Thursday, October 29, 2009

အမြဲစိမ်းတော...



      သူနေခဲ့သည့်မြို့ကလေးထဲကိုခြေချမိတော့ ညမီးသီးများပင်အပြိုင်အဆိုင်လင်းဖျာစ,ပြုနေခဲ့လေပြီ...။ လမ်းမထက်တွင် ဟိုမှဒီသို့ သွားလာနေကြသောသူများ၊ ပလက်ဖောင်းပေါ်မှဈေးသည်များ၏ အပြိုင်အဆိုင် ဈေးခေါ်နေသံများ၊ လဖ္ဘက်ရည်ဆိုင်များဆီမှ သီချင်းသံများ၊ စက်ဘီး၊ ဆိုက်ကားစသည်တို့ထံမှ ကလင်က လင်မြည်သံများ၊ ကားဟွန်းတီးသံများ...စသည်တို့ဖြင့် ညခင်းကလေးကဆူညံစွာအသက်ဝင်နေခဲ့လေသည်။ ထိုအသံများကို နှစ်ခြိုက်စွာနားထောင်ရင်းသူ၏ အိမ်အပြန်ခြေလှမ်းများကိုခပ်သွက်သွက်လေး လှမ်းနေမိခဲ့  ၏။ မွေးရပ်မြေ၏ လေထုကိုမက်မောစွာ သူထပ်မံရှူရှိက်မိပြန်သည်။ ဘယ်နှစ်ကြိမ်မြောက်ရှူမိခြင်းမှန်း ကိုယ်တိုင်ပင် မရေတွက်နိုင်တော့....။

**********
       သူတို့အိမ်ရှိရာ လမ်းသွယ်လေးထဲသို့ သူဝင်လာခဲ့သည်။ ခပ်စောစောက ဆူညံသံလေးများသည် သူတို့လမ်းကလေးထဲတွင် ရေးရေးမျှအရာမထင်နိုင်တော့....၊ ဟိုး...... ခပ်ဝေးဝေးတွင် မှုန်ပြစွာကျန်ရစ်ခဲ့ လေပြီ...။

      ခြံတံခါးဝတွင် သူရပ်လိုက်သည်။ တံခါးချက်ကို မဖွင့်သေးပဲ ခြံထဲသို့ လွမ်းဆွတ်တမ်းတမှုများစွာဖြင့် သူလှမ်းကြည့်မိလိုက်သေးသည်။ အုန်းလက်ရှည်ရှည်သွယ်သွယ်လေးများသည် ညအမှောင်ထဲ တစ်စွန်းတစ ရောက်နေခဲ့သော မီးရောင်တစ်ချို့အောက်တွင် လက်ပစွာဖြင့် လေစီးကြောင်းအလိုက် ဟိုငဲ့... သည်ငဲ့ဖြင့် ယိမ်းနွဲ့နေကြတာကိုတွေ့ရ၏။ သူ့ရဲ့အိမ်ကလေးကတော့ မိုးချုပ်ပြီးစ ညဥ့်ဦးယံကောင်ကင်တစ်ခုရဲ့အောက် မှာ မီးရောင်ကလေး...တစ်လဲ့လဲ့နှင့်....။

       နောက်...ခြံတံခါးကိုအသာတွန်းဖွင့်ပြီး ခြေလှမ်းနှစ်ဆယ်စာလောက်အကွာမှာရှိသည့် အိမ်ကလေးဆီ သို့ ဖြည်းညင်းစွာ သူလျှောက်သွားလိုက်သည်။ အိမ်နားသို့မရောက်ခင် စိုက်ထားသောပန်းပင်များအနားမှ အဖြတ်တွင် ဟိုး... အရင်တုန်းက သူစိုက်ထားခဲ့ဖူသော အဖြူရောင်အပွင့်သေးသေးလေးများပွင့်တတ်သည့် နှင်းဆီပင်လေးများရှိလေဦးမလား... ဟုတွေးရင်း တစ်ချက်ငဲ့ကြည့်မိသေး၏။ မလင်းတလင်းမီးရောင်နှင့် အ ခြားအပင်များကြောင့် သဲကွဲစွာမမြင်ရ...။ သို့သော်လည်း ‘ရှိချင်မှ ရှိတော့မှာပါလေ’....ဟု တွေးမိပြန်သည်။ ဟုတ်သည်...၊ သူအိမ်က ထွက်ခွာလာခဲ့သည်မှာ နှစ်တွေအတော်ကြာညောင်းခဲ့ပြီပဲလေ...။

     တစ်ထပ်တည်းသာရှိသည့် မြေစိုက်သစ်သားအိမ်လေးရှေ့ရောက်တော့ သူ့ခြေလှမ်းတွေရပ်တန့်လိုက် ၏။ နောက်...အိမ်ရှေ့တံခါးဝ အကွယ်နားမှကပ်ပြီး အိမ်ရှေ့မျက်နှာစာတွင်ရိုက်ထားသော သစ်သားချောင်း လေးများကြားမှတစ်ဆင့် အိမ်ထဲသို့ ခိုး၍ချောင်းကြည့်မိလိုက်သည်။ ရုတ်တစ်ရက်များသူ့ကိုမြင်လိုက်ရလျှင် မေမေများ အံ့သြသွားလေမလား....ဟူ၍လည်း တွေးလိုက်မိသေးသည်။ မေမေတင်မကပါဘူး..၊ အကုန်လုံး တော့ အံ့သြ၀မ်းသာသွားကြမှာသေချာတယ်...ဟု ထပ်မံတွေးလိုက်မိတော့ သူ့မျက်ဝန်းတွေ အပြုံးရောင်နှင့် လဲ့လဲ့သန်းလာခဲ့ရ၏။

       သစ်သားချောင်းလေးများကြားမှ မြင်နေရသော သူ့မြင်ကွင်းထဲတွင် အိမ်ရှေ့၊ ခေါင်းရင်းနားမှာရှိသည့် ဘုရားကျောင်းဆောင်ရှေ့မှာ ဘုရားရှိခိုးနေသော ဖေဖေ့ကိုတွေ့ရ၏။ ဘုရားရှိခိုးပြီးသွားလို့ မေတ္တာပို့၊ အမျှ ဝေခဲ့မယ်ဆိုရင်... အဝေးရောက်နေခဲ့ရသောသူ့အတွက် ထိပ်ဆုံးကပါနေမှာသေချာတယ်...ဟု ထပ်မံတွေး လိုက်မိပြန်တော့ သူ့နှုတ်ခမ်းတွေ အလိုလိုနေရင်းပြုံးလာမိပါသည်။ ဖေဖေဘုရားရှိခိုးနေသော နေရာလေး ရဲ့ ခပ်လှမ်းလှမ်းမှာ သူ့အစ်မက အ၀တ်အစားတွေကို မီးပူတိုက်နေတာတွေရ၏။ သူ့အစ်ကိုကိုတော့ မတွေ့ ရ...။ ဒီအချိန်ဆို လဖ္ဘက်ရည်ဆိုင် ရောက်နေလောက်ပြီထင်တယ်...ဟု သူတွေးမိလိုက်သေးသည်။

