Thursday, December 3, 2009
ဘဲစား... ဘဲချေ
  “တစ်နေရာယူ”....
        နားထဲသို့ စူးခနဲဝင်လာသည့် ‘ကုလား’ရဲ့ အသံကြောင့် ‘တာတူး’ ကိုယ်ကို ကျုံ့ထားလိုက်မိသည်။ ရင် ဘတ်အောက်မှပိပြားနေသော မြက်ပင်စိမ်းစိမ်းများကို တစ်ချက်ငုံ့ကြည့်ရင်း..လက်ထဲမှ ပလတ်စတစ်ပစ္စတို သေနတ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသေး၏။ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိမရှိတစ်ချက် အကဲခတ်ရင်း လေအဝှေ့မှာစူးခနဲလွင့်ပျံ့လာတတ်သည့် ခပ်လှမ်းလှမ်းတွင်ရှိသော ၀က်တဲမှ ၀က်ချီးနံကိုအ ရင်ခုခံကာကွယ်တဲ့အနေဖြင့် အသက်အောင့်ထားလိုက်မိ၏။ ပြီးတော့ ပခုံးပေါ်ကို နှာခေါင်းတင်ကာ ဖိကပ် ထားလိုက်သည်။ ဒါလောက်ဆို လုံလောက်ပြီ...။
     “နှစ်... အဆင်သင့်”...
      ကုလားရဲ့ အော်သံနှင့်အတူ... သူဝပ်နေသော ခြုံဖုတ်နောက်နားမှ လှုပ်လှုပ်ရွရွအသံကြားတာကြောင့် တာတူး လှည့်ကြည့်မိတော့ သူ့အနားကိုတွားသွားရင်း...လာနေသည့် ‘ကြွက်နီ’...။ ကြွက်နီက သူတို့ဖက်က မို့တော်သေးသည်။ နို့မို့ဆိုရင် မလွယ်လှ...။ သို့သော် ၀ပ်နေရာမှ နောက်ကိုခြေထောက်နှင့် လှမ်းခတ်ရင်း.. ကြွက်နီအား အသံခပ်အုပ်အုပ်ဖြင့်....
    “ဟေ့ယောင်...မင်းတစ်ခြားနေရာသွား... တော်ကြာငါတို့နှစ်ယောက်လုံး တစ်ခါတည်းသေနေဦးမယ်....။ ကုလားက... အငြင်းသန်တာမင်းလည်း...သိရဲ့နဲ့...။ သွား...သွား”...
     တာတူးနှင်လွှတ်တာတောင်မှ ကြွက်နီက မသွားချင်သလို ပေကပ်နေသေးသည်။ အဲ့ဒီအကောင်အကျင့် က အမြဲအဲ့ဒီအတိုင်းပဲ ဟုတာတူးတွေးမိသည်။ ဘာပဲဖြစ်ဖြစ် သူများအားကိုးချင်တဲ့ကောင်။ ထို့ကြောင့် အနီး မှာရှိသည့် မြက်ပင်တစ်ချို့ကို လက်နှင့်နိုင်သလောက်ဆွဲနှုတ်ကာ ကြွက်နီကို နောက်ပြန်လှမ်းပစ်လိုက်ရင်း
   “ဟေ့ယောင်...သွားလေကွာ...မင်းကလည်း”....
    “အေးပါကွာ”....
      ကြွက်နီက မသွားချင် သွားချင်ပုံစံဖြင့် ၀ပ်နေရာမှထကာ ခန္ဓာကိုယ်ကို ခပ်ကုန်းကုန်းလေးလုပ်ပြီး တာ တူးနှင့် မလှမ်းမကမ်းမှာရှိသော ခြုံဖုတ်တစ်ခုဆီသို့ ပြေးသွား၏။
    “သုံး...ကျည်ဆန်ထည့်”...
     “လေး... မောင်းချိန်”....
    အော်နေသော ကုလား၏အသံက တစ်ဖြည်းဖြည်းနှင့်မြန်လာသည်ကို နားထောင်နေရင်း စောစောတုန်း က ကြွက်နီပြေးဝင်သွားသည့် ခြုံဖုတ်ကို တာတူးလှမ်းကြည့်မိသည်။ ဒီအတိုင်းဆို သူတို့ဘက်မှ ကြွက်နီတစ် ကောင် စောစောစီးစီးသေတော့မှာပဲ...ဟု တာတူးတွေးမိ၏။ ကြည့်လေ..ဒီကောင်ဝင်ပုန်းနေတာကို တစ်ဖွဲ့ တည်းသား..တာတူးပင်မြင်နေရ၏။ စွပ်ကျယ်အင်္ကျီအနီရောင်လေးဝတ်ထားသော ကြွက်နီရဲ့ပိန် ညှောင် ညှောင်ခန္ဓာကိုယ်လေးက ခြုံဖုတ်ဘေးမှာ တစ်စွန်းတစ်စထွက်လို့...၊ ပြူတစ်ပြူတစ်နှင့်....။ သူတို့ဖက်မှကျန် သည့် ဖိုးဝနှင့် မင်းမင်းတို့နှစ်ယောက်တော့ ဘယ်နားမှာချောင်သွားခိုနေကြ သလဲ တာတူးမသိ...။ သို့သော် သူ့အနားတစ်ဝိုက်ရှိ ခြုံဖုတ်တွေထဲ ပုန်းနေကြမှာတော့ ကျိန်းသေသည်။
     “ငါး... ၀ပ်”....
     “ခြောက်... ပစ်နိုင်ပြီ”....
