Friday, September 3, 2010

တောသုံးထောင်



ထိုနေ့မနက်က သူနေသောမလက္ကာမြို့လေးတွင် မိုးတွေရွာသွန်းနေခဲ့၏။ ရွာတာမှ ကောင်းကင်တစ်ခုလုံး မည်းမှောင်ရီဆိုင်းကာဖြင့် သည်းသည်းမည်းမည်းပင်ဖြစ်သည်။ ရှားရှားပါးပါး နားရက်တစ်ရက်ရသော်လည်း မနက်ခင်းအလုပ်ဆင်းဖို့ ပြင်ဆင်နေကြသော အိမ်မှအတူနေသူငယ်ချင်းများနှင့်အတူ သူနိုးနေမိခဲ့သည်။

“အောင်မလေးဗျာ.....၊ ကောင်းလိုက်တဲ့မိုး..။ အလုပ်တောင် မသွားချင်တော့ဘူး”....

“ဟုတ်တယ်ကွ...၊ အိပ်ယာထဲမှာ ပြန်နှပ်လိုက်ရရင်တော့ ဇိမ်ပဲဗျို့”....

“ဟော......ကြည့်စမ်း....၊ ပြောရင်းဆိုရင်း ပိုတောင်သည်းလာလိုက်သေးတယ်....။ တော်တော့်ကို အကျင့်ဆိုးတဲ့မိုး”.....

“အစ်ကိုကြီးတို့များ......ကံကောင်းချင်တော့ အလုပ်နားရတဲ့ရက်မှာ မိုးသည်းသည်းရွာတာနဲ့ ပက်ပင်းကို တိုး တော့တာပဲဗျာ”.....

“အေးလေ......၊ ငါတို့ နားရက်ဆို ပူလိုက်တာများ.....လန်ထွက်၊ လျှံထွက်နေတာပဲ”....

တစ်ယောက်တစ်ပေါက်ပြောရင်း ထီးရှာသူရှာ၊ ဘောင်းဘီကို တိုအောင်ခေါက်တင်သူတင်ဖြင့် မိုးရွာထဲအလုပ် သွားရန်ပြင်နေကြသော အိမ်မှအတူနေ သူငယ်ချင်းညီအစ်ကိုများကိုကြည့်ရင်း သူပြုံးမိသည်။ သူတို့ပြောမယ် ဆိုလည်း ပြောချင်စရာ.....။ ညည်းမယ်ဆိုလည်း ညည်းချင်စရာ အခြေအနေမို့ပင်....။ ရာသီဥတုက သူ့ဘက် ပါလွန်းလှစွာဖြင့်......။

သို့သော်...နောက်ဆုံးတော့ နာရီစက်သံတစ်ချက်ချက်ရဲ့လှုံဆော်မှုအောက်တွင် သူတို့မလွန်ဆန်ဝံ့စွာဖြင့် အ လျှိုအလျှို လုပ်ငန်းခွင်သို့ဝင်ကြရန် အိမ်ပေါ်မှတစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြရ လေတော့သည်။

