Sunday, October 17, 2010

ညာ




သူသုံးသော အိတ်ဆောင်ကွန်ပျူတာလေးသည် သူ့အိပ်ယာခေါင်းရင်းတွင် အစဉ်ငိုက်မြည်းစွာနေလေ့ရှိ၏။ စ,ပြီးဝယ်လာကတည်းက ထိုနေရာလေးတွင်သူထားသည်။ ပက်ကင်ထုတ်ထားခဲ့သော စက္ကူကဒ်ထူဘူးလေး အပေါ်တွင်ဖြစ်၏။ ခုတင်နှင့်မအိပ်ပဲ ကြမ်းပြင်တွင် မွေ့ယာခင်းကာအိပ်သူမို့ စာဖတ်လျှင် ထိုစက်ကလေးကို ဖွင့်ကာ ခေါင်းအုံးပေါ်မှနေဇက်ထောင်ပြီး အိပ်ယာပေါ်တွင်ဝမ်းလျှားမှောက်လျှက်(အပျင်းထူစွာဖြင့်)သူဖတ် လေ့ရှိသည်။ စာရေးလျှင်တော့ ထိုစက်ကလေးရော၊ အောက်ခံဘူးပါ သူ့ခေါင်းအုံးပေါ်မတင်ကာ သူထိုင်ရေးမိတတ်သည်။ သို့သော် တစ်ခါတစ်ရံ ၀မ်းလျှားမှောက်သည့်အနေအထားဖြင့် သူရေးတတ်သေး၏။

သို့သော် သူစာကြာကြာဖတ်၊ ကြာကြာထိုင်မရေးနိုင်ခဲ့တော့သည်မှာ သုံးလကျော်လောက်ရှိရော့မည်။ ထို့အ တွက် နားနားပြီးဖတ်ရင်းဖြင့် မတောက်တခေါက်စာလေးတွေကို နားနားပြီးရေးမိသည်။

ထိုနေ့ကလည်း နားရက်တစ်ရက်ကို ကိုယ့်ဘာသာဇွတ်အတင်းပြန်ပေးကာ(ဖြစ်သမျှပြဿနာရင်ဆိုင်မည်ဟု စိတ်မွေးလျှက်း)) သူအွန်လိုင်းတက်ကာစာဖတ်မိသည်။ စာဖတ်ရင်း စကားကြာကြာမပြောရပြီဖြစ်သော မောင်နှမတချို့နှင့် ရယ်စရာများပြောဖြစ်၏။ သို့သော် ကြာတော့ သူ့ခေါင်းကဆန္ဒပြလာသည်။ မူးချင်လာပြီ ဟု....။

ထို့ကြောင့် စက်ရှေ့မှ မျက်နှာလွဲကာ ထ,ထိုင်လိုက်ရသည်။ စက်ရှေ့မှထထိုင်လိုက်သောအခါ အမှတ်မရှိခဲ့ နိုင်သောမျက်လုံးများက အခန်းတွင်းရှိသူနှင့်မျက်နှာချင်းဆိုင်မှကိုယ်ပိုင်စာအုပ်စင်ကလေးဆီအကြည့် ရောက် သွားမိပြန်၏။ စိတ်မထိန်းနိုင်စွာဖြင့် အနားသို့သူသွားကြည့်လိုက်သေးသော်လည်း သူ့ကိုယ်သူပြန် ညာလို့မရ။ ဘာရယ်ကြောင့်မှတော့ မဟုတ်......၊ ထိုစာအုပ်စင်ကလေးမှ စာအုပ်အားလုံးသူဖတ်ပြီးသား မို့ပင်...။ အနည်းဆုံးသုံးခေါက်....၊ အချို့စာအုပ်များဆိုလျှင် အကြိမ်အရေအတွက်ပင်သူမမှတ်မိတော့...