Sunday, September 19, 2010

ထင်



သူအိပ်မက် မက်နေခဲ့သည်။
            
အိပ်မက်ထဲတွင် ဇာတိမြို့ဖြစ်သော ရန်ကုန်မြို့သို့ သူပြန်ရောက်နေခဲ့၏။ ရန်ကုန်မြို့ထဲမှ လမ်းမများ ပေါ်တွင် လွမ်းဆွတ်တမ်းတခြင်းများစွာဖြင့် သူလျှောက်သွားနေခဲ့သည်။ မမြင်တာကြာလို့လားတော့မသိ၊ သူ့ မြင်ကွင်းထဲမှရန်ကုန်မြို့က နည်းနည်းဟောင်းသွားသလိုရှိနေလေ၏။ 

သို့သော် ဒါသူ့စိတ်အထင်သက်သက် လည်း ဖြစ်နေနိုင်သည်။ ပြည်ပတွင် နှစ်အနည်းငယ်ကြာ အလုပ်လုပ်ရင်းနေထိုင်ခဲ့ရဖူးသော သူ့ကိုယ်ပိုင်မျက် လုံးများရဲ့ လှည့်ဖျားမှုတစ်ခုအောက်တွင် သူကိုယ်တိုင်သားကောင်ဖြစ်နေခဲ့လေသလား မပြောတတ်တော့။ သို့သော် ဘာပဲဖြစ်နေနေ ဒီမြို့ကိုသူသိပ်ချစ်သည်။ ခင်တွယ်သည်။
            
အနော်ရထာလမ်းမပေါ်ရှိ ပလက်ဖောင်းတစ်လျှောက်တွင် သူဖြတ်သန်းလျှောက် လှမ်းနေမိသည်။ ဈေးသည်များသည် ကျဉ်းမြောင်းသော ပလက်ဖောင်းပေါ်တွင် အပြိုင်အဆိုင် တည်ခင်း၍ရောင်းချနေကြ၏။ ၀ယ်ပါ၊ ယူပါ တစာစာဖြင့်လည်း အော်ဟစ်ညည်းညူနေခဲ့ကြသေး၏။ ပလက်ဖောင်းပေါ်မေးတင်ကာ ဖွင့်ထား သောဆိုင်ခန်းတချို့မှ ဖွင့်ထားသောသီချင်းသံများကလည်း ဆူညံအက်ကွဲစွာဖြင့် လမ်းပေါ်ကိုအတုံးအရုံးဖိတ် စင်အန်ကျ နေခဲ့လေသည်။
           
ပလက်ဖောင်းဘေးမှ ကားလမ်းမပေါ်တွင် ကားများက ဥဒဟိုသွားလာနေကြသည်။ ကားစက်သံများ ကလည်းကြေကွဲစွာဖြင့်ဆူညံနေခဲ့ကြပြန်၏။ ထိုကားလမ်းမများပေါ်တွင် မီးပွိုင့်များရှိလေသည်။ မီးပွိုင့်များမှ မီးနီလျှင် ကားများက ခေတ္တခဏရပ်တန့်ကြရသည်။ သို့သော် မီးစိမ်းသွားပြီဆိုလျှင် အလုအယက်ဖြတ်သန်း မောင်းနှင်ကြတော့၏။ ထိုအချက်ပြမီးရောင်နှစ်ခုကြားထဲမှ အ၀ါရောင်မီးသည် အရေးမပါသလိုများဖြစ်နေခဲ့ လေမလားဟု သူခပ်ဝါးဝါး တွေးမိပြန်သည်။ သို့သော် အ၀ါရောင်မီးကတော့ဖြင့် သူ့တာဝန်ကိုသူ ကျေပွန်စွာ ထမ်းရွက်နေခဲ့ရင်း မှိတ်ချည်တစ်ခါ၊ လင်းချည်တစ်လှည့်ဖြင့် ရှိနေခဲ့လေ၏။
           
ကားလမ်းမပေါ်တွင်ရှိသောမီးပွိုင့်များကြောင့် လားရာမတူညီစွာ ရွေ့လျားမောင်းနှင်နေခဲ့သော ယာဉ် အမျိုးမျိုးတို့သည် အချင်းချင်းထိခိုက်မှုမရှိပဲ လိုရာအရပ်ရှိရာဆီ ဖြတ်သန်းမောင်းနှင်နိုင်ကြလေသည်။ သို့ သော် နားလည်မှု၊ စည်းကမ်းသေ၀ပ်မှု လွဲချော်သွားတတ်သော တစ်ခါတရံများတွင်တော့ ထိုမီးပွိုင့်နားတစ် ၀ိုက်တွင်ပင် မော်တော်ယာဉ်အချင်းချင်းထိစပ်ကာ ချိတ်တွယ်နမ်းရှိုက်မိတတ်ကြလေသည်။ ထိုဖြစ်ရပ်ကို.. ယာဉ်တိုက်မှုဟု အမည်ပေးတတ်ကြပြီး ထိုနာမည်အောက်တွင် ပြဿနာဆိုသောအရာက မွေးဖွားလာတတ် လေတော့၏။ ထိုအခါ ပြဿနာဆိုသောအရာထဲတွင် ငြင်းခုန်မှု၊ အနိုင်ရလိုမှု၊ ဒေါသဖြစ်မှု၊ ရန်လိုမှု၊ ထိခိုက် နစ်နာဆုံးရှုံးမှု၊ ၀မ်းနည်းနာကျင်မှု စသည်တို့က အချိုးကျကျ ရောစပ်ပျော်ဝင်ကာ တပျော်တပါးကြီး စီးဆင်း တတ်ကြလေတော့၏။
              
ပလက်ဖောင်းပေါ်တွင်တော့ လူအများဖြတ်သန်းသွားလာနေကြသည်။ သို့သော် ဦးတည်ရာခြင်းက တော့ဖြင့် မတူညီခဲ့ကြ။ အချို့က အရှေ့မှအနောက်၊ အချို့က အနောက်မှအရှေ့၊ အချို့က ဦးတည်ရာမဲ့ စွာဖြင့်။
            
