Tuesday, October 26, 2010

ခရေလို....




ရုတ်တရက်ဆိုလျှင် ဆိတ်ငြိမ်နေသည်ဟုထင်ရသော်လည်း သူ့ပတ်ဝန်းကျင်မှလေဟာနယ်တစ်ခု ထဲတွင် ခပ်ကြိတ်ကြိတ်စကားသံများက သိပ်သည်းစွာနေရာယူထားကြသည်။ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် သူမသိသောလူများ၊ တစ်ချက်တစ်ချက်တွင် ပေါ်ထွက်လာတတ်သော ကောင်တာဆီမှ လူခေါ်သံများ....၊ ရံဖန်ရံခါ ဖြတ်သန်း သွားကြသော သူများ.......စသည်တို့ကို ကြာတော့ သူညည်းငွေ့လာမိသလိုဖြစ်လာ သည်။

ဆေးရုံတွင် ခံစားနေရသောဝေဒနာကိုစစ်ဆေးရန် ကိုယ့်အလှည့်မရောက်သေးလို့သာ ဒီနေရာတွင် ထိုင်စောင့် နေခဲ့ရမိခြင်းသာဖြစ်ပေမယ့်....ဒီနေရာသည် သူလုံးဝမနှစ်သက်သည့်နေရာတစ်ခုဖြစ်၏။ သာမန် အချိန်ဆို သူ ယောင်လို့တောင်လှည့်ကြည့်ဖြစ်မှာ မဟုတ်ခဲ့..။ အခြားသူများလည်း သူ့လိုပဲနေမည် ဟု....ခပ်ဝါးဝါးတွေးမိပြန်သည်။ တော်သေးသည်ဟုဆိုရမည်...၊ သူ့ဝေဒနာက အခုသိပ်မပြင်းထန်လွန်း တော့။ လူကောင်းတစ်ယောက် နီးပါးဖြစ်နေခဲ့ရပြီ...။

သို့သော်လည်း ကြာလာတော့ ထိုနေရာကို သူညည်းငွေ့လာမိသည်။ ထို့ကြောင့် မခေါ်သော်လည်း ခွင့်ယူ ကာ လိုက်လာကြသော အိမ်မှသူငယ်ချင်းညီလေးနှစ်ယောက်ကို အထဲတွင်ထားခဲ့ကာ သူရောက်နေခဲ့သော ဆေးရုံမှအဆောင်အပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ သူငယ်ချင်းညီလေးနှစ်ယောက်ကို သူ့အလှည့် နံပါတ်ရောက် မရောက်စောင့်ဖို့ အထဲတွင်နေခဲ့ခိုင်းသော်လည်း သူတို့နှစ်ယောက်ကမဟုတ်....။ တစ် ယောက်က အထဲတွင် စောင့်ကြည့်နေမည်...။ တစ်ယောက်က အပြင်ထွက်မည်လုပ်သော သူ့နောက်သို့ လိုက်မည်ဟုဆိုကြ၏။ အမြဲလိုလို သူ့နောက်မှာ အရိပ်လိုဖြည့်ဆည်းပေးတတ်သော ထိုညီလေးများကြောင့် သူစိတ်ချမ်းသာရမိသည်။ ရံဖန်ရံခါအချိန်များတွင်မူ ငါဟာ အတော်ကံကောင်းပါလားဟုပင် ကိုယ့်ဟာကိုယ် အထင်တစ်ကြီးတွေးမိတတ် ပြန်သေး၏။

~~~~~@@@~~~~~

သူအပြင်ကိုရောက်ခဲ့တော့ လတ်ဆတ်သောလေထုကို ရှုရှိုက်မိရ၏။ စောစောက ညစ်နွမ်းသလိုရှိ နေ ခဲ့သော သူ့စိတ်သည်ကြည်လင်လာသလိုဖြစ်လာရသည်။ ဆေးရုံဝင်းထဲမှ မြက်ခင်းများပေါ်လှမ်းလျှောက် မိနေဆဲခဏတွင်....

“ဟာ.....အစ်ကိုကြီးရေ....ဒီမှာ ခရေပန်းတွေဗျ”......

သူနှင့်မလှမ်းမကမ်းရှိ မြက်ခင်းပေါ်တွင်ထိုင်နေသော သူငယ်ချင်းညီလေးထံမှ အထူးအဆန်းဖြစ်ကာ ခပ်တိုး တိုးလှမ်းအော်ပြောသံကို ကြားလိုက်ရတာမို့ ကိုယ်တိုင်လည်း လှမ်းနေဆဲခြေလှမ်းများအနား ငုံ့ကြည့်မိလိုက် သည်။

ဟုတ်သည်။ ခရေပန်းတွေ.....။ ကြွေလွင့်နေကြတာ ဟိုတစ်ပွင့်.....၊ ဒီတစ်ပွင့်နှင့်.....။

ရုတ်တရက် သူရူးသွပ်သွားမိသည်ထင်၏။ ဆေးရုံဝင်းထဲမှ ဖြတ်သွားဖြတ်လာလူများကိုပင်သတိမမူနိုင်တော့ ပဲ၊ လာရင်းကိစ္စကိုပင် သတိမရနိုင်တော့ပဲ ကြွေနေသော ခရေပန်းများကို လက်လှမ်းမှီသလောက် သူလိုက် ကောက်နေလိုက်မိတော့သည်။ ခရေပွင့်တွေ...။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ....။ အချို့က ကားပါ့ခ်ကင်နားမှာ...၊ အချို့က ရပ်ထားသော ကားဘီးများအောက်မှာ.....။ အချို့က ခရေပင်ရိပ်အပြင်ဘက်ရှိ ကတ္တရာလမ်းမပေါ်မှာ.....။

လေနှင်ရာနေရာဆီသို့ လွင့်ကြွေရသော ခရေပွင့်ကလေးများပေမယ့် ကုသိုလ်ကံခြင်းမတူညီကြပါလား...ဟု ခပ်ရူးရူးသူတွေးမိပြန်သည်။ ကြည့်လေ...။ မြက်ခင်းပေါ်ကြွေကျသော ခရေပွင့်လေးများက ခရေရိပ်၊ မြက်ခင်း ရဲ့အထွေးအပွေ့တို့ဖြင့် အေးမြငြိမ်းချမ်းနေရသလောက်၊ ကတ္တရာလမ်းမပေါ်မှ ခရေပွင့်ကလေးများကတော့ ဖြင့်ပူလောင်ညိုးရော်လွန်းလှစွာ.....။ ထို့ထက်ပိုဆိုးသည်က ကားဘီးအောက်မှ ခရေပွင့်ကလေးများပင်ဖြစ် လေတော့၏။ သူ့မြင်ကွင်းထဲတွင် မြင်ရတာ မသက်သာ...။ သွေးသံရဲရဲနိုင်လွန်းလှပါသည်။ စိတ်မကောင်း ဖြစ်မိရုံမှတပါး သူဘာမှမတတ်နိုင်ခဲ့ပါ....။

ခရေပင်တွေ....(အပင်အောက်က ကျွန်တော်နောက်အဖော်လိုက်လာပေးတဲ့ အိမ်ကညီလေးတစ်ယောက်ပါ။)


ကျွန်တော့်လက်ထဲက ခရေပွင့်လေးတွေ........


ကျွန်တော့် ဖုန်းထည့်တဲ့ အိတ်ကလေးပေါ်တင်ရိုက်ထားတဲ့ ခရေပွင့်လေးတွေ....။

ကောက်နိုင်သမျှသော ခရေပွင့်လေးများကို သူလိုက်ဆယ်ယူနေမိသည်။ သူနေခဲ့သော အမိမြေတွင် လူတိုင်း နီးပါး မြတ်နိုးလွန်းတတ်ကြသော ခရေပန်းလေးများသည် ယခုထက်ထိ သူရုန်းကန်ရှင်သန်နေရဆဲဖြစ်သော ဒီနိုင်ငံငယ်လေးတွင်မူ ဂရုစိုက်ခြင်းမခံရသော ဘ၀များနှင့်......။ တွေးရင်း သူသက်ပြင်းတစ်ချက် ခပ်တိုးတိုး ရှိုက်လိုက်မိ၏။ ထိုစဉ် တိုက်ခတ်လာသောလေပြေနှင့်အတူ သူ့အနံ့အာရုံထဲသို့ ခရေရနံ့လေးများတိုးဝှေ့ကာ ၀င်လာကြသည်။