။ ထပ်ခါ ထပ်ခါဖတ် လွန်း၍ဖြစ်၏။ ရသေ့စိတ်ဖြေအနေဖြင့် စာအုပ်လေးများကို ကိုင်ကြည့်မိသေးသည်။ မြသန်းတင့်၊ မိုးမိုး(အင်းလျား)၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ပခုက္ကူဦးအုံးဖေ၊ ကိုရီးယားစကားပြော၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မင်းလူ၊ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ တာရာမင်းဝေ၊ အိမ့်ချမ်းမြေ့......စသည်ဖြင့်.....။

စာအုပ်စင်ကို သူကျောခိုင်းလိုက်သည်။ ကြံရာမရဖြစ်စွာဖြင့် ရေချိုးဖို့ သူပြင်မိ၏။

~~~~~@@@~~~~~

ရေချိုးခန်းထဲမှထွက်လာချိန်တွင် သူ့ဗိုက်ကဆာလောင်လာသည်။ ဟုတ်သည်။ သူဘာမှ မစားရ သေး.....၊ အစာစားပြီးလျှင် သူဆေးသောက်ရဦးမည်....။ ထို့ကြောင့် အ၀တ်လဲပြီး အခန်းအပြင်သို့သူ ထွက်ခဲ့လိုက်သည်။

အပြင်ဖက် ဧည့်ခန်းတွင် ဘယ်သူမှမရှိ...။ သူတို့နားရက်မို့ အလျှိုအလျှိုထွက်သွားကြသည်မှာ ကြက်ပျောက်၊ ငှက်ပျောက်ဟုပင် ဆိုနိုင်၏။ ဘာရယ်မဟုတ်ပဲနှင့် အမြဲလိုလိုအိမ်စောင့်ဖြစ်ကျန်ရစ်ခဲ့သော သူ့ကိုယ်သူပြန် ရယ်ချင်မိသွားရင်း စားပွဲပေါ်မှ အုပ်ဆောင်းကိုဖွင့်ကြည့်မိသည်။ ဘာစားစရာမှမရှိ...။ ထမင်းအိုးကိုဖွင့်ကြည့် တော့ ထမင်းကြမ်းတစ်ဝက်ကိုမြင်ရ၏။ ရေခဲသေတ္တာကိုဖွင့်ကာ ရှာမိတော့ကြက်ဥ တစ်လုံးတွေ့ရသည်။ ထိုကြက်ဥကို သူကြော်လိုက်သည်။ ကြက်ဥကြော်ပြီးတော့ ဆီနှင့်ထမင်းနယ်ကာ ပန်းကန်ကိုဇွန်းတပ်ပြီး ထမင်း စားဖို့ပြင်မိသည်။ အမှန်တော့ ကြက်ဥကြော်ကိုသူမကြိုက်....၊ တစ်ယောက် တည်းစားဖို့ရာအတွက် တစ်ခမ်း တစ်နားလုပ်မနေချင်တော့တာကြောင့်မို့ပင်ဖြစ်၏။

ထမင်းစားခါနီး ထုံးစံအတိုင်းပတ်ဝန်းကျင်ကို မျက်စိဝေ့ကြည့်မိသည်။ ဖတ်စရာစာအုပ်တစ်ခုခုရှာခြင်းသာ ဖြစ်၏။ မလှမ်းမကမ်းရှိတီဗွီနားတွင် စာစောင်တစ်ခုကိုသူတွေ့ရသည်။ သွားယူပြီးအဖုံးကိုကြည့်လိုက်တော့ အေ၊ ဘီ၊ စီအကျိုးပြုရသစာပေဂျာနယ် ဟုတွေ့ရ၏။ သြစတေးလျတွင်ရှိသော စာချစ်သူမြန်မာအမျိုးသား များထုတ်ဝေသည့် ဂျာနယ်တစ်စောင်ပင်ဖြစ်သည်။ ဂျာနယ်မှာအဟောင်းဖြစ်၏။ No.1,Volume 9,2010ဟုဆိုသည်။ အိမ်မှ သူငယ်ချင်းညီလေးများ ဘယ်က ယူလာသည်မသိ...။ သူမဖတ်ရသေး....။


