Sunday, June 6, 2010

ခက်



ခုတစ်လော ကျွန်တော်နေတဲ့ဒီမလေးရှားနိုင်ငံထဲက မလက်ကာ(Melaka)ဆိုတဲ့မြို့လေးမှာ မနက်မ နက်ဆို မိုးတွေရွာ ရွာနေတတ်တယ်...။ ပြီးခဲ့တဲ့ စနေနေ့၊ ဇွန်လ ၅ရက်နေ့ကဒီနိုင်ငံမှာ Birthday Of Yang Di-Pertuan Agongဆိုတဲ့ Public Holidayလေ...။ ဘုရင့်မွေးနေ့မို့ ဆိုလား....ဘာလားပါပဲ။ ဒါပေမယ့် Public Holiday မို့များကျွန်တော်တို့စက်ရုံကပိတ် မလားထင်မိလိုက်တာ မှားပြန်ရော...။ ဝေးပါသေးရဲ့ ဗျာ...၊ အဲ့ဒီတော့ ဆင်းလိုက်ဦးဟ...အချိန်ပိုပဲပေါ့....။

ညဆိုင်းမို့ အဲ့ဒီစနေနေ့ညရှစ်နာရီအလုပ်ဝင်ခဲ့ပြီး နောက်နေ့တနင်္ဂနွေမနက် ရှစ်နာရီမှပြန်ထွက်ရမယ့် ကျွန်တော်...၊ ခုနှစ် နာရီမှာ ခိုးပြီးပြန်ခဲ့လိုက်တယ်...။ အချိန်ပိုကို ဆယ်နာရီစာပဲလုပ်ခဲ့တာပေါ့ဗျာ...။ PHမို့ လုပ်ခကတစ်နာရီကို ပုံမှန်လုပ်ခရဲ့ သုံးဆရပေမယ့် မက်မနေနိုင်တော့ပါဘူးဗျာ...။ တစ်ကယ့်ကိုပါပဲ...လျှော်စရာဖိနပ်တွေ၊ အ၀တ်တွေဆိုတာ ပုံနေပြီးကိုးဗျ။ ပြီးတော့ ကျွန်တော့်အဖြစ်က ဒီနေ့လည်းအလုပ်၊ နက်ဖြန်လည်းအလုပ်၊ ဖိန်းနွှဲခါလည်းအလုပ်၊ နောက်နေ့တွေလည်း အလုပ်၊ အလုပ်၊ အလုပ်.....နဲ့ဆိုသလို ဆက်တိုက်ချည်းဖြစ်ဖြစ်နေခဲ့တာ ကြာလှပြီဆိုတော့ ညည်းငွေ့မိပြီပေါ့ဗျာ...။

အဲ့ဒီတော့ ကျွန်တော်မရှိမယ့် တစ်နာရီဆိုတဲ့အချိန်အတောအတွင်းလုပ်ရမယ့်အလုပ်တွေကို ကျန်ခဲ့တဲ့လုပ် ဖော်ကိုင်ဖက် သူငယ်ချင်းတွေအတွက် ကြိုလုပ်ပေးခဲ့ပြီးတော့ ဌာနထဲကမထွက်ခင် သူတို့ကိုသေချာမှာရ သေးတယ်...။ ‘ဒီနေ့မနက် ငါ ပြန်တာကို တစ်ကယ်လို့ ဘော့(စ်)ဖုန်းဆက်ရင် ပြောပြလိုက်....၊ တစ်ကယ် လို့မဆက်ရင် မင်းတို့က စသွားပြီးဖုန်းဆက် ပြောမနေကြနဲ့ဦး’...လို့လေ....။ နောက်ကြောင်းလည်း ငြိမ်း အောင်ရှင်းခဲ့ရသေးတာ...။ လူကြီးတွေက စနေ၊ တနင်္ဂနွေဆို အိမ်မှာ အေးရာအေးကြောင်းနှပ်နေရ တာမို့ တစ်ခါတစ်လေကျရင်တော့လည်း မြန်မြန်လူကြီးဖြစ်ချင်မိသားဗျာ...။ ကိုယ်တိုင်က အသက်ငယ်နေ သေးတော့လေ.....:D