~~~~~@@@~~~~~

“အဲ့ဒီကောင်မလေးနဲ့ အဲ့ဒီကောင်လေးက ကြိုက်နေကြတာ”......

“ဟာ....အစ်ကိုကြီးကလည်း....တော်တော် ဒိတ်အောက်တာပဲ....။ သူတို့တွေ အတူတူတောင် အိပ်ပြီးသွား ကြပြီဗျ”.....

“ဟင့်အင်း....ရိုးရိုးနေမကောင်းဖြစ်တာ မဟုတ်ဘူး.......၊ အဘော့ထ်ဖြစ်တာ”.......

“ဟာ....အဲ့ဒီကောင်မလေး ရောက်စကလိုမဟုတ်တော့ဘူး....၊ ခု လန်ထွက်နေတာပဲ”.......

“ပျက်ကျတာ မဟုတ်ဘူးနော်....၊ ဖျက်ချတာ.....ခံလိုက်ရတာမျော့နေတာပဲလေ”......

“အဲ့ဒီကောင်မလေးနဲ့ ကြိုက်နေတဲ့ လူက မြန်မာပြည်မှာ အိမ်ထောင်ရှိတယ်လေ”........

“ကေသီပန်တွေ သိပ်ရောင်းရတာပဲဗျ”.......

“သွားမလုပ်နဲ့နော်....၊ ဆရာကြီးဖြစ်နေပြီ”.......

“မင်းတို့က ဆေးပတ်လည်အောင် သောက်ခိုင်းလေ၊ တော်ကြာ ဂုံးထောက်လာဦးမယ်”.....

“သူတို့ ယူလိုက်ကြပြီလေ”.....

“ဒီလ အိမ်ကို ငွေမလွဲနိုင်ဘူး.....၊ ကျွန်တော့်ကောင်မလေး ပရက်ဂ်နန့်ဖြစ်တာ ရှင်းပစ်လိုက်ရလို့”....

“...............”..........

“............”.........

