Tuesday, October 1, 2013

အမည်များနှင့် ကျွန်တော်



ရင်တုန်းကတော့ ဒီရွာကလေးက အတော်စည်ကားခဲ့သည်။ အခုတော့ တော်တော်များများက နေရာပြောင်းရွေ့ သွားခဲ့ကြတာမို့ အနည်းငယ်ခြောက်ကပ်ကပ် ဖြစ်နေခဲ့ရလေပြီ။ ပြောင်းရွေ့သူ အချို့၏ နေရာသစ်တွင် အောင်မြင်နေသော သတင်းများကို ရံဖန်ရံခါ ကြားရ၏။ အချို့ကိုတော့ လုံးဝသတင်းမရတော့။ တစ်ခါတစ်ခါတော့ တစ်ယောက်စ နှစ်ယောက်စဆိုသလို ရွာသို့ သတိတရ ပြန်လာလည်တတ်ကြသည်။  ရွာထဲမှာ စွဲစွဲမြဲမြဲနေကျန်ခဲ့သူဦးရေက သိပ်မများလှတော့ပါ။

ထိုကဲ့သို့ ရွာမှာ ကျန်ရစ်ခဲ့သူများထဲတွင် ကျွန်တော်လည်း အပါအ၀င်ဖြစ်သည်။ ကျွန်တော့်အိမ်လေးမှာ ရွာအ၀င်အထွက် လမ်းမနံဘေးတွင် တည်ရှိ၏။ အိမ်ဟုဆိုရသော်လည်း အိမ်ဟူသော အသုံးအနှုန်းထက် တဲဟူသော အသုံးအနှုန်းက ပိုသင့်တော်မည်ထင်ပါသည်။ ဟုတ်သည်။ ကျွန်တော့်အိမ်လေးက ဓနိမိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်းဖြင့် ခနော်နီခနော်နဲ့နိုင်လှသော တဲသေးသေး ကျဉ်းကျဉ်းလေးမို့ပင် ဖြစ်၏။

သို့သော် ကျွန်တော့်က မိတ်ဆွေများကို ခင်တတ်သည်။ ထို့ကြောင့် ကျွန်တော့်တဲရှေ့မှ ဓနိမိုးထားသော ၀ါးကြမ်းခင်း ကွပ်ပျစ်ကလေးပေါ်တွင် လာလည်ကြသော ဧည့်သည်များ ရံဖန်ရံခါ ရှိတတ်ပါသည်။ ကျွန်တော်ကလည်း ဧည့်သည်များ၊ ဖြတ်သွားဖြတ်လာများကို အတိုင်းသားမြင်နေနိုင်သော ထိုကွပ်ပျစ်လေးတွင် နေ့တိုင်းလိုလိုထိုင်ကာ ဧည့်မျှော်တတ်၏။ သူတို့လာမှ အပျင်းပြေ စကားပြောရမှာမို့ပင်။

ဒီနေ့လည်း ပျင်းပျင်းရှိတာမို့ အိမ်ရှေ့ကွပ်ပျစ်လေးသို့ထွက်ထိုင်ကာ ရေနွေးကြမ်းတစ်အိုးဖြင့် ကျွန်တော်ဧည့်မျှော် နေခဲ့မိသည်။ အပြင်မှာ နေပူလွန်းနေခဲ့သော်လည်း ကျွန်တော့်တဲပတ်ဝန်းကျင်မှ သစ်ရိပ်ဝါးရိပ်များကြောင့် ကွပ်ပျစ်ကလေးပေါ်တွင် အေးချမ်းနေခဲ့လေ၏။

စကားမစပ် ပြောရမည်ဆိုလျှင် ကျွန်တော်နေသော ရွာလေး၏ နာမည်မှာ “ဘလော့ဂ်(Blog)” ဖြစ်ပါသည်။

ဆေးလိပ်ခွက်ထဲမှ ဆေးပေါ့လိပ်ကြီး တစ်လိပ်ကို ကျွန်တော်ယူလိုက်သည်။ မီးညှိပြီး အငွေ့တွေ အူထ,နေအောင် မက်မက်စက်စက် ဖွာရှိုက်နေစဉ်ခဏ တရုတ်မင်းသမီးချောချောသည့် မိန်းမရွယ်လေးတစ်ယောက် ကျွန်တော့် ကွပ်ပျစ်ရိပ်သို့ လှမ်းဝင်လာသည်။ ကျွန်တော် ၀မ်းသာအားရ နှုတ်ဆက်လိုက်၏။

“ဟာ... ညီမ မဒမ်ကိုးပါလား၊ လာထိုင်”
“ဟုတ်ပရှင်၊ ဟုတ်ပ။ ကိုဏီတို့ကလည်း နော်”

မဒမ်ကိုးက ကွပ်ပျစ်တွင် တင်ပါးလွှဲဝင်ထိုင်ပြီး ကျွန်တော့်အား နှုတ်ခမ်းထော်ကာ ပြောလိုက်တာမို့...

