Wednesday, October 2, 2013

အမည်များနှင့် ကျွန်တော်(၂)



ထိုစဉ်... ရွာလမ်းမဆီမှ ညာသံပေးကာ အော်ဟစ်သံများနှင့် ပြေးလွှားသံများကို ကျွန်တော် ကြားလိုက်ရ၏။

“လိုက်ဟေ့... လိုက်ဟ”
“ဟေလူ...မပြေးနဲ့။ အခုရပ်စမ်း”
“လုပ်တုန်းက လုပ်ပြီး ဘာအခုမှ ကြောက်ပါပြီလဲကွ”

ဘာများဖြစ်ပါလိမ့်ဟူသော အတွေးဖြင့် ကွပ်ပျစ်ပေါ်မှနေ လည်ဆန့်ကာ ကျွန်တော် လှမ်းမျှော်ကြည့်လိုက်သည်။ ကြည့်နေတုန်း ကျွန်တော့်ခြံဝိုင်းထဲသို့ ပုဆိုးမနိုင် ပုဝါမနိုင် ပိုသီဖတ်သီ စတိုင်မလိုင်နှင့် လူတစ်ယောက် ကသုတ်ကရက် ပြေးဝင်လာတာကို မြင်လိုက်ရ၏။

အနားရောက်လာတော့ ဖုန်တွေချွေးတွေဖြင့် ပေလူးနေသော ကိုညီလင်းသစ်ကို တွေ့လိုက်ရသည်။ အံ့သြခြင်း ကြီးစွာဖြင့် ကျွန်တော်မေးလိုက်သည်။

“ဟာ...ကိုညီ... ဘာဖြစ်လာတာလဲ”
“ပြီးမှ ကျွန်တော်ပြောပြမယ် ကိုဏီ၊ ခုတော့ ကျွန်တော့်ကို ပုန်းစရာနေရာတစ်ခုလောက် ပြောပြပါဦးဗျာ”

ကိုညီလင်းသစ်က ဟောဟဲဆိုက်လျှက် လျှာကိုအလျှားလိုက်ထုတ်ကာ စိုင်းစိုင်းခမ်းလှိုင်စတိုင် အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် လုရှူရင်း ပြောသည်။ ထို့ကြောင့်....

“ဒါဆို... ကျွန်တော့်အိမ်ဘေးက ကြက်ခြံထဲမှာ ခဏ၀င်ပုန်းနေလိုက် ကိုညီ”

ကျွန်တော့်စကားအဆုံးတွင် ကိုညီလင်းသစ်က ကိုယ်ဖော့ပညာသုံးကာ လှစ်ခနဲ ပြေးသွားလေတော့၏။ ငယ်ငယ်က ကြည့်ခဲ့ဖူးသော ပါဝါရိန်းဂျားဇာတ်လိုက်များထက်ပင် မြန်သေးသည်။ သိပ်မကြာလိုက် ကျွန်တော့်ခြံထဲသို့ တုတ်တွေ၊ ဓားတွေ ကိုယ်စီကိုင်ထားကြသော လူတစ်စု ၀င်လာတာ တွေ့ရ၏။ သူတို့ထဲမှ တစ်ယောက်က ကျွန်တော့်အား မျက်နှာထိ မျက်နှာထားဖြင့် မေးလေ၏။

“ဟေ့လူ။ ခင်ဗျားခြံထဲကို လူတစ်ယောက် ၀င်သွားတာ ကျုပ်တို့တွေ့လိုက်တယ်။ ခုဘယ်မှာလဲ”
“တောက်တီးတောက်တဲ့၊ ကြံကြီးစည်ရာဗျာ။ ဘယ့်နှယ် ကျုပ်အိမ်ထဲကို လူဝင်ရမှာတုန်း။ ဘယ်သူမှ ၀င်မလာဘူးဗျ”

ခပ်တည်တည်ဖြင့် ကျွန်တော်ပြန်ပြောလိုက်သည်။ သိပ်မလိမ်တတ်တာမို့ မျက်နှာကို မင်သေနေစေရန် မနည်း အားထုတ်ထားရ၏။ သို့သော် ကိုယ့်မိတ်ဆွေအတွက် ဒီလောက်တော့ ကျွန်တော် စွန့်စားသင့်သည် ထင်၏။ ဟုတ်သည်လေ၊ ရှိပါတယ်လို့ ကျွန်တော်ပြောလိုက်ရင် ဒီလူတွေလက်ထဲမှာ ကိုညီလင်းသစ်တစ်ယောက် အေးချမ်းမေဖြစ်သွားမှာ မို့လား။ (အေးချမ်းမေ = တစ်စစီကျိုးပဲနေတယ်။    ။ ဤကား စကားချပ်တည်း)

ထိုစဉ် ကြက်ခြံထဲမှ ကြက်မများ၏ ကတော်သံများကို ကြားလိုက်ရ၏။ ကျွန်တော်ရင်ထိတ်သွားသည်။ ဧကန္တ ခြံထဲမှ ဥစားကြက်မတစ်သိုက်နှင့် ကိုညီတို့ ဘီလူးတွေ့၊ ဒူးတွေ့ တွေ့နေကြပြီထင်၏။

လူအုပ်စုထဲမှ တစ်ယောက်က မသင်္ကာသလို ၀င်မေးသည်။

“ခင်ဗျားခြံထဲက ကြက်တွေက ဆူလှချည်လား”
“ဟုတ်တယ်။ ခြံထဲမှာက ကြက်ထီးတစ်ကောင်တည်း ရှိတာလေ။ အဲ့ဒါ ကြက်မတွေက ၀ိုင်းပြီး လင်လုနေကြတာ၊ အဲ့... ကြက်ထီးလုနေကြတာ နေမှာပေါ့။ အဲ့ဒါကြောင့် ဆူနေကြတာ”

မင်သေသေဖြင့် ပြန်ဖြေရင်း ကိုညီ့အား စိတ်ထဲအားနာသွားရသည်။ တကယ်က ခြံထဲမှာ ကြက်ထီးတစ်ကောင်မှ မရှိ။ အထီးဆိုလို့ ရှိတာက ကိုညီတစ်ကောင်တည်း၊ အဲ့လေ တစ်ယောက်တည်း။ ယုတ္တိရှိအောင် ဖြေလိုက်ရခြင်းသာပင်။

ကျွန်တော့်စကားကို သူတို့ယုံသွားကြပုံရသည်။ တက်တစ်ခေါက်ခေါက်ဖြင့် လှည့်ထွက်သွားကြသည်။ သူတို့နောက်ကျောကို ကြည့်ရင်း ကျွန်တော်တွေးမိ၏။ လူတွေဟာ ပိပိရိရိဖြင့် လှည့်ဖျားခံရလျှင် ယုံသွားတတ်ကြပါသလားဟူ၍။

ကျွန်တော့်ခြံထဲမှ သူတို့အားလုံးထွက်သွားပြီး တစ်အောင့်လောက်ကြာတော့မှ လေသံသဲ့သဲ့ဖြင့် ကိုညီ့အား လှမ်းခေါ်လိုက်သည်။

“ကိုညီ... လာတော့၊ ရပြီ။ အဲ့ဒီမှာ ကြက်မတစ်သိုက်နဲ့ အားနာလို့”

ကျွန်တော့်အသံအဆုံးတွင် ကြက်ခြံထဲမှ ကိုညီက ကုပ်ချောင်းချောင်းဖြင့် ထွက်လာ၏။ သူ့ကိုကြည့်ရင်း ကျွန်တော့်မှာ သနားတောင် သွားရမိသည်။ ကြည့်လေ။ သူ့တစ်ကိုယ်လုံး ကြက်ချေးတွေ၊ ကြက်မွှေးတွေနဲ့ ပေပွနေခဲ့လေတာ။ ခြံထဲက ကျွန်တော့်ကြက်မတွေ သူ့ကို ဘယ်လောက်တောင် ၀ိုင်းသမထားကြသလဲ မသိ။

ကိုညီက ကျွန်တော့်ရှေ့မှ ကွပ်ပျစ်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ထိုအခိုက် လေကလေးတစ်ချက်အဝှေ့တွင် သူ့ထံမှ ကြက်ချေးနံ့က ကျွန်တော့်ဆီသို့ သင်းခနဲ လွင့်ပျံ့လာခဲ့၏။