ခရေပွင့်များကို လိုက်ကောက်ရင်း သူ့အာရုံထဲတွင် ကြားခဲ့ဖူးသောထိုစကားများ၊ မြင်ခဲ့ဖူးသော မြင်ကွင်းများ စသည်တို့က ပဲ့တင်ထပ်လာနေခဲ့တော့သည်။

လူတစ်ယောက်ပျက်စီးရခြင်းမှာ ကာယကံရှင်ကအပြစ်ရှိမလား....၊ ဒါမှမဟုတ် ဖျက်ဆီးတဲ့သူရဲ့အပြစ်ပဲလား၊ နှစ်ဦးနှစ်ဖက်လုံးရဲ့အပြစ်ပဲလား.....။

ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကရော ရာခိုင်နှုန်းဘယ်လောက်ပါမလဲ.....၊ ဗီဇဆိုတဲ့အရာရောထည့်တွက်ရဦးမ လား....။

သိလို့မှားတာ....၊ မသိလို့မှားတာထက်...... မသိမသာမှားတာမျိုးက ပိုများဆိုးနေမလား......။

စသည်ဖြင့် ခရေပွင့်ကလေးများကိုလိုက်ကောက်ရင်း သူ့အတွေးများက ဝေေ၀၀ါးဝါး.....။ အမှတ်မထင် ဘေး ကိုငဲ့ကြည့်မိတော့ စောင့်စည်းမှု၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ထိန်းသိမ်းမှုဆိုတာတွေက သွေးသံရဲရဲဖြင့် မြေပြင် ပေါ်တွင် အတုန်းအရုန်း လဲပြိုနေခဲ့ရသလိုလို......။ မထင်ရှားနိုင်ကြတော့....။ သိမ်ငယ်နာကျင်စွာဖြင့် အမှန် တရားက ညည်းညူသံခပ်သဲ့သဲ့ပေးလျှက်....။

ခရေပွင့်တွေလို လေနှင်ရာလွင့်ကြွေကျရသော သူ့လိုဘ၀များ.....၊ အခြေအနေအရ ရေကြည်ရာ၊ မြက်နုရာ ရွေ့ပြောင်းနေထိုင်ခဲ့ရသော ခရေပွင့်နှင့်တူသည့် သူ့လိုဘ၀တူများ......။ အချို့က ကိုယ်ပိုင်ရနံ့ကို ထိန်းထိန်း သိမ်းသိမ်း၊ အချို့ကတော့ စွန့်လွှတ်ကြ....။ အချို့က ကြောင်သူတော်....။

နေရာကွဲပြားစွာ ကြွေကျ၊ မြေခကြရသော်လည်း ကိုယ်ပိုင်ရနံ့ကို မစွန့်လွှတ်တတ်သည့် သူ့လက်ဖ၀ါးထဲမှ ခရေပန်းလေးများကို အားကျစွာငေးကြည့်နေမိလိုက်သည်။

~~~~~@@@~~~~~

ထိုစဉ် သူ့လက်ကိုင်ဖုန်းလေးက အသံမြည်လာ၏။ အထဲတွင်စောင့်နေသော သူငယ်ချင်းညီလေးထံမှ လာဖို့ ခေါ်ခြင်းဖြစ်သာဖြစ်ပါသည်။ ကောက်ထားသော ခရေပန်းပွင့်လေးများကို သံယောဇဉ်မကုန်စွာဖြင့် သူ့အနွေး ထည်အင်္ကျီအိတ်ထဲ တစ်ယုတယ ထည့်မိလိုက်သည်။

ဆေးရုံထဲသို့ ပြန်မ၀င်ခင် ခရေပင်အုပ်ဆီ လည်ပြန်တစ်ချက်ငဲ့ကြည့်ရင်း သူ့ရင်တွင်းမှ ကဗျာတစ်ပုဒ် ခပ်တိုး တိုးစပ်ဆိုမိလိုက်၏။

~~~~~@@@~~~~~
ရေ.......
လေနှင်ရာကြွေ....
မြေပြင်မှာ ဝေ....
သို့တစေ...
သူ....ရနံ့မပြေ....။ ။

                                    ~~~~~@@@~~~~~@@@~~~~~@@@~~~~~

===================================================================
တကယ် မြင်တွေ့ကြားသိခဲ့ရသော အဖြစ်လေးများကို ရေးဖွဲ့ထားတာဖြစ်ပါတယ်ခင်ဗျာ...။ မည်သူ့ကိုမှ ရည် ရွယ်ခြင်းမရှိသလို နစ်နာစေလိုတဲ့စိတ်မရှိကြောင်းဝန်ခံအပ်ပါတယ်ခင်ဗျာ။ စာထဲမှာပါတဲ့ တချို့စကားလုံးတွေ အတွက် စာဖတ်သူ မောင်နှမတွေ၊ (အထူးသဖြင့် အစ်မတွေ၊ ညီမတွေနဲ့ ရွယ်တူသူငယ်ချင်းမိန်းကလေးတွေ) အားလုံးကို လေးစားစွာတောင်းပန်လိုက်ပါတယ်ခင်ဗျာ.......။
===================================================================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

34 comments:

sosegado said...

ခရေကို တန်ဘိုးထားခြင်းအပေါ်မူတည်ပါတယ်
မိမိကို မိမိ တန်ဘိုးထားခြင်းအပေါ်မူတည်ပါတယ်
ဘယ်သူကြောင့်ရယ်မှ မဟုတ်၊

မိုးယံ said...

