ထိုနေ့က ၂၃ရက်နေ့ညနေပိုင်းဖြစ်ပါသည်။
~~~~~@@@~~~~~
မြန်မာပြည်ပြန်ရောက်ပြီးကတည်းက သူဇိမ်ကျကျနေမိသည်။ တစ်နေ့တစ်နေ့ စာအုပ်လေးဖတ်လိုက်၊ အိမ်ပေါ်မှဆင်းပြီး စားချင်သောအရာများလိုက်ဝယ်စားလိုက်၊ ချောင်ကျကျလမ်းဘေးလက်ဖက်ရည်ဆိုင် လေးများတွင် တစ်ယောက်တည်းသွားထိုင်ရင်း ဟိုငေးဒီငေး၊ ဟိုဒီတွေးလုပ်နေလိုက်၊ ရံဖန်ရံခါတွင်မူ အင် တာနက်ဆိုင်များသို့သွားကာ မေးလ်ကိုဇောချွေးအထပ်ထပ်ပြန်အောင် ဖွင့်ကြည့်လိုက်၊ ကိုယ့်ဘလော့ဂ်ဖြစ် သော ဏီလင်းညို ဒေါ့ကွမ်းကို ဖွင့်ကြည့်လိုက်၊ နေ့လယ်နေ့ခင်း အိမ်တွင်တစ်ရေးတစ်မောအိပ်လိုက် စသဖြင့်။
အိမ်မှနုတ်ဘွတ် (ခ်)အစုတ်လေးထဲတွင်
စာအချို့ရေးဖြစ်သော်လည်း တင်ဖို့ခက်ခဲတာမို့ဘလော့ဂ်ပေါ်တင်ဖို့ စိတ်သိပ်မပါလှ။
ဒီကြားထဲ ပြည်ပမှ ပြန်လာသော သူငယ်ချင်းတစ်ယောက် စပွန်ဆာလုပ်၍ ကျိုက်ထီးရိုးကို
နှစ်ညအိပ် သုံးရက်ခရီးသွားလိုက်သေးသည်။
ထိုညနေခင်းတွင်
စာဖတ်ရင်းညနေသုံးနာရီလောက်တွင် သူမှေးခနဲအိပ်ပျော်သွားသည်။ သူပြန်နိုးသောအချိန်သည် ညနေလေးနာရီခွဲပြီးခဲ့ပြီ။ သူအိပ်နေမိသောအခန်းလေးသည်
သူတို့အိမ်မှဧည့်ခန်းနှင့်နီးကပ်သည်။ ထို့ ကြောင့် ဧည့်ခန်းဆီမှအသံများကို နားမစွင့်လျှင်လည်း
အတိုင်းသားကြားနေနိုင်၏။ ဧည့်ခန်းတွင်လူစုံနေပုံရပါသည်။ အခြားကြောင့်တော့မဟုတ်၊
ဧည့်ခန်းတွင် သူ့အမေနှင့်အစ်မဖြစ်သူနှစ်ယောက်သာရှိနေတာမှန်ပေမယ့်
အမျိုးသမီးအသံအချို့ကိုပါကြားနေမိတာမို့ဖြစ်သည်။ ဧကန္တ အစ်မဖြစ်သူအပျိုဟိုင်းကြီး၏ဘော်ဒါများပင် ဖြစ်နိုင်၏။ သူ့ဖေဖေနှင့်အစ်ကိုဖြစ်သူကတော့ အိမ်တွင်မရှိကြပါ။
တီဗွီမှအကယ်ဒမီပေးပွဲအစီအစဉ်သံများက သူ့နားထဲသို့စကားသံများနှင့်အတူ
ရောနှောစီးမျောလာခဲ့လေသည်။
ထို့ကြောင့်
အခန်းထဲမှသူမထွက်ဖြစ်တော့။ အိမ်ကိုဧည့်သည်လာခဲ့လျှင်
များသောအားဖြင့်ထွက်မတွေ့ချင်မိ သော သူ့အကျင့်ကိုမကောင်းဟု အိမ်ရှိလူကုန်က
ခဏခဏဝေဖန်ကြပေမယ့် သူကတော့ခေါင်းမာနေမိဆဲ။
“ဟယ်....အဲ့မိန်းမကလည်းလွန်လိုက်တာဟယ်...။
ဖော်ထားလိုက်တာရင်ဘတ်ကြီးကို”....
