Friday, December 25, 2009

မညှိုးပန်း


    
နက်လင်းအားကြီးချိန်က သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့်ထင်ပါသည်။ ညဆိုင်းအလုပ်ခွင်မှ အိမ်သို့အပြန်၊ လှမ်းနေဆဲဖြစ်သော သူ၏ခြေလှမ်းများအောက်မှ အနက်ရောင် နိုင်လွန်ကတ္တရာလမ်းညီညီလေး က ရေစက်များဖြင့် စွတ်စိုနေခဲ့၏။ ထို့အတူ လမ်းမထက်တွင် ဟိုဒီပြန့်ကျဲစွာ ကြွေကျနေခဲ့သော သစ်ရွက်စိမ်းစိမ်း လေးများမှာလည်း စိုစွတ်နေဆဲဖြစ်တာ တွေ့နေရသည်။
         
ကောင်းကင်ကို သူတစ်ချက်မော့ကြည့်မိသည်။ မနက်စောစောဖြစ်နေသော်လည်း နေရောင်ကို လုံးဝမမြင်ရ။ အုပ်စုဖွဲ့ကာ ဟိုဒီရွေ့လျားနေခဲ့သော တိမ်မည်းညိုညိုတို့က ကြည့်နေရင်းခဏမှာပင် တဖြည်းဖြည်း နိမ့်ဆင်း လာနေသည် ထင်ရ၏။ အတွေ့အကြုံအရ နောက်ထပ်တစ်ခေါက် ထပ်ပြီး မိုးရွာဖို့ အစပျိုးနေပြန်ပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဝေ့,ခနဲတိုက်ခတ်လာသော မိုးသက်လေတစ်သုတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်ခ,နဲဖြစ် အောင် အေးသွားရ၏။ ထို့ကြောင့် ပခုံးနှစ်ဖက်ကို အသာကြုံ့ရင်း လှမ်းနေဆဲဖြစ်သော ခြေလှမ်းများကို ခပ်သွက် သွက်လေး လှမ်းလိုက်မိ၏။
        
နောက်...စိတ်ထဲမှလည်း နောက်ထပ် ဆယ့်ငါးမိနစ်အတောအတွင်း ဒီမိုးမရွာပါစေနဲ့ဟု တိတ်တိတ်ကျိတ်ကာ ဆုတောင်းမိသည်။ အလုပ်မှအပြန် သူ့တွင် ထီးမပါလာခဲ့တာမို့သာ ဖြစ်ပါသည်။
        
နှစ်တစ်နှစ်၏ပြီးဆုံးမှုကို လှပစွာအနားသပ်ပေးမြဲဖြစ်သည့် ဒီဇင်ဘာလလေးဖြစ်တာမို့ သူရှင်သန်ကြီးပြင်းခဲ့ရာ အမိမြေတွင် မြူနှင်းတို့ဝေဖြာစွာဖြင့် အေးမြမြဆောင်းဥတုလေးဖြစ်နေခဲ့မှာ အသေအချာပင်။ သို့သော်လည်း လက်ရှိ သူနေထိုင်ကာ အလုပ်လုပ်နေခဲ့ရသည့် ပြည်ပနိုင်ငံငယ်လေးတစ်ခုတွင်မူ အခုတလော မိုးများရွာသွန်းနေ ခဲ့သည်မှာ နေ့စဉ်ရက်ဆက်ဆိုသလိုပင် ဖြစ်နေပါသည်။
         
