Showing posts with label အထူးပို့စ်. Show all posts
Showing posts with label အထူးပို့စ်. Show all posts

Saturday, December 25, 2010

နှုတ်ဆက်ခြင်း......

ကျွန်တော် ပြောချင်တဲ့စကားတချို့ကို....ဒီအသံဖိုင်လေးထဲမှာပြောမိထားပါတယ်......။
အားလုံးကို နှုတ်ဆက်လိုက်ပါတယ်.....။
ဏီလင်းညိုရဲ့ နှုတ်ဆက်စကား





                                            ကျွန်တော် ဏီလင်းညိုပါ......:P


==============================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

Wednesday, October 13, 2010

အောင်ပွဲအတွက်...အသင့်...




နေ၅နာရီကျော်ကျော်ပဲရှိသေးသော်လည်း ကောင်းကင်ရဲ့အရောင်က ရီဝေစွာဖြင့် မှုန်ဖျဖျနိုင်လွန်း လှသည်။ တစ်ချက်တစ်ချက်ခပ်တိုးတိုးတိုက်ခတ်နေသော လေပြေတချို့မှလွဲပြီး သူ့ပတ်ဝန်းကျင်မှအရာ အားလုံးငြိမ်သက်နေသလိုရှိ၏။ သို့သော် သူထိုင်နေသောစားပွဲခုံနှင့် အတော်လှမ်းသောနေရာရှိ နောက် ဖက်ဆုံးသောခုံမှစကားသံများကို တစ်ခါတစ်ရံ ကြားနေရတတ်သည်။ လူရှုပ်ရှုပ်ကို မကြိုက်သောသူ့အတွက် အလုပ်မှာ ညနေခင်းလက်ဖက်ရည် သောက်ချိန်တိုင်းဒုတိယအချိန်တွင်သာဆင်းလေ့ရှိတာမို့ ကင်တင်း(န်)တွင် လူနည်းနေတာ အမှန်ပင်..။ ထို့အပြင် ကင်တင်း(န်)ဆင်းချိန်များတွင် အမြဲလိုလို ထောင့်တစ်နေရာမှာ တစ်ယောက်တည်းထိုင်ကာ (များသောအားဖြင့်) စာအုပ်တစ်အုပ်ဖြင့် တစ်ကုပ်ကုပ်စာရေးနေ တတ်သော သူ့ကို သူငယ်ချင်း အတော်များများကလည်း အနှောက်အယှက်မပေးတတ်ကြ ပါ....။

