Wednesday, September 2, 2009

“နှုတ်ဆက်ချိန် ခဏတာများ”နှင့် ကျွန်တော်....

ဒီနေ့ည အလုပ်ကိုကျွန်တော်ရောက်သွားတော့ ကျွန်တော်အလုပ်လုပ်ရသော ဌာနအတွင်း လူတွေတစ်ယောက်မှမရှိကြ...။ အ၀ါရောင်မီးကလေး များ တစ်လဲ့လဲ့လင်းဖျာပြီး ငြိမ်သက်စွာ ရပ်တန့်နေခဲ့ကြတဲ့ ဌာနထဲကautomatic-drillingစက်များကိုကြည့်ရင်း စက်တွေရပ်နေတာ ဘယ်လောက် တောင်မှ ကြာနေခဲ့ပြီလဲ...ဟု တွေးမိ၏။

ွိလွယ်လာသောအိတ်ကို စားပွဲခုံပေါ်တင်ရင်း ကွန်ပျူတာရှေ့ တွင်ဝင်ထိုင်မိသည်။ နေ့လယ်ခင်းတုန်းက အရေးကြီးတဲ့အလုပ်တွေကို ကျွန်တော့်ရဲ့  ဘော့(စ်)က ဘာတွေများခိုင်းသွားသလဲ....ဟုတွေးရင်း အီးမေး(လ်)ဖွင့်ဖတ်မိနေလိုက်သည်။ ထိုခဏတွင် ကျွန်တော့်လက်ကိုင်ဖုန်းက စူးရှ ကျယ်လောင်စွာ မြည်ဟည်းလာလေသည်။ ရုတ်တစ်ရက်မို့ ကျွန်တော်လန့်ဖျတ်သွားမိ၏။

ခါတိုင်းနေ့တွေဆိုရင် မနက်ရှစ်နာရီနှင့်၊ ညရှစ်နာရီ အလုပ်ဆိုင်းချိန်းချိန်တွေမှာဆိုရင် ကျွန်တော်တို့ဌာနအတွင်း ကြွက်ကြွက်ကိုညံနေတတ်သည်။ပြန်တော့မည့်သူက အခုမှဝင်သည့်လူကို အလုပ်နှင့်ပတ်သတ်ပြီးမှာစရာရှိတာတွေကိုမှာကြ၊ နောက်စက်ရုံတွင်းမှာဖြစ်နေသည့် နောက်ဆုံးပေါ်သတင်းများကို အတင်းအဖြစ်အုပ်ကြ၊ နောက်ပြီး ရယ်ကြ မောကြ၊ ဟီလာတိုက်ကြနှင့်စက်သံများနှင့် ထွေးလုံးရစ်ပတ်ကာ ထာဝရဆူညံနေတတ်ပါသည်။ သို့သော် ဒီနေ့မှ ထူးထူးခြားခြားအခန်းအတွင်းလူတစ်ယောက်မှမရှိပဲတိတ်ဆိတ်နေတာကြောင့် ကျွန်တော်လန့်သွားမိခြင်းပဲဖြစ်ပါသည်။

ဖုန်းကိုကောက်ကိုင်ကာ နားထောင်လိုက်တော့ ဆက်သူက ကျွန်တော့်ရဲ့ စူပါဗွိုက်ဆာ...။ သူက ကျွန်တော့်ကိုရောက်နေပြီဆိုရင် ကင်(န်)တင်းကိုလာခဲ့...ဟု ဖုန်းထဲမှပြောသည်။ သူဖုန်းချသွားတော့ ဖုန်းကိုဘောင်းဘီအိတ်ထဲ ကမန်းကတန်းထိုးထည့်ကာစက်ရုံအနောက်ဘက်ရှိကျွန်တော်တို့ ထမင်းစားရာ ကင်(န်)တင်းသို့ ကျွန်တော် ခြေကုန်သုတ်ကာ ပြေးသွားမိသည်။ ဌာနအထဲမှာ လူတွေအားလုံး ဘာ့ကြောင့်မရှိရသလဲဆိုတာ အခုတော့ ကျွန်တော်သိပြီ....။

