Tuesday, September 28, 2010

ရေစီးထဲမှာ......

စမ်းရေထဲတွင် ပန်းတွေမျောပါနေကြသည်။
စမ်းချောင်းလေးက သိပ်မကျယ်လှ.....။
သို့သော်လည်းအောက်ခြေကို ခန့်မှန်းကြည့်မိလို့မရနိုင်လောက်အောင်ပင် နက်ရှိုင်းလှ၏။
ထို့အပြင် အဆုံးအစမဲ့သည်ဟု.... ထင်ရလောက်အောင်ပင် ရှည်လျားလှသေးသည်။ ခရီးဆုံး ဘယ်ဆီမှာ မ သိနိုင်လောက်အောင်ပင်ဖြစ်ရ၏။
စမ်းချောင်းလေးသည် နက်ရှိုင်းလှစွာသောတောအုပ်တစ်ခုအတွင်းတွင် ဖြတ်သန်းစီးဆင်းနေခဲ့တာဖြစ်၏။



ဘေးတစ်ဖက်တစ်ချက်မှတောအုပ်ထဲတွင် အဖိုးတန်၊ ရှားပါးတိရစ္ဆာန်များနှင့် သဘာဝသယံဇာတများရှိသည်။ ထို့အပြင် သိပ်သည်းစွာဖွဲ့စည်းထားသော တောမာယာနှင့် အန္တရာယ်အသွယ်သွယ်တို့လည်းရှိနေသေး၏။

သို့သော်လည်း စမ်းချောင်းကလေးသည် မြည်သံစွဲအလင်္ကာတစ်ခုကို ရေစီးသံအသွင်ဖြင့်မြည်တမ်းစေလျှက် ခပ်တိုးတိုးစီးဆင်းနေခဲ့လေသည်။

တစ်ခါတရံတွင် စီးဆင်းနေသော စမ်းချောင်းကလေးရဲ့မျက်နှာပြင်ထက်ကို နူးညံ့သောလေပြေညင်းများက ထိခတ်ရှိုက်နမ်းသွားကြသလို....၊ တစ်ခါတစ်လေတွင်တော့ လေနီကြမ်းမုန်တိုင်းများက ခပ်ကြမ်းကြမ်းပင် ရိုက်ခတ်နင်းဖြတ်သွားတတ်ကြသေးသည်။