ထိုင်နေသော နေရာလေးမှနေပြီး တစ်စွန်းတစ်စမြင်နေရသော ကောင်းကင်ကို အဓိပွါယ်မဲ့စွာဖြင့်ငေး နေမိခဲ့၏။ သူ့မြင်ကွင်းထဲမှ ကောင်းကင်၏အရောင်သည် အုံ့ဆိုင်းရီဝေလွန်းလှသည်။ သူ့စိတ်ထဲတွင် လည်း......ထိုကောင်းကင်ကဲ့သို့ပင် အုံ့ဆိုင်းဆိုင်း၊ မှုန်မှိုင်းမှိုင်းဖြစ်နေခဲ့ရတာ အမှန်ပင်ဖြစ်သည်။ အခြား ကြောင့်တော့မဟုတ်.....။ လွန်ခဲ့သည့် ရက်အနည်းငယ်လောက်က သိခဲ့ရသည့် အကြောင်းတစ်ခုကြောင့် သာဖြစ်၏။

~~~~~@@@~~~~~

ထိုနေ့က စနေနေ့ဖြစ်၏။ အလုပ်မှပြန်ရောက်လျှင်ရောက်ချင်း စက်အဖုံးလေးကိုဖွင့်ကာ ကော်နက်ရှင် ချိတ်ပြီး......မေးလ်စစ်ရင်း သူစာရေးဖို့ပြင်မိသည်။ ဘာစာမှမရေးဖြစ်တာ အတော်ကြာနေခဲ့ပြီမို့ပင်ဖြစ်၏။ ရေးလက်စ,စာများကို ဖွင့်ကြည့်နေဆဲခဏ.....

“သာမီးရေ”........ ဟုအစချီသော ပြောစကားလေးသုံးလေးကြောင်းက ဂျီတော့ခ်နေရာမှ ပေါ်လာသည်။ အကြောင်းအရာကတော့ ထွေထွေထူးထူးမဟုတ်ခဲ့....။ မအားလို့...၊ မေးလ် တွေပြန်စရာရှိနေသေးလို့ နောက်နေ့ကျမှပြောတော့မည်ဟူ၍....။ ထိုစာကြောင်းလေးများ ကိုဖတ်ရင်း သူပြုံးမိသည်။ ရှားရှားပါးပါး....သူ့ကို ကျီစားစွာခေါ်တတ်သော အစ်ကိုကြီးတစ် ယောက်အကြောင်းလည်း တွေးမိလိုက်၏။ တခြားသူတော့မဟုတ်....။ ဘလော့ဂ်ရေးသော ရေးဖော်ရေးဖက် ကိုကြီးကျောက်ပင်ဖြစ်၏။ ရေးဖော် ရေး ဖက်ဟုဆိုသော်လည်း သူ့ထက် အနှစ်နှစ်ဆယ်ကျော်မျှကြီးသည်။

စာရေးလျှင် ပွင့်ပွင့်လင်းလင်း၊ အဆင်တန်ဆာ မထည့်ပဲ......ဟောဟောဒိုင်းဒိုင်းဖြင့် ရယ်စရာများ၊ သူငယ် စဉ်က အတွေ့အကြုံများ၊ ထူးဆန်းသည့် အကြောင်းအရာများကို ဖတ်ရသူများမငြီးငွေ့စေရအောင် အသောဖောက်ပြီးဗဟုသုတအဖြစ် ရေးတတ်သောသူတစ်ယောက်မို့ ကိုကြီးကျောက်ကို အများစုက ခင်ကြ၏။

ထိုအထဲတွင် သူလည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ သို့သော်လည်း ဂျီတော့ခ်တွင်လည်း သိပ်မ ပြောဖြစ်....၊ မေးလ်တွေဘာတွေလည်း အပြန်အလှန်မပို့ဖြစ်ခဲ့ကြ....။ သို့ပေမယ့် သူ့စိတ်ထဲတွင် ခင်မင်ရင်းနှီးလွန်းလှတာ သူ့ကိုယ်တိုင်မှလွဲပြီး ဘယ်သူမှမသိနိုင်ခဲ့..။

သူ့ကို “သာမီးရေ့”....ဟုခေါ်သည်မှာလည်း အခြားအကြောင်းကြောင့်မဟုတ်....။ ကိုကြီး ကျောက်ကပင် စတင်ထားခဲ့သော ကိုယ့်အကြိုက်ဆိုသည့် တက်ဂ်ပို့စ်တစ်ခု သူ့ထံတစ်ပတ် ပြန်လည်ကာရောက် လာခဲ့သည့်အချိန်တွင် ကိုကြီးကျောက်ရေးသော လေသံအတိုင်း ရယ်စရာအဖြစ်သူရေးမိသည်။ မှတ်မှတ်ရ ရ ထိုအချိန်ကတည်းက စ,ပြီး သူ့ကို သာမီးရေ....ဟု သာကျီစားပြီးခေါ်ခဲ့တာ အခုချိန်ထက်ထိတိုင်ပင်ဖြစ်ခဲ့ လေ၏။

လွန်ခဲ့သည့် နှစ်လကျော်ကျော်လောက်က (သူလည်း meniere’s diseases ဆိုသည့် ဝေဒနာ စတင်ခံစားရ သည့်အချိန်နှင့် အတူတူလောက်ပင်ဖြစ်မည်) ကိုကြီးကျောက် အသည်း ရောဂါဖြင့် ဆေးရုံတက်ရသည် သတင်းရသည်။ ဘလော့ဂ်တွေပေါ်မှနေလည်း ဆုတောင်း ပေးကြ၏။ ခွဲစိတ်ကုသမှုခံယူရမည်ဟု ဆိုကြ၏။ သူလည်း ဝေဒနာ အပြင်းခံစားနေရဆဲမို့ ကိုယ်ချင်းစာစွာဖြင့် ကိုကြီးကျောက်ထံအရောက်သွားကာ အားပေး ခဲ့တာ မှတ်မိနေသေးခဲ့သည်။ ထို့နောက် ကိုကြီးကျောက် ပြန်ကျန်းမာလာက သူ့ထက်အရင် ဘလော့ဂ်ပို့စ် တွေ အရင်အတိုင်းပြန်ရေးနေတာကို မြင်တွေ့နေခဲ့ရတော့ သူ့စိတ်အေးနေမိခဲ့၏။

သို့သော်....စောစောက ကိုကြီးကျောက်သူ့ကို နှုတ်ဆက်ကာ ချက်ခြင်း လိုင်းအောက်သွား ပြီးနောက်ပိုင်း တွင် သူ့စိတ်ထဲ တစ်မျိုးဖြစ်လာ၏။ ရေးလက်စ,စာကို ဆက်ရေးဖို့ကြိုးစားမိတာလည်းမရ....။ ထို့ကြောင့် စိတ်ပြေလက်ပျောက်...စာလေးဘာလေးဖတ်ဦးမှပဲဟု တွေးကာ သူ့ဘလော့ဂ်သို့ ၀င်မိသည်။ သူ့ဘလော့ဂ် ရှိ ချိတ်ထားသော လင့်ခ်လေးများကိုကြည့်မိဆဲခဏ စောစောက ကိုကြီးကျောက်ရဲ့ လင့်ခ်ကလေးကို သူ့ မျက်စိက တန်းခနဲမြင်၏။ ပို့စ် ခေါင်းစဉ်က “ယမမင်းထံသို့ ခြေလှမ်း၁၈၀”.......ဟုပေးထားတာ တွေ့ရ သည်။ သူပြုံးရင်း ထိုလင့်ခ်လေးကို ကလစ်နှိပ်လိုက်မိသည်။ စိတ်ထဲတွင်လည်း ခါတိုင်းလို ရယ်စရာအတွေ့ အကြုံလေးပဲနေမှာဟု တွေးမိလိုက်သေး၏။

သို့သော်.....ထိုပို့စ်ကို ဖတ်ကြည့်ရင်း သူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားရ၏။ ဖတ်ပြီးသွားခဲ့သောအချိန်တွင် သူ့စိတ်ထဲမောသွားသလိုရှိသည်။ ကိုကြီးကျောက် အခြေအနေကို ပြန်ပြီး ကောင်းနေပြီဟု သူထင်ထားခဲ့ သောကြောင့်ဖြစ်၏။ အသည်းကင်ဆာ ဟုဆို၏။

ကိုကြီးကျောက်ကတော့ သူ့ပိုစ်ထဲတွင် ခင်မင်သောရေးဖော်ရေးဖက်များနှင့် စာဖတ်ကြ သူမောင်နှမများ အားအရင်ပုံစံအတိုင်း၊ အရေးအသားအတိုင်း ခပ်ပျော်ပျော်၊ ခပ်ရွှန်းရွှန်းပဲ သူ့ရောဂါအခြေအနေကို အသိပေးရေးသားထားပါသည်။ ပို့စ်လေးကိုဖတ်ရင်း သူ့စိတ်ထဲတွင် ကိုကြီးကျောက်ကိုမြင်ယောင်ကြည့်မိ ၏။ ပို့စ်ထဲတွင် ရေးထားသလိုပုံစံအတိုင်း ကိုကြီး ကျောက်တစ်ယောက် အမှန်တစ်ကယ် နေထိုင်၊ လုပ်ကိုင် နေလိမ့်မည်ဟုလည်း ယုံကြည်မိသည်။ သို့သော် သူ့စိတ်အာရုံမှ ထိုအကြောင်းအရာက လွယ်လွယ်နှင့် ဖျောက်ပစ်လို့မရနိုင်ခဲ့ပါ...။

~~~~~@@@~~~~~

သူ့စိတ်တွေသည် အတော်ပင် ညောင်းညာနေခဲ့ပြီဟု ဘာသာပြန်တွေးမိ၏။ ထုံးစံအတိုင်း သူ့စိတ်တွေ ညောင်းညာကိုက်ခဲတိုင်း၊ နားထောင်နေကျဖြစ်သော သီချင်းလေးများကိုနားထောင်ရန် အိတ်ထဲမှ လက်ကိုင်ဖုန်းအစုတ်လေးကို သူထုတ်လိုက်မိသည်။ သူ့လက်များက မရည်ရွယ်စွာဖြင့်...အမ်ပီဖိုး သီချင်း လေးတစ်ပုဒ်ကိုဖွင့်ရင်း နားထောင်နေမိလိုက်သည်။ နားထောင်ရင်း.....သူကိုကြီးကျောက်ကို သတိရ လာမိသည်။

