Wednesday, December 18, 2013

အသံများနှင့်....

မိုးအကုန်ဆောင်းအကူး တစ်ခုသောနေ့စွဲတွင် ခရီးတိုလေးတစ်ခု ကျွန်တော်ထွက် ဖြစ်ခဲ့သည်။ရန်ကုန်- ပြည် အဝေးပြေးကားလမ်းမကြီးပေါ်မှ တောမြို့လေးတစ်မြို့ဆီသို့သာ ဖြစ်၏။ ထိုမြို့လေးရှိ ကျွန်တော်တည်းခိုသော ဆွေမျိုးများ၏အိမ်မှာ ကားလမ်းမကြီး၏နံ ဘေးတွင်ရှိသည်။ အိမ်ခြံဝင်းအရှေ့မှ ခြေလှမ်းနှစ်ဆယ်စာလောက် လျှောက်လျှင်ပင် ကားလမ်းမကြီးပေါ်သို့ ရောက်နိုင်၏။
         ထိုကားလမ်းမကြီးကို ကျော်လွန်ကာ အနည်းငယ် လမ်းလျှောက်မိလျှင်တော့ ကား လမ်းမကြီးနှင့် အပြိုင်သဖွယ်တည်ရှိနေသော မီးရထားလမ်းတစ်ခုကို တွေ့နိုင်သည်။ ထိုမီးရ ထားလမ်းလေး၏နံဘေးတွင် ခပ်အိုအို ဘူတာရုံလေးတစ်ရုံက မှုန်ကုပ်ကုပ်နိုင်စွာဖြင့် တည် ရှိနေခဲ့၏။

        ကျွန်တော်တည်းခိုသောအိမ်ရှေ့ရှိ ခုံတန်းလျားလေးဆီမှ လှမ်းမျှော်ကြည့်လျှင် ကား လမ်းမ၏ ဟိုဘက်တစ်ခြမ်းဆီက မီးရထားဘူတာရုံလေးကို (မျက်နှာခြင်းဆိုင်အနေအထား မို့) အမြဲလိုလို တွေ့နေရတတ်ပါသည်။ ဘာရယ်မဟုတ်ပဲ အမြဲလိုလိုမြင်တွေ့နေခဲ့ရသောအ ခါ ကျွန်တော့်အာရုံထဲတွင် ထိုဘူတာရုံလေးနှင့်ပတ်သတ်နေခဲ့သော မေးခွန်းတချို့က မသိ မသာ ကပ်ငြိလာခဲ့ရလေတော့၏။

~~~@~~~

     သန်းခေါင်ယံလွန်ခါစ, ညတစ်ညတွင် ထိုဘူတာရုံလေးရှိရာဆီသို့ တိတ်တဆိတ် ဆန်စွာဖြင့် ကျွန်တော်ရောက်ရှိသွားခဲ့သည်။ ဘူတာရုံအမိုး တံစက်မြိတ်အောက်သို့ ကျွန် တော်ဝင်လိုက်သောအခါ နှင်းမှုန်စ,များကြားတွင် ငိုက်မြည်းနေခဲ့ဟန်ရှိသော ဘူတာရုံလေး ဆီမှ...
        “ကောင်းသောအချိန်အခါပါ ကောင်လေးရေ့”.. ဟူသော နှုတ်ဆက်လိုက်သံက နွေး ထွေးစွာ ထွက်ပေါ်လာ၏။ ထိုအသံကြောင့် ကျွန်တော့်စိတ်ထဲ မခံချင်မိသလိုလို ဖြစ်သွား ရသည်။ တကယ်တော့ ကျွန်တော့်အသက်အရွယ်သည်‘ကောင်လေး’...ဟု ခေါ်ခံရမည့် အရွယ် မဟုတ်တော့ပါ။
လူလတ်ပိုင်းဘ၀သို့ပင် စတင်ချဉ်း နင်းဝင်ရောက်စ,ပြုနေခဲ့ရပြီမို့သာတည်း။

       “ကျွန်တော့်အရွယ်က ကောင်လေးလို့ ခင်ဗျားခေါ်ရမယ့်အရွယ်မဟုတ်တော့ဘူး ထင် ပါတယ်”...
