Wednesday, April 14, 2010

နွှဲ... ပျော်....




နက်ခြောက်နာရီခွဲလောက်ပဲရှိသေးတာမှန်ပေမယ့် ဒီနေ့မနက်ခင်းတွင်တော့ “ငစိုး”တစ်ယောက် အစော ကြီးနိုးလာမိသည်။ မျက်စိနှစ်လုံးပွင့်ပွင့်ခြင်း အိပ်ယာထက်မှလူးလဲထကာ ခြင်ထောင်အပြင်ဘက်သို့ တိုး ထွက်ခဲ့လိုက်၏။ ဒီနေ့ သင်္ကြန်အကျနေ့မဟုတ်ပါလား......။

သုံးထပ်သားကာထာသော အိပ်ခန်းလေးအပြင်ဘက်ကို ငစိုးထွက်ခဲ့တော့ အိမ်ရှေ့ခေါင်းရင်းခန်းရှိဘုရားစင် ရှေ့တွင် ဘုရားသောက်တော်ရေလဲနေသော ဖေကြီးက....

“ဟာ.... ငါ့သားအိပ်ပုတ်လေးက ဒီနေ့ကျတော့ အစောကြီးနိုးနေလို့ပါလားဟေ့”.....

“ဟုတ်”.......

တမင်ကလာ အံ့သြသံလုပ်ပြီးမေးလိုက်သော ဖေကြီးရဲ့အမေးကြောင့် မျက်လုံးအစုံကိုလက်နှစ်ဖက်ဖြင့် ရှက်ကိုးရှက်ကန်းနိုင်စွာ ဟိုပွတ်ဒီပွတ်လုပ်ရင်း မပွင့်တစ်ပွင့်လေသံနှင့် ငစိုးပြန်ဖြေလိုက်သည်။ ငစိုး အသံ အဆုံးတွင် နောက်ဖေးမီးဖိုချောင်ဆီမှ မိခင်ဖြစ်သူရဲ့အသံကထွက်ပေါ်လာပြန်သည်။

“ငါ့သားအငယ်ဆုံးလေးက ဒါမျိုးဆို တယ်ဝီရိယကောင်းတယ်လားဟေ့”......

မီးဖိုချောင်ဆီမှ မေကြီးကို ငစိုးမမြင်ရသော်လည်း မေကြီးရဲ့လှမ်းမေးလိုက်သောအသံထဲတွင် ကျီစယ်စွာ ရယ်မောလိုသံများပါနေတာကြောင့် ဖေကြီးရှေ့တွင် စောစောကထက်ပိုပြီး ရှက်သွားမိသည်။ ငစိုးကလည်း ငစိုးပဲဖြစ်သည်။ ခါတိုင်းဆို ကျောင်းပိတ်ရက်တွင် နေဖင်ထိုးမှ အိပ်ယာထနေကျမို့ပင်...။ ထို့ကြောင့် ရှက် ရှက်နှင့်ပါးစပ်မှနေ... “မေကြီးကလဲဗျာ”.... ဟု ဗလုံးဗထွေးပြန်အော်ရင်း ခြေဆောင့်မိတော့ ဖေကြီးကရယ် ၏။

“ကဲ.... သွား..... သွား....၊ မျက်နှာသစ်၊ သွားတိုက်ဦး...။ ပြီးရင် ဖေကြီးနဲ့အတူ ဘုရားလာရှိခိုးရဦးမယ် နော်”..

“ဟုတ်”.....

အသံနှင့်အတူ ဖေကြီးရှေ့မှနေ ငစိုးတစ်ယောက် လှစ်ခနဲပြေးထွက်ခဲ့လိုက်၏။ အိမ်ပေါ်မှနေပြေးဆင်းသွားခဲ့ သောငစိုးရဲ့ဦးတည်ရာက ခြံထောင့်ရေတွင်းလေးဘေးနားတွင်ရှိသည့် သူတို့ရေချိုးသောနေရာလေး ဆီသို့ပဲ ဖြစ်ပါသည်။

