Saturday, May 1, 2010

အဖြေ




ဝင်လုဆဲဆဲနေရောင်ခြည်တန်းများက ကန်ရေပြင်ထက်တွင်ဖျော့ဖျော့ရီမှုန်စွာ ကျဆင်းနေခဲ့လေသည်။ တစ် သုန်သုန်တိုက်ခတ်နေခဲ့သော လေပြေညင်းများကမူ ကန်ရေပြင်ကိုဖြတ်သန်းတိုက်ခတ်လာ ခဲ့ရသောကြောင့် အေးမြနေခဲ့၏။ ထို့အတူ ကန်ဘောင်အစပ်တွင် ၀င်ခါနီးနေလုံးကြီးကို ရပ်တန့်ကာ ငြိမ်သက် ငေးမောနေမိ သော သူနှင့်သူမတို့ရဲ့ အ၀တ်များကိုလည်း တစ်ဖျတ်ဖျတ်လှုပ်ခါနေစေခဲ့လေ သည်။ သူမရဲ့ ဆံပင်ရှည်ရှည် လေးများကတော့ လေထဲတွင် တစ်လွင့်လွင့်ဝဲပျံလျှက်....။


“နေ၀င်ကာနီးအချိန်က လှလိုက်တာနော် မောင်”...

နံဘေးမှ သူမရဲ့စကားကိုထောက်ခံစွာ အသာ အယာပြုံးရင်း သူခေါင်းငြိမ့်ပြလိုက်မိသည်။ နောက် သူမဖက်ကိုငဲ့ကြည့်မိတော့ သူမရဲ့မျက်နှာလေးက ကန်ရေပြင်၏ ဟိုးအဝေးဖက် တစ်နေရာဆီကို ငေးမောနေဆဲပင်...။ စောစောက သူပြုံးကာခေါင်း ငြိမ့်ပြလိုက်သည်ကိုပင် သူမ မြင်ပုံမရပါ...။ ထို့ ကြောင့် နှုတ်မှအသံထွက်ကာ သူ ထပ်ပြောလိုက်မိ သည်။

“အင်း..... ဟုတ်ပါတယ်ဗျာ...၊ သိပ်လှတာပဲ”......

သူ့စကားကြောင့် သူမက လှည့်မကြည့်သေးပဲ ခေါင်းငြိမ့်ပြ၏။ ထို့နောက်......

“ဒါပေမယ့်လည်း.... မောင်ရယ်”.......

“ဒါပေမယ့်.... ဘာဖြစ်လို့လဲဗျာ”.......

စိုးရိမ်စွာမေးလိုက်မိသော အမေးစကားကြောင့် သူမမျက်နှာလေးက သူ့ဖက်ကိုလှည့်လာသည်။ နောက်တော့ နှုတ်ခမ်းလေးများသာမက မျက်ဝန်းလေးများပါ ရီဝေ၊ နူးညံ့စွာပြုံးရင်း.....

“စကားပြောတိုင်း.... အဲ့ဒီလို ဗျာ.... ဗျာ... နဲ့ ထည့်ပြောတတ်တဲ့မောင့်ကို.....၊ ကျွန်မ သိပ်ချစ်တဲ့ မောင့်ကို ဒီ လိုတစ်ယောက်တည်းထားရစ်ခဲ့ရပြီး ကိုယ့်အိမ်ကိုယ်ပြန်သွားရတာ..... ၀မ်းနည်းလွန်းလို့ပါ”......

သူ့ရင်ထဲတွင် အပြာရောင်မြစ်ကလေးတစ်စင်း ကန့်လန့်ဖြတ်စီးဆင်းသွားသလိုခံစားလိုက်ရ၏။ သူ့နှုတ်ခမ်းအ စုံသည်လည်း ပြုံးနေမိလိုက်သည်။ သို့သော်..... သူမကိုယ်သူမ ‘ကျွန်မ’ ...ဟု နာမ်စားသုံးတတ်ပြီး၊ သူ့ကို ‘မောင်’... ဟု မြတ်မြတ်နိုးနိုးခေါ်တတ်သော သူမကိုလည်း ခုလိုအိမ်ပြန်ချိန်များတွင် တစ်ယောက်တည်း အိမ် ပြန်လွှတ်လိုက်ရတိုင်း သူ့ရင်ထဲမှာ ခပ်ဖွဖွ၊ ဆွေးမြမြဖြစ်ကျန်ရစ်နေခဲ့ရမြဲဆိုတာကို ပြောပြမနေဖြစ်တော့ပါ...။ သူနှင့် သူမတို့နှစ်ယောက် နီးစပ်နိုင်ဖို့ရာ သူကြိုးစားနေခဲ့တာ အချိန်နဲ့ အမျှပါပဲဖြစ်ပါသည်။ တစ်ခွန်းတော့ သူ ပြန်ပြောဖြစ်မိ၏။

“မောင်လည်း..... အတူတူပါပဲဗျာ”......