         အစာမကြေသည့် အရိပ်အယောင်များ ပြည့်သိပ်ပျော်ဝင်နေခဲ့သောလေသံဖြင့် ကျွန် တော့်ရဲ့တုန့်ပြန်လိုက်သံက ခပ်ဆတ်ဆတ်ဖြစ်နေခဲ့မှန်း ဘာသာပြန်သတိထားမိလိုက်၏။ သို့သော် ဘူတာရုံလေးက နားလည်ခွင့်လွှတ်တတ်သော လေသံဖြင့် ကျွန်တော့်ကိုတုန့်ပြန် ပြောသည်။

        “ငါ့ရဲ့ရပ်တည်မှုနဲ့ဖြစ်တည်မှုက မင်းရဲ့လက်ရှိအသက်အရွယ်ထက် အများကြီးပိုစော ခဲ့လို့ မင်းကိုငါက ကောင်လေး...လို့ခေါ်မိတာ စိတ်မဆိုးပါနဲ့ကွာ။ ဥပမာ.. မိဘတွေက သား သမီးတွေရဲ့အသက် ဘယ်လောက်ပဲကြီးကြီး၊ အရွယ်ဘယ်လောက်ပဲရရ သူတို့မျက်စိထဲ မှာ ‘ကလေး’လို့ ထင်မြင်နေတတ်ကြသလိုမျိုးပေါ့ကွာ”

         “ထားလိုက်ပါတော့ဗျာ။ ဒါဆိုလည်း ရပါတယ်”...

         အကြောင်းအကျိုး ဆီလျှော်ညီညွတ်နေခဲ့သောစကားမို့ ကျွန်တော်ကြေအေးလိုက် တော့ ဘူတာရုံလေးက ခပ်သဲ့သဲ့ပြုံးရင်း....

       “ကောင်းတယ်၊ ဘာမှမဖြစ်လောက်တဲ့၊ မကြီးကျယ်တဲ့ကိစ္စတွေကို ‘ဇာ’မချဲ့တတ်တာ ကောင်းတယ်။ ဒါနဲ့နေပါဦး...၊ ညကြီးအချိန်မတော် မင်းကဒီကို ဘာလာလုပ်တာတုန်းကွ”

         “ကျွန်တော်မှာ ခင်ဗျားကိုမေးစရာ မေးခွန်းတချို့ရှိနေခဲ့လို့ပါ”

         “ဟေ”...

         ဘူတာရုံလေးဆီမှ အာမေဋိတ်သံက အေးစက်စက်ဆောင်းညတွင် ခပ်အုပ်အုပ်မြည် ဟည်း ထွက်ပေါ်လာ၏။ ကျွန်တော်ခေါင်းငြိမ့်ပြရင်း...

         “ဟုတ်တယ်..၊ အဲ့ဒါကြောင့် ဒီအချိန်ကြီး ကျွန်တော်တစ်ယောက်တည်း ထွက်လာခဲ့ တာ”...

         “ဘာတွေများ မေးချင်ရတာလဲကွ။ ငါက အသက်ကြီးနေပြီဆိုတော့ ငါ့ရဲ့အတွေးအ ခေါ်တွေက မင်းတို့ခေတ်စကားနဲ့ပြောရရင် ဒိတ်အောက်ချင်အောက်နေမှာနော်...။ မင်းပြန် စဉ်းစားလိုက်ဦး”...

        “ရပါတယ်။ ကျွန်တော်မေးချင်တဲ့မေးခွန်းတွေကို ခင်ဗျားကိုယ်တိုင်ဖြေပေးရင် ရပါပြီ။ အဓိက,ကတော့ ကျွန်တော့်မေးခွန်းတွေအပေါ်မှာထားတဲ့ ခင်ဗျားရဲ့သဘောထားတွေကို တိုက်ရိုက် ကြားချင်လို့ပါပဲ”...

