Wednesday, October 13, 2010

အောင်ပွဲအတွက်...အသင့်...




နေ၅နာရီကျော်ကျော်ပဲရှိသေးသော်လည်း ကောင်းကင်ရဲ့အရောင်က ရီဝေစွာဖြင့် မှုန်ဖျဖျနိုင်လွန်း လှသည်။ တစ်ချက်တစ်ချက်ခပ်တိုးတိုးတိုက်ခတ်နေသော လေပြေတချို့မှလွဲပြီး သူ့ပတ်ဝန်းကျင်မှအရာ အားလုံးငြိမ်သက်နေသလိုရှိ၏။ သို့သော် သူထိုင်နေသောစားပွဲခုံနှင့် အတော်လှမ်းသောနေရာရှိ နောက် ဖက်ဆုံးသောခုံမှစကားသံများကို တစ်ခါတစ်ရံ ကြားနေရတတ်သည်။ လူရှုပ်ရှုပ်ကို မကြိုက်သောသူ့အတွက် အလုပ်မှာ ညနေခင်းလက်ဖက်ရည် သောက်ချိန်တိုင်းဒုတိယအချိန်တွင်သာဆင်းလေ့ရှိတာမို့ ကင်တင်း(န်)တွင် လူနည်းနေတာ အမှန်ပင်..။ ထို့အပြင် ကင်တင်း(န်)ဆင်းချိန်များတွင် အမြဲလိုလို ထောင့်တစ်နေရာမှာ တစ်ယောက်တည်းထိုင်ကာ (များသောအားဖြင့်) စာအုပ်တစ်အုပ်ဖြင့် တစ်ကုပ်ကုပ်စာရေးနေ တတ်သော သူ့ကို သူငယ်ချင်း အတော်များများကလည်း အနှောက်အယှက်မပေးတတ်ကြ ပါ....။