ထိုကဲ့သို့ အိမ်အပြန်လမ်းတွင် မိုးတွေရွာသည်ဖြစ်ဖြစ်...၊ အခုလို ရွာခါနီးဆဲဆဲပဲဖြစ်ဖြစ်...သူ့ရင်ထဲတွင်.....

~~~@~~~

        
အုတ်နီခဲအကျိုးအပဲ့များကို ထုခွဲကာခင်းထားသော မညီမညာလမ်းလေး၏ အပေါ်တွင် ခပ်စောစောက ရွာချခဲ့သော မိုးရေစက်များ ပေစွန်းနေခဲ့သည်။ လမ်းလေး အထက်ရှိ ချိုင့်ခွက်နေရာ အတော်များများထဲတွင် ရွံ့ ရောင်ပေါက်နေသောရေများ ၀ပ်ကျန်နေရစ်ခဲ့တာ တွေ့ရ၏။ လမ်းဘေးအစပ်နားရှိ ရေများပြည့်နေခဲ့သော ရေ နှုတ်မြောင်းလေး၏ နှုတ်ခမ်းအစပ်တွင် မြက်နှင့် ကနဖော့ပင်များက စိမ်းလန်းစွာဖြင့် သန်သန်စွမ်းစွမ်း ပေါက်နေ ခဲ့တာကိုလည်း မြင်နေရသည်။
         
မိုးတွင်းစီး ကွင်းထိုးဖိနပ်အနက်ရောင် ခပ်ကြီးကြီးတစ်ရံ၏ အကူအညီဖြင့် (သူ့အတွက်) အချိန်မရွေးပင် ချော်လဲသွားနိုင်သော မညီမညာလမ်းကလေးထက် ဂရုစိုက်ကာ သူလျှောက်လှမ်းနေခဲ့ရသည်။ တစ်ခါတရံတွင် နင်းစရာအမာခံမရှိပဲ ရေပြည့်နေသည့် ချိုင့်ခွက်ငယ်လေးများကိုမူ ကွေ့ပတ်ရှောင်မသွားတော့ပဲ သူခုန်ကျော်ပစ်ခဲ့ လိုက်သည်။ ခပ်ဆိုးဆိုးလမ်းလေးအထက်တွင် လမ်းလျှောက်နေခဲ့ရတာမှန်သော်လည်း မိုးရနံ့ပါသောလေထုကို ရှူရှိုက်ရင်း သူနှစ်သက်စွာပျော်နေမိခဲ့သည်။ ဇူလိုင်လ၏ မိုးရက်တစ်ရက်ဖြစ်တာမို့ ကောင်းကင်ပြင်တစ်ခုလုံးတွင် တိမ်မည်းညိုညိုတို့က မှိုင်းမှိုင်းပြပြဖြင့် ရှိနေခဲ့လေ၏။
        
သူ ဆက်လျှောက်လာခဲ့သည်။ မိုးအုံ့နေခဲ့သော နေ့လယ်ပိုင်းမို့ လမ်းလေးထက်တွင် လူရှင်းနေခဲ့သည်။ တစ်ယောက်စ, နှစ်ယောက်စဆိုသလို ဘေးနားမှဖြတ်သွားကြသော လူတချို့က သူ့ကိုအကဲခတ်သလိုမျိုး ကြည့် သွားကြတာ သတိထားမိ၏။ အလိုလိုနေရင်း ပြုံးနေမိသော သူ့မျက်နှာကြောင့်ပင် ဖြစ်မည်ထင်ပါသည်။
         
သံဇကာကွက်ကျဲကျဲများဖြင့် ခြံစည်းရိုးကျယ်ကျယ်ခတ်ထားသော မူလတန်းကျောင်းလေး တစ်ကျောင်း ရှေ့သို့ သူရောက်လာခဲ့သည်။ ကျောင်းဝင်းတံခါးဝရှိ သစ်သားတံခါးလေးနားမှာရပ်ရင်း အထဲသို့ သူလှမ်းကြည့်မိ၏။ အုတ်ဖြင့် အယ်လ် (L) ပုံစံဆောက်ထားခဲ့သော တစ်ထပ်ကျောင်းဆောင် ရှည်ရှည်လေးက သူ့မျက်စိထဲတွင် ခါတိုင်းထက်ပိုသေးသွားသည်ဟု ထင်ရ၏။ နောက်မှ မမြင်ရတာကြာသွားလို့ဖြစ်မည်ဟု ပြန်တွေးမိလိုက်သည်။ သို့သော် ကျောင်းကလေးကို သုတ်ထားခဲ့သည့် ဆေးအဖြူရောင်ကလေးကမူ အရင်ကထက်ပိုပြီး မှေးမှိန်စွာဖြင့် ညစ်ထပ်ထပ်နိုင်နေတာကတော့ အမှန်ပင်။
         
စေ့ရုံသာ စေ့ထားသော ခပ်ယိုင်ယိုင် သစ်သားဝင်းတံခါးလေးကို တွန်းဖွင့်ရင်း ကျောင်းဝင်းအတွင်းသို့ သူဝင်ခဲ့လိုက်သည်။ ကျောင်း၏ အရှေ့ဘက်တွင်ရှိသော မကျဉ်းမကျယ် ကစားကွင်းလေးမှာလည်း ရေများစိုနေ ဆဲဖြစ်တာတွေ့ရ၏။ ကွင်း၏အစပ်ရှိ အလံတိုင်လေးအထက်တွင်မူ သိပ်မသစ်တော့သော နိုင်ငံတော်အလံက မိုး ရေများဖြင့် စိုကပ်နေခဲ့သည်။ ထိုနံဘေးမှ သူဖြတ်လျှောက်လာခဲ့လိုက်သည်။ ကျောင်းဆောင်အစပ် ကော်ရစ်ဒါ ပေါ်ခြေချမိတော့ စောစောကတည်းက သူကြားနေခဲ့ရသော ကျောင်းသားလေးများ၏ ဆူညံသံ၊ စာဆိုသံတို့ကို ပိုမိုပီပြင်စွာ ကြားလာရသည်။
         
“ဟယ်... သား”...
        
အလွန်ရင်းနှီးခဲ့ဖူးသော ခေါ်သံကြောင့် သူလှမ်းကြည့်မိသည်။ သူနှင့် အနီးဆုံးနေရာတွင်ရှိသော ရုံးခန်းထဲမှ ထွက်လာသည့် ခန္ဓာကိုယ်ခပ်ဖိုင့်ဖိုင့်နှင့် ဆရာမတစ်ယောက်ကို တွေ့လိုက်ရ၏။ သူနှင့် အရမ်းရင်းနှီးခဲ့ဖူးသော ထိုဆရာမရှိရာသို့ ပြုံးပြရင်း လှမ်းသွားလိုက်သည်။ ဆရာမက အားရ၀မ်းသာစွာ ပြုံးရင်းမေးသည်။
        
 “ဆရာ့ဆီကို လာတာလားသား”
 “ဟုတ်ကဲ့ဆရာမ...အဖေရှိရဲ့လားမသိဘူးနော်”...
         
ဆရာမ၏အမေးကို ခေါင်းငြိမ့်ကာပြန်ဖြေလိုက်ရင်း မေးမိသည်။
        
“ရှိတယ် သားရဲ့၊ လာ ဆရာမ သားအဖေအတန်းကို လိုက်ပို့ပေးမယ်..။ မတွေ့ရတာ ကြာလို့လားမသိဘူး၊ သားက ပိုချောလာသလိုပဲ”....
        
ဆရာမ၏စကားကြောင့် ရှက်ရွံ့၊ အနေခက်စွာသူရယ်လိုက်မိရင်း ထိုဆရာမဘေးနားမှနေ သူလိုက်သွားမိ ခဲ့သည်။ ထိုဆရာမသည် သူ့အဖေနှင့် တစ်ကျောင်းတည်း လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတစ်ယောက်၊ သူတို့မိသားစု နှင့် ခင်မင်ရင်းနှီးနေခဲ့သူ တစ်ဦးဖြစ်၏။ ပထမတန်းဟု ရေးထားသည့် စာသင်ခန်းလေး တစ်ခန်းအရှေ့မှ သူတို့အ ဖြတ်တွင် အပေါက်ဝနားရှိ စားပွဲခုံတွင်ထိုင်နေသော ဆရာမတစ်ယောက်က လှမ်းပြီး....
         
“အစ်မရေ... ဧည့်သည်လာတာလား”....
“ဟုတ်တယ် ညီမရေ့။ ဒါ..ဆရာ့သားလေ၊ ပြည်ပမှာ အလုပ်သွားလုပ်နေတာ ကြာပြီ။ အခုမှ အလည်ပြန် ရောက်လာတာလေ။ အဲ့ဒါ အခု သူ့အဖေဆီကို လာလည်တာတဲ့၊ သားအဖတွေက အိမ်မှာမတွေ့ရတာ ကျနေ တာပဲလေ။ ဟင်း...ဟင်း”
        
အတန်းထဲက ဆရာမကအပြင်သို့ထွက်လာရင်း....
     
“သြော်.. အဝေးရောက်နေတဲ့ ဆရာ့သားဆိုတာလား။ သားအဖေ ပြောပြောနေတာတော့ ခဏခဏ ဆိုသလို ဆရာမတို့ ကြားဖူးနေတာ။ လူကိုတစ်ခါမှ မတွေ့ဖူးခဲ့ပေမယ့် နာမည်ကိုတော့ ရင်းနှီးနေခဲ့တာကြာပြီသားရဲ့။ ဆ ရာမက မင်းထွက်သွားပြီးမှ ဒီကျောင်းကို ပြောင်းလာခဲ့တာလေ”
“ဟုတ်ကဲ့ပါ ဆရာမ၊ ကျွန်တော်လည်း တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ”
       
အဖေ့ လုပ်ဖော်ကိုင်ဖက် ဆရာမမို့ ယဉ်ကျေးစွာ သူနှုတ်ဆက်လိုက်မိသည်။ ထိုဆရာမက ပြုံးကာ ခေါင်းငြိမ့် ပြသည်။ ဆက်လျှောက်လာခဲ့ကြတော့ “ဒုတိယတန်း”ဟု ရေးထားသော စာသင်ခန်းရှေ့သို့ သူတို့ ရောက်လာကြ ၏။
       
 “လှည်းဘီးများ ရွှံ့ထဲကျွံနေသောအခါ လှည်းသမားသည် မည်သူ့ကို တိုင်တည်သနည်း”....
         
သံနေသံထားဖြင့် မေးလိုက်သော အဖေ့အသံအား သူကြားလိုက်ရတော့ ပြုံးမိသည်။
         
“လှည်းဘီးများရွှံ့ထဲကျွံနေသောအခါ... လှည်းသမားက ရေနတ်မင်းကို တိုင်တည်ပါသည်”...
      
သံပြိုင်ဖြေလိုက်ကြသော ကျောင်းသားလေးများ၏ အသံကြောင့် သူထပ်ပြုံးမိပြန်သည်။ ကျောင်းသားငယ် လေးများ၏ စာဆိုသံသည် သူ့နားထဲတွင် ချိုမြိန်ဖွယ်ကောင်းသော ဂီတသံစဉ်တေးသွားတစ်ပုဒ်လို ဖြတ်သန်းစီး ဆင်းသွားသောကြောင့်သာ ဖြစ်ပါသည်။
         
လိုက်ပို့သောဆရာမက အတန်းဝသို့ဝင်လိုက်ရင်း...
        
“ဆရာ... ဒီမှာဘယ်သူရောက်နေသလဲဆိုတာ လာကြည့်ပါဦး”....
         
အခန်းဝကို ကျောပေးထားသည့် အနေအထားတွင်ရှိသော ကျောက်သင်ပုန်းရှေ့မှာရပ်ရင်း ကလေးများကို စာချပေးနေခဲ့သော အဖေက သူ့အား မြင်သေးဟန်မတူ။ သို့သော်လည်း ကျောင်းသားလေးများ၏ အကြည့်အား လုံးက အတန်းဝမှ သူတို့ဆီသို့ ရောက်လာကြ၏။  ခေါ်လိုက်သော ဆရာမ၏အသံကြောင့် အတန်းဝသို့ ထွက်လာ သောအဖေက သူ့ကိုမြင်တော့...
         
“ဟာ... သား၊ မိုးနဲ့ လေနဲ့ဟာကို အိမ်မှာမနေပဲ ဘာဖြစ်လို့ ဒီကို လိုက်လာရတာတုန်းကွ”....
         
ဟု... အံ့သြစွာဖြင့် ပြုံးရင်းမေးလေတော့သည်။ သူက ‘ပျင်းလို’့ဟု ခပ်တိုးတိုးပြန်ဖြေတော့ အဖေက ရယ်၏။ ဟုတ်သည်၊ အဝေးကြီးမှ အိမ်သို့ခဏပြန်လာရသောသူ့အတွက် အလုပ်လုပ်စရာ မယ်မယ်ရရ မရှိတာမို့ ပျင်း နေခဲ့ရတာ အမှန်ပင်။၊ နောက်ပြီး... လုပ်ငန်းခွင်အသီးသီးသို့ သွားနေကြသော အမေ၊ အဖေနှင့် အစ်ကို၊ အစ်မ တွေကြောင့် အိမ်တွင်ဘယ်သူမှမရှိ၊ သူပြည်ပ မထွက်ခင်က ရှိခဲ့ဖူးသော ငယ်သူငယ်ချင်းတချို့မှာလည်း အလုပ် ကိုယ်စီနှင့်၊ ရှိသည့် သူငယ်ချင်းတချို့ကျပြန်တော့လည်း (သူ့ဘက်က ပြည်ပတွင် အနေကြာလာခဲ့၍ ဘာမှမ ပြောင်းလဲခဲ့သော်လည်း) စည်းခြားသည့် စကားများကိုဆိုသူဆို၊ ထေ့ငေါ့ချင်သလိုမျိုး စကားတွေပြောရင်း ရှောင် ဖယ် ရှောင်ဖယ် လုပ်နေတတ်တာမို့ ထပ်တွေ့ဖို့ရာ သူမကြိုးစားချင်မိတော့တာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် အ လည်ပြန်လာသည့် ရက်များအတွင်း အိမ်မှာ သူတစ်ယောက်ထဲ စာအုပ်ဖတ်နေရတာ များနေခဲ့ပါသည်။ သူစာ အုပ်တွေ ဖတ်နေပြန်တော့လည်း အဖေနှင့်အမေတို့က မြင်တိုင်း “သားရယ်၊ မင်းမျက်စိကို အနားပေးပါဦးကွာ” ဟု ဆိုတတ်ပြန်သေးသည်။
         
“ကဲ..အခု ဘာလုပ်ဖို့ အဖေ့ကျောင်းကို လိုက်လာရတာလဲ”
       
ပြုံးပြီးမေးသော အဖေ့အမေးစကားကို မျက်နှာခပ်ပုပ်ပုပ်လုပ်ထားပြီး သူပြန်ဖြေမိ၏။
        
“လက်ဖက်ရည် သောက်ချင်လို့ လိုက်လာတာ”
 “ဟေ”...
       
အဖေက အံ့သြရယ်ချင်သလိုပုံစံဖြင့် ရေရွတ်သည်။ နောက် သူတို့သားအဖကို ဘေးနားမှနေပြုံးရင်း ရပ် ကြည့်နေခဲ့သော စောစောကလိုက်ပို့သည့် ဆရာမအား တစ်ချက်ကြည့်ကာ...
         
“အိမ်မှာ တီးမစ်ခ်အထုတ်တွေ ရှိတယ်လေကွာ။ ဖျော်သောက်ရောပေါ့ သားရယ်”
“ဟင့်အင်း... ဆိုင်ကဖျော်တဲ့ ပေါ့ဆိမ့်လက်ဖက်ရည်ကို ဆိုင်မှာပဲသောက်ချင်တာ”
         
ခေါင်းခါရင်း ဂျစ်တိုက်စွာပြန်ဖြေသော သူ့ကို အဖေကပြုံးရင်းကြည့်ကာ...
        
 “ဒါဆိုလည်း ကိုယ့်ဘာသာ သွားသောက်ပါလားသားရဲ့။ ဘာတုန်း ပိုက်ဆံမရှိလို့လားကွ”
       
အဖေ့အမေးစကားကြောင့် သူခိုးပြုံးလိုက်မိသည်။ ဟုတ်သည်။ ဟိုးအရင် အချိန်တွေတုန်းက (သူ ပြည်ပမ ထွက်ခင် အချိန်တွေတုန်းကဆို) လက်ဖက်ရည်ဖိုးမရှိတိုင်း အဖေ့ဆီက သူတောင်းနေကျ။ တစ်ခါတလေ အိမ်မှာ အဖေ့ကို ပြောပြီး အင်္ကျီအိတ်ထဲကနေ သူကြိုက်သလောက် နှိုက်ယူသွားနေကျ။ အခုတော့ သူပြန်လာခိုက်တွင် သုံးချင်ရာသုံးဖို့ဆိုပြီး သူ့ပိုက်ဆံအိတ်အဟောင်းလေးထဲမှာ အမေထည့်ထားပေးသော ပိုက်ဆံအချို့ရှိနေခဲ့ သော်လည်း အဖေ့ရှေ့မှာ လက်ဝါးဖြန့်လိုက်ပြီး...
        
“ဟုတ်တယ်... ပေး”....
       
ဝတ်ထားသော အဖြူရောင် လည်ကတုံးရှပ်အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်လေးတစ်ရွက်ကိုထုတ်ပြီး သူ့ လက်ထဲသို့ အဖေကထည့်ပေးသည်။ သူမြန်မြန်လေး လှမ်းယူလိုက်၏။ ဟုတ်သည်။ သူဘယ်လောက်ပဲ ပိုက်ဆံ ရှာနေနိုင်သည်ဖြစ်စေ အဖေပေးသော ထိုပိုက်ဆံလေးကို သူမက်မောပါသည်။ ပိုက်ဆံယူပြီးသော်လည်း သူခေါင်း ခါကာ....
         
“ဟုတ်ဘူးဗျ။ သားတစ်ယောက်ထဲ မသောက်ချင်ဘူး။ အဲ့ဒါကြောင့် အဖေဆီလာခဲ့တာ။ အဖေနဲ့အတူတူ သွားထိုင်ချင်လို့ ကျောင်းအထိလိုက်လာပြီး ခေါ်တာဗျ။ သိပြီလား”
         
သူ့စကားကြောင့် ဘေးနားတွင် ရပ်ကြည့်နေသောဆရာမက ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ အဖေကလည်း ရယ်ရင်း...
        
“ဟာ... သားရယ်။ ဒီမှာ ကျောင်းမဆင်းသေးဘူးလေကွာ။ ကျောင်းက ညနေသုံးနာရီမှဆင်းမှာလေ။ အခုမှ နှစ်နာရီခွဲကျော်ကျော်လေး ပဲရှိသေးတာလေကွာ”
“လိုက်ပို့လိုက်ပါ ဆရာရယ်။ ဆရာ့အတန်း ကျွန်မတို့ကြည့်ထားလိုက်ပါ့မယ်။ ဆရာ့သားလေး သနားပါ တယ်ရှင်။ သူ့ခမြာ အဝေးကြီးကနေ ပြန်လာရတာကို”
      
