Monday, November 8, 2010

အလင်းဖျော့ ဒိုင်ယာရီ




ကောင်မလေးရေ.....
မင်းမရှိတဲ့ ရာသီမှာ....
ကြယ်တွေလတွေတောင် အတုံးအရုံးမှောင်လို့.....။
အလွမ်းပျိုးပင်အတွက်တော့....
မိုးရာသီဟာ စောလွန်းခဲ့တယ် .....။ ။
                                                လင်းခေတ်ဒီနို

~~~~~@@@~~~~~

မာကျူရီမီးရောင်ခပ်ဖျဖျက သူရပ်နေသောပလက်ဖောင်းအစွန်းမှနေရာဆီသို့ တစ်စွန်းတစ်စရောက် ရှိနေခဲ့သည်။ အာရုံဦးတွင် တိုက်ခတ်လာသော လေပြေက ခပ်တိုးတိုးဖြင့်...သူ့ကိုတိုးဝှေ့နေခဲ့ကြ၏။ လေထု ထဲတွင် လတ်ဆတ်သောနှင်းမှုန်စများက သိပ်သိပ်သည်းသည်းဖြင့်....။ ချမ်းမြမြဖြစ်စေသောလေပြေ ကြောင့် ကိုယ်ပေါ်တွင်ဝတ်ထားသော ထရက်ဆုအဟောင်းလေးကို ရင်ဘတ်ဆွဲစေ့လိုက်မိရင်း ပခုံးနှစ်ဖက် ကို အသာကြုံ့ထားလိုက်မိသည်။

လက်မှလေးထောင့်ပုံသဏ္ဍာန်ရှိသော ဓာတ်ခဲနာရီအမည်းရောင်အဟောင်းလေးကို တစ်ချက်ငုံ့ကြည့်လိုက် မိ၏။ နာရီဒိုင်ခွက်ထဲမှဒစ်ဂျစ်တယ်လ်ဂဏန်းများက နံနက်ငါးနာရီဟု.... မှုန်ဝါးစွာဖြင့်သူ့ကို ညွှန်ပြနေခဲ့ကြ သည်။ နံနက်ငါးနာရီပတ်ဝန်းကျင်လောက်ပဲရှိသေးပေမယ့်....... ဆောင်းဥတုအလယ်ပိုင်းမို့ အာရုံဦးကမည်း မှောင်စွာ နက်ရှိုင်းနေခဲ့ဆဲပင်...။

ရပ်နေသောနေရာလေးမှနေပြီး အနီးတွင်ရှိသောကုက္ကိုလ်ပင်ကြီးအောက်သို့ သူတိုးကပ်သွားလိုက်မိသည်။ နောက်....ပင်စည်ကိုအသာမှီရပ်ရင်း စောစောကတည်းက သူငေးနေမိသောနေရာလေးဆီသို့ မျှော်လင့် ချက်ခပ်ရေးရေးဖြင့် ငေးကြည့်နေခဲ့မိပြန်၏။ ငေးနေမိသောသူ့မြင်ကွင်းထဲတွင်တော့ ခြံထဲမှမီးရောင်ခပ်လွန့် လွန့်ဖြင့်သာလင်းလက်နေခဲ့သော သူမတို့ရဲ့ အိမ်ကလေးက ဆောင်းအာရုံမနက်ခင်းတစ်ခုတွင် နွေးထွေး စွာအိပ်မောကျနေဆဲလိုလို.....။ အိမ်ကလေးက သူနှင့်အတော် ခပ်လှမ်းလှမ်းနေရာတွင်ရှိနေခဲ့၏။ သူရပ်နေ ခဲ့သော ကုက္ကိုလ်ပင်အောက်တွင်တော့ အလင်းရောင်မရှိသလောက် ရှားပါးလွန်းနေခဲ့လေသည်။

သူဘာရယ်မဟုတ်ပဲ သက်ပြင်း တစ်ချက်ချလိုက်မိသည်။ ရာသီဥတုရဲ့ဖျားယောင်းမှုတစ်ခုအောက်တွင် မှား ယွင်းစွာအေးစက်နေခဲ့ရသော လက်ဝါးနှစ်ဖက်ကို အချင်းချင်း ပြန်လည်ဆုပ်ညှစ်ကာ နွေးထွေးမှုပေးရင်း သူ့ မျက်ဝန်းများကတော့ စောစောကတည်းက ငေးနေမိခဲ့သောနေရာလေးဆီမှ မရွေ့လျားမိခဲ့သေး.....။ သူ့နှ လုံးသားတစ်စုံကတော့ဖြင့် ခပ်ဝါးဝါးနိုင်လှသောမျှော်လင့်ချက်တစ်ခုဖြင့် နွေးထွေးစွာ၊ နူးညံ့ညင်သာစွာ ခုန် နေခဲ့ရ၏။ သူမျှော်လင့်နေမိတာက အခြားတော့မဟုတ်ပါ....။ ထိုအိမ်ကလေးထဲကနေပြီး မနက်စောစောအ ပြေးလေ့ကျင့်ဖို့ထွက်လာမည့် သူမရဲ့အရိပ်လေးကိုမြင်ခွင့်ရဖို့ တစ်ခုတည်းသာဖြစ်ခဲ့ပါသည်။

ချမ်းမြလွန်းသော အအေးဒဏ်ကြောင့် လက်ဖ၀ါးနှစ်ဖက်ကိုအချင်းချင်းဆုပ်ထားရင်း မေးစေ့နားဆီသို့ တိုး ကပ်ထားလိုက်မိခဲ့ပြန်သည်။ ထိုအခါ သူ့ထွက်သက်လေခပ်နွေးနွေးက လက်များပေါ်သို့ ခပ်သဲ့သဲ့မြည်သံ ပေးကာဖြတ်သန်းစီးဆင်းသွားကြ၏။ ၀င်သက်များရှိုက်လိုက်တိုင်းတွင်မူ သူ့ရင်ဘတ်အနီးမှ နှစ်သက်ဖွယ်ရ နံ့တစ်ခုကိုခပ်ဖျဖျရမိသည်။ အပေါ်တွင်ထပ်ပြီး ၀တ်ထားသော ထရက်ဆုအနွေးထည် အဟောင်းလေး အောက်မှ သူ့ရှပ်အင်္ကျီအိပ်ကပ်ထဲတွင် ခပ်ဖွဖွလေးထည့်ထားမိခဲ့သော ခရေပန်းကလေး များဆီမှရနံ့သာ ဖြစ်၏။

“ကျွန်မက ခရေပန်းတွေကိုသိပ်ကြိုက်တာ”......

အမှတ်မထင်ပြောခဲ့ဖူးသော သူမရဲ့စကားသံလေးက သူ့ရင်ထဲတွင် ခုထိပျောက်ပျက်မသွားနိုင်ခဲ့သေး....။ ထိုစကားလေး ကြောင့်ပင် ဒီလိုချမ်းချမ်းစီးစီးအာရုံဦးနံနက်ခင်းတွင် သူဒီနေရာလေးကိုရောက်နေခဲ့ရခြင်း ဖြစ်၏။ ဒီနေရာလေးကိုမရောက်ခင်ကတော့များသောအားဖြင့် သူတစ်ယောက်တည်းသွားထိုင်ကာ သူမကို တိတ်တဆိတ်တမ်းတတတ်သော ခရေပင်များထံသွားပြီး ယူလာသော လက်နှိပ်ဓာတ်မီးသေးသေးလေးဖြင့် ခရေပွင့်များကို သွားကောက်ဖြစ်ခဲ့သေးသည်။ ပြီးတော့ ထိုခရေပွင့်လေးများကို အသင့်ယူလာသော အပ် ချည်၊ အပ်တို့ဖြင့်ထိုနေရာလေးတွင်ပဲ သူမအတွက်သီကုံးခဲ့မိ၏။ သို့သော် .....သူမကို သူရင်ဆိုင်နိုင် စွမ်းမရှိ ပါ။

သူမအား ချစ်နေမိကြောင်းကို အားနည်းချက်များ....၊ စိုးရွံ့ခြင်းများစွာဖြင့် သူဖွင့်ပြောမိခဲ့စဉ်က.....

“စာကြိုးစားစေချင်တယ်”...... ဆိုသည့် သူမရဲ့စကားလေးကြောင့် သူ့ခံစားချက်များကိုမြိုသိပ်ကာ အဝေး မှာသူ နေခဲ့ရ၏။ ပြီးတော့ သူနှင့်သူမတို့နှစ်ယောက်ကြားတွင်ရှိသော ဂုဏ်နှင့်ငွေကြေးဆိုသည့် တံတိုင်းများ ၏ကာရံထားမှုများက သူ့ခြေ လှမ်းတွေကို သူမဆီမရောက်ဖြစ်စေနိုင်ခဲ့တော့.....။ သို့သော်လည်း သူချစ်နေ မိဆဲဖြစ်သော သူမအားတိတ်တဆိတ်ငေးမောနေမိခွင့်ကို ဘာသာပြန်ပေးထားရင်း အဝေးမှပင် သူမအတွက် သူ့ချစ်ခြင်းများက တိတ်တဆိတ်ရှင်သန်ဖွံ့ဖြိုးနေခဲ့ရမိဆဲ....။