“အကယ်ဒမီပေးပွဲများ
ဘာမှတ်နေသလဲမသိဘူး”....
“ဒီလိုပွဲမျိုးဆို....ဒါမျိုးတွေဝတ်ဖို့ပဲ
သူတို့ချောင်းနေကြသလားမသိဘူးနော်....ဟိဟိ”.....
“ဟုတ်ပဟယ်.....မုန်းစရာကြီး”....
“ဟိုဟာ နေတိုးမှတ်လား....၊
ချောင်ထဲကနေထွက်လာတာ”....
“နန္ဒာလှိုင်ကို မတွေ့ဘူး....၊
မလာဘူးလားမသိဘူးနော်”....
“အောင်မယ်....ဒီတစ်ခါ သူက
လုံလုံခြုံခြုံလေးပါလားဟဲ့”....
“ပြည်စိုးအောင်ဆိုတာ....အဲ့လူလေ...၊
သူ့မိန်းမက...ဟိဟိ”....
စကားအဆုံးမှာ ဘာကို
ဟိဟိမှန်းမသိ။
စိတ်ဝင်စားစရာ စကားများမို့
သူနားစွင့်နေမိလိုက်သည်။ ဧည့်ခန်းမှအသံများက အကယ်ဒမီပေးပွဲကိုကြည့်
ရင်းမှန်မှန်ထွက်ပေါ်လာနေတာမို့ဖြစ်၏။ ထွက်ကြည့်ဖို့တော့ စိတ်မပါလှပါ။
မှန်တာပြောရလျှင် ခုနောက်ပိုင်း တက်သစ်စမင်းသားမင်းသမီးများပင် သူသိပ်မသိတော့။
နောက်ပြီး နှစ်သက်လွန်းသောမင်းသား၊ မင်းသမီး ဆိုပြီး သူ့ထံတွင်ဘယ်တုန်းကမှ
မရှိခဲ့...။
“ဘာပဲပြောပြော.....စိတ်ချရအောင်
ရဲမျက်မှန်တွင် လုပ်သည်......ရွှီးးးးး”......
“ဟဲ့....နင်ကချောင်းဆိုးနေပါလား....“....”
ဆိုင်က ချောင်းဆိုးပျောက်ဆေး သုံးရာဖိုးလောက်ဝယ်သောက်
လိုက်သိလား.....သက်သာသွားမယ်”.....
“ကလေးရော လူကြီးရော သောက်လို့ရသလားဟဲ့”....
ထုံးစံအတိုင်း
အစီအစဉ်ကြားထဲတွင်ကြေငြာဝင်ချိန်မို့ အခြားအကြောင်းပြောနေကြသံကြားရပြန်သည်။
သူပြုံးမိပြန်သည်။ လုပ်ငန်းရှင်များသာမြင်လျှင်
ငွေအကုန်ကျခံကာကြေငြာချိန်များတွင် လူတွေထိုသို့လုပ်တာကို ငို
တောင်ငိုနိုင်သည်ထင်မိတာမို့ဖြစ်၏။
“အခုဆက်လက်ပြီး သီဆိုဖျော်ဖြေမယ့်သူကတော့
သရုပ်ဆောင် ၀ါဆိုမိုးဦးပဲဖြစ်ပါတယ်ရှန်”....
ကြော်ငြာတစ်ခန်းရပ်သွားတော့
ပွဲစဉ်အတွင်းမှ အစီအစဉ်ကြေငြာသူရဲ့အသံက ထွက်ပေါ်လာပြန်သည်။ ထို
နာမည်ကိုကြားလိုက်ရသောအခါ သူ့စိတ်ထဲတမျိုးကြီးဖြစ်သွားပြန်သည်။ သရုပ်ဆောင်နာမည်က
ဝါဆိုမိုးဦး ဆိုတော့ နောက်ဆို “တပေါင်းနွေဦး”၊ “ပြာသိုဆောင်းလလယ်”....စသဖြင့်
အနုပညာရှင်များပေါ်ထွက်လာဖို့ ရှိနိုင်သည်ဟု တွေးမိရင်း
တစ်ယောက်တည်းကျိတ်ရယ်မိပြန်၏။ ထိုသရုပ်ဆောင်မလေးအား သူမမြင်ဖူးပါ။ မညာတမ်းပြောရလျှင် သူ့ကိုခေတ်နောက်ကျနေပြီဟု ဆိုနိုင်သည်။
အစီအစဉ်ထဲတွင် ထိုကဲ့သို့ သီဆိုဖျော်ဖြေတင်ဆက်သူများ၏အသံများကို
သူ့နားထဲတွင်ကြားနေရသည်။ သူ ကြားရသလောက်ကတော့ တစ်ယောက်မှမစွန်လှ၊ သီချင်းကို
လူတိုင်းနီးပါးဆိုတတ်ကြတာမှန်မည်ထင်ပါ၏။ သို့သော် ဌာန်ကရိုဏ်းကျကျ၊ နရီစည်းဝါးကျကျမဆိုလျှင်
သူအရမ်းကိုစိတ်ပျက်တတ်တာမို့ပင်ဖြစ်သည်။
“ဟယ်......ဟိုမင်းသမီးကို
ကြည့်စမ်း....သူ့ယောက်ျားလက်ကိုချိတ်ထားတာ....ယောက်ျားမမြင်ဖူးဘူးလားမသိဘူး”.....