မည်သို့ပင်ဖြစ်ပါစေ......
စမ်းချောင်းကလေးထဲမှရေစီးကြောင်းလေးထဲတွင် ပန်းပွင့်လေးများကတော့ ဥတုသုံးလီ၊ ရာသီမရွေးပဲ ရွေ့ လျားစီးဆင်း မျောပါနေကြ၏။

~~~~@@@~~~~

ရေစီးကြောင်းလေးတစ်ခုအတွင်းမှပန်းပွင့်လေးများသည် အရောင်အသွေးစုံဖြစ်၏။ တစ်မျိုးစီလှကြတာမို့ လှပ ပုံခြင်းမတူညီကြ။ ထို့အပြင် ရနံ့နှင့် ပုံပန်းသဏ္ဍာန်လည်း ကွဲပြားကြသေးသည်။ အချို့မှာ တူသယောင်ရှိသည် ထင်ရသော်လည်း သေချာကြည့်သောအခါ(ကြည့်တတ်လာသောအခါ) ကွဲပြားခြားနားလာမှန်းသိရတော့၏။ အချို့ပန်းပွင့်များမှာ ရင့်ကျက်၊ တည်ငြိမ်စွာ လှ၏။ အချို့ပန်းပွင့်များမှာ နုပျို၊ တက်ကြွစွာ လှ၏။ အချို့မှာ ပူ လောင်စွာလှပနေကြပြီး အချို့မှာ ငြိမ်းချမ်းစွာလှပနေခဲ့ကြ၏။ သို့သော် ခြုံငုံပြီးသုံးသပ်ကြည့်မည်ဆိုလျှင် ပန်း ပွင့်အားလုံးလိုလို လှပကြသည်။

ထို့အပြင် ပန်းပွင့်လေးများသည် ရနံ့စုံလင်လွန်းလှ၏။ ပန်းပွင့်တစ်ပွင့်တိုင်းစီတွင် ရနံ့တစ်မျိုးစီရှိသည်။ သို့သော် အချို့ပန်းပွင့်လေးများမှာ ရနံ့ပေါင်းစုံမွှေးတတ်ပြန်လေ၏။ ထိုအခါ ထုံသင်းလွန်းသောကြောင့် ရနံ့ မှာ ခပ်အီအီဖြစ်သွားတတ်သည်။ ပန်းပွင့်လေးများဆီမှ ကိုယ်စီထုတ်လွှတ်တတ်သောရနံ့များကြောင့် လေထု ထဲတွင် ၀ဲပျံနေခဲ့လေသော ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးများသည် ရစ်ဝဲစွာဖြင့် နားခိုတတ်ကြလေ၏။ သို့ သော် ရနံ့မွှေးခဲ့လွန်းသောပန်းပွင့်လေးများပေါ်တွင်သိပ်သည်းဆများစွာဖြင့် ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးများ ခိုနားတတ်ကြသည်။ မြင်ရသူတိုင်းနှစ်သက်ကြည်နူးဖွယ် မြင်ကွင်းလေးပင်ဖြစ်လေ၏။

ရေစီးကြောင်းထဲတွင် အတူတူစီးမျောရင်း ပန်းပွင့်လေးများသည် နီးစပ်ရာအချင်းချင်း ထိစပ်စွာ အပြန်အလှန် နမ်းရှိုက်တတ်ကြပြန်သေးသည်။ သို့သော် အလှမ်းဝေးကွာလွန်းသော နေရာတွင်စီးဆင်းမျောပါနေသော ပန်း ပွင့်လေးများကိုမူ ထိစပ်ရန်၊ နမ်းရှိုက်ရန် အခွင့်မသာခဲ့ပြန်ကြပေ...။

မည်သို့ပင်ဖြစ်ပါစေ....။
ရေစီးကြောင်းထဲတွင်တော့ ပန်းပွင့်ကလေးများသည် ရွေ့လျားမျောပါနေခဲ့ကြ၏။

~~~~~@@@~~~~~

ပန်းပွင့်လေးများ ရေစီးထဲတွင်မျောပါနေပုံမှာလည်း ရုတ်တရက်ကြည့်လျှင် အတူတူဟု ထင်နိုင်စရာဖြစ်၏။ သို့သော်.... သေသေချာချာကြည့်လေသောအခါ......

အချို့က အရှိန်အဟုန်ကောင်းကောင်းဖြင့် သပ်သပ်ရပ်ရပ် စီးဆင်းနေကြ၏။

အချို့က အရှိန်အဟုန်ကောင်းသော်လည်း ဖရိုဖရဲဖြင့် စီးဆင်းကြ၏။

အချို့က တည်ငြိမ်စွာ ဖြည်းဖြည်းမှန်မှန်စီးဆင်းကြ၏။

အချို့က ဖြည်းဖြည်းမှန်မှန်စီးဆင်းသော်လည်း....ဟိုချောင်ကပ်၊ ဒီချောင်ကပ်ဖြင့် မတည်မငြိမ်စွာစီးဆင်းကြ ပြန်လေသည်။

အချို့က အစပိုင်းတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် စီးဆင်းသော်လည်း နောက်ပိုင်းတွင် ဖြေးဖြေးမှန်မှန် စီးဆင်းသွားကြ၏။

အချို့က အစပိုင်းကတည်းက ဖြည်းဖြည်းမှန်မှန်စီးဆင်းသွားနေကြတာ.....ခရီးဆုံးမရောက်ခင်အထိ....။

အချို့က အစပိုင်းတွင် မှန်မှန်စီးဆင်းနေသော်လည်း ရုတ်တရက်ကောက်ကာငင်ကာ အရှိန်အဟုန်ဖြင့် စီးဆင်းမျောပါကြပြန်လေ၏။ ထိုအခါ သပ်ရပ်မှုရှိဖို့ အတော့်ကိုကြိုးစားကြရပြန်လေသည်။

အချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းနေရင်း လမ်းခုလတ်တွင် နစ်မြုပ်သွားကြ၏။
အချို့က ကိုယ်တိုင်ပြန်နှစ်မြုပ်ပစ်လိုက်ကြပြန်သည်။