ထိုခဏတွင်ပဲ သူ့မြင်ကွင်းထဲသို့ သူမတို့အိမ်ကလေးရှေ့မှအရိပ်ကလေးနှစ်ရိပ်က တိုးဝင်လာခဲ့သည်။ သေ ချာပြတ်သား စွာမမြင်ရနိုင်သော်လည်း သူမရဲ့အရိပ်ကလေးကို နှစ်ခုထဲမှ သူရွေးချယ်နိုင်ပါသည်။ ကိုယ်ချစ် နေတဲ့သူရဲ့ ပုံရိပ်ကလေးမို့ သူ့အမြင်အာရုံထဲတွင် ကောင်းစွာခွဲခြားနိုင်ပါသည်။ သူ့ရဲ့ ခပ်ဝါးဝါးမြင်ကွင်း လေးထဲမှ သူမရဲ့ပုံရိပ်လေးက နွဲ့နွဲ့နှောင်းလွန်းလှစွာဖြင့်.....။ ခန္ဓာကိုယ်သွယ်လျလျ၊ ကျောလယ်လောက်ရှိ သည့် မတိုမရှည်ဆံပင်စင်းစင်းလေးများနှင့် သူမရဲ့အရိပ်ကလေးက သူ့အတွက်တော့ ခဏတာပေါင်းများစွာ မြတ်မြတ်နိုးနိုးမက်ခဲ့တတ်သည့် အိပ်မက်ထဲမှ အိပ်မက်ငယ်လေးတစ်ခုပင်ဖြစ်ခဲ့ရ၏။

ကုက္ကိုလ်ပင်ကြီး၏ပင်စည်နောက်တွင် ခန္ဓာကိုယ်ကိုကွယ်ကာ သူဝင်ရပ်လိုက်မိ၏။ သို့သော် မှောင်ရိပ်ထဲမှ သူ့ကို အလင်းအောက်မှသူမ လုံးဝမမြင်နိုင်ပါ.....။ ထိုစဉ် အာရုံဦးလေပြေက ဝေ့ခနဲတစ်ချက် တိုက်ခတ် လာခဲ့ပြန်လေသည်။ လေအဝှေ့တွင် သူကိုယ်တိုင်စိမ့်ခနဲဖြစ်သွားရသလို သူမ၏သဏ္ဍာန်လေးဆီမှ ဆံပင် လေးတွေကလည်း လေထဲတွင်လွင့်မျောသွားခဲ့တာကိုတွေ့လိုက်ရ၏။ ထိုပုံရိပ်ကလေးကို ပင်စည်နောက် ကွယ်အမှောင်ထဲမှ ကွယ်ဝှက်စွာငေးနေမိခဲ့ရင်း သူ့ရင်တွေနူးညံ့ ညင်သာစွာ၊ နောက်တော့ ပြင်းရှစွာခုန် လာမိသည်။ ထို့အတူ သူ့ရဲ့မျက်ဝန်းများကလည်း လျှံတက်လာသောခံစားမှုတစ်ခုကြောင့် ရီဝေစွာဖြင့် စို စွတ်လာသည်ထင်ရ၏။ တကယ်ဆို.....သူမကို သူသိပ်ချစ်ခဲ့မိသည်လေ...။ ထို့ထက်ပိုစွာ သူမကို သူသိပ် မြတ်နိုးတတ်ခဲ့မိတာ သူတစ်ယောက်မှလွဲပြီး ဘယ်သူမှသိနိုင်လိမ့်မည်မထင်တော့......။

ပြင်းရှလွန်းသော အအေးဒဏ်ကြောင့်ထင်ပါသည်။ သူ့မြင်ကွင်းထဲတွင် သူမ၏ပုံရိပ်ကလေးက ပခုံးကြုံ့ကာ ကိုယ့်ကိုယ် ကို လက်နှစ်ဖက်ဖြင့်ပြန်သိုင်းဖက်ထားခဲ့တာကိုတွေ့နေရ၏။ ထိုပုံစံလေးက နူးညံ့ညင်သာစွာဖြင့် ကြင်နာမြတ်နိုးဖွယ်ရာ ဖြစ်နေခဲ့ရလေသည်။ ခဏအတွင်းမှာပင် အရိပ်ကလေးနှစ်ခုက မြင်ကွင်းထဲမှနေပြီး သူနှင့်ဆန့်ကျင်ရာဘက်ဆီသို့ ခပ်ဖွဖွပြေးထွက်သွားခဲ့ကြ၏။ သူမရဲ့ပုံရိပ်လေးကတော့ ဆံပင်လေးတွေ အနောက်ဖက်သို့ လွင့်မျောစွာဖြင့်.....။

တစ်ဖြည်းဖြည်းဝေးသွားသော သူမရဲ့သဏ္ဍာန်လေးကိုတမ်းမောစွာငေးမျှော်ကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်မိလိုက်၏။

“အဲ့ဒါမင်းကို အနုနည်းနဲ့ ငြင်းဆန်လိုက်တာပဲကွ”......

“အေးလေ....သူတို့က ပိုက်ဆံရှိတာကိုး...။ သူဋ္ဌေးသမီးနဲ့ ဆင်းရဲသားတွေရဲ့ ချစ်၊ ကြိုက်၊ ညားဇာတ်လမ်း ဆိုတာ ဖတ်လို့ ကောင်းအောင်ရေးထားတဲ့ဝတ္တုတွေထဲမှာ....၊ ကြည့်ကောင်းအောင်ရိုက်ထားတဲ့ ရုပ်ရှင်တွေ ထဲမှာပဲရှိမှာပါ...၊ အပြင်လောကမှာတော့ ရှားပါတယ်သူငယ်ချင်းရာ”.......

“သူ့အစ်ကိုရဲ့ သူငယ်ချင်းဆိုတဲ့တစ်ယောက်ကလည်း သူ့ကိုလိုက်နေတယ်လို့ ငါတို့ကြားတယ်.....၊ အဲ့ဒီ တော့ ရွေးမယ့် ရွေး အဲ့ဒီလူကိုပဲ သူရွေးမယ်နဲ့တူပါတယ်ကွာ....။ မင်းကိုတော့ အချိုသတ်ပြီးငြင်းလိုက်တာ လို့ ငါတို့ထင်တယ်လေ။ စိတ်လျှော့လိုက်ပါတော့ကွာ....။ မင်းအဖြစ်ကို ငါတို့မကြည့်ရက်လို့ပါ”......

“မင်း.....သူ့ကို ချစ်တယ်လို့ပြောခဲ့တာ.....အခုဆို သူတောင်မေ့နေလောက်ပါပြီကွာ”.....

သူနှင့် သူမတို့၏ တစ်စုံတရာမမြည်သော ဆက်သွယ်မှုသံစဉ်ခပ်ပါးပါးလေးကို လျှို့ဝှက်စွာအသိပေးထား မိသော အရင်းနှီး ဆုံးသူငယ်ချင်းအချို့ရဲ့စကားသံများကို ပြန်လည်ကြားယောင်မိတော့ သူ့ရင်ထဲတွင် မှုန်ဖျ စွာဖြင့်ကွဲကြေရပြန်လေသည်။ သူငယ်ချင်းများ၏ သတိပေးစကား၊ အားပေးနှစ်သိမ့်မှုစကားတွေကို သူ လက်ခံမိ၏။ သူကိုယ်တိုင်လည်း သူမရဲ့အနားတွင် အစဉ်အမြဲလိုလိုတွေ့နေရတတ်သော သူစိမ်းတစ် ယောက်ကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်စွာခံစားမိရတာအခါခါ....။ ထို့ကြောင့် သူမ၏မြင်ကွင်းထဲမှ တတ် နိုင်သလောက်သူရှောင်နေမိခဲ့တာ အတော်ကြာခဲ့လေပြီ....။ သို့သော် ကွယ်ရာတွင်မူ နှလုံးသားအလိုကို မလွန်ဆန်နိုင်စွာဖြင့် လူခြေတိတ်ချိန်ညများတွင် သူမတို့အိမ်ကလေးရှေ့မှဖြတ်လျှောက်မိတတ်တာ၊ အခုလို မနက်စောစောတွင် သူမကြိုက်တတ်လွန်းသောခရေပွင့်လေးများကို သွားကောက်ယူတတ်မိတာ...၊ ရံဖန်ရံခါ သူမတို့အိမ်နှင့်မလှမ်းမကမ်းတွင် သူငယ်ချင်းအချို့နှင့် ဂစ်တာခပ်တိုးတိုးတီးတတ်မိခဲ့တာတွေ...စသည့် လုပ် ရပ်များကို အရူးတစ်ယောက်လို သူလုပ်မိတတ်မြဲ....။ ထိုကဲ့သို့သောလုပ်ရပ်လေးများကို စိတ်ဖြေရုံသာသက် သက်ရည်ရွယ်စွာဖြင့် ကိုယ့်ကိုယ်ကိုလှည့်စားဖြေသိမ့်နေရုံမှလွဲပြီး သူမစိတ်အနှောက်အယှက်ဖြစ်စေရ အောင် သူမလုပ်ဖြစ်ခဲ့ပါ....။

