Monday, February 15, 2010

ဟို.... တစ်လော

ဟို.... တစ်လောကပါပဲ....။

မနက် အိပ်ယာထတော့ အလုပ်မသွားသေးခင် ရသမျှအချိန်လေးမှာ ကျွန်တော်မေးလ်စစ် ကြည့်လိုက်မိ ပါတယ်...။ ဒါက အမြဲတမ်းကျွန်တော်လုပ်နေကျ အကျင့်လေးတစ်ခုပါပဲ....၊ ချက်ချင်းမပြန်ဖြစ်သေးပေမယ့် ပြန်ရောက်ရင် reply လုပ်ဖို့ မှတ်ထားရတာမို့ပါ...။

အဲ့ဒီမှာ ကျွန်တော်သိပ်ခင်တဲ့ ညီလေးတစ်ယောက်ပို့ထားတဲ့ မေးလ်လေးတစ်စောင်ကြောင့် ကျွန်တော့် မျက်ခုံးနှစ်ဖက် အတွန့်ချိုးသွားမိရပါတယ်...။ တစ်ခြားတော့မဟုတ်ပါဘူး၊ အဲ့ဒီ ညီလေးရဲ့ စာတွေကို ပြင် ဆင်ဖြတ်တောက်ပြီး ဆိုက်ဒ်တစ်ခုမှာ တင်ထားတယ်ဆိုတဲ့ မေးလ်လေးကြောင့်ပါပဲ...။ စကားမစပ်ပြော ပြရရင် အဲ့ဒီညီလေးနဲ့ ကျွန်တော်က အခုလိုမတောက်တစ်ခေါက် ဘလော့ဂ်ရေးရင်းနဲ့မှသိကျွမ်းခဲ့ရတာပါ...။ ဒါပေမယ့် ကျွန်တော်နဲ့ သူ တော်တော်ခင်ဖြစ်ပါတယ်...။ သူ့ဘလော့ဂ်လေးမှာ ကျွန်တော်သွားသွားနောက် တာကို တချို့တွေဆိုသိမှာပါ...။ ဂျီတော့ခ်မှာ စ,ရတာအားမရလို့ပါပဲ...။ စိတ်သိပ်မဆိုးတတ်တဲ့ ခင်စရာ ကောင်းတဲ့ ညီလေးတစ်ယောက်ပါပဲ...။ (ကျွန်တော် အပြင်မှာ အစသန်တာ တချို့ တွေသိပါတယ်....း))

အဲ့ဒါနဲ့ ကျွန်တော်လည်း မေးလ်ထဲမှာ သူထည့်ပေးထားတဲ့ လင့်ခ်လေးကို နှိပ်ပြီးချက်ခြင်း သွားလိုက်မိတော့ ဟိုက်ခ,နဲဖြစ်သွားရပါတယ်...။ အမှန်အကန်ကို လုပ်ထားတာပါ...။ ပလိန်းကြီးလို့တောင် ဆိုနိုင်ပါတယ်...။ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး မကောင်းဘူး ဖြစ်သွားရပါတယ်...။ ဒါပေမယ့် နာရီစက်သံ တစ်ချက် ချက်က ကျွန်တော့်ရဲ့အလုပ်ချိန်နီး ကပ်နေပြီလို့ ပြောနေတာမို့ အလုပ်ကို ကမန်းကတန်းထွက်ခဲ့ရတယ်...၊ အဲ့ဒီကိစ္စက ခေါင်းထဲကမထွက်နိုင်ခဲ့ရဘူး...။ စဉ်းစားနေမိတာ တစ်နေကုန်နီးပါးပဲ....။

ဟုတ်တယ်လေ...။ အွန်လိုင်းမှာ ၀ါသနာအရ စာတွေ ကဗျာတွေ ရေးနေကြတဲ့သူအများစုဟာ ဒီလို ပြဿနာမျိုးကို တစ်နေ့မဟုတ် တစ်နေ့တော့ ကြုံရမှာပါပဲ...။ (စာပေ စည်းကမ်းမရှိတာလား...၊ မသိတာ လားတော့မပြောတတ်ပါဘူး....။) ပေါ်တင်ကြီး စာတစ်ပုဒ်လုံးကိုကူးယူပြီး အောက်က ကိုယ့်နာမည်ကို ခပ် တည်တည်နဲ့ တပ်ထားတာမျိုးတွေကို မြင်ဖူးကြားဖူး ပါတယ်...။ ကျွန်တော်နဲ့ ခင်နေတဲ့ အစ်မ တစ်ယောက် ဆို ခဏခဏခံရပါတယ်...။ အခုအဖြစ်ကတော့ အဲ့ဒီလို အဖြစ်မျိုးထက်ပိုဆိုးတယ်လို့ထင်မိရတယ်...။ ကိုယ့် စာကို ကူးယူထားတာတော့ ဟုတ်တယ်...၊ ဒါပေမယ့် စွပ်ဆွဲစရာ၊ လက်ဆုပ်လက်ကိုင်ပြစရာ မယ်မယ်ရရမ ရှိဘူး...။ ကိုယ့်စာကို သူ့စာလိုလုပ်ထားတာကိုး.....။ ဥပမာ... ကျွန်တော်နေရာမှာ ကျွန်မ ထည့်တာမျိုး၊ စာ ပိုဒ်လေးရဲ့ အစမှာ သူ့ပိုင် အာဘော်လေးတွေ တစ်ကြောင်းနှစ်ကြောင်း လောက်ထည့်တာမျိုး၊ အပိတ်နေ ရာလေးမှာ နည်းနည်းထပ်ကွန့်လိုက်တာမျိုး... စတာမျိုးလေးတွေပေါ့...။

စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ဆိုတာ... လွယ်လွယ်နဲ့ ဖြစ်မလာနိုင်ဘူးဆိုတာ ကိုယ်တိုင်ခံစား ပြီးရေးဖူးတဲ့ စာ ရေးသူတိုင်းသိကြပါတယ်...။ အရင်ဆုံး တွေးရတယ်...၊ ခံစားရတယ်...၊ ပြီးရင် ဖတ်တဲ့သူငယ်ချင်းတွေ အဆင်ပြေဖို့ ချောမွေ့အချိတ်အဆက်မိအောင် ကြိုးစားပြီးရေးရပါတယ်...၊ ရေးထားတဲ့ စာနဲ့လိုက်ဖက် မယ့်ပုံလေးတွေကို ဂူးဂဲလ်မှာ တောနင်းပြီးရှာရ ဖွေရတယ်...၊ ပြီးရင် သတ်ပုံစစ်ရတယ်...၊ စာလုံးလေးတွေ ဟိုဘက်သည်ဘက် ညီညာနေရဖို့ အတွက် (ကျွန်တော်ဆိုရင်ပြောတာပါ) လိုက်ညှိရတယ်...။ ပြောရရင် တော့ အများကြီးပါပဲ။ မလွယ်တာကတော့ အမှန်ပါ...။ အများက လက်ခံပြီးဖတ်ရှုနိုင်ဖို့အတွက် စာကောင်း တစ်ပုဒ်၊ ကဗျာကောင်းတစ်ပုဒ် ရင်ဘတ်ထဲက ထွက်ကျလာရုံနဲ့တင်မရပါဘူး။ ဘလော့ဂ်ပေါ်ကိုရောက် အောင် ဘယ်လိုပုံစံနည်းနဲ့ အားထုတ်ရသေးသလဲဆိုတာ ဘလော့ဂ်ရေးသူတိုင်း သိပါတယ်...။

အဲ့ဒီလို မွေးထုတ်လိုက်ရတဲ့ စာလေးတွေ၊ ကဗျာလေးတွေကို ကိုယ်တိုင်ဖန်တီးခဲ့ရတဲ့ ကာယကံရှင် တွေအနေနဲ့ အများကြီး တန်ဖိုးထားတတ်ကြတာ မလွန်လောက်ပါဘူးလို့ လည်း ကျွန်တော်မြင်မိပါတယ်...။ အမြဲတမ်း အရိပ်တစ်ကြည့်ကြည့်နဲ့ မနေရုံတစ်မယ်ပါပဲ...။ မသိတဲ့ သူတွေကတော့ ပြောချင်ပြောကြပါလိမ့် မယ်... “အလကား... အဖြစ်သည်းနေကြတာပါလို့”....။ ဒါပေမယ့် ရင်ဘတ်ခြင်းတူသူတွေကတော့ နား လည်နိုင်ပါလိမ့်မယ်...။

များသောအားဖြင့် တချို့ဆိုဒ်ကလေးတွေရဲ့ ဆိုဒ်ဘားနေရာမှာ “ကျွန်တော်/ကျွန်မတို့ရဲ့ စာလေးတွေကို ယူ သုံးမယ်ဆိုရင် နာမည်လေးတစ်ဆိတ်လောက်၊ လင့်ခ်လေးတစ်ဆိတ် လောက်ညွှန်းပေးကြပါ ခင်ဗျာ/ရှင်”... ဆိုတဲ့ စာသားလေးတွေကိုမြင်ရတိုင်း ကျွန်တော့်ရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာနာစိတ်လေးတွေ အမြဲဖြစ်ရ ပါတယ်...။ ကြိုးစားအားထုတ်မှုကို အသိ အမှတ်ပြုတာလေးတစ်ခုကို ခံယူချင်တာကလွဲလို့ တစ်ခြား ဘာရည်ရွယ်ချက်မှလည်းမရှိဘူးဆိုတာ နားလည်မိလို့ပါပဲ...။ ဒီလောက် သတိပေးတောင်းပန်ထားတဲ့ စာလေးတွေရှိနေတာတောင်မှ ဒီကိစ္စလေးတွေ မကြာခဏဖြစ်ဖြစ်နေတာကို ကျွန်တော်သတိထားမိပါ တယ်...။ နောက်ပြီး... အဲ့ဒီလိုအဖြစ်မျိုးတွေ ကြုံရကြားရတိုင်းလည်း... စိတ်ထဲမှာ ဘာဖြစ်လို့များအဲ့ ဒီလို လုပ်ချင်ကြရတာလည်းမသိဘူး...လို့ တွေးမိတတ်ပြန်ပါသေးတယ်...။ အားလုံး ကိုယ်ချင်းစာစိတ်ရှိရင် ဘယ် လောက်တောင်ကောင်းမလဲလို့ (မဖြစ်နိုင်မှန်းသိသိနဲ့ကို) တွေးမိပြန်ပါသေးတယ်...။

