတတ်သော သူတို့အနားသို့ပင်ကပ်မြဲ....။

“သားကြီးက ဘာမှမစားရသေးဘူးလားဟ”.....

ကင်တင်း(န်)ကြမ်းပြင်တွင် ခြင်္သေ့ထိုင် ဆောင့်ကြောင့်ထိုင်ရင်း လည်ပင်းလေးထောင်ကာ သူ့ကိုမော့ ကြည့်နေသော ထို ကြောင်လေးကို လူတစ်ယောက်နှယ် သူလှမ်းမေးလိုက်ပါသည်။ မလေးရှားနိုင်ငံက ကြောင်ကလေးများပေမယ့် မြန်မာလူ မျိုးဖြစ်သောသူတို့တွေက မြန်မာလိုပြောနေကျကြောင့်မို့ထင်ပါသည်။ သားကြီး... ဟု သူအမည်ပေးထားသော ထိုကြောင် ကလေးက ‘ညောင်’... ဟု ခပ်ညည်းညည်းလေး တစ် ချက်ပြန်အော်ပြ၏။ ထိုကြောင်ကလေး ငါးကောင်ကို သူနာမည်အသီးသီးပေးထားမိသေး၏။ အထွားဆုံး အထီးကောင်လေးကို “သားကြီး”...၊ အစာစားလျှင် ရှပ်ပြာပြာနိုင်လွန်းလှသော အထီးလေးနောက်တစ် ကောင်ကိုကျတော့ “မောင်ပြာလောင်”....၊ နှာခေါင်းနားတစ်ဝိုက်တွင်မည်းကာ မျက်နှာပေါက်ဆိုးလှသော ကြောင်မလေးကိုတော့ “ရုပ်ဆိုးမ”......၊ မျက်နှာဝိုင်းဝိုင်းလေးနှင့် သိပ်ချစ်စရာကောင်းပြီး ကျွေးချင်မွေးချင် စရာအ တော်ကောင်းလှသော ကြောင်မလေးကိုကား... “မီးချစ်ချော”...၊ တစ်ကိုယ်လုံးတွင် အနက်ရောင် များဖုံးနေတတ်သော ကြောင်ထီးကလေးကို ကပ္ပလီ(၁)...၊ (အရင်တုန်းက ကပ္ပလီမူရင်းတစ်ကောင်ရှိ သောကြောင့်.....း)) စသဖြင့်......။

သူခေါ်သော ထိုနာမည်လေးများကို အခြားသူငယ်ချင်းများကလည်း လိုက်ခေါ်ကြသောကြောင့် ထိုကြောင်ကလေးများမှာ သူတို့နာမည်ကို မှတ်မိနေကြဟန်တူ၏။ (မြန်မာပြည်မှာနေခဲ့တုန်းက အိမ်မှ ကြောင်ကလေးများကို စကားပြောနေခဲ့သော သူ့ကိုမေမေက ချစ်စနိုးဖြင့်နောက်တတ်သည့်စကားလေး တစ်ခွန်းရှိသည်။ “သားငယ်လေးက တိရစ္ဆာန်ဘ၀က လာတာ များလားမသိပေါင်”...ဟူ၍.....း))

“အလကား...အစ်ကိုကြီး....၊ ကျွန်တော်ခုနက သားကြီးကို ငါးကြော်ခေါင်း တစ်ခေါင်းကျွေးပြီးသားဗျ”....

သူနှင့်ဘေးချင်းယှဉ်လျှက် (ကြားတွင် လျှောက်လမ်းလေးခြားနေခဲ့သော)တစ်ဖက်စားပွဲအစွန်းမှ ညီလေး တစ်ယောက်က သူ့ကို လှမ်းပြောသည်။ ထိုစကားလေးကို ကြားရတော့ သူပြုံးမိသည်။ ဟုတ်သည်၊ ဒီအုပ်စု ထဲတွင် သားကြီးက အလည် ဆုံးမဟုတ်ပါလား....။ ထို့ကြောင့်သားကြီးကို သူငုံ့ကြည့်ရင်း လူလိုပဲပြောမိ ပြန်သည်။

“ဟေ့ကောင်.... သားကြီး...၊ မင်းစားပြီးပြီဆို....၊ ငါ့ကိုညာနေတာလားဟ”.....