ထို့ပြင် တက္ကသိုလ်နယ်မြေတစ်ခုတည်းတွင်(မေဂျာကွဲပြားစွာဖြင့်....)ကျောင်းအတူတူတက်ကြတာမှန်သော် လည်း၊ တစ်လမ်းတည်းအတူနေကြသော်လည်း သူနှင့်သူမတို့၏ ပါးလျသောဆက်သွယ်မှုကြိုးမျှင်လေးအ ကြောင်းကို သိသူရှားပါးလွန်းလှပါသည်။ အရာရာကို သိုသိပ်စွာဖြင့် မျိုသိပ်ခံစားတတ်လွန်းသော သူ့အကျင့် ကြောင့် သူနှင့်သူမတို့၏အကြောင်းကို ရင်းနှီးစွာရင်ဖွင့်တိုင်ပင်ဖော်များဖြစ်သည့် သူငယ်ချင်းနှစ်ယောက်၊ သုံးယောက်မှလွဲပြီး ဘယ်သူမှမသိခဲ့ကြ...။ သိအောင်လည်း သူမလုပ်ဖြစ်ခဲ့မိ...။ အရာရာတွင် ညှိုးနွမ်း၊ နိမ့် ပါးလွန်းလှသော သူနှင့်ပါတ်သတ်ပြီး သူမ၏ဂုဏ်သတင်းမှေးမှိန်မှာကို သူမလိုလားခဲ့မိတာ ကြောင့်ပင်ဖြစ် ၏။

အေးစက်ပြင်းရှလွန်းသောအအေးဒဏ်ကြောင့် အစိုဓာတ်လွင့်ပျယ်နေခဲ့သောနှုတ်ခမ်းများကို သူတင်းတင်း စေ့လိုက်မိခဲ့သည်။ မြင်ကွင်းထဲမှပျောက်ကွယ်သွားခဲ့ပြီဖြစ်သော သူမပုံရိပ်ကလေးပြေးထွက်သွားရာဆီကို ဆွေးမြေ့ခြင်းများစွာဖြင့်ငေးမောကြည့်နေခဲ့ရင်း သက်ပြင်းတစ်ချက်ကို သူထပ်မံရှိုက်သွင်းလိုက်မိပြန်၏။ နောက်တော့ ကုက္ကိုလ်ပင်ရိပ်အောက်မှနေ သူထွက်ခဲ့လိုက်သည်။ ခပ်လှမ်းလှမ်းဆီမှသူမတို့အိမ်ကလေးဆီ သို့ ဖြတ်သန်းသူကင်းမဲ့နေဆဲဖြစ်သောလမ်းကလေးအတိုင်း ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်မိ၏။ မြူနှင်း များကမူ စောစောကထက်ပိုမိုထူထပ်စွာကျဆင်းလာသည်ဟု ထင်ရ၏။

သူမတို့ခြံရှေ့ရောက်ခဲ့တော့ အိပ်ကပ်ထဲမှခရေကုံးလေးနှစ်ကုံးကို ဖွဖွညင်သာစွာဖြင့် သူထုတ်ယူလိုက် သည်။ သူ့လက်ဖ၀ါးပေါ်မှ မွှေးမြစွာလတ်ဆတ်နေခဲ့သော ခရေပွင့်ကလေးများ၏ရနံ့ကို အဝေးမှနေပြီး သူ လှမ်းယူနမ်းရှိုက်မိခဲ့သေး၏။ သူမ သိပ်နှစ်သက်လွန်းသော ခရေပွင့်လေးများကို အနီးကပ်နမ်းရှိုက်ကြည့်ဖို့ ပင် သူ့မှာခွန်အားတွေကင်းမဲ့နေခဲ့ရသည်မှာ ကြာခဲ့ပြီပဲလေ......။

နောက်.....သူမတို့ခြံတံခါးလေးဘေးတစ်ဖက်ဆီမှ စီတန်းကာအလှစိုက်ထားသောပုဏ္ဍရိတ်ပင်များပေါ်တွင် ခရေကုံးလေးများကို အသာအယာတင်လိုက်မိသည်။ စိမ်းခက်ခက်ပုဏ္ဍရိတ်ပင်များပေါ်မှ ခရေကုံးလေး များကိုခပ်ဝါးဝါးကြည့်ရင်း ဒီပန်းလေးများကို သူမမြင်ပါစေဟု.....တိတ်တဆိတ်ဆန်စွာ သူဆုတောင်းမိ ပြန်၏။ သို့သော်လည်း ဒီပန်းကလေးများ သူမရဲ့ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ဖို့ဆိုတာ.....သူကိုယ် တိုင်ပင် မရေရာလွန်းခဲ့ပါ...။

သူ့ရင်တွင်းမှ လျှို့ဝှက်သိပ်သည်းစွာမျိုသိပ်ရင်း ပြန်လည်အေးခဲနေစေရသော အချစ်စစ်တစ်ခုကိုတော့ဖြင့် သူမတစ်ယောက် မြင်နိုင်စွမ်းကင်းမဲ့ခဲ့ရတာတော့ဖြင့် သေချာသလောက်ရှိနေခဲ့ရလေပြီ....။ တွေးကြည့် ရုံနှင့်ပင် သူ့ရင်တွင်းပိုင်း အနက်ရှိုင်းဆုံးတစ်နေရာဆီမှ တဆစ်ဆစ်ဖြင့် နာကျင်ကိုက်ခဲလာသလို ခံစားလာ ရမိ၏။ ငြိမ်သက်တိတ်ဆိတ်လွန်းနေခဲ့သော ပတ်ဝန်းကျင်တစ်ခုက သူ့ရဲ့ရှုံးနိမ့်ခြင်းခံစားချက်များကို ပိုမိုစွာ ပံ့ပိုးနေခဲ့သလားမသိနိုင်ခဲ့တော့ပါ...။ သူတစ်ယောက်တည်း အဓိပ္ပါယ်ကင်းမဲ့လွန်းစွာဖြင့် ခေါင်းယမ်းမိလိုက် ပြန်သည်။ ပိုင်ဆိုင်ရမှ အချစ်တစ်ခုဖြစ်ခဲ့မယ်ဆိုလျှင် သူမကိုသူ မချစ်ရာများရောက်နေခဲ့ပြီလား ဟုလည်း ရူး သွပ်စွာတွေးမိပြန်တော့ ရင်ထဲတွင်ဖြစ်တည်နေခဲ့သော ခံစားချက်တစ်ခုက သူ့ကိုနင့်နင့်သည်းသည်းဖြစ်စေ ပြန်၏။

အတွေးနှင့်အတူ သူမတို့အိမ်ကလေးရှေ့မှနေပြီး စောစောကသူမတို့ပြေးထွက်သွားသောနေရာနှင့်ဆန့်ကျင် ဘက်အရပ်ဆီသို့ လှည့်ထွက်ခဲ့လိုက်သည်။ သူမတို့အိမ်ကလေးကတော့ ဆောင်းအာရုံမနက်ခင်းတစ်ခုတွင် နွေးထွေးစွာပြန်လည်အိပ်မောကျနေခဲ့လေ၏။ ခြေလှမ်းအနည်းငယ်လှမ်းခဲ့ပြီးနောက် စိတ်မချစွာဖြင့် ခရေ ကုံးလေးများကို လည်ပြန်ငဲ့ကာကြည့်မိပြန်သည်။ နှင်းရည်စိုလက်နေခဲ့သော ခပ်စိမ်းစိမ်းအဆင်းအရောင်ရှိ သည့်ပုဏ္ဍရိတ်ခက်များပေါ်တွင် ခရေကုံးလေးများက ငြိမ်သက်တိတ်ဆိတ်စွာဖြင့်ရှိနေခဲ့ကြတာကို ခပ်ဝါးဝါး တွေ့လိုက်ရ၏။

ထို့နောက် ခြေလှမ်းများကို သူဆက်လှမ်းနေခဲ့မိသည်။ အေးစက်စိုထိုင်းနေခဲ့သောဆံပင်များကြားထဲသို့ လက်နှစ်ဖက်ကို ထိုးသွင်းကာဖွလိုက်မိရင်း ရှေ့ကိုလှမ်းမျှော်ကြည့်မိ၏။ သူ့အရှေ့ခပ်လှမ်းလှမ်းတွင်တော့ မြူ နှင်းဖြူဖြူများက ထူထပ်စွာ ကာဆီးထားခဲ့ကြလေသည်။ ဘယ်အရာကိုမှမှန်းဆစွာမြင်နိုင်စွမ်းမရှိနိုင်ခဲ့ရ....။ သို့သော် မြူနှင်းများကြားထဲသို့တိုးဝင်ကာ သူလျှောက်လှမ်းနေမိရသည်။ ထူထဲသော မြူနှင်းပွင့်များကြား ထဲတွင် သူကိုယ်တိုင်ပျောက်ဆုံးသွားဖို့ဆိုတာသေချာသလောက်ရှိနေခဲ့ရပြီလားဟု....... ကိုယ်တိုင်ပင်ပြန်မသိနိုင် ခဲ့တော့ပါ......။

