Wednesday, December 30, 2009

ပွဲတော်ည



    အဲ့ဒီညဟာ...ရောင်စုံညလေးတစ်ခုဖြစ်နေတယ်...။ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ မွတ်သိပ်ခြင်း တွေကလည်း သူ့ကိုအားဖြည့်ပေးနေခဲ့ကြလေတယ်...။ ရယ်မောလိုက်တဲ့အသံတွေ၊ အချင်းချင်း စကားစ မြည်ပြောဆိုနေခဲ့ကြသံတွေ...၊ တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ပြုချီး မြှောက်လိုက်တဲ့အသံတွေ...၊ အား လုံး အားလုံးသောအသံတွေဟာ လေစီးကြောင်းကနေ တစ်ဆင့်ကောင်းကင်ယံဆီကို လွင့်ပျံ့သွားခဲ့ကြ တယ်...။
       ကောင်းကင်ထက်မှာလင်းလက်နေတဲ့ ကြယ်စင်လေးတွေလိုပါပဲ...၊ အမျိုးသမီးလေး များရဲ့ မျက်ဝန်းနဲ့ အပြုံးတွေဟာ လင်းလက်တောက်ပနေခဲ့ကြပေါ့...။ ပင်လယ်သမုဒ္ဒရာ တွေဆီက ကျောက်ဆောင်တန်း တစ်ချို့လိုမျိုး တည်ကြည်ခိုင်မာခြင်းများစွာရှိနေသယောင် မျက်နှာထား၊ အပြုံးများနဲ့ အမျိုးသားအချို့ဟာ လည်း အမျိုးသမီးပျိုလေးများနဲ့ မနီးမဝေးမှာ ရှိနေခဲ့ကြပြန်သေးတယ်...။
       ညဟာ ဘာကိုမှ မသိနားမလည်တတ်သေးတဲ့ ကလေးငယ်လေးတစ်ယောက်လိုပဲရှိ နေခဲ့ပါသေးရဲ့...။ အားလုံးသော လူတွေဟာ ရွှင်မြူးနေကြဆဲပါပဲ...။ သူတို့တွေပျော်ရွှင်နေ ဆဲခဏမှာ ၀မ်းနည်းပူဆွေးမှု တစ် ချို့တစ်လေကတော့ နှလုံးသားဝိညာဉ်ရဲ့အနက်ရှိုင်းဆုံး ထောင့်တစ်နေရာမှာ နွေးထွေးစွာ အိပ်စက်နေ ခဲ့ကြတယ်လေ....။ ဒါပေမယ့် ဟိုး.. အဝေး ဝေး တောင်တန်းတွေပေါ်မှာရှိတဲ့ ထင်းရှူးပင်လေးတွေကတော့ အေးမြခြင်းရဲ့ပြင်းရှတဲ့ အရသာကို ထိရှစွာခံစားနေခဲ့ကြရပြီ....။