ဒီနေရာမှာ မေးချင်စရာ မေးခွန်းလေးတစ်ခုရှိလာနိုင်ပါတယ် ။ “အကူးမခံချင်ရင် ဘလော့ဂ် စာမျက်နှာ တွေပေါ် မတင်နဲ့ပေါ့”... ဆိုတဲ့စကားလေးပါပဲ...။ ဟုတ်ပါတယ်...။ ဒါပေမယ့် ဒီ အွန်လိုင်းစာမျက်နှာလေး တွေပေါ်ကိုတင်တယ်ဆိုတာက ကိုယ်ရေးထားတဲ့ စာလေးတွေကို သူများတစ်ကာက ဘယ်လိုမြင်တယ်...၊ ဘယ်လိုခံစားမိတယ် ဆိုတာလေးတွေကို ဝေမျှခံ စားစွာနဲ့ သိချင်တဲ့ ဆန္ဒလေးကြောင့်လို့ ကျွန် တော်မြင်မိပါတယ်...။ အဲ့ဒါကြောင့် အချိန်တွေကုန်ခံ၊ ငွေကုန်ခံ၊ လူပင်ပန်းခံပြီး ဒီစာမျက်နှာလေးတွေ ပေါ်ကို ရေးထားသမျှလေးတွေ ခံစားမိသမျှလေးတွေ တင်နေကြတာပါ...။ အကူးခံချင်လို့ တင်တာမဟုတ် ဘူးဆိုတာ ကျိန်းသေပါတယ်....။ ဒါပေမယ့် ကိုယ်ပိုင်ဦးနှောက်ကို မသုံးချင်ပဲနဲ့ ဖြတ်လမ်းနည်းနဲ့ ဘလော့ဂ် ရပ်ဝန်းမှာ ရှင်သန်ချင်တဲ့ တချို့ကတော့ ကူးမယ်ဆိုတာချည်းပါပဲ...။ (ကမ္ဘာကျော် ရေကူး ချန်ပီယံတောင် မျက်ရည်ယိုရွှဲ... ငိုပွဲဆင်နွှဲသွားနိုင်လောက်ပါတယ်....း)) ဘယ်လိုနည်းမျိုး ပဲသုံးသုံးပါ...။ ကူးချချင်တဲ့သူက တော့ ရအောင်ကူးမှာပါပဲ...။ ကိုယ့်စာကို ကြိုက်နှစ်သက်လို့ ကူးတယ်ဆိုပေမယ့် အဲ့ဒီလိုနည်းမျိုးနဲ့ ကိုယ့်စာကို သူ့စာလုပ်တာမျိုးကတော့ ဘယ်လို လူမျိုးမှ နှစ်သက်စွာနဲ့ ဖြေသိမ့်နိုင်မယ်မထင်ပါဘူး...။

အစက ပြောခဲ့တာကိုပြန်ကောက်ပြောရရင် စာကိုကူးယူခံရတာထက်၊ ဖျက်လို့ဖျက်ဆီးလုပ်တာမျိုးခံရတာ က ပိုဆိုးမယ်လို့ မြင်မိတယ်ဆိုတာလေးပါပဲ...။ (ကူးယူခံရတာလည်း...ဆိုးပါတယ်နော်....၊ တော်ကြာ မ ဆိုးဘူးပြောတယ်ထင်မှာစိုးလို့ပါခင်ဗျာ....း))

~~~~~@@@@@~~~~~

ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။

(မည်သူ့ကိုမှ မရည်ရွယ်ပါ...။ တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ပါခင်ဗျာ....။)
သူငယ်ချင်း...ညီအစ်ကိုမောင်နှမတွေအားလုံး...စိတ်အနှောက်အယှက်ကင်းကင်းနဲ့ စာတွေအများကြီးရေး နိုင်ပါစေခင်ဗျာ။

======================================
ညီလေး ကိုတူး အတွက် အမှတ်တရ.....။
======================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

29 comments:

ကိုဇော် said...