အဲ့ဒါနဲ့ အလုပ်သွားတိုင်းလွယ်သွားတတ်တဲ့ အိတ်စုတ်စုတ်လေးကိုကမန်းကတန်းကောက်လွယ်ပြီးမြန်မြန် လေးပဲ ပြန်လစ်လာခဲ့လိုက်တယ်....။ စက်ရုံအပြင်ဘက်အရောက်မှာ ကောင်းကင်ကိုမော့ကြည့်မိလိုက် တော့ မိုးကခပ်အုံ့အုံ့...။ ဒါပေမယ့် ကျွန်တော်သိတယ်....ဒီမိုးချက်ချင်းမရွာလောက်သေးဘူးဆိုတာကို....။ ဒီမှာနေခဲ့တာ နည်းနည်းလေးကြာခဲ့ပြီမို့ ဒီကရာသီဥတုကိုတောင်မှ ကျွန်တော်ခန့်မှန်းတတ်နေပြီ....၊ နည်း နည်းပါးပါးပေါ့ဗျာ....။ မနက်ပိုင်းဖြစ်ဖြစ် ညနေပိုင်းပဲဖြစ်ဖြစ် မိုး ကောင်းကင်မှာ တိမ်တွေရှိရဲ့သားနဲ့ လေ ငြိမ်နေပြီးပူလာရင် မကြာခင်မိုးရွာရော...၊ အဲ့....လေတွေအရမ်းတိုက်လာခဲ့ပြီဆို ရင်တော့ ခဏနေရွာတော့ တာပဲ...။ ခုက လေတိုက်နှုန်းနှေးနေသေးတယ်လေ...။

အဲ့ဒါကြောင့် တစ်ခါတစ်ခါများစဉ်းစားမိသေးတာ...။ ဒီကအပြီးပြန်ဖြစ်ခဲ့လို့ရှိရင် မိုးလေ၀သနဲ့ ဇလ ဗေဒဦးစီးဌာနမှာ အလုပ်ဝင်လုပ်ရကောင်းမလားလို့လေ....။ ရေဒီယိုတွေ၊ တီဗွီတွေကနေပြီး “ဒီကနေ့အဖို့ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် မနက်ဖြန်ညနေအထိ မိုးရွာချင်ရွာမည်....၊ မရွာချင်ရင်လည်းမရွာပါ...။ ရွာရန်ရာခိုင်နှုန်းမှာ ကိုယ့်စိတ်ကြိုက်၊ ကြိုက်သမျှပင် သတ်မှတ်နိုင်ကြပါသည်”......ဘာညာဆိုပြီး ခန့်မှန်း ခြေမိုးလေ၀သ သတင်းကြေငြာဖို့ပေါ့....။

တနင်္ဂနွေနေ့မနက်စောစောမို့ ကျွန်တော်အိမ်ပြန်တဲ့လမ်းမတစ်လျှောက်မှာ လူတွေအတော့်ကိုရှင်းနေ ခဲ့တယ်....။ လေက လည်းဖြေးဖြေးခြင်းတိုက်နေခဲ့တော့ဟိုဟိုဒီဒီလျှောက်စဉ်းစားရင်း ခပ်သွက်သွက်လေး လျှောက်နေမိတော့တာပေါ့...။ စိတ် ထဲမှာ စဉ်းစားမိနေတာကတော့ အိမ်ပြန်ရောက်ရင်ဘာကို အရင်လုပ်ရ ကောင်းမလဲ....၊ တစ်ပိုင်းတစ်စနဲ့ များနေပြီဖြစ်တဲ့ ရေးလက်စာလေးတွေထဲက ဘယ်ဟာကိုလက်စသတ်ရင် ကောင်းမလဲ....ဆိုပြီး တောင်တောင်အီအီနဲ့ပေါ့ဗျာ....။

ဒါပေမယ့်လည်း ပြောမယ့်သာပြောရတယ်....ခုတစ်လောလည်း....စာရေးချင်၊ ဖတ်ချင်စိတ်တွေလျှော့နေ တာတော့ အမှန်ပဲ...။ မကြာခင်လစ်ဟာသွားတော့မယ့် အတွေ့အကြုံရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့နေရာ မှာ အသစ်ဝင်လာတဲ့ လူသစ် တွေကို တွန်းပြီးသင်ရတဲ့ဒဏ်၊ လုပ်နေရင်းနဲ့ကို ထပ်ထပ်ပိုပိုလာတတ်တဲ့ အလုပ်တွေရဲ့ဒဏ်....၊ ဟူး....မတွေးချင်လောက် အောင်ကို စိတ်ဖိစီးမှုတွေများရတယ်....။ (တစ်ကယ် လည်း...အဲ့ဒီနေ့က ရေးလက်စ,စာတစ်ပုဒ်ကို နှစ်ပိုဒ်လားပဲဆက်ရေး မိတယ်......း))

