Friday, February 28, 2014

စိတ်ကူးနဲ့ လက်တွေ့ဆိုတာ...


ဝပေးအခြေအနေအရ၊ ရေကြည်ရာ မြက်နုရာဆိုသလို အရှေ့တောင်အာရှနယ်နိမိတ်အတွင်းရှိ ပြည်ပနိုင်ငံငယ်လေး တစ်ခုတွင် နှစ်တွေအကြာကြီး ကျွန်တော်အလုပ်လုပ်ခဲ့ရသည်။ ကြိုးစားရှင်သန် ရပ်တည်ခဲ့ရသည်။ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ရသည်။

နေရတာက ခြောက်ထပ်မြင့်သည့် အဆောက်အဦးကြီးတစ်ခု၏ နှစ်လွှာမြောက် တိုက်ခန်းတစ်ခန်း အတွင်းမှာ။ ထိုတိုက်ခန်းေ လးထဲတွင် အိပ်ခန်းသုံးခန်း၊ ရေချိုးခန်းနှစ်ခန်း၊ မီးဖိုတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်း ပါ၏။ နေရတာက စုစုပေါင်း (မြန်မာလူမျိုး ချည်း) ကိုးဦး။ ပြောရမည်ဆိုလျှင်တော့ အိပ်ခန်းတစ်ခန်းတွင် လူသုံးဦးနေရ၏။

အလုပ်က လျှပ်စစ်ပစ္စည်းများထုတ်လုပ်သော စက်ရုံတစ်ရုံတွင်ဖြစ်၏။ အလုပ်ချိန်က မနက်ဆိုင်းဆိုလျှင် မနက် ၈နာရီမှ၊ ည၈ နာရီအထိ။ ညဆိုင်းဆိုလျှင် ည၈နာရီမှ မနက် ၈နာရီအထိ။ တစ်နေ့ကို ဆယ့်နှစ် နာရီတိတိ။

လူကသာ ပြည်ပနိုင်ငံမှလူမျိုးခြားများကြားတွင် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်မှုလုပ်သားအဖြစ် အလုပ်နေရသော်လည်း ကျွန်ေ တာ့်ဝါသနာက တခြား။ အခုလိုမျိုး မတောက်တခေါက် စာတိုပေစ,လေးများ ရေးသားခြင်း၊ စာအုပ်များဖတ်ခြင်း၊ သီချင်း များနားထောင်ခြင်း၊ ဟိုခေါက် ဒီခေါက် ဂစ်တာတီးခြင်းနှင့် နား အေးပါးအေးနေလိုခြင်း တို့ပင်ဖြစ်၏။

ထိုအထဲတွင် အပြင်းထန်ဆုံးသောဝါသနာက စာဖတ်ခြင်းပင်။ နေ့တိုင်း စာဖတ်ဖြစ်သည်။ မဖတ်ရလျှင် မနေနိုင်ပါ။ ဖတ်စရာ မရှိလျှင် အဟောင်းများပြန်ဖတ်သည်။ ကိုယ်ရေးထားသော စာများအားပြန် ဖတ်သည်။ ဂစ်တာတီးခြင်း၊ သီချင်းနားထောင်ခြင်းနှ င့် စာရေးခြင်းစသည့် ကျန်သောဝါသနာများအား မလုပ်မိသောနေ့ရှိချင်ရှိမည်။ စာဖတ်ခြင်းက အမြဲပင် စဉ်ဆက်မပြတ်။