ကျွန်တော် ကင်(န်)တင်းကိုရောက်သွားတော့ ဟိုမှာကျွန်တော်မှလွဲ၍ လူအားလုံးစုံနေခဲ့လေပြီ။ စားပွဲခုံတန်းများအပေါ်မှာတည်ခင်းထားသောအစားအသောက်နှင့် ဖျော်ရည်များကိုတစ်ချက်ဝေ့ကြည့်ရင်း အားလုံးကိုသိမ်းကြုံးပြီး sorryတစ်ခွန်းလောက် အားလုံးကြားသောလေသံဖြင့် မတိုးမကျယ်ပြောဖြစ်၏။ တစ်ချိန်ထဲမှာပင် ကိုယ့်ကိုယ်ကို နားဘန်ကျင်းပစ်ချင်စိတ်လည်းဖြစ်မိရပါသည်။

ဘာရယ်ကြောင့်မှတော့မဟုတ်....။ မေ့တတ်လွန်းသော ကျွန်တော့်အကျင့်ကြောင့်သာဖြစ်ပါသည်။ ဒီကနေ့ညတွင် စာချုပ်သက်တမ်းပြည့်သွား၍ သက်ဆိုင်ရာ မိခင်နိုင်ငံအသီးသီးဆီသို့ ပြန်ကြရတော့မည့် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း လေးယောက်၏နှုတ်ဆက်ပွဲရှိတာကို ဆိုး ဆိုးဝါးဝါးကြီး ကျွန်တော်မေ့နေမိခဲ့တာလေ.။ပြန်ကြမည့်သူများထဲတွင် ကျွန်တော်တို့မြန်မာပြည်မှနှစ်ယောက်၊ နောက်ပါကစ္စတန်နိုင်ငံမှနှစ်ယောက်ဖြစ်သည်။ ။ပိုဆိုးတာက အဲ့ဒီလေးယောက်ထဲမှာ ကျွန်တော်နှင့်တစ်ဌာနတည်းအလုပ်လုပ်ရသော သူငယ်ချင်းတစ်ယောက်ပါနေခဲ့တာပင်ဖြစ်၏။ သူက မြန်မာပြည်က၊ နောက်ပြီး ကျွန်တော်နဲ့အတူ နှစ်ရှည်လများ အလုပ်တွဲလုပ်ခဲ့ဖူးသောသူ....။ ဒါ့ကြောင့် ကျွန်တော့်တစ်ဌာနလုံး ကင်(န်)တင်းကိုရောက်နေခဲ့ကြတာဖြစ်သည်။
တစ်ဆက်ထဲမှာပင်ကျွန်တော့်ရဲ့ စူပါအထက်က ဘော့(စ်)ကိုလည်းတွေ့လိုက်ရ၏။ ထိုအခါမှအခြေအနေကိုကျွန်တော်ပြန်သုံးသပ်မိပြန်သည်။
ကျွန်တော်စက်ရုံဝင်းထဲကိုဝင်လာတော့ အဲ့ဒီဘော့(စ်)ရဲ့ ကား ကို မြင်ခဲ့မိသေးသည်။ ဒါတောင်မှ ကျွန်တော်ဟာ အမှတ်တစ်မဲ့နိုင်လွန်းခဲ့စွာ...။

အားလုံးကို အားနာစွာဖြင့် သွားဖြဲပြပြီး ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ပြီး ကျွန်တော်မှတ်တမ်းတင်ဓာတ်ပုံလိုက်ရိုက်ပေးနေမိသည်။ နောက်မှ သူတို့ဓာတ်ပုံများကို စီဒီထဲထည့်ကာ လျှော်ကြေးအဖြစ်လက်ဆောင်လုပ်ပေးမည်...ဟူသောရည်ရွယ်ချက်ဖြင့်ပင်...။ ထို့နောက် သူတို့ ၏နှုတ်ဆက်ပွဲအခမ်းအနားစတင်လေတော့သည်။ ကျွန်တော်အပါအ၀င် တစ်ခြားသူငယ်ချင်းများကလည်း သူတို့နှုတ်ဆက်ပွဲကို ကင်မရာမီးများတစ်ဖျပ်ဖျပ်ဖြင့်လင်းလက်စေကာဓာတ်ပုံဝိုင်းရိုက်ကြလေတော့သည်မှာ အလင်းရောင်များလျှံထွက်လွန်းနေ၍ ကျွန်တော့်စိတ်ထဲ မြန်မာပြည်မှ အကယ်ဒမီပေးပွဲကိုပင် မဆီမဆိုင်သွားသတိရမိ၍ တစ်ယောက်ထဲ ခိုးပြုံးမိလေသည်။