ကိုညီက ကျွန်တော့်ကို အားနာသလိုကြည့်ရင်း ပြောသည်။

“ကျေးဇူးပဲ ကိုဏီရာ”
“ရပါတယ် ကိုညီရာ၊ ဒါနဲ့ ဘာဖြစ်ကြတာတုန်း”
“ဒီလိုဗျာ။ ပြီးခဲ့တဲ့ အပတ်လောက်တုန်းက အွန်လိုင်းပေါ်မှာ ငါးပိရည်ကျိုနဲ့ပတ်သတ်တဲ့ စာတစ်ပုဒ် ကျွန်တော်ရေးမိတာ ကိုဏီမှတ်မိတယ်မို့လား”
“မှတ်မိတာပေါ့ဗျာ။ ယူရီးယား(သို့မဟုတ်) ရင်းနှီးနေသော သူစိမ်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့မှတ်လား။ သိပ်ကောင်းလို့ ကျွန်တော်တောင် သဘောကျသေးတာ။ ဒါပေမယ့် ကိုညီ့ဆီမှာ ကော်မန့်ရေးဖို့ ကော်နက်ရှင်က မျက်နှာသာမပေးလို့ ဒီအတိုင်းဖတ်ရုံဖတ်ပြီး လှည့်ပြန်လာခဲ့ရတာ”
“ပြဿနာက အဲ့ဒီက စ,တာပါပဲ ကိုဏီရယ်”
“ဘယ်လို”
“ဟုတ်တယ်ဗျ။ ကျွန်တော်က အဲ့ဒီပို့စ်ရေးလိုက်တော့ ငါးပိသည်တွေ၊ ငါးပိဒိုင်တွေမှာ ရောင်းအားတွေက ဝေါခနဲ ထိုးကျသွားတယ်ဆိုပဲ။ အဲ့ဒါကို သူတို့တွေက မကျေနပ်လို့ ခြေရာခံလိုက်တော့ လက်သည်က ကျွန်တော်ဖြစ်နေ တယ်ဆိုတာကို သိသွားကြတယ်တဲ့။ အဲ့ဒါနဲ့ သူတို့ ငါးပိရောင်းဝယ်သူတစ်စုက ညီလင်းသစ်ဆန့်ကျင်ရေးဆိုတဲ့ ပါတီထောင်ပြီး ကျွန်တော့်ကို ၀ိုင်းဆန္ဒပြကြတာရယ်ဗျ။ ပထမတော့ ကျွန်တော်လည်း လွှတ်တော်ရဲ့အကူအညီနဲ့ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ မရတော့ဘူး။ အခု ကျွန်တော့်ကို ၀ိုင်းဘေလို့ ကြွက်ပြေးနွားပြေး ပြေးလာရတော့တာပါပဲဗျာ။ ပြောရမယ်ဆိုရင် ညီလင်းသစ်ဘ၀ကနေ ညီလင်းလစ် ဖြစ်ခဲ့ရတော့တာပါပဲ”
“ဖြစ်မှ ဖြစ်ရလေ ကိုညီရယ်။ ခင်ဗျားရေးတဲ့စာထဲမှာ သူတို့ထိခိုက်နစ်နာစေတာ ဘာမှ မပါပဲနဲ့ဗျာ။ အင်း လူတွေကလည်း ခက်ပါတယ်။ ဒီခေတ်မှာ တစ်ခုခုဆို ထစ်ခနဲရှိ ဆန္ဒပြမယ်ဆိုတာချည်းပဲ”

မချိတင်ကဲဖြင့် ရင်ဘတ်ကိုထုကာ နတ်သံနှော၍ ကျွန်တော် ညည်းမိ၏။ ကိုညီက ခေါင်းခါရင်း...

“ရပါတယ် ကိုဏီရာ။ ကဲ... အခုတော့ ရန်တွေ ရှင်းသွားပြီ။ ကျွန်တော်တို့နှစ်ယောက် တွေ့တုန်း ဂစ်တာတီးပြီး သီချင်းဆိုရအောင်”
“ဘာသီချင်းဆိုကြမလဲ”
“ဟိုလေဗျာ... ဇော်ပိုင် ဒိတ်ဒိတ်ကြဲပေါက်ခဲ့တဲ့ မြို့အ၀င်ညထဲက ‘စွန်သွားသော နေခြည်’ ဆိုတဲ့ သီချင်းလေးဆိုကြမယ်။ ခင်ဗျားက တီးဗျာ။ ကျွန်တော်က ဆိုမယ်”

ကိုညီ့စကားကြောင့် တဲအတွင်းမှ ကျွန်တော့်အချစ်တော် ဂစ်တာအစုတ်လေးကို သွားယူလိုက်ရ၏။ နောက် ကြိုးကို ညှိမနေတော့ပဲ အင်ထရို ၀င်လိုက်သည်။ ဂစ်တာသံကား ကြွက်စုတ်သံနှင့် နင်လားငါလား ထွက်ပေါ်လာလေတော့၏။ ကိုညီက ထည်ဝါခန့်ညားသော အသံဖြင့် သီချင်းစ,ဆိုလေတော့သည်။

“ရွှေပြည်သာမှာ ပျော်ပါ နေခြည် xxx လှိုင်သာယာကို ကိုယ်တစ်ယောက်တည်း သွားမည် xxxx အိမ်က ကလေးတွေကို လူကုန်ကူးပလိုက်တော့ xxxx နေခြည်”...

တီးနေရင်း အရေးထဲမှာ ကော့ဒ်က မေ့သွားရပြန်လေ၏။ ဒါကို ကိုညီသတိမထားမိအောင် ၀ါးချလိုက်ရသည်။ ထိုစဉ် ကျွန်တော့်ခြံဝိုင်းထဲသို့ မိန်းကလေးတစ်ယောက် ၀င်ရောက်လာသည်။ ခေါင်းပေါ်မှာ ပုဆိုးစုတ်လေးဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်ကို ရွက်ကာ လက်တစ်ဖက်က ဓားရှည်တစ်ချောင်းဖြင့်။ ၀တ်စားထားတာကလည်း တကယ့်အမိုက်စား။ အပေါ်မှာက ဇာအင်္ကျီလက်စက ရင်ဖုံး ပန်းနုရောင်၊ အောက်က သရီးကွာတားဘောင်းဘီခပ်ပွပွနှင့် ခြေထောက်မှာတော့ မြိုင်ရာဇာ တွတ်ပီစီးသည့် လည်ရှည် ကြက်ပေါင်ဖိနပ်အမည်းကြီးစီးထား၏။

ကျွန်တော် ဂစ်တာတီးရာမှ ဂွိခနဲ ရပ်လိုက်သည်။ ကိုညီကလည်း သီချင်းဆက်မဆိုနိုင်တော့ပဲ နေရာမှ ဆတ်ခနဲထ,ဟန်ပြင်သည်။

“ကိုဏီ... ဒါ... စောစောက အဖွဲ့ထဲက တစ်ယောက်လားမသိဘူး။ လက်ထဲမှာလည်း ဓားကြီးနဲ့”

သူ့အသံက ခပ်တုန်တုန်။ ကျွန်တော်က အားပေးသည့် အနေဖြင့်...

“ဟုတ်ချင်မှ ဟုတ်မှာပါ ကိုညီရာ။ အသာ နေစမ်းပါဦး။ ကျွန်တော် သေချာကြည့်ပါရစေ။ ဟား... အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်အကြောင်းရေးတဲ့ မယ့်ကိုးပါလားဗျ။ ကိုညီ... ဒါ စောစောက အုပ်စုထဲက မဟုတ်ဘူး။ ကျွန်တော်တို့ညီမ မယ့်ကိုးမှ မယ့်ကိုး အစစ်ရယ်”
“ဟင်...ဟုတ်လား”
ထိုအခါမှ ကိုညီက အိနြေ္ဒရရ ပြန်ထိုင်၏။ မယ့်ကိုးက အနားသို့ရောက်လာသည်။ ကျွန်တော်က...