သူ့စကားကြောင့် မျက်လုံးလေးများ ရွှန်းလဲ့ရီဝေစွာဖြင့် သူမက စိုက်ကြည့်နေလေ၏။ နောက် သူ့လက်ဖ၀ါး တစ်ဖက်ကို ခပ်ဖွဖွဆွဲကိုင်လိုက်ရင်း.....

“မောင်..... ကျွန်မက ချောရဲ့၊ လှရဲ့လားဟင်”.....

မထင်မှတ်ထားသောမေးခွန်းကြောင့် ဟက်ခ,နဲတစ်ချက် သူရယ်လိုက်မိတော့ ရှက်သွေးရိပ်တချို့ သူမ မျက် နှာပေါ်တွင် ပေစွန်းသွားတာတွေ့လိုက်ရသည်။

“ဒီမေးခွန်းကို ဘာလို့မေးရတာလည်းဗျာ”.....

ပြန်မေးလိုက်သော သူ့စကားကြောင့် သူမက ခေါင်းကို ညင်သာစွာ ရမ်းခါသည်။ လေထဲတွင် သူမရဲ့ဆံပင် လေးတွေ ပိုလို့ မျောလွင့်ပါသွားပြန်လေ၏။

“ဟင့်အင်း..... ဖြေပါမောင်ရဲ့....၊ ကျွန်မက ချောရဲ့၊ လှရဲ့လားလို့”.....

“ဟင့်အင်း”......

ခေါင်းယမ်းကာ သူပြန်ဖြေလိုက်မိတော့ သူမရဲ့မျက်နှာလေးက နေထိပန်းလေးတစ်ပွင့်လို နွမ်းခ,နဲဖြစ်သွားရ သည်။ ဒါကို သူမြင်သော်လည်း မျက်နှာလွှဲလိုက်ရင်း ကန်ရေပြင်ဖက်ဆီကို မျှော်ငေးကာ ကြည့်နေမိလိုက်၏။ တစ်ကယ်လည်း သူ မညာပါ...။ အမှန်အတိုင်းဖြေခဲ့လိုက်မိခြင်းသာ...။

“ကျွန်မနဲ့ရော.... အတူတူမနေချင်ဘူးလားဟင်... မောင်”.......

“ဟင့်အင်း”......

သူမမျက်နှာကို လှည့်မကြည့်သေးပဲ နှုတ်မှအသံထွက်ကာ ခေါင်းယမ်းရင်း သူပြန်ဖြေမိပြန်သည်။ သူ့ပြန်ဖြေ သံအဆုံးတွင် စောစောကတည်းက လေတိုးသံသဲ့သဲ့မှလွဲပြီး တိတ်ဆိတ်နေခဲ့လေသောပတ်ဝန်းကျင်မှာ ပိုမို တိတ်ဆိတ်လို့သွားသည်ထင်ရ၏။ အချိန်အတော်ကြာတဲ့အထိ သူမဆီကနေ ဘာစကားသံမှထပ်ထွက်မလာ ခဲ့တာမို့ မျက်နှာကို သူမရှိရာဖက်သို့ လှည့်လိုက်မိသည်။ သူမြင်လိုက်ရသော သူမရဲ့မျက်နှာလေးပေါ်တွင် အ နီရောင် နှုတ်ခမ်းလေးများက တစ်ဆတ်ဆတ်တုန်ယင်လှုပ်ရှားစွာ...၊ နောက်... မျက်ဝန်းဝိုင်းဝိုင်းလေးရဲ့အ ခြေတွင်လည်း ငွေ့ရည်ဖွဲ့ကာ နီမြန်းစွတ်စိုစ,ပြုနေခဲ့လေပြီ....။ သူ သက်ပြင်းတစ်ချက်ကြိတ်ရှိုက်လိုက်ရင်း သူမကို ငေးကြည့်နေမိဆဲခဏ......

“ကဲ.... ဒါဆို မောင့်ဘ၀ထဲကနေ ကျွန်မ အပြီးအပိုင် ကျောခိုင်းထွက်ခွာသွားခဲ့မယ်ဆိုရင်ရော... မောင် ငိုမှာ လား”......

“ဟင့်အင်း..... ဗျာ”......

သူ့ရဲ့ ခပ်ပြတ်ပြတ်ငြင်းဆန်စွာ ပြန်ဖြေလိုက်သံအဆုံးတွင် သူမ၏မျက်ဝန်းအခြေမှာ ခိုတွယ်နေခဲ့လေသော မျက်ရည်စက်တချို့ ပါးပြင်ပေါ်ကိုလျှောခ,နဲ လိမ့်ဆင်းသွားတာ တွေ့လိုက်ရသည်။ သူ့ရင်ထဲတွင် ဆစ်ခ,နဲ တစ်ချက်နာသွားသလိုပင်....။ ထို့ကြောင့် သူတစ်ခုခုထပ်ပြန်ပြောဖို့ ကြိုးစားနေလိုက်မိဆဲခဏတွင် သူမက သူ့ကိုကျောခိုင်းလိုက်သည်။ နောက်... ရှေ့တည့်တည့်မှ သူနှင့်ဆန့်ကျင်ရာအရပ်ဆီသို့ ဦးတည်ကာ ခပ်ဖြည်း ဖြည်း ညင်သာစွာ လှမ်းလျှောက်သွားနေလေတော့၏။ ‘သူမ တစ်ကယ်ပဲ အိမ်ပြန်တော့မှာလား’....။ ရင်ထဲမှ နေတွေးလိုက်မိသည်။ စိတ်ထဲမှနေပြီးတော့လည်း သူမရဲ့ခြေလှမ်းတွေကို လိုက်ရေတွက်နေမိခဲ့၏။ တစ်လှမ်း ......၊ နှစ်လှမ်း.....၊ သုံးလှမ်း.....။

