Thursday, September 9, 2010

မူလအခြေအနေ




နွေနှောင်းလက်ကျန်ရက်များသည် မကြာခင်ရောက်လာတော့မည့်မိုးနေ့စွဲရက်များကြောင့် စိုပြေလာ တော့မယောင်ရှိ၏။ သို့သော် အခုချိန်ထက်ထိတော့ ညှိုးရော်ခြောက်သွေ့နေခဲ့ဆဲပင်ဖြစ်သည်။ နေ့လယ်ခင်း မို့လူရှင်းစွာတိတ်ဆိတ်နေခဲ့သောရွက်ကြွေလမ်းမလေးထက်တွင် သူ့ဘေးမှကပ်လျှောက်နေသော ကြည်ပြာ့ ရဲ့ဖိနပ်ရှပ်တိုက်သံကို ကြားနေရ၏။



“မိုးတွေတောင်ရွာတော့မယ်နော်....ဖိုးကျော်”.....
“အေးဟ”....

ကြည်ပြာ့စကားကို သူခေါင်းငြိမ့်ထောက်ခံလိုက်သည်။ ထို့အတူ လွန်ခဲ့သောသုံးရက်ခန့်က ခဏလောက်ရွာ သွားသောမိုးတို့ကိုပြန်လည်တမ်းတလာမိကာ ပူလောင်လွန်းသည့်နွေနေ့ရက်များကိုအမြန် ကုန်ဆုံးစေချင်မိ သောစိတ်လည်းဖြစ်ရ၏။

“ငါတော့ နွေရာသီလေးကို မကုန်စေချင်သေးဘူး”.....

ကြည်ပြာ့စကားကြောင့် သူလှည့်ကြည့်မိတော့ သူမကပြုံးပြသည်။ နောက် လက်ထဲမှ ဆိုင်းကြိုးတပ်ထားဆဲ ဖြစ်သော ခေါက်သိမ်းထားသည့်စွန်နှင့်ရစ်ဘီးလုံးတွဲရက်သားကိုထောင်ပြရင်း.....

“ဟုတ်တယ်လေဟယ်....၊ နွေရာသီကုန်လို့ မိုးတွေရွာလာရင် ငါတို့စွန်လွှတ်လို့ဘယ်ရတော့မှာလဲဟဲ့”......
“သြော်.....နင်က နင့်ရည်ရွယ်ချက်နဲ့နင် နွေရာသီကိုမကုန်စေချင်တာကိုး”....

ထေ့ငေါ့သော လေသံစွက်စွာသူပြန်ပြောမိတော့ ကြည်ပြာက ပခုံးနှစ်ဖက်ကိုစုံတွန့်ပြကာ ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ ယောက်ျားလေးဖြစ်သောသူနှင့်တန်းတူ မိန်းကလေးတန်မဲ့ စွန်လွှတ်တာကိုကြည်ပြာက ရူးရူးမူးမူးခုံမင်နှစ်သက်တတ်သူတစ်ယောက်ဖြစ်၏။ ‘ကောင်းကင်မှာဝဲနေတဲ့ စွန်လေးတွေကို မြေပြင်ပေါ်က နေပြီး ကြိုးလေးတစ်ချောင်းနဲ့ထိမ်းထားရတာ....၊ ကိုယ်လိုသလို အလျှော့အတင်းလုပ်ပေးနိုင်တာ....၊ မိုးပေါ် မှာလွှတ်တင်ထားတဲ့ စွန်ကလေးနဲ့အတူ ငါ့စိတ်တွေကိုလေဟုန်စီးပြီးပျံသန်းစေနိုင်တာမို့ စွန်လွှတ်ရတာကို ငါ တော့ အရမ်းသဘောကျတာပဲဟယ်’......ဟု ကြည်ပြာက သူ့ကိုမကြာခဏပြောဖူးတာကို စိတ်ထဲပြန်အမှတ် ရမိလိုက်သေးသည်။

“ဒါပေမယ့် နွေရာသီကို မကုန်စေချင်တဲ့ နင့်ဆန္ဒကတော့ ပြည့်နိုင်မယ်မထင်ပါဘူး....၊ ဘာလို့လဲဆိုတော့ သူ့ အချိန်တန်ရင် မိုးရာသီရောက်လာမှာပဲ.....။ ပြီးရင်တော့ ဆောင်းရာသီပေါ့.....။ အဲ့ဒီခါကျမှ နင်စွန်ပြန် လွှတ်ပေါ့ဟာ”......

“အေးနော်......သဘာဝတရားဆိုတာ လွန်ဆန်ချင်လို့ရကောင်းတဲ့အရာတစ်ခုမှမဟုတ်ခဲ့တာ”.....

သူ့စကားကို တွေးတွေးဆဆပုံစံလေးဖြင့် ခေါင်းငြိမ့်ရင်းကြည်ပြာကပြန်ပြောသည်။ သူဘာမှပြန်မပြောမိ....။ နွေနေ့လယ်ခင်းထဲမှ ရွက်ကြွေလမ်းမလေးထက်တွင် ခဏတိတ်ဆိတ်သွားသလိုရှိ၏။ သို့သော် ကြည်ပြာ့ ဖိနပ် ရှပ်တိုက်သံကိုတော့ သူ့နားထဲတွင်အတိုင်းသားကြားနေခဲ့ရသည်။ ခဏတာမှ တော်တော်ကြာသည့် အထိ သူတို့နှစ်ယောက်ဘာစကားမှအပြန်အလှန်မဆိုမိခဲ့ကြပဲ ဆက်လျှောက်နေမိခဲ့၏။ သိပ်မကြာခင်မှာပင် ကြည်ပြာတို့နေသော လမ်းထဲသို့ချိုးကွေ့ဝင်ရမည့်နေရာလေးသို့ရောက်လာသည်။ သူကတော့ သူနေသော လမ်းကို ရောက်ဖို့ရာ နောက်ထပ်နှစ်လမ်းကိုကျော်ရပေဦးမည်......။ ထုံးစံအတိုင်း လမ်းထဲချိုးဝင်ခါနီး လမ်း ထိပ်အုတ်ခုံလေးနားတွင် သူတို့နှစ်ယောက်ခဏရပ်မိကြ၏။

“ငါသွားတော့မယ်”.....