ထိုင်နေသော နေရာလေးမှနေပြီး တစ်စွန်းတစ်စမြင်နေရသော ကောင်းကင်ကို အဓိပွါယ်မဲ့စွာဖြင့်ငေး နေမိခဲ့၏။ သူ့မြင်ကွင်းထဲမှ ကောင်းကင်၏အရောင်သည် အုံ့ဆိုင်းရီဝေလွန်းလှသည်။ သူ့စိတ်ထဲတွင် လည်း......ထိုကောင်းကင်ကဲ့သို့ပင် အုံ့ဆိုင်းဆိုင်း၊ မှုန်မှိုင်းမှိုင်းဖြစ်နေခဲ့ရတာ အမှန်ပင်ဖြစ်သည်။ အခြား ကြောင့်တော့မဟုတ်.....။ လွန်ခဲ့သည့် ရက်အနည်းငယ်လောက်က သိခဲ့ရသည့် အကြောင်းတစ်ခုကြောင့် သာဖြစ်၏။

~~~~~@@@~~~~~

ထိုနေ့က စနေနေ့ဖြစ်၏။ အလုပ်မှပြန်ရောက်လျှင်ရောက်ချင်း စက်အဖုံးလေးကိုဖွင့်ကာ ကော်နက်ရှင် ချိတ်ပြီး......မေးလ်စစ်ရင်း သူစာရေးဖို့ပြင်မိသည်။ ဘာစာမှမရေးဖြစ်တာ အတော်ကြာနေခဲ့ပြီမို့ပင်ဖြစ်၏။ ရေးလက်စ,စာများကို ဖွင့်ကြည့်နေဆဲခဏ.....

“သာမီးရေ”........ ဟုအစချီသော ပြောစကားလေးသုံးလေးကြောင်းက ဂျီတော့ခ်နေရာမှ ပေါ်လာသည်။ အကြောင်းအရာကတော့ ထွေထွေထူးထူးမဟုတ်ခဲ့....။ မအားလို့...၊ မေးလ် တွေပြန်စရာရှိနေသေးလို့ နောက်နေ့ကျမှပြောတော့မည်ဟူ၍....။ ထိုစာကြောင်းလေးများ ကိုဖတ်ရင်း သူပြုံးမိသည်။ ရှားရှားပါးပါး....သူ့ကို ကျီစားစွာခေါ်တတ်သော အစ်ကိုကြီးတစ် ယောက်အကြောင်းလည်း တွေးမိလိုက်၏။ တခြားသူတော့မဟုတ်....။ ဘလော့ဂ်ရေးသော ရေးဖော်ရေးဖက် ကိုကြီးကျောက်ပင်ဖြစ်၏။ ရေးဖော် ရေး ဖက်ဟုဆိုသော်လည်း သူ့ထက် အနှစ်နှစ်ဆယ်ကျော်မျှကြီးသည်။

စာရေးလျှင် ပွင့်ပွင့်လင်းလင်း၊ အဆင်တန်ဆာ မထည့်ပဲ......ဟောဟောဒိုင်းဒိုင်းဖြင့် ရယ်စရာများ၊ သူငယ် စဉ်က အတွေ့အကြုံများ၊ ထူးဆန်းသည့် အကြောင်းအရာများကို ဖတ်ရသူများမငြီးငွေ့စေရအောင် အသောဖောက်ပြီးဗဟုသုတအဖြစ် ရေးတတ်သောသူတစ်ယောက်မို့ ကိုကြီးကျောက်ကို အများစုက ခင်ကြ၏။

ထိုအထဲတွင် သူလည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ သို့သော်လည်း ဂျီတော့ခ်တွင်လည်း သိပ်မ ပြောဖြစ်....၊ မေးလ်တွေဘာတွေလည်း အပြန်အလှန်မပို့ဖြစ်ခဲ့ကြ....။ သို့ပေမယ့် သူ့စိတ်ထဲတွင် ခင်မင်ရင်းနှီးလွန်းလှတာ သူ့ကိုယ်တိုင်မှလွဲပြီး ဘယ်သူမှမသိနိုင်ခဲ့..။

သူ့ကို “သာမီးရေ့”....ဟုခေါ်သည်မှာလည်း အခြားအကြောင်းကြောင့်မဟုတ်....။ ကိုကြီး ကျောက်ကပင် စတင်ထားခဲ့သော ကိုယ့်အကြိုက်ဆိုသည့် တက်ဂ်ပို့စ်တစ်ခု သူ့ထံတစ်ပတ် ပြန်လည်ကာရောက် လာခဲ့သည့်အချိန်တွင် ကိုကြီးကျောက်ရေးသော လေသံအတိုင်း ရယ်စရာအဖြစ်သူရေးမိသည်။ မှတ်မှတ်ရ ရ ထိုအချိန်ကတည်းက စ,ပြီး သူ့ကို သာမီးရေ....ဟု သာကျီစားပြီးခေါ်ခဲ့တာ အခုချိန်ထက်ထိတိုင်ပင်ဖြစ်ခဲ့ လေ၏။