ဒီနေ့ညနေခင်းလေးအတွက် သူနှင့်သူမတို့ရဲ့နှုတ်ဆက်စွာ အိမ်ပြန်ချိန်လေးကို ဒီလိုနည်းမျိုးနဲ့ အဆုံးသတ်ပစ် လိုက်ရတော့မှာလား.... ဟုလည်း တွေးမိပြန်သေး၏။ မဖြစ်နိုင်ပါ.....။ လုံးဝကို သူ့အတွက် မဖြစ်နိုင်ခဲ့ပါ...။

အတွေးနှင့်အတူ သူ့ရဲ့ခပ်သွက်သွက် ခြေလှမ်းများက သူမနောက်ဆီကို လိုက်နေမိခဲ့တော့သည်။ သိပ်မကြာခင် ခဏလေးအတွင်းမှာပင် သူမကို မှီလာခဲ့သည်။ နောက်ဖက်မှနေပြီး သူမရဲ့လက်ကလေးတစ် ဖက်ကို ညင်သာစွာ သူလှမ်းဆွဲကိုင်လိုက်တော့ လှမ်းနေဆဲသူမခြေလှမ်းလေးတွေ ခဏတန့်သွားရသည်။ နောက်တော့ ရှေ့ဆက်လျှောက်နေပြန်၏။

လက်ကလေးကို လွှတ်မပေးသေးပဲ သူမဘေးမှနေကျော်တက်လိုက်ပြီး အရှေ့တွင် သူပိတ်ရပ်လိုက်တော့ သူ မရဲ့ခြေလှမ်းလေးတွေ ရပ်တန့်သွားရတော့သည်။ သူသိပ်မြတ်နိုးတွယ်တာလွန်းရသော သူမရဲ့မျက်နှာ လေး ကို ကြင်နာ သနားခြင်းများစွာဖြင့် ငေးကြည့်မိလိုက်တော့ မျက်ရည်တွေက သူမရဲ့မျက်ဝန်းတွေထဲမှာ၊ ပါးပြင် ပေါ်မှာ... နေရာအနှံ့ သိပ်သည်းစွာနေရာယူထားကြတာ တွေ့ရ၏။

သူ လုံးဝမကြည့်ရက်တော့ပါ.....။ လက်ထဲမှ သူမရဲ့လက်ဖ၀ါးလေးကိုအပေါ်သို့ အသာအယာမြှောက်ယူခဲ့ လိုက်ပြီး လက်ဖမိုးလေးကို သူ့နှုတ်ခမ်းအစုံဖြင့် ခပ်ဖွဖွ၊ ထိသည်ဆိုရုံမျှလေး တို့ထိစွာ သူနမ်းရှိုက် လိုက်မိလေတော့သည်။ သူ့အပြုအမူကြောင့် သူမက ခေါင်းလေးကိုအသာယမ်းရင်း ‘ဟင့်အင်း’... ဟု နှုတ်မှ နေ မပီဝိုးတ၀ါးညည်းညူစွာ ငြင်းဆန်လေတော့သည်။ နောက် သူ့လက်ထဲမှ သူမလက်ဖ၀ါးလေးကို အတင်းရုန်းထွက်ရင်း ‘ဖယ်ပါတော့..... မောင်ရယ်.....၊ မောင် ကျွန်မကိုမချစ်တာ ဒီနေ့ အသေချာဆုံးပါ ပဲ’.... ဟု ဖျော့တော့ဝမ်း နည်းစွာ တုန်ခါသံဖြင့် ဆို၏။

ထို့ကြောင့် ရုန်းနေသောသူမလက်ကလေးကိုလွှတ်မပေးပဲ သူ့ရင်ဘတ်တစ်ဖက်ခြမ်းပေါ်တွင် အသာကပ်တင် ထားလိုက်မိရင်း.....

“မောင်က.... မင်းကို မချစ်ဘူဆိုတာ...... ဘယ်သူကများပြောခဲ့သလဲဗျာ”........

