Wednesday, September 2, 2009

“အမှတ်တမဲ့များ”....နှင့် ...ကျွန်တော်...(၂)

အမှတ်တမဲ့(ခ)
~~~~~~~~~~~~~

ကျွန်တော် အထက်တန်း(ဆယ်တန်း)ကျောင်းသားဘ၀က ဖြစ်ပါသည်။

ထိုစဉ်က ကျွန်တော်သည် အတန်းထဲတွင် ကျွန်တော်နှင့်မသိသူ မရှိသလောက် တစ်တန်းလုံးနှင့် ခင်မင်ရင်းနှီးခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါသည်။ တစ်နေ့တွင် “သူငယ်ချင်းကောင်မလေးတစ်ယောက်”က ကျွန်တော့်ကို သူ့‘အော်တို’စာအုပ်လေးထဲတွင် အမှတ်တရအဖြစ် ကဗျာလေးတစ်ပုဒ်ကို ရေးခိုင်း ပါသည်။ထိုအချိန်တုန်းက ကျွန်တော်တို့ကျောင်းသားဘ၀တွင် စာမေးပွဲနီးလာပြီဆို‘အော်တို’ ရေးခိုင်း ခြင်းများသိပ်ကိုခေတ်စားလှပါသည်။

ထိုသူငယ်ချင်းကောင်မလေးမှာ မတောက်တစ်ခေါက် စာတွေ၊ ကဗျာတွေရေးရတာ ၀ါသနာပါသော ကျွန်တော့်အကြောင်းကိုသိ၍ သူ့စာအုပ်လေး ထဲတွင် ကဗျာရေးခိုင်းခြင်းပင်...။ (အရူး..ဘုံမြှောက် ခဲ့လေသလား..ဟု အခုမှစဉ်းစားမိ၏။) နောက်ပြီးတော့ ထိုသူငယ်ချင်းကောင်မလေးမှာ ကျန် သော တခြားယောက်ျားလေး သူငယ်ချင်းဟူ၍ များများစားစားသိပ်မရှိပါ..။ တော်တော်လေးအနေငြိမ်လှ၏။

သူမ၏စာအုပ်ကလေးမှာ လှတ ပတလေးဖြစ်သည်။ မိုးပြာရောင်နောက်ခံကပ်ထူအဖုံးလေးပေါ်တွင် ပန်းပွင့်သေးသေးနုပ်နုပ်ပုံလေးများကိုနောက်ခံထား၍ အပေါ်မှ အသဲပုံလေးများနှင့် ကာတွန်းပုံလေး တချို့ကိုရောယှက်ကာ ဒီဇိုင်းဆွဲထားသော လက်တစ်ညို့သာသာရှည်သည့် မထူမပါး ချစ်စရာ စာအုပ် ကလေးပင်...။

ကျွန်တော့်စားပွဲခုံကို ပြန်ရောက်တော့ ကိုယ့်ကိုရေးခိုင်းတာ အရင်မရေးသေးပဲ သူများတွေက ဘယ်လိုများရေးထားကြသလဲ...ဟုတွေးရင်းစာအုပ်ကလေးကို အရှေ့မှစ၍ ဖတ်နေမိလိုက်၏။ မှတ်မိ ပါသေးသည်။ သူမရဲ့စာအုပ်လေးထဲမှာ ရေးထားတာတွေက....

“ဘ၀တစ်ကွေ့မှာ...
ခဏတွေ့ရပေမယ့်....
ထာဝရမမေ့ပါဘူးကွာ”.... ဆိုတာမျိုးတွေ...။ နောက်ပြီးရှိပါသေးသည်။

“ပိန်းရွက်ရေစို...
တမာချိုလို့....
မြွေကဖားကို...
ချစ်ရေးဆိုမှ...