         “အထူးအဆန်းပါလားကွ။ ကဲပါလေ... ဆိုစမ်းပါဦး”
         “ဒီလိုဗျာ...၊ ဒီမြို့လေးကို ကျွန်တော်ရောက်ကာစကတည်းက ခင်ဗျားကိုကြည့်နေမိတယ်”...

        “ဘာဖြစ်လို့ ငါ့ကိုအမြဲကြည့်နေရတာလဲကွ။ ငါက မင်းတို့လိုအရွယ်တွေသဘောကျ မယ့် ကောင်မလေးတွေလို ရုပ်ရည်ရှိတာလည်းမဟုတ်...၊ လှတပတလေးလည်းမဟုတ်”

         ဘူတာရုံလေး၏အသံက ရယ်သံစွက်လျှက်။ ထို့ကြောင့် ကျွန်တော်လက်ကာပြမိရင်း...

         “အဲ့ဒီလိုသဘောမျိုး မဟုတ်ပါဘူးဗျ။ ခင်ဗျားကလည်းလေ”...

         “အေးပါ၊ ငါက နောက်တာပါ။ ကဲ ဘာမေးမှာလဲ၊ မေးစရာရှိတာကို မြန်မြန်မေး။ ည နက်နက်ကြီး အပြင်ဘက်မှာ မင်းတစ်ယောက်တည်းရယ်”...

      “ဟုတ်ကဲ့။ ကျွန်တော်မေးချင်တာက ဒီလိုဗျာ။ အခုအချိန်က တန်းဆောင်တိုင်ကျောင်း ပိတ်ရက်ဆိုတော့ ခင်ဗျားရဲ့အမိုးအောက်မှာ ကလေးတွေလာလာပြီးဆော့ကြတာ ခင်ဗျား နားမညည်းဘူးလားလို့ပါ”...

         “ဟေ...၊ မင်းမေးခွန်းကလည်း အဆန်းပါလား”...
       ကျွန်တော်ပြန်မဖြေ။ သိချင်နေခဲ့သောအရာမို့ ဘူတာရုံလေးဆီကအဖြေစကားကို နား စွင့်ရင်း တိတ်တဆိတ် နေလိုက်မိ၏။

         “အေးပါ။ မင်းမေးခွန်းကို ငါဖြေပါ့မယ်။ ဒါပေမယ့် မင်းမေးခွန်းကိုငါမဖြေခင် ငါ့မေး ခွန်းကို မင်းအရင်ဖြေရမယ်၊ ဘယ်လိုလဲ”...

         “ဘာမေးမှာလဲဗျ”...

         “ဒီလိုကွာ၊ မင်းတို့လိုအရွယ်ရောက်နေတဲ့လူတွေဟာ အခုလိုအရွယ်မရောက်ခင်မှာ ‘ကလေးဘ၀’ကို မဖြတ်သန်းခဲ့ရတဲ့လူ ဘယ်နှစ်ယောက်လောက်များရှိမလဲ”

         “ဘယ်ရှိမလဲဗျ။ အားလုံးပဲ ကလေးဘ၀ဆိုတာကို ကိုယ်စီကိုယ်ငှ မဖြစ်မနေဖြတ် သန်းခဲ့ကြရမှာပေါ့”
         “ဟုတ်ပြီ။ ဒါဆို မင်းတို့ကလေးဘ၀တုန်းက ဆူဆူညံညံကစားခဲ့တာတွေကို အဲ့ဒီအချိန်တုန်းက မင်းတို့ ကိုယ်မင်းတို့ နားညည်းစရာလို့ရော ထင်ခဲ့မိသလား”

         “ဟင့်အင်း”

         ကျွန်တော်ခေါင်းကို ခပ်သွက်သွက်ယမ်းရင်း ပြန်ဖြေမိ၏။ ထိုအခါ ဘူတာရုံလေးက ခပ်အုပ်အုပ်အသံ ဖြင့်ရယ်မောရင်း...

         “ကဲ... အဲ့ဒါ ငါ့ရဲ့အဖြေပဲကောင်လေးရ”...

         “ဘာလဲဗျ၊ ခင်ဗျားအဖြေက”...