မျက်စိရှေ့မှနေပြီး လှစ်ခနဲပြေးထွက်သွားသော ငစိုးကို ဖခင်ဖြစ်သူမှာ ပြုံးကြည့်ရင်းကျန်ရစ်ခဲ့ရလေသည်။ တစ်ကယ်တော့လည်း ဒုတိယတန်းဖြေထားသော အထွေးဆုံးသားလေးငစိုးမှာ သူတို့တစ်မိသားစုလုံးရဲ့ အ သည်းကျော်လေးပင် မဟုတ်ပါလား....။

~~~@@~~~

ကမန်းကတန်းနှင့် မျက်နှာသစ်ကာ သွားတိုက်ခဲ့ပြီးတော့ ဖေကြီးနှင့်အတူ ငစိုးဘုရားဝင်ထိုင်ရှိခိုးခဲ့ရ သေး၏။ သို့သော်... ခါတိုင်းလို နမောတဿ အစချီသည့်သူရသမျှ ဘုရားရှိခိုးစာများကို၊ နောက်... “ဤ သို့ပြုရ မြတ်ပုညကို”.... အစချီသည့် မေတ္တာပို့ အမျှဝေခြင်းများကို ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပဲ... သြ ကာဿလေးနည်း နည်းပါးပါးလောက်ပါးစပ်လှုပ်ရုံရွတ်ပြီး ဆောင့်ကြောင့်ထိုင်ရာမှ ပေါက်ဆိန်ပေါက် ဦး သုံးကြိမ်ချလိုက်ရင်း ငစိုး တစ်ယောက် ဘုရားရှိခိုးခြင်းကို အဆုံးသတ်ပစ်ခဲ့လိုက်သည်။

ပြီးတော့မီးဖိုချောင်အတွင်းသို့ ၀င်ကာ မေကြီးခူးကျွေးသော ထမင်းကြော်ဝါ၀ါလေးများကို စိတ်စောစွာ ခပ်မြန်မြန်လေးခပ်စားနေလိုက်၏။ ဒီနေ့ ပဲပြုတ်သည်မလာတာမို့ ထမင်းကို ဘဲဥလေးနှင့် ဒီအတိုင်းကြော် ထားတာကိုပင် ငစိုးတစ်ယောက် ခါတိုင်းလို ကြေးများ၊ ဂျီတိုက်ဖို့ သတိမရအားပါ...။ မေကြီးက အလော တစ်ကြီးနိုင်ပုံပေါက်နေသော ငစိုးကို ကြည့်ရင်းပြောသည်။

“ဖြည်းဖြည်းစားပါ.... သားငယ်လေးရဲ့... ၊ အစောကြီးရှိပါသေးတယ်...၊ ခုမှ ခုနှစ်နာရီကျော်ပဲရှိသေး တာ”....

“ဟုတ်”....

ပလုံးပထွေးဖြင့် ပြန်သာဖြေလိုက်သော်လည်း စားနေသည့်အရှိန်ကို ငစိုးမလျှော့မိပါ...။

“မကြီးနဲ့ ကိုလတ်ကော မေကြီးရ”....

သူအိပ်ယာနိုးကတည်းက အစ်မနှင့် အစ်ကိုဖြစ်သူကို မမြင်ရမိသေးတာမို့ မေကြီးကို ငစိုးမေးလိုက်မိသည်။ မကြီးက တက္ကသိုလ် ပထမနှစ်၊ ကိုလတ်က အခုနှစ်ဆယ်တန်းတက်ရတော့မည်။

“သား.... ကိုလတ်က အိပ်တုန်းကွဲ့...၊ မကြီးကတော့ သူ့အခန်းထဲမှာ သားလေးအတွက် အလုပ်ရှုပ်နေတယ် ထင်ပါရဲ့ကွယ်... ဟင်း....ဟင်း”.....

မေကြီးစကားကို ငစိုး ခေါင်းငြိမ့်ပြလိုက်ရင်း မကြီးဆီသွားဖို့ထမင်းကြော်ကို မြန်မြန်လက်စသတ်နေမိဆဲ....

“မောင်လေးရေ”....

မီးဖိုခန်းအ၀ဆီမှ ခေါ်သံကြောင့် ငစိုးနောက်ကိုလှည့်ကြည့်မိတော့ သူ့ကိုပြုံးကာကြည့်ရင်း မီးဖိုထဲဝင်လာ သောမကြီးကို တွေ့ရ၏။ မကြီးရဲ့ခေါင်းတွင် ပိတောက်ပန်းဝါ၀ါလေးများ ဝေနေအောင်ပန်ထားတာမို့ ဒီနေ့ မကြီးပိုလှနေသည်ဟု ထင်ရပါသည်။

“စားလို့ မပြီးသေးဘူးလား မောင်လေးရဲ့”....

အနားသို့ရောက်လာသောမကြီးက ငစိုးရဲ့ပါးလေးကို တစ်ချက်ငုံ့နမ်းလိုက်ရင်း ဘေးတွင်ထိုင်ချကာ မေး လိုက်သည်။ ခေါင်းငြိမ့်ပြလိုက်ရင်း မကြီးရဲ့ခေါင်းမှပိတောက်ပန်းလေးများက မွှေးလိုက်တာဟု ငစိုးစိတ်ထဲ တွင် ထင်မိလိုက်၏။

“ဟုတ်.... ပြီးပြီ”....

ပန်းကန်ထဲတွင် နည်းနည်းကျန်နေသေးသော ထမင်းကြော်ပန်းကန်လေးကိုဘေးသို့တွန်းဖယ်ရင်း ငစိုးပြန်ဖြေ တော့ မေကြီးကပြုံးပြီးမျက်စောင်းပျော့ပျော့ထိုးကာ ငစိုးကိုကြည့်သည်။ ဒါကို ငစိုးကမမြင် ချင်ယောင်ဆောင်ရင်း ဘေးနားမှ မကြီးရဲ့မျက်နှာကို သူ့လက်သေးသေးလေးနှစ်ဖက်ဖြင့်လှမ်းကိုင်ပြီး သူ့ ဘက်ဆွဲလှည့်ကာ....

“မကြီးက ပိတောက်ပန်းတွေများကြီးနဲ့ လှတယ်...၊ သားလည်း မကြီးကို မွှေးမွှေးပြန်ပေးမယ်”....

ပြောပြောဆိုဆိုနှင့် သနပ်ခါးလိမ်းထားသော မကြီးရဲ့ပါးပြင်တစ်ဖက်ကို ငစိုးက သူ့နှုတ်ခမ်းသေးသေးလေး ဖြင့် ကျွတ်ခနဲ မြည်စေကာနမ်းလိုက်တော့ မကြီးတင်မက မေကြီးကပါ ရောပြီးရယ်ကြလေတော့၏။ မကြီး က ရယ်ရင်း “နှုတ်ခမ်းက ဆီတွေကိုမသုတ်ပဲနမ်းတာ မကြီးတော့ ပေကုန်ပါပြီကွယ်”.... ဟု ခပ်ညည်းညည်း လေးဆိုသည်။ သို့သော် မကြီးရဲ့မျက်နှာတွင် စိတ်ဆိုးတဲ့အရိပ်ယောင် လုံးဝမရှိတာကို ငစိုးသိပါသည်။ နောက် ဟင်းချက်နေသော မေကြီးခါးကိုလှမ်းဖက်လိုက်ရင်း.....

“မေကြီးကိုလည်း...... မွှေးမွှေးပေးချင်တယ်”.....

“အလကား...... အပိုလေး”.....

ပါးစပ်ကသာပြောသော်လည်း မေကြီးက ငစိုးနမ်းလို့ရအောင် ထိုင်ချပေးသည်။ မေကြီးရဲ့ပါးကိုလည်း ဟို ဖက်ဒီဖက် ဘယ်ပြန်ညာပြန် နမ်းလိုက်ပြီးတော့ သူ့ထုံးစံအတိုင်း ငစိုးက လက်ကလေးဖြန့်ကာ....

“မုန့်ဖိုးပေး”....

“ဟောတော့....၊ သင်္ကြန်ရက်တောင်မှ အကြွေးရှင်လေးက အကြွေးတောင်းတယ်တော့”....

မေကြီးအဲ့သလိုပြောတော့ ငစိုးရဲ့မျက်နှာက စပ်ဖြဲဖြဲလေးနှင့် ရှိနေလေ၏။ ခါးကြားမှ မေကြီးထုတ်ပေးသော ကျပ်တန်အသစ်လေးတစ်ရွက်ကို ညကတည်းက ရှာထားသော ပလတ်စတစ်အိတ်လေးထဲတွင် ငစိုးသေချာ ထည့်လိုက်ပါသည်။ ရေလျှောက်ပက်လျှင် ပိုက်ဆံလေးရေစိုသွားမှာစိုးလို့ပင်။ နောက် မကြီးဖက်ကိုလှည့် ကာ ....

“မကြီးလည်း.... သားကို မုန့်ဖိုးပေးလေဗျာ”......

“အယ်... မောင်လေး ဆော့ဖို့ ရေပြွတ်လေးနဲ့ မျက်မှန်ပါတဲ့ သင်္ကြန်ဦးထုပ်လေး မကြီးဝယ်ပေးထားတယ် လေကွဲ့”.....

“ရဘူး.... သားရေလိုက်ပက်ရင်းနဲ့ ဗိုက်ဆာလာရင် မုန့်ဝယ်စားဖို့ မုန့်ဖိုးပေးရဦးမယ်လေ”.....

“အေးပါကွယ်..... ပြီးရင်မကြီးပေးပါ့မယ်....။ ကဲ... အခုမကြီးနဲ့ လိုက်ခဲ့ဦး...။ မောင်လေးကို အ၀တ်အစား လဲပေးဖို့”....