အားလုံးအပြင်ထွက်သွားကြပြီးတော့ တံခါးကိုသူသော့ခတ်လိုက်သည်။ နောက် မီးဖိုချောင်ထဲဝင်လိုက်ရင်း ရေခဲသေတ္တာကိုဖွင့်ကြည့်မိ၏။ ညဆိုင်းမှ သူငယ်ချင်းညီအစ်ကိုများ မကြာခင်ပြန်လာတော့မှာမို့ အဆင်သင့် စားလို့ရအောင် ဟင်းချက်ပေးထားဖို့ဖြစ်သည်။ ရေခဲသေတ္တာထဲတွင် ချဉ်ပေါင်ရွက်များနှင့် ပုစွန်အနည်းငယ်မှ လွဲပြီး ဘာမှမရှိ။ တစ်ပတ်စာ ၀ယ်ထားသော ဟင်းသီးဟင်းရွက်များနှင့် သားငါးများသည် ငါးရက်ကျော်ခဲ့ပြီမို့ ကုန်ပြီဖြစ်၏။ ထို့ကြောင့် ချဉ်ပေါင်နှင့် ပုစွန်ကိုပဲရောချက်ဖို့ စိတ်ကူးလိုက်မိသည်။ မိုးအေးအေးနှင့် ချဉ်ပေါင်ပုစွန် ဟင်းစားကြပြီး....“ပန်းမောင်မောင်”တွေဖြစ် ကုန်ကြမလားဟု တစ်ယောက်တည်းတွေးရင်း ရယ်မိလိုက်သေးသည်။

~~~~~@@@~~~~~

သိပ်မကြာလိုက်.....။
ညဆိုင်းမှ သူငယ်ချင်းညီအစ်ကိုနှစ်ယောက်ပြန်လာကြတော့ ပုစွန်နှင့်ချဉ်ပေါင်ဟင်းအိုးကို သူဖိုပေါ်တင်ပြီး ကာစ ပင်ရှိသေးသည်။

“၀ါး..............ဒို့အစ်ကိုကြီး ဒီနေ့နားတယ်ဟေးးးးးး”..........

“အဲ့ဒါကြောင့် မိုးရွာတာနေမှာ........အဟီး”..............

ရှားရှားပါးပါး သူနားရတာမြင်တာမို့ သူငယ်ချင်းညီလေးနှစ်ယောက်က သူ့ကို နောက်သလို အော်ကြလေ၏။ အပြင်ဘက်တွင်တော့ မိုးစက်များက သည်းသည်းမည်းမည်းရွာသွန်းနေခဲ့ကြဆဲ....။

မိုးရေစိုစိုအ၀တ်အစားများကို မလဲနိုင်ကြသေးပဲ သူ့အနားကိုကပ်လာကြ၏။ တစ်ယောက်ကမေးသည်။

“အား.....ဘာဟင်းချက်နေတာလဲ...အစ်ကိုကြီး”......

“ဘာမှ မရှိလို့ ချဉ်ပေါင်နဲ့ ပုစွန်ပဲ ရောချက်ထားလိုက်တယ်ဗျ....၊ ပြီးရင် အစ်ကို ကြက်ဥထပ်ကြော်ပေးဦးမှာ ပါကွာ”.....

“ဟေးးးးး........ချဉ်ပေါင်ဟင်းနဲ့ ဆွဲရတော့မယ်ကွ”.....

ကလေးများလို အော်ရင်း ရေစိုအ၀တ်များကို သူတို့တွေလဲရန်ပြင်ကြသည်။ မီးဖိုချောင်မှ သူထွက်ခဲ့တော့ အ၀တ်မလဲသေးပဲ အခန်းအပြင်ပြန်ထွက်လာသောတစ်ယောက်က သူ့အနားကို မချိုမချဉ်မျက်နှာပေးလေး ဖြင့်ကပ်လာရင်း.....

“အစ်ကိုကြီး....အရက်သောက်ကြမယ်ဗျာနော်”......

“ဟေ....၊ မင်းတို့ ညကျရင် အလုပ်ဆင်းရဦးမှာ မဟုတ်လားဗျ”.....

“ဆင်းတော့ဆင်းရမှာ....။ သောက်ပြီးလည်းသွားဆင်းမှာပါ....။ အစ်ကိုကြီးနဲ့က တစ်အိမ်တည်းနေပေမယ့် အဆိုင်းမတူတာကများပြီး....အတူတူမသောက်ရတာကြာနေလို့...။ ပြီးတော့ မိုးလည်းအေးလို့”......

သူ့မျက်နှာတွင် ရယ်ချင်ဟန်ကို ထိမ်းရင်း....

“အေး.....အေး....အဲ့ဒါဆို သောက်ကြတာပေါ့ကွာ.....၊ နေဦး အစ်ကို ပိုက်ဆံသွားယူလိုက်ဦးမယ်....၊ အ ခန်းထဲမှာ”....

“ဟင့်အင်း......ကျွန်တော်တို့တိုက်မှာ.....၊ ပြီးတော့ ကျွန်တော်တို့ချည်းပဲဆိုပျင်းစရာနေမှာ...။ ဟိုဖက်ခန်း ကကောင်တွေကိုပါ ခေါ်မှာမို့လို့”.......

သူခေါင်းငြိမ့်ပြလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူနှင့်တွေ့လျှင် ကလေးများလိုဖြစ်ဖြစ်နေကြသော သူတို့အားလုံး ကို အလိုလိုက်ရမြဲ....။ အလိုလိုက်ရအောင်လည်း လိမ္မာနာခံတတ်ကြသော လူငယ်လေးများမို့ပင်။

ခွင့်ပြုချက်ရပြီမို့ သူတို့နှစ်ယောက် တိုက်အောက်ပြန်ဆင်းသွားကြတော့ ချဉ်ပေါင်ဟင်းအိုးကို ရေနည်းနည်းထပ်ဖြည့်ကာ သူရေ၀င်ချိုးမိသည်။ အိပ်ယာထလျှင် ရေချိုးတတ်သောအကျင့်ကြောင့်ပင် ဖြစ်ပါသည်။ အနည်းငယ်ရှည်နေသော ဆံပင်ကိုပါလျှော်မိလိုက်သည်။ သူရေချိုးခန်းထဲမှ ပြန်ထွက်ခဲ့တော့ အောက်ဆင်းသွားသူနှစ်ယောက်ပြန်ရောက်နေကြပြီ....။ သူတို့နှစ်ယောက်နှင့်အတူ အခြားခန်းမှ သူငယ်ချင်းညီလေးနှစ်ယောက်လည်းပါလာသည်။

“ဒီနေ့အဲ့ဒါကြောင့် မိုးသည်းနေတာ”.....

တစ်ယောက်က ပြုံးစိစိမျက်နှာပေးဖြင့် သူ့ကိုနောက်သည်။ သူပြုံးရင်း ‘မင်းတို့သောက်ပြီးရင် ဒီမှာထမင်းစားပြီးမှ ပြန်ကြ...။ ဟုတ်ပြီလား’......ဟု ခပ်ကျယ်ကျယ်လေးပြောမိသည်။ သောက်ပြီးလျှင် အစားမစားချင်ပဲ ထိုးအိပ်တတ်သောသူတို့ အကျင့်ကို ကြားဖူးထားသောကြောင့်ဖြစ်၏။ သူ့စကားကို အကုန် ခေါင်းငြိမ့်ကြသည်။ သိပ်မကြာခင်မှာပဲ သူတို့ အသောက်ဝိုင်းက စတင်လေတော့သည်။

