Monday, October 7, 2013

အမည်များနှင့်ကျွန်တော်(ဇာတ်သိမ်း)



“မောင်ဏီ”

ခေါ်သံကြောင့် ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ရုတ်တရက် လန့်တောင် သွားရသည်။

“အမလေးဗျ”
“ဟဲ့... တိုးတိုးအော်ပါကွဲ့။ သူစိမ်းမဟုတ်ပါဘူး။ အန်တီတင့်ပါ”
“အန်တီတင့်ရယ်၊ ဘယ်လို ဖြစ်လာတာတုန်းဗျာ”

သက်ပြင်းချကာ ကျွန်တော်မေးလိုက်သည်။ ဟုတ်သည်။ အန်တီတင့်ပုံစံကိုလည်း ကြည့်ကြဦး။ နေ့ခင်းကြောင်တောင် ဂုန်နီအိတ်စုတ်ကြီးခြုံကာ မျက်မှန်အမည်းကြီးတပ်လို့။ လာတာကလည်း ခိုးကြောင်ခိုးဝှက်ဖြင့် ကျွန်တော့်ခြံနောက်ဘက်အပေါက်မှနေ။

“ရုပ်ဖျက်လာတာလေ မောင်ဏီရဲ့”

ပြောပြောဆိုဆိုဖြင့် အန်တီတင့်က ကွပ်ပျစ်တွင် ၀င်ထိုင်ကာ ဂုန်နီအိတ်စုတ်ကြီးကို ချွတ်လိုက်သည်။ ထိုအခါ ကပ္ပလီမများစတိုင် ဆံပင်တု ကောက်ကောက်ဖွားဖွားကြီးကို စွပ်ထားတာ တွေ့လိုက်ရပြန်၏။ ထိုဆံပင်တုကြီး၊ မျက်မှန်မည်းကြီးနှင့်ဆိုတော့ စဉ်းသာ စဉ်းစားကြည့်ကြပါရော့။

“ဘာဖြစ်လို့ ရုပ်ဖျက်ရတာလည်း အန်တီတင့်ရယ်”
“အိမ်ကို ဧည့်သည် ခဏခဏ လာလို့လေကွယ်။ ဘလော့ဂါတွေက တီတင့်အိမ်လာလာလည်တတ်ကြလွန်းလို့ ခုမတတ်နိုင်တော့ဘူးရယ်။ အဲ့ဒါကြောင့် အခု ရုပ်ဖျက်ပြီး ပတ်ပြေးနေရတာ”
“သြော်...ဖြစ်မှ ဖြစ်ရလေ တီတင့်ရယ်”
“ဟုတ်တယ်ကွဲ့။ ပြီးခဲ့တဲ့ အပတ်ကပဲ လင်းကြယ်စင်တို့တွေ လာသွားကြသေးတာ”
“အင်း... တွေ့ဖြစ်တော့ ကောင်းတာပေါ့ တီတင့်ရယ်။ နို့ လင်းကြယ်စင်ရော ခုဘာလုပ်နေလဲ”
“တီတင့်ကို ပြောသွားတာတော့ အဓိပတိဘတ်စ်ကားလိုင်းမှာ မိန်းမစပယ်ယာဝင်လုပ်ဖို့ လကုန်ရင် အင်တာဗျူးဝင်ရမယ်ပြောတာပဲ။ အခု ညညဆိုရင် ညဥ့်နက်သန်းခေါင်အထိ လိုင်းပေါင်းစုံက မှတ်တိုင်နာမည်တွေကျက်ရင်း အင်တာဗျူးဝင်ဖြေဖို့ ပြင်နေရတယ်တဲ့။ ကားပေါ်က ခုန်တက်ခုန်ဆင်း မြန်မြန်လုပ်နိုင်အောင်လို့လည်း စွန်ဝူခုံးဆီမှာ မျောက်သိုင်း တစ်လအပြတ်တတ်ပြီး အိမ်မှာ ပြန်ပြန် ကျင့်နေရတယ်တဲ့။ စကားမစပ် ပြောရရင် သူတို့လာတဲ့နေ့က အိမ်မှာစားသွားလိုက်တာများမောင်ဏီရယ် ညစာတောင်မကျန်ဘူး။ အဲ့ဒီညက အိမ်မှာ တီတင့်တို့မိသားစု ဖြစ်သလိုပဲ ဒန်ပေါက်တွေ၊ ကြေးအိုးတွေနဲ့ ပြီးလိုက်ရတယ်”
“သြော်... တော်တော် အစားဆင်းရဲသွားရှာတာပေါ့နော် အန်တီတင့်”

အန်တီတင့်က ခေါင်းလေးငြိမ့်ကာ မျက်မှန်မည်းကြီးကို ချွတ်ရင်း...

“အဲ့ဒါကြောင့် ရုပ်ဖျက်လာတာ။ တီတင့်က ညနေကျရင် ခရီးထွက်မှာလေ။ မောင်ဏီ့ကိုလည်း နှုတ်ဆက်ချင်လို့ ၀င်လာတာ။ ပြီးတော့ ခြံထဲက ရှိသမျှအပင်တွေ အကုန်ခုတ်၊ အကုန်နှုတ်ပြီး ဧည့်နှင်ဂမုန်းတွေ တစ်ခြံလုံးအနှံ့ စိုက်ရအောင်လို့ ဦးဟန်ကြည်ကို အကူအညီလာတောင်းရင်းနဲ့ပေါ့”
“သြော်... ဦးဟန်ကြည်က ဥယျာဉ်မှူးလုပ်နေတယ်ပေါ့ ဟုတ်လား၊ တီတင့်”
“ဟုတ်တယ်ကွဲ့။ အခု သူဥယျာဉ်မှူးလုပ်ရင်း တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် လောက်လေးခွတွေပါ ထုတ်လုပ်ဖြန့်ချီနေတယ်လို့ ကြားတာပဲ”
“ဟင်... လောက်လေးခွ”
“ဟုတ်တယ်...၊ သူ့ရည်ရွယ်ချက်ကတော့ လူတိုင်း ကိုယ်ကြည့်မရတဲ့သူကို ဆော်နိုင်အောင်လို့ လေးခွတစ်လက် လောက်ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒအမှန်နဲ့ဆိုပဲ။ ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းမယ်တဲ့ရယ်။ အဲ့...ဈေးနှုန်းချိုချိုသာ သာနဲ့ဆိုပေမယ့် ဈေးချိုတယ်လီဖုန်းတွေလို မဲမနှိုက်စေရဘူးတဲ့လေ။ လူတန်းစားမရွေး လောက်လေးဂွ ကိုင်နိုင်အောင်လို့ ခေတ်မီနည်းပညာတွေနဲ့ ကြိုးစားနေတယ်လို့ သိရတာပဲ။ တီဗီကြော်ငြာကိုတောင်မှ မယ်ဘွဲ့ရထားတဲ့ နန်းခင်ဇဝေဇ၀ါနဲ့ ရိုက်မယ်ဆိုလားပဲကွဲ့။ ဒါနဲ့ ခုတလော ဦးဟန်ကြည် ဘယ်လိုအိပ်သလဲဆိုတာ မောင်ဏီ သိပြီးသွားပြီလား”
“ဟင့်အင်း... မသိသေးဘူးတီတင့်ရဲ့။ ကျွန်တော်နဲ့ မတွေ့ဖြစ်သေးလို့ရယ်”
“ဒါဆိုလည်း မောင်ဏီသိအောင် ဖောက်သည်ချသွားရဦးမယ်။ ဦးဟန်ကြည်က အခုအိပ်ရင် မတ်တပ်အိပ်တာတဲ့ တော်ရေ့”
“ဗျာ... ထူးထူးဆန်းဆန်းပါလား တီတင့်ရယ်။ ဟုတ်မှ ဟုတ်ရဲ့လားဗျာ”
“သြော်... တီတင့်က မောင်ဏီ့ကို မကြီးမငယ်နဲ့ ညာပြောပါ့မလားဟယ်။ ဦးဟန်ကြည် မတ်တပ်အိပ်တာအမှန်ပဲ။ တခြားကြောင့်တော့ မဟုတ်ဘူး။ ခုတလော သူ့ကို ပိုပိုပြီး ၀လာတယ်လို့ မဒမ်ဟန်ကြည်က ပြောတယ်တဲ့။ အဲ့ဒီလို အပြောခံရတော့ မဒမ်ဟန်ကြည် အချစ်မပေါ့အောင် ၀ိတ်ချဖို့ကြိုးစားတဲ့ အနေနဲ့ မတ်တပ်အိပ်တာတဲ့ကွဲ့”
“၀ိတ်ချတာနဲ့ မတ်တပ်အိပ်တာက ဘာဆိုင်လို့တုန်းတီတင့်ရာ”
“အေးပေါ့... မောင်ဏီ့စိတ်ထဲမှာတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ ဆန်ဖရန်စစ္စကိုက နွားမပေါင်ကျိုးသလို ဘာမှမဆိုင်ဘူးလို့ တွေးမိမှာပေါ့။ ဦးဟန်ကြည်က နည်းသစ်စတင်တွေ့ရှိတာတဲ့။ လူဟာ ညပိုင်း လှဲအိပ်တာ အဆီတွေအိုင်ပြီး စုနေမယ့်သဘောမို့ အဆီတွေကျသွားအောင် မတ်တပ်အိပ်တာတဲ့ရယ်။ အဆီပိုပြီး မြန်မြန်ကျချင်ရင် တစ်တီတူးတို့ လင်းနို့တို့လို ဇောက်ထိုးအိပ်ရတယ်တဲ့။ ကဲ... ရှင်းပြီလား”
“ဟာ... ဒါလောဂျစ်နည်းအရ အမှန်တရားနဲ့ နီးစပ်တယ်။ ဒီအကြောင်းကို မနှင်းကို ပြောပြရမယ်”
“ဂျင်းနဲ့ သံပရာ... အဲ့လေ... နှင်းနဲ့မာယာကိုလား”
“ဟုတ်တယ်၊ တီတင့်ရဲ့။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ စနိုး စနိုးလေး ဆိုတဲ့ နာမည်နဲ့လေ။ သူက အခု ပရင့်ဘက်မှာ ဆောင်းပါးလေးတွေ ရေးနေတော့ သူ့ကို လက်တို့ပြီး ဦးဟန်ကြည်ဝိတ်ချနည်းကို ပြောပြရဦးမယ်။ သူ့အတွက် ကုန်ကြမ်းပေါ့”
“နို့... သူလည်း ဒူဘိုင်းမှာ အပူလှိုင်းမိပြီး ဆံပင်တွေ ကျွတ်လို့ဆို”
“ဟုတ်တယ်... အဲ့ဒါကြောင့် အခုဆို သူက ထမင်းမစားတော့ဘူးတဲ့”
“ဒါဆို ဘာတွေစားသလဲ မောင်ဏီရဲ့”
“ထောလပတ်ရွက်တွေပဲ ကျော်စားတယ်တဲ့။ ရေလည်းမသောက်တော့ဘူး၊ ဆံပင်သန်တဲ့ အုန်းဆီပဲ သောက်တော့တယ်တဲ့ရယ်”
“ဒါလည်း တက်ကနော်လော်ဂျီအသစ်ပဲ။ သူဆံပင်ပြန်သန်အောင် အဲ့ဒီလိုလုပ်နေတာတွေကို မဂ္ဂဇင်းတွေမှာတောင် ရေးသင့်တယ်”