                                                          **********
    လူအုပ်စုကြီးရဲ့ မနီးမဝေးမှာတော့ မီးပုံကြီးတစ်ခုဟာ ပျင်းရိခြင်းများစွာနဲ့တောက် လောင်နေခဲ့ရင်း တစ်ကိုယ်တည်းညည်းညူလိုက်တယ်....၊ ‘ရှိပါစေတော့’...တဲ့လေ...။ လူအုပ်စုကြီးကိုကြည့်ရင်းနဲ့ပေါ့...။
      အဲ့ဒီအသံကိုလည်းကြားလိုက်ရရော... မလှမ်းမကမ်းမှာရှိတဲ့ ၀ါးရုံပင်အုပ်က ခိုးခိုးခစ်ခစ်နဲ့ (မခိုးမခန့် နိုင်လွန်းလှတဲ့ အသံနဲ့) ကြိတ်ရယ်လိုက်တယ်...။ ဒါပေမယ့် ၀ါးရုံပင်အုပ်ရဲ့ ရယ်သံကို လူအုပ်စုကြီးဆီက အ ဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ အ၀တ်အစားတွေက ကြားဖြစ်အောင်ကြားလိုက်မိကြတယ်....။ ကြား လိုက်မိတဲ့ခဏမှာသူတို့တွေဟာ ကိုယ်စီမ လုံမလဲဖြစ်သွားကြပြီး သူတို့ရဲ့မျက်လွှာတွေကို အသာချလိုက် ကြတယ်...။ ဒါပေမယ့် သူ တို့ရဲ့ မျက်နှာတွေကတော့ မထီလေးစားပုံစံနဲ့ မာန်တက်နေခဲ့ကြတုန်းပဲတဲ့....။
       “ဒါမျိုးတွေဟာ မဖြစ်သင့်ဘူး....၊ တစ်ကယ်တော့ လူတွေဟာ ၀မ်းတွင်းရူးတွေပဲ”....
       လို့ လင်းနို့တွေက ခပ်ကျယ်ကျယ်ပြောလိုက်ကြတယ်...။ ဇီးကွက်တစ်ကောင်ကလည်း လင်းနို့တွေ ရဲ့စကားကိုဖြည့်စွက်စွာနဲ့ ၀င်ပြီးပြောလိုက်ပြန်တယ်...။
      “တစ်ကယ်တမ်းပြောရမယ်ဆို လူတွေဟာ ကျေးဇူးမသိတတ်ဘူးလို့ ဆိုနိုင်တယ်ဗျ..၊ ဘယ်သူတွေက များ သူတို့လူ့ဘောင်လောကကို တိုက်ရိုက်ရော၊ နောက်သွယ်ဝိုက်ပြီးတော့ ပါ ကူညီထောက်ပံ့ပေးပြီးနေခဲ့ ကြတာကို သူတို့အခုအချိန်မှာ တွေးတောင်တွေးမိကြမှာ မ ဟုတ်ပါဘူး....။ မယုံရင် ခုနေခါ ခင်ဗျားတို့ကျုပ် တို့ အဲ့ဒီဝိုင်းထဲကိုသွားကြည့်...၊ ခါးခါး သီး သီးကို ၀ိုင်းနှင်ထုတ်ကြလိမ့်မယ်...။ အရိုက်ခံရလို့ ကျိုးပဲ့မသွား ရင်ပဲ ကံကောင်းတယ် မှတ်”....
       “ဟုတ်ပရှင်...ဟုတ်ပ...၊ ပြောရမယ်ဆိုရင်တော့လေ...လူတွေဟာသနားစရာကောင်း လောက်အောင် ကိုပဲ သိပ်ပြီးထုံထိုင်းလွန်းတတ်ကြပါရဲ့...။ ကြည့်လေ... လောကမှာ တစ် ကယ့် အလှအစစ်ဆိုတာ သူတို့ ဘာမှန်းတောင်မှ မသိကြသေးဘူး”....
       လို့ ညမွှေးပန်းပွင့်လေးတွေက နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ကြွက်ကြွက်ညံနေခဲ့ အောင်ဝင်ပြော လိုက်ကြပြန်တယ်...။
       သူတို့တစ်အုပ်လုံး ပြောနေတဲ့စကားသံတွေကို အနားမှာတစ်ချိန်လုံးငြိမ်ပြီးနားထောင် နေခဲ့တဲ့ ညောင် ပင်အိုကြီးက...
       “တော်ကြစမ်းပါကွယ်... ငါ့နှယ် အေးအေးဆေးဆေးနေရမလားမှတ်တယ်... ၊ နားကိုညည်း နေတော့ တာပါပဲ...။ ဒီမှာမင်းတို့မှတ်ထားကြ...၊ အားလုံးဟာ...သူ့နေရာနဲ့သူလို အပ်တယ်...။ ဒါကို မင်းတို့က တစ် ဖက်သတ်အတွေးတွေနဲ့ တွေးပြီးလျှောက်ပြောမနေကြနဲ့ကွဲ့..။ ပြီးတော့ ကိုယ်စီ အားနည်းချက် အားသာ ချက်တွေလည်းရှိကြမှာပဲ...။ အေးပေါ့လေ လောကမှာ သူများကို အပြစ်ပြောဖို့၊ သူများအားနည်းချက်ကို ထောက်ဖို့ဆိုတာက အလွယ်ကူဆုံးအလုပ်ပဲကိုး”.... လို့ ညည်းညူစွာနဲ့ ပြောလိုက်တယ်...။
       အဲ့ဒီအချိန်မှာပဲ....
       သာယာညှင်းပြောင်းတဲ့ ဂီတသံစဉ်လေးတစ်ခုက သူတို့အားလုံးဆီကို ဟိုး... ဝေး ဝေးကနေပြီး လွင့်ပျံ့ လာခဲ့လေတော့တယ်...။