      နောက်.. သူ့အကြည့်များက အစ်မနှင့် မနီးမဝေးနေရာလေးကိုရောက်သွားသည်။ သူ့ရင်ထဲတွင် အရာ အားလုံးပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။ ထိုနေရာလေးတွင်မူ မျက်လွှာလေးကို ငြိမ်းငြိမ်းချမ်းချမ်း ချ ထားကာ ပုတီးထိုင်စိတ်နေခဲ့သော သူ့ရဲ့ “မေမေ”....။

      သူ့မျက်ဝန်းများက တမ်းတ၊ လွမ်းဆွတ်ခြင်းများစွာဖြင့် စွတ်စိုလာခဲ့ရသည်။ ဘာရယ်ကြောင့်မှန်းမသိရ ဘဲ ၀ဲတက်လာခဲ့သော မျက်ရည်စများကို မျက်တောင်ဖြင့်တစ်ဖျပ်ဖျပ်ခတ်လိုက်ရင်း မေမေ့ကို သူအသေအ ချာ စိုက်ကြည့်နေမိခဲ့၏။ အခု သူ့မြင်ကွင်းထဲမှ မေမေသည် အတော့်ကို အိုမင်းသွားလေခဲ့ပြီ....။

      လွန်ခဲ့သည့် ခြောက်နှစ်၊ ခုနှစ်နှစ်ကာလတုန်းက ရေခြားမြေခြား ဒေသလေးတစ်ခုတွင် သူသွားရောက် အလုပ်လုပ်ချင်ပါသည်...ဟု ခွင့်ပန်ခဲ့စဉ်တုန်းက ခါးခါးသီးသီးငြင်းဆန်ခဲ့တဲ့ ပုံစံမျိုး လုံးဝမဟုတ်တော့ပါ။ သူ မှတ်မိနေသေးသည်။ ထိုအချိန်တုန်းက မေမေထံ သူခွင့်ပန်စွာ ဖွင့်ဟပြောခဲ့လေတော့ မေမေက....

   “တော်စမ်းပါ သားငယ်လေးရယ်...၊ မင်းအကြောင်းကို မေမေကောင်းကောင်းသိပါတယ်...။ မင်း..ဟာ အင်မတန်မှ အေးအေးချမ်းချမ်းနေချင်တတ်တဲ့သူ..၊ မင်းဘာသာ မင်းရဲ့ပုံမှန်အလုပ်ကလေးကိုလုပ်ပြီးတော့ ပဲ နေစမ်းပါကွယ်...။ မင်းကို အပင်လေးတွေစိုက်လိုက်၊ အလုပ်ကလေးသွားလိုက်၊ ပြန်လာလိုက်၊ မင်းရဲ့ ငါး ကန်လေးတွေကို ရေလဲပေးလိုက်၊ မင်းရဲ့ ကြောင်ကလေးတွေနဲ့ဆော့လိုက်၊ နောက်ပြီး...ဂီတာတီးလိုက်၊ မင်းဝါသနာပါတဲ့ စာတွေ၊ ကဗျာတွေ၊ သီချင်းတွေရေးလိုက်နဲ့ မေမေ့ မျက်စိရှေ့မှာနေတာကိုပဲမြင်ချင်လှပါ တယ်ကွယ်...။ မင်းလုပ်ခ မင်းဟာမင်းသုံးစမ်းပါ...။ မလောက်ရင် မေမေနိုင်သလောက် ထပ်ပေးပါဦးမယ်.။
         မေမေမသေခင်တော့ မင်းကို ထမင်းနှစ်နပ် အမြဲတင်ကျွေးထားနိုင်ပါတယ်ကွဲ့...။ ဘယ်ကိုမှ... မင်း သွားစရာမလိုပါဘူး”....

     .... ဟု ခေါင်းတစ်ခါခါနှင့် ဒေါသတစ်ကြီး ပြောခဲ့သေးသည်။ ငိုလည်းငိုခဲ့သေး၏။ သို့သော်လည်း သူ့ဘ ၀ရှေ့ရေးနှင့်အတူ ဘ၀တစ်ခုမှာ တစ်ခါသာတော်စပ်ခွင့်ရသော မိဘများရဲ့နောင်ရေးအတွက် တတ်နိုင်သ လောက်ကြိုးစားကြည့်ပေးချင်ခဲ့သော သူ့ရဲ့ဆန္ဒလှိုင်းတံပိုးတွေကို မေမေ့ခမြာ လွန်ဆန်နိုင်ခြင်းကင်းမဲ့စွာ ဖြင့် နောက်ဆုံးတော့ လက်မြှောက်အရှုံးပေးခဲ့ရပါသည်။

       လွန်ခဲ့သည့် နှစ်အနည်းငယ်က ခွင့်ရက်အနည်းငယ်ရသဖြင့် ထိုအိမ်ကလေးသို့ ဧည့်သည်တစ်ဦးလိုပင် သူပြန်ဖြစ်ခဲ့သေးသည်။ ရက်အနည်းငယ်မျှသာနေထိုင်ခွင့်ရခဲ့သော ထိုအချိန်ကထက်စာရင် အခုမြင်နေရခဲ့ သော မေမေ့ရုပ်သွင်မှာ ပိုမိုအိုမင်းသွားခဲ့တာမို့ သူ့ရင်မှာ ထိခိုက်စွာခံစားရမိသည်။ ဇရာသဘောကို သိနေ ခဲ့လျှက်နှင့် နာကျည်းမိသလိုလို...။

      ထိုအချိန်တုန်းက သူပြန်ရမယ့်ရက်နီးလာလေလေ...၊ မေမေ့မျက်နှာမကောင်းဖြစ်လာလေလေ....ဆို တာကို သူသတိထားမိခဲ့သေးသည်။ သူပြန်မည့် ထိုတစ်ညက အိမ်ကလေးရဲ့အပြင်ဘက်တွင် မိုးများသည်း ထန်စွာရွာသွန်းနေခဲ့ပါသည်။ မနက်စောစော လေဆိပ်ဆင်းမှာမို့ အိမ်မှလူများကို လိုက်မပို့ဖို့သူပြောခဲ့သေး ၏။ အတူပြန်လာလည်သည့် သူငယ်ချင်းများနှင့် စု၍အိပ်ရာ မြို့ထဲမှတည်းခိုခန်းလေးဆီသို့ အပြီး မသွားခင် ထိုညကလေးက အိမ်ရှိလူများကို သူကန်တော့ရင်းနှုတ်ဆက်ခဲ့ပါသေးသည်။ အားလုံးရဲ့ စိုလဲ့နေခဲ့သောမျက် ၀န်းများကို ရင်ဆိုင်နိုင်ခြင်းများ မရှိခဲ့ရပါ...။ ဖိနပ်ချွတ်လေးတွင်ထိုင်ပြီးဖိနပ်စီးနေသော (အိမ်မှ နောက်တစ် ခေါက်ထပ်ဝေးဦးမည်ဖြစ်သော) သူ့ကိုမေမေက သူထိုင်ရာမှအ,ထတွင် တင်းကျပ်စွာပွေ့ဖက်လျှက်....