ဟုတ်ပ အန်တီညိုရေ မြင်ရတွေ့ရ စိတ်ဆင်းရဲ့ရတယ်။
တစ်ချို့ဆို လူသတ်ဆေး(ကလေးဖျက်ချတဲ့ဆေး) ရှိလား လာမေးတယ်။
ဒေါသက ထောင်းခနဲ။ ဒါပေမယ့် သူက ၀ယ်သူ ကိုယ်ကရောင်းသူ တစ်ချို့အပိုင်းတွေ တော်တော်သည်းခံရတယ် (ယဉ်ယဉ်ကျေးကျေး မရောင်းပါဘူးခင်ဗျာလောက်ပဲ ပြန်ပြောလို့ရတယ်) ။ ဒီလောက်ခေတ်ကြီးထဲမှာ ကာကွယ် တားဆီးပုံနည်းလမ်းတွေ များစွာရှိပေမယ့် အသိဥာဏ်နည်းစွာ မိုက်မဲသူ လူငယ်များကို အံ့သြတယ်။ တစ်နေ့ တစ်နေ့ ဆိုင်သွားရင် ဆေးကောင်တာ မှာ အရောင်းရဆုံးဆေးက ပဋိသန္ဓေတားဆေးပဲ ။ စိတ်ပျက်တယ် နိုင်ငံခြား ထွက်လာတာ လိင်ဆက်ဆံဖို့ ရည်ရွယ်ချက်များလား၊ အမိမဲ့သား (မိဘအရိပ်အောက်မှ ထွက်ခွါလာသူ)တွေ နှမချင်းမစာနာတာကို ပညာမဲ့ ဥာဏ်မွဲ တဏှာ ကြီး တဲ့ မိန်းမတွေက မောင့်ကို သနားလို့ ချစ်လို့ နံမည်တပ်ပြီး အိနြေ္ဒ မဲ့လွန်းတယ်။ သူ့ဘာသာသူ သူ့ .... နဲ့ သူ ဘာဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်(ကလေး) လူ့ဘ၀ ရောက်လာတာကို သစ်ပစ်တာကိုတော့ လုံးဝကန့်ကွက်တယ်။

အိုး အများကြီးမှ အများကြီးပါ ဒါပေမယ့် ပြောရင်ဒေါသထွက်တယ် တော်ဘီ။

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း တူတူကျအိပ်တတ်ပြီး ကလေးမရအောင်ကျ မကာကွယ်တတ်တဲ့ အတွဲတွေကို မုန်းတယ်။ လူငယ်တွေဖြစ်ပြီး ဘာလို့ဒီလောက်အသိခေါင်းပါးရတာလဲမသိဘူး။ ကိုဏီလင်းညိုကတော့ ဆေးခန်းသွားတာတောင် တွေးစရာကို လှလှဖွဲ့လာတတ်တယ်။ တော်ပါ့။ :)

ကိုရီး{ကိုကြီး} said...

ကိုဏီ

ဒီပို့စ့်လေးကို နှစ်သက်တယ်.....
ဘယ်သူ မှားတယ် မှန်တယ်ပြောရင်လည်း ဂျာအေး သူ့အမေရိုက်နေဦးမယ်
တကယ်တော့ ဒါတွေတကယ် ဖြစ်နေပါသည်.... ဒီထက်ဆိုးရွားတာတွေလည်း တွေ့မြင် သိရှိ
ကြားသိနေရပါသည်။
သက်ပြင်း နာနာချရုံမှတစ်ပါး.........

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

အဖြူရောင်နတ်သမီး said...

အဲဒီလိုကိစ္စမျိုးတွေက ၂ဦးနှစ်ဖက် ပြောဖို့သိပ်ခက်တယ်..
အဓိက ကတော့ ချစ်လို့ ကျူးလွန်မိတယ်ဆိုရင်လည်း တာဝန်ယူဖို့ကောင်းတာပေါ့။ မယူနိုင်ရင်လည်း တဖက်သား အခက်ကြုံအောင်၊ အရှက်ရအောင်၊ နာမည်ပျက်အောင်တော့ မလုပ်သင့်ဘူးပေါ့..။
နေရာတကာမှာ ပညာပေးတွေ ပျံ့နှံ့နေတဲ့ခေတ်ကြီးမှာ ဒီလိုအဖြစ်အပျက်မျိုးတွေ မဖြစ်သင့်တော့ဘူးလို့ ထင်တာပါပဲ..။
ခက်တာက မြန်မာမိန်းခလေး အများစုဟာ ဒီလိုကိစ္စမျိုးတွေကို ဆေးပညာအရသော်လည်းကောင်း၊ ဗဟုသုတအနေဖြင့်သော်လည်းကောင်း အသိပညာချင်း ဖလှယ်၍သော်လည်းကောင်း ဆွေးနွေးဖို့ နှုတ်ပိတ်နေကြတာများပါတယ်..၊ အကြောင်းကတော့ အဲဒီလိုဆွေးနွေးလိုက်ရင် သူတို့ကို ယောက်ျားသားများက အထင်သေးမှာ စိုးလို့(ကျမတို့ ဘာမှမသိပါဘူး ၊ သိပ်ကိုရိုးသားပါတယ်..ဆိုတာကိုပြသတတ်တဲ့အချက်ဟာ မှားယွင်းတဲ့အချက်လို့ ကျမယူဆပါတယ်..။ မိန်းခလေးအားလုံးဟာ နောင်တချိန်မှာ မိခင်နေရာကို ရယူမည့်သူများဖြစ်တာကြောင့် ကိုယ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ယခုကဲ့သိုသော ကိစ္စမျိုးနဲ့ တချိန်မှာ သမီးမိန်းခလေးများရှိခဲ့သော် နာမည်ပျက်စေမည့် အမှားမျိုးကို မကြုံမိစေရန် မိခင်တယောက်အနေဖြင့် ကြိုတင်ကာကွယ်နိုင်ဖို့ဗဟုသုတများစွာ လိုအပ်ပါတယ်။
ထို့ကြောင့် မြန်မာမိန်းခလေးများ ယခုကဲ့သို့သော အဖြစ်အပျက်မျိုးမှ ကင်းဝေးကြပါစေကြောင်းဆုတောင်းရင်း စာအုပ်များထဲမှ ဗဟုသုတများ၊ မိမိပါတ်ဝန်းကျင်မှ ကြားသိခဲ့ရသော အတွေ့အကြုံများ၊ ပညာပေးများကို ရဲဝင့်စွာ မျှဝေသင့်ပါကြောင်းနှင့် တိုက်တွန်းအကြံပြုရင်း ပွင့်သောပန်းတိုင်းမွှေးပျံ့နိုင်ကြပါစေရှင်...။