ပလက်ဖောင်းပေါ်တွင်တော့ မီးပွိုင့်မရှိ၊ ထို့ကြောင့် လူများသည် အဆင်ပြေသလိုသာ သွားကြရလေ သည်။ အဆင်မပြေသောခဏတာအချို့တွင် တစ်ဦးနှင့်တစ်ယောက် ၀င်တိုက်မိတတ်ကြလေတော့၏။

~~~@~~~

          
 
“ဟာ....ဟေ့လူ၊ ခင်ဗျား လူတစ်ယောက်လုံးတောင် မမြင်ဘူးလားဗျ”
 “ဆောရီးပါခင်ဗျာ၊ ကျွန်တော်တောင်းပန်ပါတယ်”
             
ဘယ်သူအရင်စပြီး ၀င်တိုက်မိမှန်းမသိသော်လည်း တော်တော်အောင့်သွားသော ဘယ်ဖက်လက် မောင်းကို ညာလက်ဖြင့်အသာဖိရင်း သူခပ်မြန်မြန်လေး တောင်းပန်လိုက်မိသည်။ ထို့အတူ အိပ်မက်ထဲမှာပင် ပတ်ဝန်းကျင်ကိုငေးမောရင်း အတွေးထဲနစ်နေတတ်မိသော သူ့ကိုယ်သူ ပြန်ကျိန်ဆဲမိရ၏။ သို့သော် သူ့ရဲ့ တောင်းပန်မှုကို တစ်ဖက်လူငယ်မှ သိပ်ကျေနပ်ဟန်မတူ။ ပါးစပ်မှ ခပ်တိုးတိုးတစ်ချက်ဆဲလိုက်ရင်း ကျယ် လောင်စွာဖြင့် ပြောလေသည်။
            
“ဟွင်း ဘယ်လိုလူမှန်းမသိပါဘူး။ ဟိုငေး ဒီငေး အူကြောင်ကြောင်နဲ့။ အဆိုတော်တစ်ယောက်လုံးကိုတောင်မမြင်ပဲ ၀င်တိုက်ရတယ်လို့”
            
သူအံ့သြသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင် သူနှင့်ဝင်တိုက်မိသောသူက
အဆိုတော်တစ်ယောက် ဖြစ်နေခဲ့တယ်ဆိုပါလား။
            
“ဟောဗျ၊ ခင်ဗျားက အဆိုတော်လား။ ဒါဆို တိုက်မိတာကို ကျွန်တော်ထပ် တောင်းပန်ပါတယ်ဗျာ။ တွေ့ရတာလည်း ၀မ်းသာပါတယ်။ ကျွန်တော်က အနုပညာကိုခံစားတတ်လွန်းသူ တစ်ယောက်ပါ”
           
 ပြာပြာသလဲပြောလိုက်သော သူ့လေသံနှင့်အမူအယာကြောင့် ထိုလူငယ်က ငါးသ လဲထိုးပြုံးပြုံးရင်း
           
 “ဟုတ်တယ် ကျုပ်က အဆိုတော်ပဲဗျ”
 “နာမည် ဘယ်သူ”
            
သိချင်ဇောဖြင့် သူမေးမိလိုက်၏။ ထိုအခါ အမှိုက်ပုံလေမွှေ့ခံထားရသော ဆံပင်ပုံစံခပ်ဆန်းဆန်းဖြင့် ထိုလူငယ်က ဆောင့်ဆောင့်အောင့်အောင့် ပြန်ဖြေလေသည်။ ‘ဒါလေးတောင် ခင်ဗျားမသိဘူးလား’ဟုဆိုချင် သည့် လေသံနှင့်ပင်ဖြစ်၏။
            
“ကျုပ်နာမည်က ‘မိုးမြင့်အာကာထွဋ်ဖျားဝတိံသာ’တဲ့ဗျ၊ မှတ်ထား။ နာမည်နည်းနည်းရှိတဲ့အဆိုတော် တစ်ယောက်နှစ်ယောက်လောက်နဲ့ အသစ်တွေအများကြီးပါတဲ့ အတွဲခွေတစ်ခွေမှာ ကော်ပီသီချင်းတစ်ပုဒ်ကို ပိုက်ဆံပေးပြီးဝင်ဆိုဖူးထားတယ်”
           
 “သြော် ခင်ဗျားဆိုဖူးတာ တစ်ပုဒ်တည်းလား၊ နေပါဦး အဲ့ဒီအခွေနာမည်ကဘာလဲဗျ။ ပြီးတော့ ဘယ် တုန်းက ထွက်တာတုန်း။ ကျွန်တော်နဲ့ အမှတ်တမဲ့ဝင်တိုက်မိတဲ့ အဆိုတော်ရဲ့အခွေမို့ အမှတ်တရ ၀ယ်သိမ်း ထားချင်လို့ပါခင်ဗျာ”
           
သူ့အမေးကို ထိုလူငယ်က မော်ကြွားစွာပြုံးရင်း၊ နောက် သူ့ကိုအထင်သေးသလိုကြည့်ရင်းဖြေလေ၏။
           
 “ခွေထွက်တာကတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပါပဲ။ ခွေနာမည်က ‘ရှက်ကီ သောက်တိုင်းလွမ်း တယ်’တဲ့”
           
ထိုလူငယ်၏စကားကို နာခံသလိုပုံစံမျိုးနှင့် ယောင်တောင်တောင်ဖြစ်ကာ သူခေါင်းငြိမ့်ပြလိုက်မိသွား သေး၏။ ‘ရှက်ကီသောက်တိုင်း လွမ်းတယ်’ဆိုတော့ အရက်သောက်တိုင်း လွမ်းတယ်ပေါ့ဟု သူ့ဘာသာသူပင် အခွေနာမည်ကို အဓိပ္ပါယ်ဖွင့်နေမိလိုက်သေးသည်။ သို့သော် ဒီအခွေနာမည်ကို သူမကြားဖူးခဲ့ရိုးအမှန်ဖြစ်၏။ သူနေသော ပြည်ပနိုင်ငံငယ်လေးဆီကိုရောက်လာသမျှသော မြန်မာဗွီစီဒီကာရာအိုကေအခွေ တော်တော်များ များကို သူနားထောင်ဖူးပေမယ့် ထိုအထဲတွင် မတွေ့မိခဲ့ဖူး။ နောက်ပြီး မစို့မပို့ သုံးနေတတ်ခဲ့သော အင်တာ နက်ထဲတွင်လည်း မတွေ့ခဲ့မိသလိုလို။
            
ထို့ကြောင့် ဇဝေဇ၀ါနိုင်လှစွာဖြင့် သူမေးမိလိုက်ပြန်၏။ အခြား လမ်းသွားလမ်းလာများက သူတို့နှစ် ယောက်ကို တစ်ခါတရံ တွန်းတိုက်သွားတတ်ကြသေးတာကိုလည်း ရှောင်ရသေးသည်။
             
“အဲ့ဒီအခွေက ပေါက်လားဗျာ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကထွက်တဲ့ အဲ့ဒီအခွေကို ကျွန်တော်တော့ အခုထိ နားမထောင်ဖူးသေး”
            
“တော်.....စမ်း.....ပါ.....ဗျာ”......
            
သူ့စကားတောင် မဆုံးလိုက်ရ။ ထိုလူငယ်က ဖြတ်ဟောက်သည်။ နောက်.. ဆက်ပြောလေ၏။
           
“ဒီမှာ ခင်ဗျားမှတ်ထား။ ခွေပေါက်တာ မပေါက်တာက ကုသိုလ်ကံနဲ့ဆိုင်တယ်။ ကျုပ်နဲ့အဝေးကြီးပဲ။ ကျုပ်ကတော့ နောက်ထပ်ဝင်ဆိုဖို့ ပိုက်ဆံမရှိတော့လို့ ၀င်မဆိုဖြစ်တော့ပေမယ့် အခွေတစ်ခွေထဲမှာ သီချင်း တစ်ပုဒ် ၀င်ဆိုဖူးထားတယ်လေ။ အဲ့ဒီတော့ ကျုပ်က အဆိုတော်ပဲပေါ့။ ကဲ...ခင်ဗျားဘာပြောချင်လဲ”
           
 သူ့ကို လက်အောက်ငယ်သားတစ်ယောက်လို့ မျက်နှာခပ်မာမာဖြင့် ဖိဟောက်သလိုပြောနေသော ထိုလူငယ်ကိုကြည့်ရင်း သူခေါင်းခါပြလိုက်မိ၏။ “အေးလေ၊ သူက အဆိုတော်မှ အဆိုတော်ဆိုတော့လည်း ငါ ကလည်း သူ့ကိုအဆိုတော်လို့ မှတ်ပေးရုံပေါ့”ဟု စိတ်ထဲမှ ကျိတ်တွေးမိလိုက်သေးသည်။
            
ထိုအခါကျမှ လူငယ်က သူ့ကိုဂြိုလ်ကြည့်ကြည့်ရင်း လှည့်ထွက်သွားရန်ပြင်၏။ သို့သော် မသွားခင် တစ်ခုခုကိုသတိရသွားဟန်ဖြင့် သူ့ဘက်သို့ပြန်လှည့်ကာ...
            
“နောက်ကို လမ်းသွားရင် ဟိုငေး ဒီငေးလုပ်မနေနဲ့။ ဒီရန်ကုန်မြို့ကြီးထဲမှာ ကျုပ်လိုအဆိုတော်တွေမှ အများကြီး။ ခင်ဗျားထပ်ပြီးဝင်တိုက်နေမိရင် မလွယ်မှာစိုးလို့ သတိပေးခဲ့တယ်မှတ်ပါ။ ဒါပဲ”...
            
ခပ်ရင့်ရင့်ပြောပြီး သူ့ကိုကျောခိုင်းကာ လူစီးကြောင်းကြီးထဲသို့ လူငယ်က တိုးဝင်သွားလေတော့၏။ သူတစ်ချက်လိုက်ကြည့်နေမိလိုက်ရင်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ သတိဝင်လာမိသည်။ ပလက်ဖောင်း တစ်လျှောက်တွင် လူများကြားထဲမှတိုးကာဝှေ့ကာဖြင့် ဆက်လျှောက်ခဲ့ရင်း စောစောက လူငယ်ပြောသွားသလို သတိထားပြီးလျှောက်ရတော့မည်ဟု ကိုယ့်ဘာသာပြန်ပြီး စဉ်းစားမိလေ၏။
           