ဒီလိုပဲ ကိုဏီရေ...
အဲဒီထက်ဆိုတာ ပြောရဦးမလား။ ကိုယ့်စာကို သူက အောက်ကနေ သူ့နာမည်တပ်ပြီး ကိုယ့်စီကို “ ဖတ်စေချင်လို့ တကူးတက ပို့ပေးတာပါ. ” တဲ့ဗျာ။ ဘယ်လောက်များ ကျေးဇူးတင်ဖို့ ကောင်းလဲ။

တခါတလေလည်း ဝမ်းနည်းမိတယ်။
တခါတလေလည်း စိတ်ဆိုးတယ်။
တခါတလေလည်း ဒေါသတွေထွက်တယ်။
တခါတလေလည်း စိတ်ကုန်တယ်။
ဒါပေမဲ့ ကိုယ့်ဘလော့ကို လာလာဖတ်နေတဲ့ စာဖတ်သူတွေကို အားနာနေလို့ အသက်ဆက်နေတာပါ။

နည်းနည်းတော့ ခံစားပေးဖို့ ကောင်းပါတယ်။ ငါသာ သူ့နေရာမှာ ဆိုပြီး..။ သူတို့လည်း ပြန်ကြုံလာရင် ခံစားတတ်ပါမှာ။

ဒါထက်...ပြောစရာရှိတယ်ဗျို့..။ အကောင့် အက်ထားတယ်။ ဟဲဟဲ..နှိပ်စက်စရာ ရှိတယ်။

ပျော်ရွှင်ပါစေ.။
ကိုဇော်

ဒဏ္ဍာရီ said...

စောစောစီးစီး လာဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ် အကို..... ခဏခဏ ဒါမျိုးတွေ ကြားနေရတယ်။ ကူးချပြီးတော့ သူတို့က ခေါင်းစဉ်ပြင် စာတွေပြန်ပြင်နဲ့ ကိုရေးထားတဲ့စာလေး ဖျက်စီးခံရတယ်။ ဘလောဂ့်ရေးမယ်ဆိုရင် ဘလောဂ့်နဲ့ ပတ်သက်တဲ့ စောင့်ထိန်းသင့်တာလေးတွေ ကိုတော့ စောင့်ထိန်းသင့်တယ် ထင်ပါတယ်။ ကိုယ်တိုင်ရေးထားသူရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ စာတွေဟာ ကာယကံရှင်အတွက်တော့ တန်ဖိုးရှိလှပါတယ်။ Credit လေးပေးပြီး မျှဝေချင်ရင်လည်း ရတာပဲလေ...။ ဖြစ်တတ်ပါတယ် ကိုဏီးရယ်။

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ကျေးဇူး.. အစ်ကို..

ဒီလိုပို့စ်လေးတင်ပေးလို့ ...
ဟုတ်ပါတယ်... အစ်ကိုနဲ့ ကျွန်တော်က မတက်တခေါက်ဘလော့ဂ်လေး ရေးရင်းနဲ့မှ ညီအစ်ကိုအရင်းတွေကို ခင်မင်မိခဲ့တာပါ... (အစ်ကိုက အစတော့ တော်တော်သန်တယ်နော်.. အဟီး )

ကျွန်တော်ကတော့ စာပေတွေကို လေးစားမြတ်နိုးတန်ဖိုးထားစေချင်တာပါဗျာ...
ဒါကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ..