                                                           **********

      ဘယ်အရာကများ ငါတို့ရဲ့စိတ်လှုပ်ရှားလာနိုင်တဲ့အချိန်တွေကို ကန့်သတ်ထိမ်း ချုပ်လို့ထား နိုင်လိမ့်မလဲ...။ ဒါပေမယ့်လည်း ငါတို့ဟာ ကိုယ်ပိုင်တဲ့လမ်းကို ကိုယ်ကိုတိုင်ပဲရွေးချယ်နိုင်ဖို့အ စွမ်း ရှိသင့် လှပါတယ်...။ ပင်ပန်းဆင်းရဲမှု၊ ဒါမှမဟုတ်ရင် ခက်ခဲကြမ်းတမ်းမှု...၊ ဘာတွေပဲကြုံဆုံလာရ ပါစေ.. ငါတို့ရဲ့ ကိုယ်တွင်းသစ္စာတရားဟာ ထိမ်းသိမ်းဖို့သင့်ပါတယ်။
       အမှန်တရားဆိုတာ ကမ္ဘာမြေကြီးပေါ်ကနေ ဘယ်တော့မှပျောက်ကွယ်သွားမဲ့အရာမ ဟုတ်ခဲ့ပါဘူး...။ အဲ့ဒါကိုလူတိုင်း သတိမပြုမိ၊ မသိခဲ့မိကြပေမယ့် ငါတို့ကတော့နားလည်သ ဘောပေါက်သင့်ပါတယ်...။ ငါတို့ သာ မစဉ်းစားမတွေးခေါ်တတ်ခဲ့ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ နေရာနဲ့ အချိန်အခါတွေဟာ ဘာမှအသုံးဝင် တော့မှာမဟုတ်ပါဘူး...။ အဓိကဟာ အဓိကပါပဲ...၊ ဘယ်အရာမှ လာပြီးပြောင်းလဲပစ်လို့မရနိုင်သလို ဖြစ် လည်း မဖြစ်နိုင်ပါဘူး..။
       မေးခွန်းတစ်ခုလောက် ငါ့ကိုယ်ငါမေးကြည့်ချင်မိတယ်...။ ငါပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂုဏ် သိက္ခာကို ဘယ် လိုတိုင်းတာရင်ကောင်းမလဲ...။
       အဆိုးဆုံးကတော့ အရောရော အနှောနှောနဲ့ ငြိတွယ်စွာ ရှုပ်ထွေးတတ်ခြင်းများရယ် ပါပဲ...။