လွန်ခဲ့သည့် နှစ်လကျော်ကျော်လောက်က (သူလည်း meniere’s diseases ဆိုသည့် ဝေဒနာ စတင်ခံစားရ သည့်အချိန်နှင့် အတူတူလောက်ပင်ဖြစ်မည်) ကိုကြီးကျောက် အသည်း ရောဂါဖြင့် ဆေးရုံတက်ရသည် သတင်းရသည်။ ဘလော့ဂ်တွေပေါ်မှနေလည်း ဆုတောင်း ပေးကြ၏။ ခွဲစိတ်ကုသမှုခံယူရမည်ဟု ဆိုကြ၏။ သူလည်း ဝေဒနာ အပြင်းခံစားနေရဆဲမို့ ကိုယ်ချင်းစာစွာဖြင့် ကိုကြီးကျောက်ထံအရောက်သွားကာ အားပေး ခဲ့တာ မှတ်မိနေသေးခဲ့သည်။ ထို့နောက် ကိုကြီးကျောက် ပြန်ကျန်းမာလာက သူ့ထက်အရင် ဘလော့ဂ်ပို့စ် တွေ အရင်အတိုင်းပြန်ရေးနေတာကို မြင်တွေ့နေခဲ့ရတော့ သူ့စိတ်အေးနေမိခဲ့၏။

သို့သော်....စောစောက ကိုကြီးကျောက်သူ့ကို နှုတ်ဆက်ကာ ချက်ခြင်း လိုင်းအောက်သွား ပြီးနောက်ပိုင်း တွင် သူ့စိတ်ထဲ တစ်မျိုးဖြစ်လာ၏။ ရေးလက်စ,စာကို ဆက်ရေးဖို့ကြိုးစားမိတာလည်းမရ....။ ထို့ကြောင့် စိတ်ပြေလက်ပျောက်...စာလေးဘာလေးဖတ်ဦးမှပဲဟု တွေးကာ သူ့ဘလော့ဂ်သို့ ၀င်မိသည်။ သူ့ဘလော့ဂ် ရှိ ချိတ်ထားသော လင့်ခ်လေးများကိုကြည့်မိဆဲခဏ စောစောက ကိုကြီးကျောက်ရဲ့ လင့်ခ်ကလေးကို သူ့ မျက်စိက တန်းခနဲမြင်၏။ ပို့စ် ခေါင်းစဉ်က “ယမမင်းထံသို့ ခြေလှမ်း၁၈၀”.......ဟုပေးထားတာ တွေ့ရ သည်။ သူပြုံးရင်း ထိုလင့်ခ်လေးကို ကလစ်နှိပ်လိုက်မိသည်။ စိတ်ထဲတွင်လည်း ခါတိုင်းလို ရယ်စရာအတွေ့ အကြုံလေးပဲနေမှာဟု တွေးမိလိုက်သေး၏။

သို့သော်.....ထိုပို့စ်ကို ဖတ်ကြည့်ရင်း သူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားရ၏။ ဖတ်ပြီးသွားခဲ့သောအချိန်တွင် သူ့စိတ်ထဲမောသွားသလိုရှိသည်။ ကိုကြီးကျောက် အခြေအနေကို ပြန်ပြီး ကောင်းနေပြီဟု သူထင်ထားခဲ့ သောကြောင့်ဖြစ်၏။ အသည်းကင်ဆာ ဟုဆို၏။

ကိုကြီးကျောက်ကတော့ သူ့ပိုစ်ထဲတွင် ခင်မင်သောရေးဖော်ရေးဖက်များနှင့် စာဖတ်ကြ သူမောင်နှမများ အားအရင်ပုံစံအတိုင်း၊ အရေးအသားအတိုင်း ခပ်ပျော်ပျော်၊ ခပ်ရွှန်းရွှန်းပဲ သူ့ရောဂါအခြေအနေကို အသိပေးရေးသားထားပါသည်။ ပို့စ်လေးကိုဖတ်ရင်း သူ့စိတ်ထဲတွင် ကိုကြီးကျောက်ကိုမြင်ယောင်ကြည့်မိ ၏။ ပို့စ်ထဲတွင် ရေးထားသလိုပုံစံအတိုင်း ကိုကြီး ကျောက်တစ်ယောက် အမှန်တစ်ကယ် နေထိုင်၊ လုပ်ကိုင် နေလိမ့်မည်ဟုလည်း ယုံကြည်မိသည်။ သို့သော် သူ့စိတ်အာရုံမှ ထိုအကြောင်းအရာက လွယ်လွယ်နှင့် ဖျောက်ပစ်လို့မရနိုင်ခဲ့ပါ...။