   “ဒီတစ်ခေါက်...သွားရင်ရော...ဘယ်လောက်တောင်ကြာအောင်နေဦးမှာလည်းကွယ်.....သားငယ်လေး ရယ်”... ဟု ငိုရှိုက်ရင်းမေးခဲ့ပါသည်။ သူက ... ရှင်မတောင်သနပ်ခါးရနံ့ သင်းသင်းလေးမွှေးပျံ့၍နေခဲ့သည့် မေမေ့ရဲ့ လည်ဂုတ်နေရာလေးကို အသာငုံ့နမ်းပြီး “သိပ်မကြာပါဘူးဗျာ”.... ဆိုသောစကားလေးကို အသံမ တုန်ခါအောင်ကြိုးစားပြောခဲ့ရသေးပါသည်။ နောက်... သူ့ထက်အရပ်နိမ့်သော မေမေ့ရဲ့ ပခုံးထက်မှအင်္ကျီစ လေးအပေါ်တွင် စိုလာသောမျက်ရည်များကို ခိုးဝှက်စွာ ပွတ်သုတ်ခဲ့မိတာ....မေမေမှလွဲပြီး ဘယ်သူမှ မသိ နိုင်ခဲ့ပါ... ဟု သူထင်မိခဲ့၏။

      သူအလုပ်လုပ်ရသော...ရေခြားမြေခြားဒေသလေးသို့ပြန်ရောက်ပြီး နှစ်အနည်းငယ်လောက်ထပ်ကြာ လာခဲ့သော အချိန်တစ်ခုတွင် မေမေ့ထံမှစာလေးတစ်စောင်ကို သူလက်ခံရမိ၏။ ရှေးဆန်သော လက်ရေး လေးများနှင့် သပ်ရပ်စွာရေးထားသော မေမေ့ရဲ့စာလေးကို ဖွင့်ဖတ်ကြည့်မိရင်း ဆူညံလွန်းလှသော စက်သံ များကြားမှာပင် သူမျက်ရည်ဝဲလာမိခဲ့သေးသည်။ မေမေ့ရဲ့ စာလေးထဲမှ...

     “မေမေတို့က အသက်ကြီးနေပါပြီသားရယ်...။ သွားရချိန်နီးနေပါပြီ...၊ မေမေမျက်စိမမှိတ်ခင် သားနဲ့အ တူပျော်ပျော်ရွှင်ရွှင်နေသွားချင်ပါသေးတယ်”.... ဆိုတဲ့ စာသားလေးတွေ...၊ နောက်ပြီး “ပိုက်ဆံတွေကို မေ မေ တစ်ခါတစ်လေကျရင် သိပ်မုန်းမိတာပဲကွယ်...၊ သူ့ကြောင့် သား.. မေမေတို့နဲ့ ခွဲပြီး အဝေးကြီးမှာ နေခဲ့ လို့”.... ဆိုတဲ့ စာသားလေးတွေက သူ့ရင်ကို တော်တော်ထိခိုက်စေခဲ့ပါသည်။ ထို့ပြင် မိဘတွေ အသက်အ ရွယ်အိုမင်းလာချိန်မှာ ငွေကြေးတစ်ခုထဲနှင့် ရုပ်အာဟာရအတွက် ဖြည့်ဆည်းပေးနေရုံဖြင့် မလုံလောက်နိုင် တော့တာ...၊ စိတ်အာဟာရအတွက်ပါ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေခဲ့တာကို သူသတိရသွားမိခဲ့ပါသည်။

    အခုတော့ သူပြန်လာခဲ့ပြီ...။ သူ့အတွက် အကြင်နာ...၊  မေတ္တာတရားများဖြင့် ဘယ်တော့မှခြောက်သွေ့ မသွားနိုင်ခဲ့ရသည့် “အမြဲစိမ်းတော”...လေးနှင့်တူသော “အမေ့အိမ်”..ဆီသို့ သူပြန်လာခဲ့ပါပြီ...။

********

     ဖိနပ်ချွတ်လေးသို့ သူလှမ်းတက်လိုက်သည်။ ပါလာသော အထုတ်အပိုးများကို တံခါးဝမှာပုံချလိုက်သော အသံတချို့ကြောင့် သူ့အမနှင့် အတူ မေမေက ပုတီးစိတ်နေရာမှ လှမ်းကြည့်လာ၏။ ဘုရားရှိခိုးနေဆဲဖြစ်ခဲ့ သော ဖေဖေ့ကို အနှောက်အယှက်မဖြစ်အောင် သူ့ကို အံ့သြတကြီး လှမ်းကြည့်နေသော မေမေ့ကို သူ လှမ်း ခေါ်လိုက်သည်။
     “မေမေ...ရေ”......

**********

(အတွေးထဲမှာ အိမ်ပြန်ဖြစ်ခဲ့တဲ့ ညတစ်ညက ရေးထားခဲ့တဲ့ပို့စ်လေးပါ...။ အခုမှပဲ အဆုံးသတ်နိုင်ခဲ့လို့ပါ ခင်ဗျာ...။ ပုံလေးက ဖော်ဝပ်(ဒ်)မေးတစ်စောင်ကရထားတာ source မသိလို့ပါခင်ဗျ..။)
===================================================
အောက်တိုဘာလ(၅)ရက်နေ့က ကျရောက်ခဲ့သော မေမေ့ရဲ့ ၅၈နှစ်မြောက် မွေးနေ့အတွက် အမှတ်တရ....။
===================================================
ချစ်ခြင်းအားဖြင့်...

ဏီလင်းညို

Friday, October 23, 2009

ရီဝေ...ည

လောကအလှအွန်လိုင်းမဂ္ဂဇင်းမှာ အရင်တုန်းကကျွန်တော်ရေးခဲ့တဲ့ ၀ထ္တုတိုလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ပေးကြပါဦးခင်ဗျာ...။


သန်းခေါင်ယံအချိန်လွန်ကာစ ညဥ့်ကောင်းကင်တစ်ခုရဲ့အရောင်က အနီရောင်လဲ့လဲ့ သန်းနေခဲ့သည်။ ထိုအထက်တွင် တစ်ရိပ်ရိပ် လွင့်မျော၍နေလေခဲ့သော တိမ်အုပ်စုများကို ဟို...ဒီပြန့်ကျဲစွာတွေ့နေရလေ၏။ မြေပြင် အထက်တွင်အဆက်မပြတ် တိုက်ခတ်နေသော လေထုထဲမှာ အေးစက်စက်ဖြင့် မိုး ရနံ့များ ကပ်ငြိနေတာကို “သူ”ခံစားမိသည်။ စောစောကထက် ပိုအေးလာသလိုရှိတာကြောင့် ကိုယ်ပေါ်တွင်ဝ တ်ထားသော ဂျင်းဂျက်ကတ် အဟောင်းလေးကို ရင်ဘတ် ဆွဲစေ့လိုက်သည်။ နောက်လက်နှစ်ဖက်ဖြင့်လည်း လက်ပိုက်ကာ ကိုယ့်ကိုယ်ကိုပြန်ပြီး သိုင်းဖက်ထားမိသေး၏။


မကြာခင် မိုးရွာတော့မည်ထင်ပါသည်။

 
ဆက်ဖတ်ချင်သေးရင် ဒီကိုသွားပါခင်ဗျာ...။

Saturday, October 17, 2009

“လမ်းခုလတ်တစ်နေရာ”....