ထိုအခါ ကျန်သောပန်းပွင့်လေးများက နှမြောတသဖြစ်စွာဖြင့် ၀မ်းနည်းစွာရေရွတ်ညည်းတွားတတ်ကြလေ၏။ သို့သော်ကြာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပြန်သေး၏။

ရံဖန်ရံခါဆိုသလို ရေစီးကြောင်းထဲတွင် အသစ်အသစ်သော ပန်းပွင့်လတ်လတ်ဆတ်ဆတ်လေးများစွာ စုပြုံ စီးဆင်းတာကိုလည်း မြင်တွေ့နိုင်ကြသေးသည်။ပန်းပွင့်အသစ်လေးများ စီးဆင်းမျောပါကြသည်ကိုမြင်ရသော မြင်ကွင်းလေးများသည် ပြောရမည်ဆိုလျှင် တက်ကြွ၊ လန်းဆန်းလွန်းနေခဲ့သည်။ မြင်သူတိုင်းနှစ်သက်ဖွယ် ပင်ဖြစ်လေ၏။

မည်သို့ပင်ဖြစ်ပါစေ ပန်းပွင့်လေးများသည် ရေစီးကြောင်းထဲတွင် ရွေ့လျားမျောပါနေခဲ့ကြဆဲဖြစ်၏။ မျောပါနေ ခဲ့ကြဦးမည်မှာ သေချာနေပြန်လေသည်။ ခရီးဆုံးမရောက်ခင်အထိဟု ပြောလျှင်ရနိုင်မည်ထင်ပါသည်။

ထိုအထဲတွင် ရနံ့မရှိသော သစ်ရွက်ဆွေးတစ်ရွက်သည် ဟိုချောင်ကပ်၊ ဒီချောင်ကပ်ဖြင့် တွန့်ဆုတ်၊ တွန့်ဆုတ် နိုင်စွာ စီးဆင်းမျောပါနေခဲ့လေသည်။ မည်သည့်အချိန်တွင် နှစ်မြုပ်သွားမလဲ.....၊ ကိုယ်တိုင်ပြန် နှစ်မြုပ်ပစ်လိုက်မိမလဲ....ဆိုတာ ထိုသစ်ရွက်ဆွေးကိုယ်တိုင်ပင် ဘာသာပြန်ပြီး မသေချာခဲ့သေး.....။ သေချာ သည်ကတော့ အချိန်ကစကားပြောသွားလိမ့်မည်..... ထင်၏။

~~~~~@@@~~~~~

စမ်းရေထဲတွင် ပန်းတွေမျောပါနေခဲ့ကြလေသည်။

                            
                            ~~~~~@@@~~~~~@@@~~~~~@@@~~~~~



ပြောချင်တာလေးတချို့.....
~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့ရက်ကမှ ကျွန်တော့်ဘလော့ဂ်လေးကို သေသေချာချာပြန်ကြည့်မိတော့ တစ်နှစ်ကျော်သွားခဲ့တာကို သတိထားမိလိုက်ရပါတယ်...။ အထိမ်းအမှတ်နေ့တွေနဲ့ သိပ်ရင်းနှီးကျွမ်းဝင်စွာမရှိတတ်တဲ့အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်လေး တစ်နှစ်ပြည့်သွားတာကို ခုမှသိရပါတယ်....။ သိလိုက်ရတော့ အမှတ်တရတစ်ခုခု ရေးချင်လာလို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ.....။

အားလပ်ချိန်နည်းလွန်းလှတဲ့ ကျွန်တော့်အတွက် အလုပ်က ကင်တင်း(န်)ဆင်းချိန်တွေမှာ စာအုပ်ထဲမှာရေး၊ အိမ်ပြန်ရောက်တော့ စက်ထဲမှာပြန်ရိုက်ထည့်ပြီးဆက်ရေးနဲ့ ရေးဖြစ်ခဲ့တဲ့ မတောက်တခေါက်စာလေးတွေကို ဟိုးတုန်းကတည်းကနေပြီး...ခုချိန်ထိ လာရောက်ဖတ်ရှုပေးနေခဲ့တဲ့.....၊ ပေးနေဆဲဖြစ်တဲ့....ရေးဖော်ရေးဖက် မောင်နှမတချို့နဲ့ စာဖတ်ပေးသူ သူငယ်ချင်းမောင်နှမများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ဒီနေ ရာလေးကနေပြီး လေးစားချစ်ခင်စွာ ပြောလိုက်ပါတယ်ခင်ဗျာ....။

အခုနောက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့်ရယ်...၊ စိတ်ခံစားမှုအခြေအနေတချို့ကြောင့်ရယ် စတာတွေ ပေါင်းပြီး ကျွန်တော် ဘလော့ဂ်သိပ်မလည်ဖြစ်တော့၊ မဖတ်ဖြစ်တော့ပေမယ့်.....ကျွန်တော်ရေးချင်တာလေး တွေကိုရေးပြီးတင်လိုက်မိတိုင်း......လာရောက်ဖတ်ရှုအားပေးရင်း ကွန်မန့်လေးတွေချန်သွား၊ စီဘောက်မှာ နှုတ်ဆက်သွားကြတဲ့(လူနည်းစု)မောင်နှမတချို့ကိုလည်း လေးနက်စွာကျေးဇူးတင်ကြောင်းထပ်ပြီးပြောချင်ပါ သေးတယ်ဗျာ....။

စာလာဖတ်ပေမယ့် ကွန့်မန့်မချန်ဖြစ်၊ စီဘောက်မှာမနှုတ်ဆက်ဖြစ်ခဲ့တဲ့ အမည်မသိ စာဖတ်သူ သူငယ်ချင်း မောင်နှမများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေခင်ဗျာ.....။

တစ်နှစ်ကျော်ကျော်လုံးနေမှ ကျွန်တော်ကိုယ်တိုင်ရေးတဲ့ ကဗျာ၊ ၀တ္တုတို၊ အက်ဆေးနဲ့ ခံစားမှုစာစု စတဲ့ စာ တိုပေစ (၆၄) ပုဒ်လောက်မှာ ကိုယ်တိုင်မရည်ရွယ်ခဲ့မိပေမယ့် ဖတ်မိခဲ့သူတချို့အတွက် စိတ်အနှောက်အ ယှက်ဖြစ်စေခဲ့မယ်ဆိုရင် ဒီနေရာလေးကနေပြီးနူးညွှတ်စွာ တောင်းပန်အပ်ပါတယ်ခင်ဗျာ....။