ခံစားချက်များစွာဖြင့်တုန်ခါနေခဲ့သော အသံနှင့်၊ သူ့ရင်အုံအောက်မှလှိုင်းထနေခဲ့သော နှလုံးခုန်သံတို့ကို အ ကြားအာရုံနှင့်၊ လက်ဖ၀ါးတို့မှနေတစ်ဆင့်အတိုင်းသား သူမ သိမြင်ခံစားနေနိုင်ပါသည်။ သူမ သိပ်မရုန်းတော့ ပဲ ကျိတ်ရှိုက်ကာ ငိုနေလေတော့သည်။ နောက် သူမရဲ့ ခေါင်းကလေးကိုလည်း ငုံ့နေရင်း မှနေ တွင်တွင်ခါနေ၏။ သူမကို မြတ်နိုးကြင်နာလွန်းရစွာ ငုံ့မိုးကြည့်ရင်း နူးညံ့စွာ သူပြောမိတော့၏။

“သာမန်ယောက်ျားတစ်ယောက်ဖြစ်တဲ့မောင်က သာမန်မိန်းမဖြစ်တဲ့မင်းကို ချစ်တဲ့စိတ်၊ မြတ်နိုးတဲ့စိတ် သက် သက်နဲ့ပဲ ချစ်ခဲ့တာပါဗျာ....။ မင်းဟာ..... မောင်နဲ့ ချစ်ပြီးတဲ့နောက်မှာ အခုရှိနေတဲ့ သာမန်အလှလေး အကြောင်းတစ်ခုခုကြောင့် ပျက်စီး၊ ချွတ်ယွင်းသွားရင်တောင်မှ မောင်က ဆက်ချစ်နေဦး မှာပါပဲ...။ ပြီးတော့ မင်းက မောင့်မျက်စိထဲမှာသာ ချစ်လို့ လှနေတာလေဗျာ....။ အဲ့ဒါကြောင့် မင်းက ချောရဲ့၊ လှရဲ့လားလို့ မေးခဲ့တဲ့ အချိန်မှာ မောင်က ‘ဟင့်အင်း’... လို့ ဖြေခဲ့တာပါပဲဗျာ”.......

သူ့စကားအဆုံးတွင် ငုံ့နေခဲ့သော သူမက မော့ကြည့်သည်။ သူ သိပ်ချစ်ရသော သူမရဲ့မျက်ဝန်း ၀ိုင်းဝိုင်း လေးတွင် မျက်ရည်စတချို့က ခိုသီနေခဲ့ကြဆဲ......။

“နောက်ပြီးတော့ မင်းနဲ့အတူမနေချင်ဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖြေခဲ့တာမဟုတ်ရပါဘူးဗျာ....။ မင်းနဲ့အတူ နေခွင့် ရတာပဲဖြစ်ဖြစ်၊ အတူနေခွင့် မရတော့တာပဲဖြစ်ဖြစ်၊ မောင်ဟာ မင်းကိုစ,တွေ့ကတည်းက၊ မင်းနဲ့ ချစ်ခွင့်ရပြီး ကတည်းက မင်းအတွက် အမြဲတမ်း အသက်ရှင်နေထိုင်သွားဖို့ ဆုံးဖြတ်ပြီးသားမို့ပဲလေဗျာ”.....

ပြောရင်း. သူမကို ထပ်မံငုံ့ကြည့်မိပြန်တော့ နှုတ်ခမ်းလေးများက တစ်ဆတ်ဆတ်တုန်ခါနေခဲ့ကြဆဲ....။ သူမ ကို ချစ်မြတ်နိုးခြင်းများစွာဖြင့် စိုက်ကြည့်ရင်း သူဆက်ပြောမိပြန်သည်။

“နောက်ဆုံးတစ်ခုကတော့ မောင့်ဘ၀ထဲကနေ မင်းးအပြီးအပိုင်ထွက်သွားခဲ့မယ်ဆိုရင်.... မောင်ဟာ တစ်ကယ့်ကိုပဲ ရှင်လျှက်နဲ့ သေလူလိုဖြစ်သွားရမှာလေ....။ အဲ့ဒီတော့ ငိုဖို့ အင်အားမရှိတော့လို့....၊ မစွမ်း နိုင်တော့လို့ မင်းထွက်သွားရင် မငိုဘူးလို့ ဖြေခဲ့တာပါပဲဗျာ....။

ဒါတွေအားလုံးဟာ အများရဲ့အမြင်မှာ ပိုတယ်ထင်စရာ၊ ရယ်ချင်စရာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါလိမ့် မယ်..။ ဒါပေမယ့် မောင်သိပ်ချစ်ရတဲ့ မင်းအတွက်တော့ မောင့်ရဲ့ မှန်ကန်သော သစ္စာစကားပါပဲဗျာ....။ ကျေးဇူးပြုပြီး ယုံကြည်ပေးပါတော့ ကောင်မလေးရယ်....။ မင်းနဲ့ အမြန်ဆုံးနီးစပ်ခွင့်ရဖို့အတွက် မောင်ကြိုးစားနေခဲ့ပါတယ် .....၊ ကြိုးစားနေဆဲပါပဲဗျာ”......