ခေါင်းငြိမ့်ရင်း မကြီးလက်ကိုဆွဲကာ အစ်မဖြစ်သူခေါ်ရာနောက်ကို ငစိုးတစ်ယောက် ကောက်ကောက်ပါ လိုက်သွားလေတော့၏။ မကြီးအိပ်ခန်းကျဉ်းကျဉ်းလေးထဲရောက်တော့ မကြီးက ငစိုးကိုအ၀တ်အစားများ လဲပေးလေတော့သည်။ ငစိုးသိပ်ကြိုက်သော ကြွက်ရုပ်ကာတွန်းပုံလေးများပါသည့် တီရှပ်အင်္ကျီအသစ်၊ ဒူးအောက် နားလောက်ရောက်သည့် သင်္ကြန်ဘောင်းဘီခပ်ပွပွလေးများနှင့်ပင်...။ ဘောင်းဘီလေး ရဲ့အောက်နားပတ် ပတ်လည်တွင်လည်း ငစိုးသိပ်ကြိုက်သော အုန်းပင်ပုံလေးများလည်း အများကြီး ပါသေး၏။ နောက် ငစိုး သူ ငယ်တန်းတုန်းကလွယ်ခဲ့သော ကချင်လွယ်အိတ်အဟောင်းလေးထဲတွင် ပလတ်စတစ်ဂါလံပုံးအသေးစားကို ထည့်ထားသော လွယ်အိတ်ကလေးကိုမကြီးကပေးပြန်သည်။ ပြီးတော့ ပိုက်လုံးရှည်ရှည်၊ ထိပ်တွင်ဒုံးပျံပုံထိပ် ဖူးလေးပါသော ရေပြွတ်အသစ်အစိမ်းရောင်လေးကို ငစိုး လက်ထဲသို့ထည့်ပေးလေ၏။ ပိုက်လုံးလေးကို ရေပုံးထဲကိုထည့်....၊ ရေပြွတ်လေးကို လက်ကနေကိုင်ရင်း ငစိုးတစ်ယောက်အူမြူးစွာနှင့် ခုန်ဆွ...၊ ခုန်ဆွဖြစ်လာခဲ့ရလေတော့သည်။ ပျော်သည်...၊ မကြာခင် သူငယ် ချင်းများနှင့်အတူ ငစိုးရေကစားရပေတော့မည်။ သို့သော် ရေပုံးလေးထဲတွင် ရေမဖြည့်ရသေးပါ....။

“ခဏလေး ငြိမ်နေပါဦးမောင်လေးရဲ့...၊ ဒီမှာ ဦးထုပ်ဆောင်းရဦးမယ်လေ”....

ပြောပြောဆိုဆိုနှင့် မကြီးက လျှာလေးသာပါသော သင်္ကြန်ဦးထုပ်ကလေးကို ငစိုးရဲ့ခေါင်းတွင်ဆောင်း ပေးပြန်သည်။ ဒီသင်္ကြန်ဦးထုပ်လေးကိုလည်း.... ငစိုးသိပ်ကြိုက်ပြန်ပါသည်။ တစ်ခုတည်းသာပါသော ဦး ထုပ်လျှာလေးရဲ့အောက်တွင် နေကာမျက်မှန်လေးက ကပ်လျှက်ပါနေသေးတာမို့ဖြစ်၏။ တပ်ချင်ရင် နေကာမျက်မှန်ပုံစံလေးကို အောက်သို့ဆွဲချလိုက်ရုံ...၊ မတပ်ချင်ရင်လည်း မျက်မှန်လေးကို အပေါ်သို့ခေါက် တင်ထားလိုက်ရုံမို့ ပင်ဖြစ်ပါသည်။

“ကဲ... ပြီးပြီ...။ လာ... တိုင်ကီထဲကရေတွေကို လွယ်အိတ်ထဲက ပုံးလေးထဲမကြီးလိုက်ထည့်ပေးမယ်”....

မကြီးခေါ်ရာနောက်သို့ ငစိုးကောင်ကောက်ပါအောင် လိုက်ခဲ့မိပြန်သည်။ အိမ်ပေါ်မှဆင်းရန် အိမ်ရှေ့ခန်း မှအဖြတ်တွင် ဧည့်ခန်းနေရာလေးမှာ ထမင်းကြော်အတူစားနေကြသော ဖေကြီးနှင့် မေကြီးကိုတွေ့လိုက်ရ တာမို့ အနားကို ငစိုးပြေးသွားရင်း ခပ်မြောက်မြောက်လေး မေးလိုက်ပါသည်။

“ဖေကြီးနဲ့ မေကြီးရေ့.... သားပုံစံက မိုက်တယ်မှတ်လားဗျ”......

“ဟား..... ဟား..... မိုက်ပါ့ကွာ.......၊ ငါ့သားငယ်လေးကတော့”.....

“ချောပါ့..... လှပါ့ရှင်”.....

မေကြီးရော... ဖေကြီးပါ... ကြည်နူးစွာပြုံးရယ်ရင်း တစ်ယောက်ခြင်းစီချီးမွမ်းတာခံလိုက်ရတာမို့ ငစိုးတစ် ချက် နှစ်ချက်လောက်ခုန်ဆွ... ခုန်ဆွလုပ်လိုက်ပြန်တော့ အားလုံးက ၀ိုင်းရယ်ကြသည်။ နောက် မေကြီးက မှာ၏။

“သားလေး... လမ်းထဲမှာပဲ ရေလိုက်ပက်ရမယ်နော်...၊ သူများတွေနဲ့လည်း ရန်မဖြစ်ရဘူး...၊ ဗိုက်ကြီးသည် တွေနဲ့ ဥပုသ်သည်တွေကိုလည်း ရေမပက်ရဘူးနော်... ကြားလား...။ ရေကုန်လို့ သူများဆီမှာတောင်းရင် ချို ချိုသာသာနဲ့ ယဉ်ယဉ်ကျေးကျေးတောင်းရမယ်....။ တစ်ယောက်နဲ့ တစ်ယောက်လည်း မဆဲရဘူး..... ကဲ.... ဟုတ်ပြီလား”....

“ဟုတ်ကဲ့”....

မေကြီးရဲ့ အမှာစကားကို ငစိုးသေချာစွာခေါင်းလေးငြိမ့်ပြရင်း ဖြေမိသည်။ ဖေကြီးကတော့ ငစိုးကို ခပ်ပြုံးပြုံး ကြီးကြည့်နေလေတော့၏။ နောက်... မကြီးနှင့်အတူ အိမ်အောက်ကိုဆင်းခဲ့လိုက်ရင်း ရေချိုးသည့် တိုင်ကီထဲ မှ ရေများကို မကြီးက လွယ်အိတ်ထဲရှိ ပလတ်စတစ်ပုံးလေးထဲသို့ ခွက်ဖြင့် ခပ်ထည့်ပေးနေတာ ကို ငစိုးစောင့် နေမိဆဲ....

“ငစိုးရေ....၊ ဟေးရောင် ငစိုး”.....

“ဟာ...... မကြီးမြန်မြန်လုပ်ဗျ....၊ အော်ကုလားတို့တွေ သားကိုလာခေါ်နေကြပြီ”....

ခြံရှေ့မှ ငစိုးရဲ့သူငယ်ချင်းတစ်သိုက် အော်ခေါ်သံများကြောင့် မကြီးကို ငစိုး လော,မိလေတော့သည်။

“ပြီးပါပြီ... မောင်လေးရဲ့”....

ပုံးထဲတွင် ရေအပြည့်ထည့်ထားသောလွယ်အိတ်လေးကိုလွယ်ပြီး ခြံဝဆီသို့ ငစိုးလှည့်ထွက်ကာ ပြေးခဲ့မိလေ တော့... မကြီးက နောက်မှလှမ်းခေါ်ပြန်သည်။

“မောင်လေး..... ခဏလာဦး”....

“ဘာလဲဗျာ.... မကြီးကလည်း”....

နှုတ်ခမ်းလေးစူရင်း.... အနားကိုရောက်လာသော ငစိုးကို မကြီးက ရေခွက်ထဲမှရေများဖြင့် အဦးဆုံးလောင်း ချ လိုက်လေတော့ ငစိုးရဲ့တစ်ကိုယ်လုံးရွှဲရွှဲစိုသွားရတော့လေသည်။ ရုတ်တစ်ရက်မို့ အေးခနဲဖြစ်သွားပြီး ပါးစပ်မှ လည်း အား....ခနဲအော်မိတော့ မကြီးက ဟက်ဟက်ပက်ပက်ရယ်လေ၏။ နောက်နှုတ်မှလည်း “ငါ့မောင်လေး ကိုဘယ်သူမှ မလောင်းခင်ရေအရင်လောင်းတာဟေ့”.... ဟုဆိုကာ ထပ်ပက်ပြန်လေ တော့.... ငစိုးကလည်း အားကျမခံစွာဖြင့် သူ့ရေပြွတ်သေးသေးလေးဖြင့် မကြီးကို အားကုန်ပြန်ပက်လေ တော့၏။

“သင်္ကြန်ကျလို့ ရေပက်တယ်...၊ စိတ်ဆိုးပါနဲ့ မကြီးရယ်”....

ပါးစပ်မှလည်း သီချင်းလေးတောင် ငစိုးဆိုလိုက်မိသေး၏။ ပျော်လိုက်သည့်ဖြစ်ခြင်း....။ မကြီးက ရေတွေအ များကြီးစိုသွားမှာစိုးပြီး အိမ်ပေါ်သို့တက်ပြေးလေတော့သည်။ မကြီးရဲ့အဖြစ်ကို ငစိုးတစ်ယောက် တစ်ဟီး ဟီးနှင့်ရယ်ရင်း ခြေလှမ်းများက သူငယ်ချင်းများရှိရာ ခြံအပြင်ဆီသို့ ပြေးထွက်ခဲ့လေတော့သည်။ စိတ်ထဲမှ နေပြီးတော့လည်း ကြုံးအော်လိုက်မိသေးသည်။ “သင်္ကြန်ကျပြီဟေ့”.... ဟူ၍ပင်....။