ထိုစဉ် သူ့နှာခေါင်းထဲသို့ စွဲမက်ဖွယ်ရာ ရနံ့တချို့က ခပ်ချွဲချွဲတိုးလို့ဝင်လာခဲ့လေ၏။ အခြားရနံ့တော့ မဟုတ်၊ သူသိပ်နှစ်သက်လွန်းသော မုန့်ဟင်းခါးရနံ့ပင်ဖြစ်သည်။ မုန့်ဟင်းခါးကို ပဲကြော်နဲ့တစ်ပွဲလောက် ဆွဲ ဦးမှပါပဲဟု တွေးရင်း အနံ့လာရာဆီကို လည်ဆန့်ကာ ရှာဖွေမိဆဲခဏ.....
            
“အောင်မလေး၊ သေပါပြီတော်”
         
 အသံစူးစူးလေးနှင့်အော်လိုက်သံကို သူ့နားထဲအနီးကပ်ကြားလိုက်ရချိန်နှင့် သူ့ခန္ဓာကိုယ်ဖြင့် နူးညံ့မွှေး ပျံ့သော ခန္ဓာကိုယ်လေးနှင့်ဝင်တိုက်မိချိန်သည် တစ်ထပ်တည်းကျသွားရသလို ရှိ၏။ သူ့စိတ်ထဲမှ ပြဿနာ တော့ စပြန်ပြီဟု မသက်သာစွာတွေးမိလိုက်သည်။ စိုးရွံ့စွာဖြင့်ကြည့်မိလိုက်တော့ သူ့နှင့်ဝင်တိုက်မိသူက ခပ်မိမိ၊ ခပ်ချောချော ကောင်မလေးသုံးယောက်ဖြစ်နေလေ၏။ သူနှင့် သုံးယောက်စလုံးဝင်တိုက်မိခြင်းမဟုတ်ပါ၊ အစွန်ဆုံးမှ အစိမ်းရောင်ဝမ်းဆက်ကောင်မလေးဖြင့် တိုက်မိခြင်းသာဖြစ်လေသည်။ စောစောကလူငယ်လေး ပြောသွားသောစကားကို သူသတိရစွာဖြင့်....
            
“အဆိုတော်တွေလားမသိဘူးနော်။ ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ မုန့်ဟင်းခါးဆိုင်လိုက်ရှာရင်း မမြင်မိလို့ ၀င်တိုက်မိတာပါ”
“မဟုတ်ပါဘူးရှင်။ ဒါပေမယ့် အနုပညာရှင်တွေပါပဲ။ တိုက်မိတာလည်းရပါတယ်ရှင်။ မတော်တဆပဲ ဟာကိုများ”
            
သူနှင့်ဝင်တိုက်မိသော အစိမ်းရောင်ကောင်မလေးက ချစ်စဖွယ်ပြုံးရင်းပြန်ပြော၏။ သူစိတ်အေးသ လို သက်ပြင်းချမိတော့ ကောင်မလေးသုံးယောက်လုံးကရယ်၏။ သူပါအတူ ရှက်ကိုးရှက်ကန်းလိုက်ရယ်ရင်း သိချင်စွာဖြင့်...
            
“အနုပညာရှင်ဆိုတော့ ရုပ်ရှင်မင်းသမီးလေးတွေလားဗျာ”
            
သူ့အမေးကို ကောင်မလေးသုံးယောက်က ခေါင်းခါပြ၏။ သူဝင်တိုက်မိသော အစိမ်းရောင်ကောင်မ လေးက...
           
 “ကျွန်မတို့က ရုပ်ရှင်မင်းသမီးတွေမဖြစ်သေးပါဘူး၊ အဲ ဖြစ်ဖို့ကြိုးစားနေတယ် လို့ပြောရင်ရမယ်ထင်တယ်။ အခုလောလောဆယ်တော့ ကျွန်မတို့သူငယ်ချင်းသုံးယောက်လုံးက မော်ဒယ်လ်တွေပါ...။ နာမည်ကြီး မော်ဒယ်လ်အေဂျင်စီတစ်ခုဖြစ်တဲ့ (Tanlan & Maw Del) တန်းလန်း အင်(န်) မောတယ်ဆိုတဲ့ သင်တန်းကို ခြောက်ရက်ကြီးများတောင် တက်ခဲ့ဖူးတယ်လေ။ သိတယ်မှတ်လား၊“မတင်မိုးစိန်”ဦးစီးတဲ့ အေဂျင်စီပေါ့။ အခု အဲ့ဒီသင်တန်းကဆင်းပြီးတော့ cow walk တွေကို အဆင်ပြေတဲ့နေရာတွေမှာ လိုက်လျှောက်တယ်၊ နောက် ပြီး သူများခေါ်ရင်ခေါ်သလို ဗွီစီဒီတွေ ဘာတွေလည်း ရိုက်မယ် စဉ်းစားတယ်။ ပြီးတော့ ကြေငြာရော ဘာ ရောအစုံပေါ့။ ဟင်းဟင်း”
            
“နာမည်လေးတွေက ဘယ်သူ။ အားပေးရအောင်ပါခင်ဗျာ”
            
သူ့အမေးကို အစိမ်းရောင်ကောင်မလေးက သူမကိုယ်သူမအရင်လက်ညှိုးထိုးပြီး...
           
“ကျွန်မနာမည်က ‘သက်ထားကလျာနုနုသွေးခြေဥ’တဲ့။ သူတို့ကတော့ ‘နွေနှောင်းခါဝဿန်မိုးရွာသွန်း ဖြိုး’နဲ့ ‘စိမ်းလဲ့လဲ့တုန်မြသားငယ်တဲ့ငွေယမုန်’တဲ့လေ။ မှတ်ထားနော်”
         
သူခေါင်းငြိမ့်ပြရင်း ဒီတစ်ခါတိုက်မိတဲ့ကောင်မလေးတွေကတော့ ဟိုအဆိုတော်ကောင်လေးနဲ့ အတော် ကွာတာပဲဟု တွေးမိ၏။ ပြေပြေလည်လည် ဖော်ဖော်ရွေရွေနှင့်မို့ပင်။ ဒါဟာ အနုပညာသည်တစ်ယောက် အဖြစ် အောင်မြင်စေဖို့ အခြေခံအချက်မဟုတ်ပါလား။
            
“အခုရော ဘာတွေရိုက်နေလဲဗျာ”
            
“အခုလား၊ ဘာမှမရိုက်ရပါဘူး။ သင်တန်းကနေ ကျောကော့ပြီးဆင်းခဲ့တာ တစ်နှစ်ကျော်သွားပြီ လေ။ မော်ဒယ်လ်စင်မြင့်ပေါ်မှာတောင် ရှိုးမလျှောက်ဖူးသေးဘူး။ ဒါပေမယ့် စားသောက်ဆိုင်တစ်ခုမှာတော့ cow walk တစ်ခါလား လျှောက်ဖူးတယ်။ နောက်ပိုင်းလာမငှားကြတာနဲ့ ဆက်မလျှောက်ဖြစ်သေးတာအ ခုထိပါပဲ။ သိတယ်မဟုတ်လား။ ဒီဘက်ခေတ်က ချိတ်ကောင်းကောင်းရှိမှလေ။ အဲ့ဒါမှ ချိတ်ကောင်းကောင်း ရဲ့အကူအညီနဲ့ နေရာတစ်ကာ ပါလို့ရမှာ။ အဲ့ဒါကြောင့် ကျွန်မတို့လည်း ချိတ်ကောင်းကောင်း လိုက်ရှာနေကြ ရတုန်းပါ။
          
ဗွီစီဒီအနေနဲ့ကတော့ ကျွန်မတို့သုံးယောက်လုံး သီချင်းတစ်ပုဒ်မှာ ၀င်သရုပ်ဆောင်ဘူးတယ်။ လူတွေ အများကြီးပါတဲ့ သီချင်းတစ်ပုဒ်မှာ ဖြတ်လျှောက်အနေနဲ့ပေါ့... ဟင်း ဟင်း။ ကြေငြာအနေနဲ့လည်း ၀ါးလက် ခုပ်ကြေငြာတစ်ခုမှာ ၀င်သရုပ်ဆောင်ဖူးတယ်။ နောက်ကနေ ကတဲ့အဖွဲ့သားတွေအများကြီးနဲ့အတူရောပြီး တော့ပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကမော်ဒယ်တွေပါပဲလေ။ ဟုတ်တယ် မဟုတ်လားရှင်”
            
သူခေါင်းငြိမ့်ပြမိပြန်၏။ စိတ်ထဲမှလည်း အနုပညာလှုပ်ရှားမှု တော်တော်အားကောင်းတာပဲဟု ခပ်ချဉ် ချဉ်လေးတွေးမိသည်။ သို့သော် သူ့ကိုပြဿနာမရှာသော မျက်နှာကိုထောက်ထားပြီး...
            
“အခုလို မော်ဒယ်လ်တွေနဲ့ တွေ့ရတာ၊ သိရတာ အရမ်းဝမ်းသာပါတယ်ဗျာ။ အားပေးနေမှာပါ...မ”
“သက်ထားကလျာနုနုသွေးခြေဥ....ပါ”.
“ဟုတ်ကဲ့ မသက်ထားကလျာနုနုသွေးခြေဥ။ အားပေးနေမှာပါဗျာ”
“ဟုတ်ကဲ့ ဒါဆို သွားလိုက်ပါဦးမယ်နော်။ သြော်ဒါနဲ့ အော်တိုလက်မှတ်ကလေးများ ထိုးပေးခဲ့ရဦး မလားရှင့်”
“လိုတော့ လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ စာရွက်တွေဘာတွေ ပါမလာလို့”
အားနာစွာသူပြောမိတော့ ကောင်မလေးသုံးယောက်လုံးက ရပါတယ်ဟု ပြောရင်း ပြုံးကာနှုတ်ဆက် ထွက်သွားလေတော့သည်။
       
သူဆက်လျှောက်လာခဲ့၏။ မုန့်ဟင်းခါးစားချင်စိတ်ပင် ဘယ်ဆီရောက်သွားသည် မသိတော့။ ငါနေခဲ့ တဲ့ ဒီရန်ကုန်မြို့ကြီးဟာ ငါမရှိတဲ့ လေးငါးခြောက်နှစ်၊ ခုနှစ်နှစ်အတွင်း အနုပညာမြို့တော်ကြီးများဖြစ်သွားခဲ့ ပြီလားဟု တွေးနေမိလိုက်တာမို့ဖြစ်၏။ 

ကြည့်လေ၊ မြို့ထဲမှာ အမှတ်တမဲ့ဝင်တိုက်မိတာနှစ်ခါ၊ တစ်ခါက အဆိုတော်တစ်ယောက်နှင့်၊ နောက်တစ်ခါကျတော့ မော်ဒယ်လ်သုံးယောက်နှင့်။ သူ သက်ပြင်းတစ်ချက် ၀ူးခနဲ မှုတ်ထုတ် မိလိုက်၏။ နောက်ထပ်တစ်ခါ ထပ်တိုက်မိလျှင် ဘယ်လိုလူနဲ့ များတွေ့ရဦးပါမလဲဟု မရေမရာစဉ်း စားမိပြန်သည်။ သို့သော် သူခြေလှမ်းများက ဆက်ရွေ့နေခဲ့လေ၏။