“ထိုင်လေ မယ်၊ ဘယ်သွားမလို့တုန်း။ အထုတ်တွေ အပိုးတွေနဲ့။ လက်ကလည်း ဓားတစ်ချောင်းဆွဲလို့”
“မယ့်အဖြစ်တော့ မပြောချင်တော့ပါဘူး ကိုဏီရယ်”
“မပြောချင်လည်း မပြောပါနဲ့တော့ကွယ်”
“ဟာ... ကိုဏီကလည်း အဲ့သဟာ ပြောချင်လွန်းလို့ စကားပလ္လင်ခံတာရှင့်။ ဘာမှလည်း ၀ါးတားဖော်လို ဖစ်ဖော်လို မလိုက်တတ်ဘူး”

မယ့်ကိုးက ကျွန်တော့်ကို မျက်စောင်းထိုးရင်း ဂျစ်တစ်တစ်လေသံဖြင့် ပြောကာ ခေါင်းပေါ်မှ သူ့အထုတ်လေးအား ကွပ်ပစ်ပေါ်သို့ ဖုတ်ခနဲ ပစ်ချလိုက်၏။ နောက်... သူ့ဓားကြီးကို ရင်မှာပိုက်ပြီး ကြက်ပေါင်ဖိနပ်ကြီးကို ချွတ်ကာ ကွပ်ပစ်ပေါ်သို့ တက်ထိုင်၏။ ကိုညီက မယ့်ကိုးလက်ထဲမှ ဓားကြီးကိုကြည့်ကာ ကျောချမ်းဟန်ဖြင့် ကျွန်တော့်နားတိုးလာသည်။ သူ့ကြည့်ရတာ စောစောက လူအုပ်အလိုက်ခံထားရတာမို့ သွေးလန့်နေပုံရပါသည်။ ထို့ကြောင့် စိတ်ပြေလက်ပျောက်ဖြစ်သွားစေ ရန် မယ့်ကိုးအား ကျွန်တော် မေးလိုက်သည်။

“ကဲ...ဒါဆို ပြောစမ်းပါဦး။ ဘာဖြစ်လာတာလဲ”
“ညီမ အိမ်ကနေ ထွက်ပြေးလာတာ”
“ဘာ... ဘယ်လို”
 ကိုညီက တအံ့တသြ ၀င်မေး၏။ ကျွန်တော်လည်း စိုးရိမ်သွားသည်။ မယ့်ကိုးက ဆက်ပြော၏။

“ဟုတ်တယ်၊ ကိုညီနဲ့ ကိုဏီ။ ညီမက အင်္ဂပူ အဲ့လေ၊ စင်ခါဘူကနေ ပြန်လာတာ သုံးလလောက်ရှိပြီ။ အဲ့ဒါ ရောက်ကာစကတော့ အိမ်က ဘာမှ မပြောဘူး။ ခုတော့ ဘာဆက်လုပ်မလဲ၊ ဘာညာနဲ့ မေးလာကြလို့။ ပြီးတော့ ညီမ ပတ်ဝန်းကျင်က လူတွေကလည်း ဘယ်တော့ ပြန်သွားမလဲနဲ့ တစ်မေးတည်း မေးနေကြတာ။ ကြည့်ရတာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ ခဏသွားအလုပ်လုပ်တဲ့လူတွေကို တစ်သက်လုံး သူများနိုင်ငံမှာပဲ နေသွားမယ်များ ထင်နေလားမသိဘူး။ သူတို့တင်ကျွေးထားရတာလည်း မဟုတ်ပဲနဲ့များ။ အဲ့ဒါ အခု
စိတ်ပေါက်ပေါက်နဲ့ အိမ်ကနေ ထွက်လာတာ။ မယ့်ကိုးဆိုတဲ့ နာမည်ကနေ မယ့်ဆိုးလို့တောင် ပြောင်းချင်လာပြီ”
“ခုဘယ်သွားမယ် စိတ်ကူးလဲ”

ကျွန်တော့်အမေးအား မယ့်ကိုးက သက်ပြင်းချရင်း...

“ပြီးခဲ့တဲ့လက မြန်မာနဲ့ အမေကြီးကန်နိုင်ငံနှစ်နိုင်ငံ ချစ်ကြည်အေး၊ အဲ့လေ မှားလို့ ချစ်ကြည်ရေး တက်ခဲ့ကြတဲ့ ဂလန်ရာဇီတောင်ပေါ်သွားနေမလားလို့ ကိုဏီရယ်။ အဲ့ဒီမှာဆို အေးဆေးပဲ။ ညီမကို နားပူမယ့်လူ ဘယ်သူမှ ရှိတာမဟုတ်ဘူးရယ်။ စာလည်း အေးဆေး ရေးလို့ရမယ်။ စားစရာလိုရင် အမဲလိုက်ရုံပဲ။ အိမ်မှာကတော့ ဘယ်လိုမှ နေလို့ရမယ် မထင်တော့ပါဘူး။ ဟင်းးး”

ပြောရင်း မယ့်ကိုးက စိတ်ထွက်လာဟန်တူ၏။ သူ့ရင်ခွင်ထဲမှ ဓားကြီးကို ၀ါးကြမ်းခင်းပေါ်သို့ ဂွပ်ခနဲ ဆောင့်ချလိုက်လေသည်။

ကိုညီ့က ၀င်မေး၏။

“ဒါနဲ့ ဓားကြီးက ဘာလုပ်ဖို့ ယူလာရတာတုန်း မယ်ရဲ့”
“အကာအကွယ်ပေါ့ ကိုညီရယ်။ သိတယ်မဟုတ်လား။ ဒီခေတ်မှာ မိန်းကလေးအရွယ်စုံ အကြမ်းဖက်ခံနေရတာ။ တစ်ယောက်တည်း ခရီးသွားတဲ့အခါ ညီမအတွက် အဆောင်ပေါ့”
“ဓားသိုင်းရော ချတတ်လို့လားမယ်ရဲ့”

ကျွန်တော်က ၀င်မေးလိုက်တော့ မယ့်ကိုးက တောက်ပ၀င့်ကြွားစွာ ပြုံးရင်း...

“သိပ်ချတတ်တာပေါ့ ကိုဏီရာ။ အခု မြန်မာပြည်က စီးပွားရေးတံခါးတွေ ဒလဟောဖွင့်ထားပြီဆိုတော့ နိုင်ငံခြားက သင်တန်းတွေ ဟောတစ်ခု ဟောတစ်ခုနဲ့ လာဖွင့်နေတာ ကိုဏီလည်း ကြားမှာပေါ့။ အဲ့ဒီလို လာဖွင့်တဲ့သင်တန်းတွေထဲက တရုတ်သိုင်းအကျော်အမော်သုံးယောက်ဖြစ်တဲ့ ကျန်ကျောင်းဆီမှာ ဓားသိုင်းက သုံးလပြတ်၊ ဂျက်ကီချန်းနဲ့ဂျက်လီတို့ ပေါင်းပြီးဖွင့်ထားတဲ့ မရှောင်ရင်ထိပ်ဖူးသင်တန်းက သုံးလပြတ် သွားတက်ထားတာ။ ဘာလဲ ကိုဏီက မယုံလို့လား။ ခဏလေး၊ ညီမရဲ့ သင်တန်းဆင်းလက်မှတ်တွေ ပြရဦးမယ်”

ပြောပြောဆိုဆိုဖြင့် မယ့်ကိုးက ပုဆိုးစုတ်ဖြင့် ထုတ်ထားသော သူ့အထုတ်လေးကို ဖြည်ဟန်ပြင်၏။ ထို့ကြောင့် ကျွန်တော် တားမြစ်လိုက်ရသည်။

“တော်ပါပြီမယ်ရယ်။ ယုံပါတယ်။ ဒါပေမယ့် ဂလန်ရာဇီတောင်တော့ မတက်ပါနဲ့။ ရာသီဥတု ကြမ်းတယ်။ မယ်တစ်ယောက်တည်းသွားမှာ ကိုဏီတို့ စိတ်မချပါဘူး။ ဒီလိုလုပ်၊ ဂလန်ရာဇီတောင်မတက်ရပေမယ့် ရသေ့စိတ်ဖြေအနေနဲ့ ရွှေမန်းတောင် ချွေးထုတ်ငန်းဆေး တစ်ထုတ်လောက် ၀ယ်ပြီး ဆောင်ထားလိုက်လေ”
“ကိုဏီ့အကြံက မဆိုးဘူး။ ကောင်းသားပဲ။ ရွှေမန်းတောင်တစ်ထုပ် ၀ယ်ထားလိုက်မယ်။ ဒါပေမယ့် ညီမက အိမ်ကနေ ထွက်ပြေးလာတာ။ ဂလန်ရာဇီတောင်ကို မသွားရရင် ဘယ်သွားရမလဲ”
“ကိုညီနဲ့ ဆွစ်ဇာလန်ကို လိုက်သွားပါလား”
“ဟယ်... မလိုက်ချင်ပါဘူး။ ညီမက ဇာအက်ႌေတြအ၀တ္မ်ားတာ။ လိုက်လှန်နေရင် ဘယ့်နှယ့်လုပ်မတုန်း”

ဓားသာ ဆောင်ထား၏။ မယ့်ကိုးက ကျောချမ်းဟန်ဖြင့် ပြောသည်။ ကိုညီလင်းသစ်က ကမန်းကတန်း ၀င်ပြော၏။

“မဟုတ်ဘူးကိုဏီရဲ့။ ကျွန်တော် အခု ဆွစ်ဇာလန်မှာ မနေတော့ဘူး။ နေရတာ ရိုးလာလို့။ အခု အင်္ဂလန်ဆိုတဲ့ တိုင်းပြည်က ဖင်လန်ကို ဘင်သံနဲ့ ပြောင်းဖို့ စီစဉ်ပြီးသွားပြီဗျ”
“အဲ့တိုင်းပြည်က ဟာတွေတော့ အောက်ပိုင်းတွေ လေဖြတ်ကုန်တော့မှာပဲ”

မယ့်ကိုးက စိတ်ပူသံနှော၍ ခပ်ပြတ်ပြတ်ဝင်ပြော၏။ ကျွန်တော်လည်း ခေါင်းငြိမ့်ထောက်ခံရင်း...

“မယ်ပြောတာ ဟုတ်တယ် ကိုညီရဲ့။ အဲ့ဒီမြို့က အအေးပိုင်းဒေသဆိုလား ကျွန်တော်ကြားဖူးတာ။ အမြဲတမ်း ဟိုဒင်း လှန်နေကြတာဆိုတော့ အောက်ပိုင်းအအေးပတ်ပြီး မိသားစုတွေ နာဖျားကုန်မှာ စိုးလို့ရယ်”
“ဟာ... ကိုဏီကလည်း။ ဟိုဒင်းကို တကယ်လှန်တာ မဟုတ်ပါဘူးဗျ။ သူ့မြို့နာမည်ပဲ လှန်တာ... အဲ့လေ လန်တာပါ။ မြန်မာလို ဖင်လှန်လို့ အသံထွက်ကြပေမယ့် သူတို့အခေါ်ဆိုတော့ ဖန်လန်ဆိုလားရယ်။ ကဲ... ညီမ မယ့်ကိုး၊ ကိုညီနဲ့လိုက်မယ်ဆိုရင် လိုက်ခဲ့တော့။ အဲ့ဒီမှာ နေဖို့စားဖို့ ဒုက္ခသည်စခန်းနဲ့ ကိုညီဆက်သွယ်ပေးမယ်။ နောက်ပြီး အဲ့ဒီမှာ ခုလို ဓားကြီး ဆောင်ထားစရာ မလိုဘူး။ သေနတ်ဝယ်ကိုင်လို့ရတယ်။ ပစ္စတို၊ ခြောက်လုံးပြူး၊ စတင်းဂန်း၊ အမ်၁၆ ကြိုက်တာ ရွေးဝယ်၊ အေးဆေးပဲ။ လာ...သွားစို့”

ပြောပြောဆိုဆိုဖြင့် သူတို့နှစ်ယောက်လုံး ကျွန်တော့်အား နှုတ်ဆက်ကာ ကွပ်ပျစ်လေးပေါ်မှ ဆင်းသွားကြလေတော့၏။ သူတို့မောင်နှမနှစ်ယောက်ကို လိုက်ငေးရင်း အဆင်ပြေကြပါစေကြောင်း ဆုတောင်းမိ၏။

ရေနွေးကြမ်းအိုးကို မကာ ရေနွေးတစ်ခွက်ငှဲ့သောက်ရင်း ဗိုက်ထဲ နည်းနည်း ဟာလာသလို ရှိ၏။ နေ့လယ်နေ့ခင်း တစ်ခုခုတော့ စားချင်စိတ်ပေါက်လာသည်။ သို့သော် အပြင်သို့ ကျွန်တော် မထွက်ချင်မိ။ နေပူလွန်းသည်။ ထိုစဉ်..

“ဟောဒီဘက်က ကန်းစွန်းဥပြုတ်၊ ကလောဥပြုတ်၊ အာတာလွတ်ပြုတ်၊ မြေပဲပြုတ်တွေ ရမယ်”
“လာပါဦးဗျို့”

ကျွန်တော်လှမ်းခေါ်လိုက်တော့ ကန်စွန်းဥပြုတ်သည် မရွှေစင်ဦးက ကျွန်တော့်ခြံဝိုင်းထဲသို့ စစ်စီးသုတ် အညာခံတောင်းကလေးရွက်ကာ ယိုင်တိယိုင်ထိုးဖြင့် ၀င်လာ၏။ ကျွန်တော့် ကွပ်ပျစ်နားသို့အရောက်တွင် ခေါင်းပေါ်မှ တောင်းကလေးကို ကွပ်ပျစ်ပေါ်သို့ချပြီး ခေါင်းခုလုပ်ထားသော ပုဆိုးစုတ်လေးကို ဖြည်ကာ ယပ်ခပ်ရင်း...

“ဘာစားမလဲ ကိုဏီ”
“အာတာလွတ်နဲ့၊ ပီလောပီနံဥပြုတ် နှစ်ဆယ်ဖိုးစီပေးဗျာ”
“ဆီတွေဆားတွေရော ထည့်ပေးရဦးမလား”
“တစ်ခါတည်း ထည့်ပေး။ နေဦး ထည့်ဖို့ ပန်းကန် သွားယူလိုက်ဦးမယ်”

အိမ်ထဲဝင်ကာ အနားတွင် ကြွေရည်များကွာနေသော သံပန်းကန်ပြားလေးကို ယူရသေး၏။ မရွှေစင်ဦးက စေတနာပါပါဖြင့် အာတာလွတ်များ၊ ပီလောပီနံဥများကို အခွံသေသေချာချာခွာကာ အလယ်မှ ထက်ခြမ်းခြမ်းလိုက်၊ ဆီလေးဆမ်းပြီး ဆားလေးဖြူးပေးလိုက်၊ ပန်းကန်ထဲသို့ စီစီရီရီထည့်ပေးလိုက်နှင့် အလုပ်ရှုပ်နေလေတော့သည်။ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်သည်။

“မကြီးရွှေစင်၊ စာမရေးတော့ဘူးလား”

သူက ခေါင်းကို လေးတွဲ့စွာယမ်းရင်း...

“အရင်ကလောက် သိပ်မရေးဖြစ်တော့ပါဘူး ကိုဏီရယ်။ သိတယ်မို့လား အစ်မက စာလုံးပေါင်း ခဏခဏ မှားတတ်တယ်လေ။ အွန်လိုင်းမှာ ခဏခဏအပြောခံရတယ်။ အခုကျောင်းပြန်တက်နေတာ၊ မူကြို ဒုတိယနှစ်ရောက်ပြီ။ ကျောင်းပြီးမှပဲ လှိုင်လှိုင်ကြီး ပြန်ရေးတော့မယ် စိတ်ကူးတာပါပဲဟယ်။ အဲ့ဒါကြောင့်  အဲ့ဒါကြောင့်ပါ”
“အခုလို ဈေးလိုက်ရောင်းနေတာရော ဘယ်လောက်ကြာပြီလဲ။ အရင်တုန်းက ကွန်ပျူတာ ဆိုင်လား၊ မိတ္တူဆိုင်လား ဖွင့်တယ်ဆို”
“မီးက ခဏခဏပျက်နေတော့ ဘယ်မှာ အလုပ်ဖြစ်တော့လို့လည်းကွယ်။ အဲ့ဒါကြောင့် အစ်မရဲ့ ချစ်ချစ်ကြီးက လက်သမားလိုက်လုပ်၊ အစ်မက တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် အခုလို ဥပြုတ်တွေ လိုက်ရောင်းနေရတော့တာပါပဲ။ နာမည်တောင် ရွှေစင်ဦးကနေ ရွှေစင်ဥလို့ ပြောင်းရမယ့်ကိန်း ဆိုက်နေပြီ။ စကားမစပ်ပြောရမယ်ဆို ကိုဏီ ကဗျာရေးတဲ့ ညလင်းအိမ်ကို သိတယ်မို့လား”
“သိတယ်လေ...အစ်မရဲ့။  သူက စင်ခါဘူကနေ ပြန်ရောက်နေတာ မို့လား။ ဘာဖြစ်လို့တုန်း”
“သူက အခု မြန်မာပြည်မှာ မီးခဏခဏပျက်တော့ ကဗျာမရေးတော့ပဲ ညလင်းအိမ်ဆိုတဲ့ နာမည်နဲ့ ရေနံဆီမီးခွက် တွေ၊ မီးအိမ်တွေ၊ ဖယောင်းတိုင်တွေ ထုတ်လုပ်ဖြန့်ချီတော့မယ် ဆိုလားပဲ”
“ကောင်းသားပဲဗျ။ ဈေးကွက် စီးပွားရေးပေါ့။ လာဘ်မြင်ပါ့။ ဒင်းနဲ့တွေ့မှ ထန်းရည်တိုက်ခိုင်းရဦးမယ်။ ဒါနဲ့ အစ်မတို့မြို့ကပဲ စာရေးတဲ့ ခပ်ချောချော ကောင်လေးတစ်ယောက်လေ။ ကိုကိုးအိမ်ဆိုတာ သိတယ်မို့လား”
“သိပါ့ကွယ်။ ဟိုတစ်လောက ဆံပင်တွေကို ထမင်းရည်တွေနဲ့စိမ်၊ အခြောက်ခံပြီး လက်နဲ့ခြေထားတဲ့ ပန့်ကေစတိုင်လိုမျိုးတောင် သူလုပ်သေးတယ်မို့လား”
“ဟုတ်တယ် မကြီးရွှေစင်။ အဲ့ဒါ ခုခေတ် ပန့်ကေလို့ မခေါ်တော့ဘူးဗျ။ ကိုရီးယား ဘုတ်သိုက်ကေတဲ့ရယ်။ ဒါနဲ့ သူရော နေကောင်းရဲ့လား။ ကိုဏီ မေးတယ်လို့ ပြောလိုက်ပါဦးဗျာ”
“ပြောလိုက်ပါ့မယ်ကွယ်။ ဒါနဲ့ သူ့အကြောင်းကို ကိုဏီ သိပြီးသွားပြီလား”
“ဘာလဲ မကြီးရွှေစင်ရဲ့”
“ကိုကိုးအိမ်ကလည်း နာမည်ပြောင်းတော့မယ်တဲ့”
“ဟင်... ဘာဖြစ်လို့လဲ”
“သူက စာအုပ်ထုတ်မယ်၊ သီချင်းဆိုမယ်ဆိုလားပဲလေ။ အဲ့ဒီတော့ ရှေ့နေရော၊ နောက်နေရော၊ အရပ်မျက်နှာအစုံနေပြီး ရလာတဲ့ ရှိသမျှငွေတွေ ကုန်ရုံမက နေတဲ့အိမ်ပါ ပြုတ်တော့မှာစိုးရလို့ ဇရပ်မှာ သွားနေရတော့မလားမသိဘူးတဲ့။ အဲ့ဒါကြောင့် ကိုကိုးဇရပ်ဆိုလား ဘာလားပဲ။ ပြောင်းမယ်ပြောသံ သဲ့သဲ့ကြားရတယ်”

