Wednesday, March 13, 2013

ကိုယ်စီရွေးချယ်ရာ...“လမ်း”....



လစာထုတ်ပြီးကာစ တနင်္ဂနွေတစ်ရက်တွင်ဖြစ်ပါသည်။ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မနက်အစော ကြီးထပြီး ကျွန်တော်တစ်ယောက်တည်း အေးချမ်းစွာဖြင့် စာရေးနေမိခဲ့ပါသည်။ အိပ်ခန်းထဲတွင် မရေးချင် တာမို့ ဧည့်ခန်းသို့ ထွက်ကာ ရေးနေမိသည်။ ဘာရယ်ကြောင့်မှတော့မဟုတ်...။ အိပ်ခန်းထဲမှ အတူနေသော ကျန်သည့် ညီလေးနှစ်ယောက်ရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်မှာစိုးလို့ပင်...။

ပိတ်ရက်မို့ တစ်အိမ်လုံးအိပ်နေကြတာ အတုန်းအရုံး....။ မနက် ဆယ်နာရီမထိုးပဲနှင့် တစ်ယောက် တစ်လေမှ အိပ်ခန်းအပြင်သို့ ထွက်လာတတ်ရိုးထုံးစံ လုံးဝမရှိကြပါ။ (ညဥ့်နက်သန်းခေါင်အထိ နေတတ်၊ ရုပ်ရှင်ကြည့်နေတတ်တာလေးတွေကြောင့်ပဲ ဖြစ်ပါသည်။) သို့သော် ကျွန်တော့်အတွက် ပိုတောင်ကောင်း သေးပါသည်။ တစ်ဦးထဲ အေးအေးဆေးဆေး စာရေးလို့ရတာကြောင့်ပဲဖြစ်၏။

နံနက် ဆယ်နာရီကျော်တော့ သူတို့တွေ အလျှိုအလျှိုအခန်းအပြင်သို့ ထွက်လာကြလေတော့၏။ နောက်ေ တာ့ ရေချိုးကြ၊ အ၀တ်သစ်တွေထုတ်ဝတ်ကြ၊ ပြင်ကြဆင်ကြနှင့် ကျွန်တော့်မျက်စေ့ရှေ့တွင် သူတို့ ရှုပ်ရှက်ခတ်နေခဲ့ကြတာကို စိန်ပြေနပြေ ထိုင်ကြည့်နေခဲ့မိသည်။ ဒါက ပြည်ပတွင် အလုပ်လုပ်နေခဲ့ရသော ကျွန်တော့်အတွက် နှစ်ရှည်လများ မြင်တွေ့နေခဲ့ရသော မြင် ကွင်းလေးမို့ သိပ်ပြီးတော့လည်း မထူးဆန်းလှပါ။ လစာထုတ်ပြီးကာ စ အခုလို တနင်္ဂနွေရက်မျိုးများတွင် မြန်မာပြည်မှ မိသားစုများအတွက် (ဒီနိုင်ငံမှာရှိသည့်) မြန်မာဆိုင်များမှနေ ပြီးငွေသွားလွှဲကြဖို့၊ နောက် ရှော့ပင်း(န်)ထွက်ကြဖို့၊ လိုအပ်သည် များကို ၀ယ်ခြမ်းကြဖို့၊ ချစ်သူများနှင့်လျှောက် လည်ကြဖို့... စသည့် အကြောင်းလေးတွေနှင့် သူတို့တွေ အခု လိုပြင်တတ်၊ ဆင်တတ်ကြမြဲမို့ပင်။ နောက်ပြီး ခုလို သူတို့တွေအပြင်သွားကြလျှင် အိမ်မှာ ကျွန်တော်တစ် ယောက်ထဲ အေးအေးဆေးဆေးနှင့် စာရေးလို့ရပြီ မဟုတ်ပါလား...။

သို့သော် ကျွန်တော့်အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲချော်သွားခဲ့ရလေတော့သည်။ အ ကြောင်း မှာဒီလိုပင်...။ အားအားရှိ ကွန်ပျူတာအဖုံးလေးကိုဖွင့်ပြီး အခုလို မတောက်တစ်ခေါက် စာလေး တွေကို ကုပ် ချောင်းချောင်းဖြင့် တစ်ကုပ်ကုပ်ရေးကာ အလုပ်ရှုပ်နေတတ်သော ကျွန်တော့်ကို ညီလေး သုံယောက်ကသူတို့ နှင့်အတူတူ မြန်မာဆိုင်သို့ လိုက်ခဲ့ရန်ခေါ်သောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်တော်က “မလိုက်ချင်”... ဟု ငြင်း တော့ သူတို့ကတစ်ယောက်တစ်ပေါက်ဖြင့်....

“အစ်ကိုကြီးကလည်းဗျာ... တစ်ခါတစ်လေဟာကိုများ”....

“အေးလေ .... လိုက်ခဲ့ပါ...အစ်ကိုကြီးရာ...စာကနောက်မှရေးပါဗျ”....

“အိမ်ထဲမှာချည်း အမြဲတမ်းနေနေရတာ မပျင်းဘူလား”....

စသဖြင့်ဝိုင်းပြောကြတာ စူပုတ်ပုတ်မျက်နှာပေးလေးများနှင့်..။ ထို့ကြောင့် “အေး...အေး..ဒါဆို ခဏ စောင့်ကြကွာ”...ဟုပြောရင်း ကျွန်တော် အမြန်ဆုံးနည်းဖြင့် ရေချိုး၊ အ၀တ်အစားလဲကာ သူတို့နှင့်အတူ သူ တို့ခေါ်ရာ မြန်မာဆိုင်သို့ တစ်ရွတ်ဆွဲကာ လိုက်ပါသွားခဲ့ရလေတော့၏။

++++++++++

ကျွန်တော်တို့ မြန်မာဆိုင်ကိုရောက်သွားသည့် အချိန်ကနေ့တစ်နေ့ရဲ့ အရွယ်ရောက်နေခဲ့ပြီဖြစ် သောအချိန်..။ နေ့လယ် ဆယ့်နှစ်နာရီဝန်းကျင်...။ ဆိုင်ထဲတွင် ထိုင်စရာနေရာလွတ် မရှိသလောက်ပင် လူ များက အပြည့်အလျှံပင်။ ညီလေးသုံးယောက်နောက်ကနေ ကုပ်ချောင်းချောင်းဖြင့် ကပ်လျှောက်ရင်း ထိုင်စရာ နေရာလွတ်ကို မနည်းရှာယူရ၏။ ချောင်ကျကျ နေရာကစားပွဲလေးတစ်ခုတွင် ကံကောင်းထောက်မစွာ ကျွန်တော်တို့နေရာရ၏။

အားလုံးထိုင်လိုက်ကြပြီးနောက် ညီလေးများက ဘီယာသောက်ချင်သည်ဆိုတာကြောင့် တိုက်ဂါးဘီယာ လေးဘူး မှာ၏။ ကျွန်တော်က စားစရာအဖြစ် ၀က်ခေါင်းသုတ်နှင့် လဖ္ဘက်သုတ်ကို မှာလိုက်သည်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အစားအစာများဖြစ်၏။ နောက်ပြီး အဲ့ဒီလိုအသုတ်များက အိမ်တွင် တစ်ကူးတစ်က သုတ်စားဖို့ သိပ်မလွယ်တာကြောင့်လည်းပါသည်။

 စားစရာ၊ သောက်စရာများရောက်လာတော့ ကျွန်တော်တို့ရဲ့ ဘီယာဝိုင်းက စတင်လေတော့၏။ အများကြီး မသောက်ကြဖို့ ကျွန်တော်ပြောမိသည်။ လစာထုတ်ပြီးကာစရက်၊ နောက်ပြီး တစ်ခါတစ်လေမို့ပင်...။ (အမြဲတမ်းတော့ ကျွန်တော်တို့ မသောက်နိုင်ကြပါ။) ကျွန်တော့်ကိုခေါ်လာသော ညီလေးသုံးယောက်မှာ ထိုမြန်မာဆိုင် သို့ ခဏခဏရောက်တတ်တာကြောင့် သူတို့ပုံစံတွေက အေးရာအေးကြောင်း....။ သို့သော် ထိုနေရာမျိုးများ ကို သိပ်မရောက်ဖြစ်သောကျွန်တော့်အတွက်တော့ ဟိုငေး ဒီငေးဖြင့်...။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော် ဆိုသည့် ငနဲသားမှာ အပြင်ထွက်ရတာကို သိပ်ပြီးဝါသနာမပါလှတာ လည်းပါသည် ။ နောက် အပြင်ထွက်လျှင်လည်း ပဲများချင်တာကြောင့် အ၀တ်သစ်များကိုထုတ်ဝတ်ရတာ၊ ပြန်လာခဲ့ပြီးလျှင် လည်း ထိုအ၀တ်များကိုပြန် လျှော်ရ၊ ပြန်သိမ်းရနှင့် အလုပ်ရှုပ်တတ်တာတွေကို စိတ်ကုန်လွန်းလို့သာဖြစ် သည်။ ကုန်ကုန်ပြောရလျှင် မြန်မာပြည်သို့ ငွေလွှဲ သည့်ကိစ္စများကိုပင် အတူနေသည့် ညီလေးများနှင့် ကြုံရင်ကြုံသလို လွှဲခိုင်းတတ်တာဖြစ်ပါ သည်။ တစ်ခါတစ်ရံ ကျွန်တော်ရှော့ပင်း(န်)ထွက်တတ်သည့်နေရာ များကလည်း ဒီနိုင်ငံမှလူမျိုးများဖွင့်ထားတဲ့ ရှော့ပင်း(န်)စင်တာ၊ မော(လ်) စသည့် နေရာများဆီသို့သာ။

ထို့ကြောင့် ကျွန်တော့်အတွက် ထိုဆိုင်ထဲတွင်မြင်မြင်ကရာသည် အသစ်အဆန်းလိုဖြစ်နေခဲ့ရတာ အမှန် ပင်..။

++++++++++

ငါးထပ်မျှမြင့်သည့် အဆောက်အဦးကြီးတစ်ခုရဲ့ တတိယအထပ်တွင်ဖွင့်ထားသော (ကျွန်တော် ရောက် ရှိနေခဲ့ သည့်) ထိုမြန်မာဆိုင်လေးထဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး နှင့် အာဇာနည်တို့၏ စူးရှပေါက်ကွဲသော သီချင်းသံများက ဖွင့်ထားသော ပြတင်းပေါက်တစ်ချို့မှနေပြီး အပြင်ဘက်တွင် လင်းဖျာနေခဲ့သော နေ ရောင်ခြည်ထဲသို့ ပူ လောင်စွာ ဖိတ်စင် အန်ထွက် နေလေခဲ့သယောင် ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာထိုင်နေကြတာ မှန်ပေမယ့် အချင်းချင်းစကားပြောနေကြတာ ဘာ့ကြောင့် အော်ပြောနေခဲ့ကြတာ လည်း...ဟု အူတိအူကြောင် ကျွန်တော်တွေးမိသည်။ လှမ်းမြင်နေရသော အမြင့်တစ်နေရာဆီမှ တီဗွီတွင် ပြသထားနေသော နိုင်ငံခြားဘောလုံးပွဲစဉ်ထဲက ကစားသမားများက အကြိတ်အနယ်ကစားနေကြသည်။ ထိုတိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အရာအားလုံးသည် ဆူညံလှုပ်ရှားစွာ ရုန်းကြွလျှက်...။