~~~@~~~

           
 အိပ်မက်ထဲတွင် သူဆက်လျှောက်နေခဲ့ရင်း ပလက်ဖောင်းထောင့်ချိုးတွင် ဖွင့်ထားသော လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ကို သွားတွေ့သည်။ ဆိုင်လေးက အမိုးမပါ ဘာမပါနှင့် သားသားနားနားမရှိ။ သို့သော် အဆောင်အယောင်ကင်းလွန်းသော  ဒီလိုဆိုင်လေးများကို နှစ်သက်တတ်လွန်းသူမို့ ပေါ့ဆိမ့်တစ်ခွက်လောက် ၀င်သောက်ဖို့ သူစိတ်ကူးရလာ၏။ ထိုဆိုင်လေးထဲတွင်တော့  ရှိသမျှခုံအကုန်လုံးမှာ လူတွေ ပြည့်နေခဲ့လေသည်။ 
သို့သော် သောက်ဖို့ ဆုံးဖြတ်ပြီးသားမို့ နေရာလွတ်တစ်နေရာစာကို မျက်စိဝေ့ကာရှာမိတော့ တစ်နေရာကိုတွေ့၏။ ထိုစားပွဲဝိုင်းတွင် လူတစ်ယောက်သာ ထိုင်နေသည်။ ထိုသူ့ရှေ့စားပွဲပေါ်တွင် လက်(ပ်)တော့(ခေါ်)နုတ်ဘွတ်ခ်(ခေါ်) အိတ်ဆောင်ကွန်ပျူတာတစ်လုံးကို ဖွင့်လျှက်သားတင်ထားတာ တွေ့ရ၏။ ထိုဘေးတွင်တော့ သောက်လက်စ လက်ဖက်ရည်တစ်ခွက်နှင့် ဆေးပေါ့လိပ်တိုတစ်ခုက ကပိုကရိုနှင့်ရှိ နေခဲ့ကြလေသည်။
            