~~~~~@@@~~~~~

နေ့လယ် ဆယ့်နှစ်နာရီမထိုးခင် သူတို့အားလုံးဝိုင်းသိမ်းကာ ထမင်းစားကြသည်။ အခြားခန်းမှ နှစ်ယောက်ပြန်သွားတော့ အိမ်မှနှစ်ယောက်လည်းဝင်အိပ်ကြတော့၏။ သူလည်း အနည်းငယ်ရစ်သီသီဖြင့် အိပ်ခန်းထဲဝင်ခဲ့သည်။ စက်ကိုဖွင့်ကာ ရေးလက်စ,စာကိုဆက်ရေးဖို့ပြင်တော့ လုံးဝရေးလို့မရ....။ ရေးထားသောအကြောင်းအရာနှင့် လိုက်လျောညီထွေးသော အတွေးနှင့် စာကြောင်းများက ထွက်မလာ...။ ရီဝေေ၀ဦးနှောက်ဖြင့် သူစဉ်းစားမိလိုက်သေးသည်။ တချို့တွေများ အရက်သောက်ပြီးစာရေးတယ်ကြားဖူး တယ်...။ ငါတော့ ဘယ်လိုမှ ရေးမရပါလား....ဟူ၍ပင်...။ ထို့ကြောင့် လက်လျှော့ကာ စက်ကို အဝေးသို့ပို့လိုက်ပြီး အိပ်ယာထက်လှဲရင်း မျက်လုံးမှေးနေမိလိုက်သည်။ နားရက်တစ်ရက်ရတာ အလကားဖြစ် သွားပြီ...။ ဘာစာမှ မရေးနိုင်....၊ မဖတ်နိုင်ဖြစ်ရပြီ....ဟု နောင်တရသလိုလိုခံစားမိရ၏။ ထိုစဉ်အပြင်မှ မိုးချိန်းသံနှင့် တစ်ဝေါ၀ါမြည်နေသော မိုးရေစက်များပြိုဆင်းနေသံကို ကြားလိုက်ရပြန်သည်။

သူ့မျက်လုံးများ မှေးစင်းလာသည်။ စောင်ကိုဆွဲခြုံရင်း အိပ်ယာထက်တွင် သူအိပ်ပျော်သွားသည်ထင်၏။ အခန်းအတွင်းတပ်ဆင်ထားသော လေအေးပေးစက်ကတော့ သူ့တာဝန်ကို သူကျေပွန်စွာထမ်းဆောင်ရင်း လည်ပတ်နေခဲ့လေသည်။ သူ အအေးလျှော့ဖို့...၊ ပိတ်လိုက်ဖို့ မေ့သွားသည်။

~~~~~@@@~~~~~
သူအိပ်မက်မက်နေသည်....။ အိပ်မက်ထဲတွင် နှင်းတွေကျကာ အရမ်းအေးနေသည်။ လေတွေတိုက် နေသံကို လည်းကြားနေရသလိုရှိ၏။ လွင့်မျောစွာသူလမ်းလျှောက်နေမိဆဲ......ခပ်လှမ်းလှမ်းတွင် သဏ္ဍာန်တစ်ခုကို တွေ့ရ၏။ တလွင့်လွင့်မျောနေသော ဆံပင်ရှည်ရှည်ရှိရာသို့ သူပြေးလိုက်သွားရင်း လှမ်းခေါ်မိသည်။ သို့သော် သူ့ကို လှည့်မကြည့်.....။ သူထပ်ခေါ်သည်။ ဝေး၍..ဝေး၍သာသွားသည်။ ထို့ကြောင့် အသံအမြင့်ဆုံးသူထုတ် ကာခေါ်လိုက်မိ၏။


“........................”

သူ့အသံသည် အိပ်မက်အပြင်ဘက်ထိရောက်သွားသည်။ နောက်တော့ သူလန့်နိုးသွား၏။ သူ့အခန်းအတွင်း မှာ မည်းမှောင်လျှက်ရှိသည်။ မီးခလုတ်ဖွင့်ဖို့ အိပ်ယာမှထလိုက်မိတော့ သူ့ခန္ဓာကိုယ်တစ်ချက်ယိုင် သွားရသည်။ စောစောက အိပ်မက်ကိုပြန်သတိရစွာဖြင့်ရယ်ချင်စိတ်နှင့်အတူ သူပြန်ထိုင်ချလိုက်ရင်း တစ်ယောက်တည်းရယ်မိလိုက်သည်။ မနက်တုန်းက သောက်ခဲ့သော နှစ်ခွက်သုံးခွက် စာမျှအရှိန်သည် ခုထိမူးနေဆဲပဲလားဟု တွေးမိသွားသေးသောကြောင့်ပင်ဖြစ်၏။

သို့သော် သူ့ခေါင်းထဲတွင် တိုး၍သာပိုမူးလာလေတော့သည်။ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို သူ့ခန္ဓာ ကိုယ်က ပြသကာ သစ္စာဖောက်စ,ပြုနေခဲ့လေပြီ....။

သူ သိလိုက်၏။ သူတစ်ခုခုဖြစ်နေတာ သေချာနေခဲ့လေပြီ.....။

~~~~~@@@~~~~~

CT-SCAN – BRAIN

Pre and post contract scans were obtained.
There is no cerebellopontine angle tumour.
Brainstem is not compressed.
No infarct or bleed is seen.
Ventricles are normal.
No mastoidities is seen.

Impression – Normal CT brain.