~~~~~@@@~~~~~







အိပ်မက်ဆိုတာ....
ဘယ်လိုမှပိတ်ထားလို့မရနိုင်တဲ့.....
စိတ်ရဲ့ပြတင်းပေါက်တစ်ခုပါပဲ....။
အဲ့ဒီတော့.....
မင်းဟာ... ငါ့ရဲ့ရင်ထဲကို....
အချိန်၊ နေရာမရွေးပဲ......
တံခါးမရှိ...ဓားမရှိ....
ဝင်ချင်တိုင်းဝင်....
ထွက်ချင်တိုင်း......ထွက်ခွင့်တွေရနေခဲ့တော့တာပေါ့.....။

~~~~~@@@~~~~~

မှိုင်းညို့ညို့ကောင်းကင်ကိုမော့ကြည့်ရင်း.... လှမ်းနေဆဲသူမရဲ့ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းဖြစ် စေလိုက်မိ၏။ လေပြင်းတစ်ချက်တိုးဝှေ့လိုက်သောအခါ... သူမ၏ဆံပင်ရှည်ရှည်လေးတွေ လွင့်မျောသွားခဲ့ရ သည်။ လေဒဏ်ကြောင့် သူမရဲ့အရှေ့လမ်းကလေးပေါ်မှ.....သစ်ရွက်ကြွေတချို့က မြည်သံခပ်အုပ်အုပ်ပေး ကာပြေးထွက်သွားကြရ၏။ နံဘေးဆီမှ သစ်ပင်များကမူ တရှဲရှဲမြည်သံပေးကာလှုပ်ခါနေခဲ့လေတော့သည်။ မကြာခင်မိုးရွာတော့မည်ထင်၏။

“သမီး....၊ အိမ်ပြန်ရင်ထီးယူသွားပါလား......။ မိုးမိမယ်ထင်တယ်”......

သူမအိမ်အပြန်လမ်းကို စိတ်ပူစွာဖြင့်ပြောခဲ့သေးသော ဆရာ့စကားကိုပြန်ကြားယောင်လာမိတော့ စိတ်ထဲ နောင်တရမိလာသလိုဖြစ်လာသည်။ သို့သော်လည်း သူမတို့နေသောလမ်းနှင့် ကျောင်းအားရက်များတွင် သူမတက်နေခဲ့သော တယောတီးသည့်သင်တန်းက နှစ်လမ်းကျော်လောက်သာဝေးကွာသည်မို့ ဆရာ့ စကားကို သူမငြင်းပယ်မိခဲ့၏။ ထိုကဲ့သို့အားနာစိတ်တစ်ဝက်ဖြင့်ငြင်းပယ်ခဲ့မိသော်လည်း လျှောက်နေခဲ့ရင်း ပိုမိုညို့မှိုင်းလာသောမိုးကောင်းကင်ကြောင့် သူမအိမ်ရှိရာဆီသို့ တစ်ခါမှဖြတ်သန်းမသွားဘူးသော အနီးဆုံး ဖြတ်လမ်းသွယ်များမှနေပြီးပြန်ဖြစ်ခဲ့ရတော့သည်။

အတွေးဖြင့် ခပ်သွက်သွက်လှမ်းနေမိဆဲ မိုးရေစက်များကသူမကိုယ်ပေါ်သို့ တဖွဲဖွဲဖြင့် စဆင်ကျဆင်းလာခဲ့ လေတော့၏။ လက်ထဲတွင် အလွတ်ကိုင်ထားမိသော တယောပြားလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား ရင်း သူမစိတ်လျှော့လိုက်မိသည်။ မထူးတော့ပါ....။ ဒီမိုးစက်ကွင်းများကနေ သူမလွတ်မည်လည်း မထင် တော့....၊ ထို့ကြောင့် ခြေလှမ်းများကိုလည်း အရှိန်လျှော့ကာလျှောက်နေမိခဲ့လိုက်တော့၏။ ထို့အပြင်သေချာ သည့် အကြောင်းပြချက်လည်းရှိနေသေးသည်။ အခြားတော့မဟုတ်....၊ မိုးစက်များကိုသူမချစ်သည်လေ.....။

အခြားသောအချိန်များတွင် မိုးရေစက်များထဲ မိန်းကလေးတစ်ယောက်တည်းလျှောက်သွားဖို့ဆိုတာ သူမအ တွက် လုံးဝမဖြစ်နိုင်ခဲ့ရသောအခွင့်အရေးတစ်ခု....။ အကြောင်းပြချက်မဲ့စွာဖြင့်ပင်ဖြစ်၏။ သို့သော် အခု တော့ဖြင့် သူမချစ်သောမိုးရေ စက်များကြားထဲတွင် အေးအေးဆေးဆေးလမ်းလျှောက်ခွင့်ရခဲ့လေပြီ....။ အ ခြားသူများလည်း သူမကို တစ်မျိုးမြင်စရာအကြောင်းမရှိတော့....။ သင်တန်းမှအပြန်တွင် မိုးမိသည်ဟုသာ မြင်ဖို့ရာရှိလေတော့တာမို့ဖြစ်ခဲ့သည်။ သေချာခိုင်လုံသည့် သက်သေအဖြစ် သူမ၏လက်ထဲတွင် တယော ပြားလေးကို ဆုပ်ကိုင်ထားခဲ့မိသည်လေ....။

အတွေးဖြင့် သူမတစ်ကိုယ်ရည်ခိုးပြုံးမိလိုက်၏။ မိုးစက်များကမူ သူမ၏ကိုယ်ပေါ်သို့ တဝေါ၀ါမြည်စွာဖြင့် ပြိုဆင်းနေခဲ့လေတော့သည်။ သူမလျှောက်နေသောလမ်းသွယ်လေးအပေါ်တွင် ရုတ်တရက်လိုလိုဖြစ်သွား သောရေစီးကြောင်းလေးများကို နှစ်သက်စွာဖြင့်ကြည့်ရင်း..... ခပ်ဖြည်းဖြည်းဆက်လျှောက်နေမိခဲ့၏။ သူမနံ ဘေးမှ မိုးရေထိမှန်ခြင်းခံနေရသော...... သစ်ရွက်စိမ်းစိမ်းလေးများကို လက်တစ်ဖက်ဖြင့် လှမ်းတို့ထိမိလိုက် သေးသည်။ လှလိုက်တဲ့ သဘာဝတရားရယ်ဟု...ရင်တွင်းမှ တီးတိုးရေရွတ်မိ၏။

“နင်.....စိတ်ကူးယဉ်တတ်မှန်း.....ငါတို့မထင်မိခဲ့ဘူး”....

အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်စ၊ နှစ်ယောက်စပြောခဲ့ဖူးသော စကားတစ်ခွန်းကိုပြန်လည်ကြားယောင် လာမိခဲ့ရတော့ သူမရဲ့နှုတ်ခမ်းတွေ ခပ်လွန့်လွန့်ပြုံးဖြစ်သွားသည်။ ဘယ်သူပြောခဲ့သလဲကွယ်....၊ ရည်မှန်း ချက်ကြီးတတ်တဲ့ မိန်းကလေးတစ်ယောက်မှာ စိတ်ကူးယဉ်တတ်မှု၊ နူးညံ့မှုတွေမရှိနိုင်ခဲ့ဖူးဆိုတာကိုလေ....။ ရင်တွင်းမှနေ ခပ်သဲ့သဲ့သူမညည်း ညူမိလိုက်၏။ ထို့အတူ သူမဘ၀ထဲသို့ စကားလေးတစ်ခွန်းနှင့်အလည် ရောက်လာခဲ့ပြီး.....ခရေကုံးကလေးများဖြင့် နှုတ်ဆက်ထွက်ခွာသွားသူတစ်ယောက်က သူမ၏အာရုံထဲသို့ မိုး ရေစက်များနှင့်အတူဖြတ်သန်းစီးမျောလာခဲ့သည်။ သူမရင်ထဲတွင် ဘာရယ်မှန်းမသိစွာဖြင့် မှုန်ဖျဖျနိုင်လှ သော နာကျင်ခံစားမှုတစ်ခုက နူးညံ့စွာရိုက်ခတ်လာသလိုဖြစ်လာခဲ့ရ၏။

“ချစ်တယ်”....ဟုဆိုခဲ့သော သူတစ်ယောက်......။ သူမကျောင်းကအပြန်တစ်ရက်တွင် ခရေပင်လမ်းက လေးထက်မှာ ဖွင့်ပြောခဲ့လေသူ.....။ အမြဲလိုလို ညှိုးငယ်သောမျက်ဝန်းနက်နက်များဖြင့် သူမကိုငေးမော ကြည့်လေတတ်သူ.....။ လေတိုးခဲ့လေတိုင်း နှဖူးပေါ်မှနေလွင့်လွင့်သွားတတ်သော မတိုမရှည်ဆံပင်လေး များနှင့်သူ...။ ခေါင်းငုံကာ ခပ်ဖွဖွရယ်မောတတ်ခဲ့လေသူ....။ ဟောင်းနွမ်းသော်လည်း ဖြူစင်သပ်ရပ်စွာဝတ် စားတတ်လေသူ....။ သန့်ရှင်းသောခြေအစုံဖြင့် ကတ္တီပါဖိနပ်လေးများစီးကာ ခြေသံလုံအောင်လမ်းလျှောက် တတ်လေသူ....။ ထို့အတူ....ပထမဆုံးအဖြစ် သူမကိုရင်ခုန်စေခဲ့သူ၊ စိတ်လှုပ်ရှားစေခဲ့သူ....။ ရှက်ကိုးရှက် ကန်းဖြင့် ရည်မှန်းချက်ကြီးသူပီပီ “စာကြိုးစားစေချင်တယ်”.....ဟု မရည်ရွယ်စွာ သူမပြောဖြစ်ခဲ့လေသူတစ် ယောက်...။ သို့သော် သူ့အား သူမနံဘေးကနေထွက်ခွာသွားစေဖို့၊ နှင်ဖို့ ဘယ်တုန်းကမှဆန္ဒမရှိခဲ့မိပါ.....။

သူသည် သူမကိုစိုးမိုးလွန်းလှပါသည်။ သူနှင့်သူမတို့၏ တွေ့ဖြစ်ခဲ့ကြသည့်အကြိမ်အရေအတွက်မှာ လက်ချိုး ရေတွက်လို့ရအောင်ပင်ရှားပါးလွန်းလှသော်လည်း သူမရဲ့အိပ်မက်များစွာကိုပိုင်စိုးထားသူမှာ သူတစ်ယော က်သာဖြစ်ခဲ့လေ၏။ သို့သော် သူသည် သူမအားချစ်ကြောင်းဖွင့်ဟပြောခဲ့ပြီးသည့်နောက်ပိုင်းတွင် ထပ်မံ ရောက်မလာခဲ့တော့....။ သူ့ကိုယ်စား ဆောင်းနံနက်ခင်းတိုင်းတွင် ခရေကုံးလေးများကသာ သူမရဲ့ခြံရှေ့ ပုဏ္ဍရိတ်ပင်လေးများထက်သို့ ရောက်ရှိလာတတ်ခဲ့လေတော့၏။ ထိုအဖြစ်ကိုတောင် အစကသူမသတိမ ထားမိခဲ့....၊ နောက် သူ့သူငယ်ချင်းအရင်းများဆီမှပျံ့နှံ့လာခဲ့သော တစ်ဆင့်စကားဖြင့်သာ သူမသိခဲ့ရတာ ဖြစ်ပါသည်။ သိချိန်မှစပြီး ထိုခရေကုံးလေးများကို အိမ်မှလူတွေမမြင်ခင် သူမအမြတ်တနိုးသိမ်းဆည်းမိခဲ့ ရ၏။

ရံဖန်ရံခါ သူမတက်သောကျောင်းတွင် သူ့ကို ရိပ်ခနဲဆိုသလိုမြင်လိုက်မိသလိုရှိပေမယ့် သူမထံတွင် လိုက်ရှာ ဖို့အင်အားမဲ့ခဲ့ရပါသည်။ အခြားကြောင့်တော့မဟုတ်ရ...၊ သူမဘေးတွင် အစဉ်အမြဲလိုလိုပင် တောက်တဲ့ သဖွယ်ကပ်နေတတ်သော လူတစ်ယောက်ကြောင့်ပင်ဖြစ်သည်။ အစ်ကိုဖြစ်သူ၏သူငယ်ချင်းတစ်ယောက်မို့ ယဉ်ကျေးမှုအရ သူမရိုင်းစိုင်းစွာနှင်မထုတ်ဖြစ်မိသော်လည်း ထိုလူကြောင့် သူမစိတ် အနှောက်အယှက်ဖြစ်ခဲ့ ရတာအကြိမ်ကြိမ်ပင်...။ ထို့အတူ မိန်းကလေးတန်မဲ့ သူ့ကိုလိုက်ရှာဖို့ သူမ မ၀ံ့မရဲဖြစ်နေတတ်ခဲ့၏။

ထို့ကြောင့် ရှားပါးလှစွာသောညများတွင် သူမတို့အိမ်အနီးမှ တိုးဖွဖွထွက်ပေါ်လာတတ်သော သူ့ရဲ့ဂစ်တာ သံကိုနားစွင့်နေခဲ့ရင်း၊ ညဥ့်နက်ချိန်များတွင် သူမတို့အိမ်ရှေ့မှဖြတ်လျှောက်သွားမည့် သူ့ခြေသံများကိုနား စွင့်ရင်း သူမရဲ့နေ့ရက်တွေက ကုန်ဆုံးခဲ့ရလေတော့သည်။