ကိုကြီးကျောက် ပို့စ်ကိုဖတ်ပြီးစဉ်က ဘာရေးလို့ရေးခဲ့ရမှန်းမသိနိုင်လောက်အောင်ဖြစ်သွားခဲ့ရသော သူ့အတွက် (သူ့ဘာသာ နားလည်သလို ဘာသာပြန်ကာ) ခံစားမိသော သီချင်း လေးထဲတွင် သူပြောချင်နေ ခဲ့သော စကားလုံးအချို့ပါနေခဲ့တာမို့ ဘလော့ဂ်ပေါ်တွင် ကို ကြီးကျောက်အတွက် အမှတ်တရ တင်ဖို့စိတ်ကူးရမိသည်။ အခြားသောမောင်နှမများနှင့် ကိုကြီးကျောက်၏ စာဖတ်သူများသည်လည်း သူနှင့် ထပ်တူထပ်မျှပင် ထိုစကားမျိုးကို ဆိုချင်နေကြမည်ထင်ပါသည်။



Ready For The Victory.....
....................
You’re in our hearts
Just from round to round
And you will be the champion
The king without a crown

Like a fireball (Like a fireball)
You never never give up (Never give up)
Hear the engine call (Hear the engine)
Waiting for a start

Can’t you see
We’re ready for the victory
It’s a clear
You’re hero just for you and me
I feel, we’re in the pole position team
Oh..... can’t you see
It’s like a dream

From Australia to USA
And from Italy to Germany
And from San Marino to Canada
He is our biggest star

Oh.......you cannot lose
If you have lucky hand
And you will be the hero
You have many friends

Oh....dreams we cannot buy (Cannot buy)
But you will win again (Win again)
Nobody does it better (Does it better)
Through passion and through pain

~~~~@@@~~~~


သီချင်းလေး....ပြီးဆုံးသွားတော့ လုပ်ငန်းခွင်သို့ပြန်ဝင်ရန် သူထိုင်ရာမှ ထမိ၏။ အတွေးထဲတွင် ကိုကြီး ကျောက်ရဲ့အကြောင်းက နေရာယူထားကြဆဲ...။

သို့သော်... ထိုသီချင်းလေးထဲက စာသားအချို့အတိုင်း ကိုကြီးကျောက်တစ်ယောက်ကြိုးစားနေခဲ့လိမ်မည် ဟု သူ့ရင်ထဲမှ ယုံကြည်မိနေဆဲပင်......။               ။

                       ~~~~~@@@~~~~~@@@~~~~~@@@~~~~~


ပုံလေးကို ဒီနေရာလေးကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
=======================================================
ခင်မင်လေးစားရသော ကိုကြီးကျောက်အတွက် မနေနိုင်လွန်းလို့ရေးမိလိုက်တဲ့ စာလေးပါ ခင်ဗျာ....။ ယူကျူ့ကသီချင်းလေးကို right click နှိပ်ပြီးဒေါင်းနားထောင်နိုင်ပါတယ်....။
=======================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

Tuesday, September 28, 2010

ရေစီးထဲမှာ......

စမ်းရေထဲတွင် ပန်းတွေမျောပါနေကြသည်။
စမ်းချောင်းလေးက သိပ်မကျယ်လှ.....။
သို့သော်လည်းအောက်ခြေကို ခန့်မှန်းကြည့်မိလို့မရနိုင်လောက်အောင်ပင် နက်ရှိုင်းလှ၏။
ထို့အပြင် အဆုံးအစမဲ့သည်ဟု.... ထင်ရလောက်အောင်ပင် ရှည်လျားလှသေးသည်။ ခရီးဆုံး ဘယ်ဆီမှာ မ သိနိုင်လောက်အောင်ပင်ဖြစ်ရ၏။
စမ်းချောင်းလေးသည် နက်ရှိုင်းလှစွာသောတောအုပ်တစ်ခုအတွင်းတွင် ဖြတ်သန်းစီးဆင်းနေခဲ့တာဖြစ်၏။



ဘေးတစ်ဖက်တစ်ချက်မှတောအုပ်ထဲတွင် အဖိုးတန်၊ ရှားပါးတိရစ္ဆာန်များနှင့် သဘာဝသယံဇာတများရှိသည်။ ထို့အပြင် သိပ်သည်းစွာဖွဲ့စည်းထားသော တောမာယာနှင့် အန္တရာယ်အသွယ်သွယ်တို့လည်းရှိနေသေး၏။

သို့သော်လည်း စမ်းချောင်းကလေးသည် မြည်သံစွဲအလင်္ကာတစ်ခုကို ရေစီးသံအသွင်ဖြင့်မြည်တမ်းစေလျှက် ခပ်တိုးတိုးစီးဆင်းနေခဲ့လေသည်။

တစ်ခါတရံတွင် စီးဆင်းနေသော စမ်းချောင်းကလေးရဲ့မျက်နှာပြင်ထက်ကို နူးညံ့သောလေပြေညင်းများက ထိခတ်ရှိုက်နမ်းသွားကြသလို....၊ တစ်ခါတစ်လေတွင်တော့ လေနီကြမ်းမုန်တိုင်းများက ခပ်ကြမ်းကြမ်းပင် ရိုက်ခတ်နင်းဖြတ်သွားတတ်ကြသေးသည်။

မည်သို့ပင်ဖြစ်ပါစေ......
စမ်းချောင်းကလေးထဲမှရေစီးကြောင်းလေးထဲတွင် ပန်းပွင့်လေးများကတော့ ဥတုသုံးလီ၊ ရာသီမရွေးပဲ ရွေ့ လျားစီးဆင်း မျောပါနေကြ၏။