ဂျပန်ကောင်လေး said...

အင်း... ဘာပြောရမလဲ.... စဉ်းစားမရတာက ကိုယ်မရေးနိုင်ပဲနဲ့ ဘာလို့ နာမည်ကောင်းလိုချင်သလဲပေါ့ဗျာ... ကူးတယ်ဆိုကတည်းက ကောင်းလို့ကူးတယ်... ဒီကောင်းတာကို တင်ရင် နာမည်ကောင်းရမယ်ဆိုတာကို မက်မောလို့ ကူးတယ်လိုပဲ ကျွန်တော်က ယူဆတယ်... စာရေးခြင်းအတတ်ပညာဆိုတာ ကူးချလို့မရ.. သင်တန်းတက်လို့မရသော ပါရမီတစ်မျိုးပါ.... စာပေလောကထဲမှာ စာပေကိုပဲ ချစ်သူတွေ ကျင်လည်နေတာမို့လို့ စာဖတ်များသူတွေက အများစုရှိနေတတ်တာကို သတိပြုတတ်မယ်ဆိုရင်... ရှက်တတ်မယ်ဆိုရင်တော့ ဒါမျိုးတွေ ဖြစ်မလာဘူးပေါ့ဗျာ....

မောင်မိုး said...

ကော်ပီတွေရမယ်...ကော်ပီတွေရမယ်။

စကားမစပ်ဗျာ။ နောက်တစ်ခါ အဲဒီလိုမျိုးကြုံရရင် ကူးချတဲ့သူရဲ့ နာမည်၊ တင်ထားတဲ့လင့်ခ်..ကျန်တဲ့အထောက်အထားတွေကိုပါတင်ပေးစေချင်ပါတယ်။
သူများနှာခေါင်းပေါက်နဲ့ အသက်ရှင်နေတဲ့ကောင်တွေကို ပညာပေးချင်တယ်။

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ...
ပုံလေးကိုသဘောကျတယ်။ အဲလိုလူမျိုးတွေလည်း ရှိတတ်သေးတာပဲနော်...။
ကိုဏီလင်းပြောသလိုပဲ ဘလော့တခုမှာ ကိုယ့်စာတင်ရတာ လွယ်ကူတာမဟုတ်ဘူးလေ။ အဲလိုလူမျိုးတွေကို နားလည်စေချင်တယ်နော်။
ခင်တဲ့
သဒ္ဓါ

Anonymous said...

ကိုလင်း ကိုဏီ ကိုညို ကိုပြာ

မှန်၏ ထောက်ခံသည် ပက်ပက်စက်စက်ကို ထောက်ခံပါသည် . . . . ဟိဟိ ပြောသာပြောရတယ် ရှေ့ပြောနောက်ကြည့်နေရတယ် . . . .ဟီးဟီး

ဒီလိုပဲ အကိုရေ ဘလော့ကော်ပီက ဘလောဂါချင်းတောင်မဟုတ်ဘူး နာမည်ကြီး မဂ္ဂဇင်းတွေတောင် လုပ်ပါ့ဗျာ ပြောရင်လေကုန်တာပဲ အဖတ်တင်တယ် မပြောတော့ဘူး . . . .

သော်ဇင်စိုး said...

အကိုရေ မကောင်းတဲ့ ကောင်တွေကတော့ သူတို့သမိုင်းမှာ မကောင်းတာတွေပဲ ရေးပါလိမ့်မယ် ဘယ်သူက အစစ်မှန် ဘယ်သူက အတုယောင်ဆိုတာ မြင်တတ်တဲ့သူတိုင်း သိကိုသိပါ့လိမ့်မယ်ခင်ဗျား သူတို့ဟာသူတို့ ငရဲကို သူတို့ကိုယ်တိုင် လောဘကြီးကြီးရှာတဲ့ သူမိုက်တွေပါ

Welcome said...

ကိုယ့်စက်ကပဲ error ဖြစ်နေလားတော့ မသိဘူး။ ဖတ်မရခဲ့ဘူး။ နောက်ကြုံအုန်းမှာပါ..

ခင်မင်ခြင်း များစွာနဲ့

flowerpoem said...

ဘလော့ပေါ်မှာ အဲလို ခဏခဏကူးကြတယ် ကူးတာက ကူးလို့ဘာမှမဖြစ်ဘူး ကျေးဇူးတောင်တင်တယ်. . . ဒါပေမယ့် ဘယ်သူ့ဆီက ကူးတယ်ဆိုတာကိုတော့ ဖော်ပြသင့်ပါတယ်..

