Monday, July 26, 2010

နိဂုံးမဲ့တေးသွား

မိုးရေစိုစိုကတ္တရာလမ်းမပေါ်တွင်ဦးတည်ချက်ကွဲပြားခြားနားစွာရွေ့လျားနေခဲ့ကြသော ရောင်စုံဖိနပ်များ ပေါ်မှ ခြေထောက်အမျိုးမျိုးကို သူလိုက်ငေးနေမိခဲ့သည်။ မြို့ထဲလမ်းမပေါ်မှ တိုက်နံရံတစ်ခုရှေ့တွင် တာ လပတ်အမိုးဖြင့်အဖီဆွဲကာရောင်းသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်အတွင်း တစ်ယောက် တည်းသူထိုင်နေရင်းမှဖြစ်၏။ ခေါင်းပေါ်မှ ခပ်နိမ့်နိမ့်တာလပတ်အမိုးပေါ်သို့ ရွာသွန်းနေဆဲမိုးရေစက် များက တစ်ဖောက် ဖောက်မြည်သံပေးကာ ခပ်မှန်မှန်ကျဆင်းနေကြလေသည်။ သို့သော် ထိုအသံများက ဆိုင်အတွင်းရှိလူအချို့ ၏စကားပြောသံများနှင့် တစ်ခါတရံအရောရော၊ အနှောနှောဖြစ်ဖြစ်သွားတတ်၏။

လမ်းမပေါ်ကိုငေးမောနေခဲ့ရင်း လက်မှနာရီကိုတစ်ချက်ငုံ့ကြည့်မိသည်။ နာရီလက်တံများက ညနေငါးနာရီခွဲ ကာနီးပြီဖြစ်ကြောင်း ညွှန်ပြနေခဲ့ကြ၏။ အိမ်အပြန်နောက်ကျတော့မှာပဲ....ဟု စိတ်မသက်မသာဖြစ်စွာတွေးမိ ရင်း ဘာရယ်မဟုတ်ပဲနှင့် သက်ပြင်းတစ်ချက်ရှိုက်မိလိုက်သည်။ နောက်... သွယ်လာမည့် လမ်းမဘက်သို့ လှမ်းမျှော်ငေးမိပြန်၏။ သို့သော် သွယ့်အရိပ်အယောင်ကို ခုထိသူမမြင်ရသေးပါ.....။ ထို့ကြောင့် လက်ဖက်ရည် ဆိုင်လေးတွင် တစ်ယောက်တည်းထိုင်နေရသောအချိန်များကို ထပ်မံကျွမ်းလောင်စေရန် အိတ်ကပ်ထဲမှဆေး ပေါ့လိပ်တစ်လိပ်ကိုထုတ်ကာမီးညှိဖွာရှိုက်နေလိုက်မိသည်။

သွယ်ကတော့ နေ့ခင်းကတည်းက သူအလုပ်လုပ်သော ကုမ္ပဏီကိုလှမ်းပြီးဖုန်းဆက်ထားခဲ့ပါသည်။ သူငယ် ချင်းဟောင်းများတွေ့ဆုံကြသည့်ပွဲသို့ သူမအလုပ်လုပ်သော ကုမ္ပဏီမှနေ့ဝက်ခွင့်ယူကာသွားမည်၊ သို့သော် အိမ် ပြန်ချိန်တွင် အတူတူပြန်ဖို့ စောင့်နေကျဒီလက်ဖက်ရည်ဆိုင်လေးကနေပြီးတော့ပဲ စောင့်နေပါ....၊ အချိန်မှီ သူမ ပြန်လာပါ့မည်....ဟုပင်....။ ထို့ကြောင့် သူထိုင်စောင့်နေမိသော်လည်း ရုံးဆင်းချိန်ငါးနာရီတော်တော်ကျော် နေခဲ့တာတောင်မှ သွယ်က ပြန်ရောက်မလာနိုင်ခဲ့သေးပါ.....။

သူအလုပ်လုပ်သော ကုမ္ပဏီနှင့် သွယ်အလုပ်လုပ်သော ကုမ္ပဏီတို့က ရန်ကုန်မြို့ထဲတွင် နှစ်လမ်းလောက် သာခြားပါသည်။ ထို့ကြောင့် ပြန်ချိန်တိုင်း သူက သွယ်တို့ကုမ္ပဏီမျက်စောင်းထိုးနေရာလောက်မှာရှိသော ဒီ လက်ဖက်ရည်ဆိုင်လေးတွင်လာစောင့်နေကျဖြစ်၏။ ပြီးမှနှစ်ယောက်အတူတူ ဆင်ခြေဖုံးရပ်ကွက်လေးရှိ သူတို့ ငှားနေသော အိမ်ကလေးဆီသို့ ဘတ်(စ်)ကားစီးကာပြန်ရမြဲဖြစ်ပါသည်။


သူနှင့်သွယ်တို့က အိမ်ထောင်သက်တစ်နှစ်ကျော် ကျော်လောက်သာ ရှိသေးသောဇနီးမောင်နှံများပင် ဖြစ်ကြပါသည်။ညားကာစ,ဇနီးမောင်နှံများဟု....ဆို လျှင်ရနိုင်မည်ထင်၏။



~~~~~@@@~~~~~

နေခြောက်နာရီ.....။

ဆေးလိပ်မီးခိုးများကို စိတ်မရှည်စွာသူမှုတ်ထုတ်ပစ်လိုက်မိ၏။ မိုးရေစိုစွတ်ဆဲ လေထုထဲတွင် ဆေးလိပ်မီးခိုး ငွေ့များက ချက်ခြင်းမကွဲပြားသွားကြ။ တစ်ခဏလောက်ကြာ အစိုင်အခဲအဖြစ်ဖွဲ့တည်နေခဲ့ပြီးမှ ပျယ်လွင့် သွားကြလေသည်။ သို့သော်သူ့စိတ်ထဲမှ ဘာရယ်မသိသောကြိတ်ဒေါသတစ်ခုကတော့ လွင့်ပြယ်လို့မသွား နိုင်ခဲ့ပါ။ စားပွဲပေါ်မှ သွယ်လာလျှင်သောက်ဖို့ချန်ထားသော တစ်ဝက်တိတ်ကျန်နေသေးသည့် ပေါ့ဆိမ့်လက် ဖက်ရည်များသည်ပင် အတော့်ကိုအေးစက်နေခဲ့ပြီဖြစ်သည်။ အေးခဲနေသော လဖက်ရည်မျက်နှာပြင်လို သူ့ မျက်နှာလည်း တင်းမာနေခဲ့လိမ့်မည်ထင်၏။ သွယ်ခုထိ ရောက်မလာခဲ့သေးပါ။

ဆိုင်အပြင်ဖက်မှ မိုးစိုစိုကောင်းကင်သည် ပိုမိုညို့မှောင်လာသည်ထင်ရ၏။ လေပြင်းတွေခပ်ရမ်းရမ်းတိုက် လာတာကိုလည်း သူသတိထားမိလိုက်သည်။ မိုးမှောင်နေသောအရိပ်ကြောင့် လိုတာထက်ပိုစွာရင့်ရော် မှိုင်း မှောင်နေလေခဲ့သောညနေခင်းထဲတွင် ညမီးရောင်များပင်စောစီးစွာဖြင့် အပြိုင်အဆိုင်လင်းလက်ဖျာ ဆင်း လာကြ၏။

ယင်ကောင်တစ်ကောင်က တစ်ဝီးဝီးမြည်သံပေးကာ သူ့နားအနားတွင် လူးလားပျံသန်းနေသည်။ စိတ်မရှည် စွာဖြင့် သူ့နားနေရာနားကို လက်ဖြင့်ပုတ်ထုတ်ပစ်လိုက်တော့ ယင်ကောင်က သွယ့်အတွက်ချန်ထားသော လက်ဖက်ရည်ခွက်နားတွင် ရစ်သီရစ်သီလုပ်နေပြန်လေသည်။ အလုပ်မရှိအလုပ်ရှာရင်း ယင်ကောင်နှင့်ဖက် ကာ ခပ်ကြိတ်ကြိတ်သူရန်ဖြစ်မိ၏။ ယင်ကောင်ကိုခြောက်ထုတ်ရင်း လက်ဖက်ရည်ခွက်ကို အောက်ခံပန်း ကန်ပြားဖြင့်ဖုံးထားရာမှ ဖွင့်ကြည့်လိုက်တော့ လက်ဖက်ရည်သည် ငွေ့ငွေ့လေးမျှပင် နွေးမနေတော့..........။ သူ့ စိတ်ထဲမှနေ တောက်တစ်ချက်ကြိတ်ခေါက်ပစ်လိုက်မိ၏။ နောက်ပြီး ‘ဒီမိန်းမ ဘယ်သူတွေနဲ့များတွေ့ နေလို့ ဒီလောက်ကြာနေတာပါလိမ့်...၊ ယောက်ျားတစ်ယောက်လုံး စိတ်ပူပြီးစောင့်နေရမှာ မသိဘူးလား ’.....ဟုခပ်တိုး တိုးရေရွတ်မိလိုက်ပြန်သည်။ တိုက်ဆိုင်သည်ဟု ဆိုမလား။ ထိုခဏအတွင်းမှာပင် သူ့စားပွဲ အရှေ့လမ်းမပေါ်သို့ တက္ကစီတစ်စီး ထိုးရပ်လာ၏။ မျှော်လင့်ခြင်းကြီးစွာဖြင့် တက္ကစီထဲသို့ သူလှမ်းမျှော် ကြည့်မိသည်။ ကားဆီ မှနေထိုးထားသော ရှေ့မီးသီးအလင်းတန်းထဲတွင် မိုးရေစက်များက စောင်းငမ်းငမ်း နိုင်လှစွာဖြင့် ရွာကျနေခဲ့တာတွေ့ရ၏။ သို့သော် ကားထဲမှလူများက သူမျှော်လင့်ထားသော သွယ်တို့မ ဟုတ်.....။ သူသက်ပြင်းတစ်ရှိုက် ခိုးရှိုက်လိုက်မိဆဲ.....။

“မောင်”....

ခေါ်သံကြောင့် သူလှည့်ကြည့်မိတော့ မိုးရေအနည်းငယ်စွတ်စိုနေသောဆံပင်ကပိုကရိုလေးနှင့် သွယ့်ကိုတွေ့ လိုက်ရ၏။ တစ်ချိန်လုံး သူမျှော်နေမိသည့်ဖက်နှင့် ဆန့်ကျင်ရာမှ သွယ်ရောက်လာတာမို့ သူ့စိတ်ထဲတွင်နည်း နည်း ယောင်တိယောင်တောင်ဖြစ်သွားရသည်။ သွယ့်ကို ပြုံးပြရင်း နောက်မှအတူပါလာသူနှစ်ယောက်ကို စူး စမ်းစွာသူကြည့်မိ၏။ သွယ့်နောက်မှာပါလာသူနှစ်ယောက်က သူတို့နှင့်မတိမ်းမယိမ်းအရွယ်လောက်ပဲရှိမည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပင်.....။

မိုးရေအနည်းငယ်စိုနေသော ဆံပင်လေးကိုထပ်မံသပ်တင်ရင်းသွယ်ကမေးလေသည်။

“မောင်....စောင့်နေတာ အရမ်းကြာသွားတယ်ထင်တယ်နော်”......

သူပြုံးရင်းခေါင်းခါပြလိုက်မိသည်ထင်၏။ သိပ်တော့မသေချာ.....။

“မိတ်ဆက်ပေးရဦးမယ်....။ ဟဲ့....မင်းလွင်နဲ့ ယမုံ ဒါ....ငါ့အမျိုးသားလေ...၊ ကိုမင်းမြတ်တဲ့...။ ၃၄လမ်းထဲက “.....” ကုမ္ပဏီမှာ အကောင့်တန့်(စ်)လုပ်တယ်လေ”......

သွယ့်မိတ်ဆက်စကားထဲမှ ‘မင်းလွင်’ဆိုသောနာမည်တစ်ခုကြောင့် သူ့ကျောရိုးတစ်လျှောက် စိမ့်ခ,နဲဖြစ်မိ သွားရသလိုလို.....။

“မောင်...သူတို့က သွယ့်ရဲ့ သူငယ်ချင်းတွေပဲလေ.....။ သူက ယမုံ၊ သူက မင်းလွင်တဲ့.....။ မောင်နဲ့ မတွေ့ခင် ကတည်းက ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေပေါ့.....။ မောင်နဲ့တွေ့တော့ သူတို့တွေက ပြည်ပရောက်နေကြပြီ.....။ အဲ့ဒါကြောင့် မောင်နဲ့တစ်ခါမှမဆုံဖူးသေးလို့ရယ်...၊ နောက်ပြီး သူတို့ကလည်း မောင်နဲ့တွေ့ချင်တယ်လို့ ပူဆာကြတာနဲ့ မင်းလွင်က ဒီကိုတမင်လိုက်ပို့တာ....၊ ကဲ.....ခုတော့ ဆုံဖူးကြပြီ ပေါ့”......

ဆက်ပြောနေသော သွယ့်စကားများကိုအလိုက်သင့်ခေါင်းငြိမ့်ကာ ထိုနှစ်ယောက်ကိုပြုံးပြမိ၏။

“တွေ့ရတာ ၀မ်းသာပါတယ် ကိုမင်းမြတ်”.....

မင်းလွင်ဆိုသူက ပြုံးကာပြောရင်းလက်ကမ်းပေးတာမို့ သူနှင့်လက်ဆွဲနှုတ်ဆက်ဖြစ်ကြသည်။ လက်ဆွဲနှုတ် ဆက်ကြမှ သူ့ကိုယ်သူသတိထားမိလာ၏။ သူ့လက်များက မင်းလွင်ဆိုသောသူလက်နှင့်ယှဉ်လိုက်တော့ အ တော့ကို အေးစက်စက်နိုင်လွန်းနေမှန်းပင်.....။ ပြန်ပြုံးပြမိလိုက်သော သူ့အပြုံးတစ်ခုကတော့ဖြင့် ပီပြင်မှုရှိ မည်ထင်ရပါသည်။

“ယမုံလည်း...တွေ့ရတာဝမ်းသာပါတယ်နော်....ကိုမင်းမြတ်”.....

သူထပ်မံပြုံးရင်းခေါင်းငြိမ့်ပြလိုက်မိပြန်သည်။ ဒီခပ်စောင်းစောင်းညနေခင်းအတွက် သူ့အပြုံးများသည် ခဏခ ဏဖြစ်တည်ခဲ့ရလေပြီ.....။ နောက်... အချင်းချင်းနှုတ်ဆက်နေကြသော သွယ်တို့သုံးယောက်ကိုကြည့်နေရင်း သူ့မျက်လုံးများက မင်းလွင်ဆိုသောသူဆီသို့ ဘာရယ်မဟုတ်စွာရောက်သွားမိသည်။

တောက်ပသော အ၀တ်အစားအသုံးအဆောင်များ၊ လက်ကိုင်ဖုန်းနှင့် ဟိုဖက်ပလက်ဖောင်းတွင်ရပ်ထားခဲ့ သည်ဆိုသော ကိုယ်ပိုင်ကားနှင့်အတူ ယောက်ျားပီသစွာခန့်ညားချောမောသော မင်းလွင်ဆိုသူဟာ သူကြား ဖူးခဲ့၊ သွယ်ကိုယ်တိုင်ပြောပြဖူးခဲ့တဲ့ တစ်ချိန်က သွယ်နှင့်ပတ်သတ်ခဲ့ဖူးသူ၊ သွယ့်ချစ်သူတဲ့လား.....။ သူ့ရင်ထဲ တွင် ၀မ်းနည်းမိသလိုလို၊ အားငယ်မိသလိုလိုခံစားချက်တစ်ခုက လျှပ်တိုက်ဖြတ်ပြေးသွားသည်ထင်ရ၏။ မင်း လွင်ဝတ်ထားသော အကောင်းစားစပို့ရှပ်တစ်ထည်ရဲ့တန်ဖိုးသည်ပင် သူဝတ်သော ချည်ချောပုဆိုးနှစ်ထည်၊ သုံးထည်စာဖိုးလောက်ရှိနေခဲ့သည်မဟုတ်ပါလား....။

“မောင်.....သွယ့်အတွက် လက်ဖက်ရည်ချန်ထားသေးလားဟင်”....

နှုတ်ဆက်ထွက်သွားသော ယမုံတို့ဆိုင်တစ်ဖက်အစွန်းသို့မရောက်ခင်လေးမှာပင် သွယ်ကမေးလာ၏။ သူနှင့် အကြိုက်ချင်းတူစွာပေါ့ဆိမ့်လဖက်ရည်ကို စွဲစွဲလန်းလန်းသောက်တတ်သော သွယ့်ကိုငုံ့ကြည့်ရင်း သူပြန်ဖြေ မိသည်။

“မသောက်နဲ့တော့ အရမ်းအေးစက်နေပြီ”.....

အေးစက်နေသော လက်ဖက်ရည်နှင့်အတူ သူ့လေသံလည်း အေးခဲနေခဲ့လိမ့်မည်ထင်ပါသည်။

~~~~~@@@~~~~~

ဖက်ရည်ဆိုင်အပြင်ဖက်ကိုထွက်ခါနီးတွင် သွယ်ကသူမရဲ့သုံးဆစ်ချိုးခေါက်ထီးလေးကိုဖွင့်ကာ သူ့ကိုအ သာကမ်းပေးသည်။ သူလှမ်းယူလိုက်ရင်း တာလပတ်အမိုးအပြင်ဖက်ရောက်တော့ နှစ်ယောက်အတူဆောင်း လိုက်၏။ သွယ်က ထီးကိုင်ထားသောသူ့လက်မောင်းကို နွေးထွေးသောလက်ကလေးတစ်ဖက်ဖြင့် အသာအ ယာလာရောက်ချိတ်တွယ်သည်။ ခဏလောက်အလိုက်သင့်သူငြိမ်နေလိုက်ပြီး နောက်တော့ ထီးကိုင်နေသော လက်ကို တစ်ခြားလက်သို့ပြောင်းရင်း မသိမသာ သွယ့်လက်ကိုဖယ်မိလိုက်၏။ ဘာဖြစ်နေတာလဲဟု သူ့ကိုယ် သူပင်မဝေခွဲတတ်တော့.....။

သူတို့စီးရမည့်ဘတ်(စ်)ကားဂိတ်ကိုရောက်ခဲ့တော့ ကားဂိတ်အမိုးအောက်တွင်မိုးခိုစွာရပ်ရင်း ကားစောင့်နေ သူအတော်များများကိုတွေ့ရ၏။ ကားဂိတ်အမိုးအောက်သို့ သွယ်ကအရင်ဝင်သည်။ သူကတော့ လက်ထဲမှ ရေ စိုစိုထီးကိုပိတ်ကာ နောက်မှသွယ့်အနားတွင်ဝင်ရပ်မိ၏။ နောက် လမ်းမပေါ်တွင်ဖြတ်သန်းသွားလာ နေကြသောကားများကို ရည်ရွယ်ချက်မဲ့စွာလိုက်ငေးနေလိုက်သည်။ သွယ့်ဖက်ကိုလှည့်ပြီးအရင်နေ့တွေက လို စကားတွေမပြောဖြစ်ခဲ့....။ သူ့မျက်နှာသည် ခုမှပိုပြီးသုန်မှုန်နေလောက်ပြီထင်၏။ ဟန်ဆောင်ခြင်းအ တတ်ကို ပိရိသေသပ်စွာ သိပ်မကျွမ်းကျင်သောသူ့ကို သွယ်ကသတိထားမိလာပုံရစွာဖြင့်မေးသည်။

“မောင်....ဘာဖြစ်နေတာလဲဟင်”......

လှည့်မကြည့်ပဲ သူခေါင်းခါပြလိုက်သည်။ သွယ့်နှုတ်မှဖွင့်ဟစွာမေးလာတော့မှ သူ့ရင်ထဲတွင် ၀မ်းနည်းအား ငယ်လာသလိုလို၊ ဘာကိုမှန်းမသိစွာဒေါသထွက်လာသလိုလိုခံစားမှုတစ်မျိုးကို အကြိတ်အနယ်ပို ခံစားရ သလို ရှိလာ၏။ ဒါကို သွယ်သိမည်မထင်ပါ....။ သူအံကြိတ်ထားလိုက်မိသည်ထင်၏။

“လက်ထဲကရော ဘာအထုပ်လည်းဟင်.....မောင်”.....

သူစကားပြန်မပြောသေးတာမို့ စကားမရှိစကားရှာသလိုထပ်မေးလိုက်သော သွယ့်လေသံတိုးတိုးကြောင့် လက်ထဲမှ ကြွပ်ကြွပ်အိပ်နှင့်ဆွဲထားမိသောအထုပ်ကို သတိရမိလာသည်။ သွယ်သိပ်ကြိုက်သည်ဟု ပြောဖူး သော သူတို့ရုံးအောက်မှ မုန့်လင်မယားမုန့်များပင်ဖြစ်၏။ သူကတော့ သွယ်ပြန်လာလျှင် လက်ဖက်ရည်ဆိုင် တွင် သူနှင့်အတူ လဖက်ရည်သောက်ရင်းစားဖို့ ရုံးမှဆင်းဆင်းခြင်းဝင်ဝယ်ခဲ့ရသည်။ သို့သော် သွယ်ကတော့ သူမ သူငယ်ချင်းများဖြင့် ပျော်မြူးစွာတွေ့ဆုံနေခဲ့ပြီး...၊ သူတစ်ယောက်တည်းထိုင် စောင့်နေခဲ့ရသော လမ်း ဘေးလက်ဖက်ရည်ဆိုင်လေးသို့ အများကြီးနောက်ကျမှရောက်လာ၏။ နောက်ပြီးလိုက်ပို့သောသူကလည်း သူမရဲ့ ရည်းစားဟောင်းဆိုသူ......။ တွေးရင်းနှင့်ပင် သူ့စိတ်ထဲတင်းခနဲဖြစ်မိရသည်။ ထို့အတူ ရင်ဘတ်ထဲ တွင်တစ်လှိုက်လှိုက်ဖြင့်တက်လာသော ဘာရယ်မှန်းမသိသည့်ခံစား ချက်ပြင်းပြင်းက သူ့ကိုပိုမိုစွာ ရိုက်ပုတ် လာခဲ့သလို ဖြစ်လာရပြန်၏။

ထို့ကြောင့်သွယ့်အမေးကို သူပြန်မဖြေတော့ပဲလှည့်ကာတစ်ချက်စိုက်ကြည့်လိုက်ရင်း ကားမှတ်တိုင်ဘေး၊ ခပ် လှမ်းလှမ်းနေရာတွင်ရှိသည့်အမှိုက်ပုံးထဲသို့ မုန့်လင်မယားထည့်ထားသောအိတ်ကို သွားလွှင့်ပစ်လိုက်မိ၏။ သူ သွယ့်အနားသို့ပြန်ရောက်တော့ မိုးရေအနည်းငယ်စိုသွားသော ခေါင်းကိုလက်ဖြင့်ခါမိဆဲ သွယ်ကထပ်ပြီး မေးပြန်လေသည်။

“ဘာတွေလဲလို့....မေးနေတယ်လေမောင်ရယ်”......

“မုန့်လင်မယားတွေ”.....

ပြတ်တောင်းသောအသံဖြင့် သူဖြေရင်း မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်မိသည်။ သူမျက်နှာမလွှဲခင် သွယ့် မျက်နှာလေးညှိုးခနဲတစ်ချက်ဖြစ်သွားတာကိုမြင်ဖြစ်အောင်မြင်လိုက်မိသေး၏။ သူ့ရင်ထဲတွင် သွယ့်ရဲ့တစ် ချိန်က လူကိုတွေ့လိုက်ရစဉ် ညှိုးငယ်သွားရသောစိတ်နှင့် ဘယ်ဟာကပိုသာမလဲဟု သူမတွေးချင်တော့ ပါ.....။

ကားမှတ်တိုင်အပြင်ဖက်တွင်တော့ စောစောကခပ်ကျဲကျဲရွာနေသောမိုးစက်များကတစ်စ,စဖြင့် ပိုမိုသည်း ထန်စွာရွာကျနေခဲ့လေတော့၏။

~~~~~@@@~~~~~

ရန်ကုန်မြို့စွန်ရှိ ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုအတွင်းမှ သူတို့ငှားနေသောသွပ်မိုးပျဉ်ထောင်တစ်ထပ် အိမ်ကလေးမှာ သည်းထန်စွာရွာသွန်းနေသောမိုးရေစက်များအောက်တွင် ပြားပြားဝပ်နေခဲ့ရသလိုရှိနေလေ သည်။ သည်းသည်းမည်းမည်းရွာသွန်းနေသောမိုးရေစက်များကို မလင်းတစ်လင်းညမီးရောင် အောက်တွင် တွေ့နေခဲ့ရ၏။ သစ်သားပြတင်းပေါက်တံခါးကိုမပိတ်ပဲ အနီတွင်ရပ်ကာမိုးစက်များကိုငေးမောနေမိသည့် သူ့ မျက်နှာနှင့် ခန္ဓာကိုယ်အထက်ပိုင်းတော်တော်များများကို မိုးစက်အချို့ကလာရောက်ထိ မှန်နေခဲ့ကြတာ အ ချိန်တစ်ခုပင်ကြာခဲ့ပြီ...။ ပြောရမည်ဆိုလျှင် အိမ်ပြန်ရောက်ပြီးကတည်းက အ၀တ်အစားပင်မလဲနိုင်ပဲ ဒီပြ တင်းပေါက်နားတွင်သူရပ်နေမိခဲ့တာဖြစ်ပါသည်။

“ဟော....မောင်ရယ်၊ ခုထိအ၀တ်အစားမလဲရသေးဘူးလား....။ အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ”....

အိပ်ခန်းထဲဝင်ကာ အ၀တ်အစားလဲပြီးပြန်ထွက်လာသောသွယ်က နောက်နားမှနေပြီး သူ့ကို ညည်းညူသံအ နည်းငယ်စွက်စွာ လှမ်းမေး၏။ နောက်...

“ဟယ်....ကြမ်းပြင်တွေလည်း စိုရွဲကုန်ပါပြီမောင်ရယ်...။ သွားတော့လေ....တစ်ကိုယ်လုံးစိုရွဲနေပြီဟာကို”...


သူ့နှုတ်မှ ဘာမှပြန်မပြောမိ....။ သွယ့်စကားသံတွေ က အပြင်တွင်တိုက်ခတ်နေခဲ့သော မိုးသက်လေ ပြင်းများနှင့်အတူရောနှောကာ သူ့နားထဲသို့ စီးမျော လာတာကို အသာငြိမ်ကာနားထောင်နေလိုက်မိ၏။ သို့သော် ရပ်နေသောနေရာမှခြေမရွေ့မိခဲ့....။ သွယ့် လေသံက ပုံမှန်ပေမယ့် သူ့ ရင်ထဲတွင် ပုံမှန်မဟုတ် စွာခံစားနေခဲ့ရမိတာ ဘာကြောင့်များလဲ...။ ဒီအဖြေ ကို ခုထက်ထိသူရှာမတွေ့နိုင်ခဲ့သေး.....။




“ဒီနေ့ နောက်ကျရတဲ့ကြားထဲ တစ်လမ်းလုံးလည်းဘာစကားမှမပြောဘူး..၊ ဈေးတောင်ဝင်မ၀ယ်ခဲ့ရလို့ ဒီည အိမ်မှာချက်ဖို့ ဘာမှမရှိဘူးလေမောင်ရယ်.....။ သွယ်တို့ ဘာနဲ့စားကြမလဲဟင်”.....

“မင်း...ငါ့အတွက်မပူပါနဲ့....။ မင်းစားချင်တာသာ တစ်ခုခုသွားဝယ်ပြီးစားလိုက်ပေါ့”.....

ပထမဦးဆုံးအကြိမ်အဖြစ် သွယ့်ဖက်ကိုလှည့်ကာ သူပြောမိလိုက်၏။ နောက်ပြီး သူ့လေသံကလည်း အတော် မာသွားသည်ကို ဘာသာပြန်သတိထားမိလိုက်သည်။ မိုးရေစက်များ စွန်းပေနေသောသူ့မျက်နှာသည်လည်း အတော်ပင်တင်းမာနေခဲ့လိမ့်မည်။

“မောင်ဘာဖြစ်လို့ သွယ့်ကို မင်းနဲ့ငါနဲ့သုံးပြီးပြောရတာလည်း....၊ ပြီးတော့ ဒီနေ့သွယ့်သူငယ်ချင်းတွေနဲ့ တွေ့ ဆုံပွဲကိုသွားတာ နည်းနည်းနောက်ကျမှပြန်ရောက်တာကလွဲလို့ သွယ်ဘာအမှားလုပ်မိလို့လည်း”......

နားမလည်စွာဖြင့် သွယ်ကပြန်မေးလာသည်။ အိမ်ထောင်သက်တစ်နှစ်ကျော်ကျော်အတွင်း သူနှင့်သွယ်က တောက်ကဆဖြစ်စွာစကားများမိရတာ အခုအကြိမ်ပထမဦးဆုံးဖြစ်၏။ သွယ့်မျက်ဝန်းထဲတွင် မျက်ရည်ကြည် များရစ်သိုင်းနေခဲ့တာ.....၊ သွယ့်စကားသံအဆုံးတွင် အသံလေးအဖျားခတ်စွာတုန် ယင်သွားတာကို သူ့မျက်စိ ထဲ၊ ရင်ထဲမှနေ သိဖြစ်အောင်သိမြင်ခံစားမိလိုက်သေးသည်။ သို့သော်.....

“ဟုတ်တယ်....၊ မင်းမမှားဘူး...ငါမှားတာ....။ သူငယ်ချင်းဟောင်းတွေ့ဆုံပွဲမှာ ရည်းစားဟောင်းနဲ့တွေ့ပြီး ပြန်လာတဲ့ မိန်းမကို လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်ခံပြီးထိုင်စောင့်နေခဲ့တဲ့ ငါပဲမှားတာ”.....

မရည်ရွယ်စွာဖြင့် သူ့နှုတ်မှစကားတချို့အန်ကျသွားမိရ၏။

“မောင်....ဘယ်လိုပြောလိုက်တာလည်းဟင်....။ ဒီမှာမောင်...ရည်းစားဟောင်းနဲ့တိတ်တိတ်ပုန်းချိန်းတွေ့ ချင်ရင်လေ...ဟောဒီရန်ကုန်မြို့ကြီးထဲမှာ နေရာတွေအများကြီးပါ”.....

မခံချင်စိတ်တစ်ဝက်ဖြင့် ပြန်ပြောနေသောသွယ့်အသံကို သူနားထောင်နေလိုက်မိပြန်သည်။ သွယ့်မျက်နှာ လေးသည်လည်း မခံချင်စိတ်နှင့် ဒေါသရောစွက်ကာ အနည်းငယ်နီမြန်းနေခဲ့သည်ထင်ရ၏။

“ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ အလကားပါမောင်.....။ ပုန်းပြီးမဟုတ်တာကိုလုပ်ချင်ရင် ဒီရန်ကုန်မြို့ကြီး ထဲမှာ နေရာတွေမှ အများကြီးပါ....။

မင်းလွင်နဲ့ သွယ့်အကြောင်းကို သွယ်ဖက်က ရိုးသားလို့ မောင့်ကိုအစောကြီးကတည်းကသွယ်ပြောပြထားပြီး သားပါမောင်....။ ပြီးတော့ ဒီနေ့လည်း သူတို့ကမောင့်ကိုတစ်ကယ်တွေ့ချင်တယ်ဆိုလို့ လိုက်ပို့ရင်းလိုက်လာ ကြတာ....။ သွယ်နဲ့သူတို့နှစ်ယောက်တည်းတင်မဟုတ်ပါဘူး...။ ရပ်ထားခဲ့တဲ့ကားပေါ်မှာ နောက်ထပ်သူငယ် ချင်းနှစ်ယောက်တောင်ပါပါသေးတယ်.....။ အခုသူလည်း...ပြည်ပမှာ သူ့အိမ်ထောင်နဲ့သူ...၊ သွယ်လည်း ဒီမှာ သွယ်သိပ်ချစ်တဲ့မောင်နဲ့အတူ အိမ်ထောင်ကျထားပြီးသား...။ အစကတည်းက ပြည်ပမှာအခြေချချင်တဲ့ သူနဲ့ သွယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ရှင်းရှင်းပြတ်ပြတ်လမ်းခွဲခဲ့ကြပြီးသား....။ မောင့်ဘာသာ တစ်ဖက်သတ်အတွေးနဲ့ သ၀န်တိုပြီး သွယ့်ကိုလာစွပ်စွဲမနေနဲ့”......

ပြောရင်း စီးကျလာသောမျက်ရည်များကို လက်ဖမိုးနှစ်ဖက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သော သွယ့်ကို သူငေးကြည့်နေလိုက်မိသည်။ သ၀န်တိုနေတာတဲ့....။ သွယ်ကသူ့ကိုပြောသည်။ သူသ၀န်တိုနေတာတဲ့....။

“ပြီးတော့ မောင့်ကို သွယ်တစ်ကယ်မချစ်ရင် မိဘတွေရဲ့အစွန့်ပစ်ခံပြီး မောင့်နောက်ကိုတောင်လိုက်လာမှာ မဟုတ်ဘူး...။ ပိုင်ဆိုင်မှုတွေ ပိုက်ဆံတွေကိုမက်ရင် သွယ်အခုမောင်နဲ့အတူရှိနေမှာမဟုတ်ပါဘူး..၊ မောင့်ရဲ့ သ၀န်တိုမှုတွေက သွယ့်ကို ဒီတစ်ညနေလုံးလောင်မြိုက်စေခဲ့ပါပြီမောင်ရယ်”.....

ငိုရှိုက်သံသဲ့သဲ့ဖြင့် ပြောနေသောသွယ့်စကားသံကို အံကြိတ်ကာနားထောင်ရင်း သူ့ကိုယ်သူ သတိထား မိလာခဲ့ရသည်။ ဟုတ်သည်....။

“ဟုတ်တယ်ကွာ....ငါသ၀န်တိုတယ်ကွာ....။ အဲ့ဒါမင်းကိုချစ်လို့ သ၀န်တိုတာ....။ မင်းကိုချစ်လို့ သ၀န်တို တာ ....ကဲကွာ.....ကဲကွာ”......

စိတ်မထိန်းနိုင်စွာဖြင့် ပြတင်းပေါက်ဘေးမှနံရံကို သူလက်သီးဖြင့်ထိုးမိသည်။ သွယ့်ကိုနာကျင်အောင် သူမ လုပ်ရက်တာမို့ဖြစ်၏။ တစ်ချက်၊ နှစ်ချက်.....၊ သုံးချက်မြောက်တွင်....သူ့လက်ကို သွယ်ကအတင်းဝင်ဆွဲ ရင်း

“တော်ပါတော့မောင်ရယ်.....။ လက်တွေနာကုန်တော့မယ်...။ သွယ်ပြန်ပြောလို့ သွယ့်ကိုစိတ်ဆိုးတယ် ဆိုရင် သွယ့်ကို ရိုက်ပစ်လိုက်ပါမောင်”....

ငိုရှိုက်သံများဖြင့် ဗလုံးဗထွေးပြောနေသော သွယ်သည် အလွန်သနားစရာကောင်းနေခဲ့၏။ သို့သော် သွယ့် လက်ထဲမှသူ့လက်ကို အတင်းရုန်းထွက်ခဲ့လိုက်ရင်း အိပ်ခန်းထဲသို့ သူဝင်ခဲ့လိုက်သည်။ အမြဲလိုလိုပျော်စရာ ကောင်းစွာ ချမ်းမြေ့ခဲ့ရသော သူတို့နှစ်ယောက်ရဲ့ရိပ်မြုံလေးသည် ခုညတော့ သူ့သ၀န်တိုမှုများဖြင့် အ ကျည်းတန်ခဲ့ရပြီထင်၏။

ခုတင်ပေါ်တွင် ၀ုန်းကနဲသူမှောက်ချလိုက်မိသည်။ ဈေးသိပ်မကြီးသော မွေ့ယာခပ်ပါးပါးလေးတွင် သွယ့်ကိုယ် သင်းရနံ့လေးက သင်းမြနေခဲ့သလိုလို.....။ မှောက်ထားရင်း...သူ့မျက်ဝန်းမှ မျက်ရည်တွေစီးကျ လာသည်ထင်ရ၏။ အခက်အခဲအမျိုးမျိုးကြားမှ သူကြိုးစားရယူခဲ့မိရသော အမြတ်နိုးဆုံးသွယ့်ကို သူအဆုံးအ ရှုံးမခံနိုင်ပါ...။ သွယ့်ဖက်က ရိုးသားနေခဲ့တာ သိနေခဲ့လျှက်နှင့် မရည်ရွယ်စွာ အပြစ်ရှာရန်လုပ်မိသလိုဖြစ် သွားရသော သူ့ ကိုယ်သူလည်း....ခွင့်မလွှတ်ချင်တော့...။ ဘာကွာခြားချက်မှ သိပ်မရှိပဲ အကြောင်းပြချက် တစ်စုံတရာကင်းမဲ့စွာ သူတို့နှစ်ယောက်အားစွန့်ပစ်ခဲ့ကြသော နှစ်ဖက်မိဘများကြောင့် လောလောဆယ် တွင် သွယ့်အတွက်အားကိုးစရာခင်ပွန်းဆိုသည်မှာသူ....၊ သူ့အတွက် တွယ်တာစရာဆိုတာ...သွယ်တစ် ယောက်တည်း..။ ဒီအခြေအနေမှာ သွယ်သူ့ကိုထားသွားမလားဟု သူတွေးမိပူပန်မိရတာ သွယ်သိလျှင်အ ပြစ်ဆိုမလား....။ ဒါကြောင့်ပဲ သူပေါက်ကွဲမိတာဆိုလျှင်ရော....။ နှစ်ယောက်တစ်အိပ်မက်ဟု ဆိုလျှင်ရနိုင် သော သူနှင့်သွယ်တို့နှစ်ဦးရဲ့ အိပ်မက်ထဲတွင် သွယ်မရှိပဲ သူတစ်ယောက်တည်း ဘယ်လိုမှ အိပ်မက်ဆက် မက်ဖို့ မဖြစ်နိုင်ပါ....။

ဘာပဲဖြစ်ဖြစ် သူ့ကြောင့် သွယ်နာကျင်ထိခိုက်သွားရမှာကို သူလုံးဝမလိုလားပါ....။ သူသည် သွယ်အား ကိုးစွာ ချစ်ခင်ရသော ခင်ပွန်းကောင်းတစ်ယောက်အဖြစ်သာတစ်လျှောက်လုံးရပ်တည်သွားမိချင်ပါသည်။ သူ့ကိုမုန်း တီးစွာရွံ့ကြောက်နေမှာကို မလိုလားပါ.....။ သူ့မျက်ရည်တွေထပ်မံကျဆင်းလာပြန်ပါသည်။ ယောက်ျားဖြစ်တဲ့ သူ့မျက်လုံးတွေလည်း.....ငိုတတ်ပါသည်။ သူထပ်ငိုရှိုက်မိပြန်သည်ထင်၏။

ထိုစဉ်ညင်သာသောခြေသံလေးကို သူ့နားထဲကြားလိုက်ရ၏။ သွယ်ဝင်လာတာဖြစ်မည်။ ထို့ကြောင့် မျက်ရည် များကို မှောက်လျှက်အနေအထားမှ ပခုံးဖြင့် သူပွတ်သုတ်လိုက်မိသည်။ စောစောက နံရံကို ထိုးခဲ့သော သူ့ ရဲ့ လက်တစ်ဖက်ကို သွယ်ကအတင်းဆွဲယူသည်။ နောက်....လက်သီးဆုပ်ထားဆဲ သူ့လက်ကို အတင်းဖြေ ကာကြည့်ရင်း......

“ကြည့်စမ်းပါဦး....ဂစ်တာတီးတတ်တဲ့ မောင့်လက်ကလေးတွေ ပေါက်ပြဲကုန်ပြီ”....

ညည်းညူသံတစ်ဝက်၊ ရှိုက်သံတစ်ဖက်ဖြင့် သွယ်ကငိုရင်းသူမတစ်ယောက်တည်းတီးတိုးဆို၏။ နောက် ငိုရင်း ဆေးထည့်ကာ ပတ်တီးစီးပေးနေလေသည်။ သွယ့်အပြုအစုများကြောင့် သူ့မျက်ရည်တွေထပ်ကျလာမိတာ ကို တစ်ဖက်ပခုံးဖြင့် ပွတ်သုတ်မိ၏။ သွယ်ပတ်တီးစီးပြီးသွားတော့ သူထ,ထိုင်လိုက်သည်။ သွယ့်ဖက်ကို မျက်နှာမလှည့်ပဲ ခပ်စောင်းစောင်းလွှဲရင်း အိပ်ခန်းအပြင်သို့ သူထွက်ခဲ့တော့ သွယ်ကနောက်မှ လိုက်လာ၏။ သူ့မျက်ရည်များ...သိပ်မစင်သေးဟု ကိုယ့်ကိုယ်ကိုထင်တာမို့ သူသွယ့်ကို မျက်နှာလွှဲထားမိခြင်းသာ.....။ အိမ်ရှေ့ဖိနပ်ချွတ်တွင်ထောင်ထားသော ထီးကလေးကိုယူရင်း....ဖိနပ်စီးကာ အိမ်ပေါ်မှ သူဆင်းဟန်ပြင် တော့ အသံတိုးတိုးလေးဖြင့်ငိုရှိုက်ကာ သွယ်ကမေးပြန်လေသည်။

“ဘယ်သွားမလို့လဲမောင်..၊ အခုမိုးတွေမှောင်မည်းပြီး သည်းနေတာ.....။ အိမ်မှာသွယ်တစ်ယောက်တည်း ရယ်”......

သူထီးကိုဖွင့်ရင်း နောက်ပြန်မလှည့်ပဲလေသံပျော့ပျော့ဖြင့် ပြန်ဖြေမိသည်။

“လမ်းထိပ်မှာ ထမင်းနဲ့စားဖို့ ၀က်ခေါင်းသုပ်နဲ့ ၀က်ခြေထောက်စွပ်ပြုတ်သွားဝယ်မလို့”.....

သွယ့်ထံမှ ဘာသံမှထပ်ထွက်မလာတော့......။ တစ်ကယ်တော့ ၀က်ခေါင်းသုပ်နှင့် ၀က်ခြေထောက် စွပ်ပြုတ်စသော အစားအစာများသည် သွယ်သိပ်နှစ်သက်တတ်သော အစားအစာများမဟုတ်ပါလား......။