ထိုစားပွဲအနားသို့ သူလျှောက်သွားကာ စားပွဲဝိုင်းနားအရောက်တွင် ခဏရပ်လိုက်သည်။ ထိုသူ့ရှေ့မှ လွတ်နေသောထိုင်ခုံသည် သူတို့နှစ်ယောက်လုံးအပိုင်မဟုတ်။ သို့သော် အရင်ရောက်နှင့်သူကို လေးစား သည့်အနေဖြင့် ၀တ္တရားအရသူမေးလိုက်မိ၏။
           
 “ဒီခုံအားသလား ခင်ဗျာ”
            
သူ့အသံကြောင့် ကွန်ပျူတာကို သည်းကြီးမည်းကြီးစိုက်ကြည့်နေရာမှ ထိုသူက မော့ကြည့်လာ၏။ နောက် ဆတ်ခနဲ ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့ကွန်ပျူတာကိုသာ ပြန်စိုက်ကြည့်နေလေ၏။ ထို့ကြောင့် ထိုခုံတွင် သူအသာဝင်ထိုင်လိုက်သည်။ သိပ်မကြာမီ စားပွဲထိုးလေးလာချပေးသော ပေါ့ဆိမ့်လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း သူ့အရှေ့မှထိုလူရွယ်ကို မိတ်ဖွဲ့စွာဖြင့် စကားစတင်ပြောဖို့ရာ သူအားထုတ်မိတော့သည်။ တစ်ယောက်တည်း ဟိုဒီ ကြည့်ရင်းဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ရတာ အတော်ပင်ငေါင်တောင်တောင်နိုင် လာတာမို့ ဖြစ်၏။
            
“အစ်ကိုက ကွန်ပျူတာတော်တော်ကျွမ်းမယ်ထင်တယ်နော်”
           
သူ့စကားသံကြောင့် ထိုလူရွယ်က ခေါင်းမော့ကာသူ့ကိုကြည့်လာသည်။ မိတ်ဖွဲ့စွာဖြင့် သူပြုံးပြမိတော့ ထိုလူကပြန်ပြုံးပြရင်း....
           
 “ကွန်ပျူတာကို ကျွန်တော်ဒီလောက်မကျွမ်းပါဘူးဗျာ”
 “ဒါဆို အစ်ကိုဝါသနာတော့ တော်တော်ပါမယ်ထင်တယ်”
          
 သွေးတိုးစမ်းသလို သူမေးမိလိုက်၏။
           
“၀ါသနာတော့ပါ,ပါတယ်။ ဒါပေမယ့် ကျွန်တော်စာရေးဖို့သက်သက်လောက်ပဲ စိတ်ဝင်စားတာပါ”
“ဟာ... ဒါဆို အစ်ကိုက စာတွေရေးတယ်ပေါ့”
            
အံ့သြစွာဖြင့် သူမေးမိသည်။
           
“ဟုတ်တယ်၊ ကျွန်တော်က စာရေးဆရာပါ”
“ဘယ်မဂ္ဂဇင်းတွေ စာစောင်တွေမှာရေးလည်းဗျာ။ ဒါမှမဟုတ် လုံးချင်းလိုင်းကလား၊ ကလောင်နာမည် ကရော ဘယ်သူလည်းဗျာ။ ကျွန်တော်က စာရေးတာဝါသနာပါလို့ပါ။ ခုလိုစာရေးဆရာတစ်ဦးနဲ့ တွေ့ဆုံရတာကိုလည်း အရမ်းဝမ်းသာမိပါတယ်။ ပြောရရင် ကျွန်တော်က စာပေကိုလည်း မြတ်နိုးလွန်းတဲ့ သူတစ်ယောက် ပါ”
            
တရစပ်ပြောလိုက်သော သူ့စကားသံအဆုံးတွင် ထိုလူရွယ်က ခပ်မိန့်မိန့်ပြုံးရင်း ဖြေ၏။
           
“ကျွန်တော်က အပြင်စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာမရေးပါဘူး။ အွန်လိုင်းမှာ အဲ.. အင်တာနက်ထဲမှာ ရေးတဲ့ အွန်လိုင်းစာရေးဆရာ တစ်ယောက်ပါ။ ကလောင်နာမည်ကတော့ ‘ကျော်သထက်ကျော်ဇမ္ဗူပေါ်လူ တော်’ လို့ခေါ်ပါတယ်”
            
အွန်လိုင်းတွင် ဘလော့ဖြင့်စာရေးနေကြသောရပ်ဝန်းသည် သူကိုယ်တိုင်အနည်းငယ် တီးမိခေါက်မိရှိ သည့်ရပ်ဝန်းဖြစ်သော်လည်း ထိုနာမည်ကို သူတစ်ခါမှမကြားဖူးခဲ့။ သူကိုယ်တိုင် မသိသေးတာလည်းဖြစ်မည်။
           
“ဟုတ်လားဗျ။ ဘလော့ဂ်ရေးတာမျိုးပေါ့နော်။ လိပ်စာလေးပေးပါဗျာ။ လာဖတ်ရအောင်ပါ”
“ကျုပ်က ဘလော့ဂ်ပေါ်မှာစာရေးတာတော့ဟုတ်တယ်။ ဒါပေမယ့် ဘလောဂ်ဂါ မဟုတ်ဘူးနော်၊ ခင် ဗျားသိအောင် ရှင်းရှင်းထပ်ပြောမယ်။ ကျုပ်က အွန်လိုင်းစာရေးဆရာ”
            
မျက်နှာထိမျက်နှာထားဖြင့် ချက်ခြင်းပြောင်းလဲကာပြောလိုက်သော ထိုလူရွယ့်ကိုကြည့်ရင်း အလိုက် အထိုက် ခပ်မြန်မြန်လေး သူခေါင်းငြိမ့်ပြလိုက်မိ၏။ သို့သော် စိတ်ထဲမှနေပြီး တွေးမိသည်။
            
သူသိသော ဘလော့ဂ်ရေးသူတော်တော်များများထဲတွင် စာရေးဝါသနာပါလို့ မနေနိုင်သောကြောင့် ရေးသူ၊ သူများအားသိစေချင်တာမို့ နည်းပညာလေးများအားမျှဝေသူ၊ ကိုယ့်ခံစားချက်ကလေးများကိုပဲ ဒိုင် ယာရီသဖွယ်ရေးသူ၊ ဟင်းချက်နည်း၊ ဘာသာပြန်စာပေးလေးများ စသည်တို့အားဝေမျှသူ အစရှိသဖြင့် အမျိုး မျိုးရှိသည်။ တချို့ကအပျော်သက်သက်၊ တချို့က ၀ါသနာအရ၊ တချို့က မိတ်ဖြစ်ဆွေဖြစ်ဟု ခြုံပြောလျှင်ရ မည်။ နောက်ပြီး အွန်လိုင်းတွင် အပြင်စာပေနယ်မှာ စာတွေရေးခဲ့သော၊ ရေးနေဆဲဖြစ်သော နာမည်ရှိဆရာ၊ ဆရာမများ၏ ဘလော့ဂ်များလည်း ရှိသည်။ သူတို့က မဂ္ဂဇင်းတွေမှာ ဖော်ပြခံရပြီးဖြစ်သော စာလေးများအား အွန်လိုင်းပေါ်မှ စာဖတ်သူတွေဖတ်နိုင်ဖို့ ပြန်တင်ပေးကြခြင်းပင်။ 