ကြည့်မိလေရာ စားပွဲခုံတိုင်းလိုလိုပေါ်တွင် မြင်တွေ့နေခဲ့ရသော ဘီယာဘူးအခွံများမှာ တောင်ပုံယာပုံ၊ အလကားပေးနေသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်သွားနိုင်စရာ အကြောင်းရှိသည်။ မျက်လုံးတစ်ချက်ဝေ့၍ပတ် ၀န်းကျင်ရှိစားပွဲများဆီသို့ အကြည့်တစ်ချက်ကစားလိုက်တိုင်း တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဘီ ယာဘူးကို လက်မှကိုင်ပြီးမော့နေတာကို တွေ့ရတတ်၏။ ထိုကဲ့သို့ မြင်လိုက်ရတိုင်း မဆီမဆိုင် ကျွန်တော့်ရဲ့ ခေါင်းထဲကို ၀င်လာတာက အချိန်နဲ့ ငွေဆိုတဲ့ အရာနှစ်ခု...။

ကိုယ့်မြေ၊ ကိုယ့်ရေတွင် နေရမည့်အချိန်တစ်ချို့ကို ရင်းနှီးခဲ့ရပြီးမှ ရှာဖွေရရှိလာခဲ့သော ငွေကြေးများကို ထိုကဲ့ သို့နေရာများတွင် အလျှံအပါယ် သုံးနေကြတာဘာကြောင့်များလည်းဟု တွေးရမိပြန်၏။ တစ်ဆက်တည်း ဒီကလူတွေရဲ့ ငွေပြန်အပို့ကို စောင့်မျှော်နေကြရမည့် (ကျွန်တော်မသိခဲ့ရသော) မြန်မာပြည်မှ မိသား စုတစ်ချို့အ တွက် မဆီမဆိုင် ဘာ့ကြောင့်မှန်းမသိပဲ ရင်မောမိရသလိုလို...။ နောက်ပြီးတော့လည်း ဒီနိုင်ငံမှာ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် အလုပ်အကိုင်တွေ အဆင်မပြေကြတာ ဟုတ်မှဟုတ်ပါရဲ့လား.... ဟု .....လည်းတွေးမိရ၏။

ဟိုတွေး...ဒီတွေးနှင့်ကျွန်တော့်ရဲ့အကြည့်ကဆိုင်အတွင်းရှိ မြန်မာမိန်းကလေးများထံသို့ရောက် သွားမိခဲ့တော့ စိတ်ထဲတွင် ပိုမောသွားမိရပါသည်။ လွန်ကဲသော ခေတ်ရှေ့ပြေးသည့် အ၀တ်အစားများနှင့် ဖက်ရှင်ဒီဇိုင်းများ က မျက်စိထဲတွင်ကြည့်မိသောသူတွေကို ထင်းခနဲ၊ လင်းခနဲဖြစ်စေကာ သတိထားမိ စေနိုင်တာတော့ အမှန်ပဲ ဖြစ်ပါသည်။ သို့သော် ပေါင်လယ်အထက်နားအထိ တိုတက်နေသော စကပ်တိုနှံနှံ လေးများ၊ ခြေနှစ်ချောင်းကို အရောင်ပြောင်းထားသလိုမျိုး ၀တ်ထားသော အသားကပ်ခြေအိတ်လို ဘောင်းဘီရှည်မျိုးများနှင့် ဒေါက်ဖိနပ် ခပ်မြင့်မြင့်များ၊ ရင်ဘတ်နေရာ တစ်ဝိုက်ကို သေချာကြည့်စရာမလိုပဲ အဝေးမှ ပင်လှမ်းမြင်နိုင်သည့်၊ ကျယ်ပြန့် စွာဖော်ထားသော ရင်ဘတ်ဟောင်းလောင်းအင်္ကျီများနှင့် နားဆွဲရှည်ရှည်များ... စသည့် အပြင်အဆင်များက ဆိုင်အတွင်းရှိ ယောက်ျားလေးများ၏ ဆန္ဒတစ်ချို့ကို လက်ကမ်း ၍ ဖိတ်ခေါ်နေခဲ့သလိုလို....။

ခေတ်နဲ့အညီ ခေတ်မီစွာဖြင့် လုံလုံခြုံခြုံ လှလှပပလေးဖြစ်နေအောင် ဆင်ယင်တတ်သော မြန်မာ မိန်းကလေးများ ဒီခေတ်မှာ အများကြီးရှိပါသည်။ တွေ့လည်း တွေ့ဖူးပါသည်။ သို့သော် ဒီကောင်မလေး တွေ ဘာဖြစ်လို့များ ဒီလိုဝတ်ချင်ကြတာလဲ....ဟု ကျွန်တော့်စိတ်တွင်းမှ ဝေခွဲမရနိုင်ခဲ့ပါ။ နောက်ပြီး ပြည် ပရောက် မြန်မာမိန်းကလေးတိုင်းလည်း ဒီလိုပုံစံမျိုး လုံးဝမဟုတ်နိုင်တာ သေချာလှပါသည်။

ဒီ့ထက်ပိုဆိုးသည်မှာ သူတို့နှင့် အတူပါလာသော ယောက်ျားလေးမိတ်ဆွေများနှင့် စားပွဲတစ်ဝိုင်းထဲ အတူထိုင်ကာ ရယ်ရယ်မောမောဖြင့် စကားပြောဆိုကာ စားသောက်နေကြတာပဲဖြစ်ပါသည်။ ယော က်ျား လေးများက ဘီယာ၊ အရက် စသည်တို့ကို သောက်လျှက်၊ ထိုဘေးနားတွင် သူတို့က ရယ်မောစ ကား ပြောမပျက် စားလိုက် သောက်လိုက်ဖြင့်....။ သူတို့ကိုယ်သူတို့ စားသောက်ဆိုင်တစ်ဆိုင်အတွင်းမှ အရက်ဝိုင်း ဘေးတွင် ထိုင်စကား ပြောနေခဲ့ပါလား...ဟု တွေးမိပုံရမှ ရမိရဲ့လားမသိပါ။

ထိုနေရာသည် ဧည့်ခံပွဲ၊ ပါတီပွဲ စသည့် နေရာမျိုးမဟုတ်ပါ။ နေရာအစုံမှ မြန်မာလူမျိုးအစုံ လာရောက် ကာစား သောက်ကြသော၊ ပစ္စည်းဝယ်ကြသော သာမန်စားသောက်ဆိုင်တစ်ဆိုင်၊ ဈေးဆိုင် တစ်ဆိုင်မျှ သာဖြစ်ပါသည်။ နောက်ပြီးတော့လည်း ဆိုင်အတွင်းမှာ ယောက်ျားလေးများက ကိုးဆယ့်ငါးရာခိုင်နှုန်း  လောက်ရှိနေခဲ့တာမို့ အ မြင်မတင့်တယ်သလို ကျွန်တော့်ရင်ထဲမှာခံစားရတာ အမှန်ပဲဖြစ်ပါသည်။ ထပ်ပြီးတော့လည်း တွေးမိသည်မှာ ယောက်ျားလေးများအနေဖြင့် ထိုကဲ့သို့သောနေရာမျိုးများတွင် မိန်းကလေးများရဲ့ဘေးမှာ ဘီယာ၊ အရက် စတာတွေကို မသောက်သင့်သလို၊ မိန်းကလေးများအနေနှင့်လည်း အတူတူမထိုင်သင့်ပါ....ဟူ၍ပင်...။

ကျွန်တော်ကသာ မဆီမဆိုင် ထိုကဲ့သို့တွေးနေမိခဲ့သော်လည်း သူတို့မှာက အေးအေးဆေးဆေးဖြင့် အနေရ အထိုင်ရ ခက်နေခဲ့ပုံမျိုး လုံးဝမတွေ့ရပါ။

နောက်ထပ်တွေ့ခဲ့ရပြန်တာကတော့ ထိုဆိုင်ခန်းကျဉ်းကျဉ်းလေးထဲတွင် အဆက်မပြတ်ဆိုသလို ဝေ့၀ဲနေ ခဲ့ သော အဖြူရောင်စီးကရက်မီးခိုးငွေ့များပင်...။ ထို့ကြောင့် ဘူးထဲမှစီးကရက်တစ်လိပ်ကို ထုတ်သောက်ဖို့ ရာ ကျွန်တော့်မှာ လက်တွန့်နေခဲ့မိရ၏။ ပြီးတော့ ဘီယာတန်ခိုးကြောင့် ဆိုင်အနောက်ဘက်ခန်းရှိ အိမ်သာ ဆီသို့ သွားလိုက်လာလိုက် လုပ်နေကြသောသူများမှာ တစ်ယောက်ပြီး တစ်ယောက်။ “တစ်ဗိုလ်ကျ တစ် ဗိုလ်တက်” ဟုပင် ဆိုနိုင်ပါသည်။

ကြာတော့ ကျွန်တော့်မျက်စိရော...၊ စိတ်တွေပါရှုပ်လာ၍ ဘယ်ကိုမှ မကြည့်မိတော့ပဲ ခေါင်းကိုငုံ့ ထားလိုက်မိ တော့၏။ သို့သော်လည်း ကျွန်တော့်နားထဲသို့ “ထွီ”...ခနဲ တံတွေးထွေးလိုက်သောအသံက အရှေ့စားပွဲဆီမှနေပြီး ထိုးဖောက် ၀င်ရောက်လာခဲ့ပြန်လေသည်။ မနေနိုင်တဲ့ မျက်လုံးတွေက ထိုစားပွဲဝိုင်း ကိုကြည့်မိပြန်တော့ ကွမ်းတွေပလုပ်ပလောင်းစားကာ စားပွဲခုံအောက်မှ ထွေးခံထဲသို့ ငုံ့မထွေးပဲ အမြင့်မှနေပြီး ထွေးချနေသော သူများကိုတွေ့လိုက်ရ၏။ နောက် ထိုသူများထိုင်နေပုံမှာ ဖိနပ်ကိုချွတ်၊ ခြေ တစ်ဖက်ကို ထိုင်နေသောခုံပေါ်သို့ ဒူးထောင်တင်ထားကာ ထိုဒူးပေါ်တွင် လက်မောင်းတစ်ဖက်ကို တင်ထားသည့် အနေအထားများနှင့်။ အတော့်ကို လွတ်လွတ်လပ်လပ် နိုင်လှသည့်ပုံစံများနှင့် ထိုမြန်မာစားသောက်ဆိုင်ထဲတွင်....။ ကျွန်တော် မျက်နှာလွှဲလိုက် မိပြန်ပါသည်။

ထို့အတူ ကျွန်တော်တို့တွေဟာ ဘယ်နေရာကိုပဲရောက်ရောက် အကျင့်ကောင်းနှင့် အကျင့်ဆိုးကို ခွဲခြား စွာသိနိုင်ဖို့၊ မကောင်းသော အကျင့်ဟောင်းများကို ကြိုးစားပယ်ရှားရင်း အတုယူသင့်တဲ့ အမူအရာကောင်း များကို ရယူပိုင်ဆိုင်တတ်နိုင်ကြစေဖို့၊ ထိန်းသိမ်းသင့်သည့် ၀တ္တရားများနှင့် အစဉ်အလာကို သိနားလည် ထားတတ်ဖို့နှင့် ရောက်ရှိနေခဲ့သော နေရာဒေသနှင့် လိုက်လျောညီထွေးစွာ နေထိုင်ရင်း ကိုယ်စီကိုယ်ရည် ကိုယ်သွေးနဲ့ စိတ်ဓာတ်ကို မြှင့်တင်တတ်ဖို့၊ နောက်အသုံးနှင့် အဖြုန်းကို ခွဲခြားသိဖို့ လိုအပ်လွန်းလှသည်... ဟု တွေးနေခဲ့လေ၏။

++++++++++

“သောက်လေ... အစ်ကိုကြီး... ဘာတွေလိုက်ကြည့်နေတာလည်းဗျ”....