မင်းကို ဒို့ မုန်းမေ့လိုက်မယ်”... ဆိုတာမျိုးတွေရောပင်...။ အောက်မှလည်း ဘယ်သူ၊ ဘယ်ဝှါ..စသဖြင့် လက်မှတ်တွေကို ရှုပ်ရှက် ခက်နေအောင် (အဆန်းတစ်ကာ့ ထိပ်ခေါင်တင်သည့်နည်းများဖြင့်) ထိုးထားကြ တာကိုလည်းတွေ့ရ၏။ နောက်..ဟိုကျော်...ဒီကျော်ဖြင့် ကျွန်တော်လျှောက်ဖတ်ကြည့်တော့ ၀တ္ထုတွေထဲမှ သူမကူးထားဟန်တူသော ကဗျာများကိုလည်းတွေ့ရ၏။ ဘာတဲ့...“မြတ်နိုးတွယ် ရစ်...သိပ်ချစ်တယ် မောင်”.....ဆိုသောကဗျာလေးတစ်ပုဒ်တော့ ကျွန်တော်ကောင်းကောင်းမှတ်မိနေပါသေးသည်။ ထပ်ပြီးတော့ဖတ်ရသည့်ကဗျာ များမှာ မိန်းကလေးများ၏ ပုဂ္ဂလိက ခံစားချက်များနှင့် တိုက်ဆိုင် နေတတ်သော အလွမ်း၊ အဆွေးဖွဲ့ နုနု လှလှ ကဗျာလေးများပင်ဖြစ်၏။

ထို့နောက်...စာအုပ်ထဲတွင် ကျွန်တော်ရေးနိုင်မည့် နေရာလွတ်စာမျက်နှာတစ်ခုကိုဖွင့်ပြီး ဘော(လ်)ပင်ကို ပါးစပ်မှကိုက်ရင်း..“သူများတွေနဲ့မတူရ အောင် ငါဘယ်လိုကဗျာမျိုးရေးရရင်ကောင်းမလဲ”...? ဟု စဉ်းစား ခန်း ၀င်နေလိုက်မိသည်။ ထိုစဉ် မုန့်စား ဆင်းချိန်ရောက်၍ မြည်လာသော လျှပ်စစ်ခေါင်းလောင်းသံကို စူးရှကျယ်လောင်စွာဖြင့် ကြားလိုက်ရပါသည်။

ထိုအခါ သူမရဲ့စာအုပ်လေးကို ခပ်မြန်မြန်ပိတ်...၊ ပြီးတော့ စားပွဲပေါ်ရှိ ကျွန်တော့်စာအုပ်တချို့ပေါ်တွင် ဒီ အတိုင်းတင်ထားရစ်ခဲ့ကာ ကျောင်းမုန့်ဈေးတန်းဆီသို့ သူငယ်ချင်းများနှင့်အတူအပြေးအလွှားသွားလိုက်မိ တော့၏။ (ကျွန်တော်တို့ကျောင်းမှ မုန့်ဟင်းခါးဆိုင်မှာ နောက်ကျ ခြေထောက်.....သစ္စာဖောက်ပင်ဖြစ်၏။ နောက်ကျသွားလျှင် ငတ်ရတာများလှပါသည်။ နောက် ကျောင်းမှာနှစ်ချိန်ကျောင်းဖြစ်၍ မုန့်စားဆင်းချိန်မှာ မိနစ်သုံးဆယ်မျှသာရှိပါသည်။)

မုန့်စားကျောင်းပြန်တက်ကာနီးအချိန်မှကပ်၍ အတန်းထဲသို့ ကျွန်တော်ပြန်ဝင်ဖြစ်သည်။ တစ်တန်းဝင် တစ် တစ်တန်းထွက်ဖြင့် အခြားတန်းခွဲများရှိ သူငယ်ချင်းများနှင့် ဟေးလား...၀ါးလား...လုပ်နေခဲ့ခြင်းကြောင့် သာ ဖြစ်၏။ ကျွန်တော့်ခုံကိုပြန်ရောက်တော့ စောစောကထားခဲ့သော ‘အော်တို’ ..