ကြည်ပြာ့စကားကို သူခေါင်းငြိမ့်ပြလိုက်မိသည်။ လက်ပြကာ သူအရင်ကျောခိုင်းရင်း ဆက်လျှောက်ဖို့ခြေ လှမ်းပြင်မိခဲ့တော့.....‘ဖိုးကျော်’.....ဟု ကြည်ပြာကလှမ်းခေါ်၏။ သူလှည့်ကြည့်မိတော့.....

“ညနေ ငါးနာရီလောက်ကျရင်လည်း......သံလမ်းပေါ်မှာ စွန်သွားလွှတ်ဦးမယ်နော်...။ ငါနင့်ကို ဒီအုတ်ခုံနား ကပဲစောင့်နေမယ်.....။ ပြီးတော့ နင့်ကိုငါပြောစရာလည်းရှိတယ်”.....

ခေါင်းငြိမ့်ပြရင်း ကြည်ပြာ့မျက်ဝန်းများထဲကို အဖြေရှာသလို သူခဏစိုက်ကြည့်မိသည်။ သို့သော် လျှို့ဝှက် ချက်များစွာဖြင့် မျက်ဝန်းတစ်စုံရဲ့ပုစ္ဆာကိုသူတွက်ချက်အဖြေရှာမတွေ့နိုင်ခဲ့ရမိ။ ရင်ထဲက စိုးထိတ်သလိုပုံစံမျိုး ဖြင့် သူ့နှလုံးသားတစ်စုံက ထိတ်ခနဲ တစ်ချက်ခုန်လိုက်သလိုလို.....။