“ဘာတုန်း ညီမရ။ စကားကလည်း အဆက်အစပ် မရှိနဲ့”
“ဘာဖြစ်ရမတုန်း ကိုဏီရဲ့။ သများက ဒီလောက်တောင် ဘလော့ဂ်ပေါ်မှာ ကင်ဆာကင်းဝေးရေးပို့စ်တွေရေး၊ အပေါင်းအသင်းတွေကိုလည်း ရေးဖို့တိုက်တွန်းနဲ့ ဒီလောက်လှုပ်ရှားနေတာ။ ကိုဏီ့ကိုတောင်မှ သများရေးခိုင်း သေးတယ်မှတ်လား”

သူခိုးလူမိသွားသလို ဒီဇိုင်းမျိုးဖြင့် ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ရသည်။ ဟုတ်သည်။ ကင်ဆာနှင့်ပတ်သတ်လို့ သူရေးခိုင်းသူများထဲတွင် ကျွန်တော်လည်း ပါသည်။ သို့သော် ကျွန်တော်က အဲ့ဒါမျိုးတွေကို ခြေခြေမြစ်မြစ် ဂဃနဏ သိပ်မသိတာမို့ (မရေးတတ်တာမို့) ခုထိ မရေးရသေး။

“အဲ့ဒီလိုပို့စ်မျိုး ရေးခိုင်ပါတယ်ဆိုမှ ကိုဏီက ကင်ဆာဖြစ်နိုင်တဲ့ ဆေးလိပ်ကို သောက်နေလို့ ပြောတာ။ မောင်နှမအချင်းချင်း စိတ်ပူလို့ ပြောတာ။ သိဘီလား။ ဖြစ်နိုင်ရင် ဆေးလိပ် လျှော့သောက်ပါဦး ကိုဏီရယ်”

“အေးပါကွယ်၊ အေးပါ။ ကိုဏီ သိပါပြီကွယ်”

ညောင်နာနာဖြင့် ကျွန်တော်ပြန်ဖြေလိုက်တော့ မဒမ်ကိုးက ထိုင်ရာမှ ထ,သည်။ နောက်... ကျွန်တော့်ကို နှုတ်ဆက်သည်။

“ကဲ... သွားဦးမယ် ကိုဏီ။ အလုပ်ရောက်ရင် အလုပ်ရှင်နဲ့ သူသေကိုယ်သေ သတ်ရဦးမလား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်တော့ ခိုးသုံးရမယ်။ လူလည်း မဒမ်ကိုးကနေပြီး မဒမ်ခိုးလို့ ပြောင်းရမလိုဖြစ်နေပြီ”

“အေးအေး... မဒမ်ခိုး၊ အဲ့လေ... မဒမ်ကိုး။ သူဌေးနဲ့ သူသေကိုယ်သေသတ်ဖို့ ကိုဏီ့ဆီက ဓားယူသွားဦးမလား”

“ရတယ်ကိုဏီ၊ သများက သိုင်းတတ်တယ်။ ထမီကွင်းသိုင်း။ အဲ့လေ ယောင်လို့၊ သများက သိုင်းပြောင်းပြန်တတ် တယ်။ အဲ့ဒီသူဌေးလောက်များတော့ အေးဆေးပါ။ နှစ်ချက်လောက် ကိုင်ဆောင့်လိုက်ရင် ပွဲသိမ်းပဲ။ သများအ တွက် အသေးအဖွဲပါ ကိုဏီရာ”

ထီမထင်ဟန်ဖြင့် မဒမ်ကိုးက ပြောကာ ကျွန်တော့်ရှေ့မှနေ တောက်တောက် တောက်တောက်ဖြင့် ထွက်သွားလေတော့၏။ ဆေးလိပ်ကို ဘေးချ၊ ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်ရင်း ဟိုတစ်လောက သူနှင့် မဲရစ်ပွဲ (မင်္ဂလာပွဲ) ဆင်နွှဲခဲ့လေသော ကိုရင်တစ်ယောက် မဒမ်းကိုးလက်ချက်မှ ဘေးကင်းပါစေကြောင်း ဆုတောင်းမိရသေး၏။

ထိုစဉ် ကျွန်တော့်တဲရှေ့မှ အမျိုးသမီးတစ်ယောက် ဖြတ်လျှောက်သွား၏။ ခေါင်းတွင် ခရေပန်းတွေ ဝေနေအောင် ပန်ထားလိုက်တာ ရစရာမရှိ။ ဟာဝေယံကျွန်း၊ ဘာလီကျွန်းသူများပင် မျက်ရည်အတောင့်လိုက် ကျသွားနိုင်သည်။ ပခုံးတွင်လည်း ဆာလာအိတ်ကြီးတစ်လုံး လွယ်ထားသေး၏။ ထိုအိတ်ကြီးထဲတွင် စာအုပ်များ၊ သစ်ရွက်ခြောက်များက အပြည့်။ ၀မ်းသာအားရဖြင့် ကျွန်တော် လှမ်းအော်ခေါ်လိုက်သည်။

“ဗျိုး... မလေးအိမ်ချမ်းမြေ့၊ ခဏ၀င်နားပြီး ရေနွေးကြမ်းသောက်သွားပါဦးလာဗျ။ နေက ပူပါသနဲ့ရယ်”

ကျွန်တော့်ဖိတ်ခေါ်သံကြောင့် မလေးအိမ့်ချမ်းမြေ့က ဆာလာအိတ်ကြီး မခို့တရို့လွယ်ကာ ကနွဲ့ကလျ ခြေလှမ်းများဖြင့် ကွပ်ပျစ်အမိုးအောက်သို့ ၀င်လာ၏။ နောက် ကွပ်ပျစ်တွင် အိနြေ္ဒရရ ၀င်ထိုင်ကာ ပခုံးပေါ်မှ ဆာလာအိတ်ကြီးအား ယုယုယယ ဘေးသို့ အသာချလိုက်သည်။ မလေးအတွက် ကျွန်တော် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။