~~~~@@@~~~~

ရေစီးကြောင်းလေးတစ်ခုအတွင်းမှပန်းပွင့်လေးများသည် အရောင်အသွေးစုံဖြစ်၏။ တစ်မျိုးစီလှကြတာမို့ လှပ ပုံခြင်းမတူညီကြ။ ထို့အပြင် ရနံ့နှင့် ပုံပန်းသဏ္ဍာန်လည်း ကွဲပြားကြသေးသည်။ အချို့မှာ တူသယောင်ရှိသည် ထင်ရသော်လည်း သေချာကြည့်သောအခါ(ကြည့်တတ်လာသောအခါ) ကွဲပြားခြားနားလာမှန်းသိရတော့၏။ အချို့ပန်းပွင့်များမှာ ရင့်ကျက်၊ တည်ငြိမ်စွာ လှ၏။ အချို့ပန်းပွင့်များမှာ နုပျို၊ တက်ကြွစွာ လှ၏။ အချို့မှာ ပူ လောင်စွာလှပနေကြပြီး အချို့မှာ ငြိမ်းချမ်းစွာလှပနေခဲ့ကြ၏။ သို့သော် ခြုံငုံပြီးသုံးသပ်ကြည့်မည်ဆိုလျှင် ပန်း ပွင့်အားလုံးလိုလို လှပကြသည်။

ထို့အပြင် ပန်းပွင့်လေးများသည် ရနံ့စုံလင်လွန်းလှ၏။ ပန်းပွင့်တစ်ပွင့်တိုင်းစီတွင် ရနံ့တစ်မျိုးစီရှိသည်။ သို့သော် အချို့ပန်းပွင့်လေးများမှာ ရနံ့ပေါင်းစုံမွှေးတတ်ပြန်လေ၏။ ထိုအခါ ထုံသင်းလွန်းသောကြောင့် ရနံ့ မှာ ခပ်အီအီဖြစ်သွားတတ်သည်။ ပန်းပွင့်လေးများဆီမှ ကိုယ်စီထုတ်လွှတ်တတ်သောရနံ့များကြောင့် လေထု ထဲတွင် ၀ဲပျံနေခဲ့လေသော ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးများသည် ရစ်ဝဲစွာဖြင့် နားခိုတတ်ကြလေ၏။ သို့ သော် ရနံ့မွှေးခဲ့လွန်းသောပန်းပွင့်လေးများပေါ်တွင်သိပ်သည်းဆများစွာဖြင့် ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးများ ခိုနားတတ်ကြသည်။ မြင်ရသူတိုင်းနှစ်သက်ကြည်နူးဖွယ် မြင်ကွင်းလေးပင်ဖြစ်လေ၏။

ရေစီးကြောင်းထဲတွင် အတူတူစီးမျောရင်း ပန်းပွင့်လေးများသည် နီးစပ်ရာအချင်းချင်း ထိစပ်စွာ အပြန်အလှန် နမ်းရှိုက်တတ်ကြပြန်သေးသည်။ သို့သော် အလှမ်းဝေးကွာလွန်းသော နေရာတွင်စီးဆင်းမျောပါနေသော ပန်း ပွင့်လေးများကိုမူ ထိစပ်ရန်၊ နမ်းရှိုက်ရန် အခွင့်မသာခဲ့ပြန်ကြပေ...။

မည်သို့ပင်ဖြစ်ပါစေ....။
ရေစီးကြောင်းထဲတွင်တော့ ပန်းပွင့်ကလေးများသည် ရွေ့လျားမျောပါနေခဲ့ကြ၏။

~~~~~@@@~~~~~

ပန်းပွင့်လေးများ ရေစီးထဲတွင်မျောပါနေပုံမှာလည်း ရုတ်တရက်ကြည့်လျှင် အတူတူဟု ထင်နိုင်စရာဖြစ်၏။ သို့သော်.... သေသေချာချာကြည့်လေသောအခါ......

အချို့က အရှိန်အဟုန်ကောင်းကောင်းဖြင့် သပ်သပ်ရပ်ရပ် စီးဆင်းနေကြ၏။

အချို့က အရှိန်အဟုန်ကောင်းသော်လည်း ဖရိုဖရဲဖြင့် စီးဆင်းကြ၏။

အချို့က တည်ငြိမ်စွာ ဖြည်းဖြည်းမှန်မှန်စီးဆင်းကြ၏။

အချို့က ဖြည်းဖြည်းမှန်မှန်စီးဆင်းသော်လည်း....ဟိုချောင်ကပ်၊ ဒီချောင်ကပ်ဖြင့် မတည်မငြိမ်စွာစီးဆင်းကြ ပြန်လေသည်။

အချို့က အစပိုင်းတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် စီးဆင်းသော်လည်း နောက်ပိုင်းတွင် ဖြေးဖြေးမှန်မှန် စီးဆင်းသွားကြ၏။

အချို့က အစပိုင်းကတည်းက ဖြည်းဖြည်းမှန်မှန်စီးဆင်းသွားနေကြတာ.....ခရီးဆုံးမရောက်ခင်အထိ....။

အချို့က အစပိုင်းတွင် မှန်မှန်စီးဆင်းနေသော်လည်း ရုတ်တရက်ကောက်ကာငင်ကာ အရှိန်အဟုန်ဖြင့် စီးဆင်းမျောပါကြပြန်လေ၏။ ထိုအခါ သပ်ရပ်မှုရှိဖို့ အတော့်ကိုကြိုးစားကြရပြန်လေသည်။

အချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းနေရင်း လမ်းခုလတ်တွင် နစ်မြုပ်သွားကြ၏။
အချို့က ကိုယ်တိုင်ပြန်နှစ်မြုပ်ပစ်လိုက်ကြပြန်သည်။

ထိုအခါ ကျန်သောပန်းပွင့်လေးများက နှမြောတသဖြစ်စွာဖြင့် ၀မ်းနည်းစွာရေရွတ်ညည်းတွားတတ်ကြလေ၏။ သို့သော်ကြာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပြန်သေး၏။

ရံဖန်ရံခါဆိုသလို ရေစီးကြောင်းထဲတွင် အသစ်အသစ်သော ပန်းပွင့်လတ်လတ်ဆတ်ဆတ်လေးများစွာ စုပြုံ စီးဆင်းတာကိုလည်း မြင်တွေ့နိုင်ကြသေးသည်။ပန်းပွင့်အသစ်လေးများ စီးဆင်းမျောပါကြသည်ကိုမြင်ရသော မြင်ကွင်းလေးများသည် ပြောရမည်ဆိုလျှင် တက်ကြွ၊ လန်းဆန်းလွန်းနေခဲ့သည်။ မြင်သူတိုင်းနှစ်သက်ဖွယ် ပင်ဖြစ်လေ၏။

မည်သို့ပင်ဖြစ်ပါစေ ပန်းပွင့်လေးများသည် ရေစီးကြောင်းထဲတွင် ရွေ့လျားမျောပါနေခဲ့ကြဆဲဖြစ်၏။ မျောပါနေ ခဲ့ကြဦးမည်မှာ သေချာနေပြန်လေသည်။ ခရီးဆုံးမရောက်ခင်အထိဟု ပြောလျှင်ရနိုင်မည်ထင်ပါသည်။

ထိုအထဲတွင် ရနံ့မရှိသော သစ်ရွက်ဆွေးတစ်ရွက်သည် ဟိုချောင်ကပ်၊ ဒီချောင်ကပ်ဖြင့် တွန့်ဆုတ်၊ တွန့်ဆုတ် နိုင်စွာ စီးဆင်းမျောပါနေခဲ့လေသည်။ မည်သည့်အချိန်တွင် နှစ်မြုပ်သွားမလဲ.....၊ ကိုယ်တိုင်ပြန် နှစ်မြုပ်ပစ်လိုက်မိမလဲ....ဆိုတာ ထိုသစ်ရွက်ဆွေးကိုယ်တိုင်ပင် ဘာသာပြန်ပြီး မသေချာခဲ့သေး.....။ သေချာ သည်ကတော့ အချိန်ကစကားပြောသွားလိမ့်မည်..... ထင်၏။