ကြည်ပြာ့ကိုခေါင်းငြိမ့်ပြခဲ့ရင်း သူဆက်လျှောက်လာခဲ့၏။ နွေနေ့လယ်ခင်းမှရွက်ကြွေလမ်းမလေးထက်တွင် စောစောကလို သူ့နံဘေးနားတွင်ကြည်ပြာရှိမနေခဲ့တော့......။ လေပြေကမူ တစ်ချက်တစ်ချက် ခပ်တိုးတိုးပင် တိုက်ခတ်နေခဲ့လေသည်။ ထိုအခါ ရွက်ကြွေလေးများက လမ်းမတစ်လျှောက် လျှပ်တိုက်မျောလွင့်သွားခဲ့ကြ ရ၏။

~~~~~@@@~~~~~

နေခင်းရဲ့မိုးကောင်းကင်ထက်တွင် တိမ်မျှင်ဖြူဖြူလေးများက ခပ်ကျဲကျဲနေရာယူထားတာတွေ့ရ၏။ ထို့အတူ ရောင်စုံစွန်ကလေးများကလည်း လေဟုန်စီးရင်းယိမ်းနွဲ့စွာ ၀ဲပျံနေခဲ့ကြတာတွေ့ရသည်။ ရထားသံ လမ်းနံဘေးမှအလေ့ကျခြုံပင်များက လေယူရာဖက်သို့လိုက်ပါယိမ်းနွဲ့နေခဲ့ကြတာကို သူလိုက်ငေးနေမိ၏။ သူထိုင်နေခဲ့သော ရထားသံလမ်းသည်ညနေစောင်းနေရောင်သိပ်မရှိတော့သော်လည်း တစ်နေ့လုံးပူထား သည့်နေပူရှိန်ကြောင့် နွေးနေခဲ့သည်။



“နောက်....တစ်ကောင်ထပ်တင်ဦးလေ.....ဖိုးကျော်”......

သူနှင့်ခပ်လှမ်းလှမ်းတွင် စွန်လွှတ်နေဆဲဖြစ်သော ကြည်ပြာ့အသံကြောင့် လှမ်းကြည့်ပြီးခေါင်းခါပြလိုက်မိ၏။ တစ်ကယ်လည်း ဒီညနေအဖို့သူထပ်ပြီးစွန်မလွှတ်ချင်တော့ပါ.....။ စောစောကဖြတ်တောက်ခံလိုက်ရသော သူ့စွန်ဖြူဖြူလေးကို မျက်စိထဲပြန်မြင်ယောင်သလိုဖြစ်လာသည်။ သူ့စွန်ဖြူဖြူလေးကို ဖြတ်တောက်သွားလေ ခဲ့သော အစိမ်းရင့်ရောင်စွန်ကလေးကတော့ ကောင်းကင်ထက်တွင်လေဟုန်စီးရင်း အခုချိန်တိုင်အောင်ဝဲပျံ ကာ အောင်လံထူနေခဲ့ဆဲဖြစ်တာကို သူတွေ့နေရ၏။ စွန်လွှတ်တိုင်း သူများစွန်ကိုဖြတ်ဖို့ ဘယ်တော့မှမကြိုး စားမိခဲ့သော်လည်း ခုလိုမျိုးတစ်ခါတလေတွင်တော့ သူ့စွန်လေးများဖြတ်တောက်ခြင်းကိုခံရစမြဲဖြစ်ပါသည်။ ထိုကဲ့သို့ ဖြတ်တောက်ခံလိုက်ရတိုင်း နောက်ထပ်စွန်အသစ်တစ်ကောင်ကို ထပ်မတင်ချင်သောစိတ် သူ့ရင်မှာ အမြဲဖြစ်တည်မိရ၏။

ကောင်းကင်တွင်ဝဲပျံနေလေသောစွန်များကို သူငေးကြည့်နေခဲ့မိသည်။ ကလေးတစ်အုပ်က သူ့ရှေ့မှနေအော် ဟစ်ပြေးလွှားသွားကြ၏။ လက်ထဲတွင်လည်း ၀ါးလုံးရှည်ရှည်များနှင့်.....။ ၀ါးလုံးရှည်များထိပ်တွင်လည်း သစ် ကိုင်းခြောက်များကို ကြိုးနှင့်ပူးချည်ထားကြသေး၏။ ကြိုးပြတ်စွာလေထဲလွင့်မျောသွားလေကြသော စွန်ရောင် စုံလေးများကို အမိဖမ်းယူရန်အတွက်ပင်ဖြစ်သည်။ လေထဲတွင်လွင့်မျောသွားသော စွန်ကလေးများသည် က လေးများအတွက် တပ်မက်ဖွယ်ကောင်းနေခဲ့မှာအမှန်ပင်....။

“ဟဲ့”......

ဘေးနားတွင် ၀င်ထိုင်ရင်းခေါ်လိုက်သောကြည်ပြာ့အသံကြောင့် သူလှည့်ကြည့်မိလိုက်သည်။

“နင့်စွန်ပြတ်သွားပြီလား”......

သူ့မေးခွန်းကို ကြည်ပြာက ရယ်ရင်းခေါင်းငြိမ့်ပြ၏။

“ထပ်လွှတ်လေ.....စောပါသေးတယ်.....။ ငါစောင့်ပေးနေမှာပါ”....

ထပ်ပြောလိုက်သော သူ့စကားကို ကြည်ပြာက ခေါင်းခါပြရင်း.....

“မလွှတ်ချင်တော့ပါဘူးဟာ”......
“ဘာဖြစ်လို့လဲ”......

နွေနှောင်းရက်များမို့ ညနေခင်းလေပြေက ခပ်အေးအေးတိုက်ခတ်နေခဲ့လေသည်။ သူ့အမေးကို ကြည်ပြာက ချက်ခြင်းမဖြေခဲ့.....။ တိမ်မျှင်များ ယှက်သန်းနေလေသော ဆည်းဆာကောင်းကင်ကို တစ်ခါမှမမြင်ဖူးသလို ငေးမောနေတာတွေ့ရ၏။ သူ့နားထဲတွင် အဝေးမှကလေးတစ်သိုက်ရဲ့ ဆူညံစွာအော်ဟစ်လိုက်သံများကို သဲ့ သဲ့ကြားလိုက်ရသည်။ ကလေးတွေစွန်လုရင်း ငြင်းခုန်နေကြတာဖြစ်မည်ဟု တွေးရင်းနှုတ်ဆိတ်စွာပြုံးလိုက်မိ ဆဲ ခဏ.....

“ဖိုးကျော်”.....
“ဟေ”.....

ရုတ်တရက်မို့ယောင်ယမ်းစွာဖြင့် သူပြန်ထူးရင်းလှည့်ကြည့်မိတော့ ကြည်ပြာက ခပ်ဖွဖွရယ်နေလေတာ တွေ့ရ၏။ ကြည်ပြာ့မျက်ဝန်းများထဲကို အဖြေရှာသလိုကြည့်ရင်း နှုတ်မှတိုးတိုးမေးမိသည်။

“ဘာလဲဟ”......
“ငါနင့်ကို ပြောစရာရှိတယ်လို့ပြောထားတယ်လေ”.....

သူခေါင်းငြိမ့်ပြလိုက်မိသည်။ နေ့ခင်းတုန်းက ကြည်ပြာပြောထားတာကို သူမမေ့သေးပါ။ ကြည်ပြာများမေ့နေ ခဲ့လေမလားဟု......သူတွေးထားမိသေးသည်။ အခုတော့ပြောစရာရှိသည်ဟုဆိုထားတာကို ကြည်ပြာကမေ့ပုံ မရခဲ့.....။

“ပြောလေဟာ”.....

မေးဆတ်ရင်း သူပြောတော့ ကြည်ပြာကခေါင်းငြိမ့်ပြသည်။ နောက်....သက်ပြင်းတစ်ချက်ချလိုက်သေးသည် ဟု သူထင်လိုက်မိ၏။ ကြည်ပြာက.....