~~~~~@@@~~~~~

သူ့စိတ်တွေသည် အတော်ပင် ညောင်းညာနေခဲ့ပြီဟု ဘာသာပြန်တွေးမိ၏။ ထုံးစံအတိုင်း သူ့စိတ်တွေ ညောင်းညာကိုက်ခဲတိုင်း၊ နားထောင်နေကျဖြစ်သော သီချင်းလေးများကိုနားထောင်ရန် အိတ်ထဲမှ လက်ကိုင်ဖုန်းအစုတ်လေးကို သူထုတ်လိုက်မိသည်။ သူ့လက်များက မရည်ရွယ်စွာဖြင့်...အမ်ပီဖိုး သီချင်း လေးတစ်ပုဒ်ကိုဖွင့်ရင်း နားထောင်နေမိလိုက်သည်။ နားထောင်ရင်း.....သူကိုကြီးကျောက်ကို သတိရ လာမိသည်။

ကိုကြီးကျောက် ပို့စ်ကိုဖတ်ပြီးစဉ်က ဘာရေးလို့ရေးခဲ့ရမှန်းမသိနိုင်လောက်အောင်ဖြစ်သွားခဲ့ရသော သူ့အတွက် (သူ့ဘာသာ နားလည်သလို ဘာသာပြန်ကာ) ခံစားမိသော သီချင်း လေးထဲတွင် သူပြောချင်နေ ခဲ့သော စကားလုံးအချို့ပါနေခဲ့တာမို့ ဘလော့ဂ်ပေါ်တွင် ကို ကြီးကျောက်အတွက် အမှတ်တရ တင်ဖို့စိတ်ကူးရမိသည်။ အခြားသောမောင်နှမများနှင့် ကိုကြီးကျောက်၏ စာဖတ်သူများသည်လည်း သူနှင့် ထပ်တူထပ်မျှပင် ထိုစကားမျိုးကို ဆိုချင်နေကြမည်ထင်ပါသည်။



Ready For The Victory.....
....................
You’re in our hearts
Just from round to round
And you will be the champion
The king without a crown

Like a fireball (Like a fireball)
You never never give up (Never give up)
Hear the engine call (Hear the engine)
Waiting for a start

Can’t you see
We’re ready for the victory
It’s a clear
You’re hero just for you and me
I feel, we’re in the pole position team
Oh..... can’t you see
It’s like a dream

From Australia to USA
And from Italy to Germany
And from San Marino to Canada
He is our biggest star

Oh.......you cannot lose
If you have lucky hand
And you will be the hero
You have many friends