အန်တီတင့်က ပြောရင်း သူ့ခေါင်းပေါ်မှ ကပ္ပလီမ ဆံပင်တုဖွားဖွားကြီးအား ၀ဲခနဲ ရမ်းခါလိုက်၏။ ထိုဆံပင်တုကြီး ကြောင့် ကျွန်တော် တစ်ခုတွေးမိသွားသည်။

“တီတင့်”
“ဘာလဲ...မောင်ဏီရဲ့”
“ဟိုလေ... မိတ်ဆွေတစ်ယောက်အတွက် တီတင့်ဆီမှာ အကူအညီတောင်းချင်လို့”
“ပြော...တီတင့် ဘာကူညီရမလဲ”
“အန် အာစီယံ တိုး အော်ပရေတာ ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ်ရေးတဲ့ ကိုသော်မတ်စ်ကို သိတယ်မို့လား။ ကျွန်တော့်အခေါ်တော့ ကိုအေအေတူပေါ့”
“သိတယ်လေ... သူဘာဖြစ်လို့တုန်း”
“သူက ဘာမှ မဖြစ်ပါဘူး။ သူ့ကိုယ်စား ကျွန်တော် ကြားထဲက၀င်ပြီး အကူအညီတောင်းချင်တာကတော့ အခု တီတင့်စွပ်ထားတဲ့ ဆံပင်တုကြီးကို အသုံးမလိုတော့ရင် သူ့ကို ပေးလိုက်ဖို့ပါပဲ”
“ဟင်... ဒီဆံပင်ကို။ အဲ့ဒီအေအေတူ့ကိုမှ ရွေးပြီး မောင်ဏီက ဘာဖြစ်လို့ ပေးစေချင်ရတာလဲဟဲ့”
“ဒီလိုလေ...တီတင့်ရယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲ ကတုံးဆံပင်ပေါက်နဲ့မို့လား။ အဲ့ဒီတော့ တစ်နေ့ ကြုံလို့ ကျွန်တော်က ခင်ဗျားဘာဖြစ်လို့ အမြဲ ဒီလို ကတုံးကေနဲ့ဖြစ်နေရတာလဲလို့မေးတော့ သူကပြောရှာတယ်”
“ဘာတဲ့လဲ”
“သူ့မိန်းမက ခဏခဏ ဆံပင်ညှပ်ရင် ပိုက်ဆံကုန်မှာစိုးလို့ သူ့ကို အိမ်မှာပဲ ကတုံးခဏခဏ တုံးပေးတယ်တဲ့လေ။ အဲ့ဒါကြောင့် သူ့ကို ဆံပင်လေးဘာလေးနဲ့ မြင်ဖူးတယ်ရှိရအောင် တီတင့်ဆီက ဆံပင်တုကို သူ့ကိုယ်စား အလှူဝင်ခံပေးတာပါ”
“သြော်... မောင်ဏီပြောမှပဲ အဲ့ဒီအေအေတူ ဖော်အဲဗား ကတုံးဖြစ်နေရတဲ့ ဇစ်မြစ်ကို သိရတော့တယ်။ အင်းလေ၊ တီတင့် ကြုံရင် ပေးလိုက်ပါ့မယ်။ ကဲ... တီတင့်သွားတော့မယ် မောင်ဏီရယ်”

ပြောရင်း အန်တီတင့်က ဂုန်နီအိတ်စုတ်ကြီး ပြန်ခြုံကာ မျက်မှန်မည်းကြီးပြန်တပ်ပြီး ကျွန်တော့်ခြံနောက်ဘက်သို့ ကုပ်ချောင်းချောင်းဖြင့် ထွက်သွားလေတော့သည်။

မျက်စိအောက်မှ တီတင့်ပျောက်သွားတော့မှ ပီလောပီနံဥများဖြင့် ဧည့်မခံလိုက်ရတာတွေးကာ နောင်တရမိလေ၏။ ဟုတ်သည်။ အန်တီတင့်ကြိုက်လိမ့်မည်ဟု ကျွန်တော်ထင်တာမို့ပင်။

ပီလောပီနံများ၊ အာတာလွတ်များကို စားလိုက်၊ ရေနွေးကြမ်းလေး ငှဲ့သောက်လိုက်ဖြင့် ကွပ်ပျစ်ပေါ်တွင် ကျွန်တော်တစ်ယောက်တည်း ဇိမ်ကျနေဆဲ... ခြံရှေ့မှ ခေါ်သံကို ကြားရ၏။

“ကိုဏီရေ့”

အသံဝဲ၀ဲနှင့်မို့ ဘယ်သူပါလိမ့်ဟုတွေးရင်း မျှော်ကြည့်မိသည်။ ပါတိတ်ဝမ်းဆက် အဟောင်းလေးကိုဝတ်ကာ ခေါင်ပြုတ်နေသော ကော်ဖိနပ်အား သွပ်နန်းကြိုးဖြင့် တွယ်စီးလာသော မရို့စ်ကို တွေ့လိုက်ရ၏။ ကပိုကရိုစီးထားသော ဆံပင်များက ဖွာဆန်ကျဲထွက်နေ၏။ လက်ထဲတွင်လည်း ကိုင်းကျိုးနေသော ပလတ်စတစ် ဈေးခြင်းတောင်လေးကို ဆွဲလာသေး၏။ ကျွန်တော် ၀မ်းသာ သွားမိပါသည်။

“ဟာ... မရို့စ်၊ ဈေးသွားတော့မလို့လားဗျ။ ခုမှ နေ့လယ် နှစ်နာရီကျော်ကျော်ပဲ ရှိသေးတယ်”
“စောစောသွားမှ ကိုယ်လိုချင်တာ ၀ယ်လို့ရမှာပေါ့ ကိုဏီရဲ့။ ကိုယ်လိုချင်တာရမှ အိမ်က အစ်မချစ်တဲ့ မိသားစုကို ဖွယ်ဖွယ်ရာရာ ကောင်းကောင်းလေး ချက်ကျွေးနိုင်မှာပေါ့”

မရို့စ်က ကွပ်ပျစ်တွင်ဝင်ထိုင်ရင်း အပြုံးလေးဖြင့် ပြော၏။ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်နှင့် ခင်ပွန်းဖြစ်သူတို့အား ချစ်ခင်တွယ်တာလွန်းသော မရို့စ်စကားကြောင့် ကျွန်တော် စိတ်ချမ်းသာရသည်။ ဖေ့စ်ဘွတ်ခ်ပေါ်မှ သူ့နာမည်ကတော့ နော်ဖောဟု ခေါ်ပါသည်။ သို့သော် ကျွန်တော်ကတော့ မရို့စ်ဟု ခေါ်တာ နှုတ်ကျိုးနေခဲ့ပြီ။ သူ့အိမ်လေးနာမည်က ရှာရွန်ရဲ့ ရို့စ်မဟုတ်ပါလား။

“ကဲ... ဆိုပါဦး။ ကျွန်တော့်ဆီဝင်လာတာ ဘာကိတ်”
“ပလိန်းကိတ်၊ အဲ့လေ...ယောင်လို့။ ကိုဏီ့ခြံထဲက မယ်ဇလီရွက်လေး နည်းနည်းလောက် တောင်းခူးချင်လို့ပါဟယ်”
“ရတယ် မရို့စ်။ ဈေးကိုသာ အရင်သွားနှင့်။ ကျွန်တော် ခူးထားလိုက်မယ်။ ပြန်လာရင် လှည့်ဝင်ယူလိုက်ချေ”
“ကျေးဇူးပဲ ကိုဏီရယ်”
“ဒါနဲ့ ဒီည ဘာတွေချက်စားကြမှာတုန်း”
“ဒီည ငါးသလောက်ချက်မယ်။ ကြက်ဟင်းခါးသီးကြော်မယ်။ ငံပြာရည်ချက်နဲ့ ဒညင်းသီးဆားရည်စိမ်တို့မယ်။ ကြောင်လျှာသီးသုပ်မယ်။ ပြီးတော့ ကိုဏီ့ဆီက တောင်းတဲ့ မယ်ဇလီရွက်ဟင်းချိုလေးနဲ့”
“ဟာ... မရို့စ် ဟင်းအစပ်ကလည်း တက်စာချည်းပဲ။ အိမ်သားတွေ ဒုက္ခရောက်ကုန်ဦးမယ်”
“ဟယ်... ဟုတ်ပ။ ကိုဏီပြောမှပဲ သတိထားမိတော့တယ်။ ကဲ... ဒီည ဘာချက်သင့်သလဲ။ အစ်မကို အကြံပေးပါဦး”
“ငါးသေတ္တာနဲ့ အုန်းနို့လေးကို ရောချက်၊ မှိုကလေးကိုနှပ်။ ဆူးပုတ်ရွက်လေးကိုတို့၊ ပဲငပိလေးကိုကြော်။ ပုန်းရည်ကြီးလေးသုပ်။ မယ်ဇလီဟင်းချိုလေးချက်။ ပြီးရောပေါ့”
“ဟုတ်ပြီ။ အကြံပေးတာ ကျေးဇူးပဲဟယ်။ ထမင်းမြိန်မှာ သေချာတယ်။ ဒါနဲ့ ကိုဏီ့ခြံထဲမှာ ချဉ်ပေါင်ပင်တွေရှိ လား။ ဘေးအိမ်က မှာလိုက်လို့။ ဈေးက သိပ်မ၀ယ်ရဲဘူးလေ။ ပိုးသတ်ဆေးတွေကြောက်လို့ရယ်”
“ကျွန်တော့်ဆီမှာတော့ မရှိဘူး မရို့စ်ရဲ့။ ကိုဘကြိုင်ဆီမှာတော့ တောထ,နေအောင် ပေါတယ်လို့ကြားတယ်။ မောင်ဘကြိုင် ချဉ်ပေါင်ခြံဆိုပြီး နာမည်တစ်လုံးနဲ့ နေတာကိုပဲ ကြည့်လေ”
“ဟုတ်သားပဲ။ ဒါပေမယ့် သူက အခု သူ့ချဉ်ပေါင်ခင်းတွေကို ပစ်ထားပြီး ညားကာစဇနီးအသစ်ကလေးနဲ့ သူအလုပ်လုပ်တဲ့ မြန်မာပြည်အထက်ပိုင်းကို ဆေးသကြားရည်ဆမ်းခရီးဆိုလား ဟန်းဝေးမွန်းခရီးဆိုလား ထွက်နေတာ မဟုတ်လား”
“အဲ့ဒါတော့ ဟုတ်တယ်။ ဒါပေမယ့် သူ့ခြံထဲမှာ နည်းနည်းပါးပါးတော့ ကျန်မှာပါ မရို့စ်ရယ်။ သြော်... ဒါနဲ့ ဈေးထဲရောက်ရင် ကျွန်တော့်အတွက် ညနေဂဏန်းလေး ထိုးပေးခဲ့ပါဦး”
“ဟယ်... ကိုဏီရယ်။ အစ်မက ဂဏန်းကျင်းတွေ မထိုးရဲပါဘူး။ သူတို့ညှပ်မှာ ကြောက်လို့။ ပြီးတော့ ညနေဂဏန်းဆို စားဖို့ ဘယ်လတ်တော့မလဲ”
“ဟာ... မရို့စ်ကလဲ။ ညနေဂဏန်းဆိုတာ နှစ်လုံးကို ပြောတာဗျ”
“သြော်... ဂလိုလား။ ကဲ ပြော... ဘယ်လောက်ဖိုးလဲ။ ဘယ်သူ့ဆီမှာ ထိုးပေးရမှာလဲ”
“မြတ်မွန်နဲ့ အင်ကြင်းသန့်တို့ ညီအစ်မနှစ်ယောက်ဆီမှာ ထိုးပေးရမှာ။ သူတို့က အခု ဈေးထဲမှာ ဆိုင်တွေဖွင့်ထားကြတယ်လေ။ မြတ်မွန်က ငရုပ်သီးမှုန့်ဆိုင်၊ အင်ကြင်းသန့်က ဂျင်းတွေ၊ ကြက်သွန်ဖြူတွေ ရောင်းတဲ့ဆိုင်”
“ဟုတ်လား... အစ်မတောင် မသိလိုက်ဘူးရယ်”

ကျွန်တော် ခေါင်းငြိမ့်ရင်း...

“ဟုတ်တယ် မရို့စ်။ သူတို့ ဆိုင်ဖွင့်တာတောင် ကြာပြီ။ အင်ကြင်းသန့်ဆို ဂျင်းတွေ လက်မလည်အောင် ရောင်းရ လွန်းလို့ သူ့နာမည်တောင် အင်ဂျင်းသန့်လို့ ပြောင်းပလိုက်ပြီ။ မြတ်မွန်ဆိုလည်း တစ်နေ့တစ်နေ့ ငရုပ်သီးမှုန့်တွေကြားမှာနေရလို့ မျက်စိတွေမွှန်ပြီး မျက်မွှန်လို့တောင် နာမည်ပြောင်းပြီးသွားပြီရယ်။ အခု သူတို့ ညီအစ်မနှစ်ယောက်က အဲ့ဒီလို ဈေးရောင်းစားရတဲ့ ဘ၀က ကျွတ်အောင်ဆိုပြီး စပ်တူ နှစ်လုံးဒိုင်ကိုင်နေကြတာဗျ။ လိုင်းကြေးတွေဘာတွေပေးပြီး တိုးတိုးတိတ်တိတ်ပေါ့”
“သြော်... အစ်မဆို ခုမှသိတယ်။ ဒါဆို ကိုဏီ့ကို ထိုးပေးရင်းနဲ့ အစ်မပါ နှစ်ကျပ်ဖိုးလောက် ကံစမ်းကြည့်လိုက်ဦးမယ်။ ဈေးသုံးလေး ရအောင်လို့ရယ်”
“ဟုတ်ကဲ့ မရို့စ်။ ရော့... ကျွန်တော့်အတွက် ၇၈ကို သုံးကျပ်ဖိုး အာခဲ့ပေးစမ်းပါဗျာ။ ဒီညနေ ညီအစ်ကို ထွက်မယ် ကြားထားတာ”

မရို့စ်က  ကျွန်တော့်ထံမှ ပိုက်ဆံခြောက်ကျပ်ကိုယူကာ ဈေးခြင်းထဲ ပစ်ထည့်ရင်း နှုတ်ဆက်သည်။

“ကဲ...နေပူပေမယ့် သွားလိုက်ဦးမယ် ကိုဏီရယ်။ အိမ်သားတွေအတွက် လျှာရင်းမြက်စေဖို့ ဈေးဝယ်ရဦးမယ်။ မိသားစုအတွက်မို့ နော်ဖော၊ အတော်မောတယ်လို့ ဘယ်တော့မှ မညည်းဘူး။ သြော်... မယ်ဇလီရွက်လေးတွေ ခူးထားပေးဦးနော်”
“စိတ်ချပါဗျာ”

မရို့စ်ထွက်သွားပြီးနောက် ကွပ်ပျစ်ပေါ်မှဆင်းကာ ခြံထောင့်မှ မယ်ဇလီပင်ရှိရာဆီသို့ ကျွန်တော်ထွက်ခဲ့လိုက်၏။ နောက်... အပင်အောက်မှ တံချူဖြင့် မယ်ဇလီအရွက်နုလေးများအား စိတ်ရှည်လက်ရှည် ခူးနေဆဲ...

“ဏီဏီရေ့”

ရင်းနှီးနေသော ခေါ်သံကြောင့် ခြံပေါက်ဝသို့ ကျွန်တော်လှမ်းကြည့်လိုက်သည်။ အီတာလျှံမင်းသမီးများလို မျက်နှာပေါက်ဖြင့် ဂျီးအထပ်ထပ်ပေနေသည့် ရှမ်းဘောင်းဘီရှည်ပွပွ၊ တီရှပ်အင်္ကျီအဟောင်းလေးတို့ဖြင့် နွမ်းဖတ်ဖတ်နိုင်နေသော မမိုးငွေ့ကို တွေ့လိုက်ရ၏။ မျက်နှာမှာ ချွေးတွေသံတွေနှင့်။ နားတွင် ခေါင်ရမ်းပန်းတစ်ပွင့်ညှပ်ပန်ကာ ဆံပင်များကလည်း စုတ်တိ စုတ်ဖွားဖြင့်...။ ခြေထောက်တွင် အမြီးပြတ်နေသော ခုံဖိနပ်တစ်ရံစီးထား၍ လက်ထဲမှာလည်း ပိန်လိမ်နေသော ဒန်ချိုင့်လေး တစ်လုံးဆွဲလို့။ ပြောရမယ်ဆိုလျှင် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ်ဆန်ဆန် ဒီဇိုင်းမျိုး။

“ဟာ... မမိုး။ လာ...လာ”

ဝမ်းသာအားရကျွန်တော်ခေါ်လိုက်တော့ မမိုးက အနားသို့လျှောက်လာသည်။

“ဘာတွေလုပ်နေတာတုန်း ဏီဏီရဲ့”
“မရို့စ်အတွက် မယ်ဇလီရွက်လေး နည်းနည်းခူးပေးနေတာ။ ခဏနော်”

မမိုးငွေ့က ခေါင်းငြိမ့်ပြသည်။ နောက်... ကျွန်တော် မယ်ဇလီရွက်များ ခူးပြီးသွားတော့ နှစ်ယောက်သား ကွပ်ပျစ်ဆီသို့ ပြန်လျှောက်လာခဲ့၏။ မရို့စ်အတွက် ခူးထားပေးသော မယ်ဇလီရွက်များအား ဇကောတစ်ချပ်ထဲတွင် အသာထည့်ရင်း ကျွန်တော်မေးလိုက်သည်။

“ဘယ်သွားမလို့လဲ မမိုးရဲ့။ ဒီလောက်နေပူနေတဲ့ဟာ။ လက်ထဲကချိုင့်ထဲမှာလည်း ဘာတွေတုန်းဗျ”
“အိန်ဂျယ့်ကို လွမ်းလို့ လိုက်ရှာနေတာ။ ချိုင့်ထဲကတော့ မမိုးရဲ့ ခရေဇီ ကော်ဖီတွေလေ။ အိမ်ဂျယ့်ကိုလွမ်းရင် ကော်ဖီသောက်၊ ကော်ဖီသောက်တော့ အိန်ဂျယ့်ကိုလွမ်းနဲ့ တိုင်ပတ်နေရတာပါပဲဟယ်”

ပြောရင်း မမိုးက ကွပ်ပျစ်ပေါ်တွင် အကျအန ထိုင်နေရာကနေ ဒန်ချိုင့်လေး၏ အဖုံးကို ဖွင့်လိုက်၏။ နောက်... ချိုင့်အဖုံးထဲသို့ ကော်ဖီနည်းနည်း လောင်းထည့်ကာ ကျွန်တော့်ကို လောကွတ်လုပ်သည်။

“သောက်ဦးမလား ဏီဏီ”
“မသောက်တော့ပါဘူးဗျာ”

ကျွန်တော် ငြင်းလိုက်တာနဲ့ ချက်ချင်း မမိုးက ဒန်ချိုင့်အဖုံးထဲမှ သူ့ကော်ဖီများကို ဂွပ်ခနဲပင် ဂေါ်ရင်ဂျီမော့ မော့သောက်လိုက်ပြီး အဖုံးကို မြန်မြန်ပြန်ပိတ်လိုက်၏။ ကြည့်ရတာ ကျွန်တော်စိတ်ပြောင်းပြီး ပြန်တောင်း သောက်မှာ စိုးနေသည့်ပုံ။ သူ့ဘလော့ဂ်ပေါ်တွင် အိန်ဂျယ်ဆိုတာကို ခဏခဏတ,ကာ စာတွေရေးရေးနေသလို ခုလည်း အိန်ဂျယ်ကို လိုက်ရှာနေသည်ဆိုတာမို့ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်သည်။

“မမိုးက ဘယ်အိန်ဂျယ်ကို လိုက်ရှာနေတာလဲ။ ညီမ အိန်ဂျယ်လှိုင်ကို ပြောတာလား”
“ဘယ်ကလာဟယ်။ မမိုးရှာတဲ့ အိန်ဂျယ်က ဟော့ဒီရင်ဘတ်ကြီးထဲက အိန်ဂျယ်။ စောစောက ဏီဏီပြောတဲ့ အိန်ဂျယ်လှိုင်က မကြာခင် အဲ့ဒီနာမည်နဲ့ လိုက်အောင် အလုပ်လုပ်ရတော့မှာတဲ့”
“ဘယ်လို”
“ဟုတ်တယ်ဏီဏီရဲ့။ သူက ငွေပေါ်ဖို့ခက်တဲ့ စာအုပ်တွေထုတ်ဝေဖို့ ကြိုးစားနေတာဆိုတော့ မကြာခင် အိမ်မှာထိုင်ပြီး ဂျယ်လီတွေ လှိုင်လှိုင်ရောင်းစားရတော့မယ်လို့ မမိုး ဟိုကဒီက ကြားရလို့ပဲ”

ဖြစ်မှဖြစ်ရလေ ညီမအိန်ဂျယ်လှိုင်ရယ်ဟု ကျွန်တော့်စိတ်ထဲ ညည်းတွားမိ၏။ ဘာပဲဖြစ်ဖြစ် သူထုတ်သော စာအုပ်များ အောင်မြင်ပါစေကြောင်း ဘုရားရှိခိုးလျှင် ထည့်ဆုတောင်းရပေဦးမည်။ သို့သော် နောက်ထပ် အိန်ဂျယ်တစ်ယောက် ရှိသေးတာမို့ ကျွန်တော် မေးလိုက်ပါသေးသည်။

“ဒါဆို အဖြူရောင်နတ်သမီးကို ရှာနေတာလား။ သူရန်ကုန်ပြန်ရောက်နေပြီပြောတာပဲ”
“သူ့ကိုလည်း မဟုတ်ပါဘူးဟယ်။ သူပြန်ရောက်နေတာ သိတယ်။ ရောက်ရောက်ချင်း မမိုးဆီကိုတောင်လာသေးတယ်။ သူ့ကို အဖြူရောင်နတ်သမီးမှန်း တွေ့တွေ့ချင်းမှတ်မိအောင် ကျောကုန်းမှာ စကောနှစ်ချပ်ကို ထုံးသုတ်ပြီး အတောင်ပံသဘောမျိုးနဲ့ ဟိုဘက်ဒီဘက် ပလတ်စတစ် ကျွတ်ကျွတ်ကြိုးတွေသုံးပြီး သိုင်းလာခဲ့သေးတာ။ ခေါင်းပေါ်မှာလည်း ဖရဲသီးအခွံကြီး ဆောင်းလို့ရယ်။ သိတယ်မို့လား၊ ဖြူဖြူသိန်းကျော်ရဲ့ ငါတော့မေ့လို့မရတော့ဘူး သီချင်းဆိုတဲ့ စတိုင်လေ။ အခုတော့ ငပလီကပြန်ရောက်လာပြီး နှပ်သာမီးလို့ ဏီဏီခေါ်နေကျ နာမည်အတိုင်း နှာရည်တရွဲရွဲနဲ့ ပန်းဖျား ဖျားနေလေရဲ့”
“သြော်... စိုးရိမ်ရသေးလား”
“မစိုးရိမ်ရပါဘူးဟယ်။ အလတ်ကြီး ရှိပါသေးတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကလိုရီဆိုတဲ့နာမည်နဲ့ ဒါ့ပုံတွေ တင်နိုင်သေးတာ ကြည့်ပါလား”

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်။ မမိုးက ကော်ဖီများအား အဖုံးထဲ နည်းနည်းထပ်ထည့်ကာ သောက်ရင်း...

“ဒါနဲ့ ဏီဏီ့ကို ပြောရဦးမယ်”
“ဟုတ်...မမိုး”
“ဏီဏီက ဘလော့ဂ်ရေးတဲ့ မစန်းထွန်းကို ဘာဖြစ်လို့ ကိုစန်းထွန်းလို့ သွားခေါ်ရတာတုန်း”
“ဟာ... အဲ့ဒါ အမျိုးသမီးလားဗျ။ ဟားဟား... မသိပါဘူး မမိုးရာ။ ကျွန်တော်က သူကျွန်တော့်ဆီမှာ ကွန်မန့်လေးတွေ လာလာရေးသွားတဲ့ အသုံးအနှုန်းကိုကြည့်ပြီး ယောက်ျားလေးထင်လို့ဗျ။ သူ့ဆီသွားလည်တော့ ကော်နက်ရှင်က မကောင်းတစ်ကောင်းနဲ့ဆိုတော့ ကမန်းကတန်း နှုတ်ဆက်လိုက်တာ။ ဟဲ...ဟဲ... မှားတဲ့အခါလည်း မှားပေမပေါ့”
“မစန်းထွန်းလည်း ခွင့်လွှတ်မှာပါ။ သြော်...ဒါနဲ့ ဏီဏီ့ကို ပြောရဦးမယ်”
“ဘာများလဲ မမိုးရဲ့”
“လင်းခေတ်ဒီနိုလေ။ ဏီဏီ့ညီ ဗညားရှိန်လေ”
“ဘာများဖြစ်လို့တုန်း။ ဒီနှစ်လယ်မရောက်ခင်လေးတင် သူအမေကြီးကားကို ပြန်သွားတဲ့ဟာ”
“သူနာမည် ပြောင်းတော့မယ်လို့ မမိုးကြားတယ်”
“ဘာဖြစ်လို့ပြောင်းမှာလဲဗျ။ သူ့နာမည်လေးက ဒီလောက်လှတဲ့ဟာ”
“သိပါဘူးဟယ်။ သူ့သူဌေးက ခဏခဏခရီးထွက်ခိုင်းလို့ လမ်းမှာပဲ အိပ်ယာခင်ခင်းပြီးအိပ်နေရတာတဲ့။ ပြီးတော့ သူ့ခန္ဓာကိုယ်ကြီးကလည်း တဖြည်းဖြည်းနဲ့ ၀,လာတာမို့ “လမ်းခင်းဒိုင်နိုဆော”လို့ ပြောင်းချင်လာပြီလို့ ပြောတာပဲရယ်”
“ဟုတ်မယ်...ဟုတ်မယ်။ သူမြန်မာပြည်ပြန်လာတုန်းက ကျွန်တော်နဲ့ နှစ်ကြိမ်လားမသိတွေ့တော့ ၀,နေတာ သတိထားမိတယ်။ အခု အမေကြီးကား ပြန်ရောက်နေတယ်ဆိုတော့ ပိုဝ,လာမှာပေါ့။ သြော်... ဒါနဲ့ နင့်အသက် ငါ့ပေးဆိုတဲ့ ဆရာကြီးညိမ်းနိုင်ရော။ မမိုးနဲ့တွေ့ဖြစ်သေးလား။ ဖဘပေါ်မှာတော့ သူ့နာမည်က အိကုလေ။ သူလည်း မြန်မာပြည်ပြန်ရောက်နေတယ် ကျွန်တော်ကြားတာ”
“အံမလေး၊ သူလား။ မှော်ဘီမှာ ဂေါ်ဖီစိုက်ပြီး ညနေညနေတိုင်း ထန်းရည်ဆိုင်တွေမှာ တော်ကီပွားနေတယ်ဆိုလားပါပဲ ဏီဏီရယ်။ ဟိုတလောကလည်း မြို့ထဲက စာအုပ်ဆိုင်တစ်ဆိုင်မှာ စာအုပ်တွေခိုးဖို့ ကြံနေတုန်း လူမိသွားလို့ နှင်ထုတ်ခံရတယ် ကြားသေးတယ်။ ပြီးတော့ အခုတလောလည်း ထိန်းမနိုင် သိမ်းမနိုင် ငြိမ်းမနိုင်ဖြစ်နေပြီတဲ့ဟဲ့”
“ဘာဖြစ်လို့”
“သီတင်းကျွတ်တော့မှာ မို့လား။ အဲ့ဒီတော့ သူလည်း အိမ်ထောင်ကျချင်လို့ ဆောက်တည်ရာမရ၊ အိနြေ္ဒမရ ဖြစ်နေရပြီပေါ့။ အဲ့ဒါကို ပြောတာ။ ကဲ... မမိုးသွားမယ်ဟယ်။ အိန်ဂျယ့်ကို လိုက်ရှာရင်း ရွာအလယ်နားက ဘလက်ခ်ရို့စ်(ခေါ်) ပစ်ပစ်ကို သတင်းသွားမေးဦးမလို့”
“ဟာ... ပစ်ပစ် ဘာဖြစ်တာလဲဗျ။ ကျွန်တော်တောင် မသိလိုက်ပါလား”
“ဏီဏီက ဘယ်သိမလဲ။ တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ အောင်းပြီး အိမ်တွင်းပုန်း ဂျပန်မလုပ်နေတာကိုး။ ဒီလို ဒီလို၊ ပစ်ပစ်က သွားအစွပ်တွေ တပ်ထားတယ်မို့လား ဏီဏီရဲ့။ အဲ့ဒါ မနေ့က ထမင်းစားရင်း အဲ့ဒီသွားအစွပ်က ကျွတ်သွားတာ မသိလိုက်ပဲ ထမင်းနဲ့ရောပြီး မျိုချမိလို့တဲ့”
“ဟင်... ဖြစ်မှ ဖြစ်ရလေ။ အခုရော ဘယ်လိုနေသေးတုန်း”
“ဂြိုလ်တု ၀မ်းနှုတ်ဆေး သုံးထုတ်သောက်လိုက်လို့ အောက်လွှတ်တော်ကနေ လျှောလျှောရှူရှူ ပြန်ထွက်သွားပါပြီတဲ့။ ဒါပေမယ့် ဆေးအစွမ်းနဲ့ လူက နည်းနည်းပျော့သွားလို့ သတင်းသွားမေးမှာ။ ကျန်တာ အကုန်ကောင်း”

ပြောပြောဆိုဆိုဖြင့် မမိုးငွေ့က ကွပ်ပျစ်ပေါ်မှ ခုန်ဆင်းလိုက်၏။ ထိုအခါ သူ့နားကြားမှာ ညှပ်ထားသော ခေါင်ရမ်းပန်း နီနီလေးက မြေပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျသွား၏။ ဒါကို မမိုးငွေ့က တယုတယကောက်ကာ နားတွင်ပြန်ညှပ်လိုက်ပြီး ခုံဖိနပ်ကြီး တဂွပ်ဂွပ်ဖြင့် ကော်ဖီချိုင့်လေးဆွဲ၍ ကျွန်တော့်ရှေ့မှနေ ထွက်သွားလေတော့၏။

မမိုးထွက်သွားတော့ မရို့စ်ပြန်လာလျှင် အဆင်သင့်ယူသွားနိုင်အောင် မယ်ဇလီရွက်များအား သတင်းစာ စက္ကူအဟောင်းထဲတွင် သေသေချာချာ ထုပ်ပိုးနေမိလိုက်သည်။

“ကိုဏီ”

စိတ်ပါဝင်စားစွာ သေသေချာချာ ထုတ်နေခိုက် အနားကပ်ကာ အခေါ်ခံလိုက်ရတာမို့ ကျွန်တော့်မှာ လန့်တောင် သွားရ၏။ ကြည့်လိုက်တော့ ကျွန်တော့်ကွပ်ပျစ်နားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ထန်းပလပ်ပြားသဖွယ် ပိန်ပိန်ညောင်ညောင် ကောင်လေးတစ်ယောက် ရပ်နေတာ တွေ့လိုက်ရ၏။ အပေါ်ပိုင်းတွင် အင်္ကျီမပါတာမို့ လူ့အရိုးစုဖွဲ့စည်းပုံကို ဆေးကျောင်းသားများအတွက် သက်ရှိထင်ရှားလူသားအား အသုံးပြု၍ သင်ကြားလို့တောင်ရ၏။ အကွက်မပေါ်တော့သော ပုဆိုးစုတ်လေးကို ကတောင်းကျိုက်ကာ ခေါင်းတွင် အနားလန်နေသော ၀ါးခမောက်အစုတ်လေး ဆောင်းထားသေး၏။ ၀မ်းသာအားရဖြင့် ကျွန်တော်ခေါ်လိုက်သည်။

“ဟာ... မောင်မျိုး။ လာ... ထိုင်။ ဘယ်ကလာတာလဲ။ ကိုဏီ မင်းကို သတိရနေတာ။ နေကောင်းလား ညီလေး။ အားလုံးအဆင်ပြေတယ်ဟုတ်”

ပျာပျာသလဲ မျက်နှာချိုသွေးကာ ကျွန်တော်နှုတ်ဆက်လိုက်သော်လည်း မောင်မျိုးက ကျွန်တော့်ကို ရှုတည်တည် ကြည့်ကာ နှုတ်ခမ်းကိုမဲ့၏။

“ခင်ဗျားကြီး ကျုပ်ကို ပစ်ထားတယ်”
“မပစ်ထားပါဘူးကွယ်။ ကိုဏီ မအားလို့ပါ။ လာပါဦး ထိုင်ပါဦးကွာ။ ကိုဏီက မင့်ကို သတိရနေတာရယ်”

ပျာပျာသလဲ ကျွန်တော် ချော့ရသည်။ ဟုတ်သည်။ မောင်မျိုးအကျင့်က အဲ့ဒီအတိုင်း။ နေရင်းထိုင်ရင်း ကျွန်တော်တို့မသိလိုက်ပဲ (သူ့ကိုလည်း ဘာမှ မလုပ်ပဲ) ထိုင်ပြီး စိတ်ကောက်ချင် ကောက်နေတတ်သည်။ စိတ်ဆိုးချင် ဆိုးနေတတ်သည်။ နာမည်တောင် မောင်ဆိုးဟု ပြောင်းသင့်သည်။ ထို့ကြောင့် ဒင်းအား တွေ့တွေ့ချင်း ကျွန်တော် ပျာယီးပျာယာ နှုတ်ဆက်လိုက်ခြင်းသာ။

ကျွန်တော်က သူ့လက်ကိုဆွဲကာ ကွပ်ပျစ်ပေါ် အတင်းထိုင်ခိုင်းလိုက်သည်။ ထိုအခါမှ ဒင်းက နည်းနည်း စိတ်ကြည်လာဟန်ဖြင့် ငါးသလဲထိုးပြုံးပြုံးကာ ကွပ်ပျစ်ပေါ်တက်ထိုင်၏။ နောက်... သူ့ဝါးခမောက်အစုတ်လေးကို ချွတ်ကာ ဘေးချရင်း...

“ကိုဏီ့ဆီမှာ ငှားစရာရှိလို့ လာတာ”
“ဘာငှားချင်လို့လဲကွ”
“စက်ဘီးလေထိုးတံလေ။ ရှိတယ်မို့လား”
“ရှိပါ့ဗျာ။ ဒါနဲ့ မင်းက ဘာလုပ်မလို့တုန်း”

ကျွန်တော့်အမေးကြောင့် မောင်မျိုးက သက်ပြင်းတစ်ချက်ချရင်း...

“ကျွန်တော်က ပိန်တယ်လေ။ ဘယ်လောက်စားစား အသားမဖြစ်ဘူး။ ဘယ်ဆေးသောက်သောက်လည်း မ၀ဘူး။ လူနံပိန်၊ ကျွဲချိုလိမ်ဆိုတဲ့စကားလုံးကို ရှေးလူကြီးတွေက ကျွန်တော့်အတွက် တမင်တကာများ ထားခဲ့လေရော့သ လားမှတ်ရတယ်။ အဲ့ဒါကြောင့် ကြံရာမရတဲ့အဆုံး ကိုဏီ့ဆီက လေထိုးပိုက်လာငှားပြီး ၀လာအောင် ကိုယ်ထဲကို လေထိုးသွင်းမလို့”
“ဘုရား...ဘုရား၊ ကြံကြီးစည်ရာ မလုပ်ကောင်းလုပ်ကောင်း မောင်မျိုးရယ်။ အဲ့သလိုလုပ်ရင် သေတတ်တယ်ကွ။ ကိုယ့်ကိုယ်ကို သတ်သေရင် ဖန်ခါးသီးအလုံးငါးရာ စားရတတ်တယ်တဲ့”
“ဟာ... ကိုဏီကလည်း၊ ဖန်ခါးသီးအလုံးငါးရာ ဟုတ်ပါဘူးဗျာ။ အဖန်ငါးရာ ငါးကမ္ဘာပါ”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ကွာ။ ဒါပေမယ့် မင်းကိုယ့်ကိုယ်ကို လေပြန်မထိုးပါဘူးလို့ ကိုဏီ့ကို ကတိပေးစမ်း။ ၀ချင်ရင် အားဆေးဝယ်သောက်။ အရင်က အော်ရာမင်း ဂျီဆိုတဲ့ အားဆေးပေါ်နေတာ။ ခု... အော်ရာမင်း အက်ဖ် ဆိုတာ ထပ်ပေါ်နေပြီတဲ့။ ဂျီထက် အက်ဖ်က ပိုမြင့်တော့ ပိုအားရှိမယ့် သဘောပဲ။ အဲ့ဆေးဝယ်သောက်”
“အင်း... ဒါဆိုလည်း ကတိပေးတယ်ဗျာ။ ကိုဏီပြောသလို အော်ရာမင်း အက်ဖ်ပဲ ၀ယ်သောက်တော့မယ်။ သြော်... မေ့တော့မလို့ ကိုဏီ့ကို ပြောရဦးမယ်”
“ဘာလဲကွ”
“မလေးအိမ့်ချမ်းမြေ့က ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ မိတောစာအုပ်လေးအုပ် ကိုဏီ့ဆီမှာ သိမ်းထားတာ ကျန်သေးတယ်မို့လား”
“အင်း”

ခေါင်းသာ ငြိမ့်လိုက်ရသည်။ တကယ်က ထိုစာအုပ်များ ကျွန်တော့်ဆီမှာ မရှိတော့။ မလေးအိမ့်ချမ်းမြေ့၏ မိတောစာအုပ်များမှာ ဈေးကွက်တွင် ရောင်းရလွန်းတာမို့ အကုန်ရောင်းထွက်သွားပြီးနောက် ရှာမရဖြစ်ကာ ဈေးတွေလည်း အဆမတန် တက်သွားခဲ့၏။ ထို့ကြောင့် လွန်ခဲ့သော အပတ်ကပင် ထိုစာအုပ်များကို တက်ဈေးဖြင့် ရောင်းပြီး ကျွန်တော် ထန်းရည်ဝယ်သောက်ပစ်ခဲ့ပြီးပြီ။ ဖဲကြွေးတွေ ဆပ်ရသည်။ အခုတော့ မောင်မျိုး တစ်ခါတည်းယူသွားဖို့ မတောင်းပါစေနှင့်ဟု ဆုတောင်းရုံမှတစ်ပါး ကျွန်တော့်မှာ အခြားမရှိတော့ပြီ။

“အဲ့ဒါ... အဲ့ဒီစာအုပ်လေးတွေ ကိုဏီ ဆက်သိမ်းပေးထားပါဦးလို့။ ပြီးတော့”
“ပြီးတော့ ဘာဖြစ်သလဲဟင် မောင်မျိုး”

သူယူမသွားတာ သေချာသွားတာမို့ ၀မ်းသာစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကျွန်တော် ပြန်မေးလိုက်သည်။ မောင်မျိုးက...

“ကျွန်တော့်ကို မုန့်လင်မယားနဲ့ ၀က်ခေါင်းသုပ် ၀က်ခြေထောက်စွပ်ပြုတ်ဝယ်သောက်ဖို့ ပိုက်ဆံငါးကျပ်ပေး”
“ဟေ”...
“ဘာမှ ဟေမနေနဲ့။ သက်တံ့ဆယ်စင်းစာအုပ်ထဲက ကိုဏီ့ရဲ့ နိဂုံးမဲ့သတ်ပွဲဆိုတဲ့ ၀တ္ထုကို ဖတ်ပြီးကတည်းက အပြင်မှာ ကိုဏီနဲ့တွေ့ရင် ၀ယ်ကျွေးခိုင်းဖို့ စဉ်းစားထားတာ”
“နိဂုံးမဲ့ သတ်ပွဲ မဟုတ်ပါဘူး မောင်မျိုးရာ။ နိဂုံးမဲ့တေးသွားပါ”
“အတူတူပါပဲ။ ကိုဏီက နုရွပြီး တေးသွားလို့ သုံးပေမယ့် လင်မယားရန်ဖြစ်တာ သတ်ပွဲပဲ။ ပေး...ပိုက်ဆံ ငါးကျပ်”

မောင်မျိုးက မိုက်တိမိုက်ကန်းပြောကာ လက်ဖြန့်၏။ ထို့ကြောင့် ကျွန်တော် ပေးလိုက်ရသည်။ မောင်မျိုးက ကျေနပ်သွားသလို ပြုံးရင်း ပုဆိုးခါးပုံစထဲသို့ ပိုက်ဆံငါးကျပ်အား ထည့်သည်။ ပြီးနောက် ၀ါးခမောက်လေး ပြန်ဆောင်းပြီး ကွပ်ပျစ်ပေါ်မှ ၀ုန်းခနဲ ခုန်ချကာ... နှုတ်ဆက်ထွက်သွားလေတော့သည်။

မောင်မျိုးခြံဝသို့အရောက်တွင် ခြံထဲသို့ စည်ပိုင်းကြီးနှင့်တူသော လူတစ်ယောက်ဝင်လာ၏။ ထိုလူဝကြီးက မောင်မျိုးအား လည်ပြန်ငဲ့ကြည့်ကာ ကျွန်တော်ထိုင်နေသော ကွပ်ပျစ်ဆီသို့ အိပဲ့အိပဲ့နိုင်စွာ ဘုတ်ထိုင်း စတိုင်ကြီးဖြင့် လေးတိလေးကန် လျှောက်လာလေ၏။ အပေါ်မှာ သူဝတ်ထားတာက ဖားဥတွေ ဗရပွစွဲကာ ညစ်တစ်တစ်အရောင်အဆင်းဖြစ်နေသော လည်ကတုံးအင်္ကျီအဖြူရောင်၊ အောက်က ချည်စ,တွေ ထွက်နေသော အနားစုတ်နေသည့် ယောပုဆိုးအနက်တို့ဖြင့်။ ဟောင်းနွမ်းလွန်းသောကြောင့် ပုဆိုးမှာ အနက်ရောင်လွင့်၍ ဖြူတူတူပင် ဖြစ်နေခဲ့ပြီ။ ခြေထောက်မှာ ဖိနပ်တောင် မပါ။ သို့သော် ၀မ်းသာစွာဖြင့် ကျွန်တော် နှုတ်ဆက်လိုက်သည်။

“ဟော... ကိုကြီးပါလား။ လာဗျာ...လာ”

ကျွန်တော့်ဖိတ်ခေါ်မှုကြောင့် အနားသို့ရောက်လာသည့် ကိုကြီးက ဆင်နင်းထားသော နံပြားကြီးနှင့်တူသည့် သူမျက်နှာပြဲပြဲကြီးဖြင့် ကျွန်တော့်အား ယမမင်းရယ် ရယ်ပြရင်း... ကွပ်ပျစ်ပေါ်သို့ တက်ဟန်ပြင်လေသည်။ ကျွန်တော် ရင်ထိတ်သွားသည်။ ထို့ကြောင့်.... အထိတ်တလန့် တားမြစ်လိုက်ရ၏။

“ဟိုး..ဟိုးထား ဆရာ”
“ဘာဖြစ်လို့လဲ ဦးဏီရဲ့”
“ကျုပ်ကွပ်ပျစ်အပေါ် ခင်ဗျားတက်လို့မဖြစ်ဘူး။ ခင်ဗျားဝိတ်နဲ့ ကျိုးကျသွားလိမ့်မယ်။ အဲ့ဒီတော့ ဟိုနားမှာရှိတဲ့ မယ်ဇလီပင်အောက်မှာ ကျုပ်တို့ သွားထိုင်စကားပြောကြမယ်လေ”

ပြောရင်း ကွပ်ပျစ်ပေါ်မှ ကျွန်တော် ခုန်ဆင်းလိုက်သည်။ ကိုကြီးက ကျွန်တော့်အား မျက်နှာလေးညှိုးကာ ကြည့်ရင်း...

“ဦးဏီ... ခင်ဗျားဆီမှာ ကျုပ်အလှူခံမှာစိုးလို့ ကွပ်ပျစ်ပေါ် မတက်ခိုင်းတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်ကလာဗျာ။ မဟုတ်ရပါဘူး။ ကျုပ်ရဲ့ ကွပ်ပျစ်ကျိုးမှာပဲ စိုးရိမ်လို့ပါ။ ကဲ...လာလာ”

ပြောရင်း သူ့လက်ဆွဲကာ ခေါ်ရသည်။ ကိုကြီးက အရင်တုန်းက စာတွေရေးခဲ့၏။ သူ၏ ကွမ်းတစ်ယာဖိုး လျှော့စပ်ပေးပါဆိုသည့် စာလေးအား ကျွန်တော်သိပ်ကြိုက်ခဲ့ဘူးသည်။ သို့သော် အခုတော့ သူက စာတွေမရေးတော့ပဲ ပရဟိတလုပ်ငန်းများကိုသာ တစိုက်မတ်မတ် လုပ်နေသည့်သူတစ်ယောက် ဖြစ်နေခဲ့ပြီ။

မယ်ဇလီပင်အောက်ရောက်တော့ နှစ်ယောက်သား ထိုင်မိကြသည်။ ကိုကြီးက မေးလာ၏။

“ခုနက ခြံဝမှာ တွေ့လိုက်တာ မောင်မျိုးမို့လား။ ခင်ဗျားဆီ ဘာလာလုပ်တာလဲ”
“လေထိုးတံ လာငှားတာတဲ့ဗျာ။ သူ့ကိုယ်သူ ၀အောင် လေထိုးမလို့တဲ့။ အဲ့ဒါ ကျုပ်က သေတတ်တယ်ပြောပြီး အားဆေးဝယ်သောက်ဖို့ ညွှန်းလိုက်ရသေးတယ်”
“ဘာဆေးလဲဗျ”
“အော်ရာမင်း ဂျီနောက်မှာ ထပ်ထွက်တဲ့ အော်ရာမင်းအက်ဖ်လေ။ ဂျီထက် အက်ဖ်က ပိုအားကောင်းမယ်ဆိုပြီး သူ့ကိုပြောလိုက်ရသေးတာ”
“ဟာ... ဒါဆို မောင်မျိုးတော့ ခက်ပြီ”

ကိုကြီးက အထိတ်တလန့် အော်၏။ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်သည်။

“ဘာဖြစ်လို့လဲဗျ”
“အော်ရာမင်း ဂျီရော၊ အက်ဖ်ရောက အားဆေးမှန်တယ်။ ဒါပေမယ့် အော်ရာမင်း အက်ဖ်က အမျိုးသမီးသီးသန့် သောက်တဲ့ဆေးဗျ။ ခင်ဗျား မကြားမိဘူးလား။ မကြီး စိုးမြတ်မူဆာတို့ မိလ္လာကျော်ဇင်တို့ ၀က်မှုံရွှေကြည်တို့ တီဗီမှာ ကြော်ငြာတာ။ ဘာတဲ့၊ နုပျိုလင်းလက် စွမ်းအင်ထက်၊ အမျိုးသမီးတိုင်းအတွက် အော်ရာမင်းအက်ဖ် ဆိုတာ”
“ဟိုက်”...

ကျွန်တော် ဘာမှမပြောနိုင်တော့။ ကျွန်တော့်စကားကိုယုံပြီး မောင်မျိုးသာ အက်ဖ်အမျိုးအစား ၀ယ်သောက်ရင်တော့ ကြာရင် မလိုအပ်တာတွေ ဖွံ့ဖြိုးလာပြီး၊ အမလေး... ဘုရား ဘုရား။ ကျွန်တော် မတွေးရဲတော့ပါ။

ထို့ကြောင့် စိတ်ပြောင်းသည့် အနေဖြင့် ကိုကြီးအား မေးလိုက်သည်။

“မြစ်ကျိုးအင်းတစ်ယောက် ရန်ကုန်ပြန်ရောက်နေတယ်ဆို။ ခင်ဗျားနဲ့ရော တွေ့သေးလား”
“တစ်ခါတော့ တွေ့တယ် ဦးဏီ။ ဘာလဲ ခင်ဗျားနဲ့ မတွေ့ရသေးဘူးလား”
“မတွေ့ရသေးပါဘူးဗျာ။ သူရော အဆင်ပြေတယ်မို့လား”
“ပြေပါတယ်။ သူက အခု စာသိပ်မရေးတော့ပဲ သူ့နာမည်နဲ့လိုက်အောင် မြစ်ကျိုးအင်းတစ်ခုဝယ်ပြီး အင်းသူကြီးလုပ်စားမလားလို့ စဉ်းစားနေတယ် ဆိုပဲဗျ”
“သြော်... ဒါလည်း ကောင်းတာပဲ။ ကိုယ့်သူငယ်ချင်းထဲက အင်းသူကြီးရှိတော့ ငါးတွေဘာတွေ ပေါပေါလောလော စားရတာပေါ့။ ကျုပ်က အသားတွေထက် ငါးကို ပိုကြိုက်တာရယ်။ ဒါနဲ့ အခုတလော သူ့မန်ယူအသင်းက ရှုံးနေတယ် ကြားတယ်။ သူဘယ်လိုနေသလဲ”
“တစ်နေ့တစ်နေ့ မျက်ရည်နဲ့ မျက်ခွက်ပါပဲတဲ့ ဦးဏီရာ။ ပြောရမယ်ဆို စိတ်ထောင်းကိုယ်ကြေပေါ့။ ဆန်ပြုတ်ပျော့ပျော့ပဲ သောက်နိုင်ရှာတော့တယ်။ ကျုပ်လည်း သူနဲ့တွေ့တုန်းက တရားနဲ့ ဖြေဖို့ ပြောပါသေးတယ်။ အဲ့ဒီတုန်းကတောင် မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ခမြာ ယဲ့ယဲ့လေးပဲ ခေါင်းငြိမ့်နိုင်ရှာတော့တယ်”
“အင်း... တဖက်သတ်အချစ်က တယ်ဆိုးပါလားနော်။ သြော်... ဒါနဲ့ သော်ဇင်စိုးနဲ့ မသဒ္ဓါလှိုင်းတို့ မောင်နှမနှစ်ယောက်ရော တွေ့မိသေးလား။ သူတို့လည်း ဘလော့ဂ်ပေါ်ကနေ အတော်ပျောက်နေတာ ကြာပြီရယ်”
“သော်ဇင်စိုးက ခုထိ မလေးရှားမှာပဲလေ။ ဟိုတလောက မလေးရှားမှာ အမှန်အကန်နေတဲ့သူ့ကို အော်ပရာဇီတွေ မှားပြီးလိုက်ဖမ်းတယ် ဆိုလားပဲ။ အဲ့ဒါ သူ့အစ်မ မသဒ္ဓါက သိသိချင်း သူနေတဲ့ ယိုးဒယားကနေ မလေးရှားက ရဲစခန်းရှေ့ထိ လမ်းလျှောက် ဆန္ဒပြလိုက်သေးတယ်တဲ့”
“အခုရော”
“အခုတော့ အိုကေသွားပြီ။ မလေးရှားက အော်ပရာဇီတွေက မသဒ္ဓါကိုကြောက်လို့ သူ့မောင်ကို ပြန်လွှတ်ပေးလိုက်ကြပြီတဲ့ရယ်”

တော်သေးတာပေါ့ဟု စိတ်ထဲ တွေးမိသည်။ နောက်မှ... သတိတရဖြင့် ကိုကြီးအား ကျွန်တော်မေးလိုက်၏။

“ဒါနဲ့ နေပါဦး။ ခင်ဗျားက ကျုပ်ဆီ ဘာဖြစ်လို့လာတာတုန်း”
“မကြာခင် သတင်းကျွတ်တော့မယ်လေဗျာ။ အဲ့ဒါ ကျုပ်ကို လူပြိုဂျီး၊ လူပြိုဂျီးနဲ့ နောက်ကြမှာစိုးလို့ စတေးရှောင်တဲ့ အနေနဲ့ ခင်ဗျားအိမ်မှာ ပုန်းနေမလားလို့ ထွက်လာတာဗျ”
“သူများပြောလည်း ပြောစရာပဲ။ ခင်ဗျားက ဂျီးများနေတာကိုးဗျ။ နာမည်တောင် ကိုကြီးကနေ ကိုဂျီးလို့ ပြောင်းသင့်တယ်”

ကျွန်တော့်စကားကြောင့် ကိုကြီးက ၀မ်းနည်းအားငယ်စွာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရှာသည်။ ပြီးမှ...ညောင်နာနာ အသံဖြင့်...

“ဒါပေမယ့် ခင်ညားဆီမှာ နေလို့တော့ ရတယ်မို့လားဟင်”
“မရတော့ဘူး ကိုကြီးရ၊ အလာကောင်းပေမယ့် အခါနှောင်းသွားပြီ”
“ဗျာ... ဘာဖြစ်လို့”
“သူ အခုလာနေပြီဗျ။ ဟော... ကြားလား ဟယ်လီကော်ပတာအသံ”

ဟုတ်သည်။ ကျွန်တော်တို့ခေါင်းပေါ်မှ ဟယ်လီကော်ပတာသံကြားရ၏။ ခဏတွင်းချင်းမှာပင် ကျွန်တော့်ခြံဝိုင်းထဲမှာ ဆင်းရပ်၏။ ကျွန်တော် ထိုင်နေရာမှ ထ,ရပ်လိုက်သည်။ ကိုကြီးကတော့ ဘာမှ နားမလည်နိုင်သလို မျက်နှာပေးဖြင့် ငေးကြောင် ကြည့်နေရှာ၏။

ဟယ်လီကော်ပတာတံခါးလေးပွင့်လာသည်။ ထိုအထဲမှ အနောက်တိုင်းသူမ လှလှလေးတစ်ယောက် ဆင်းလာ၏။ အရှိန်မသေသေးသော ပန်ကာ ဒလက်အောက်မှာ သူမ၏ဆံပင်လေးများက လွင့်ခနဲ ၀ဲခနဲ။ သူမက ကျွန်တော့်ဆီ ပြေးလာရင်း အော်သည်။

“ဒါလင်ညို”....
“ဆယ်ဆယ်”....

ရုပ်ရှင်ထဲကလို စလို့မိုးရှင်းမဟုတ်ပဲ ကျွန်တော်တို့နှစ်ယောက် ပြေးဖက်လိုက်ကြသည်။ အာဘွားအပြန်အလှန် ပေးကြသည်။ ပြီးမှ သူမ၏လက်ကို ဆွဲပြီး ကိုကြီးရှိရာဆီလျှောက်သွားလိုက်၏။ ကိုကြီးကတော့ ကျွန်တော်တို့စုံတွဲကို မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် ကြည့်ကာ ထိုင်ရာမှ ထ,ရပ်သည်။ နောက်... ဇဝေဇ၀ါ လေသံဖြင့် ကျွန်တော့်ကောင်မလေးကို လက်ညှိုးထိုးကာ ကျွန်တော့်ကို မေးလာ၏။

“ဦးဏီ... ဒီကောင်မလေး ကျုပ်မြင်ဖူးသလိုပဲ”
“မြင်ဖူးမှာပေါ့ဗျာ။ သူက ဟောလီးဝုဒ်က မင်းသမီးချောလေး ဆယ်လီနာဂိုမက်ဇ်ပဲဟာ”
“ဗျာ... သူက ဘယ်လိုလုပ်ပြီး ခင်ဗျားနဲ့”...
“သူက ရူးရူးမိုက်မိုက် ဆယ်ကျော်သက်အရွယ်မှာ အင်္ဂလိပ် ဘေဘီဘိုက်တာအဆိုတော် ဂျက်စတင်ဘီဘာနဲ့ တွဲခုတ်ခဲ့ပေမယ့် အွန်လိုင်းမှာ ကျွန်တော့်ကို အမှတ်မထင်တွေ့ပြီး တန်းတန်းစွဲဖြစ်သွားတာ။ အဲ့ဒီတော့ ဂျက်စတင်ဘီဘာကို ခေါက်ပြီး ကျုပ်နောက် ကောက်ကောက်ပါအောင် လိုက်လာခဲ့တာပဲ”
“ဘာ... သူက ခင်ဗျားလို မှုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ ပိန်ပိန်ညောင်ညောင် စုတ်ချွန်းချွန်း ငကျည်းခြောက်လိုအကောင်ကို ကြိုက်သတဲ့လား”

ကိုကြီးအသံက တအံ့တသြ။ ဆယ်ဆယ်ကတော့ မြန်မာစကား သိပ်နားမလည်တာမို့ ကျွန်တော့်ပခုံးပေါ်ခေါင်းမီရင်း အပြုံးလေးနှင့် ငြိမ်သက်နေခဲ့၏။ ခရီးပန်းလာ၍ ထင်၏။ အောင်နိုင်သူပမာ ၀င့်ကြွားစွာဖြင့် ကျွန်တော်ပြုံးရင်း...

“ဒါကတော့ ဖူးစာပေါ့ဗျာ။ ကဲ... အခုတော့ ဆယ်ဆယ်နဲ့လက်ထပ်ပြီးရင် စီးပွားရေးအနေနဲ့ မုန့်ဟင်းခါးဆိုင်ဖွင့်ရောင်းဖို့ အာဖဂန်နစ္စတန်ကို ခဏသွားပြီး ဈေးကွက်လေ့လာလိုက်ဦးမယ်။ ပြန်လာတဲ့အခါ သီတင်းကျွတ်ပြီ။ အဲ့ဒီခါကျမှ ကမ္ဘာ့လောင်းကစားမြို့တော်ကြီးက ကြယ်သုံးဆယ့်နှစ်ပွင့်အဆင့်ရှိတဲ့ ဟော်တယ်ကြီးမှာ ချိမ့်ချိမ့်သဲသဲ မင်္ဂလာပွဲဆင်နွဲမှာ။ ပြီးတော့ လက်ထပ်ပြီးရင် ကျုပ်လည်း ဆယ့်ဆယ့်လို အင်္ဂလိပ်ဆန်သွားအောင် နာမည်ပြောင်းတော့မှာ၊ ဏီလင်းဘရက်ပစ်ညိုလို့ပဲ”
“သြော်... ခင်ဗျားက နာမည်ပြောင်းဖို့အထိတောင် စဉ်းစားပြီးသွားပြီကိုး။ ဒါနဲ့ ခင်ဗျား မင်္ဂလာဆောင်မှာက ကမ္ဘာ့လောင်းကစားမြို့တော်မှာဆိုတော့ လက်စ်ဗီးဂတ်မှာလား။ ဝေးလိုက်တာ ဦးဏီရာ။ ကျုပ်တို့လာနိုင်မယ် မထင်ဘူး”
“ထပ်တရီး၊ လက်စ်ဗီးဂတ်က အခု ဒုတိယနေရာကို ရောက်သွားပြီဗျ။ လောလောဆယ် ကမ္ဘာ့လောင်းကစားမြို့တော်ကြီးက ရန်ကုန်မြို့ပဲဟာ။ ရန်ကုန်မြို့ထဲက(ထရိတ်ဒါးစ် ဆိုတဲ့ ဟော်တယ်လ်ထက်သာတဲ့)  ကြယ်သုံးဆယ့်နှစ်ပွင့်အဆင့်ရှိတဲ့ ၀ဲစား ဆိုတဲ့ ဟော်တယ်မှာ မင်္ဂလာဆောင်မှာပါ။ ခင်ဗျားတို့အားလုံး လာလို့ရပါတယ်။ အဲ့ဒီတော့...အခု ကျုပ်အိမ်မှာ ခင်ဗျားနေချင်ရင်လည်း နေပေါ့ဗျာ။ ကျုပ်ကတော့ အခု ဆယ်ဆယ်နဲ့ လိုက်သွားတော့မယ်။ အော်... မရို့စ်လာရင် ကွပ်ပျစ်ပေါ်က သတင်းစာ စက္ကူနဲ့ထုတ်ထားတဲ့ မယ်ဇလီရွက်ထုတ်လေး ပေးလိုက်ဦးနော်။ ကဲ... သွားပြီဗျိုး။ လာ... ဆယ်ဆယ်”

ဆယ်ဆယ့်လက်ကလေးကိုဆွဲပြီး ဟယ်လီကော်ပတာဆီသို့ ကျွန်တော်လျှောက်သွားကာ အထဲသို့ ၀င်လိုက်သည်။ ဟယ်လီကော်ပတာက မြေပြင်ပေါ်မှအကြွတွင် ဆယ်ဆယ်က ကျွန်တော့်ပခုံးပေါ်သို့ ခေါင်းမီလာသည်။ ကြည်နူးစွာဖြင့် ဆယ်ဆယ့်ခေါင်းလေးအား ပွတ်သပ်ပေးရင်း... မြေပြင်ကို ငုံ့ကြည့်လိုက်တော့ ကျွန်တော့်ခြံထဲတွင် သစ်ငုတ်တိုကြီးထောင်ထားသလို ရပ်ကျန်နေခဲ့ရှာသော ကိုကြီးအား ခပ်ဝါးဝါး တွေ့လိုက်ရလေတော့၏။           