ဘေးနားမှ ဆရာမက သူတို့သားအဖကိုကြည့်ပြီး မနေနိုင်တော့သလိုဝင်ပြော၏။ အတန်းထဲမှကလေးလေး များကတော့ သူတို့တွေကိုကြည့်ကာ ကြွက်စီ... ကြွက်စီနှင့် ဖြစ်နေကြသည်။ သူက...
       
“ဟုတ်ပါတယ်ဗျ။ သားကလည်း ကျောင်းဆင်းမှ အဖေနဲ့အတူတူသွားဖို့ ကြိုပြီးလာတာပါ။ အခုလောလော ဆယ်သွားမှာ မဟုတ်သေးပါဘူး”
“ဘာတွေဖြစ်နေကြတာလဲ ဒီသားအဖတွေ”
        
စောစောကအတန်းဝမှာ သူ့ကိုနှုတ်ဆက်ခဲ့သော ဆရာမက အနားသို့ရောက်လာရင်း မေးခြင်းဖြစ်လေ၏။ အဖေက ရယ်ရင်း...
        
“ဒီမှာဗျာ။ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်သွားချင်တယ်ဆိုပြီး လာဂျီကျနေလို့ဗျ။ သူ့အရွယ်ကြီးနဲ့လည်း မုန့်ဖိုးတောင်းနေသေးတယ်လေဗျာ။ ဒါကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်သား အငယ်ဆုံးလေ ဆရာမ”
“သိပြီးပါပြီရှင်၊ စောစောက တွေ့ပြီးသားပါ။ ဆရာပြောပြောနေတဲ့ ဆရာ့သားက အပြင်မှာတွေ့ရတော့ တကယ့် လူငယ်လေးလိုပဲနော်”
        
ထိုဆရာမက ခေါင်းစွပ်မိုးကာသားဂျာကင် အနက်ရောင်၊ အောက်ခံတီရှပ်အဖြူ၊ နောက် ဒူးခေါင်းနားအထိ သာရှည်သော ရှော့ပင်န်လေးနှင့်အတူ အောက်က ကွင်းထိုးဖိနပ်အကြီးကြီးကို ၀တ်ထားသော ပိန်ပိန်ပါးပါးနှင့်သူ့ ကိုကြည့်ရင်းပြော၏။ အဖေက ပြုံးကာခေါင်းငြိမ့်ပြရင်း သူ့ကိုကြည့်ကာ...
        
“သား.. မင်းက မိုးရွာခါနီးကို ထီးလည်းမယူလာဘူး။ နောက်ပြီး ဘောင်းဘီတိုလေးနဲ့ အအေးမိနေပါဦးမယ်ကွာ။ မင်းအမေသိရင် အဖေ့ကို ဆူနေဦးမယ်။ နေဦး... ဒီကိုဘာနဲ့လာတာလဲ”
“ဆိုက်ကားနဲ့လာတာ၊ ဒီလမ်းထဲကို ဆိုက်ကားဝင်မရလို့ လမ်းလျှောက်လာတာလေ”
“အေး..အေး..၊ ဒါဆိုခဏစောင့်၊ မိနစ်သုံးဆယ်လောက်ဆို ကျောင်းဆင်းတော့မှာပါကွာ။ အဲ့ဒီကျမှ အတူ တူသွားကြတာပေါ့။ အဖေ လိုက်ပို့မယ်”
“ဟုတ်”....
        
သူနာခံစွာ ခေါင်းငြိမ့်လိုက်ပါသည်။ အသက်နှစ်ဆယ့်ခုနှစ်နှစ်နီးပါး ဖြစ်နေခဲ့ပေမယ့် အဖေ့ကိုသူဆိုးရတာ မရှက်ပါ။ သို့သော် သူစိမ်းများရှေ့တွင်မူ သူဆင်ခြင်သင့်သည် ထင်မိ၏။
         
ကျောင်းသားလေးတစ်ယောက်ယူလာပေးသော သစ်သားခုံလေးကို အဖေ့အတန်းအပြင်ဘက်ရှိ ကော် ရစ်ဒါမှာချပြီး သူထိုင်ချလိုက်မိသည်။ စောစောက ဆရာမနှစ်ယောက်က သူ့ကိုပြုံးပြနှုတ်ဆက်ခဲ့ပြီး အတန်းရှိရာ သို့ ပြန်သွားကြလေ၏။ အဖေကလည်း သူ့ပခုံးကိုတစ်ချက်ပုတ်ရင်း စာဆက်သင်ရန် သူ့အတန်းထဲကိုပြန်ဝင်သွား သည်။
         
“ကဲ..ပြန်စမယ်...၊ ရေနတ်မင်းက လှည်းသမားကို မည်သို့ပြောလိုက်သနည်း”....
“ရေနတ်မင်းက လှည်းသမားအား... ဟယ်လူပျင်း..လှည်းကို ရှေ့သို့ရွေ့အောင် သင်ကိုယ်တိုင်”....
        
အဖေ့ မေးခွန်းအဆုံးတွင် ကျောင်းသားလေးများ၏ ပြိုင်တူညီညာစွာပြန်ဖြေလိုက်သော စာအံသံလေးများ ကို သူနားထောင်ရင်း ကျောင်းဝင်းအတွင်းမှ ကုက္ကိုလ်ပင်၊ ခရေပင်၊ အုန်းပင် စသည်တို့ လေတိုက်တိုင်း ယိမ်းနွဲ့နေ ခဲ့ကြတာကို သူငေးကာ တွေးနေမိခဲ့သည်။ အဖေသည် သူ့အတွက် ဖခင်တစ်ယောက်တင်သာမက သူ၏ သင်ဆ ရာလည်း ဖြစ်ခဲ့ဖူးသည့် အကြောင်းများကိုပင်။
        
ဟုတ်သည်၊ အဖေသည် ငယ်စဉ်တုန်းက သူတက်ခဲ့ရသည့် မူလတန်းကျောင်းလေးတစ်ခုတွင်လည်း အခုလိုမျိုး မူလတန်းပြဆရာတစ်ဦးအဖြစ် ရှိနေခဲ့ဖူးသည်။ ငယ်ငယ်က ကျောင်းသွားတိုင်း အဖေ့မောင်ဗမာစက်ဘီး ကယ်ရီယာ အနောက်ကနေထိုင်ရင်း ကျောင်းလိုက်တက်ခဲ့ရတာတွေကို မှတ်မိနေသေးသည်။ တစ်ခါတလေ ကျောင်းမှအပြန် လက်ဖက်ရည်ကြိုက်တတ်သောအဖေက လက်ဖက်ရည်ဆိုင်သို့ဝင်ပြီး သောက်တိုင်း အောက်ခံ ပန်းကန်ပြားလေးထဲသို့ ခွက်ထဲမှ လက်ဖက်ရည်များကို နည်းနည်းချင်းထည့်ကာ အေးအောင်မှုတ်ပြီး တိုက်ခဲ့တာ တွေကိုလည်း မှတ်မိနေပါသေးသည်။
        
ထိုစဉ်က အဖေစာသင်သော မူလတန်းကျောင်းကလေးတွင် သူငယ်တန်းမှ လေးတန်းအထိ သူတက်ခဲ့ရ တာမှန်သော်လည်း စတုထ္ထတန်းရောက်မှ အဖေ့အတန်းမှာ သူတက်ခွင့်ရခဲ့သည်။ ကိုယ့်အဖေအတန်းမှာ တက်ရ တာဖြစ်သော်လည်း ဘာအခွင့်အရေးမှ ပိုမရခဲ့ဖူးပါ။ အခွင့်အရေးမရသည့်အပြင် မှတ်မှတ်ရရ ရိုက်ခံထိခဲ့ဖူးလေ သည်။ မုန်းစားကျောင်းဆင်းခါနီး ကစားချင်ဇောကြီးသောစိတ်များဖြင့် မလှမပရေးထားသော သူ့စာအုပ်ကို  အ နားသို့ခေါ်ပြရင်း လက်ဖ၀ါးကိုနာအောင် ကြိမ်လုံးသေးသေးလေးဖြင့် ခပ်စပ်စပ်လေး တွယ်ခံရခြင်းပင်။ နောက် စာရေးတာ အရမ်းကြီးမလှရင်နေပစေ၊ သူများဖတ်လို့ရအောင် ရှင်းရှင်းလင်းလင်းရေးရတယ်ကွ...ဟု ဆိုခဲ့သော အဖေ့ရဲ့စကားများက သူ့နားထဲမှမထွက်နိုင်ခဲ့တာ အခုအချိန်အထိ...။
        
နောက် သူငါးတန်းရောက်တော့ ထိုမူလတန်းကျောင်းလေးကို စွန့်ခွာကာ အထက်တန်းကျောင်းသို့ ပြောင်း ရွေ့ခဲ့ရ၏။ တဖြည်းဖြည်းနှင့် သူအတန်းကြီးလာခဲ့သော်လည်း အဖေ့ရဲ့မူလတန်းပြ ကျောင်းဆရာဘ၀လေးက အ ရင်အတိုင်း မပြောင်းလဲခဲ့။ တစ်ခါတလေ အဖေ့မိတ်ဆွေဆရာ၊ ဆရာမများက အလယ်တန်းပြ၊ အထက်တန်းပြ၊ ကျောင်းအုပ် စသည့် ရာထူးအသီးသီးတိုးသွားအောင် သူ့နည်းသူ့ဟန်များဖြင့် ကြိုးစားသွားကြသောအခါ၊ အဖေ့ ကိုလည်း တိုက်တွန်းစကားတွေ ဆိုတတ်ကြသောအခါ ပြုံးနေတတ်သော အဖေ့အားကြည့်ရင်း သူနားမလည်နိုင် ခဲ့။ သို့သော် အခုတော့ သူနားလည်လာခဲ့မိရ၏။ ကလေးလေးတွေကို အခြေခံမူလတန်းမှစပြီး စာသင်ပေးရခြင်း အား ပျော်နေတတ်သော အဖေရယ်လေ။
         
“ကဲ.... ကိုယ့်ပစ္စည်းတွေကိုယ် စုံအောင်စစ်ပြီးသိမ်းမယ်ဟေ့။ ကျောင်းဆင်းခါနီး ပြန်စစ်ကြပါ”
      
အဖေ့သတိပေးစကားနှင့်အတူ ကျောင်းသားလေးများ၏ ဆူညံသံလေးများကို သူကြားလိုက်ရသည်။ သူငယ်ငယ်တုန်းကလည်း ကျောင်းမှအပြန်လွယ်အိတ်ကို စစ်စေခဲ့တာ၊ သူများပစ္စည်းကို မှားပါလာခဲ့လျှင် နောက် နေ့ပြန်ပေးခိုင်းတတ်သေး၏။ သူများပစ္စည်းကို မမက်မောတတ်စေဖို့ လမ်းပြပေးခဲ့သော အဖေ့ကျေးဇူးများကြောင့် (ဘယ်သူမှမသိနိုင်ခဲ့သည့်) ရိုးသားမှုတစ်ခုက အခုအချိန်ထိ သူ့ရင်ထဲတွင် အမြစ်တွယ်နေခဲ့ဆဲပင်။
         
“ကဲ...သား... ထတော့ ကျောင်းဆင်းပြီကွ။ အဖေတို့သွားကြမယ်လေ”...
“ဟုတ်ကဲ့”....
        
ကျောင်းသားလေးများကြားမှ သူတို့သားအဖနှစ်ယောက် ကျောင်းဝင်းထဲမှထွက်ခဲ့ကြတော့ ဆရာမတချို့က ပြုံးကြည့်ကျန်နေခဲ့ကြ၏။ မိုးသက်လေတစ်ချက်ဝေ့ကာ တိုက်ခတ်လာပြန်တာမို့ အဖေ့ပခုံးကို သူလှမ်းဖက် လိုက်မိပါသည်။ ဖေဖေက ပြုံးနေရင်း...
         
“ချမ်းလို့လားသားရဲ့”....
“ဟုတ်ကဲ့”...
“ဟေ့ကောင်တွေ၊ မဆော့ကြနဲ့ကွ...ချော်လဲမယ်မင်းတို့။ တော်ကြာမိုးရွာတော့မှာ မြန်မြန်ပြန်ကြဦးနော်။ လမ်းမှာ လျှောက်ဆော့မနေကြနဲ့ဦး”
       
သူနှင့်လမ်းလျှောက်နေရင်း အနားမှာလျှောက်နေကြသော ကျောင်းသားလေးများကို အဖေက စိုးရိမ်စွာဖြင့် လှမ်းအော် ပြောနေပြန်လေသည်။ ကလေးလေးများက ‘ဟုတ်ကဲ့ပါ ဆရာကြီး’ဟု လက်ကလေးများကို ပိုက်ရင်း ပြန်ဖြေသွားကြတာ တွေ့ရတော့ သူ့ရင်ထဲတွင်ကြည်နူးမိ၏။ အဲ့ဒါကြောင့် မူလတန်းပြဆရာကြီးဘ၀ကို အဖေမစွန့် လွှတ်နိုင်တာများလားဟု မရေမရာ တွေးလိုက်မိသေးသည်။
        
လက်ဖက်ရည်ဆိုင်ရောက်တော့ သူတို့သားအဖနှစ်ယောက် လက်ဖက်ရည်တစ်ခွက်စီ အတူတူသောက်ကြစဉ် ဘူးထဲမှ စီးကရက်တစ်လိပ်ကို သူထုတ်သောက်တော့ ဆေးလိပ်မသောက်တော့ပြီဖြစ်သောအဖေက...
         
“သားရယ်... မင်းဆေးလိပ်တွေ အရမ်းမသောက်နဲ့နော်”...
“ဟုတ်ကဲ့ပါ... အဖေရဲ့”...
         
စိုးရိမ်ပူပန်စွာဖြင့် ပြောသောစကားမို့ သူသေချာခေါင်းငြိမ့်ပြီး ကတိပေးလိုက်မိပါသည်။ နောက်ပြီး သူတက္ကသိုလ် ပထမနှစ်စတက်တော့ ဆေးလိပ်စသောက်ဖြစ်ခဲ့တာကို တစ်ချက်လွှတ်အမိန့်သုံးကာ အတင်းအကျပ်မတား မြစ်ခဲ့ပဲ ‘မကောင်းတာကိုသိပေမယ့် လုပ်ချင်နေတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိပဲ ကောင်းတယ်’... ဟု သ တိပေးခဲ့တာကို မှတ်မိနေပါသေးသည်။
        
လက်ဖက်ရည်ဆိုင်ထဲမှ စားပွဲခုံသေးသေးလေးတွင် နှစ်ယောက်ပူးပြီး ဘေးချင်းယှဉ်လျှက် ထိုင်နေခဲ့ကြသော သူတို့သားအဖကို ဆိုင်အတွင်းရှိ တချို့ဝိုင်းများမှ အထူးအဆန်းလိုကြည့်နေကြတာ သူသတိထားမိ၏။ သူ အလုပ်လုပ်သော နိုင်ငံ၏အကြောင်းများ၊ လုပ်ငန်းခွင်ရဲ့အကြောင်းများကို အဖေက ခပ်တိုးတိုးဖြင့်ပြုံးပြီးမေးသော အခါ သူပြန်ဖြေလိုက်တိုင်း အဖေ့ရဲ့မျက်ဝန်းများက ကျေနပ်ခြင်းရောင်စဉ်များဖြင့် တလက်လက် ရှိနေခဲ့သည်။ ဒီ လိုမျက်လုံးများဖြင့် သူ့ကို လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကတည်းက အဖေကြည့်ခဲ့ဖူးတာ မှတ်မိသည်။
        
သူဆယ်တန်းကျောင်းသားဘ၀က ညဥ့်နက်ပိုင်းအထိတိုင်အောင် စာကျက်နေတတ်သောသူနှင့် မလှမ်းမ ကမ်းတွင် ရေနွေးကြမ်းဓါတ်ဘူးတစ်လုံးဖြင့် ရေနွေးထိုင်သောက်ရင်း ဘယ်လောက် ညဥ့်နက်နေနေ အဖေက ထိုင်စောင့်ပေးခဲ့ဖူးသည်။ နောက် အချိန်တန်လျှင် အိပ်သင့်ပြီဟု တိုက်တွန်းပြောခဲ့ရင်း သူ့ကို အားရကျေနပ်သော မျက်ဝန်းများဖြင့် ကြည့်ခဲ့ဖူးတာ။ သို့သော် အခုတော့ သူ့ကိုကြည့်သောမျက်လုံးများထဲတွင် အားကိုးခြင်း အရိပ်အ ယောင်များလည်း ယှက်သန်းနေခဲ့တာကို သူသတိထားမိတော့ ပိုကြိုးစားဖို့ တိတ်တိတ်လေး ကျိတ်ဆုံးဖြတ်ထား လိုက်မိ၏။ ဆယ်တန်းစာမေးပွဲကြီးဖြေရတော့ အဖေကိုယ်တိုင်လိုက်ပြီး (ငယ်ငယ်တုန်းက စီးခဲ့ရသည့် စက်ဘီးအို လေးပေါ်တင်ကာ) စာမေးပွဲဖြေရမည့်ကျောင်းသို့ လိုက်ပို့ခဲ့၊ ထိုင်စောင့်နေခဲ့တာတွေကိုလည်း သူဘယ်တော့မှ မေ့နိုင်ခဲ့မှာ မဟုတ်တာသေချာလှပါသည်။
         
“ကဲ... သားရေ၊ ပြန်ကြရအောင်ကွာ။ မိုးတွေရွာလာပြီကွ၊ တော်ကြာ မင်း အအေးမိနေလိမ့်မယ်။ နောက် ပြီး မင်းအမေက သူအိမ်ပြန်လာတဲ့အချိန် မင်းကိုမတွေ့ရင် အဖေ့ကိုဆူနေဦးမယ်ကွာ.. ဟား... ဟား”
        
အဖေ့ရဲ့ရယ်သံနှင့်အတူ သူလည်းလိုက်ရယ်မိ၏။ သူတို့သားအဖ လက်ဖက်ရည်ဆိုင်အိုအိုလေးထဲမှ ထွက် ခဲ့ကြတော့ ဆိုင်အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေခဲ့ပြီဖြစ်ပါသည်။ အဖေက သူ့ကချင်လွယ်အိတ် အဟောင်းလေးထဲမှ ခိုတံဆိပ် ခေါက်ထီးအနက်ရောင်လေးကို ထုတ်ပြီး ဖွင့်ပေးလာတာကြောင့် သူ လှမ်းယူလိုက် ရင်း အဖေ့ပခုံးကို အသာဖက်ကာ ထီးမိုးပေးလိုက်သည်။ မိုးရေစက်များ သည်းထန်စွာ ကျဆင်းနေခဲ့သော လမ်းမ လေးထက်တွင် သူနှင့်အဖေတို့နှစ်ယောက် ထီးကလေးတစ်ချောင်းအောက်မှာ အတူတူခိုလှုံရင်း အိမ်အပြန်လမ်း သို့ ခြေလှမ်းစ,နေမိခဲ့ကြပါသည်။ မိုးသက်လေကြောင့် အပြင်ဘက်တွင် ချမ်းနေခဲ့ရသော်လည်း အဖေ့ကို ဖက် ထားရတာမို့ သူ့ရင်ထဲ...၊ နောက် စိတ်တွင် နွေးထွေးနေခဲ့မိသည်။ အဖေလည်း သူ့လိုပဲ ရှိနေမှာသေချာပါသည်။ ပြုံးနေခဲ့သော အဖေ့မျက်လုံးနှင့် နှုတ်ခမ်းများက သက်သေခံနေခြင်းအား သူမြင်နေရလို့ပင် ဖြစ်ပါသည်။
                                                       
~~~@~~~