လက်ထဲမှ စီတီစကင်အဖြေစာရွက်လေးကို သူကြည့်နေမိသည်။ တချို့စာလုံးတွေသိပ်နားမလည်သော် လည်း အောက်ဆုံးမှ စာကြောင်းလေးကိုတော့ နားလည်သလိုလိုရှိ၏။ လူက ရပ်နေပေမယ့် စိတ်ထဲတွင် ရွေ့လျားနေ ၊ လွင့်မျောနေရသလို....၊ တစ်ခါတရံပြင်းပြင်းထန်ထန်ဆွဲလှည့်ခံရသလို မူးဝေနေခဲ့တာကြာ ပြီ...။ သွားလိုက် ရသောဆေးခန်း၊ သောက်လိုက်ရသောဆေးတွေလည်း စုံခဲ့ပြီ....။ အခုထက်ထိ အကြောင်းမထူးသေး..။ သူခံစားနေရသော မူးဝေခြင်းဝေဒနာက လျှော့ပါးမသွားသေး....။ ဆေးရုံတွင် အီးစီဂျီရိုက်၊ သွေးစစ်၊ မျက်စိစစ် သူလုပ်ခဲ့သေးသည်။ သို့သော် အားလုံးပုံမှန်အခြေအနေ.....။ အခု ရီဝေနေဆဲဖြစ်သော ခေါင်းကို စကင်ရိုက်ကြည့်ပြန်တော့လည်း ပုံမှန်...။ ဆရာဝန်တွေက အစတော့ သူခံစားနေရသောဝေဒနာကို သွေးကြောင့်၊ အနေအထိုင်ကြောင့်၊ အားနည်းတာကြောင့်၊ အလုပ်ထဲမှာရှိ တတ်သော စိတ်ဖိစီးမှုကြောင့် ဟုထင်ကာ သူ့အစားအသောက် အနေအထိုင် အားလုံးကိုမေးကြသည်။ သူကလည်း ပြန်ဖြေခဲ့သည်။ အလုပ်ထဲတွင်လည်း ဘာဖိစီးမှုမှမရှိ....။ အနေအထိုင်က နောက်ဆုံးသူလုပ်ခဲ့ တာကို ပြောပြသည်။ ထိုနေ့က မိုးရွာသည်.....၊ သောက်သည်....၊ အိပ်သည်...၊ အဲကွန်းမပိတ်မိ.....စသဖြင့်.....။ ထိုအခါ ဆေးတွေပေးကြသည်။ သူ မငြင်းပဲသောက်သည်။ သို့သော် မသက်သာ....။ တစ်ခါ တလေ...စိတ်ကောင်းဝင်က ၁နာရီစာလောက် မမူးပဲနေသည်။ ၀မ်းသာမည်ရှိသေး ပြန်မူးလာပြန်သည်။ အဆိုးဆုံးက မနက်အိပ်ယာထပြီးကာစ, ၁၅မိနစ်အတွင်းစမူးလာကာ ညမအိပ်ခင်အချိန်အထိ တောက် လျှောက်လို မူးနေတာမို့ပင်ဖြစ်သည်။