နောက်တော့ သူတို့က အလှည့်ကျ ကျေးဇူးတင်စကားများ၊ တောင်းပန်စကားများ အသီးသီးပြောကြ၊ ပြီးတော့ လက်ဆွဲနှုတ်ဆက်ကြဖြင့် သူတို့၏ နှုတ်ဆက်ပွဲအခမ်းအနားက ဆူညံဝေစည်စွာဖြင့် ရှိနေခဲ့လေတော့သည်။ ကျွန်တော့်မှာ ကိုယ့်အပြစ်နှင့်ကိုယ်မို့ သူတို့တွေကို ပို့(စ်)အမျိုးမျိုးမှနေ၍ လိုက်ပြီး ဓာတ်ပုံရိုက်ပေးနေခဲ့မိတော့၏။ ကျွန်တော့်စိတ်ထဲမှ ကျိတ်ကာနာမည်ပေးထားသော အင်္ဂလိပ်ဘိန်းမုန့်(ပီဇာမုန့်)ကိုတစ်ခါတစ်ခါ လက်မှ ကိုင်၍ ကိုက်စားရင်း သူတို့ကိုရှုထောင့်အမျိုးမျိုးမှ နေပြီး ဓာတ်ပုံရိုက်ရန်အတွက် ပတ်ချောင်းနေခဲ့မိတော့သည်။

များမကြာမီမှာပင် သူတို့ရဲ့ နှုတ်ဆက်ပွဲအခမ်းအနားက ပြီးဆုံးသွားခဲ့လေတော့သည်။ ပစ္စည်းများကို သိမ်းသူကသိမ်း၊ အမှိုက်များကိုပစ်သူကပစ်၊ခုံ တွေကို တစ်ညီတစ်ညာတည်းဖြစ်အောင် ပြန်စီသူက စီနှင့် အားလုံးအလုပ်ရှုပ်နေခဲ့ကြ၏။ တချို့ ကတော့ အိမ်အပြန်ခရီးအတွက်ခြေလှမ်းပြင်နေကြသလို ...၊ (ကျွန်တော်အပါအ၀င်)တချို့ကတော့တစ်ညတာလုပ်ငန်းခွင်ကိုပြန်ဝင်ကြရန် စိုင်းပြင်းနေလေခဲ့ကြတော့
သည်။

ကျွန်တော်ကတော့ သူငယ်ချင်းအချို့ နှင့် အနောက်ဘက်တွင် စီးကရက်ဖွာရင်း အဲ့ဒီလူများကို အသိအမှတ်မဲ့စွာဖြင့် ငေးကြည့်နေခဲ့မိလေသည်။ တစ်ခါတစ်ခါ ဘေးနားက ဆေးလိပ်သောက်ဖော် သူငယ်ချင်းများနှင့် စကားစမြည်ပြောနေခဲ့ရင်း တစ်ခုခုလွဲချော်နေတာကို ကျွန်တော့်ကိုယ် ကျွန် တော်သတိထားမိလာသလိုရှိလာ၏။ ဟုတ်သည်...။ ကျွန်တော်တစ်ခုခုလွဲချော်နေခဲ့သည်မှာ သေချာနေခဲ့ပြီ...။