သူပြောင်းမယ့်နာမည်က သံဖြူဇရပ်မြို့နှင့် ဆင်သားဟု ကျွန်တော် တွေးမိသည်။ သို့သော် ကြားရတာ နားဝမှာ မသက်သာ။ အနုပညာလုပ်ငန်းသည် တစ်ခါတစ်ရံ ငွေကုန်သံပြာဖြစ်တတ်သည်ဟု ကျွန်တော်ကြားဖူး၏။ အဆင်ပြေပါစေဟုသာ ဆုတောင်းမိရသည်။ ထိုစဉ်... ကျွန်တော့်ခြံထဲသို့ အသားဖြူဖြူ မျက်မှန်လေးတ၀င့်ဝင့်ဖြင့် အစ်မကြီးတစ်ယောက် ၀င်လာသည်။ ဘယ်သူများလဲဟုတွေးကာ သေချာကြည့်လိုက်တော့ မသက်ဝေ။

မသက်ဝေက ကွပ်ပျစ်နားရောက်ရောက်ချင်း မရွှေစင်ဦးကို ပြော၏။

“စောစောက မရွှေစင် အသံကြားတော့ ၀ယ်ဖို့စောင့်နေတာ။ ကိုဏီ့အိမ်ကနေ တော်တော်နဲ့ ပြန်မထွက်လာလို့ ဒီကိုလိုက်လာတာ တော်ရေ့”
“ဘာယူမလဲ၊ အသက်ရယ်”...
“အိမ်ကလူကြီးက မြေပဲပြုတ်လေးစားချင်တယ်ဆိုလို့ ဆယ့်ငါးကျပ်ဖိုးလောက် ထည့်စမ်းပါ မရွှေစင်ရယ်”

ပြောပြောဆိုဆိုဖြင့် မသက်ဝေက ဒန်ပန်းကန်ပြားလေးကို ကွပ်ပျစ်ပေါ်ချပြီး မရွှေစင်ဦး၏တောင်းထဲမှ မြေပဲပြုတ်များအား လက်တစ်ဆုပ်လောက်နှိုက်ကာ အမြည်းအနေဖြင့် ယူစားလိုက်သည်။ ဒါကို မရွှေစင်ဦးက ကုန်ပါပြီဆိုသည့် နှမြောတသ သုံးကြိမ်ရွတ်ဟန်အမူအယာဖြင့် တစ်ချက်စွေကြည့်သည်။ ဘာမှတော့ မပြောရှာ။

ကျွန်တော်လည်း မသက်ဝေကို သေချာကြည့်လိုက်သည်။ မသက်ဝေက မြေပဲတောင့်လေးများအား အခွံခွာကာ မြိန်ရည်ယှက်ရည် မြည်းစမ်းနေလေ၏။ သေသေချာချာ ကြည့်တော့မှ မသက်ဝေ၏ ထူးခြားမှုတစ်ခုကို မြင်ရ၏။ ထူးခြားမှုက အခြားနေရာများမှာတော့ မဟုတ်။ သူဝတ်ထားသော အင်္ကျီတွင် ကြယ်သီးဟူ၍ တစ်လုံးမှမရှိပဲ ကြယ်သီးပေါက်နေရာများတွင် ဟောင်းလောင်း ဖြစ်နေခဲ့ခြင်းပင်တည်။ ကြယ်သီးများမရှိတာမို့ သူ့ခမြာ တွယ်ချိတ်လေးများဖြင့် အစီအရီ ထိုးသီထားရရှာလေသည်။ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်၏။

“ဘယ်လိုဖြစ်တာလဲ အစ်မသက်ဝေရာ”
“ဘာဖြစ်လို့လဲ ကိုဏီရဲ့”
“အင်္ကျီမှာ ကြယ်သီးတစ်လုံးမှ မရှိလို့ပါဗျာ”
“သြော်... ဒါလား။ ပြောရမယ်ဆိုရင်တော့ အိမ်က လူကြီး လက်ချက်ပေါ့ကွယ်။ မိုင်တိုင်နှစ်ဆယ်ထဲက ထာစဉ်ဆိုတဲ့ ၀တ္ထုလေးကို ကိုဏီမှတ်မိတယ်မို့လား”
“ဟာ... သိပ်မှတ်မိတာပေါ့။ တစ်အုပ်လုံးမှာ ကျွန်တော်မှတ်မှတ်ရရ နှစ်သက်မိတဲ့ ၀တ္ထုလေးတွေအထဲက တစ်ပုဒ်ပဲဟာ။ ကောင်မလေးရဲ့ တီရှပ်အင်္ကျီလည်ပင်းနားက ကြယ်သီးလေးက ကောင်လေးရဲ့ လတ်ပတ်နာရီမှာ မတော်တဆငြိပြီး ပြုတ်သွားတာကို ကောင်လေးက အမှတ်တရ သိမ်းထားလိုက်တဲ့ ဇာတ်လမ်းလေးလေ။ သူတို့မဆုံခဲ့ကြရတာ တွေးမိတိုင်း ကျွန်တော်ဖြင့် သနားမိတာပဲရယ်”
“အင်း... ဇာတ်လမ်းက အဲ့ဒီကနေ စ,တာပါပဲကွယ်။ အစ်မရဲ့အဲ့ဒီဝတ္ထုလေးကို ဖတ်ပြီး အိမ်က လူကြီးက ပြောတယ်။ ၀တ္ထုထဲက ဇာတ်ကောင်က ကြယ်သီးလေးတစ်လုံးကိုပဲ တန်ဖိုးထားပေမယ့် သူကတော့ အစ်မရဲ့ ကြယ်သီးမှန်သမျှ တန်းဖိုးထားပြီး သိမ်းထားပါမယ်လို့ ကြွေးကြော်ပြီး ရှိသမျှ အင်္ကျီတွေက ကြယ်သီးတွေအကုန်ဖြုတ်၊ နို့မှုန့်ဘူးထဲကို ထည့်ပြီး သော့ခတ်သိမ်းထားတော့တာပဲ။ အသစ်ထပ်ချုပ်လည်း မရဘူး။ အစ်မရဲ့အင်္ကျီမှာ ကြယ်သီးမတွေ့လိုက်နဲ့၊ တွေ့လိုက်တာနဲ့ ဖြုတ်ပြီး သိမ်းတော့တာပဲလေ။ အဲ့ဒါကြောင့် အစ်မလည်း အခု ကိုဏီမြင်တဲ့ဒီဇိုင်းအတိုင်း တွယ်ချိတ်တွေနဲ့ ခပ်လန်းလန်းလေး ဖြစ်နေရတော့တာပါပဲကွယ်။ စာလေးတစ်ပုဒ်ကြောင့် သက်ဝေဆိုတဲ့ နာမည်ကနေ ‘ရတက်ပွေ’...ရပြီကွဲ့။ အဟင့်”