~~~@@~~~



စိုးတို့အိမ်ရှေ့ မြေနီလမ်းလေးထက်ရှိတချို့နေရာများတွင် ဗွက်ထ,နေခဲ့လေသည်။ လမ်းနံဘေးရှိပိ တောက် ပင်ကြီးအောက်တွင်တော့ ပိတောက်ရွက်အခက်စိမ်းစိမ်းလေးများနှင့်ပိတောက်ပွင့်ဝါ၀ါလေးများက ဟိုဒီကျဲပျံ့ စွာဖြင့် မြေပြင်အထက်တွင် လဲလျောင်းနေခဲ့ကြလေ၏။ အချို့ကတော့ ရွံ့ဗွက်တွေထဲမှာ...။

ပိတောက်ပင်ကြီးအောက်တွင်တော့ ငစိုးတို့ကလေးတစ်သိုက် ပျော်ရွှင်စွာရေပက်ဆော့ကစားနေ ခဲ့ကြသည်။ ငစိုးတို့သည် လမ်းပေါ်မှဖြတ်သွားဖြတ်လာမှန်သမျှကိုမလွတ်တမ်းပင် ရေပြွတ်လေးများဖြင့် တစ်ရွှီးရွှီးအသံ မြည်အောင်လိုက်ပက်ကြ၏။ ဖြတ်သွားဖြတ်လာများမရှိသောအခါတွင်မူ အချင်းချင်း ပြန်ပက်ကြလေတော့ပြန်သည်။ လွယ်ထားသော လွယ်အိတ်ကလေးများထဲမှ ရေများကုန်သွားလျှင် အနီးအ နားမှ အိမ်ရှေ့များတွင်ရေ ပက်နေကြသော သူငယ်ချင်းအိမ်နီးချင်းများဆီမှ သွားတောင်းထည့်လိုက်ရုံသာ ပင်...။ ဘာမှပူစရာမရှိ..။ အခု လည်း ဖြတ်သွားဖြတ်လာများမရှိသေးတာမို့ ငစိုးတို့တစ်သိုက် အချင်းချင်း ပြန်ပက်နေကြလေပြန်သည်။

“အား....၊ ဟေးရောင် ငစိုး...။ မင်းကလည်း မျက်နှာကိုမပက်နဲ့လေကွာ.... စပ်တယ်ဟ”....

အော်ကုလားက နောက်ဆုတ်ကာ ငစိုးကိုခံပက်ရင်းအော်သည်။ ငစိုးက တစ်ဟီးဟီးရယ်ရင်း ရှေ့တိုးပြီးသူ့ရေ ပြွတ်လေးနှင့် အော်ကုလားကို အတင်းလိုက်ကာဖိထိုးပက်၏။ ဘေးနားတွင်လည်း သူတို့အုပ်စုထဲမှ စိန်ဌေး နှင့် မောင်မောင်တို့က မင်းဇော်ကိုဝိုင်းထိုးပက်နေကြလေသည်။ နှစ်ယောက်တစ်ယောက်မို့ မင်းဇော်ခမြာမခံ နိုင်တော့ပဲ ၀ူးဝူးဝါးဝါးအော်ရင်း ထွက်ပြေးရလေတော့၏။ မင်းဇော်ထွက်ပြေးတော့လည်း စိန်ဌေးနှင့် မောင် မောင်တို့က နှစ်ယောက်သားအချင်းချင်းပြန်ပက်ကြပြန်လေတော့သည်။ သူတို့နှင့်မနီးမဝေးရှိ ကလေးများမှာ လည်းထိုနည်းတူပင် အချင်းချင်းပြန်ပက်ကြနှင့် သင်္ကြန်ပွဲလေးက စည်ကားလွန်းနေခဲ့ရ၏။ အချို့ကလေးများ ကတော့ ဇလားထဲမှရေများကိုခွက်ဖြင့်ခပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လောင်းနေကြပြန်လေတော့သည်။

“ဟေးရောင်တွေ.... ဟိုမှာကြည့်စမ်း....။ ကတုံးမထွက်လာတာကို”....

မင်းဇော်ညွှန်ပြရာကို ငစိုးတို့တစ်သိုက်လုံးလှမ်းကြည့်လိုက်တော့ သူတို့တက်နေခဲ့သော ဒုတိယတန်းထဲမှ တစ်ရပ်ကွက်တည်း၊ တစ်လမ်းတည်းနေသူ ကတုံးမကိုတွေ့လိုက်ရ၏။ ကတုံးမရဲ့နာမည်အရင်းက စန္ဒာအေး၊ သို့သော် ကြီးလာလျှင် ဆံပင်သန်အောင်ဆိုပြီး ခဏခဏ ကတုံးတုံးပေးသောသူမရဲ့အမေကြောင့် စန္ဒာအေး ခမြာ အမြဲကတုံးဆံပင်နှင့်ဖြစ်နေရရှာလေတော့သည်။ ထို့ကြောင့် စန္ဒာအေးကိုတစ်လမ်းလုံးက ကတုံးမ...ဟု ပင်ခေါ်ကြလေ၏။

ကတုံးမက ဒုတိယတန်းကျောင်းသူလေးအရွယ်နှင့်မလိုက်အောင် အတန်းထဲတွင်အင်မတန်မှ ရှိုးများသူလေး ဖြစ်ပါသည်။ အခုလည်းကြည့်....၊ သင်္ကြန်အဆင် တရုတ်ပိတ်အစကို အပေါ်ကလူကြီးတွေဝတ်သလို လက် ပြတ်ခါးတိုအင်္ကျီ၊ အောက်က ထမီဖြင့် ထက်အောက်ဆင်တူ ၀မ်းဆက်ဝတ်ထားလေသည်။ မျက်နှာပြင် ထက်တွင်လည်း နှုတ်ခမ်းနီ၊ ပါးနီတွေနှင့်...။ ကတုံးဆံပင်သာဖြစ်နေသောခေါင်းမို့ ပန်းပန်စရာဆံပင်မရှိတာတောင် မှ ပိတောက်ပန်းတစ်ခက်ကို နားတွင်ညှပ်ကာပန်ထားလိုက်သေးသည်။ ကြည့်ရတာ သူမရဲ့အစ်မများနှင့်အတူ မဏ္ဍပ်တွေလျှောက်ကြည့်ကြမည်ထင်ရ၏။ သူမရဲ့အစ်မများက ထွက်မလာကြသေးသော်လည်း ကတုံးမ ကတော့ ခြံအပြင်ထွက်လိုက်၊ ခြံဝတွင်ရပ်လိုက်၊ ခြံထဲခဏ၀င်လိုက်နှင့် လူလုံးပြနေလေတော့သည်။ သူမ၀တ် စားဆင်ပြင်ထားတာကို လမ်းထဲမှရွယ်တူကလေးများအားကြွားချင်၊ မြင်စေချင်တာမို့လားမသိ...။

“အသာနေ...၊ ငါတို့အနားရောက်လာမှ အသေဆော်ပစ်မယ်”....

ကတုံးမကို အမြင်ကတ်သလိုစောင်ကြည့်ရင်း အော်ကုလားက ငစိုးတို့တစ်သိုက်လုံးဖက်လှည့်ကာ ခပ်ကျိတ် ကျိတ်ကြုံးဝါးပြောသည်။ ငစိုးတို့တစ်သိုက်လုံးကလည်း ပြိုင်တူခေါင်းငြိမ့်ကာ ထောက်ခံကြပါသည်။ နောက် မောင်မောင်က....