မှတ်ချက်။ ။ မပြောပဲ မနေနိုင်လို့ကို ပြောခဲ့လိုက်တယ် ကိုဏီရေ..။

TYZ said...

မအဖြူရောင်နတ်သမီးပြောသလိုပဲ ပွင့်တဲ့ပန်းတိုင်း သူ့အဆင်းနဲ့သူ သူ့အချင်းနဲ့သူ တင့်တင့်တယ်တယ်နဲ့ မွှေးပျံ့နေစေချင်ပါတယ်။ ခရေက ကျွန်မအမြတ်နိုးဆုံးပန်းပဲလေ... အပွင့်လေးတွေမြင်ရင် မကောက်ရမနေနိုင်ဘူး သိလား။ အခုတောင် ပုံထဲက ပန်းလေးတွေကို လိုချင်လိုက်တာအရမ်းပဲ။ ကိုဏီရဲ့ အဖိုးတန်တဲ့ ပို့လေးကို ဗဟုသုတအဖြစ် မှတ်သားသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရေဥပမာလေးက ကောင်းလှတယ်
မလေးမှာ ခရေရှိတာ ဗဟုသုတတိုးရပြန်ပြီ။
ကြွေလဲမွှေး ဝေလဲမွှေးတဲ့ခရေလို ဘ၀မျိုးတော့ နှစ်သက်မိပါတယ်..
ပန်းကလေးတွေအားလုံးလဲ မွှေးပျံ့တဲ့ ရနံ့ကိုယ်စီကို ထိန်းသိမ်းနိုင်ကြပါစေလို့

ahphyulay said...

ခရေကိုဥပမာပေးထားတာကြိုက်ပါတယ်၊
ကြွေလွယ်တဲ့ ခရေကို ထိန်းဘို့ ကတော့ တယ်မလွယ်ပါဘူးနော်၊
နှစ်ဖက်လုံး အစွန်းတွေမနင်းမိပါမှ...။
အစွန်းတွေ လွတ်နေပါမှ...။

ညီမလေး said...

ခရေပန်းလေးတွေက အကြိုက်ဆုံးပန်းပေါ့။
သူ့ရနံ၊ သူ့အဆင်းက မာန်မာနကင်းတယ် ရိုးစင်းတယ် အေးချမ်းတယ် ...
ပန်းလေးတွေကိုတော့ ဘယ်ပန်းကလေးတွေမှ နစ်မွန်းစွာ မကြွေစေလိုချင်ဘူး ကိုလင်းညိုရယ် ...နှစ်ဦးနှစ်ဖက် တန်ဖိုးတူထားမှ အဲ့ပန်းလေးတွေ လှပနေမှာမို့ တန်ဖိုးထားနိုင်ကြပါစေ...

မြစ်ကျိုးအင်း said...

ဒီကိစ္စက ပြောရခက်ပါတယ်။ အင်း ကြာလေ ပြောရခက်လေပေါ့။

ကိုဇော် said...

မြင်ရတွေ့ရတာတွေ မကောင်းတာတော့ အမှန်ပဲကွ။
ဒါပေမဲ့ .... တစ်ခုတော့ ရှိတယ်။
လောကမှာ “ အားကိုး ” ဆိုတာ အရမ်း အရေးကြီးတယ်။
အထူးသဖြင့် မိန်းကလေးတွေပေါ့။
ဒါကြောင့် သူတို့ကိုလည်း အမှားလို့ မပြောချင်ဘူး။
ယောက်ျားသားတွေကလည်း ကိုယ့်အချင်းချင်း စာနာမှု ပေးသင့်တယ်။
ဒီလိုပဲ မြင်တယ်ကွာ။

အနမ်း said...

ခရေတောင်မှ ကြွေတာချင်းမတူလေတော့...
ဏီလင်းရေ ..ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်ပါစေနော် .

အင်ကြင်းသန့် said...

ဟင်းးးးးးးး....ကိုဏီးရေ....ဘာပြောရမှန်းတောင် မသိလောက်အောင်ပါပဲ...
ညီမလေးတို့လည်း ကြားနေရပါတယ် ဒီလိုဖြစ်ရပ်မျိုးတွေ....
ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှု၊ ဗီဇဆိုတဲ့အရာတွေအပြင် တန်ဖိုးထားမှုနဲ့လည်း သက်ဆိုင်နေလိမ့်မယ်လို့ ညီမလေးတော့ ထင်မိတယ်။

သော်ဇင်စိုး said...