ထမင်းတစ်ဇွန်းဝါးရင်း.....ဂျာနယ်ကို သူဖွင့်ဖတ်သည်။ သူမသိလျှင်လည်း ဘာမှဖြစ်မသွားသော သတင်းများ၊ (ဥပမာ...မင်းသား/သမီးအင်တာဗျူးများ) စသည်တို့ကို ကျော်ရင်းဟိုလှန်ဒီလှန် လျှောက်လှန် နေလိုက်သည်။ ထိုကဲ့သို့လျှောက်လှန်ရင်း “ဟာသ” ဆိုသည့်နေရာလေးကိုသူသွားတွေ့လိုက်သည်။ ရယ်ရ တာဝါသနာပါသူမို့ သေချာဖတ်ဖြစ်လိုက်သည်။ စုစုပေါင်း ၄ပုဒ်ပါသည်။ သုံးပုဒ်အပြီး အောက်ဆုံးမှအပုဒ်ကို သူဖတ်နေမိလိုက်၏။


စာနဲ့ လူနဲ့

“အဲ့ဒီလူက စာရေးဆရာလေ”....
“ဟုတ်လား......၊ ဘာတွေရေးတာလည်း”.....
“လူကောင်းလူမွန်လေးတွေ ဖြစ်စေချင်.....ဆိုတဲ့ စာအုပ်လေ...။ အရမ်းကိုရောင်းကောင်းတာ နာမည်ကြီးပဲ”
“အင်း...ဒီလို စာကောင်းပေကောင်းတွေရေးတော့ လူငယ်တွေရဲ့အနာဂတ်ခိုင်မာတာပေါ့”......
“စာကတော့ ကောင်းပါတယ်...၊ ဒါပေမယ့် သူ့သားနှစ်ယောက်စလုံးက ရပ်ကွက်မှာ ဆိုးသွမ်းပေတေနေလို့ ထောင်ထဲပို့ထားရတယ်လေ”......

~~~~~@@@~~~~~

ထိုစာပိုဒ်တိုတိုလေးကိုဖတ်ပြီးတော့ သူ မရယ်မိလိုက်တာသေချာပါသည်။ ဘာကြောင့်မှတော့မဟုတ် ရ....။ အတွေးစ,တစ်ခုဝင်သွားလို့သာဖြစ်၏။

သူကိုယ်တိုင် လက်တွေ့လိုက်နာကျင့်သုံးခြင်းမရှိသော သဘောတရားများ၊ အတွေးအခေါ်များ၊ ခံယူချက်များ စသည်တို့ကို အခြေခံကာ (ကိုယ့်ကို အကောင်းမြင်စေချင်ရုံ၊ အထင်ကြီးစေချင်ရုံသက်သက်ဖြင့်) စာဘယ်နှ ပုဒ်လောက်ကို သူ့ရဲ့နားခိုရာရပ်ဝန်းပေါ်တွင် ရေးပြီးတင်မိခဲ့ပြီလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးမိ လိုက်ခြင်းတစ်ခုရယ်သာပင်.....။

~~~~~@@@~~~~~

လူဟူသည်.....သူများကိုသာ ညာ၍ရချင်ရပေလိမ့်မည်.....။
ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီးညာလို့မရနိုင်ခဲ့ပါ.....။             ။

                                          ~~~~~@@@~~~~~@@@~~~~~@@@~~~~~

====================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(ညာ)

28 comments:

သော်ဇင်စိုး said...

ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ညာ.. နောက်တော့ ညာတာနဲ့ အားမရ ကိုယ့်ကိုယ်ကို ထပ် လိမ်.. နောက် လိမ်ဖန်များတော့ ကိုယ့်ကိုယ်ကို ရှက်သလိုလို ဘာလိုလို ဖြစ်လာ ကိုယ့်ကိုယ်ကို ပွေလိမ်ရှုပ်ကြီးလိုလို ဘာလိုလိုခံစားလာ.. နေပူသည် ဗိုက်အစ်သည် ရာသီဥတုမကောင်း ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ရပ်ပြီး ကြိုးစားမှဖြစ်မယ်လို့ ကျွန်တော့်ကို စောင်းရေးထားတာလားဗျ... :P:P:P:P

သဒ္ဓါလှိုင်း said...

နေမကောင်းပဲနဲ့စာတွေရေးနေတယ်ပေါ့ကိုဏီလင်းရေ..။
လောကကြီးမှာ နေရအခက်ဆုံးက ကိုယ့်ကိုယ်ကို ညာတာဖြစ်မယ်နော်.။
တချို့တွေကတော့ ညာရင်းညာရင်းနဲ့ မှန်တယ်လို့ ထင်နေကြလားမသိ..

ခင်တဲ့
သဒ္ဓါ

မိုးယံ said...

ကျွန်တော်လည်း မရယ်မိပါ။ သို့သော် ပြုံးမိတယ် ဘာကို ပြုံးတာလဲ ဆိုတော့
ဒီစာလေး ကိုးကြောင်း (ပြည့်တောင် မပြည့်ပါဘူး)ကို ဖတ်ပြီး တွေးတတ်ရေးတတ်တဲ့ လူကို သဘောကျ အားကျ လို့ ပြုံးမိ၏

sosegado said...

လောကကြီးထဲမှာ အလိမ်အညာဆုံးက
မိမိကိုမိမိ အလိမ်အညာဆုံးပဲတဲ့၊

Anonymous said...

ကိုဏီရေ

ကျန်းမာရေး ဂရုစိုက်အုန်း

ခင်တဲ့
ရွှေစင်ဦး

အဖြူရောင်နတ်သမီး said...

ဟိ...
တုတ်(ဒုတ်)ယူမလား..
ဒါး(ဓား)ယူမလား...
သြော်..မေ့လို့..ကိုဏီ့မှာ ရှိသားပဲ...
“ကလောင်”ဆိုတဲ့ လက်နှက်တခု...

နေကောင်းအောင် နေပါဗျို့...

ညလင်းအိမ် said...

ကိုယ့်ကိုကိုယ့် ညာတယ်တဲ့လားဗျာ ....
တခါတလေ ငွေ့ရည်လေးတွေ ဖြစ်တည်ဖို့ အတွက်ဆို ရွာချပေးရတော့မှာပေါ့ ....

ခရေညို said...

ဏီလင်းရေ တစ်ခါတလေ တော့လည်း မရည်ရွယ် ပဲ
ကိုယ့်ကိုကိုယ် ညာမိသွားတတ်တယ်။
ကျန်းမာရေးကိုလည်း ဂရုစိုက်အုန်း

ရွှေရတုမှတ်တမ်း said...

ဏီးဏီး....
ချူချာလှချည့်လား..ဂရုစိုက်ဦး

မြတ်မွန် said...

ဟာသလေးက မိုက်တယ် ကိုဏီးရေ..။
ဟုတ်တယ် ကိုဏီးရေ..။
တစ်ခါတစ်ခါ ကိုယ်ကိုကိုယ် ညာမိတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

နည်းနည်းနေကောင်းတာနဲ့ စာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်နေပါလား
ဟာသလေးကနေ စာတစ်ပုဒ်ရအောင် ဆွဲထုတ်သွားနိုင်တယ်။ တော်ချက်အေ
မူးနေသေးတယ်ဆိုရင် စာဖတ်တာလျှော့ဦး မိညိုရေ။
အဲ .. သီတင်းကျွတ်တော့မယ်နော်
ဒီအတိုင်းဘဲလား.. ဘယ်တော့ စားရမတုန်း
ကိုယ့်ကိုယ်ကို မညာနဲ့နော်။ :)

မြစ်ကျိုးအင်း said...