     ကုလား၏ အော်သံ အဆုံးမှာ တာတူးတစ်ယောက် ပတ်ဝန်းကျင်ကိုသေသေချာချာ စူးစိုက်ကြည့်လိုက်မိ သည်။ အခုမှ တာတူးစဉ်းစားမိ၏။ ကုလားရဲ့ အချက်ပေးအော်သံလာနေတာက... သူ့အရှေ့တည့်တည့်မှ လာနေသလိုပင်။ ကုလားတို့ဘက်မှ ဘယ်သူမှန်းတော့မသိ...။ တာတူးရဲ့ အရှေ့ခပ်လှမ်းလှမ်းတွင်ရှိသော ငှက်ပျောပင်အုပ်ကြားထဲမှာတစ်ယောက်ယောက်ပုန်းနေသလို လှုပ်လှုပ်ရွရွဖြစ်နေတာတွေ့ရသည်။ ကုလား တို့ဘက်မှဆို...ကုလား၊ ဘဲမြီး၊ အောင်အောင်...ဒါမှမဟုတ် စာကလေး..တစ်ယောက်ယောက်တော့ ဖြစ်နိုင် သည်။
     တာတူးတို့တစ်သိုက်လုံးက အားလုံးရွယ်တူတွေချည်းဖြစ်သည်။ တစ်ရပ်ကွက်ထဲနေတာ အတူတူ၊ နောက် တတိယတန်းတွင် ပညာသင်ကြားနေကြတာလည်း... အတူတူ။ အခု ဒီဇင်ဘာကျောင်းပိတ်ရက်မို့ ရပ်ကွက်အစွန်းတွင်ရှိသော ငှက်ပျောတောထဲတွင်... မီးကုန်ယမ်းကုန် သေနတ်ပစ်တမ်းကစားနေကြခြင်းပဲ ဖြစ်ပါသည်။
    “ဒိုင်းညှောင့်... ဒိုင်းညှောင့်... ဒိုင်းညှောင့်.... ဟေ့ယောင် စာကလေး... မင်းသေပြီထွက်တော့”....
     “ဒက်...ဒက်...ဒက်...ဒက်...ဒက်..ဟေ့ယောင် ကြွက်နီမင်းသေပြီကွ...။ ထွက်ခဲ့တော့ဟေ့...ဟီး..ဟီး”..
      ကုလားရဲ့ အူးမြူးသံကြီးအဆုံးတွင်တော့ မြင်ကွင်းထဲသို့ ရှင်းရှင်းကြီးရောက်လာပြီဖြစ်တာမို့ တာတူးမ နေသာတော့ပဲခြုံအပြင်သို့ အမြန်ထွက်ပြီး...
     “ဒိုင်းညှောင့်...၊ ဒိုင့်ညှောင့်...၊ ဒိုင်းညှောင့်... ကုလား မင်းသေပြီကွ... ထွက်ပေတော့ဟေ့”....
      သို့သော်... ကုလားက စောစောကသူပုန်းနေခဲ့သည့် ငှက်ပျောပင်အုပ်ကြားသို့ ပြန်ပြေးရင်း ပါးစပ်မှနေ
     “ဟေ့...အေး..၊ ငါမသေဘူးကွ...မသေဘူး”....ဟု အော်သွားလေတော့၏။
     တာတူး စိတ်ထဲတော်တော်လေးတင်းသွားသည်။ ကြည့်လေ... အဲ့ဒီကုလား... အငြင်းသန်ပြီ။ ဒီလောက် ပေါ်တင်ကြီးပစ်ထည့်လိုက်တာကိုများ.. သူ မသေဘူး... ဟု ငြင်းသွားသေးသည်။  တာတူးကို.. ဒါမျိုးလာချိုး လို့ကတော့ အမောဖောက်သွားစေရမည်။ ထို့ကြောင့် ကုလားပြန်ပြီးဝင်ပုန်းသွားသော ငှက်ပျောပင်အုပ်ဆီ ကို တာတူးပြေးလိုက်သွားရင်း ပါးစပ်မှလည်း....
     “ဟေ့ယောင် ကုလား...၊ မင်းမညစ်နဲ့ နော်.. ငါပေါ်တင်ကြီးပစ်ထည့်လိုက်တာ...။ မင်းသေပြီးသွားပြီ”...
     “ဟုတ်တယ်... ဟေ့ယောင်...၊ ငါလည်းမြင်လိုက်တယ်...၊ တာတူးဆော်ထည့်လိုက်တာ..မင်း ဂန့်သွား  ပြီကွ...။ ထွက်... ဟေ့ကောင်....မင်း ဆက်ပုန်းမနေနဲ့တော့”....
     စောစောက ကုလားပစ်လိုက်သော ကြွက်နီကလည်း..တာတူးနောက်မှ ထပ်ချပ်မကွာလိုက်လာရင်း ပါးစပ်မှ မကျေမနပ်နှင့် အသံကုန်ဟစ်နေလေတော့သည်။ ကြွက်နီနှင့် တာတူးတို့ရဲ့ အော်ဟစ်သံများကြောင့် သူတို့နေရာတွင်လုံအောင်ပုန်းရင်း ချက်ကောင်းကိုချောင်းနေကြသော ဖိုးဝနှင့် မင်းမင်းတို့ ပါ တာတူးတို့အနားသို့ရောက်လာကြလေ၏။ သူတို့အားလုံး ကုလားပုန်းနေသော ငှက်ပျောပင်အုပ်ထဲသို့ တိုးဝင်လိုက်ကြသည်။
     ငှက်ပျောပင်အုပ်ထဲတွင်.... ကုလားက တစ်ကိုယ်လုံးကို ပိပြားနေအောင် ၀ပ်နေတာတွေ့ရ၏။ တာတူးက ခေါင်းဆောင်ပီပီ....
      “ဟေ့ယောင်...ကုလား..မင်းသေသွားပြီလေ...ထွက်တော့ကွ...၊ ဘာလို့ မသေဘူးလို့ပြောပြီး ဒီမှာလာဝပ်နေတာတုန်းကွ”....