အဲ့ဒီတော့ ခုရက်ပိုင်းနည်းနည်းအားတဲ့အချိန်လေးတွေဆို ခါတိုင်းလို ဂျီတော့ထဲမှာပုန်းမနေတော့ပဲ အပြင်ထွက်ပြီး အွန်လိုင်းပေါ်မှာ တက်လာသမျှ သူငယ်ချင်းမောင်နှမတွေနဲ့ စိတ်ပါလက်ပါ စကားပြောတော့ တာပဲ...။ တစ်ခါတစ်လေဆို လာမပြောကြမှာစိုးလို့ မီးတောင်မှ အနီကနေ အစိမ်းပြောင်းနေလိုက်သေး ရဲ့....။ စကားပြောချင်လို့ကိုး....။ ပြီးတော့လည်း သူများတစ်ကာ နားထောင်ချင်မှန်းမသိ၊ မနားထောင်ချင် မှန်းမသိ....အတင်းသီချင်းတွေလိုက်ပို့နဲ့ လုပ်နေမိသေးတာ....။ (အဲ့ဒီအဆိုတော်တွေသာ အပြင်မှာကျွန် တော့်ကိုတွေ့ရင် မုန့်ဖိုးကောင်းကောင်းပေးမှာသေချာတယ်၊ သူတို့သီချင်းတွေကို ကျွန်တော်က ဖရီး ပရိုမိုး ရှင်းလိုက်လုပ်ပေးနေတာကိုး.....း))

အဲ့ဒီလိုပဲ ဟိုတွေးဒီတွေးနဲ့ လျှောက်လာလိုက်တာ ကျွန်တော်တို့နေတဲ့ အဆောင်တွေရှေ့က ကားလမ်းမနား ကိုရောက်ခဲ့ပါလေရောဗျာ...။ မီးပွိုင့်က ကျွန်တော်လမ်းဖြတ်ကူးဖို့ အနီရောင်၊ ကားတွေဖြတ်သွားဖို့ အစိမ်းရောင်ပြနေတာတောင်မှ မနက်စောစောဖြတ်သွားဖြတ်လာကားရှင်းနေတာမို့ စောင့်မနေတော့ပဲ နိုင် ငံကြီးသားပီပီ ခပ်တည်တည်ပဲဖြတ်ကူးပစ်ခဲ့မိလိုက်သေးတယ်...။ ဘယ်သူမှ မမြင်လောက်ဘူးထင်တာကိုး။

ကျွန်တော်တို့ဖက်ခြမ်းကိုရောက်တော့ တိုက်ခန်းတွဲတွေထဲက ထိပ်ဆုံးဘလောက်အရှေ့မှာ ရောင်းနေတဲ့ အကြော်ဆိုင် လေးတစ်ဆိုင်ကို သွားမြင်တယ်...။ စကားမစပ်ပြောပြရရင် တိုက်ခန်းတွဲတန်းရှည်ကြီးတစ်ခုစီ မှာ ဘလောက်နာမည်တစ်ခုစီရှိတယ်...၊ အားလုံးပေါင်းသုံးခုဆိုတော့ ဘလောက်နာမည်က သုံးခုပေါ့.....။ ကျွန်တော်နေတာက ဟိုးဘက်အစွန်ဆုံး ဘလောက်မှာပေါ့ဗျာ....။ အားလုံးနိုင်ငံတစ်ကာက အလုပ်သမား တွေနေကြတာများတယ်...။

အဲ့ဒီအကြော်ဆိုင်လေးကို တွေ့တွေ့နေခဲ့တာကြာခဲ့ပေမယ့် ကိုယ်တိုင်တစ်ခါမှ ၀ယ်မစားဖြစ်သေးဘူးလေ...။ အဲ...သူများ တွေဝယ်လာရင်တော့ ကပ်စားလိုက်ပါတယ်...။ များသောအားဖြင့် ကျွန်တော်ဖြတ်သွားတတ် တဲ့အချိန်တွေမှာဆို အင်ဒိုနီးရှားမိန်းကလေးတွေ ၀ိုင်းအုံပြီးဝယ်ဝယ်နေကြတာမို့ ၀င်ဝယ်ရမှာရှက်တာ လည်းပါပါတယ်...။

အဲ့ဒီနေ့မနက်တော့ ခါတိုင်းထက်စောပြီးပြန်လာလို့လား....ပိတ်ရက်မို့လို့လားမသိပါဘူး...။ အဲ့ဒီဆိုင်လေးမှာ လူရှင်းနေခဲ့တယ်...။ ဆိုင်ခုံအဖြစ်ချထားတဲ့ စားပွဲခုံဘေးနားမှာထိုင်နေတဲ့ ဆံပင်ကောက်ကောက်၊ ခန္ဓာ ကိုယ်၀၀နဲ့ အသက်ငါးဆယ် ကျော်လောက်ရှိမယ့် မလေးရှားလူမျိုးအဒေါ်ကြီးတစ်ယောက်ရယ်၊ နောက်သူ့ ဘေးနားမှကပ်ထိုင်နေတဲ့ ခေါင်းမြီးခြုံလေးနဲ့ ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် ချာတိတ်မလေးတစ်ယောက်ရယ်....၊ အကြော်ခုံနောက်မှာကပ်ပြီး အကြော်ကြော်နေတဲ့ ခေါင်းမြီးခြုံ မလေးအဒေါ်ကြီးတစ်ယောက်ရယ်....စုစု ပေါင်းသုံးယောက်ပဲရှိကြတယ်...။ အဲ့ဒီအဒေါ်ကြီးလည်း အသက်ငါးဆယ်ဝန်း ကျင်လောက်ရှိမယ်ထင်တယ် ဗျ....။