“ဘာမှတော့မဟုတ်ပါဘူးဟာ....၊ နင်နဲ့ငါရဲ့ အနေအထားနဲ့ပတ်သတ်ပြီးတော့ ငါနည်းနည်းပြောစရာရှိလို့”...

ကြည်ပြာ့စကားကြောင့် အံသြစွာဖြင့်သူမော့ကြည့်လိုက်မိ၏။ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သော စ ကားသံလိုပင် ကြည်ပြာ့မျက်နှာက တည်ကြည်နေခဲ့လေတာကိုတွေ့ရသည်။ သို့သော် နှုတ်ခမ်းအစုံကတော့ ခပ်လွန့်လွန့်လေးပြုံးနေခဲ့၏။

ခေါင်းငြိမ့်ပြရင်း ဆက်ပြောဖို့ သူမေးဆတ်ပြလိုက်တော့ ကြည်ပြာက.....

“နင်နဲ့ငါက ဘာတွေလဲ ဖိုးကျော်....။ သူငယ်ချင်းတွေလား....၊ ချစ်သူတွေလား”....

ထင်မှတ်မထားသော မေးခွန်းမို့ သူ့တစ်ကိုယ်လုံးထူပူသွားသလို ခံစားလိုက်မိရ၏။ ထို့အတွက် ကြည်ပြာ့မေး ခွန်းကို ရုတ်တရက်ပြန်ဖြေနိုင်စွမ်းမဲ့သွားရသည်။ ပြောရမည်ဆိုလျှင် နဝေတိမ်တောင်ဖြစ်သွားရသ လိုလိုပင်..။ ထို့ကြောင့် အလုပ်မရှိအလုပ်ရှာကာ ‘ဟက်’ခနဲတစ်ချက်ရယ်လိုက်ရင်း ဆံပင်များကြားထဲလက် နှစ်ဖက်ထိုးသွင်းကာ ဟိုဖွဒီဖွလုပ်နေလိုက်မိသည်။ သို့သော် ကြည်ပြာ့အမေးအတွက် ဖြေစရာအဖြေက သူ့ထံတွင် အ ဆင်သင့်ရှိနေခဲ့၏။

“ရယ်မနေနဲ့ ဖိုးကျော်....၊ ငါနင့်ကို အကောင်းမေးနေတာ”.....

ရူးချင်ယောင်ဆောင်နေသော သူ့အမူအယာကြောင့် ခပ်ဆတ်ဆတ်လေသံဖြင့် ကြည်ပြာကပြောသည်။ ထို့ ကြောင့် ကြည်ပြာ့ထံမှ မျက်နှာလွှဲကာ ကောင်းကင်ကိုမော့ကြည့်ရင်း သူခပ်တိုးတိုးဖြေလိုက်မိ၏။

“ချစ်သူတွေလေဟာ”.......

သူ့ဖြေသံအဆုံးတွင် သူတို့နှစ်ယောက်အကြား ခဏတာမျှတိတ်ဆိတ်သွားရသည်။ ကောင်းကင်ကိုမော့ကြည့် နေခဲ့မိသော သူ့မြင်ကွင်းထဲတွင်တော့ စွန်ကလေးများက ၀ဲပျံနေဆဲပင်ဖြစ်၏။ သို့သော် အရေအတွက်သိပ်ပြီး မများတော့....။ မကြာခင် နေညိုချိန်သည် နှောင်းတော့မည်။

ကြည်ပြာ့ထံမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ကိုကြားရ၏။ ထို့ကြောင့် သူလှည့်ကြည့်မိသောအခါ ကြည်ပြာက သူ့ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရင်း ထပ်မေးပြန်သည်။

“ဒါဆို....နင်ငါ့ကို တစ်ကယ်ချစ်ရဲ့လား ဖိုးကျော်”.....

ထိုအမေးကြောင့် သူ့ရင်ထဲတွင် ထိတ်ခ,နဲဖြစ်သွားရ၏။ စိတ်ထဲတွင်လည်း ကြည်ပြာဘာကိုရည်ရွယ်စွာ မေး တာလဲ....ဟုမရှင်းလင်းစွာတွေးမိပြန်သည်။ သို့သော် အမေးရှိက အဖြေရှိရမည်။ ထို့ကြောင့် ပြန်ဖြေဖို့ အားယူကာ နှုတ်ခမ်းပြင်မိဆဲခဏ....

“နင်......ငါ့ကို မလိမ်နဲ့နော် ဖိုးကျော်...။ ငါအမှန်အတိုင်းပဲ သိချင်တယ်”......

ကြည်ပြာ့လေသံထဲတွင် သတိပေးသည့်အရိပ်အယောင်များ တွဲလွဲခိုနေတာကို သူခံစားနားလည်မိလိုက်၏။ ထို့ကြောင့် ကောင်းကင်ကိုပြန်မော့ကြည့်ရင်း သူဖြေမိသည်။

“ချစ်ပါတယ်ဟ”.....

သူ့ဖြေသံအဆုံးတွင် ကြည်ပြာက သူ့လက်မောင်းကို ဖျန်းခ,နဲလှမ်းရိုက်သည်။ ရုတ်တရက်မို့ မရှောင်နိုင်ခဲ့ပဲ စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော သူ့လက်မောင်းကို လက်ဖြင့်အသာပွတ်ရင်း ဇဝေဇ၀ါနိုင်လှစွာဖြင့် ကြည်ပြာ့ကို သူ ကြည့်မိ၏။ ထိုအခါ ကြည်ပြာက သူ့ကို ထွင်းဖောက်သွားမတတ် စေ့စေ့ကြည့်လျှက်.....

“နင်ငါ့ကို လိမ်နေတယ်..ဖိုးကျော်...။ လိမ်တာမှ ပေါ်တင်ကြီးကိုလိမ်နေတာ....။ ငါ...အဲ့ဒါကိုသိနေတယ်”....

သူခေါင်းယမ်းရင် နှုတ်မှနေ “မဟုတ်ပါဘူး”....ဟု ခပ်တိုးတိုးငြင်းမိ၏။ သူ့စကားသံတို့သည် သိပ်မသဲကွဲမှန်း ဘာသာပြန်သတိထားမိလိုက်သေးသည်။ ပြောရင်းဖြင့် ကြည်ပြာ့ကို သူမျက်နှာထပ်လွှဲမိလိုက်ပြန်သေး၏။

“တော်စမ်းပါဟယ်.....။ ဒီမှာ....ဖိုးကျော်....၊ နင် ဘာဖြစ်လို့ ငါ့မျက်နှာကိုကြည့်ပြီး ငါ့မေးခွန်းတွေကို ပြန်မဖြေ တာလဲ....။ အဲ့ဒါကြောင့်မို့လို့ နင်လိမ်နေတယ်လို့ ငါပြောရဲတာပေါ့ဟဲ့...။ တစ်ကယ်လို့ နင်ငါ့ကိုမလိမ်ခဲ့ဘူးဆို ရင်...နင်ငါ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြန်ဖြေရဲရမှာပေါ့.....။

အေးပါ.... ထားလိုက်ပါတော့....။ ယောကျာ်းလေးဖြစ်ပြီး နင်က လိမ်ပေမယ့် ငါကတော့ ဒီနေ့နင့်ကို ပွင့်ပွင့် လင်းလင်းပဲပြောမယ်”.....