စာအုပ်လေးထဲတွင် ကဗျာရေး ပေးရန် ပြန်သတိရကာ ထားခဲ့သော စာအုပ်ပုံပေါ်ကိုကြည့်မိတော့ ထိုစာအုပ်ကလေးက ရှိမနေတော့။ ကျွန် တော့်စိတ်ထဲတွင် နောက်တစ်ယောက်ကိုများ ရေးခိုင်းဖို့ သူခဏပြန်ယူသွား တာများလား...ဟု စဉ်းစားနေမိ ဆဲခဏတွင်သူ့အချိန်ဖြစ်၍အတန်းထဲသို့ဝင်လာပြီဖြစ်သော ရူပဗေဒ ဆရာမကြောင့် ထိုအတွေးကို ခေါင်း ထဲမှ ခဏထုတ်ထားလိုက်ရသည်။ သို့သော်လည်း ကျွန်တော့်စိတ်ထဲ သိပ်ဘ၀င်မကျမိခဲ့....။

ရူပဗေဒအချိန်ပြီးတော့ နောက်ဆရာ မ၀င်သေးခင်... ထိုသူငယ်ချင်းကောင်မလေးရှိရာ ခုံကိုသွားပြီး ‘နင့် စာ အုပ်ကို နင်ပြန်ယူထားသေးလားဟုကျွန်တော်ခြေရာခံစွာ သွားမေးမိသည်။ ထိုအခါ ထို သူငယ်ချင်းကောင်မ လေးက အနည်းငယ်နီမြန်းနေခဲ့သော မျက်နှာ၊ စိုစွတ်နေခဲ့သောနီစပ်စပ်မျက်ဝန်း လေးများဖြင့်ကျွန်တော့်ကို စူးရဲစွာစိုက်ကြည့်ရင်း...

“သွား... နင်ငါ့ကို ဘာမှလာမမေးနဲ့...။ ငါ့စာအုပ်ထဲမှာလည်း နင်ဘာကဗျာမှ
ရေးပေးစရာမလိုတော့ဘူး...။ နင့်ကိုလည်း ငါသိပ်မုန်းတယ်...။ အလကား ငါ့
ကိုအရှက်ခွဲတဲ့ကောင်စုတ်...။ ဒီနေ့ကစပြီး နင်မြဲမြဲမှတ်ထားလိုက်...။ နင်နဲ့ ငါ့
ကြားမှာ ဘာသူငယ်ချင်းအကန့်မှ မရှိတော့ဘူး”.... ဟု မာကျောစွာ ကျွန်တော့်ကိုပြောလေတော့သည်။

ဘလိုင်းကြီးကောတာကိုခံလိုက်ရ၍ ရုတ်တရက်တော့ ကျွန်တော် အူကြောင်ကြောင်ဖြစ်မိသွား၏။ နောက် တော့နားလည်နိုင်စွမ်းကင်းမဲ့စွာ သူမကို ထပ်မေးရန်ဟန်ပြင်တော့ သူ့ဘေးတွင်ထိုင်နေသောတစ်ယောက် က ကျွန်တော့်ကို ...

“ဟဲ့..နင်သွားတော့...။ ဒီမှာလာပြီး ထပ်မေးမနေနဲ့တော့....။ အေး...နင်သိပ်
သိချင်နေတယ်ဆိုရင် နင့်သူငယ်ချင်း ‘ကျောက်ကျောရေပက်.... အစုပ်ပလုပ်
ကောင်’ “.....” ကိုသွားမေးကြည့်တော့”......ဟု ၀င်ဟောက်ပြန်ပါသည်။

ကြာလာရင် အရှက်ကွဲတော့မှာစိုး၍ သူတို့နားမှ ကျွန်တော်လှည့်ထွက်လာခဲ့လိုက်ရသည်။ နောက် သူတို့ ပြောလိုက်သော နာမည်ပိုင်ရှင် သူငယ်ချင်းကို သွားမေးတော့မှ အဖြစ်မှန်ကို ကျွန်တော်သိခဲ့ရပါတော့၏။ ဖြစ်ပုံက ဒီလိုပင်...။