     ကုလားက ၀ပ်နေရာမှ တာတူးကိုမော့ကြည့်ရင်း...
      “သေပါဘူးကွာ... မင်းပစ်ထည့်လိုက်တာ... ငါ့ခြေထောက်နားလေးပဲ ရှပ်ထိသွားတာ...။ ဗွီဒီယိုတွေထဲ မှာလို.. ဆေးရုံသွားရင်ပျောက်သွားမှာလေ...။ မင်းပစ်တာ.. ငါ့ရင်ဘတ်နေရာမှ မဟုတ်တာ..။ ဘာလို့ ငါက သေရမှာလည်းကွ”...
    ကုလားရဲ့ စကားကြောင့် တာတူးတို့ တစ်ဖွဲ့လုံးဆွေ့ဆွေ့ခုန်သွားကြရတော့သည်။ ဒေါကန်လိုက်သည် မှာ ပြောပင်မပြတတ်တော့...။
     “မင်း...မင်း.. အငြင်းသန်တယ်.. ကုလားရာ”...
    တာတူးတို့ဘက်မှ မင်းမင်းက မချိမခံသာလေသံဖြင့် တစ်ခွန်းဝင်ပြောသည်။ ဖိုးဝက ငှက်ပျောပင်တစ် ပင်ကို မကျေမနပ်ဖြင့် ပိတ်ကန်လိုက်၏။ ပါးစပ်ကတော့ ဘာမှမပြော...။ ကြွက်နီကတော့ စောစောကသူ့ကို သေအောင်ပစ်ထားပြီး... သူ့အလှည့်ကျတော့ မသေဘူး... ဟု ဇွတ်အတင်းခံငြင်းနေသော ကုလားကို မျက် ထောင့်နီကြီးဖြင့်ကြည့်ရင်း.... နှာခေါင်းဝမှ ထွက်ကျလုလုဖြစ်နေသော နှပ်ချေးများကို ရှလွတ်ခနဲ ပြန်သွင်း လိုက်သည်။
     “ဘာဖြစ်နေကြတာလည်းကွ”...
      ကုလားတို့ဘက်မှ အောင်အောင်က သူတို့အနားသို့ရောက်လာရင်း စပ်စုစွာမေးသည်။ သူ့အနောက်မှာ တော့ စာကလေးနှင့် ဘဲမြီးက ကုပ်ချောင်းချောင်းနှင့်....။ သူတို့ ခေါင်းဆောင် ကုလားအကြောင်း သိထား နှင့်နေကြသည့်ပုံစံလေးများဖြင့်...။ တာတူးက...
     “မင်းတို့ ခေါင်းဆောင် ကုလားငြင်းနေလို့ကွ...၊ ငါ ပေါ်တင်ကြီးဆော်ထည့်လိုက်တာကို မသေဘူးဆိုပြီး လာငြင်းနေလို့ကွ”...
     “ဟေ့ယောင်တွေ... ဒီကောင်ပြောတာ မယုံကြနဲ့ကွ...။ ငါ့ခြေထောက်ကိုပဲ ရှပ်ထိသွားတာ”...
    ကုလားက ၀ပ်နေရာမှထ,ရင်း သူ့လူများကိုခပ်တည်တည်ဖြင့် ပြောနေသေးသည်။တာတူး သည်းမခံနိုင် တော့ပါ...။ ထို့ကြောင့်..
      “တော်ပြီကွာ...ကုလား..၊ မင်းတစ်အားအငြင်းသန်တယ်...၊ ဆော့တော့ဘူးကွာ..၊ မင်းနဲ့လည်း မခေါ် တော့ဘူးဟေ့ယောင်...၊ လာ ကြွက်နီတို့ ငါတို့ ပြန်ကြမယ်ဟေ့”....
      “ပြန်ပေါ့”...
      ကုလားက အရေးမစိုက်ဟန်ဖြင့်ပြော၏။ သူ့ဘက်မှ စာကလေးတို့တစ်သိုက်ကတော့ မျက်နှာမကောင်း ကြချေ...။ သွားခါနီးတွင် တာတူးတို့ဘက်မှဖိုးဝက မနေနိုင်တော့တာကြောင့် ကုလားကို စေ့စေ့ကြည့်ရင်း...
     “ဗမာ.... ဗမာ... လူလိမ္မာ....
      တရုတ်... တရုတ်... သောက်စားပုပ်...
      ကုလား... ကုလား.... ၀က်ချီးစား”...ဟု နာအောင်ခွပ်လေတော့သည်။ ပြောရမယ်ဆို... “ကုလား” ဆို တာ ဒီကောင့်နာမည် အရင်းမဟုတ်...။ သူက ဗမာစစ်စစ်...။ အသားမည်းသောကြောင့် တစ်ရပ်ကွက်လုံး က သူ့ကို “ကုလား”...ဟု ခေါ်ကြခြင်းသာ...။ သူ့နာမည်အရင်းက... မောင်မောင်နိုင်...။
     ဖိုးဝရဲ့ မှိုချိုး...၊ မြစ်ချိုး အပြောကို ကုလားကလည်း ငြိမ်ခံမနေပဲ ပက်ခ,နဲနေအောင် ပြန်ပြောလိုက်ပါ  သည်။
      “ဗမာ... ဗမာ.... လူ အိမ်သာ...
       တရုတ်... တရုတ်... သောက်စားပုပ်...
       ကုလား... ကုလား... အကောင်းစား”....
       စပြောသော ဖိုးဝတင်မက...၊ ကုလားဖက်မှ ကျန်သောသူများပါ...မျက်နှာတွေ ရှုံ့မဲ့ကုန်ကြလေတော့ ၏။ ကြည့်လေ... ကုလား..ဆိုတဲ့ကောင် ပြောသွားတာ.. ဗမာ.. ဗမာ.. လူအိမ်သာ..ဆိုပဲကိုး...။
       တာတူးက...