သို့သော်လည်း ကျွန်တော့်မှာ အေးအေးဆေးဆေးဖြင့် စာဖတ်ရသော အချိန်က ရှားပါးလွန်းလှသည်။ များသောအားဖြင့် ကျွန်ေ တ်ာစာဖတ်ရသည့်နေရာက အိမ်မှာဖြစ်၏။ ကျွန်တော်နေသောအိမ်တွင် စာစောကပြောခဲ့သလို နေသူကိုးဦးရှိသည်။ ကျွန်တော့် အိပ်ခန်းအတွင်းမှာလည်း အခြားအခန်းဖော်နှစ်ဦးရှိ သေးသည်။ ထို့ကြောင့် အိပ်ခန်းအတွင်း ကျွန်တော်စာဖတ်နေချိန်တွင် သူ တို့က ၀င်လိုက်ထွက်လိုက်၊ ကျွန် တော့်ကိုလာပြီး စကားပြောလိုက်နှင့်မို့ အာရုံပျက်စီးရသည်။ ဧည့်ခန်းမှာကျတော့လည်း ရုပ် ရှင်ကြည့်သူ၊ တစ်ခါတစ်လေ ကာရာအိုကေဆိုသူများနှင့်မို့ ကျွန်တော့်မှာ နားအေးပါးအေး စာသိပ်မဖတ်ခဲ့ရပါ။ ထို့ကြောင့် တစ်ခါ တစ်ရံအချိန်များတွင် ပြတင်းဝဆီမှမျှော်ကြည့်လျှင်မြင်ရသော သစ်ပင်များကိုကြည့်ကာ ကျွန်တော်စိတ်ကူးယဉ်မိတတ်သည်။

အခြားတော့မဟုတ်...။ အရိပ်ကောင်းသော သစ်ပင်တစ်ပင်အောက်တွင် အေးအေးဆေးဆေး တစ် ယောက်တည်းစာဖတ်နိုင်ဖို့ပ င်ဖြစ်သည်။ အချိန်ကြာလာခဲ့သည်နှင့်အမျှ ကျွန်တော့်ရဲ့စိတ်ကူးကို ကိုယ်တိုင် ပြန်ပြီး တပ်မက်လာခဲ့ရတော့သည်။ သို့သော် ဒီနိုင်ငံအတွင်း ကျွန်တော်အလုပ်လုပ်နေရသရွေ့တော့ ထိုစိတ်ကူးက ဖြစ်လာနိုင်မှာမဟုတ်လာခဲ့သေးဟု... သတိရှိရှိပြန်တွေး မိပြန်သည်။ အလုပ်နှင့်အိမ်၊ အိမ်နှင့်အလုပ်၊ အိမ်ပြန်ရောက်ခဲ့တော့လည်း အခန်းဖော်များနှင့်မို့သာ ဖြစ်ပါသည်။