မလေးက သူ့လက်လေးတစ်ဖက်ဖြင့် မျက်နှာနားကပ်ကာ နွဲ့နှောင်းစွာ ယပ်ခပ်ရင်း ရေနွေးကြမ်းပန်းကန်လုံးကို ယူကာ တစ်ငုံမှုတ်သောက်၏။ ကျွန်တော် မေးလိုက်သည်။

“နေပူကြီးထဲ ဘယ်သွားမလို့လဲ မလေးရဲ့။ မပူဘူးလား”
“မပူပါဘူးဟယ်။ မလေးက နေရောင်တွေကို ချစ်တယ်ဟဲ့။ အခု သစ်ရွက်ခြောက်တွေ လိုက်ကောက်နေတာ”
“ဘာလုပ်ဖို့ လိုက်ကောက်တာတုန်းဗျ”
“သစ်ရွက်ခြောက်တွေကို မလေးက ချစ်လို့ဟဲ့။ သိမ်းထားချင်လို့ပေါ့။ အဟွန်း”

ပြောရင်း မလေးက မခို့တရို့ ရယ်၏။ နောက်... ရေနွေးကြမ်းကို ကုန်စင်အောင် မော့သောက်ပြီး...

“ကဲ...သွားမယ် ကိုဏီရယ်။ ဟိုဘက်နားမှာရှိတဲ့ စတော်ဘယ်ရီပင်အောက်မှာ ခဏနားရင်း ကောက်လာတဲ့ ခွေးသေးပန်းခြောက်လေးတွေထုတ်ကြည့်ပြီး ကဗျာရေးဖို့ စဉ်းစားလိုက်ဦးမယ်”
“ဟုတ်ကဲ့ မလေး။ ကဗျာကောင်းလေးတွေရပါစေ”

မလေးအိမ့်ချမ်းမြေ့က သူ့ဆာလာအိတ်ကြီးကို တယုတယပြန်လွယ်ပြီး အိနြေ္ဒရရပင် ကွပ်ပျစ်ပေါ်မှ ခုန်ဆင်းလိုက်၏။ နောက်... ကွပ်ပျစ်အပြင်ဘက်သို့လျှောက်သွားကာ ရုတ်တရက် နောက်ပြန်လှည့်လာပြီး ပြောသည်။

“သြော်... ကိုဏီ့ကို ပြောဖို့ မေ့နေတာ”
“ဘာလဲ မလေးရဲ့”
“မလေးစာရေးတဲ့ အိမ့်ချမ်းမြေ့ဆိုတဲ့ ကလောင်နာမည်ကို ပြောင်းတော့မယ်”
“ဟာ... ဘာဖြစ်လို့တုန်းဗျ။ ဒီလောက်ကောင်းတဲ့နာမည်ကို။ လူတွေလည်း သိနေပြီပဲဟာ”
“မဖြစ်တော့ဘူးဟဲ့ ကိုဏီရဲ့။ မလေးက တစ်ခါတစ်ခါ ထ,ထဖောက်ပြီး တွေးရမယ့်စာတွေ အွန်လိုင်းပေါ်မှာ ရေးတတ်တော့ အတိုက်အခိုက်များတယ်။ အဲ့ဒီတော့ မလေးတွက်နေကျ ဗေဒင်ဆရာ ကိုရန်အောင်ဆီမှာ နာမည်ပြောင်းဖို့ သွားမေးတော့ သူက ပြောင်းသင့်တယ်တဲ့”
“နာမည်အသစ်က ဘာတုန်း”
“အိမ့်စမ်းကွေ့ တဲ့”
“ဟင်... တရုတ်နာမည်နဲ့ ဆင်သလိုကြီး”
“ဟုတ်တယ်၊ မလေးလည်း စဉ်းစားမိတာပဲ။ ဒါပေမယ့် ကိုရန်အောင်က ဗေဒင်ဟောတဲ့နေရာမှာ ချွေးထွက်အောင်မှန်တာမို့လား။ သူ့ဆိုင်းဘုတ်ကိုပဲကြည့် ‘ရှေ့ဖြစ်၊ နောက်ဖြစ်၊ ဘေးဖြစ်၊ အောက်ဖြစ်၊ ဖြစ်ချင်တာဖြစ် အကုန်ဟောသည့် ဆြာရန်အောင်’ လို့ ခေါင်းစဉ်တပ်ထားတာပဲ ကြည့်လေ။ သူက တရုတ်ရှောင်လင်သိုင်းတွေလို ရန်ရှောင်နိုင်အောင်လို့ တရုတ်ဆန်ဆန် နာမည်ပေးတာလို့ မလေးကိုပြောတယ်ရယ်”
“သြော်... ကိုရန်အောင်က အခုစာမရေးတော့ပဲ ဗေဒင်ဟောနေတယ်ပေါ့ ဟုတ်လား”
“ဟုတ်တယ်။ ကိုရန်အောင့်အပြောအရဆိုရင် သူ့ကိုယ်ထဲက အဖိုးတန်ကျောက်တွေထွက်လာပြီးကတည်းက သူ့ ကိုယ်သူ သတိထားမိလာတယ်တဲ့။ ငါဟာ သာမာန်လူတစ်ယောက်တော့ မဟုတ်လေဘူး၊ ထူးတယ်ဆိုပြီး ဗေဒင်ဟောခန်း ထ,ဖွင့်လိုက်တာတဲ့ရယ်။ အခုလည်း ဂန္ဓာရီကျင့်စဉ်စခန်းအတွက်ဆိုလား ဘာဆိုလားမသိဘူး။ ခရီးလှည့်နေတယ်။ ဖေ့စ်ဘွတ်မှာ ကားလမ်းဘေးမှာ ထိုင်ထိုင်နေတဲ့ ပုံတွေတင်တာ မတွေ့ဘူးလား။ အဲ့သဟာ ဘေးထိုင်ဘုပြော ကျင့်စဉ်ဆိုလားပဲရယ်”
“ဒါဆို... ရေခဲငှက် ဆိုတဲ့ နာမည်နဲ့ရော၊ စာမရေးတော့ဘူးလား”
“မသိပါဘူးဟယ်။ ရေခဲညှပ်ဆိုင်တော့ ဗေဒင်ဟောခန်းနဲ့ တွဲဖွင့်မလားလို့ ပြောသံသဲ့သဲ့ကြားတယ်။ ကဲ... မလေးသွားတော့မယ်”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ မလေးက ဆာလာအိတ်ကြီးကို နွဲ့နွဲ့နှောင်းနှောင်းလွယ်ရင်း ကျွန်တော့်မျက်စိအောက်မှ ထွက်ခွာသွားလေတော့၏။

မလေးထွက်သွားပြီး သိပ်မကြာလိုက်...၊ တဲရှေ့မှ ကျွန်တော့်ကို နှုတ်ဆက်သံများအား ကြားလိုက်ရ၏။

“ဏီဏီရေ့”
“ကိုဏီရေ့”

ဝမ်းသာအားရဖြင့် ကွပ်ပျစ်အပြင်ဘက်ကို ကြည့်လိုက်တော့ ပုသိမ်ထီးတစ်ချောင်ကို အတူဆောင်းထားကြသော မမြသွေးနီနှင့် ရွှေအိမ်စည်တို့ကို တွေ့လိုက်ရလေသည်။

“ဟာ... လာကြ၊ လာကြ”

သူတို့နှစ်ယောက်က ကွပ်ပျစ်တွင် ၀င်ထိုင်ကြသည်။ ချွေးတွေသံတွေနှင့်မို့ ကျွန်တော်မေးလိုက်သည်။

“ဘယ်သွားကြမလို့တုန်း”

မမြသွေးနီက ဖြေသည်။

“ဒီတစ်ပတ် တနင်္ဂနွေနေ့ကျရင် ထုံးစံအတိုင်း စာဖတ်ပွဲရှိတယ်လေ။ ဒီအပတ် အဲ့ဒီမှာ လာတဲ့အပေါင်းအသင်းတွေကို လက်ဖက်ရည်တိုက်ချင်ပေမယ့် ပိုက်ဆံမရှိလို့ အစိမ်းရောင်လွင်ပြင်က မချောဆီသွားပြီး ပိုက်ဆံချေးတာ”
“ရခဲ့ရဲ့လားဗျ”
“မရပါဘူး ကိုဏီရယ်။ သမီးနဲ့ အစ်မမြသွေးတို့သွားတော့ မချောက သူတောင် စားစရာမရှိလို့ အိမ်မှာရှိတဲ့ ပုန်းရည်ကြီးကို ထမင်းနဲ့နယ်ပြီး စားနေရတယ်လို့ပြောတယ်။ ဒါပေမယ့် သူ ဓာတ်ပုံရိုက်တဲ့ ကင်မရာကြီးကိုတော့ ညီမတို့ကို ပေးလိုက်တယ်။ အဲ့ဒါကို သွားပေါင်ပြီး စရိတ်လုပ်လိုက်ပါတဲ့လေ၊ ဟိဟိ”

အသားတော် ညိုပြာညက်ဖြင့် ရွှေအိမ်စည်က မမြသွေးနီလက်ထဲမှ ကင်မရာထည့်ထားသော အိတ်မည်းမည်းကြီး အား လက်ညှိုးထိုးကာ ရယ်ကျဲကျဲ ပြော၏။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဓာတ်ပုံရိုက်ကာ ခဏခဏ လက်စွမ်းထက်နေခဲ့ သော မချောက သူ့ကင်မရာကြီးကို ပေါင်ပြီးသုံးဖို့ ပေးလိုက်တယ် ဆိုပါလား။ တော်တော်ရက်ရော၏။ ဒါဟာ ညီအစ်မရင်းချာတွေလို ခင်မင်ကြသော သူတို့သံယောဇဉ်တရားကြောင့်သာ ဖြစ်နိုင်သည်။ နို့မို့ဆို ဘယ်သူက ကိုယ်အမြတ်တနိုးထားသည့် ပစ္စည်းကို သွားပေါင်ဖို့ သူများကိုပေးလိုက်မလဲ။

ရွှေအိမ်စည်က...

“ကိုဏီ့အိမ်လေးက သာယာတယ်နော်၊ ညီမ ခဏလျှောက်ကြည့်လိုက်ဦးမယ်”
“အေးအေး”

 မမြသွေးနီက... ရွှေအိမ်စည်ထွက်သွားရာဘက် တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ...

“ဏီဏီ... ဒီတစ်ခေါက် စာဖတ်ပွဲကို လာခဲ့ပါလားဟယ်။ အစ်မဖိတ်ပါတယ်”
“ဟုတ်ကဲ့ အစ်မ၊ ကျွန်တော်လာခဲ့မယ်”
“တကယ်လား၊ ဏီဏီပြောလို့သာကြားရတယ်။ လာမယ်မထင်ပါဘူးဟယ်။ ဒါနဲ့ ဒီတစ်ပတ် မချစ်လည်း စာဖတ်ပွဲကို လာမယ်ပြောတယ်”
“အစ်မချစ်ကြည်အေးလား”
“ဟုတ်တယ်။ သူမြန်မာပြည်ကို ခဏပြန်ရောက်နေတာ။ ဒါပေမယ့် သူ့ကိုလည်း ချစ်ကြည်အေးကနေ ချစ်ကြည်ပြေးလို့ နာမည်ပြောင်းပေးရမလို ဖြစ်နေပြီ”
“ဘာဖြစ်လို့လဲ အစ်မမြသွေးရဲ့”
“သူက ခရီးတွေ ဆက်တိုက်ထွက်တာကိုး ဏီဏီရဲ့။ တွေ့ရဖို့က မလွယ်။ အခုပဲကြည့်လေ။ သူ့အိမ်ရှေ့မှာ ဆိုင်းဘုတ်တောင် တပ်ထားသေးတယ်။ “ချစ်ကြည်အေး ခရီးများ ကဒီးကဒီး သွားနေသည်” တဲ့ရယ်။ ခုလည်း ဗိဿနိုးမြို့ဟောင်းကို ရောက်နေပြန်တယ်ဆိုလား”
“ကောင်းတာပေါ့ အစ်မရာ။ ဗဟုသုတ ရ”...

ပြောရင်း ကျွန်တော့်စကားများ ရပ်တန့်သွားရသည်။ အခြားကြောင့်တော့မဟုတ်၊ ကျွန်တော့်ခြံထဲမှာ စိုက်ထားသော မြင်းခွာရွက်များအား အဆုပ်လိုက်၊ အဆုပ်လိုက်နှုတ်ပြီး ရေပင်မဆေးပဲ ဒီအတိုင်းအစိမ်းလိုက်ဝါးစားကာ ကွပ်ပျစ်နားသို့ ပြန်လာသော ရွှေအိမ်စည်ကြောင့်ပင်တည်း။

“ဟဲ့... ဒါက ဘယ်လိုဖြစ်တာတုန်း”
“သမီးက မြင်းခွာရွက်သိပ်ကြိုက်တာ။ ဟိုတစ်ခါ မလေးအိမ့်ချမ်းမြေ့တို့နဲ့တွေ့တုန်းက သူ့ကို မြင်းခွာရွက်သုပ် မကျွေးမိတာ အွန်လိုင်းပေါ်က လူတွေသိသွားပါရောလား။ အခုလည်း ကိုဏီ့ခြံထဲမှာတွေ့တော့ စိတ်မထိန်းနိုင်တော့ပဲ အမုန်းဆွဲပစ်လိုက်တာ”
“ရေတွေ ဘာတွေဆေးပြီးမှ စားရောပေါ့ကွယ်။ ဒီနေ့မနက်ပဲ ခေါင်းရင်းခြံက အောက်နက်က အဲ့ဒီမြင်းခွာရွက်အခင်းပေါ်မှာ သေးပန်းသွားတာ ကိုဏီ မြင်လိုက်ရသေးတယ်ကွဲ့”

ကျွန်တော့်စကားကြောင့် ရွှေအိမ်စည်က ပါးစပ်ထဲမှမြင်းခွာရွက်များအား ထွီခနဲ ထွေးထုတ်သည်။

“ကိုဏီက ပြောပြောက မစောဘူး” ဟုဆိုကာ ရေနွေးကြမ်းတစ်ခွက် ငှဲ့ပြီး ပလုပ်ကျင်း၏။ နောက်... ကျွန်တော့်အား ကြည့်ကာ...

“ကိုဏီ သိပြီးသွားပြီလား”
“ဘာလဲ”
“သြော်... ညီမတို့အစ်ကို ကိုသတိုးလေ။ သူ့ကလောင်နာမည်နဲ့ ချွတ်စွပ်တူတဲ့လူတစ်ယောက်က သတင်းစာတစ်စောင်မှာ ဆောင်းပါးရေးလို့ဆိုလား”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ မမြသွေးနီကလည်း စိတ်ဝင်တစား နားထောင်နေတာ တွေ့ရသည်။ ရွှေအိမ်စည်က ဆက်ပြော၏။

“အဲ့ဒါ ကိုသတိုးက သူ့ကလောင်နာမည် ပြောင်းမလားလို့ စဉ်းစားနေရတယ်တဲ့”
“ဘယ်လို ပြောင်းမှာတုန်း။ သူ့နာမည်လေးက ရာဇ၀င်ထဲက မင်းသားလေးတစ်ပါးအတိုင်း ခန့်ခန့်ငြားငြား ဒီလောက် ရှိတဲ့ဟာ။ ပြီးတော့ မဂ္ဂဇင်းတွေမှာ သူ့စာတွေက ဒီလောက် ခဏခဏ ပါနေပြီးတဲ့ဟာ”
“ညီမလည်း ပြောတာပဲ။ အဲ့ဒါကို သူက ညည်းလည်း ညည်းနဲ့နာမည်တူ ရွှေအိမ်စည်ပေါ်တုန်းက အွန်လိုင်း ပေါ်မှာ အောင်သာရွှေအိမ်စည်ဆိုပြီး ပြောင်းသေးတာပဲတဲ့။ ငါလည်း သတိုးကနေ ကျပ်ခိုးဖြစ်ဖြစ်၊ ကတိုး ဖြစ်ဖြစ် ပြောင်းရင် ကောင်းမလားလို့ စဉ်းစားနေရတယ်တဲ့လေ”

ကျွန်တော် ဘာမှ ပြန်မပြောနိုင်။ ခဏတော့ ငိုင်သွားသည်။ ကိုယ်ချင်းစာမိသောကြောင့်ပင် ဖြစ်၏။ ကိုယ်တပင်တပန်း ဖောက်ကာ လျှောက်လာခဲ့သော စာပေလမ်းမှာ နာမည်တူခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ ဘယ်လောက်ဆိုးတဲ့ ခံစားမှုမျိုးတစ်ခုပါလဲ။ သို့သော် တစ်ဖက်က လှည့်တွေးကြည့်လျှင် ထိုစားရေးသူက မသိ၍ ဖြစ်နိုင်သလို၊ သူရေးတာ ကိုယ့်ထက်စောပြီး ကိုယ်က မသိတာလည်း ဖြစ်နိုင်၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဆင်ပြေစေချင်လှသည်။

ခဏအကြာတွင် သူတို့နှစ်ယောက်က ကျွန်တော့်ကို နှုတ်ဆက်ကာ ပြန်သွားကြ၏။ ရွှေအိမ်စည်က ကင်မရာအိတ်ကြီးကိုလွယ်၍၊ မမြသွေးနီက ရွှေအိမ်စည်အား နေပူမှာစိုးကာ ယုယုယယဖြင့် ပုသိမ်ထီးလေး မိုးပေး၍...။

ထိုစဉ်...

(ဆက်ပါဦးမည်။ မျှော်...)

----------------------------------------------------------------------------------------------------------------
ခွင့်မတောင်းပဲ နာမည်များ ယူသုံးမိခြင်းကြောင့် မောင်နှမများ နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ။ မောင်နှမတွေကို ချစ်တဲ့စိတ်နဲ့ ပျော်စေချင်လို့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ထိခိုက် နစ်နာစေလိုခြင်း အလျှင်းမရှိပါကြောင်း......။
---------------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၁၊ အောက်တိုဘာ၊ ၂၀၁၃။
(၁၄း ၀၇) နာရီ။
အင်္ဂါနေ့။
ရန်ကုန် - မြန်မာပြည်။
 (အမည်များနှင့် ကျွန်တော်)














30 comments:

ကိုကိုးအိမ်(မန္တလေး) said...

ေိခိ....။ အိမ်ရှင်ကလှိုင်လှဲတော့ ဧည့်သည်တေါက ပျော်သပေါ့ဗျာ....။ ခက်တာက အိမ်ရှင်က ဆာလာအိတ်ကြီးဖုံးပြီး စောင်ခြုံထဲက ထွက်မတွေ့ဘူးဖြစ်နေတယ်ဗျို့...။ :P

ခင်ခင်မင်မင်
ကိုကိုးအိမ်

Yin Nyein Thu said...

From fb link,come & read.Thanks for this post.

YNT

မိုးငွေ့........ said...

ဏီဏီအိမ်ကိုလာလည်ဦးမယ် ကော်ဖီကောင်းကောင်းဖျော်တိုက်ရမယ်နော် ကော်ဖီမစ်နဲ့မရဘူး ဒါပဲ....

မြသွေးနီ said...

ဒီမယ် ဏီဏီ...

မောင်မင်း ရွာအ၀င် လမ်းနဘေးမှာ ဆေးပေါ့လိပ် တဖွာဖွာနဲ့ ထိုင်ပြီး တစ်ရွာလုံးကို စောင့်ကြည့်နေတယ်ပေါ့.. ဟုတ်စ.. :D

ပို့စ်ထဲမှာပဲ တစ်ရွာလုံးနဲ့ ထိုင်တွေ့မနေနဲ့နော်..။ ဏီဏီကို အားလုံးက အပြင်မှာပါ
တွေ့ဖူးချင်နေကြတာ.. :)

စကားမစပ်... မဒိုးကန်လာတော့ ဏီဏီ့ကို သတို့သမီးဂါဝန်ရှည်ကြီး ၀တ်လာပြီး အိပ်ရာခင်းအရောင်တွေ ရွေးခိုင်းမသွားဖူးလား..?

မလေးကရော... သီချင်းလေးတအေးအေးနဲ့ သက်တံနှစ်ထပ် လိုက်မပြဖူးလား... အဲ..သူက မိတောကုန်ကြမ်းများ လာရှာပုံရတယ်.. မလေးကို စတော်ဘယ်ရီပင်အောက် ပုရွက်ဆိတ်ကိုက်မှာ စိုးရိမ်မိတယ် ဏီဏီရယ်....

ဆြာရန်အောင်...လက်ထဲမှာ အထုတ်တစ်ထုတ်တွေ့ရင်တော့ သူ့ရဲ့နန်းတွင်းကျောက်ထုတ်ကြီးလို့သာ မှတ်ပေရော့ ဏီဏီ..

ရွှေအိမ်စည်လေးကို တစ်လမ်းလုံး ကားမှား မစီးအောင် ဏီဏီ့ဆီ အရောက်ခေါ်လာကာမှ ကလေးမက မြင်းခွာရွက် ရေမဆေးပဲစားတော့ မလေးတစ်ယောက် ဆွေ့ဆွေ့ခုန် ၀မ်းသာနေတော့မှာပေါ့..ခက်တယ်...

ဏီဏီ့ကို စာဖတ်ဝိုင်းကို မမြသွေးခေါ်ချင်ပေမယ့် ဏီဏီအိမ်တွင်းပုန်း ဗိုင်းကောင်းကျောက်ဖိဆိုတော့ ပြည်သူရဲနဲ့ဝိုင်းမှ ရချေမယ်..

အင်း..ချောက သဘောကောင်းပေမဲ့ သူ့ကင်မရာက မှန်ဘီလူးတစ်ခုတင် သိန်းချီနေတာ.. ပို့စ်ထဲမို့များ ပေးလိုက်လေသလား မသိ ဏီဏီရယ်... ယူသာယူလာရတယ် စိတ်ပူလိုက်တာ... :)

မချစ်ကတော့ ပြောမနေနဲ့ ပြန်ရောက်တဲ့ တစ်လအတွင်းမှာ လုပ်စရာ အခု ၁၀၀၀ မကဘူး.. အားလုံးထောင့်စေ့အောင်လုပ်နိုင်တာ အံ့တယ်..တကယ်.. ရောက်တုန်း စာဖတ်ဝိုင်းမှာ စာဝင်ဖတ်သွားတာသာ ကြည့်တော့... ဒါတောင် ရိပ်သာဝင်မယ်၊ ပန်းချီဆွဲသင်မယ်ဆိုတာတွေ မပါသေးဘူး... :)

အင်း..ကိုသတိုးကိုတော့ လက်မြှောက်တယ်.. ဒီလောက်ကွန်နက်ရှင်နှေးနေတာ သူက ဖေ့ဘုတ်မှာ ထောင့်စေ့အောင် Likeလိုက်၊ share လိုက်၊ Comment ပေးလိုက်နဲ့လေ... မနာလိုဘူး..တကယ်...

:) :) :)



အင်း.. ခနနားလိုက်ဦးမယ်...
ဒုတိယပိုင်း အမြန်ရေးနော်..ဒါဗြဲ..


ရွှေအိမ်စည် said...

ဟင်....ကိုယ်လည်း ချာချာလည် ဘွကနေ ဘလော့ဂ်ဂျီး ဘွားကနဲတွေ့ရော..သူတို့တွေ မန့်ထားလိုက်ကြတာ တန်းကို စီနေတာပဲ
ပါးစပ်လေး အဟောင်းသားနဲ့..ကွန်မန့်တွေ လိုက်ဖတ်
မမမြသွေး ကို တခိခိရယ် (သြော် သူ မန့်တာကို ပြောပါတယ်)
မလေး ကို ဆာလာအိတ်ကြီးနဲ့ မြင်ယောင် (ဟင် မလေးလည်း လာမန့်သေးဘဲနဲ့ ပတ်ရမ်းမိဘီ.. :D )
အဲ အဲ ဆက်ပြောတော့ပါဘူးးလေ
နောက်အပိုင်းတွေ မျှော်နေတယ်ဗျို့..
(ဘယ့်နှယ့် ကိုယ် ချည်းပဲတော့ အဟားမခံဘူးး...ဟီးးဟီးး)

rose of sharon said...

ဖတ်ရတာကြည်နူးစရာပျော်စရာကြီးကွယ်.... အဲဒါမျိုးလေးဟိုးအရင်က ကိုလူထွေးရေးတုန်းကလဲ အဲလိုမျိုးဘဲ ခံစားခဲ့ရဘူးတယ်....

မောင်(စွယ်စုံကျမ်း said...

ဘလော့ဂါတွေအတွက်ပျော်စ၇ာလေးမလို့ ဖတ်သွားတယ်ဗျုး

Anonymous said...

ဒီလို ပျော်ရွှင်စရာ ပိုစ့်လေးတွေ
မတွေ့ရတာ ကြာပြီဗျာ ....

နောက်ပိုင်းကို စောင့်နေပါဦးမည် ...။




မင်းဧရာ

အိမ့်ချမ်းမြေ့ said...

အမြန်ကလေး ရမ်းသရူးရိဒ်နေတာတောင် ဗဲရီးကိုအူနာအောင် လာ့ဖ် နေရတယ်...

(ကိုဏီ့ ဘားဂလစ်ရှ်လို ထရိုင်း ရိုတ် ကြည့်တာ.. ခက်လိုက်တာ)...
လိပ်တားမှ ကော့မန့် အရှည်ကြီး လာရေးဦးမယ်..
မကျေနပ်ဘူး.. ဟွန်း!!!

အိမ့်ချမ်းမြေ့ said...

အမြန်ကလေး ရမ်းသရူးရိဒ်နေတာတောင် ဗဲရီးကိုအူနာအောင် လာ့ဖ် နေရတယ်...

(ကိုဏီ့ ဘားဂလစ်ရှ်လို ထရိုင်း ရိုတ် ကြည့်တာ.. ခက်လိုက်တာ)...
လိပ်တားမှ ကော့မန့် အရှည်ကြီး လာရေးဦးမယ်..
မကျေနပ်ဘူး.. ဟွန်း!!!

အိမ့်ချမ်းမြေ့ said...

အမြန်ကလေး ရမ်းသရူးရိဒ်နေတာတောင် ဗဲရီးကိုအူနာအောင် လာ့ဖ် နေရတယ်...

(ကိုဏီ့ ဘားဂလစ်ရှ်လို ထရိုင်း ရိုတ် ကြည့်တာ.. ခက်လိုက်တာ)...
လိပ်တားမှ ကော့မန့် အရှည်ကြီး လာရေးဦးမယ်..
မကျေနပ်ဘူး.. ဟွန်း!!!

အိမ့်ချမ်းမြေ့ said...

ဟိုက်.. ကနေဒါ ကွန်နက်ရှင်ကလည်း
သုံးခါတောင် တက်သွားပါလားနော်...

ရွှေယွန်းဝါ said...

ရေးထားတာတွေက ရယ်ရတယ်။ ဆက်ရန်ကို မျှော်နေပါ့မယ်။ :)

linn said...

ဟိုက် !!! လက်စောင်းတွေ ထက်နေပါလား …

Anonymous said...

ကိုဏီ ရေ

ဆက်ရေး ဆက်ရေး .. ကိုကြီးကျောက်ကြီးလည်း လွမ်းသဗျ

ချစ်တဲ့
ရွှေစင်ဦး

Anonymous said...

ကိုဏီလင်းညိုရေ... မြင်မြင်ချင်း ၀င်ဖတ်သွားပါတယ်။ ဖတ်ရင်း ပြုံးမိပါတယ်။ ဆက်ရန်ကို မျှော်နေမယ်။ ကျန်းမာရွှင်လန်းပါစေနော်..... ခင်တဲ့ သံယောဇဉ်။

ယွန်း said...

လာဖတ်သွားပါတယ် ကိုဏီးးး... ဆက်ရန်မျှော်နေမယ်... :)

ခင်မင်လျှက်
ယွန်း

ဆွေလေးမွန် said...

ဟားဟား..ကိုဏီး ပေါ်မလာ အတော်ကြာထင်နေတာ..
လက်စသတ်တော့ ကွပ်ပျစ်မှာထိုင်ပြီး
ရေနွေး သောက်နေသကိုး..

Thu said...

ဖတ်ရတာပျော်စရာကြီး။ဒုတိယပိုင်းကိုမျှော်နေပါတယ်အကိုရေ :D

ဆလူး အရူး said...

စာလာဖတ် ကိုဏီရေ ...
ရီလိုက်ရတာ ဖတ်ဖတ်ကို မော လို့
အိအိအိ

ဘုန်းဘုန်းတောက် said...

ဖတ်ရတာ ပျော်ဖို့အတော်ကောင်းတယ် ကိုပြာရေ အဲဟုတ်ဖူး ကိုဏီရေ။ ရေးလည်းရေးတတ်ပါ့ဗျာ...အဆက်ကို မျှော်နေမယ် သိလား။ ပျော်ရွှင်ချမ်းမြေ့ပါစေ...

San Htun said...

ဟား..ဟား...ကိုဏီတယောက် ပျောက်ချက်သား ကောင်းနေတာ...ပေါ်လာတော့လည်း...ဘလော့ဂါတွေ အချင်းချင်း ချစ်စနိုးနဲ့  နောက်ပြောင်တဲ့ ပို့ စ်လေးတွေကို သိပ်သဘောကျတာ..ဆက်ရန် မျှော်နေကြောင်းဗျား...

mstint said...

အရေးအသားကတော့ စိတ်အဟာရကို အားဖြည့်စေတာအမှန်ပဲ မောင်ဏီရေ... မျက်ဝန်းထဲက တဲအိမ်လေးဆီ တစ်ခေါက်တစ်ခါလောက် အရောက်လာခြင်ပေမယ့် ဧည့်ရှောင်မောင်ဏီမို့ ရှက်ရှက်နဲ့ပြန်သွားရမှာစိုးရိမ်နေမိတယ်ကွယ်.... :P
အဆက်လေးဖတ်အုံးမယ် ... :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ပျော်ရွင်စရာ ဘလော့ဂါတို့ရွာပေါ့
အားရင် ဘလော့ဂါအစ်မကြီးတွေနဲ့ တွေ့ချေအုံးဆရား)
ကျုပ်နာမည်လေးလည်း ချဉ်ပြောင်ခြံလို့ပြောင်းရင်ကောင်းမလားလို့း)

မောင်မျိုး said...

တစ်ခုပဲ တအားရယ်ချင်သွားတယ် မလေး ပုံစံကိုပုံဖော်သွားတာ ဟိဟိ ဟိုရယ်တဲ့ ပုံစံ အဟွန်းပါ ပါလိုက်သေးတယ်း)))

Sonata Cantata said...

ကိုဏီတို့ လက်ဝါးစောင်းထက်ချက်တွေ အပိုင်း(၁)..(၂) ဒီနေ့မှ ပေါင်းဖတ်ရတယ်...
နောက်အပိုင်းများမျှော်နေမယ်

An Asian Tour Operator said...

ပျော်စရာကြီးပါလားဗျို့။

သဒ္ဓါ said...

ိုကိုဏီလင်းရေ
ခုမှ ရွာထဲရောက်ရတာကို နားလည်ခွင့်လွှတ်ပေးဖို့ အရင်ဆုံးပြောပါရစေတော့..
ရောက်ရောက်ချင်း ရေနွေးကြမ်း တအိုးကုန်အောင် သောက်သွားလိုက်တယ်..
ရွာကို အမြဲမမေ့မလျော့ ခင်မင်ဆဲ ရွာထဲမှာလဲ နေဖို့ကြိုးစားနေဆဲ ဆိုတာကိုလည်း ပြောပါရစေ..
ချမ်းမြေ့ပါစေ..

ခင်မင်စွာဖြင့်
သဒ္ဓါ

Anonymous said...

ကိုလင်း ရဲ. ဘလော.ရွာလေးကို လာရောက်သွားပါတယ်နော်။
မနော်ဖြူ

ပစ်ပစ် said...

ပစ်ပစ် က ဘယ်နားကနေ ပါလာမလည်း
နောက် အပိုင်းကို
ဆက်ဖတ်လိုက်ဦးမယ်ကိုဏီ