စားဝင်ပေမယ့် စားချင်စိတ်မရှိတာကြောင့် နဂိုက မ၀သောသူ့ခန္ဓာကိုယ်မှာ ပိုပိန်သွားသည်။ လမ်းလျှောက်လျှင် တစ်ခုခုကိုကိုင်ပြီးလျှောက်မှ စိတ်ရဲသည်။ လဲကျမှာစိုးလို့ဖြစ်၏။ လူငယ်ယောကျာ်းလေး တစ်ယောက်ဖြစ်ပြီး နေ့ခြင်းညခြင်း အဖိုးကြီးတစ်ယောက်လို နံရံကို လက်ဖြင့်ကိုင်ကာသွားရသောအခြေအ နေဖြစ်သွားတာကြောင့် ကိုယ့်ကိုယ်ကို အံ့သြစွာ ဒေါသထွက်မိရသည်။ သို့သော် သူ ဘာမှ မတတ်နိုင်ခဲ့....။ အကောင်းဆုံးနည်းလမ်းတစ်ခုသူထပ်ရှာမိပြန်သည်။ လွယ်လွယ်နဲ့ အလျှော့ပေးဖို့ သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါ.....။

~~~~~@@@~~~~~

နောက်တော့ အထူးကုဆေးခန်းတစ်ခုသို့ သူထပ်ရောက်သည်။ ထိုဆေးခန်းတွင် ဖြစ် ကြောင်းအကုန်ကို သူပြောပြ၏။ ထိုအခါ ဒေါက်တာမလေးက သူ့ကို နည်းတစ်မျိုးဖြင့်ထပ်စမ်းသည်။ (ဒေါက်တာမလေးသည် သူနှင့်အရွယ်တူလောက်ဖြစ်မည်ထင်ရ၏။ ခေါင်းမြီးခြုံကလေးနှင့်ဖြစ်သည်။)


မျက်နှာခြင်းဆိုင်ကာ သူ့ရှေ့မှာထိုင်ရင်း ဒေါက်တာမလေးက သူ့ကိုတည့်တည့်ကြည့်စေသည်။ နောက် စောင်းကြည့်ခိုင်းသည်။ ဟိုဘက်စောင်းကြည့်ခိုင်း.....၊ ဒီဘက်စောင်းကြည့်ခိုင်းဖြင့် နှစ်ခါသုံးခါကြည့်ခိုင်း သည်။ မူးသလားဟု မေးသည်။ သူက ခေါင်းငြိမ့်ပြမိသည်။ နောက်တစ်ခါ သူ့ကိုလက်ညှိုးထောင်ခိုင်းသည်။ သူကလေးတစ်ယောက်လိုလက်ညှိုးထောင်တော့ ထိုဆရာဝန်မလေးကလည်း သူ့လက်ညှိုးကို ထောင်ထား ရင်း ပြောသည်။

“မင်းနှာခေါင်းကို မင်းလက်ညှိုးနဲ့ အရင်ထိ၊ ပြီးရင် အဲ့ဒီလက်ညှိုးနဲ့ ငါ့ လက်ညှိုးကို လာထိ”.....ဟုဆိုကာ သူမရဲ့လက်ညှိုးကို ခပ်လှမ်းလှမ်းတွင် ထောင်ပြထားလေသည်။ သူကြိုးစားလုပ်မိပြန်သည်။ ဘယ်ဖက်ပြီး တော့ ညာဖက်....စသဖြင့်....။ သာမန်အချိန်များတွင် အလွယ်လုပ်နိုင်မည်ဖြစ်သော်လည်း သူကြိုးစားပြီး ထိုကဲ့သို့လုပ်ခဲ့ရသေး၏။

နောက်ထပ် သူ့ကိုထပ်စမ်းပြန်သည်။ စတီးဂေါက်တံသေးသေးလေးကို သူမယူလာသည်။ နောက် ထို ဂေါက်တံလေးဖြင့် သူမတံတောင်ဆစ်ကို အသာခေါက်ပြီး သူ့နားဝနားတွင် လာထားသည်။ ဘာသံကြား ရသလဲ....ဟုပြီးတော့မေးသည်။ တုန်ခါသံ တ၀ီဝီကို သဲ့သဲ့ကြားရတာမို့ သူပြန်ဖြေတော့ ဒေါက်တာမလေး က good ဟုဆို၏။ နောက် ဟိုဘက်...၊ ဒီဘက် နားဝနှစ်ဖက်စလုံးကိုထိုသို့ လုပ်ကာ စမ်းသပ်သည်။ ထို့ပြင် နားရွက်အနောက်ဖက်တွင် ထိုဂေါက်တံလေးကိုထားကာ ကြားမကြားကိုစမ်းပြန်လေ၏။ ပြီးနောက် ထိုဂေါက်တံလေးကိုသူမတံတောင်ဆစ်ဖြင့် ပြန်ခေါက်ရင်း သူ့နဖူးနားတွင်ထားပြန်သည်။ ကြားရသလားဟု မေးပြန်လေသောအခါ သူခေါင်းငြိမ့်ပြလိုက်မိပြန်သည်။ ထိုအခါ ဒေါက်တာမလေးက ထိုဂေါက်တံလေးကို သူ့တံတောင်ဆစ်ဖြင့် ထပ်မံခေါက်ပြန်လေသည်။ ဒီတစ်ခါတော့ လက်ဆပြင်းသွား၍ သူမတံတောင်ဆစ် ကိုပြင်းပြင်းပြန်ခေါက်မိသွားသည်နှင့် တူ၏။ သူမဘာသာ ကျွတ်ထိုးစုပ်သပ်ရင်း သူ့ကို ရှုံ့မဲ့စွာဖြင့် ရယ်ပြ သည်။ နောက် ထိုဂေါက်တံထိပ်လေးဖြင့် စေ့ထားခိုင်းသော သူ့သွားပေါ်သို့ ထောက်ကာ ပဲ့တင်သံကို ကြား ရသလားမေးပြန်၏။ သူခေါင်းငြိမ့်ပြလိုက်ပြန်သည်။ ထိုနောက် သူ့ကို ခုတင်ပေါ်တွင် ဇောက်ထိုး ခြေဆင်းကာထိုင်စေ၏။ ခြေဆင်းထိုင်နေသော သူ့ကို လက်မောင်းနှစ်ဖက်မှနေတင်းတင်းကိုင်ရင်း တစ်၊ နှစ်၊ သုံး....ဟု ရေရွတ်ကာ ဆတ်ခနဲ လှဲချလေသည်။ ခုတင်နောက်ဖက်တွင် သူ့ခေါင်းမှာ ခုတင်နှင့်လွတ် နေခဲ့ရသည်။ ထိုခေါင်းကို တန်းတန်းထားစေပြီး ဒေါက်တာမလေးက သူ့မျက်နှာကို လည်ပင်းလိမ်ကာ စောင်းပြီးကြည့်စေသည်။ သူကြည့်ရပြန်သည်။ စိတ်ထဲမှနေပြီးတော့လည်း ဒီဒေါက်တာမလေးဟာ.....သူ့ကိုသိပ်ကြည့်ခိုင်းတာပဲ....ဟု ဟာသစိတ်ဖြင့်တွေးမိ၏။ သို့သော် သူ့ခေါင်းက ပိုမူးလာသလိုရှိ၏။

ထိုအခန်းတွင်း စမ်းပြီးပြီးခြင်း ဒေါက်တာမလေးက ခဏထိုင်နေစေသည်။ ချက်ခြင်းမဆင်းနဲ့ဦး....၊ မူးနေမှာ စိုးလို့ဟု ဆိုသည်။ ထို့နောက် သူထိုအခန်းမှ ထွက်လာသောအခါ နောက်အခန်းတစ်ခုထဲ ၀င်ရပြန်လေ သည်။ ထိုအခန်းမှာ အသံလုံခန်းဖြစ်၏။ သူ့နားနှစ်ဖက်ကို နားကျပ်အုပ်ကာတပ်သည်။ နောက် လက်ထဲတွင် ဘောပင်ကဲ့သို့အတံလေးတစ်ခုပေးသည်။ တစ်ကယ်လို့ နားထဲအသံကြားရရင် ထိပ်ပိုင်းလေးကို နှိပ်ဟု ပြောတာကြောင့်.....အသံကြားတိုင်း ထိုကိရိယာလေးကိုနှိပ်မိသည်။ နောက်တခါ သူ့နားထဲကို နားကျပ်လေးထိုးထည့်ပြီး ကွန်ပျူတာဖြင့် ဖတ်ပြန်သည်။ ထိုအခါ ဂရပ်စာရွက်လို ခြစ်ရာတွန့်တွန့်ကွေးကွေး ချွန်ချွန်လေးများ ထွက်လာ၏။ သို့သော် သူဘာမှ နားမလည်ခဲ့ပါ....။

နောက်တော့ ဒေါက်တာမလေးက သူ့ကိုဆေးပေးသည်။ ရောဂါမှတ်တမ်းတွင် meniere's diseasesဟုရေး ပေးသည်။ အောက်ကဆေးကို သောက်သုံးစေသည်။ နှစ်လ သောက်ရမည်ဆိုသေးသည်။ နှစ်လပြည့်လျှင် လာပြန်ပြရန် ရက်ချိန်းပေးသေး၏။


သူထိုနေရာမှ ပြန်လာခဲ့ပြီး ဆေးသောက်သည်။ မှာတဲ့အတိုင်းသောက်သည်။ ပထမအပတ်ထဲတွင် မသက်သာ....၊ နဂိုအတိုင်းမူးဆဲ..မူးမြဲ......။ သို့သော်....ဒုတိယအပတ်တွင် နည်းနည်းလျှော့လာသည်ဟု ခံစားရသည်။ ချက်ခြင်းတော့ ရှင်းရှင်းကြီးပျောက်မသွားသေး....။ အရင်ကထက် အများကြီးပိုမိုတိုးတက် လာတာမို့ သူ့ရင်မှာ အားတက်ရသည်။ အခုဆိုလျှင် ၈၅% တော့ကောင်းလာသည်ဟု သူ့ကိုယ်သူထင်မိလာ သည်။