“အေးဟယ်....ဟုတ်ပ....အဲ့ဒါ
အိန်သရာကျော်ဇင် မို့လား...ဟွန်းးးး”
(သူတို့ပြောသော
လေသံအတိုင်းရေးခြင်း ဖြစ်၏။)
“ယူကာစ,ကိုးဟဲ့... နင်တို့ကလဲ”
“ရတနာခင်လေးက လှလိုက်တာ”......
“ဆုရွန်းလဲ့လေးရောပဲ”....
“အေးနော်”.....
“ခိုင်သင်းကြည်လည်း
အကယ်ဒမီရစေချင်တယ်.....သူကြာလှပြီနော်”....
“ဟုတ်ပါ့တော်”........
ထိုစဉ် အသံအားလုံး ခဏတိတ်သွား၏။
“မီးပြတ်သွားပြီ”....
သူ့အမေဖြစ်သူအသံကိုကြားလိုက်ရသည်။
အသံက တစ်ခုခုကိုလုပ်စေချင်သံပေါက်နေ၏။ ထိုအခါ ခြေသံတ ရှပ်ရှပ်ကိုကြားရသည်။
သူ့အစ်မဖြစ်သူက အင်ဗာတာကိုအမေ့စိတ်တိုင်းကျသွားဖွင့်လိုက်တာထင်သည်။ သိပ် မကြာခင်
အစီအစဉ်မှအသံများကို ပြန်ကြားရပြန်လေ၏။ သူတို့တစ်သိုက်လုံး အကယ်ဒမီအစီအစဉ်ကို အင်
ဗာတာအားသုံးပြီး တစ်ခဲနက် ဆက်လက်အားပေးကြပြန်လေ၏။
“ဟယ်.....ဟိုဟာ.....နန်းဆုရတီစိုးမဟုတ်လား....။
ကြည့်စမ်း စင်ပေါ်တက်သီချင်းဆိုနေပြန်ပြီ.....ဟင်းးးး”
“ဟုတ်ပဟယ်.....သူက ပါလေရာငါးပိချက်”.....
“အေးလေ...
နှာခေါင်းပြင်ပြီးကတည်းက ထောင်ထောင် ထောင်ထောင်နဲ့”
“ထက်ထက်မိုးဦးလည်းမတွေ့ဘူးနော်”....
“လာမှာပေါ့ ဟယ်”....
“ဟိုမှာ မိုးဟေကို မှတ်လား”......
“မဟုတ်ဘူး”.....
“ဟုတ်တယ်”....
“ဟိဟိ......ငါက
တခြားတစ်ယောက်ထင်နေတာ....ဟုတ်တယ်...မိုးဟေကိုပဲ၊ အခြောက်ကြီးနဲ့တူတယ်နော်”
“ဟဲ့.....နင်တို့
ဝိုင်းစုခိုင်သိန်းအကြောင်းကြားပြီးပလား”.......
“ကြားပြီးပြီ.....ထင်တောင်မထင်ဘူးနော်.....ဖုန်းထဲကအသံက”....
“ဟုတ်ပဟယ်”....
သို့သော် ဆက်မပြောကြ။
“သူတို့ကလည်း အင်္ကျီဝတ်ထားတာတွေက......ဖော်နေကြတာပဲကွယ်”......