ဘေးနားတွင်ထိုင်နေသော ညီလေးတစ်ယောက်က သတိပေးသလိုပြောသည်။ ခေါင်းယမ်းပြလိုက်ရင်း စားပွဲပေါ်မှ ကျွန်တော့်ရဲ့ ဘီယာဘူးကလေးကို လှမ်းယူလိုက်မိ၏။ ဘီယာဘူးလေးမှာ အအေးဓာတ်များ လွင့်ပြယ်ကာ အနည်းငယ်မျှပင် ပူနွေးစပြုနေခဲ့လေပြီ....။ ။

===============================================
မည်သူ့ကိုမှ မရည်ရွယ်ခဲ့ပါ...။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါခင်ဗျ....။
===============================================

အရင်က ရေးခဲ့တဲ့ပိုစ့်အဟောင်းလေးပါ။ ဖွင့်မရဖြစ်နေတဲ့ ဘလောဂ့်လေးစမ်းရင်းနဲ့ ပြန်တင်လိုက်တာပါ။

ချစ်ခြင်းအားဖြင့်
ဏီလင်းညို

Thursday, February 28, 2013

အရင်တုန်းကအတိုင်း...

ဖေဖော်ဝါရီလကုန်ခါနီးပင်ရှိသေးသော်လည်း နွေဦးရာသီ၏သရုပ်အမှန်က ပိုမိုပီပြင်လာခဲ့ချေပြီ။ ရန်ကုန်မြို့တစ်ခုလုံး ပူပြင်းလှသော နေရောင်ခြည်အောက်တွင် ပူလောင်ကျွတ်ဆတ်ခဲ့ရလေပြီ။ ကြည့်လေ၊ မြင်လေရာ အားလုံးကလည်း ခြောက်သွေ့၊ ကြမ်းရှနေခဲ့ကြလေသယောင်ပင်။

ထို့ကြောင့် မနက်ဆယ်နာရီနောက်ပိုင်း နေ့လယ်၊ နေ့ခင်းများမှာ အကြောင်းကိစ္စ ထွေထွေထူးထူးမရှိပဲ အပြင်သို့ ကျွန်တော်မထွက် ရဲပါ။ နေပူခံရမှာ စိုးရိမ်မိတာက တစ်ကြောင်း၊ အခုထက်ထိ သိပ်အကင်းမသေနိုင်သေးသော ကျွန်တော့်ရောဂါဟောင်းကြောင့် တစ်ကြောင်းသာ ဖြစ်ပါသည်။

မနက်ဆယ်နာရီလောက်ကစပြီး ပူပြင်းတတ်သော နွေနေသည် ညနေငါးနာရီလောက်မှသာ အားပျော့သွားတတ်၏။ နေမ၀င်မီ ထိုအချိန်လေးများသည်သာ တကယ့်ကို စိတ်ချမ်းမြေ့စရာကောင်းလှပါသည်။

တစ်ရက်တွင် နေ့ခင်းပိုင်း မေ့ခနဲအိပ်ပျော်သွားရာမှ ပူလောင်စွာဖြင့် ကျွန်တော်နိုးထလာခဲ့သည်။ အချိန်က ညနေရောက်စပြုခဲ့ပြီ။ အိပ်ခန်းထဲမှထွက်ပြီး အိမ်ရှေ့မှ ၀ရန်တာလေးတွင် ကျွန်တော်ထွက်ထိုင်နေမိ၏။ ည နေစောင်းမို့ နွေလေရူးတို့က တသုန်သုန်ဖြင့် တိုက်ခတ်လျှက်  ရှိကြသည်။ ထို့ကြောင့် ကျွန်တော်တို့အိမ်ရှေ့ လမ်းမပေါ်မှ ပိတောက်ပင်နှင့် ခရေပင်များက လေယူရာနောက်သို့ လိုက်ပါယိမ်းနွဲ့နေခဲ့ကြရ၏။ လေတိုးသော အခါ သစ်ရွက်လေးတွေ လှုပ်ရှားသွားကြပုံများကို ထိုင်ငေးရင်း သစ်ရွက်များအား လေ တိုးသောအသံကို ကျွန်တော်နားစွင့်နေခဲ့မိသည်။

အိမ်ရှေ့လမ်းပေါ်မှာလည်း ဖြတ်သန်းသွားလာကြသူသိပ်မရှိလှသောကြောင့် ကျွန်တော့်ပတ်ဝန်းကျင်လေးက ထိုခဏအတွင်း ငြိမ်းချမ်းနေခဲ့ရတာ အမှန်ပင်။

သို့သော် တော်တော်ကြာကြာထိုင်နေခဲ့ရင်းမှ ကျွန်တော့်ပတ်ဝန်းကျင်၏ ထူးခြားမှုတစ်ခုကို ကျွန်တော့် မသိစိတ်ကရော၊ သိစိတ်က ပါ စ,တင်ခံစားမိလာတော့သည်။ အခြားတော့မဟုတ်ပါ။ နေ့စဉ်နှင့်အမျှ ကြားနေရ မြဲဖြစ်သော သီချင်းသံများကို ကျွန်တော်မကြား ရသောကြောင့်သာ ဖြစ်ပါသည်။

စကားမစပ်ပြောပြရမည်ဆိုလျှင် ကျွန်တော်တို့အိမ်၏ ပတ်ဝန်းကျင်တွင်ရှိသော အိမ်တော်တော်များများမှာ အင်မတန်မှ ဂီတကိုနှစ် ခြိုက်ခုံမင် မြတ်နိုးကြသောသူများဟု ဆိုလျှင်ရနိုင်ပါသည်။ နေ့စဉ်နှင့်အမျှပင် ဆောင်းဘောက်ကြီးများဖြင့် ကျယ်ကျယ်လောင်ေ လာင် ဖွင့်တတ်ကြသည်မှာ တစ်အိမ်မဟုတ်လျှင် တစ်အိမ်။ တစ်ခါ တစ်လေဆိုလျှင်တော့ နှစ်အိမ်ပြိုင်၊ သုံးအိမ်ပြိုင်ဖြင့် ရေကုန်ရေ ခမ်း အလျှော့မပေးစတမ်းပင် ဖွင့်တတ်ကြပါသေး၏။

သူတို့ဖွင့်ကြသော သီချင်းလေးများကို ကျွန်တော်နည်းနည်းပြောပြပါမည်။

ကျွန်တော်တို့ခေါင်းရင်းအိမ်ကတော့...

“ဒီမှာ တင်းတယ်၊ တင်းတယ်၊ တင်းတယ်၊ တင်းတယ်ဟေ့၊ လူမသိသူမသိ ငါ့မှာ တစ်ယောက်တည်း ကြိတ်ကာ”...ဆိုသော (ဘာအဓိပ္ပါယ်ဖော်ရမှန်းမသိသည့်) ‘အေသင်ချိုဆွေ’၏သီချင်းများကို ဖွင့်တတ်သလို၊ တစ်ခါ တစ်ခါကျတော့...

“ကောင်းလားအစ်ကို(ကောင်းတယ်)၊ ကောင်းလားအစ်ကို(ကောင်းတယ်)၊ ကောင်းရင် ကောင်းတယ်မှတ်....။ အိမ်ကွင်းလေးကွင်းလေးရိုးသွားရင်၊ အဝေးကွင်းဝေးကွင်းပြောင်း”ဟုဆိုသော သီချင်းများအား ဖွင့်နေတတ်ပါသေးသည်။ (ထိုသီချင်းအားလည်း ဘယ်လိုအဓိပ္ပါယ်ဖော်ရမည်ဆိုတာ ကျွန်တော်ဥာဏ်မမီပါ။)

နောက်ပြီး ဖွင့်တတ်သေးသည့် သီချင်းက... ကိုရီးယားဂဏန်းစတိုင်ဟု ဆိုကြသော...

“လူလို...စားပါဟဲ့... လူလို... စားပါဟဲ့”... ဆိုသည့်သီချင်းပင်။ (ထိုသီချင်းအား ကျွန်တော်ကြားမိသလို အသံထွက်ပြီး ရေးပြခြင်း သာ ဖြစ်၏။)

ကျွန်တော်တို့ခြေရင်းအိမ်ကတော့ နှစ်မျိုးစပ်ဖြစ်၏။ တစ်မျိုးမှာ စိုင်းဆိုင်မောဝ်ခရေဇီမို့...

 “ဒီခေါက်ဆွဲ၊ ကောင်းလွန်းလို့စားတာလား၊ ဆိုင်ရှင်လေးချောလွန်းလို့စားတာလား”ဆိုသော ရှမ်းခေါက်ဆွဲ သီချင်းနှင့်အတူ ရံဖန်ရန်ခါတွင်တော့ အင်္ဂလိပ်ကလေးအဆိုတော် ဂျက်စတင်ဘီဘား၏...