ဟိုး....အရင်တုန်းက(လွန်ခဲ့သည့်ငါးနှစ်ကျော်ကျော်ကာလတုန်းက)စ၍ယနေ့အချိန်အထိ ကျွန်တော်ကိုနှုတ်ဆက်သွားကြသော သူငယ်ချင်းပေါင်း များစွာရဲ့ နှုတ်ဆက်ပွဲများကို တက်ရောက်ခဲ့ရစဉ်က ခံစားချက်များနှင့် အခုနှုတ်ဆက်ပွဲတွင် ကျွန်တော်ခံစားနေရသော ခံစားချက်က လုံးဝကိုဆန့် ကျင်ဘက် ဖြစ်နေခဲ့တာကြောင့်ပင်...။

ဟိုးတုန်းကဆိုရင် သူတို့တွေ နှုတ်ဆက်ပွဲလုပ်တိုင်း ကျွန်တော့်မှာ ရင်ထဲတွင်ထိခိုက်စွာခံစားခဲ့ရဖူးသည်။ နောက်ပြီး တစ်ခုခုကို လစ်ဟာဆုံးရှုံးကာ သွားရသလိုလို....၊ အားငယ် ၀မ်းနည်းမိသလိုလို ခံစားရဖူးသည်။ သို့သော်လည်းအခုတော့ ကျွန်တော့်ရင်ထဲတွင်ခံစားချက်က ဗလာနထ္ထိ...။ ၀မ်းနည်းခြင်း...၊ ၀မ်းသာခြင်း စသည့်ခံစားချက်များ ကျွန်တော့်ရင်ထဲတွင်ဘာမှ မရှိခဲ့ရသလိုဖြစ် နေခဲ့ရ၏။

စာချုပ်သက်တမ်းစေ့လို့ သက်ဆိုင်ရာမိခင်နိုင်ငံအသီးသီးသို့ ပြန်သွားကြသော သူငယ်ချင်းများ...၊ ဆေးစစ်တာ မအောင်မြင်လို့(မပြန်ချင်သေးဘဲ နှင့်) အိမ်ပြန်သွားကြရရှာသော အမျိုးတူ၊ အမျိုးကွဲ သူငယ်ချင်းများ....၊ လုပ်ငန်းခွင်ထဲတွင် ဒဏ်ရာရလို့ (ဒါမှမဟုတ်) ရုတ်တစ်ရက် ကျန်းမာရေး ချွတ်ယွင်းသွားလို့ နာကျင်စွာ အိမ်ပြန်သွားကြရရှာသော သူငယ်ချင်းများ...၊ လုပ်ငန်းခွင်ထဲတွင် ပြဿနာတက်လို့ ရုတ်တစ်ရက် အိမ်ပြန်သွားရရှာ သောသူငယ်ချင်းများ...၊ ကမ္ဘာ့စီးပွားရေးကျဆင်းသည့် ဂယက်ကြောင့် မမျှော်လင့်ဘဲ အိမ်ပြန်ပို့ခံလိုက်ရသည့် သူငယ်ချင်းများ စသဖြင့် များပြားလှစွာသော သူငယ်ချင်းတို့၏ ပုံစံအမျိုးမျိုးနှင့် နှုတ်ဆက်သွားခြင်းကို ကျွန်တော် မရေတွက်နိုင်လောက်အောင်ကို ကြုံခဲ့၊ ခံစားခဲ့ရ ဖူးပါသည်။

သူတို့တွေ ပြန်ခါနီး အခုလိုနှုတ်ဆက်ပွဲတွေ ဘာတွေလုပ်(တချို့ ကျတော့လည်း မလုပ်နိုင်ရှာကြပါဘူး။) ကျွန်တော်တို့ကို နှုတ်ဆက်ကြတဲ့အချိန် တွေတိုင်း ကျွန်တော့်ရင်ထဲတွင် (စောစောကပြောပြခဲ့သည့်အတိုင်း) ဘာရယ်မဟုတ်သောခံစားချက်၊ အမည်ဖော်ပြလို့မရနိုင်ခဲ့သော တစ်စုံတရာ ခံစားချက်များဖြင့် အရမ်းလှိုင်းထနေခဲ့ရဖူးပါသည်။ စိတ်မကောင်းဖြစ်ခြင်း၊ ၀မ်းနည်းခြင်း စသောခံစားချက်များဖြင့် ကျွန်တော့်စိတ်သည်အချိန်ကာ လတော်တော်ကြာသည့်တိုင် ညှိုးနွမ်းနေတတ်ခဲ့ရသည်။ ကျွန်တော်ချစ်သော သူငယ်ချင်းများနှင့် မခွဲမခွါ အတူတစ်ကွနေလိုခဲ့သော အတ္တဆန်တဲ့ ကျွန်တော့် ဆန္ဒတွေကြောင့်လားတော့ မသိ...။