        
တွေးနှင့်လျှောက်လာခဲ့သောသူ၊ ဘေးနားမှနေဝေါခနဲဖြတ်သွားသော ဆိုင်ကယ်သံကြောင့် လက်ရှိ သူ ကျင်လည်နေခဲ့ရသော ပတ်ဝန်းကျင်သို့ စိတ်ဝိညာဉ်တို့ ပြန်ရောက်လာရတော့၏။ မိုးမရွာခင် ခပ်သွက်သွက်လေး လျှောက်လာခဲ့မိလေတာ၊ ခုတော့ ရှေ့မှာ သူတို့နေသော တိုက်ခန်းများကိုပင် လှမ်းမြင်နေရလေပြီ။ သို့ရာတွင် မီးပွိုင့်လေးတစ်ခုကို သူဖြတ်ကူးရပေဦးမည်။ မီးပွိုင့်လေးမှ အချက်ပြမီးကို လမ်းကူးရန်အတွက်စောင့်နေရင်း ပြီးခဲ့ သောရက်က အမိမြေရှိသူ့အိမ်သို့ ဖုန်းဆက်စဉ် အဖေပြောခဲ့သော စကားလေးကို ပြန်သတိရလာမိတော့ ပြုံးမိ လိုက်သည်။ အဖေပြောသော စကားလေးမှာ အခြားတော့မဟုတ်...“သား... အဲ့ဒီမှာ ကားတွေအများကြီးနေမယ်၊ ကားလမ်းကူးရင် သေချာကြည့်ကူးနော်” ဟူသော စကားလေးပင် ဖြစ်ပါသည်။ အသက်သုံးဆယ်နီးပါး ရှိနေခဲ့ပြီ ဖြစ်သော သူ့ကို ကလေးလေးတစ်ယောက်လို စိတ်ပူပန်စွာဖြင့် ချစ်ခင်နေနိုင်သေးတဲ့ အဖေရယ်လေ။ အဖေ့ရဲ့ မေတ္တာတရားများက သူ့အတွက်တော့ ဘယ်တော့မှ ညှိုးနွမ်းမသွားနိုင်သည့် မညှိုးပန်းလေး တစ်ပွင့်လိုသာ။
        