မုန့်စားကျောင်းဆင်းခါနီး ကျွန်တော်‘အမှတ်တမဲ’့ထားခဲ့မိသော စာအုပ်ပုံပေါ်မှ ထိုသူငယ်ချင်းကောင်မလေး ရဲ့စာအုပ်ကို ကျွန်တော့်ထက်အရင် အတန်းသို့ပြန်ရောက်သွားသော ကျွန်တော့်သူငယ်ချင်း လောင်စိန်တစ် ကောင်က တွေ့သွားခဲ့သည်။ ထိုကောင်မှာ ကျွန်တော့်စာပွဲပေါ်မှ ထိုစာအုပ်ကလေးကို ယူပြီး ကျန်သောသူ ငယ်ချင်းများနှင့်အတူ အနည်းငယ်ကျယ်လောင်သောလေသံဖြင့် ပါးစပ်မှ အသံထွက်ပြီးဖတ်ကာ တစ်..ဟီး ဟီး...၊ တစ်ဟား... ဟား...လုပ်နေခဲ့ကြသည်ဆို၏။

ဒါကို မုန့်စားကျောင်းလွှတ်ချိန်တွင် ဆင်းမစားပဲ အိမ်မှပါလာသည့် မုန့်ဘူးလေးကိုဖွင့်စားနေခဲ့သော ထို စာ အုပ်ပိုင်ရှင် ကောင်မလေးနှင့် သူ့ဘော်ဒါများက မြင်နေ..၊ ကြားနေခဲ့ရသည်။ ပထမတော့ ရှက်၍ ဘာမှ မ ပြောခဲ့ပေမယ့် နောက်ပိုင်းကျတော့ (ရင်တွင်းဖြစ်ကဗျာများကို အသံထွက်ပြီးဖတ်နေခဲ့ကြတော့)သူငယ်ချင်း ကောင်မလေးခမြာ သည်းညည်းမခံနိုင်တော့ဘဲ...ထိုလောင်စိန်ကောင်များရဲ့လက်အတွင်းမှ သူ့စာအုပ်က လေးကို ဒေါသတစ်ကြီးဖြင့် လာရောက်ဆွဲယူသွားခဲ့လေတော့သည်။ နောက်ပြီး ကျွန်တော့်သူငယ်ချင်းများ ကိုလည်း “အရိုင်း အစိုင်းကောင်တွေ...၊ နင်တို့ကို ဆရာမနဲ့တိုင်ပြောမယ်”..ဟုလည်း ခြိမ်းခြောက်သွားခဲ့လေသေးသည်ဟု ကျွန်တော်ပြန်သိရတော့ စိတ်မကောင်း ခြင်းကြီး စွာဖြစ်မိရပါသည်။ (သို့သော်လည်း တစ်ကယ်တမ်းတွင် သူမက ဆရာမနှင့်သွားမတိုင်ခဲ့ပါ...။)

အမှန်တစ်ကယ်တော့ သူမသည် အလွန်သိမ်မွေ့ ရှက်ကြောက်တတ်သူလေးတစ်ဦးပင်ဖြစ်ပါသည်။ ကျွန် တော်နှင့်ခင်မင်၍သာ ကျွန်တော့်ကို အမှတ်တရ ကဗျာလေးရေးခိုင်းခဲ့ခြင်းသာဖြစ်၏။ သို့သော်လည်း သူမ ရဲ့ စာအုပ်လေးကို `အမှတ်တစ်မဲ့’ဖြင့် သေသေချာချာမသိမ်းဆည်းခဲ့ပဲ ခုံပေါ်တွင် ဒီအတိုင်း(ပစ္စလတ်ခတ်) နိုင်လှစွာ ထားပစ်ခဲ့သော ကျွန်တော့်ကြောင့် သူမခမြာ အရှက်ကွဲသလိုဖြစ်ခဲ့ရပါသည်။ ဒီကိစ္စအတွက်ကျွန် တော့်မှာ မပြေးသော်လည်းကန်ရာရှိ ဆိုသလိုအခြေအနေမျိုးသို့ အလိုလိုနေရင်းရောက်သွားခဲ့ရလေတော့ ၏။ ထို့အတွက် ကျွန်တော်သူမကို ပြေရာပြေကြောင်းတောင်းပန်ချင်တာတောင်မှ အခွင့်မရခဲ့တော့ပါ။