ကြည်ပြာ့လေသံထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်၏အရိပ်အငွေ့တွေယှက်သန်းလာနေတာကို သူသတိထား မိလိုက်ပြန်သည်။

“ငါကတော့ နင့်ကို မချစ်ခဲ့ဘူး”.....

သူ့ရင်ထဲတွင် အမြင့်မှပြုတ်ကျသွားသူတစ်ယောက်လို ဟာ,ခနဲဖြစ်ကာ အေး,ခနဲဖြစ်သွားရ၏။ ကမန်းကတန်းဖြင့် ကြည်ပြာ့ကိုကြည့်မိတော့ သူ့ကိုခပ်တည်တည်စိုက်ကြည့်နေတာ တွေ့ရသည်။ နောက်ပြောင်သည့်အရိပ် အယောင် လုံးဝမတွေ့ရ..။

တစ်ချိန်လုံးတင်းထားမိသောခန္ဓာကိုယ်ကို သူဖြေလျှော့ချလိုက်မိ၏။ ထိုစဉ် ရထားသံလမ်းတစ်လျှောက်တွင် လေပြေတချို့က ဖြတ်သန်းတိုက်ခတ်လာခဲ့သည်။ နေညိုချိန်နှောင်းမို့ အေးမြနေခဲ့သောလေပြေများက ချွေး စတွေမသိမသာစို့နေခဲ့သော သူ့ခန္ဓာကိုယ်ကို အနည်းငယ်အေးမြသွားစေခဲ့သည်။ သူ့ဟန်ပန်ကို ကြည်ပြာက သတိထားမိသလိုကြည့်ရင်းဆက်ပြော၏။

“ဟုတ်တယ်....ဖိုးကျော်....။ ငါနင့်ကို မချစ်ခဲ့ဘူး...။ နင်ငါ့ကို ရည်းစားစကားပြောတုန်းက ငါ့ဘ၀မှာပထမဦး ဆုံးအကြိမ်ပြောခံရတာရယ်....၊ နောက်ပြီးပြောသူကလည်း....နင်ဖြစ်နေတာရယ်...၊ စိတ်လှုပ်ရှားခဲ့တာတွေ ရယ် အားလုံးစုပြုံပြီး နင့်ကိုငါ ချစ်တယ်လို့ အဖြေပြန်ပေးခဲ့မိတာ...။ အဲ့ဒါတွေကို နောက်ပိုင်းမှာ ငါပြန်စဉ်းစား မိခဲ့ပေမယ့် နင့်ကို တစ်ဖြေးဖြေးနဲ့ ချစ်လာမှာပဲလို့ ထင်ခဲ့မိတာ.....။

ဒါပေမယ့် .......ငါ့တွက်ကိန်းမှားသွားတယ်....။ နင်နဲ့ ငါရဲ့ ကြားမှာရှိတဲ့ ငယ်သံယောဇဉ်က အချစ်တစ်ခုဖြစ်ဖို့ လုံလောက်တဲ့ အခြေခံမဟုတ်ခဲ့ဘူးလေ”....

တွေးတွေးဆဆပြောနေသော ကြည်ပြာ့ကိုကြည့်ရင်း..သူ့နှုတ်ခမ်းတွေပြုံးလာမိရ၏။ ဒါကို ကြည်ပြာကကြည့် ကာ “ဘာပြုံးတာလဲ”....ဟု ခပ်ဆတ်ဆတ်မေးသည်။ သူခေါင်းယမ်းပြလိုက်ရင်း ဆက်ပြောဖို့ မေးဆတ်ပြကာ အချက်ပေးမိပြန်တော့......

“အဲ့ဒါပဲလေ......။ အဲ့ဒါတွေကြောင့်မို့လို့ ငါနဲ့နင် ချစ်သူဘ၀ရောက်တာ တစ်နှစ်ကျော်ကျော်ကြာတဲ့ အခုအလို အချိန်အထိ ငါ့ရင်ထဲမှာ နင့်ကို ချစ်သူတစ်ယောက်လို ခံစားလို့မရနိုင်ခဲ့ဘူးဟ....၊ နောက်ပြီး ငါတို့နှစ်ယောက် ကလည်း ချစ်သူဘ၀ရောက်သွားတယ်ဆိုပေမယ့် သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးကိုနင့်ဘက်ကလည်းမ,စ ခဲ့သလို ငါလည်းမေ့နေခဲ့တာ....။ ပြီးတော့ ငါအကဲခတ်မိသလောက်ပြောရရင် နင်လည်းငါ့လိုပဲမဟုတ်လား ဖိုးကျော်။ အဲ့ဒါကြောင့် ငါနင့်ကို ဒီနေ့ဖွင့်ပြောရင်း မေးဖြစ်တာ....။ ဒီအခြေအနေကြီးကို ငါသည်းမခံနိုင် တော့တာလည်းပါတယ်”....

ပွင့်လင်းစွာ၊ ပြတ်သားစွာပြောနေသောကြည်ပြာ့ကိုကြည့်ရင်း သူ့နှုတ်ခမ်းတွေပိုပြုံးလာမိရသည်။ ထိုအခါ ကြည်ပြာက မျက်စောင်းထိုးကာကြည့်ရင်း သူ့လက်မောင်းကို ဖျန်းခနဲတစ်ချက်ထပ်ရိုက်ပြန်လေ၏။

“နာတယ်ဟ....၊ နင့်လက်သံကလည်း ပြောင်ပါ့ဟာ”.......
“ပြောင်ပြောင်ပဲ....၊ ကဲပါ....ငါမေးတာကိုသာဖြေစမ်းပါ...။ နင်လည်း ငါ့လိုပဲမဟုတ်လားလို့”.....

ကြည်ပြာ့အမေးကို ဒီတစ်ခါတော့ သူအောင့်မနေနိုင်တော့။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်ရင်း မထိန်းနိုင်တော့ပဲ သူအော်ရယ်မိလေတော့သည်။ သူ့ရယ်သံကျယ်ကျယ်နှင့် မျက်နှာပေးကြောင့် ကြည်ပြာက ‘ကောင်စုတ်’ ဟုခပ်ကျယ်ကျယ်အော်ခေါ်ရင်း သူ့ကိုထပ်ရိုက်ပြန်၏။ သို့သော် ဒီတစ်ခါတွင်တော့ သူ့ကိုယ်ကိုရို့ကာတစ် ဖက်ခြမ်းကို လျှင်မြန်စွာရှောင်လိုက်နိုင်တာမို့ ကြည်ပြာ့ရိုက်ချက်မှ အောင်မြင်စွာလွတ်မြောက်သွားရတော့ သည်။ နောက်တော့ နှစ်ယောက်သား အားရပါးရပြိုင်တူရယ်မိကြ၏။

ရယ်ရင်းနှင့် သူကြည်ပြာ့ကို သွေးတိုးစမ်းသလိုမေးမိသည်။

“နေစမ်းပါဦး....။ နင်ငါ့ကို ခုလိုပြောနေတာ ဘာ့ကြောင့်လဲ.....။ ဘာလဲ နင်တစ်ကယ်ချစ်ရမယ့်သူတွေ့နေလို့ လား”......

“ဟုတ်ပါဘူးဟယ်......။ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းအချစ်ထက်ပိုချစ်လို့မရတာ သေချာနေမှ တော့ ငါတို့ ချစ်သူဘ၀ကိုရုပ်သိမ်းပြီး.....အရင်လို သူငယ်ချင်းအဖြစ်နဲ့ပြန်နေရရင် နင်ရောငါရော သိပ်ပေါ့ပါး သွားမှာမို့လို့ပါ။ နောက်ပြီး အချိန်တွေ ဒီထက်ပိုကြာလာရင် တဖြည်းဖြည်းနဲ့ နောက်ဆုတ်ဖို့ခက် လာမှာစိုးလို့ပါဟာ....။ ငါတစ်ကယ်ချစ်ရမယ့်သူတော့ ခုထိမတွေ့သေးပါဘူးဟယ်...။ နောက်ကျရင်တော့ မသိသေးဘူး အဟိ”......