စိမ်းလန်းသော တောအုပ်ထူထူလေးတစ်ခုကို သူဖြတ်သန်းလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးမြ
စွာဖြင့်သာယာနေခဲ့သော်လည်း သူ့စိတ်ထဲတွင် ကြည်နူးဆွတ်ပျံ့မှုကိုမခံစားရတာ ဘာ့ကြောင့်များလည်း..ဟု
တွေးမိ၏။ မရေရာသောအတွေးများက အထက်အောက် မွှေနှောက်စီးဆင်းကာ ရင်ဘတ်တစ်လျှောက် ဖြတ်
သန်းရွေ့လျှားနေခဲ့ကြသည်။ လေပြည်လေးတစ်ချက်အဝှေ့တွင် လွင့်ပျံ့လာသောတောပန်းရိုင်းလေးများ၏ရ
နံ့ကလည်း သူ့စိတ်ကို ကြည်လင်မှုမပေးနိုင်စွမ်းတာ...အမှန်ပင်ဖြစ်၏။ နောက်ပြီး... ထိုပန်းပွင့်ကလေးများမှာ
အဝေးကနေ လှမ်းကြည့်ခဲ့လိုက်မိတုန်းက လှသလိုလိုရှိနေခဲ့သော်လည်း အနားကပ်ကြည့်မိတော့ အစိုဓာတ်
များလွင့်ပြယ်စွာဖြင့် သွေ့ခြောက်နေခဲ့သလိုပဲ....ဟု သူ့စိတ်ထဲတွင် ခံစားတွေးထင်မိသည်။

ထို့ကြောင့် မျက်နှာလွှဲလိုက်ရင်း တောပန်းကလေးများနှင့်ဝေးရာဆီသို့ တစ်ရွေ့ရွေ့ဖြင့်သူဆက်လှမ်းမိသည်။
သစ်ပင်များထက်ဆီမှ ကျီကျီကြာကြာဖြင့် မြည်တမ်းကာအော်မြည်နေခဲ့ကြသော ငှက်ကလေးများရဲ့အသံက
လိုအပ်တာထက် ပိုပြီးဆူညံနေခဲ့သလိုပဲဟု... ထင်မိပြန်သည်။ မလိုတမာမျက်နှာထားဖြင့် သစ်ပင်များအပေါ်
ဆီသို့ သူမော့ကြည့်လိုက်မိတော့ ငှက်ကလေးများက သူတို့ ဘာသာဘာဝတေးကို ရွှင်မြူးစွာသီကျူးနေခဲ့ကြ
တာတွေ့ရ၏။ သူစဉ်းစားမိလိုက်ပြန်သည်။ ငှက်ကလေးများရဲ့ တေးဆိုသံကိုတောင်မှ ဘာဖြစ်လို့များ သူငြီး
ငွေ့နေခဲ့ရတာလည်း...ဟု....။

အရင်တုန်းကဆိုရင်... သဘာဝတရား၊ နောက် ပတ်ဝန်းကျင်ကိုချစ်တတ်ခဲ့တာ သူ့အပြင် နှစ်ယောက်မရှိနိုင်
ခဲ့ဘူး....ဟု သူထင်မှတ်ထားခဲ့မိပါသည်။ သို့သော်... အခုတော့ဖြင့်....။

+++++++++++++

တစ်ဖြည်းဖြည်းနှင့် တောအုပ်လေး၏အစွန်သို့ရောက်လာသည်။ နောက်လှည့်ကြည့်မိတော့ သစ်ပင်ထူထူတို့
က သူ့နောက်မှာ မှိုင်ငေးစွာရပ်တန့်ကျန်ရစ်နေခဲ့ကြသလိုလိုပင်...။ အရှေ့ကိုလှမ်းမျှော်ကြည့်မိတော့ မလှမ်း
မကမ်းတွင် တစ်သွင်သွင်စီးဆင်းနေသော စမ်းချောင်းကလေးတစ်ခုကိုတွေ့ရလေသည်။ ရေ ကိုမြင်လိုက်ရ
တာမို့ ခရီးဝေးကလာခဲ့ရသော သူရင်ထဲတွင် ပူလောင်ပြင်းရှလာခဲ့သည်။ သူ တော်တော် ရေငတ်နေခဲ့တာကို
အခုမှပင် ကိုယ့်ကိုကိုယ်ပြန်သတိထားမိလာခဲ့ရ၏။ ထို့ကြောင့် အလောတစ်ကြီးနိုင်လှသော ခြေလှမ်းများဖြင့်
စမ်းချောင်းလေးဆီသို့ ခပ်သွက်သွက်လေးသွားမိလိုက်သည်။ နေရောင်ခြည်တန်းတစ်ချို့က တစ်စစနှင့် ကျဲ
ပါးလာသော သစ်ပင်များကြားမှနေပြီး သူ့ကိုယ်ပေါ်တွင် သက်ဆင်းလျှက်ရှိ၏။

ရေအစပ်တွင်ရပ်ရင်းတစ်သွင်သွင်စီးဆင်းနေလေသော စမ်းချောင်းလေးကိုသူခဏကြည့်မိသည်။ စမ်းချောင်း
လေးစီးဆင်းနေပုံမှာ ပျင်းရိပျင်းတွဲနိုင်လွန်းလှသည်။ “အပြောင်းအလဲမရှိတဲ့ ဘ၀တစ်ခုထက် ဘယ် အရာက
ငြီးငွေ့စရာပိုကောင်းနိုင်မလဲ”....ဟု သူစဉ်းစားမိလိုက်သေး၏။ နောက် ရေအစပ်မှာ အသာထိုင်ချလိုက်တော့
ရင်ဘတ်ထဲမှခြောက်သွေ့သော ရေဆာလောင်မှုကတိုးလို့သာပြင်းထန်လာခဲ့သည်။ လက်ခုပ်နှစ်ဖက်ဖြင့် စမ်း
ရေကို သူ ခပ်ရန်ဟန်ပြင်လိုက်စဉ်....

“မခပ်နဲ့”.... ဟု ပြင်းထန်စွာတားမြစ်လိုက်သော အသံတစ်ခုကို သူ့နားထဲတွင်ကြားလိုက်ရ၏။ ထို့ကြောင့်မို့
ရွယ်ထားသောလက်ကို ပြန်ရုတ်သိမ်းရင်း အံ့သြစွာဖြင့်ပတ်ဝန်းကျင်ကိုအကဲခတ်စွာ ဝေ့၀ိုက်ကြည့်မိလိုက်၏။
သို့သော် ဘယ်သူမှမရှိ...။ ထို့ကြောင့် ထပ်ခပ်ဖို့ရာ သူဟန်ပြင်လိုက်တော့...