“ဘေးဘီ၊ ဘေးဘီ၊ ဘေးဘီအိုးဟေ့”...ဟူသော အင်္ဂလိပ် ဘေဘီဘိုက်တာ သီချင်းများကို ဖွင့်တတ်ပါ၏။ အဲ... ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်ခြံကတော့ တစ်မျိုး။

သူဖွင့်တာကကျတော့ အစုံဖြစ်၏။ ၀ိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်း၊ (စည်ပင်အမှိုက်သိမ်း)၊ ချမ်းချမ်း၊ (စီးစီး)၊ အိမ့်ချစ်၊ (ဆိုင့်ချစ်)၊ ရဲလေး၊ ဟဲလေး၊ (သရဲလေး)၊ ရှင်းရှင်း၊ လင်းလင်း၊ (ဘွင်းဘွင်း)၊ မျိုးကြီး၊ ဖြိုးကြီး၊ (သူခိုးကြီး)၊ နောနော်၊ (တောကျော်)၊ သအို၊ (အအို)၊ ဂျင်းနီ၊ (မိတ်ဿလင်နီ)၊ ဟန်ထွန်း၊ (ငန်ထွန်း)၊ ဥာဏ်လင်းအောင်၊ (ဥာဏ်တုံးမောင်)၊ အစရှိသည့် အဆိုတော်များနှင့် ကျန်သောအဆိုတော် အတော်များများ၏ သီချင်းများကို ထိုအိမ်ကောင်းမှုဖြင့် ကျွန်တော်မြည်းစမ်းခွင့်ရခဲ့၏။ (မှတ်ချက်- ကွင်းစ ကွင်းပိတ်ထဲမှ အဆို တော်နာမည်များမှာ နောင်လာလတ္တံ့လေသော ကာလတွင်ပေါ်ပေါက်လာမည့် အဆိုတော်များအတွက် ကျွန်ေ တ်ာကြိုတင်မှည့်ထားပေးသော နာမည်များဖြစ်ပါ၏။)

ထို့အပြင် slow rock, modern rock, heavy rock, pop, alter, punk, rap, r&b, hip- hop အစရှိသော ဂီတအမျိုးအစားအစုံ အပြင် အခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားလာနေသော twist ဆိုသည့် ဂီတအသစ်ကိုပင် ထိုအိမ်ကောင်းမှုအကြောင်းပြု လျှက် ကျွန်တော်သိခွင့်ရခဲ့ပါသေးသည်။ Twist ဆိုသည်မှာ (လူ ပြိန်းနည်းဖြင့် ကျွန်တော်တွေးသည့်အတိုင်းပြောပြရလျှင်) Rap စာသားများကို လျှာခလုတ်တိုက်လောက်စေ အောင် အမြန်ရွတ်ဆိုခြင်းသည်သာတည်း။ ဥပမာအနေဖြင့် ထိုအိမ်မှဖွင့်တတ် သည့် ဘော်ဘီဆော့ဆာဆိုသည့် အဆိုတော်အသစ်ကောင်မလေး၏ သီချင်းတစ်ပိုဒ်ကို ကျွန်တော်ရေးပြပါမည်။

“စွာ၊ စွာ၊ စွာ၊ စွာတေးလန်၊ ငါက ရပ်ကွက်ထဲက လူတွေအမြင်မှာ စွာတေးလန်၊
 စွာ၊ စွာ၊ စွာ၊ စွာတေးလန်၊ နှုတ်ခမ်းပေါ်မှာ မှဲ့နဲ့ကောင်မလေးက စွာတေးလန်”...ဟူ၍သာ။

(အထက်ပါ သီချင်းတစ်ပိုဒ်အား အမြန်ဆုံးသောလေသံဖြင့် စာဖတ်သူမောင်နှမများ ရွတ်ဆိုကြည့်ပါလေ။ ဤကား ကျွန်တော်ခံစား မိသော Twist ဆိုသော ဂီတပုံစံပင်တည်း။)

ဆက်ပြောပြပါဦးမည်။ ထိုအရှေ့အိမ်က ထိုကဲ့သို့ ဂီတပဒေသာမျိုးစုံဖြင့် ပတ်ဝန်းကျင်အား ဖျော်ဖြေတတ်သလို သူ့ခြေရင်းအိမ် (ကျွန်တော်တို့အိမ်နှင့် ဘယ်ဘက်မျက်စောင်းထိုးအိမ်ကလည်း) ပြောရမယ်ဆိုရင် မခေလှပါ။ သူလည်း ဆောင်းဘောက်စ်အကြီး ကြီးဖြင့် ဖျော်ဖြေတတ်ပါသေးသည်။

 သို့သော် သူတို့မှာ လူမျိုးခြားများဖြစ်တာကြောင့် ဖွင့်တတ်သည့်သီချင်းများက....

“သွန်မားချာရေး၊ သွန်မားချာရေး... ဘွန်း..ဘွန်း”...ဟူ၍သာ။ တစ်ခါတစ်ခါဖြင့် ကျွန်တော့်မှာ အိန္ဒိယရုပ်ရှင်များထဲမှ ချက်ပေါ်သော အ၀တ်အစားလေးများဖြင့် မင်းသမီးလေးများအား မျက်စိထဲ မြင်ယောင်လာရမိသည့် အထိပင်။

ထိုအိမ်အားလုံးမှဖွင့်သော သီချင်းသံများမှာ အကျယ်ကြီးတွေမို့ အိပ်ယာထဲမှနေပြီး ဇိမ်နှင့်ပင် နားဆင်ခံစား နိုင်ပါသည်။ သို့သော် အခုတော့ဖြင့် ကျွန်တော့်ပတ်ဝန်းကျင်လေးမှာ ထိုသီချင်းသံများ တိတ်ဆိတ်လျှက် ရှိနေခဲ့ကြ၏။ သီချင်းသံများအား ခါတိုင်းလို မကြားရသေးတာမို့ ကျွန်တော့်စိတ်ထဲမှာ တကယ်ပင် ထူးထူးဆန်းဆန်း ခံစားလာရပါသည်။ သို့သော် တောင့်တနေတာလားဆိုေ တာ့လည်း မဟုတ်ပါ။ (ကျွန်တော့်ရော ဂါအခြေအနေအရ) ဆူညံလွန်းသော အသံများကို သိပ်မခံစားနိုင်သေးတာမို့ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ဒီအခြေအနေလေးကိုပင် ကျွန်တော့်မှာ မက်မက်မောမောရှိနေရပါသည်။ (အခုနောက်ပိုင်း လူစည်ကားလွန်းေ သာ နေရာများကိုတောင် ကျွန်တော်သိပ်မသွားဖြစ်တော့တာ ကြာခဲ့ပြီ။)

နွေရာသီမှာပူအိုက်ရသည့်အထဲ ထိုကဲ့သို့ဆူညံသံများနှင့်ဆိုတော့ ပြောရမယ်ဆိုလျှင် ကျွန်တော်မခံစားနိုင်ပါ။ သို့သော် ကျွန်တော့် အဖြစ်က အပြင်ထွက်တော့လည်း နေပူ၊ အိမ်မှာနေတော့လည်း နားပူဆိုသလိုမျိုး။

ထို့ကြောင့် ဒီအခြေအနေလေးအား ပျက်စီးသွားစေရန် ဘယ်အိမ်ကမှ သီချင်းထ,မဖွင့်ပါစေနှင့်ဟု ကျွန်တော် တိတ်တိတ်လေး ဆုတောင်းနေလိုက်မိ၏။ ပြီးတော့လည်း တွေးမိသေးသည်။ အဲ့ဒီအိမ်ကလူတွေ ခရီးတွေ ဘာတွေသွား၊ ဘုရားဖူးတွေဘာတွေ ထွက်သွားကြပြီလား...ဟူ၍ပင်။

ထိုင်ကောင်းကောင်းနှင့် ထိုင်နေခဲ့ရင်း ညနေငါးနာရီခွဲလောက်တွင် ကျွန်တော်ကော်ဖီသောက်ချင်လာမိ၏။ ထို့ကြောင့် ကော်ဖီဖျော် ရန် အိမ်အတွင်းသို့ဝင်ခဲ့လိုက်သည်။ ပြီးမှ ကော်ဖီတစ်ခွက်နှင့် ၀ရန်တာတွင် ပြန်ထိုင်ကာ နွေရာသီ ညနေချမ်းကို ပြန်လည်ခံစားေ တာ့မည်။

အိမ်ထဲသို့အ၀င် ဧည့်ခန်းဝနားရောက်တော့ မှန်ကန်ထဲမှ ကျွန်တော်မွေးထားသော ရွှေငါးလေးများက ရေပေါ်သို့တက်လျှက် ပါးစပ်လေးတွေ ဟ,စိ၊ ဟ,စိ လုပ်နေကြ၏။ ခါတိုင်းဆို သူတို့ရှိရာ ကန်အနားသို့ ကျွန်တော် သွားတိုင်း အစာတောင်းတတ်ကြစမြဲမို့ အစာတောင်းသည်ထင်ပြီး ဘူးထဲမှ ငါးစာအလုံးလေးများကိုယူကာ နည်းနည်းပစ်ချပေးလိုက်၏။ ငါးကလေးများက စား၏။ သို့သော် ရေအောက်သို့ပြန်မငုပ်သွားကြ။

ထို့ကြောင့် ကန်ထဲသို့ ကျွန်တော်သေချာကြည့်မိ၏။ ကန်ထဲမှာ ငါးကလေးတွေအတွက် ကျွန်တော်တပ်ပေးထားသော ရေသန့်စင် ရင်း၊ အောက်ဆီဂျင်လွှတ်ပေးသည့်စက်ကလေးမှာ အလုပ်မလုပ်တော့။ ဒါကြောင့်မို့ ငါးကလေးများ ရေပေါ်တက်နေကြခြင်း ဖြစ်ေ လ၏။

အောက်ဆီဂျင်စက်ကလေး၏ ပလပ်ပေါက်နေရာကို ကျွန်တော်စစ်ကြည့်တော့ အကောင်းပကတိ၊ မီးခလုပ်ကလည်း ဖွင့်လျှက်သား။ ထို့ကြောင့် ဧည့်ခန်းမှာ ထိုင်နေသော အဖေ့ကို ကျွန်တော်လှမ်းမေးမိ၏။

“မီးပြတ်သွားတာလားရယ်ဗျ”

“အေးကွ၊ နေ့ခင်းကတည်းက ပြတ်နေတာရယ်။ ဘယ်အချိန် ပြန်လာမလဲမသိဘူး။ အခု ဟိုး...အရင်တုန်းက အတိုင်း အလှည့်ကျ မီးပေးစံနစ်ကို ပြန်စ,တော့မယ်ဆိုလားမသိဘူး၊ အဖေကြားမိသလိုပဲကွ”...