“ဟေးရောင်တွေ...၊ မင်းတို့ပုံးတွေထဲမှာ ရေရှိကြသေးရဲ့လားကွ...။ ပြန်စစ်ကြည့်ကြဦး...၊ တော်နေကြာ သူ တို့တွေထွက်လာမှ ငါတို့ဆော်ပစ်စရာရေမရှိပဲနေဦးမယ်”....

မောင်မောင့် သတိပေးစကားကြောင့် ငစိုးတို့တစ်သိုက်လုံး လွယ်အိတ်တွေထဲမှ ကိုယ့်ရေပုံးကို ကိုယ်ပြန်စစ်မိ ကြလေတော့သည်။ ဟုတ်ပ...၊ စောစောက အချင်းချင်းပြန်ပက်ထားတာမို့ ပုံးတွေထဲတွင်ရေသိပ်မရှိကြတော့ ...။ ထို့ကြောင့်အနားရှိ အိမ်သို့ပြေးကာ ကမန်းကတန်းရေဖြည့်ပြီး အသင့်စောင့်နေလိုက်ကြလေတော့၏။

ငစိုးတို့ သိပ်မစောင့်လိုက်ရပါ...။ မကြာခင်မှာပင် ကတုံးမနှင့်အတူ သူ့အစ်မအပျိုသုံးယောက်၊ နောက် သူမဦး လေးနှင့်အဒေါ် စုစုပေါင်းခြောက်ယောက် ခြံအပြင်သို့ထွက်လာကြတာကို တွေ့လိုက်ရပါတော့သည်။ အနီး အနားရှိ ကလေးများနှင့် လူငယ်တချို့က သူတို့ကိုရေ၀ိုင်းလောင်းကြတော့ ကတုံးမတို့ခမြာ ချက်ချင်းရွှဲရွှဲစိုလို့ သွားကြရတော့လေ၏။ ရေလောင်းကြသည်မှာလည်း... လူငယ်က လူငယ်ချင်းချင်း၊ ကလေး ကလေးအချင်း ချင်း...။

ငစိုးတို့ အုပ်စုနားကို သူတို့ရောက်လာတော့ တစ်အုပ်လုံးညာသံပေးကာဝိုင်းပြီး ရေပြွတ်ကိုယ်စီဖြင့်ထိုးပက် ကြ လေတော့သည်။ တစ်ခြားလူကြီးတွေကိုမပက်ပဲ.... ကတုံးမတစ်ယောက်တည်းကိုသာ မဲပက်နေကြတာ မို့ ကတုံးမခမြာ ကျောကော့နေရရှာလေတော့၏။ နောက် နားတွင်ညှပ်ပန်ထားသော ပိတောက်ပန်းခက်က လေးမှာလည်း ရေပြွတ်များဒဏ်ကြောင့် မြေခ,ကာရွှံ့ရေများထဲ လူးသွားရရှာလေတော့သည်။ အစတော့ ကတုံးမကအသာလေးငြိမ်နေသေး၏။ နောက် ကြာလာတော့ ရေမွန်းလာပြီးမချိမခံသာဖြစ်ကာ အော်လေ တော့သည်။ ငို သံတောင်ပါ၏။

“သေနာကောင်တွေ...၊ မသာကောင်တွေ... တော်ကြပါတော့ဟဲ့....။ ဒီလောက်တောင်ပက်ရသလား...ဟီး”..

ကတုံးမရဲ့ အသံစူးစူးကြောင့် ငစိုးတို့တွေ နောက်ကြောင်းလှည့်ပြီး တစ်ချိုးတည်းလစ်ပြေးလေတော့သည်။ ဒါတောင်မှ မျက်နှာပြောင်တတ်သောစိန်ဌေးက ပြေးရင်းနောက်လှည့်အကြည့်တွင် သူနှင့်အကြည့်ခြင်းဆုံမိ သွားသော ကတုံးမကို လျှာထုတ်ကာပြောင်ပြခဲ့လိုက်သေး၏။

~~~@@~~~

တစ်မနက်လုံး မီးကုန်ယမ်းကုန်ရေဆော့ခဲ့ကြတာမို့ နံနက်ဆယ်နာရီခွဲခန့် နေမြင့်လာချိန်တွင် ငစိုးဗိုက်ထဲမှာ ဟာလာသည်။ မနက်တုန်းက စားခဲ့သော ထမင်းကြော်တစ်ပန်းကန်သည်လည်း ဗိုက်ထဲတွင်ဘယ်ချောင်ကို ကပ်သွားခဲ့ပြီလည်းမသိတော့ပါ...။

“ဗိုက်ဆာတယ်ကွာ”....

ငစိုးက ညည်းညူစွာပြောတော့ ကျန်သော မောင်မောင်တို့၊ စိန်ဌေးတို့ကလည်း ထောက်ခံကြသည်။ မင်းဇော် ကလည်းခေါင်းငြိမ့်ရင်း ဟုတ်တယ်... ဟုဆိုလေသည်။ အော်ကုလားက...

“ဒါဆို ဟိုဘက်လမ်းထဲက ငါ့သူငယ်ချင်း ဖိုးခွားတို့အိမ်ကိုသွားကြမလား...၊ သူတို့အိမ်မှာ ဒီနေ့မနက် သာကူ တိုက်မယ်လို့ ငါ့ကို ဒီကောင်ပြောထားတယ်ကွ”....

“ဟုတ်လားကွ”....

မင်းဇော်က စိတ်ဝင်တစ်စားမေးတော့ အော်ကုလားကခေါင်းငြိမ့်ပြသည်။ ငစိုးတို့တစ်သိုက်လုံး ချိုချိုပြစ်ပြစ်နှင့် သာကူဆို အသေအလဲကြိုက်ကြပါသည်။

“ဒါဆို သွားကြမယ်လေကွာ”....

မောင်မောင်က ၀င်လောဆော်တော့ ငစိုးတို့ခြေလှမ်းများက တစ်ဖက်လမ်းစီကိုဦးတည်နေခဲ့ကြလေတော့၏။ ငစိုးစိတ်ထဲတွင် မေကြီးတို့သိရင် ဆူခံထိမလား...ဟု နည်းနည်းစိုးရိမ်မိလိုက်သော်လည်း သာကူအကြောင်း ကိုစဉ်းစားမိလိုက်တော့ စိုးရိမ်စိတ်များက ကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားရရှာသည်။ ရေပုံးလေးတွေကို ထည့်ထားသော လွယ်အိတ်လေးတွေကိုယ်စီလွယ်ရင်း...၊ လက်က ရေပြွတ်လေးတွေကိုကိုင်ရင်း လမ်းတွင် တွေ့သမျှလူတွေကို လိုက်ပက်ခဲ့ကြသေး၏။

တစ်ဖက်လမ်းသို့မရောက်သေးခင် လမ်းတွင်သရက်သီးတုတ်ထိုးရောင်းသော သရက်သီးသည်အဒေါ်ကြီး တစ်ယောက်နှင့်တွေ့တာမို့ ငစိုးတို့မနေနိုင်တော့ပဲ တစ်ယောက်တစ်ကျပ်ဖိုးစီဝယ်စားလိုက်ကြသေးသည်။ င စိုးဘောင်းဘီအိတ်ထဲရှိ ပလတ်စတစ်အိတ်လေးထဲတွင် ပိုက်ဆံတစ်ကျပ်ကျန်နေပါသေးသည်။ မနက်က မေ ကြီးထံမှ တစ်ကျပ်၊ မကြီးထံမှတစ်ကျပ် စုစုပေါင်းနှစ်ကျပ် ငစိုးရခဲ့တာမို့ပင်ဖြစ်ပါသည်။

တစ်ဖက်လမ်းရှိ အော်ကုလားသူငယ်ချင်းဖိုးခွားတို့အိမ်ရှေ့တွင် အုန်းလက်မဏ္ဍပ်ထိုးပြီး လာသမျှကလေးလူ ကြီးမှန်သမျှကို သာကူတိုက်ကျွေးနေသည်မှာ ဆူဆူညံညံနှင့်ပျော်စရာကြီးပင်...။ မိုးပြဲဒယ်ကြီးထဲမှ အငွေ့တ ထောင်းထောင်းထနေသော သာကူညိုညိုပြစ်ပြစ်များကို ငစိုးတို့တစ်ချက်လှမ်းငေးကာ တံတွေးကိုယ်စီမျိုချမိ လိုက်ကြတာအရင်ဆုံးပင်ဖြစ်ပါသည်။ ထမင်းစား စားပွဲဝိုင်း သစ်သားခုံကြီးတစ်ခုတွင် ရေစိုကာကြွက်စုတ်က လေးများနှင့်တူနေသော ငစိုးတို့တစ်သိုက် ခပ်ကုပ်ကုပ်လေးဝင်ထိုင်ကြတော့ ဦးလေးကြီးနှစ်ယောက်က သူ တို့အားလုံးဖို့ သာကူပန်းကန်များလာချပေးလေတော့သည်။ ပန်းကန်ထဲရှိသာကူများထဲတွင် အုန်းသီစိမ်းခြစ် ဖြူ ဖြူဖွေးဖွေးလေးများ၊ နောက်ပြီး ကန်စွန်းဥဖတ်များဖြင့်...။ ရနံ့မှာလည်း ထန်းလျှက်နံ့သင်းပြီးမွှေးကြိုင်ကာ စားချင်စဖွယ်အတိ...။

ငစိုးတို့ တစ်အုပ်လုံးစားလိုက်ကြသည်မှာ ခေါင်းပင်မဖော်နိုင်ကြတော့ပါ...။ တစ်ယောက် နှစ်ပန်းကန်စီစားပြီး တော့မှသာ အာသာပြေတော့လေသည်။ နောက် အော်ကုလားသူငယ်ချင်းကိုပင် နှုတ်မဆက်ကြတော့ပဲ အိမ် ပြန်ဖို့ခြေလှမ်းပြင်မိကြတော့သည်။ ထိုလမ်းထဲမှ အဖြတ်၊ လမ်းထိပ်သို့ထွက်ခါနီးတွင် ရေပက်နေကြသော က လေးတစ်သိုက်နှင့် ငစိုးတို့အုပ်စု ထိပ်တိုက်တိုးမိကြလေတော့သည်။ ထိုကလေးများက ငစိုးတို့အား သူတို့၏ လမ်းထဲမှမဟုတ်မှန်းသိတာမို့ အငြိုးဖြင့်ဝိုင်းဆော်ကြလေတော့သည်။ တချို့က ကျောကော့သွားလောက်စေ အောင် နို့ဆီခွက်ဖြင့် ခွက်စောင်းခုပ်ကြသည်။ အချို့က ပိုက်ဖြင့်ထိုးကြသည်။ အချို့ကတော့ ရေခွက်ဖြင့်ပက် ကြလေသည်။ ငစိုးတို့မှာပြန်ပက်ကြသော်လည်း ငါးယောက်နှင့်အများမို့တစ်ကြောင်း...၊ နောက် ပုံးထဲတွင်ရေ ကုန်သွားတာတစ်ကြောင်းမို့ ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေတော့သည်။

ငစိုးတို့လမ်းထိပ်ရောက်တော့ လမ်းထဲမ၀င်သေးပဲ... လမ်းထိပ်ရှိ အုန်းလက်မဏ္ဍပ်တွင် လူကြီးများနှင့်အတူ ရေပက်လိုက်၊ ဖွင့်ထားသော အင်္ဂလိပ်သီချင်းများဖြင့် ဘရိတ်ဒန့်ဆွဲလိုက်ဖြင့် ကဲလိုက်ကြသေးတော့၏။ တချို့လူကြီးများက သူတို့ကလေးများကို အိုးမည်းလိုက်သုတ်နေသေးသဖြင့် ငယ်သံပါအောင်အော်ရင်း ထွက်ပြေးရသေးပါသည်။