ပြောရင်းနှင့်ကြည်ပြာက ပခုံးအစုံကိုတွန့်ကာ ရယ်၏။

ကြည်ပြာသည် လှသည်ဆိုတာထက် ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ ကြည်ပြာပြောခဲ့သလိုပင် သူလည်း ကြည်ပြာ့လို တစ်ချိန်လုံးခံစားနေခဲ့ရတာဖြစ်၏။ သူနှင့်ကြည်ပြာ သူငယ်ချင်းဘ၀မှ ချစ်သူဘ၀သို့ စရောက်တော့ ဘော်ဒါများမြှောက်ပေးသောကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာအေးဘုရားလမ်းပေါ်မှ မြ ကျွန်းသာ ပန်းခြံထဲတွင် နှစ်ယောက်သားချိန်းတွေ့မိကြသောနေ့ကို မှတ်မိနေသေးသည်။

ထိုနေ့က ကြည်ပြာနှင့်သူ အတွဲများထိုင်လေ့ရှိသော ဆိတ်ငြိမ်ကျွန်းထဲသို့ အရင်သွားမိခဲ့ကြ၏။ လူရှင်းတိတ် ဆိတ်နေသော ထိုကျွန်းထဲရောက်တော့ နှစ်ယောက်သား မတ်တပ်...၊ မတ်တပ်ဖြင့် ဟိုဟိုဒီဒီ ငါးမိနစ်စာခန့် လျှောက်ကြည့်မိကြသေးသည်။ နောက်တော့ နှစ်ယောက်လုံးမတိုင်ပင်ထားကြမိပဲ.....ပျင်းစရာကြီးဟု ပြောမိ ကြရင်း ထိုကျွန်းထဲမှပြန်ထွက်ကာ ကစားကွင်းဘက်သို့ ခြေဦးတည့်မိခဲ့ကြသည်။ Game City ထဲတွင် နှစ်ဦးသား မီးကုန်ယမ်းကုန်သောင်းကျန်းရင်း ပါသမျှပိုက်ဆံတစ်ဝက်ကျော်ကျော်စီ နီးပါးကိုဖြုန်းပစ်ခဲ့ကြ သေးသည်။ အပြန် ရန်ကင်းကြေးအိုးဝင်သောက်ရင်း အရင်ကုန်သူက နောက်မှကုန်သူကို နှဖူးတောက်ကြေး လောင်းကာ ပြိုင်စားမိကြသေးတာ မှတ်မိချင်စရာ...။ ချစ်သူနှစ်ယောက် ပထမဦးဆုံးအကြိမ်အဖြစ် ချိန်းတွေ့ ကြရသော ရင်ခုန်စိတ်လှုပ်ရှားမှုမျိုး သူမခံစားမိခဲ့ရတာအမှန်။ တူလည်း.....မတူခဲ့....။

နောက်ပိုင်းတွင်လည်း ထို့အတူ....။ သူကလည်း ကြည်ပြာ့ကို ချစ်သလားလို့ မမေးခဲ့တော့သလို ကြည်ပြာ ကလည်း မမေးခဲ့ဘူး...။ ချစ်စကားများလည်းမပြောဖြစ်ကြ။ ဟိုတုန်းကလိုပင် စွန်အတူလွှတ်၊ ဇယ်ခုံအတူ တောက်၊ လက်ဖက်ရည်ဆိုင်အတူထိုင်၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာဖြင့် အရင်က သူငယ်ချင်းဆက် ဆံရေးအတိုင်း သူတို့နှစ်ယောက်နေခဲ့မိကြ၏။ သူငယ်ချင်းများမြှောက်ပေး၍ သူကြည်ပြာ့ကို ရည်းစားစကား ပြောဖြစ်ခဲ့၊ ကြည်ပြာက အဖြေပြန်ပေးခဲ့တာမှန်ပေမယ့် သူ့ရင်ထဲတွင် တဖြည်းဖြည်းခံစားမိလာရတာက ကြည်ပြာ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုမရသော ချစ်ခြင်းမျိုးနှင့်....။ အခုတော့ အဆင်ပြေသည်ဟု ဆိုရမည်....။ သူပြောချင်သောစကားများ၊ ဖြစ်ချင်သော ဆန္ဒများကို ကြည်ပြာက အရင်ပြောခဲ့လေပြီမို့ ပင်.....။

ရထားသံလမ်းပေါ်မှ ခဲလုံးတစ်လုံးကိုကောက်ပြီး အနားမှကျောက်ခဲတစ်လုံးကို ထိအောင်ပစ်ရင်းကြည်ပြာက ဆို၏။

“ငါလေ....ပြောသာပြောရတယ်....။ နင့်ငါ့ကို တစ်ကယ်ကြွေနေခဲ့ရင် ဘယ်လိုလုပ်ရမလဲလို့ လန့်နေတာ”....

ရယ်ကျဲကျဲနှင့် ကြည်ပြာ့မျက်နှာကို နှာခေါင်းရှုံ့ကာ သူကြည့်ရင်း.....

“အောင်မာ....သူ့ကိုများ ကြွေစရာကျနေတာပဲ”......

သူ့အပြောကြောင့် ကြည်ပြာက ထပ်ရယ်ပြန်သည်။ သူပါလိုက်ရယ်မိတော့ ကြည်ပြာက မျက်စောင်းပျော့ ပျော့ထိုးရင်း....

“သွားပါ.....အလကားကောင်စုတ်ရဲ့....၊ ခုမှလာပြီး ဟီလာထ,မနေနဲ့...။ ဒီကိစ္စကို မိန်းကလေးဖြစ်တဲ့ ငါကပဲ စပြောရတယ်....။ သူကတော့ ဒီအတိုင်းမှိန်းနေတယ်....။ ငါသာမပြောခဲ့ရင် မျောနေဦးမှာ ဇာတ်လမ်းကြီးက”

“အဲ့ဒီလိုမဟုတ်ပါဘူးဟာ....။ မိန်းကလေးဖြစ်တဲ့ နင်ကစပြောရင် ပိုကောင်းမယ်ထင်လို့ပါ...။ ယောက်ျား လေးတစ်ယောက်က စပြောဖို့မသင့်တော်ဘူးလို့ ငါထင်ထားလို့ပါဟာ၊ ဘာပဲဖြစ်ဖြစ်ပါ....၊ ဘယ်သူစ,ပြော ပြော ငါတို့နှစ်ယောက် မူလအခြေအနေဖြစ်တဲ့ သူငယ်ချင်းတွေဘ၀ကို ပြန်ရောက်သွားဖို့ပဲ အရေးကြီးတာ မှတ်လား”

သူ့အမေးကို ကြည်ပြာက ခေါင်းငြိမ့်ပြ၏။ နောက်....ချမ်းမြေ့စွာပြုံးရင်းတစ်ယောက်တည်း အကျယ်ကြီး အော်လေတော့သည်။

ဟေးး.......စိတ်ချမ်းသာစရာကောင်းလိုက်တာ”........

ကြည်ပြာ့ပုံစံကိုကြည့်ကာ သူဟက်ဟက်ပက်ပက်အော်ရယ်မိတော့သည်။ သူ့ရင်ထဲတွင်လည်း ကြည်ပြာနှင့် ထပ်တူထပ်မျှ စိတ်ချမ်းသာမှုတစ်ခုကို ခံစားနေရတာအမှန်ပင်.....။