သူ့စကားအဆုံးတွင် ရှိုက်ငင်သံတစ်ချက်နှင့်အတူ သူမရဲ့မျက်ဝန်းမှ နောက်ဆုံးလက်ကျန်မျက်ရည်တစ်စက် ပါးပြင်ပေါ်သို့ ခုန်ဆင်းသွားလေတော့၏။ သို့သော် သူမရဲ့ မျက်ဝန်းနှင့် နှုတ်ခမ်းဖျားများကတော့ သိပ်ချစ်စ ရာကောင်းလှသော အပြုံးပွင့်များဖြင့် လင်းချင်းတောက်ပလျှက် ရှိနေခဲ့လေသည်။ သူ့ မျက်ဝန်းနှင့် နှုတ်ခမ်း အစုံသည်လည်း သူမနည်းတူပင်ရှိနေခဲ့ပေလိမ့်မည်.......။

~~~~~@@@~~~~~

နေ၀င်သွားခဲ့လေပြီ.....။
သို့သော် အမှောင်ရိပ်က သန်းမလာခဲ့သေးပါ....။

ဆည်းဆာနှောင်းချိန်မရောက်သေးခင် ညနေရီရီအချိန်လေးတွင် အိပ်တန်းပြန်ငှက်ကလေးတချို့ ရေပြင်အ ထက်မှဖြတ်ပျံသွားတာ တွေ့ရ၏။ သူနှင့် သူမတို့သည်လည်း မကြာမီ ကိုယ်စီ ကိုယ့်အိမ်ပြန်ကြရဦးမည်.....။ လေပြေညင်းကတော့ ပတ်ဝန်းကျင်တစ်ခုလုံးတွင်အဆက်မပြတ်၊ အတားအဆီးမဲ့စွာဖြင့် တစ်သုန်သုန် တိုက်ခတ်နေခဲ့ပါသည်။

သို့သော် ထိုလေပြေညင်းမှာ ကန်ဘောင်ထက်မှ တစ်ယောက်လက်ဖ၀ါးကို တစ်ယောက်ကနေ မြဲမြံစွာဆုပ် ကိုင်ထားခဲ့ကြသော ချစ်သူနှစ်ဦးရဲ့ လက်ဖ၀ါးနှစ်ခုကြားသို့ ဖြတ်သန်းကာ ၀င်ရောက်တိုက်ခတ်နိုင်ခြင်း မရှိနိုင်ခဲ့ပါ...... .။          ။

                       ~~~~~@@@~~~~~@@@~~~~~@@@~~~~~


ပုံလေးကို ဒီနေရာလေးမှ  ယူသုံးပါတယ်ခင်ဗျာ....။
==============================================================
ကျွန်တော့်လက်ကိုင်ဖုန်းလေးထဲကို ဌာနက သူငယ်ချင်းညီလေးတစ်ယောက် forward လုပ်ပြီး ပို့ပေးထား ခဲ့တဲ့ (စာကြောင်းလေးကြောင်းစာလောက်ပဲရှိတဲ့) love story, sms လေးကို အကျယ်ချဲ့ ခံစားရေးထား မိကြောင်း.... ၀န်ခံအပ်ပါတယ်ခင်ဗျာ....။ ဒီက သူငယ်ချင်းတချို့လည်း လက်ခံရရှိဖူးမယ်ထင်ပါတယ်.....။

နောက်ပြီး... သို့သော်လည်း ပြီးကတည်းက အချစ်ဝတ္တုလေးတွေ မရေးဖြစ်တာ ကြာနေခဲ့လို့ပါခင်ဗျာ....း))
==============================================================

ချစ်ခြင်းအားဖြင့်.........

ဏီလင်းညို


36 comments:

အင်ကြင်းသန့် said...

ကိုဏီးရေ...ရေးထားလိုက်တာများ နုရွနေတာပဲ...သူ့ချစ်သူ မေးတဲ့ မေးခွန်း ၃ခုအတွက် ကောင်လေးက ဖြေထားတဲ့ နောက်ဆုံး အဖြေလေး ၃ခုကတော့ တကယ့်ကို ကောင်းမွန်ပြည့်စုံတဲ့ အဖြေတွေပါပဲ... အချစ်စစ်ဆိုတာ အဲဒီလိုမျိုးပဲ ဖြစ်နေရမယ်လို့ထင်တယ်နော်...

ညီညီထွေး said...

ဖတ်ခဲ့ဖူးပါတယ်... မေးလ်ထဲမှာပေါ့.. ပုံစံအမျိုးမျိုးပါပဲ... ကိုဏီးက မွမ်းမံလိုက်တာ အရမ်းကို ကောင်းမွန်တဲ့ စာတစ်ပုဒ်ဖြစ်သွားတယ်.....

♥ကိုဇော်♥ said...

ဟုတ်တယ် မေးလ်ထဲမှာတော့ ဖတ်ဖူးတယ်။