မေမေ့အသံက
စိတ်ပျက်နေသည့်အသံ.....။
သူပြုံးလိုက်မိသည်။ နောက် သတိရလာမိသည်။ ဒီညနေ သူငယ်ချင်းတစ်ယောက်နှင့် အိမ်အနီးရှိလက်ဖက်ရည်ဆိုင်တွင် ချိန်းထားတာကိုဖြစ်၏။
ထို့ကြောင့် အခန်းထဲမှ ထွက်ကာ ရေချိုးခန်းဝင်ပြီး မျက်နှာသစ်လိုက်သည်။
သူအခန်းအပြင်ထွက်လိုက်တော့ ဧည့်ခန်းမှအသံများက ရုတ်တရက် တိတ်ဆိတ်သွားကြသလိုရှိသည်။
မျက်နှာသစ်ပြီး အ၀တ်လဲကာပိုက်ဆံအိတ်ကိုယူရင်း အိမ်ပေါ် မှ အောက်သို့ဆင်းခဲ့သည်။
အိမ်ပေါ်မှမဆင်းခင် ဖိနပ်စီးရင်း တီဗွီကိုလှမ်းငေးမိလိုက်သည်။ ဘာရယ်မဟုတ်ပဲ
နှင့်သာဖြစ်၏။ သူ့မြင်ကွင်းထဲတွင်တော့ အနုပညာရှင်များနှင့်ပရိတ်သတ်များ
ပျားပန်းခတ်နေကြတာကိုမြင် လိုက်ရသည်။ စိတ်ထဲတွင်ထိုင်ကြည့်ချင်စိတ်မဖြစ်မိတာတော့
သေချာလှသည်။ တံခါးပိတ်ကာ အိမ်အောက် သို့ သူဆင်းခဲ့လိုက်သည်။
လမ်းမပေါ်ကိုရောက်ခဲ့တော့
ကိုယ့်အလုပ် ကိုယ်လုပ်နေကြသော လူများဖြင့် စည်ကားနေတာကိုတွေ့လိုက် ရသည်။ ဆိုက်ကားဆရာတစ်ဦးက
ခရီးသည်တင်ပြီး အားသွန်ခွန်စိုက်နင်းနေခဲ့၏။ ဘတ်(စ်)ကားထဲတွင်လူ
တွေအပြည့်သိပ်စီးနင်းလိုက်ပါနေခဲ့ကြသည်။ တက္ကစီကားလေးများ၊ ကိုယ်ပိုင်ကားလေးများက
လမ်းမပေါ်မှာ လိမ့်နေကြသည်။ ထိုအထဲတွင် သောက်ရေသန့်ဘူးဖြူဖြူကြီးများကိုလက်တွန်းလှည်းထဲထည့်ကာ
တွန်းသွား သော ချာတိတ်တစ်ယောက်ကို တွေ့လိုက်ရသေးသည်။ ဟိုဘက်ပလက်ဖောင်းရှိ
အကြော်ဆိုင်မှမီးခိုးငွေ့များ ကတော့ လေထဲတွင် တလူလူလွင့်ပျံတက်နေခဲ့လေ၏။
လူငယ်လေးသုံးယောက်က သူ့ဘေးမှပျော်ရွှင်စွာစ ကားပြောနောက်ပြောင်ရင်း ဖြတ်သန်းသွားကြသည်။
သူ့အတွက်တော့
ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောမြင်ကွင်းမို့ ချိန်းထားသောလက်ဖက်ရည်ဆိုင်လေးဆီသို့
ခပ်ဖြည်းဖြည်းလှမ်းသွားမိရင်း မျက်လုံးများက စိတ်ဝင်စားစွာလိုက်ကြည့်နေမိလိုက်၏။
တီဗွီထဲတွင်တော့
အကယ်ဒမီပေးပွဲသည် ခြိမ့်ခြိမ့်သည်းသည်းရှိနေခဲ့ဦးမှာသေချာလှပါသည်။ အိမ်မှလူများက
အစီအစဉ်ပြီးသည့်အထိကြည့်ကြမလားတော့မပြောတတ်။ ထို့ကြောင့် ဒီည
သူအိမ်ပြန်ချိန်နောက်ကျနိုင်မည် ထင်ရပါသည်။
ထိုနေ့သည်
၂၃ရက်နေ့ညနေခင်းဖြစ်၏။ ။
~~~~~@@@~~~~~
========================================================================
တကယ့်အဖြစ်ပျက်လေးပါ....။
မြန်မာပြည်ကို ပြန်ရောက်ကာစ, ၂၀၁၁ ဇန်န၀ါရီလတုန်းက ရေးဖြစ်ခဲ့ပြီး ဘလော့ဂ်ပေါ်မတင်ဖြစ်ပဲ အမှတ်တမဲ့ သိမ်းထားမိခဲ့တဲ့ (မောင်နှမတွေ မဖတ်ဖူးသေးတဲ့) ပို့စ်လေးတစ်ပုဒ်ပါ။ အခုချိန်နဲ့ဆို အပ်ပ်ဒိတ် ဖြစ်ချင်မှ ဖြစ်ပါတော့မယ်။