                                                      **********

       ငွေရောင်နှင်းမြူလေးတွေဟာ တစ်ဖွဲဖွဲကျဆင်းနေခဲ့တုန်းပါပဲ...။ စောစောက ကဲ့ရဲ့ပြစ်တင်နေခဲ့ကြတဲ့ တစ်စုကတော့ ငြိမ်သက်သွားခဲ့ကြပါပြီ...။ အမှန်ကိုမြင်သွားလို့လား...၊ မလွန်ဆန်နိုင်တာ ကြောင့်လားဆိုတာ... သူတို့မှလွဲရင် သိနိုင်စရာလူတစ်ယောက်မှ ရှာတွေ့ဖို့ လမ်းစမရှိခဲ့...။ မီးပုံဘေးနားက လူတစ်စုကတော့ ယစ်မူးပျော်ရွှင်စွာရှိနေခဲ့ကြဆဲပဲ...၊ ဒါပေမယ့်လည်း သူတို့တွေဟာ အဲ့ဒီအချိန်လေးကို ထာဝရအတွက်သိမ်းထားဖို့ဘယ်လိုမှ မဖြစ်နိုင်ခဲ့တာ သေချာလှပါတယ်...။
       ရုတ်တစ်ရက်ဆိုသလိုပါပဲ...၊ နာရီစင်အိုကြီးကနေ မြည်သံတစ်ချို့ထုတ်လွှတ်လိုက်ပါတယ်...။ မြည် သံအားလုံးက ဆယ့်နှစ်ချက်တိတိပါပဲ...။ နာရီစင်အိုကြီးကတော့ သူ့တာဝန်ကို ပုံမှန်ဆောင်ရွက်လိုက်တာ မှန်ပေမယ့်... လူအုပ်စုကြီးကတော့....
       “ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ပါ.”.... လို့ ရွှင်မြူးစွာအော်ဟစ်ခဲ့လိုက်ကြတယ်...။
       ပြီးတော့ သူတို့တွေဟာ..တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ရင်း အပြန်အလှန် ဆုတောင်းပေးနေ ခဲ့ကြတယ်...။ နှစ်သစ်အတွက်ပေါ့...။ ဒါပေမယ့် အဲ့ဒီဆုတွေ တစ်ကယ်ဖြစ်လာမှာ ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုသိနိုင်မှာလဲလေ...။
       ဘ၀တစ်ခုခြင်းစီရဲ့ ပြည့်စုံမှုဆိုတာ ဘာကိုခေါ်ပါသလဲ....။
       အဖြူနဲ့ အမည်းရောင်တွေကတော့ ကမ္ဘာကြီးတည်နေသရွေ့ရှိနေခဲ့ဦးမှာပါပဲ...။
       နေ့တစ်နေ့ခြင်းစီဟာ ဘ၀တွေပါပဲ...။ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းသွားကြမလဲ...။
       ပူဆွေးမှုတွေနဲ့တော့ နေ့ရက်တွေကို မပေစွန်းပါစေနဲ့...။ ၀မ်းနည်းမှု၊ နာကျင်မှုတွေဟာလည်း ရိုးစင်း စွာရောက်လာတတ်တဲ့ ဧည့်သည်တစ်မျိုးမို့လို့ပါပဲ...။
       မသိနားမလည်ခြင်းထက် လွဲမှားစွာနားလည်တတ်ခြင်းက ပိုမိုဆိုးရွားတတ်တာမို့...
       တစ်ခါတစ်လေမှာ အမှန်တွေက အမှားဖြစ်သွားနိုင်တာကတော့ သေချာပါတယ်...။
       ရံဖန်ရံခါတော့လည်း ညစ်ပေနေတဲ့ မျက်နှာတွေဟာ သန့်ရှင်းစင်ကြယ်နေသလိုရှိနေ တတ်သေးရဲ့...။
       မျက်ကန်းနေသူတစ်ယောက်လို....
       တစ်ချို့တွေဟာ အမှန်ကိုမမြင်နိုင်ကြဘူး...။
       အကြားအာရုံ ချို့တဲ့နေတဲ့သူတစ်ယောက်လို....
       တစ်ချို့တွေဟာလည်း ကောင်းမြတ်ခြင်းတရားကို မကြားတတ်ကြဘူး...။
       ဆွံ့အနေတဲ့သူတစ်ယောက်လိုမျိုး...
       တစ်ချို့တွေဟာလည်း အမှန်ကိုပြောမထွက်တတ်ကြပါဘူး...။
       ..... အဲ့ဒါတွေအတွက် အငြင်းပွားနေစရာမလိုပါဘူး...။ လူတိုင်းဟာ ကိုယ့်အကြိုက်ကို ကိုယ်တိုင်ရွေး ချယ်ပိုင်စွမ်းရှိကြလို့ပါပဲ...။ ဒါပေမယ့်လည်းလေ...ကိုယ်ကြိုက်တာ ကိုယ် လုပ်ခွင့်ရနေတာတောင်မှ တစ်ချို့ တွေဟာ ဘာကိုမပြည့်ဝနိုင်သေးစွာနဲ့ မကျေနပ်နိုင်ရခဲ့သေးတာလဲ...။
       ဘာပဲဖြစ်ဖြစ်ပါ...။
       သူတို့တွေသာ ဘ၀အိပ်မက်ဆိုးကို နိုးထခွင့်မရလောက်အောင်မက်ခွင့်ရခဲ့မယ်ဆို....
       ဘယ်သူတွေကများ ကူညီနိုင်မှာလဲလေ...။
       နောက်ဆုံး...စစ်မှန်တဲ့ ချစ်ခြင်းကိုရော ဘာနဲ့ သက်သေပြနိုင်မှာလဲ....
                                                          **********

