Wednesday, September 2, 2009

“မေတ္တာတရား”.... ဆိုသည်မှာ...




ကျွန်တော်အလုပ်လုပ်သော စက်ရုံရဲ့အနောက်ဘက်တွင် ကျွန်တော်တို့ထမင်းစားရာ ကင်(န်)တင်းလေးရှိ ပါသည်။

ထိုကင်(န်)တင်းကလေးတွင် လာရောက်ကာ နေထိုင်အခြေချနေကြသော ကြောင်ကလေးများရှိခဲ့ပါသည်။ သူတို့က ကင်(န်)တင်းတွင် ကျွန်တော်တို့ ထမင်းစားချိန်၊ လဖ္ဘက်ရည်သောက်ချိန်များတွင် အနားသို့လာ၍ ကျွန်တော်တို့ ကျွေးမည့်အစာများကို တောင်းစားတတ်ကြပါသည်။ တစ်ချို့တွေက စေတနာရှိ၍ ကျွေးကြ၊ သော်လည်း တစ်ချို့တွေကမူ သူတို့တွေရဲ့အနားတွင် ခေါင်းကလေးများမော့၊ လည်ပင်းကလေးများထောင် ကာ အစာမျှော်နေတတ်ကြရှာသော ကြောင်ကလေးများကို အရေးပင်မစိုက်...။ သူတို့စားနေသောထမင်း၊ ဟင်း၊ မုန့် စသည်တို့ကို တစ်ခြားလူများ ၀င်လုစားမည့်အလား အငမ်းမရစားနေတတ်ကြတာ ကျွန်တော် အမြဲလိုလို တွေ့နေခဲ့ရ၏။

သို့သော် ကျွန်တော်အပါအ၀င် ကျွန်တော်နှင့် ခင်မင်ရင်းနှီးနေကြသော မြန်မာလူမျိုးအလုပ်သမားကမူ ထို
ကြောင်ကလေးများကို အစဉ်အမြဲလိုလို ဂရုတစ်စိုက် အစာကျွေးခဲ့ကြပါသည်။ (ကျွန်တော့်ရဲ့မေမေပြောခဲ့ သလို အိမ်မွေးတိရစ္ဆာန်လေးတွေက လူတွေကျွေးမှ စားရတာမို့ပင်...။)

ထို့ကြောင့် သူတို့ကလည်း သိပ်ကိုလည်လှ၏။ ထမင်းစားချိန်၊ လဖ္ဘက်ရည်သောက်ချိန်များမှာဆိုရင် ကျွန် တော်တို့အနားမှာ ပင်တရစ်ဝဲ၀ဲ...။ သနားစရာ မျက်လုံးကလေးများနှင့် ငေးမျှော်ကြည့်ရင်း သူတို့ကို ကျွေး မည့် စားစရာကို ငံ့လင့်နေတတ်ကြမြဲ....။

လွန်ခဲ့သောလေး၊ငါးနှစ်လောက်တုန်းက ကင်(န်)တင်းတွင်ရှိသော ကြောင်အရေအတွက်မှာအတော်များသ လောက် ပြီးခဲ့သည့်နှစ်(၂၀၀၈)ခုနှစ်လယ်လောက်မှစပြီး ကင်(န်)တင်းတွင်ရှိသောကြောင်ကလေးများ၏အ ရေအတွက်မှာ တစ်ဖြည်းဖြည်းနှင့် လျှော့ပါးလာတာကို ကျွန်တော်သတိထားမိလာခဲ့၏။ အရွယ်ရောက်လာ ကြတာကြောင့် နေရာသစ်ရှာကြခြင်းမျိုးပင်ဟု...ကျွန်တော်လက်ခံထားမိခဲ့သည်။ (လူတောင်မှ အရွယ်တွေ ရ၊ နောက် အတောင်အလက်စုံလာခဲ့ပြီဆို သင့်တော်ရာနေရာကို ရှာဖွေလာကြသေးတာပဲလေ...။)

၂၀၀၈ခုနှစ် နှောင်းပိုင်းလောက်တွင်မူ ကျွန်တော်တို့ရဲ့ ကင်(န်)တင်းတွင် မှီခိုနေထိုင်ကြသောကြောင်အရေ အတွက်မှာ နှစ်ကောင်တည်းရှိတော့၏။နှစ်ကောင်စလုံးမှာ ရေညှိစိမ်းရောင်ဖျော့ဖျော့လေးများဖြင့် ဆင်တူ၊ပုံ စံတူဖြစ်ပေမယ့် သူတို့နှစ်ကောင်ကိုခွဲခြားဖို့ရာ ကျွန်တော်တို့အတွက် သိပ်မခက်ခဲလှ..။ တစ်ကောင်ကအမြီး တို၊ နောက်တစ်ကောင်က အမြီးရှည်ဆိုတော့ ခွဲခြားရတာလွယ်ကူလှပါသည်။ နှစ်ကောင်စလုံးမှာကြောင်မ လေးများဖြစ်ကြ၏။ တစ်ကောင်နှင့်တစ်ကောင်လည်း အတာ့်ကို ကြီး ပြင်းလာသည့်အထိတော်တော်လေးချစ် ခင်ကြပါသည်။ တစ်ခါမှ သူတို့နှစ်ကောင်ကို အချင်းချင်းကိုက်ပြီး ခိုက်ရန်ဖြစ်တာ မတွေ့ခဲ့ရဖူးပါ။

ထိုနှစ်ကောင်အနက် အမြီးရှည်မလေးမှာ အစားစားရာတွင် အိနြေ္ဒရသောအကောင်လေးဖြစ်၏။ တော်ရုံတန် ရုံ ပါးစပ်မှ အော်ဟစ်ကာ တစ်ညောင်ညောင်သံပေး၍ တောင်းရိုးထုံးစံမရှိ...။ စေတနာရှိလို့ ချကျွေးမှသာသူ ကစားသည်။ အေးအေးဆေးဆေးဖြင့်....။

သို့သော်...“အမြီးတိုမ”လေးကတော့ မရ...။ အစာကို လူ့အနားကပ်၊ ခြေထောက်ကိုသူ့ခန္ဓာကိုယ်နှင့် ပွတ် သီး ပွတ်သပ်လုပ်ကာ ပါးစပ်မှလည်း တစ် ညောင် ညောင်အော်ရင်း တောင်းတတ်သည်။ သူ့ကို ချပြီးကျွေး လိုက်ပြန်ရင်လည်း အေးရာအေးကြောင်း ဘယ်တော့မှ မစား...။ ဟိုဟို ဒီဒီ၊ တောင်ကြည့် မြောက်ကြည့် လုပ်ရင်း အငမ်းမရ စားတတ်လေသည်။ ကျွေးသမျှကိုလည်း စားနိုင်၏။ ကျွန်တော်ချကျွေးသော အသား၊ ငါး စသည့် သူတို့ကြိုက်တတ်သော အညှီများအပြင်... ကန်စွန်းရွက်ကြော်၊ မုန်ညှင်းရွက်ကြော်၊ မြေပဲဆံ ကြော်...စသည်တို့ကိုပါ မက်မက်စက်စက်စားတတ်လေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်လေးမှာ လုံးကျစ် ၀ဖြိုးနေခဲ့လေတော့သည်။

“အမြီးရှည်မလေး”မှာတော့ အစားကို ပုံမှန်ထက်ပိုမစား၊ မျှတရုံလောက်သာပဲ စားတတ်၍ ခန္ဓာကိုယ် လုံးကျစ်ကျစ်ကလေးနှင့် ကြောင်တစ်ကောင်တွင် ရှိသင့် ရှိထိုက်သော ကိုယ်လုံး ကိုယ်ထည်ထက် ပိုပြီးတက်မလာခဲ့...။ သို့သော်လည်း ကျွန်တော်သဘောကျသည့် အချက်ကလေးကသူ့ထံတွင် ရှိနေတာ ကြောင့် စိတ်ထဲတွင် “အမြီးရှည်မလေး”အပေါ် နည်းနည်းပိုမိသလိုရှိခဲ့ရ၏။ ထိုအရာကတော့ တစ်ခြားမဟုတ်။ သူဗိုက်ဝပြီဆိုလျှင် တော်ရာသို့သွားနေ၍ သူမရဲ့ ခြေ၊ လက်၊ အမြီးနှင့်ကျောကုန်း စသည့်နေရာများသို့ သူ့လျှာဖြင့် သိမ်းလျှက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်တတ်သောအကျင့် လေးကြောင့်ပင်ဖြစ်၏။

“အမြီးတိုမ”ကတော့ ထိုသို့မဟုတ်...။ စားပြီးတာနှင့် ကြွေပြားခင်းထားသော ကင်(န်)တင်းကြမ်းပြင် ပေါ်တွင် သူ့ခန္ဓာကိုယ်ကို ဗိုင်းခ,နဲပစ်လှဲချ....၊ ပြီးတာနဲ့ ခွေခေါက်ကာ သူ့ရှေ့ခြေနှစ်ချောင်းပေါ် ခေါင်းတင်ကာ မျက် စိနှစ်လုံးကို စုံမှိတ်အိပ်တတ်လေ၏။ ထို့ကြောင့် ဖြစ်ကတတ်ဆန်းနိုင်လှသော ထို“အမြီးတိုမ”ကို ကျွန်တော် နည်းနည်း မျက်မုန်းကျိုးမိသည်။

ယခုနှစ်(၂၀၀၉ခုနှစ်) အလယ်လောက်တွင်မူ ထိုကြောင်မလေးနှစ်ကောင်လုံး သူတို့၏သဘာဝအရ သားပေါက်ကြလေတော့သည်။ “အမြီးတိုမ”က နှစ်ကောင်၊ နောက် “အမြီးရှည်မ”က လေးကောင်။ သူတို့နှစ်ကောင်လုံးက သားပေါက်လေးများ လက်တစ်ဆုပ်သာသာအရွယ်တွင် ကလေးထိန်းရင်း ကျွန်တော်တို့ ကင်(န်)တင်းအနားသို့ ခေါ်ခေါ်လာတတ်တာကြောင့် သိရခြင်းသာဖြစ်၏။

ကျွန်တော်တို့ကင်(န်)တင်းမှာ လေ၀င်လေထွက်ကောင်းစေရန်အတွက် ဘေးဘက်တွင် အကာအရံ များမထားပါ။ မြင့်မား ကျယ်ပြန့်သည့် အမိုးနှင့်အတူ ထောက်ထားသော ကွန်ကရစ်တိုင်များသာရှိပါ သည်။ (မျက်စိထဲမြင်လာအောင် ရေးပြရမည်ဆိုရင်တော့ ဇရပ်ပုံစံမျိုးပေါ့။)

ထိုကင်(န်)တင်းရဲ့ဘိတ်ဆုံး(အစွန်းဆုံးတစ်ဖက်)တွင်ကျွန်တော်တို့လိုဆေးလိပ်သောက်တတ်သော လူများအတွက်(လူဆိုး၊ လူမိုက်များအတွက်) ဆေးလိပ်သောက်ရသော နေရာသပ်သပ်ရှိပါသည်။
(အများထမင်းစားရာ ကင်(န်)တင်းကြီးထဲတွင် ရောနှောသောက်ခွင့် မရှိပါ။ အဲ့သလို အပယ်ခံရ၏။)

ထိုဆေးလိပ်သောက်သောနေရာနားတွင် စီတန်း၍စိုက်ထားသော ပုဏ္ဏားရိပ်ပင်ပုပုလေးများအောက် နှင့်မြက်ခင်းစိမ်းစိမ်းလေးရဲ့အပေါ်တွင် ထိုကြောင်ပေါက်စကလေးများမှာ ပြေးလွှားဆော့ကစားတတ် ကြပါသည်။

ကြောင်မနှစ်ကောင်ခေါ်လာသော ကြောင်ပေါက်စကလေးများမှာ ချစ်စရာမျက်နှာပေးလေးများ၊ သေး သေးကွေးကွေး ခန္ဓာကိုယ်လုံးပုပုလေးများဖြင့် ချစ်စရာ၊ အသည်းယားစရာကောင်လွန်းလှ၏။ ဒါပေမဲ့ သူတို့က သိပ်ကြောက်တတ်ကြသည်။ သူတို့ အနားသို့ ကျွန်တော်တို့မရောက်နိုင်သေးခင် ပြေးလိုက် ကြတာများ လှစ်ခနဲ၊ လှစ်ခနဲပင်...။ သူတို့ရဲ့ အမေနှစ်ကောင်ကတော့ ကျွန်တော်တို့ကို ဘာမှရန်မူခဲ့ ခြင်းမရှိခဲ့။

ကျွန်တော့်စိတ်ထင် ကြောင်ကလေးများတစ်လသား အရွယ်လောက်တွင်ထင်ပါသည်။ နို့မပြတ်သေးခဲ့ သော ကြောင်ပေါက်စလေး လေးကောင်ကိုထား၍ “အမြီးရှည်မ”တစ်ကောင် ပျောက်ခြင်းမလှပျောက် သွားခဲ့လေတော့၏။ ခါတိုင်းလို ကျွန်တော်တို့ ထမင်းစားချိန်၊ လဖ္ဘက်ရည်သောက်ဆင်းချိန်၊ (ဆေးလိပ် ဆင်းသောက်ချိန်)များတွင် သူမကို လုံးဝမတွေ့ရတော့...။ ဒီလိုနှင့် တစ်ပတ်ကနေပြီး နှစ်ပတ်ဖြစ်လာ ကျွန်တော်တို့မှာ “အမြီးရှည်မ”တစ်ကောင် အဖြစ်ဆိုးတစ်ခုခုနဲ့ကြုံတွေ့ရရင်း ဒုက္ခဖြစ်ကာ အသက်ဆုံး ရှုံးသွားခဲ့ရပြီလား...၊ ဒါမှမဟုတ် မိခင်စိတ်ပျောက်သွားပြီး တစ်ခြားတစ်နေရာကို ထွက်သွားခဲ့တာလား ဟု အတွေးရခက်နေခဲ့မိကြလေတော့သည်။

ကျန်ရစ်ခဲ့သော ကြောင်ပေါက်စလေး လေးကောင်မှာ မျက်စိသူငယ်နားသူငယ် ဖြစ်ကာကျန်နေခဲ့တော့ လေ၏။ ထိုရက်ပိုင်းအတောအတွင်းမှာပဲ နောက်ထပ်ကြောင်ကလေးနှစ်ကောင်မှာ နို့မသောက်ရ၍ထင် ပါသည်။ သေဆုံးသွားခဲ့ကြလေပြန်သည်။ ထိုအခါ အမိမဲ့ ကြောင်ကလေးနှစ်ကောင်မှာ ကင်(န်)တင်း တွင် ယောင်ချာချာဖြင့် သနားစရာကျန်ရစ်ခဲ့ပြန်လေတော့သည်။ အရင်ကလိုလည်း သိပ်ပြီးမကစားကြ တော့...။ ကျွန်တော်တို့ကျွေးသော ပေါင်မုန့်လေးများ၊ မျှင်၍ကျွေးသော ကြက်သားကြော်အမွှာလေးများ ကိုစားပြီးလျှင် မနီးမဝေးမှာ သွားပြီး ခွေခွေခေါက်ခေါက်လေးလှဲနေတတ်ကြတော့၏။

သို့သော် “အမြီးတိုမ”နှင့် သူ့သားနှစ်ကောင်ကတော့ ကင်(န်)တင်းတွင် စားလိုက်ကြသည်မှာ အလုအ ယက်၊ ဆော့လိုက်ကြသည်မှာလည်း လက်လက်ကိုစင်နေလေတော့သည်။ (စိုင်းစိုင်းရဲ့ “တစ်လောက လုံးကို ဗြောင်းဆန်နေတာပါပဲ”...ဟုဆိုနိုင်မည်ထင်၏။) ထို့ကြောင့် ရွယ်တူချင်းဖြစ်ပါလျှက် ထိုအမိမဲ့ သောကြောင်ကလေးနှစ်ကောင်ထက် အမေရှိသောကြောင်ကလေးနှစ်ကောင်က ပိုပြီးထွားလာကြသ လိုရှိလာသည်။

တစ်နေ့ ကျွန်တော်တို့လဖ္ဘက်ရည်သောက်ဆင်းချိန်တွင်ဖြစ်သည်။ အနီးအနားတွင် လာရောက်ကာ အ စာတောင်းနေကြသော ကြောင်ကလေးများကို ကျွေးအပြီး၊ သူတို့တွေလည်းစားအပြီးတွင် “အမြီးတိုမ” က သူတို့ကြောင်သဘာဝအသံဖြင့် သူ့ကလေးနှစ်ကောင်ကိုခေါ်လေ၏။ ထိုအခါ အမိမဲ့သားကြောင်က လေးနှစ်ကောင်ကလည်းရောယောင်ပြီး(သူတို့အမေသူတို့ကိုခေါ်တယ်ထင်သလားမသိပါ၊)“အမြီးတိုမ” ထံ အပြေးအလွှားလေး သွားလိုက်ကြတာကို ကျွန်တော်တွေ့လိုက်ရပါသည်။

မျက်စိရှေ့မှာပင် “အမြီးတိုမ”က အနားသို့ရောက်လာသော ထိုအမိမဲ့သား ကြောင်လေးနှစ်ကောင်ကို ပါးစပ်မှ ခွီးကနဲနေအောင် ဒေါသတကြီးအော်ငေါက်ရင်း လက်တစ်ဖက်ဖြင့်ပါ ထိုသားပေါက်လေးနှစ် ကောင်ကို တစ်ချက်စီ လှမ်းကုတ်လိုက်တာ ကျွန်တော်တွေ့လိုက်ရသည်။ ထိုအခါကြောင်ကလေးနှစ် ကောင်မှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အနားတွင်ရှိသော ကွန်ကရစ်ရေနှုတ်မြောင်းတိမ်တိမ်လေးထဲ သို့ ကသောကမျောပြေးဆင်းသွားကြရှာလေတော့၏။

ကျွန်တော့်ရင်ထဲမှာ ၀ုန်းခ,နဲ ပေါက်ကွဲသွားမိ၏။ ကြည့်စမ်းပါဦး...။ လုပ်ရက်လိုက်တာ...၊ အကြင်နာ တရားတော်တော်မဲ့တာပဲ...ဟုလည်း စိတ်ထဲမှရေရွတ်မိသည်။ နောက် သူ့ကလေးနှစ်ကောင်ကိုသာ ဟိုလျှက်၊ ဒီလျှက်လုပ်ပေးနေသော ထိုကြောင်“အမြီးတိုမ”ကို ကျွန်တော့်အရှေ့စားပွဲခုံပေါ်တွင်ရှိနေခဲ့ သော ကော်ဖီခွက်ဖြင့် ကောက်ပေါက်လိုက်မိလေတော့သည်။ (ကြီးနိုင်ငယ်ညှင်းလုပ်တာကို မကြိုက် နှစ်သက်သော ကျွန်တော်၊ ကိုယ်တိုင် ကြီးနိုင်ငယ်ညှင်းလုပ်မိတာ အခုဒီစာရေးနေရင်းနဲ့မှ ပြန်စဉ်းစား မိပါသည်။)

ပါးစပ်မှလည်း ရိုင်းပြစွာဖြင့် “သေစမ်းကွာ...၊ တော်တော်ဆိုးတဲ့ကောင်မ”...ဟု ရေရွတ်မိခဲ့သေး၏။
ကျွန်တော်ပစ်လိုက်သော ကော်ဖီခွက်မှာ အကြွေစေ့ထည့်ပြီးဝယ်ရသောစက်မှ နက်(စ်)ကော်ဖီ တံ ဆိပ်နှိပ်ထားသော စက္ကူခွက်လေးဖြစ်သည့်အပြင် ခွက်ထဲတွင်လည်း ကော်ဖီက ဖင်ကပ်လောက်ပဲ ကျန်တော့တာကြောင့် ပစ်မှတ်ဖြစ်သောထို“အမြီးတိုမ”ဆီကိုမရောက်ပဲလမ်းထက်မှာပင် လွင့်ကျ၍ သွားလေတော့၏။ သို့သော်လည်း ထို“အမြီးတိုမ” ကတော့ ကျွန်တော့်မျက်နှာမှဒေါသထန်နေသော အသွင်နှင့် သူ့ကိုလှမ်းပစ်လိုက်သော ဟန်ကြောင့် ပြေးလိုက်သည်မှာ ထောင်၍နေတော့သည်။ သူ့ ကလေးနှစ်ကောင်ကလည်း အနောက်ကနေ ၀ရုန်းသုန်းကားနိုင်လှစွာဖြင့် ပြေးကြလေတော့သည်။

ထိုအဖြစ်အပျက်ကို အစမှအဆုံးမမြင်လိုက်ရသော ဘေးနားမှာရှိသည့် သူငယ်ချင်းများက “ဘာဖြစ် တာလည်း”...ဟု ကျွန်တော့်ကိုဝိုင်းမေးကြ၏။ အဖြစ်အပျက်အားသူတို့ကို ပြန်ပြောပြရင်း ကျွန်တော့် ရင်ထဲတွင် မိခင်မဲ့ ကြောင်ကလေးနှစ်ကောင်ကို သနားရင်း...၊ ထို“အမြီးတိုမ”ကိုတော့ ဒေါသထွက် နေမိခဲ့တော့သည်။

ကျွန်တော့်ရဲ့ အပြုအမူကိုလည်း “အမြီးတိုမ”က မှတ်မိသည်ထင်ပါသည်။ နောက်ရက်များတွင် ကျွန် တော့်အနားသို့လာမကပ်တော့...။ ကျွန်တော့်ကိုမြင်လျှင် တစ်ချိုးတည်း ထွက်ထွက်ပြေးတတ်လေ တော့၏။ တစ်ခါတစ်လေ ကျွန်တော်ကော်ဖီစက်နားမှာ ရပ်၊ အကြွေစေ့ထည့်ပြီး ကော်ဖီခွက်ကို ရပ် စောင့်နေတုန်း သူနှင့်ပတ်ပင်းတိုးလျှင် ကျွန်တော်က မျက်နှာထိ မျက်နှာထားဖြင့် (ရိုင်းပြစွာ)“ဟဲ့... ကြောင်ဆိုးမ”ဟု ခပ်ငေါက်ငေါက်လှမ်းခေါ်လျှင်ပဲ...အဲ့ဒီ “အမြီးတိုမ”ခမြာ ပြေးလိုက်ရသည်မှာ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျလောက်အောင်ပင်။

သူကျွန်တော့်အနား မလာရဲတော့ သူ့ကိုကျွေးမည့်အစာများကို ထိုအမိမဲ့ကြောင်ကလေးများအားပို ကျွေးလို့ရသွားပါသည်။ (အရင်ကတည်းကကျွန်တော်သူ့ကို ဆတ်စလူးထလွန်းလို့(ကန်တော့ပါနော်) မျက်မုန်းကျိုးခဲ့တာ အပေါ်မှာ ရေးခဲ့ပြီးပါပြီ။)

သို့သော်လည်း နောက်ပိုင်းတွင်မူ ထိုအမိမဲ့သားကြောင်ကလေးနှစ်ကောင်မှာ “အမြီးတိုမ”ရဲ့သားနှစ် ကောင်က မြက်ခင်းပေါ်တွင် တစ်ကောင်နှင့် တစ်ကောင်လိုက်တမ်း ပြေးတမ်းကစားကြတာ၊ ဖမ်းမိ သောအခါ နှစ်ကောင်သား နားပန်းလုံးကြတာ၊ ပုဏ္ဏရိပ်ကိုင်းပျော့ပျော့လေးများကို ခုန်တက်ပြီး ယီး လေးခိုစီးတာ... စတာတွေကို ဘေးကနေ အတိုင်းသားမြင်နေရပေမယ့် ၀င်မဆော့ရဲကြရှာတော့ပါ။ (“အမြီးတိုမ”က ကိုက်မှာစိုးလို့ ထင်ပါသည်။)

ိုထိုမြင်ကွင်းလေးကို မြင်ရတိုင်း ကျွန်တော့်မှာ မိခင်မဲ့ကြောင်ကလေးနှစ်ကောင်ကို သနားတဲ့စိတ်များ ရင်မှာ ဖြစ်ရမိ၏။ သူတစ်ပါးမိသားစု ပျော်မြူးစွာဆော့နေကြတာကို အဝေးမှငေးကြည့်နေရရှာသော ထိုကြောင်ကလေးနှစ်ကောင်ကို ကျွန်တော့်အပြင် တစ်ခြားမြန်မာလူမျိုးအလုပ်သမားများကပါ ဂရု ဏာသက်ခဲ့ကြရလေ၏။ သို့သော်လည်း ဘာဆို ဘာမှမတတ်နိုင်ခဲ့ကြ...။

ထိုအဖြစ်အပျက်များအလွန် တစ်ပတ်ကျော်ကျော်ကြာမြင့်သောနေ့တစ်နေ့တွင်ဖြစ်၏။ ညပိုင်းအလုပ် ဆင်းနေရသောကျွန်တော်....။ တစ်ည ညဥ့်သုံးနာရီခန့်တွင် ဆေးလိပ်သောက်ချင်လာ၍(လူမိုက်အ လုပ်ကိုလုပ်ရန်) ကင်(န်)တင်းကို တစ်ယောက်တည်းဆင်းလာမိခဲ့သည်။ သို့သော်ကျွန်တော်တို့ဆေး လိပ်သောက်ဖို့ သတ်မှတ်ထားသည့် နေရာလေးသို့မရောက်သေးခင်လှမ်းမြင်လိုက်ရသော မြင်ကွင်း တစ်ခုကြောင့် ကျွန်တော့်ခြေလှမ်းများကို ဆက်လှမ်းလို့မရနိုင်လောက်အောင် ဖြစ်သွားရပါသည်။ နောက် တစ်ကိုယ်လုံးလည်း ကြက်သီး၊ မွှေးညှင်းများ ထ,လာတဲ့အထိ (ဘာရယ်မှန်းမသိသော) ခံစားချက်တစ်ခု ကိုလည်း ခံစားလိုက်ရပါသည်။

ကင်(န်)တင်းမှ ဖျာကျနေသော မီးရောင်လဲ့လဲ့အောက်တွင်ကြောင်ကလေး လေးကောင်အားနို့တိုက် ကျွေးနေခဲ့သော ကျွန်တော်မျက်မုန်းကျိုးခဲ့သည့် “အမြီးတိုမ”...။ နို့တိုက်ရင်းနဲ့ ထို ကလေးများအား တစ်လှည့်စီ ခန္ဓာကိုယ်လေးများပေါ်ကို လျှာဖြင့် သိမ်းလျက်ပေးနေခဲ့သော “အမြီးတိုမ”...။ သူ့ရဲ့က လေးနှစ်ကောင်နှင့်အတူ မိခင်မဲ့ကလေးနှစ်ကောင်ကိုပါ ယုယစွာ ကြင်နာနေခဲ့သော “အမြီးတိုမ”..။

ကျွန်တော်ရှေ့ဆက်မသွားဖြစ်တော့...။ (ကျွန်တော့်ကိုမြင်လျှင် “အမြီးတိုမ” ထွက်ပြေးခဲ့ပါက ငြိမ်းချမ်းနေ ခဲ့သော သူတို့ အခြေအနေလေး ပျက်ယွင်းသွားမှာစိုးရိမ်မိလို့သာဖြစ်ပါသည်။) နောက်သို့ ပြန်လှည့်ခဲ့ရင်း (ဆေးလိပ်သောက်ချင်နေသောအချိန်တွင် မသောက်လိုက်ရသော်လည်း) ရင်ထဲမှာတစ်ခုခုအတွက် ကျေနပ် နေခဲ့မိသလိုပင်...။