“ကောင်းတယ်။ အဲ့သလို မီးပြတ်နေမှ ညညဆိုရင် ညဥ့်နက်သန်းခေါင်အထိ သူ့ကွန်ပျူတာအစုတ်လေးဖွင့်ပြီး ဒင်းစာတွေ တခြောက်ခြောက်နဲ့ ရေးလို့မရတော့မှာ။ ဘယ့်နှယ်တော်... ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မယ် မရှိဘူး။ နားနားနေနေမနေပဲ အားအားရှိ တဆွဆွနဲ့ရေးချင်နေတဲ့ကိုယ်တော်၊ ဘယ့်နှယ့်လဲ မှတ်ပလား ဟဲ့”

အဖေ့ဘေးနားမှာ ထိုင်နေသော အမေက ကျွန်တော့်ကို ခပ်ငေါ့ငေါ့ပြောရင်း ပြုံး၏။ အဖေက အမေ့စကားကို သဘောကျသလိုဖြင့် ပြုံး၏။ ကျွန်တော်လည်း ပြုံးမိ၏။

ကျွန်တော်ပြုံးတာက အခြားကြောင့်တော့ မဟုတ်။ တကယ်လို့များ အလှည့်ကျမီးပေးစံနစ်ကိုပြန်ပြီး ကျင့်သုံးပါက ကျွန်တော် မကြားချင်သော ဆူညံသည့်သီချင်းသံများကို ခါတိုင်းလို နေကုန်နေခမ်းကြားနေရမှာ မဟုတ်တော့သောကြောင့်ပင်တည်း။ ဒါကြောင့် စောစောတုန်း ဟိုအိမ်တွေ အသံတိတ်နေကြတာကိုး...ဟူ၍လည်း တွေးလိုက်မိသည်။

စာရေးတာကတော့ ကျွန်တော့်အတွက် ပြဿနာမရှိလှပါ။ ယနေ့အထိတိုင် ပြန်မပြော၊ နားမထောင်ပဲ အေးအေးလေးနှင့် ကိုယ်လုပ် ချင်ရာကို မဖြစ်ဖြစ်တဲ့နည်းဖြင့် လုပ်တတ်သော ကျွန်တော့်အကျင့်အတိုင်း“ကွန်ပျူတာနဲ့ ရေးလို့မရလည်း ဗလာစာအုပ်ထဲမှာ ဘော ပင်နဲ့ရေးမှာပေါ့ဗျာ”...ဟု စိတ်ထဲမှနေ အမေ့ကိုပြန်ပြောရင်း အိမ်နောက်ဖေးသို့ ကျွန်တော်ဝင်ခဲ့လိုက်ပါတော့သည်။

~~~~~@@@~~~~~

ကော်ဖီဖျော်ရင်း ကျွန်တော့်ထုံးစံအတိုင်း အငြိမ်မနေနိုင်ပဲ ရှည်ရှည်ဝေးဝေး တွေးမိပြန်၏။ အခု ပြန်ဖြစ်မည်ထင်ရသော (မသေချာသေးသော) အလှည့်ကျ မီးပေးစံနစ်အပေါ် ကျွန်တော်တို့မိသားစုက ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေနိုင်ကြေ သ်ာလည်း အခြားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် လူများကရော... ဟူ၍သာ။

ထိုခဏ စောစောက အဖေပြောလိုက်သော စကားလေးကို ပြန်လည်ကြားယောင်လာမိ၏။ ကျွန်တော့် နှုတ်ခမ်းတွေ ခပ်တွန့်တွန့် ပြုံးဖြစ်သွားသည်။ ဘာတဲ့...

“အရင်တုန်းက အတိုင်းပဲ”... ဆိုလား။           

~~~~~@@@~~~~~

------------------------------------------------------------------------------------------------------------------------------
မှတ်ချက်- ဒီစာလေးတောင်မှ မနက်တုန်းကတည်းက မီးပြတ်သွားလို့ ပြန်လာတဲ့အချိန်လေး ကောက်တင်လိုက်ရတာပါခင်ဗျာ.... :D
--------------------------------------------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်....
~ဏီလင်းညို~
၂၈၊ ၀၂၊ ၂၀၁၃။
နံနက်(၀၀း ၄၃)နာရီ။
(ရန်ကုန်- မြန်မာပြည်)
(အရင်တုန်းကအတိုင်း)

Sunday, February 24, 2013

နွေညည်းချင်း..





နှင်းစက်လေးတွေ...
လင်းလက်မယ်ကြံရုံရှိသေး...
မင်း...အပြေးရောက်ခဲ့ပြီပေါ့... နွေ...။

မင်းလာရာလမ်းတစ်လျှောက်...
ရွက်ခြောက်တွေက ကြိုလင့်ကြသလို..
ရွက်သစ်တွေကလည်း ပျိုမျစ်ကြသတဲ့လား...?
ကိုယ် မသိချင်ပါဘူး... နွေ...။

ဥသြငှက်လေးတွေ... တေးဆိုတဲ့နွေ...
ကျောင်းတံခါးပိတ်လို့ ချစ်သူတွေ ဝေးတဲ့နွေ...
ရှေးရှေးက စာဆိုကြီးတွေ ကဗျာသီခဲ့ကြတဲ့နွေ...
“ရိုးတံကျဲကျဲ... ပင်အိုတို့ အလှချင်းဖွဲ့ပြိုင်”...ရယ်လို့ ဖွဲ့နွဲ့သီဆိုခဲ့ကြတဲ့နွေ...
သြော်... နွေ... နွေ... နွေ။

ဘာတွေပဲ ဖြစ်ဖြစ်
ဘယ်သူတွေ ချစ်ချစ်
ဘယ်သူတွေ လွမ်းလွမ်း...
ဘယ်သူတွေ စွမ်းစွမ်းတမံ သရုပ်ဖော်ကြစမ်းပါစေ...
ကိုယ်ကတော့....
မင်းလာပြီဆိုရင်...
ပူလောင်ခြင်း လက်တံတွေနဲ့ကုတ်ခြစ်ကြလို့...
နေ့ဘက်ဆို ချွေးထွက်၊ ပျာလောင်ခတ်...
ညဘက်ဆို... အအိပ်ပျက်၊ အနေခက်လှသမို့...
တစ်ခွန်းတည်းပဲ ပြောလိုက်ချင်တယ်...
မုန်း... လိုက်... တာ... နွေ... ရယ်...။              

--------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
~ဏီလင်းညို~
၂၅၊ ၀၂၊ ၂၀၁၃
တနင်္လာနေ့
နံနက်(၀၀း ၂၉)
(ရန်ကုန်- မြန်မာပြည်)
နွေညည်းချင်း

Thursday, January 10, 2013

ချာလီနှင့် ဒေစီ



ကျွန်တော်တို့အိမ်တွင် အိမ်ပေါက်ကြောင်လေးနှစ်ကောင်ရှိ၏။ အိမ်မှာပေါက်သော်လည်း သူတို့၏မိခင်ကြောင်မကြီးက ကျွန်တော်တို့အိမ်ကမဟုတ်။ ခြေရင်းအိမ်ကဖြစ်၏။ ကလေးများနို့ခွဲပြီးတော့ ကြောင်မကြီးက ဘေးအိမ် သို့ပြန်သွားကာ ကလေးနှစ်ကောင်အား ကျွန်တော်တို့အိမ်မှာ စိတ်ချလက်ချ ထားရစ်ခဲ့၏။ ကလေးများကလည်း သူတို့အမေနောက်မလိုက်သွားကြ။ ကျွန်တော်တို့အိမ်မှာသာ ပျော်ကျန်နေရစ်ခဲ့ကြသည်။

ကြောင်ကလေးနှစ်ကောင်မှာ အထီးလေးတစ်ကောင်၊ အမလေးတစ်ကောင်ဖြစ်၏။ အိမ်မှာမွေးသောကြောင်လေးများမို့ ကျွန်တော်တို့တစ်အိမ်လုံးက သည်းသည်းလှုပ်ချစ်ကြသည်။ နာမည်ပေးဖြစ်သောအခါ ကျွန်တော်က လသားအရွယ် အထီးလေးအား “ချာလီ”၊ အမလေးအား “ဒေစီ”...ဟု ပေးဖြစ်ခဲ့၏။

ချာလီသည် တစ်ကိုယ်လုံးဖြူဖွေးကာ နားရွက်အောက်ခြေနားတွင် အနက်ရောင်အကွက်လေး ဟိုဘက်ဒီဘက် တစ်ကွက်စီနှင့်မို့ ကြည့်လိုက်လျှင် ပန်ဒါဝက်ဝံလေးနှင့်တူလှ၏။ ၀မ်းဗိုက်ဘေးတွင် အနက်ရောင်အကွက်အသေးလေးတစ်ကွက်ပါသေး၏။ သို့သော် အမြီးလေးကတော့ အမည်းရောင်။

ဒေစီကတော့ သုံးရောင်စပ်ကြောင်မလေးဖြစ်၏။ ၀မ်းဗိုက်နှင့် ဘေးဘက်၊ ခြေထောက်အားလုံးဖြူသော်လည်း မျက်နှာနှင့် ကိုယ်လုံးပေါ်မှာ အနက်နှင့် အုန်းခွံရောင်ကွက်ကျားလေးဖြစ်သည်။ အမြီးလေးကလည်း သုံးရောင်စပ်။

ကြောင်ကလေးများ လသားအရွယ်တွင် ညအိပ်ချိန်နောက်အကျဆုံးဖြစ်သော ကျွန်တော်က ကြောင်ကလေးများအား အခြားအိမ်မှ ကြောင်ကြီးများ လာမကိုက်စေရန် ကင်းစောင့်ရ၏။ ပြီးလျှင် ကျွန်တော့်အခန်းခြေရင်းမှ ကတ်ထူ စက္ကူပုံးထဲမှာ သေချာထားသိပ်ရ၏။ နည်းနည်းလရင့်လာတော့ ကတ်ထူစက္ကူဘူးကို တိုးမထွက်နိုင်စေရန် အ ပေါ်မှ လေးပင်သောအရာတစ်ခုဖိထားပြီး သိပ်ရသည်။ သူတို့အစာစားတတ်ခါစ,အရွယ်ရောက်တော့ ကျွန်တော် စားသမျှအားလုံးသည် သူတို့တစ်ဝက် ကျွန်တော်တစ်ဝက်ချည်းသာ။

ဒါကို အမေကမကြိုက်။ ထို့ကြောင့် သူ့ရှေ့တွင် ကျွန်တော်မကျွေး။ စကားမစပ်ပြောရလျှင် ကျွန်တော်ထမင်းစားလျှင် တစ်ယောက်တည်းသာ အခန်းထဲမှာ စားတတ်၏။ ထို့ကြောင့် အမေမမြင်သော ကျွန်တော့်အခန်းထဲမှာ  ကျွန်တော် ထမင်းစားပြီဆိုလျှင် သူတို့တွေက အငမ်းမရ။ သို့ပေမယ့် အသားသိပ်မစားသော ကျွန်တော်က များသောအားဖြင့် ဆီပြန်ဟင်းများနှင့် မစားချင်လျှင်၊ လက်ဖက်သုပ်နှင့်ထမင်း၊ ထမင်းကိုဆီနှင့်နယ်ကာ မြေပဲကြော် နှင့် စားချင်စားတတ်၏။ ထိုအခါမျိုးတွင်တော့ ချာလီတို့မောင်နှမနှစ်ယောက်စားဖို့ မီးဖိုချောင်မှ ပုဇွန်ခြောက်ပုလင်းကို အမေမသိအောင်ဖွင့်ကာ နှိုက်ယူပြီး သူတို့ကို ကျွေးရတတ်မြဲ။

ဒီလိုနှင့် ကြောင်ကလေးနှစ်ကောင် ကြီးလာကြတော့ သူတို့ရဲ့မတူညီသော၊ ထူးခြားသော စရိုက်များအား ကျွန်တော်တွေ့လာရပါသည်။

ချာလီသည် ရုပ်ကလေးနှင့်လိုက်အောင် (အထီးလေးတန်မဲ့) ချစ်စရာကောင်းစွာဖြင့် တစ်အိမ်လုံးမှ လူများကို အသံမျိုးစုံဖြင့် ချွဲတတ်၏။ ခေါ်မကျွေးပဲနှင့်လည်း တောင်းစားတတ်၏။ သူ့ကို လူတွေချစ်အောင် နည်းမျိုးစုံဖြင့် ဆွဲ ဆောင်တတ်၏။ ကျွန်တော့် အစ်မနှင့် အမေကိုတစ်မျိုး၊ ကျွန်တော့်အစ်ကိုပြန်လာလျှင် အူယားဖားယားပြေးကြိုကာ အသံစုံမြည်ဟည်းတတ်သည်က တစ်သွယ်၊ ကျွန်တော့်အဖေကို ထမင်းစားချိန်တိုင်း အောက်ကနေ သနားကမားမျှော်ကြည့်ကာ အသံပြုတောင်းတတ်သည်က တစ်ဖုံဖြင့် တစ်အိမ်လုံး၏အချစ်ကို အပိုင်သိမ်းလေ၏။

ကျွန်တော်နှင့်ဆိုပိုဆိုး၏။ ကျွန်တော်အပြင်ကပြန်လာလျှင် ကျွန်တော့်အခန်းထဲက စာအုပ်စင်နားမှာ သူကခွေပြီး စောင့်နေတတ်သည်။ ကျွန်တော်ဝင်လာတာကို မြင်လျှင် မျက်လုံးလေးလှန်ကြည့်မည်။ ပြီးလျှင် မသိချင်ယောင် ဆောင်ကာ မျက်လုံး ပြန်မှိတ်သွားမည်။ ထိုအခါ ကျွန်တော်က သူ့အနားသွားကာ ထိုင်ချပြီး သူ့ခေါင်းလေးအား လက်ဖြင့်ပွတ်ရင်း...