အခုလို ဝတ္ထုလေးလို လုပ်ရေးလိုက်တော့ ပိုဖတ်ကောင်းသွားတာပေါ့။
တင်ပြတဲ့ ဆရာကလည်း ကောင်းလို့ပါ။

ညလင်းအိမ် said...

အရမ်းကောင်းတယ် အစ်ကို ...
အစ်ကို ၀တ္ထုလေးကို ဖတ်ပြီး လွန်ခဲ့သော နှစ်များဆီက အလားတူ အဖြစ်အပျက်လေးကို ပြန်မြင်ယောင်မိပါတယ်ဆို လွန်ရာများကြနေမလားဗျာ ...
အဲဒီလို ကြည်နူးစရာကောင်းတဲ့ အဖြစ်တွေဟာ ပုံပြင်အသွင်ကို ဘာလို့ ကူးပြောင်းသွားကြတာတယ်ဆိုတဲ့ အဖြေကို ရှာမတွေ့ခဲ့ဘူး အစ်ကိုရ ...
တခုတော့ ကျန်ခဲ့တယ် ... ရင်ဘတ်ထဲက လွမ်းဆွေးဆွေး ဟာတာတာ သတိရတမ်းတမိတဲ့ စိတ်ကလေး တခုပေါ့ ...

အစ်ကို့ ၀တ္ထုက ကောင်းလွန်းတော့ နဲနဲ ထိရှသွားတယ်ဗျာ ...

ခင်တဲ့

စန္ဒကူး said...

အဲဒါဖတ်ဖူးတယ်.. ဏီလင်းညိုရေးထားတာလေးပိုသဘောကျတယ်..
ကောင်လေးက ဗျာ..ဗျာ နဲ့စကားပြောတတ်တာလေး ပို ပိုကြိုက်တယ်။
အမှန်တော့ မိန်းကလေးတိုင်းက သူများဘယ်လောက်လှတယ်ပြောပြော ကိုယ့်ချစ်သူက လှတယ်လို့ပြောတာ ကြားချင်ကြတာဘဲ။ ကိုယ့်ချစ်သူအတွက်ဘဲ အလှတွေပြင်..သူက မလှဘူးဒါပေမယ့်ချစ်တယ်ဆိုရင် တစ်မျိုးတစ်ဖုံဖီလင်တော့ အောက်သွားတာဘဲ..း) ကောင်လေးတွေ ချစ်သူကို လှတယ်ပြေပေးဖို့ မမေ့ကြနဲ့နော်။း)))

လင်းခေတ်ဒီနို said...

ဘုန်းဘုန်းဖယား ဆင်ခြင်တော်မူပါ ဖယား . . . . ကိလေသာတွေ ပြင်းထန်နေပါတယ် ဖယားး))))))


“ဟိဟိ ကိုကြီး ကောင်းလွန်းလို့ ဘာပြောရမှန်းကိုမသိတော့ဘူး

SHWE ZIN U said...

လှပ နူးရွ လှပါတယ်ဗျာ.. ဖတ် (စက္ကူလိပ် နှင့် ရိုက်သံ)

ရွှေရတုမှတ်တမ်း said...

လူပိုကြီး...အဲ...လူပျိုကြီး..အရမ်းချစ်နေပါလား...လက်တွေ့မှာ..မှိုတက်နေပြီနော

ဆောင်းနှင်းရွက် said...

ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးထားတာ ဖတ်လို့ကောင်းတယ် ..

ချစ်ကြည်အေး said...

အဲလိုစာလေးတွေ ဏီလင်းက အပိုင်ပဲ....ဖတ်ကောင်းတယ်...ဒါပေမဲ့ ကူးကူးပြောသလိုပဲ မိန်းမတွေက လှချင်မျိုးနွယ်တွေဟ....:)

ဒဏ္ဍာရီ said...

ဖတ်ဖူးပေမယ့် ကိုဏီး ဆားချက်တာ တော်တော့ ပိုပြီး ဖတ်လို့ကောင်းသွားတယ်။
ဟုတ်တာပေါ့ မလှဘူးပြောတော့ စိတ်ဆိုးတာပေါ့။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဝေလင်း said...

အလျှောက်ကောင်းလို့ အထောင်းသက်သာ သွားတာ....
ဖြစ်နိုင်ရင်တော့ အဲလိုပြောခွင့်ရချင်ပါသေးရဲ့ အစ်ကိုရာ...
တစ်ခါတစ်လေတော့လည်း ပြောခွင့်တောင်မရှိတဲ့ အခြေအနေတွေက..

ဝေလင်း said...

ပြောခွင့်မရှိမဟုတ်တော့ဘူး ပြောလို့မရတော့တာ...

သမီးကြီး said...

ကိုဏီလင်းညိုက အချစ်ဝတ္တုဆိုတဲ့အတိုင်း အချစ်ဆိုတဲ့အရာကို ပေါ်လွင်အောင် လှလှပပရေးတတ်ပါပေတယ်။

sosegado said...