      “တော်ပြီကွာ...ကုလား...၊ မင်းမှတ်ထားနော်... မင်းနဲ့ ငါနဲ့ မခေါ်ဘူး...။ လာကွာ...ဟေ့ယောင်တွေ.... သွားကြမယ်”....
      တာတူးတို့ တစ်သိုက် ရပ်ကွက်ဘက်သို့ ခြေဦးလှည့်လိုက်ကြသည်။ နေမြင့်နေပြီမို့ တာတူးတို့တွေ အ သီးသီး ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြလေတော့သည်။ ထမင်းစားချိန်နီးနေတာတောင် ပျောက်နေသေးသော တာတူးကို လိုက်ရှာနေခဲ့သည့်  အစ်မလတ်ဖြစ်သူနှင့် လမ်းတွင် တာတူးသွားဆုံတော့ ကစားမက်လွန်းလှ ချည်ရဲ့..ဟု မြည်တမ်းရင်း.. ခေါင်းတစ်ချက်ခေါက်တာကို ခံလိုက်ရသေး၏။
@@@@@@@@@@
         “နည်းသူထွက်... များသူလိုက်... ဗျောင်... နောင်... နောင်... ဗေ... ဗေ့... ဂျိ”...
        အိမ်ရှေ့လမ်းမပေါ်မှ ပူစူးမတို့တစ်သိုက်ရဲ့ ဗျောင်နောင်နောင်ဗေဗေ့ဂျိချနေကြသံများကြောင့် စား လက်စ, ထမင်းကို အမြန်ကုန်အောင် တာတူးစားနေမိ၏။ သူ့ပန်းကန်ထဲမှ ညစာထမင်းများ မြန်မြန်ကုန်မှ အိမ်အပြင်ထွက်ပြီး ကစားလို့ရမှာမို့လို့ပဲဖြစ်ပါသည်။ ဒါကိုရိပ်မိသော အစ်မလတ်က...
        “အငယ်ကောင်... ထမင်းကို ဖြည်းဖြည်းစားစမ်း.... တော်ကြာ နင်,နေဦးမယ်”....
        တာတူးခေါင်းငြိမ့်ပြရင်း.. ထမင်းကိုလက်စ,သတ်လိုက်၏။ သူ့ပန်းကန်ထဲတွင် ထမင်းကုန်ပြီ...။ ထပ် ယူချင်သေးသော်လည်း... မကစားလိုက်ရမှာစိုးပါသည်။ အိမ်နောက်ဖေးတွင် ပန်းကန်ဆေးပြီး ရေစိုနေဆဲ ဖြစ်သောလက်ကို ၀တ်ထားသောဘောင်းဘီတိုလေးဖြင့် အမေမသိအောင်ခိုးပြီး တာတူးပွတ်သုတ်လိုက်၏။ အမေသိရင် ဆူခံထိမှာသေချာပါသည်။
      “အမေ..သား အိမ်ရှေ့မှာသွားကစားမယ်နော်”....
      ထမင်းစားနေဆဲဖြစ်သော အမေ့ကိုခွင့်တောင်းရင်း... အဖေ့ကိုပါ တာတူးကြည့်မိသည်။ အဖေက တ တူးကို ပြုံးရင်းကြည့်နေလေသည်။ အမေက...
       “အိပ်ခါနီး အရမ်းပေကျံနေအောင် မဆော့နဲ့နော်...။ အနွေးထည်တွေပေကုန်ရင် ညပိုင်းကြီး မင်းကို အမေရေချိုးပေးမှာ...။ အဲ့ဒီကျမှ ချမ်းတယ်..အော်မနေနဲ့...ကြားလား”....
         “ဟုတ်”.....
         ဒီစကားလေးကို ပြောလိုက်ချိန်မှာတာတူးတစ်ယောက် လမ်းပေါ်ရောက်နေခဲ့ပြီ...။
         သူတို့ အိမ်ရှေ့လမ်းမီးတိုင်အောက်မှာ ရပ်ကွက်ထဲက ကလေးတွေတော်တော်စုံနေတာ တာတူးတွေ့ ရ၏။ စောစောက ဗျောင်နောင်နောင်ဗေဗေ့ဂျိ ချနေခဲ့သော ပူစူးမတို့တစ်သိုက်က စိန်ပြေးတမ်းကစားနေ ကြသည်။ ထမင်းစားပြီးကာစကြီးတော့ တာတူး စိန်ပြေးတမ်းမကစားချင်ပါ...။ ထို့ကြောင့် သူတို့ဘေးနားမှာ ခဏရပ်ကြည့်နေလိုက်သည်။ ထိုကစားပွဲထဲတွင် သူ့သူငယ်ချင်းများဖြစ်ကြသော ဖိုးဝတို့ မင်းမင်းတို့၊ ကြွက် နီတို့သာမက စာကလေးတို့ကိုပါတွေ့ရ၏။ အေးလေ... ဒီကောင်တွေနဲ့ ရန်ဖြစ်တာမှမဟုတ်ပဲ...၊ ကုလားနဲ့ ပဲ ရန်ဖြစ်ခဲ့တာ...ဟု တာတူးတွေးမိ၏။ ကုလားကိုတော့ မတွေ့ရ...။
     “ဟာ... တာတူး...လာပြီဟေ့”....
     ပြေးရင်းနှင့် တာတူးအနားကိုရောက်လာသော ဖိုးဝက အော်လိုက်သည်။ ကစားနေရင်းမှနေပြီး ပူစူးမတို့ က “ပါမလား”...ဟု လှမ်းမေးသည်။ တာတူးက...