အကြော်ဆိုင်လေးရှေ့ကို ၀င်ရပ်လိုက်တော့ သူတို့ သုံးယောက်လုံး ကျွန်တော့်ကိုဝိုင်းကြည့်ကြတယ်...။ ဆံပင်စုတ်ဖွား၊ ညပိုင်းအလုပ်ဆင်းခဲ့ရလို့ မျက်ကွင်း ဟောက်ပက်၊ ဂျင်းဘောင်းဘီက ဒူးနေရာမှာ အပြဲရာ နည်းနည်း၊ ဂျာကင်အမည်းရောင် အဟောင်းနဲ့ အိတ်စုတ်လေးလွယ်ထားတဲ့ ကျွန်တော့်ကို တစ်ခါမှ မမြင်ဖူး သလိုဝိုင်းကြည့်ကြတာပါ...။ ဒီတနင်္ဂနွေမနက်မှာ အချိန်ပိုသွားဆင်းရမယ့် အိမ်က သူငယ်ချင်းတွေ မနက် စာစားဖို့နဲ့ ကိုယ်တိုင်လည်း မိုးအုံ့အုံ့လေးမှာ အကြော်နဲ့ရေနွေးပူပူလေးသောက်ပြီးစားမယ်ဆိုတဲ့ အတွေးနဲ့ ၀ယ်မယ့် ကျွန်တော်တောင် စိတ်ထဲ နည်းနည်းကျွတ်သွားတယ်...။ ဒါပေမယ့် စိတ်တင်းပြီး ဗန်းထဲကအ ကြော်တွေကိုလက်ညှိုးထိုးပြရင်း အင်္ဂလိပ်လို တစ်ခုဘယ်လောက်လဲ....လို့မေးလိုက်ပါတယ်....။

အကြော်ကြော်နေတဲ့ အဒေါ်ကြီးက......အဲ့ဒီတော့မှ ပြုံးပြီးပြန်ဖြေတယ်...။ သုံးခုကို ရင်းဂစ်တစ်ကျပ် တဲ့လေ....၊ အင်္ဂလိပ်လိုပါပဲ...။ ဒီကဈေးသည်တော်တော်များများက Eလိုတော်တော်ရကြပါတယ်...။ အဲ့ဒီ တော့မှ ကျွန်တော်လည်းနည်းနည်း စိတ်သက်သာသလိုဖြစ်သွားရင်း အကြော်ရွေးထည့်တဲ့ ပလတ်စတစ် ဇကာလေးကိုယူရင်း...ညှပ်သေးသေးလေးနဲ့ စားချင်တဲ့အကြော်တွေကို တစ်ခုချင်းရွေးထည့်နေလိုက်ပါ တယ်။ ကန်စွန်းဥကြော်၊ အာလူးကြော်၊ ငှက်ပျောကျော်၊ အသားလုံးကြော်၊ ပဲပြားအဆာသွပ်ကြော်...စတာ တွေကိုပေါ့ဗျာ...။ အားလုံးမြန်မာပြည်မှာလိုပဲ မုန့်နှစ်နဲ့ရောကြော်ထားတာမျိုးပါပဲ...။ အရသာတော့ နည်း နည်းကွာတာပေါ့လေ......။

ကျွန်တော် အကြော်ငုံ့ရွေးနေပေမယ့်လည်း စိတ်ထဲမှာသူတို့ဝိုင်းကြည့်နေဆဲပဲလို့ ခံစားနေရမိတယ်..။ အိမ် မှာသူငယ်ချင်း လေးယောက်ပါရှိနေသေးတာမို့ ကျွန်တော်ဝယ်တာ နည်းနည်းများပါတယ်.....။ အဲ့ဒါကြောင့် တစ်ခုခြင်းစီညှပ်ထည့်နေခဲ့တုန်း......

“သူက အင်ဒိုနီးရှားနဲ့ ဆင်တယ်နော်....၊ ဒါပေမယ့် စကားပြောတာ...အင်္ဂလိပ်လိုပြောတယ်”...

ကလေးမလေးရဲ့အသံ.....။

အဒေါ်ကြီးနှစ်ယောက်က တစ်ယောက်တစ်ပေါက်....

“ငါ့စိတ်ထင်... သူ့ကိုမလေးရှားလို့ထင်နေတာ...။ သူ့လေသံကြည့်ရတာ....မဟုတ်လောက်ဘူး....၊ ဖိလစ် ပိုင်များလား”...