~~~~~@@@~~~~~

ထားသံလမ်းပေါ်မှ သူတို့နှစ်ယောက်ဆင်းခဲ့ကြသည်။ ဆည်းဆာနှောင်းချိန် ကောင်းကင်တစ်ခုတွင် တိမ် ရောင်စုံများက လင်းလက်လှပစွာ ဖွဲ့တည်နေခဲ့ကြ၏။ ခပ်အေးအေးတိုက်ခတ်နေခဲ့သော လေပြေထဲတွင် သူ နှင့်ကြည်ပြာတို့ရဲ့ လွဲမှားခဲ့ခြင်းများမျောပါသွားခဲ့သလိုပင်.....။

နောင်လာမည့် မိုးမရွာသော နေ့ရက်များတွင် သူနှင့်ကြည်ပြာတို့သည် မူလအခြေအနေဖြစ်သော သူငယ် ချင်းဘ၀ဖြင့် ပျော်ရွှင်စွာ စွန်လွှတ်နေခဲ့ကြဦးမှာ သေချာနေဆဲ......။       ။

                              ~~~~~@@@~~~~~@@@~~~~~@@@~~~~~


(ပုံလေးတွေကို ဒီနေရာ နဲ့ ဒီနေရာ လေးတွေကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ......။)
==========================================
လွန်ခဲ့တဲ့ ရက်အပတ်က ခုနှစ်စဉ်ကြယ် မှာတင်ဖြစ်ခဲ့တဲ့ ၀တ္တုတိုလေးပါ....။
ကျွန်တော့်နေရာလေးမှာ ပြန်သိမ်းထားချင်လို့ပါခင်ဗျာ......။
==========================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(မူလအခြေအနေ)

20 comments:

MDW said...

ဏီလင်းရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကလေးထင်တယ်။
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ကြည်ပြာပေါ့နော်။
သူငယ်ချင်းကနေ ချစ်သူဖြစ် .. ချစ်သူက သူငယ်ချင်းပြန်ဖြစ် ... ပျော်စရာကြီးပဲ။ ဒါဖတ်ပြီး သူငယ်ချင်းနဲ့ အင်းလျားမှာ စွန်လွှတ်ခဲ့ကြတာကိုတောင် လွမ်းမိသား ... ။

ဝတ္ထုလေးက ကောင်းပါတယ်။
လူလဲ နေကောင်းအောင် နေအုံး ဏီလင်းရေ ...

နေ့အိပ်မက် said...

ဝတ္ထုလေးက ပွင့်လင်းလိုက်တာ၊ ဒီလိုရိုးရိုးသားသားဇာတ်လမ်းလေးမျိုး ဖတ်ရတာ တော်တော်ကြီးကို ရှားမယ်ထင်တယ်။ ပုံမှန်ဆို အဆုံးမှာ တစ်ယောက်ယောက်က ချစ်နေသေးပေမဲ့ ခွင့်လွှတ်လိုက်ရသလိုလိုမျိုးပဲ ရေးတတ်ကြတာများတယ်။ ဖွဲထားတာ ချစ်စရာလေး ကိုဏီလင်းညို၊ ကြိုက်သွားပြီ။ ကြယ်ငါးလုံး.. :)

တစ်ခုခုကို ထိန်းချုပ်တယ်ဆိုရင်က နငယ်သတ်နဲ့ ပေါင်းရတာဟုတ်..

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
တခါတရံမှာတော့သူငယ်ချင်းသံယောဇဉ်ကပိုကောင်းတယ်.။
ခိုင်မြဲမှုရှိတယ်။ မပျက်ပြယ်တော့ဘူးပေါ့..။
ဝတ္ထုလေးကလည်းဆွဲဆောင်မှုအပြည့်နဲ့ဖတ်လို့ကောင်းတယ်။
ခင်မင်စွာ
သဒ္ဓါ

ညီမလေး said...

ဟိုမရောက်ဒီမရောက် သံယောဇဉ်က ပြသာနာအကြီးဆုံးပဲ .......

မြသွေးနီ said...

ကိုဏီ...
ဟိုမကျဒီမကျကနေ သူငယ်ချင်းဘ၀ကို ပြန်ကူးပြောင်းသွားပုံ ရေးထားတာလေးက
ချစ်စရာ..။ စပ်စုဦးမယ်...ကိုယ်တွေ့လား...ဟင်။

မြစ်ကျိုးအင်း said...

ဖတ်ရလေ့ သိပ်မရှိတဲ့ ဇာတ်လေးမို့ ဖတ်ပြီး စွဲကျန်နေခဲ့တယ်။
ဘဝပေါင်းများစွာဆိုတော့ ဒီလိုဘဝမျိုးလည်း ရှိမှာပဲ။

~ဏီလင်းညို~ said...