မီးပွိုင့်လေးကို ကားတွေအကုန်ရှင်းမှ သူဖြတ်ကူးမိသည်။ သူ့ပတ်ဝန်းကျင်မှ မိုးသက်လေထဲတွင် ဘယ်သူ မှမမြင်နိုင်သည့် မညှိုးပန်းရနံ့လေးက လွင့်ပျံ့နေဆဲဖြစ်တာကို သူတစ်ယောက်ထဲခံစားမိရင်း ရှေ့ဆက် လျှောက်ရ မည့်လမ်းကို တည့်မတ်စွာ လျှောက်ရင်း...။            ။

===========================================================
အငြိမ်းစားမူလတန်းပြကျောင်းဆရာကြီး ဖေဖေ့ရဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့က ကျရောက်ခဲ့သော (၆၂)နှစ် မြောက်မွေးနေ့အတွက် အမှတ်တရအဖြစ်.... ၂၀၀၇ဇူလိုင်လတုန်းက အိမ်ခဏပြန်ဖြစ်တုန်း ဖေဖေနှင့်အ တူ လဖ္ဘက်ရည်ဆိုင်ထိုင်ခဲ့ရတဲ့ အဖြစ်လေးကို ခံစားရေးဖွဲ့ထားတာပါခင်ဗျာ....။      ။
===========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို


အပျိုစင်မဂ္ဂဇင်း၊ ၂၀၁၄၊ ဇန်န၀ါရီ။

35 comments:

ဒဏ္ဍာရီ said...