သူငယ်ချင်း ရေးခဲ့တဲ့ စာတွေကို အကုန်လုံးတော့ မဖတ်ဖူးဘူး။
ဖတ်ပြီးသလောက်နဲ့ တွက်ရရင်တော့ ကိုယ့်ကိုကိုယ်ညာတဲ့ စာ မရှိဘူး ဆိုတာ ယုံကြည်ပါတယ်။ ကိုယ်ညာတာ သူများ မသိဘူးဆိုတာ တခြားနေရာမှာပဲ ရမယ်။ စာပေမှာတော့ မရဘူး။ ညာထားလား ဖြီးထားလား လိုရာဆွဲထားလား ဆိုတာ စာဖတ်သက်ရင့်တဲ့သူက သိကို သိတာပဲ။ သနားပြုံး ပြုံးသွားတာ အဲဒီ စာရေးသူမှ မသိဘဲ။ သိလည်းသိမယ် ရှက်လည်းရှက်တတ်မယ်ဆိုရင် သေလို့ ရတယ်။

ဘလော့ဂ်ပေါ် ရပ်တည်ချိန်မှာ ငါတို့ ပိုပြီး ရိုးသားကြစို့ သူငယ်ချင်း

နေ့အိပ်မက် said...

တစ်ခါတစ်လေကျတော့ ပုံနှိပ်စာရေးဆရာတွေအတွက် ၀မ်းရေးခက်လို့ ထင်ပါတယ် ကိုဏီလင်းညို။ ကိုယ်ကြိုက်ကြိုက်မကြိုက်ကြိုက်၊ လုပ်နိုင်နိုင်မနိုင်နိုင် ပိုက်ဆံရပြီးရော ရေးနေကြရတာ နည်းတာမှမဟုတ်တာ။ ဒါနဲ့ စာအုပ်စင်က စာအုပ်စာရင်းမှာ ဘာလို့ မစန္ဒာမပါတာလဲ။ :(

သိင်္ဂါကျော် said...

ကိုယ်တိုင် မကျင့်သုံးပေမယ့် ကိုယ့်စာကို ဖတ်ပြီး သူတစ်ပါးမှာ အကျိုးကျေးဇူး တစ်စုံတရာ ရသွားနိုင်တယ် ဆိုရင်လည်း ကောင်းတာပါပဲ..

ခိုင်နုငယ် said...

မနေ့ကတည်းကရောက်ခဲ့တယ်။
မမန့်ခဲ့ရဘူး။
အင်း..စာရေးတယ်။...ရေးတယ်။
ကျောင်းအမကြီး ပေါက်တဲ့အီးလိုပဲ...
ကျယ်သာကျယ်၍ ရနံ့ရယ်မပါ။
ရနံ့...ဒီနေရာမှာ ရနံ့ဆိုးမဖြစ်ဖို့တော့လိုတယ်လို့ဆိုတယ်။
***************
ဆရာနေဇင်လတ်ရေးထားတာလေးဖတ်ဖူးတယ်။
လူငယ်တွေတိုးတက်စေဖို့ သူကိုယ်တိုင် ရေးနေ ဟောနေ၊
ပြောနေပေမယ့်
သူ့သားသမီးတွေကျတော့ တိုးတက်သင့်သလောက်မတိုးတက်ဖူးလို့ဆိုတယ်။
ဒါပေမယ့်လည်း စာဖတ်သူအတွက်ဆိုတဲ့ စိတ်စေတနာလေးရှိနေရင်
စာပေမှာရပ်တည်ရကျိုးနပ်ပါတယ်။
ကိုဏီရေးသလောက်စာတွေ မဖတ်ဖြစ်ပေမယ့်။
စာဖတ်သူအတွက်ဆိုတဲ့ စေတနာလေး massage အခြေခံလေးကို
စာပုဒ်တိုင်းမှာ တွေ့ရတတ်ပါတယ်။

ခိုင်နုငယ် said...

