ပန်းရနံ့တွေ စူးရှစွာမွှေးပျံ့ နေခဲ့တဲ့ ခပ်နက်နက်တောအုပ်တစ်ခုအတွင်းမှာ အလွန်သန်မာထွားကျိုင်း
လှတဲ့ ခြင်္သေ့ပျိုလေးတစ်ကောင် ရှိခဲ့ဖူးပါတယ်....။တစ်နေ့မှာတော့ သူဟာ ဆာလောင်မွတ်သိပ်ခြင်းရဲ့ဒဏ် ကို ပြင်းရှစွာခံစားနေရတဲ့အတွက် အစာရှာဖို့ရာ တောနက်ထဲကို ထွက်လာခဲ့ရပါတော့တယ်....။အဲ့ဒီလိုနဲ့ သားကောင်လေး ဘာလေးများ တွေ့လို တွေ့ငြား ဟိုဟိုဒီဒီလျှောက်သွားနေရတဲ့ အခိုက် ‘ငဖြူ’ နဲ့ ‘ငမဲ’ လို့ ခေါ်တွင်တဲ့ ရှဥ့်ညီနောင် နှစ်ကောင်နဲ့ လမ်းမှာ သွားဆုံတယ်။
အဲ့ဒီမှာ နှုတ်သွက်၊ လျှာသွက်ရှိတဲ့ အငယ်ကောင် ‘ငမဲ’က .....
“ဗျို့  ... ချစ်ကိုကြီး .... ဒါက ဘယ်လွင့်မလို့လဲဗျ...။ ဟဲ ... ဟဲ... ဧကန္ဏတော့ငါ့ ၀မ်းပူဆာ မနေသာ တော့လို့ .... တောကောင် ထွက်ရှာတာ ထင်တယ်” ....
လို့ ... နှုတ်ဆက်လိုက်တော့ အဲ့ဒီခြင်္သေ့ပျိုလေးက မိန့်မိန့်ကြီး ပြုံးလိုက်ပြီး ....
“ အေးကွ ....၊ ဂူထဲမှာ တစ်ကောင်တည်းနေရတာ ငြီးငွေ့သလိုလို ဘာလိုလိုဖြစ်လာတာနဲ့ အပျင်းပြေ အမဲလိုက်ရှာမလားလို့ပါကွာ .....။ ဘာရယ်တော့ မဟုတ်လှပါဘူး.....။ ကိုင်း .... ကိုင်း.... သွားပဟေ့ ”...
....လို့ ဆိုပြီး သူတို့နှစ်ကောင်ရှေ့ ကနေ ခပ်ကော့ကော့လေး ထွက်သွားပါလေရော..။
အဲ့ဒါတွေကို ဘေးနားကနေ တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေခဲ့တဲ့ အကြီးကောင် ‘ငဖြူ’ က ခြင်္သေ့ပျိုလေး ခပ်ဝေးဝေးမရောက်ခင်မှာပဲ သူ့ညီ အငယ်ကောင် ‘ငမဲ’သာကြားနိုင်တဲ့ နှစ်ကောင်ကြား လေသံက လေးနဲ့ ..... ....
“ အဲ့ဒါမျိုးပေါ့ကွ ....၊ ‘ဟန်ကိုယ့်ဖို့’ ... ဆိုတာ”....
“ ဘာဆိုင်လို့လဲဗျ”...
‘ငဖြူ’က သူ့ညီကို ‘သနားစရာကောင်းလိုက်တဲ့ အကောင်လေး’ ဆိုတဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်တယ်...။ ပြီးတော့မှ ....
“မင်းကွာ .... တော်တော့ကို တုံးတာပဲ ...။ ကြည့်လေ... အဲ့ဒီ ခြင်္သေ့ကောင် ပြောသွားတာကို....။ ဗိုက်ဆာလို့ ....၊ စားစရာမရှိတော့လို့ .... အမဲထွက်လိုက်ရတာကိုများ အပျင်းပြေလိုက်မလို့ ... ဆိုပြီး ပြော သွားတာမင်း... မကြားလိုက်ဘူးလား”....??
“ကြားသားပဲဗျ”....