~~~~~@@@~~~~~

နည်းနည်းသက်သာလာသည်နှင့် သူအလုပ်ကိုပြေးမိသည်။ သူမရှိတုန်းပင်ပန်းခဲ့သူများကို အားနာလွန်းစွာဖြင့်......။ နောက်ပြီး လေထုထဲက နားခိုရာရပ်ဝန်းလေးကို မရဲတရဲစိတ်ဖြင့်ကြည့်မိပြန် သည်။ ကြည့်မိတော့ စာရေးချင်၊ ဖတ်ချင်လာသည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါနိုင်သေး...။ မနေနိုင်သော လက်ကရေးမိသည်။ ထိုအခါ ပြောမဆုံးပေါင် “တောသုံးထောင်”......ဟုသာဆိုလိုက်ချင် သော သူ့အဖြစ်အပျက်သည် စာတစ်ပုဒ်အဖြစ် ဘလော့ဂ်ပေါ်ကို ရောက်ရှိခဲ့ရတော့၏။   ။

                                       ~~~~~@@@~~~@@@~~~@@@~~~~~

=============================================================
နေမကောင်းဖြစ်တဲ့အတွင်း လာလည်သူ၊ အားပေးသူ၊ ဆုတောင်းပေးသူ၊ မေးလ်နဲ့ မေးသူ မောင်နှမ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်လျှက်ပါခင်ဗျာ.......။
=============================================================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

27 comments:

ဆွေလေးမွန် said...

နေကောင်းအောင်သာ ကြိုးစားပါ ကိုဏီ ရေ။
ဘလော့ဂါမောင်နှမတွေ အားလုံးနားလည်ကြပါတယ်။
မိသားစုနဲ့ဝေး တစ်ကိုယ်တည်းနေသူတွေအတွက် ကျန်းမာရေးများမကောင်းရင်
လူကလဲရောဂါခံစားရ အလုပ်ကိုလဲ စိတ်ပူရ ကုန်ကျရတာလဲ တွက်ရနဲ့
မစားသာဘူး..ဟီးဟီး
ဒီတော့ နေသာသလို အမြန်နေကောင်းအောင်သာနေ..
အမြန်ဆုံးလဲ နေပြန်ကောင်းလာပါစေနော်

မြတ်မွန် said...

အော်..ကိုဏီးမူးတယ်ဆိုတဲ့ ဖြစ်ကြောင်းကုန်စင် ခုမှ သိရတော့တယ်။
သက်သာတယ်ဆိုတော့ တော်သေးတယ် ကိုဏီးရေ..။
ကျန်မာရေး ဂရုစိုက်ပါ ။
ဆေးသောက်တာကုန်ရင် ဆေးခန်း ထပ်ပြပါ ကိုဏီးရေ..။
ခင်မင်စွာဖြင့်

လင်းခေတ်ဒီနို said...

တော်သေးတာပေါ့ ကိုဏီးရယ် ဆရာဝန်မလေး ကယ်ပေလို့း))))

လာပြီးနော် ဟွင်းဟွင်း နေကောင်းပြီးဆိုတော့ လာထားပေတော့ ဟဲဟဲ

အဖြူရောင်နတ်သမီး said...

သတင်းကောင်းပါပဲ ကိုဏီရေ...
ဆေးလည်းမှန်မှန်သောက်...
ကောင်းကောင်းလည်းအနားယူပါ....
အမြဲသတိရလျှက်....

An Asian Tour Operator said...

ဆေးကိုသေခြာ လှုပ်သောက်နော် (လူဖြစ်ဖြစ် ပုလင်းဖြစ်ဖြစ်)

Anonymous said...

ကိုဏီးရေ..နေကောင်းလာပြီဆိုတော့ ၀မ်းသာစ၇ာပဲ..
ကိုယ့်ကျမ်းမာရေး ကိုယ် ဂရုစိုက်ပါ..ပို့ စ်မရေးသေးလဲ အားလုံးက နားလည်ပေး နိုင်ပါတယ်..နေကောင်းအောင်သာ အ၇င်ကြိုးစားပါ

ခင်တဲ့
ယွန်း

မိုးယံ said...