       နှစ်သစ်ကို ကြိုဆိုတဲ့ပွဲလေးကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်..။ စောစောက လူအုပ်ကြီးဟာ လည်း ဦးတည်ရာ ခြားနားစွာနဲ့ တစ်ကွဲတစ်ပြားစီဖြစ်သွားခဲ့ရတော့တယ်...။ ဒါပေမယ့်လည်း သူတို့တွေထဲ မှာ တစ်ချို့တွေက လှပနေဆဲ...၊ တစ်ချို့တွေက ရီဝေေ၀ဖြစ်နေကြဆဲပဲတဲ့...။ ဘယ်သူတွေကများ သူတို့ တွေကို အကောင်းဆုံးတွေ သယ်ဆောင်လာပေးမှာလဲ။
       ညကတော့ အိပ်မောကျသွားခဲ့ပြီဖြစ်ပါတယ်...။
       နှင်းမြူလေးတွေကတော့ သိပ်သည်းစွာနဲ့ ကျဆင်းနေခဲ့တုန်းပဲတဲ့....။
       နှစ်သစ်ကတော့ ငါတို့ရဲ့ဆီကိုရောက်လာခဲ့ပြီးပြီဖြစ်ပါတယ်...။
       နှစ်တိုင်းနှစ်တိုင်းမှာ ငါတို့တွေဟာ ဆုတွေတောင်းကြတယ်...၊ ဆုံးဖြတ်ချက်တွေ...၊ ရည်ရွယ်ချက်တွေ ထားခဲ့ကြတယ်...။ ဒါပေမယ့်လည်း အဲ့ဒါတွေအားလုံးဟာ တစ်ကယ် တမ်းမှာတော့ ငါတို့ရဲ့လက်တွေ့ဖြတ် သန်းရတဲ့နှစ်တစ်နှစ်အပေါ် သက်ရောက်မှုရှိချင်မှ ရှိနေလိမ့်မယ်...။
       ဒါပေမယ့် ဆိုရိုးစကားတစ်ခုရှိခဲ့ဖူးတယ်...။ “ဘာမှမရှိတာထက် တစ်စုံတစ်ခုရှိနေတာက ပိုမိုကောင်း မွန်နေသေးတယ်”...(something is better then none) ဆိုတာပါပဲလေ.....။          ။