မမေ....၊ မမြသွေး......။
တစ်ကယ့်အဖြစ်မဟုတ်ပါ......။ စိတ်ကူးထဲက ရေးချင်နေတဲ့ပုံစံလေးတစ်ပုဒ်ပါ.....။ နေကောင်းပါတော့မည်......း)

နေ့အိပ်မက်....ကျေးဇူးညီမလေး....။ ပြင်လိုက်ပါမည်......း)

သဒ္ဒါရေ့........နှစ်ခေါက်ဖတ်သွားလို့.....ကျေးဇူးဗျာ......။

ညီမလေးရေ့....အစစ်ပါပဲထင်ပါရဲ့ဗျာ.........း)

မျှစ်.......သူငယ်ချင်း....ရှိမယ်ထင်လို့ ရေးကြည့်တာ.......း)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

မောင်ဘကြိုင် said...

ဒီနေ့မှရောက်လာတယ်ဗျာာ
ဝတ္ထုလေးဖတ်ပြီး နုပျိုချင်သွားတယ်း)း)

ကိုဏီနေကောင်းဖူးလား
အစစအရာရာအဆင်ပြေပါစေ

ဝေလင်း said...

ဖြစ်တယ်အစ်ကိုရေ..။ အဲဒါမျိုးတွေက တကယ်ဖြစ်တတ်တယ်။ အပြင်မှာတော့ ခဏတိုင်းလိုလို တွေ့ဖူးတယ်။ တကယ်ချစ်တာမဟုတ်ပဲ သံယောဇဉ်ကို နာမည်အတတ်မှားတာမျိုးတွေပေါ့။ စာအနေနဲ့ကတော့ ဒီလိုဇာတ်လမ်း ဒါပထမဆုံးပဲ

ခနွဲ said...

သူငယ်ချင်းလေးပါတဲ့။ စိုင်းစိုင်းဆိုပါသည်ခင်ဗျ။ ရောက်၏

မောင်လေး said...

သူငယ်ချင်း အချစ်ပဲကောင်းပါတယ် ကိုဏီရာ....

မိုးယံ said...

ကိုဏီရေ မိုက်ဒယ်ဂျာ။ ရေလည် လန်းတယ်။ ဖလမ်း ဖလမ်းထအောင် ခိုက်တယ်။ နောက်လည်း အဲဒါမျိုးတွေ များများရေးပေးပါနော်။
ဇတ်သိမ်းခဏ်းမှာ လန်းခွဲ တာမျိုးတွေဆို သိပ်ကြိုက်တာ။ အခု အဲလို ခြစ်သူ တွေ မဖြစ်ပဲ သယ်ရင်းလို ပြန်နေရကြတဲ့ ဇပ်လန်း လေး အရန်းကောင်းတယ်။ ကို တွေ့ ကြီးကို ကြုံဖူးလို့ လုံးဝ (လုံးဝ) ထောက်ခံဒယ်

ကိုဏီ ငြိမ်းချမ်းပါစေ

sosegado said...

အေးအေးလေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်သွားပါတယ်၊ ဒါပေမဲ့ ကြည်ပြာက သူ့နှလုံးသားအပေါ်သူမရိုးသားဘူးထင်တယ်၊

အင်ကြင်းသန့် said...

အမလေး....ငါ့အစ်ကိုကြီးကတော့ ရေးထားလိုက်တာများ....ဖတ်လို့ကောင်းပ....နှလုံးသားအပေါ် ရိုးသားဖို့လိုသည်ပေါ့လေ....အင်း....ဟုတ်ပ ဟုတ်ပ.... စောစောစီးစီးသိလိုက်ရတော့ နှစ်ဦးနှစ်ဘက် မနာကျင်ရတော့ဘူးပေါ့။

သိင်္ဂါကျော် said...
This comment has been removed by the author.
သိင်္ဂါကျော် said...

နှစ်ယောက်စလုံးက သူငယ်ချင်းလိုပဲ ဆိုတော့ တော်သေးတာပေါ့..
တစ်ယောက်ယောက်က ကြိတ်ချစ်နေခဲ့ရင် ဇာတ်က မျောနေဦးမှာ..
ခုဇာတ်သိမ်းလေး အရမ်းကောင်းတယ်..

blackroze said...

ကိုဏီးနေကောင်းသွားပြီလား...
အချစ်ဇာတ်လမ်းလေးလာဖတ်သွားတယ်နော်..
တခါတလေအချစ်ကအဲလိုလေးလည်း
လှည့်စားတတ်တယ်...း)
ချစ်သလိုလိုဘာလိုလိုနဲ့ပေါ့လေ...

ခိုင်နုငယ် said...

နှစ်ဦးစလုံး ရိုးသားသားနဲ့
မူလနေရာကို ပြန်ရောက်သွားတော့
နှစ်ဖက်စလုံးအတွက် မနစ်နိုင်တော့ဘူးပေါ့။
တစ်ဖက်ဖက်က မသိလိုက်မသိဖာသာ နေလိုက်ရင်
နှစ်ဖက်စလုံးနစ်နာနိုင်တယ်။
အရေးကောင်းတယ်...ကိုဏီလင်းညို


ခင်မင်စွာဖြင့်
ခိုင်နုငယ်

blackcoffee said...

တော်သေးတာပေါ့ သူငယ်ချင်းတွေ အဖြစ်ဆက်ရှိနေကြသေးလို့ ...
ဒီလိုအဖြစ်မျိုးက သူငယ်ချင်း သံယောဇဉ်ပါ ပြတ်သွားနိုင်တယ်လေ...

ချစ်သူမောင် said...

ကိုဏီ
စစဖတ်ချင်းတော့ စွန်လွှတ်ခြင်းကိုစွန့်လွှတ်ဖို့ ပြောတာကိုဆရာသော်တာဆွေဘာသာပြန်သွားတာကိုသွားသတိရမိတယ် စွန့်စွန့်စားစား စွန်လွှတ်ပါတဲ့ :)
စတာပါ
စွန်လွှတ်တဲ့အကြောင်းတွေ့လိုက်တာနဲ့ ပို့(စ်)လေးတအားကောင်းတယ်

ခင်မင်လေးစားလျှက်
ချစ်သူမောင်