အံမယ် ကိုဏီက မလေးရှားမှာဆိုပဲ။ လာလည်ဦးမယ်။ အခုတော့ ဆေးသောက် ။ ဟိုဒင်းတွေ သိပ်မသောက်နဲ့ ပိုမူးနေဦးမယ်။ အခုတော့ ၈၅ ရာခိုင်နှုန်းဆိုတော့ ၀မ်းသာပါတယ်။ ၁၀၀ ဖြစ်အောင် ဂရိုစိုက်ပါ။ အမိမြေ မဟုတ်တော့ ပိုစိုးရိမ်တယ် ဂျာ။။

ငြိမ်းချမ်းပါစေ
မိုးယံ

blackroze said...

နေကောင်းပြီဆိုတော့ဝမ်းသာပါတယ်အကိုရေ
ဆေးလဲမှန်မှန်သောက်ပါ
ညီမအလုပ်ထဲမှာလဲသူငယ်ချင်းတယောက်အဲလိုဘဲ
မူးမူးနေတာသေချာလဲစစ်လိုက်ရော...နားထဲကအမြှေးဆိုလား..
အကြောလေးဆိုလားမသိဘူး..ယောင်နေတာတဲ့
အဲဒါကြောင့်သူအမြဲတမ်းမူးမူးနေတာ..ခုဆိုသူလဲခွင့်ယူပြီး
နားနေတယ်လေ...ဘာမဟုတ်တာလေးကလဲ
တခါတခါကျရင်ခံရခက်တယ်နော်....
အကိုအမြန်ဆုံးနေကောင်းပါစေ...

မေဓာဝီ said...

ဖတ်ရတာ လန့်လိုက်တာ ဏီလင်းရယ်။
စီတီစကန်လုပ်ရတယ်ဆိုတော့ ဘာများဖြစ်လဲလို့။ အကုန်နားမလည်ပေမဲ့ normal ဆိုတာမြင်မှ စိတ်အေးရတယ်။
အခု ဆရာဝန်မလေးဆေးနဲ့ သက်သာတယ်ဆိုလို့ တော်သေးတာပေါ့။ ဘာပဲဖြစ်ဖြစ် မပေါ့နဲ့နော်။
အစားအသောက် အနေအထိုင် ဂရုစိုက်ဆင်ခြင်နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း ဆရာဝန်တွေ စုံသွားပြီ ဒီဆရာဝန်မလေးနဲ့မှ အဆင်ပြေတော့တယ်နော်
ဒါကြောင့်ပြောတယ် ကိုဏီက အကျိုးပေးပါတယ်လို့ဆိုး)
မိန်းခလေးဆရာဝန်ပေမဲ့ တော်တယ်နော်....
၈၅%ပြန်ကောင်းပြီဆိုတော့ ၀မ်းသာပါတယ်.
၁၀၀% ဖြစ်အောင်ကြိုးစားလိုက်ပါဦး
အမြန်ဆုံး ရာနှုန်းပြည့်နေကောင်းပါစေ။

SHWE ZIN U said...

တော်သေးတာပေါ့ဗျာ

ပျောက်သွားလို့ နေကောင်းပါစေ ကျန်းမာရေးဂရုစိုက်ပါ ဏီဏီရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အမြန်ဆုံး အရင် အတိုင်း
ကျန်းမာလာနိုင်ပါစေနော် .. ကိုကြီးသွပ်ပြားးးး ...


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုရီး{ကိုကြီး} said...

တော်သေးတာပေါ့ဗျာ
အဲဒီသတင်းကို မျှော်နေတာ ကိုဏီ
စင်းလုံးချော အမြန်ဆုံး ကျန်းမာပျောက်ကင်းပါစေဗျာ။
မပေါ့နဲ့ဦးဗျို့။ ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ရွှေရတုမှတ်တမ်း said...

သာမီးဏီးဏီး...
မာမီ စိတ်ပူလိုက်တာကွယ်...မာမီလဲ အသဲကွဲရတော့မဲ့ အဖြစ်ကြုံနေချိန်မှာ သာမီး ဒီလိုဖြစ်တယ်ဆိုတော့ စိတ်ချင်းလူချင်းတိုက်ဆိုင်လိုက်တာ...
ကျန်းမာလာပြီဆိုလို့ ဝမ်းသာလိုက်တာ....

မာမီကျောက်

စိတ်၏ဖြေရာ said...

အမြန်ဆုံးသက်သာပြီးစာတွေဆက်ရေးနိုင်ပါစေ။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

ကိုဇော် said...

ကျန်းမာရေး ဂရုစိုက် မိညိုရေ။
ညည်းက နဂိုကကို ပျော့ပျော့နဲ့။
အိပ်ရေးပျက် + အစာအရှိ + ချဉ်ပေါင် + အရက် + အအေးဓါတ် ဒါတွေ ကြောင့် ဦးနှောက်ထဲက ဂလင်းတစ်မျိုး ပြောင်းလဲပြီး မူးတာပါ။ ငါလည်း အရင်က စွတ်သောက်တုန်းက တစ်ခါဖြစ်ဖူးလို့ ပြောတာ။ ငါကတော့ ဆောက်သောက်တာနဲ့ အဆိပ်ကို အဆိပ်ကု ၊ အမူးကို အမူးနဲ့ ကုလို့ ပျောက်သွားတာပါပဲ။ ညည်းကတော့ ဂရုစိုက်ဟေ့။

နေ၀သန် said...