“မသောက်နဲ့လေ...၊ ခပ်လည်းမခပ်နဲ့...။ တောထဲ တောင်ထဲကရေဟာ ရောဂါပိုးမွှားတွေ ပါနိုင်တယ်..ဆိုတာ မင်းသိရဲ့သားနဲ့များကွာ...။ အဆင်းက ကြည်လင်အေးမြနေပေမယ့် မင်းကိုဒုက္ခဖြစ်စေမယ့်အရာတွေ မပါဝင်
နိုင်ပါဘူးလို့ မင်းအာမခံနိုင်လို့လားကွ...။ မဆင်မခြင်ပဲမင်းထင်ရာတွေကို မင်းလျှောက်လုပ်နေလို့ နောက်ဆုံး
ဒုက္ခဖြစ်လာရရင် မင်းမိဘတွေနဲ့ မင်းမိသားစုပဲ ရင်ကျိုးရမှာပေါ့ကွ...။ အဲ့ဒါပဲ..၊ မင်းတို့ဟာလေ... လတ်တစ်
လောပြင်းရှနေတဲ့ ဆန္ဒတွေအတွက် ဖြည့်ဆည်းစရာတွေ့လာပြီဆိုရင် အရှည်ကိုမျှော်ပြီး...ဘာကိုမှ မစဉ်းစား
ချင်ကြတော့ဘူး...။အဲ့ဒါတွေကြောင့်မို့ငါ့ပတ်ဝန်းကျင်ကလေထုထဲမှာ နောင်တ,တရားနဲ့ ညည်းတွားသံတွေ၊
သက်ပျင်းချသံတွေက သိပ်သိပ်သည်းသည်းနဲ့ ငွေ့ရည်ဖွဲ့နေခဲ့တာပဲဖြစ်မှာ”.....

.... ဟူသော အသံများကို ပီပြင်ပြတ်သားစွာ သူကြားလိုက်ရသည်။

ပထမတစ်ခါတုန်းကလို အသံလာရာဆီကိုလိုက်ရှာကြည့်ဖို့ သူစိတ်မကူးတော့..။ ထို့အတူ စမ်းရေကိုသောက်
ဖို့ရာလည်း စိတ်အားမသန်တော့...။

+++++++++++

စမ်းချောင်းလေးဘေးမှ သူထွက်ခွာလာခဲ့၏။ ဟိုး...အဝေးတွင် သူအရောက်သွားချင်သော နေရာလေးကို မှုန်
ပျပျလေး လှမ်းတွေ့နေရလေပြီ...။ ။

===========================================

ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

Friday, October 9, 2009

ပြန်လာခဲ့မယ်....




လေပြင်းတွေ...တိုက်ခတ်နေခဲ့ကြတယ်...
ကောင်းကင်ဟာလည်း မည်းမှောင်စွာနဲ့ အုံ့ဆိုင်းနေခဲ့ပေါ့....။
ဘာ့ကြောင့်များ မင်း... ငါ့ကို မျက်နှာလွှဲနေခဲ့ရသလဲကွယ်...
မကြာခင်မှာဆို မိုးတွေရွာတော့မယ်...
အဲ့ဒီအခါကျရင်သာ...
ငါ့ရင်ခွင်တစ်စုံနဲ့ မင်းကိုကာကွယ်ခွင့်ပေးပါတော့...။
မင်း...ဘယ်လိုအမှားတွေပဲ လုပ်ခဲ့ပါစေ....
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

ကြည့်လိုက်စမ်းပါဦးကွယ်...
ကန်ရေပြင်ဟာ ၀ဲဂယက်တွေနဲ့ လူးလွန့်နေခဲ့ရတယ်...
အဲ့ဒါဟာ... ငါ့ရင်ဘတ်တစ်ခုလိုပါပဲလေ....၊
ဘာတွေ.... ဆက်ဖြစ်လာဦးမလဲဆိုတာကိုသာ
အမှန်အတိုင်းပဲ မင်းပြောလိုက်ပါတော့ကွယ်...
ငါ မင်းကြောင့် ဘယ်လိုပဲ စိတ်လှုပ်ရှားခံစားနေရပါစေ...
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

ပျံ့လွင့်နေတဲ့ စိတ်တစ်ခုနဲ့ ငါ့ရှေ့ကမင်းအတွက်...
သက်ပျင်းမောတွေပဲ ငါရှိုက်နေမိတော့တယ်....
ဘာတွေဟာ...မင်းကို ခက်ခဲနေစေခဲ့သလဲ...??
အားလုံးကို အနောက်ဘက်မှာသာမင်းချန်ထားရစ်ခဲ့လိုက်ပါတော့...
မင်းအကြောင်းဟာ...ဘာတွေပဲဖြစ်ဖြစ်...
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

ငါ့လက်အစုံကိုသာ ဖမ်းဆုတ်လိုက်ပါတော့ကွယ်...
အဲ့ဒါဟာ... မင်းအတွက် အကောင်းဆုံးသောနည်းလမ်းတစ်ခုပေါ့....။
နောက်ထပ် အထီးကျန်စရာအချိန်တွေ....
မင်းဆီရောက်မလာနိုင်စေရဘူးလို့.... ငါကတိပေးနိုင်ပါတယ်....
အလင်းပျက်သုန်းတဲ့ ဘ၀တစ်ခုမှာ
မင်း... ငိုမနေပါနဲ့တော့ကွယ်....။
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

Wednesday, October 7, 2009

ကိုယ်စီရွေးချယ်ရာ...“လမ်း”....

      လစာထုတ်ပြီးကာစ တနင်္ဂနွေတစ်ရက်တွင်ဖြစ်ပါသည်။ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မနက်အစော ကြီးထပြီး ကျွန်တော်တစ်ယောက်တည်း အေးချမ်းစွာဖြင့် စာရေးနေမိခဲ့ပါသည်။ အိပ်ခန်းထဲတွင် မရေး ချင် တာမို့ ဧည့် ခန်းသို့ ထွက်ကာ ရေးနေမိသည်။ ဘာရယ်ကြောင့်မှတော့မဟုတ်...။ အိပ်ခန်းထဲမှ အတူနေ သော ကျန်သည့် ညီလေးနှစ်ယောက်ရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်မှာစိုးလို့ပင်...။

   ပိတ်ရက်မို့ တစ်အိမ်လုံးအိပ်နေကြတာ အတုန်းအရုံး....။ မနက် ဆယ်နာရီမထိုးပဲနှင့် တစ်ယောက် တစ်လေမှ အိပ်ခန်းအပြင်သို့ထွက်လာတတ်ရိုးထုံးစံ လုံးဝမရှိကြပါ။ (ညဥ့်နက်သန်းခေါင်အထိ နေတတ်၊ ရုပ်ရှင်ကြည့်နေ တတ်တာလေးတွေကြောင့်ပဲဖြစ်ပါသည်။) သို့သော် ကျွန်တော့်အတွက်ပိုတောင်ကောင်း သေးပါသည်။ တစ်ဦး ထဲ အေးအေးဆေးဆေးစာရေးလို့ရတာကြောင့်ပဲဖြစ်၏။

     နံနက် ဆယ်နာရီကျော်တော့ သူတို့တွေအလျှိုအလျှိုအခန်းအပြင်သို့ထွက်လာကြလေတော့၏။ နောက် တော့ ရေချိုးကြ၊ အ၀တ်သစ်တွေထုတ်ဝတ်ကြ၊ ပြင်ကြဆင်ကြနှင့် ကျွန်တော့်မျက်စေ့ရှေ့တွင် သူတို့ရှုပ်ရှက် ခတ်နေ ခဲ့ကြတာကို စိန်ပြေနပြေထိုင်ကြည့်နေခဲ့မိသည်။ ဒါက ပြည်ပတွင်အလုပ်လုပ်နေခဲ့ရသော ကျွန်တော့်အတွက် နှစ်ရှည်လများ မြင်တွေ့နေခဲ့ရသော မြင်ကွင်းလေးမို့ သိပ်ပြီးတော့လည်း မထူးဆန်းလှပါ။ လစာထုတ်ပြီးကာ စ အခုလိုတနင်္ဂနွေရက်မျိုးများတွင် မြန်မာပြည်မှမိသားစုများအတွက် (ဒီနိုင်ငံမှာရှိသည့်) မြန်မာဆိုင်များမှနေ ပြီးငွေသွားလွှဲကြဖို့၊ နောက် ရှော့ပင်း(န်)ထွက်ကြဖို့၊ လိုအပ်သည် များကိုဝယ်ခြမ်းကြဖို့၊ ချစ်သူများနှင့်လျှောက် လည်ကြဖို့... စသည့် အကြောင်းလေးတွေနှင့် သူတို့တွေ အခု လိုပြင်တတ်၊ ဆင်တတ်ကြမြဲမို့ပင်။ နောက်ပြီး ခုလို သူတို့တွေအပြင်သွားကြလျှင် အိမ်မှာ ကျွန်တော်တစ် ယောက်ထဲ အေးအေးဆေးဆေးနှင့် စာရေးလို့ရပြီ မဟုတ်ပါလား...။