ဆောရီး Message နဲ့ massage မွှားရိုက်လိုက်ပြီ။

မိုးငွေ့...... said...

အဲလိုပဲ ပိုးကမရဘူး...သူကပိုကုရခက်တယ်..း)
နေကောင်းအောင်နေနော် ဏီဏီ

ခင်တဲ့
မိုးငွေ့

ညီငယ် ဘရာဗို said...

မညာမိအောင်တော့ ရေးနေတာပဲ အစ်ကိုရေ..
ညာမိသွားရင်တော့ စိတ်မကောင်းဘူး

Anonymous said...

ကိုဏီ
ကိုယ့်ဖာသာကိုယ်သုံးသပ်ကြည့်တယ်အမြဲ
ညာညာနေတာများလို့ ကိုယ့်ကိုကိုယ်မုန်းမိတယ်

ကိုဏီ ကြီးကြမ်းမာရှည်ပါစေ (ကြီး= ကြီးပွားပါစေ၊ ကျန်းမာ= ကျန်းမာပါစေ၊ ရှည်= အသက်ရှည်ပါစေ)

မောင်ဘကြိုင်

မြသွေးနီ said...

ကိုဏီရေ..
ချစ်အစ်မကြီးလေသံလေးကို သုံးပြီးပြောချင်တယ်..။
ဖတ်ပြီးပြုံးမိပါ၏။

ကိုဇော် said...

မိညိုရေ...
ကိုယ့်ကိုယ်ကိုယ် မှန်လို ရှုမြင်ပြီး ရေးတဲ့ အထဲမှာတော့ ညည်းက အပိုဒ်ရေ အများဆုံး ရေးနိုင်ပါပေတယ်အေ။ အခုလိုပေါ့။

ဒီပို့စ်လေးကို ဆက်ပြီးတော့ “ ညာ နောက်ဆက်တွဲ ” ဆိုပြီး ကျူပ်ရေးခွင့် ရမလားအေ။ ရေးခွင့်ရမယ် ဆိုရင်တော့ ရေးချင်မိတယ်။ “ ကိုယ့်အကြိုက် ” လိုမျိုးပေါ့။ လက်ခံတယ် ဆိုရင် စာလေး ပြန်ပါလားအေး :)))))))

အင်ကြင်းသန့် said...

ကိုဏီးရေ....ဟုတ်တယ်နော် တစ်ချို့အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်တွေက သူများတွေကို ဒီလိုလုပ်လိုက်ပါလား၊ ဟိုလိုလုပ်လိုက်ပါလား စသည်ဖြင့် နည်းပေးလမ်းပြဖို့လွယ်သလောက် ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့ကျတော့ တယ်ခက်လှတာကလား။

ကိုယ့်ကိုကိုယ်ညာမိတာကို ညာမိမှန်းသိရင်တော့ အသိနဲ့ပြုပြင်နိုင်သေးတယ်။ ညာတာကိုညာနေမှန်းမသိဘဲ အရှိန်နဲ့ဆက်လိမ့်နေတာမျိုးက အဆိုးဆုံးလို့ထင်မိတယ်။ ကိုယ့်ကိုကိုယ်ရော၊ သူများအပေါ်မှာရော ရိုးသားကြရင်တော့ အကောင်းဆုံးပေါ့လေ.....။

ဒါနဲ့ ကျန်းမာရေးကို ရာနှုန်းပြည့်ကောင်းသွားသည်အထိတော့ ဂရုစိုက်လိုက်ပါဦး အစ်ကိုကြီးရာ.....ကြာနေပြီလေ...

ညီမလေး
အင်ဂျင်း

ညီမလေး said...