အကိုရေ... စာရေးတကယ် ကောင်းတယ်နော်။ တကယ့် အဖြစ်လေးဆိုတာ သိနေတော့ ဖတ်ရတာ ပိုပြီး အသက်ဝင်တယ်။ ဘယ်အချိန်ဖြစ်ဖြစ် မိဘတိုင်းဟာ သားသမီးတွေကို ကလေးတွေလို့ပဲ မြင်နေကြတာနော်။ ဝေးနေတဲ့ အချိန်မှာ တန်ဘိုးကို ပိုပြီး နားလည်လာတယ် အကိုရယ်။

အကို တခါပြောဘူးတဲ့ အကို့ဖေဖေ စာသင်ပေးခဲ့ဘူးတဲ့ ရပ်ကွက်လေး အကြောင်းလည်း ရေးအုံးနော်။

ခင်မင်လေးစားလျှက်

ဝါ၀ါခိုင်မင်း said...

ဏီလင်းညိုရေ..

စာရေးအရမ်းကောင်းတာပါပဲလား..
သိတ်နေမကောင်းချင်လို့ စာတွေ လိုက်မဖတ်ဖြစ်နေတဲ့အစ်မ ဏီလင်းညိုရဲ့
ပို့စ်ခေါင်းစဉ်လေးကို စိတ်ဝင်စားပြီးရောက်လာခဲ့တာ..
ဖတ်ရတာ အရမ်း အရမ်းကောင်းပါတယ်လို့ ချီးမွမ်းပါရစေ.
အစ်မ မေမေကလည်း တချိန်က မူလတန်းပြကျောင်းအုပ်ဆရာမကြီးပေါ့..
စာလေးဖတ်ရင်း ဇာတ်လမ်းလေးထဲမျောသွားတယ်..မေမေ့ကိုလည်း သတိ
ပိုရမိသွားတယ်..တကယ် မျက်ရည်တောင်လည်မိတယ်..

မိဘမေတ္တာတွေရဲ့ကျေးဇူးကို ထာဝရသိတတ်စွာနဲ့ မိဘကျေးဇူး အမြဲဆပ်နိုင်တဲ့သားလိမ္မာတစ်ယောက် ဖြစ်နိုင်ပါစေ.

ခင်မင်လျှက်

အစ်မ၀ါ

မောင်မိုး said...

အေးဗျာ...။ ကိုဏီရဲ့စာကို ဖတ်ပြီး ကျွန်တော်လဲ အဖေ့ကိုသတိရနေမိတယ်။ ကျွန်တော်အရင်တုန်းက အဖေ့ကို မျက်နှာချင်းဆိုင်လို့မရခဲ့ဘူး။ အဖေကကျွန်တော့်ဆိုရင် အလိုမကျမှုများစွာနဲ့ ဆက်ဆံတတ်ပြီး အကောင်းမမြင်ဘူးလို့ထင်ခဲ့မိတယ်။ အခုကျတော့ အဖေ့ရဲ့သွန်သင်ဆုံးမခဲ့တာတွေဟာ ကျွန်တော့်အတွက်ချည်းပါပဲလားလို့သိလာရတယ်။ ဒါပေမဲ့ အဖေနဲ့ ကျွန်တော်ဘယ်တော့ပြန်တွေ့ရမလဲဆိုတာ ကျွန်တော်မသိနိုင်တော့ဘူး။ အဖေ့ကို ကျွန်တော် စကားတွေအားရပါးရပြောချင်နေသေးတယ်ဗျာ။

ချစ်ကြည်အေး said...

NyiLin, Really touching, my dad passed away 12 years ago at his 50.
I did not have your kind of togetherness with my dad. I miss him a lot after reading your post. Your post moved a lot of people.

Your Sis/ Ma Aye

ကာရံမဲ့ said...

အစ်ကိုလည်း မိဘနေရာရောက်တဲ့အခါကျရင် အစ်ကိုအဖေလို မညှိုးပန်း မေတ္တာတွေနဲ့ သားသမီးတွေအပေါ် ချစ်ခင်နိုင်ပါစေဗျာ...။

အားပေးလျက်.......

ခြင် said...

wow.. wow... wow....
ခန့်ငြားလိုက်တဲ့ လက်ရေးပဲကွာ....
အဟမ်း.... ဘယ်မှာလဲ ပဲကြီးလှော်....

နေ၀သန် said...

မုန့်ဖိုးလေးပြန်ပြီး လက်ဖြန့်တောင်းတဲ့နားလေးမှာ တအားကို ကြည်နူးမိတယ်ဗျာ... ငယ်ဘ၀လေးကိုလည်း ပြန်သတိရလိုက်တာ.. အစ်ကို့ဖေဖေက နေကောင်းကျန်းမာတယ်မို့လား... အဖေရှိနေသေးတာ အကြီးမားဆုံးသော ဆုလာဒ်ပါပဲဗျာ....

အင်ကြင်းသန့် said...

ကိုဏီလင်းညို...
တကယ်ကိုစာရေးတော်တာပါလား...
ဒီပိုစ့်လေးကိုဖတ်ရင်း ကျနော့်ဖေဖေကိုသတိရသွားရပြန်ပြီ..
ကျနော်ကလည်းအဖေချစ်သမီးလေ..
အိမ်မှာဆိုရင်အဖေ့နားကိုပဲကပ်တာ
အဖေ့ဆီကပဲမုန့်ဖိုးတောင်းတာ...
အဖေနဲ့အတူတူပဲအမြဲမုန့်စားထွက်တာ...
အဖေ့အကြောင်းကိုရေးဖို့စိတ်ကူးထဲမှာအမြဲရှိပေမယ့်
ကိုဏီလင်းညိုလိုပေါ်လွင်အောင်ရေးနိုင်မှာမဟုတ်တဲ့အတွက်
ရင်ထဲမှာပဲသိမ်းထားရတယ်။

ဒီလိုစာကောင်းလေးတွေကို အမြဲရေးနိုင်ပါစေ....

လေးစားခင်မင်လျက်
အင်ကြင်း

နှင်းဟေမာ said...

ကိုဏီလင်းညိုရေ ....
ဖတ်လို့ကောင်းလှတဲ့ ရသပို့စ်ကြီးတစ်ခုလုံးကို အားပါးတရ ဖတ်သွားပါတယ်... ကိုဏီလင်းညို ဖေဖေရဲ့ မွေးနေ့မှစပြီး နောင်နှစ်များစွာတိုင် အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သမ်းနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
ခင်မင်လေးစားလျှက်ပါ ...
နှင်းဟေမာ

Anonymous said...

ငယ်ဘ၀လေးတမ်းတမိတယ်
ထပ်တူ မေကြီးကိုလည်းလွမ်းလိုက်တာ
ဖေဖေကတော့ မရှိတော့ဘူး :(

ခင်မင်စွာဖြင့်
လုံလုံ

ဝင်းဇော် said...

စာတွေဖတ်သွားပါတယ် ..
ညီ ဖေဖေရဲ့ ၆၂ နှစ်မွေးနေ့မှစလို့ နှစ် ၁၂၀ တိုင်မကအောင်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံလို့
စိတ်သွားတိုင်း ကိုယ်ပါပြီး လိုအပ်တွေ ဆန္ဒနဲ့ ထပ်တူထပ်မျှ
အမြဲရနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်

ခင်မင်ခြင်းများစွာနဲ့

စိတ်၏ဖြေရာ said...

ကိုဏီဖေဖေအသက်ရာကျော်ရှည်ပါစေ။
ဒီစာလေးဖတ်ပြီးကျွန်မဖေဖေကိုလွမ်းမိပါတယ်။

Unknown said...

အစ်ကိုရယ်..ဘယ်လိုပြောရမယ်မှန်းကိုမသိဘူး။ အရမ်းကြည်နူးမိတယ်။ ဖတ်ရင်းမျက်ရည်တောင်လည်တယ်။ အစ်ကို့အဖေကို ပေးဖတ်လိုက်ပါဦး.။ သူသိပ်ကြည်နူးမှာသေချာတယ်။ အစ်ကို့အဖေကိုလည်း နေကောင်းကျန်းမာစေဖို့ဆုတောင်းပေးပါတယ်။ ပြီးတော့ အစ်ကို့အရေးအသား စိတ်ခံစားချက်ကို တိုက်ရိုက်ဖော်ပြတာမျိုးမဟုတ်ပဲ ပတ်ဝန်းကျင်အဖွဲ့၊ စကားပြောတွေကနေ မျက်လုံးထဲပေါ်လာအောင် ရေးနိုင်တယ်အစ်ကို..တကယ်ချီးကျူးမိပါတယ်။

ညလင်းအိမ် said...

အစ်ကို အရေးအသားတွေကို ချီးကျူးလေးစားတယ်ဗျာ...
သရုပ်ပီပြင်တယ် ဖတ်နေရင်းကနေ စိတ်ကူးမိတော့လေ...
ကြည်နူးဖို့လည်းကောင်းတယ်...

အစ်ကိုရဲ့ အဖေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ...လို့ဆုတောင်းပေးပါတယ်...

တို့အစ်ကိုကြီး တကယ်တော်၏ဗျာ...

မြတ်မွန် said...

ကိုဏီးရေ..လက်ရေးလေးကလဲလှမှလှဘဲနော်။
ပိုစ့်အရေး အသားကလဲ ကောင်းမှ ကောင်းဘဲ
ကဗျာဆန်လိုက်တာ...
စာသားလေးတွေကလည်း
လေလှိုင်းလေးတွေထဲမှာ တငြိမ့်ငြိမ့်နဲ့ လိုက်ပါသွားသလိုပါဘဲ။
အဖေကို မုန့်ဖိုးတောင်းတဲ့ နေရာလေးမှာတော့ ပါးပါးကို အရမ်းသတိရသွားပြီး မျက်ရည်ဝဲမိတယ်။
ပါးပါးနဲ့ ခွဲနေရလို့ ပိုပြီး စိတ်ညစ်သွားတယ်။
လွမ်းသွားပြီရှင်။

ရွှေရတုမှတ်တမ်း said...

အကိုဖြင့်ဖတ်ရင်းငိုချင်သွားတာပဲ

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုညိုေ၇ တကယ်ကောင်းတယ်

ကိုညိုတို့ သားအဖက တကယ် ချစ်တက်ကြတာပဲ

မိဘ မေတ္တာ ဆိုတာ တကယ်အေးမြတာပါ

ကိုညို အဖေအတွက် ဆုတောင်းပေးသွားပါတယ်နော်

မွေးနေ့မှ သည် ပျော်ရွှင်စွာဖြင့် နိုင်ငံသားကောင်းတွေကို လေ့ကျင့်မွေးထုတ် ပေးနိုင်သော ဆရာကောင်းတစ်ယောက်အဖြစ် ဆက်လက် ရပ်တည် နိုင်ပါစေ

မင်းအိမ်ဖြူ

ဆောင်းယွန်းလ said...

ညီလေးရေ
အကို ခုတလောမှာ ဘလော့တော်တော်များများကို မရောက်ဖြစ်တော့ပေမယ့်
ညီလေးဘလော့ကို ရောက်အောင်လာပြီး ”မညှိုးပန်း”ကို ဖတ်ဖြစ်အောင်ဖတ်သွားပါတယ်။
ပြောစရာမရှိအောင် ကောင်းလွန်းတဲ့ ပို့စ်တခုပါ။ စာဖတ်နေရင်း ပုံရိပ်တွေကို မျက်စိထဲမှာမြင်အောင်ရေးနိုင်ပါပေတယ်။
အဖေ့ကိုလည်း ပိုလို့သတိရသွားမိတယ်ကွာ။
ညီလေးရဲ့ပို့စ်ကို ညီလေးအဖေဖတ်ဖြစ်အောင် ပို့ပေးလိုက်ပါကွာ။ ညီလေးရဲ့အဖေ ကျေနပ်မှာပါ....

အနမ်း said...

ပိန်ပိန်ပါးပါးဏီလင်းညိုရဲ့ true story လေးပေါ့။း))
အရေးအသားလေးတကယ်ကောင်းတယ်။ ဖတ်ရင်း မရှိတော့တဲ့ အဖေ့ကိုတမ်းတ
မိသွားတယ်။ အဖေနဲ့နေခဲ့တဲ့အချိန်လေးတွေက မမေ့နိုင်စရာတွေပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

နေ့အိပ်မက် said...

တကယ်မျောသွားတယ် ကိုဏီလင်းညိုအဟုတ်ပြောတာ... ဒါနဲ့ ပို့စ်တွေကို အကုန်လုံး လက်ရေးနဲ့ချရေးတာလား တကယ်အားကျတယ်

စိတ်တော့မဆိုးနဲ့နော် (အပြတ်ကောတာဟုတ်ပါဘူး၊ မဖြစ်စလောက်လေး အသိပေးတာပါ) ဇာတ်လမ်းထဲကိုမျောသွားတာကို လာလာလှုပ်နှိုးနေတဲ့ဟာတွေရှိနေလို့....

“ကွေ့ပတ်မရှောင်သွားတော့ဘဲ”၊ “ဘာဖြစ်လို့ဒီကိုလိုက်လာတာတုံးကွ”၊ “သူတစ်ယောက်တည်း”၊ “ကျောင်းကိုလိုက်လာရတာလဲ”၊ “လက္ဖက်ရည်”(စာလုံးဆင့်ပြီးရေးရင် ဒီလိုမှမှန်တယ်ထင်တယ်၊ ရိုးရိုးရေးရင်တော့ လက်ဖက်ရည်ပေါ့)၊ “ဘာတုံး”၊ “ဘာတွေဖြစ်နေကြတာလဲ”၊ “စတုတ္ထတန်း”(အပေါ်က တ၀မ်းပူ)၊

အဲလိုပြောတာမကြိုက်ရင်ပြောနော်။ စာရေးကောင်းလွန်းတဲ့သူမို့လို့ စာလုံးပေါင်းမှန်မှန်လေးတွေနဲ့ ဖတ်ချင်လို့ပါ။ နေ့အိပ်မက်လည်း ကိုယ့်ဟာကိုယ်မနေနိုင်တာနဲ့ ဘလော့ဂ်ပေါ်မှာ ဘယ်နေ့ချောင်းရိုက်ခံရမယ်မှန်းမသိဘူး။ :P

ဆောင်း said...

လာလည်သွားပါတယ်

ညီညီ said...

ကိုဏီလင်းရေ.

အရမ်းဖတ်လို့ကောင်းတဲ့ မေတ္တာဖွဲ့လေးပါဗျာ.။ ဒီနေ့နေမကောင်းလို့ ဆေးခွင့်ယူရင်း အကြွေးတင်နေတာတွေ လိုက်ဖတ်ရင်း အစ်ကို့ ပိုစ့်ကို အရင်ဆုံး ဖတ်မိတယ်.။ နေမကောင်းနေတုန်းဖတ်လို့လားမသိဘူး အိမ်က ဖေဖေနဲ့မေမေ ကို အရမ်းကိုသတိရနေမိတယ်ဗျာ.။ စာအရေးအသားကောင်းတဲ့ အစ်ကို့ကို လေးစားပါတယ်.။

ခင်မင်တဲ့

ညီညီ(အနာဂါတ်သံစဉ်)

~ဏီလင်းညို~ said...