ကြားမိသမျှကို
ရယ်ချင်စိတ်တစ်ဝက်နဲ့ ရေးမိလိုက်ခြင်းပါခင်ဗျာ......။
အဲ့ဒီနှစ်က အကယ်ဒမီဘယ်သူတွေရသွားလဲဆိုတာ
မှတ်လည်းမမှတ်မိသလို သိလည်း မသိခဲ့တာမို့ ထည့်မ ရေးတော့ပါဘူး....။
ကိုယ်တိုင်လည်း
မကြည့်ဖြစ်ခဲ့တာအမှန်မို့လို့ပါပဲ....။
=======================================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
(အကယ်ဒမီသံစဉ်လှိုင်း)
15 comments:
အိမ်ပေါ်မှမဆင်းခင် ဖိနပ်စီးရင်း တီဗွီကိုလှမ်းငေးမိလိုက်သည်။ ဘာရယ်မဟုတ်ပဲ နှင့်သာဖြစ်၏။ :)))
ဒါမျိုးစာတွေ များများဖတ်ချင်ပါသေးသည်။
ဏီဏီတခါတခါမှထရေးပြီးတင်တဲ့ပို့်စ်တွှေ တကယ့်အဖျြစ်ပျက်ပို့စ်လေးတွေကြိုက်တယ်..
တီတင့်လည်းနှစ်သက်သဘောကျတဲ့ မင်းသားမင်းသမီးရယ်လို့ ပဂ္ဂိုလ်စွဲမရှိခဲ့သလို ဒီကနေ့အထိ အကယ်ဒမီပေးပွဲတွေကို မက်မက်မောမော တစ်ခါမှ မကြည့်ခဲ့ဖူးဘူးး)
ဏီလင်းညိုရဲ့ အနာဂါတ်မှာ ဖြစ်ဖွယ်ရာရှိတဲ့ ကြိုတင်ပေးအမည်လေးတွေ သဘောကျပါ့ 'တပေါင်းနွေဦး' 'ပြာသိုဆောင်းလလယ်' :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သဘောတကျစိတ်နဲ့ ဖတ်သွားတယ်
update မဖြစ်ဘူးရယ်တော့ မဟုတ်ဘူး..ဖြစ်နေတယ်..အခုထိ
အကယ်ဒမီကို သူသူလည်း ကြည့်ဖူးဘူး.. ။
ဓာတ်တူ နံတူတွေထင်ပါတယ်လေ ဘလော့ဂ်ဂါမောင်နှစ်မတွေက
ပို့စ်လေးကို ခပ်ပြုံးပြုံးဖတ်သွားတယ်။
ဖတ်ချင်သေးတယ်ရှင့် :)။
ကိုဏီ ကိုဏီ....ရက်လွန်ဖြစ်နေတဲ့ အိတ်စ်ပိုင်ယာရီပိုစ့်တွေ တင်နေတယ်ပေါ့လေ...။ ဒါပေမဲ့ မတင်ရသေးတော့လည်း အသစ်ပေါ့ နော်။ ဖတ်လို့ကောင်းပါတယ် ကိုဏီရေ....း)
ရယ်ရွှင်ပြုံးတုံ့ ဖြစ်ရပါတယ် ကိုဏီ။ ဒါပေမယ့်နော်...ကိုဏီက တကယ့်အဖြစ်ကို အရင်းအတိုင်းရေးတာတော့ ရိုက်ကွင်းကျယ်ကြီး ဟီး..ဟီး..။ ( အနော့် ၀ါဆိုမိုးဦးလေးက ခုမှ ဟော့တ် ဖြစ်စရှိသေးတာ။ ကိုဏီက ထိခလုပ်လေး လုပ်စရာလား ဟွန်းး))
အကယ်ဒမီ သတင်းစုံကို ဖတ်လိုက်ရတယ်။ ဘယ်နှစ်ဖြစ်ဖြစ်ပေါ့။ လရိပ်အတွက်ကတော့ သစ်လွင်ဆဲဘဲ။
ခင်မင်စွာဖြင့်
လရိပ်အိမ်
ဖတ်လို့ကောင်းတယ် ကိုဏီး
ကိုဏီးရေးထားတာ ရီနေရတယ်
“တပေါင်းနွေဦး” ၊ “ပြာသိုဆောင်းလလယ်" တဲ့....ခွိခွိ
“ နှာခေါင်းပြင်ပြီးကတည်းက ထောင်ထောင် ထောင်ထောင်နဲ့” ဆိုတာ မနည်းစဉ်းစားရတယ်
ဘာကိုထောင်နေတာပါလိမ့်လို့
နောက်တော့မှ အော်နှာခေါင်းကိုဘဲ ပြောတာထင်ပါရဲ့လို့ တွေးလိုက်ရတယ်း)))
ပြောတဲ့သူတွေကလည်း ပြောတတ်ပါ့
အဲဒါကိုရေးတဲ့သူကလည်း ရေးတတ်ပါ့...