ဒီတစ်ခါတွင်တော့ သားကြီးက သူ့ကို ပြန်အော်မပြတော့....။ သို့သော်... သူ့မျက်လုံးလေးကို သုံးလေးချက် လောက်ပုတ်ခတ် ပုတ်ခတ်လုပ်ပြလေ၏။ ‘ဟုတ်ပါသည်’..... ဆိုသည့် သဘောနှင့်ပင် တူနေသေး၏။ ထိုအ မူအယာလေးကို ရယ်ချင် စိတ်တစ်ဝက်၊ နှစ်သက်စိတ်တစ်ဝက်ဖြင့် ပန်းကန်ထဲမှ ပုဇွန်ထုတ်တစ်ကောင်ကို တစ်ပိုင်းပိုင်းပြီး သားကြီးကို သူချကျွေးလိုက်ပါသည်။ သူချကျွေးလိုက်သော ပုဇွန်ထုတ်တစ်ပိုင်းကို သားကြီး က မက်မက်စက်စက် ဟပ်ကာ..ဟပ်ကာ...စားနေ စဉ်ခဏတွင် သူမထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုကို သူနှင့်တစ်စားပွဲတည်း၊ မျက်နှာချင်းဆိုင်ထိုင်စားနေသော မြန်မာလူ မျိုးညီလေးတစ်ယောက်က ပြုမူ လိုက်လေသည်။ (ထိုညီလေးမှာ သူ့ဌာနမှ တစ်ယောက်ဖြစ်ပါသည်။)

တစ်ခြားတော့မဟုတ်...၊ သူနှင့်ထိုညီလေးတို့ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်စားနေသော စားပွဲ ခုံအောက်ခြေအ လယ်နေရာလောက်လေးတွင် ထိုညီလေးဘက်သို့ ဖင်ပေး၍ အမြီးလေးထောင်ကာ သူချ ကျွေးသော ပုဇွန်ထုတ်တစ်ပိုင်း ကို မြိန်ရည်ရှက်ရည်စားနေသော သားကြီး၏ ထောင်နေသော အမြီးလေး ကို ထိုညီလေးက လက်ဖြင့်ဆွဲကာ အပေါ်ကို ကိုင်မြှောက်လိုက်ခြင်းဖြစ်သည်။ အစားငမ်းနေသော သားကြီး ခမြာ ထိုညီလေးရဲ့ လုပ်ရပ်ကြောင့် လေထဲတွင် မြောက်ခနဲ ဖြစ်သွားကာ.... အထိတ်တစ်လန့်ဖြစ်ပြီး ပါးစပ် မှခွီးခနဲအသံပြုကာ စားလက်စ ပုဇွန်ကို ပါးစပ်မှလွှတ်ချကာ သူ့ခြေရင်းနားသို့ ပုန်းခိုလေတော့သည်။

ရုတ်တရက်မို့ သူ့ရင်ထဲတွင် ဒေါသလှိုင်းထသွားမိသည်။ သူ့ရှေ့မှ ထိုညီလေးကိုကြည့်မိတော့ မျက်နှာက ပြုံး စိစိဖြင့်။ သား ကြီးရဲ့ အထိတ်တစ်လန့်နိုင်သော အမူအယာကြောင့် ဘေးနားမှ မြန်မာလူမျိုး သူငယ်ချင်း တစ်သိုက်က ရယ်မောလျှက်..။ သားကြီးကတော့ သူ့ပါးစပ်မှ လွတ်ကျသွားသော ထိုပုဇွန်တစ်ပိုင်းကို ဆက် ကာ ပြန်စားဖို့ မ၀ံ့မရဲဖြစ်နေခဲ့ရတုန်း....။

စိတ်ဆိုးလွန်းလျှင်လုပ်နေကျမြဲဖြစ်သော သူ့ပုံစံအတိုင်း မျက်နှာကို အစွမ်းကုန်ပြုံးရင်း...၊ သို့သော်.... လေ သံကိုမြှင့်ကာ အနည်းငယ် တည်ငြိမ်ကျယ်လောင်သော အသံဖြင့် သားကြီးအား ထိုသို့ လုပ်လိုက်သော ညီ လေးကိုသူမေးလိုက်မိသည်။

“ညီလေး...... ဘာဖြစ်လို့ မင်းအဲ့သလို လုပ်ရတာတုန်းကွ”....