ပြောရင်း မသက်ဝေက မျက်ရည်သီသီ ဝေ့ကာ ငိုချင်ပြင်းပြ ဖြစ်လာဟန်တူသည်။ သို့သော် လက်ကတော့ မရွှေစင်ဦး၏ မြေပဲပြုတ်များအား နှိုက်စားမပျက်။ ရောက်ကတည်းက ပြောလိုက်၊ နှိုက်စားလိုက် လုပ်နေခဲ့တာ ကြာပြီ။ ဒါကို ကြာလာတော့ မရွှေစင်ဦးက အရင်းပြုတ်မှာ စိုးရိမ်သလိုပုံစံဖြင့် ရင်ဘတ်ကိုဖိကာ ခပ်လေးလေးကြီး ပြောလိုက်လေ၏။

“အသက်ရယ်...။ ညည်းနှယ်အေ၊ ကိုဏီ့ကို ရင်ဖွင့်တာလည်း ရင်ဖွင့်တာပေါ့။ ဒါပေမယ့် ညည်းလက်ကတော့ တစ်ဆိတ်ငြိမ်ငြိမ်နေစမ်းပါ။ ကြာရင် ကျုပ်အရင်းပြုတ်ရလိမ့်မယ် အေရဲ့”
“ဟယ်... ဟုတ်ပါ့ မရွှေစင်ရယ်။ မီအားနဲရို့ပါရှင်”
“မီးအားနဲတာနဲ့ အသက်မြေပဲပြုတ်ကို အလကားနှိုက်စားတာနဲ့ ဘာဆိုင်လို့တုန်းဟယ်”
“မီးအားနည်းတာ မဟုတ်ပါဘူး မရွှေစင်ရယ်။ မီအားနဲရို့ဆိုတာ ကိုရီးယားလို တောင်းပန်တာရှင့်။ မြန်မာပြည်မှာ လိုင်းပေါင်းစုံကနေ ကိုရီးယားကားတွေကို ဒီလောက် ထောင်းလမောင်းထ,နေအောင် လွင့်နေတာကို ဒီအသုံးလေးတောင် မရွှေစင် မရင်းနှီးဘူးလားရယ်။ ကဲပါလေ... ဒါဆို ကျွန်မစားတာနဲ့ပါပေါင်းပြီး ဆယ့်ခုနှစ်ကျပ်ပေးလိုက်မယ်နော်”

မသက်ဝေက အပြုံးလေးဖြင့် တောင်းပန်ရင်း မျက်မှန်လေးအား လက်တစ်ဖက်ဖြင့် ကနွဲ့ကလျ ပင့်တင်သည်။ ပြီးနောက် ခါးကြားမှာလိမ်ထားသော ပိုက်ဆံအလိပ်လေးထဲမှ ငါးကျပ်တန်တစ်ရွက်၊ ဆယ်တန်တစ်ရွက်၊ ကျပ်တန်နှစ်ရွက် တို့ကို ထုတ်ပေးလိုက်၏။ အားလုံး အနွမ်းလေးတွေချည်း။ မရွှေစင်ဦး ကျေနပ်သွားတာ ကျွန်တော်တွေ့လိုက်ရသည်။

“ကဲ... ကိုဏီနဲ့ အသက်ရေ။ အစ်မ ဈေးဆက်ရောင်းလိုက်ဦးမယ်။ သွားပြီနော်”

မရွှေစင်ဦးက ခံတောင်းလေးကို ခေါင်းခုဖြင့်ရွက်ကာ ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ယိုင်တိယိုင်ထိုးဖြင့် ထွက်သွားလေတော့၏။ ကျွန်တော့်ခြံအပြင်ဘက်ရောက်တော့ မရွှေစင်ဦး၏ ဈေးခေါ်ဟစ်လိုက်သံကို ကြားရပြန်သည်။

ဝယ်ထားသော အာတာလွတ်များ၊ ပီလောပီနံများဖြင့် မသက်ဝေအား ကျွန်တော် ဧည့်ခံမိသည်။

“စားပါဦး အစ်မသက်ဝေ”
“စားတော့ပါဘူးဟယ်။ ကိုဏီသာ များများစားပါ။ ဒါနဲ့ ကိုဏီ့ကို မေးရဦးမယ်”
“ဘာလဲဗျ”
“ကိုဏီတို့ညီမ ရွှေပြည်သူတစ်ယောက်လည်း အတော်ပျောက်နေတာပဲနော်”
“ပျောက်ဆို... သူက စာသိပ်မရေးနိုင်တော့ဘူးအစ်မရဲ့။ အခု သိရိမင်္ဂလာဈေးက ကုန်စိမ်းတွေယူပြီး လှိုင်သာယာဘက်က မီးခွက်ဈေးမှာ ကုန်စိမ်းရောင်းရင်း၊ ငွေတိုးချေးစားရင်း အလုပ်ရှုပ်နေတယ်လို့ ကြားတာပဲဗျ”
“သြော်... သြော်။ သူ့လိုပဲ ခဏခဏပျောက်ပျောက်နေတတ်တဲ့ ပုံရိပ်ကတော့ အခုတလော စာပြန်ရေးနေတာ အစ်မတွေ့နေရတယ်ရယ်။ ဒါပေမယ့် သူကလည်း အသက်ကြီးပြီ အသက်ကြီးပြီလို့ ညည်းညည်းနေပြီး ခြံရှေ့က ပုဏ္ဍရိပ်ပင်တွေကိုပဲ ရသေ့စိတ်ဖြေ လိုက်ဖြတ်နေရလို့ ပုဏ္ဍရိပ်လို့ နာမည်ပြောင်းရင် ကောင်းမလားတဲ့ရယ်”
“လှသားပဲ အစ်မသက်ဝေရဲ့။ ဒါနဲ့ မပန်တစ်ယောက်ရော”
“ပန်ဒိုရာကို ပြောတာလား”
“ဟုတ်တယ်။ မပန်လည်း တစ်ခါတစ်ခါမှ ဖေ့စ်ဘွတ်ခ်မှာ တွေ့ရတယ်ရယ်”

ကျွန်တော့်ထံမှ တံတွေးစင်မှာစိုးစွာ မသက်ဝေက ပိုးမင်းသားသိုင်းကွက်ဖြင့် ကျင်လည်စွာ ရှောင်လိုက်ပြီး...

“ပန်ပန်တစ်ယောက်လည်း မအားရှာဘူး”
“ဘာဖြစ်လို့လဲဗျ”
“သူက ကဗျာဖတ်ပွဲ၊ စာပေပွဲတွေသွားရင် မိုက်ကိုင်ရတော့ အသံပိုကောင်းလာအောင်လို့ ဦးစောနုဆီမှာ အဆိုသင်တန်း သွားတက်နေရတယ်တဲ့။ သိတယ်မို့လား၊ တင်ဇာမော်တို့ စည်သူလွင်တို့ တက်ခဲ့တဲ့ သင်တန်းလေ”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ မသက်ဝေက ဆက်ပြော၏။

“အဲ့ဒီမှာ အဆိုသင်တန်းတက်ပြီး အိမ်ပြန်ရောက်ရင် အသံကျင့်ရသေးတယ်တဲ့။ ရာဝင်အိုးထဲ ခေါင်းစိုက်ပြီး ငယ်သံပါအောင် အော်ရတယ်ဆိုပဲရယ်။ ပြီးတော့ ကဗျာစာအုပ်တွေလည်း ထုတ်နေတယ်တဲ့”
“တစ်အုပ်ထွက်တာတော့ ကျွန်တော် ကြားလိုက်တယ်။ ကြိုးညှိခြင်း...ဆိုလားပဲဗျ။ အခု နောက်ထပ်ထွက်လာမယ့် စာအုပ်တွေ ရှိသေးတယ်ပေါ့၊ ဟုတ်လား”
“အဲ့ဒါတော့ သေချာမသိဘူး။ အစ်မပြောတဲ့ သူကဗျာစာအုပ်တွေ ထုတ်တယ်ဆိုတာက သူ့အိမ်မှာ ရှိတဲ့ ကဗျာစာအုပ်တွေကို ကြွက်ကိုက်မှာစိုးလို့ သေချာထုပ်ပိုးပြီး သိမ်းနေတာကို ပြောတာ။ ကဲ... သွားမယ် ကိုဏီရယ်။ အိမ်ကလူကြီး မြေပဲပြုတ်မျှော်နေရော့မယ်”
“ဟုတ်ကဲ့ အစ်မ သက်ဝေ”

အပြုံးလေးဖြင့် မျက်မှန်လေးကို ကနွဲ့ကလျပင့်တင်ကာ မြေပဲပြုတ်ထည့်ထားသော ဒန်ပန်းကန်လေးကိုကိုင်၍ မသက်ဝေတစ်ယောက် ထွက်ခွာသွားတာကို ကျွန်တော် လိုက်ငေးနေမိသည်။ ပြီးမှ အာတာလွတ်တစ်ခြမ်းကို ကျွန်တော် စားလိုက်သည်။ အာတာလွတ်ထဲမှ အမျှင်များက သွားကြားညှပ်သွားတာမို့ ကွပ်ပျစ်အမိုးပေါ်ရှိ ဓနိပျစ် ထဲမှ သီတံတစ်ချောင်းကို ချိုးကာ... စိန်ပြေနပြေ သွားကြားထိုးနေဆဲ...။