အားလုံးတော့မဟုတ်ဘူးပေါ့၊ တစ်ချို့ကတော့ အပေးအယူတွေနဲ့ အဆင်ပြေသွားကြလေရဲ့။ ဒီလိုကိစ္စတွေက နေ့တိုင်းမျက်လုံးရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းတွေမို့ ဘာတွေကမှားပြီး ဘာတွေက မှန်နေလဲဆိုတာ ပြောလို့ကို မတတ်တော့ဘူး။ တစ်ခုခု လွဲနေတာတော့ သေချာသလောက်ပဲ။ တစ်ချို့ ယောင်္ကျားလေးတွေကလည်း ကြောင်သူတော်တွေ၊ တစ်ချို့ ကောင်မလေးတွေကလည်း ကြောင်သူတော်မတွေ၊ လောကကြီးက ခက်တော့ခက်သား၊ မြူဆွယ်ပြီး အကူညီပေးနေတဲ့သူရှိသလို၊ မြူဆွယ်ပီး အကူညီတောင်းနေတဲ့ သူတွေလည်းရှိတယ်။ သေချာတဲ့ အဖြေလေးလို ဖြစ်နေတဲ့ ကျွန်တော်စဉ်းစားမိတာလေး တစ်ခုက မုန်တိုင်းကြောင့် လွင့်စင်ခဲ့ရတဲ့ နောက်ပိုင်း မလွဲသာပဲရင်ဆိုင်နေရတဲ့ ကပ် တွေပါပဲ။

လင်းမြကြည်ဖြူ said...

မိန်းမသားတွေရဲ့ ဘ၀ကိုက ပန်းနဲ့ တူပါတယ်..
ပွင့်လန်းနေတဲ့ချိန်မှ တန်ဖိုးရှိပြီး နွမ်းကြေသွားရင် တန်ဖိုးထားချင်သူက မရှိသလောက် ဖြစ်သွားပါပြီ။ ဒီတော့ ကိုယ့်ဘ၀ကိုယ် အမြဲတမ်း လန်းဆန်းနေဖို့ဆိုတာ ကိုယ်တိုင်က ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်... ကိုယ့်တန်ဖိုး ကိုယ်ချတတ်တဲ့ ပန်းပွင့်တစ်ချို့ကြောင့် အကြွေစောပြီး ပတ်ဝန်းကျင်မှာ မတင့်မတယ် ဖြစ်ကြရတာပါ။ ပန်းပွင့်တိုင်းဟာ စောင့်ထိန်းရမယ်ဆိုတဲ့ အသိတရားတွေနဲ့ ရှင်သန်ကြမယ်ဆိုရင် ပန်းတို့ရဲ့ ကမ္ဘာကြီးဟာ မွှေးရနံ့တွေနဲ့ သင်းပျံ့လှပေနေမယ်လို့ ယုံကြည်ပါတယ်..
( အလည်လာသွားတဲ့အတွက် ကျေးဇူးအထူးပါ၊ အမြဲစာလာဖတ်ဖြစ်ပေမဲ့ စာရေးနည်းသူမို့ ကော်မန့် မချန်ထားဖြစ်ခဲ့တာပါ)

သိင်္ဂါကျော် said...

ဘယ်နိုင်ငံ ရောက်နေနေ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကိုယ့်ဂုဏ်သိက္ခာ ကိုယ် ထိန်းသိမ်းကြရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ.. တာဝန်ရှိတာကတော့ နှစ်ဦးနှစ်ဖက်မှာ တာဝန်ရှိတာပေါ့..
အမျိုးသားတွေက ဆွဲဆောင်တယ်.. အမျိုးသမီးတွေက မလွန်ဆန်နိုင်ကြဘူး..။ ဒီခေတ်ကြီးမှာ ဒါမျိုးတွေ မဆန်းဘူး ဆိုပေမယ့် မြန်မာတစ်ယောက်အနေနဲ့တော့ မဖြစ်သင့်တာတွေလို့ မြင်နေဆဲပါပဲ..။

ညီငယ် said...

ခရေ ချင်းတူပေမယ့်
ခံယူချက်ခြင်းမတူဘူးဗျ

busymozzee said...

ဆုပ်ကပ် ဏီရေ... ဆုပ်ကပ်.....
ပြောသူတွေက ပြောလဲ ဂရုမစိုက်တဲ့လူတွေကလဲ ဒုနဲ့ဒေးပဲ...

အတွေးတွေ လွဲနေကြတာလေ...

ဘိုင်ဒယ်ဝေး... ဏီဏီလက်က သထိန်းလက်ဟေ့... :P

အင်္ဂါဟူး said...

ခရေ ဆို ပင်မြင့်မှာ နေနေ မြေပြင်မှာ ကြွေကြွေ
နွမ်းကြေ ရင်တောင် ရနံ့ မပျယ် တင့်တယ်ဆဲ မို့။

ခရေ ရဲ့ တန်ဖိုးကို လေးစားပါတယ်။

ဒါပေမယ့် ပင်မြင့်ပေါ်ကို တက်ချွေ လက်ထဲမှာမွှေ ရနံ့ မပြေခင် အာသာပြေ နမ်းရှိုက်ပြီးမှ ခြေမွ ပစ်ရက်သူတွေကိုတော့ ......