“သားကြီးကို နောက်ချင်လို့”........

သူ့အမေးစကားကို ထိုညီလေးက ပြုံးစပ်စပ် မျက်နှာပေးလေးဖြင့်ဖြေ၏။ သူခေါင်းငြိမ့်ပြလိုက်သည်။ နောက်.....

“အိုကေ ညီလေး၊ ဒါပေမယ့် မင်း.... ထမင်း...၊ ဒါမှမဟုတ် တစ်ခုခုကို မြိန်ရည်ရှက်ရည်စားနေတုန်း တစ်ယောက်ယောက် က မင်းရဲ့ဆံပင်ကို အနောက်ဘက်ကနေဇာတ်ကိုလန်သွားအောင် ဆောင့်ဆွဲပြီး နောက်မယ်ဆိုရင် မင်းစိတ်ထဲမှာ ဘယ်လိုခံစားရမလဲကွ”......

သူ့ရဲ့ အမေးကြောင့် စောစောကရယ်မောနေလေခဲ့သော သူငယ်ချင်းအားလုံး တိတ်ဆိတ်သွားလေသည်။ ထို ညီလေးခမြာလည်း သူ့အမေးကို မဖြေနိုင်ခဲ့တော့ပါ....။ မျက်နှာလေးနီမြန်းလျှက် ထမင်းကိုသာ တွင် တွင်ငုံ့စားနေလေတော့၏။

ဟုတ်သည်။ သူ့အတွေးအရ... “ကိုယ်ချင်းစာတရား.... ဟူသည်...... လူလူချင်း ကြားထဲမှာသာ ထားသင့်၊ ထားအပ်ခဲ့သော အရာမဟုတ်”..... ဟူ၍ပင်.......။