ချစ်ချင်းဖွဲ့ထားတာ ခံစားပြီးရေားထားတာပေါ်လွင်ပါတယ်၊ အဖြေတွေကလည်းလှတယ် တကယ်၊

rose of sharon said...

ချစ်စရာဝထ္တုတိုလေးတစ်ပုဒ်လို့ သုံးသပ်မိပါတယ်... လိုက်တော့မခံစားမိလိုက်ပါဘူး... ကိုယ်ကအသက်ကြီးနေပြီမို့

zox said...

အစ်ကို..
ကျွန်တော်လည်း အချစ်ကို တန်ဖိုးထားသူပါ။ အချစ်နဲ့ ပတ်သက်ရင် စစ်ခင်းမယ့်သူပါ။

ညီမလေး said...

လူရွှင်တော်ကြီးက အဲ့လိုနုနုရွရွလေးတွေလဲ ရသလားတဲ့း)))

စကားမစပ် .. ကိုလင်းညိုအတွက် အတွေးကို ဒီနေ့ပဲ အကောင်အထည်ဖော်လိုက်ပါတယ် ။ အချိန်တွေ သိပ်ယူထားမိလို့ တကယ်ဆောရီးပါနော် ။

မောင်ဘကြိုင် said...

း) ကောင်းတယ် ကိုဏီ အရေးသားဂွတ်ရှယ် ဆွေးသွားတယ်
ကောင်မလေးကို သွားသတိရတယ်
း)

blackcoffee said...

မေးကတည်းက ပြန်ဖြေသင့်တာပေါ့။အချစ်နဲ့ ပတ်သက်ပြီး မကျီစားပါနဲ့ အစ်ကိုရာ....မိန်းကလေးသနားပါတယ်။

sindecafe.com

Blackroze said...

အကိုရာ...ရေးထားတာလေးကနုရွနေတာဘဲနော်...
ကောင်မလေးကစကားပြောတာကျွန်မလို့
သုံးတဲ့အသုံးအနှုံးလေးကိုသဘောကျတယ်..
အကိုအရေးအသားလေးကheart ထိတယ်
နဂိုကတည်းကခံစားချက်ရှိတဲ့သူမို့လို့လားမသိပါဘူး...

ကေသရီ said...

ကိုဏီေ၇
ကောင်မလေးက လှရဲ့လားမေးတော့ ဟင့်အင်းတဲ့။ ကောင်မလေးတော်တော် စိတ်ဆိုးသွားမှာပဲနော်။ နောက်ဆုံးမှ အလျောက်ကောင်းလို့ အထောင်းသက်သာသွားတယ်ထင်ပါရဲ့။ စတာနော်။ နူးနူးညံ့ညံ့အချစ်ဝတ္တု လေးမို့ နှစ်သက်စွာ ဖတ်ရှုသွားပါတယ်။ နောက်လည်း ထပ်ရေးပါဦး။

မိုးခါး said...

အဟုတ်ပဲ
အလျှောက်ကောင်းလို့ အထောင်း သက်သာသွားတာပါ .. :D

မြတ်မွန် said...

အော် စကားတက်သူများတော့ ဒီလိုပဲနော်..
ငိုချင်အောင်လည်းပြောတက်တယ်..
ပျော်ရွှင်အောင်လည်း ဖြေတက်တယ်..
ပြောသမျှ ကြည်နူးနေရတာ မိန်းမသားတွေပဲ ထင်ပါရဲ့...။

ဟီးဟီး..အားလုံးဝိုင်းထုရင် ဒွတ်ခ..
ပြေးပြီး ကိုဏီးရေ..တာတာ့..:P

kiki said...

ဟာဗျာ ... ဟာဗျာ ...ဟာဗျာ ...ဟာဗျာ ...
ဏလည တယောက်လည်း ဂလို “ဗျာ” မများရစေချင်ပါ ...

An Asian Tour Operator said...

ခံစားလို့မရပေါင်ဗျာ။ လူကြီးဖြစ်နေပြီ..ဗျ။ :)

ခင်မင်စွာ
AATO

မြသွေးနီ said...

ပို့စ်လေးက တကယ့်ကို နုရွ လှပနေလို့ အသက်ကိုအောင့် Mouse ကလေးကို ဖွဖွ မွမွ ကြွကြွလေးသာ နှိပ်ပြီး ဖတ်ခဲ့ရကြောင်းပါ ။
" ဗျာ " လေးထည့်ပြောတာကတော့ တူသွားပြီ။
ဘူလဲလို့ မမေးနဲ့ " သတ်လိုက် " ။
:)

မြစ်ကျိုးအင်း said...

သူပဲတတ်လည်းတတ်နိင်တယ်
အဲဒီလို ပြောမှတော့ ကောင်မလေးခင်မျာ
ကြွေ ပြီ ပေါ့....။

ကျောင်းသားဘဝက လက်စွမ်းထက်ခဲ့ပုံပဲ
သူများကိုရည်းစားစာ ရေးပေးတာလေ
း)

စိတ်၏ဖြေရာ said...