~~~~~~~~~~

=====================================================
ဒီပို့စ်ထဲမှာ ပါတဲ့ သီချင်းလေးက မလေး (မအိမ့်ချမ်းမြေ့) ဆီကနေ ကျွန်တော် ခိုးထားတာပါ....:D
ပုံလေးကိုတော့ ဒီနေရာလေးကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
=====================================================
ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို
(ရေစီးထဲမှာ......)

26 comments:

မိုးယံ said...

မနည်းလိုက်ဖတ်နေရတယ်။ ကိုယ်လဲ ရေစီးထဲ မျောသွားမှာစိုးလို့

ကိုဏီက ပို့စ်အရေအတွက်တာ သားနည်းတာ တစ်ပုဒ်ဆို တစ်ပုဒ်ခိုက်တယ်

ကျန်းမာရေးလဲ ဂုစိုက်။ ဟိုဒင်းတွေလျှော့သောက်။ များများရှိတယ်ဆိုရင် လှမ်းခေါ်လိုက် အပြေးလေးလှမ်းလာမယ်။ ဂယ် ပေါတာ

ဂြီ

အုပ်ကြီး said...

ရေစီးကြောင်းထဲမှာ ပန်းတွေမျောနေသလိုပါပဲ...
ကျွန်တော်တို့ တစ်တွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်စီးမျောဆဲပေါ့ဗျာ ..


အစ်ကိုရေ ..
ဘလော့လေး၁နှစ်ကျော်သွားတာ ဝမ်းသာစရာပါခင်ဗျာ ..
ဒီကို လာဖြစ်ပေမယ့် ကျွန်တော်လည်း သိပ်မမန့် ဖြစ်တော့
မရင်းနှီးကြဘူးနော် ..