~~~@@~~~

စိုး အိမ်ပြန်ရောက်တော့ နေ့လယ် ဆယ့်နှစ်နာရီပင်ထိုးတော့မည်။ ရေများစိုတစ်ဝက်၊ ခြောက်တစ်ဝက်ဖြင့် မျက်လုံးနီနီရေသရဲရုပ်လေးပေါက်နေသော ငစိုးကို မကြီးက ရေဆီးချိုးပေးလေတော့သည်။ မကြီးရေချိုးပေး နေတာကို ခုန်ပေါက်ကာခံရင်း တိုင်ကီအဖုံးပေါ်မှ အုန်းလက်ထိုးထိုးထောင်ထောင်နှင့် အတာအိုးလေးကို ငစိုး လှမ်းကိုင်မိသေးသည်။ မကြီးက သိကြားမင်းကြီး ခွေးရေပုရပိုဒ်ထဲမှတ်သွားဦးမယ် ဟုဆိုတာကြောင့် မကိုင် ဖြစ်တော့..။ သို့သော် နှစ်ဆန်းတစ်ရက်နေ့တွင် ဒီအိုးကလေးများကို လမ်းမပေါ်တွင် ဘုန်းဘုန်းများပရိတ်ရွတ် လျှင်သွားထားရတာတော့ ငစိုးကောင်းကောင်းမှတ်မိသည်။ ဘုန်းဘုန်းများ ပရိတ်ရွတ်၊ တရားဟောပြီးချိန်ဆို လျှင် သံပုံးများကို တစ်ဘုန်းဘုန်းထုပြီး သရဲခြောက်ထုတ်ရတာကို ငစိုးအလွန်ကြိုက်သောကြောင့်ဖြစ်ပါ၏။

ရေချိုးပြီး ထမင်းစားတော့ မေကြီးချက်ထားသော ဘဲဥ၊ အာလူးနှင့် ငါးခြောက်ရောချက်ထားသော ဘဲဥချဉ် ရည်ဟင်းနှင့်...။ ကောင်းလိုက်သည့်ဖြစ်ခြင်း...။ ဖေကြီးတို့ကတော့ ဘုန်းကြီးကျောင်းသွားနှင့်ကြပြီ။ ငစိုးပင် မတွေ့လိုက်ရတော့ပါ။