“ဗီယက်နမ်တို့၊ နီပေါလ်တို့လည်းဖြစ်နိုင်တာပဲလေ.....၊ သေချာတာတော့ ဘင်္ဂလားမဟုတ်ဘူးဆိုတာပဲ”.....

သူတို့စကားတွေကို နားထောင်ရင်း ကျွန်တော်ကျိတ်ပြုံးမိလိုက်တယ်...။ မလေးရှားလို ကျွန်တော်နားမလည် ဘူးထင်ပြီးကျွန်တော့်အကြောင်းကို ကျွန်တော့်ရှေ့မှာတင်ပြောနေကြတာကိုး.....။ အဲ့ဒါလည်းအရသာတစ် မျိုးပဲဗျ....။ အဲ့...အရသာကချိုတာ....ချဉ်တာတော့ ကွာမှာပေါ့လေဗျာနော့်.....။

ဇကာလေးထဲမှာလည်း ကျွန်တော်လိုချင်တဲ့အကြော်အရေအတွက်ပြည့်သွားပြီမို့ ခေါင်းမော့ရင်း ဘေးနား ကအဒေါ်၀၀ကြီးကို ကျွန်တော်ပေးလိုက်ပါတယ်...။ ပြီးတော့ ပါးစပ်ကနေပြီးတော့လည်း.....

“ဆာယာ အိုရန်း မြန်မာ”...(saya orang Myanmar)ကျွန်တော်မြန်မာလူမျိုးပါ.....လို့ပြုံးပြီးပြောလိုက်မိ တယ်...။

ကျွန်တော့်အသံလည်းကြားရော.....သူတို့သုံးယောက်လုံးအငိုက်မိခံလိုက်ရသလို အိုး.....ခနဲအော်လိုက်ကြ တယ်...။ အဒေါ်ကြီးနှစ်ယောက်က

“အိုး....ကာမူး ကန်း အိုရန်း မြန်မာ”....(kamu kan orang myanmar)အိုး...မင်းက မြန်မာလူမျိုးလား....

လို့ တစ်ယောက်တစ်ခွန်းစီ ပြောကြပေမယ့် ချာတိတ်မလေးကတော့ သူ့ဘေးနားက အဒေါ်၀၀ကြီးရဲ့ ခန္ဓာ ကိုယ်ကြီးနဲ့ သူ့ခေါင်းလေးကိုကွယ်ပြီးပုန်းနေပါလေရော...။ သူတို့တွေပြောနေတာကို.....တစ်ချိန်လုံးနား ထောင်နေတဲ့ ကျွန်တော်သိနေခဲ့ တာ...ရှက်လို့ထင်ပါ့ဗျာ....။ ကျွန်တော်က ပြုံးပြီးထပ်ခေါင်းငြိမ့်ပြလိုက် တော့ အဒေါ်ကြီးနှစ်ယောက်လုံးက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ကြည့်ကြပြန်တယ်....။ ပြီးတော့မှ ဘေးနားကအ ဒေါ်၀၀ကြီးက ဇကာလေးထဲကအကြော်တွေကို ကြွပ်ကြွပ်အိတ်ထဲ တစ်ခုခြင်းစီသေချာထည့်ပေးနေတယ်။ ငါးကျပ်ဖိုးဝယ်လို့ငါးကျပ်တန်တစ်ရွက် အဲ့ဒီအဒေါ်ကြီးကိုပဲပေးလိုက်တော့ ကျွန်တော့်လက်ထဲကိုအကြော် အိတ်ကလေးလှမ်းပေးရင်းပြောတယ်....။ မြန်မာသံပီပီသသကြီးနဲ့ကိုပါ....

“ကျေးဇူးတင်ပါဒယ်”......တဲ့လေ...။

ကျွန်တော့်မှ သဘောကျသွားလွန်းလို့ ထပ်ပြုံးပြလိုက်မိတယ်....။ ပြီးတော့ အားလုံးကိုတစ်ချက်ဝေ့ကြည့်ပြုံး ပြရင်းလှည့် ထွက်ကာနီးမှာ အဲ့ဒီအဒေါ်၀၀ကြီးကပဲ ပြုံးရင်းထပ်ပြောပြန်တယ်.....။ အဲ့ဒီစကားကို ဘယ်သူက ဘာအဓိပ္ပာယ်နဲ့သင်ပေး ခဲ့သလဲဆိုတာ.....၊ သူကိုယ်တိုင်ကလည်း.....ဘယ်လိုအဓိပ္ပာယ်မှတ်ပြီးပြောတယ် ဆိုတာကို ကာယကံရှင်တွေကလွဲပြီး ဘယ်သူမှ သိနိုင်မယ်မထင်တော့ပါဘူး......။

အဲ့ဒီအဒေါ်၀၀ကြီးကျွန်တော့်ကိုပြောတဲ့စကားလေးက ရိုးရိုးလေးပါ.....။ ပြီးတော့ မြန်မာလိုပီပီသသနဲ့ကို ပြောတာပါ....။