ဒါလဲ မိုးပျံ ပဲ အန်တီညိုရေ

မေဓာဝီ said...

ဏီလင်းရေ ...
အမလဲ ခရေပန်းလေးတွေကို သိပ်ကြိုက်တယ်။
ပန်းဆိုတာလဲ ဒေသအလိုက် ... လူပုဂ္ဂိုလ်အလိုက် ... တန်ဖိုးထားမှုချင်း မတူကြဘူးနော်။

တချို့က ဘာရယ်မဟုတ်ဘူး ခူးချင် ခြွေချင်ကြတယ်။
တချို့ကတော့ ဘုရားလှူဖို့ အမြတ်တနိုး ခူးကြ ကောက်ကြတယ်။
တချို့ကတော့ ကိုယ်တိုင်ပန်ဖို့
တချို့ကတော့ ဈေးမှာရောင်းဖို့
တချို့ကတော့ လက်ဆောင်ပေးဖို့
တချို့ကတော့ ဧည့်ခန်းထဲမှာ အလှကြည့်ဖို့ စသဖြင့်ပေါ့ ...
ရည်ရွယ်ချက်ချင်းကွာသလို တန်ဖိုးထားမှုချင်း နေရာပေးခံရတာချင်း ကွာတယ်နော် ... ။
အမကတော့ ပန်းဆိုရင် သဘာဝ ပွင့်နေတဲ့ အရိုင်းပန်းလေးကအစ ချစ်တယ်။
ပန်းဆိုတာ အချိန်တန်တော့လဲ ညှိုးနွမ်း ခြောက်သွေ့သွားမှာ ဆိုပေမဲ့ မနွမ်းခြောက်ခင် တန်ဖိုးရှိရှိ ကျက်သရေရှိရှိ လန်းဆန်းစေချင်ပါတယ်။ အချိန်မတန်ခင် ခူးခြွေ ဖျက်ဆီးသူတွေနဲ့ မတွေ့စေချင်ပါဘူး ဏီလင်းရယ် ... ။

မြတ်မွန် said...

ဟုတ်...ကိုဏီး မှတ်သားသွားပါတယ်..။
သိပ်ကောင်းတဲ့ ပိုစ့်လေးပါပဲ..။

ရွှေရတုမှတ်တမ်း said...

ဏီးဏီးရေ...မအားလို့ခုမှရောက်ရတယ်..နတ်သမီးပြောသလိုပါပဲ..
ဒို့ကတော့ ..ခရေပင်အောက်က ပိတောက်ချစ်သူ...

SHWE ZIN U said...

ကိုဏီး ရေ

နေကောင်းရဲ့လား လိုင်းမကောင်း တာနဲ့ အခုမှ လျှောက်လည် နေရတယ် ဒါနဲ့ လက်ထဲက ခရေလေး က လှလိုက်တာ ကြည့်ရင်နဲ့ မွှေးလာတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

zue said...

ပို့စ်ကောင်းလေးကို ဖတ်သွားပါတယ် .. ကိုဏီရေ...
တန်ဖိုးထားမှု့ဆိုတာ ခံယူချက်ပေါ်မှာ မူတည်နေတယ် ထင်တယ်...
ခေတ်ကပဲ ပြောင်းနေတာလား.. လူတွေကပဲ ပြောင်းချင်နေတာလားတော့ မသိဘူး... ခက်နေတော့တာပဲ...

Anonymous said...

အရမ်းကောင်းတဲ့ ပိုစ့်လေးပါ အစ်ကို စာသားလေးလည်း အရမ်းမိုက် သို့သော်ဖြစ်ရပ်မှန်လေးက ရင်နှင့်မဆန့်အောင် ၀မ်းနည်းရပါတယ်

ဝက်ဝံလေး said...

အာဇာနည်က ပြောတယ် အဲဒီသီချင်းသိလား ဗျ ဘာတဲ့
“ ပြန်ဆုံချိန်ကျ မြေမှာကြွေလဲ ကောက်ယူမယ် ” တဲ့
ခစ်ခစ် ဆိုင်မလား မသိဘူး မန့်သွားတယ် ဗျ

ဒီကိစ တွေဆိုတာက မိန်းကလေးတွေပေါ်မှာ ၈၅ ရာခိုင်နှုန်းမူတည်တယ် မိန်းကလေးဘက်က လိမ်မာရင် လိမ်မာသလို ပါးနပ်ရင် ပါးနပ်သလို ကိုင်တွယ်လို့ရတယ် (အယ် အဲ့လိုပြောလို့ များ ကို ဆရာကြီးမမှတ်နော် များက ခုမှ ကလေးပဲရှိသေးတာ)
ယောက်ျားတွေကတော့ ဘယ်ယောက်ျားက ဥပုသ်စောင့် မလဲနော် (ယောက်ျားတိုင်းကို ဝါးလုံးရှည်နဲ့မရမ်းပါ တော်နေ ဝက် ကို လာဆဲနေမှာစိုးလို့) ဟိ

မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားနိုင်ကြပါစေ

စာရှည်သွားဘီ မမ ရေ အဲလေ ယောင်လို့ ကိုဏီရေ တာ့တာ ခစ်ခစ်
ဒါနဲ့စကားမစပ် ကိုဇော် ပြောလို့ “ကိုယ့်အကြိုက်(၁)” ဖတ်ဖူးတယ်သိလား အရမ်းရယ်ရတာပဲ ခွီးးးးးခွီးးးး အဲဒါမျိုးလေးတွေ ရေးဦးနော်
တာ့တာ

မိုးငွေ့...... said...