~~~~~@@@~~~~~

စမ်းရေထဲတွင် ပန်းတွေမျောပါနေခဲ့ကြလေသည်။

                            
                            ~~~~~@@@~~~~~@@@~~~~~@@@~~~~~



ပြောချင်တာလေးတချို့.....
~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့ရက်ကမှ ကျွန်တော့်ဘလော့ဂ်လေးကို သေသေချာချာပြန်ကြည့်မိတော့ တစ်နှစ်ကျော်သွားခဲ့တာကို သတိထားမိလိုက်ရပါတယ်...။ အထိမ်းအမှတ်နေ့တွေနဲ့ သိပ်ရင်းနှီးကျွမ်းဝင်စွာမရှိတတ်တဲ့အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်လေး တစ်နှစ်ပြည့်သွားတာကို ခုမှသိရပါတယ်....။ သိလိုက်ရတော့ အမှတ်တရတစ်ခုခု ရေးချင်လာလို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ.....။

အားလပ်ချိန်နည်းလွန်းလှတဲ့ ကျွန်တော့်အတွက် အလုပ်က ကင်တင်း(န်)ဆင်းချိန်တွေမှာ စာအုပ်ထဲမှာရေး၊ အိမ်ပြန်ရောက်တော့ စက်ထဲမှာပြန်ရိုက်ထည့်ပြီးဆက်ရေးနဲ့ ရေးဖြစ်ခဲ့တဲ့ မတောက်တခေါက်စာလေးတွေကို ဟိုးတုန်းကတည်းကနေပြီး...ခုချိန်ထိ လာရောက်ဖတ်ရှုပေးနေခဲ့တဲ့.....၊ ပေးနေဆဲဖြစ်တဲ့....ရေးဖော်ရေးဖက် မောင်နှမတချို့နဲ့ စာဖတ်ပေးသူ သူငယ်ချင်းမောင်နှမများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ဒီနေ ရာလေးကနေပြီး လေးစားချစ်ခင်စွာ ပြောလိုက်ပါတယ်ခင်ဗျာ....။

အခုနောက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့်ရယ်...၊ စိတ်ခံစားမှုအခြေအနေတချို့ကြောင့်ရယ် စတာတွေ ပေါင်းပြီး ကျွန်တော် ဘလော့ဂ်သိပ်မလည်ဖြစ်တော့၊ မဖတ်ဖြစ်တော့ပေမယ့်.....ကျွန်တော်ရေးချင်တာလေး တွေကိုရေးပြီးတင်လိုက်မိတိုင်း......လာရောက်ဖတ်ရှုအားပေးရင်း ကွန်မန့်လေးတွေချန်သွား၊ စီဘောက်မှာ နှုတ်ဆက်သွားကြတဲ့(လူနည်းစု)မောင်နှမတချို့ကိုလည်း လေးနက်စွာကျေးဇူးတင်ကြောင်းထပ်ပြီးပြောချင်ပါ သေးတယ်ဗျာ....။

စာလာဖတ်ပေမယ့် ကွန့်မန့်မချန်ဖြစ်၊ စီဘောက်မှာမနှုတ်ဆက်ဖြစ်ခဲ့တဲ့ အမည်မသိ စာဖတ်သူ သူငယ်ချင်း မောင်နှမများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေခင်ဗျာ.....။