     သို့သော် ကျွန်တော့်အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲချော်သွားခဲ့ရလေတော့သည်။ အ ကြောင်း မှာဒီလိုပင်...။ အားအားရှိ ကွန်ပျူတာအဖုံးလေးကိုဖွင့်ပြီး အခုလို မတောက်တစ်ခေါက် စာလေး တွေကို ကုပ် ချောင်းချောင်းဖြင့် တစ်ကုပ်ကုပ်ရေးကာ အလုပ်ရှုပ်နေတတ်သော ကျွန်တော့်ကို ညီလေး သုံယောက်ကသူတို့ နှင့်အတူတူ မြန်မာဆိုင်သို့ လိုက်ခဲ့ရန်ခေါ်သောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်တော်က “မလိုက်ချင်”... ဟု ငြင်း တော့ သူတို့ကတစ်ယောက်တစ်ပေါက်ဖြင့်....

“အစ်ကိုကြီးကလည်းဗျာ... တစ်ခါတစ်လေဟာကိုများ”....

“အေးလေ .... လိုက်ခဲ့ပါ...အစ်ကိုကြီးရာ...စာကနောက်မှရေးပါဗျ”....

“အိမ်ထဲမှာချည်း အမြဲတမ်းနေနေရတာ မပျင်းဘူလား”....

     စသဖြင့်ဝိုင်းပြောကြတာ စူပုတ်ပုတ်မျက်နှာပေးလေးများနှင့်..။ ထို့ကြောင့် “အေး...အေး..ဒါဆို ခဏ စောင့်ကြကွာ”...ဟုပြောရင်း ကျွန်တော် အမြန်ဆုံးနည်းဖြင့် ရေချိုး၊ အ၀တ်အစားလဲကာ သူတို့နှင့်အတူ သူ တို့ခေါ်ရာ မြန်မာဆိုင်သို့ တစ်ရွတ်ဆွဲကာ လိုက်ပါသွားခဲ့ရလေတော့၏။

++++++++++

     ကျွန်တော်တို့ မြန်မာဆိုင်ကိုရောက်သွားသည့် အချိန်ကနေ့တစ်နေ့ရဲ့ အရွယ်ရောက်နေခဲ့ပြီဖြစ် သောအချိန်..။ နေ့လယ် ဆယ့်နှစ်နာရီဝန်းကျင်...။ ဆိုင်ထဲတွင် ထိုင်စရာနေရာလွတ်မရှိသလောက်ပင် လူ များက အပြည့်အလျှံပင်။ ညီလေးသုံးယောက်နောက်ကနေ ကုပ်ချောင်းချောင်းဖြင့် ကပ်လျှောက်ရင်း ထိုင်စ ရာနေရာလွတ်ကို မနည်းရှာယူရ၏။ ချောင်ကျကျနေရာကစားပွဲလေးတစ်ခုတွင် ကံကောင်းထောက်မစွာ ကျွန်တော်တို့နေရာရ၏။

     အားလုံးထိုင်လိုက်ကြပြီးနောက် ညီလေးများက ဘီယာသောက်ချင်သည်ဆိုတာကြောင့် တိုက်ဂါးဘီယာ လေး ဘူးမှာ၏။ ကျွန်တော်က စားစရာအဖြစ် ၀က်ခေါင်းသုတ်နှင့် လဖ္ဘက်သုတ်ကိုမှာလိုက်သည်။ ကျွန် တော့်ရဲ့ အကြိုက်ဆုံးအစားအစာများဖြစ်၏။ နောက်ပြီး အဲ့ဒီလိုအသုတ်များကအိမ်တွင်တစ်ကူးတစ်က သုတ်စားဖို့ သိပ်မလွယ်တာကြောင့်လည်းပါသည်။

     စားစရာ၊ သောက်စရာများရောက်လာတော့ ကျွန်တော်တို့ရဲ့ ဘီယာဝိုင်းကစတင်လေတော့၏။ အများ ကြီး မသောက်ကြဖို့ ကျွန်တော်ပြောမိသည်။ လစာထုတ်ပြီးကာစရက်၊ နောက်ပြီးတစ်ခါတစ်လေမို့ပင်...။ (အမြဲတမ်း တော့ ကျွန်တော်တို့ မသောက်နိုင်ကြပါ။) ကျွန်တော့်ကိုခေါ်လာသော ညီလေးသုံးယောက်မှာ ထိုမြန်မာဆိုင် သို့ ခဏခဏရောက်တတ်တာကြောင့် သူတို့ပုံစံတွေက အေးရာအေးကြောင်း....။ သို့သော် ထိုနေရာမျိုးများ ကို သိပ်မရောက်ဖြစ်သောကျွန်တော့်အတွက်တော့ ဟိုငေး ဒီငေးဖြင့်...။ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော် ဆိုသည့် ငနဲသားမှာ အပြင်ထွက်ရတာကို သိပ်ပြီးဝါသနာမပါလှတာလည်းပါသည်။ နောက် အပြင်ထွက်လျှင် လည်း ပဲများချင်တာကြောင့် အ၀တ်သစ်များကိုထုတ်ဝတ်ရတာ၊ ပြန်လာခဲ့ပြီးလျှင်လည်း ထိုအ၀တ်များကိုပြန် လျှော်ရ၊ ပြန်သိမ်းရနှင့် အလုပ်ရှုပ်တတ်တာတွေကို စိတ်ကုန်လွန်းလို့သာဖြစ်သည်။ ကုန်ကုန်ပြောရလျှင် မြန် မာပြည်သို့ ငွေလွှဲသည့်ကိစ္စများကိုပင် အတူနေသည့် ညီလေးများနှင့် ကြုံရင်ကြုံသလို လွှဲခိုင်းတတ်တာဖြစ်ပါ သည်။ တစ်ခါတစ်ရံ ကျွန်တော်ရှော့ပင်း(န်)ထွက်တတ်သည့်နေရာများကလည်း ဒီနိုင်ငံမှလူမျိုးများဖွင့်ထားတဲ့ ရှော့ပင်း(န်)စင်တာ၊ မော(လ်) စသည့် နေရာများဆီသို့သာ။

     ထို့ကြောင့် ကျွန်တော့်အတွက် ထိုဆိုင်ထဲတွင်မြင်မြင်ကရာသည် အသစ်အဆန်းလိုဖြစ်နေခဲ့ရတာ အမှန် ပင်..။