“ချီးတယ်နော်..... ချီးတယ်”....တဲ့လေ.....။

~~~~@@~~~~

သူတို့ဆိုင်ကလေးရှေ့ကနေ အကြော်အိတ်ကလေးကိုလက်ကဆွဲရင်း ခပ်သွက်သွက်လေးပဲ ကျွန်တော် လှည့်ထွက်ခဲ့မိပါတယ်...။ ကိုယ့်မျက်နှာကို ကိုယ်တိုင်ပြန်မမြင်ရပေမယ့် ဘယ်လိုဖြစ်နေမလဲ.....ဆိုတာကို ခန့်မှန်းကြည့်မိလို့ရပါတယ်....။ ရွယ်တူ မိန်းကလေးတွေဆီကနေမဟုတ်ပဲ.....ကျွန်တော့်ထက်အသက်အ များကြီးကြီးတဲ့ အဒေါ်ကြီးတစ်ယောက်ဆီကနေပြီး(ဘာအဓိပ္ပာယ်လည်းဆိုတာ....သေချာသူမသိဘူးထင် ပေမယ့်)“ချစ်တယ်နော်....ချစ်တယ်”.....လို့ ဘလိုင်းကြီးပြောခံလိုက်ရတဲ့ ကျွန်တော့်မျက်နှာဟာ “ပြုံး၍ ရယ်ရခက်သောမျက်နှာ”.....ဆိုတာမျိုးဖြစ်နေခဲ့မှာ သေချာနေခဲ့တယ်ဆိုတာပါ ပဲ......။      ။

                                       ~~~~@@@~~~~@@@~~~~@@@~~~~


ပုံလေးကိုဒီနေရာလေးကနေယူသုံးထားတယ်ဗျာ......။
===========================================================
ဘာရယ်မဟုတ်ပါဘူး...။ လွန်ခဲ့တဲ့နှစ်ရက်က တစ်ကယ်ကြုံခဲ့တဲ့ အဖြစ်လေးကိုမနေနိုင်လို့ပြန်ရေးမိတာပါ..။ ကျွန်တော်မရောက်ဖြစ်ပေမယ့် အမြဲလာလာစာဖတ်ပေးနေတဲ့မောင်နှမတွေအားလုံးကို လင်းခေတ်ဒီနိုတစ်ဖြစ်လဲ(ကျွန်တော့်အခေါ် လင်းခေတ်ဒိုင်နိုဆော)ညီလေးဗညားရှိန်ရဲ့လေသံ လေးကိုသုံးပြီးပြောပါရစေ....။ အင်္ဂလိပ်လိုဆို...သိုင့်သိုင့်၊ တရုတ်လိုဆို ရှဲ့ရှဲ့၊ မြန်မာလိုဆို ယူပီဂျီပါပဲတဲ့..ခင်ဗျာ......:D
===========================================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

32 comments:

TYZ said...

သံယောဇဉ်ကလေ ဖတ်လို့မပြီးသေးခင်မှာ စဉ်းစားနေတာ... ချီးတယ်နော် ချီးတယ်ဆိုတာ ကိုဏီလင်းညိုကို ချောတယ်လို့ပြောတာပေါ့နော့် ၊နောက်မှ ချစ်တယ်ဆိုတော့ ဟီး ဟီး ကိုဏီလင်းညိုကြီးရဲ့ မျက်နှာကို ပြေးမြင်ချင်လိုက်တာနော်...... တကယ်လို့ ကောင်မလေးတွေဖြစ်ခဲ့ရင်လည်း ချီးပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ ပြုံးဖြီးနေမှာ ကျိန်းသေလောက်တယ်.. အခုတော့ ကိုဏီကြီးရယ်.....

ကိုဇော် said...

အဲသလိုပဲ သူ့အတင်းကိုယ်ပြော ကိုယ့်အတင်း သူပြောပါပဲ။
ဟိဟိ. . .
ဒါပေမဲ့ ခက်တာက. . မြန်မာလို ဆဲတာတွေ သွားသင်ပေးတော့ ကိုယ့်စကားနဲ့ ကိုယ့်ကို ပြန်အဆဲခံရတာကတော့ နာတယ်။

shwezinu said...

ကိုဏီရေ

တကယ် ချီးတယ်နော် တကယ်ချီးတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

“ချီးတယ်နော်..... ချီးတယ်”...ပြောလို့ဖြစ်နေတဲ့ မျက်နှာကြီးက ပြုံး၍ ရယ်ရခက်သောမျက်နှာထက် ပိုမယ်ထင်တယ်၊

ညီမလေး said...

ရင်တွေကော ခုန်သွားသေးသလား ကိုလင်းညိုးD