“ချာလီလေး၊ သားလေး၊ ဘာလုပ်နေတာလဲ”.. ဟုမေးမှ သူက မျက်လုံးလေးကိုဖွင့်၊ သူ့ကိုယ်လေးကို တွန့်လိမ်ခွေ ခေါက်ပျင်းကြောဆန့်ပြီး ခေါင်းလေးကို ပက်လက်လှန်လှည့်၊ လည်ပင်းလေးလိမ်ကာ.. “ညောင်”...ဟု ညုတုတု အသံဖြင့် ပြန်ထူးတတ်သည်။ ကျွန်တော်က ဆက်ပြီး...

“သား... ထမင်းစားပြီးပြီလား”
“ညောင်”
“ငါးပြုတ်နဲ့စားတာလား၊ ကြောင်စာနဲ့ စားတာလား”
“ညောင်”
“ဒီနေ့ ဘယ်တွေ လျှောက်သွားသေးလဲ”
“ညောင်”
“ဒေစီရော...၊ ညီမလေးရော ဘယ်မှာလဲ”
“ညောင်”
ကျွန်တော့်မေးခွန်းများအား သူနားလည်လား၊ နားမလည်လားတော့ မပြောတတ်။ အထက်ပါအတိုင်း ကျွန်တော် တစ်ခွန်းမေးလျှင် သူက တစ်ခွန်းပြန်ပြီး ချွဲနွဲ့သံဖြင့် “ညောင်”တာကတော့ သဘောကျစရာပင်။ အဲ... မေးတာ အရစ်ရှည်သွား၍ တော်တော်များသွား လျှင်တော့ သူက “ညောင့်”ဟု (စိတ်မရှည်သလို) သံပြတ်ဖြင့် ထူးတတ်ပြန်ပါသေးသည်။

ဒါတင်မကသေးပါ။ ကျွန်တော်က မမေ့မလျှော့စွာဖြင့် သူ့အား...

“လာပါဦး သားလေးရယ်၊ ဒက်ဒီတစ်ခါလောက်ချီရအောင်”...ဟုဆိုကာ သူ့ကိုဆွဲထူလျှင် ပျော့ခွေစွာ လက်ထဲပါလာတတ်၏။ ကျွန်တော့်ပခုံးပေါ်မှာ သူ့ကိုတင်ပြီး ကလေးချော့သလို သူ့ကျောလေးအား ပွတ်ပေးလျှင် သူက ပါးစပ်မှ ညည်းသံ တဟင့်ဟင့် လုပ်တတ်သေးပြန်သည်။ ခဏချီပြီး ပြန်ချလိုက်တော့မှ သူလိုရာ ထွက်သွားတတ်ပါသည်။ မချီလျှင် စိတ်ကောက်ကာ ခေါ်တိုင်းမ လာတော့။ ပေကတ်ကတ်လုပ်နေတတ်တာမို့ပင်။ ညပိုင်း အိပ်လျှင် စောစောက ကျွန်တော်ပြောပြခဲ့သော နေရာလေးမှာသာ အိပ် တတ်၏။ တစ်ခါတစ်လေ ညဥ့်နက်သည့်အထိ ကျွန်တော်မအိပ်သေးပဲ စာရေးနေသည်ဖြစ်စေ၊ ရုပ်ရှင်ကြည့်နေသည်ဖြစ်စေ၊ သူ အိပ်နေရာမှ ထ,ထ၍ ကြည့်တတ်၏။ မအိပ်သေးဘူးလားကွ... ဆိုသည့် သဘောများလားဟု တစ်ခါတစ်လေ ကျွန်တော် ခပ်ရူး ရူးတွေးမိတတ်ပါသည်။

ထိုကဲ့သို့သော ချာလီအား ကျွန်တော်အပါအ၀င် တစ်အိမ်လုံးက ၀ိုင်းချစ်ကြတာ မဆန်းပါ။ တွေ့သောသူတိုင်းက ကျွေးချင်ကြတာမို့ သူ့မှာ ခဏခဏစားရတတ်၏။

သို့သော် ဒေစီကတော့ ချာလီနှင့် ဆန့်ကျင်ဘက်။ နည်းနည်းကြီးလာသည့် အရွယ်မှစပြီး အခုအချိန်အထိ မနက် ခြောက်နာရီ၊ နေ့ လယ် ဆယ့်တစ်နာရီခွဲ၊ ည ခုနှစ်နာရီ ပုံမှန် သုံးနပ်စာကို စိတ်ရှည်လက်ရှည်စောင့်ကျွေးသော ကျွန်တော့်အဖေကိုသာ ခင်တွယ် တော့၏။ ကျွန်တော်အပါအ၀င် ကျန်အိမ်သားအားလုံးနှင့် ခပ်မှန်မှန်ပင်နေတတ်၏။ ကျွန်တော့်အဖေပေါင်ပေါ်မှာသာ သူစိတ်လိုလက်ရ တက်ထိုင်တတ်သည်။ ကျန်သူ ဘယ်လူမှ သူမအားခေါ်၍ မရ။ လက်ဖြင့်ဖမ်းကာ ပေါင်ပေါ်တင်ထားလည်း ခဏသာ။ ပြီးလျှင် ဆင်းသွားတတ်သည်။ ဘယ်သူ့ကိုမှလည်း အ သံသေးအသံကြောင်ဖြင့် မျက်နှာချိုမသွေး။ ကျွေးလျှင်စားမယ်၊ မကျွေးလျှင် မစားဘူးဆိုသော ရုပ်မျိုး။ ပွတ်သီး ပွတ်သပ်လည်း မလုပ်။ သူ့ဟာသူ အေးအေးဆေးဆေး နေတတ်၏။ ခေါ်ကျွေး လျှင်လည်း လာချင်မှလာ၏။ လာပြန်လျှင်လည်း မကြိုက်သောအရာဆို မစားပဲ လှည့်ထွက်သွား၏။ ကြိုက်တဲ့ဟာဆိုလျှင်တော့ စား၏။ ဒါ တောင်မှ အငမ်းမရ စားတာမဟုတ်။ ပတ်ဝန်းကျင်ကို ခဏကြည့်ပြီး အခြေအနေကို အကဲခတ်သလို ငြိမ်နေပြီး မှ အေးအေးဆေးဆေး စားတတ်တာဖြစ်သည်။ သူ့ကို ခေါ်မကျွေးပဲ တောင်းသော ချာလီ့ကိုသာ ကျွေးနေလျှင်လည်း သတ္တ၀ါပီပီ ရောကောသောကောဖြင့် အနားသို့လာပြီး ချာလီနှင့်ရောကာ မစားတတ်။ အဝေးမှသာ ခပ်တည်တည်နှင့် လှမ်းကြည့်နေ တတ်သည်။ ကျွန်တော်က မနေနိုင်၍...

“ဒေစီ... သမီးလေး၊ လာ”... ဟုဆိုမှ အနားသို့လာကာ သူမအတွက်သပ်သပ်ချကျွေးသော အစာကို စားတတ်ပါ သည်။ ထို့ကြောင့် ဒေစီသည် ချာလီ့လောက်မစားရဟု ကျွန်တော်ထင်မိ၏။ ဟုတ်သည်၊ ချာလီက ချွဲနွဲ့ပြီး တောင်း စားတတ်သလောက်၊ ဒေ စီကတော့ ခပ်တည်တည်၊ ခပ်မှန်မှန် နေတတ်တာမို့ပင်ဖြစ်လေသည်။ ပြီးတော့ ဒေစီ သည် ချာလီ့လောက် မချွဲနွဲ့တတ်၍ တစ်အိမ်လုံးတွင် ကျွန်တော့်အဖေမှလွဲပြီး ကျန်သောသူများ၏အချစ်ကို မရဟု ကျွန်တော်ထင်မိပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုမကပ်လေသော ဒေစီ့ကို ချာလီ့လောက်မချစ်မိပါ။ ပြောရလျှင် ငိုတတ်သောကလေး နို့ပိုစို့ရသည်ဟူသော စကားပုံအတိုင်းပင် ဖြစ်မည်ထင်ရ၏။

တစ်ရက်... အိမ်ရှေ့ဧည့်ခန်းတွင် မိသားစုစုံ၍ ၀ိုင်းထိုင်စကားပြောနေကြစဉ်... ချာလီနှင့် ဒေစီတို့ အနားရောက် လာကြ၏။ ချာလီကတော့ ထုံးစံအတိုင်း လူအကုန်ကို လိုက်ပွတ်သပ် ချွဲနွဲ့နေသလောက် ဒေစီကတော့ ခပ်တည် တည်ပင် ကျွန်တော့်အဖေနား ထိုင်နေခဲ့လေ၏။ ဒါကို ခေါ်တိုင်းမရလေသော ကျွန်တော်က အမြင်ကတ်စွာဖြင့် ဒေ စီ့အားကြည့်ကာ...

“နင်ကြပ်ကြပ် သတိထားနေနော်... သမီးလေး။ ဘာလဲ ... ကြောင်ဖြစ်ပြီးတော့ သူကခေါ်ရင် မလာချင်ဘူး။ ငါ့အ ဖေမရှိတဲ့ အချိန်ကျမှ နင့်ကို တုတ်နဲ့နာနာနှက်ပစ်မယ်။ ဘာမှတ်နေသလဲ”...ဟု ဟောက်လိုက်မိ၏။ ဒါကို ဒေစီက ခပ်တည်တည်ပင် မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ကြည့်ရင်း “ညောင်”...ဟု ပြန်အော်လေတော့၏။ သူမကိုပြောတိုင်း တော်ရုံတန်ရုံ ပြန်မတုန့်ပြန်တတ်ပဲ အခုတစ်ခါမှ ထူးထူးခြားခြား တုန့်ပြန်လိုက်သော ဒေစီ့ ကြောင့် တစ်အိမ်လုံး အံ့သြသင့်စွာ ရယ်မောကြလေတော့သည်။ အမေကရယ်ရင်း...