သို့သော်လည်းအခုကျွန်တော့်ရင်ထဲတွင်ထိုသူငယ်ချင်းများပြန်ကြတော့မည့်အတွက်နှုတ်ဆက်ပွဲလုပ်တာကိုဝမ်းနည်းခြင်း၊စိတ်မကောင်းဖြစ် ခြင်း၊ ၀မ်းသာပျော်ရွှင်ခြင်း...စသည့်ခံစားချက်များတစ်ခုမှရှိမနေခဲ့ရပါ။ ထိုသို့ပြောလိုက်ရခြင်းအတွက် ကျွန်တော့်အနေဖြင့် ထိုသူငယ်ချင်းများအပေါ်တွင် ချစ်ခင်မှု၊ သံယောဇဉ်တရားများ မရှိ၍မဟုတ်ရပါ။ တိုင်းတစ်ပါးတွင် အတူတစ်ကွနေထိုင်ကာ ဆိုးတူကောင်းဖက် အလုပ်အတူတူလုပ် ကိုင်ခဲ့ရသော သူငယ်ချင်းများပေါ်တွင် ကျွန်တော့်အနေဖြင့် လေးစားစွာချစ်ခင်ခဲ့ရချည်းသာဖြစ်ပါသည်။ သံယောဇဉ်လည်းရှိပါသည်။(သူတို့ဘက်ကတော့မသိပါ။)

နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုဝေခွဲမရစွာဖြင့်အဖြေရှာကြည့်မိသည်။ ဘာ့ကြောင့်များ ကျွန်တော်ခံစားချက်မဲ့သလိုဖြစ်နေရတာလည်းဆိုတာကိုပဲ ဖြစ်၏။ သေချာသည့်အဖြေကတစ်ခုမှ ထွက်မလာခဲ့...။

ဖြစ်နိုင်ချေတစ်ခုတော့ သွားစဉ်းစားမိလိုက်သည်။ သို့သော်လည်းသေချာမှုရှိ မရှိဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုဝေခွဲရခက်နေဆဲ...။ ကျွန်တော့်ကို နှုတ်ဆက်သွားကြသူဦးရေများပြားလွန်းလှတာကြောင့် (အိမ်မပြန်နိုင်သေးသူကျွန်တော်သည်) ခွဲခွါရခြင်းရဲ့ဒဏ်ကိုခံနိုင်ရည်ရှိသွား ခြင်းပဲလား....၊ ဒါမှမဟုတ်ခံစားရတာတွေများလွန်းလို့ နောက်ထပ်ခံစားနိုင်ဖို့ရာအားမရှိတော့လောက်အောင် ‘ဟုန်’သွားခဲ့ရလေသလား...တစ်ခုခု တော့ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့သော်လည်း လောလောဆယ်ကျွန်တော့်ရင်ထဲတွင်“တစ်စုံတရာနဲ့ပတ်သတ်လို့ ခံစားခဲ့ရသမျှ ခံစားချက်တွေဟာ ထပ်ခါတစ်လဲလဲနဲ့ ကြိမ်ဖန်များစွာခံစားနေရခဲ့မယ်ဆိုရင် နာရကောင်းမှန်းမသိတတ်တော့လောက်အောင် ထုံပေပေခံစားချက်ကို ပြောင်းလဲသွားစေတတ်သလား...ရယ်လို့ အခုအချိန်မှာကျွန်တော် ဒွိဟစိတ် ဖြစ်နေခဲ့ရဆဲပင်”....။ ။

ချစ်ခြင်းအားဖြင်....

ဏီလင်းညို....

No comments: