Thursday, May 9, 2013

ဆုံဆည်းကြတဲ့ အခါ...




ကောင်းကင်၏ အနောက်ဘက်ထောင့်ဆီမှ တိမ်မည်းညိုတို့က တရိပ်ရိပ်ဖြင့် နိမ့်ဆင်းလာနေခဲ့ကြတာကို မြင်နေရ၏။ လေပြင်းတွေကလည်း ကျွန်တော့်ပတ်ဝန်းကျင်တစ်ဝိုက်တွင် အဆက်မပြတ်ဆိုသလို ဝေ့ယမ်းတိုက်ခတ်နေခဲ့ကြသည်။ ထို့ကြောင့် သစ်ပင်ကြီးငယ်များသည် လေယူရာနောက် လိုက်ပါရင်း ယိမ်းထိုးလှုပ်ရှားနေခဲ့ကြလေတော့၏။

လူရှင်းတိတ်ဆိတ်သော လမ်းသွယ်လေးထက်တွင် တစ်ယောက်တည်းလျှောက်ရင်း အဝေးဆီမှ ပြေးလာမည့် သူမ၏ခြေသံတစ်စုံကို ကျွန်တော်နားစွင့်နေခဲ့မိသည်။ ရင်ထဲတွင်လည်း မယုံမရဲစိတ်၏ စေ့ဆော်မှုတစ်ခုကြောင့် တထိတ်ထိတ်ဖြင့် တုန်ခါ လှုပ်ရှားလာရသလိုလို။

ဟုတ်သည်။ ဒီတစ်ခါရော သူမ တကယ်လာမှာလား။ အရင်အခါတုန်းကလိုမျိုး အရိပ်အယောင်ပြ၊ မာယာများပြီး ကျွန်တော့်ရပ်ဝန်းငယ်ကနေ တိမ်းရှောင်သွားဦးမှာလား။ သူမ၏အထိအတွေ့၊ ရနံ့နှင့် အသွင်အပြင်လေးတွေကို ခံစားချင်၊ မော်ဖူးချင်ဇောတို့ဖြင့် မျှော်ရင်း မချင့်မရဲဖြစ်ပြီး မောဟိုက်နွမ်းလျစွာ ကျွန်တော်ကျန်ရစ်ခဲ့ရတာ ဘယ်နှစ်ကြိမ်ရှိခဲ့ပြီလဲ။ တစ်ကြိမ်၊ နှစ်ကြိမ်လား...၊ ဟင့်အင်း... အဲ့ဒီထက်တော့ ပိုနေခဲ့လိမ့်ဦးမည်။

တစ်ကိုယ်ရည် အတွေးများဖြင့် ယောက်ယတ်ခတ်ရင်း ကျွန်တော်ဆက်လျှောက်နေဆဲ အနောက်ဘက်ဆီမှ သူမ၏ခြေသံများအား ပီပီပြင်ပြင် ကြားလိုက်ရ၏။ ကျွန်တော့်ရင်ထဲ လှပ်ခ,နဲခါ၏။ နောက်ဆုံးတော့ ကျွန်တော့်ဆီသို့ သူမ တကယ်လာခဲ့လေပြီ။ ရုတ်ချည်းဆိုသလို ကျွန်တော့်ပတ်ဝန်းကျင်တစ်ခိုတွင် သူမ၏ရနံ့များက အေးမြငြိမ်းချမ်းစွာ လွင့်ပျံ့လာခဲ့ကြတာမို့ ဖြစ်၏။

ရင်ထဲတွင် ပျော်နေသော်လည်း မျက်နှာကိုတော့ ကျွန်တော်မှုန်ကုပ်ထားလိုက်မိသည်။ လာပါလေ့စေဦး၊ မျှော်ရင်း မောခဲ့ရတဲ့အဖြစ်တွေအတွက် မင်းကို ငါ နည်းနည်း စိတ်ကောက်ရဦးမယ်။

အနားရောက်လာသော သူမက ကျွန်တော့်ပခုံးကို အသာအယာပုတ်ကာ  တီးတိုးညင်သာစကားဆို၏။

“ကြည့်စမ်းပါဦး၊ မျက်နှာကြီးကလည်း သုန်မှုန်လို့ရယ်။ ဘာလဲ... ကိုယ့်ကို မင်းမကြိုဆိုဘူးလား”

“မကြိုဆိုချင်တာ မဟုတ်ပါဘူး။ မင်းကို ငါမျှော်နေခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ အဲ့ဒါကို အခုမှ မင်းက ရောက်လာတဲ့ဟာ။ ငါ စိတ်ဆိုးချင်တာပေါ့”

“မဆိုးပါနဲ့ကွယ်...၊ ကိုယ်လည်း မင်းဆီလာချင်နေခဲ့တာပါ”

“သွားပါကွာ၊ နောက်ဆုံးကျမှ ငါ့ဆီလာပြီးတော့”

“သြော်... ခုတော့ မင်းက ကိုယ့်ကို နှင်ရက်ပြီပေါ့လေ”

သူမ၏လေသံက ၀မ်းနည်းခြင်းများစွာဖြင့် မှိန်သဲ့သဲ့ဖြစ်သွားတာမို့ ကျွန်တော် နည်းနည်း သနားသွားမိသည်။ ကျွန်တော့်ရဲ့အငုံ့စိတ်ကိုက နာကျင်ဝမ်းနည်းမှုတွေကို ကိုယ်တိုင်မဖန်တီးတတ်ချင်ခဲ့တာ၊ သူတစ်ပါးကိုလည်း မခံစားစေချင်ခဲ့တာ။ ထို့ကြောင့် လေသံပျော့ပျော့ဖြင့်...

“မနှင်ပါဘူး။ ဘယ်သူက မင်းကို နှင်မယ်ပြောလို့လဲ။ ငါမင်းကို ဘယ်လောက်စောင့်စားခဲ့ရသလဲဆိုတာ မင်းအသိဆုံးပါ။ ပြောရမယ်ဆို မင်းလာချိန်မတန်သေးတုန်းက ငါမမျှော်ခဲ့ပါဘူး။ ဒါပေမယ့် မင်းလာချိန်တန်တဲ့အခါမှာတော့ ငါမင်းကို အမှန်တကယ် မျှော်မိခဲ့တယ်။ အဲ့ဒါကို မင်းက သူများတွေဆီအရင်သွားပြီး နောက်ဆုံးကျမှ ငါ့ဆီလာခဲ့တယ်ဆိုတော့ ငါမင်းကို စိတ်မဆိုးသင့်ဘူးလား”

သူမက ကျွန်တော့်မျက်ဝန်းများထဲသို့ နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ သက်ပြင်းလေးကို ဖွဖွချရင်း...

“မင်းဆီကို ကိုယ်အမြဲတမ်းလာချင်ခဲ့တာ မင်းမှ မသိတာပဲ။ မင်းဆီကို လာတဲ့လမ်းမှာ အတားအဆီးအမျိုးမျိုးတွေကို ကိုယ်ဘယ်လိုဖြတ်ကျော်ခဲ့ရသလဲဆိုတာသိရင် မင်း ဒီလိုမျိုး ကိုယ့်ကို စကားနာထိုးမှာမဟုတ်ပါဘူး”

“ငါ စကားနာထိုးတာမဟုတ်ပါဘူး”

“ဒါပေမယ့် မင်းပြောလိုက်တဲ့စကားနဲ့ မင်းရဲ့အမူအယာတွေက အဝေးကနေ အပြေးလာခဲ့တဲ့ ကိုယ့်ကို လဲပြိုကျသွားအောင် ထိုးနှက်လိုက်သလိုပဲလေ။ မင်းသိအောင် ကိုယ်ပြောပြမယ်။ မင်းဆီကိုရောက်ဖို့ ကိုယ်အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မင်းအနားကို ရောက်ခါနီးတိုင်း ကိုယ့်ဆီမှာ ရေငွေ့တွေ၊ လေထုစိုထိုင်းမှုတွေက လုံလောက်အောင်မရှိကြတော့ဘူး။ အဲ့ဒါကြောင့်မို့လို့ မင်းရဲ့နံဘေးကို ကိုယ်ခြေချခွင့် မရခဲ့တာပါကွယ်”

ပြောရင်း သူမ၏လေသံထဲတွင် ရှိုက်ငင်သံသဲ့သဲ့ပါလာတာ ကျွန်တော် သတိထားမိလိုက်တော့ တင်းမထားရက်တော့ပါ။

“ထားပါတော့။ ဘာပဲဖြစ်ဖြစ် ငါ့ဆီကို အခုတစ်ကြိမ်မှာ ရောက်အောင်လာခဲ့တဲ့မင်းကို ကျေးဇူးတင်ပါတယ်။ ငါ့ပတ်ဝန်းကျင်ငယ်လေးက ပူလောင်မှုတွေကို အဆုံးသတ်ပေးခဲ့တဲ့အတွက်ပါ”

“ကိုယ်အခုမှ အမောပြေသွားတော့တယ်”

ပြောရင်း သူမက ကျွန်တော့်ပခုံးကို ခပ်ဖွဖွ မီ၏။ သူမအား ညင်သာယုယစွာ ကျွန်တော်ထွေးပွေ့လိုက်မိတော့ ကြည်နူးချမ်းမြေ့သော ရယ်သံလွင်လွင်လေးက သူမထံမှ လွင့်ပျံ့လာခဲ့သည်။ သူမ၏ ရယ်သံလေးကိုကြားမှ ကျွန်တော်သတိရစွာဖြင့်...

“ပိတောက်ပန်းလေးတွေလည်း ငါ့ဝန်းကျင်မှာ ခုထိ မပွင့်ကြသေးဘူး။ မင်းအလာနောက်ကျလို့လေ။ မနက်တုန်းက ငါလက်ဖက်ရည်ဆိုင်သွားထိုင်တော့ ဆိုင်ရှေ့မှာရှိတဲ့ ပိတောက်ပင်ကြီးပေါ်က ပိတောက်ဖူးလေးတွေ ကြွေနေတာ ငါမြင်ခဲ့ရသေးတယ်”

“စိတ်မပူပါနဲ့၊ နောက်တစ်ခေါက် ကိုယ်ပြန်မရောက်လာခင် သူတို့လေးတွေကို ရွှေဝါရောင် ၀တ်စုံလေးတွေ ဆင်မြန်းပေးခဲ့ပါ့မယ်။ မင်းဟာလေ... အခုမှရောက်လာတဲ့ ကိုယ့်ကို ယုယဖို့အရင်သတိမရဘူး။ သူ့ပိတောက်ပန်းလေးတွေအတွက် အရင် စိတ်ပူနေတာပဲ...၊ ဟင်း”

စိတ်အလိုမကျသံလေးဖြင့် သူမကပြောရင်း နှုတ်ခမ်းလေးအား ဖွဖွကိုက်ကာ ကျွန်တော့်ကို မျက်စောင်းသဲ့သဲ့ထိုး၏။ ကြည်နူးချမ်းမြေ့စွာဖြင့် ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မိသည်။

~~~@~~~

မိုးရေထဲတွင် ထီးမပါပဲ   တစ်ယောက်တည်းပြုံးပြီး လျှောက်သွားနေသော ကျွန်တော့်ကို နံဘေးမှ ဖြတ်သွားဖြတ်လာ လူအချို့က အထူးအဆန်းသဖွယ် ကြည့်သွားကြ၏။ သို့သော် ကျွန်တော် ဂရုမစိုက်နိုင်အားပါ။ အဘယ့်ကြောင့်ဆိုသော် မိုးစက်များ ကျွန်တော့်အနီးသို့ ရောက်လာခဲ့ခြင်းကြောင့်သည်သာ....။        ။

~~~@~~~

--------------------------------------------------------------------------------------------
ခုထိ အပြင်မှာ တကယ်မရွာသေးတဲ့မိုးကို စိတ်ကူးထဲမှာ ရွာခိုင်းလိုက်ခြင်းပါပဲခင်ဗျာ...:D
--------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
ည(၁၁း ၀၈)နာရီ
၀၈၊ ၀၅၊ ၂၀၁၃
ဗုဒ္ဓဟူးနေ့
(ရန်ကုန် -  မြန်မာပြည်)
(ဆုံဆည်းကြတဲ့ အခါ...)



Sunday, April 14, 2013

အတူ... ပျော်...



အလုပ်မှအပြန် ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်း ဆူညံသည့်သီချင်းသံများက ကိုဦးနားထဲသို့ ရောက်ရှိလာခဲ့၏။ အသံလာရာဆီ လှမ်းကြည့်လိုက်မိတော့ ဘတ်စ်ကားမှတ်တိုင်နှင့် မလှမ်းမကမ်း၊ သူတို့နေသော လမ်းထိပ်တည့်တည့်ရှိ မဏ္ဍပ်တစ်ခုဆီမှ ဖြစ်နေ သည်။ ဒီမဏ္ဍပ်ကို လွန်ခဲ့သောနှစ်ရက်ခန့်လောက်က စ,ဆောက်နေခဲ့တာ ကိုဦး တွေ့နေရသည်။ အခုတော့ အပြီးသတ် အလှဆင်ေ နကြဟန်တူ၏။  ဖွင့်ထားသော အနောက်တိုင်းတေးသွားထဲမှ ဘေ့စ်သံ တဒုန်းဒုန်းက ဆောင်းဘောက်စ်ကြီးများမှနေတဆင့် ကိုဦး ရင်ကို လာရောက်ရိုက်ခတ်နေကြသလိုပင်။

လမ်းထိပ်ဆီသို့ လျှောက်ရင်း ဘာရယ်မဟုတ်ပဲနှင့် ကိုဦး ရင်ခုန်ချင်လာသည်။ ဟုတ်သည်။ မနက်ဖြန်ဆို သင်္ကြန်ကျပြီ။ အင်္ကြန် အကြိုနေ့။ ထို့ကြောင့် မနက်ဖြန်မှနေစ,ပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ကိုဦးတို့အလုပ်ပိတ်သည်။ သင်္ကြန်အတွင်း ပျော်ရပေတော့ မည်။ စကားမစပ် ပြောပြရမည်ဆိုလျှင် ကိုဦးအလုပ်က ပရိဘောဂများ ပြုလုပ်ရသော အလုပ်။ ဆိုင်က တာမွေဘက်မှာ ဖြစ်၏။ ထိုဆိုင်မှာ အလုပ်လုပ်ကြသော လက်ခ,စားသမားများထဲမှာ ကိုဦးက လက်သမားခေါင်းဆောင် တစ်ယောက်။ အလုပ်ချိန်က မနက် ကိုးနာရီမှ ညနေ ငါးနာရီအထိ။ သို့သော် သူနေသော ရန်ကုန်မြို့စွန်မှ ဆင်ခြေဖုံးရပ်ကွက်လေးထိပ်သို့ ကိုဦးခြေချမိချိန်ကတော့ အမြဲလိုလို ညနေခြောက် နာရီဝန်းကျင်။