သို့ပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ ကျွန်တော့်စိတ်ကူးကို အကောင်အထည်ဖော်ဖြစ်အောင် ဖော်ရမည်ဟု... စိတ်ထဲ တွင် ကျိတ်ကာ တေးထားမိခဲ့ပါသည်။

~~~@~~~

ကျန်းမာရေးအနည်းငယ်ချွတ်ယွင်းသွား၍ ပြည်ပတွင်အလုပ်ဆက်လုပ်ဖို့ ခဲယဉ်းသွားသော အခါတွင် အမိမြေသို့ ကျွန်တော်အပြီးပြန်လာခဲ့တော့၏။ ပြန်ရောက်ကာစမို့ အရာရာကို လွမ်းဆွတ်တမ်းတစွာ တစ်ဝကြီးကျွန်တော်ခံစားမိသည်။ အစားအသောက်မှ အစ၊ မမြင်တွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းများ၊ ဆွေမျိုးများနှင့်တွေ့ဆုံခြင်းက အလယ်၊ မရောက်ဖူးသေးသည့်နေရာများအား အလည်သွားသည်က အဆုံး နှင့် ကျွန်တော့်မှာ အတော့်ကို မိုးမမြင်လေ မမြင်နိုင်အောင် ပျော်ခဲ့၏။

         
နည်းနည်း အနည်ထိုင်လာတော့မှ ပြည်ပတွင်မက်ခဲ့သော ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်ကို အကောင် အထည်ဖော်ဖို့ကြိုးစားမိတော့သည်။ အရိပ်ကောင်းသည့် သစ်တစ်ပင်အောက်တွင် စာသွားဖတ်ဖို့ပင်။

           
သို့သော် ကျွန်တော့်အိမ်တွင် သစ်ပင်ကြီးကြီးမရှိ။ ရှိလည်း ပတ်ဝန်းကျင်က မတိတ်ဆိတ်။ ထို့ကြောင့် စာအုပ်တစ်အုပ်အား အိတ်ထဲထည့်ကာ အပန်းဖြေရာပန်းခြံတစ်ခုသို့ ကျွန်တော်ထွက်ခဲ့လိုက်သည်။ ဘတ်စ် ကားပေါ်တွင် ခြေထောက်တက်နင်းခံရ၏။ စပယ်ယာက အထဲဝင်စီးဟု..ငေါက်တာကိုလည်း ခံရ၏။ ကား ပေါ်မှဆင်းသောအခါတွင်လည်း တွန်းချတာကို ခံစားလိုက်ရသေး ၏။

            
ပန်းခြံထဲရောက်ခဲ့တော့ လူရှင်းတိတ်ဆိတ်ရာနေရာတွင် အရိပ်ကောင်းသည့် သစ်ပင်ကို ရှာမိသည်။ နေရာတော်တော်များများမှာ စုံတွဲများနှင့်မို့ တော်တော်တော့ ရှာလိုက်ရသည်။ နောက်ဆုံးတွင်တော့ တွေ့၏။ ရေပြင်ဘက်ကို မျက်နှာမူထားသည့် သစ်ပင် တစ်ပင်အောက်တွင် ဖြစ်၏။

ထိုင်စရာ ခုံတန်းမရှိတာမို့ စိမ်းစိုစိုမြက်ခင်းပေါ်တွင် ဒီအတိုင်း ကျွန်တော်ထိုင်ချလိုက်၏။ ထိုအခါ မြက်ပင်များ ၏ အေးမြစွတ်စိုသော အထိအတွေ့ကို အေးခနဲခံစားလိုက်ရသည်။

စာအုပ်ဖွင့်ကာ စာစဖတ်သည်။ သိပ်မကြာလိုက်။ ကျွန်တော်ဇက်ညောင်းလာသည်။ ထို့ကြောင့် အနေအထားပြောင်းကာ ဖတ်သည်။ မကြာခင် ခါးညောင်းလာပြန်သည်။ အနေအထားပြောင်းရပြန်သည်။ ဖတ်ရသည်မှာ သက်တောင့်သက်သာမရှိသလို ခံစားရမိ၏။ ဒီကြားထဲ စာဖတ်ရင်းဇိမ်ခံသည့်အနေဖြင့် စီးကရက် တစ်လိပ်ပြီးတစ်လိပ် ထုတ်ဖွာမိ၏။ ကြာတော့ အာခေါင်ပူကာ ရေငတ်လာပြန်သည်။ ရေသန့်ဘူး မဆောင် ခဲ့မိသောကြောင့် ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မနေချင်တော့။ ထို့အတူ သွားပြီးဝယ်ဖို့ကလည်း အတော် လှမ်းတာမို့ ဒီအတိုင်းပဲ ကျိတ်မှိတ်ကာ အငတ်ခံရင်း စာဆက်ဖတ်နေလိုက်သည်။ 

တော်တော်ကြာတော့ ကျွန်တော့်လည်ဂုတ်ထဲမှ ယားကျိကျိခံစားလာရသည်။ ထို့အတွက် ကမန်းက တန်းထ,ကာ အင်္ကျီကိုခါကြည့်မိတော့ ခါချဉ်ကောင်တစ်ကောင်။ မြန်မြန်ဖယ်ပစ်ရင်း ပြန်မထိုင်ခင် ကျွန် တော့်တင်ပါးနေရာမှ စိုတိစိုစွတ်ခံစားမှုတစ်ခုကြောင့် ကိုယ့်ကိုယ်ကို ပြန်လှည့်ကြည့်မိ၏။ ကျွန်တော့်တင်ပါးနေရာတွင် စိုပြီးကွက်နေသည့် အကွက်တစ်ကွက်ကို တွေ့လိုက်ရသည်။ သွားပြီ..၊ ကျွန်တော့်အတွက် ခက်ပြီ။ ပုဆိုးမ၀တ်ပဲ ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည်သာ ၀တ်လာတာမို့ လှည့်ဝတ်လို့မရတော့။ မြက်ခင်းပေါ်တွင် ဘာအခင်းမှ မပါပဲထိုင်မိသော အကျိုးဆက်တစ်ခုဖြစ်၏။

မထူးတော့ပြီမို့ ပြန်ထိုင်ချကာ ကျွန်တော်စာဆက်ဖတ်နေလိုက်သည်။ သို့သော် စာအုပ်ထဲတွင် သိပ်ပြီး အာရုံဝင်စားမှုမရှိတော့။ စိုကွက်နေသည့် ဘောင်းဘီနှင့်အိမ်ပြန်ရမည့်အရေးကို တွေးကာ စိတ်အနှောက်အ ယှက် ဖြစ်နေရသောကြောင့်ပင်ဖြစ်၏။ ကျွန်တော် ၀တ်လာသော တီရှပ်အင်္ကျီလေးမှာ တင်ပါးသိပ်မဖုံး တာက ဆိုးနေသည်။ ကျွန်တော် ဘယ်လိုပြန်ရပါ့မလဲ။ စာအုပ်နှင့်နောက်ကို ကွယ်ကာပြန်ထွက်မည်။ ပန်းခြံ မှအထွက်တွင် တက္ကစီငှားစီးမည်..ဟု တွေးမိမှ စိတ်သက်သာရာရ သလိုရှိ၏။ ထို့ကြောင့် စာဆက်ဖတ်သည်။ မကြာခင် ကျွန်တော့်ဗိုက်က ဆာလောင်လာသလိုရှိလာ၏။ စာအုပ်ကို ဘေးချကာ ခဏတွေးမိသည်။ အိမ်မှာဆိုလျှင် ငါသက်သက်သာသာနဲ့ အိပ်ယာထဲမှာလှဲပြီး စာဖတ်နိုင်တယ်၊ ရေဆိုလည်း အချိန်မရွေးယူ သောက်နိုင်တယ်၊ ခါချဉ်လည်း အတက်ခံရမှာ မဟုတ်ဘူး၊ ငါ့ဘောင်းဘီလည်း ညစ်ပတ်မှာမဟုတ်ဘူး....ဟူ ၍ပင်ဖြစ်၏။

ထို့ကြောင့် စာအုပ်ကိုပိတ်ကာ အိမ်ပြန်ဖို့ပြင်မိ၏။