“ဟုတ်တယ်... ပြန်ပြောလိုက်သမီးလေး၊ အဲ့ဒါ ဘယ်သူနဲ့မှ တူတာမဟုတ်ဘူး။ ဒယ်ဒီလေးနဲ့ တူတာလို့”
“ဟာ... အမေကလဲ၊ ကျွန်တော်နဲ့ ဒေစီက ဘာတူလို့တုန်း”
ခပ်ညစ်ညစ်လေသံနဲ့ ကျွန်တော် စောဒကတက်မိတော့ အမေက မချိုမချဉ်ပြုံးရင်း ကျွန်တော့်ကိုကြည့်ပြီး ပြော၏။

“တူပြီလားသားရယ်။ မင်းလည်း ကျွေးတိုင်းမစားဘူး။ မင်းကြိုက်မှ စားတယ်။ တွေ့တဲ့လူတိုင်းကို ပုံမှန်ပဲဆက်ဆံတယ်။ မင်းစိတ်ထဲက တကယ်ခင်တဲ့လူကိုကျမှ မင်းစကားအများကြီးပြောတယ်။ ခေါ်တိုင်းလည်း မသွားချင်တတ် ပြန်ဘူး။ မင်းသွားသင့်တယ်ထင်မှ မင်းသွားတယ်။ များသောအားဖြင့် မင်းသဘောကျတာကိုပဲ မင်းလုပ်တယ်။ သူများခိုင်းတိုင်းမှာ မလုပ်ချင်ဘူး။ သီးသန့်ဆန်ဆန် သိုသိုသိပ်သိပ်နေချင်တယ်။ လူစုလူဝေးတွေကို မကြိုက်ဘူး။ အမြဲ မြုံစိစိနဲ့ နေချင်တယ်။ ကဲ... အဲ့ဒါတွေက ဒေစီနဲ့ မတူလို့ ဘယ်သူနဲ့ သွားတူသတုန်းသားရဲ့။ အမေတို့မိသားစုထဲမှာ အဲ့ဒီလိုနေတာ မင်းတစ်ယောက်ပဲရှိတာလေ...။ အခုတော့ မင်းနဲ့တူတဲ့ဒေစီ ရှိနေခဲ့ပြီပေါ့”...

အမေ့စကားတွေက ချက်နဲ့လက်နဲ့မို့ ကျွန်တော်အသာငြိမ်နေလိုက်မိသည်။ ဟုတ်တော့လည်း ဟုတ်နေတော့တာပဲကိုး။ ပြီးတော့ ဒီအသက်အရွယ်ရောက်နေပေမယ့် သူ့မျက်စိအောက်မှာပဲ ရှိနေသေးတဲ့ အငယ်ဆုံးသား ကျွန်တော့်ရဲ့စိတ်ကို အမေကျက်မိနေတာ မဆန်းလှသော ဖြစ်ရပ်တစ်ခု။

သို့သော်... ကျွန်တော်ကတော့ ဒေစီနှင့် နှိုင်းခံလိုက်ရ၍ စိတ်ထဲမှာ အောင့်သက်သက်နိုင်သွားရတာ အမှန်ပင်။ မ ကျေမချမ်းဖြင့် ဒေစီ့ကို လှမ်းကြည့်လိုက်တော့ သူမက အဖေ့အနားမှာ ၀ပ်လျှက် မျက်လုံးလေးမှိတ်နေခဲ့တာ တွေ့လိုက်ရ၏။ ချာလီကတော့ အားလုံးကို ပတ်ချွဲပြီးသွားသည်မို့ သူ့တာဝန်ကျေသွားပြီးသည့်အလား အိမ်အောက်သို့ ဆင်းသွားခဲ့လေပြီ။    

========================================================================

ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~
၁၁၊ ၀၁၊ ၂၀၁၃
နံနက် (၂း ၀၃) နာရီ
သောကြာနေ့။
ရန်ကုန် - မြန်မာပြည်
(ချာလီနှင့် ဒေစီ)


  