ဟုတ်တယ်ကိုလင်းညို...ကိုယ့်ကိုယ်ကိုတော့ ညာလို့မရဘူးလေ..ကိုယ်ဘာလုပ်မိသလဲဆိုတာ ကိုယ်သာအသိဆုံးပေါ့...ကိုယ်ညာမိရင်လဲ ခံရမှာက ကိုယ်အရင်ဆုံးပဲဖြစ်မှာပါ ..ဒါ လောကနိယာမတခုပဲလေ ..

ခြင် said...

သူငယ်ချင်း ဏီဏီရေ....
ကိုယ့်ကိုယ်ကို မညာဘဲရေးတတ်လို့ ဒီဘလောက အကြိုက်ဆုံးထဲ ထည့်ထားပါတယ်....

ကျန်းမာရေး ဂရုစိုက်ပါ သောင်ငယ်ဂျီးရေ....

အိမ့်ချမ်းမြေ့ said...
This comment has been removed by the author.
အိမ့်ချမ်းမြေ့ said...

မြသန်းတင့်၊ မိုးမိုး(အင်းလျား)၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ပခုက္ကူဦးအုံးဖေ၊ ကိုရီးယားစကားပြော၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မင်းလူ၊ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ တာရာမင်းဝေ၊ အိမ့်ချမ်းမြေ့......

ကျေးဇူးလည်းတင်.. ဂုဏ်လည်းယူ.. ကြောလဲချမ်း..
မယှဉ်ကောင်း မနှိုင်းကောင်း.. ဘာကိုလည်းတော့ မသိ လန့်မိတာတော့ အမှန်ပဲး)))


အဲဒီဟာသထဲက စာရေးဆရာဟာ.. သူ့သားတွေကို ဆုံးမလို့ မရလို့၊ သူ့သားတွေလို အခြားကလေးတွေ ထောင်ထဲမှာ လမ်းမဆုံးစေချင်လို့...
သူ့လို သားဆိုးမိဘတွေရဲ့ဘ၀မျိုး အခြားမိဘတွေ မခံစားစေချင်လို့..
ကောင်းမွန်သော ရည်ရွယ်ချက်နဲ့ ဒီလိုစာအုပ်မျိုးတွေကို နှလုံးသားနဲ့ ခံစားရေးထုတ်နေတာများလား.... လို့လည်း တွေးမိလိုက်ပါတယ်။။

p.s. ကိုဏီဆိုလိုချင်တာကို မလေး သိပါတယ်..
ဒါပေမယ့် prism ရဲ့ ဟိုတစ်ဘက်ခြမ်းကနေပြီး... မြင်ကြည့်သွားတာပါ။

(၂ခု ထပ်သွားလို့ ၁ခု ဖြုတ်လိုက်သည်)

simple views said...

အိမ်ချမ်းမြေ.၇ဲ့ အမြင်က သင့်တော် မှန်ကန်ပါတယ်... သူများသားသမီးတွေကို သူ.သားတွေလို မဖြစ်စေချင်လို.ဖြစ်နိုင်ပါတယ်...အသက်မွေး ဝမ်းကြောင်းအရ ရေးနေရသူတွေ လဲ ရှိမှာပါ......
မလွဲ မသွေ တွေ.နေရတာကတော့ မြန်မာအလင်း ကြေးမုံတွေ ထဲက ဆောင်းပါးတချို.လို မဟုတ်တရုတ်တွေ ပြောင်းပြန်တွေ လံကြုတ်တွေ ပါပဲ...
မတူညီသော အတွေး အမြင်နဲ. ခံစားတတ်ကြတဲ့အတွက် ကျမလဲ အမှတ်တမဲ့ ရောက်ရင်း မတူသော အမြင်နဲ. ခံစားသွားပါတယ်...

ကျေးဇူးတင်ပါသည်
simple views

orchidgirl222@gmail.com said...

ဆရာ..တစ်ကယ်ပဲ ကိုယ့်ကိုကိုယ်တော့ ညာလို့ မရဘူးနော်။