(ပြီးပါပြီ။)

~~~@~~~~

မှတ်ချက်။     ။ {ဒီစာလေးကို ရေးရင်း နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို စုတ်စုတ်ပြတ်ပြတ်နဲ့ပဲ ဇာတ်သိမ်းမယ်လို့ အားတင်းထားပေမယ့် ဇာတ်လမ်းထဲမှာ ပါသူအားလုံး တစ်ယောက်မှမကောင်းထားတာမို့ (ဇာတ်အရမ်းနာနေမှာ စိုးရိမ်စွာဖြင့်) ကျွန်တော့်ကိုယ်ကျွန်တော် ဆယ်လီနာဂိုမက်ဇ်လေးနှင့် ပေးစားလိုက်ပြီး ဟယ်လီကော်ပတာစီးကာ ဇာတ်သိမ်းလိုက်ရခြင်း ဖြစ်ပါသည်။}
{ ပုံ/ ဏီလင်းဘရက်ပစ်ညို - လောလောဆယ် ဆယ်လီနာဂိုမက်ဇ်၏ ခင်ပွန်းလောင်း}


----------------------------------------------------------------------------------------------------------------
ခွင့်မတောင်းပဲ နာမည်များ ယူသုံးမိခြင်းကြောင့် မောင်နှမများ နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ။ မောင်နှမတွေကို ချစ်တဲ့စိတ်နဲ့ ပျော်စေချင်လို့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ထိခိုက် နစ်နာစေလိုခြင်း အလျှင်းမရှိပါကြောင်း။
အမှန်အတိုင်း ၀န်ခံရရင် ဒီပို့စ်တွေထဲမှာ ပါဝင်ကြတဲ့ ဘလော့ဂါမိတ်ဆွေများအကြောင်းကို ရေးဖွဲ့တဲ့နေရာမှာ ဖေ့ဘွတ်ခ်ပေါ်က Image တွေကို အခြေခံပြီး ရေးမိတာ ဖြစ်ပါတယ်။ တချို့တွေကျန်ခဲ့မယ်ဆိုရင်လည်း ကျွန်တော် သိပ်မသိလို့ ထည့်မရေးဖြစ်ခဲ့တာ နားလည်ခွင့်လွှတ်ပေးစေချင်ပါကြောင်း....။
ဘလော့ဂါ တော်တော်များများအတွက် အမှတ်တရဖြစ်စေမယ်ဆိုရင် ဒီပို့စ်လေးကို ရေးရကြိုးနပ်ပြီဟု ကျွန်တော် ယူဆမိပါကြောင်း......။
စာဖတ်သူတွေရော၊ ရေးဖော်ရေးဖက်မောင်နှမတွေရော အားလုံး ချမ်းမြေ့ ပျော်ရွှင်ကြပါစေခင်ဗျာ။
---------------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၄၊ အောက်တိုဘာ၊ ၂၀၁၃။
(၀၃း ၅၅) နာရီ။
သောကြာနေ့။
ရန်ကုန် - မြန်မာပြည်။
(အမည်များနှင့် ကျွန်တော် - ဇာတ်သိမ်း)

19 comments:

Thu said...

ဏီလင်းဘရက်ပစ်ညိုတဲ့။ခေတ္တ-ဖင်လန်ဆိုတာပါထည့်ရင်ပိုမိုက်မှာ :P
ဖတ်ရတာပျော်စရာကြီး။ဇာတ်သိမ်းသွားပြီဆိုတော့နှမြောလိုက်တာ...^_^
ခင်မင်လျက်
@Ahthu

Anonymous said...

တစ်ယောက်ချင်းစီကို သရုပ်ဖော်တာဖတ်နေရင်း ရယ်မိတယ်။
အသက်ပါအောင်ရေးနိုင်သလို အမည်ပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထား၊ စရိုက်တွေကို ပီပြင်အောင်ထည့်နိုင်တာ၊ အမှတ်ထားမိတာ တအံ့တသြနဲ့ အပရီရှိတ်ပါတယ် ကိုဏီ.. :)။
ဟာသဆိုပေမယ့် စရိုက်သဘာဝပေါ်လွင်အောင်ရေးသွားတာတွေကြောင့် ပိုမိုဟာသမြောက်နေတာရယ်...။
ဒီလို စာမျိုးရေးဖို့ခက်လှပါတယ်...။

ချစ်ခင်သော
ညီမသူသူ

Anonymous said...

ဟားဟားးးးးးးးးး ကောင်းတယ် ကိုဏီ တယောက်ဘဲ ဟန်ကျပန်ကျ စာရေးသူ ဆိုတော့လည်း ရပါတယ် ခွေးလွှတ်လိုက်ပါတယ်

ချစ်တဲ့
မကြီးရွှေစင်

Anonymous said...

မိုင်လီဆိုင်းရပ်စ်ရဲ့ ၀ရက်ကင်းဘောဂျီးနဲ့ညားဘာစေ



ပုံ/

တင်သိန်းအေး

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်ရယ်မောရတဲ့ အတွက်....
ဘလောဂါတွေနဲ့ ပိုရင်းနှီးသလို ခံစားရတဲ့အတွက်...

ဟောလီးဝုဒ်မင်းသမီးတွေက စိတ်ခဏခဏပြောင်းတတ်လွန်းလို့ လောလောဆယ်တော့ ဆယ်ဆယ့်ရဲ့ ခင်ပွန်လောင်းဖြစ်တဲ့ ဏီလင်းဘရက်ပစ်ညို့ အား...

ကျေးဇူးတင်ပါတယ်လို့...

linn said...

သများ ရန်ကုန်ပြန်လာပြီး အလုပ်မရှိလို့ တိတ်တိတ်လေး ကြံစည်ထားတဲ့ အလုပ်ကို ဘလော့ဂ်ပေါ် တင်ဖွလိုက်ပြီ … ကိုဏီးက သတင်းမှားတွေ ရေးပြန်ပြီ … ဘယ်က စွန်းဝူခုန်းဟုတ်လိမ့်မလဲ … ဂျက်လီက လက်ထပ်သင်ပေးတာကွဲ့ … :P
တီတင့်တို့ အိမ်မှာလဲ အဲဒီနေ့က ဝအောင်မစားခဲ့ရဘူးရယ် … နောက်လာမဲ့သူတွေ အများကြီးရှိသေးတယ်လို့ တီတင့်တစ်ယောက် ဘေးနားတတွတ်တွတ်ထိုင်ပြောနေတာနဲ့ စားနေရင်းထမင်းလည်နင်နင်နေလို့ ရေနဲ့ မျှောချခဲ့ရပါသကော …ပြီးမှ ကျန်တာတွေ အကုန်လုံး အစ်မချစ်တို့ ဖိုးစိန်တို့ အဖွဲ့တွေ အုပ်သွားလိုက်တာ ညစာတောင် မကျန်ခဲ့လို့ သတင်းကြားလိုက်တယ် …
ကိုဏီးလဲ သီတင်းကျွတ်အမီ အစွန်ထုတ်လိုက်တာပေါ့လေ … ဘယ်လိုပဲဖြစ်ဖြစ် ဘလောဂ်ပေါ်ကျွတ်သွားလဲ မဆိုးပါဘူး … :P
ဇာတ်သိမ်းခန်းက အရယ်ရဆုံးပဲ ဏီလင်းဘရက်ပစ်ညိုရေ …… :D:D

မိုးငွေ့........ said...

ဏီဏီရေ... တောင်ကြီးပဲကြော်စားရင် ဖတ်ရင် ထထရယ်နေလို့ ဘေးကမေးနေကြပြီ...။ ဒီတခါတွေ့ရင် ဒန်ချိုင့်ထဲက ကော်ဖီအ၀တိုက်ပါ့မယ်အေ

rose of sharon said...

ဘယ်သူမှစိတ်ဆိုးကြမယ်မထင်ပါဘူးဏီဏီရေ... ဘလော့ဂါတွေအတွက်အမှတ်တရပို့စ်လေးကိုအချိန်ပေးပြီးရေးနိုင်တာ တကယ်ကိုချီးကျူးပါတယ်...
ဇာတ်သိမ်းကတော့နဲနဲလွန်သွားသလားလို့ :D

ချစ်သူမောင် said...

အရမ်း​ကောင်းတယ်​ကိုဏီ

Anonymous said...

၃ ပိုင်းစလုံး ရယ်ရတယ်... မမိုးငွေ့နဲ့ ကိုမျိုးစတိုင်ကို သဘောအကျဆုံးပဲ။ အားလုံးပုံစံကို မြင်ယောင်ရင်း အသံထွက်တောင် ရယ်မိတယ်။ ဘာပဲရေးရေး အမြဲအားပေးနေတယ်နော် ကိုဏီလင်းညို....။
ခင်တဲ့ TYZ

mstint said...

မောင်ဏီရေ... မနေ့ထဲကအလုပ်ရှုပ်နေတာ ဘလော့ဖက်ကိုမလှည့်ဖြစ်ဘူး ညနေ၆နာရီလောက်က ညီမမြသွေးဖုန်းဆက်လို့ ဖုန်းနဲ့ဖတ်မရတာကြောင့် နီးစပ်ရာအင်တာနက်ဆိုင်ဝင်ပြီး တခွိခွိနဲ့ဖတ်ဖြစ်သွားတယ် အခုအိမ်ပြန်ရောက်မှ နောက်တစ်ကြိမ်ဖတ်လိုက်တယ်..အကြောင်းအရာတစ်ခုနဲ့တစ်ခု အဆက်အစပ်လေးတွေ ပိရိသေသပ်ပြီး ရုပ်လုံးဖော်နိုင်ပါပေတယ် ပါးစပ်လဲပိတ်ခွင့်တောင်မရပဲ အဆုံးသတ်သွားတယ် ဘလော့ဂါတွေရဲ့ တစ်ဦးအပေါ်တစ်ဦး ရင်းနှီးခင်မင်မှုတွေ မီးမောင်းထိုးပြလိုက်သလိုပဲ .. ပြီးပါပြီဆိုပြီးအဆုံးသတ်သွားတာ နှမြောစရာ .. :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ
အမှတ်တရ သတိတရ ရှိနေလို့ တကယ့်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ သဒ္ဓါ့ကို မမေ့သေးလို့လည်း
စိတ်ချမ်းသာရပါတယ်.။ စာလေးဖတ်ရင်း ကိုဏီလင်းရဲ့ အားထုတ်ထားမှုကို အသိအမှတ်ပြုလေးစားပါတယ်။ တစ်ယောက်ချင်းစီကို အပြုံးကိုယ်စီနဲ့ ဝမ်းသာပျော်ရွှင်အောင် ရေးနိုင်စွမ်းရှိတာကိုလည်း ချီးကျူးမိသေးတယ်။...
ကိုဏီလင်းလည်း စိတ်ချမ်းမြေ့ပါစေ.
ခင်မင်စွာဖြင့်
သဒ္ဓါ

San Htun said...

ကိုစန်းထွန်းလို့  မှားတတ်ကြတာပဲလေ..း) ဒီိလို ပြောင်မြောက်အောင် ရေးတတ်တာလေးကို အားကျလိုက်တာ...

အိမ့်ချမ်းမြေ့ said...

ကော့မန့်ရေးရင် ယောင်္ကျားလေး ပုံစံနဲ့ ခပ်တည်တည်ရေးသူ ကိုစန်းထွန်းက အဲသလို သူများတွေက ကိုစန်းထွန်းလို့ မှားခေါ်မိကြတာကို သဘောကျနေတာ မလေး သိသားပဲ ကိုစန်းထွန်းရယ်...
:D

p.s. တီတင့်ကို သရုပ်ဖော်ရေးထားတာ သိပ်ရယ်ရတယ်..

Anonymous said...

ဘလော.ဂါတွေရဲ. စရိုက်ကို အသက်ဝင်သွားအောင် ရေးသားထားတာ အရမ်းကောင်းပါတယ်။ ရှေ.ဆက်ပြီး
စာတွေ အများကြီး ရေးနိုင်ပါစေနော် ကိုလင်း။

ခင်တဲ.
မနော်ဖြူ

Anonymous said...

ကိုဏီ...
သွားချင်ရာ သွား ပါ ။

ဒါပေမယ့် ကျနော့်ရည်စားလေးတော့ ထားခဲ့ပါနော် :p ။

ဖတ်လို့ကောင်းတယ်ဗျာ
ရသ စာပေတွေ ဆက်လက်
ရေးသားနိုင်ပါစေ ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

တင်သိန်းအေး ဆုတောင်းပေးထားတားကို အကြိုက်ဆုံးပါဗျို့
ပြုံးပျော်စရာရေးပြနိုင်တာကိုက အရည်သွေးတမျိုးကိုးဗျာ့


း)

ရင်လှိုင်း said...

အားလုံးကို မြင်ကြည့်လိုက်တာ၊ တစ်ကယ့်ကို ပျော်စရာကြီးနော်။ ဇာတ်ကို ဒီလိုလေး သိမ်းပေးထားတာ ကောင်းပါတယ်...။ စာရေးသူ စိတ်ချမ်းသာဖို့ က အရေးကြီးတယ်လေ...။

Theingi Shwe Sin said...

Good