အိမ့်ချမ်းမြေ့ said...

မြိုသိပ်ရတာတွေများနေလို့ မလေး ဒီမှာလာရင်ဖွင့်ပါတယ်။

http://yangoncity-koookdn.blogspot.com

မှာ မလေးကဗျာတွေကို အချို့ကို အမည်ဖော်ပြပေးတယ်.. အချို့ကို (အထူးသဖြင့် မလေးဖေဖေတွက်စပ်ထားတဲ့ ကစ္စပနဒီအလွမ်းမှာ) မလေးရဲ့အမည်ကို ဖော်ပြမထားဘူး။ ဒါကိုနားလည်ပေးနိုင်ပါတယ်။ မေ့ကျန်တာဖြစ်နိုင်တယ်။ ဘာလို့ဆို အခြားကဗျာတွေမှာ မလေးရဲ့ အမည်တွေ ပါပါတယ်။


ဒီလင်ခ်မှာဖော်ပြထားတာကတော့ မလေးရဲ့ ကဗျာ နဲ့ ရွှေဘိုတင်အောင်ရဲ့ ကဗျာ၂ခုကို ရောသမမွှေလုပ်ထားပြီး ကဗျာစပ်သူတွေရဲ့ အမည်တွေကို မဖော်ပြထားဘူး။ (မလေးပဲ မမြင်တာလား)
http://myeikahla.ning.com/forum/topics/4483221:Topic:9821

ဘယ်လိုလုပ်မလည်း ....
အွန်လိုင်းမှာ လိုက်ရှာမယ်ဆိုရင်..ကိုယ့် အသည်းနှလုံးတွေ နေရာအနှံ့ အမည်မဲ့စွာ ထုထောင်းခြေမွ ရောမွှေလို့ အရောင်စုံဆိုးပြီး နေလှန်းခံထားရသလိုပါပဲလားလို့ ပြောရင် ကိုယ်ပဲ လွန်သွားမလား။

ဒီကိစ္စနဲ့ပတ်သက်ပြီးတတ်နိုင်သမျှလည်း
http://www.ainchannmyay.com/?p=439 မှာ ပိုစ်တင်ပေးပါတယ်

မြန်မာပြည်မှာ အခြေခံပညာရေးစနစ်မှာကို plagiarism နဲ့ပတ်သက်လို့ မပါခဲ့တဲ့ သင်ရိုးညွှန်းတန်းကိုပဲ လက်ညှိးထိုးရမလား။ ဒါမှမဟုတ် စာတွေကို နှစ်သက်လို့ ရိုးသားစွာကူးယူပြီး အမည်မဖော်ပြမိတဲ့ မသိလို့မှားယွင်းမှုတွေကိုပဲ လက်ခံရမလား။


သိရဲ့နဲ့ လုပ်တယ်ဆိုရင်တော့...

ဒီလိုနဲ့ပဲ...
ဒီလိုနဲ့ပဲ...

မြတ်မွန် said...

ကိုဏီးပြောတာ လက်ခံပါတယ်။ ရှက်စရာ အလုပ်ပါပဲ ကိုဏီးရယ်..။
စာရေးသူတစ်ယောက်ရဲ့ ဦးနှောင့်နဲ့ စဉ်းစားညာဏ်ကို အစဉ်လေးစားသင့်ပါတယ်။
စာတစ်ပုဒ် ဖြစ်မြောက်ဖို့ အခက်ခဲများစွာကို ဘယ်သူကျော်ဖတ်ရလဲ..စာရေးဖူးရင် သိနိုင်ပါတယ်။

ကိုဏီးရေ..အစ တန်နဲ့နော်..:P

ကိုလူထွေး said...

ကိုအောင်သာငယ် ပြောဖူးတဲ့ စကားရှိတယ်...

ကိုယ်ရေးတဲ့စာတွေ ကဗျာတွေဆိုတာ ကိုယ့်ရဲ့ သားသမီးတွေပါ...
အခုလို သားသမီးတွေ အဓမ္မပြုကျင့်ခံလိုက်ရတဲ့အခါ မိဘတွေဘယ်လို ခံစားနေရမလဲ ဆိုတာ နားလည် ကိုယ်ချင်းစာမိပါတယ်...

အဖြူရောင်နတ်သမီး said...

ကဗျာတပုဒ်၊ စာတကြောင်း ဖြစ်ဖို့ဘယ်လောက်ခက်ခဲတယ် ဆိုတာ..