(ပုံကလေးကို ဒီနေရာမှ ယူသုံးပါတယ်ခင်ဗျာ...။)
=========================================================
ကျွန်တော့်ရဲ့ ဒီနေရာလေးကို စာလာလာဖတ်ပေးတဲ့၊ချစ်ခင်လေးစားရတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း
တွေအားလုံးနဲ့ တိတ်တိတ်လေးလာဖတ်ပေးနေခဲ့တဲ့ မောင်နှမတွေအားလုံးအတွက် အမှတ်တရ ရေးလိုက်မိ တဲ့ပို့စ်လေးပါခင်ဗျာ...။ အားလုံးပဲ ပျော်ရွှင်သော၊ ချမ်းမြေ့သော နှစ်သစ်ဖြစ်စေဖို့ ဒီနေရာလေးကနေ ဆန္ဒပြုနေလျှက်ပါခင်ဗျာ....။
=========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

24 comments:

အိမ့်ချမ်းမြေ့ said...

ဒီကိုယ်တိုင်ရေး စာစုလေး တော်တော်ကောင်းတယ်..
ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ

မြတ်မွန် said...

ပျော်ရွှင်စရာ ကောင်းသော ပြီးပြည့်စုံသော..နှစ်သစ်သစ်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်..အကိုဏီး....

ဝေလင်း said...

့happy new year ပါအစ်ကို။ နှစ်သစ်ကူးတောင် အလုပ်ကလည်းမပိတ်ဘူးလား အစ်ကိုရာ..။ ဒါပေမယ့် အလုပ်မှာလည်း ပျော်ရွှင်မှုတွေနဲ့ပဲ အတိပြီးနေပါစေလို့ ဆုတောင်းပေးပါတယ်...

အဖြူရောင်နတ်သမီး said...

2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.

ညီမလေး said...

ငြိမ်းချမ်းသာယာသော ၂၀၁၀က လက်ကမ်းလို့ကြိုနေပါစေလို့ ဆန္ဒပြုပါတယ်..
" အဆိုးဆုံးကတော့ အရောရော အနှောနှောနဲ့ ငြိတွယ်စွာ ရှုပ်ထွေးတတ်ခြင်းများရယ် ပါပဲ " ... ဆိုတာလေးကိုတော့ သဘောတူမိတယ်ကိုလင်းညို..

လုံမလေး said...

့Happy New Year !!!!!

Welcome said...

စာတွေ လာဖတ်ပါတယ်
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေဗျာ

လေးစားခင်မင်လျက်နဲ့

အင်ကြင်းသန့် said...

“လောကမှာသူများကိုအပြစ်ပြောဖို့ သူများအားနည်းချက်ကိုထောက်ဖို့ဆိုတာက အလွယ်ကူဆုံးအလုပ်ပဲ” ဆိုတာ မှန်တယ် အစ်ကို...
တစ်နေ့တစ်နေ့ လူတော်တော်များများဟာ (တစ်ခါတစ်ရံမှာ ကိုယ့်ကိုကိုယ်တောင်မေ့လျော့နေလောက်အောင်) သူတစ်ပါးရဲ့ ပြစ်ချက်တွေကို ရှာဖွေရင်း၊ စိတ်ဝင်စားရင်းနဲ့ပဲ ကိုယ့်ရဲ့ အဖိုးတန်အချိန်တွေကုန်ဆုံးသွားတာ မသိကြဘူး....
“ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာ ကိုဘယ်လိုတိုင်းရင် ကောင်းမလဲ” ဆိုတာတော့ ကျနော်လည်းခုချိန်ထိ အဖြေရှာလို့ မရသေးဘူး.......
ဟုတ်တယ် အစ်ကို နှစ်တစ်နှစ်ကတော့ ကုန်သွားခဲ့ပြီ၊ နှစ်သစ်ကိုလည်းရောက်လာခဲ့ပြီ...
ကျနော်တို့ရဲ့ ဆုတောင်းတွေ၊ ဆုံးဖြတ်ချက်တွေ၊ ရည်ရွယ်ချက်တွေက ဘယ်လောက်ရာခိုင်နှုန်းအထိ ပြည့်ဝနိုင်မယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်တာအမှန်ပါ...
ဒါပေမယ့် အစ်ကိုပြောသလို ဘာမှမရှိတာထက် တစ်စုံတစ်ခုရှိနေတာက ပိုကောင်းလို့ ဆုတော့တောင်းပေးလိုက်တယ်

“ကိုဏီလင်းညိုတစ်ယောက် မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံသော ပျော်ရွှင်စရာများနဲ့ အတိပြီးသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ...”