+++++++++++

သူ ထမင်းတစ်လုတ်ကို စ,ကာခပ်စားရင်း... ခြေရင်းနားမှ သားကြီးကို တစ်ချက်ငုံ့ကြည့်မိတော့ သားကြီးက စောစောက ပုဇွန်ထုတ်တစ်ပိုင်းအပြင်၊ နောက်ထပ်သူချကျွေးထားသော ပုဇွန်တစ်ပိုင်းကိုပါ (သူနှင့်အနီးဆုံးနေရာတွင်ကပ်လျှက်နေခဲ့ ပြီး) တစ်ကျွပ်ကျွပ်မြည်အောင် ၀ါးစားနေလေတာကိုတွေ့ရ၏။ ။

~~~~~~~@@@@~~~~~~~

(ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။)

==============================================
ကြောင်ကလေးတွေ အကြောင်းဖတ်ချင်သေးရင်........
မေတ္တာတရားဆိုသည်မှာ..... ဆိုတာလေးလည်း... ရှိပါသေးတယ်ခင်ဗျာ....။
==============================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

23 comments:

မောင်မိုး said...

ကိုဏီက တိရိစ္ဆာန်လေးတွေတော်တော်ချစ်တတ်ပုံရတယ်။ ကျနော်လည်း တိရိစ္ဆာန်ဆို ချစ်ကြိုက်စား ပဲဗျ။ မွေးလည်းမွေးတယ်။ ကြုံရင်လည်း အမဲလိုက်တယ်။ အခုတော့ မလိုက်ဖြစ်တော့ပါဘူး။ ဟီးးတော်ကြာ...အတင်းတုတ်တဲ့အထဲ ပါသွားမှာကြောက်လို့။

ခင်မင်စွာဖြင့်

THE STARRY NIGHT said...

ဘာရယ်မဟုတ်ပါဘူး... ဒီမှာအလုပ်လုပ်ရင်း အဖမ်းခံရတဲ့သူတွေအကြောင်းကို မြင်ယောင်မိတယ် သူတို့လည်းကိုဏီ့ကြောင်လေးလိုပဲခံစားရမှလား....
ပုဇွန်တုပ်နေရာမှာ အချိန်တွေ ဘ၀တွေဆိုရင်ရော သူတို့ ကိုဏီ့ကြောင်လေးလို ပြန်စားနိုင်ကြပါ့မလား....
ဟုတ်တယ်ဗျ ကိုယ်ချင်းစားတရားပဲ ဘယ်လောက်ပဲ မသမာမှုတွေ ကျူးလွန်ခဲ့ပါစေ ဘယ်လောက်ပဲတရားမ၀င်တွေ ဖြစ်နေပါစေ လူတိုင်းလူတိုင်းဟာ လူတိုင်းလူတိုင်းကို တစုံတရာ နားလည်မှုပေးနိုင်ကြမှာပါ
ဒါအေမဲ့ ဒီတရားကတော့ ကိုယ့်နှာခေါင်းနဲ့ ကိုယ့်လေကိုရှူတယ်ဆိုတဲ့ လူသားတွေအတွက်တော့ ကောင်းမြတ်လှတဲ့တရားဟာ ပြည့်နေတဲ့ ရေအိုးတစ်အိုးလိုပါပဲ သယ်ဆောင်ရ ခက်ခဲလိမ့်မယ်ထင်တယ်....
လေးစားလျက်.....

busymozzee said...

အမယ် ... သဲနေတာ သဲနေတာ... ငါ့အတိုင်းဖဲ....

ဟုတ်ပါ့ ဏီဏီရေ.... အစာစားချိန်ရယ် အိပ်ချိန်ရယ် မနှောင့်ယှက်သင့်ဘူးနော်...

ဒဏ္ဍာရီ said...

ကိုဏီးရေ....... ညီမကတော့ တိရိစ္ဆာန်လေးတွေ သံယောစဉ် တွယ်တတ်လို့ မမွေးဘူး။ ဟိုနေ့က ရုပ်ရှင်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်ရတာ။ ကိုဏီးလည်း သံယောစဉ် ကြီးလိုက်တာနော်။

ခင်မင်လေးစားလျှက်

ကိုခိုင် said...

ရေးထားတာလေးမိုက်တယ်။
တချို့တွေက အဲဒီလိုပဲ။
သူတို့ကိုဘယ်လိုနားလည်ရမှန်းမသိ။
ကြင်နာစိတ်မရှိသူတွေလို့ပဲဆိုရမယ်နဲ့တူပါရဲ့။

ကိုခိုင်