ဒီနေ့တော့ ရပ်ကွက်ထိပ်သို့ ကိုဦးပြန်ရောက်ချိန်က ခါတိုင်းနေ့တွေထက်ပိုပြီး နောက်ကျနေခဲ့ရ၏။ လက်မှနာရီလေးကို ငုံ့ကြည့်မိ လိုက်တော့ ညခုနှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်သာ လိုတော့သည်။ အိမ်မှ ချစ်ဇနီးငြိမ်းကတော့ ခုချိန်လောက်ဆို မျှော်နေလောက်ပြီ ။ နောက်ပြီး အိမ်ရောက်လျှင်ရောက်ချင်း ‘ ဒီနေ့ ဘာဖြစ်လို့ နောက်ကျနေတာလဲ အစ်ကို’ ဟု ဆီးမေးပေလိမ့်ဦးမည်။ ထိုအခါ ကိုဦး တွင် ပြန်ဖြေစရာစကား အဆင်သင့်ရှိပါသည်။

ဟုတ်သည်။ ဒီနေ့ သူအိမ်ပြန်နောက်ကျရတာ အခြားအကြောင်းကြောင့် မဟုတ်ရ။ သူတို့ဇနီးမောင်နှံ၏ ရှားရှားပါးပါး တစ်ဦး တည်းသော သားလေးဖိုးသားအတွက် စတီးရေပြွတ် အသစ်စက်စက်လေးတစ်ချောင်းကို အလုပ်ဆင်းချိန်တွင် သိမ်ကြီးဈေးမှာ သွားဝယ်နေမိသောကြောင့်သာ ဖြစ်ပါသည်။ ဖိုးသားလေးက အခုမှ လေးနှစ်သားအရွယ်လေးသာ ရှိပေမယ့် သင်္ကြန်ဆို သူမတူေ အာင် ပျော်ချင်လှတာ နှစ်တိုင်းပင်။  နှစ်နှစ်သားအရွယ်လောက်မှ စတင်ပြီး သင်္ကြန်ဆို အိမ်ရှေ့မှာ ရေထွက်ပက်ချင်နေပြီ။ မပက်ရ လျှင် အာခေါင်ခြစ်ကာ ငိုမည်။ ထို့ကြောင့် သင်္ကြန် အကြိုနေ့မှစပြီး အတက်နေ့အထိ  ရေဇလားတစ်လုံး၊ ပလတ်စတစ် ရေခွက်တစ် ခွက်၊ ရေပြွတ်တစ်ချောင်းနှင့် တစ်ကိုယ်လုံး ရေတွေစိုရွဲနေသော ဖိုးသားလေးအား ကိုဦးတို့အိမ်ရှေ့တွင် တွေ့နိုင်ပါသည်။ လမ်းထဲရှိ အုန်းလက် မဏ္ဍပ်သေးသေးလေးများမှနေ ဖွင့်ကြသော အနောက်တိုင်းသံစဉ်တေးသွားများအတိုင်း ဖိုးသားလေးက သူ့ခန္ဓာကိုယ်ေ လးအား လှုပ်လီလှုပ်လဲ့ဖြင့် စည်းချက်လိုက်ပြီး ရေကစားရင်း ကတတ်ပါသေး၏။

သားလေးအကြောင်းတွေးရင်း ကိုဦးမျက်နှာက ပြုံးမြမြ ဖြစ်လာရသည်။ ထို့ကြောင့် ပခုံးထက်မှ အလုပ်သွားဖော် ကျောပိုးအိတ် အနွမ်းလေးကိုပြင်လွယ်လိုက်ပြီး အိမ်ဆီသို့ ခပ်သွက်သွက်လေး ခြေလှမ်းပြင်မိ၏။ လက်ထဲရှိ ကျွတ်ကျွတ်အိတ်ထဲမှ စတီးရေပြွတ် အသစ်လေးကို ဖိုးသားလေးအား မြင်စေချင်လှပြီ၊ ပေးချင်လှပြီ။ သင်္ကြန်မကျခင်က တည်းက နေ့စဉ် တဖွဖွပူဆာနေခဲ့သော ဒီရေ ပြွတ်အသစ်လေးအား သူပေးလိုက်လျှင် ပျော်မြူးသွားလိမ့်မည့် သားလေး၏မျက်နှာလေးကိုလည်း ကိုဦးမြင်ချင်လှပါပြီ။

အတွေးနှင့် ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း စောစောက မဏ္ဍပ်ရှေ့မှအဖြတ်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခ,နဲဖြစ်သွားရ၏ ။ ရေတွေ။  ကြောင်တက်တက်နိုင်စွာ မဏ္ဍပ်ဆီသို့ လှမ်းကြည့်မိတော့ တစ်ရပ်ကွက်တည်းနေသော ကိုသန်းမောင်တို့အုပ်စုကို ရေ ပိုက်ကိုယ်စီဖြင့် မဏ္ဍပ်ပေါ်မှာ တွေ့လိုက်ရသည်။ သူတို့က ကိုဦး၏အပေါင်းအသင်း၊ ရောင်းရင်းများဖြစ်ကြ၏။ သို့သော် အထိတ်တ လန့်ဖြင့် ရေလွတ်ရာသို့ပြေးရင်း မဏ္ဍပ်အောက်မှနေ ကိုဦး အော်လိုက်မိသည်။

“ဟေ့လူတွေ၊ ဒါဘာလုပ်ကြတာလဲဗျ...။ သင်္ကြန်က မနက်ဖြန်မှ အကြိုနေ့ဟာကို”

“ဟား...ဟား။ ကျုပ်တို့က ဒီညထဲက ရေပိုက်တွေစမ်းရင်း စ,ကြိုတာ။ ဘာဖြစ်သလဲဗျာ။ ခုမှ သင်္ကြန်ရေကို ကြောက်သလိုလို ဘာလိုလို လုပ်မနေစမ်းပါနဲ့”

“အေးလေ။ ဟေ့လူ ကိုဦး။ ခင်ဗျားနက်ဖြန်ကျရင် မဏ္ဍပ်လာခဲ့ဦး။ ဒီမှာ ကျုပ်တို့တွေရေပက်ရင်း သောက်မယ်၊ စားမယ်၊ ပြီးရင် မူးကြမယ်ဗျာ။ အရင်နှစ်တွေအတိုင်းပေါ့”

မဏ္ဍပ်ပေါ်ကနေ တစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြသော အပေါင်းအသင်းများအား လက်သာပြခဲ့ရင်း ကိုဦး ရှေ့ဆက်ေ လျှာက်ခဲ့၏။ ကြည့်ရတာ ဒီညကတည်းက ရေပိုက်စမ်းရင်း သူတို့တွေ ကောင်းနေကြပြီထင်သည်။ သူ့ ကို လှမ်းပြောကြသော အသံတွေက ပုံမှန်မဟုတ်၊ အာလေး လျှာလေးဖြစ်နေကြတာမို့ပင်။ ဖြစ်နိုင်လျှင် ဒီညတော့ သူမသောက်ချင်သေး။ သားလေးကို ရေ ပြွတ်လေးပေးရင်း ပျော်မြူးသွားမည့် သားလေး၏ပုံရိပ်လေးကို ကိုဦး တစိမ့်စိမ့် ထိုင်ကြည့်နေမိချင်းကြောင့်သာ ဖြစ်ပါသည် ။ နောက်ပြီး ကိုဦးက နေ့စဉ်ပုံမှန်သောက်နေတတ်သော လူတစ်ယောက်မဟုတ်။ သင်္ကြန်အပါအ၀င် ပျော်ပွဲရွှင်ပွဲ နေ့ရက်တချို့တွင် သာ အပျော်အနေဖြင့် သောက်တတ်သူ။

သို့သော် မဏ္ဍပ်ကို ကျောခိုင်းလျှောက်လာရင်း ကြားနေရဆဲဖြစ်သော သီချင်းသံများနှင့်အတူ ရေအနည်းငယ်စိုသွားသော ခန္ဓာ ကိုယ်ကြောင့် ကိုဦးစိတ်တို့ မြူးကြွလာသလိုလို ဖြစ်လာရ၏။ ထိုအခိုက် တန်ခူးညဦးလေပြေက သူ့ကိုယ်ပေါ် ဝေ့ခနဲတိုက်ခတ်လာ ခဲ့ကြတော့ ကိုဦး စိမ့်ခနဲဖြစ်သွားမိ၏။ ထို့ကြောင့် လမ်းမကြီးပေါ်မှနေ အိမ်ရှိရာ လမ်းသွယ်လေးဆီသို့ဖဲ့ဆင်းလျှောက်ရင်း ခြေ လှမ်းတွေကို ခပ်သွက်သွက် လှမ်းနေမိလိုက်သည်။ ခြေလှမ်းကသာ ခပ်သွက်သွက်လှမ်းနေမိသော်လည်း ကိုဦးစိတ်က စောစောက မဏ္ဍပ်ဆီမှာ ကျန်ရစ်ခဲ့ရသလိုပင်။

ဟုတ်သည်။ သင်္ကြန်ကို သူချစ်သည်။ အိမ်ထောင်မကျခင် လူပျိုလူလွတ်အရွယ်တုန်းကဆို သင်္ကြန်ရက်ကုန်မှ အိမ်ပြန်ဖြစ်သည့်အ ထိ ကိုဦး အလည်ကျူး၊ အပျော်ကျူးခဲ့ဖူးသည်။ ဒါက တစ်နှစ်တည်းမဟုတ်၊ နှစ်စဉ်နှစ်တိုင်းဆိုသလိုပင် ဖြစ်ခဲ့၏။ ကားဖြင့်လည်၊ သူငယ်ချင်းတွေနှင့် မဏ္ဍပ်ထိုင်၊ သောက်စား၊ ခုန်ပေါက်က၊ ရေကစားရင်း ည ကျလျှင် ကြုံရာမဏ္ဍပ်၊ သူငယ်ချင်းအိမ်တွေမှာအိပ် လိုက်တာချည်းသာ ဖြစ်သည်။ အိမ်ထောင်သည်ဘ၀ရောက်ခဲ့ရတော့ သင်္ကြန်ဆိုလျှင် လူပျိုဘ၀တုန်းကလောက် မကဲမိတော့သော် လည်း၊ နှစ်စဉ်နှစ်တိုင်း အိမ်တွင် မိန်းမနှင့် ကလေးကိုထားရစ်ခဲ့ပြီး လမ်းထိပ်မဏ္ဍပ်မှာ အပေါင်းအသင်းအသင်းများဖြင့် အတူ တူသောက်ရင်း သင်္ကြန်၏အရသာကို မူးမူးမေ့မေ့ ခံစားတတ်သေးမြဲ။ ကုန်ကုန်ပြောရလျှင် အိမ်မှ ဖိုးသားလေးအမေ၊ ချစ်ဇနီးငြိမ်း သည်ပင် ကိုဦးနှင့် သင်္ကြန်တွင်းမှာတွေ့ပြီး  ဖူးစာစုံ အကြောင်းပါခဲ့တာ ဖြစ်၏။

လွန်ခဲ့သော ခြောက်နှစ်ခန့်က သူငယ်ချင်းတစ်ယောက်အိမ်ရှေ့မှ မဏ္ဍပ်တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ ရေကစားရင်း ကိုဦး ဆေးလိပ်သောက်ချင်လာခဲ့မိ၏။ သူငယ်ချင်းများအား အဖော်ညှိဖို့ရာအတွက်လည်း ခေါ်သံပင် မကြားရလောက်အောင် ဆူညံနေသော သီချင်းသံများအောက်တွင် ခုန်ပေါက်ကခုန်နေကြတာမို့ မဏ္ဍပ်အနောက်ဘက်သို့ သူတစ်ယောက်တည်း ထွက်လာခဲ့ လိုက်သည်။ မဏ္ဍပ်အနောက်ဘက်မှ သူငယ်ချင်း၏ ခြံထောင့်တွင် တစ်ယောက်တည်း အေးအေးဆေးဆေး ဆေးလိပ်ထိုင်သောက် ဖို့ရာ ဂျာကင်အိတ်ထဲမှ ပလတ်စတစ်ဖြင့် သေသေချာချာ အထပ်ထပ်ရစ်ပတ်ထားသော စီးကရက်ဘူးနှင့် မီးခြစ်ကိုထုတ်မိ၏။ သို့သော် လက်က ရေစိုနေတာမို့ မီးခြစ်က တော်တော်နှင့်မတောက်။ ခေါင်းငုံ့ကာ မီးတောက်စေဖို့ သည်းကြီးမည်းကြီး သူကြိုး စားနေဆဲ ရေတွေ ဗွမ်းခ,နဲ သူ့ခေါင်းပေါ်မှနေ ကျဆင်းလာခဲ့၏။ လက်ထဲမှ စီးကရက်လည်း ရေစိုသွားရသလို၊ မီးခြစ်သည် လည်း ရေတွေ ရွဲနစ်သွားရလေတော့သည်။

ဆေးလိပ်အရမ်းသောက်ချင်နေသည့်အချိန်ကျမှ အနောက်ကနေ တိတ်တိတ်ခိုး၍ ရေလာလောင်းတာ ခံလိုက်ရတာမို့ ကိုဦး ဒေါ သဖြစ်စွာ အနောက်ဘက်သို့လှည့်ကြည့်မိတော့...

“သင်္ကြန်ကျလို့ ရေပက်တာ စိတ်မဆိုးရဘူးနော်”

ကိုဦး ဘာပြန်ပြောရမှန်းမသိပဲ နှုတ်ဆွံ့သွားခဲ့ရ၏။ ရေစိုစို အ၀တ်အစားလေးများဖြင့် ပိတောက်ပန်းလေးတစ်ခက်နားမှာ ညှပ်ပန် ထားသော မိန်းမလှလေးတစ်ယောက်က အသံသာသာ အပြုံးမျက်နှာလေးဖြင့် သူ့ကိုကြည့်ရင်း ပြောလိုက်သောကြောင့်ပင်။

ကိုဦး ရင်ခုန်သွားရ၏။ သောက်ထားသော အရှိန်ဖြင့် ရီဝေေ၀နိုင်နေသော ခံစားချက်များလည်း ရင်ခုန်သံများအောက် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားခဲ့ရလေသည်။ ထိုမှစ၍ ကိုဦးနှင့် ငြိမ်းတို့၏ ဇာတ်လမ်းစတင်ခဲ့တာ ဖြစ်သည်။ သင်္ကြန်အပြီး နှစ်လလောက် အကြာတွင် ချစ်သူတွေ ဖြစ်ခဲ့ကြပြီး တစ်နှစ်လောက်နေတော့ လက်ထပ်ဖြစ်ခဲ့ကြလေတော့တာ။ အခုဆိုရင် သားလေးဖိုးသား ပင် လေးနှစ်ပြည့်ခဲ့ပြီ။

~~~@~~~

သင်္ကြန်အကြိုနေ့....။
အိမ်ရှေ့လမ်းမပေါ်တွင် ရေတွေ ရွှဲရွှဲစိုနေခဲ့၏။ ဖိုးသားလေးသည်လည်း ရေဇလားအကြီးကြီးထဲတွင် ပိုက်ကလေးကိုနှစ်လျှက် အသစ်စက်စက်ရေပြွတ်လေးဖြင့် ဖြတ်သွားဖြတ်လာမှန်သမျှကို မလွတ်တမ်း လိုက်ပက်နေခဲ့လေတော့၏။ တစ်ချက်တစ်ချက် လမ်းထဲရှိ အုန်းလက်မဏ္ဍပ်လေးများဆီမှဖွင့်နေသော သီချင်းသံများနှင့်အတူ လှုပ်လီလှုပ်လဲ့ ကနေတတ်သေး၏။ ကိုဦးနှင့် ငြိမ်းတို့က သင်္ကြန်မှာ ဖူးစာဆုံပြီး ပေါင်းဖက်ခဲ့ကြသော စုံတွဲမို့ ဖိုးသားလေးက အခြားကလေးများထက် သင်္ကြန်ကို ပိုပျော်တတ်၊ စွဲလမ်းတတ်နေခဲ့သလားတော့ မပြောတတ်တော့ပါ။

ဒါကို အနောက်မှနေထိုင်ကြည့်ရင်း ဖိုးသားလေး၏အပျော်က ကိုဦးတို့ ဇနီးမောင်နှံထံသို့ ကူးစက်လာသလို ဖြစ်လာရသည်။ နှစ်ဦး သားမျက်နှာမှာ အပြုံးတွေဝေနေမိကြ၏။ သို့သော် သားလေးကိုထိုင်ကြည့်ရင်း ကိုဦး စိတ်ထဲမှာ တစ်စုံတစ်ရာကို စောင့်စားနေမိခဲ့ ၏။ ထိုစဉ် အင်္ကျီအိတ်ကပ်ထဲ ထည့်ထားမိသော ကိုဦး၏ လက်ကိုင် ဖုန်းလေးက မြည်လာသည်။ ကိုဦးစိတ်ထဲ ထိတ်ခ,နဲ ပျော်သွား မိရင်း ဖုန်းလေးကို ထုတ်ကြည့်မိတော့ ခေါ်သူက ကိုသန်းမောင် ဖြစ်နေတာတွေ့ရ၏။ တစ်မနက်လုံး သူစောင့်နေရသော ဖုန်း လာလေပြီ။ အိမ်ကနေ ဒီအတိုင်းထွက် သွားရတာထက် သူငယ်ချင်းတွေခေါ်လို့ ထွက်သွားရတာ ပိုပြီး ကြည့်ကောင်းမည်ဟု ကိုဦးေ တွးထားခဲ့မိတာမို့ပင်။

“ဟဲလို”...

“ဟေ့လူ... ကိုဦး။ လမ်းထိပ်ထွက်ခဲ့တော့လေ။ သောက်ကြမယ်၊ ကဲကြမယ်”

အာလေးလျှာလေးဖြင့် ကိုသန်းမောင်၏ အသံကို ဖုန်းထဲမှနေကြားလိုက်ရ၏။ ဆူညံစွာဖွင့်ထားဟန်တူသော သီချင်းသံကျယ်ကျယ် ကိုလည်း ဖုန်းထဲမှနေ ကြားနေရသေးသည်။ ကိုသန်းမောင်တို့ကိုကြည့်ရတာ မနက် ရှစ်နာရီ လောက်ပဲရှိသေးပေမယ့် ကောင်းနေပြီ လားမသိ။ ကိုဦးစိတ်ထဲ မရိုးမရွ ဖြစ်လာရ၏။ ဖုန်းနားထောင်ရင်း ဘေးသို့ ကိုဦး ငဲ့ကြည့်လိုက်မိတော့ ငြိမ်းက စူးစမ်းသလိုမျိုး သူ့ကို ကြည့်နေတာ တွေ့လိုက်ရသည်။

“ဟေ့လူ... ကိုဦး မကြားဘူးလား။ လမ်းထိပ်ထွက်ခဲ့လို့”

“ဟုတ်ပြီ...ဟုတ်ပြီ။ ကျုပ် ခဏနေ ထွက်လာမယ်”

“ဒါဆို... ကျုပ်တို့ စောင့်နေမယ်နော်...။ ခင်ဗျား မြန်မြန်ထွက်ခဲ့။ အိမ်က အတွယ်အတာတွေကို သင်္ကြန်တွင်းမှာ ခဏခေါက်သိမ်းထားလိုက်စမ်းပါဗျာ”

ပြောပြောဆိုဆိုဖြင့် ကိုသန်းမောင်က ဖုန်းချသွား၏။ ဘေးက ငြိမ်နေသော ငြိမ်းက ကိုဦးကို မေးလာသည်။

“ဘယ်သူဆက်တာလဲ အစ်ကို”

“အော်... ကိုသန်းမောင်တို့ပါ”

ငြိမ်းမျက်နှာလေးက အနည်းငယ်စူပုတ်ပုတ် ဖြစ်သွား၏။

“ဘာလဲ...၊ လမ်းထိပ်မှာ သွားသောက်ဦးမလို့လား”

“မပြောတတ်သေးပါဘူးကွာ”

ရေရေရာရာမရှိသော ကိုဦး၏အဖြေကြောင့်ငြိမ်းက မျက်စောင်းသဲ့သဲ့ထိုး၏။ ထို့ကြောင့် ကိုဦးက ငြိမ်း၏ လက်ဖမိုးလေးကို ခပ်ဖွဖွ တစ်ချက်လှမ်းပုတ်လိုက်ကာ...

“ကိုယ့်ကို မသွားစေချင်ဘူးလား ငြိမ်းရယ်။ ကိုယ်က သင်္ကြန်ဆို ပျော်ချင်တာ ငြိမ်းလည်း သိရဲ့သားနဲ့”

“ငြိမ်းသိပါတယ် အစ်ကိုရယ်။ ဒါပေမယ့် ပြဿနာဖြစ်လာရင် ဘယ့်နှယ့်လုပ်မလဲ။ ကိုယ်က လူပျိုလူလွတ်လည်း မဟုတ်။ တစ်ခုခုဆို သားလေးမျက်နှာငယ်ရမှာ။ နောက်ပြီး အစ်ကိုပြန်မလာမချင်း အိမ်မှာ ငြိမ်းနေရတာ စိတ်မဖြောင့်ဘူး။ စိတ်ပူနေရတယ်။ ပြီးတော့ မနှစ်တုန်းကလည်း”...

ငြိမ်းစကားကြောင့် ကိုဦးငဲ့ကြည့်လိုက်သည်။ သူမမျက်နှာလေးက ခပ်နွမ်းနွမ်းဖြင့်ရှိနေခဲ့၏။ ငြိမ်းပြောသော မနှစ်တုန်းကဆိုတာ သူတို့အုပ်စုသောက်ရင်း ပြဿနာ နည်းနည်းတက်ကြခြင်းသာဖြစ်၏။ ရေပက်ခံလာသော ဂျစ်ကန် ကန်လူတစ်စုနှင့် ဖြစ်ကြခြင်း သာ။ ဘေးနားမှ ၀င်ဆွဲကြသော လူများကြောင့်မို့သာ ပြဿနာအကြီးအကျယ်တော့ မတက်ခဲ့ရ။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ရောက်တိုင်း သင်္ကြန်၏အရသာကို သူခံစားချင်နေမိသေးပါသည်။ ရုတ်တရက် ဆိုသလို လူငယ်ဘ၀မှ သင်္ကြန်ပုံရိပ်တွေက ကိုဦး၏အနားသို့ ရိုးရိုးရိပ်ရိပ် ပျံသန်းလာကြသလိုပင်။ ကိုဦး၏စိတ် တစ်ဝက်က လမ်းထိပ်မှ ကိုသန်းမောင်တို့ထံ ရောက်နေနှင့်ခဲ့မိ၏။

ထိုစဉ် ဖိုးသားလေးက ကိုဦးတို့အနားသို့ ရောက်လာပြီး နှုတ်ခမ်းလေးထော်ရင်း ပြောသည်။

“ဖေကြီး...၊ သားလမ်းထဲမှာ ပက်ရတာ အားမရဘူး။ အပြင်မှာ လျှောက်ပြီး ပက်ချင်တယ်”

“ဟာ... သားကလည်း အပြင်မှာ ဘယ်လိုပက်မလဲ။ ဘယ်က ရေရမလဲသားရဲ့”

ကိုဦးက ပြောတော့ ဖိုးသားလေးက ထွန့်ထွန့်လူးရင်း ကြူကြူပါအောင် အော်ငိုလေတော့သည်။

“ဟီး... လမ်းထဲမှာ ပက်ချင်ဘူး။ အပြင်ကလူတွေကို လိုက်ပက်ချင်တယ်...ဟီး...ဟီး”

“ဟဲ့...သားလေးရယ်။ သင်္ကြန်တွင်းကြီး ငိုရဘူးကွဲ”

ငြိမ်းက ပြာပြာသလဲ ချော့၏။ သို့သော် ဖိုးသားလေးက လက်မခံ။

“ရဘူး...ရဘူး။ အပြင်မှာ ပက်ချင်တယ်...ဟီး ဟီး”

ပြောရင်း ငိုရင်း ဖိုးသားလေးက မြေကြီးပေါ်ထိုင်ချလိုက်ပြီး ထွန့်ထွန့် လူးနေလေတော့၏။ အချစ်ဆုံးသားလေးကို ကြည့်ရင်း ကိုဦး သက်ပြင်းချမိသည်။ ဒီသားလေးသည် သူ့ဗီဇအတိုင်းပါပဲလား...။ သူ့လိုပဲ သင်္ကြန်ကို အရူးအမူး စွဲလမ်းတတ်တာ။

အိတ်ထဲမှ ဖုန်းလေးကိုထုတ်၊ ဖုန်းပါဝါခလုတ်ကို အပြီးပိတ်လိုက်ရင်း ငြိမ်းအား ကိုဦးပြောလိုက်မိသည်။

“ကဲပါ ငြိမ်းရယ်။ ကိုယ်တို့မှာ ဂါလံပုံးလွတ်ကြီးတစ်ခုရှိတယ်မှတ်လား။ အဲ့ဒါသွားယူကွာ။ ပြီးရင် အဲ့ဒီထဲကို ရေ ထည့်ပြီး ကျောပိုး အိတ်အဟောင်းတစ်ခုထဲကိုထည့်။ ကိုယ်လွယ်မယ်။ ပြီးရင် သားကို စက်ဘီးရှေ့ခုံမှာ ထိုင်ခိုင်းပြီး တွေ့သမျှလူကို သူ့ရေပြွတ်လေးနဲ့ လိုက်ပက်လို့ရအောင် ရပ်ကွက်ထဲနဲ့ လမ်းထိပ်ပိုင်းကို  ခဏပတ်ပေးလိုက် ကြတာပေါ့ကွာ။ ငြိမ်းလည်း နောက်ခုံကနေလိုက်ခဲ့။ ကိုယ်တို့မိသားစုလိုက် ဟိုနား ဒီနားလေးလျှောက်ကြည့်ရင်း သင်္ကြန်လည်ကြတာပေါ့ကွာနော့်၊ အိမ်ထောင်ကျပြီးကတည်းက သင်္ကြန်ဆို ငြိမ်းလည်း အပြင်မရောက်တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ”...

ကိုဦးစကားကြောင့် ငြိမ်းမျက်နှာက အပြုံးတွေ ဝေသွားသည်။ နေရာမှ သွက်လက်စွာထပြီး အိမ်နောက်ဘက်သို့ သုတ်သီးသုတ်ပြာ ၀င်သွားလေတော့၏။ ကိုဦးသိပါသည်။ ငြိမ်းလည်း သင်္ကြန်အတွင်းမှာ အပြင်ထွက်ချင်နေမိ မယ်ဆိုတာကို။ အဝေးကြီးမဟုတ် ရင်တောင်မှ ကိုယ့်မြို့နယ်တွင်း ခြေဆန့်ချင်နေခဲ့လေမှာ။

မြေကြီးပေါ်မှ ဖိုးသားလေးအား ကိုဦးကောက်ချီလိုက်ရင်း ရေစိုရွှဲနေခဲ့သော သားလေး၏ကိုယ်ခန္ဓာလေးကို ခပ်ကျစ်ကျစ်လေး ဖက်ထားလိုက်သည်။ ဆန္ဒပြည့်ဝတော့မှာမို့ သားလေးကတော့ အငိုတိတ်သွားလေပြီ။ သို့သော် တစ်ချက်တစ်ချက် ခန္ဓာကိုယ်လေး တုန်တုန်သွားကာ ရှိုက်ချင်တုန်း။ သားလေး၏ အေးစက်စက်နှဖူးပြင်လေးအား ငုံ့နမ်းလိုက်ရင်း ကိုဦးစိတ်တွင်းမှ တွေးလိုက်မိ၏။

ဒီနှစ်သင်္ကြရက်တွေအကုန်လုံး လမ်းထိပ်မဏ္ဍပ်မှ အပေါင်းအသင်းများဆီသို့သွားပြီး ခါတိုင်းနှစ်တွေလိုမျိုး တစ် ကိုယ်ကောင်းဆန် စွာ မူးရူးမနေတော့ပဲ မိသားစုလိုက် စက်ဘီးလေးတစ်စင်းဖြင့်...။      ။

~~~@~~~

--------------------------------------------------------------------------------------------------------------------------------
အွန်လိုင်းမှ စာရေးဖော်ရေးဖက်မိတ်ဆွေများ၊ စာဖတ်သူ သူငယ်ချင်းမောင်နှမများ၊ ဖဘမှ မိတ်ဆွေများအားလုံး သင်္ကြန်တွင်းမှာ အပြစ်ကင်းသော ပျော်ရွှင်မှုများစွာဖြင့် ပျော်မွေ့ရင်း အောင်မြင်ပျော်ရွှင်သော မြန်မာနှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေခင်ဗျာ...။
-------------------------------------------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
၁၄၊ ၀၄၊ ၂၀၁၃။
(တနင်္ဂနွေ- မဟာသင်္ကြန်အကျနေ့)
ည(၁၈း ၅၁)နာရီ
(အတူ... ပျော်)
(ရန်ကုန်- မြန်မာပြည်)






Thursday, April 4, 2013

ချွေးသိပ်ရာ...


ညခုနှစ်နာရီလောက်တွင်ဖြစ်စေ၊ မနက်ရှစ်နာရီလောက်တွင်ဖြစ်စေ ရေမိုးချိုးအ၀တ်အစားလဲပြီး ကျွန်တော် အပြင်ထွက်ဖို့ပြင် တိုင်း မေမေ၊ ဒါမှမဟုတ် ဖေဖေတို့က အသက်သုံးဆယ်ကျော်ခဲ့ပြီဖြစ်သော ကျွန်တော့်အား‘ဘယ်သွားမလို့လဲ’...ဟု မေးလေ့ရှိ ပါသည်။ ကျွန်တော်က....

“လက်ဖက်ရည်ဆိုင်”..ဟုဆိုမိလျှင်တော့ အိမ်ပေါ်မှမဆင်းသေးခင်...

“အိမ်မှာလည်း ကော်ဖီမစ်၊ တီးမစ်တွေရှိရဲ့သားနဲ့...အလကားသက်သက် ငွေကုန်ခံချင်တယ်ကွယ်”
 စသဖြင့် ရေရွတ်မြည်တမ်းတတ်ကြ၏။ သူတို့ပြောလျှင်လည်း လက်ဖက်ရည်ဆိုင်သို့ ကျွန်တော်သွားကို သွားမည်ဖြစ်ကြောင်း သိသိကြီးနှင့်ပင်။

ထိုအခါမျိုးတွင် ကျွန်တော်က ဘာမှပြန်မပြောပဲ ပိုက်ဆံအိတ်ကို ခပ်မြန်မြန်လေးယူပြီး အိမ်ပေါ်မှအမြန်ဆင်းရန်သာ ကြိုးစားမိတတ် ပါသည်။ သို့သော် စိတ်ထဲမှနေပြီး ‘အိမ်မှာသောက်ရတာနဲ့ ဆိုင်မှာသောက်ရတာ မတူ လို့ပါဗျာ’...ဟု ပြန်ပြောမိ၏။
          
ဟုတ်သည်။         
လက်ဖက်ရည်ဆိုင်လေးများကို ကျွန်တော်ချစ်သည်။ ထို့အတူ လက်ဖက်ရည်ဆိုင်လေးများထဲတွင် ထိုင်ရတာကိုလည်း နှစ်သက် သည်။ ထိုဆိုင်များထဲတွင် သောက်ရသော ကော်ဖီမစ်နှင့် လက်ဖက်ရည်များသည်လည်း အိမ်မှာဖျော်သောက်ရတာထက် ပိုကောင်း သည် ထင်မိ၏။ ဘာရယ်ကြောင့်မှန်းတော့မသိ။
                                       
                                      ~~~~~@@@~~~~~
       
ညခုနှစ်နာရီခန့်အချိန်တွင် လက်ဖက်ရည်ဆိုင်လေးအတွင်းသို့ ကျွန်တော်ဝင်သွားမိတော့ မှတ်မိနေခဲ့ပြီဖြစ် သော စားပွဲထိုးချာ တိတ်လေးက ‘ပလိန်းဝမ်း...ဟေ့’...ဟု အဖျော်ကောင်တာဘက်သို့ လှမ်းအော်သည်။ လာ ရောက်သောက်သုံးသောသူ၏အကြိုက် ကို စွဲစွဲမြဲမြဲမှတ်ထားတတ်လေ့ရှိသော သူတို့ကြောင့် တစ်ခါတစ်လေ လက်ဖက်ရည်လေးဘာလေး ပြောင်းသောက်ချင်တာတောင်မှ ကျွန်တော့်မှာ ပြောချိန်မရလိုက်တာမျိုးလည်း ရှိသည်။ သို့သော် ကိုယ့်အကြိုက်ကို ခုံတွင်မထိုင်ရသေးခင်အချိန်မှာပင် သိတတ်စွာ ကြိုတင်ပြီး မှာထားပေး တတ်မှုလေးကိုတော့ ကျွန်တော့်စိတ်ထဲမှာ နှစ်သက်မိသည်။
       
ဆိုင်အတွင်းမှာထိုင်နေကြသော လူတော်တော်များများက အမြင့်တစ်နေရာတွင် တင်ထားသောတီဗွီထဲမှ ရုပ်သံဇာတ်လမ်းတစ်ခု ကို ငေးမောကြည့်ရှုနေခဲ့ကြသည်။ ကျွန်တော့်ဘေးဝိုင်းမှ ဆယ်ကျော်သက်အရွယ်လူငယ် လေးတစ်သိုက်ကတော့ သူတို့ကစား ခဲ့ကြသော ကွန်ပျူတာဂိမ်းတစ်ခုအကြောင်းကို အလုအယက် ပြန်လည် ငြင်းခုန် ပြောဆိုနေခဲ့ကြ၏။
         
ဆိုင်အတွင်းတွင် တီဗွီပြနေသော်လည်း အသံမထုတ်ပါ။ ထို့ကြောင့် ဖွင့်ထားသောသီချင်းသံကို ဆောင်း ဘောက်(စ်)မှကြားနေရ၏။ ရှားရှားပါးပါး ဒီညတွင် ဆရာထီး၏သီချင်းဟောင်းလေးများကို ဖွင့်နေတာမို့ ကျွန်တော်နှစ်သက်စွာ နားထောင်နေမိသည်။

“အပိုတွေကို... မဆိုတတ်ဘူး....သာမန်လူတစ်ယောက်မို့လေ....တကယ်ပါမေရယ် ကိုယ်ကတော့....ချစ်တာ တစ်ခုတည်းသိတယ်”....
         
ဆရာထီး၏အသံမဟုတ်ပါ...။ အသက်လေးဆယ်အရွယ်လောက်ရှိသည့် လူတစ်ဦးထံမှ သီချင်းကို လိုက်ဆို သံသာဖြစ်ပါသည်။ ဆိုက်ကားဆရာဖြစ်ဟန်တူသည်။ ဆိုင်ရှေ့ သရက်ပင်လေးနားတွင် ဆိုက်ကားကိုထိုးရပ် ကာ ဆင်းလာခဲ့တာမို့ဖြစ်၏။ သူ့မှာ ဆိုင်ထဲသို့ မရောက်သေးခင် ဆိုက်ကားပေါ်မှဆင်းကာ ပုဆိုးကိုလက် နှစ်ဖက်ဖြင့် ပေါင်ကြားညှပ်ကာ အတွင်းသို့လျှောက်လာရင်း သီချင်းကိုလိုက်ဆိုနေခဲ့တာဖြစ်သည်။ နောက် နီးစပ်ရာခုံတစ်လုံးကိုဆွဲထိုင်ကာ ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ရင်း သီချင်း နားထောင်ကာ အမောဖြေ နေလေတော့၏။
         
ကျွန်တော့်ရှေ့စားပွဲဝိုင်းခုံတွင် လူလွတ်နေသည်။ ထို့ကြောင့် လမ်းမပေါ်သို့ ဘာရယ်မဟုတ်စွာဖြင့် ကျွန်တော် ငေးနေမိ၏။ ချုပ်ညရီရီအချိန်တစ်ခုတွင် အချို့ကလုပ်ငန်းခွင်မှနေပြီး ပြန်လာကြသည်။ အချို့က လုပ်ငန်းခွင်သို့ဝင်ရန် ထွက်ခွာကြသည်။ အချို့ကတော့ ကိစ္စအမျိုးမျိုးဖြင့် လမ်းမပေါ်တွင်ရွေ့လျားနေခဲ့ကြသည်။
       
သိပ်မကြာလိုက်။ ကျွန်တော့်ရှေ့မှ လွတ်နေခဲ့သောစားပွဲဝိုင်းဆီသို့ လူရွယ်သုံးဦးရောက်လာ၏။ သုံးယောက် စလုံး လွယ်အိတ်ကိုယ် စီနှင့်ဖြစ်သည်။  စားပွဲဝိုင်းတွင်ဝင်ထိုင်ကာ လက်ဖက်ရည်မှာအပြီးတွင် အနည်းငယ် သပ်ရပ်စွာ ၀တ်ဆင်ထားသောလူရွယ်က ကျန်နှစ်ယောက်အား တစ်ထောင်တန်လေးရွက်စီ ထုတ်ပေးတာကို တွေ့ရသည်။ ‘နက်ဖြန်ကျရင် ဆိုက်ထဲကို စောစောလာကြကွ’... ဟုလည်း ပြောသေးသည်။ ဆောက်လုပ် ရေးလုပ်သားများ ဖြစ်မည်ထင်ရ၏။ လက်ဖက်ရည်ဆိုင်လေးထဲ တွင် နေ့တွက်ခကျသင့်ငွေ ကို(သူတို့အခေါ် ဒေးလီးကို) ပေးကြ၊ ယူကြပြီး... အိမ်မပြန်သေးခင် လက်ဖက်ရည်သောက်ရင်း နောက် တစ်နေ့လုပ်ငန်းခွင်အ တွက် တိုင်ပင်ဆွေးနွေးနေကြတော့၏။
       
ထိုအခိုက် နွေဦးညချမ်း၏လေပြေတစ်သုတ်က ဝေ့ခနဲတိုက်ခတ်လာ၏။ အနီးမှ ဗာဒံပင်၊ သရက်ပင်စသည့်အပင်များက လေထဲ တွင်ယိမ်းနွဲ့ကာ ကျွန်တော်ထိုင်နေခဲ့သော ပတ်ဝန်းကျင်တစ်ဝိုက်ကို အေးမြငြိမ်းချမ်းစေပြန် သည်။ ဆရာထီးသီချင်းကိုနားထောင်ရင်း ကော်ဖီမစ်ကို တစ်ငုံသောက်မိဆဲ....
       
“ဟေ့ကောင်...အသေးလေး...လာဦး”...
“ဘာလဲဗျ”....
“မျိုးကြီးဖွင့်ကွာ...၊ မျိုးကြီး”....
“စိုင်းထီးဆိုင်ပြီးမှ ဖွင့်ဖို့ပြောပေးမယ်...၊ အခုနားထောင်ချင်ရင်တော့ ကျွန်တော်ဆိုပြမယ်လေ”.....
 “မင်းကြီးတော်ကြီးပဲ ဆိုပြ..ဟား....ဟား”.....
       
ကျွန်တော့်နောက်ဝိုင်းမှ လူငယ်လေးများနှင့် စားပွဲထိုးကောင်လေး၏ အချီအချပြောသံများကြောင့် တစ် ယောက်တည်း ပြုံးမိရ သည်။ အင်းလေ...သူတို့လည်း သူတို့ခေတ်မှာ သူတို့ကြိုက်တဲ့ သီချင်းတွေနားထောင် ချင်ကြမှာပေါ့ဟုလည်း တွေးမိလိုက်သေး၏။
         
“ရှင်းမယ်ဟေ့”....
“ဟာ...မင်းတို့က သွားတော့မှာလားကွ”...
“သွားရမယ်....၊ အိမ်မှာ မန်မန်းစားရဦးမယ်....၊ စာကျက်ရဦးမယ်....၊ နို့မို့ဆို နှင်ချခံနေရလိမ့်မယ်”....
         
စောစောက ဂိမ်းအကြောင်းပြောနေကြသော ဆယ်ကျော်သက်အရွယ်လူငယ်လေးများဝိုင်းမှအသံများကြောင့် မသိမသာလှည့် ကြည့်ဖြစ်၏။ သူတို့၏စကားလေးများနှင့် အသိစိတ်ဓာတ်လေးများကြောင့်လည်း သဘောကျ စွာကြိတ်ပြုံးမိပြန်သည်။ ဟုတ်သည်၊ လက်ဖက်ရည်ဆိုင်တွင် နေကုန်နေခမ်းထိုင်ကာ ဘာအလုပ်မှမလုပ်ပဲ ယောင်ခြောက်ဆယ်လုပ်နေခဲ့မည်ဆိုလျှင် ဘယ်မိဘကမှ နှစ် သက်ကြည်ဖြူလိမ့်မည်မထင်ပါ။ အရာရာတိုင်း သည် သူ့အတိုင်းအတာနှင့်သူသာ ကောင်းမည်ထင်ပါ၏။
      
“ပလိန်းနှစ်ခွက်က လေးရာ....၊ တစ်ထောင်တန် လေးရာယူမယ်”....
       
စားပွဲထိုးချာတိတ်လေးရဲ့အသံကြောင့် ပိုက်ဆံရှင်းနေဆဲဖြစ်သော ထိုလူငယ်လေးများ၏၀ိုင်းသို့ မသိမသာ လေး လှမ်းကြည့်မိ သည်။ သောက်တာက ကော်ဖီမစ်ပလိန်းနှစ်ခွက်သာဖြစ်သော်လည်း ထိုင်နေကြတာက စုစုပေါင်း ခြောက်ယောက်လောက်ရှိမည် ထင်ရ၏။ ကျွန်တော် ထပ်ပြုံးမိခဲ့ပြန်သည်။ အခြားအကြောင်း ကြောင့်တော့မဟုတ်၊ တစ်ထောင့်ကိုးရာကိုးဆယ့်ရှစ်ခုနှစ် ၀န်းကျင်လောက်တုန်းက ကျွန်တော်တို့၏ဆယ် ကျော်သက်ဘ၀ကို ပြန်လည်သတိရမိသွားသောကြောင့်သာ ဖြစ်သည်။
      
ထိုစဉ်ကလည်း လက်ဖက်ရည်ဆိုင်များတွင် ကျွန်တော်တို့တစ်သိုက် ဒီကောင်လေးများလိုပင် လုပ်ခဲ့ကြဖူးသည်။ သောက်တာက လက်ဖက်ရည်တစ်ခွက်၊ နှစ်ခွက်...၊ ထိုင်တာက လေးငါး၊ ခြောက်ယောက်၊ တစ်ပြုံ တစ်မကြီး...။
     
ထိုင်ရင်း တစ်ယောက်တစ်ပေါက်ပြောကြ၊ ရယ်ကြနှင့်။ ပြီးတော့ ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး လှမ်း အော်တောင်းရင်း အာခြောက်တိုင်း သောက်ခဲ့ကြသည်။ ဆိုင်ရှင်က တစ်ခါမှ ထပ်မပေးနိုင်ဘူးဟု... မပြောခဲ့။ နှင်လည်းမထုတ်ခဲ့ပါ။

                                      ~~~~~@@@~~~~~

        
တကယ်တော့ ပလက်ဖောင်းပေါ်မှာ၊ လမ်းနံဘေးမှ အပင်များအောက်မှာ၊ လမ်းနံဘေးတွင်တဲထိုးကာ ဖွင့် ထားတတ်သော (နေရာတိုင်းလိုလိုတွင် တွေ့မြင်နိုင်သည့်) လက်ဖက်ရည်ဆိုင်လေးများသည် အဆောင်အ ယောင်ကင်းလွန်းပါသည်။ (အဆင့်မြင့်သော စားစရာမျိုးစုံရသည့် လက်ဖက်ရည်ဆိုင်ကြီးများကို မဆိုလိုပါ။)
       
မှန်လုံခန်းမများထဲတွင် စားရသောက်ရသလို မသိမသာရော၊ သိသိသာသာပါ ထိန်းချုပ်စားသောက်စရာလည်းမလို။ လူအချို့ သတ်မှတ်ထားသော အဆင့်အတန်းဆိုသည့် မြင့်ခြင်း၊ နိမ့်ခြင်း သတ်မှတ်ချက်ပေတံ များလည်း သိပ်မရှိ၊ အဆောင်အယောင်နှင့် အသုံးအဆောင်ပစ္စည်းများလည်း တစ်ခမ်းတစ်နား ၀တ်စားပြင် ဆင်စရာမလိုပဲ  သာမာန်လူများအဖို့ ၀င်ရောက်အပန်းဖြေ၊ ခိုနားနိုင်သော နေရာလေးတစ်ခုဟု... ကျွန်တော် တွေးမိ၏။
       
ထိုနေရာလေးများတွင် ရန်ပွဲများလည်းရှိချင်ရှိနေမည်။ ပျော်ရွှင်သော ရယ်မောသံနှင့် စိတ်ညစ်စွာ ညည်းညူ သံလေးများလည်း ရှိကောင်းရှိမည်။ ဖွင့်ထားသောသီချင်းများကို ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် စိတ်ပါလက်ပါ လိုက်ပြီးတော့လည်း ဆိုညည်းနိုင်သည်။ ထို့ပြင် ဘောလုံးပွဲများကိုလည်း ဆူညံကျယ်လောင်စွာ အားပေးနိုင် သေးသည်။ ငြင်းခုန်သံများ၊ ဆွေးနွေးသံများလည်း ရှိနိုင်သည်။ အားပေးနှစ်သိမ့်မှုနှင့် အကြံပေးမှုများလည်း ရှိနိုင်သေး၏။ ဘ၀အမောနှင့် ချွေးစက်များလည်း ရှိချင်ရှိပေလိမ့်ဦးမည်။ သူငယ်ချင်း မိတ်ဆွေများအချင်း ချင်းလည်း အချိန်းအချက်လုပ်ကာ အားမနာစတမ်းထိုင်စောင့်နိုင်သေးသည်။ ရမ္မက်ထ,ချင်စဖွယ် မြှူဆွယ် မှု တွေကတော့ သိပ်မရှိနိုင်ခဲ့။
      
ကျွန်တော်သည်လည်း ထိုလက်ဖက်ရည်ဆိုင်လေးများထဲတွင် ရင်ဖွင့်ခဲ့ဖူးသည်။ စိတ်ဓာတ်ကျဖူးသည်။ ထို့အတူ တက်ကြွခဲ့ဖူး သည်။ နောက်ဆုံး မျှော်လင့်ချက်အိပ်မက်များကိုလည်း မွေးဖွားခဲ့ဖူး၏။
       
ထို့နောက် ဘ၀ပေးအခြေအနေအရ ကျွန်တော်သည် လက်ဖက်ရည်ဆိုင်လေးများနှင့် အဝေးဆုံးနေရာတစ်ခု ဖြစ်သော ပြည်ပနိုင် ငံငယ်လေးတစ်ခုတွင် အချိန်တွေအများကြီးကြာအောင်နေရင်း အလုပ်လုပ်ခဲ့ရသည်။ ထို နေရာတွင် ကျွန်တော်စိတ်ပျက်သည့် မှန်လုံခန်းများနှင့် စားသောက်ဆိုင်များသာ အများဆုံးရှိခဲ့တာမို့  လက် ဖက်ရည်ဆိုင်လေးများကို အဝေးမှနေ လွမ်းခဲ့ရဖူးသည်။
      
အခုတော့ ကျွန်တော် လက်ဖက်ရည်ဆိုင်လေးများထဲတွင် ပြန်ထိုင်ခွင့်ရရှိနေခဲ့လေပြီ။ သို့သော် ဘယ်အချိန် ကာလတွင်ပြန်ပြီး လက်ဖက်ရည်ဆိုင်လေးများနှင့် ဝေးရာအရပ်ဆီသို့ နောက်တစ်ခေါက် ထပ်ရောက်ရဦးမ လဲမပြောတတ်သေးပါ။

                                           ~~~~~@@@~~~~~

       
သာမာန်လူတန်းစားများ၏ချွေးသိပ်ရာ လက်ဖက်ရည်ဆိုင်ကလေးများအား သာမာန်လူတစ်ယောက်ဖြစ် သော ကျွန်တော်နှစ် သက်မိခြင်းမှာ သာမာန်အဖြစ်အပျက်တစ်ခုဟုသာ ဆိုချင်မိပါသည်။        ။

                                          ~~~~~@@@~~~~~


ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
(၀၇၊ ၀၃၊ ၂၀၁၁ - တနင်္လာနေ့)
ည ၁၁း၃၅နာရီ
(ချွေးသိပ်ရာ...)
(ရန်ကုန် - မြန်မာပြည်)

Friday, March 15, 2013

အဘယ့်ကြောင့်...




တစ်ခုသော ညနေခင်း၌ ဏီလင်းညိုဟူ၍ အွန်လိုင်းတွင် မှုန်ဝါးဝါးအမည်ပေါက်သော ကျွန်ုပ်သည် ကော်ဖီ သောက်ရန်အလို့ငှာ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့၏။ လက်ဖက်ရည်ဆိုင်တွင် ကော်ဖီသောက်ရန်အလို့ငှာဟူ၍ ဆိုမိသဖြင့် ကျွန်ုပ်အား ရူးနှမ်းနှမ်းနိုင်သူဟူ၍ မထင်မှတ်စေလိုပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် လက်ဖက်ရည်ကိုမကြိုက်၊ ကော်ဖီကိုသာ အူလှိုက်သည်းလှိုက် စွဲမက်နှစ်ခြိုက်တတ်သူ တစ်ယောက်မို့ပင်တည်း။

ကျွန်ုပ်သည် လမ်းထိပ်မှလက်ဖက်ရည်ဆိုင်သို့ ခေါင်းငိုက်စိုက်ငိုက်စိုက်အနေအထားဖြင့် စောင်းငမ်းစောင်းငမ်းနိုင်လှစွာ လမ်းလျှောက်သွားနေရင်း စိတ်အတွင်း၌ တောင်တောင်အီအီ တွေးနေမိခဲ့၏။ တောင်တောင်အီအီ တွေးရခြင်းမှာ အခြားကြောင့်တော့ မဟုတ်ရ။ တဖြည်းဖြည်းနှင့် များစ,ပြုလာပြီဖြစ်သော ရေးလက်စ, စာများထဲမှ ဘယ်တစ်ပုဒ်အား ဘယ်လိုအပြီးသတ်ရေးရလျှင် ကောင်းလေလိမ့်မည်နည်းဟု စဉ်းစားခန်းဖွင့်နေမိသောကြောင့်ပင်ဖြစ်ပါသည်။ စကားမစပ် ပြောပြရမည်ဆိုလျှင် ကျွန်ုပ်သည် အွန်လိုင်းတွင် အလကားရသောနေရာတစ်ခုဖြစ်သည့် ဂူးဂဲလ်၌ ချောက်တီးချောက် ချက်ဘလော့ဂ်တစ်ခုကို တည်ဆောက်ပြီး ဟိုမရောက် ဒီမရောက်၊ မတောက်တခေါက်၊ ကမြောက်ကခြောက်၊ ကပေါက်တိကေ ပါက်ချာ၊ မဖြစ်ညစ်ကျယ်၊ ဗုံမဟုတ် ပတ်မဟုတ်၊ တောင်စဉ်ရေမရ၊ အရည်မရ အဖတ်မရ စာတိုပေစလေးများ အား ရေးသားနေသူတစ်ယောက်ဖြစ်ကြောင်း ပတ္တမြားမျက်ရှုကဲ့သို့သော စာရှုသူအပေါင်းတို့အား ထပ်လောင်း၍ အသိပေးအပ်ပါ၏။ ထို့ကြောင့် စာဖတ်သူများနည်းပါး၍ လူသူလေးပါးကင်းမဲ့ နေသော ဇရပ်ပျက်တစ်လုံးနှင့်ဆင်တူနေသည့် ဘလော့ဂ်ပေါ်တွင် စာအသစ်တစ်ပုဒ်တင်နိုင်ဖို့ရာ စဉ်းစားခန်းဝင် နေခဲ့ရခြင်းသာတည်း။

ထိုကဲ့သို့သော အကြောင်းပြချက်ဖြင့် စဉ်းစားခန်းဝင်ရင်း ကျွန်ုပ်လမ်းလျှောက်နေစဉ်ခဏ နွေဦး၏လေရူးတို့က ပြင်းထန်စွာ တိုက်ခတ်လာခဲ့၏။ ကျွန်ုပ် ဆောက်တည်ရာ မရဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ပါးလှပ်လှပ် ပိန်ညောင်ညောင် ကျွန်ုပ်၏ခန္ဓာကိုယ်မှာ အပီတန်ကြော်ငြာထဲကလို လေထဲ၌ မျောလွင့်ပါသွားမှာ စိုးရိမ်မိရသော ကြောင့်ပင်ဖြစ်လေ၏။ ထို့ကြောင့် ကြံမိကြံရာဖြင့် အနီးတွင်ရှိသော ဓာတ်တိုင်တစ်တိုင်ကို အားကိုးတကြီးဖြင့် ကျစ်ကျစ်ပါအောင် လှမ်းဖက်ထားလိုက်ရလေတော့၏။

ထိုစဉ် ကျွန်ုပ်၏အနားမှ မိန်းမ၀၀ကြီးနှစ်ယောက် ဖြတ်လျှောက်သွားကြရင်း ဓာတ်တိုင်အားဖက်ထားသော ကျွန်ုပ်၏အကြောင်းပြ ချက်ကိုမသိပဲ မဲ့ကာရွဲ့ကာဖြင့် ကျွန်ုပ်၏အကြောင်းကို ပေါ်တင် အတင်းတုပ်သွားကြလေသည်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ပထမမိန်းမကြီး။        ။ ဟဲ့... ဟိုမှန်ကြောင်ကောင်က ဓာတ်တိုင်ကို ဘာပြုလို့ဖက်ထားရတာတုန်း။

ဒုတိယမိန်းမကြီး။       ။ အိုအေ.... အဲ့ဒီ ပိန်လှီသေးကွေးတဲ့၊ မျက်နှာမှာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့အကောင်ဟာ ကျုပ်တို့နဲ့ နှစ်အိမ်ကျော်လောက်မှာနေတဲ့ ကဗျာရူး၊စာရူး လူပျိုသိုးကောင်ဟဲ့။ ဓာတ်တိုင်ကို ဖက်ထားတာ ဘာအကြောင်းရှိဦးမလဲအေ။ ဒင်းကိုကြိုက်မဲ့သူမရှိတော့ စိတ်ဖောက်ပြန်ပြီး ဓာတ်တိုင်ကို ဖက်ထားတာပဲနေမှာပေါ့။

ပထမမိန်းမကြီး။         ။ ကျွတ်...ကျွတ်...ကျွတ်... သနားစရာပါလားဟယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မယားတရူးနေရတယ်လို့။

မိန်းမကြီးများကား ကျွန်ုပ်အား ဖုတ်လေသည့်ငပိ ရှိတယ်လို့တောင်မထင်ပဲ ထဆင်ထူးလုံးကြီးတင် ထီမထင်သည့်ဟန်ဖြင့် ကျွန်ုပ်၏အကြောင်းအား ဟောင်ဖွာဟောင်ဖွာပြောရင်း အနားမှ ဖြတ်လျှောက်သွားကြလေ၏။ သူတို့ပြောသွားသော စကားများကြောင့် ကျွန်ုပ်မှာ ငိုရမလို၊ ရယ်ရမလိုလို။

“လူအချို့သည် ကိုယ်တိုင် ဂဃဏနမသိသော အကြောင်းအရာများဖြင့် တစ်ဖက်သားနစ်နာစေအောင်၊ ထိခိုက်စေ အောင် အဘယ့်ကြောင့်များ ဇာတ်လမ်းထွင်ပြီး မဟုတ်တမ်းတရား လျှောက်ပြောချင်ရပါသနည်း။ ”

လေအတန်ငယ် ငြိမ်သွားသည့်နောက် ဓာတ်တိုင်ကိုလွှတ်ကာ ကျွန်ုပ်ဆက်လျှောက်ခဲ့၏။ သို့သော် လေကနောက် တစ်ကျော့ ပြန် တိုက်လာနိုင်သေးသည့် အခြေအနေကို ကျွန်ုပ်စဉ်းစား ဆင်ခြင်မိပြန်၏။ ထို့ကြောင့် လမ်းဘေးမှ ခဲကြီးကြီးနှစ်လုံးကို ကုန်းကောက်မိသည်။ ဘာကြောင့်မှတော့ မဟုတ်။ ဒီတစ်ခါလေတိုက်လာလျှင် ဓာတ်တိုင်ဖက်ထားစရာမလိုပဲ လက်ထဲ၌ရှိသော ခဲလုံးများ၏အလေးချိန်အားကိုးဖြင့် လေယူရာလွင့်မသွားစေဖို့ပဲ ဖြစ်လေ၏။

ထိုစဉ် ကျွန်ုပ်၏အနားသို့ လူရွယ်တစ်ယောက်ရောက်လာပြီး ဒေါနှင့်မောနှင့်ပြော၏။

လူရွယ်။     ။ ဒီမှာ... ယောက်ျားချင်း သတ္တိရှိရင် တစ်ပွေချင်းဆွဲမယ်။ ဘာမှ ခဲလုံးကောက်နေစရာမလိုဘူး။

ကျွန်ုပ်။      ။ (ညောင်နာနာသံဖြင့်) ခင်ဗျာ...

လူရွယ်။     ။ ဘာအခုမှ သွေးကြောင်နေတာလဲ။ ခင်ဗျား ကျုပ်လာနေတာကိုမြင်တော့ ခဲကုန်းကောက်တာ ကျုပ်ကို ခဲနဲ့ထုမလို့ မဟုတ်ဘူးလားဗျ...

ကျွန်ုပ်။      ။ (ပျာပျာသလဲ ဟန်ပန်ဖြင့်) မဟုတ်ရပါဘူးဗျာ...

လူရွယ်။      ။ ဒါဆိုလည်းပြီးရော။ အသည်းကောင်းလို့ ပွဲတောင်းရင်တော့ အကဲမစမ်းနဲ့ ပွဲကြမ်းသွားမယ်နားလည်လား။ မသိရင်မှတ်ထား။ ကျုပ်နာမည် ပွကြီး။ လာမဖြီးနဲ့ ဗလာတီးပစ်လိုက်မယ်...

လူရွယ်က ဒေါနှင့်မောနှင့် အထက်ပါအတိုင်း ပြောဆိုပြီးလျှင် ကျွန်ုပ်၏ရှေ့မှ ဆောင့်အောင့်ပြီး ထွက်ခွာသွားလေတော့၏။ ထိုအခါမှ ကျွန်ုပ်မှာ သက်ပြင်းတစ်ချက်ကို ၀ူးခနဲ ချမိ၏။

“လူအချို့သည် ကိုယ်တိုင် ဂဃဏနမသိသော အကြောင်းအရာများဖြင့် တစ်ဖက်သားအား စိတ်အနှောက်အယှက် ဖြစ်စေအောင် အဘယ့်ကြောင့် ဒေါသလှိုင်းထန်နေတတ်ကြရပါသနည်း။”

ထိုအချိန်၌ လေမှာ အမှန်တကယ်ပင် ငြိမ်သက်သွားခဲ့လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း လက်ထဲမှခဲနှစ်လုံးကို လမ်းနံဘေးသို့ ဖုတ်ခနဲပစ်ချပြီလျှင် လက်ဖက်ရည်ဆိုင်သို့ ခပ်သွက်သွက် လျှောက်ခဲ့မိလေတော့၏။

လက်ဖက်ရည်ဆိုင်အရောက်တွင် လွတ်နေသော စားပွဲတစ်ဝိုင်း၌၀င်ထိုင်ပြီး သောက်နေကျ နက်စ်ကော်ဖီပလိန်း တစ်ခွက်မှာမိ၏။ ရေနွေးခွက်နှင့် ကော်ဖီထုတ်ရောက်လာသောအခါ အထုတ်ကိုဖောက်ထည့်ပြီး ကော်ဖီဖျော်၏။ ထို့နောက် အိပ်ကပ်ထဲမှ ဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိပြီး ဆေးပေါ့လိပ်ကြီးတငေါ့ငေါ့ဖြင့် လောကစည်းစိမ်ကို စတင်ခံစားရန် ဟန်ပြင်မိလေ၏။

ထိုစဉ် ကျွန်ုပ်၏၀ိုင်းသို့ အင်မတန်မှ သားနားရည်မွန်သော လူရွယ်တစ်ယောက် ရောက်ရှိလာခဲ့၏။ လည်ပင်း၌လည်း ကင်မရာဟု ခေါ်တွင်ကြသော ဓာတ်ပုံရိုက်စက်ကြီးတစ်လုံးကို ကြိုးဖြင့်သိုင်းကာ လွယ်ထားသေး၏။

လူရွယ်။      ။ ဆရာဏီလင်းညိုပါလား ခင်ဗျာ။

ကျွန်ုပ်။       ။ (ဆရာဟု ခေါ်ခံလိုက်ရတာမို့ မျက်ခုံးမြင့်တက်သွားလျှက်) ဟုတ်ပါတယ်...

လူရွယ်။      ။ ဒါဆို ကျွန်တော့်ကို ထိုင်ခွင့်ပြုပါခင်ဗျာ။ ကျွန်တော် “အဆင်းကိုဘီးတပ်တဲ့ အတင်းစုံဂျာနယ်”ကပါ။ ဆရာနဲ့ အင်တာဗျူးလေးလုပ်ချင်လို့ပါ။ ဒီဆိုင်ကို ညနေတိုင်း ဆရာလာတတ်တယ်ဆိုလို့ စောင့်နေမိတာပါ။

ထိုလူရွယ်သည် ဘယ်သူကမြှောက်ပေးလိုက်သည် မသိ။ ဗုံမဟုတ် ပတ်မဟုတ် ကျွန်ုပ်ကို အင်တာဗျူးလုပ်ရန်ပြင်နေလေပြီ။ ထို့ကြောင့် ပြီးပြီးရောသဘောဖြင့် ကျွန်ုပ်ခေါင်းငြိမ့်ပြလိုက်တော့ လူရွယ်က ကျွန်ုပ်ရှေ့မှ ခုံပုလေး တစ်လုံးတွင် ၀င်ထိုင်၏။ ပြီးနောက်.. သူ၏ ဓာတ်ပုံရိုက်စက်ကြီးအားဖွင့်ကာ...

လူရွယ်။      ။ အင်တာဗျူးမစခင် ဆရာ့ကို ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေ။

ကျွန်ုပ်။        ။ ရိုက်ပါ...ရိုက်ပါ။

ပြောပြီးသကာလ မိရိုးဖလာအတိုင်း လက်နှစ်ချောင်းထောင်ကာ ကျွန်ုပ်ဓာတ်ပုံရိုက်ခံလိုက်လေ၏။ ဓာတ်ပုံရိုက်ခြင်းအမှု ပြီးစီးသောအခါ လူရွယ်က ၎င်း၏အသံဖမ်းစက်လေးအားထုတ်ပြီး ကျွန်ုပ်၏နှုတ်ဖျား၌တေ့ကာ ကျွန်ုပ်အား အောက်ပါအတိုင်း စတင်မေးမြန်းလေတော့၏။

လူရွယ်။        ။ စောစောက ဓာတ်ပုံရိုက်တော့ ဆရာ လက်နှစ်ချောင်းထောင်တယ်။ တော်တော်များများလည်း ဓာတ်ပုံရိုက်တိုင်း လက်နှစ်ချောင်းထောင်ကြပါတယ်။ အဲ့ဒါ ဘာဖြစ်လို့ပါလဲ ဆရာ။

ကျွန်ုပ်။          ။ သူများတွေတော့မသိဘူး။ ကျုပ်ကတော့ ကျုပ်မှာ ပလိန်းတစ်ခွက်စာ နှစ်ရာပဲပါတယ်လို့ ခင်ဗျားကို အသံတိတ်ပြောလိုက်တာပါ။ ရှင်းရှင်းပြောရရင် ခင်ဗျားကို လက်ဖက်ရည်တိုက်ဖို့ ကျုပ်မှာ ပိုက်ဆံအပိုပါမလာ ဘူးဆိုတဲ့ သဘောပါပဲ။

လူရွယ်။        ။ သြော်...ဟုတ်ပါပြီ။ မှတ်သားထားလိုက်ပါ့မယ်ဆရာ။ ဒါနဲ့ ဆရာ ဘယ်အချိန်က စာစ,ရေးဖြစ်တာပါလဲ။

ကျွန်ုပ်။         ။ ပြောရမယ်ဆိုရင်တော့ နည်းနည်းရှည်မယ်။ ဒါကြောင့် အတိုချုပ်ပြီးတော့ပဲ ပြောလိုက်တော့မယ်။ ကျုပ်စာစ,ရေးတာက ငါးနှစ်သားအရွယ် သူငယ်တန်းတက်တုန်းကတည်းကပါ။ လေးကြောင်းမျဉ်းစာအုပ်ထဲမှာ ၀လုံးလေးတွေ ညီညာအောင်ရေးရင်း စခဲ့တာပေါ့။

လူရွယ်။        ။ (အံ့သြဟန်ဖြင့်) သြော်... စာရေးသက် တော်တော်ကြာခဲ့ပြီပဲနော်။

ကျွန်ုပ်။         ။ (မိန့်မိန့်ကြီးပြုံးလျှက်) ဟုတ်ပါတယ်။

လူရွယ်။        ။ ဒါနဲ့ဆရာ...၊ ဆရာစာရေးရင် ဘယ်လိုရေးပါသလဲ။

ကျွန်ုပ်။        ။ ဒါလည်း ပြောရင်ရှည်နေမှာစိုးလို့ အတိုချုံးပြီးတော့ပဲ ပြောပါတော့မယ်။ သူငယ်တန်းကနေ လေးတန်းအထိက ဗလာစာအုပ်ထဲမှာခဲတံနဲ့ရေးတယ်။ လေးတန်းကနေ ဆယ်တန်းနှစ်ခါကျတဲ့အထိ၊ ပြီးတော့ အခုချိန် ထိကြုံရင်ကြုံသလို ဘောပင်နဲ့ရေးတယ်။ ကွန်ပျူတာလေးတစ်လုံး အောက်ဈေးနဲ့ရလို့ဝယ်နိုင်တော့ ကွန်ပျူတာနဲ့ ရေးပါတယ်။

လူရွယ်။       ။ မှတ်သားစရာပါပဲဆရာ။ တော်တော်နည်းပညာတွေ စုံခဲ့တာပဲ။ လေးစားမိပါတယ်ဆရာ။ နောက် ထပ်မေးချင်သေးတာက ဆရာက အွန်လိုင်းမှာ စာရေးတယ်ဆိုတော့ အွန်လိုင်းကို ဘယ်လိုသဘောထားပါသလဲ။

ကျွန်ုပ်။        ။ (မေးစေ့ကိုပွတ်ကာ ဟန်လုပ်ရင်း) အင်း... ပြောရမယ်ဆိုရင်တော့ နည်းနည်းနက်နဲမယ်ဗျ။ အွန်လိုင်းဆိုတာ အင်တာနက်လိုင်းကို အွန်ထားမှ လိုင်းရတတ်တာမို့ အွန်လိုင်းဖြစ်တယ်လို့ သဘောရတာပါပဲ။

လူရွယ်။     ။ ဂန္ထ၀င်တွင်လောက်တဲ့ အဖြေစကားပါပဲလားဆရာရယ်။ ဒါ့ထက်...ဆရာက ဘလော့ဂ်ရေးတဲ့ ဘလောဂါဆိုတော့ ဘလောဂါဆိုတာ ဘာလဲဆိုတာ ပရိတ်သတ်ကြီး သိသွားအောင် နည်းနည်းရှင်းပြပေးပါဦးဆရာ

ကျွန်ုပ်။       ။ ခမ်းနားကြီးကျယ်တဲ့ စကားလုံးတွေနဲ့ဖြေရမယ်ဆိုရင်တော့ ဘလော့ဂါဆိုတာ ဗလာဂေါ်ပါပဲ...

လူရွယ်။      ။ တော်လိုက်တာ ဆရာရယ်။ မှတ်သားထိုက်ပါတယ်။ ဒါ့ထက် အွန်လိုင်းနဲ့ ပုံနှိပ်မီဒီယာဆိုပြီး ကွဲပြားနေကြတဲ့ အမြင်တွေပေါ်မှာ ဆရာ့ရဲ့ သုံးသပ်ချက်လေးကိုလည်း သိချင်မိပါတယ်။

ကျွန်ုပ်။        ။ (မျက်မှောင်ကိုကုပ်၊ လေးနက်သည့်အသွင်ကိုဆောင်ပြီးသကာလ) ကွဲပြားတာကတော့ အတော်လေးကို ကွဲပြားတာဗျ။ အွန်လိုင်းမီဒီယာစာဆိုတာ ကွန်ပျူတာနဲ့၊ ဖုန်းနဲ့ဖတ်ရပြီးတော့ ပုံနှိပ်မီဒီယာကစာတွေကို စာအုပ်နဲ့ ဖတ်ရတာမျိုးလေ။ ပြီးတော့ အွန်လိုင်းစာက မြားကလေးကို အောက်ဆွဲချပြီး ဖတ်ရတယ်။ ပုံနှိပ်စာက စာရွက်တွေ တစ်ရွက်ချင်းစီလှန်ဖတ်ရတယ်။ အဲ...တစ်ခါတစ်လေ စာရွက်အချင်းချင်း ကပ်နေရင် လက်ညှိုးကို တံတွေးဆွတ်ပြီး လှန်ဖတ်ရတာပေါ့။

လူရွယ်။        ။ ဗဟုသုတဖြစ်စရာမို့ လေးလေးစားစား မှတ်သားမိပါတယ်ဆရာ။ ဒါ့ထက် ဆရာ ဖေ့စ်ဘွတ်ခ်သုံးလားဆရာ။

ကျွန်ုပ်။          ။ သုံးပါတယ်။

လူရွယ်။        ။ ဖေ့စ်ဘွတ်ခ်သုံးတာ ဘယ်လိုအကျိုးအမြတ်ရှိပါသလဲဆရာ။ လူငယ်တွေသိအောင် အသေးစိတ် ရှင်းပြပေးဖို့ တောင်းဆိုပါတယ်။

ကျွန်ုပ်။          ။ ဖေ့စ်ဘွတ်ခ်သုံးရတဲ့အတွက် အကျိုးကတော့ အင်တာနက်သုံးရင် ဖုန်းနဲ့ဆို တစ်နာရီတစ်ရာ့နှစ်ဆယ်။ အင်တာနက်ဆိုင်မှာဆို တစ်နာရီ လေးရာ ပေးရတာပါပဲ။ အဲ... အမြတ်ကျတော့ “နင့်ကိုမလွမ်းချင်လို့ ငါ သေရင်တောင် အမျှမဝေပါနဲ့”...ဆိုတဲ့ ရင်ကွဲမှောက်ရက်လမ်းဆုံရဲ့ မှတ်သားဖွယ်ရာစာသားတွေ။ မသောက်ချင်ပဲ သောက်နေရတဲ့ ကြက်စွပ်ပြုတ်စာသားတွေ၊ ဆဲနည်းဆိုနည်း သင်တန်းကို အခမဲ့စာပေးစာယူစံနစ်နဲ့ တက် ရောက်နိုင်ခြင်းတွေ၊ ဓာတ်ပုံရိုက်ရင် အိုက်တင်ပေးနည်းတွေ၊ လူအချင်းချင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်တတ်ခြင်းတွေ၊ ကမ်းကုန်အောင် ပုတ်ခတ်တတ်လာခြင်းတွေ၊ မဟုတ်မမှန်သတင်းတွေကို အဟုတ်ထင်လာ အောင် ခပ်တည်တည်နဲ့ ဖြီးတတ်လာခြင်းတွေ... စတာတွေပါပဲ။

လူရွယ်။        ။ ဟုတ်ပါပြီဆရာ။ ကျေးဇူးတင်ပါတယ်။ ဒီနေ့မေးချင်သလောက်လည်း ပြည့်စုံသွားပါပြီ။ ဒါပေမယ့် စကားဝိုင်းလေး အပြီးမသတ်သေးခင် ဆရာလက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးရှိရင် တစ်ခုလောက် ပြောပြပါလား ဆရာ။

ကျွန်ုပ်။       ။ “ကိုယ့်ဂုဏ် ကိုယ်ဖော်...၊ မသာပေါ်”အဲ့လေမှားလို့။ “ကိုယ့်ဂုဏ်ကိုယ်ဖော်... ကမ္ဘာကျော်”...တဲ့။

လူရွယ်။       ။ (ခေါင်းကုပ်ပြီး ဇဝေဇ၀ါဟန်ဖြင့်) ကိုယ့်ဂုဏ်ကိုယ်ဖော်... မသူတော် မဟုတ်ဘူးလားဆရာရယ်...

ကျွန်ုပ်။       ။ ခေတ်ပြောင်းသွားပြီလေ... ခုခေတ်က “ကိုယ့်ဂုဏ် ကိုယ်ဖော်...၊ ကမ္ဘာကျော်”...ပဲ။

လူရွယ်။       ။ ဟုတ်ပါပြီဆရာရယ်။ မှတ်သားထိုက်ပါတယ်။ ကိုင်း... ကျွန်တော့်ကို ခွင့်ပြုပါဦး။ ဒီတစ်ပတ်ထွက်မဲ့ဂျာနယ်ထဲမှာ ဆရာ့ရဲ့အင်တာဗျူးကို တစ်ခမ်းတစ်နားနဲ့ကို ဝေေ၀ဆာဆာဖော်ပြပေးမှာပါ။ သွားလိုက်ပါဦးမယ်ခင်ဗျာ။

ပြောပြောဆိုဆိုဖြင့် ထိုလူရွယ်လေးမှာ ကျွန်ုပ်ရှေ့မှနေ သုတ်သီးသုတ်ပြာဖြင့် ထွက်ခွာသွားလေတော့၏။ ထိုအခါမှ ကျွန်ုပ်လည်း ချုပ်တည်းထားမိသမျှ ပွင့်အန်ကာ ခွက်ထိုးခွက်လန် ရယ်မိတော့သည်။

အမှန်တော့ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်သို့ လာရာလမ်းတစ်လျှောက်၌ ကြုံတွေခဲ့ရသော အဖြစ်အပျက်နှစ်ခုအတွက် စိတ်အဆာမကြေဖြစ်နေခဲ့စဉ် ရှုတ်ရှုတ်ရှက်ရှက်လာပြီး အင်တာဗျူးခံရတာမို့ စိတ်ပေါက်ပေါက်ဖြင့် တလွဲတွေချည်း သာ လျှောက်ဖြေခဲ့ခြင်းဖြစ်၏။ ထိုကဲ့သို့ ကျွန်ုပ်၏မဟုတ်မဟတ်စကားများကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် (လေးလေးစားစား) ဒိုင်ခံထောက်ခံသွားရုံမျှမကသေးပဲ ၎င်းတို့၏ဂျာနယ်၌ပင် တစ်ခမ်းတနားဖော်ပြဦးမည်ဆို၍ ရယ်မိခြင်းသည်သာတည်း။

“လူအချို့သည် မဟုတ်မမှန်သော စကားများအပေါ် အဘယ့်ကြောင့် ယုံကြည်သက်ဝင်လွယ်တတ်လွန်းကြပါသ နည်း။”

~~~~~@~~~~~

စားပွဲပေါ်မှ အေးစက်နေပြီဖြစ်သောကော်ဖီကို ကျွန်ုပ်တစ်ငုံသောက်လိုက်မိသည်။ ကော်ဖီ၏အရသာက ကျွန်ုပ်၏လျှာဖျားတွင် ခါးသက်သက်နိုင်လေစွ။ သို့သော် ကျွန်ုပ် နှစ်ခြိုက်မိ၏။         ။

----------------------------------------------------------------------------------------------------------------------------
မရည်ရွယ်ပဲ ရေးဖြစ်သွားတဲ့ သရော်စာလေးပါ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိကြောင်း ပြောပါရစေ ခင်ဗျာ။
----------------------------------------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
၁၆၊ ၀၃၊ ၂၀၁၃
နံနက်(၀၁း ၀၈) နာရီ
စနေနေ့
(ရန်ကုန်- မြန်မာပြည်)
(အဘယ့်ကြောင့်...)

Wednesday, March 13, 2013

ကိုယ်စီရွေးချယ်ရာ...“လမ်း”....



လစာထုတ်ပြီးကာစ တနင်္ဂနွေတစ်ရက်တွင်ဖြစ်ပါသည်။ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မနက်အစော ကြီးထပြီး ကျွန်တော်တစ်ယောက်တည်း အေးချမ်းစွာဖြင့် စာရေးနေမိခဲ့ပါသည်။ အိပ်ခန်းထဲတွင် မရေးချင် တာမို့ ဧည့်ခန်းသို့ ထွက်ကာ ရေးနေမိသည်။ ဘာရယ်ကြောင့်မှတော့မဟုတ်...။ အိပ်ခန်းထဲမှ အတူနေသော ကျန်သည့် ညီလေးနှစ်ယောက်ရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်မှာစိုးလို့ပင်...။

ပိတ်ရက်မို့ တစ်အိမ်လုံးအိပ်နေကြတာ အတုန်းအရုံး....။ မနက် ဆယ်နာရီမထိုးပဲနှင့် တစ်ယောက် တစ်လေမှ အိပ်ခန်းအပြင်သို့ ထွက်လာတတ်ရိုးထုံးစံ လုံးဝမရှိကြပါ။ (ညဥ့်နက်သန်းခေါင်အထိ နေတတ်၊ ရုပ်ရှင်ကြည့်နေတတ်တာလေးတွေကြောင့်ပဲ ဖြစ်ပါသည်။) သို့သော် ကျွန်တော့်အတွက် ပိုတောင်ကောင်း သေးပါသည်။ တစ်ဦးထဲ အေးအေးဆေးဆေး စာရေးလို့ရတာကြောင့်ပဲဖြစ်၏။

နံနက် ဆယ်နာရီကျော်တော့ သူတို့တွေ အလျှိုအလျှိုအခန်းအပြင်သို့ ထွက်လာကြလေတော့၏။ နောက်ေ တာ့ ရေချိုးကြ၊ အ၀တ်သစ်တွေထုတ်ဝတ်ကြ၊ ပြင်ကြဆင်ကြနှင့် ကျွန်တော့်မျက်စေ့ရှေ့တွင် သူတို့ ရှုပ်ရှက်ခတ်နေခဲ့ကြတာကို စိန်ပြေနပြေ ထိုင်ကြည့်နေခဲ့မိသည်။ ဒါက ပြည်ပတွင် အလုပ်လုပ်နေခဲ့ရသော ကျွန်တော့်အတွက် နှစ်ရှည်လများ မြင်တွေ့နေခဲ့ရသော မြင် ကွင်းလေးမို့ သိပ်ပြီးတော့လည်း မထူးဆန်းလှပါ။ လစာထုတ်ပြီးကာ စ အခုလို တနင်္ဂနွေရက်မျိုးများတွင် မြန်မာပြည်မှ မိသားစုများအတွက် (ဒီနိုင်ငံမှာရှိသည့်) မြန်မာဆိုင်များမှနေ ပြီးငွေသွားလွှဲကြဖို့၊ နောက် ရှော့ပင်း(န်)ထွက်ကြဖို့၊ လိုအပ်သည် များကို ၀ယ်ခြမ်းကြဖို့၊ ချစ်သူများနှင့်လျှောက် လည်ကြဖို့... စသည့် အကြောင်းလေးတွေနှင့် သူတို့တွေ အခု လိုပြင်တတ်၊ ဆင်တတ်ကြမြဲမို့ပင်။ နောက်ပြီး ခုလို သူတို့တွေအပြင်သွားကြလျှင် အိမ်မှာ ကျွန်တော်တစ် ယောက်ထဲ အေးအေးဆေးဆေးနှင့် စာရေးလို့ရပြီ မဟုတ်ပါလား...။

သို့သော် ကျွန်တော့်အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲချော်သွားခဲ့ရလေတော့သည်။ အ ကြောင်း မှာဒီလိုပင်...။ အားအားရှိ ကွန်ပျူတာအဖုံးလေးကိုဖွင့်ပြီး အခုလို မတောက်တစ်ခေါက် စာလေး တွေကို ကုပ် ချောင်းချောင်းဖြင့် တစ်ကုပ်ကုပ်ရေးကာ အလုပ်ရှုပ်နေတတ်သော ကျွန်တော့်ကို ညီလေး သုံယောက်ကသူတို့ နှင့်အတူတူ မြန်မာဆိုင်သို့ လိုက်ခဲ့ရန်ခေါ်သောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်တော်က “မလိုက်ချင်”... ဟု ငြင်း တော့ သူတို့ကတစ်ယောက်တစ်ပေါက်ဖြင့်....

“အစ်ကိုကြီးကလည်းဗျာ... တစ်ခါတစ်လေဟာကိုများ”....

“အေးလေ .... လိုက်ခဲ့ပါ...အစ်ကိုကြီးရာ...စာကနောက်မှရေးပါဗျ”....

“အိမ်ထဲမှာချည်း အမြဲတမ်းနေနေရတာ မပျင်းဘူလား”....

စသဖြင့်ဝိုင်းပြောကြတာ စူပုတ်ပုတ်မျက်နှာပေးလေးများနှင့်..။ ထို့ကြောင့် “အေး...အေး..ဒါဆို ခဏ စောင့်ကြကွာ”...ဟုပြောရင်း ကျွန်တော် အမြန်ဆုံးနည်းဖြင့် ရေချိုး၊ အ၀တ်အစားလဲကာ သူတို့နှင့်အတူ သူ တို့ခေါ်ရာ မြန်မာဆိုင်သို့ တစ်ရွတ်ဆွဲကာ လိုက်ပါသွားခဲ့ရလေတော့၏။

++++++++++

ကျွန်တော်တို့ မြန်မာဆိုင်ကိုရောက်သွားသည့် အချိန်ကနေ့တစ်နေ့ရဲ့ အရွယ်ရောက်နေခဲ့ပြီဖြစ် သောအချိန်..။ နေ့လယ် ဆယ့်နှစ်နာရီဝန်းကျင်...။ ဆိုင်ထဲတွင် ထိုင်စရာနေရာလွတ် မရှိသလောက်ပင် လူ များက အပြည့်အလျှံပင်။ ညီလေးသုံးယောက်နောက်ကနေ ကုပ်ချောင်းချောင်းဖြင့် ကပ်လျှောက်ရင်း ထိုင်စရာ နေရာလွတ်ကို မနည်းရှာယူရ၏။ ချောင်ကျကျ နေရာကစားပွဲလေးတစ်ခုတွင် ကံကောင်းထောက်မစွာ ကျွန်တော်တို့နေရာရ၏။

အားလုံးထိုင်လိုက်ကြပြီးနောက် ညီလေးများက ဘီယာသောက်ချင်သည်ဆိုတာကြောင့် တိုက်ဂါးဘီယာ လေးဘူး မှာ၏။ ကျွန်တော်က စားစရာအဖြစ် ၀က်ခေါင်းသုတ်နှင့် လဖ္ဘက်သုတ်ကို မှာလိုက်သည်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အစားအစာများဖြစ်၏။ နောက်ပြီး အဲ့ဒီလိုအသုတ်များက အိမ်တွင် တစ်ကူးတစ်က သုတ်စားဖို့ သိပ်မလွယ်တာကြောင့်လည်းပါသည်။

 စားစရာ၊ သောက်စရာများရောက်လာတော့ ကျွန်တော်တို့ရဲ့ ဘီယာဝိုင်းက စတင်လေတော့၏။ အများကြီး မသောက်ကြဖို့ ကျွန်တော်ပြောမိသည်။ လစာထုတ်ပြီးကာစရက်၊ နောက်ပြီး တစ်ခါတစ်လေမို့ပင်...။ (အမြဲတမ်းတော့ ကျွန်တော်တို့ မသောက်နိုင်ကြပါ။) ကျွန်တော့်ကိုခေါ်လာသော ညီလေးသုံးယောက်မှာ ထိုမြန်မာဆိုင် သို့ ခဏခဏရောက်တတ်တာကြောင့် သူတို့ပုံစံတွေက အေးရာအေးကြောင်း....။ သို့သော် ထိုနေရာမျိုးများ ကို သိပ်မရောက်ဖြစ်သောကျွန်တော့်အတွက်တော့ ဟိုငေး ဒီငေးဖြင့်...။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော် ဆိုသည့် ငနဲသားမှာ အပြင်ထွက်ရတာကို သိပ်ပြီးဝါသနာမပါလှတာ လည်းပါသည် ။ နောက် အပြင်ထွက်လျှင်လည်း ပဲများချင်တာကြောင့် အ၀တ်သစ်များကိုထုတ်ဝတ်ရတာ၊ ပြန်လာခဲ့ပြီးလျှင် လည်း ထိုအ၀တ်များကိုပြန် လျှော်ရ၊ ပြန်သိမ်းရနှင့် အလုပ်ရှုပ်တတ်တာတွေကို စိတ်ကုန်လွန်းလို့သာဖြစ် သည်။ ကုန်ကုန်ပြောရလျှင် မြန်မာပြည်သို့ ငွေလွှဲ သည့်ကိစ္စများကိုပင် အတူနေသည့် ညီလေးများနှင့် ကြုံရင်ကြုံသလို လွှဲခိုင်းတတ်တာဖြစ်ပါ သည်။ တစ်ခါတစ်ရံ ကျွန်တော်ရှော့ပင်း(န်)ထွက်တတ်သည့်နေရာ များကလည်း ဒီနိုင်ငံမှလူမျိုးများဖွင့်ထားတဲ့ ရှော့ပင်း(န်)စင်တာ၊ မော(လ်) စသည့် နေရာများဆီသို့သာ။

ထို့ကြောင့် ကျွန်တော့်အတွက် ထိုဆိုင်ထဲတွင်မြင်မြင်ကရာသည် အသစ်အဆန်းလိုဖြစ်နေခဲ့ရတာ အမှန် ပင်..။

++++++++++

ငါးထပ်မျှမြင့်သည့် အဆောက်အဦးကြီးတစ်ခုရဲ့ တတိယအထပ်တွင်ဖွင့်ထားသော (ကျွန်တော် ရောက် ရှိနေခဲ့ သည့်) ထိုမြန်မာဆိုင်လေးထဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး နှင့် အာဇာနည်တို့၏ စူးရှပေါက်ကွဲသော သီချင်းသံများက ဖွင့်ထားသော ပြတင်းပေါက်တစ်ချို့မှနေပြီး အပြင်ဘက်တွင် လင်းဖျာနေခဲ့သော နေ ရောင်ခြည်ထဲသို့ ပူ လောင်စွာ ဖိတ်စင် အန်ထွက် နေလေခဲ့သယောင် ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာထိုင်နေကြတာ မှန်ပေမယ့် အချင်းချင်းစကားပြောနေကြတာ ဘာ့ကြောင့် အော်ပြောနေခဲ့ကြတာ လည်း...ဟု အူတိအူကြောင် ကျွန်တော်တွေးမိသည်။ လှမ်းမြင်နေရသော အမြင့်တစ်နေရာဆီမှ တီဗွီတွင် ပြသထားနေသော နိုင်ငံခြားဘောလုံးပွဲစဉ်ထဲက ကစားသမားများက အကြိတ်အနယ်ကစားနေကြသည်။ ထိုတိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အရာအားလုံးသည် ဆူညံလှုပ်ရှားစွာ ရုန်းကြွလျှက်...။

ကြည့်မိလေရာ စားပွဲခုံတိုင်းလိုလိုပေါ်တွင် မြင်တွေ့နေခဲ့ရသော ဘီယာဘူးအခွံများမှာ တောင်ပုံယာပုံ၊ အလကားပေးနေသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်သွားနိုင်စရာ အကြောင်းရှိသည်။ မျက်လုံးတစ်ချက်ဝေ့၍ပတ် ၀န်းကျင်ရှိစားပွဲများဆီသို့ အကြည့်တစ်ချက်ကစားလိုက်တိုင်း တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဘီ ယာဘူးကို လက်မှကိုင်ပြီးမော့နေတာကို တွေ့ရတတ်၏။ ထိုကဲ့သို့ မြင်လိုက်ရတိုင်း မဆီမဆိုင် ကျွန်တော့်ရဲ့ ခေါင်းထဲကို ၀င်လာတာက အချိန်နဲ့ ငွေဆိုတဲ့ အရာနှစ်ခု...။

ကိုယ့်မြေ၊ ကိုယ့်ရေတွင် နေရမည့်အချိန်တစ်ချို့ကို ရင်းနှီးခဲ့ရပြီးမှ ရှာဖွေရရှိလာခဲ့သော ငွေကြေးများကို ထိုကဲ့ သို့နေရာများတွင် အလျှံအပါယ် သုံးနေကြတာဘာကြောင့်များလည်းဟု တွေးရမိပြန်၏။ တစ်ဆက်တည်း ဒီကလူတွေရဲ့ ငွေပြန်အပို့ကို စောင့်မျှော်နေကြရမည့် (ကျွန်တော်မသိခဲ့ရသော) မြန်မာပြည်မှ မိသား စုတစ်ချို့အ တွက် မဆီမဆိုင် ဘာ့ကြောင့်မှန်းမသိပဲ ရင်မောမိရသလိုလို...။ နောက်ပြီးတော့လည်း ဒီနိုင်ငံမှာ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် အလုပ်အကိုင်တွေ အဆင်မပြေကြတာ ဟုတ်မှဟုတ်ပါရဲ့လား.... ဟု .....လည်းတွေးမိရ၏။

ဟိုတွေး...ဒီတွေးနှင့်ကျွန်တော့်ရဲ့အကြည့်ကဆိုင်အတွင်းရှိ မြန်မာမိန်းကလေးများထံသို့ရောက် သွားမိခဲ့တော့ စိတ်ထဲတွင် ပိုမောသွားမိရပါသည်။ လွန်ကဲသော ခေတ်ရှေ့ပြေးသည့် အ၀တ်အစားများနှင့် ဖက်ရှင်ဒီဇိုင်းများ က မျက်စိထဲတွင်ကြည့်မိသောသူတွေကို ထင်းခနဲ၊ လင်းခနဲဖြစ်စေကာ သတိထားမိ စေနိုင်တာတော့ အမှန်ပဲ ဖြစ်ပါသည်။ သို့သော် ပေါင်လယ်အထက်နားအထိ တိုတက်နေသော စကပ်တိုနှံနှံ လေးများ၊ ခြေနှစ်ချောင်းကို အရောင်ပြောင်းထားသလိုမျိုး ၀တ်ထားသော အသားကပ်ခြေအိတ်လို ဘောင်းဘီရှည်မျိုးများနှင့် ဒေါက်ဖိနပ် ခပ်မြင့်မြင့်များ၊ ရင်ဘတ်နေရာ တစ်ဝိုက်ကို သေချာကြည့်စရာမလိုပဲ အဝေးမှ ပင်လှမ်းမြင်နိုင်သည့်၊ ကျယ်ပြန့် စွာဖော်ထားသော ရင်ဘတ်ဟောင်းလောင်းအင်္ကျီများနှင့် နားဆွဲရှည်ရှည်များ... စသည့် အပြင်အဆင်များက ဆိုင်အတွင်းရှိ ယောက်ျားလေးများ၏ ဆန္ဒတစ်ချို့ကို လက်ကမ်း ၍ ဖိတ်ခေါ်နေခဲ့သလိုလို....။

ခေတ်နဲ့အညီ ခေတ်မီစွာဖြင့် လုံလုံခြုံခြုံ လှလှပပလေးဖြစ်နေအောင် ဆင်ယင်တတ်သော မြန်မာ မိန်းကလေးများ ဒီခေတ်မှာ အများကြီးရှိပါသည်။ တွေ့လည်း တွေ့ဖူးပါသည်။ သို့သော် ဒီကောင်မလေး တွေ ဘာဖြစ်လို့များ ဒီလိုဝတ်ချင်ကြတာလဲ....ဟု ကျွန်တော့်စိတ်တွင်းမှ ဝေခွဲမရနိုင်ခဲ့ပါ။ နောက်ပြီး ပြည် ပရောက် မြန်မာမိန်းကလေးတိုင်းလည်း ဒီလိုပုံစံမျိုး လုံးဝမဟုတ်နိုင်တာ သေချာလှပါသည်။

ဒီ့ထက်ပိုဆိုးသည်မှာ သူတို့နှင့် အတူပါလာသော ယောက်ျားလေးမိတ်ဆွေများနှင့် စားပွဲတစ်ဝိုင်းထဲ အတူထိုင်ကာ ရယ်ရယ်မောမောဖြင့် စကားပြောဆိုကာ စားသောက်နေကြတာပဲဖြစ်ပါသည်။ ယော က်ျား လေးများက ဘီယာ၊ အရက် စသည်တို့ကို သောက်လျှက်၊ ထိုဘေးနားတွင် သူတို့က ရယ်မောစ ကား ပြောမပျက် စားလိုက် သောက်လိုက်ဖြင့်....။ သူတို့ကိုယ်သူတို့ စားသောက်ဆိုင်တစ်ဆိုင်အတွင်းမှ အရက်ဝိုင်း ဘေးတွင် ထိုင်စကား ပြောနေခဲ့ပါလား...ဟု တွေးမိပုံရမှ ရမိရဲ့လားမသိပါ။

ထိုနေရာသည် ဧည့်ခံပွဲ၊ ပါတီပွဲ စသည့် နေရာမျိုးမဟုတ်ပါ။ နေရာအစုံမှ မြန်မာလူမျိုးအစုံ လာရောက် ကာစား သောက်ကြသော၊ ပစ္စည်းဝယ်ကြသော သာမန်စားသောက်ဆိုင်တစ်ဆိုင်၊ ဈေးဆိုင် တစ်ဆိုင်မျှ သာဖြစ်ပါသည်။ နောက်ပြီးတော့လည်း ဆိုင်အတွင်းမှာ ယောက်ျားလေးများက ကိုးဆယ့်ငါးရာခိုင်နှုန်း  လောက်ရှိနေခဲ့တာမို့ အ မြင်မတင့်တယ်သလို ကျွန်တော့်ရင်ထဲမှာခံစားရတာ အမှန်ပဲဖြစ်ပါသည်။ ထပ်ပြီးတော့လည်း တွေးမိသည်မှာ ယောက်ျားလေးများအနေဖြင့် ထိုကဲ့သို့သောနေရာမျိုးများတွင် မိန်းကလေးများရဲ့ဘေးမှာ ဘီယာ၊ အရက် စတာတွေကို မသောက်သင့်သလို၊ မိန်းကလေးများအနေနှင့်လည်း အတူတူမထိုင်သင့်ပါ....ဟူ၍ပင်...။

ကျွန်တော်ကသာ မဆီမဆိုင် ထိုကဲ့သို့တွေးနေမိခဲ့သော်လည်း သူတို့မှာက အေးအေးဆေးဆေးဖြင့် အနေရ အထိုင်ရ ခက်နေခဲ့ပုံမျိုး လုံးဝမတွေ့ရပါ။

နောက်ထပ်တွေ့ခဲ့ရပြန်တာကတော့ ထိုဆိုင်ခန်းကျဉ်းကျဉ်းလေးထဲတွင် အဆက်မပြတ်ဆိုသလို ဝေ့၀ဲနေ ခဲ့ သော အဖြူရောင်စီးကရက်မီးခိုးငွေ့များပင်...။ ထို့ကြောင့် ဘူးထဲမှစီးကရက်တစ်လိပ်ကို ထုတ်သောက်ဖို့ ရာ ကျွန်တော့်မှာ လက်တွန့်နေခဲ့မိရ၏။ ပြီးတော့ ဘီယာတန်ခိုးကြောင့် ဆိုင်အနောက်ဘက်ခန်းရှိ အိမ်သာ ဆီသို့ သွားလိုက်လာလိုက် လုပ်နေကြသောသူများမှာ တစ်ယောက်ပြီး တစ်ယောက်။ “တစ်ဗိုလ်ကျ တစ် ဗိုလ်တက်” ဟုပင် ဆိုနိုင်ပါသည်။

ကြာတော့ ကျွန်တော့်မျက်စိရော...၊ စိတ်တွေပါရှုပ်လာ၍ ဘယ်ကိုမှ မကြည့်မိတော့ပဲ ခေါင်းကိုငုံ့ ထားလိုက်မိ တော့၏။ သို့သော်လည်း ကျွန်တော့်နားထဲသို့ “ထွီ”...ခနဲ တံတွေးထွေးလိုက်သောအသံက အရှေ့စားပွဲဆီမှနေပြီး ထိုးဖောက် ၀င်ရောက်လာခဲ့ပြန်လေသည်။ မနေနိုင်တဲ့ မျက်လုံးတွေက ထိုစားပွဲဝိုင်း ကိုကြည့်မိပြန်တော့ ကွမ်းတွေပလုပ်ပလောင်းစားကာ စားပွဲခုံအောက်မှ ထွေးခံထဲသို့ ငုံ့မထွေးပဲ အမြင့်မှနေပြီး ထွေးချနေသော သူများကိုတွေ့လိုက်ရ၏။ နောက် ထိုသူများထိုင်နေပုံမှာ ဖိနပ်ကိုချွတ်၊ ခြေ တစ်ဖက်ကို ထိုင်နေသောခုံပေါ်သို့ ဒူးထောင်တင်ထားကာ ထိုဒူးပေါ်တွင် လက်မောင်းတစ်ဖက်ကို တင်ထားသည့် အနေအထားများနှင့်။ အတော့်ကို လွတ်လွတ်လပ်လပ် နိုင်လှသည့်ပုံစံများနှင့် ထိုမြန်မာစားသောက်ဆိုင်ထဲတွင်....။ ကျွန်တော် မျက်နှာလွှဲလိုက် မိပြန်ပါသည်။

ထို့အတူ ကျွန်တော်တို့တွေဟာ ဘယ်နေရာကိုပဲရောက်ရောက် အကျင့်ကောင်းနှင့် အကျင့်ဆိုးကို ခွဲခြား စွာသိနိုင်ဖို့၊ မကောင်းသော အကျင့်ဟောင်းများကို ကြိုးစားပယ်ရှားရင်း အတုယူသင့်တဲ့ အမူအရာကောင်း များကို ရယူပိုင်ဆိုင်တတ်နိုင်ကြစေဖို့၊ ထိန်းသိမ်းသင့်သည့် ၀တ္တရားများနှင့် အစဉ်အလာကို သိနားလည် ထားတတ်ဖို့နှင့် ရောက်ရှိနေခဲ့သော နေရာဒေသနှင့် လိုက်လျောညီထွေးစွာ နေထိုင်ရင်း ကိုယ်စီကိုယ်ရည် ကိုယ်သွေးနဲ့ စိတ်ဓာတ်ကို မြှင့်တင်တတ်ဖို့၊ နောက်အသုံးနှင့် အဖြုန်းကို ခွဲခြားသိဖို့ လိုအပ်လွန်းလှသည်... ဟု တွေးနေခဲ့လေ၏။

++++++++++

“သောက်လေ... အစ်ကိုကြီး... ဘာတွေလိုက်ကြည့်နေတာလည်းဗျ”....

ဘေးနားတွင်ထိုင်နေသော ညီလေးတစ်ယောက်က သတိပေးသလိုပြောသည်။ ခေါင်းယမ်းပြလိုက်ရင်း စားပွဲပေါ်မှ ကျွန်တော့်ရဲ့ ဘီယာဘူးကလေးကို လှမ်းယူလိုက်မိ၏။ ဘီယာဘူးလေးမှာ အအေးဓာတ်များ လွင့်ပြယ်ကာ အနည်းငယ်မျှပင် ပူနွေးစပြုနေခဲ့လေပြီ....။ ။

===============================================
မည်သူ့ကိုမှ မရည်ရွယ်ခဲ့ပါ...။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါခင်ဗျ....။
===============================================

အရင်က ရေးခဲ့တဲ့ပိုစ့်အဟောင်းလေးပါ။ ဖွင့်မရဖြစ်နေတဲ့ ဘလောဂ့်လေးစမ်းရင်းနဲ့ ပြန်တင်လိုက်တာပါ။

ချစ်ခြင်းအားဖြင့်
ဏီလင်းညို