လေးစားခင်မင်လျက်
အင်ကြင်း

စံလင်းထွန်း said...

စာအရေးအသားတွေ သေသပ်လှပတယ်။

ဖတ်တဲ့သူ ရင်ထဲအထိ ရောက်လာတယ်...။

အားပေးသွားပါတယ်။

ဒဏ္ဍာရီ said...

နှစ်တနှစ်ကတော့ သမိုင်းမတွင်ပဲ ပြီးဆုံးသွားပြန်ပေါ့ အကိုရေ...

"နှစ်တိုင်းနှစ်တိုင်းမှာ ငါတို့တွေဟာ ဆုတွေတောင်းကြတယ်...၊ ဆုံးဖြတ်ချက်တွေ...၊ ရည်ရွယ်ချက်တွေ ထားခဲ့ကြတယ်...။ ဒါပေမယ့်လည်း အဲ့ဒါတွေအားလုံးဟာ တစ်ကယ် တမ်းမှာတော့ ငါတို့ရဲ့လက်တွေ့ဖြတ် သန်းရတဲ့နှစ်တစ်နှစ်အပေါ် သက်ရောက်မှုရှိချင်မှ ရှိနေလိမ့်မယ်...။ "
ဒီစာပိုဒ်လေးလိုပဲ အမြဲတမ်း မျှော်လင့်ခြင်းတွေနဲ့ ဆုတောင်းပြီး ပြက္ခဒိန်ရဲ့ နေ့ လ ရက်တွေကိုလည်း ဖြတ်သန်းခဲ့ပြီးပြီပေါ့။ နောင် လာမယ့် နှစ်သစ်တစ်ခုမှာ ကံကောင်းခြင်းတွေနဲ့ သမိုင်းတွင်ကျန်ရစ်စေဖို့ ဆုတောင်းရင်း ၂၀၁၀ ကို ကြိုဆိုလိုက်ပါတယ်။

နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်ချမ်းမြေ့ပါစေအကို..။

ခင်မင်လေးစားလျှက်

မြစ်ကျိုးအင်း said...

လူဆိုတာ ကိုယ့်နေရာနဲ့ ကိုယ် လိုအပ်တယ်ဆိုတာ သိပ်မှန်တာပဲ
အဲဒီစာစုကို သိပ်သဘောကျတယ်

ညရဲ့ကောင်းကင် said...

အစ်ကို ရေးလိုက်တဲ့ စကားလုံးတွေက ပြောင်မြောက်လှချည်လားဗျာ...
ဖတ်ရတာ အရမ်းကို ကောင်းတယ်... လူတွေရဲ့စိတ်ကို တကယ်ဖော်ပြနေပါတယ်ဆိုတာက လွဲလို့ ကျွန်တော် ဘာမှကို မပြောတတ်တော့ပါဘူး...

အစ်ကိုပြောသလိုပါပဲ အချိန်စက်ဝန်းက ပုံမှန်လည်ပတ်နေတာပါ...
လူတွေက အဲဒီစက်ဝန်းပေါ်မှာ လိုက်လည်ရင်း ကန့်သတ်ချက်တွေကို သတ်မှတ်နေကြတာပါ...ဒါပေမယ့် ဘာမှမရှိတာထက်စာရင် တခုခုရှိတာက ပြီးပြည့်စုံတယ်ဆိုတာ ကိုတော့ နှစ်သက်မိသွားပြီ..

နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ အစ်ကို

ကိုလူထွေး said...

ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ညီရေ..

ဝမ်းတွင်းရူးများထဲမှ တယောက်
ကိုလူထွေး...

မိုးငွေ့...... said...

အရမ်းကောင်းတယ်ဗျို့ အရေးအသားက...
နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေဗျာ..
စာကောင်းတွေလည်းများများရေးနိုင်ပါစေ...

ခင်မင်စွာဖြင့်
မိုးငွေ့

နေ့အိပ်မက် said...

သိမ်သိမ်မွေ့မွေ့လေး ရေးထားတာ သဘောကျချင်စရာလေး...

ကြုံခဲ့ဖူးသမျှနှစ်တွေထဲမှာအပျော်ရွှင်ရဆုံးနှစ်ဖြစ်ပါစေနော်

မယ်ကိုး said...

ဒီအက်ဆေးလေး ကြိုက်မိပါတယ်။
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
စာကောင်းလေးတွေ အများကြီးရေးနိုင်ပါစေ။

စိတ်၏ဖြေရာ said...

ရေးဖွဲ့သွားတဲ့စိတ်ကူးနဲ့ရှုဒေါင့်လေးကိုကြိုက်တယ်ကိုဏီလင်းရေ။
မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ။

ခြင် said...

စိတ်ကောင်းရှိတဲ့ သူငယ်ချင်းလေး..... နှစ်သစ်တင်မကပဲ တဘဝလုံး ပျော်ရွှင်ပါစေလို့ လှိုက်လှဲစွာ ဆုတောင်းလိုက်ပါတယ်ဟယ်...

ရွှေပြည်သူ said...

ဖတ်ရတာ ကောင်းလိုက်တာ ကိုဏီလင်းညို... Happy New Year ပါ။ (မွေးနေ့ဆုတောင်းအတွက်လည်း ကျေးဇူးတင်ပါတယ်နော်)

မောင်ဘကြိုင် said...

အခုမှရောက်ပြီးဖတ်ဖြစ်တယ်ဗျာ သေသေချာချာ လေဆိပ်မှာတုန်းကလာခဲ့
သေးတယ် သေချာမဖတ်ဖြစ်ဖူး တကယ်ကောင်းကောင်းရေးတတ်တယ်
ပန်ဒိုင်းး) နောက်လဲလာခဲ့မယ်ဗျ ကျော်ခွရလို့ မန့်မရလဲ စီးဘုံးမှာအော်ခဲ့မယ်
း)
ခင်မင်စွာဖြင့်း)

အချစ်မဲ့ဂစ်တာ said...

နယူးရီးယားညအကြောင်းလေးက ဖတ်လို့ အတော်ကောင်းသဗျာ... စာထဲမှာတောင် မျောသွားတယ်...

ရွှေရတုမှတ်တမ်း said...

ညီလေးရေ ခုမှရောက်ရတော့တယ်..အကိုလဲ ကျီးကန်းလားဇီးကွက်လား..ကိုယ့်ကိုကိုယ် ဘာမှန်းမသိတော့ဘူး

ဆောင်းနှင်းရွက် said...

ရေးထားတာ လေး ကောင်းတယ် ..
နှစ်သစ် မှာ မင်္ဂလာ မှာ အပေါင်းနဲ့ ပြည့်စုံပါ စေ ..
HAPPY NEW YEAR ..
HAPPY NEW YEAR ..
NAPPY NEW YEAR ..
အကျယ် ကြီး အော်သွားတယ် ..
နှစ်ကူးပြီးတာတောင် ကြာနေပြီ ..
အခု မှ ပြောရတာ သိပ်တော့ မလှ တော့ ဘူး ..

မိုးယံ said...

လက်စသတ် လူတွေတင် အတင်းပြောတတ်တယ် မှတ်တာ... အပင်တွေ ငှက်တွေလဲ ပြောတတ်သကိုး. ညောင်ပင်ကြီးဆုံးမတာလေးမိုက်တယ်။