“ကိုဏီ”

ခေါ်သံကြောင့် ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ရုတ်တရက် လန့်တောင် သွားရသည်။       

~~~@~~~

(ဆက်ပါဦးမည်။ မျှော်...)

----------------------------------------------------------------------------------------------------------------
ခွင့်မတောင်းပဲ နာမည်များ ယူသုံးမိခြင်းကြောင့် မောင်နှမများ နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ။ မောင်နှမတွေကို ချစ်တဲ့စိတ်နဲ့ ပျော်စေချင်လို့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ထိခိုက် နစ်နာစေလိုခြင်း အလျှင်းမရှိပါကြောင်း......။
---------------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၃၊ အောက်တိုဘာ၊ ၂၀၁၃။
(၀၂း ၀၇) နာရီ။
ကြာသာပတေးနေ့။
ရန်ကုန် - မြန်မာပြည်။
(အမည်များနှင့် ကျွန်တော်(၂) )

24 comments:

SHWE ZIN U said...
This comment has been removed by the author.
SHWE ZIN U said...

ဟား .. ဟား.. ရီလိုက်ရတာ မျက်ရည်တောင် ထွက်တယ် ... သူများ ကို ဥပြုတ်ရောင်းခိုင်း တော့ ကိုဏီ အိမ်ကနေ ဆက်လက် ထွက်ခွာပြီး ဘလောဂါ များ ရပ်ကွက်ထဲ သွား ရောင်းလိုက်အုန်းမယ် ..

ကြက်ဖကြီး အဲလေ ကိုညီလင်းသစ် နဲ့ မမယ်ကိုး တို့ သွားတဲ့ ဖင်လန် ထိလိုက်ရောင်းမယ် ... ညလင်းအိမ် ဆီက ဖယောင်းတိုင် နဲ့ ဥ နဲ့ လဲ မယ်..

ကိုကိုးဇရပ် က... အသင်းတုတ် လို့ဆိုပြီး ဥ အားမပေးတော့ရင် သွားပါပြီဗျာ ကိုဏီ ရော်ပေတော့ ...

မသက်ဝေ .. မပန် .. ရွှေပြည်သူ .. တို့ စီကလည်း ဥ ဖိုး အကြွေးသွားတောင်း ရအုန်းမယ်တော့

ဟောဒီက ရွှေဥ တော်ရေ ... အဲလေ ... ကန်ဇွန်းဥ .. ပိန်းဥ ... အာတလွတ်ဥ .. ချစ်ချစ်ကြီး ဥ ..... ဟား..ဟားးး

နောက်ထပ်စောင့်မျှော်လျှက်
ချစ်တဲ့
ရွှေစင်ဥ အဲလေ ရွှေစင်ဦး

မိုးငွေ့........ said...

ဏီဏီရယ်...မအားတဲ့ကြားကနေ တပိုဒ်တပိုဒ် လာလာခိုးဖတ်နေရတာရယ်...။ အလုပ်မှာဆိုတော့ အသံထွက်ရယ်လို့လဲမဖြစ် သိတယ်မှုတ်လား...။ အပိုင်းဆက်တွေကလည်းများလိုက်တာ...မျှော်ရဦးမယ် ...။

အိမ့်ချမ်းမြေ့ said...

တော်သေးတယ်.. မရွှေစင်ဦးလည်း စာလုံးပေါင်းမှားတာမို့...

အွန်လိုင်းမှာ အပြောခံရတာ.. မလေးတစ်ယောက်တည်း မဟုတ်လို့ အရမ်းပျော်နေတယ်.. :D

အိုင်လဗ်သစ်စ်ပိုစ် ဆိုးမတ်ခ်ျ..
ပလီးကွန်တင်းငြူး ကွစ်ကလီး..

မြသွေးနီ said...

သြော်.. ကိုညီခမျာ ကြက်မတွေကို အတော်သံယောဇဉ်တွယ်သွားတဲ့သဘောရှိတယ်... ကြက်စာတောင်ပို့ဦးမယ်ဆိုပဲ...

မယ့်ကို ၀တ်စုံပြည့်နဲ့ မြင်မိတာ ချစ်စရာလေး..ဟိဟိ..

အစ်မရွှေစင်... ရွာရိုးကိုပေါက် ခံတောင်းရွက် ပတ်နေမဲ့ တို့အစ်မပုံ မြင်ပြီး အော်ရယ်မိတယ်အစ်မရေ..

သြော်..ကိုကိုးဇရပ်..ထမင်းရည်တွေနဲ့စိမ်ထားတယ်ဆိုပဲ..

အစ်မသက်ဝေ... များအတွက် ခြိတ်တစ်ချောင်းနဲ့ မြေပဲတစ်စေ့လောက် ရီဆာ့ဗ်လုပ်ပေးထားပါနော်...

မပန်က.. မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါတဲ့..အဲ့သီချင်း ကျက်နေတယ်လေ.. သိဖူးလား...

(တတိယပိုင်း မျှော့နေမည် ဏီဏီ.......)

နွေတေးရှင် (မင်းဧရာ) said...

ကိုဏီလုပ်မှ.....
အကုန်လူသိကုန်တော့မှာပဲ ဗျာ ...။

ဆက်လက်မျှော်နေပေဦးမည် ။

San Htun said...

ကိုဏီရေ...နောက်အပိုင်းမှာ ဘယ်သူတွေများလဲလို့  မျှော်နေတယ်နော့..ရေးတတ်ပါ့..း)

ssye said...

i'm not sure if we are the only people ( in the world ) that make fun of foreign names or pronunciations. other than that, it's quite hilarious, :) looking forward to part III

linn said...

ဇာတ်သိမ်းပိုင်းမျှော် မလုပ်ပါနဲ့ … ၃ … ၄ … ၅ … ၆ ဆက်ဆွဲပါဗျို့…

linn said...

အဲဒါမှ ရွာထဲရောက်ဖြစ်ကြတော့မှာ … :)

လင်းခေတ် said...
This comment has been removed by the author.
ဗညားရှိန် said...

ကိုညီလင်းသစ် ကြက်ဖ ဖြစ်သွားရှာတာပဲ သနားတယ်ဗျာ . .း)) ကြက်မ တစ်အုပ်ကြား ကိုညီ အဖြစ်က မတွေးဝံ့စရာပဲ . .း))

rose of sharon said...

ဘလော့လောကလေး အနည်းငယ်သွေးအေးနေချိန်မှာ ပွဲဆူအောင်လုပ်နိုင်တဲ့ပို့စ်လေးကို သဘောတကျဖတ်သွားတယ်....

mstint said...

ဒီကနေ့ဘလော့တဲလေးကို အလည်လာလိုက်တာ လာရကျိုးနပ်သွားပြီ အဟာရရွှင်ဆေး သောက်သုံးပြီးလို့ ပြန်လိုက်အုံးမယ် မောင်ဏီရေ...
အဆက်ကလေးပေါ်လာရင် ပြန်လာခဲ့မယ် .. :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိမ့်ချမ်းမြေ့ said...

ထိုသို့ဖြင့် ... ကိုဏီ့စ် ဒုတိယပိုင်း အမည်များနှင့် ကျွန်တော်(၂) တက်လာပြီး မကြာမှီတွင် အနှီသူငယ်ချင်းသည် ဖုန်းဆက်လာပြန်လေသည်။

“ကိုဏီ့ စာ ဒုတိယပိုင်း ဖတ်ပြီးပြီလား”

“ဖတ်ထားတယ်.. ထုံးစံအတိုင်း ရုံးကနေဖတ်ရတော့ တန်းလန်းဖြစ်နေတယ်။ ဒါပေမယ့် နေ့လည်ကျ သေချာသွားထပ်ဖတ်ဦးမယ်၊ အရမ်းရယ်ရတယ်နော်”

“ဟုတ်တယ်.. အရမ်းရယ်ရတယ်… ဒါပေမယ့်..”

“ဒါပေမယ့် ဘာဖြစ်လဲ၊ အဲ.. နေဦး.. ကိုဏီက ကိုညီ့ကို ကြက်မတွေဝိုင်းလုတာကို လင် လုတယ်လို့ သုံးထားတာ အရမ်းအံ့သြမိတယ် သိလား…၊ ကိုဏီ တစ်ခါမှ အဲလို မသုံးဖူးဘူးလားလို့’

‘အင်း.. ဟုတ်တယ်.. အဲဒါပြောမလို့ ကိုဏီ ကြမ်းကြမ်းကြီးတွေ သုံးတာ တစ်ခါမှ မဖတ်ဖူးဘူး’

‘သူလည်း အွန်လိုင်းပိုးဝင်ပြီး ကြမ်းချင်စိတ်ဝင်လာတာဖြစ်မယ်နော်’

‘ဟုတ်တယ်... အဲ့ဒါကြောင့်ပေါ့.. မယ့်ဆိုး အဲလေ မယ့်ကိုးက “အဲ့တိုင်းပြည်က ဟာတွေတော့ အောက်ပိုင်းတွေ လေဖြတ်ကုန်တော့မှာပဲ” ဆိုပြီး ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ နောက်ပိုင်းစာတွေ ဆက်မဖတ်ရဲတော့ဘူးသိလား’

‘ဟင်.. ဘာလို့ ဆက်မဖတ်ရဲတာလဲ’

‘ရှက်လို့’

‘အွမ်’

‘ရှက်တတ်လိမ့်မယ်လို့ မထင်ထားဘူး၊ ကိုယ်တိုင်လည်း ဒီလောက် ရယ်စရာတွေ ရေးနေတာ’

‘ရယ်စရာတွေ ရေးနေပေမယ့် ရှက်တာကတော့ ရှက်တတ်တာပဲလေ’

‘ရှက်ချင်ဟန်ဆောင်တာလား’

‘ဟာ.. တစ်ကယ်ရှက်တတ်တာပါ၊ လူဆိုသည်မှာ ရှက်ပိုင်ခွင့်ရှိတယ်လေ၊ အဲဒါ လူ့အခွင့်အရေးလို့လည်း ဆိုရမှာပေါ့’

‘အင်း အင်း ဟုတ်ပါပြီ။ ဒါနဲ့ မယ့်ကိုး ကိုညီ့နောက် လိုက်သွားပြီးတဲ့ နောက်ပိုင်း ကို ရှက်ပြီး မဖတ်တော့ဘူးပေါ့’

‘ဟုတ်တယ်.. အင်.. မဟုတ်ဘူး၊ ဖတ်တယ်၊ ရှက်ရှက်နဲ့ပဲ ဆက်ဖတ်တယ်လေ... ညလင်းအိမ် ရေနံဆီမီးခွက် တွေ၊ မီးအိမ်တွေ၊ ဖယောင်းတိုင်တွေရောင်းတာ၊ ကိုကိုးအိမ် ကနေ ကိုကိုးဇရပ် ဖြစ်တာတွေ သိပ်ရယ်ရပေမယ့်၊ မသက်က ကြယ်သီးတွေ မရှိတာမှ ထပ်ရှက်ပြန်ရော’

‘ဟင်.. ရှက်ပြန်ပြီလား’

‘ဟုတ်တယ်..’

ရှက်လည်းရှက်သေးသည်၊ ထပ်လည်းဖတ်နေသော သူငယ်ချင်းကို နားမလည်တော့။ ထို့ကြောင့် သူပြောသမျှသာ ဆက်နားထောင်နေရတော့သည်။

‘တွယ်ချိတ်တွေနဲ့ သူပဲ တွေးတတ်တယ်နော်’

‘ဟုတ်တယ် အဲ့နေရာမှာတော့
အသံတော်တော်ကျယ်ကျယ်နဲ့ကို ရယ်လိုက်မိတယ်၊ ဒါပေမယ့် မသက်ရဲ့လူကြီးက စိတ်ဆိုးသွားရင် ဒုက္ခ’

‘မပူပါနဲ့၊ မသက်ရဲ့လူကြီးက သဘောထားသိပ်ပြည့်ဝတယ်ကြားတယ်’

‘မသက်ကတော့ မြတ်စွာဘုရားလို့တောင် တနေပြီ၊ မသက်ရဲ့လူကြီး နေရာမှာ ကိုရင်သာအေးသာဆိုရင်... ဟိုတစ်ယောက်လက်ပတ်နာရီမှာ ကြယ်သီးညိပါသွားရလောက်အောင် ဘာတွေလုပ်လဲ ဆိုပြီး .....’

‘အရေးထဲမှာ ကြားဝင် စိတ်ပူနေပြန်ပြီ၊ သြော်.. ဒါနဲ့ ကိုဏီ့ ဝတ္ထုက မပြီးသေးဘူးလားဟင်’

သူငယ်ချင်းလေသံမှာ တစ်စုံတစ်ရာကို ကြောက်လန့်ဟန် တိုးပြီးတုန်သွားသည်ကို သတိထားလိုက်မိသည်။

‘မပြီးသေးဘူး၊ မဖတ်ဘူးလား၊ ကိုဏီ ထရံတွေချိုးပြီး သွားကြားထိုးနေတုန်း တစ်ယောက်လာခေါ်တာ...၊ ဆက်ရေးဦးမှာ သူက’

‘ဟင်.. ဆက်ရေးဦးမှာပေါ့နော်’

‘အင်း.. ရေးဦးမှာ ... ရေးဦးမှာ၊ ဒါနဲ့... ဘာဖြစ်နေရတာလဲ’

‘ဘာမှ မဖြစ်ပါဘူး…. ဟို… ရယ်လည်းရယ်ချင်ပါတယ်.. ဒါပေမယ့် ရှက်ကြောက်ကြီးလည်း ဖြစ်နေတယ်၊ ဆက်ရေးဦးမယ်ဆိုတော့ ဆက်ဖတ်ရဦးမှာပေါ့လေ...’

ဟု ဆိုကာ သူငယ်ချင်းသည် အသံတုန်ကာ ဖုန်းကို ကြောက်ကြောက်ရွံ့ရွံ့လေးဖြင့် ချသွားလေတော့သတည်း။

(( မလေးတော့ မိတောမုဒ်ဝင်သွားပြီ ကိုဏီရယ်..
ဖဘမှာ ရှက်လို့ ဒီဘက်မှာပဲ လာရေးသွားတော့သည် :D ))

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပြုံးပျော်စရာပို့စ်ပဲ ကိုဏီ
ဘလော့ဂါတွေအချင်းချင်း ရင်းနှီးချစ်ခင်မှုပေါ်လွင်စေတယ် ကိုဏီ

Anonymous said...

ကိုဏီ ရေးတာကိုဖတ်အပြီး တဟိဟိ ရယ်နေတုန်း မမမြသွေးနဲ့ မလေး ကွန်မန့်တွေဆက်ဖတ်တာ အတောမသတ်တော့ဘူး
တတ်လည်း တတ်နိုင်တဲ့ ငါ့ အစ်ကို၊ အစ်မတွေ
:D :D :D :D

သူသူ

ရွှေယွန်းဝါ said...

ဇာတ်မသိမ်းနဲ့အုန်းနော် ၊ ရှိသမျှဘလော့ဂါတွေကိုရေးပါနော်။ အရမ်းကိုအတွေးအခေါ်ကောင်းပါတယ်။ သူများတွေ နာမည်တကယ်လဲမလဲတော့ မသိဘူး။ ဒီမှာတော့ နောက်နာမည်တစ်ခုနဲ့ရယ်။ :P

mstint said...

မလေးရေ... မိတောမုဒ် များများဝင်ပါစေလို့ ဆုတောင်းသွားတယ် ... :P
ဂိမ်မာအတွက်လဲ မုဒ်လေးဆက်ဝင်အုံးနော် .. :D
မောင်ဏီရေ... စကားကြုံလို့ ထပ်ရေးသွားတယ် :)

မယ့်ကိုး said...

ရယ်လည်း မျက်နှာပူပူနဲ့ နောက်ဆုံးမှ ကွန်မန့်လာရေးသွားတယ်။ ရက်စက်ပါ့ အစ်ကိုတော် :)
ဟာသဝတ္ထုရေးရင် ကျိန်းသေပေါက် အောင်မြင်မယ်။

lwin said...

ကိုဏီ အခုမှဘဲ ဘလောက်ကိုပြန်ဖတ်ဖြစ်တယ်။ မြန်မာပြည်မှာကွန်တွေက မကောင်းတော့မဖတ်ဖြစ်ဘူးလေ။ အမြဲအားပေးလျှက်..။

An Asian Tour Operator said...

အလုပ်တစ်နေရာလောက် မ စ ပါဦး ကိုဏီ :-)

သဒ္ဓါ said...

ကိုဏီလင်းရေ.
ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ မျှော်ဆိုတော့ မောသွားပြီ..
မြန်မြန်ရေးနော်..
မျှော်နေပြီ..

ခင်မင်စွာဖြင့်
သဒ္ဓါ

Anonymous said...

ကိုလင်း ရဲ. ဘလော.ရွာလေးကို လာရောက်သွားပါတယ်နော်။
မနော်ဖြူ