         “ရှင်းရှင်းလေးပါကွာ၊ လူတိုင်းမှာ ကလေးဘ၀ဆိုတာ ရှိခဲ့ကြတယ်။ ကလေးဘ၀မှာ ကလေးတွေက ကလေးပီပီကစားတာ၊ ဆူညံတာကို ငါကနားညည်းတယ်ဆိုပြီး အပြစ်သွား ယူလို့ဖြစ်မလားကွ။ ကလေးတွေရဲ့ အသက်ထက်ကြီးတဲ့ ငါတို့တွေက သည်းခံခွင့်လွှတ် ရင်း ဒီလိုပဲနားလည်ပေးရမှာပေါ့။ မဟုတ်ဘူးလား”

         ကျေနပ်စွာဖြင့် ကျွန်တော်ခေါင်းငြိမ့်မိ၏။

         “ဟုတ်ပါပြီဗျာ။ ဒါဆို နောက်တစ်ခုလောက် မေးပါရစေဦး။ ညနေပိုင်းတွေဆိုရင် ခင် ဗျားနားမှာ ကောင်လေးတွေ၊ လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းတွေ ၀ိုင်းခြင်းခတ်ကြ၊ ပိုက် ကျော်ခြင်းခတ်ကြရင်း ငြင်းကြခုန်ကြတဲ့ အသံတွေနဲ့ ညဘက်ဆို ခင်ဗျားရဲ့ပတ်ဝန်းကျင်မှာ ဂစ်တာတီးပြီး သီချင်းဆိုကြတာတွေကိုရော ခင်ဗျားရဲ့စိတ်ထဲမှာ နားညည်းတယ်လို့ မထင်မိဘူးလား”

         “ဟင့်အင်း၊ လူငယ်ဘ၀မှာ အပြစ်ကင်းတဲ့ ပျော်ရွှင်မှုမျိုးနဲ့ပျော်ရွှင်တာကို ငါတို့က နားလည်ပေးရမှာပေါ့ကွ။ အဲ့ဒါကိုသွားပြီး ဆူပူကြိမ်းမောင်းပြစ်တင်မယ်ဆိုလို့ရှိရင် အပြစ်မ ကင်းတဲ့ပျော်ရွှင်မှုမျိုးတွေနဲ့ သူတို့တွေ မွှေ့လျှော်သွားရင် မခက်ဘူးလား”...

       ညကတဖြည်းဖြည်း တိုးလို့နက်ရှိုင်းလာ၏။ တံစက်မြိတ်အစွန်းမှ လှမ်းမြင်နေခဲ့ရသော ကောင်းကင်ပြင်တွင် လက မပြည့်ဝသေးသော်လည်း ကြယ်စင်များခြံရံလျှက် ရင့်ကျက်စွာ လင်းဖျာနေခဲ့၏။

         “ဟုတ်ပါပြီဗျာ။ နောက်ပြီး မေးချင်သေးတာက ရထားဆိုက်တဲ့အချိန်တွေမှာ ခရီး သည်တွေရဲ့ တက်သံ၊ ဆင်းသံ၊ ဈေးသည်တွေရဲ့ အော်သံတွေကိုရော ဆူတယ်လို့ မထင်မိဘူးလား”

         “ဟင့်အင်း၊ ကိုယ့်ခရီးကိုယ်သွားကြရင်း အမှတ်တမဲ့ထွက်လာတတ်တဲ့ အသံတွေကို နားညည်းစရာလို့ ငါတော့မထင်မိပါဘူး။ ဒါနဲ့ မင်းလမ်းလျှောက်ရင် ထွက်လာတတ်တဲ့ မင်းရဲ့ခြေသံကိုရော နားညည်းစရာလို့ မင်းမထင်မိဘူးလား”...

      ခေါင်းယမ်းရင်း ကျွန်တော်ပြန်ဖြေမိသည်။

      “ဟင့်အင်း၊ မထင်မိဘူးဗျ”...