နောက်ရက်များတွင် ကျွန်တော်တို့သည် “အမြီးတိုမ” နှင့်သူ့သားလေးနှစ်ကောင်၊ နောက် မွေးစားသား လေးနှစ်ကောင်ဖြင့် ပျော်ရွင်စွာ ပြေးလွှားကစားနေကြတာ...၊ နောက် အလုအယက် နို့ဝိုင်းစို့နေကြတာ တွေကို တွေ့နေခဲ့ရပါတော့သည်။ တွေ့ရတိုင်လည်း ကျွန်တော့်ရင်ထဲမှ “အမြီးတိုမ”ကို သူ မသိနိုင်ခဲ့ ပေမယ့် တောင်းပန်နေမိရင်း..၊ မိခင်မဲ့ကြောင်ကလေးများကိုယ်စား“အမြီးတိုမ”ကို ကျိတ်ကာ ကျေးဇူး တင်နေမိခဲ့ပါတော့သည်။ နောက်ပြီးတော့လည်း“အမြီးတိုမ”တစ်ကောင် ကြောင်ကလေးများတွင် မိခင် မရှိတော့တာ တစ်ကယ်ပဲသိသွားလို့လား...? ဒါမှမဟုတ် မိခင်မဲ့ကြောင်ကလေးများကို သားသမီးချင်း ကိုယ်ချင်းစာပြီး သနားသွားလို့ လက်ခံလိုက်တာလား...?စသဖြင့် တွေးနေမိပါသည်။ (တစ်ကယ့် အ ဖြစ်မှန်ကိုတော့ “အမြီးတိုမ”တစ်ကောင်မှလွဲပြီး ဘယ်သူမှမသိနိုင်ပါ...။)

နောက်ပြီး သူတို့တွေအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ကစားနေကြတာကိုမြင်တိုင်း ဒီနှစ် ဧပရယ်လ လယ် လောက်တွင် သူ့ဘလော့(ဂ်)မှာရော ဒီ“အိပ်မက်များ”မှာပါ ရေးသားခဲ့သော “မလေး” (အစ်မ တစ်ပြည် သူ အိမ့်ချမ်းမြေ့ရဲ့)“ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်”...ဆိုသော ရုပ်ရှင်ခံစားမှု ဆောင်းပါးတစ်ပုဒ် ထဲမှ “တိရစ္ဆာန်တွေဟာလဲ တစ်ခါတစ်ရံမှာ လူသားတွေထက် လူသားဆန်စွာနဲ့”...ဆိုတဲ့ စာသားလေး ကို သတိရနေမိတတ်ခဲ့ပါတော့သည်။

~~~~~~~@@@@~~~~~~~


(ပုံလေးကို ဒီနေရာမှ ယူသုံးပါတယ်ခင်ဗျာ....။)

======================================================
“မလေး”ရေ...
ကြိုတင်ခွင့်မတောင်းပဲ “မလေး”ရဲ့ ပို့(စ်)ထဲက စာသားလေးကို ယူသုံးမိလို့ ဒီနေရာလေးကနေပြီး လေး စားစွာတောင်းပန်လိုက်ပါတယ်....။ ခွင့်လွှတ်ပါခင်ဗျာ...။
======================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

2 comments:

ကျွန်တော် said...

အော်.. စာရေးကောင်းတဲ့လူတွေများ ဘာရေးရေးကို ဖတ်လို့ကောင်းနေတော့တာဘဲကိုး..

ကေသရီ said...

ရေးထားတာလေးက ကောင်းလိုက်တာ။ ညီမ မြန်မာပြည်မှာတုန်းက ကြောင်တွေ အများကြီးမွေးဖူးတယ်။ တစ်ချို့ အမေသေသွားတဲ့ ကြောင်ပေါက်လေးတွေကို မိခင်မဟုတ်တဲ့ အခြားကြောင်မကြီးတွေက နို့တိုက်မွေးတာတွေကြုံဖူးတယ်။