ကိုဇော် said...

ပြောရင်တော့ နည်းနည်းရင့်သလို ဖြစ်မယ်။
လူဆိုတာ ကိုယ်တိုင်ကြုံမှ ယုံချင်တဲ့ သတ္တဝါ...။
ဒါပေမဲ့...ကိုယ်တိုင်ကြုံတော့ နောင်တဆိုပြီး ဖြစ်လာပြန်ရော။

အင်ကြင်းသန့် said...

ဟုတ်တယ် ကိုဏီး ... ညီမလေးလဲ တွေ့ဘူးတယ် တစ်ချို့ကလေ ဘာမှန်းမသိဘူး...“ကိုယ်သာသူတို့နေရာမှာဆိုရင်” ဆိုတဲ့ ကိုယ်ချင်းစာတရားကို နဲနဲလေးမှ ထားမကြည့်ကြဘူး...အရီအပြုံးမပျက် ဒီလိုမျိုးလုပ်နိုင်ကြတယ်
ကိုယ်ကပြောရင် ကိုယ့်ကိုတောင် ပျက်ရယ်ပြုကြသေးတယ်... :((

ဒါနဲ့ စကားမစပ် နောက်တစ်ခါ ကိုဏီးမျက်နှာ အစွမ်းကုန်ပြုံးနေပြီဆိုရင် သတိထားမှပဲ...ဟီးးးးးးးးးးးးးးး

ခင်မင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

ချစ်ကြည်အေး said...

ကိုယ်ချင်းစာတရားက အရေးကြီးတယ် ဏီလင်းရေ၊ လူမှမဟုတ် သတ္တဝါ အားလုံးအပေါ်မှာ ထားရမဲ့ တရားပဲ...ငါ့မောင်လေး တော်ထှာ...:)

မေဓာဝီ said...

တိရစ္ဆာန်လေးတွေကို အလကားနေရင်း စတတ် နောက်တတ် (နှိပ်စက်တတ်) တဲ့ သူတွေ မြင်ဖူးတယ်။ အရမ်းမုန်းတာပဲ။ နောက်ပြီး ကလေးတွေကို တမင်လိုက်စတတ်တဲ့ လူကြီးတွေ။ ကိုယ်ချင်းမစာကြလို့ သူတို့ကို တအားအမြင်ကပ်တယ်။

မိုးငွေ့...... said...

တိုက်ဆိုင်လိုက်တာ ဏီဏီရယ် ကြောင်အကောင်သုံးဆယ်လောက်မွေးတဲ့ သူငယ်ချင်းတစ်ယောက်မနေ့က သူ့ကြောင်မတစ်ကောင်ကို ဗိုက်ခွဲမွေးပေးလိုက်ရတာ ကြောင်အသေလေးငါးကောင်ပဲမွေးထွက်လာလို့ စိတ်မကောင်းဖြစ်ပြီး အမနဲ့ချိန်းထားတာတောင်မလောဖြစ်ဘူးသိလား...။
ကိုယ်ချင်းစာတရားကို ကြောင်ကလေးတစ်ကောင်နဲ့ပြသွားပုံလေး သိပ်ကိုကောင်းပါတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

စိတ်၏ဖြေရာ said...

ကျွန်မလည်းခွေးလေးကြောင်လေးတွေပိုနှိပ်စက်တတ်တဲ့သူ
တွေကိုသိပ်မုန်းပါတယ်။ဒါကြောင့်လူကြီးတန်မဲ့နဲ့ခြံဝင်းထဲက
ကြောင်ပေါက်စလေးတွေကိုအလကားနေရင်းလိုက်နှိပ်စက်တဲ့
ကုလားလေးတွေနဲ့အမြဲရန်ဖြစ်ရတာ။

မြစ်ကျိုးအင်း said...

တစ်ချို့ကတော့ အဲဒီလိုပါပဲ ကိုယ့်ရဲ့ ဖြတ်ခနဲ ပေါ်တဲ့ စိတ်အာရုံ တစ်ခု အတွက် မစဉ်းစားဘဲ လုပ်လေ့ရှိတယ်။

တော်သေးတာပေါ့ အညိုရယ် ကြောင် ၅ ကောင် နာမည်ပေးတာ နာ့နာမည် မပါလို့

ရွှေရတုမှတ်တမ်း said...

ကိုဏီးရေ...ကြောင်လဲစိတ်တိုမှာပဲ..မပြောတတ်လို့သာ..ကိုကြီးကျောက်စားနေတုန်း.နောက်ကလာပြီးကျောနှိပ်တာတို့ဘာတို့လာလုပ်ရင် သိတ်စိတ်ဆိုးတာပဲ

ညီမလေး said...

အဲ့ဒီ ကိုယ်ချင်းစာတရား ဆိုတာ တခါတခါ လူလူချင်းတောင် ပျောက်ပျောက်နေတတ်တော့ ခက်တယ် ကိုလင်းညိုရယ် ခက်တယ် ။။။။။။။။။