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်နှစ်ပြည့်မှသည် စိတ်ဆန္ဒရှိသလောက် စာတွေရေးနိုင်ပါစေ။
နှစ်ပေါင်းရှည်ကြာလို့တော့ မပြောလိုတော့ပါဘူး။ လူတိုင်းဟာ ကိုယ်ဆန္ဒရှိတဲ့ အချိန်အတိုင်းအတာထိသာ စမ်းချောင်းလေးထဲမှာ စီးမျှောနိုင်ကြမှာမို့ပါ။
စီးဆင်းနေချိန်တွင်းမှာတော့ မှန်မှန်ကန်ကန် သပ်သပ်ရပ်ရပ်လေး စီးဆင်းနိုင်ဖို့ ကြိုးစားရမှာပေါ့နော်။
ဘယ်သူကမှ နှစ်တွေအကြာကြီး စီးဆင်းနိုင်မှာ မဟုတ်ပါဘူး။
အခိုက်အတန့်လေးသာပါ။
ဒီအချိန်လေးမှာ ပတ်ဝန်းကျင်ကို သာသာယာယာ ဖြစ်စေအောင်ဘဲ လှပစွာ စီးဆင်းသွားနိုင်ဖို့ ကြိုးစားရမှာပါ။ ပန်းပွင့်တွေအားလုံး သာယာလှပစွာ စီးဆင်းနိုင်ကြပါစေ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာဖတ်သွားတယ် ဏီလင်းညို။

အတွေးကောင်း စာရေးကောင်းသူမို့ ပိုစ့်အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ်။ ကွန်မန့်သာ မရေးဖြစ်တာ။

ရေစီးကြောင်းဆိုတာ စဉ်ဆက်မပြတ် စီးဆင်းကြတာမို့ ရေးစီးထဲမှာ ပိုစ့်ကို ရေးတဲ့ ဏီလင်းညိုလဲ အစစ အဆင်ပြေစွာ စီးဆင်းနိုင်ပါစေလို့ တစ်နှစ်ကျော်သွားခဲ့ ဘလော့ဂ်သက်တမ်းအတွက် ဆုမွန်ခြွေပါတယ်။

စာတွေ ဆက်ရေးပါ။ အားပေးနေပါတယ်။

ခင်မင်စွာ
နန္ဒာ (SMNTL)

TYZ said...

ကိုဏီလင်းညိုရေ........ ပို့စ်တွေတိုင်းမှာ လေးနက်တဲ့အတွေးတွေ ပေးနိုင်တယ်နော်။ တန်ဖိုးရှိတဲ့ပို့စ်လေးအတွေအတွက်ကျေးဇူးပါ။ ဘလော့ (၁) နှစ်ပြည့်မှသည် ဆန္ဒရှိတဲ့အချိန်အထိ ဆက်လက်ရေးသားနိုင်ပါစေ။ ရေစီးထဲမှာလည်း လိုရာကိုလိုသလို ချောချောမွေ့မွေ့ဖြတ်သန်းစီးဆင်းနိုင်တဲ့ ပန်းတစ်ပွင့် ဖြစ်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ.....။

မြစ်ကျိုးအင်း said...

တွန်းတိုက်ပြီးမှ ရှေ့ရောက်မယ် ၊ ဗန္ဓုလ ဝါဒလို တခြားကို ဖိနှိပ်ထောင်းပြီးမှ ရှေ့ရောက်မယ်ဆိုရင် ငါတို့ ကမ်းစပ်မှာပဲ ရပ်ကျန်ကြစို့။ (ဒါမျိုးတွေက ရှိတယ်လေ.. သိမှာပါ။)

ရပ်တည်ခဲ့ချိန် သိက္ခာရှိဖို့နဲ့ လိပ်ပြာလုံဖို့ အရေးကြီးဆုံးပဲ မဟုတ်လား။
ရွှေ့လျားနိင်သ၍ မွှေးပျံ့စွာ ဆက်စီးဆင်း နိင်ပါစေ သူငယ်ချင်း။

Anonymous said...

ကွန်မန့် မပေးသွားဘူး အမည်မသိနဲ့ လာတာနော် BN

ကိုရီး{ကိုကြီး} said...