ကိုယ်တိုင်ရေးတဲ့သူမှ သိမှာပါ..
သူများရေးထားတာကို ကူးယူဖော်ပြတာကတော့ တော်တော်လေးကို ဆိုးသွမ်းတဲ့လုပ်ရပ်ပါပဲ..။
ကဗျာတွေနဲ့ စာပေတွေကို တန်ဖိုးထားသူများကတော့ ဒီလိုလုပ်ရပ်တွေကို
လုပ်မယ်မထင်ပါဘူး...။
တန်ဖိုးမထားတတ်တဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်..၊ ကူးယူခြင်းအန္တရာယ်မှ ကင်းဝေးကြပါစေလို့ဆုတောင်းရင်း....

နွေဆူးလင်္ကာ said...

အေးဗျာ .. အဲလို ကိစ္စတွေ ရှိနေတာ တကယ် မကောင်းပါဘူး။ ဘလော့ဂ်ရေးနေတဲ့ သူတွေ အချင်းချင်း ကိုယ့်စာကို ကိုယ်ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ကိုယ်ချင်းစာလို့ ရပါတယ်ဗျာ။

စိတ်၏ဖြေရာ said...

သူများဦးနှောက်ဖေါက်စားတဲ့ဒီလိုဘလော့မျိုးကြာကြာ
ခံမယ်မထင်ပေါင်။

ရွှေရတုမှတ်တမ်း said...

မျက်နှာပြောင်ကြတော့ ..ဖင်ပြောင်နေလဲမရှက်ကြတော့ဘူး...

ခရေညို said...

ဘာပြောရမှန်းတောင်မသိဘူး လူတွေကလည်း သိပ်ပြီး လူလည်ကျချင်ကြတယ်နော်

ချစ်သူမောင် said...

ကိုဏီ
ဘာပြောရမလဲဗျာ
ကော်ပီရိုက် လိုင်စင်လုပ်လို့အကျိုး မရှိနိုင်တော့ဘူးလား ဇတ်လမ်းတပုဒ်
ကဗျာတစ အဲတာတွေရဘို့ ရင်ဘတ်တွေဘယ်လောက်ရင်းရလဲ လုပ်ရက်သူတွေကလည်းလုပ်ရက်ကြတယ် အရှက်မရှိသူများ ဆရာနွမ်ဂျာသိုင်း
တောင် သူ့ဝတ္ထု တစ်အုပ်ရဲ့နာမည်ယူသုံးခံရလို့ဆတ်ဆတ်ထိနာခဲ့တယ်ဗျ ယူသုံးလိုက်တဲ့သူကတော့ ဦးပေါ်ဦးပြောသလိုဥာဏ်ရည်တူလို့လို့ပြောတာပဲ
မအိမ့်ချမ်းမြေ့ ကိစ္စလည်းအိပ်မက်ဖိုရမ်ထဲမှာဖတ်မိခဲ့ဘူးတယ် ရင်ထဲမကောင်းဘူးဗျာ

An Asian Tour Operator said...

copy right, copy right

နှင်း said...

အစ်ကိုရေ
နှလုံးသားနဲ့ရင်းပြီး ဖန်တီးမွေးဖွားထားတဲ့ စာတွေ၊ကဗျာတွေကို ခိုးယူထားတာကတော့ အတော့်ကိုလွန်ပါတယ်။ ခံလိုက်ရတဲ့ ဖန်တီးသူစစ်စစ်တွေကိုလည်း စာနာမိပါတယ်။

kiki said...

ခပ်ရိုင်းရိုင်းပြောရရင်တော့ ဒီလိုလုပ်သူတွေဟာ သူခိုးထဲက အရိုင်းဆုံး သူခိုး၊ စာပေသူခိုး တွေပါပဲ ။ ကိုယ့်လိပ်ပြာမှ ကိုယ်မရှက်တတ်ကြသူတွေပေါ့ ။အစ်မ ရဲ့  စာတပုဒ်လဲ ဖေါ်ဝပ်မေးလ် ထဲကနေ ကိုယ့်ဆီ ပြန်ရောက်လာဖူးပါတယ် ။ ရေးသူအမည်က ထုံးစဲံ အတိုင်း မပါလာဘူးပေါ့လေ ။
အစသန်သူဆိုတော့ ဘယ်နေ့ ပြန်အစခံရမလည်း မသိဘုးနော်..း))

အင်ကြင်းသန့် said...