    “ခဏရပ်ကြဦးဟာ”....
    “ဘာလဲ...ဟ”...
     အားလုံးက တာတူးအနားသို့ ရောက်လာကြ၏။ စိန်ပြေးတမ်းကစားပွဲလေး ခဏရပ်သွားသည်။ လိုက်နေ ရသူဖြစ်သော စာကလေးမှလွဲပြီး... အားလုံးက သိပ်မကျေနပ်ကြချင်...။
    “ဒီလိုလေဟာ... စိန်ပြေးတမ်းကစားရင်... ညပိုင်းကြီး ချော်လဲတတ်တယ်ဟ...၊ အဲ့ဒီတော့ ငါတို့တွေ က စားနည်းပြောင်းကစားကြမယ်ဟာ”...
     တာတူးက အကျိုးအကြောင်းနှင့် ရှင်းပြတာကို တချို့ကလက်ခံကြသည်။ တစ်ချို့က လက်မခံချင်ကြ သေးသလိုလိုပုံစံမျိုးတွေနှင့်...။ စပ်စုတတ်သော ပူစူးမက မေးသည်။
      “ဘာတမ်း ကစားမှာလဲဟ...နင်က”....
      “၀ိုင်းကြီးပတ်ပတ်... ဒူဝေေ၀တမ်းကစားကြမယ်လေ... အဲ့ဒါဆို ဘယ်သူမှ လိုက်စရာမလိုဘူး...၊ အား လုံးပတ်ချာလည်နဲ့ ပျော်စရာကြီး”....
      ခပ်ဆွယ်ဆွယ်လေးပြောလိုက်သော တာတူးရဲ့စကားကြောင့် အားလုံးက “ကောင်းတယ်... ကောင်း... တယ်”...ဟု ထောက်ခံကြလေတော့သည်။
      “ကဲ..ကဲ... ဒါဆို တစ်ယောက်လက်... တစ်ယောက် ချိတ်ထားကြတော့ဟေ့”...
       လောဆော်စွာပြောလိုက်သော တာတူးရဲ့ အသံအဆုံး သူတို့တွေ တစ်ယောက်လက်ကို တစ်ယောက် အလုအယက်ချိတ်ကြလိုက်လေတော့သည်။ ကလေးဆယ့်နှစ်ယောက်စာဝိုင်းကြီးမို့ သူတို့ဝိုင်းကအကြီးကြီး ပင်ဖြစ်နေတော့၏။
        “ငါလည်း...ပါမယ်”....
       ပြောပြောဆိုဆိုဖြင့် အော်ရင်း အနားသို့ရောက်လာသော ကုလားက တာတူးကိုကြည့်ရင်းဆို၏။ တာ တူးက မနက်တုန်းက ရန်ပွဲကို အခဲမကြေသေးသလို ကုလားကိုကြည့်ရင်....
      “မပါနဲ့”.... ဟု ခပ်ပြတ်ပြတ် အော်ပြောလိုက်၏။
       ကုလား မျက်နှာလေး..ငယ်သွားသည်။ လူအများကြီးဖြင့် ပျော်စရာကောင်းနေသော သူတို့ အ၀ိုင်းကြီး ကို တစ်ချက်ကြည့်ရင်း....
      “ပါမယ်ကွာ.... ဘာလည်း... မင်းက ငါနဲ့ မခေါ်ချင်သေးဘူးလားကွာ”....
        ဟု... ညှိုးငယ်စွာပြောလေသည်။ တာတူးစိတ်ထဲတွင် ကုလားကို သနားစိတ်ဝင်သွားမိသည်။ ခါတိုင်း ဆို... ရန်ဖြစ်ပြီး အရင်စ,လာခေါ်သူကို သူတို့ပြောနေကျ....
       “မခေါ်ဘဲနဲ့ ... လာခေါ်တယ်....
        ပဲဟင်းတစ်ခွက်.... လာပေးတယ်...
        အားနာလို့.... ယူလိုက်တယ်....
        နံနံပင်နဲ့ .... ပဲပြုတ်....
        ဟေ့... ကုလားစုတ်”.... ဟုလည်း...ပြောချင်စိတ်မရှိတော့...။  ကျန်သည့် လူများဖက်ကို တာတူး လှမ်းကြည့်မိလိုက်တော့ အကုန်လုံးက..ကုလားကို ပါစေချင်သော မျက်နှာထားလေးများနှင့်...။ ကုလားက အားလုံးကို သနားဖွယ်မျက်နှာပေးဖြင့် တစ်ချက်ကြည့်ရင်း တာတူးကို...
      “ငါလည်းပါချင်လို့ပါ တာတူးရာ...နော်...၊ ဟိုတစ်ခါ ငါတို့တွေ ထုပ်ဆီးတိုးကြတုန်းက မင်းလည်း ငါ့ကို ငြင်းတာပါပဲကွာ...။ ထမင်းရေပူစည်းကို မင်းတက်နင်းမိလို့ ငါပြောတော့ မင်းက နည်းနည်းလေးပဲတက်နင်း မိတာ...၊ ငါ့ခြေထောက်တောင်မှ မပူသွားပါဘူးလို့ မင်းလည်းပြောခဲ့တယ်လေကွာ...၊ ဘဲစား... ဘဲချေပဲလေ ကွာနော်”....
      သနားစဖွယ် ကုလားရဲ့မျက်နှာလေးနှင့် စကားသံကြောင့် တာတူးတစ်ယောက် ဟိုတစ်ပတ်တုန်းက သူ နှင့် ကုလားတို့ ထုပ်ဆီးတိုးတမ်းကစားတုန်းက အဖြစ်လေးကို သွားသတိရမိလိုက်၏။ ဟုတ်သည်၊ တာ တူးလည်း ကုလားကိုငြင်းခဲ့ဖူးသည်ပဲလေ...၊ ထမင်းရည်ပူစည်းတက်နင်းမိတုန်းက..။ ဘဲစား ဘဲချေပဲပေါ့...။
      “အေးပါကွာ... မင်းပါလို့ရပါတယ်”....