ဂယ်ဘဲ ဂယ်ဘဲ :P
ကိုဏီကမှ အရင်ရေးထားတဲ့ ပို့စ် လေးနဲ့ ဆားချက်နိုင်သေး။ မတွေ့တာကြာပြီ။
ဒါပေမယ့် ဘာပဲပြောပြော ဖတ်လို့တော့ ကောင်းတာပဲ
အကိုရာ
အဲလိုအကယ်ဒမီပွဲမျိုးကို
ကြည့်ခွင့်မရတာဘဲညီမအတွက်နှစ်တွေက
လက်တဘက်စာရှိနေပြီအကိုရေ
ပို့ စ်အဟောင်းပေမယ့် လက်ရှိအဖြစ်အပျက်ကို ထင်ဟပ်နေတာပဲ..
စစချင်းပါပဲ မနာလိုတဲ့စိတ်လေးနဲနဲဖြစ်မိတယ်
ဘာကြောင့်လဲဆိုတော့
(မြန်မာပြည်ပြန်ရောက်ပြီးကတည်းက သူဇိမ်ကျကျနေမိသည်။ တစ်နေ့တစ်နေ့ စာအုပ်လေးဖတ်လိုက်၊ အိမ်ပေါ်မှဆင်းပြီး စားချင်သောအရာများလိုက်ဝယ်စားလိုက်၊ ချောင်ကျကျလမ်းဘေးလက်ဖက်ရည်ဆိုင် လေးများတွင် တစ်ယောက်တည်းသွားထိုင်ရင်း ဟိုငေးဒီငေး၊ ဟိုဒီတွေးလုပ်နေလိုက်၊ ရံဖန်ရံခါတွင်မူ အင် တာနက်ဆိုင်များသို့သွားကာ မေးလ်ကိုဇောချွေးအထပ်ထပ်ပြန်အောင် ဖွင့်ကြည့်လိုက်၊ ကိုယ့်ဘလော့ဂ်ဖြစ် သော ဏီလင်းညို ဒေါ့ကွမ်းကို ဖွင့်ကြည့်လိုက်၊ နေ့လယ်နေ့ခင်း အိမ်တွင်တစ်ရေးတစ်မောအိပ်လိုက် စသဖြင့်)
လူတိုင်းမရနိုင်တဲ့ ငြိမ်းချမ်းမှု စစ်စစ်တွေတယောက်ခံစားနေလို့လေ
ဖဘ ကနေ ဟင်းမျိုးစုံနဲ့လာရောက်နှိပ်စက်ပါမည် စောင့်နေပါ
တခါဖူးမှ အကယ်ဒမီဆိုတာကိုသေချာမကြည့်ခဲ့ရဘူး
ဒါကြောင့်မို့ အကယ်ဒမီသံစဉ်လှိုင်းကိုရင်လှိုင်းခပ်သံအပြည့်နဲ့
လာရောက်ဖတ်ရင်း
စဖတ်ပြီးပီးချင်း နဲနဲလေး ခရီးရောက်လာကတည်းက ပြုံးနေရာကနေ ရီပါ ရီမိခဲ့ပါတယ် .. အားပေးခဲ့တယ်နော် :)
ဝါဆိုမိုးဦး ဖြစ်ပါတယ်ရှန် လေးကို အရမ်းသဘောကျခဲ့တယ် :) :) :)
အားပေးပါတယ်ကိုဏီ
Post a Comment