သို့သော် သူ့ရှေ့မှလူလို ဂျီမေးလ်အကောင့် တစ်ခုရှိရုံဖြင့် ဖန်တီးနိုင်သော ဘလော့ဂ်တစ်ခုပေါ်တွင် စာတွေရေးရင်း ကိုယ့်ကိုယ်ကို စာရေးဆရာဟု ခံယူ ထားသူများကိုတော့ မတွေ့မိခဲ့ဖူး။ မတွေ့သေးတာလည်း ဖြစ်ချင်ဖြစ်မည်။ မသိသေးတာလည်း ဖြစ်ချင်ဖြစ် မည်။ ရှိချင်လည်း ကျိတ်ရှိနေမည်။ သို့သော် သူကတော့ဖြင့် အခု အရှင်လတ်လတ် နှဖူးတွေ့ဒူးတွေ့ ကြုံနေခဲ့ ရလေပြီ။ နောက်ထပ် တွေးမိသေးတာက စာမရေးကြတဲ့သူတွေက စာရေးတဲ့သူတိုင်းကို (ဘာကိုပဲရေးရေး) စာရေးဆရာဟု ခေါ်ထိုက်ပါသလား ဆိုတာပင်။
            
“အွန်လိုင်းမှာ ကျုပ်စာဖတ်ပရိတ်သတ်တွေဆိုတာ”...
            
ထိုလူက သူနှစ်သက်သောအကြောင်းအရာမို့ အာပေါင်အာရင်းသန်သန်ဖြင့် ဆက်ပြောနေလေတော့၏။ သို့သော်လည်း စကားများက သူ့နားထဲ မ၀င်တစ်ချက် ၀င်တစ်ချက်ဖြင့်။ ထိုလူ့စကားထဲတွင်ပါလာသော စာဖတ်ပရိတ်သတ်ဆိုတာကို စဉ်းစားမိနေသေး၏။ လူတစ်ယောက်ရေးထားသောစာကို လူတစ်ယောက်က ဖတ်ကြည့်ရုံဖြင့် သူ့စာဖတ်ပရိတ်သတ် ဖြစ်သွားရောလား၊ မြည်းစမ်းကြည့်သည့်အနေဖြင့် ဖတ်ကြည့်မိလျှင် ရော သူ့စာဖတ်ပရိတ်သတ် ဖြစ်သွားရောလား။ အားနာလို့ ဖတ်ရင်ရော သူ့စာဖတ်ပရိတ်သတ် ဖြစ်သွားနိုင်ပါ သလား။ တကယ်နှစ်သက်လို့ စွဲစွဲမြဲမြဲဖတ်နေတာကိုမှ စာဖတ်ပရိတ်သတ်လို့ခေါ်သလား။ ရံဖန်ရံခါဖတ်ကြည့် ရင်ရော သူ့စာဖတ်ပရိတ်သတ်ပဲလား စသည်ဖြင့်။ စာဖတ်ပရိတ်သတ်ဟူသည် စာရေးသူက သတ်မှတ်ရမှာ လား၊ စာဖတ်သူက ကိုယ့်ကိုယ်ကို သတ်မှတ်ရမှာလား။
          
နောက်ပြီး တကယ်လို့များ ထိုလူရေးသော စာများသည် ဖတ်သူတိုင်းအတွက် အကျိုးများ၍ လက်ဖျား ခါရလောက်အောင် ကောင်းနေလျှင် တော်သေးလိမ့်မည်။ ထို့အစား ပန်းသီးသည်ချို၏။ မုန့်ဟင်းခါးထဲတွင် ငရုပ်သီးမှုန့် ထည့်စားမိတာ အတော်စပ်သွားပါသည်။ ငါးခြောက်ဆိုသည်မှာ နေလှမ်းထား၍ ခြောက်သွေ့နေ သော ငါးကိုခေါ်ပါသည်... စသည့် အတွေ့အကြုံ၊ အတွေးအခေါ်နှင့် အရေးအသားများကို ထိုလူသာရေးနေခဲ့ မည်ဆိုလျှင် သူ့စာဖတ်ပရိတ်သတ်ဟု ခေါင်းစဉ်တပ်ခံရသူများသည်...?????
            