မြသွေးနီ said...

Proxy ချိန်းလိုက်လို့ ပြန်မန့်လို့ရသွား၏။
ဒါကြောင့် ပြန်လာ မန့်ပါ၏။
ချီးတယ်နော်..အတွက် ကိုဏီတစ်ယောက်
ရှက်ရှက်နဲ့ခက် နေမှာ မြင်ယောင်မိပါ၏။ :)

ချစ်ကြည်အေး said...

္ဏစောစောစီးစီး ဏီလင်းတို့ စွံပုံက ....ဟ ဟ ...ဒါနဲ့ "အကူ ကျင်သား ပါရာမူ" သီချင်းလေး ပြန်မဆိုပြခဲ့ဘူးလား ခွိခွိ....:D

သဒ္ဓါလှိုင်း said...

ကိုဏီလင်း..
အဒေါ်ကြီး၀၀ရဲ့အပြောကြောင့်အိပ်ပျော်ရဲ့လားလို့...။
ပြုံးပြုံးကြီးဖြစ်နေပြီးပျော်နေမယ်ထင်တယ်နော်...။စွံတယ်နော်.....

ခင်တဲ့
သဒ္ဓါ

စန္ဒကူး said...

ဏီလင်းညိုတို့များ စွံတာ.. အဲလို စွံတာ..
ဟီးဟီး

ခိုင်နုငယ် said...

ချီးတယ်နှော်..ချီးတယ်ဆိုလို့
ချောတယ်လို့ပြောတာမှတ်နေတာ..
အဟီး...အီဖွားကြီးက
ချီးတယ်လို့ပြောတာကိုး....
ဖတ်ပြီးရယ်သွားမိတယ်ကိုဏီလင်းညိုရေ...

မောင်မျိုး said...

ချီးတယ်နော် ဆိုတော့ ချီးတယ်ပြောလိုက်ပေါ့ အစ်ကိုရး)

ယွန်း said...

ကိုဏီလင်းညိုတို့ စွံချက်ကတော့..ဟားဟား

linn said...

ဏီလင်းညိုရေ ...
ဒီတစ်ခါလေနေတာ ကိုယ့်သူငယ်ချင်း ကလှည့်ထင်တယ် ... အမြန်ဆုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေ နော ...“ပြုံး၍ ရယ်ရခက်သောမျက်နှာ”.ကို လာကြည့်သွားတယ် ...
ခင်မင်စွာဖြင့် ..
လင်း

linn said...

ဒါနဲ့ စကားမစပ် ..

စိတ်တွေ ကြည်လင်သွားအောင် လင်းနားမှာ ကျိုက်ထီးရိုးဘုရား လာဖူးပါ ...
ခင်မင်စွာဖြင့်
လင်း

လုံးတုံး said...

တကယ်ပါဗျ။ ကိုရင်လင်းညို ရေးတာတွေက ဖတ်လို့ကို ကောင်းတာဗျ။ ရီလည်း ရီရပါတယ်။ အလုပ်အမောတွေ ပြေပျောက်ပါစေဗျာ။ outlet လိုနေပြီ၊ ကဲလိုက်ဦး...ဟီးဟီး။

မောင်ဘကြိုင် said...

အော် ကိုဏီအဲဒါကြောင့်ပျောက်နေတာကိုး
မားကျစ်က ကျင်းတာ့ ပြောလိုက်လို့ ရင်တွေခုန်ပြီး သွေးတွေများ တက်သွားသလားးးးးး)း)

ဆောင်းနှင်းရွက် said...

ဟားးဟားးး
ခေတ်သစ် မြန်မာစကားလုံး ချစ်တယ် ပေါ့ .....

အဲ့အချိန် ကိုသွပ်ပြားးလည်း
ရင်တွေ ခုန်တွားးးတယ် မလားးး ...
မျက်နှာကြီးးး မချိုမချင်နဲ့ .. ပိတီတွေ ဝေဖြာ
တွားတယ် ဆိုတာ
သိပါဒယ် ... သိပါဒယ် ..

ဟီးးးဟီးးး ... :D

((မအားတာနဲ့ ပို့စ်လာဖတ်တာ နောက်ကျတွားးးတယ်))

ရွှေရတုမှတ်တမ်း said...

ဪ....အချစ်မှာ..အရွယ်လဲမရွေးပါလားနော်..
မိန်းကလေးက စပြီးပြောတာတောင်..လှောင်ရက်လိုက်တာ..
သွား...လူဇိုး....

လင်းခေတ်ဒီနို said...

ဟားဟား ချီးတယ်နော် ချီးတယ် . . . ဟီးဟီး ..... တော်သေးတာပေါ့ . . ကျွန်တော်စိတ်ထင် သူပြောတဲ့ ချီးတယ်ဆိုတာ မြန်မာလို အနီးစပ်ဆုံး ချစ်တယ် ချစ်တယ်လို့ ပြောတာဖြစ်မှာပေါ့ ဟားဟားဟား ကိုဏီးကြီးကတော့ စွန်ချက်ဗျာ စွန်ချက် ကလန်းပါ့ ( ညက်စိ ) . . .