      တာတူးရဲ့ စကားသံအဆုံးတွင် ကျန်သောသူများက ဟေး...ခ,နဲ အော်လိုက်ကြလေတော့၏။ ကုလား က ပျော်ရွှင်မြူးထူးစွာဖြင့် ၀ိုင်းအလယ်ကောင်သို့ဝင်ပြီး... အသံကုန်ဟစ်ကာ အော်လေတော့သည်။
    “၀ိုင်းကြီး...၀ိုင်းကြီး...ဘယ်လောက်ကြီး”....
     “ဟော...ဒီလောက်ကြီး”....
     တာတူးဦးဆောင်သော လူအ၀ိုင်းကြီးမှ ကုလားကို တုန့်ပြန်စွာအော်လိုက်လေတော့၏။ ကုလားကဆက် ပြီး....
    “၀ိုင်းလေ... ၀ိုင်းလေး... ဘယ်လောက်သေး”....
    “ ဟော...ဒီလောက်သေး”.....
    “မအေး.. ခြင်ထောင် ဘယ်လောက်ပေးရတယ်”....
     “ငါးမူးတစ်ကျပ်.... ပေးရတယ်.”.....
     “ငါ့ကိုပြန်ရောင်းမလား”....
      “မရောင်းဘူး.... မေမေဆူလိမ့်မယ်”....
      “မေမေဆူရင်... ငါ့ဆီပြေးခဲ့”.....
      တာတူးတို့ တစ်သိုက် ဆူညံစွာ... ဟစ်အော်လိုက်ပါတော့သည်။
       “၀ိုင်းကြီးပတ်....ပတ်....ဒူ..ဝေ...ဝေ”....
       “၀ိုင်းကြီးပတ်....ပတ်....ဒူ..ဝေ...ဝေ”....
@@@@@@@@@@
     လမ်းမပေါ်ကို အလင်းရောင် ဖြန့်ကျက်ပေးနေခဲ့သော လမ်းမီးတိုင်ကြီးက တာတူးတို့ ကလေးတစ် သိုက်ကို ပြုံး၍ ကြည့်နေခဲ့သလိုလိုပင်...။             ။
=======================================================
ပုံလေးကိုဒီနေရာလေး မှယူသုံးပါတယ်ခင်ဗျာ....။
=======================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
30 comments:
ဒဏ္ဍာရီ said...
အကိုရေ .... အကို့ပိုစ့်လေး ဖတ်ပြီး အိပ်ချင်တာတွေ ပျောက်ပြီး မျက်စိကျယ်သွားတယ်။ :D
ငယ်ငယ်က ကစားခဲ့တဲ့ ဆောင်ပုဒ်လေးတွေလည်း ပြန်သတိရသွားတယ်။ အဲလိုမျိုး ငြင်းကြပြီဆိုရင် ဘို ကျား ဆွဲကြတာရယ်.. ဘလောင်တောင်တောင် အော်ကြတာရယ်ကိုလည်း ပြန်သတိရသွားတယ် အကိုရေ....း)) နောက်မှ မောင်နှမတွေ စုပြီး အဲလိုမျိုး ကစားကြမယ်နော်။း)
ခင်မင်လေးစားလျှက်
ညရဲ့ကောင်းကင် said...
ကိုကြီး ဏီလင်းညို အရမ်းကောင်းတယ်ဗျာ...
ဇာတ်အိမ်ဖွဲ့ထားတာက အစ...အသွားအလာနဲ့ ပြောချင်တာကောအဆုံး...
ကလေးဘ၀နဲ့ ရည်ညွှန်းလိုက်တော့ အရမ်းကောင်းသွားတယ်...
အစ်ကို စာရေးအရမ်းကောင်းတယ်ဗျာ...တကယ်တကယ်...
ချီးကျူးတယ်...
အစ်မ ဒဏ္ဍာရီရေ... ဟုတ်တယ် တခါလောက်စုပြီးကစားရအောင် အဲလိုမျိုးလေ...ပျော်ဖို့ကောင်းမယ်နော်း)
လေးစားမှုဖြင့်...
ညရဲ့ကောင်းကင်
ဝေလင်း said...
အစ်ကို့အရေးအသားကောင်းတော့ ငယ်ဘ၀လေးကို တကယ်သတိရသွားတယ်။ ကျွန်တော်တို့ ညီတွေ ညီမတွေ ဒီလိုများဆော့ကြရရဲ့လားမသိဘူး။ တစ်နေ့တစ်နေ့ ကျူရှင်နဲ့ သင်တန်းနဲ့ TV နဲ့
game ဆော့တာနဲ့ သူတို့လေးတွေ ကစားကြသေးလား စဉ်းစားမိတယ်။
ကစားကြရင် ကျွန်တော်လည်းပါမယ်နော်
မြစ်ကျိုးအင်း said...
ကလေးကစားဝိုင်းထဲ ရောက်သွားရသလိုပါပဲလားး)
အဖြူရောင်နတ်သမီး said...
နတ်သမီးကိုလည်း ခေါ်အုံးနော်....
မခေါ်ရင် စိတ်ကောက်လိုက်မှာ...
ဂျပန်ကောင်လေး said...
အတော့်ကို အဆော့သန်ကြတဲ့ကလေးတွေ.. ဟီးဟီး.. ငယ်ငယ်က ဆော့လွန်းလို့ အရှိုးရာတွေ ထင်အောင် အရိုက်ခံခဲ့ရတာတွေ ပြန်သတိရလာပြီ... လွမ်းလိုက်တာဗျာ.. ကျွတ်ပေါက်တမ်းတို့.... ဘာညာကွိကွ....း)
မောင်မိုး said...