ထိုအခိုက် မိုးရေများကြားတွင် လေစီးကြောင်းတစ်ခုကမွှေနှောက်စီးဆင်းလာခဲ့ပြန်တော့ သူမတစ်ကိုယ်လုံး ချမ်းမြမြဖြစ် သွားရမိသည်။ သို့သော် အခုလိုမိုးတွေရွာနေသောအချိန်များတွင် သူမကျောင်းကား ဆိုက်ချိန် တိုင်း ခပ်လှမ်းလှမ်းမှနေပြီး ထီးလေးတစ်ချောင်းဆောင်းကာ ငေးမောနေတတ်သော တစ်စုံတစ်ယောက် သောသူရဲ့ ညှိုးဖျော့ဖျော့မျက်ဝန်းများကို ပြန်မြင်ယောင်တွေးမိလိုက်တော့ ရင်ထဲနွေးထွေးသွားခဲ့ရသလိုပင်။ ထိုကဲ့သို့သောအချိန်အခါတိုင်း သူမရဲ့မျက်ဝန်းတွေက မသိသလိုဟန်ဆောင်ကာနေဖြစ်ခဲ့ပေမယ့် ရင်ထဲမှခံ စားမှုလှိုင်းတစ်ခုက ဘောင်ဘင်ရိုက်ခတ်လွန်းနေခဲ့ရတာ သူတစ်ယောက်ကတော့ဖြင့် သိနိုင်လိမ့်မည်မထင် မိခဲ့ပါ.....။ တကယ်ဆို သူမရဲ့အရိပ်ကလေးအဖြစ် သူ့ကိုနေရာပေးချင်မိခဲ့ပါသည်။ အဲ့ဒီလိုမျိုး သူမခံစားနေ ရတာတွေကို သူတစ်ယောက်သိမှ သိပါလေစကွယ်....။

အတွေးနှင့်အတူ သူမတစ်ယောက်တည်း မိုးစက်များကြားလျှောက်နေခဲ့ရင်း ရှက်ကိုးရှက်ကန်းဖြစ်သွားမိ၏။ ထို့ကြောင့် တစ်ယောက်တည်း ခိုးကြောင်ခိုးဝှက်နိုင်လွန်းစွာပြုံးရင်း ဆက်လျှောက်နေမိလိုက်သည်။ တော် သေးသည်ဟုဆိုရမည်။ သည်းကြီးမည်းကြီးရွာသွန်းနေခဲ့သော မိုးရေစက်များဖုံးလွှမ်းနေရာ ဒီလမ်းသွယ် လေးထဲတွင် သူမတစ်ယောက်တည်းမို့ပင်ဖြစ်၏။ သို့သော် မိုးစက်များကတော့ သူမ၏ခန္ဓာကိုယ် အနှံ့စွတ်စို နေစေရန် အဆက်မပြတ်ထိမှန်လျှက်...။

နောက်ထပ်ဖြတ်လမ်းလေးတစ်ခုဆီကို သူမကူးလိုက်မိသည်။ ဒီဖြတ်လမ်းကလေးကျော်ကာ လမ်းမပေါ် တက်ခဲ့လိုက်လျှင်တော့ သူမတို့နေသော အိမ်ကလေးရှိရာသို့ရောက်ဖို့သိပ်မဝေးလှတော့ပါ....။ အိမ်ရောက် လျှင်တော့ မိုးရွာထဲတွင် တစ်ဦးတည်းပြန်လာသော သူမကိုကြည့်ကာ မေမေကတော့ တစ်ခုခုပြောမှာ သေ ချာလှပါသည်။ သို့သော်.....အခုဖြစ်တည်နေခဲ့ရသောစိတ်ကျေနပ်မှုတစ်ခုနှင့် သူမလဲဝံ့ပါသည်။ အတွေးနှင့် အတူ သူမဆက်လျှောက်နေမိခဲ့၏။ လမ်းကျဉ်းလေးပေါ်တွင် တင်ကျန်နေခဲ့သော ရေအိုင်လေးများထဲတွင် မိုး ရေစက်ကလေးများက အရှိန်ပြင်းထန်စွာဖြင့် ကျဆင်းနေကြဆဲပင်....။ ရံဖန်ရံခါတွင်မူ ထိုရေအိုင်ကလေး များထဲသို့ တမင်တကာသူမဆင်းလျှောက်ဖြစ်လိုက်သေးသည်။ စိတ်လွတ်လပ်ပျော်ရွှင်ခဲ့စွာဖြင့် တစ်ယောက် တည်းလျှောက်နေခဲ့ရင်း မိုးရေစက်များကာဆီးထားသော အရှေ့မှမြင်ကွင်းကို သူမလှမ်းမျှော်ကြည့်မိလိုက် ၏။

ရင်ထဲတွင်ထိတ်ခနဲဖြစ်သွားသည်။ အခြားကြောင့်တော့မဟုတ်...၊ အတော်ခပ်လှမ်းလှမ်းနေရာတွင် သူမနှင့် မျက်နှာချင်းဆိုင်နေရာဆီသို့ လျှောက်လာခဲ့သော သဏ္ဍာန်နှစ်ခုကိုတွေ့လိုက်ရတာမို့ပင်ဖြစ်၏။ ထို့အပြင် သူမရင်ကိုထိတ်ခနဲပိုဖြစ်သွားစေရတာကတော့ ထီးလေးတစ်ချောင်းတည်းအောက်တွင် နှစ်ယောက်ဆောင်း ကာ လျှောက်လာနေခဲ့သောသဏ္ဍာန်နှစ်ခုထဲမှ ယောက်ျားလေးရဲ့ပုံစံက ခုလေးတင်သူမ တွေးနေမိခဲ့သော သံစဉ်အပိုင်းအစများထဲကတစ်ယောက်နှင့် အတော်ဆင်နေခဲ့တာမို့ဖြစ်သည်။ ဒါဆို နွဲ့နှောင်းလွန်းလှသော ပုံစံနှင့် ဒီဘက်ကတစ်ယောက်ကရောကွယ်....၊ သူမဆက်မကြည့်ရဲတော့ပဲ ခေါင်းကိုငုံ့ထား လိုက်မိတော့ သည်။ သူမရင်တွေ တစ်ဒိတ်ဒိတ်ခုန်လာမိ၏။ စောစောက ချမ်းလို့ချမ်းရမှန်းမသိခဲ့သော မိုးရေစက်များ ကြားတွင် သူမ၏နှုတ်ခမ်းတွေ အခုမှတဆတ်ဆတ်တုန်ယင်လာခဲ့ရတာ ဘာ့ကြောင့်များလဲကွယ်။ အိုး....သူ မရဲ့အောက်မျက်ခမ်းတွေကလည်း...လှုပ်လှုပ်ခတ်ခတ်နိုင်လွန်းလိုက်တာ..။ဘုရားရေ...သူမရုတ်တရက်ဘာ ဖြစ်သွားခဲ့သလဲ..။ ခန္ဓာကိုယ်ထဲက သွေးတွေပဲပြောင်းပြန်စီးဆင်းနေခဲ့သလိုလို.....။

ဆောက်တည်ရာမဲ့စွာဖြင့် နောက်ပြန်လှည့်လိုက်ရရင်ကောင်းမလားဟု...စဉ်းစားနေခဲ့ရင်း ထိုနှစ်ယောက် နှင့်သူမ တဖြည်းဖြည်း နီးကပ်လာခဲ့ရတော့၏။ သူမရင်ထဲကနှလုံးသားတစ်စုံသည် သနားစဖွယ်ကောင်း လောက်အောင်ပင် ရေရွတ်မြည်တမ်းနေခဲ့ရသည်ရောထင့်...။ မောဟိုက်လာသလိုလည်း ခံစားမိရသည်။ မိုး စက်များကတော့ဖြင့် ပိုမိုအရှိန်ပြင်းထန်စွာ ကျဆင်းလာသလိုရှိနေလေ၏။ ရေစိုစွတ်နေသော သူမ၏ဆံပင် များကိုတစ်ချက်သပ်တင်ရင်းအနီးသို့ရောက်လာပြီဖြစ်သော ထိုနှစ်ယောက်အားသေချာစေရန် တစ်ချက်လှ မ်းကြည့်ဖြစ်လိုက်သည်။ မြင်လိုက်ရသောမြင်ကွင်းကြောင့် သူမ၏ရင်ထဲတွင်နင့်ခနဲဖြစ်သွားရ၏။ မိုးရေမျာ  ကြားထဲတွင် ထီးကလေးတစ်ချောင်းရဲ့အရိပ်ကိုခိုကာ သူမမဟုတ်သောမိန်းကလေးတစ်ယောက်အား ယုယ စွာထီးမိုးပေးနေခဲ့လေသူဟာ....။

အို....သူမှ....သူအစစ်ပင်ဖြစ်နေခဲ့လေသည်ပဲကွယ်.....။ ဘယ်လိုတွေဖြစ်ပျက်ခဲ့ပြီလဲ.....၊ ကမ္ဘာကြီးတစ်ခု လုံးပြောင်းပြန်လည်ပတ်ခဲ့လေပြီလား....။ ကျဉ်းမြောင်းလွန်းသော လမ်းကလေးထဲတွင် သူတို့နှစ်ယောက် တွဲကို သူ့ဘေးမှဖြတ်ခါနီးတွင် သူမတို့နှစ်ယောက် အကြည့်ချင်းဆုံဖြစ်သွားသည်။ သူ့မျက်ဝန်းများထဲတွင် မမျှော်လင့်သောနေရာနှင့်အခြေအနေ၊ အချိန် အခါတစ်ခုတွင် သူမကိုတွေ့လိုက်ရတာမို့......အံ့သြခြင်း၊ မယုံနိုင်ခြင်း၊ အနေခက်ခြင်းစသည့်အရိပ်များက တစ်ဖျပ်ဖျပ်ဖြင့် ထင်ဟပ်သွားခဲ့ကြ၏။ ထို့အတူ နာကျင်ဝမ်း နည်းမှုတစ်ခုက ထိုပုံရိပ်များကြားထဲတွင် လူးလွန့်ရောယှက်နေခဲ့တာကို သူမသတိထားဖြစ်လိုက်သေးသည်။ သူမ မျက်ဝန်းများ၏အရိပ်ကိုတော့ သူကောင်းစွာဖတ်တတ်ခဲ့လေတော့မည်။ ထို့ကြောင့် သူ့အကြည့်များကို ရင်မဆိုင်ချင်စွာဖြင့်အောက်သို့ခဏ ငုံ့ထားလိုက်မိစဉ် မိုးရေစိုစွတ်နေဆဲ သူ့ ခြေထောက်လေးများကို မြင် တွေ့လိုက်ရပြန်သည်။ ကျွန်မဟာ... ရှင်နဲ့ပတ်သတ်သမျှတွေကို မြတ်နိုးတတ်ချင်ခဲ့တဲ့ မိန်းကလေးတစ်ယော က်ပါကွယ်....။ အတွေးနှင့်အတူ သူမမျက်ရည်ဝဲမိချင်သွားရ၏။

တစ်ခဏအတွင်းမှာပင် သူ့ဘေးတစ်ဖက်မှ သူမဖြတ်သန်းမိခဲ့၏။ သူ့လက်မောင်းသားနှင့်ပင် သူမရဲ့ပခုံးဖြင့် အနည်းငယ် တို့ခတ်မိသွားခဲ့ရသေးသည်။ သူမနှုတ်ခမ်းများမှ မဲ့ပြုံးတစ်ချက်ကို မရည်ရွယ်စွာပြုံးဖြစ်မိ သွားတော့ သူ့မျက်နှာတစ်ခုလုံး ပြိုတော့မည့်မိုးကောင်းကင်တစ်ခုလို ပိုမိုအုံဖျဆိုင်းရီသွားခဲ့တာကို မြင်ဖြစ် အောင်မြင်ခဲ့မိလိုက်ရသေး၏။ သို့သော် သူမ၏ရင်တွင်းမှ အောင့်မျက်စွာနာကျင်ခံစားနေခဲ့ရသည်ကို သူသိ နိုင်လိမ့်မည်မထင်ပါ....။ တကယ်ဆို သူမဖက်ကနေပြီး သူ့ကို တိတ်တဆိတ်ချစ်ခဲ့၊ မျှော်လင့်မိခဲ့သည်ပဲ လေ....။ ရည်မှန်းချက်ကြီးမားသော မိန်းကလေးတစ်ယောက်ပီပီ သူ့ကိုစာကြိုးစားဖို့ ပြောခဲ့တာ မချစ်ခဲ့လို့ မှမဟုတ်ခဲ့ပဲလေကွယ်....။ အခုတော့ဖြင့်...သူမ တိုးတိုးလေးမျှော်လင့်ခဲ့ရသမျှတို့သည် လေနှင်ရာလွင့်ပျယ် ခဲ့ရသော တိမ်တိုက်များလို ဖြစ်ခဲ့ရလေပြီ....။ အစားထိုးဖို့လွယ်ကူလွန်းလိုက်တာ...ဟု သူမတစ်ကိုယ်တည်း မချင့်မရဲညည်းတွားမိလိုက်သည်။ ပူနွေးသောမျက်ရည်စအချို့သည် မိုးစက်များနှင့်ရောနှောကာ သူမပါးပြင် ပေါ်သို့ အယောင်ယောင်အမှားမှား စီးကျလာခဲ့ကြ၏။ ထိုစဉ်မိုးစက်များက ပိုမိုပြင်းထန်စွာဖြင့် ရွာသွန်းလာ ခဲ့ပြန်လေသည်။