Oh....dreams we cannot buy (Cannot buy)
But you will win again (Win again)
Nobody does it better (Does it better)
Through passion and through pain

~~~~@@@~~~~


သီချင်းလေး....ပြီးဆုံးသွားတော့ လုပ်ငန်းခွင်သို့ပြန်ဝင်ရန် သူထိုင်ရာမှ ထမိ၏။ အတွေးထဲတွင် ကိုကြီး ကျောက်ရဲ့အကြောင်းက နေရာယူထားကြဆဲ...။

သို့သော်... ထိုသီချင်းလေးထဲက စာသားအချို့အတိုင်း ကိုကြီးကျောက်တစ်ယောက်ကြိုးစားနေခဲ့လိမ်မည် ဟု သူ့ရင်ထဲမှ ယုံကြည်မိနေဆဲပင်......။               ။

                       ~~~~~@@@~~~~~@@@~~~~~@@@~~~~~


ပုံလေးကို ဒီနေရာလေးကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
=======================================================
ခင်မင်လေးစားရသော ကိုကြီးကျောက်အတွက် မနေနိုင်လွန်းလို့ရေးမိလိုက်တဲ့ စာလေးပါ ခင်ဗျာ....။ ယူကျူ့ကသီချင်းလေးကို right click နှိပ်ပြီးဒေါင်းနားထောင်နိုင်ပါတယ်....။
=======================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

19 comments:

မိုးယံ said...

သာမီး အန်တီညိုရေ။ သူများကိုလဲ စိတ်ပူ ကိုယ့်ကိုယ်ကို လဲစိတ်ပူ။

ဘကျောက်ကတော့ ဘာမထီ စတိုင်လ်နဲ့ ရင်ဆိုင်နေတာနော်။ ယုံကြည်လိုက်ပါ ဆရာဝန်တွေ ခန့်မှန်းချက်လွဲတာလို့။ (ဖြစ်တတ်တာ အမှန်ပဲလေ)။ ဒီလောက်တိုးတက်နေတဲ့ ဆေးပညာခေတ်ကြီးမှာ မနက်ဖြန် အမြစ်ပြတ်ကုနိုင်တဲ့ဆေး မပေါ်ဘူးလို့ ဘယ်သူ တပ်အပ်ပြောနိုင်လို့လဲ။ ဘကျောက်အခုကုနေတဲ့ နည်းကလဲ အကောင်းဆုံးနည်းပဲလေ။

ရွှေရတုမှတ်တမ်း said...

နေကောင်းအောင်နေ သာမီးရေ..
မာမီ သာမီးနဲ့ အေးအေးဆေးဆေးပြောချင်ပါသေးတယ်..
မာမီရောဂါက တကယ်တော့ ဆရာဝန်တွေပြောသလောက်မဆိုးပါဘူး..
ရောဂါကိုဆေးသောက်ပြီးသေးအောင်လုပ်ပြီးခွဲလို့ရပါသေးတယ်..သူတို့က တယောက်ထဲသမားဆိုတော့ နေလဲအကြောင်းမထူး ဘူးဆိုပြီးစိတ်ဓါတ်ကျပြီး သေအောင်ပြောကြတာ.. မာမီကို ဒီလိုလာစမ်းလို့ဘာရမလဲ..ဟင်း.
နောက် အနှစ် ၂၀ အေးအေးဆေးဆေး နေပြလိုက်မယ်..

မေဓာဝီ said...

သီချင်းလေး နားထောင်သွားတယ် ဏီလင်းရေ ...
ဘကျောက်အတွက် စိတ်မကောင်းပေမဲ့ ဘကျောက် အားလုံးကို ကျော်ဖြတ်နိုင်ရမယ်လို့ ရင်ထဲမှာ ရဲရဲဝံ့ဝံ့ ယုံကြည်နေတယ်။
ဏီလင်းလဲ ကျန်းမာရေးဂရုစိုက် အနေ အစားဆင်ခြင်ပြီး ဆေးမှန်မှန်သောက်အုံး။

အိမ့်ချမ်းမြေ့ said...

ကိုကြီးကျောက်ဆိုပြီး ဘလောဂါမောင်နှမများ ဆုတောင်းပေးနေတာကို မြင်နေတာတော့ ကြာပါပြီ။ မလေးနဲ့ကိုကြီးကျောက်နဲ့ မသိပေမယ့် လူလူချင်းကိုယ်ချင်းစာ စာနာပြီး ခုလိုခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေကြတဲ့.. ကာယကံရှင်ကော မိသားစုတွက်ပါ.. ဒီနေရာကနေ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ယွန်း said...

ဘကျောက်ကတော့ စံပဲ..အေးဆေးပဲတွေ့ လားး
ဘာမထီကျောက်... သက်တော်၁၀၀ထိရှည်မှာပါ ..
ဆရာဝန်တွေ လျှောက်ပြောနေတာ ..ယုံဘူးး
ကိုဏီးလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါလေ..

ခင်တဲ့
ယွန်း

စန္ဒကူး said...

ဏီလင်းညိုရေးထားတာရော.. ကိုကြီးကျော်ပြန်ရေးထားတာဖတ်ပြီး ပြုံးမိပါ ရဲ့။

ခရေညို said...

ဏီလင်းရေ အမတို့တတွေက
" ငပိသည်က အိပ်ပြီး ဆားသည်က ခွေးမောင်း" ဆိုသလိုဖြစ်နေပြီနော်။
တကယ်ပဲ ဦးလေးကြီးကို လေးစားတယ်
သူကတော့ အေးဆေးပဲ ...