အေးဗျာ....ကလေးဘ၀က တကယ်ပဲ အပူအပင်ကင်းတယ်ဗျာ.။ ဖတ်ရင်းနဲ့ ကိုယ့်ရဲ့ အကြောင်းလေးတွေများရေးထားသလားလို့တောင်ခံစားရပါတယ်။
မောင်ဘကြိုင် said...
း) ဟုတ်တယ်ဗျာ လွမ်းသွားတယ် ကလေးဘဝကတော်တော်ပျော်ဖို့ကောင်း
တာ သေနတ်ပစ်စမ်းကတော့ တော်တော်ဆော့တယ်း)
ရေးထားတာလေး ရသမြောက်တယ် တကယ်ကလေးဘဝရောက်သွားသလိုပဲ
း)
kiki said...
ဘယ်ပုံ ဘယ်နည်း နဲ့ ဆော့ရ ဆော့ရ ၊
ငယ်ဘဝမှာ ပျော်စရာတွေချည်းပါပဲနော် ...
ငယ်ငယ်က ဆော့ခဲ့ရတာလေးတွေ
ပြန်ပြီး အမှတ်ရသွားတယ် ။ ...
thanyaw said...
တစ်ခါမှ မဆော့ခဲ့ဖူးဘူး အဲ့လိုမျိုးငယ်ငယ်တုံးက
အိမ်မှာ လူမရှိလို့စောင့်ပေးနေရတာနဲ့
rose of sharon said...
ငယ်ဘဝလေးကိုလွမ်းသွားတယ်
Waing said...
း) ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတာတွေ ပြန်သတိရသွားပြီ
ပျော်ရွှင်ပါစေနော်
ခင်မင်စွာဖြင့်
ဝိုင်း
မေကျော် said...
တစ်ခုခု ရသွားပါတယ်....
linn said...
ကလေးတုံးက သူများတွေ လမ်းထဲမှာ ဆော့ကြရင် ကိုယ်လဲ ဆော့ချင်ခဲ့တာ တအားပဲ .. အဲဒါကို လင်း မိဘတွေ ဘာကို အစိုးရိမ်ကြီးပြီး စည်းကမ်းတွေ ထုတ်လို့ မကစားခဲ့ရမှန်း မသိဘူး ... ခု ဖတ်ပြီး ငယ်ငယ်က အဲလို ပျော်စရာ ကစားနည်းတွေ မကစားခဲ့ရပါလားလို့ တွေးမိသွားတယ် ...
မျက်စိထဲ မြင်လာအောင်လဲ ရေးတတ်တယ် ...
ကျေးဇူးနော် .. ဖတ်ရလို့ ..
ခင်မင်စွာဖြင့်
လင်း
busymozzee said...
ဘော်ဒါကြိးရေ..... ခုမှရောက်တယ်ဟယ်... နေကောင်းလားသူငယ်ချင်းရေ...... စာတွေ ဖတ်လိုက်ဦးမယ်.... ဝေ့..... ငါကြိုက်တတ်တဲ့ ဇာတ်လမ်းမျိုးလေးပါလား.... ဟားဟား...
ချမ်းလင်းနေ said...
ငယ်ငယ်က ကစားခဲ့တာလေးတွေ အမှတ်ရသွားတယ်။ ဒီဝတ္ထုလေးကို ဖန်ဆင်းတတ်တဲ့အတွေးလေးကို ကြိုက်တယ်ဗျာ။
ကျွန်တော် said...
ကိုဏီရေ...သည် ၁ ခါလည်းအကုန်လုံးသိမ်းကျုံးပြီးဖတ်သွားပါတယ်.. စာရေးဆရာလုပ်ပါလားဗျာ.. အရမ်းထိတယ်.. ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ဂျင်လည်းပေါက်တယ်.. အရုပ်ထောင်ပြီး ဂေါ်လီနဲ့ပစ်တယ်..ဖိနပ်ရိုက်တယ်... အား......လွမ်းလာပြီ
Welcome said...
ကောင်းမွန်တဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ။
မြတ်မွန် said...
ကိုဏီးရေ..ငယ်ငယ်က ကလေးဘဝ ကိုရောက်သွားသလိုပဲနော်..ရီရတယ်..ပိုစ့်လေးက ဖတ်ရင်းနဲ့ ပျော်သွားတယ်..
ခင်တဲ့
မြတ်မွန်
ကိုလူထွေး said...
ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားခဲ့ကြတာကို မျက်စိထဲမြင် ပြန်လွမ်းမိသွားတယ်...
းဝ)
ပုံရိပ် / Pon Yate said...
ငယ်ငယ်တုန်းက အဲလို ငြင်းခဲ့တာတွေ သတိရမိတယ်။ ရှပ်ထိသွားတာပါ၊ မသေပါဘူးလို့။
သိင်္ဂါကျော် said...
မအားလို့ ခုမှပဲ လာဖြစ်တယ်...
ဖတ်ရတာ ပျော်စရာလေးပဲ..
စိတ်၏ဖြေရာ said...
ငယ်ငယ်တုန်းကသူငယ်ချင်းတွေနဲ့ကစားခဲ့တာပြန်မြင်ယောင်
လွမ်းမိပါတယ်။ဒီလိုဘ၀မျိုးဘယ်တော့မှပြန်မရနိုင်တော့ဘူးနော်။
ဆောင်းယွန်းလ said...
ငယ်ဘဝကိုပြန်ရောက်သွားသလိုပဲ...
ငယ်ငယ်တုန်းကတော့ ဘဲစားဘဲချေပေါ့လေ...ခုများတော့
အိမ့်ချမ်းမြေ့ said...