ကိုဏီးရေ...ဘလော့ဂ်လောက ကလည်းနော် :(
ဒါမျိုးတွေလည်းရှိတယ်လား...ညီမလေးကတော့ ပူပါဘူး...ညီမလေးလို စာမျိုးတွေကို ဘယ်သူကမှ အရေးအရာလုပ်ပြီး ကူးမှာ မဟုတ်တာ သေချာနေလို့လေ ဟီးးးးးးးးးးးးးးးး
ကိုဏီး အစသန်တာလား...တိဝူးးးးးးးးး
အဟမ်း အဟမ်း... :)))

မိုးခါး said...

ဘယ်လို စိတ်ကူးတွေနဲ့ ဒီလိုလုပ်ကြသလဲဆိုတာ မစဉ်းစားတတ်ဘူး

မြစ်ကျိုးအင်း said...

စိတ်တူကိုယ်တူပါပဲ ကိုဏီရေ
ကျနော်လည်း အင်မတန်စိတ်ပျက်ရတဲ့ ကိစ္စတခုပါပဲ။
ဖတ်စေချင်လို့ရေးတဲ့စာကို လူတကာ ဖတ်လို့ မလွယ်အောင် တားမြစ်ရတာ တွေက အဲဒီလို စာရေးသူ နာမည်ပျောက်ပျောက် သွားရတဲ့ အဖြစ်တွေ ကြောင့်ပါပဲ။
ရင်ဘတ်နဲ့ ခံစားပြီး ရေးခဲ့ရတာတွေပါဗျာ။
ပို့စ်တပုဒ် တင်ဖို့ ဘယ်လောက် အချိန်ယူ ပြင်ဆင်ရတယ် ဆိုတာ ကိုယ့်စာကိုယ် တန်ဖိုးထားသူတိုင်း သိတာပါပဲ။

ayesnake said...

စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ဆိုတာ... လွယ်လွယ်နဲ့ ဖြစ်မလာနိုင်ဘူးဆိုတာ ကိုယ်တိုင်ခံစား ပြီးရေးဖူးတဲ့ စာ ရေးသူတိုင်းသိကြပါတယ်...။
ဟုတ်တယ် နာဆို တစ်နှစ်နေလို့ ကဗျာတစ်ပုဒ် စာတစ်ပုဒ် မထွက်တာ ညည်းအသိ

Cameron said...

ကူးယူသုံးစွဲတယ်ဆိုလဲ မူရင်းကဗျာဆရာနာမည်လေးတော့ တပ်သင့်ပါတယ်..။ အင်းလေ...သူများဦးနှောက်ဖောက်စားချင်မှတော့လဲ..။
ကျမတို့မောင်လေး အဲဒီတလောက တော်တော်လေးစိတ်ဓါတ်ကျသွားပါတယ်..။ ခုတောင်စိတ်ညစ်နေလို့တဲ့ ဏီဏီတွေု့ရင် နှစ်သိမ့်ပေးလိုက်ပါဦး။ အမတို့က လိုင်းကောင်းမှ တွေ့ရတာ သိပ်မစွံဘူး...။ အော်...ပုံလေးကိုကြိုက်တယ် တင်ထားတာ ကွက်တိပဲ..။

ခင်မင်စွာဖြင့်
မိုးငွေ့

မောင်သီဟ said...

အေးဗျာ တော်တော်ပြောင်နိုင်တာပဲနော်
ခက်တယ် ခက်တယ်

Anonymous said...

WelcomeTo Omni Mont-Royal Hotel Canadian Employment Offer
Hotel Omni Mont-Royal
1050 Sherbrooke Street West
Montreal, H3A 2R6 CA.
Good day,
I am Rose from Canada, the manager of Omni canadian hotel, pls i want to inform you about the vacancies in our hotel, The management needs men and women, married and not married, who will work and live in canada .The hotel will pay for his flight ticket and assist him to process his visa in his country, if you are interested contact us via E-mail : hotelsomnimontroyal@yahoo.ca
And the Hotel informations will be sent to you immediately.
Thanks.
From the Hotel manager.Fax: +1(440)348-7275
TEL..(001-77-264-785-65) OR(00-1-613-238-3222)
E-MAIL : hotelsomnimontroyal@yahoo.ca
NOTE... DO NOT REPLY BACK IN THIS SITE IF YOU ARE INTERESTED YOU HAVE TO CONTACT US BACK THROUGH THE EMAIL ABOVE FOR IMMEDIATE RESPONSE OK.