ကိုဏီးရေ... ဆေးစစ်ချက်အဖြေက ဘာရောဂါကိုမှ မတွေ့တဲ့အဖြေကြီး... တစ်ခုအကြံပေးချင်တာက တရားထိုင်ကြည့်ပါ... ၀ိပဿနာတရားကို တစ်နေ့ တစ်နာရီပဲဖြစ်ဖြစ်နာကြည့်ပါ....

ခင်မင်တဲ့
နေ၀သန်

မြစ်ကျိုးအင်း said...

သက်သာလာပြီဆိုလို့ ၀မ်းသာပါတယ်. အညိုရေ
ခုထက်ပိုပြီး ကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်.
ကျန်းမာရေးဂရုစိုက်စေချင်တယ်..
စာရေးတာလျှော့ပေါ့။

ချစ်ကြည်အေး said...

သိတ်မတွေးနဲ့ ဏီလင်းရေ...အိပ်ပျော်အောင်အိပ်၊ ဆေးဒဏ်ခံနိုင်အောင် အစားလည်း ဝင်အောင်စား၊ အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဆိုတော့ စိတ်ရောလူပါ နားတာ ကောင်းတယ်။ လုံးဝ ၁၀၀ရာနှုန်း အမြန်ဆုံး ပျောက်ကင်းပါစေ ငါ့မောင်လေးရေ....

ညီမလေး said...

သက်သာလာပြီ ဆိုတော့ဝမ်းသာစရာပါပဲ .. ဒါပေမဲ့မမချစ်ပြောသလို စိတ်ရော လူပါ သေချာနားပါအုန်း ။ ၁၀၀%ပြည့် ပျောက်ကင်းစေဖို့ပေါ့ ..

ပန်းနုနှင်းဆီ said...

သက်သာလာတာ ၀မ်းသာစရာပါဘဲ
ခုထက်ကို စင်းလုံးချော နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။
မအားမလပ်လို့ ခုမှ ရောက်ဖြစ်တာ ခွင့်လွှတ်ရှင်

rose of sharon said...

အရှင်းပျောက်ကင်းပါစေလို့ဆုတောင်းပေးပါတယ်.... ခေါင်းမူးတဲ့ဝေဒနာဟာ တကယ်ခံရခက်တာ...

သိင်္ဂါကျော် said...

တော်သေးတာပေါ့.. သိပ်ကြီးကြီးမားမားကြီး မဟုတ်လို့..
မိသားစုနဲ့ အဝေးမှာ နေမကောင်းဖြစ်တော့ ပိုပြီး စိတ်ညစ်စရာကောင်းတယ်လေ..
အမြန်ဆုံး ၁၀၀% နေကောင်း ကျန်းမာပါစေနော်..

နေ့အိပ်မက် said...

တော်သေးတာပေါ့၊ သက်သာသွားတယ်ဆိုလို့.... ရောဂါအားလုံးကင်းပြီး မြန်မြန်နေကောင်းပါစေ။

နေမကောင်းတဲ့အကြောင်း ရေးထားတဲ့စာကတောင် ကောင်းလွန်းအားကြီးနေတယ်။ :) :)

ညလင်းအိမ် said...

ကျွန်တော့်အစ်ကိုကြီး ခမည်းလိုနေတာ ဖြစ်မယ်ဗျ ...
အပေါ်က အကိုတို့ အစ်မတို့ ကျွန်တော့အစ်ကိုကြီးအတွက်ဗျာ
လိုက်ဖက်မယ့် မဟေသီ လေးကို ရှာပေးကြပါဗျို့ ..
ကျွန်တော့်အစ်ကိုကြီး အိမ်ထောင်ရက်သား ကျမှပဲ ကျွန်တော် စိတ်အေးရမှာဗျ ...
ဖြစ်တဲ့နည်းနဲ့ဗျာ ကူညီပေးကြပါ ... ကျွန်တော်ကပဲ တောင်းဆိုပါတယ် .. အဟီး ...

နေမကောင်းဘူးဆိုလို့ နောက်သွားတယ် (တကယ်ပါ)
သတိ။ ။ ခွေးအသေးစားလေးလို့ မအော်ရ .. :P

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
ခုမှရောက်ဖြစ်တယ်..။ ဆရာမလေးနဲ့တွေ့လို့သာ ၈၅%ကောင်းတာပေါ့။
တော်သေးတယ်နော်........။ ကျန်းမာရေးဂရုစိုက်...

ခင်မင်စွာ
သဒ္ဓါ

အင်ကြင်းသန့် said...

တော်သေးတာပေါ့....ငါတို့အစ်ကိုကြီး မိန်းမတောင်မရသေးဘူး....လေဖြတ်မသွားလို့....ဟဟဟ....
စွံချက်ကတော့ ညီမတွေတောင် လိုက်မမှီဘူး။ အကြော်ဆိုင်က အဒေါ်ကြီးနဲ့က တစ်ဇာတ်လမ်း၊ ဆရာဝန်မလေးနဲ့က တစ်ဇာတ်လမ်း....အဟမ်း....အဟမ်း....အပေါ်က ကိုတူးရေးတဲ့ အတိုင်း ညီမလေးရောလိုက်ရေးပြီး တောင်းဆိုပေးချင်ပေမယ့် တော်ကြာ ''လာဇမ်း....တုတ်ကောက်ခဲ့'' ဆိုပြီး ကြိမ်းမယ့် အသံကို ကြားယောင်နေလို့ ပြေးပြီ.....ဟိဟိ....