လင်းခေတ်ဒီနိုတစ်ဖြစ်လဲ(ကျွန်တော့်အခေါ် လင်းခေတ်ဒိုင်နိုဆော)ညီလေးဗညားရှိန်ရဲ့လေသံလေးကိုသုံးပြီးပြောပါရစေ....။ အင်္ဂလိပ်လိုဆို...သိုင့်သိုင့်၊ တရုတ်လိုဆို ရှဲ့ရှဲ့၊ မြန်မာလိုဆို ယူပီဂျီပါပဲတဲ့..ခင်ဗျာ......:D

ကြည့်စမ်းဗျာ သူများ ကျေးကျေး စကားလုံးတွေ ဆင်ဆာ မတင်ပဲ ပြောတယ် . . . မရဘူး ဗီဒီယို အက်ဥပဒေအရ အရေးယူမယ် ပုဒ်မကြီး ပုဒ်မလေး ပုဒ်မလတ် . . . ၁၀၉ ၁၁၀ လမ်းသလားရင်း သူများ စကား ယူသုံးမှုနဲ့ မရှိတဲ့ ပုဒ်မတပ်ပြီး အေ၇းယူမယ် ကိုဏီးကြီးကို ဒါဗြဲးးးးးးးးးးးးးးးးးးးးးးးးးးးး

ညလင်းအိမ် said...

ဝမ်းသာပါဧ။် .. တို့အစ်ကို စွံပြီကွ ....

ချီးတယ် ... ချီးတယ် ...း)))))

ခရေညို said...

ခရေညို လည်းအဲလိုကြုံဘူးတယ် kfc ဆိုင်ထဲမှာ မြန်မာကုလားကို ဘင်္ဂလားကုလား ထင်ပြီး အတင်းပြောတာလေ ပြီးမှအဲဒီကုလားက ကျွန့်တော်သွားလိုက်ပါအုန်းမယ်လို့ပြောသွားတာ :)

မြစ်ကျိုးအင်း said...

လူကအလုပ်မအားပေမယ့် သူ့စန်းနဲ့သူကိုးဗျ
စန်းထ လာပြီဆိုရင် ရတဲ့အချိန်လေးမှာကို အဆင်ပြေကြတာပဲ ဟဲဟဲ

An Asian Tour Operator said...

တော်သေးတာပေါ့ Saya Orang Utan လို့မှားမပြောမိလို့

အင်ကြင်းသန့် said...

ဟဟဟ....ဟိဟိဟိ....ခွိခွိခွိ.... (အိမ်ရှင်ကို အားနာလို့ သိပ်မရီသွားသေးဘူး။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အားရပါးရ ရီလိုက်ဦးမယ် :D )

ကာရံဆူး said...

ခုမှ ကိုမျှစ်ချိုးဆီက တဆင့် လာလည်ပါတယ်...ခက် ကို ဖတ်ပြီး ခက်သွားပါတယ်...ခိခိ

rose of sharon said...

တော်တော်စွံတာဘဲနော်... (နောက်တာပါ)... သဘောတကျဖတ်သွားသည်

ယောနက်သန် said...

ကိုဏီလင်း တို့ စွံလှချေလား။ :)

blackroze said...

ကိုဏီ..တို့ကတော့နော်..အချီးခံရတာကံကောင်းတာပေါ့နော်..

ညီညီထွေး said...

အင်း.... မျက်ချေးတွေ့လို့နေမှာပေါ့.. ဟားဟား... နောက်တာပါ.....း)))))...


ခင်မင်တဲ့
ညီညီထွေး

thaw zin soe said...

အကို ကောင်မလေးတွေက ချောလားဟင်.. အကိုရင်ခုန်သွားရင် ရင်ခုန်သံလေးတွေကို မာလကာကနေ မျှပါဦး.. အားလုံးပေါင်းသုံးရောက်ဆိုတော့ အဆင်ပြေမှာပါ.. ခစ်...ခစ်.. :P

မြတ်မွန် said...

ဟိဟိ..ကိုဏီးကို ကောင်မလေးတွေ ဝိုင်းရှိုးနေတယ်ပေါ့။
ဆက်ပြီး နားထောင်နေတာ မဟုတ်ဘူး။
သူတို့ဘာဆက်ပြောနလဲလို့လေ။
ချောတယ်လို့ရော..ပြောမနေဘူးလား ကိုဏီးရ..
ဟဲဟဲ..

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်ကို ဖတ်ရသူတွေရဲ့ မျက်နှာလေးတွေကလည်း မချိုမချဉ်လေးတွေနဲ့ ဖြစ်နေကြမှာပဲနော်