“ အေးလေ ... ငါပြောတဲ့ ‘ဟန်ကိုယ့်ဖို့’ ...ဆိုတာလည်း အဲ့ဒီဟာကိုပဲကွ...မင်း ... စဉ်းစားကြည့် လေ...၊ ဒီတော၊ ဒီတောင်တွေထဲမှာ ရှာမှ စားဖို့ ....၊ သောက်ဖို့ရတဲ့ ငါတို့တွေရဲ့ ဘ၀မှာ အစာရှာတဲ့အ လုပ်ကို ‘အပျင်းပြေ၊ အယားဖျောက်ဖို့ရာလုပ်တယ်ဆိုတာ ....ဟန်လုပ်ပြီး ပြောတာမဟုတ်ရင်ဘာလဲ ကွ. .. ဟေ” ....
‘ငဖြူ့ ’စကားကြောင့် ‘ငမဲ’ က စဉ်းစားနေတဲ့ ပုံလေးနဲ့ မျက်မှောင်သေးသေးလေးကိုကုပ်ရင်း ခေတ္တငြိမ်သွားတယ်။ ပြီးတော့မှ အတွေးပေါက်လာတဲ့ဟန်နဲ့ ခေါင်းကို တစ်ဆတ်ဆတ်ငြိမ့်ရင်း .....
“ ဟုတ်သလိုလိုပဲနော် အစ်ကိုကြီး” ...
“ ဟုတ်သလိုလိုတင် မဟုတ်ဘူးကွ....။ ဟုတ်ကို ဟုတ်နေတာ ....၊ ဘယ့်နှယ်ကွာ ....၊ စားစရာမရှိလို့ ထွက်ရှာရတာကိုများ အပျင်းပြေရှာရတယ်လို့ ....။ လာလာ ချည်သေးရဲ့  .....။နေစမ်းပါဦး .... ငါတို့တောထဲမှာ ပျင်းရလောက်အောင် ဘာများအချိန်တွေ ပိုနေလို့လဲ....? နောက်ပြီးတော့လည်း တော ကောင်ခြင်းအတူတူ သူက ပျင်းလို့ အစာထွက်ရှာတယ်ဆိုတော့ သူ့လိုပဲ အစာထွက်ရှာရတဲ့ မင်းတို့ ငါတို့က ဘာဖြစ်သွားပြီလည်းကွ .... ဟေ...။သူက အဲ့ဒီလိုဆိုတော့ ကျန်တဲ့ အကောင်တွေ အစာရှာနေကြတာကပဲ ပျော်လို့ ....၊ ဒါမှမဟုတ်ရင် လောဘကြီးလို့ .... ဆိုတဲ့ ပုံစံမျိုးပေါက်မသွားဘူးလား ....? အေး ... တောထဲ မှာနေပြီး အဲ့ဒီလောက် ပျင်းနေတယ်ဆိုရင် ဟိုး .... လူတွေနေတဲ့ နေရာတွေမှာရှိတဲ့ Night Club တို့ KTV တို့သာ ခင်ဗျားသွားလိုက်တော့လို့ ပြောလိုက်ချင်တာများ ... ငါ့နှယ် ...ပါးစပ်ကို ယားနေတာပဲကွာ ....။ ဟား .... ဟား” ....
သူ့အစ်ကိုဆီက အဲ့ဒီလိုစကားမျိုးကိုကြားတော့ ‘ငမဲ’က ခွက်ထိုးခွက်လှန်လို့ ခေါ်ရင်ရနိုင်တဲ့ အသံနဲ့ တစ်ဟစ်ဟစ်ရယ်တယ်....။
ညီနောင်နှစ်ကောင်သား ရယ်ရင်းနဲ့ ဆက်လျှောက်လာကြတာ ခဏကြာတော့ညောင်ပင်ကြီး တစ်ပင် အောက်ကို ရောက်လာကြပါလေရော....။
အဲ့ဒီမှာ သူတို့ ခဏနားလိုက်ကြတယ်။
ခဏနေ အမောပြေတော့ ‘ငဖြူ’ က ‘ငမဲ’ ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်တယ်....။ ‘ငမဲ’ ရဲ့ မျက်ခွက်က ရယ်ချင်ပက်ကျိ ဖြစ်နေခဲ့တုန်းပဲ။ ‘ငဖြူ’က ဆက်ပြောတယ်....။
“ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ” ....
‘ငမဲ’ က စိတ်ဝင်စားတဲ့ ပုံစံနဲ့ သူ့ကို ခေါင်းထောင် ကြည့်တာမြင်တော့ ‘ငဖြူ’က.....