တစ်နှစ်ကျော်ကျော်လုံးနေမှ ကျွန်တော်ကိုယ်တိုင်ရေးတဲ့ ကဗျာ၊ ၀တ္တုတို၊ အက်ဆေးနဲ့ ခံစားမှုစာစု စတဲ့ စာ တိုပေစ (၆၄) ပုဒ်လောက်မှာ ကိုယ်တိုင်မရည်ရွယ်ခဲ့မိပေမယ့် ဖတ်မိခဲ့သူတချို့အတွက် စိတ်အနှောက်အ ယှက်ဖြစ်စေခဲ့မယ်ဆိုရင် ဒီနေရာလေးကနေပြီးနူးညွှတ်စွာ တောင်းပန်အပ်ပါတယ်ခင်ဗျာ....။

~~~~~~~~~~

=====================================================
ဒီပို့စ်ထဲမှာ ပါတဲ့ သီချင်းလေးက မလေး (မအိမ့်ချမ်းမြေ့) ဆီကနေ ကျွန်တော် ခိုးထားတာပါ....:D
ပုံလေးကိုတော့ ဒီနေရာလေးကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
=====================================================
ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို
(ရေစီးထဲမှာ......)

Wednesday, December 30, 2009

ပွဲတော်ည



    အဲ့ဒီညဟာ...ရောင်စုံညလေးတစ်ခုဖြစ်နေတယ်...။ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ မွတ်သိပ်ခြင်း တွေကလည်း သူ့ကိုအားဖြည့်ပေးနေခဲ့ကြလေတယ်...။ ရယ်မောလိုက်တဲ့အသံတွေ၊ အချင်းချင်း စကားစ မြည်ပြောဆိုနေခဲ့ကြသံတွေ...၊ တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ပြုချီး မြှောက်လိုက်တဲ့အသံတွေ...၊ အား လုံး အားလုံးသောအသံတွေဟာ လေစီးကြောင်းကနေ တစ်ဆင့်ကောင်းကင်ယံဆီကို လွင့်ပျံ့သွားခဲ့ကြ တယ်...။
       ကောင်းကင်ထက်မှာလင်းလက်နေတဲ့ ကြယ်စင်လေးတွေလိုပါပဲ...၊ အမျိုးသမီးလေး များရဲ့ မျက်ဝန်းနဲ့ အပြုံးတွေဟာ လင်းလက်တောက်ပနေခဲ့ကြပေါ့...။ ပင်လယ်သမုဒ္ဒရာ တွေဆီက ကျောက်ဆောင်တန်း တစ်ချို့လိုမျိုး တည်ကြည်ခိုင်မာခြင်းများစွာရှိနေသယောင် မျက်နှာထား၊ အပြုံးများနဲ့ အမျိုးသားအချို့ဟာ လည်း အမျိုးသမီးပျိုလေးများနဲ့ မနီးမဝေးမှာ ရှိနေခဲ့ကြပြန်သေးတယ်...။
       ညဟာ ဘာကိုမှ မသိနားမလည်တတ်သေးတဲ့ ကလေးငယ်လေးတစ်ယောက်လိုပဲရှိ နေခဲ့ပါသေးရဲ့...။ အားလုံးသော လူတွေဟာ ရွှင်မြူးနေကြဆဲပါပဲ...။ သူတို့တွေပျော်ရွှင်နေ ဆဲခဏမှာ ၀မ်းနည်းပူဆွေးမှု တစ် ချို့တစ်လေကတော့ နှလုံးသားဝိညာဉ်ရဲ့အနက်ရှိုင်းဆုံး ထောင့်တစ်နေရာမှာ နွေးထွေးစွာ အိပ်စက်နေ ခဲ့ကြတယ်လေ....။ ဒါပေမယ့် ဟိုး.. အဝေး ဝေး တောင်တန်းတွေပေါ်မှာရှိတဲ့ ထင်းရှူးပင်လေးတွေကတော့ အေးမြခြင်းရဲ့ပြင်းရှတဲ့ အရသာကို ထိရှစွာခံစားနေခဲ့ကြရပြီ....။

                                                          **********
    လူအုပ်စုကြီးရဲ့ မနီးမဝေးမှာတော့ မီးပုံကြီးတစ်ခုဟာ ပျင်းရိခြင်းများစွာနဲ့တောက် လောင်နေခဲ့ရင်း တစ်ကိုယ်တည်းညည်းညူလိုက်တယ်....၊ ‘ရှိပါစေတော့’...တဲ့လေ...။ လူအုပ်စုကြီးကိုကြည့်ရင်းနဲ့ပေါ့...။
      အဲ့ဒီအသံကိုလည်းကြားလိုက်ရရော... မလှမ်းမကမ်းမှာရှိတဲ့ ၀ါးရုံပင်အုပ်က ခိုးခိုးခစ်ခစ်နဲ့ (မခိုးမခန့် နိုင်လွန်းလှတဲ့ အသံနဲ့) ကြိတ်ရယ်လိုက်တယ်...။ ဒါပေမယ့် ၀ါးရုံပင်အုပ်ရဲ့ ရယ်သံကို လူအုပ်စုကြီးဆီက အ ဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ အ၀တ်အစားတွေက ကြားဖြစ်အောင်ကြားလိုက်မိကြတယ်....။ ကြား လိုက်မိတဲ့ခဏမှာသူတို့တွေဟာ ကိုယ်စီမ လုံမလဲဖြစ်သွားကြပြီး သူတို့ရဲ့မျက်လွှာတွေကို အသာချလိုက် ကြတယ်...။ ဒါပေမယ့် သူ တို့ရဲ့ မျက်နှာတွေကတော့ မထီလေးစားပုံစံနဲ့ မာန်တက်နေခဲ့ကြတုန်းပဲတဲ့....။
       “ဒါမျိုးတွေဟာ မဖြစ်သင့်ဘူး....၊ တစ်ကယ်တော့ လူတွေဟာ ၀မ်းတွင်းရူးတွေပဲ”....
       လို့ လင်းနို့တွေက ခပ်ကျယ်ကျယ်ပြောလိုက်ကြတယ်...။ ဇီးကွက်တစ်ကောင်ကလည်း လင်းနို့တွေ ရဲ့စကားကိုဖြည့်စွက်စွာနဲ့ ၀င်ပြီးပြောလိုက်ပြန်တယ်...။
      “တစ်ကယ်တမ်းပြောရမယ်ဆို လူတွေဟာ ကျေးဇူးမသိတတ်ဘူးလို့ ဆိုနိုင်တယ်ဗျ..၊ ဘယ်သူတွေက များ သူတို့လူ့ဘောင်လောကကို တိုက်ရိုက်ရော၊ နောက်သွယ်ဝိုက်ပြီးတော့ ပါ ကူညီထောက်ပံ့ပေးပြီးနေခဲ့ ကြတာကို သူတို့အခုအချိန်မှာ တွေးတောင်တွေးမိကြမှာ မ ဟုတ်ပါဘူး....။ မယုံရင် ခုနေခါ ခင်ဗျားတို့ကျုပ် တို့ အဲ့ဒီဝိုင်းထဲကိုသွားကြည့်...၊ ခါးခါး သီး သီးကို ၀ိုင်းနှင်ထုတ်ကြလိမ့်မယ်...။ အရိုက်ခံရလို့ ကျိုးပဲ့မသွား ရင်ပဲ ကံကောင်းတယ် မှတ်”....
       “ဟုတ်ပရှင်...ဟုတ်ပ...၊ ပြောရမယ်ဆိုရင်တော့လေ...လူတွေဟာသနားစရာကောင်း လောက်အောင် ကိုပဲ သိပ်ပြီးထုံထိုင်းလွန်းတတ်ကြပါရဲ့...။ ကြည့်လေ... လောကမှာ တစ် ကယ့် အလှအစစ်ဆိုတာ သူတို့ ဘာမှန်းတောင်မှ မသိကြသေးဘူး”....
       လို့ ညမွှေးပန်းပွင့်လေးတွေက နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ကြွက်ကြွက်ညံနေခဲ့ အောင်ဝင်ပြော လိုက်ကြပြန်တယ်...။
       သူတို့တစ်အုပ်လုံး ပြောနေတဲ့စကားသံတွေကို အနားမှာတစ်ချိန်လုံးငြိမ်ပြီးနားထောင် နေခဲ့တဲ့ ညောင် ပင်အိုကြီးက...
       “တော်ကြစမ်းပါကွယ်... ငါ့နှယ် အေးအေးဆေးဆေးနေရမလားမှတ်တယ်... ၊ နားကိုညည်း နေတော့ တာပါပဲ...။ ဒီမှာမင်းတို့မှတ်ထားကြ...၊ အားလုံးဟာ...သူ့နေရာနဲ့သူလို အပ်တယ်...။ ဒါကို မင်းတို့က တစ် ဖက်သတ်အတွေးတွေနဲ့ တွေးပြီးလျှောက်ပြောမနေကြနဲ့ကွဲ့..။ ပြီးတော့ ကိုယ်စီ အားနည်းချက် အားသာ ချက်တွေလည်းရှိကြမှာပဲ...။ အေးပေါ့လေ လောကမှာ သူများကို အပြစ်ပြောဖို့၊ သူများအားနည်းချက်ကို ထောက်ဖို့ဆိုတာက အလွယ်ကူဆုံးအလုပ်ပဲကိုး”.... လို့ ညည်းညူစွာနဲ့ ပြောလိုက်တယ်...။
       အဲ့ဒီအချိန်မှာပဲ....
       သာယာညှင်းပြောင်းတဲ့ ဂီတသံစဉ်လေးတစ်ခုက သူတို့အားလုံးဆီကို ဟိုး... ဝေး ဝေးကနေပြီး လွင့်ပျံ့ လာခဲ့လေတော့တယ်...။

                                                           **********

      ဘယ်အရာကများ ငါတို့ရဲ့စိတ်လှုပ်ရှားလာနိုင်တဲ့အချိန်တွေကို ကန့်သတ်ထိမ်း ချုပ်လို့ထား နိုင်လိမ့်မလဲ...။ ဒါပေမယ့်လည်း ငါတို့ဟာ ကိုယ်ပိုင်တဲ့လမ်းကို ကိုယ်ကိုတိုင်ပဲရွေးချယ်နိုင်ဖို့အ စွမ်း ရှိသင့် လှပါတယ်...။ ပင်ပန်းဆင်းရဲမှု၊ ဒါမှမဟုတ်ရင် ခက်ခဲကြမ်းတမ်းမှု...၊ ဘာတွေပဲကြုံဆုံလာရ ပါစေ.. ငါတို့ရဲ့ ကိုယ်တွင်းသစ္စာတရားဟာ ထိမ်းသိမ်းဖို့သင့်ပါတယ်။
       အမှန်တရားဆိုတာ ကမ္ဘာမြေကြီးပေါ်ကနေ ဘယ်တော့မှပျောက်ကွယ်သွားမဲ့အရာမ ဟုတ်ခဲ့ပါဘူး...။ အဲ့ဒါကိုလူတိုင်း သတိမပြုမိ၊ မသိခဲ့မိကြပေမယ့် ငါတို့ကတော့နားလည်သ ဘောပေါက်သင့်ပါတယ်...။ ငါတို့ သာ မစဉ်းစားမတွေးခေါ်တတ်ခဲ့ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ နေရာနဲ့ အချိန်အခါတွေဟာ ဘာမှအသုံးဝင် တော့မှာမဟုတ်ပါဘူး...။ အဓိကဟာ အဓိကပါပဲ...၊ ဘယ်အရာမှ လာပြီးပြောင်းလဲပစ်လို့မရနိုင်သလို ဖြစ် လည်း မဖြစ်နိုင်ပါဘူး..။
       မေးခွန်းတစ်ခုလောက် ငါ့ကိုယ်ငါမေးကြည့်ချင်မိတယ်...။ ငါပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂုဏ် သိက္ခာကို ဘယ် လိုတိုင်းတာရင်ကောင်းမလဲ...။
       အဆိုးဆုံးကတော့ အရောရော အနှောနှောနဲ့ ငြိတွယ်စွာ ရှုပ်ထွေးတတ်ခြင်းများရယ် ပါပဲ...။

                                                      **********

       ငွေရောင်နှင်းမြူလေးတွေဟာ တစ်ဖွဲဖွဲကျဆင်းနေခဲ့တုန်းပါပဲ...။ စောစောက ကဲ့ရဲ့ပြစ်တင်နေခဲ့ကြတဲ့ တစ်စုကတော့ ငြိမ်သက်သွားခဲ့ကြပါပြီ...။ အမှန်ကိုမြင်သွားလို့လား...၊ မလွန်ဆန်နိုင်တာ ကြောင့်လားဆိုတာ... သူတို့မှလွဲရင် သိနိုင်စရာလူတစ်ယောက်မှ ရှာတွေ့ဖို့ လမ်းစမရှိခဲ့...။ မီးပုံဘေးနားက လူတစ်စုကတော့ ယစ်မူးပျော်ရွှင်စွာရှိနေခဲ့ကြဆဲပဲ...၊ ဒါပေမယ့်လည်း သူတို့တွေဟာ အဲ့ဒီအချိန်လေးကို ထာဝရအတွက်သိမ်းထားဖို့ဘယ်လိုမှ မဖြစ်နိုင်ခဲ့တာ သေချာလှပါတယ်...။
       ရုတ်တစ်ရက်ဆိုသလိုပါပဲ...၊ နာရီစင်အိုကြီးကနေ မြည်သံတစ်ချို့ထုတ်လွှတ်လိုက်ပါတယ်...။ မြည် သံအားလုံးက ဆယ့်နှစ်ချက်တိတိပါပဲ...။ နာရီစင်အိုကြီးကတော့ သူ့တာဝန်ကို ပုံမှန်ဆောင်ရွက်လိုက်တာ မှန်ပေမယ့်... လူအုပ်စုကြီးကတော့....
       “ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ပါ.”.... လို့ ရွှင်မြူးစွာအော်ဟစ်ခဲ့လိုက်ကြတယ်...။