~~~~~@@@~~~~~

အိမ်အပြင်ဖက်တွင်မိုးများသည်းထန်စွာရွာသွန်းနေသည်။ ရေ၀ပ်နေသောချိုင့်ခွက်များကိုပင်မရှောင် တော့ပဲ သူနင်းဖြတ်ခဲ့မိ၏။ နောက် စိတ်ထဲမှနေလည်းတွေးလိုက်မိပြန်သည်။

သွယ်တစ်ယောက် ခုချိန်လောက်များဆိုလျှင်ဗိုက်ဆာနေလောက်ပြီ....။
လက်ထဲမှ ၀က်ခေါင်းသုပ်နှင့်ဝက်ခြေထောက်စွပ်ပြုတ်ရနံ့က မိုးသက်လေထဲတွင် မွှေးပျံ့လာသလိုရှိ၏။     ။

                                 ~~~~~@@@~~~~~@@@~~~~~@@@~~~~~

========================================================
နေမကောင်းမဖြစ်ခင်တုန်းက မောင်နှမတွေရဲ့ဘလော့ဂ်တွေမှာ တူတာမတူတာတွေလိုက်ဖတ်ရင်း ရေးဖြစ်ခဲ့ တဲ့ရေးလက်စ ၀တ္တုလေးကို အဆုံးသတ်လိုက်တာပါ....။
အိမ်မှာတစ်ယောက်တည်းနေရရင်း....ခေါင်းမူးမူးနဲ့ ဆက်ရေးလိုက်ရလို့ အားနည်းချက်တွေရှိခဲ့ရင် ခွင့်လွှတ်ပါလို့ခင်ဗျာ......။ ပုံလေးတွေကလည်း....မူးမူးနဲ့ လျှောက်လုပ်ထားတာပါ....။ ဖြည့်စွက်ခံစားပေးကြပါလို့.....။ ကျန်းမာရေးလည်း...ဂရုစိုက်နေပါတယ်ခင်ဗျာ..။ မနေချင်သောရက်စွဲများမှာ ကျွန်တော့်ကိုဆုတောင်းပေးကြသူတွေနဲ့ ကဗျာလေးရေးပေးတဲ့ ကိုမောင့်ကိုလည်း ကျေးဇူးပါပဲဗျာ.......။
========================================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(နိဂုံးမဲ့တေးသွား...)

Sunday, July 18, 2010

မနေချင်သော ရက်စွဲများ......




မှောင်လိုက်တာ....။

ရင်ဘတ်ထဲမှာတစ်လှပ်လှပ်နဲ့ ပန်းတွေနွမ်းကုန်ကြပြီလား...။ အေးလည်းအေးလိုက်တာ...။ ငါ့အခန်းထဲမှာ အေးစက်စက်နဲ့ မသာယာတဲ့အငွေ့အသက်တွေ ကခုန်မြူးထူးလို့...။ မူးတယ်...။ ချာလည်နေတာ ငါပဲလား၊ ဒါမှမဟုတ်ရင် ငါရှင်သန်ဖြစ်တည်ခဲ့တဲ့ ကမ္ဘာကြီးပဲလား။ ဖြေမယ့်သူ ဘယ်မှာလည်း။ မောလိုက်တာ...။



ငါ....
ဘယ်မှာလည်းငါ.....။
ပျောက်ဆုံးသွာြး့ပီလား...။ မဖြစ်သေးဘူး၊ ငါပျောက်ဆုံးသွားလို့ မဖြစ်သေးဘူး။ ငါ့အတွက် လုပ်စရာတွေ...။ အား... မစဉ်းစားချင်တော့ဘူး။ ပိုမူးလာပြီ...။ မောတယ်....။ မူးတယ်.....။ ပြီးတော့ ငါ့အခန်းက မှောင် လိုက်တာ...။ မီးဖွင့်မယ်....။ မီးလင်းလာရင် ငါနေသာမယ်ထင်တယ်....။

ဟေ့ရောင်....ဘာဖြစ်လို့ပျော့ခွေနေတာလည်း...။ မင်းပဲအရင်တုန်းက မင်းကိုယ်မင်းသိပ်ကျန်းမာတယ်ဆို..။ ပြောဦးလေခု...။ ပျော့ခွေမနေနဲ့။ မဟုတ်ဘူး.....ငါ....ငါ...ပျော့ခွေမနေချင်ဘူး.....။ ငါ....အလုပ်လုပ် ချင်မိတယ်...။ အိမ်က ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ ငါမနေချင်တော့ဘူး...။ စာတွေလည်းရေးချင်တယ်....။ ဖတ်ချင်တယ်......။ ငါ့နုတ်ဘွတ်ခ်လေးရော....။ ဟော....ဟိုမှာပိတ်လျှက် သားလေးပါလား....။

မီးခလုတ်.....ဘယ်မှာလည်း....။ ဟော.....တွေ့ပြီ....။ ဒီမှာပဲ၊ ကဲကွာ.....လင်းလိုက်စမ်း....။ ဟာ..မီးအ လင်းရောင်ကလည်း.....မျက်စိစူးလိုက်တာ.....။ ဘာကိုမှစိတ်တိုင်းမကျပါလား....။ မီးအလင်းရောင် အောက်မှာ ငါ့အခန်းထဲကပစ္စည်းတွေ.....ဘယ်တွေလျှောက်ရွေ့နေတာပါလိမ့်..။ တစ်မြည့်မြည့်နဲ့ လိမ့်သွား နေကြတယ်...။ ငါလိုက်ဖမ်းလိုက်ရမလား....။

ဟင့်အင်း.......နေရာကတောင်ရွေ့ဖို့ ငါ့မှာအစွမ်းမရှိတော့သလိုပါပဲ.....။ ဘာတွေဖြစ်နေတာလည်း။ အားလုံးက ပုံမှန်ဖြစ်ပြီး....ငါပဲပုံမှန်မဟုတ်တာလား.....။ မောလိုက်တာ.....။

ဆေး...။ ခုမှသတိရတယ်.....။ ငါဆေးသောက်ရဦးမယ်....။ ဒါမှ ငါမူးနေတဲ့ဘေးဒဏ်က လွန်မြောက် ခွင့်ရမှာ၊ မေမေ့ကိုလွမ်းလိုက်တာ....။ ဒါပေမယ့် သူတို့သိလို့မဖြစ်ပါဘူး.....။ ငါ့ကိုစိတ်ပူပြီး.....စိတ်ဒုက္ခ ရောက်ရုံပဲရှိမှာ ....။

တောက်.....ဒီဆေးတွေကို ပလတ်စတစ်အိတ်ထဲကထုတ်တာတောင် ငါ့လက်ထဲကနေလွတ်ကျရသေး တယ်။ ငါ့လက်တွေဘာလို့ ဒီလောက်တုန်နေတာပါလိမ့်....။ ဖောက်ပြန်လိုက်တဲ့ ခန္ဓာကိုယ်.....။ သစ္စာမရှိသူတွေကို စာရင်းချုပ်လိုက်ရင် ဒင်းရှေ့ဆုံးကနေမှာ....။ ဟော...ဟိုစာအုပ်စင်ထောင့်မှာ လိမ့် သွားတဲ့ဆေးလုံး...၊ ပြန်ပြီး ကောက်ဦးမှ....။ အင်း....နည်းနည်းလေးနေရာရွေ့တာတောင် မူးလိုက်တာ.....။ ယောက်ျားလေးဖြစ်ပြီးတော့ မင်းကွာ.....။ နည်းနည်းတင်းမထားနိုင်ဘူး.....။