Friday, December 14, 2012

အကယ်ဒမီ သံစဉ်လှိုင်း


ထိုနေ့က ၂၃ရက်နေ့ညနေပိုင်းဖြစ်ပါသည်။ 

~~~~~@@@~~~~~

မြန်မာပြည်ပြန်ရောက်ပြီးကတည်းက သူဇိမ်ကျကျနေမိသည်။ တစ်နေ့တစ်နေ့ စာအုပ်လေးဖတ်လိုက်၊ အိမ်ပေါ်မှဆင်းပြီး စားချင်သောအရာများလိုက်ဝယ်စားလိုက်၊  ချောင်ကျကျလမ်းဘေးလက်ဖက်ရည်ဆိုင် လေးများတွင် တစ်ယောက်တည်းသွားထိုင်ရင်း ဟိုငေးဒီငေး၊ ဟိုဒီတွေးလုပ်နေလိုက်၊ ရံဖန်ရံခါတွင်မူ အင် တာနက်ဆိုင်များသို့သွားကာ မေးလ်ကိုဇောချွေးအထပ်ထပ်ပြန်အောင် ဖွင့်ကြည့်လိုက်၊ ကိုယ့်ဘလော့ဂ်ဖြစ် သော ဏီလင်းညို ဒေါ့ကွမ်းကို ဖွင့်ကြည့်လိုက်၊ နေ့လယ်နေ့ခင်း အိမ်တွင်တစ်ရေးတစ်မောအိပ်လိုက် စသဖြင့်။

အိမ်မှနုတ်ဘွတ် (ခ်)အစုတ်လေးထဲတွင် စာအချို့ရေးဖြစ်သော်လည်း တင်ဖို့ခက်ခဲတာမို့ဘလော့ဂ်ပေါ်တင်ဖို့ စိတ်သိပ်မပါလှ။ ဒီကြားထဲ ပြည်ပမှ ပြန်လာသော သူငယ်ချင်းတစ်ယောက် စပွန်ဆာလုပ်၍ ကျိုက်ထီးရိုးကို နှစ်ညအိပ် သုံးရက်ခရီးသွားလိုက်သေးသည်။

ထိုညနေခင်းတွင် စာဖတ်ရင်းညနေသုံးနာရီလောက်တွင် သူမှေးခနဲအိပ်ပျော်သွားသည်။ သူပြန်နိုးသောအချိန်သည် ညနေလေးနာရီခွဲပြီးခဲ့ပြီ။ သူအိပ်နေမိသောအခန်းလေးသည် သူတို့အိမ်မှဧည့်ခန်းနှင့်နီးကပ်သည်။ ထို့ ကြောင့် ဧည့်ခန်းဆီမှအသံများကို နားမစွင့်လျှင်လည်း အတိုင်းသားကြားနေနိုင်၏။ ဧည့်ခန်းတွင်လူစုံနေပုံရပါသည်။ အခြားကြောင့်တော့မဟုတ်၊ ဧည့်ခန်းတွင် သူ့အမေနှင့်အစ်မဖြစ်သူနှစ်ယောက်သာရှိနေတာမှန်ပေမယ့် အမျိုးသမီးအသံအချို့ကိုပါကြားနေမိတာမို့ဖြစ်သည်။ ဧကန္တ အစ်မဖြစ်သူအပျိုဟိုင်းကြီး၏ဘော်ဒါများပင် ဖြစ်နိုင်၏။ သူ့ဖေဖေနှင့်အစ်ကိုဖြစ်သူကတော့ အိမ်တွင်မရှိကြပါ။ တီဗွီမှအကယ်ဒမီပေးပွဲအစီအစဉ်သံများက သူ့နားထဲသို့စကားသံများနှင့်အတူ ရောနှောစီးမျောလာခဲ့လေသည်။

ထို့ကြောင့် အခန်းထဲမှသူမထွက်ဖြစ်တော့။ အိမ်ကိုဧည့်သည်လာခဲ့လျှင် များသောအားဖြင့်ထွက်မတွေ့ချင်မိ သော သူ့အကျင့်ကိုမကောင်းဟု အိမ်ရှိလူကုန်က ခဏခဏဝေဖန်ကြပေမယ့် သူကတော့ခေါင်းမာနေမိဆဲ။

“ဟယ်....အဲ့မိန်းမကလည်းလွန်လိုက်တာဟယ်...။ ဖော်ထားလိုက်တာရင်ဘတ်ကြီးကို”....
“အကယ်ဒမီပေးပွဲများ ဘာမှတ်နေသလဲမသိဘူး”....
“ဒီလိုပွဲမျိုးဆို....ဒါမျိုးတွေဝတ်ဖို့ပဲ သူတို့ချောင်းနေကြသလားမသိဘူးနော်....ဟိဟိ”.....
“ဟုတ်ပဟယ်.....မုန်းစရာကြီး”....
“ဟိုဟာ နေတိုးမှတ်လား....၊ ချောင်ထဲကနေထွက်လာတာ”....
“နန္ဒာလှိုင်ကို မတွေ့ဘူး....၊ မလာဘူးလားမသိဘူးနော်”....
“အောင်မယ်....ဒီတစ်ခါ သူက လုံလုံခြုံခြုံလေးပါလားဟဲ့”....
“ပြည်စိုးအောင်ဆိုတာ....အဲ့လူလေ...၊ သူ့မိန်းမက...ဟိဟိ”....

စကားအဆုံးမှာ ဘာကို ဟိဟိမှန်းမသိ။

စိတ်ဝင်စားစရာ စကားများမို့ သူနားစွင့်နေမိလိုက်သည်။ ဧည့်ခန်းမှအသံများက အကယ်ဒမီပေးပွဲကိုကြည့် ရင်းမှန်မှန်ထွက်ပေါ်လာနေတာမို့ဖြစ်၏။ ထွက်ကြည့်ဖို့တော့ စိတ်မပါလှပါ။ မှန်တာပြောရလျှင် ခုနောက်ပိုင်း တက်သစ်စမင်းသားမင်းသမီးများပင် သူသိပ်မသိတော့။ နောက်ပြီး နှစ်သက်လွန်းသောမင်းသား၊ မင်းသမီး ဆိုပြီး သူ့ထံတွင်ဘယ်တုန်းကမှ မရှိခဲ့...။

“ဘာပဲပြောပြော.....စိတ်ချရအောင် ရဲမျက်မှန်တွင် လုပ်သည်......ရွှီးးးးး”......
“ဟဲ့....နင်ကချောင်းဆိုးနေပါလား....“....” ဆိုင်က ချောင်းဆိုးပျောက်ဆေး သုံးရာဖိုးလောက်ဝယ်သောက် လိုက်သိလား.....သက်သာသွားမယ်”.....
“ကလေးရော လူကြီးရော သောက်လို့ရသလားဟဲ့”....

ထုံးစံအတိုင်း အစီအစဉ်ကြားထဲတွင်ကြေငြာဝင်ချိန်မို့ အခြားအကြောင်းပြောနေကြသံကြားရပြန်သည်။ သူပြုံးမိပြန်သည်။ လုပ်ငန်းရှင်များသာမြင်လျှင် ငွေအကုန်ကျခံကာကြေငြာချိန်များတွင် လူတွေထိုသို့လုပ်တာကို ငို တောင်ငိုနိုင်သည်ထင်မိတာမို့ဖြစ်၏။

“အခုဆက်လက်ပြီး သီဆိုဖျော်ဖြေမယ့်သူကတော့ သရုပ်ဆောင် ၀ါဆိုမိုးဦးပဲဖြစ်ပါတယ်ရှန်”....

ကြော်ငြာတစ်ခန်းရပ်သွားတော့ ပွဲစဉ်အတွင်းမှ အစီအစဉ်ကြေငြာသူရဲ့အသံက ထွက်ပေါ်လာပြန်သည်။ ထို နာမည်ကိုကြားလိုက်ရသောအခါ သူ့စိတ်ထဲတမျိုးကြီးဖြစ်သွားပြန်သည်။ သရုပ်ဆောင်နာမည်က ၀ါဆိုမိုးဦး ဆိုတော့ နောက်ဆို “တပေါင်းနွေဦး”၊ “ပြာသိုဆောင်းလလယ်”....စသဖြင့် အနုပညာရှင်များပေါ်ထွက်လာဖို့ ရှိနိုင်သည်ဟု တွေးမိရင်း တစ်ယောက်တည်းကျိတ်ရယ်မိပြန်၏။ ထိုသရုပ်ဆောင်မလေးအား သူမမြင်ဖူးပါ။ မညာတမ်းပြောရလျှင် သူ့ကိုခေတ်နောက်ကျနေပြီဟု ဆိုနိုင်သည်။

အစီအစဉ်ထဲတွင် ထိုကဲ့သို့ သီဆိုဖျော်ဖြေတင်ဆက်သူများ၏အသံများကို သူ့နားထဲတွင်ကြားနေရသည်။ သူ ကြားရသလောက်ကတော့ တစ်ယောက်မှမစွန်လှ၊ သီချင်းကို လူတိုင်းနီးပါးဆိုတတ်ကြတာမှန်မည်ထင်ပါ၏။ သို့သော် ဌာန်ကရိုဏ်းကျကျ၊ နရီစည်းဝါးကျကျမဆိုလျှင် သူအရမ်းကိုစိတ်ပျက်တတ်တာမို့ပင်ဖြစ်သည်။

“ဟယ်......ဟိုမင်းသမီးကို ကြည့်စမ်း....သူ့ယောက်ျားလက်ကိုချိတ်ထားတာ....ယောက်ျားမမြင်ဖူးဘူးလားမသိဘူး”.....
“အေးဟယ်....ဟုတ်ပ....အဲ့ဒါ အိန်သရာကျော်ဇင် မို့လား...ဟွန်းးးး”
(သူတို့ပြောသော လေသံအတိုင်းရေးခြင်း ဖြစ်၏။)
“ယူကာစ,ကိုးဟဲ့... နင်တို့ကလဲ”
“ရတနာခင်လေးက လှလိုက်တာ”......
“ဆုရွန်းလဲ့လေးရောပဲ”....
“အေးနော်”.....
“ခိုင်သင်းကြည်လည်း အကယ်ဒမီရစေချင်တယ်.....သူကြာလှပြီနော်”....
“ဟုတ်ပါ့တော်”........

ထိုစဉ် အသံအားလုံး ခဏတိတ်သွား၏။
“မီးပြတ်သွားပြီ”....

သူ့အမေဖြစ်သူအသံကိုကြားလိုက်ရသည်။ အသံက တစ်ခုခုကိုလုပ်စေချင်သံပေါက်နေ၏။ ထိုအခါ ခြေသံတ ရှပ်ရှပ်ကိုကြားရသည်။ သူ့အစ်မဖြစ်သူက အင်ဗာတာကိုအမေ့စိတ်တိုင်းကျသွားဖွင့်လိုက်တာထင်သည်။ သိပ် မကြာခင် အစီအစဉ်မှအသံများကို ပြန်ကြားရပြန်လေ၏။ သူတို့တစ်သိုက်လုံး အကယ်ဒမီအစီအစဉ်ကို အင် ဗာတာအားသုံးပြီး တစ်ခဲနက် ဆက်လက်အားပေးကြပြန်လေ၏။

“ဟယ်.....ဟိုဟာ.....နန်းဆုရတီစိုးမဟုတ်လား....။ ကြည့်စမ်း စင်ပေါ်တက်သီချင်းဆိုနေပြန်ပြီ.....ဟင်းးးး”
“ဟုတ်ပဟယ်.....သူက ပါလေရာငါးပိချက်”.....
“အေးလေ... နှာခေါင်းပြင်ပြီးကတည်းက ထောင်ထောင် ထောင်ထောင်နဲ့”
“ထက်ထက်မိုးဦးလည်းမတွေ့ဘူးနော်”....
“လာမှာပေါ့ ဟယ်”....
“ဟိုမှာ မိုးဟေကို မှတ်လား”......
“မဟုတ်ဘူး”.....
“ဟုတ်တယ်”....
“ဟိဟိ......ငါက တခြားတစ်ယောက်ထင်နေတာ....ဟုတ်တယ်...မိုးဟေကိုပဲ၊ အခြောက်ကြီးနဲ့တူတယ်နော်”
“ဟဲ့.....နင်တို့ ၀ိုင်းစုခိုင်သိန်းအကြောင်းကြားပြီးပလား”.......
“ကြားပြီးပြီ.....ထင်တောင်မထင်ဘူးနော်.....ဖုန်းထဲကအသံက”....
“ဟုတ်ပဟယ်”....

သို့သော် ဆက်မပြောကြ။

“သူတို့ကလည်း အင်္ကျီဝတ်ထားတာတွေက......ဖော်နေကြတာပဲကွယ်”......

မေမေ့အသံက စိတ်ပျက်နေသည့်အသံ.....။ 

သူပြုံးလိုက်မိသည်။ နောက် သတိရလာမိသည်။ ဒီညနေ သူငယ်ချင်းတစ်ယောက်နှင့် အိမ်အနီးရှိလက်ဖက်ရည်ဆိုင်တွင် ချိန်းထားတာကိုဖြစ်၏။ ထို့ကြောင့် အခန်းထဲမှ ထွက်ကာ ရေချိုးခန်းဝင်ပြီး မျက်နှာသစ်လိုက်သည်။ သူအခန်းအပြင်ထွက်လိုက်တော့ ဧည့်ခန်းမှအသံများက ရုတ်တရက် တိတ်ဆိတ်သွားကြသလိုရှိသည်။ မျက်နှာသစ်ပြီး အ၀တ်လဲကာပိုက်ဆံအိတ်ကိုယူရင်း အိမ်ပေါ် မှ အောက်သို့ဆင်းခဲ့သည်။ အိမ်ပေါ်မှမဆင်းခင် ဖိနပ်စီးရင်း တီဗွီကိုလှမ်းငေးမိလိုက်သည်။ ဘာရယ်မဟုတ်ပဲ နှင့်သာဖြစ်၏။ သူ့မြင်ကွင်းထဲတွင်တော့ အနုပညာရှင်များနှင့်ပရိတ်သတ်များ ပျားပန်းခတ်နေကြတာကိုမြင် လိုက်ရသည်။ စိတ်ထဲတွင်ထိုင်ကြည့်ချင်စိတ်မဖြစ်မိတာတော့ သေချာလှသည်။ တံခါးပိတ်ကာ အိမ်အောက် သို့ သူဆင်းခဲ့လိုက်သည်။

လမ်းမပေါ်ကိုရောက်ခဲ့တော့ ကိုယ့်အလုပ် ကိုယ်လုပ်နေကြသော လူများဖြင့် စည်ကားနေတာကိုတွေ့လိုက် ရသည်။ ဆိုက်ကားဆရာတစ်ဦးက ခရီးသည်တင်ပြီး အားသွန်ခွန်စိုက်နင်းနေခဲ့၏။ ဘတ်(စ်)ကားထဲတွင်လူ တွေအပြည့်သိပ်စီးနင်းလိုက်ပါနေခဲ့ကြသည်။ တက္ကစီကားလေးများ၊ ကိုယ်ပိုင်ကားလေးများက လမ်းမပေါ်မှာ လိမ့်နေကြသည်။ ထိုအထဲတွင် သောက်ရေသန့်ဘူးဖြူဖြူကြီးများကိုလက်တွန်းလှည်းထဲထည့်ကာ တွန်းသွား သော ချာတိတ်တစ်ယောက်ကို တွေ့လိုက်ရသေးသည်။ ဟိုဘက်ပလက်ဖောင်းရှိ အကြော်ဆိုင်မှမီးခိုးငွေ့များ ကတော့ လေထဲတွင် တလူလူလွင့်ပျံတက်နေခဲ့လေ၏။ လူငယ်လေးသုံးယောက်က သူ့ဘေးမှပျော်ရွှင်စွာစ ကားပြောနောက်ပြောင်ရင်း ဖြတ်သန်းသွားကြသည်။

သူ့အတွက်တော့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောမြင်ကွင်းမို့ ချိန်းထားသောလက်ဖက်ရည်ဆိုင်လေးဆီသို့ ခပ်ဖြည်းဖြည်းလှမ်းသွားမိရင်း မျက်လုံးများက စိတ်ဝင်စားစွာလိုက်ကြည့်နေမိလိုက်၏။
တီဗွီထဲတွင်တော့ အကယ်ဒမီပေးပွဲသည် ခြိမ့်ခြိမ့်သည်းသည်းရှိနေခဲ့ဦးမှာသေချာလှပါသည်။ အိမ်မှလူများက အစီအစဉ်ပြီးသည့်အထိကြည့်ကြမလားတော့မပြောတတ်။ ထို့ကြောင့် ဒီည သူအိမ်ပြန်ချိန်နောက်ကျနိုင်မည် ထင်ရပါသည်။

ထိုနေ့သည် ၂၃ရက်နေ့ညနေခင်းဖြစ်၏။           

~~~~~@@@~~~~~


========================================================================
တကယ့်အဖြစ်ပျက်လေးပါ....။ မြန်မာပြည်ကို ပြန်ရောက်ကာစ, ၂၀၁၁ ဇန်န၀ါရီလတုန်းက ရေးဖြစ်ခဲ့ပြီး ဘလော့ဂ်ပေါ်မတင်ဖြစ်ပဲ အမှတ်တမဲ့ သိမ်းထားမိခဲ့တဲ့ (မောင်နှမတွေ မဖတ်ဖူးသေးတဲ့)  ပို့စ်လေးတစ်ပုဒ်ပါ။ အခုချိန်နဲ့ဆို အပ်ပ်ဒိတ် ဖြစ်ချင်မှ ဖြစ်ပါတော့မယ်။
ကြားမိသမျှကို ရယ်ချင်စိတ်တစ်ဝက်နဲ့ ရေးမိလိုက်ခြင်းပါခင်ဗျာ......။
အဲ့ဒီနှစ်က အကယ်ဒမီဘယ်သူတွေရသွားလဲဆိုတာ မှတ်လည်းမမှတ်မိသလို သိလည်း မသိခဲ့တာမို့ ထည့်မ ရေးတော့ပါဘူး....။
ကိုယ်တိုင်လည်း မကြည့်ဖြစ်ခဲ့တာအမှန်မို့လို့ပါပဲ....။
=======================================================================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
(အကယ်ဒမီသံစဉ်လှိုင်း)