ထိုလူကတော့ ဆက်ပြောနေလေသည်။ သို့သော် သူ့နားထဲ တစ်လုံးမှမ၀င်တော့။ လျှံထွက်နေခဲ့လေ ပြီမို့ပင်ဖြစ်၏။ ထို့ကြောင့် မျက်နှာကိုသာ ပြုံးရင်း သူစိုက်ကြည့်နေမိတော့၏။ သူ့မြင်ကွင်းထဲတွင် ကြည့်ရင်း ထင်ထင်ရှားရှား မြင်လာရသည်က ထိုလူ့နားထင်နားလောက်အထိ ရောက်ရှိ မြင့်တက်နေခဲ့ပြီဖြစ်သော အနီ ရောင် စီးကြောင်းတစ်ခု။ ဒါမျိုးကို သွေးနားထင်ရောက်တယ်လို့ ခေါ်တတ်ကြပါသလား။
           အနီရောင်....
           သူသိပ်မုန်းသည်။
           ရဲရင့်ခြင်းဟု အများကခေါင်းစဉ်တပ်ကြသော်လည်း...
           သူကတော့ ပူလောင်ခြင်း၊ ဆူပွက်ခြင်း စသည်တို့ကို နှိုးဆွတတ်သည့်အဓိပ္ပါယ်ဟု တစ်ကိုယ်ရည် တွေးထားမိခဲ့လို့ပင်ဖြစ်၏။

~~~@~~~

            
သူအိပ်မက်မှ လန့်နိုးလာခဲ့သည်။
           
ပြည်ပရှိ သူ့အိပ်ခန်းလေးထဲတွင် သူမှလွဲပြီးတစ်ယောက်မှမရှိ။
            
ထို့ကြောင့် သူ့အိပ်မက်ကိုပြန်တွေးရင်း တစ်ယောက်တည်း စိတ်ချလက်ချ ခိုးပြုံးလိုက်မိသည်။ နောက်.... တွေးမိပြန်သည်။
           
 ‘ထင်’... တစ်လုံးသည် တစ်ခါတစ်ရံတွင် လူတို့အား ကိုယ်တိုင်ပြန်မသိလိုက်နိုင်သော အချိန်များမှာ အတော့်ကိုပရမ်းပတာ၊ စည်းလွတ်ဝါးလွတ် ဖြစ်စေတတ်တာ အမှန်ပင် ဖြစ်နိုင်လိမ့်မလားဟူ၍။   

---------------------------------------------------

~ ဏီလင်းညို ~
(ထင်)
၂၀၁၄၊ ဇွန်
Treasure land magazine

27 comments:

TYZ said...

နဲနဲလေးနေကောင်းတာနဲ့ ဘလော့လိုက်ဖတ်နေပြီလား ကိုဏီလင်းညို...။ ပေးထားတဲ့နာမည်လေးတွေ တော်တော်စဉ်းစားထားရမှာပဲနော်။ ကောင်းပါတယ်ဖတ်ရတာ လူတွေရဲ့စိတ်က အဲလိုမျိုးတွေလည်း ရှိတတ်ကြာတာပဲလေ။အားပေးလျှက်ပါ။ ကျန်းမာရေးကိုအသေးစိတ်ဂရုစိုက်ပါနော်။

ဝေလင်း said...

ဒါကတော့ အစ်ကိုရယ်... ဒီလိုပေါ့။ လူပဲ။ ရေးထားတဲ့ စိတ်ကူးကောင်းပါတယ်။ ဆောင်းပါးသက်သက်ဆို သိပ်ကောင်းမှာမဟုတ်ဘူး..။

ဆွေလေးမွန် said...

နေကောင်းသွားပြီးလား ကိုဏီးလင်းညို..လူတစ်ကိုယ်စိတ်တစ်မျိုးမို့..
ထင် ..

ရွှေရတုမှတ်တမ်း said...

ဒီတခါ အွန်လိုင်းမှာတွေ့ရင်..ဝင်တိုက်ပစ်လိုက်ဦးမယ်..ဘာမှတ်နေလဲ..
စာရေးဆရာက တစက်မှမလျှော့ဘူး

မောင်ဘကြိုင် said...

ဟိဟိ ကိုကိုကျောက်ပြောသလိုပဲ
အွန်လိုင်းမပေါ် ဘလော့လည်တုန်း တွေ့လို့ကတော့လား ဝင်တိုက်ပစ်မှာ
း)
း)
ဝါသနာအရ ရယ်ရင်ဖွင့်ခွင့်လေးရယ်ကြောင့် ဘလော့ရေးတာပါဗျာ
း) အဲဂလိုတော့ အနော်ပါဖူးဂျား)
ကိုဏီ ကျန်းမာရေးဂရုစိုက်နော် နာမည်တွေတော်တော်တွေးလိုက်ရမယ်း)

ညလင်းအိမ် said...

အဟားဟား တွေးတတ်ရေးတတ်ပါဧ။် ...

သြော် ရန်ကုန်မြို့ကြီး ပြောင်းလဲသွားတာလား ..
လူတွေပဲ ပြောင်းလဲသွားကြတာလား ...

တွေးစမ်း တွေးစမ်း ...
တွေးကြည့်လိုက်မိတယ် ...

ဝုန်း ....
တိုက်မိပြီ ..
ဒါက အနုပညာရှင် ဟုတ်ဘူးဗျ ...
အမလေး ကား .. ကား ...
ကိုဏီးရေ ကယ်ပါအုန်းဗျ ... :P :P :P

စိတ်၏ဖြေရာ said...

ဖတ်ရင်းတွေးရင်းပြုံးမိပါတယ်။ရန်ကုန်ပြန်ပြီးမုန့်ဟင်ခါး
(အကြော်မပါ)နဲ့လဘက်ရည်သောက်ချင်လာပြီနော်။

နေ့အိပ်မက် said...

အီး... ထဲကဖတ်နေရင်း ဆုံးသွားတော့ ဘယ်လိုမှ မနေနိုင်လို့ ကောမန့်လာပေးတာ။ ကောင်းလိုက်တာဆိုတဲ့စကားထက် ကောင်းတာရှိရင် အဲစကားပြောသွားတယ်လို့မှတ်လိုက်ပါ။ အပေါ်မှာ အဆိုတော်နဲ့ မင်းသမီးပြီးတော့ တစ်ခုခုတော့ ကျန်ဦးမယ်ထင်နေတာ... ဒီဘက်လှည့်လာမယ်လို့ မတွေးမိဘူး။ ကွန်ပျူတာဆိုတာ မြင်လိုက်တော့ အသံထွက်အောင် ထရယ်မိတာ ရုံးမှာ ဘေးက တရုတ်ကတောင် လှည့်ကြည့်တယ်။ တအားတော်တယ် ကိုဏီလင်းညို.. မိုက်တယ်. မိုက်တယ်။ ဒီအတွေးကိုပေးပြီး တခြားလူကို ရေးခိုင်းရင် ဒီလောက်ဖတ်လို့ကောင်းမယ် မထင်ဘူး။

lwin lwin said...

အိမ်မက်ထဲမှာပြန်တာဘဲ ခဏခဏသာပြန်ပါ
နာမည်တွေစဉ်းစားထားတာတော်တော်ကောင်းတယ်
ဒီပို့စ်လေးဖတ်ရင်းကျမတောင်ခဏပြန်ရောက်သွားတယ်

SHWE ZIN U said...

ဝင်တိုက်ပြန်ပြီ ဘာထင်လို့လည်းဗျာ ဒီက နံမည်ကြီးဘလောဂ်ဂါ ပါ သြ နံမည်ကြီးဘလော့ဂါ ဘယ်လောက်ကြီးသလည်း ဆိုရင် တင်းပလိတ်တခုလုံး ကျနော့် နံမည်နဲ့ပြည့်နေပါတယ်ခင်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
ကိုယ့်ရဲ့ဇာတိမြေကိုတော့အိပ်မက်ထဲမှာခနခနမက်ကြတယ်နော်..။
အဆင်ပြေပျော်ရွှင်ပါစေ..
ခင်တဲ့
သဒ္ဓါ

sosegado said...

တိုက်ပဲတိုက်နိုင်လွန်းတယ်၊
တွေ့တော့လည်း အာဂတွေချည်းပါလား၊
အိမ်မက်တော့ လွတ်လပ်ခွင့်ပေးပါ
ဟိုဖြတ် ဒီပိတ် တွေ ကြောင့်လွန်းလို့။

သိင်္ဂါကျော် said...

လူဆိုတာ တစ်ယောက်တစ်မျိုး ရူးနေကြတာပဲ တဲ့.. :D :D