ဆေးသောက်ဖို့ရေ....ဘယ်မှာလည်း....။ သြော်....ရေဗူးကဒီမှာ.....။ အင်း...ရေလည်းမရှိတော့ပါလား။ နေပစေကွာ...။ ဒီအတိုင်းပဲမြိုချလိုက်တော့မယ်....။ ငါသွားမခပ်နိုင်ဘူး....။ နေရာကတောင်မရွေ့ချင် တော့ဘူး...။ မောလိုက်တာ....။ အား.....လည်ချောင်းထဲမှာ ဆေးတွေ နင်နေသလိုပဲ.....။ တံတွေးမျိုချ လိုက်မှပါ....။ ဆေးသောက်ပြီးရင် အစားစားရမယ်....။ ဆရာဝန်ပြောတယ်။ ငါဘာစားရမလဲ....။ တွေ့ပြီ..။ ဒီမှာပေါင်မုန့်ထုပ်။ တစ်ချပ်လောက်ဝါးစားဦးမှပါ။ တော်ကြာဆေးဒဏ်ကို ငါမခံနိုင်ပဲပိုဆိုးလာမယ်....။ ပေါင်မုန့်တစ်ချပ်စားရတာ စိတ်မရှည်လိုက်တာ....။ အာခေါင်မှာ သိပ်ကပ်တာပဲ.....။ တော်ပြီ.....။ ခဏလောက်ပြန်မှိန်းနေလိုက်ဦးမှ။ အိပ်ယာကနိုးလာရင် ငါသက်သာလာမယ်ထင်တယ်.....။ ဟုတ်တယ်...။ ငါဆေးသောက်ထားတာပဲ၊ သက် သာလာမယ်ထင်ပါတယ်လေ......။

~~~~~@@~~~~~

ချွင်.....

ဟော.....အပြင်ဖက်က အသံတွေကြားရတယ်....။ ဧကန္နတော့ သူတို့သောက်ကြတော့မယ်နဲ့ တူပါရဲ့....။ အေးလေ...လစာထုတ်ပြီးကာစကိုး....။ သူတို့ပြန်ရောက်တာ...ငါမသိလိုက်ပါလား...။ ခုမှပြန်နိုးတယ်...။ အေးလိုက်တာ....။ ငါ့ခေါင်းမူးတာသက်သာသွားပြီလား....ထ,ကြည့်ဦးမှ။ အား...နာလိုက်တာ...။ ငါဘာဖြစ် လို့ လဲကျသွားရတာပါလိမ့်။ မူးတာတွေငါ....မပျောက်သေးဘူးကိုး.....။ ဟား...နောက်ထပ် ငါဘယ်နှစ်ရက် ခံစားရဦးမှာပါလိမ့်။ ဆရာဝန်ပေးတဲ့ဆေးတွေသောက်ပြီးတော့လည်း....မထူးသလိုပဲ။ သေခါနီးဆိုရင်တော့ ငါမြန်မာပြည်အရင်ပြန်မယ်....။ မေမေတို့ရှေ့မှာပဲ သေမယ်....။ ဘယ်နေရာမှာမှ ငါမသေချင်ဘူး။

“ဟေ့ကောင်.....ဖြည်းဖြည်းလုပ်ကွ.....အစ်ကိုကြီးနေမကောင်းသေးဘူးနဲ့တူတယ်”.....

ဟော......အပြင်ဘက်ကစကားပြောသံသဲ့သဲ့ကိုကြားရတယ်.....။ စိတ်မကောင်းလိုက်တာ....။ ငါ့သူငယ်ချင်း ညီအစ်ကိုတွေခမြာ ငါ့ကြောင့်စိတ်လွတ်လက်လွတ်မပျော်ရရှာဘူး...။ ငါနေမကောင်းဖြစ်ရင် သူတို့မှာ စိတ် တွေပူကြရတယ်....။ အနေကျုံ့ကြရတယ်....။ မဖြစ်ပါဘူး...။ ငါနေအမြန်ကောင်း အောင်ကြိုးစားရမယ်....။ အလုပ်ထဲက ငါ့ညီလေးတွေလည်း ပင်ပန်းနေကြရော့မယ်....။ ဘော့စ်ကလည်း ဖုန်းဆက်သေးတယ်ထင် တယ်.....။ ငါ့ဖုန်းထဲမှာ miss callတွေအများကြီးပဲ.....။ မက်ဆေ့ခ်ျတွေရော....။

မူးလိုက်တာ......။ ငါဘာရောဂါဖြစ်တာပါလိမ့်....။ ဆရာဝန်ကလည်း ငါ့ကို ဘာမှသေချာမပြောပါလား......။ ဆေးသောက်ဦးမှပါ.....။

ဟော....ငါ့အခန်းတံခါးပွင့်လာပြီ.....။ ဘယ်သူ ၀င်လာတာလဲ.....။

“အစ်ကိုကြီး....ဆန်ပြုတ်သောက်မယ်”......

ဟာ....ငါမျက်ရည်ဘာဖြစ်လို့ ၀ဲရတာလည်း.....။ မေမေ့ကိုလွမ်းလို့လား.....။ ဒါမှမဟုတ်.......ငါ့ညီလေး တွေက သူတို့ပြန်လာချိန်မှာငါ့ကို ဂရုတစ်စိုက်နဲ့ ပြုစုကြလို့လား.....။ တွေးမနေတော့ပါဘူး....။ ထဦးမှပါ...။ သူတို့ရှေ့မှာ နည်းနည်းတင်းထားဦးမှ....။ နို့မို့ငါ့ကိုပိုစိုးရိမ်နေကြဦးမယ်......။

ဆန်ပြုတ်ပန်းကန်က အငွေ့တစ်ထောင်းထောင်းနဲ့.....။ သောက်လိုက်ရင် အားရှိမယ်ထင်တယ်.....။ ဒါသောက်ပြီးမှပဲ ဆေးသောက်တော့မယ်......။

“အစ်ကိုကြီး သက်သာလား”......

ညီတစ်ယောက်က မေးတယ်....။ ငါ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ဦးမှ...။ အိုး....ခေါင်းတွေက မူးလိုက်တာ.....။ မောလည်း...မောလာပြန်ပြီ....။ ။

                            ~~~~~~@@@~~~~~~@@@~~~~~@@@~~~~~



ပုံကလေးကို ဒီနေရာက ယူသုံးပါတယ်ဗျာ...။
=====================================================
မနေသာခဲ့သော နေ့စွဲများထဲမှာ ပိတ်မိနေဆဲပါပဲ......။ လွတ်ခါနီးပြီထင်ပါရဲ့ဗျာ။
=====================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

Thursday, July 15, 2010

အဝေးကမြက်ခင်း




ရိပ်ကောင်းစွာရစေသောသစ်ပင်များအုပ်ဆိုင်းဆိုင်း..၊ ညို့မှိုင်းမှိုင်း ပေါက်ရောက်နေခဲ့သောလမ်းမများ၊ လွင်တီးခေါင်ခေါင်ဖြင့် ဖုန်ထူထူ၊ နေပူပူလမ်းမများ၊ ကွေ့ကောက်စွာစီးဆင်းနေခဲ့သော မြစ်၊ ချောင်းများ စ သည်တို့ကိုကျော်လွန်ဖြတ်သန်းကာ သူခရီးနှင်နေခဲ့မိ၏။ မိုးကောင်းကင်ပြာပြာကြီးအောက်မှ ပင်လယ်ကမ်း ရိုးတန်းတစ်ခုကို ခက်ခဲစွာလွန်မြောက်ဖြတ်သန်းခဲ့ပြီးတော့ သူ့မြင်ကွင်းထဲကို ၀င်ရောက်လာတာက စိမ်း လန်းစိုပြေနေသော မြက်ခင်းပြင်ကျယ်ကြီးတစ်ခု....။


မျက်စိတစ်ဆုံးလှမ်းမြင်နေရသောမြက်ခင်းပြင်စိမ်းစိမ်းကြီးမှာ မိုးကုတ်စက်ဝိုင်းနှင့်ထိစပ်နေပြီဟုပင် ထင်နေရ လောက်အောင် ရှည်လျားကျယ်ပြောလွန်းလှပါသည်။ သူနှင့်မြက်ခင်းစိမ်းစိမ်းကြီးရဲ့အကြားတွင် ဘာအခုအ ခံ အတားအဆီးမှမရှိခဲ့....။ လေနုလေအေးချိုမြမြတို့က သူ့ကိုပွတ်တိုက်ကျီစယ်စွာ ခပ်မျှင်းမျှင်းတို့ထိ တိုက် ခတ်နေခဲ့ကြလေ၏။

“ဟေး”.......

ရွှင်လန်းစွာဖြင့် သံကုန်ဟစ်ကာ သူအော်ဟစ်လိုက်သည်။ မျက်စိရှေ့မှ မြက်ခင်းစိမ်းစိမ်းကြီးကိုကြည့်နေရင်း သူ့ရင်ထဲ၊ နောက် စိတ်ထဲတွင်ပါ အလိုလိုနေရင်း ပျော်မြူးလာခဲ့တာမို့ ရည်ရွယ်ချက်မဲ့စွာ ဟစ်အော်လိုက်မိခဲ့ ခြင်းသာ....။

မြက်ခင်းအစပ်တွင်ရပ်နေရာမှ ခြေတစ်ဖက်ကိုမြက်ခင်းအတွင်းသို့ ချနင်းလိုက်သည်။ သူ့ဒူးဆစ်နားလောက် အထိရှည်လျှားသော အိနွဲ့နွဲ့မြက်ပင်စိမ်းစိမ်းလေးများရဲ့အေးမြမြအထိအတွေ့ကို စတင်ခံစားမိရ၏။ ထို့ ကြောင့် နောက်တစ်လှမ်း သူထပ်လှမ်းမိလိုက်သည်။ ပြီးတော့ နောက်ထပ် ခြေတစ်လှမ်း၊ နှစ်လှမ်း စ သည်ဖြင့်.....။

နောက်တော့ မျက်စိတစ်ဆုံးရှည်လျားကျယ်ပြန့်ပြောလှသော မြက်ခင်းလွင်ပြင်ကျယ်ကျယ်ကြီးထဲတွင် နှစ် သက်ပျော်ရွှင်စွာဖြင့် သူလျှောက်လှမ်းနေမိခဲ့တော့လေသည်။ အတန်ကြာကြာလှမ်းလျှောက်နေခဲ့ရင်း မြက် ခင်းထဲသို့ ရောက်မှန်းမသိလိုက်ရလောက်အောင်ပင် တစ်စ,စနှင့် သူရောက်လာခဲ့မိ၏။ နောက်ပြန်လှည့်ကာ ကြည့်မိတော့ သူစတင်နင်းဖြတ်ခဲ့သော မြက်ခင်းအစပ်နေရာလေးသည် သူ့နောက်ကွယ် ဟိုး...ခပ်ဝေးဝေးက နေရာတစ်ခုတွင် ရေးပြပြသာမြင်နေရတော့သည်။

မြက်ခင်းထဲတွင်လှမ်းလျှောက်နေခဲ့ရင်း တစ်နေရာရောက်ခဲ့တော့ စိတ်ကူးပေါက်စွာဖြင့် သူ့ခြေထောက်နားမှ မြက်ပင်လေးတစ်ပင်ကိုဆွဲနှုတ်ကာ အပင်ထိပ်ဖျားလေးကို စိတ်ကူးယဉ်ဆန်ဆန်နမ်းကြည့်မိလိုက်သည်။ သူ့ အကြည့်အောက်မှ မြက်ပင်လေးရဲ့အရောင်က စိမ်းမြမြ၊ ရနံ့စိမ်းက စူးရှရှ....။ သို့သော် နှစ်သက်ဖွယ်ရာ ရနံ့...။

လေယူရာအရပ်ဆီသို့ တစ်ငဲ့ငဲ့ဖြင့် လှိုင်းထသလို ဟိုဒီလိုက်ပါယိမ်းနွဲ့နေကြသော မြက်ခင်းပြင်ကျယ်ကြီးထဲမှ မြက်ပင်များကို တစ်ချက်လှမ်းမျှော်ငေးကြည့်မိရင်း သူ့စိတ်ထဲတွင်တွေးထင်မိလိုက်၏။ ဆုံးစမရှိအောင်ကျယ် ပြောလှသည်ထင်ရသော ဒီကွင်းပြင်ကြီးထဲမှမြက်ပင်ကလေးများအားလုံး သူ့လက်ထဲကမြက်ပင်ကလေးလို စိမ်းစိုလန်းဆန်းနေခဲ့ပေလိမ့်မည်ဟူ၍.....။

သာယာသောပတ်ဝန်းကျင်တွင် လွတ်လပ်ပေါ့ပါးသော စိတ်ကူးနှင့်အတွေးတို့ ရောနှောမွှေနှောက်စွာ သူ့အာရုံတွင် စီးမျောဖြန့်ကျက်နေခဲ့ကြရင်း သူဆက်လျှောက်နေမိ၏။ တစ်နေရာအရောက်တွင် မြက်ခင်းပြင်အထက်လတ်ဆတ်သင်းမြနေသော လေထုထဲမှ ရနံ့ဆိုးတစ်ခုကို သူရှူရှိုက်မိလိုက်ရသည်။ သူ့မျက်မှောင်အစုံကုပ်သွားမိခဲ့၏။ ဒီလောက်သာယာနေတဲ့မြက်ခင်းပြင်ကြီးထဲမှာ ဘယ်အရာကများ ရနံ့ဆိုး ကိုဖြစ်ပေါ်နေစေခဲ့တာပါလိမ့်....ဟုတွေးမိသွားသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့်အစတုန်းကလို အဝေးကိုငေးမနေတော့ပဲ ခြေရင်းနားမှာရှိသည့်မြက်ပင်များကြားသို့စူးစမ်းစွာဖြင့် ကြည့်ရင်း အဖြေရှာကာ သူဆက်လျှောက်လာမိခဲ့၏။ နည်းနည်းထပ်လျှောက်လာခဲ့မိတော့ ယင်ကောင်မည်းမည်းကြီးတစ်အုပ် သူ့ရှေ့ခပ်လှမ်းလှမ်းမှ ၀ုန်းကနည်းထ,ပျံသွားတာကိုတွေ့လိုက်ရသည်။ ထိုအခါ ရနံ့ဆိုးဆိုးက သူ့အနံ့ခံအာရုံထဲကို ပိုမိုစူးရှစွာထိုးဖောက်လာပြန်လေတော့၏။

သိချင်စိတ်ဖြင့် ထိုနေရာကိုသူသွားကြည့်မိတော့ အရည်တရွှဲရွှဲဖြင့် ပုပ်စပြုနေပြီဖြစ်သော မြေတွင်း အောင်း သတ္တ၀ါအသေတစ်ကောင်ကိုတွေ့လိုက်ရသည်။ သူကြည့်နေစဉ်ခဏမှာပင် ယင်ကောင်မည်း မည်းကြီးများက တစ်ကျော့ပြန်လာကာ တစ်ဝီ၀ီမြည်သံပေးရင်း ထိုအသေကောင်ပေါ်တွင် အလုအယက်နား ခိုကြပြန်လေ၏။ ထိုအခါ အပုပ်နံ့က အသေကောင်ဆီမှနေပြီး ပိုမိုဆိုးဝါးစွာလွင့်ပျံတက်လာခဲ့ရသလိုပင်....။ သူ့ရင်ထဲတွင် မအီမသာဖြင့် အော်ဂလီဆန်စွာ ပျို့တက်လာခဲ့ရ၏။ ထို့ကြောင့် နှာခေါင်းကိုလက်ဖြင့်ပိတ်ရင်း အသေကောင်ကို ရှောင်ကွင်းကာ ထိုနေရာမှဝေးရာဆီသို့ ပြေးထွက်ခဲ့မိသည်။

အနံ့ဆိုးက သူနှင့်တစ်ဖြည်းဖြည်း ဝေး၍သွား၏။ ခြေထောက်နားမှမြက်ပင်များကို သူဂရုစိုက်ကာကြည့်ရင်း လျှောက်လာမိတော့ မြင်တွေ့ရသည့်မြက်ပင်များက သူထင်ထားခဲ့သလိုမဟုတ်တော့...။ သူထင်ထားခဲ့သ လို မြက်ပင်များက သန်စွမ်းမနေခဲ့ကြ၊ စိမ်းလန်းမနေခဲ့ကြပါ.......။ စိမ်းမြစွာသန်စွမ်းနေခဲ့သော မြက်ပင်များ ကြားထဲတွင် အချို့က ကြုံလှီစွာဖြင့်၊ အချို့က ညှိုးနွမ်းစွာဖြင့်၊ အချို့က သွေ့ခြောက်လျှက်၊ အချို့ကမွဲပြာစွာ သွေ့ခြောက်လျှက်၊ အချို့က သေဆုံးလျှက်...စသည်ဖြင့် ရောနှောပေါက်နေကြလေတာတွေ့လိုက်ရ၏။

မြက်ခင်းပြင်ကြီးထဲတွင် မြက်ပင်များအားလုံးစိမ်းလန်းစွာ သန်စွမ်းမနေခဲ့ကြ....။

သူဆက်လျှောက်လာမိခဲ့ပြန်သည်။

သို့သော် ကြာလာတော့ မြက်ပင်များကိုငုံ့ကြည့်ရင်းလျှောက်လာရတာ ရိုးအီလာတာမို့ စောစောကလိုပင် အ ဝေးကိုငေးကာလျှောက်နေမိပြန်လေတော့သည်။ သူ့မြင်ကွင်းထဲတွင် အဝေးမှမြက်ပင်များသည် စိမ်းလန်းနေ ခဲ့ကြဆဲ.....။

လတ်ဆတ်သောလေထုကိုရှူရှိုက်ရင်း၊ မြက်ခင်းစိမ်းစိမ်းကိုငေးမောရင်း ဆက်လျှောက်လာမိသောသူ...၊ တစ်နေရာအရောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဟာ,ခနဲဖြစ်ကာ ဟန်ချက်ပျက်သွားရင်း လဲပြိုသွားမိရလေ ၏။ အဝေးကိုငေးရင်းလျှောက်နေမိသောသူ့ခြေထောက်များက မြက်ပင်များနှင့်ဖုံးလွှမ်းနေခဲ့သော ချိုင့်ခွက် တစ်ခုကိုမြင်နိုင်စွမ်းမရှိခဲ့ရတာမို့ဖြစ်သည်။ ချိုင့်ခွက်မှာ သူ့ဒူးခေါင်းလောက်သာ နက်၍တော်သေးသည်။ နို့မို့ဆို မလွယ်လှ..။ သို့သော် သူ့ခြေမျက်စိနေရာနားတွင် နည်းနည်းအောင့်သွားသလိုခံစားရ၏။ ထို့ကြောင့် လဲကျနေသော အနေအထားအတိုင်းမှနေပြီး ခြေထောက်ကို တစ်ချက်နှစ်ချက် လှုပ်ခတ်ကြည့်မိလိုက်သည်။ တော်သေးသည်..ဟုဆိုရမည်။ သိပ်နာနာကျင်ကျင်မခံစားရ.....။

ပေရေသွားတာတွေကို ပြန်ခါရင်းထ,ရပ်ကာ သူ့ကိုယ်သူကျိန်ဆဲမိလိုက်၏။ဒီချိုင့်လောက်လေးတောင်မှ မမြင်နိုင်လောက်အောင် ငေးမောရသလား....ဟူ၍။ ဒီထက်နက်သည့် ပြန်မတက်နိုင်သည့် ချိုင့်မျိုးထဲကျ သွားရင် ဘယ့်နှယ့်လုပ်မလည်းဟု တစ်ကိုယ်တည်း ကျောချမ်းစွာပြန်တွေးမိလိုက်ပြန်သေး၏။ ခုတော့ တော်ပါသေးသည်ဟု ဆိုရမည်.....။

ထို့ကြောင့် ကိုယ့်ခြေထောက်နားကိုသေချာကြည့်ရင်း လျှောက်ရတော့မည်ဟု ဘာသာသတိပြန်ပေးရင်း သူ ဆက်လျှောက်လာခဲ့မိ၏။ သို့သော် သူ့မြင်ကွင်းထဲမှ အဝေးကမြက်ခင်းသည် မြက်ပင်များအားလုံး စိမ်းမြ၊ သန်စွမ်းစွာ လတ်ဆတ်နေခဲ့သည်ဟု ထင်ယောင်လာမိအောင် သွေးဆောင်နေခဲ့ကြစမြဲ...။ လေထုက လည်း မွှေးမြစွာ လတ်ဆတ်နေခဲ့ကြဆဲ......။