++++++++++

     ငါးထပ်မျှမြင့်သည့် အဆောက်အဦးကြီးတစ်ခုရဲ့ တတိယအထပ်တွင်ဖွင့်ထားသော (ကျွန်တော် ရောက် ရှိနေခဲ့ သည့်) ထိုမြန်မာဆိုင်လေးထဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး နှင့် အာဇာနည်တို့၏ စူးရှပေါက်ကွဲသော သီချင်းသံများက ဖွင့်ထားသော ပြတင်းပေါက်တစ်ချို့မှနေပြီး အပြင်ဘက်တွင်လင်းဖျာနေခဲ့သော နေ ရောင်ခြည်ထဲသို့ ပူ လောင်စွာ ဖိတ်စင်အန်ထွက်နေလေခဲ့သယောင်ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် နီး ကပ်စွာထိုင်နေကြတာ မှန်ပေမယ့် အချင်းချင်းစကားပြောနေကြတာ ဘာ့ကြောင့် အော်ပြောနေခဲ့ကြတာ လည်း...ဟု အူတိအူကြောင် ကျွန်တော်တွေးမိသည်။ လှမ်းမြင်နေရသော အမြင့်တစ်နေရာဆီမှ တီဗွီတွင် ပြသထားနေသောနိုင်ငံခြားဘောလုံးပွဲစဉ်ထဲက ကစားသမားများက အကြိတ်အနယ်ကစားနေကြသည်။ ထို တိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အရာအားလုံးသည် ဆူညံလှုပ်ရှားစွာ ရုန်းကြွလျှက်...။

     ကြည့်မိလေရာ စားပွဲခုံတိုင်းလိုလိုပေါ်တွင် မြင်တွေ့နေခဲ့ရသော ဘီယာဘူးအခွံများမှာ တောင်ပုံယာပုံ၊ အလကားပေးနေသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်သွားနိုင်စရာ အကြောင်းရှိသည်။ မျက်လုံးတစ်ချက်ဝေ၍ပတ် ၀န်းကျင်ရှိစားပွဲများဆီသို့ အကြည့်တစ်ချက်ကစားလိုက်တိုင်း တစ်ယောက်မဟုတ် တစ်ယောက်က တော့ ဘီ ယာဘူးကိုလက်မှကိုင်ပြီးမော့နေတာကို တွေ့ရတတ်၏။ ထိုကဲ့သို့ မြင်လိုက်ရတိုင်း မဆီမဆိုင် ကျွန်တော့်ရဲ့ ခေါင်းထဲကို ၀င်လာတာက အချိန်နဲ့ ငွေဆိုတဲ့ အရာနှစ်ခု...။

     ကိုယ့်မြေ၊ ကိုယ့်ရေတွင် နေရမည့်အချိန်တစ်ချို့ကို ရင်းနှီးခဲ့ရပြီးမှ ရှာဖွေရရှိလာခဲ့သောငွေကြေးများကို ထိုကဲ့ သို့နေရာများတွင် အလျှံအပါယ် သုံးနေကြတာဘာကြောင့်များလည်းဟု တွေးရမိပြန်၏။ တစ်ဆက် တည်း ဒီ ကလူတွေရဲ့ ငွေပြန်အပို့ကိုစောင့်မျှော်နေကြရမည့်(ကျွန်တော်မသိခဲ့ရသော) မြန်မာပြည်မှ မိသား စုတစ်ချို့အ တွက် မဆီမဆိုင် ဘာ့ကြောင့်မှန်းမသိပဲ ရင်မောမိရသလိုလို...။ နောက်ပြီးတော့လည်း ဒီနိုင်ငံ မှာ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် အလုပ်အကိုင်တွေအဆင်မပြေကြတာ ဟုတ်မှဟုတ်ပါရဲ့လား.... ဟု .....လည်းတွေးမိရ၏။

     ဟိုတွေး...ဒီတွေးနှင့်ကျွန်တော့်ရဲ့အကြည့်ကဆိုင်အတွင်းရှိ မြန်မာမိန်းကလေးများထံသို့ရောက် သွားမိခဲ့တော့ စိတ်ထဲတွင်ပိုမောသွားမိရပါသည်။ လွန်ကဲသော ခေတ်ရှေ့ပြေးသည့် အ၀တ်အစားများနှင့် ဖက်ရှင်ဒီဇိုင်းများ က မျက်စိထဲတွင်ကြည့်မိသောသူတွေကို ထင်းခနဲ၊ လင်းခနဲဖြစ်စေကာ သတိထားမိ စေနိုင်တာတော့ အမှန်ပဲ ဖြစ်ပါသည်။ သို့သော် ပေါင်လယ်အထက်နားအထိ တိုတက်နေသော စကပ်တိုနှံနှံ လေးများ၊ ခြေနှစ်ချောင်းကို အရောင်ပြောင်းထားသလိုမျိုး ၀တ်ထားသော အသားကပ်ခြေအိတ်လို ဘောင်း ဘီရှည်မျိုးများနှင့် ဒေါက်ဖိနပ် ခပ်မြင့်မြင့်များ၊ ရင်ဘတ်နေရာတစ်ဝိုက်ကို သေချာကြည့်စရာမလိုပဲ အဝေးမှ ပင်လှမ်းမြင်နိုင်သည့်၊ ကျယ်ပြန့် စွာဖော်ထားသော ရင်ဘတ်ဟောင်းလောင်းအင်္ကျီများနှင့် နားဆွဲရှည် ရှည်များ...စသည့်အပြင်အဆင်များက ဆိုင်အတွင်းရှိ ယောက်ျားလေးများ၏ ဆန္ဒတစ်ချို့ကို လက်ကမ်း ၍ ဖိတ်ခေါ်နေခဲ့သလိုလို....။

     ခေတ်နဲ့အညီ ခေတ်မီစွာဖြင့် လုံလုံခြုံခြုံ လှလှပပလေးဖြစ်နေအောင် ဆင်ယင်တတ်သော မြန်မာ မိန်းကလေး များဒီခေတ်မှာ အများကြီးရှိပါသည်။ တွေ့လည်း တွေ့ဖူးပါသည်။ သို့သော် ဒီကောင်မလေး တွေဘာဖြစ်လို့များ ဒီလိုဝတ်ချင်ကြတာလဲ....ဟု ကျွန်တော့်စိတ်တွင်းမှ ဝေခွဲမရနိုင်ခဲ့ပါ။ နောက်ပြီး ပြည်ပ ရောက် မြန်မာမိန်းကလေးတိုင်းလည်း ဒီလိုပုံစံမျိုး လုံးဝမဟုတ်နိုင်တာ သေချာလှပါသည်။

     ဒီ့ထက်ပိုဆိုးသည်မှာ သူတို့နှင့် အတူပါလာသော ယောက်ျားလေးမိတ်ဆွေများနှင့် စားပွဲတစ်ဝိုင်းထဲ အ တူထိုင် ကာ ရယ်ရယ်မောမောဖြင့် စကားပြောဆိုကာ စားသောက်နေကြတာပဲဖြစ်ပါသည်။ ယောက်ျား လေးများက ဘီယာ၊ အရက် စသည်တို့ကို သောက်လျှက်၊ ထိုဘေးနားတွင် သူတို့က ရယ်မောစကား ပြော မပျက် စားလိုက် သောက်လိုက်ဖြင့်....။ သူတို့ကိုယ်သူတို့ စားသောက်ဆိုင်တစ်ဆိုင်အတွင်းမှ အရက်ဝိုင်း ဘေးတွင် ထိုင်စကား ပြောနေခဲ့ပါလား...ဟု တွေးမိပုံရမှ ရမိရဲ့လားမသိပါ။