~~~~~@@@~~~~~

ထိုတစ်ညက သူမတို့အိမ်အပြင်ဘက်တွင် ဆိတ်ငြိမ်ခြင်းများက ကြီးစိုးနေခဲ့သလိုရှိနေခဲ့လေ၏။ ညဥ့်နက် ချိန်ရောက်လာခဲ့သောအခါ အမှောင်ထု၏ရနံ့ကပတ်ဝန်းကျင်တစ်ဝိုက်တွင် ပိုမိုလွန်ကဲစွာ ပျံ့နှံ့လာခဲ့လေ တော့သည်။ ရံဖန်ရံခါတွင်မူ ခပ်တိုးတိုးအော်ဟစ်ညည်းတွားလိုက်ကြသော ညပိုးကောင်လေးများ၏ မြည် တမ်းသံခပ်သဲ့သဲ့တို့မှလွဲပြီး ညကအသက်ကင်းမဲ့နေခဲ့သလိုဖြစ်နေခဲ့လေ၏။ သို့သော် တစ်ခါတစ်ခါတိုက်ခတ် လာတတ်သော မိုးသက်လေအချို့ကြောင့် သစ်ရွက်ကလေးများ၏ ခပ်ဆွေးဆွေးလှုပ်ရှားတတ်သံလေးများ ကိုတော့ ကြားနေရသေးပြန်ပါသည်။

ထိုစဉ် ဂစ်တာသံခပ်သဲ့သဲ့နှင့်အတူ ခပ်အုပ်အုပ်ညည်းညူနေခဲ့သော သီချင်းသံစဉ်တစ်ခုက လေထုထဲတွင် တိုးဖွစွာ မျောပါလာခဲ့လေ၏။


ထိုသီချင်းသံကို မီးအမှောင်ချထားခဲ့သော အခန်းအတွင်းမှနေပြီး သူမတစ်ယောက်တည်း တိတ်တဆိတ် နားစွင့်နေခဲ့မိလေသည်။ နားစွင့်နေခဲ့ရင်း ခပ်တိုးတိုးကျိတ်ရှိုက်လိုက်သော ရှိုက်သံအချို့ကမူ အမှောင်ထု ကြီးစိုးနေခဲ့သော အခန်းတွင်းရှိ နံရံများအား နာကျင်စွာဖြင့်သွားရောက်ရိုက်ခတ်နေခဲ့ကြလေတော့၏။

~~~~~@@@~~~~~

နှင်းဆီတွေက...
အဖူးအငုံဘ၀မှာပဲ ရှိကြသေးတယ်....။
သည်နှစ်နွေမှာ ကိုယ်တို့တစ်တွေ....
ပန်းခူးဖို့ ဘယ်လောက်ကြာအောင်...
မေ့ခဲ့ကြတယ်ဆိုတာ သူတို့ မသိကြသေးဘူး”....။
                                                               (တဂိုး)

~~~~~@@@~~~~~

ထိုနေရာလေးတွင် လတ်ဆတ်သောလေပြေညင်းများက အစဉ်အမြဲလိုလိုတိုက်ခတ်နေတတ်ခဲ့၏။ ထို့အ ပြင် လေတိုးခဲ့သည့်အခါတိုင်း အရွက်ကလေးများကိုဖွဖွညင်သာစွာလှုပ်ခတ်စေတတ်သော ခရေပင်လေး များလည်းရှိသည်။ ထိုခရေပင်လေးများအောက်တွင် မြေနီလမ်းကလေးတစ်ခုလည်းရှိသေး၏။ မြေနီလမ်းက လေး၏ လမ်းတစ်ဖက်တစ်ချက်စီတွင်တော့ အလေ့ကျမြက်ပင်လေးများနှင့် ပေါင်းပင်အချို့က ဟိုတစ်စ၊ ဒီ တစ်စဖြင့် ပြန့်ကျဲစွာပေါက်ရောက်နေတတ်ကြလေသည်။

ထိုနေရာလေးဆီသို့ အမြဲတမ်းမဟုတ်ခဲ့သော်လည်း ကြိမ်ဖန်များစွာ သူရောက်ဖြစ်ခဲ့ရမိ၏။ သူနှင့် မိုင်ပေါင်း မြောက်များစွာ ဝေးကွာနေခဲ့သောအနောက်နိုင်ငံတစ်ခုတွင် အခြေချနေထိုင်ခဲ့ပြီဖြစ်သော သူမကို သတိ ရမိတိုင်းဖြစ်ပါသည်။ အများအမြင်တွင်တော့ ဒီလမ်းကလေးသည် မြေနီလမ်းကလေးဖြစ်နေမှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော် သူမကို တစ်ခါလွမ်းတိုင်း ဒီလမ်းကလေးပေါ်တွင် တစ်စက်ချင်းစီကျခဲ့ရသော သူ့နှလုံး သွေးစက်များကြောင့် ခံစားကြည့်တတ်မည်ဆိုလျှင် မြေနီလမ်းကလေးမှာ သွေးနီရောင်စွန်းနေခဲ့မည်ထင်ပါ သည်။

ခါးသီးသော၊ ခက်ခဲကြမ်းတမ်းသောဘ၀လမ်းများကိုဖြတ်ကျော်နေခဲ့ရသော၊ နေရဆဲဖြစ်သောလူတစ် ယောက်မို့ သူ့အသွင်ပြင်သည် ညှိုးနွမ်းနေခဲ့ရပြီ....။ သို့သော် သူ့မျက်ဝန်းတစ်စုံကတော့ အခုချိန်ထက်ထိ တိုင်အောင် ဆွေးရိပ်သန်းနေခဲ့ရဆဲပင်ဖြစ်၏။ ဒီလမ်းကလေးပေါ်သို့ရောက်တိုင်းလည်း ခရေပင်လေးများကို တိတ်တိတ်ဆိတ်ဆိတ်ငေးမောကာ သူမကို တိုးတိတ်စွာလွမ်းဆွတ်မိတတ်ပြန်သည်။ ခရေပွင့်ချိန်များတွင် တော့ မျက်ရည်လည်တတ်သည့်အထိ သူမအားပိုမိုစွာ သတိရလွမ်းဆွတ်မိတတ်ခဲ့သေး၏။ သို့သော် အဝေး တစ်နေရာဆီမှ ရည်မှန်းချက်အတိုင်းအောင်မြင်နေခဲ့ပြီဖြစ်သော... သူမအကြောင်းလေးများကို ကြားရတိုင်း၊ တွေးလိုက်မိတိုင်းတွင်တော့ သူ့ရင်မှာ ၀မ်းသာကျေနပ်ရမိတတ်မြဲပင်....။

သူကတော့ သူမပြောခဲ့သည့်.....

“ရှင်....ကျွန်မမြင်နိုင်တဲ့နေရာတွေမှာ မနေမိစေဖို့တောင်းပန်ပါရစေရှင်”..... ဆိုသည့် စကားလေးတစ်ခွန်း အတိုင်း သူနေခဲ့ပါသည်။ သူမနှင့်ပတ်သတ်ပြီး သူ့ဘ၀တွင် တစ်ကြိမ်တစ်ခါမှားယွင်းမိခဲ့တာမို့ဖြစ်၏။ အခြား တော့ မဟုတ်ရ....။ တုန့်ပြန်မှုကင်းမဲ့လွန်းသော၊ သူ့ရဲ့ခံစားချက်များကို ဥပက္ခာပြုလွန်းသော သူမ ကိုယ်စား၊ သူမနှင့်အတော်ဆင်လွန်းသော၊ သူသိပ်မြတ်နိုးတတ်ခဲ့သည့် သူမနာမည်စာလုံးလေးတစ်လုံးပါသော........စ သည့်အကြောင်းပြချက်များဖြင့်....သူမ မဟုတ်ခဲ့သော အခြားမိန်းကလေးတစ်ယောက်ကို ရူးနှမ်းစွာဖြင့် အ စားထိုးချစ်ကြည့်ဖို့ကြိုးစားမိခဲ့ခြင်းသာ ဖြစ်ခဲ့ပါသည်။ သို့သော် သူအောင်မြင်မှုမရခဲ့ပါ...။