ထမင်းစားပြီးတော့ မကြီးက တစ်ရေးတစ်မောအိပ်ရမည်ဆိုတာကြောင့် ငစိုးအိပ်ရလေတော့သည်။ ရေချိုးပြီး ကာစ စွပ်ကျယ်အင်္ကျီဂျိုင်းပြတ်လေးကိုဝတ်ထားပြီး အိမ်အောက်မြေပြောင်ပြောင်ထက်တွင် မကြီးခင်းထား သော သင်ဖြူးဖျာလေးထက်၊ မကြီးဘေးနားတွင် တုန်းလုံးပက်လက်လှန်ရင်း ငစိုးရဲ့အတွေးများက ဟိုဟို ဒီဒီ ပြေးလျှက်ရှိသည်။ မကြီးကတော့ ငစိုးဘေးနားတွင်လှဲရင်း ၀တ္တုစာအုပ်ဖတ်နေလေသည်။ ငစိုးရဲ့အတွေးထဲတွင်တော့ ညနေကျရင်လည်း ရေထွက်ကစားရဦးမည်။ နောက် သူတို့လမ်းထိပ်မဏ္ဍပ်က တိုက်မည့် မုန့်လက်ဆောင်းများကိုလည်း အ၀သောက်မည်။ ထိုမုန့်လက် ဆောင်းကိုလာသောက်မည့် ဟိုဘက်လမ်းမှ သူတို့ကိုရေ၀ိုင်းပက်ခဲ့သော ဟိုအုပ်စုကို လက်စားခြေစွာ သေ အောင်ပြန်ပက်မည်... စသဖြင့်တွေးရင်း မျက်လုံးများက မှေးစင်းစွာအိပ်ချင်လာမိတော့သည်။ နောက်..... ငစိုးတစ်ယောက် ပါးစပ်လေးဟကာဖြင့် နှစ်နှစ်ခြိုက်ပင်အိပ် ပျော်သွားလေတော့၏။

~~~@@~~~

အိမ်ရှေ့မြေနီလမ်းလေးပေါ်တွင် တန်ခူးလေများက ရေစိုနေဆဲလမ်းမပေါ်မှဖြတ်သန်းတိုက်ခတ်ရင်း တစ်ချက် တစ်ချက် ငစိုးကိုပွတ်သပ်ကြည်စယ်စွာ အေးမြစေလျှက် ချော့သိပ်နေပါတော့သည်။ နောက်ကျန် နေသေးသော သင်္ကြန်ရက်များတွင်လည်း ထိုနည်းတူပင် ငစိုးအတွက် တိုက်ခတ်ပေးနေလိမ့်ဦးမည်။       ။

                               ~~~@@~~~~ ~~~@@~~~ ~~~@@~~~


ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
============================================================= သင်္ကြန်ရက်တွေမတိုင်ခင်ကတည်းက ရေးနေမိခဲ့တဲ့ ၀တ္တုတိုလေးပါခင်ဗျာ...။ အခုမှပဲ အဆုံးသတ်နိုင်ခဲ့ရလို့ ပါခင်ဗျာ...။

ဘာမဟုတ်တဲ့ ကျွန်တော့်ရဲ့ဒီနေရာလေးကို စာလာလာဖတ်ပေးနေကြတဲ့ ကျွန်တော်သိခွင့်ရသော ဘလော့ဂ် ရေးသော၊ မရေးသော သူငယ်ချင်းမောင်နှမများ၊ တိတ်တိတ်လေးစာလာဖတ်သွားလို့ ကျွန်တော်သိခွင့်မရတဲ့ ဘလော့ဂ်ရေးသော မရေးသောမောင်နှမများအားလုံး အတာသင်္ကြန်ကာလအတွင်းမှာ အတာရေလို အေးမြ နိုင်ကြပါစေခင်ဗျာ...။ နှစ်သစ်မှာလည်း ရွှင်လန်းချမ်းမြေ့စွာနဲ့ အစစအရာရာ အဆင်ပြေအောင်မြင်ပါစေလို့ ဒီဝတ္တုတိုလေးနဲ့အတူ ဒီနေရာလေးကနေပြီးတော့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ခင်ဗျာ......။

============================================================= ချစ်ခြင်းအားဖြင့်

ဏီလင်းညို

32 comments:

မေဓာဝီ said...

လာဖတ်သွားတယ် ငစိုးရေ ... အဲ ... ဟုတ်ပေါင် ... ဏီလင်းရေ :P
ချွဲလဲချွဲ သဲလဲသဲ ကဲလဲကဲတဲ့ ငစိုးလေးပဲ ... ။
မင်္ဂလာရှိသော သင်္ကြန်ရက်များ ဖြစ်ပါစေ နော် ... ။

An Asian Tour Operator said...

ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေကို ကွက်ကွက် ကွင်းကွင်း ပြန်မြင်ယောင်လာတယ်။

SHWE ZIN U said...

ကိုဏီရေ

လာဖတ်သွားတယ်နော်.. ကိုယ်တိုင်ရေးပုံတူ ထင်တယ်. ငယ်ငယ် တုန်းက အဖြစ်အပျက်လေးတွေကို ပြန်မှတ်မိစေတယ်.. ဒါပေမဲ့ ကိုစိုး လောက်တော့ မိသားစု အလိုလိုက်ချစ်ခြင်း မခံခဲ့ရပါဘူး

ခင်တဲ့
ရွှေစင်

ညရဲ့ကောင်းကင် said...

ငယ်ဘ၀ ကိုပြန်သတိရမိတယ် အစ်ကိုရ ...
ငယ်စဉ်က ကလေးတို့ဘ၀ဟာ ပျော်ပါးဖို့ရာ လွယ်ပါတယ်
အခုတော့လည်း လက်ရှိဘ၀တောင် လွမ်းရတယ် ...
ဒါပေမယ့် သင်္ကြန်ဆိုတာ မသေမချင်း တနေ့တကွေ့တော့ ကြုံရအုန်းမှာပဲနော့ ... မလွမ်းတော့ပါဘူး ...း))

အတာသင်္ကြန်ကာလ အတွင်းမှာလည်း အစ်ကိုတစ်ယောက် အတာရေလို အေးချမ်းပါစေ ...

ခင်တဲ့

အနမ်း said...

သင်္ကြန် ပိုစ့်လေး လာဖတ်သွားတယ်။ အမှတ်တရလေးတွေပေါ့ နှစ်သစ်မှာပျော်ရွှင်ပါစေ။

rose of sharon said...

သင်္ကြန်သီချင်းလေးနားထောင်ရင်း ငစိုးလေးအကြောင်းဖတ်သွားတယ်... စာရေးသူရဲ့ငယ်ဘဝများလား?????????

ပူးတေ said...

သာကူကျိုလေးကို မျက်လုံးထဲ မြင်အောင်ရေးထားတာ... သောက်တောင်သောက်ချင်လာတယ်။ :D ကတုံးမကို ရေဝိုင်လောင်းတဲ့ အခန်းမှာ ငယ်ဘဝကို သတိရမိတယ်...

Mogok Thar said...

ကြည်နူးစရာ မြင်ကွင်းလေးကို..
ကိုယ့်ငယ်ဘဝ ပြန်ရောက်သွားအောင် ရေးနိုင်တယ်...

နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ပါစေဗျာ....

ဒဏ္ဍာရီ said...

ကိုဏီးဝထ္ထုလေး ဖတ်ပြီး ငယ်ငယ်က အဲလိုပဲ လမ်းထဲမှာ ရေပက်တာကို သတိရသွားတယ်။ ပက်စရာမရှိတော့ အချင်းချင်း ပြန်ပက်ကြနဲ့ ပျော်စရာ ကောင်းတယ်။
ကိုဏီးက စာရေးတော်တော့ တကယ့်ကို အဲတုန်းက ဘ၀ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ ကဲလဲကဲ သဲလဲသဲတဲ့ ကိုဏီးပဲနော်။း))

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေနော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

သမီးကြီး said...

ကိုဏီလင်းညိုရေ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေရှင်။
စာဖတ်နေရင်းနဲ့ ငယ်ငယ်တုန်းက သင်္ကြန်တွင်းတွေကို လွမ်းတယ်။ အပျိုပေါက်ရောက်တဲ့အထိ ကလေးတွေနဲ့ပဲ ရေကစားတဲ့ ကလေးဗိုလ် ညီမလေးနှစ်ယောက်ကိုလည်း လွမ်းတယ်...
မေမေနဲ့ဖေဖေကိုလည်းလွမ်းတယ်.......