     ထိုနေရာသည် ဧည့်ခံပွဲ၊ ပါတီပွဲ စသည့် နေရာမျိုးမဟုတ်ပါ။ နေရာအစုံမှ မြန်မာလူမျိုးအစုံ လာရောက် ကာစား သောက်ကြသော၊ ပစ္စည်းဝယ်ကြသော သာမန်စားသောက်ဆိုင်တစ်ဆိုင်၊ ဈေးဆိုင် တစ်ဆိုင်မျှ သာဖြစ်ပါသည်။ နောက်ပြီးတော့လည်း ဆိုင်အတွင်းမှာ ယောက်ျားလေးများက ကိုးဆယ့်ငါးရာခိုင်နှုန်း လောက်ရှိနေခဲ့တာမို့ အ မြင်မတင့်တယ်သလို ကျွန်တော့်ရင်ထဲမှာခံစားရတာ အမှန်ပဲဖြစ်ပါသည်။ ထပ်ပြီးတော့လည်း တွေးမိသည်မှာ ယောက်ျားလေးများအနေဖြင့် ထိုကဲ့သို့သောနေရာမျိုးများတွင် မိန်းက လေးများရဲ့ဘေးမှာ ဘီယာ၊ အရက် စတာတွေကို မသောက်သင့်သလို၊ မိန်းကလေးများအနေနှင့်လည်း အတူတူမထိုင်သင့်ပါ....ဟူ၍ပင်...။

ကျွန်တော်ကသာ မဆီမဆိုင် ထိုကဲ့သို့တွေးနေမိခဲ့သော်လည်း သူတို့မှာက အေးအေးဆေးဆေးဖြင့် အနေရ အထိုင်ရ ခက်နေခဲ့ပုံမျိုး လုံးဝမတွေ့ရပါ။

နောက်ထပ်တွေ့ခဲ့ရပြန်တာကတော့ ထိုဆိုင်ခန်းကျဉ်းကျဉ်းလေးထဲတွင် အဆက်မပြတ်ဆိုသလို ဝေ့၀ဲနေခဲ့ သော အဖြူရောင်စီးကရက်မီးခိုးငွေ့များပင်...။ ထို့ကြောင့် ဘူးထဲမှစီးကရက်တစ်လိပ်ကို ထုတ်သောက်ဖို့ ရာ ကျွန်တော့်မှာ လက်တွန့်နေခဲ့မိရ၏။ ပြီးတော့ ဘီယာတန်ခိုးကြောင့် ဆိုင်အနောက်ဘက်ခန်းရှိ အိမ်သာ ဆီသို့ သွားလိုက်လာလိုက် လုပ်နေကြသောသူများမှာ တစ်ယောက်ပြီး တစ်ယောက်။ “တစ်ဗိုလ်ကျ တစ် ဗိုလ်တက်” ဟုပင် ဆိုနိုင်ပါသည်။

     ကြာတော့ ကျွန်တော့်မျက်စိရော...၊ စိတ်တွေပါရှုပ်လာ၍ ဘယ်ကိုမှ မကြည့်မိတော့ပဲ ခေါင်းကိုငုံ့ ထားလိုက်မိ တော့၏။ သို့သော်လည်း ကျွန်တော့်နားထဲသို့ “ထွီ”...ခနဲ တံတွေးထွေးလိုက်သောအသံက အရှေ့စားပွဲဆီမှ နေပြီး ထိုးဖောက်ဝင်ရောက်လာခဲ့ပြန်လေသည်။ မနေနိုင်တဲ့ မျက်လုံးတွေက ထိုစားပွဲဝိုင်း ကိုကြည့်မိပြန်တော့ ကွမ်းတွေပလုပ်ပလောင်းစားကာ စားပွဲခုံအောက်မှ ထွေးခံထဲသို့ငုံ့မထွေးပဲ အမြင့်မှနေပြီး ထွေးချနေသော သူ များကိုတွေ့လိုက်ရ၏။ နောက် ထိုသူများထိုင်နေပုံမှာ ဖိနပ်ကိုချွတ်၊ ခြေ တစ်ဖက်ကို ထိုင်နေသောခုံပေါ်သို့ ဒူးထောင်တင်ထားကာ ထိုဒူးပေါ်တွင် လက်မောင်းတစ်ဖက် ကိုတင် ထားသည့် အနေအထားများနှင့်။ အတော့်ကို လွတ်လွတ်လပ်လပ်နိုင်လှသည့်ပုံစံများနှင့် ထိုမြန်မာ စား သောက်ဆိုင်ထဲတွင်....။ ကျွန်တော်မျက်နှာလွှဲလိုက် မိပြန်ပါသည်။

     ထို့အတူ ကျွန်တော်တို့တွေဟာ ဘယ်နေရာကိုပဲရောက်ရောက် အကျင့်ကောင်းနှင့် အကျင့်ဆိုးကို ခွဲခြား စွာသိနိုင်ဖို့၊ မကောင်းသော အကျင့်ဟောင်းများကို ကြိုးစားပယ်ရှားရင်း အတုယူသင့်တဲ့ အမူအရာကောင်း များကို ရယူပိုင်ဆိုင်တတ်နိုင်ကြစေဖို့၊ ထိန်းသိမ်းသင့်သည့် ၀တ္တရားများနှင့်အစဉ်အလာကို သိနားလည် ထားတတ်ဖို့နှင့် ရောက်ရှိနေခဲ့သော နေရာဒေသနှင့် လိုက်လျောညီထွေးစွာနေထိုင်ရင်း ကိုယ်စီ ကိုယ်ရည် ကိုယ်သွေးနဲ့ စိတ်ဓာတ်ကို မြှင့်တင်တတ်ဖို့၊ နောက်အသုံးနှင့် အဖြုန်းကိုခွဲခြားသိဖို့ လိုအပ်လွန်းလှသည်...ဟု တွေးနေခဲ့လေ၏။

++++++++++

“သောက်လေ... အစ်ကိုကြီး... ဘာတွေလိုက်ကြည့်နေတာလည်းဗျ”....

     ဘေးနားတွင်ထိုင်နေသော ညီလေးတစ်ယောက်က သတိပေးသလိုပြောသည်။ ခေါင်းယမ်းပြလိုက်ရင်း စားပွဲ ပေါ်မှ ကျွန်တော့်ရဲ့ ဘီယာဘူးကလေးကို လှမ်းယူလိုက်မိ၏။ ဘီယာဘူးလေးမှာ အအေးဓာတ်များ လွင့်ပျယ် ကာ အနည်းငယ်မျှပင် ပူနွေးစပြုနေခဲ့လေပြီ....။ ။

=====================================
မည်သူ့ကိုမှ မရည်ရွယ်ခဲ့ပါ...။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါခင်ဗျ....။
=====================================

ချစ်ခြင်းအားဖြင့်
ဏီလင်းညို