“ ဟန်ဆိုတဲ့ အရာကို သူ့နေရာနဲ့သူ သုံးတတ်ရင်တော့ အကောင်းဆုံးပေါ့ကွာ....။ စကားမစပ် ဥပမာ အနေနဲ့ ပြောရရင် ဟိုတစ်ရက်တုန်းက ငါတို့နေတဲ့ တောထဲမှာ လေပြင်းမုန်တိုင်းကျတာကို မင်းမှတ် မိသေးလား....??”
‘ငဖြူ’ရဲ့အမေးကို ‘ငမဲ’က ကျောချမ်းလာသလိုမျိုးပုံစံကလေးနဲ့ သူ့ပခုံးလေးနှစ်ဖက်ကို အသာကြုံ့ ရင်း ....
“ မှတ်မိတာပေါ့ ....၊ ကျွန်တော်တို့နေတဲ့ သစ်ပင်ကြီးဆို အမြစ်ကနေပြီး ကျွတ်ထွက်သွားတော့မလို တိုက်ခဲ့တာပဲဟာ ....။ အဲ့ဒီတုန်းကများ ... ကျွန်တော်ဆို ကြောက်လွန်းလို့ အဖေ့ကို ဖက်ထားလိုက်မိတာ တအားပဲ.... သိလား ....??”
“ သိသားပဲ ....၊ ငါလည်းမင်းနဲ့အတူကြောက်လို့ အဖေ့ကို ဖက်ထားရတာပါပဲ....။ အမေလည်းပါ သေးတယ်လေ...။အဖေရှိတော့ ငါတို့တွေ အားရှိတာပေါ့ကွ....။ နောက်ပြီး အဖေက ပြောသေးတယ် လေ....၊ အဖေရှိတယ် ....ဘာမှမကြောက်ကြနဲ့လို့ ....။နောက်ပိုင်းကျတော့ ငါစဉ်းစားမိတယ်....။ အဖေ လည်း အဲ့ဒီတုန်းကကြောက်နေခဲ့မှာပဲလို့ ....။ ဒါပေမယ့် ငါတို့မိသားစုကို ဦးဆောင်နေရတဲ့ သူကနေ စ,ပြီး ကြောက်ပြနေခဲ့ရင် ကျန်တဲ့ ငါတို့တွေပါ အကုန်လုံးသွေးပျက်ကုန်မှာစိုးလို့ သူမကြောက်ချင်ဟန်ဆောင်ပြီး နေခဲ့တာပဲဖြစ်မှာပါ....။ အေး .... ငါပြောချင်တာကတော့ ‘ဟန်’ ...ဆိုတဲ့ အရာကို အဲ့ဒီလိုနေရာမျိုးတွေမှာ အသုံးချရင် သူတစ်ပါးအတွက်ရော ...၊ ကိုယ့်အတွက်ပါ အကျိုးပြုစေနိုင်တာပေါ့ကွာ ....”
‘ငမဲက သူ့အစ်ကိုစကားကို နားလည်သဘောပေါက်တဲ့ဟန်နဲ့ သူ့ခေါင်းသေးသေးလေးကို တစ်ဆတ် ဆတ်ငြိမ့်လိုက်တယ်....။ ‘ငဖြူ’ ကဆက်ပြီး ....
“ဒါပေမယ့် ‘ဟန်’ ..ဆိုတာကို ကိုယ့်ဖို့ချည်းပဲသာ ငါတို့သုံးနေကြမယ်ဆိုရင်တော့ ကြာလာရင် ပတ်ဝန်း ကျင်က ငါတို့ကို မရိုးသားတဲ့သူ၊ ယုံကြည်ဖို့မကောင်းတဲ့သူတွေလို့ မြင်လာကြမှာပဲကွ....။ အခြေအနေ၊ နောက်ပြီး အကြောင်းကြောင်းတွေကို ထောက်ထားလို့ ရှေ့ တင် ဗြောင်ကြီးဖွင့်ပြီး ခင်ဗျား ညာနေတာပါ....၊ အာဖျံကွီးလုပ်နေတာပါ....၊ ကျွန်တော်တို့တွေသိနေပါတယ် ..... လို့ ဖွင့်မပြောဖြစ်ကြပေမယ့် ...နောက် ကွယ်ကျရင်တော့ အတင်းအုပ်ပြီး.... အခု မင်းနဲ့ငါ ဟို ... ခြင်္သေ့ကို လှောင်ရယ်သလို အရယ်ခံရမှာ ‘ဟန် ဆောင်တတ်သူတွေ ’ အတွက်တော့ အသေအချာပါပဲကွာ”....