SHWE ZIN U said...

ကိုဏီ ရေ

ကိုကြီးကျောက် အတွက် အမှတ်တရ လေး ဖတ်သွားတယ် ကိုကြီးကျောက် ကြီး နေကောင်းတော့မှာ သိလား စိတ်မပူ နဲ့ အသက်၂ဝဝဝ ကျောက်တဲ့

ခင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်တဲ့......
စိတ်သာအဓိကပါ
မသေချင်သေးတဲ့စိတ်ရယ်၊ ငါမသေဘူးလို့ ယုံကြည်နေတဲ့စိတ်ရယ်က ကိုကြီးကျောက်ကို အောင်ပွဲ ရစေနိုင်ပါလိမ့်မယ်..
ခုလေသံနဲ့ဆို ကိုကြီးကျောက်က နောင်နှစ်ပေါင်းများစွာ များစွာ စာရေးနေနိုင်ဦးမှာပါ
ယုံကြည်တယ်...

အဖြူရောင်နတ်သမီး said...

ဘကျောက်ကိုတော့ မချီးကျူးပဲနဲ့ကို မနေနိုင်ဖြစ်ရပါတယ်...
ဘကျောက်ပြောသလိုပါပဲ..စိတ်ကသာလျှင်အရေးကြီးတာပါ..
ဆေးမှန်မှန်သောက်ပြီး ပျော်အောင်နေရင် အနှစ်(၂၀)လောက်တော့ အေးဆေးပါ..။
ဘကျောက် ကျန်းမာပျော်ရွှင်ပါစေ...

အဖြူရောင်နတ်သမီး said...

မေ့လို့....
ကိုဏီလည်း ကျန်းမာရေးဂရုစိုက်အုံးနော်..
ကိုဏီရဲ့ ခေါင်းအခြေအနေရော...သက်သာရဲ့လား..
မူးနေတုန်းပဲလား..
သိပ်မသောက်နဲ့..ဟိ

*(အပျော်အပျက် ရေးခဲ့ပေမယ့်
ရင်ထဲမှာ လေးလေးနက်နက်တွေးတတ်တာ နတ်သမီးရဲ့အကျင့်တခုပါ၊ မိဘ(၂)ပါး ကိုယ့်ရှေ့မှာ ကွယ်လွန်သွားပြီးကတည်းက
ဆရာဝန်ရဲ့ “မရတော့ဘူး” “လုပ်စရာရှိတာလုပ်ထားတော့”..
ဆိုတဲ့စကားမျိုးတွေကို ကြားရင် အတိတ်ကို ပြန်သတိရတယ်၊ စိတ်တွေထိန်းမရအောင်ဖြစ်ရတယ်၊ ကြေကွဲရတယ်...။
အဲဒါကြောင့် အဲဒီလိုစကားလုံးမျိုးတွေကြားရင် မိဘနဲ့ထပ်တူ အရမ်းခံစားရတယ်။ )

မြစ်ကျိုးအင်း said...

ငါတို့ အကိုကြီးရဲ့ စိတ်ဓါတ်မာကျောမှုအတွက် ငါတို့ ဂုဏ်ယူရမယ် မဟုတ်လား။ ဒါဟာ လူတိုင်းလက်စွဲထားမယ့် ဘဝ နေနည်းလည်း ဖြစ်တယ်။
ထုတ်မပြောဖြစ်ပေမယ့် စိတ်မကောင်းခြင်းနဲ့ ဝမ်းနည်းမှုက ထပ်တူပါပဲ။

rose of sharon said...

လာလည်သွားတယ် သာမီးရေ... ကိုကြီးကျောက်ကိုတော့ တကယ်ကိုလေးစားမိပါတယ်

လင်းခေတ်ဒီနို said...

တိုတိုကျောက်ရေ အာဂျား အာဂျား ဖိုက်တင်းးး

သော်ဇင်စိုး said...

ခုမှသိရတာကိုဏီး..

blackroze said...

ညီမလဲကိုကြီးကျောက်နဲ့မသိပါဘူး
ဒါပေမဲ့..အခုလိုဆိုတောင်းပေးတာတွေ..
ကိုကြီးကျောက်နဲ့ပတ်သက်ပြီးရေးတာတွေဖတ်ရတော့
တကယ်ဘဲစိတ်မကောင်းဖြစ်မိတယ်..
မကြီးချောပြောသလိုပါဘဲ...
စိတ်သာအဓိကပါ..
ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့
စိတ်ဓါတ်ထားပါလို့...

မြသွေးနီ said...

ကိုဏီရေ...
ကိုကြီးကျောက်လို စိတ်မျိုးကတော့ သြောချလောက်တယ်..။
သူ့လိုစိတ်မျိုး ကိုယ်တွေအလှည့်ထားနိုင်အောင် ကြိုးစားရမယ်..။
မြသွေးနီလည်း အလုပ်ပိနေလို့ အခုမှရောက်နိုင်တော့တယ်။
ကိုဏီလည်း မူးတုန်းလား..?
လျှော့သောက် သာမီးရေ...။ လျှော့သောက်..။

မြသွေးနီ said...

ကိုဏီရေ...
ကိုကြီးကျောက်ရဲ့ စိတ်ဓာတ်ကိုတော့ တကယ်လေးစားတယ်။
ကိုယ်တွေ သူ့နေရာမှာ ဒီလိုစိတ်ထားနိုင်ဖို့ လွယ်မယ်မထင်ဘူး..။
သေမင်းကိုသရော်.. စိတ်ကိုပျော်ပျော်ထားနိုင်တာလေးစားတယ်။ အဟုတ်။ ကိုဏီရော..မူးသေးလား..? မိတ်ဆွေအားလုံးကို နေကောင်းကျန်းမာစွာနဲ့ စာတွေရေးတာ.. ကွန်မန့်တွေပေးတာ.. အိမ်တွေလည်နေတာ မြင်တွေ့နေချင်ပါတယ်ရှင်..။

ညီမလေး said...

အင်း..သေခြင်းတရားနော် ..ကိုယ်ဆိုရင်ကော အေးဆေးစွာ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပါ့မလား..မေးခွန်းပေါင်းများစွာနဲ့ အတွေးပေါင်းများစွာနဲ့....