ကိုဏီ

တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာများဆက်လက်ရေးသားနိုင်ပါစေ
ဟုတ်ပါတယ်..... ပိုစ့်လေးထဲကအတိုင်းပေါ့.....
ဘဝတစ်ခုနဲ့ နှိုင်းယှဉ်ရင်တော့ ပုံစံအမျိုးမျိုးနဲ့ စီးဆင်းဆဲ စီးဆင်းမြဲပေါ့
အချိန်အတိုင်းအတာ တစ်ခုရောက်ခဲ့ရင်တော့.... ။ ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
တနှစ်ပြည့်မှနောင်နှစ်တွေများစွာအထိဆက်လက်ရေးသားနိုင်ပါစေ.။
ဖြူစင်သန့်ရှင်းလှတဲ့ စမ်းချောင်းလေးထဲမှာအဆက်မပြတ်စီးဆင်း
နိုင်ပါစေလို့မျှော်လင့်မိပါတယ်။
ကျန်းမာရေးလည်းဂရုစိုက်ပါ..။
ခင်တဲ့
သဒ္ဓါ

မယ့်ကိုး said...

စာအမြဲလာဖတ်ဖြစ်ပါတယ်။ ကွန်မန့်မရေးဖြစ်ခဲ့တာ စိတ်မရှိစေချင်ပါဘူး။
တစ်နှစ်ပြည့်မှစ ရာသက်ပန် လှပသောအဖွဲ့များ ဒီblog လေးထက်မှာ စွဲမြဲထွန်းလင်းပါစေလို့

မြသွေးနီ said...

ကိုဏီရေ...
သပ်ရပ်လှပတဲ့ တစ်နှစ်ပြည့်ပို့စ်လေးပါဘဲ..။
စမ်းရေမှာ ပန်းတွေ စီးမျောနေတာ ၀မ်းသာကြည်နူးစရာပါ..။
ကိုယ်တိုင်လည်း ဘယ်အချိန်ထိ စီးမျောခွင့်ရမလဲ စဉ်းစားမိပါတယ်။
စီးမျောနေစဉ်ကာလလေးမှာတော့ ပန်းပွင့်တိုင်းကို လှပစွာ အေးချမ်းစွာ စီးမျောခွင့်ရစေချင်ပါတယ်ရှင်..။

အဖြူရောင်နတ်သမီး said...

Happy Anniversary.....ပါ ကိုဏီရေ..
Blog သက်တမ်း (၁)နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင်
ရသပေါင်းစုံကို ပေးစွမ်းရင်း
စမ်းချောင်းလေးထဲမှာ ဆက်လက်စီးမျောနိုင်ပါစေရှင်...။


ခင်မင်စွာဖြင့်..
အဖြူရောင်နတ်သမီး
(စီးမျောနေဆဲ ပန်းတစ်ပွင့်)

sosegado said...

ရေစီးနှင့် လိုက်သွားတယ်ဆိုတော့ ခရီးဆုံးက ပင်လယ်၊သမုဒ္ဒရာပဲလေ၊
ရေစီးနှင့်လိုက်ရင်း တစ်နှစ်ပြည့်သွားပြီပေါ့၊
အရာရာအဆင်ပြေပါစေ။

~ဏီလင်းညို~ said...

မိုးယံ>>> ကျေးဇူးပါညီလေး....။ အခုတော့ ကိုဏီမသောက်သေးပါဘူး....။ သောက်ရင် လှမ်းခေါ်လိုက်မယ်နော်ဗျာ.....:D

အုပ်ကြီး>>> ခင်မင်သိကျွမ်းရတာ......မင်္ဂလာပါ....အုပ်ကြီးရေ့...။

ချော>>> ဟုတ်ကဲ့ဗျာ မချော....။ ကျွန်တော်လည်း ထပ်တူဆန္ဒဖြစ်မိရပါတယ်.....။

Soe Mya Nandar Thet Lwin (Borros Roxo) >>> ဟုတ်ကဲ့ မနန္ဒာ....။ ကျေးဇူးအထူးတင်မိပါတယ်....။

TYZ >>> ဆုတောင်းပေးတာ ကျေးဇူးပါ ညီမသံယောဇဉ်....။

မြစ်ကျိုးအင်း>>> မျှစ်ရဲ့ စကားလေးကို သဘောကျမိပါတယ်...။ ဟုတ်တယ်...။ ကိုယ်ဆိုလည်း....အဝေးကြီးမှာ နေခဲ့မိမှာပါပဲ.....။ ဆုတောင်းပေးတာကျေးဇူး......သူငယ်ချင်း....။

အမည်မသိ>>> တစ်ကယ်ပဲ ဘယ်သူလဲဆိုတာ မသိပေမယ့် ကျေးဇူးပါခင်ဗျာ...........။

ကိုရီး{ကိုကြီး} >>> ဟုတ်ကဲ့ ကိုကြီး....။ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့ဗျာ...။ လောလောဆယ်တော့........