Angel Shaper said...

တော်တော်ချွဲတဲ့ ငစိုးလေးပဲ...
အစ်ကိုသေးသေးလေးများဖြစ်နေမလားးးးး????

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ။

ချစ်သူမောင် said...

ဒီထက်ကောင်းတာတောင်ဒီလောက်ကောင်းမှာမဟုတ်ဘူး
ပျော်စရာပို့စ်လေးပါကိုဏီ ပျော်ရွှင်ပါစေ
ဒီမှာတော့ပျော်နိုင်တော့ဘူးပေါက်ကွဲကုန်ပြီ

♥ကိုဇော်♥ said...

မိညို က ကိုယ့်အဖြစ်အပျက်လေးတွေ ရေးတဲ့ နေရာမှာ လွှတ်ကောင်းပဲအေ။
ငါတို့ကတော့ ငယ်ငယ်က ဒီထက်ဆိုးပဲ. . .
သူ့လို အိမ်ပြန်အိပ်တယ်လို့ကို မရှိတာ . . .
တနေကုန်ပဲ. . .ညနေတောင်မှ လိုက်ခေါ်လို့. . .ဟဲဟဲ

မိုးခေတ် said...

ကျွန်တော်တို့ ငယ်ငယ်ကလဲ အဲ့အတိုင်းပဲ ကိုဏီရေ...
ပြန်တောင် သတိရသွားတယ်.... :)

အင်ကြင်းသန့် said...

ကိုဏီးရေ...
တော်တော် ချွဲတဲ့ ဆော့တဲ့ ငစိုးလေးပဲနော်...မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် အသေးစိတ်ရေးထားတာလေးကို သဘောကျမိတယ်...ဖတ်ပြီးတော့ ငယ်ငယ်တုန်းက ဘ၀လေးတွေကိုလည်း ပြန်လွမ်းသွားတယ်...

ငါ့အစ်ကိုကြီးလည်း နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးစရာ အပြည့်နဲ့ လိုအင် ဆန္ဒဟူသမျှ တစ်လုံးတစ်ဝပြည့်ပါစေ... (ဟယ်...ဆုပေးသလိုကြီး ဖြစ်သွားပီ...ဟီးးးးးးးးးးးးးး)

ညီမလေး
အင်ကြင်း

sosegado said...

တကယ်ပဲ ငယ်ဘဝ ပြန်ရောက်သွားတာ၊ ကလေးဘဝကို ပြန်သတိရအောင် ရေးနိုင်တယ်၊
အားလုံးပျော်ရွှင်နိုင်ကျပါစေ၊

kiki said...

ငစိုး (ခေါ်) ဏလည ...ငယ်ငယ်တည်းက နွဲ့ ဆိုး ဆိုး ခဲ့တာပါလား..
ခုရော ... ကတုံးမ နဲ့  ဆော့ တုံး ပဲလား အေ့ ။
အရင် က မုန့် ဘိုး တကျပ် ဆို တာ အတော် အသုံးခံတာနော် ..ဗိုက်ကွဲအောင် စားလို့ ရတယ် ။
ငယ်ငယ်တုံးက သင်္ကြန် ပွဲ ကို လာလွမ်းသွားတယ် ...
ခုခေတ်ကတော့ ... ဗုံးးးးးး(( ရေ လောင်းသံ မဟုတ် ဖူးနော် ..

နှစ်သစ်မင်္ဂလာ ပါ ...

ရွှေရတုမှတ်တမ်း said...

ကလေးလိုပက်ရတာကောင်းပါတယ်...
ူလူုကြီးလိုပက်ရင်..ဗုံးကြောက်နေရအုန်းမယ်...
သာမီး...အကြိုအကြားရောက်အောင်..မာမီဖြဲလောင်းသွားတယ်နော်..

လင်းခေတ်ဒီနို said...

ကိုဏီ ရေ သိပ်မေ၇းပါနဲ့ဗျာ လေယာဉ်သံကြားရင် အိမ်ပြန်ချင်တဲ့ စိတ်က ထိန်းလို့ မရဖြစ်နေတယ် . . . .

ဆောင်းယွန်းလ said...

ညီလေးရဲ့ သင်္ကြန်ဝတ္ထုလေးကိုဖတ်မိပြီး ငယ်ငယ်တုန်းကသင်္ကြန်ကို ပြန်အမှတ်ရလွမ်းမိသွားတယ် ညီလေးရေ

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နိုင်ပါစေ...

ခင်မင်ရင်းနှီးမှုများစွာဖြင့်...
အကိုဆောင်းယွန်းလ

အဖြူရောင်နတ်သမီး said...

ဖတ်လို့အရမ်းကောင်းတယ် ကိုဏီရေ.....
silent day မို့ တိတ်တိတ်လေးပဲ ပြန်သွားတယ်....

ဂျပန်ကောင်လေး said...

သင်္ကြန်ဝတ္ထုတိုလေး... တယ်ကောင်းပါလား ကိုဏီးရ... ကိုငစိုးကိုေ၇ပက်မယ်ဗျို့.............................. ဗွမ်းးးးးးးးးးးးး

ကေသရီ said...

ကောင်းလိုက်တဲ့ သင်္ကြန်ဝတ္တုလေးပါပဲကိုဏီရေ။ ငယ်ငယ်က ရေကစားခဲ့ တာလေးတွေကို ပြန်သတိရသွားတယ်။ စတုဒိသာတိုက်တဲ့ သာကူနဲ့ မုန့်လက်ဆောင်းလည်းသောက်ချင်လာပြီ။

ခြင် said...

ဏီဏီရေ.... ပျော်ရွှင်ပါစေ နှစ်သစ်မှာ စွံပါစေ...

ညီမလေး said...

ဒီမှာ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိဘူးးးးး T.T ဒါပေမဲ့ ကိုလင်းညိုရဲ့ ပိုစ့်ကို ဖတ်ရတာ ပျော်စရာလေး ...

zox said...

မိသားစု အလိုလိုက်ခံ ရတာ အရမ်းပီတိ ဖြစ်စရာ ကောင်းပါတယ် ကိုဏီရေ... အားကျတယ်ဗျာ။

ရွှေပြည်သူ said...

သင်္ကြန်ရနံ့တွေနဲ့ နူးညံ့လှပနေတဲ့ ချစ်စရာမိသားစုလေးရဲ့ မြင်ကွင်းကို မြင်ယောင်ရင်း ဖတ်ရတာ ကြည်နူးစရာပါပဲ ကိုဏီလင်းညိုရေ... မင်္ဂလာရှိသော အောင်မြင်ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေရှင်။

ကိုလူထွေး said...

သင်္ကြန်ပြီးမှ လာဖတ်ရပေမယ့် သင်္ကြန်ရနံ့တွေကို အပြည့်အဝ ခံစားလိုက်ရတယ် ငစိုးရေ...

းဝ)

မိုးငွေ့...... said...

ဟုတ်တယ်ဏီဏီရေ...မိုးငွေ့တို့လည်း ငယ်ငယ်က အဲလိုပဲ ကဲခဲ့ကြတာ သင်္ကြန်ကို......ဖတ်ရင်းနဲ့ သာကူနဲ့ မုန့်လက်ဆောင်းတောင်သောက်ချင်လာပြီ...။ သင်္ကြန်ပိတ်ရက်က မုန့်တွေကို ပြန်လွမ်းနေတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

Blackroze said...

လာဖတ်သွားတာယ်အကိုရေ...
တော်တော်ကစားတဲ့ကလေးလေးပါလားနော်...
ညီမလဲငစိုးလေးလိုတခါလောက်ပြန်ကစားချင်သေးတယ်..
ခုတော့လေ...သင်္ကြန်နဲ့ဝေးနေတာကြာပေါ့အကိုရာ..

မြသွေးနီ said...

ကိုဏီရေ..
အခုမှပဲ စာတွေဝင်ဖတ်နိုင်တာ ခွင့်လွှတ်ပါနော်...
ဒီပို့စ်လေး ဖတ်ပြီး ငယ်ဘ၀ သင်္ကြန်ကာလတွေကို အမှတ်ရမိတယ်။
ရိုးရှင်းတဲ့ အရေးအသားလေးက တစ်ပုဒ်လုံး ဖတ်ပြီးသွားအောင် ဆွဲဆောင်မိစေတယ်..။ ငစိုးဆိုတာ ကိုဏီပဲလို့ ပြောစရာမလိုတော့ပါဘူးနော်။
ပျော်ရွှင်ပါစေရှင်။

ရွှေနတ်သား said...

ငယ်ဘ၀လေးတွေကိုပြန်သတိ၇သွားတယ်ကိုဏီ၇ယ်
အခုတော့သင်္ကြန်ကိုမလည်ဖြစ်တာကြာပေါ့ဗျာ
သူများတွေပျော်နေတာကိုဘဲထိုင်ကြည့်နေ၇တာပိုကြိုက်တယ်