နာမည်ပေးတော့တော်ပ .... မာမီတို့ကး)

ဒါပေနဲ့ ဒီတခေါက် ဓါတ်ပုံက ဆိုလိုရင်းနဲ့ ဆက်စပ်ရခက်နေသလိုပဲ လင်းစမ်းဘာအုန်းးးးးး မာမီညိုရဲ့းD

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
တချို့ကျတော့လည်းတိရစ္ဆာန်ဆိုပြီးလုပ်ချင်ရာလုပ်တတ်ကြတယ်။ ကိုယ်ဆိုရင်ရောဆိုပြီး မတွေးတတ်ကြဘူး။

ခင်တဲ့
သဒ္ဓါ

rose of sharon said...

သနားပါတယ်..သူ့ခမျာလန့်သွားမှာဘဲ... ဒီကြောင်လေးကဘာလို့လှည့်မကုတ်လိုက်တာလဲ၊

ကေသရီ said...

ကျွန်မလည်း တိရိစ္ဆာန်လေးတွေကို အနိုင်ကျင့်တဲ့သူတွေကို သိပ်မုန်းတာပဲ။ ကျွန်မမွေးထားတဲ့ ကြောင်လေးတစ်ကောင်လည်း လမ်းကျဉ်းလေးမှာ အရှိန်အရမ်းများပြီး မဆင်မခြင်မောင်းတဲ့ ကားတစ်စီးကြောင့်သေသွားခဲ့ဖူးတယ်။

SHWE ZIN U said...

ကိုယ်ချင်းစာတရား အပြည့်ရှိတဲ့ ကိုဏီကို ချီးကျူးပါတယ်

ခင်တဲ့
ရွှေစင်

ညရဲ့ကောင်းကင် said...

ဒါပေါ့ အစ်ကိုရယ် ကိုယ်ချင်းစာတရားဆိုတာ လူသားတိုင်းအတွက် တူညီသင့်သောအရာပါ ...
သူ့လိုမျိုး ကိုယ်သာဖြစ်ရင် သူ့လိုမျိုး ကိုယ်ခံရရင် ဘယ်လို နေမလဲဆိုတဲ့ အတွေး (တစ်ဖက်သားကို တွေးပေးတဲ့ အတွေး) မျိုး ရှိရင် အကောင်းဆုံးပေါ့ဗျာ ...

အစ်ကို့ စာတွေမှာ ပေးလိုက်တဲ့ အရာတွေက တကယ်တန်ဖိုးရှိတယ် ...

kiki said...

ဟုတ်ပ.. လူတချို့ က ကိုယ့်ခဏတာ အပျော်အတွက် စလိုက် နောက်လိုက်တာ ဟာ သူ့ အတွက်တော့ ဘယ်လိုမှ မနေလိုက်ဖူး ..တဖက်သား ခံရခက်စေတယ် ။
သူ့ နေရာမှာ ကိုယ်သာဖြစ်ခဲ့ ရင် ဆိုတဲ့  အတွေးလေးတွေ ၊ ကိုယ်ချင်းစာ စိတ်လေးတွေ လူတိုင်းမှာ ထားနိုင်ခဲ့ရင် အနိုင်ကျင့်ခြင်းဆိုတဲ့  ဝေါဟာရလည်း ရှိလာမှာ မဟုတ်ဖူး ပေါ့ ...
နိုင်ငံကြီးတွေမှာ ဆို တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု နဲ့ ထောင်ချ ဒါဏ်ရိုက်တာမျိုးတွေ တောင် ရှိနေကြပါပြီင်္။
လူ တွေ လူ့ အခွင့် အရေး အပြည့်အဝ ရရုံတင်မကပါဘူး ..တိရစ္ဆာန်တွေလည်း သူတို့  အခွင့်အရေး ရှိကြတယ်လေ..

အတွေးအခေါ်လေး၊ စိတ်သဘောထားလေး ကောင်းတယ် ဏညလ ရေ..

ညီမလေး said...

သြော်... ကိုလင်းညိုရှင်းပြလိုက်တော့လဲ ဟုတ်နေတာပဲ ။ အဲ့လိုဆိုတော့လဲ ပုံနဲ့အဓိပ္ပာယ်က ကွတ်တိပါပဲး) ... ။

ညီမလေးလဲ ပျော်ပျော်နေပါတယ် ကိုလင်းညို.. ။ ဖွင့်ဟလိုက်တဲ့ တချက်ပါပဲ ။ ပြီးရင်တော့ ပြီးလိုက်ပါတယ်း)

ဘရာဗို said...

ကိုယ်ချင်းစာတရား...
မရှိမဖြစ်လိုအပ်တဲ့ အရာပါ အစ်ကို

Angel Shaper said...

ကိုယ်ချင်းစာစိတ် မွေးတတ်မှ နော့်။ ကိုကြီးညို....
အဆင်ပြေပျော်ရွှင်ပါစေ။