‘ငမဲ’ က သူ့ခေါင်းလေးကို အားရပါးရထပ်ငြိမ့်ရင်း ပါးစပ်ကလည်း ‘ဟုတ်တယ်အစ်ကိုကြီး’ ...လို့ ထောက်ခံလိုက်ပြန်တယ်....။ ပြီးတော့ ရယ်ချင်ပက်ကျိဖြစ်လာပြန်တဲ့ မျက်နှာပေးလေးနဲ့ ‘ငဖြူ့ ’ကို ပြန် မေးလိုက်တယ်....။
“ စောစောက ကိုခြင်္သေ့ကို အစ်ကိုကြီးပြောလိုက်ချင်တာ ပျင်းနေရင် ဘယ်ကို သွားရမယ်”....??
“တောထဲမှာနေပြီး ပျင်းနေရင် လူတွေနေတဲ့ နေရာတွေဆီမှာရှိတဲ့ Night Club တို့ KTV တို့ကို သွားလိုက်ပေါ့လို့လေကွာ...။ ဟား .... ဟား ”....
‘ငဖြူ့ ’ရဲ့ စကားလည်းဆုံးရော ‘ငမဲ’ကပါ ရောပြီး အူလိုက်သည်းလှိုက် တစ်ဟစ်ဟစ် နဲ့ ရယ်ပြန် ပါလေရောတဲ့ ....။
ညီနောင်နှစ်ကောင်သားရဲ့ ရယ်သံတွေကြောင့် သူတို့နားနေတဲ့ ညောင်ပင်ပေါ်မှာ ညစောင့်အလုပ် ကနေပြန်လာပြီး အိပ်စက်အနားယူနေတဲ့ ဦးဇီးကွက်ကြီးတောင်မှ လန့်နိုးသွားပါလေရော....။
အဲ့ဒီတော့ သူ့အိပ်ရေးကို အနှောက်အယှက်ပေးတဲ့ ညီနောင်နှစ်ကောင်ကို ထ,ပြီးလူကြီးပီပီ ကြိမ်း မောင်းလိုက်တယ်....။ ဦးဇီးကွက်ကြီးရဲ့ ကြိမ်းမောင်းမှုကြောင့် ကပျာကယာတောင်ပန်ရင်း သူတို့ညီနောင် နှစ်ကောင် ညောင်ပင်ကြီးနဲ့ ဝေးရာဆီကို ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးထွက်လာ ခဲ့ရပါ တော့တယ်....၊ ရယ်မောရင်းနဲ့ပဲပေါ့....။
သူတို့ ညီနောင်နှစ်ကောင်ရဲ့ ခြေသံလေးတွေနဲ့ ရယ်မောသံလေးတွေဟာ ဟိုး ခပ်ဝေးဝေးဆီမှာရှိတဲ့ တောတန်းတွေဆီကို လွင့်ပျံသွားခဲ့လေတော့တယ်....။
@@@@@@@@@@@
နက်ရှိုင်းလှပါတယ်ဆိုတဲ့ .... အဲ့ဒီတောအုပ်ကလေးထဲမှာတော့ ပန်းရနံ့တွေက သင်းမြစွာ ကြိုင် လှိုင်နေခဲ့တုန်းပဲတဲ့လေ .....။ ။
@@@@@@@@@@@
ပုံကလေးကိုဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
======================================================
အရင်တုန်းက လောကအလှအွန်လိုင်းမဂ္ဂဇင်း မှာရေးခဲ့ဖူးတဲ့ အက်ဆေးလေးတစ်ပုဒ်ပါခင်ဗျာ...။ အဲ့ဒီနေရာ လေးမှာ ရှိတဲ့စာလေးက ဖတ်ရတာ..နည်းနည်းလေး စုစည်းမှုမရှိသလိုဖြစ်နေခဲ့လို့ ဒီမှာပဲ အကုန်ပြန်တင်ခဲ့ လိုက်ရတာပါ...။ မူရင်းနေရာကစာလေးကို ဖတ်ချင်ရင်ဒီနေရာလေးကို သွားနိုင်ပါတယ်ခင်ဗျာ...။ ဖတ်ပြီးခဲ့ ရင် အားမနာတမ်းဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာ...။
======================================================
ချစ်ခြင်းအားဖြင့်
ဏီလင်းညို
25 comments:
ဇာတ်လမ်းလေးက ချစ်စရာလေးနဲ့ သိသိသာသာ ပညာပေးသွားတယ်နော်...