ချစ်ကိုယ်တွေ.လားဗျို့

အဖြူရောင်နတ်သမီး said...

ရင်ထဲက အချစ် ဆိုတာ...
မြင်တတ်သူ....ခံစားတတ်သူတွေအတွက်တော့ ..
သိပ်လှတဲ့ ပန်းချီကားတချပ်လိုပါပဲ....
အဲဒီပန်းချီကားတချပ်ကို ဆွဲခဲ့တဲ့ကိုဏီ....

မိုးစက်အိမ် said...

သာမန်ယောက်ျားတစ်ယောက်ဖြစ်တဲ့မောင်က သာမန်မိန်းမဖြစ်တဲ့မင်းကို ချစ်တဲ့စိတ်၊ မြတ်နိုးတဲ့စိတ် သက် သက်နဲ့ပဲ ချစ်ခဲ့တာပါဗျာ....။ မင်းဟာ..... မောင်နဲ့ ချစ်ပြီးတဲ့နောက်မှာ အခုရှိနေတဲ့ သာမန်အလှလေး အကြောင်းတစ်ခုခုကြောင့် ပျက်စီး၊ ချွတ်ယွင်းသွားရင်တောင်မှ မောင်က ဆက်ချစ်နေဦး မှာပါပဲ. . .

ချစ်သူက မေးလို့ ကတော့ ဒီအတိုင်းဖြေလိုက်မယ် ပြသနာတက်ရင်
ကိုဏီဘဲ အမှန်က ကောင်လေး ကောင်မလေးကိုစချင်လို့ ဟင့်အင်း
ချည်းဖြေနေတာကို သူကလည်းတော်တော်သဘောက်ပေါက်လွယ်
တယ် ဒါပေမဲ့ ကောင်လေးကလည်းကျွန်တော်လိုအရစ်ရှည်တာကိုး :P

အိမ့်ချမ်းမြေ့ said...

“နောက်ဆုံးတစ်ခုကတော့ မောင့်ဘ၀ထဲကနေ မင်းးအပြီးအပိုင်ထွက်သွားခဲ့မယ်ဆိုရင်.... မောင်ဟာ တစ်ကယ့်ကိုပဲ ရှင်လျှက်နဲ့ သေလူလိုဖြစ်သွားရမှာလေ....။ အဲ့ဒီတော့ ငိုဖို့ အင်အားမရှိတော့လို့....၊ မစွမ်း နိုင်တော့လို့ မင်းထွက်သွားရင် မငိုဘူးလို့ ဖြေခဲ့တာပါပဲဗျာ....။

ကောင်မလေးတော့ ဘယ်လိုမှ ပြန်ငြင်းနိုင်တော့မှာ မဟုတ်ဘူးနော်..

ကိုဏီ စာရေးကောင်းတယ်။

မိုးငွေ့...... said...

ဏီဏီ့ဝတ္ထုလေးကိုဖတ်ပြီး လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က အကြောင်းကိုသွားသတိရမိတယ်...အဲဒီလို နေ၀င်ချိန်လေး မိုးငွေ့ရာဇ၀င်မှာလည်း ရှိခဲ့ဖူးတယ်...။ သိပ်ကိုကြည်နူးစရာကောင်းတဲ့ အချိန်ကလေးပါပဲ....။ ၀တ္ထုလေး ဖတ်လို့ကောင်းတယ်...အရေးအသားညက်တာလည်းပါတာပေါ့...။ ချီးကျူးပါတယ် မာမီ...။

ခင်မင်စွာဖြင့်
မိုးငွေ့

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
ခုမှပဲ ၀တ္ထုကိုလာဖတ်ဖြစ်တော့တယ်.။အချစ်ဝတ္ထုရေးတာလည်းကောင်းတာပဲ
နော်.။ကောင်လေးတွေကလည်းစကားတတ်တာပဲနော်။ပေါက်ကွဲနေတယ်ဆိုလို့
သတိထားအုံးနော်။ရင်ထဲထိအောင်ရေးထားတာကိုးးးးးးး
ခင်တဲ့
သဒ္ဓါ

ပေါ့ဆိမ့် said...

ဖတ်လို့ ကောင်းလိုက်တာဗျာ။ မောင် နေရာကနေ ဖြေထားတဲ့ စကားလုံးလေးတွေ ထိမိတယ်ဗျာ။ တကယ်လည်း ကိုယ်ချစ်တဲ့လူ အတွက် ခံစားမိတဲ့ ခံစားချက်ကလေး တွေထင်ပါတယ်။
(အကြောင်းအမျိုးမျိုးကြောင့် အလည်မထွက်ဖြစ်တာ ကြာပြီ အကိုရေ ဒီပို့စ်လေးကို ဒီနေ့ အရင်ဆုံးဖတ်လိုက်ရတာ ရင်ထဲအေးသွားတယ်)

ခြင် said...

ဟာဂျာ... ဟာဂျာ... ဟာဂျာ.... မန်ကျည်းရွက်နွတ်နွတ်လေး အဲလေ.... နုရွ လှပလွန်းလို့ မောက်စ်တောင် ရွရွလေးပဲ နှိပ်မိတွားဒယ်.... အဟိ