ဘာကြောင့်လည်းဆိုတော့ ထိုအဖြစ်အပျက်များအပြီးတွင် တစ်ပတ်နှစ်ပတ်ခန့်သာ သူမ ကျောင်းတက်ခဲ့ တာကြောင့်ပဲဖြစ်၏။ ထိုရက်ပိုင်းအတောအတွင်းတွင်လည်း သူမက ကျွန်တော့်ကိုမြင်လျှင် ခါးခါးသီးသီး စူးစိုက်ကြည့်တတ်ကာ ချာခနဲ, ချာခနဲ မျက်နှာလွှဲလွှဲသွားတတ်တာကြောင့်ပင်...။ များသော အားဖြင့်လည်း ကျွန်တော်ရှိသောရပ်ဝန်းကို သူရှောင်ရှားစွာနေတတ်ပါသည်။ (နောက်ပိုင်း သူ့သူငယ်ချင်းတွေ ပြန်ပြောပြတဲ့ စကားများအရ ကျွန်တော့်ကို တစ်သက်လုံးမုန်းသွားမည်..။ ကျွန်တော့်ကြောင့် သူမ၏ဘ၀တွင် ပထမဦးဆုံး အကြိမ် လူများအကြားတွင် အရှက်ကွဲခဲ့ရတာကိုလည်း သူ့တစ်သက်လုံး ဘယ်တော့မှ မမေ့နိုင်တော့ပါ ဟု သိခဲ့ရပါသည်။)

ထိုကဲ့သို့ဖြင့် တစ်ပတ်၊ နှစ်ပတ်မျှသာ သူမ ကျောင်းဆက်တက်ပြီး နောက်ပိုင်းတွင် ကျွန်တော်တို့၏ အတန်း တင်စာမေးပွဲကြီးနီးကပ်လာပြီဖြစ်၍ သူမကျောင်းသို့မလာတော့ပဲအိမ်တွင်သာစာကျက်ရန် စာမေး ပွဲဖြေသည့် အထိ ခွင့်ရက်ရှည် ယူသွားခဲ့ပါတော့သည်။ (ထိုအချိန်မှာ လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်ကဖြစ်ပြီး အခုအချိန် ဒီ စာကို ကျွန်တော်ရေးနေသည့် လက်ရှိအချိန်အထိသူမနှင့်ကျွန်တော် တစ်ခေါက်တောင်မှ ထပ်မံမတွေ့ဆုံဖြစ် ခဲ့တော့ပါ...။)

အဲ့ဒီလိုနည်းမျိုးဖြင့် ကျွန်တော်သည်အတက်တန်းကျောင်းသားဘ၀က‘အမှတ်တမဲ့လုပ်ရပ်’လေးတစ်ခု ကြောင့် ကျွန်တော့်ကို ဖြူစင်စွာခင်မင်ခဲ့သော သူငယ်ချင်းကောင်မလေးတစ်ယောက်ကို ဆုံးရှုံးသွားခဲ့ရရုံ မျှမကသေး သူမကိုလည်း လူပုံအလယ်တွင် အရှက်တစ်ကွဲ အကျိုးနည်းပုံစံမျိုးနှင့် တွေ့ကြုံစေ ခဲ့မိသေးကြောင်းကိုလည်း အခုအချိန်တွင် တစ်ခါတစ်ရံ ‘အမှတ်တရ’အဖြစ် သတိတရ ရှိနေ တတ်ခဲ့ ပါသေးတော့သည်။ ။

============================================
ကျန်တာတွေကိုလည်း နောက်မှဆက်ရေးပါဦးမယ်ခင်ဗျာ....။ ။
============================================

ချစ်ခြင်းအားဖြင့် .....

ဏီလင်းညို....

1 comment:

ကျွန်တော် said...

အင်း ကိုဏီလင်းညိုကြီး ၁၅ နှစ်ကြာတာတောင် မမေ့သေးဘူးဆိုတော့ ဧကန္တ တော့ ဧကန္တ ဘဲ..