~~~~~@@~~~~~

ဝေးကမြက်ခင်းတိုင်းသည် စိမ်းလန်းစိုပြေစွာ သာယာမနေတတ်ခဲ့ပါ.....။        ။

                                     ~~~~~~@@@~~~~~@@@~~~~~@@@~~~~~

======================================
ပုံကလေးကို ဒီနေရာလေးကနေ ယူသုံးပါတယ်ခင်ဗျာ....။
======================================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

Friday, July 9, 2010

မညီမျှခြင်း....




တွေးအိပ်မက်ထဲမှာ....
နှင်းမြူတွေဝေနေဆဲပါ....။
သို့ပေမယ့်လည်း
ငါ့ရဲ့ မနက်ခင်းတွေဟာ....
နွေးထွေးစွာ ခါးသက်ခဲ့ရပြီ....။

ဖြတ်သန်းသူ ကင်းမဲ့ခဲ့တဲ့
အဖြူရောင်တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာ
သေဆုံးနေတဲ့ မျှော်လင့်ခြင်းတွေရှိတယ်.....။
တွန့်ကြေနေတဲ့ ယုံကြည်ခြင်း.... ဆိုတာတွေ ရှိတယ်......။
နောက်ပြီး....
ခဏ ခဏလွမ်းတတ်တဲ့ မီးခိုးရောင် ၀ိညာဉ်တစ်စုံလည်း ရှိသေးရဲ့ .....။
အားလုံးသော အရာတွေနဲ့အတူ....
တစ်ချိန်က မင်းရဲ့  ‘ငါ’....ဆိုတာလည်း ရှိနေခဲ့သေးတယ်.....။

မိုးခေါင်နေခဲ့တဲ့ ရင့်ကျက်မှုတွေဟာ....
နုနယ်တဲ့ နှလုံးခုန်သံများနဲ့အတူ
ငါ့ကို ပင်ပန်းစေတတ်ခဲ့ပြီ.....။
ရံဖန် ရံခါမှာ ကြိတ်ရှိုက်မိတတ်ခဲ့ရတဲ့....
ခိုးကြောင် ခိုးဝှက် ‘သက်ပြင်း’တချို့ ကလည်း.....
မွေးရာပါ ဥာဉ်ဆိုးအမျိုးမျိုးနဲ့
ငါ့ကို... နှိပ်စက်မြဲပါပဲ.....။

အိပ်စက်ခြင်းတွေ မလင်းလက်နိုင်ခဲ့ရတဲ့
ငါ့ရဲ့ ညတာရှည်တွေထဲမှာဆို....
အနားယူခွင့် တောင်းဆိုနေခဲ့တဲ့ မျက်လွှာတစ်စုံအတွက်....
ဘယ်လိုအဖြေမျိုး ငါပေးလို့ရနိုင်ပါ့မလဲ.....???