ရေးဟန်ကိုကြိုက်တယ်..
ဝတ္ထုလေးက လွမ်းစရာ..
ဘယ်မှ မရောက်ဖြစ်လို့ ခုမှဖတ်ဖြစ်တာပါ။
နေ့အိပ်မက် said...
အီး.... ငယ်ငယ်က ရေကျော်မှာ ညတိုင်း အိမ်ရှေ့ထွက်ထွက်ပြီး တစ်လမ်းလုံးက ကလေးတွေတူတူဆော့တာကို တအားတအားသတိရသွားပြီ.....
ဒါနဲ့ ကလေးတွေကပဲ ဘဲစားဘဲချေကို လွယ်လွယ်ကျေကြတာနော်.. လူကြီးတွေဖြစ်လာကြရင် ငယ်ငယ်ကလောက် သဘောထားပျော့ပျောင်းနိုင်ပါ့ဦးမလားမသိ
flowerpoem said...
ကလေးဘ၀ကို သတိရလိုက်တာ ငယ်၂ ကသူငယ်ချင်းတွေကို လွမ်းတယ်..
~ဏီလင်းညို~ said...
ငယ်ဘ၀လေးကို လွမ်းသွားတဲ့...၊ စာလာဖတ်ပေးတဲ့ သူငယ်ချင်းမောင်နှမတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ...။
ဒဏ္ဍာရီ၊ ညရဲ့ကောင်းကင်၊ ဝေလင်း... အားလုံးကိုကစားရင်တစ်ကယ်ခေါ်မှာစိတ်ချ...၊ အဲ့ဒီကျမှ မအားဘူးမပြောကြနဲ့ဗျ...။
ဟုတ်တယ် ဝေလင်းရေ...အစ်ကိုလည်း...ဒီခေတ်ကကလေးတွေကို တစ်ခါတစ်ခါကျရင် တွေးသနားမိတယ်...။ ဟုတ်ကဲ့ ကိုမြစ်ရေ...ကျေးဇူးနော်ဗျ...။ ခေါ်မှာပါနတ်သမီးရယ်...၊ ဘယ်ချန်ထားမှာတုန်း...၊ ဂျပန်လေးရေ...အစ်ကိုလည်းလွမ်းပါ့ကွာ...။ အတူတူပါပဲ...။
ကိုမိုး..၊ ကိုဘကြိုင်နဲ့ ကွိကွိစ်ရေ... ဟုတ်တယ်ဗျာ...၊ ငယ်ဘ၀ကတော့ တစ်ကယ်ပဲပျော်စရာကောင်းခဲ့တာနော်...။ သံယောဇဉ်က လိမ္မာတာပေါ့..။ ကူဖော်ရလို့...၊ အစ်ကိုတို့တွေက လောင်ဖက်ရပဲတယ်...:D...။
မရိုစ့်နဲ့ဝိုင်းရေ.... ဟုတ်တယ်...အတူတူပဲ ကျွန်တော်လည်းလွမ်းပါ၏။
မေကျော်ရေ..ကျေးဇူးနော်...။ လင်းရေ... လင်းမိဘတွေက ဒဏ်ရာတွေဘာတွေ ရလာမှာစိုးလို့နဲ့တူပါတယ်ဗျာ...။ ချစ်လွန်းလို့နေမှာပါဗျ...။
ခြင်ရေ...နာတိတယ်လေ...တယ်ရင်းရယ်...ဟိဟိ...။ ကိုချမ်းရေ...တစ်ကယ်ကျေးဇူးနော်...။ ညီလေးကျွန်တော်... အချွန်နဲ့မ မ,ပါနဲ့ကွာနော်...:D...၊။ ကိုဝင်းဇော်... တစ်ကယ်ကျေးဇူးနော်ဗျ...။ မြတ်မွန်ရေ... ပျော်သွားတယ်ဆိုလို့ ၀မ်းသာပါတယ်နော်...။
အစ်ကိုလူထွေးရေ..ကျွန်တော်လည်းလွမ်းလို့လေ...ရေးမိတာ...။ မပုံရိပ်ရေ.. အပူမလောင်ပါဘူးကျွန်တော်လည်းလေ...ဟိဟိ...။ မသိင်္ဂါကျော်ရေ..တစ်ကယ်ကျေးဇူးနော်...။ စိတ်၏ဖြေရာရေ... အဲ့ဒါတစ်ကယ်အမှန်ပဲဗျာ...။
ကိုဆောင်းရေ...ဟုတ်တယ်ဗျာ...။ အခုများတော့နော်... အစ်ကို...။
မလေးရေ... အဲ့ဒါကြောင့်မို့ ကျွန်တော့်အစ်မ ပျောက်နေတယ်လို့ထင်မိတာ...။ အလုပ်မအားတာလားဗျ...။ စာရေးဟန်လေးကြိုက်တယ်ဆိုလို့ တစ်ကယ်ကျေးဇူးတင်..၊ ၀မ်းသာပါ၏။
နေ့အိပ်မက်ရေ.. လူကြီးတွေဖြစ်လာရင် မာနတွေ...၊ အတ္တတွေများလာလို့နဲ့တူတယ်နော်...။
flowerpoemရေ... ကျွန်တော့်လိုပဲ နော်..လွမ်းတတ်တာ...။ ကျေးဇူးးးး...။
ခင်မင်တဲ့
ဏီလင်းညို
ညီမလေး said...
ရေးတတ်လိုက်တာ ...... လွမ်းလဲလွမ်းမိပါရဲ့ ငယ်ငယ်ကဘဝလေးကို ။
ဒီးဒိုး said...
ီကျွန်တော် လဲ ဖတ်သွားတယ်ဗျ.....ဖတ်ပြီးတော့ အိမ်ပြန်ချင်တယ် ဗျ..