       ပြီးတော့ သူတို့တွေဟာ..တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ရင်း အပြန်အလှန် ဆုတောင်းပေးနေ ခဲ့ကြတယ်...။ နှစ်သစ်အတွက်ပေါ့...။ ဒါပေမယ့် အဲ့ဒီဆုတွေ တစ်ကယ်ဖြစ်လာမှာ ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုသိနိုင်မှာလဲလေ...။
       ဘ၀တစ်ခုခြင်းစီရဲ့ ပြည့်စုံမှုဆိုတာ ဘာကိုခေါ်ပါသလဲ....။
       အဖြူနဲ့ အမည်းရောင်တွေကတော့ ကမ္ဘာကြီးတည်နေသရွေ့ရှိနေခဲ့ဦးမှာပါပဲ...။
       နေ့တစ်နေ့ခြင်းစီဟာ ဘ၀တွေပါပဲ...။ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းသွားကြမလဲ...။
       ပူဆွေးမှုတွေနဲ့တော့ နေ့ရက်တွေကို မပေစွန်းပါစေနဲ့...။ ၀မ်းနည်းမှု၊ နာကျင်မှုတွေဟာလည်း ရိုးစင်း စွာရောက်လာတတ်တဲ့ ဧည့်သည်တစ်မျိုးမို့လို့ပါပဲ...။
       မသိနားမလည်ခြင်းထက် လွဲမှားစွာနားလည်တတ်ခြင်းက ပိုမိုဆိုးရွားတတ်တာမို့...
       တစ်ခါတစ်လေမှာ အမှန်တွေက အမှားဖြစ်သွားနိုင်တာကတော့ သေချာပါတယ်...။
       ရံဖန်ရံခါတော့လည်း ညစ်ပေနေတဲ့ မျက်နှာတွေဟာ သန့်ရှင်းစင်ကြယ်နေသလိုရှိနေ တတ်သေးရဲ့...။
       မျက်ကန်းနေသူတစ်ယောက်လို....
       တစ်ချို့တွေဟာ အမှန်ကိုမမြင်နိုင်ကြဘူး...။
       အကြားအာရုံ ချို့တဲ့နေတဲ့သူတစ်ယောက်လို....
       တစ်ချို့တွေဟာလည်း ကောင်းမြတ်ခြင်းတရားကို မကြားတတ်ကြဘူး...။
       ဆွံ့အနေတဲ့သူတစ်ယောက်လိုမျိုး...
       တစ်ချို့တွေဟာလည်း အမှန်ကိုပြောမထွက်တတ်ကြပါဘူး...။
       ..... အဲ့ဒါတွေအတွက် အငြင်းပွားနေစရာမလိုပါဘူး...။ လူတိုင်းဟာ ကိုယ့်အကြိုက်ကို ကိုယ်တိုင်ရွေး ချယ်ပိုင်စွမ်းရှိကြလို့ပါပဲ...။ ဒါပေမယ့်လည်းလေ...ကိုယ်ကြိုက်တာ ကိုယ် လုပ်ခွင့်ရနေတာတောင်မှ တစ်ချို့ တွေဟာ ဘာကိုမပြည့်ဝနိုင်သေးစွာနဲ့ မကျေနပ်နိုင်ရခဲ့သေးတာလဲ...။
       ဘာပဲဖြစ်ဖြစ်ပါ...။
       သူတို့တွေသာ ဘ၀အိပ်မက်ဆိုးကို နိုးထခွင့်မရလောက်အောင်မက်ခွင့်ရခဲ့မယ်ဆို....
       ဘယ်သူတွေကများ ကူညီနိုင်မှာလဲလေ...။
       နောက်ဆုံး...စစ်မှန်တဲ့ ချစ်ခြင်းကိုရော ဘာနဲ့ သက်သေပြနိုင်မှာလဲ....
                                                          **********

       နှစ်သစ်ကို ကြိုဆိုတဲ့ပွဲလေးကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်..။ စောစောက လူအုပ်ကြီးဟာ လည်း ဦးတည်ရာ ခြားနားစွာနဲ့ တစ်ကွဲတစ်ပြားစီဖြစ်သွားခဲ့ရတော့တယ်...။ ဒါပေမယ့်လည်း သူတို့တွေထဲ မှာ တစ်ချို့တွေက လှပနေဆဲ...၊ တစ်ချို့တွေက ရီဝေေ၀ဖြစ်နေကြဆဲပဲတဲ့...။ ဘယ်သူတွေကများ သူတို့ တွေကို အကောင်းဆုံးတွေ သယ်ဆောင်လာပေးမှာလဲ။
       ညကတော့ အိပ်မောကျသွားခဲ့ပြီဖြစ်ပါတယ်...။
       နှင်းမြူလေးတွေကတော့ သိပ်သည်းစွာနဲ့ ကျဆင်းနေခဲ့တုန်းပဲတဲ့....။
       နှစ်သစ်ကတော့ ငါတို့ရဲ့ဆီကိုရောက်လာခဲ့ပြီးပြီဖြစ်ပါတယ်...။
       နှစ်တိုင်းနှစ်တိုင်းမှာ ငါတို့တွေဟာ ဆုတွေတောင်းကြတယ်...၊ ဆုံးဖြတ်ချက်တွေ...၊ ရည်ရွယ်ချက်တွေ ထားခဲ့ကြတယ်...။ ဒါပေမယ့်လည်း အဲ့ဒါတွေအားလုံးဟာ တစ်ကယ် တမ်းမှာတော့ ငါတို့ရဲ့လက်တွေ့ဖြတ် သန်းရတဲ့နှစ်တစ်နှစ်အပေါ် သက်ရောက်မှုရှိချင်မှ ရှိနေလိမ့်မယ်...။
       ဒါပေမယ့် ဆိုရိုးစကားတစ်ခုရှိခဲ့ဖူးတယ်...။ “ဘာမှမရှိတာထက် တစ်စုံတစ်ခုရှိနေတာက ပိုမိုကောင်း မွန်နေသေးတယ်”...(something is better then none) ဆိုတာပါပဲလေ.....။          ။

(ပုံကလေးကို ဒီနေရာမှ ယူသုံးပါတယ်ခင်ဗျာ...။)
=========================================================
ကျွန်တော့်ရဲ့ ဒီနေရာလေးကို စာလာလာဖတ်ပေးတဲ့၊ချစ်ခင်လေးစားရတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း
တွေအားလုံးနဲ့ တိတ်တိတ်လေးလာဖတ်ပေးနေခဲ့တဲ့ မောင်နှမတွေအားလုံးအတွက် အမှတ်တရ ရေးလိုက်မိ တဲ့ပို့စ်လေးပါခင်ဗျာ...။ အားလုံးပဲ ပျော်ရွှင်သော၊ ချမ်းမြေ့သော နှစ်သစ်ဖြစ်စေဖို့ ဒီနေရာလေးကနေ ဆန္ဒပြုနေလျှက်ပါခင်ဗျာ....။
=========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို