ညခုနှစ်နာရီလောက်တွင်ဖြစ်စေ၊ မနက်ရှစ်နာရီလောက်တွင်ဖြစ်စေ
ရေမိုးချိုးအ၀တ်အစားလဲပြီး ကျွန်တော် အပြင်ထွက်ဖို့ပြင် တိုင်း မေမေ၊ ဒါမှမဟုတ်
ဖေဖေတို့က အသက်သုံးဆယ်ကျော်ခဲ့ပြီဖြစ်သော ကျွန်တော့်အား‘ဘယ်သွားမလို့လဲ’...ဟု
မေးလေ့ရှိ ပါသည်။ ကျွန်တော်က....
“လက်ဖက်ရည်ဆိုင်”..ဟုဆိုမိလျှင်တော့
အိမ်ပေါ်မှမဆင်းသေးခင်...
“အိမ်မှာလည်း ကော်ဖီမစ်၊
တီးမစ်တွေရှိရဲ့သားနဲ့...အလကားသက်သက် ငွေကုန်ခံချင်တယ်ကွယ်”
စသဖြင့် ရေရွတ်မြည်တမ်းတတ်ကြ၏။ သူတို့ပြောလျှင်လည်း
လက်ဖက်ရည်ဆိုင်သို့ ကျွန်တော်သွားကို သွားမည်ဖြစ်ကြောင်း သိသိကြီးနှင့်ပင်။
ထိုအခါမျိုးတွင် ကျွန်တော်က
ဘာမှပြန်မပြောပဲ ပိုက်ဆံအိတ်ကို ခပ်မြန်မြန်လေးယူပြီး အိမ်ပေါ်မှအမြန်ဆင်းရန်သာ
ကြိုးစားမိတတ် ပါသည်။ သို့သော် စိတ်ထဲမှနေပြီး ‘အိမ်မှာသောက်ရတာနဲ့
ဆိုင်မှာသောက်ရတာ မတူ လို့ပါဗျာ’...ဟု ပြန်ပြောမိ၏။
ဟုတ်သည်။
လက်ဖက်ရည်ဆိုင်လေးများကို
ကျွန်တော်ချစ်သည်။ ထို့အတူ လက်ဖက်ရည်ဆိုင်လေးများထဲတွင် ထိုင်ရတာကိုလည်း
နှစ်သက် သည်။ ထိုဆိုင်များထဲတွင် သောက်ရသော ကော်ဖီမစ်နှင့် လက်ဖက်ရည်များသည်လည်း အိမ်မှာဖျော်သောက်ရတာထက်
ပိုကောင်း သည် ထင်မိ၏။ ဘာရယ်ကြောင့်မှန်းတော့မသိ။
~~~~~@@@~~~~~
ညခုနှစ်နာရီခန့်အချိန်တွင် လက်ဖက်ရည်ဆိုင်လေးအတွင်းသို့
ကျွန်တော်ဝင်သွားမိတော့ မှတ်မိနေခဲ့ပြီဖြစ် သော စားပွဲထိုးချာ တိတ်လေးက
‘ပလိန်းဝမ်း...ဟေ့’...ဟု အဖျော်ကောင်တာဘက်သို့ လှမ်းအော်သည်။ လာ ရောက်သောက်သုံးသောသူ၏အကြိုက် ကို
စွဲစွဲမြဲမြဲမှတ်ထားတတ်လေ့ရှိသော သူတို့ကြောင့် တစ်ခါတစ်လေ လက်ဖက်ရည်လေးဘာလေး
ပြောင်းသောက်ချင်တာတောင်မှ ကျွန်တော့်မှာ ပြောချိန်မရလိုက်တာမျိုးလည်း ရှိသည်။
သို့သော် ကိုယ့်အကြိုက်ကို ခုံတွင်မထိုင်ရသေးခင်အချိန်မှာပင် သိတတ်စွာ ကြိုတင်ပြီး မှာထားပေး
တတ်မှုလေးကိုတော့ ကျွန်တော့်စိတ်ထဲမှာ နှစ်သက်မိသည်။
ဆိုင်အတွင်းမှာထိုင်နေကြသော
လူတော်တော်များများက အမြင့်တစ်နေရာတွင် တင်ထားသောတီဗွီထဲမှ ရုပ်သံဇာတ်လမ်းတစ်ခု ကို
ငေးမောကြည့်ရှုနေခဲ့ကြသည်။ ကျွန်တော့်ဘေးဝိုင်းမှ ဆယ်ကျော်သက်အရွယ်လူငယ် လေးတစ်သိုက်ကတော့
သူတို့ကစား ခဲ့ကြသော ကွန်ပျူတာဂိမ်းတစ်ခုအကြောင်းကို အလုအယက် ပြန်လည် ငြင်းခုန် ပြောဆိုနေခဲ့ကြ၏။
ဆိုင်အတွင်းတွင်
တီဗွီပြနေသော်လည်း အသံမထုတ်ပါ။ ထို့ကြောင့် ဖွင့်ထားသောသီချင်းသံကို ဆောင်း ဘောက်(စ်)မှကြားနေရ၏။
ရှားရှားပါးပါး ဒီညတွင် ဆရာထီး၏သီချင်းဟောင်းလေးများကို ဖွင့်နေတာမို့
ကျွန်တော်နှစ်သက်စွာ နားထောင်နေမိသည်။
“အပိုတွေကို...
မဆိုတတ်ဘူး....သာမန်လူတစ်ယောက်မို့လေ....တကယ်ပါမေရယ် ကိုယ်ကတော့....ချစ်တာ တစ်ခုတည်းသိတယ်”....
ဆရာထီး၏အသံမဟုတ်ပါ...။
အသက်လေးဆယ်အရွယ်လောက်ရှိသည့် လူတစ်ဦးထံမှ သီချင်းကို လိုက်ဆို သံသာဖြစ်ပါသည်။
ဆိုက်ကားဆရာဖြစ်ဟန်တူသည်။ ဆိုင်ရှေ့ သရက်ပင်လေးနားတွင် ဆိုက်ကားကိုထိုးရပ် ကာ ဆင်းလာခဲ့တာမို့ဖြစ်၏။
သူ့မှာ ဆိုင်ထဲသို့ မရောက်သေးခင် ဆိုက်ကားပေါ်မှဆင်းကာ ပုဆိုးကိုလက် နှစ်ဖက်ဖြင့် ပေါင်ကြားညှပ်ကာ
အတွင်းသို့လျှောက်လာရင်း သီချင်းကိုလိုက်ဆိုနေခဲ့တာဖြစ်သည်။ နောက် နီးစပ်ရာခုံတစ်လုံးကိုဆွဲထိုင်ကာ
ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ရင်း သီချင်း နားထောင်ကာ အမောဖြေ နေလေတော့၏။
ကျွန်တော့်ရှေ့စားပွဲဝိုင်းခုံတွင်
လူလွတ်နေသည်။ ထို့ကြောင့် လမ်းမပေါ်သို့ ဘာရယ်မဟုတ်စွာဖြင့် ကျွန်တော် ငေးနေမိ၏။
ချုပ်ညရီရီအချိန်တစ်ခုတွင် အချို့ကလုပ်ငန်းခွင်မှနေပြီး ပြန်လာကြသည်။ အချို့က
လုပ်ငန်းခွင်သို့ဝင်ရန် ထွက်ခွာကြသည်။ အချို့ကတော့ ကိစ္စအမျိုးမျိုးဖြင့်
လမ်းမပေါ်တွင်ရွေ့လျားနေခဲ့ကြသည်။
သိပ်မကြာလိုက်။ ကျွန်တော့်ရှေ့မှ
လွတ်နေခဲ့သောစားပွဲဝိုင်းဆီသို့ လူရွယ်သုံးဦးရောက်လာ၏။ သုံးယောက် စလုံး
လွယ်အိတ်ကိုယ် စီနှင့်ဖြစ်သည်။
စားပွဲဝိုင်းတွင်ဝင်ထိုင်ကာ လက်ဖက်ရည်မှာအပြီးတွင် အနည်းငယ် သပ်ရပ်စွာ
ဝတ်ဆင်ထားသောလူရွယ်က ကျန်နှစ်ယောက်အား တစ်ထောင်တန်လေးရွက်စီ ထုတ်ပေးတာကို တွေ့ရသည်။
‘နက်ဖြန်ကျရင် ဆိုက်ထဲကို စောစောလာကြကွ’... ဟုလည်း ပြောသေးသည်။ ဆောက်လုပ် ရေးလုပ်သားများ
ဖြစ်မည်ထင်ရ၏။ လက်ဖက်ရည်ဆိုင်လေးထဲ တွင် နေ့တွက်ခကျသင့်ငွေ ကို(သူတို့အခေါ်
ဒေးလီးကို) ပေးကြ၊ ယူကြပြီး... အိမ်မပြန်သေးခင် လက်ဖက်ရည်သောက်ရင်း နောက် တစ်နေ့လုပ်ငန်းခွင်အ
တွက် တိုင်ပင်ဆွေးနွေးနေကြတော့၏။
ထိုအခိုက်
နွေဦးညချမ်း၏လေပြေတစ်သုတ်က ဝေ့ခနဲတိုက်ခတ်လာ၏။ အနီးမှ ဗာဒံပင်၊ သရက်ပင်စသည့်အပင်များက
လေထဲ တွင်ယိမ်းနွဲ့ကာ ကျွန်တော်ထိုင်နေခဲ့သော ပတ်ဝန်းကျင်တစ်ဝိုက်ကို
အေးမြငြိမ်းချမ်းစေပြန် သည်။ ဆရာထီးသီချင်းကိုနားထောင်ရင်း ကော်ဖီမစ်ကို
တစ်ငုံသောက်မိဆဲ....
“ဟေ့ကောင်...အသေးလေး...လာဦး”...
“ဘာလဲဗျ”....
“မျိုးကြီးဖွင့်ကွာ...၊
မျိုးကြီး”....
“စိုင်းထီးဆိုင်ပြီးမှ ဖွင့်ဖို့ပြောပေးမယ်...၊
အခုနားထောင်ချင်ရင်တော့ ကျွန်တော်ဆိုပြမယ်လေ”.....
“မင်းကြီးတော်ကြီးပဲ ဆိုပြ..ဟား....ဟား”.....
ကျွန်တော့်နောက်ဝိုင်းမှ
လူငယ်လေးများနှင့် စားပွဲထိုးကောင်လေး၏ အချီအချပြောသံများကြောင့် တစ် ယောက်တည်း
ပြုံးမိရ သည်။ အင်းလေ...သူတို့လည်း သူတို့ခေတ်မှာ သူတို့ကြိုက်တဲ့
သီချင်းတွေနားထောင် ချင်ကြမှာပေါ့ဟုလည်း တွေးမိလိုက်သေး၏။
“ရှင်းမယ်ဟေ့”....
“ဟာ...မင်းတို့က
သွားတော့မှာလားကွ”...
“သွားရမယ်....၊ အိမ်မှာ
မန်မန်းစားရဦးမယ်....၊ စာကျက်ရဦးမယ်....၊ နို့မို့ဆို နှင်ချခံနေရလိမ့်မယ်”....
စောစောက
ဂိမ်းအကြောင်းပြောနေကြသော ဆယ်ကျော်သက်အရွယ်လူငယ်လေးများဝိုင်းမှအသံများကြောင့်
မသိမသာလှည့် ကြည့်ဖြစ်၏။ သူတို့၏စကားလေးများနှင့် အသိစိတ်ဓာတ်လေးများကြောင့်လည်း
သဘောကျ စွာကြိတ်ပြုံးမိပြန်သည်။ ဟုတ်သည်၊ လက်ဖက်ရည်ဆိုင်တွင် နေကုန်နေခမ်းထိုင်ကာ
ဘာအလုပ်မှမလုပ်ပဲ ယောင်ခြောက်ဆယ်လုပ်နေခဲ့မည်ဆိုလျှင် ဘယ်မိဘကမှ
နှစ် သက်ကြည်ဖြူလိမ့်မည်မထင်ပါ။ အရာရာတိုင်း သည် သူ့အတိုင်းအတာနှင့်သူသာ
ကောင်းမည်ထင်ပါ၏။
“ပလိန်းနှစ်ခွက်က လေးရာ....၊
တစ်ထောင်တန် လေးရာယူမယ်”....
စားပွဲထိုးချာတိတ်လေးရဲ့အသံကြောင့်
ပိုက်ဆံရှင်းနေဆဲဖြစ်သော ထိုလူငယ်လေးများ၏၀ိုင်းသို့ မသိမသာ လေး လှမ်းကြည့်မိ သည်။
သောက်တာက ကော်ဖီမစ်ပလိန်းနှစ်ခွက်သာဖြစ်သော်လည်း ထိုင်နေကြတာက စုစုပေါင်း ခြောက်ယောက်လောက်ရှိမည်
ထင်ရ၏။ ကျွန်တော် ထပ်ပြုံးမိခဲ့ပြန်သည်။ အခြားအကြောင်း ကြောင့်တော့မဟုတ်၊
တစ်ထောင့်ကိုးရာကိုးဆယ့်ရှစ်ခုနှစ် ၀န်းကျင်လောက်တုန်းက ကျွန်တော်တို့၏ဆယ် ကျော်သက်ဘ၀ကို
ပြန်လည်သတိရမိသွားသောကြောင့်သာ ဖြစ်သည်။
ထိုစဉ်ကလည်း
လက်ဖက်ရည်ဆိုင်များတွင် ကျွန်တော်တို့တစ်သိုက် ဒီကောင်လေးများလိုပင် လုပ်ခဲ့ကြဖူးသည်။
သောက်တာက လက်ဖက်ရည်တစ်ခွက်၊ နှစ်ခွက်...၊ ထိုင်တာက လေးငါး၊ ခြောက်ယောက်၊ တစ်ပြုံ တစ်မကြီး...။
ထိုင်ရင်း
တစ်ယောက်တစ်ပေါက်ပြောကြ၊ ရယ်ကြနှင့်။ ပြီးတော့ ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး
လှမ်း အော်တောင်းရင်း အာခြောက်တိုင်း သောက်ခဲ့ကြသည်။ ဆိုင်ရှင်က တစ်ခါမှ ထပ်မပေးနိုင်ဘူးဟု...
မပြောခဲ့။ နှင်လည်းမထုတ်ခဲ့ပါ။
~~~~~@@@~~~~~
တကယ်တော့ ပလက်ဖောင်းပေါ်မှာ၊ လမ်းနံဘေးမှ အပင်များအောက်မှာ၊
လမ်းနံဘေးတွင်တဲထိုးကာ ဖွင့် ထားတတ်သော (နေရာတိုင်းလိုလိုတွင် တွေ့မြင်နိုင်သည့်)
လက်ဖက်ရည်ဆိုင်လေးများသည် အဆောင်အ ယောင်ကင်းလွန်းပါသည်။ (အဆင့်မြင့်သော စားစရာမျိုးစုံရသည့်
လက်ဖက်ရည်ဆိုင်ကြီးများကို မဆိုလိုပါ။)
မှန်လုံခန်းမများထဲတွင်
စားရသောက်ရသလို မသိမသာရော၊ သိသိသာသာပါ ထိန်းချုပ်စားသောက်စရာလည်းမလို။
လူအချို့ သတ်မှတ်ထားသော အဆင့်အတန်းဆိုသည့် မြင့်ခြင်း၊ နိမ့်ခြင်း သတ်မှတ်ချက်ပေတံ များလည်း
သိပ်မရှိ၊ အဆောင်အယောင်နှင့် အသုံးအဆောင်ပစ္စည်းများလည်း တစ်ခမ်းတစ်နား ၀တ်စားပြင် ဆင်စရာမလိုပဲ သာမာန်လူများအဖို့ ၀င်ရောက်အပန်းဖြေ၊
ခိုနားနိုင်သော နေရာလေးတစ်ခုဟု... ကျွန်တော် တွေးမိ၏။
ထိုနေရာလေးများတွင်
ရန်ပွဲများလည်းရှိချင်ရှိနေမည်။ ပျော်ရွှင်သော ရယ်မောသံနှင့် စိတ်ညစ်စွာ ညည်းညူ သံလေးများလည်း ရှိကောင်းရှိမည်။
ဖွင့်ထားသောသီချင်းများကို ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် စိတ်ပါလက်ပါ လိုက်ပြီးတော့လည်း
ဆိုညည်းနိုင်သည်။ ထို့ပြင် ဘောလုံးပွဲများကိုလည်း ဆူညံကျယ်လောင်စွာ အားပေးနိုင် သေးသည်။
ငြင်းခုန်သံများ၊ ဆွေးနွေးသံများလည်း ရှိနိုင်သည်။ အားပေးနှစ်သိမ့်မှုနှင့်
အကြံပေးမှုများလည်း ရှိနိုင်သေး၏။ ဘ၀အမောနှင့် ချွေးစက်များလည်း ရှိချင်ရှိပေလိမ့်ဦးမည်။
သူငယ်ချင်း မိတ်ဆွေများအချင်း ချင်းလည်း အချိန်းအချက်လုပ်ကာ
အားမနာစတမ်းထိုင်စောင့်နိုင်သေးသည်။ ရမ္မက်ထ,ချင်စဖွယ် မြှူဆွယ် မှု တွေကတော့ သိပ်မရှိနိုင်ခဲ့။
ကျွန်တော်သည်လည်း
ထိုလက်ဖက်ရည်ဆိုင်လေးများထဲတွင် ရင်ဖွင့်ခဲ့ဖူးသည်။ စိတ်ဓာတ်ကျဖူးသည်။ ထို့အတူ
တက်ကြွခဲ့ဖူး သည်။ နောက်ဆုံး မျှော်လင့်ချက်အိပ်မက်များကိုလည်း မွေးဖွားခဲ့ဖူး၏။
ထို့နောက် ဘ၀ပေးအခြေအနေအရ ကျွန်တော်သည်
လက်ဖက်ရည်ဆိုင်လေးများနှင့် အဝေးဆုံးနေရာတစ်ခု ဖြစ်သော
ပြည်ပနိုင် ငံငယ်လေးတစ်ခုတွင် အချိန်တွေအများကြီးကြာအောင်နေရင်း အလုပ်လုပ်ခဲ့ရသည်။ ထို
နေရာတွင် ကျွန်တော်စိတ်ပျက်သည့် မှန်လုံခန်းများနှင့် စားသောက်ဆိုင်များသာ အများဆုံးရှိခဲ့တာမို့ လက် ဖက်ရည်ဆိုင်လေးများကို အဝေးမှနေ လွမ်းခဲ့ရဖူးသည်။
အခုတော့ ကျွန်တော်
လက်ဖက်ရည်ဆိုင်လေးများထဲတွင် ပြန်ထိုင်ခွင့်ရရှိနေခဲ့လေပြီ။ သို့သော် ဘယ်အချိန် ကာလတွင်ပြန်ပြီး
လက်ဖက်ရည်ဆိုင်လေးများနှင့် ဝေးရာအရပ်ဆီသို့ နောက်တစ်ခေါက် ထပ်ရောက်ရဦးမ လဲမပြောတတ်သေးပါ။
~~~~~@@@~~~~~
သာမာန်လူတန်းစားများ၏ချွေးသိပ်ရာ
လက်ဖက်ရည်ဆိုင်ကလေးများအား သာမာန်လူတစ်ယောက်ဖြစ် သော ကျွန်တော်နှစ် သက်မိခြင်းမှာ သာမာန်အဖြစ်အပျက်တစ်ခုဟုသာ
ဆိုချင်မိပါသည်။ ။
~~~~~@@@~~~~~
ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
(၀၇၊ ၀၃၊ ၂၀၁၁ - တနင်္လာနေ့)
ည ၁၁း၃၅နာရီ
(ချွေးသိပ်ရာ...)
(ရန်ကုန် - မြန်မာပြည်)