အစ်ကိုပြောချင်တဲ့ အကြောင်းအရာကို ထိရောက်အောင်လည်းပြောနိုင်တယ်...
တကယ်တယ်တဲ့ ငါ့အစ်ကိုကြီးပါလား...
ခင်မင်ရတဲ့
ညရဲ့ကောင်းကင်
အစ်ကိုရေ..
အစ်ကို့ရဲ့ ကိုယ်ပိုင်ရေး ဇာတ်လမ်းလေးကို လာဖတ်သွားပါတယ်....
ကျွန်တော်လည်း ဟန်ကိုယ့်ဖို့လုပ်ဖူးပါတယ်.. လုပ်ဖို့လည်း လိုပါတယ်.. လုပ်နေဦးမယ်လို့လည်း ထင်ပါတယ်.. အဟီး...
မကောင်းတဲ့ ဟန်တော့ မလုပ်ဘူးပေါ့ဗျာ....
း)
ခင်မင်တဲ့..
ဂျပန်ကောင်လေး
ဖတ်လို့ကောင်းပြီး အသိတွေရစေတဲ့ အက်ဆေး တစ်ပုဒ်ဖြစ်တယ်။
မစွမ်းသာတဲ့အချိန်မှာ ဟန်ကိုယ့်ဖို့ လုပ်ဖို့လေ့ကျင့်ရအုန်းမယ်။
အကိုရဲ့ ဇတ်လမ်းလေး ဖတ်လို့ကောင်းသလို မှတ်သားဖို့လည်း လိုတယ်နော်။ ဘာပဲ ဖြစ်ဖြစ် လောကကြီးမှာ ကျင်လည်နေသမျှတော့ ဟန်လုပ်နေရအုံးမှာပဲ အကိုရေ.. ဒါပေမယ့် သူ့နေရာနဲ့သူ အကိုပြောသလိုပေါ့။
ခင်မင်လေးစားလျှက်
လိုတဲ့ နေရာကျရင် လိုသလို ဟန်ကိုယ့်ဖို့ လုပ်သင့်လည်း လုပ်ရမှာပေါ့နော်...
အားမနာတမ်းပြောမယ်ဗျာ
အရမ်းကောင်းအရမ်းကြိုက်တယ်
ရိုးရိုးလေးနဲ့ များများပြသွားတယ် ဟန် ဆိုတာ ရှိရမယ့်နေရာရှိရမယ်
ဒါပေမယ့် အရှိတိုင်းကပိုကောင်းနေပြန်ရောဗျား)
“ဟန်ကိုယ့်ဖို့”...ဆိုတာ...
ရှိသင့်တာပေါ့နော်...
ဗဟုတုတ ပုံပြင်လေးနားထောင်ပြီး အိပ်လိုက်ရရင်ဖြင့်..
မှတ်သားသွားပါတယ် ကိုဏီးရေ..။
တခါတလေတော့လဲ ရှိသင့်တယ်လို့ ထင်ပါတယ်..။
ခင်မင်လေးစားစွာဖြင့်..။
အစ်ကိုပြောတာမှန်ပါတယ်။ သူ့နေရာနဲ့သူတော့ ရှိသင့်တာပေါ့လေ။ နေရာတကာသုံးပြန်ရင်တော့လည်း အမြင်ကတ်စရာကောင်းတယ်။
ဟန်ဆိုတာသူ့နေရာနဲ့သူပေါ့ ရှိသင့်ပါတယ်
လိုအပ်တာထက်ပိုသွားရင်တော့ လူပြောခံရနိင်တာပါပဲ။
စတွေ့တွေ့ချင်းလူကို ဟန်မလုပ်ဘဲနဲ့ သွားဆက်ဆံပြန်ရင်လည်း အလိုလို အထင်သေးခံရတတ်တာပဲ
ဘာလဲ အတင်းကြီးလာရောနေတာပါလားဆိုပြီး အထင်ခံရ တတ်ပါတယ်။
တကယ်ကောင်းတဲ့အက်ဆေးလေးပါ။ ဟန်ကိုယ့်ဖို့ဆိုပေမယ့်၊ နေရာတိုင်းတော့
မဟုတ်ဖူးပဲ။ မှတ်သားစရာကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
အင်.. ရေးတတ်လိုက်တာ.. ရေးတဲ့ပုံစံလေးနည်းနည်းပိုညက်ပြီး ပညာပေးချင်တာကို မသိမသာလေးထည့်နိုင်ရင် ပိုကောင်းမယ်နော်.. (အိ. ဆရာလုပ်မိပြန်ပြီလားမသိ.. စိတ်မဆိုးနဲ့နော်)
ဘာပဲပြောပြောရေးတတ်တဲ့အတွေးကိုတော့ လေးစားပါ၏၏၏၏၏၏ :)
တော်၏..ကောင်း၏..ပညာရ၏..မှတ်သားရပါ၏..
ကိုညိုရေ
ရောက်တယ်
ဖတ်တယ်
ကောင်းတယ်
လေးစားစွာဖြင့်
မင်းအိမ်ဖြူ
ကောင်းတယ် ...
ပညာပေး ပို့စ်လေးပေါ့ ...
ဟန်ဆိုတာ နေရာတိုင်း မကောင်းသလို
ရှိသင့်တဲ့ နေရာလဲ ရှိရမှာပေါ့ နော ..
ခင်မင်စွာဖြင့်..
လင်း
ဟန်မလုပ်တတ်ဘဲဒုတ်ထိုးအိုးပေါက်ဆက်ဆံရေးကြောင့်
ခဏခဏမိတ်ပျက်ရတတ်တဲ့ကျွန်မအတွက်မှတ်သားစရာပါ။
ပညာပေးဇာတ်လမ်းလေး တစ်ပုဒ်ကို လာရောက် ဖတ်မှတ်သွားပြီနော်း)
မအားလို့ နောက်ကျသွားပါ၏ ။ အားပေးလျှက်ပါနော်
နှင်း
ဟန် ဟန် ဟန်... ကျနော် အရင်ကတော့ အဲဒီစကားလုံးနဲ့ မရင်းနှီးဘူး...
ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အဲဒီစကားလုံးနဲ့ ရင်းနှီးလာတယ် ...
ဟန် ကိုယ့်ဖို့ကတော့ သုံးနေရဦးမယ် ထင်ပါတယ် အကိုရယ်....
ဟန်ကိုယ်ဖို့...အေးဗျာ။ ကျွန်တော့် ဆရာဆုံးမဖူးတာလေးတစ်ခု သွားသတိရတယ်။ ယောက်ကျာ်းကောင်းဆိုတာ ထမင်းမစားရသေးသော်လည်း စားပြီးသကဲ့သို့ သွားကြားထိုးနေရမယ်တဲ့..။ စဉ်းစားရင် အများကြီးဆက်စပ်စဉ်းစားလို့ရမှာပါ။ ဘယ်နေရာမှာမဆို အဆိုးအကောင်းဒွန်တွဲနေတာပါပဲနော့။
အဖေ ဆုံးတုန်းက ကျမ မငိုသလိုပေါ့...သမီးကြီးလေ....။
အခုလို စာကောင်းလေး မျှဝေပေးလို့ ကျေးဇူးပါဗျာ.. စိတ်ဝင် တစ်စား ဖတ်သွားပါတယ်.... အားပေးလျက်
ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးနော်
စာရေးကောင်းလိုက်တာ သူငယ်ချင်းရေ...
ဟန်ကိုယ့်ဖို့တဲ့။
ဟန်ကောင်းကောင်းနေထားမှ။ ဒါမှမဟုတ်ရင် ဘာမှမဟုတ်ဘူး ထင်ခံနေရဦးမယ်။ ဟာ ဟ။
ဆရာ ..
လောကမှာ တစ်ကယ်ပဲ ဟန်ကိုယ့်ဖို့ ဆိုတာလည်း တစ်ကယ်လိုတယ်နော်။ အခြေအနေ နဲ့ အနေအထားအလိုက်ပေါ့နော်။ တစ်ကယ့်ကို မှတ်သားထားသင့်တယ်နော်။
Post a Comment