သဒ္ဓါလှိုင်း >>> သဒ္ဒါရေ့........ကျေးဇူးပါခင်ဗျာ....။ အစွမ်းရှိသလောက်တော့ ရေးမိနေဦးမယ် ထင်ပါတယ်.......။

မယ်ကိုး >>> မယ်ရေ့.......ကျေးဇူးပါခင်ဗျာ....။ တောင်းပေးတဲ့ ဆုနဲ့ ပြည့်ချင်မိပါတယ်....။

မြသွေးနီ >>> ဟုတ်ကဲ့ အစ်မမြသွေး....။ ကျွန်တော်လည်း....ထပ်တူထပ်မျှ ဆန္ဒဖြစ်မိရပါတယ်.....။ ကျေးဇူးပါ.....။

အဖြူရောင်နတ်သမီး >>> နတ်သမီး နာမည်အသစ်လေးက မိုက်တယ်.....။ ပေးတဲ့ ဆုနဲ့ပြည့်ပါစေဗျာ....။ ဆုတောင်းပေးတာ ကျေးဇူး.....။

sosegado >>> ဟုတ်ကဲ့ ကိုဆိုဆီ.....။ အရောက်လာခဲ့လို့ ကျေးဇူးပါ.....။

ခင်မင်ခြင်းအားဖြင့်.......
~ဏီလင်းညို~

SHWE ZIN U said...

တနှစ်ပြည့် ကနေ နှစ်ပေါင်းများစွာထိ ဆက်လက်စီးမျော နေကြမယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

chindwinthu said...

တစ်နှစ်ပြည့်မှသည် ဆန္ဒရှိနေသရွေ့ စာတွေရေးနိုင်ပါစေ။ လှပတဲ့ ပန်းပွင့်လေး အဖြစ် ပန်းတိုင်အရောက် ဆက်လက်စီးမျော နိုင်ပါစေ။

blackroze said...

ကိုဏီရေ...ညီမတို့လည်းဘဝဆိုတဲ့ရေစီးထဲမှာ
တလူးလူးတလိမ့်လမ့်နဲ့..စီးမျောနေကြတာဘဲလေ..
ကိုဏီပြောမှညီမလည်းကိုယ့်ဘလော့လေးကိုယ်ပြန်ကြည့်မိတယ်..
တနှစ်ပြည့်တော့မယ်..

bravo said...

အဲလိုလေးတွေလည်း ရေးတာပဲလားဗျို့ မိုက်တယ်

ဆွေလေးမွန် said...

ကိုဏီလင်းညိုက အတွေးကောင်း အရေးကောင်းဆိုတော့ ဖတ်ရင်းဖတ်ရင်း
ကိုယ်ပါမျှောသွားတယ်..

ဘလော့လေးတစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တွေးကောင်း ရေးကောင်းပါစေလို့ ခင်မင်စွာဖြင့်
ဆန္ဒပြုခဲ့ပါတယ်

ညလင်းအိမ် said...

ရေးလိုက်တဲ့စာတွေတိုင်း အဓိပ္ပါယ်ရှိလှပါပေတယ်ဗျာ ...
ကျွန်တော့်အစ်ကိုကို အရမ်းချီးကျူးပါဧ။် ...

ဘလော့ဂ်တစ်နှစ်ပြည့်လေးကို ခုမှ လာဆုတောင်းပေးရတာ ဆော်ရီးပါအစ်ကို ...

ကျွန်တော်ကတော့ သူများတွေနဲ့ မတူတဲ့ ဆုတောင်းလေးပေးမယ်...

စာပေရသအလှတွေကို ဆက်လက်ဖန်တီးရင်းနဲ့ အမြဲစိမ်းတောလေးမှာ ရာသက်ပန်ပျော်ရွှင်အေးချမ်းစွာ နေနိုင်ပါစေခင်ဗျာ ..