~~~@~~~
  
အိမ်အပြန်လမ်းတွင် တက္ကစီတစ်စီး၏နောက်ခန်းမှာ လိုက်ပါစီးနင်းရင်း ကျွန်တော်တစ်ယောက်တည်း အတွေးနယ်ချဲ့နေမိသည်။

သစ်ပင်တစ်ပင်အောက်တွင် အေးအေးဆေးဆေးဖြင့် စာဖတ်ချင်ခဲ့သောဆန္ဒကို ဒီနေ့ကျမှ ကျွန်တော် အကောင်အထည်ဖော်ဖြစ်ခဲ့ရ၏။ သို့သော် ကျွန်တော်စိတ်ကျေနပ်မှု အပြည့်အ၀ ရခဲ့ပါရဲ့လားဟု ကိုယ့်ကိုယ်ကို ပြန်မေးနေမိသေးသည်။

မည်သို့ပင်ဖြစ်ပါစေ...။

စိတ်ကူးနှင့်လက်တွေ့တို့သည် တကယ်တမ်းတွင် အမှန်ကွာခြားတတ်ကြောင်းကို ဒီနေ့တွင် လက်တွေ့ အနေဖြင့် ကျွန်တော်ထပ်မံခံစားသိရှိခဲ့ရပြီဖြစ်၏။   

~~~@~~~


ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~
12th June 2011.
19:25 P:m.
Sunday.
(စိတ်ကူးနဲ့ လက်တွေ့ဆိုတာ.....)
(ရန်ကုန် - မြန်မာပြည်)