တယောပြားလေးကိုဆုပ်ကိုင်ရင်း မိုးရေထဲတွင်အကာအကွယ်မဲ့စွာဖြင့် လျှောက်လှမ်းနေခဲ့သောသူမနှင့် အ မှတ်မထင်ဆုံဆည်းခဲ့ရပြီး နောက်တစ်နေ့မှာပင် ထိုမိန်းကလေးအားတောင်းပန်ရင်း သူလမ်းခွဲမိခဲ့ရသည်။ မိုးရေစက်များစွန်းထင်းနေခဲ့သည့် နှုတ်ခမ်းလေးထက်မှ သူမ၏မဲ့ပြုံးလေးတစ်ခုကိုသာ ထာဝရအတွက် သူ သိမ်းထားလိုက်ပါတော့မည်။ ထို့အတူ သူမကိုလွမ်းဆွတ်မိသည့်အခါတိုင်း ဒီခရေပင်လေးများ အောက်ဆီသို့ သူလာနေခဲ့ဦးမှာ အမှန်ပင်ဖြစ်ပါသည်။ သေချာတာတစ်ခုကတော့ သူသည် သူမအားစောင့်မျှော်နေခဲ့ခြင်း  ပြန်လည်တွေ့ဆုံခွင့်ရခြင်း စသည့်မျှော်လင့်ချက်များဖြင့် ဒီနေရာလေးသို့ လာနေခဲ့ခြင်းမဟုတ်နိုင်ခဲ့ပါ.....။ အဝေးတစ်နေရာမှ သူချစ်နေရဆဲဖြစ်သည့် သူမ၏အငွေ့အသက်လေးများကို ဒီနေရာလေးတွင် လာရောက် ဖွေရှာမိရုံသက်သက်သာဖြစ်လိမ့်မည် ထင်ပါသည်။

သို့သော်လည်း.....သူကသာ သူမအကြောင်းတွေကိုတွေးမိခဲ့တိုင်း သတိရလွမ်းဆွတ်စိတ်တစ်ဝက်၊ ချစ်နေမိ ဆဲ စိတ်တစ်ဖက်ဖြင့်ရှိနေခဲ့ရပေမယ့် သူမကတော့ဖြင့် သူ့အကြောင်းကိုအရေးတယူတွေးမိဖို့ဆိုတာ ကိုယ် တိုင်မသေချာနိုင်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူကျေနပ်ပါသည်။ ဆုံဆည်းဖို့ရာ လုံးဝအခွင့်မရှိခဲ့ရတော့သော်လည်း သူမအားချစ်နေနိုင်စွမ်းရှိနေဆဲဖြစ်ခဲ့သော နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားခွင့်ရနေဆဲမို့ပင်ဖြစ်၏။ အတွေး နှင့်အတူ...နွမ်းဖျစွာသူတစ်ချက်ပြုံးမိလိုက်သည်။ နောက်...သက်ပြင်းတစ်ချက်ရှိုက်လိုက်မိရင်းအပေါ်သို့မော့ ကြည့်မိလိုက်တော့ ခရေရွက်ကလေးများက ဖွဖွညင်သာစွာ ယိမ်းနွဲ့နေခဲ့ကြတာကို တွေ့လိုက်ရသည်။

~~~~~@@@~~~~~

မှိုင်းဖျဖျမြင်နေခဲ့ရသော သမုဒ္ဒရာရေပြင်ဆီသို့ သူမငေးကြည့်နေမိသည်။ ရေပြင်ကို ဖြတ်သန်းစွာ တိုက်ခတ်လာသော လေပြေအချို့က သူမဆံပင်တွေကို လွင့်ပျံ့သွားစေခဲ့ကြ၏။ လွယ်ထားသော အိတ်ထဲမှ သေသေချာချာထည့်လာခဲ့သော ယွန်းဗူးလေးကို တယုတယဖြင့် သူမထုတ်ယူမိလိုက်သည်။ နောက်....၊ ဗူး လေးကိုဖွင့်လိုက်မိတော့ အထဲမှနွမ်းခြောက်နေခဲ့သော ခရေပန်းလေးများကိုကြည့်ရင်း....နွမ်းလျစွာတစ် ချက်ပြုံးဖြစ်လိုက်၏။

ရေစပ်သို့ သူမဆင်းလိုက်သောအခါ ညင်သာသော လှိုင်းလုံးသေးသေးလေးများက သူမ၏ခြေဖမိုးကို လာ ရောက်တို့ထိခဲ့ကြလေသည်။ ဒီနေရာလေးသို့ သူ့ကိုလွမ်းတိုင်း သူမရောက်ဖြစ်၏။ သူမရောက်ရှိနေထိုင်ခဲ့ သောအနောက်နိုင်ငံကြီးတစ်ခုအတွင်းရှိ သူမစိတ်တွေဖြေလျော့ရာနေရာလေးတစ်ခုဟု.....ပြောလျှင်လည်း ရမည်ထင်ပါသည်။

ရေစပ်နားတွင် သူမ အသာအယာထိုင်ချလိုက်မိ၏။ ယွန်းဗူးထဲမှ ခရေပွင့်အနည်းငယ်ကို ထုတ်ယူလိုက် ရင်း....ရေစပ်တွင် အသာအယာချပေးလိုက်မိသည်။ ခရေပွင့်ခြောက်လေးများက တစ်ခဏအတွင်း သူမရဲ့ မြင်ကွင်းထဲမှ ပျောက်ကွယ်စွာဖြင့်... သူမနှင့်ဝေးရာဆီသို့ မျောပါသွားခဲ့ရသလိုရှိ၏။ သူမနှုတ်မှ အသာအ ယာ....ဆုတောင်းမိလိုက်သည်။

“ခရေပွင့်လေးတွေရယ်....။ ရှင်တို့ရဲ့သခင်ဆီကို ရောက်ခဲ့မယ်ဆိုရင်တော့..... သူ့ကို ကျွန်မသိပ်ချစ်ခဲ့မိ တယ်ဆိုတာကို ပြောပြပေးပါနော်”.... ဟူ၍ပင်.....။ ထို့အတူ သူမ၏ စိတ်ဝိညာဉ်များသည်လည်း ရံဖန်ရံခါ တွင် မိုင်ထောင်ချီဝေးသည့် ခရီးကိုဖြတ်ကျော်ရင်း တစ်ချိန်က ခရေပင်လမ်းကလေးရှိရာဆီသို့ ရောက်ရှိနေ တတ်ခဲ့သေးတာ အမှန်ပင်ဖြစ်ပါသည်။

~~~~~@@@~~~~~

မည်သို့ပင်ဖြစ်ပါစေ....။ ထိုလမ်းမလေးအပေါ်မှ သက်ဆိုင်သူနှစ်ဦး၏ “အလင်းဖျော့ ဒိုင်ယာရီ”လေးတစ် အုပ်ကတော့ဖြင့် ကာလအတော်ကြာသည့်အချိန်ထိတိုင်အောင်....မှုန်ဝါးစွာဖြင့် ဆက်လက် တည်ရှိနေခဲ့ လိမ့်ဦးမည်ဖြစ်၏။         ။