မိုးယံ said...

ဟိုငေးဒီငေး မလျှောက်နဲ့လေဗျာ။ကျွန်တော် တစ်ယောက်လုံးကို မမြင်ဖူးလား

ကျွန်တော့်ကို မသိဘူးလား ။ ကျွန်တော်လဲ အဆိုတော်ပဲ။ အိမ်ထဲမှာပဲဆိုတာ ဖုန်းနဲ့ ရီကော့လုပ်ပြီး ဆိုတာ။

အန်တီညို ရေးထားတာတွေများ လန်ထွက်နေတယ်။ နံမည်တွေမြင်ပြီး လွမ်းထားထားလဲ ငိုနေပါဦးမယ်။

ခိုင်နုငယ် said...

ဝင်တိုက်သွား အဲ..၀င်ဖတ်သွားပါတယ်။
နာမ်မည်တွေ တော်တော် စဉ်းစားယူရမယ်ထင်ပါ့။
ရေးတတ်လိုက်တာ..........

မြသွေးနီ said...

မြသွေးနီကတော့...
သူများကို ခလုပ်တိုက်မိမှာလဲ စိုးတယ်..။
ကိုယ်က သူများအတွက် ခလုပ်ဖြစ်မှာလည်း စိုးမိတယ်...။
ဒါနဲ့.. အိမ်တွင်းပုန်းပဲလုပ်နေလိုက်တယ်..။
အကြံမပိုင်ဘူးလားဝေ့..။ :P

( ဒီလို အသောအထေ့ရေးနိုင်နေတာကို ကြည့်ခြင်းအားဖြင့် ကျန်းခန်းသာလို့ မာနေပြီဟု ယူဆပါကြောင်း အလကာင်္ကျော်စွာ အတုမရှိသိရီသုဓမ္မထိပ်ပြောင်မိုက်ကယ်ဏီလင်းညိုမူးရေ..)

ချော(အစိမ်းရောင်လွင်ပြင်) said...

မော်ဒယ်တွေ မည့်ထားတဲ့ နံမည်တွေတော့ သဘောကျတယ်အေ...
သုံးယောက်လုံးကို နံမည်အပြည့်အစုံများ ခေါ်လိုက်ရရင် လျှာအလျားလိုက် ထွက်နိုင်တယ်..
အင်း ကလေးတွေ နံမည်ပေးဖို့ အခက်အခဲရှိနေရင် အွန်လိုင်းနံမည်ကြီး စာရေးဆရာ ကိုဏီလင်းညိုဆီ သွားကြလို့ အကြံပေးလိုက်ဦးမှ။
တို့လဲ အနုပညာရှင်မင်းသမီးလို့ပြောလို့ရတယ်. ဘာလို့လဲဆိုတော့ အဲဒီ မော်ဒယ်သင်တန်းရှေ့ကနေ ဖြတ်လျှောက်ဖူးတယ် သိလား။ အော်တိုထိုးခိုင်းမယ်ဆို မအားသေးဘူးနော်... ကြိုတော့ စာရင်းပေးထား။း)
အမြန်နေကောင်းပါစေနော။ ကျန်းမာရေးဂရုစိုက်

အဖြူရောင်နတ်သမီး said...

မိုက်ပါ့...အတွေးပြောပါတယ်...။
ကိုဏီတို့က အပြင်မှာမူးယုံတင်မကဘူး..
အိပ်မက်ထဲမှာပါ မူးပြီး တွေ့တဲ့သူနဲ့ ဝင်တိုက်နေတော့တာပါပဲ...

အမြန်နေကောင်းပါစေ...

ahphyulay said...

ဟုတ်တယ် ကိုဏီ ရေ ..
ကျွန်တော် တို့ က “ ထင် ” တစ်လုံး နဲ့  နေ နေ ကြ တာပါလို့ ။
ကိုယ့် ကိုယ် ကို “ ထင် ” လိုက် တာလေ..
ဒါပေမဲ့  အဲ့ ဒီ ထင် ကလေး ကြောင့် ပဲ မျှော်လင့် ချက်ကလေး
တွေ ထား တတ် ၊ စိတ်ကူး တတ် လာပြီး ဆက်လက် ရှင်သန် နေသွား
နိုင် တာ မဟုတ် လား...

blackroze said...

နာမည်လေးတွေကတော့မိုက်သား..ကိုဏီကြီး..

Khinmarlaraung said...

အစ်ကို ဏီလင်းညို.....ဖတ်ရင်းဖတ်ရင်း လဲခဏခဏပြုံးမိ။
အရမ်းကို ကောင်းပါတယ် အစ်ကို။ ရယ်လည်းရယ်မိတယ်။
ပြီးတော့...အင်း....ပြီးတော့..တွေးစရာတွေ အရမ်းပေးတယ်။
ပြီးတော့...လိုရင်းကို သဘောပေါက်လွယ်တယ်။
ကြိုက်တယ်။ :) ။ ...ခင်မင်လျှက်..ခင်မာလာအောင်..:)

ခြင် said...

ဏီဏီရေ... မရောက်တာကြာလို့လာပြန်ပီဟေ့... ပို့က အရမ်းမိုက်လို့ ကော်မန့်မပေးပဲမနေနိုင်တော့ဘူး.... အဲလိုနာမည်တွေကို ဘိုင်အိုသင်တုန်းကနဲ့ ဟိုစာရေးဆရာမ ဝတ်ထုတွေ ဖတ်တုန်းကလို ကျော်ဖတ်တဲ့ အကျင့် အော်တိုငုတ်တုတ် ရထားလို့ ကျော်ပြီးမှ သေချာ တလုံးခြင်းရွတ်ကြည့်ရတယ်...တော်ကြာ... လမ်းမှာဝင်တိုက်နေမှ မသိလိုက်ရင် ဟောက်ခံထိနေအူးမယ်...း))

အနမ်း said...

ဏီလင်းညိုနဲ့တော့ ၀င်မတိုက်ရဲပါဘူး. ဘလော့ထဲ ထည့်ရေးမှာစိုးလို့း)))
ဏီရေ .. လာလည်သွားတယ်နော်..
ပျော်ရွှင်ပါစေ ..
ထိပ်ထားကလျာသက်ထွဋ်ခေါင်တင်မျိုးးP

ချစ်သူမောင် said...

အဟဲ
ဒီပို့စ်ကိုဖတ်ယင်း ကျွန်တော်ပီတာဇော်မြင့်လိုအသားလွတ်ဝင်တွယ်ချင်သေးတယ်
အဆိုတော်ဖြစ်ကြောင်း ၊မောဒယ်ဖြစ်ကြောင်း ၊စာရေးဆရာဖြစ်ကြောင်း ဆာတီဖစ်ကိတ်တွေအလကားထုတ်ပေးမှာမို့ လာယူကြပါ
ဟောက်တော့ဟောက်မသွားကြနဲ့နော်.....:P
အဲဒီတော့ "ချစ်သူမောင်ထံမှာလာယူပါ" ဆိုတဲ့ခေါင်းစဉ်ပေးဦးမဗျို့

ခင်မင်လေးစားလျှက်
ချစ်သူမောင်

Anonymous said...

ဟာဟ..ကိုဏီးကတော့...ရေးချက်ကထိသကွာ..
ကြိုက်တယ်..ကြိုက်တယ်...
မီးလဲ စာရေးဆရာပဲ ..တပြားသားမှမလျှော့ဘူးးးနာကွ... :))))

ခင်တဲ့
ယွန်း

မြစ်ကျိုးအင်း said...

ကျနော်က အကို့ ပိတ်သတ်ပါခင်မျး)
သဘောကျတယ် သူငယ်ချင်း
ဒီလို သွေးကျဆေးလေးတွေ မကြာမကြာရေးကွ။
ကိုယ့်ကိုကိုယ် ဘဝမြင့်တဲ့ အရူးတွေက ပိုကုရခက်တယ်။
ဘယ်သူနဲ့ဖြစ်ဖြစ် ကိုယ်ပဲ မှန်တယ် ထင်တတ်ကြတာ။
တကယ်တော့ ကိုယ်ရေးတဲ့ စာတွေထက် ပိုတော် ပိုတတ်တဲ့
စာဖတ်သူတွေ ဒုနဲ့ဒေး ပါ။ မှားတဲ့အချက် ဝင်ပြောရင်တောင် ငါ့ဘလော့ပဲ ငါပဲမှန်တယ် လုပ်တာနဲ့ ဘလော့လောက က အထင်သေးစရာ ဖြစ်ရတယ်။ တခြား အေးဆေး ရေးသူတွေလည်း ထိခိုက်ရတယ်။

(ခုမှရောက်ဖြစ်တာတော့ ခွင့်လွှတ်။ ဖတ်ပြီးတာက ကြာပြီ။ သက်သက် မရေးသေးတာ။)

ညီမလေး said...

"ထင်" တလုံး ဟာ ကြောက်စရာကောင်းတယ် ...