ခင်တဲ့ညီ
ညလင်းအိမ်

ရွှေရတုမှတ်တမ်း said...

သာမီးဏီးဏီး..ရေထဲမျောနေတုန်း ထမိန်ကျွတ်မကျန်ရစ်ခဲ့စေနဲ့..
ကုန်းပေါ်တက်ရင် ဖင်ပြောင်ဖြစ်နေမယ်..
တနှစ်သာမီးဆိုတော့..မာမီတို့ ခွေးမျိုးတွေဆိုရင် လင်ရပြီးပြီ..

Anonymous said...

ကိုဏီကြီး ကျန်းမာရေးဂရုစိုက်ဗျို့ ပန်းတိုင်းမွှေးပါစေဗျာ
ကိုမြစ်ကျိုးနဲ့ ကိုကျောက်မန့်တာ အရမ်းသဘောကျတယ်း)
အချိန်တွေအားပြီး စိတ်ပါလက်ပါ ဘလော့ရေးနိုင်ပါစေဗျား)

မောင်ဘကြိုင်

~ဏီလင်းညို~ said...

SHWE ZIN U >>> ဟုတ်ကဲ့ မကြီးရွှေစင်......။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ဟိုချောင်...ဒီချောင်ကပ်ရင်း......စီးနေဖြစ်မယ်နဲ့တူပါတယ်......။

chindwinthu >>> ဆုတောင်းပေးတာ......အထူးကျေးဇူးပါခင်ဗျာ...။

blackroze >>> ဒါဆို ပို့စ်ကြိုရေးထားလိုက်တော့လေ.......ညီမလေး...။

bravo >>> ညီလေးဇာဏီ...အတော်ပျောက်ချက်သားကောင်းနေတယ်....။ ကြာပြီ...။ သတိရမိပါတယ်ညီလေး.....။

ဆွေလေးမွန် >>> ဟုတ်ကဲ့....မဆွေလေးမွန်...။ ကျေးဇူးပါ....။ (တွေးလို့ကတော့ အတော်ကောင်းပါတယ်......း))

ညလင်းအိမ် >>> ကိုတူးပေးတဲ့ ဆုလေး...တစ်ကယ်ပြည့်ချင်မိပါရဲ့ဗျာ...။ ကျေးဇူးပါညီ.......။

ရွှေရတုမှတ်တမ်း >>> ကိုကြီးကျောက်...အားကြီးပြောတတ်တာပဲဗျာ....ဟား...ဟား...။
(ဟုတ်ပ......သီတင်းတောင်ကျွတ်တော့မည်......း))

မောင်ဘကြိုင် >>> ဟုတ်ကဲ့ ကိုဘကြိုင်....။ စာရေးဖြစ်ဖို့တောင် ခု...မနည်းကီးသွင်းနေရသလိုပါပဲဗျာ......း))

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ကိုဇော် said...

ကျန်းမာရွင်လန်းပြီး အမြဲတမ်း အောင်မြင် တတ်ကြွစွာ ရှေ့ဆက် လှမ်းနိုင်ပါစေ....

( ဘလော့ကို ကလိရင်း လင့်တွေက ဟိုရောက် ဒီရောက်မို့ အခုမှ ရောက်ဖြစ်တယ် )

စိတ်၏ဖြေရာ said...

ကျွန်မလည်းမအားလို့စာမရေးဖြစ်တာကြာပြီကိုဏီရေ။
ဘလော့တွေတော့အချိန်ရရင်လည်ဖြစ်ပါတယ်။
ကျမ်းမာစွာနဲ့စာတွေဆက်ရေးနိုင်ပါစေလို့ဘလော့၁နှစ်ပြည့်
မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။

နေ့အိပ်မက် said...

ရီဒါထဲမှာပဲဖတ်ပြီး ဒီမှာလာမဖတ်ရသေးလို့ တစ်ခေါက်ပြန်လာဖတ်သွားတာ၊ ကိုဏီလင်းညိုရေးတဲ့ ဖတ်ရတာတအားအရသာရှိတဲ့ စာတွေ အများကြီးထပ်ဖတ်ချင်ပါသေးတယ်။ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စာဆက်ရေးနိုင်ပါစေနော်။