                               ~~~~~@@@~~~~~@@@~~~~~@@@~~~~~


======================================================================
ကျေးဇူးစကား......
~~~~~~~~~~
ကျွန်တော်သိပ်နှစ်သက်တဲ့ တဂိုးရဲ့ ကဗျာလေးတွေကို ဘာသာပြန်ခဲ့တဲ့ ဆရာကြီးမြသန်းတင့်ရဲ့ ကဗျာစာ အုပ်လေး......။
အဖွင့်မှာ သုံးထားတဲ့ ကဗျာလေးကို ကြိုက်လို့ သုံးခွင့်တောင်းတော့ ကိုဏီးဆို တံခါးမရှိ၊ ဓားမရှိပါလို့....ခွင့် ပေးခဲ့တဲ့ ညီလေး လင်းခေတ်ဒီနို......(ဒီကဗျာလေးကို သူ ဘလော့ဂ်ပေါ်မတင်ဖြစ်ဘူး ဆိုပါတယ်း))
ပန်းချီလေးကို လူမှုရေးတွေကိစ္စအချို့နဲ့ အလုပ်များနေတဲ့ကြားက ကျွန်တော့်စိတ်ကူးထဲက ပုံစံအတိုင်း ဖြစ်အောင် ဆွဲပေးခဲ့တဲ့....မလေး(အိမ့်ချမ်းမြေ့)
ဒီဇာတ်လမ်းထဲကsenseအချို့ကို အမှတ်မထင်သိခွင့်ရခဲ့တော့ ရေးခွင့်တောင်းမိခဲ့တာကို ခွင့်ပြုပေးခဲ့သော တစ်စုံတစ်ဦး....။
ကျွန်တော်ရေးတဲ့ ဒီဝတ္တုလေးကိုစိတ်ရှည်လက်ရှည်ဖတ်ရင်း....ဒီဝတ္တုထဲက မသပ်မရပ်နဲ့ကျွန်တော် ဆိုထား တဲ့ သီချင်းလေးကိုအမှတ်မထင်နားထောင်မိသွားမယ့် ဘလော့ဂ်ရေးသော၊ မရေးသော စာဖတ်သူ သူငယ် ချင်းမောင်နှမတွေ အားလုံး......
ကျေးဇူးတင်ပါတယ်လို့ ....ခင်ဗျာ........။
=======================================================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို
(အလင်းဖျော့ ဒိုင်ယာရီ......)

25 comments:

ကိုရီး{ကိုကြီး} said...

ဦးဏီ

ခရေတွေနဲ့ ဇာတ်လမ်းရှိခဲ့မယ်ထင်တယ်
တော်တော်ကို ဖတ်ယူလိုက်ရတယ် {ရင်ထဲမကောင်းလို့ :) }
ဝတ္တုတိုလို့ပြောရမလား....
သတိထားမိတာက အမည် နာမ မသုံးပဲ သူ၊ သူမ တွေနဲ့သာ ပုံဖော်နိုင်စွမ်းလေးတွေ
(များသောအားဖြင့်)............
လေးစားမိပါတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုရီး{ကိုကြီး} said...

ဦးဏီ

အမြန်ပြန်လာတော့ဗျာ
စီးရီး "ရှယ်" ထုတ်ကြရအောင် :)
တော်တော် ဆိုတတ်တာပဲဗျ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ညီမလေး said...

အိပ်မက်ဆန်တယ်.....ဒါပေမဲ့ 愛するものを手放して見送るのも愛だって !!

အဖြူရောင်နတ်သမီး said...

မျောသွားးးးးးးးးတယ်..........
တကယ်ပဲ..........ဆွေးးးးးးးးးးး

ရွှေရတုမှတ်တမ်း said...

ဏီးဏီး....ကတော့ အရမ်းနုရွနေပါ့လား...
ဖတ်ရင်းတောင် ခရေလို ကြွေသွားတယ်

မြတ်မွန် said...

ဂွတ်တယ် ကိုဏီးရေ...
ခရေပန်းလေးတွေ ခုတစ်လော ဓာတ်ကျနေတယ်ပေါ့..
ခရေးပင်လေးမြင်တိုင်း လွမ်းနေတယ်ထင်ပါ့။

ကဗျာလေးတွေရယ်
ကဗျာဆန်တဲ့ပိုစ့်ရယ်
သီချင်းဆိုကလဲတော်
ဂစ်တာတီးကလဲကောင်း
ဒီပိုစ့်လေးကို သေသေခြာခြာတွေးရေးထားလိုက်တာ ...
ဇာတ်ဝင်ခန်းတစ်ချို့ကို ကြည့်နေရသလိုပါပဲ ကိုဏီးရေ...
အထူးသဖြင့် ကိုယ်တိုင် သီဆိုထားတဲ့ အသံကိုထည့်ထားတာ..
တော်တော်လေး ကောင်းတယ် ကိုဏီး။

ဒို့အကိုကြီး စိတ်ကူကောင်းပါပေ့။

လင်းခေတ်ဒီနို said...

ကိုဏီး သီချင်းဒေါင်းသွားတယ်

သော်ဇင်စိုး said...

အိုင်ဒီယာတွေက နုဖတ်နေတာပဲ.. ငုံဖူးနေတဲ့ အချစ်ပန်းတွေ အားကုန် ပွင့်လိုက်ဖို့ မကြိုးစားမိတာ ဘာတွေကြောင့်လဲလို့ တွေးမိတယ်..
ဘ၀မှာရေးကြီးတာက တစ်ခြားအရာတွေဖြစ်နိုင်ပေမဲ့..
အချစ်မှာ အရေးကြီးတာကတော့ ခရေတွေဆိုတာ တိကျတဲ့အဖြေတစ်ခုပါ..
သူမမျောလိုက်တဲ့ ခရေတွေ....
သမုဒ္ဒရာရေစီးကြောင်းတွေကို ဆန်တက်ပြီး... မာလာကာ ရောက်လာပါစေ..
သူမ မှာလိုက်တဲ့ စကားတိုးတိုးလေးလည်း ခရေတွေပြန်ပြောပြနိုင်ပါစေ...
ညီလေး..
သော်ဇင်..

ခြင် said...

ဏီင်္ရေ... နင်ဆိုတဲ့ သီချင်းက ဆိုဒ်ဘားကလားဟင်.... မိုက်လှချီလား နာ့တူငယ်ချင်း... ဂယ်မိုက်တယ်ကွာ....

ဇာတ်လမ်းလေးလဲ မိုက်... လက်ခုတ်တွေ အများကြီးပေးတွားဂျောင်းပါ....

ခြင် said...

ဆောတီးဏီဏီရေ... ပိုင်စိုးမှု အေကရီ သီချင်းလေး ကောင်းတယ်.... ပို့ကိုလဲ နောက်တခေါက်ဖတ်တွားတယ်... တော်တယ် တူငယ်ဂျီး.... တော်တယ်ကွာ... :P

TYZ said...

ညက ကိုဏီလင်းညို ပို့စ်တင်နေတုန်းအချိန် ရောက်လာလို့ ၀င်ဝင်ဖတ်တိုင်း error ပြလို့ အခုမှပြန်လာဖတ်ဖြစ်တယ်။ အရေးအသားကိုတော့ ကြိုက်ပြီးသားပဲလေ။ ကိုယ်တိုင်ဆိုထားတဲ့ သီချင်းလေးလည်းအရမ်းကောင်းတာပဲ။ ဂစ်တာသံနဲ့ သီချင်းတွေ နားမထောင်ရတာ ကြာလှပေါ့။ ဒါကြောင့် မှတ်မှတ်ရရ ဒေါင်းသွားတယ်။ ခရေပန်း၊ ခရေဇာတ်လမ်းနဲ့ ဂစ်တာသံတွေအတွက် ကျေးဇူးအထူးတင်ပါတယ်နော်။ ကျန်းမာရေးလည်းဂရုစိုက်ပါဦး..

TYZ said...

သီချင်းက ဒေါင်းလို့မရဘူးလားဗျို့... ကူပါဦးနော်။ :P

သိင်္ဂါကျော် said...

အလွမ်းဇာတ်ကလေး ဖတ်သွားပါတယ်..
မပြီးသေးတဲ့ ဇာတ်လမ်းလို့ ထင်တယ်.. happy ending ကြိုက်တဲ့သူမို့ ကိုယ့်ဟာကိုယ်ပဲ စိတ်ထဲမှာ ပေါင်းပေးလိုက်တော့မယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ရင်ထဲက ဆွေးမြည့်နေတဲ့ ခံစားချက်လက်ကျန်တွေနဲ့ ရေးဖွဲ့ထားပုံရတယ်..
ဖတ်ပြီး လူတောင် လွင့်မျောသွားတာဘဲ။
ခရေပန်းနံ့လေးတောင် ဝေ့၀ဲလာတယ်..
လွမ်းလိုက်တာအေ...
ညီးဝတ္ထုဖတ်ရတာ မောင်စိန်ဝင်းဖတ်ရသလိုလို ဘာလိုလို ခံစားလိုက်ရတယ်
တကယ်စာရေးဆရာ တစ်ယောက်က ရေးထားသလိုပါဘဲ
နူးနူုးညံ့ညံ့တွေနဲ့ ဖတ်ရတာ မျောသွားတယ်

မြစ်ကျိုးအင်း said...

မရှိတော့တာသေချာတာတောင် အငွေ့အသက်လေး ကျန်နေမလား ဆိုတဲ့ အတွေးလေးက ထိတယ် သယ်ရင်း

ဘလော့ဂ်ဂါ အဆိုတော်ကြီး ဖြစ်တော့မယ်တူတယ်။

အုပ်ကြီး said...

အားပါးပါး ..
အစ်ကိုရေ .. တစ်မျိုးကြီးခံစားရတယ် ..
ညီအစ်ကို ၊အစ်မဘလော့ကာတွေနဲ့ စည်းစည်းရုံးရုံးပါလားဗျာ ..

ဝက်ဝံလေး said...

အစဆုံး နားထောင်သွားတယ် သီချင်းကို
မိုက်လှချည်လား ဝက်လောက်နီးနီးတော်တယ်
စိုးးးးးးးးးးးးးးရိမ်တယ် ဆိုတာကို တခါတခါဆောင့်အော်တယ်နော် ဟီးးးး

လင်းမြကြည်ဖြူ said...

စာအရေးကောင်းပြီး သီချင်းလည်း အဆိုကောင်းပုံရတယ်
အဖွဲ့အနွဲ့တွေ တအားကောင်းတာပါဘဲ။
ဖတ်ရတာ နူးညံ့တဲ့ အရေးအသားတွေကြောင့် နှစ်ခြိုက်စွာခံစားဖြစ်တယ်
အဆုံးသတ်လေးကတော့ စိတ်မကောင်းစရာ။
မဆုံးဖြစ်တော့တဲ့အချစ်တွေက လွမ်းမောဖို့သိပ်ကောင်းတာဘဲ။

စိတ်၏ဖြေရာ said...

အဆိုကောင်း၊အတီးကောင်း၊အတွေးကောင်း၊အရေးကောင်း၊
ပြီးတော့ အဆွေးကောင်း..

အိမ့်ချမ်းမြေ့ said...

အလွန်ကို နူးညံ့ သော … နှစ်သက်ဖွယ်သော … လွမ်းမောဖွယ်သော … သိင်္ဂါရ ရသ မြောက်သော… စာစုလေးပါပဲ ….
ကုက္ကိုလ်ပင်ရိပ်တွေ.. ခရေပင်တွေ... ပူနွေးစွတ်စိုတဲ့ မိုးပြေးလေးတွေနဲ့..
ဝေးနေရတဲ့ သူ အဖို့.. တမ်းတ စရာပါ...

သီချင်းဆိုတာလည်း အလွန်ကို ကောင်းပါသည်…

အဆုံးမှာ ဂစ်တာကို ဖိပစ်လိုက်တာပဲ ဆိုးတာ… ;)

ခင်မင်လျှက်..
မလေး

ဆွေလေးမွန် said...

ကိုဏီး ကတော့ရေးလိုက်ရင် လွမ်းခန်းနဲ့ စိတ်ကူးလေးတွေကနူးညံ့နေတာပဲ။
သီချင်းလဲ နားထောင်သွားသေးတယ်။

Anonymous said...

အဆောင်ရှေ့ပြန်ရောက်သွားသလိုခံစားရတယ်... ။
မိုက်တယ်...။ ဂစ်တာသံ မကြားရတာ ကြာပြီ။

Anonymous said...

သူမ က သူငယ်ချင်းတွေပြောလို့  ဒီ Blog လေးကိုအမှတ်မထင်ရောက်
ဒီ Post လေးကိုဖတ်ဖြစ်ပြီး
ဒီသီချင်းလေးကိုနားထောင်ပြီးမှတ်မိသွားတယ်
ဒီခရေပန်းလေးတွေရဲ့ ပိုင်ရှင်ဟာ သူ့ ကိုမမေ့နိုင်ဘူးဆိုတာသိသွားတော့ ``````````

(နောက်တပုဒ်ထပ်ဆက်ရေးပေးပါနော် ဒီလိုနဲ့ တော့အဆုံးမသတ်လိုက်ပါနဲ့  )

ယွန်း said...

ကိုဏီးး
တကယ်ပဲ ..လွမ်းစရာတွေ ..ရေးတတ်လိုက်တာ.
သီချင်းလေးကလဲကောင်း..( တို့ အစ်ကိုက အသံကောင်းတယ်နော်)
ဒေါင်းသွားတယ် ..သိမ်းထားမလို့ ..

jasmine(တောင်ကြီး) said...

ဗညာရဲ့ကဗျာလေးနဲ့စစချင်းဖွင့်ထားပြီး
ရေးသားသွားပုံလေးကစာဖတ်သူကိုဆွဲခေါ်သွား
သလိုပါပဲ....ကဗျာတစ်ပိုဒ်စာတစ်ပိုဒ်နဲ့
အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတယ်....
ငယ်ငယ်တုန်းကဂီတာသံတွေကိုလဲအမှတ်ရနေမိတယ်
ခင်မင်တဲ့ jasmine