ညီမလေး>> ဟုတ်ကဲ့.... ကျေးဇူးပါနော်ဗျာ...။
ဒဏ္ဍာရီ>> ဟုတ်တယ်ညီမရေ...အဲ့ဒါတစ်ကယ်ပါပဲဗျာ...၊ လာဖတ်ပေးတာ ကျေးဇူးဗျာ...။
အစ်မ၀ါ>> အစ်မ၀ါရေ... ဖတ်လို့ကောင်းတယ်ဆိုတာရယ်...နောက်ဆုတောင်းပေးသွားတာရယ်အတွက် အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ...။
ကိုမိုး>> ကိုမိုးရေ...ဖုန်းဆက်လေဗျာ..နော်...။ ကျွန်တော်လည်းတစ်ပတ်တစ်ခါဆက်နေရတာလေ...လွမ်းလို့...း(
မအေး>> ခံစားဖတ်ပေးသွားလို့တစ်ကယ်ကျေးဇူးတင်ပါတယ်မအေးရေ...။ အဖေမရှိတော့ဘူးဆိုလို့ တစ်ကယ်စိတ်မကောင်းဖြစ်ရမိတယ်ဗျာ...း(
ကာရံမဲ့>>ကျေးဇူးပါညီလေးရေ....ကြိုးစားပါ့မယ်ဗျာ...။
ခြင်>> 10Q...တယ်ရင်း... နာနင့်ဂို တစ်ကျပ်ဖိုးဝယ်ကျွေးပြီးဘီလေဟာ...း)
ဂျပန်ကောင်လေး>> ညီလေးဂျပန်ရေ... ခံစားဖတ်ပေးသွားတာကျေးဇူးဗျာ...။ ဖေဖေနေကောင်းပါတယ်...။ ကျန်းကျန်းမာမာပါပဲဗျာ...။
အင်ကြင်းသန့်>> ရေးပါ အင်ကြင်းရေ...။ ခံစားချက်ရှိတဲ့အတိုင်းရေးပါဗျာ...။ ဖတ်လို့ကောင်းနေမှာအမှန်ပါပဲဗျာ...။
နှင်းဟေမာ>> မနှင်းဟေမာရေ... ဖေဖေ့အတွက်ပို့စ်လေးဖတ်ပေးသွားတာရော...ဆုတောင်းပေးသွားတဲ့အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ...။
လုံမလေး>>လုံလုံရေ... ဖေဖေမရှိတော့ဘူးဆိုတဲ့အတွက်...စိတ်မကောင်းဖြစ်ရတယ်ဗျာ...။ မေမေ့ကိုပိုချစ်တော့ဗျာနော့်...း(
ကိုဝင်းဇော်>> ဖေဖေ့အတွက် ဆုတောင်းပေးသွားတာ...တစ်ကယ်ကျေးဇူးတင်မိပါတယ်..ကိုဝင်းဇော်ရေ...။
စိတ်၏ဖြေရာ>> ဖေဖေ့အတါက်ဆုတောင်းပေးသွားတာ..ကျေးဇူးဗျာ...။ ဖုန်းဆက်လေအစ်မနော့်...း)
ဝေလင်း& ညရဲ့ကောင်းကင် >> ညီလေးရေ...ခံစားဖတ်ပေးသွားတာရော...ဖေဖေ့အတွက်ဆုတောင်းပေးသွားတာရော ကျေးဇူးပါဗျာ...။ ကြိုးစားသွားပါဦးမယ်ဗျာ...။
မြတ်မွန်>> ပါပါးကိုလွမ်းရင် ဖုန်းဆက်လေ...ညီမလေး...။ လက်ရေးက အဲ့သလိုပဲ..မြန်လည်းဒီလို၊ နှေးလည်း အဲ့သည့်ပုံပဲလေ...း(
ရွှေရတုမှတ်တမ်း>> နိုနဲ့ ကိုဂျီးနော်...း)
ကိုမင်းအိမ်>> ဟုတ်တယ်ကိုမင်းအိမ်... ကျွန်တော်တို့အပြင်မှာလည်း..အဲ့ဒီလိုပါပဲဗျာ...။ ဖေဖေ့အတွက်ဆုတောင်းပေးတာ ကျေးဇူးဗျာနော်...။
ဆောင်းယွန်းလ>> ကိုဆောင်း...ညီရဲ့နေရာလေးကိုလာပြီးဖတ်ပေးလို့ တစ်ကယ်ကျေးဇူးတင်ဝမ်းသာမိပါတယ်...။ ဖေဖေ့ကိုလည်း ပို့လိုက်ပါ့မယ်အစ်ကို...။ အစ်ကိုလည်းအမြဲပျော်ရွှင်စေဖို့ညီဆုတောင်းလျှက်ပါဗျာ...။
အနမ်း>> ဟုတ်ကဲ့မအနမ်းရေ...အဲ့ဒါ တစ်ကယ့်အဖြစ်လေးပါ...။ (ငါးဖောင်ရိုးလေးကျွန်တော်လေ...:D...)
နေ့အိပ်မက်>> မျောသွားတယ်ဆိုလို့ ကျေးဇူးညီမလေး....။ စာတွေကို အစ်ကိုအဲ့ဒီလို စာအုပ်လေးနဲ့ ကင်န်တင်းဆင်းတဲ့ အချိန်တွေလုရေးရတာမျိုးပါ...။ နည်းနည်းချင်းစီလေ...။ စာလုံးပေါင်းပြင်ပေးတာ လုံးဝစိတ်မဆိုးဘူးညီမလေး...စေတနာနဲ့ပြောတာဆိုတာသိတယ်...။ နောက်လည်းပြောဦး...:)
ဆောင်း>> ဆောင်းရေ...ကျေးဇူးနော်...လာလည်ခဲ့တာ...။
ညီညီ>> ညီညီရေ...ပျောက်နေတာကြာပြီ...။ သတိရတယ်... နေကောင်းအောင်နေဦးနော်...။ စာလာဖတ်ပေးသွားလို့ကျေးဇူးဗျာ...။

SHWE ZIN U said...

မညှိုးပန်း ရဲ့ ရနံ့လေးက သင်းပျံ့လှပါတယ်

Honey said...

ဏီလင်းညိုတို့သားအဖအကြောင်းဖတ်ရတာ အမအဖေကိုတောင်သတိရမိလို့ မျက်ရည်ဝဲမိတယ်...။ဖေဖေက အမတို့ငယ်ငယ်ကတည်းကဆုံးသွားခဲ့တာ..။ ဖခင်မေတ္တာကိုငတ်မွတ်ခဲ့ရတဲ့သူမို့ ဒီပို့စ်လေးကိုအရမ်းကြိုက်ပါတယ်..။
ပြီးတော့ မောင်လေးကအရေးသားလဲသိပ်ကောင်းတယ်။

ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

ပထမဆုံးရောက်ဖူးတာပါ။ စာအရေးအသားအရမ်းကောင်းတယ်။

ayesnake said...

တယ်ရင်း ..ငါလည်းလ္ဘက်ရည်ကြိုက်တယ်
တိတ်တိတ်ကလေးလာဖတ်တယ်ပြောလို့ comment ပေးခဲ့တာ ..
ဟုတ်ပြီနော်

mae said...

ဖတ်လို့ကောင်းလို့ comment ရေးတာပါ၊ ကျမလဲ အဖေကို အရမ်းချွဲတဲ့သူမို့ ရင်ထဲ ရောက်သွားတယ်၊

မေဓာဝီ said...

ဒီဝတ္ထုလေးကို ခုမှ ဖတ်ဖြစ်တယ် ဏီလင်းရေ ..
အမလဲ ရန်ကုန်မှာတုန်းက အဖေနဲ့ တူတူ လက်ဘက်ရည်ဆိုင် အမြဲထိုင်နေကျ။
ဒီဝတ္ထုလေးဖတ်ပြီး အဖေ့ကို လွမ်းသွားမိတယ်။ စာရေးကောင်းတဲ့ ဏီလင်းကို ချီးကျူးပါတယ်။ နေမြန်မြန်ကောင်းပြီး စာတွေ ဆက်ရေးနိုင်ပါစေ ... နော်။

ဆောင်းနှင်းရွက် said...

ပို့စ် ဖတ်ပြီး
အိမ်က ဖေကြီးကို
အရမ်းသတိရတာပဲ ..

ငယ်ငယ် က လုပ်ပေးခဲ့တာတွေ
မျက်စိထဲမှာ ပြန်မြင်ယောင်ပြီး
အခု ငိုချင်လာတယ် ... :(

ဆောင်းနှင်း ဖေဖေလည်း အသက် ၆၂ နှစ် လောက် အထိ
နေနိုင် ရင် ဘယ်လောက် ကောင်းမလဲ ..

Mogok Thar said...

ဖေချစ်သားလေးပေါ့

အကိုလဲ ဒီအရွယ်ထိ ဖေ နဲ့ မေ ရှေ့ ရောက်ရင် ကလေး ပြန်ဖြစ်သွားတာပဲ...

အိမ်ပြန်ချင်စိတ် ပေါက်သွားပြီ...

မိသားစုနဲ့ ဝေးရာ နေရာမှာ မိတ်ကောင်းဖော်မွန်တွေနဲ့ နွေးထွေးပျော်ရွှင်နိုင်ပါစေ....

ခိုင်လေး ( ရွှေတောင် ) said...

.“သား... အဲ့ဒီမှာ ကားတွေအများကြီးနေမယ်၊ ကားလမ်းကူးရင် သေချာကြည့်ကူးနော်” ဟူသော စကားလေးပင် ဖြစ်ပါသည်။ အသက်သုံးဆယ်နီးပါး ရှိနေခဲ့ပြီ ဖြစ်သော သူ့ကို ကလေးလေးတစ်ယောက်လို စိတ်ပူပန်စွာဖြင့် ချစ်ခင်နေနိုင်သေးတဲ့ အဖေရယ်လေ။ အဖေ့ရဲ့ မေတ္တာတရားများက သူ့အတွက်တော့ ဘယ်တော့မှ ညှိုးနွမ်းမသွားနိုင်သည့် မညှိုးပန်းလေး တစ်ပွင့်လိုသာ။

နှစ်သက်ကြည်နူးစွာ အားပေးသွားပါတယ်အကို ။ ဖတ်နေရင်း ဖေဖေကို အရမ်းသတိရမိသွားတယ် ။

Anonymous said...

အစ်မ ( ဟိုးအပေါ်က တစ်ယောက်ကွန်းမန့်ရေးထားတာတွေ့လိုက်လို့... :D)

အေးမြတဲ့ သားအဖမေတ္တာလေး ဖတ်လိုက်ရတာ ရင်ထဲကို အေးသွားတာပဲ ကိုဏီ ရေ။

Aunty Tint said...

တီတင့်နှစ်သက်အားကျခဲ့တဲ့ ဘလော့ဂါတွေကို အသံတိတ် ဖတ်ရင်းအားပေးခဲ့ဘူးတယ် မောင်ဏီရေ။

မေတ္တာဖြင့်
တီတင့်

Unknown said...

အိမ်ပြန်ပီးအဖေနဲ့အမေကိုဆိုးချင်တဲ့စိတ်ကလေးဖြစ်သွားတယ်...