ဘာမှမပြောတော့ပါဘူး အားလုံးပြောသွားကြတာ စုံနေပြီ...
ခရေပန်းလေးလှတယ်....အနံ့ကလေးပါရလိုက်တယ်...း)
ခုမှလိုင်းကောင်းတုန်းရောက်လာတာ....

ခင်တဲ့
မိုးငွေ့

ဝေလင်း said...

အကြောင်းအရာလေးကို ကူးပြောင်းဆက်စပ်ပြသွားတာသဘောကျတယ်အစ်ကို။ တစ်ခုလေးပဲ ခရေအကြောင်းကနေ နောက်အကြောင်းအရာတစ်ခုကို ရုတ်တရက်ကြီးမကူးပဲ စာဖတ်တဲ့လူကို ကူးလို့ကူးသွားမှန်းမသိသာအောင်ခေါ်သွားရင် ပိုကောင်းမလားလို့..။
မြသန်းတင့်ရဲ့ တံခါးအိုတစ်ချပ်၏ခန္ဓာဗေဒကို ခွဲစိတ်ကြည့်ချင်းဆိုတဲ့ အက်ဆေးလေးဖတ်ပြီး ပြောကြည့်တာ။ ဆရာလုပ်တာဟုတ်ဘူးနော်အစ်ကို။ စိတ်မဆိုးကြေး..

~ဏီလင်းညို~ said...

ညီလေးဝေလင်းရေ့......
ကိုဏီရေးထားတာ ခံစားမှုစာစုပါဗျာ....။
အက်ဆေးမဟုတ်ပါဘူး....။

ဆရာကြီးမြသန်းတင့်နဲ့တော့ compare မလုပ်ပါနဲ့ဗျာ.......။
ကိုဏီက ၀ါသနာပါလို့ရေးနေတဲ့ ၀ါသနာရှင်သက်သက်အဖြစ်ပဲ ကိုယ်တိုင်ခံယူထားမိဆဲမို့ပါ.....း)))
စိတ်လည်း.....မဆိုးပါဗျား........။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Khinmarlaraung said...

ရောက်ခဲ့ပါတယ် အစ်ကို ဏီလင်းညို...
အရမ်းကို တန်ဖိုးရှိတဲ့ Post ကောင်းလေးပါ။
မိန်းကလေးတွေ ဖတ်ပြီးတွေး မှတ်ယူသင့်တဲ့ အရာတွေပါ။
ညီမ ရဲ့ခံယူချက်မှာတော့ မိန်းကလေးက အဓိကပဲလို့ ထင်ပါတယ်။
၂ ဦးလုံးက စောင့်ထိန်းကြရင်တော့ အကောင်းဆုံးပေါ့။
အင်းးးအထက်ကတချို့  အစ်ကိုတွေ အမတွေ မန့် ထားတဲ့ထဲမှာလည်း
အရမ်းကို တန်ဖိုးရှိတဲ့ အတွေးလေးတွေ ပါနေတာမို့ စာဖတ်သူအတွက်တော့ ဗဟုသုတ နဲ့ အတူ လိုက်နာကျင့်သုံးစရာ
တွေပွေ့ ပိုက်ပြီး...:)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

မောင်ဘကြိုင် said...

ကျွန်တော်သက်ပျင်းချနေရတဲ့
မတက်နိုင်သောအကြောင်းအရာတွေပေါ့ကိုဏီ
အဲဒါတွေကို ကိုယ်တိုင် မိမိကိုယ်တိုင် ဆင်ခြင်မှ အဲလိုပဲ ကိုယ်လို့ တခြားသူလည်း သတိထားမှ ကိုယ်ချင်းစာတရားထားကာမှ ဒီအကြောင်းအရာတွေ အဆိုးကနေ အကောင်းဖြစ်လာမှာာာမို့
လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်ဗျာ

ခက်တာက အခုခေတ်ကိုက အဲလို အဲလိုတွေအများကြီးးးး.. ဟူးးး ဘာဆက်ပြောရမှန်းမသိတော့ဖူး

blackroze said...

ကိုဏီ...
ပြောရမယ်ဆိုရင်တော့..
ဒီကိစ္စကအင်မတန်ကိုနားလည်ရခက်တယ်အကိုရ...
ပေးသူနဲ့ယူသူ..ကြည်ဖြူနေကြတော့လဲ..
သက်ပြင်းချယုံမှတပါး...ပေါ့အကိုရာ...
ညီမလည်းမအားတာနဲ့..မလာဖြစ်ဘူးအကိုရ..
ခုမှဘဲစာလာဖတ်ဖြစ်တော့တယ်..

ွှThwin said...

ဆရာ...
အဝေးတစ်မြေမှာ အကြောင်း အမျိုးမျိုးကြောင့် ကြွေခဲ့တဲ့ ခရေလေးတွေ အများကြီးပဲလား နော်။ ခရေလို မိန်းခလေးတွေကို သနားမိတယ်။ ခရေလို မိန်းခလေးတွေ မရှိစေဖို့ ဆုတောင်းနေမိတယ်။

Anonymous said...

ခရေပွင့်ပုံလေးယူသွားချင်တယ်
ယူမယ်နော်