ဝေဖို့သာ လွယ်ခဲ့ပြီး....
ကြွေဖို့ရာ ခက်ခဲလွန်းလှတဲ့....
မင်းအတွက် ဖြစ်တည်ခဲ့သော တရားလွန်ခံစားချက်တချို့ ဟာ
အခုအချိန်မှာတော့....
ငါ့ကို ၀န်လေးစေခဲ့ပြီ....။


ဦးတည်ရာမဲ့ ခရီးသွားတစ်ယောက်လို....
မင်းနှလုံးသား ရပ်ဝန်းအနီးဆီသို့
‘နောက်ကျခြင်းများစွာ’ .... နှင့် အတူ....
ဖြတ်သန်းကာ စီးဆင်းနိုင်စွမ်းမဲ့ခဲ့ရပြီ....။
ဝေးသွားတော့မလား....? လို့ တွေးနေတုန်းမှာပဲ
ငါဟာ... အဝေးဆုံးကို မျောလွင့်ခဲ့ရပြီ....။


ဒီအဖြစ်တွေကြောင့်ပဲ ထင်ပါရဲ့ ....
တစ်ခါတစ်လေများ
မလှပခဲ့ရတဲ့ ငါ့ရဲ့ နေ့စွဲတွေကို ပြန်လှည့်ကြည့်ရင်း....
တိုးတိုးလေး ဆိုရုံသာပဲ....
ခပ်ဖွဖွ မင်းကို တမ်းတမိလိုက်တိုင်း....
ဟောဒီ ရင်ဘတ်ထဲက
အနှစ်မဲ့ခဲ့ရတဲ့ ချစ်ခြင်းတရားတွေက....
အုံနဲ့ ကျင်းနဲ့ ...ဆိုသလိုမျိုး....
ဝိုင်းပြီး မျက်စောင်းထိုးကာ
ငါ့ကို .... မျက်မာန်ရှကြတော့တယ်.....။


အဲ့ဒီအချိန်တွေများမှာဆို ....
အလည်လွန်နေခဲ့ကြတဲ့ ‘နားလည်မှုတွေ’ နဲ့အတူ
အဝေးက မင်းလည်း...
ရောင်နီလာချိန်တိုင်အောင်
ငါ့ထံပါး မရောက်လာနိုင်ခဲ့ကြသေးဘူး....။
ဒါပေမယ့်လည်း .....
ငါ့ရဲ့ ရင်ခုန်ခြင်းတွေကလည်း .... မသေနိုင်ခဲ့သေးဘူး....။


စဉ်းစားတတ်တဲ့ ဦးနှောက်တစ်စုံကတော့
ဒီအဖြစ်တွေအတွက် ဆင်ခြင်၊ သုံးသပ်ရင်းနဲ့ ....
ငါ့အတွက် ‘နာမည်’ တစ်ခု နှင်းအပ်တော့တယ်....။


‘မိုက်မဲလွန်းသူ’ .... တဲ့လေ....။         ။

~~~~~@@@~~~~~

====================================
ပုံလေးကို ဒီနေရာလေးကနေ ယူသုံးခဲ့တာပါခင်ဗျာ....။
====================================
ချစ်ခြင်းအားဖြင့်........
~ ဏီလင်းညို ~

26th March 2009.
02: 25 a:m, Wednesday.

Friday, July 2, 2010

တစ်ဖက်သော စာမျက်နှာ....




ကျွန်တော်စတင်သတိထားမိလာချိန်တွင် ထိုနွယ်ပင်လေး၏ဖြစ်တည်မှုက အတော်ရင့်သန်နေလေခဲ့ပြီ။

လူအများဖြတ်သန်းသွားလာနေသောကွန်ကရစ်ရေနှုတ်မြောင်းဘောင်ကြားထဲတွင် နုနယ်စွာပေါက်ရောက်ရှင် သန်နေသော ထိုနွယ်ပင်လေးကိုကြည့်ရင်း စိတ်မသက်သာစွာဖြင့် တိုးတိုးလေးပြောလိုက်မိသည်။

“ဒါ..... မင်းနေသင့်တဲ့နေရာမဟုတ်ဘူး”.......

“ငါ... သိပါတယ်ကွာ”........

ကျွန်တော့်ရင်ဘတ်ထဲမှနှလုံးသားတစ်စုံအပြင်သို့ခုန်ထွက်သွားရသလို အလန့်တကြားဖြစ်မိသွား၏။ နွယ်ပင် လေး၏ ပြန်ပြောလိုက်သောအသံကြောင့် အံ့သြလွန်းစွာဖြင့် ခပ်တိုးတိုးဆိုလိုက်မိသောကိုယ့်ပါးစပ်ကိုပြန်ပြီး လက်နှင့်ပိတ်လိုက်မိသည်။ ကျွန်တော့်အမူအယာကိုကြည့်ရင်း နွယ်ပင်လေးကတည်ငြိမ်စွာပြုံးပြီးပြော၏။


“တစ်ကယ်တော့ ငါနေသင့်တဲ့နေရာက အဖော်တွေအများကြီးနဲ့အတူတူ အပင်တွေ၊ စည်းရိုးတွေ၊ နံရံတွေနဲ့ တိုင်တွေအပေါ်မှာပါပဲဆိုတာ.....ငါသိပါတယ်ကွာ......
ဒါပေမယ့် လောလောဆယ် ငါ့ရဲ့ဖြစ်တည်မှုအရ ငါရှင်သန်နေရတာကတော့ ဒီနေရာပါပဲလေ”.....

နွယ်ပင်လေးရဲ့စကားကို ကျွန်တော်ခေါင်းငြိမ့်ပြမိလိုက်၏။ သို့သော်လည်း နွယ်ပင်လေးကိုပြန်ပြောမိသည်။

“ဒါပေမယ့် မင်းရဲ့နုနယ်တဲ့အစိတ်အပိုင်းတွေကို လူတွေကအချိန်မရွေးပဲ တက်နင်းသွားနိုင်တယ်လေ....။ ပြီး တော့.......သန့်ရှင်းရေးလုပ်သားတွေက မင်းကိုအချိန်မရွေးပဲ အမှိုက်တစ်စလိုသဘောထားပြီး နှုတ်ပစ်၊ ဖယ် ရှားပစ်ကြလိမ့်မယ်.....။ အဲ့ဒီအခါ မင်းသေဆုံးပျက်စီးသွားနိုင်တယ်လေ.....။ အဲ့ဒါကြောင့် ငါပြောမိတာပါ”...

“ဒီသက်ရှိလောကကြီးထဲမှာ မပျက်စီးနိုင်တဲ့ သက်ရှိသတ္တ၀ါ၊ သက်မဲ့တွေဆိုတာရှိမယ်ထင်သလား.......၊ ရှိခဲ့ မယ်ဆိုရင် ငါ့ကိုတစ်ခုလောက်ပြောပြပါလား”..........

နွယ်ပင်လေးရဲ့အမေးကို ကျွန်တော်ပြန်မဖြေနိုင်ခဲ့မိ။ ကျွန်တော်နှင့် နွယ်ပင်လေးသာရှိသော ပတ်ဝန်းကျင်တ စ်ခုထဲတွင် မိုးရွာပြီးစ,နေ့လယ်တစ်ခုရဲ့အရောင်က ပိုမိုလက်ပစွာ လင်းချင်းတောက်ပလာခဲ့ရသလိုလို....။


ဖြေရန်ခဲခက်သော နွယ်ပင်လေးရဲ့အမေးကို ဆွံ့အစွာကျွန်တော်ခေါင်းယမ်းပြမိခဲ့တော့ နွယ်ပင်လေးက ဆက်ပြောသည်။

“မင်းက ငါ့ကိုပြောတယ်....။ ငါ့ကိုလူတွေက အချိန်မရွေးတက်နင်းသွားရင်......၊ သန့်ရှင်းရေးလုပ်သားတွေက ငါ့ကိုဖယ်ရှားပစ်ရင် အချိန်မရွေးပဲ ငါသေဆုံးပျက်စီးသွားနိုင်တယ်လို့လေ......။

ငါတစ်ခုပြောချင်တယ်.....၊ အားလုံးဟာ အချိန်မရွေးပျက်စီးသွားနိုင်တယ်၊ သေဆုံးသွားနိုင်တယ်...။ ‘ရှင်သန် ခြင်းရဲ့ အခြားတစ်ဖက်သောစာမျက်နှာဟာ....သေဆုံးခြင်းဖြစ်သလိုမျိုးပဲ....၊ ဖြစ်တည်မှုရဲ့ အခြားသောစာ မျက်နှာက ပျက်သုန်းခြင်းဖြစ်ခဲ့လိမ့်မယ်’....။ ဒါပေမယ့် အဲ့ဒါတွေတွေးပြီးသွေးပျက်နေစရာမလိုပါဘူး...။ ပြီး တော့ ငါ့ကိုလူတွေက သတိမထားမိလို့ပဲဖြစ်ဖြစ်...၊ သတိထားပြီးပဲဖြစ်ဖြစ် တက်နင်းသွားမယ်ဆိုလည်း ငါမှမ ရှောင်နိုင်တာ....၊ အဲ့ဒီတော့ နင်းပါစေကွာ....။ ငါ့ကိုဂရုစိုက်မိတဲ့ မင်းလိုလူမျိုးလည်းရှိချင်ရှိမယ်...၊ နောက်ပြီး အရေးမလုပ်တဲ့သူလည်းရှိချင်ရှိလိမ့်မယ်...။

သေချာတာတစ်ခုကတော့ ငါ့ရဲ့ ဖြစ်တည်မှုတစ်ခုအရ ဒီနေရာလေးမှာ ရှင်သန်ခြင်းရဲ့ အခြားသောစာမျက်နှာ ဖြစ်တဲ့ သေဆုံးခြင်းဆိုတာ ရောက်မလာသေးသရွေ့တော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်းရှင်သန်သွား နေဦးရမှာပါပဲကွာ”........


ကျွန်တော် ထပ်ပြီးခေါင်းငြိမ့်ပြမိလိုက်သည်ထင်၏။ ဆက်ရန်ရှိသေးသောခရီးတစ်ခုကို ခြေလှမ်းပြင်ရင်း နွယ် ပင်လေးကို ကျွန်တော်နှုတ်ဆက်ထွက်ခွာလာခဲ့တော့ ဓါတ်ကြိုးပေါ်မှ ငှက်မည်းမည်းလေးတစ်ကောင်က ငုံ့ ကာ ကျွန်တော့်ကိုကြည့်ရင်း.....ထပျံသွားလေ၏။

ကျွန်တော်ရင်မှပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။ ပြီးတော့ သတိရစွာဖြင့် မဝေးသေးသောနေရာလေးမှ နွယ်ပင်လေးကများ ကျွန်တော့်သက်ပြင်းချသံကိုကြားသွားမလား...ဟု မလုံမလဲဖြစ်စွာဖြင့်လှည့်ကြည့်မိပြန်ခဲ့ ၏။

ထိုအခါ နွယ်ပင်လေးက ကျွန်တော့်ကိုပြုံးရင်းငေးကြည့်နေခဲ့လေတာကိုတွေ့ရသည်။ ။

                                 ~~~~@@@~~~~@@@~~~~@@@~~~~



ချစ်ခြင်းအားဖြင့်......
ဏီလင်းညို