      “ကိုယ့်ခြေသံကိုကျတော့ ကိုယ်နားမညည်း၊ ကိုယ့်အသံကျယ်တော့ ကိုယ်နားမညည်း၊ သူများလုပ်ရင်မကောင်း၊ကိုယ်လုပ်ရင်အကောင်းထင်တတ်တာတွေဟာ စိတ်ဓာတ်ကောင်း ကောင်းမဖွံ့ဖြိုး၊ မရင့်ကျက်တဲ့သူတွေရဲ့ လက္ခဏာတစ်စိတ်တစ်ဒေသပဲကွ။ ပြီးတော့ ထ မင်းတစ်လုပ်စားရဖို့အတွက် ရိုးသားစွာ စီးပွားရှာနေကြတဲ့သူတွေရဲ့အသံကိုလည်း ငါ့အနေ နဲ့ နားညည်းစရာရယ်လို့ မသတ်မှတ်ပါဘူးကွာ”...

         “ဒါဆိုရင်... မရိုးသားတဲ့နည်းနဲ့ စီးပွားရှာတတ်ကြတဲ့သူတွေရဲ့အသံကိုတော့ ခင်ဗျား က နားညည်းစရာ လို့သတ်မှတ်မယ်ပေါ့”

         သွေးတိုးစမ်းသလို ကျွန်တော်မေးမိတော့ ဘူတာရုံလေးက ခေါင်းကိုခပ်ဖြည်းဖြည်း ယမ်းလေသည်။
         “အဲ့ဒီလိုအသံမျိုးတွေကိုလည်း ငါနားမညည်းပါဘူး။ နားမညည်းတဲ့အပြင် ဂရုဏာ စိတ်နဲ့တောင်မှ နားထောင်ပေးမိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၀မ်းဝရုံအပြင် ပိုမစား နိုင်ကြတဲ့ ဘ၀ကိုယ်စီနဲ့လူအချင်းချင်းမှာ လှည့်ဖျားမှုတွေကြောင့် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်ကြ၊ တွေ့ကြရဦးမှာပဲဆိုတာကို တွေးမိလို့ပါကွာ”...

         “သြော်... ဒီလိုကိုး၊ အခုလိုဖြေပေးတာ ကျေးဇူးပါပဲဗျာ။ နောက်ထပ်မေးချင်တာက ရထားမလာခင်အချိန်မှာ ခရီးသည်တွေက ခင်ဗျားအမိုးအောက်မှာ ရထားစောင့်ရင်း သူတို့ ဘ၀တွေကို စိတ်ပျက်ညည်းညူကြတဲ့ အခါမှာရော ခင်ဗျားဘယ်လိုနေလဲ”....

         “ဘယ်လိုမှ မနေဘူး။ ခရီးသည်တွေမှ မဟုတ်ဘူး။ လူတိုင်း ကိုယ့်ဘ၀ကို ကိုယ်ပြန် စိတ်ညစ်ဖူးကြမှာ ချည်းပဲလေ။ ကိုယ့်လက်ရှိအခြေအနေကို ပြန်ကျေနပ်နေတတ်တဲ့သူက ခပ်ရှားရှားမဟုတ်လားကွ”...

         “ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကောင်းတဲ့အသံတွေကို ပဲ နားထောင်လို့ရတာ။ ညည်းတာတို့ ဘာတို့ဆိုရင် နားမထောင်ချင်ဘူး။ နားညည်းတယ် ထင်တာ”...

         “နားလည်မှုနဲ့ နားထောင်ပေးရတာပေါ့ကွာ။ မင်းရဲ့အကျင့်ကိုလည်း မကောင်းဘူး လို့မဆိုလိုပါဘူး။ လူတိုင်းဟာ ကောင်းတာကိုမှ ကြိုက်တတ်ကြတာ၊ ဖြစ်ချင်ကြတာချည်းပဲဟာ။ အဲ့... လူပီသဖို့အတွက်ဆိုရင်တော့ ကောင်းတာရော၊ ဆိုးတာကိုပါ ဝေမျှခံစားတတ် ဖို့လိုမယ်ထင်တယ်ကွ”...

         “ဟုတ်ကဲ့ပါဗျာ။ ကျွန်တော်မှတ်ထားပါ့မယ်။ နောက်ဆုံးမေးခွန်းအနေနဲ့ မေးခွင့်ပြု ပါဦး။ ခင်ဗျားဆီကို ရထားတွေဝင်လာတဲ့အခါ၊ ထွက်သွားတဲ့အခါတွေမှာ ဆူညံတယ်လို့ မ ထင်မိဘူးလား။နောက်ပြီး ခင်ဗျားကတောမြို့လေးက ဘူတာရုံသေးသေးလေးဆိုတော့ ခင်ဗျားဆီမှာမရပ်ပဲ ဆက်ခုတ်သွားတဲ့ အမြန်ရထားတွေရဲ့အပေါ်မှာရော ဘယ်လိုခံစားမိလဲ”

         “ဟ... ငါက ဘူတာရုံဆိုမှတော့ ရထားတွေရဲ့အသံကို ဆူညံတယ်လို့မှတ်ရင် ရမ လားကွ။ မင်းမသိရင် မှတ်ထား၊ ကိုယ်လုပ်တဲ့အလုပ်ရဲ့အသံတွေကို နားမစွင့်ပဲ နားညည်းတယ်လို့ မှတ်ထင်တတ်ကြတဲ့သူတွေဟာ လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေနည်းပါးတတ်ကြတယ်ကွ။ အလုပ်နဲ့ပတ်သတ်တဲ့.... ကောင်းမှု၊ ဆိုးမှု၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် စတဲ့အသံတွေကို နားစွင့်နေသင့်တယ်ကွ။ အဲ့ဒါကြောင့်မို့ ငါတော့ ငါ့ အလုပ်ဖြစ်တဲ့ ရထားတွေရဲ့အသံကို နားညည်းတယ်လို့ မထင်မိပေါင်ဗျား...။
       ပြီးတော့ ငါ့ဆီမှာမရပ်တဲ့ ရထားတွေနဲ့ပတ်သတ်ပြီးတော့လည်း ဘာမှမခံစားရပါဘူး။ သူ့ခရီးစဉ်မှာကိုက ငါ့နေရာမှာရပ်ဖို့ သတ်မှတ်ချက်မှ မပါခဲ့တာပဲ။ အဲ့ဒီအတွက် ငါကဘာ ကိုသွားပြီး ခံစားရမှာလဲ။ ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ ကိုယ်နဲ့တကယ်မဆိုင်တဲ့ကိစ္စရပ် တွေမှာ လိုက်ပြီးခံစားနေရင် ဘယ်သူမှ ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူးကွ”

        ဘူတာရုံလေး၏အသံအဆုံးတွင် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသလို ရှိ၏။ စဉ်းစားစရာအများကြီးနှင့်မို့ ကျွန်တော့်ရဲ့ရင်သည်လည်း ပြည့်အင့်သွားသလို ခံစားလိုက်ရသည်။ အတန်ကြာတော့မှ ဆိတ်ငြိမ်ခြင်းကို ထပ်မံဖြိုခွင်းသည်ဆိုရုံမျှသော လေသံသဲ့သဲ့ဖြင့် ဘူတာရုံလေးက ကျွန်တော့်ကိုပြော၏။

        “အသံတွေရဲ့အလယ်မှာ နေတတ်ထိုင်တတ်ဖို့ဆိုတာ အပြောမှာလွယ်ပေမယ့် လက် တွေ့မှာ ခက်ခဲရင် ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကြိုးစားရင်ဖြစ်နိုင်တဲ့ သူလိုငါလိုလူတွေ ထဲမှာ တကယ်လုပ်ရင် အဟုတ်ဖြစ်လာနိုင်တယ်ဆိုတာ... ရင့်ကျက်လာတဲ့တစ်နေ့ မင်းသိ လာပါလိမ့်မယ် ကောင်လေးရာ”...

         ကျွန်တော်ခေါင်းငြိမ့်ပြမိခဲ့သလား...။ ကိုယ့်ကိုကိုယ် မသေချာ။ နောက်... ဘူတာရုံ လေးကိုနှုတ်ဆက်ကာ ခြေလှမ်းများအား ကျွန်တော်တည်းသော အိမ်လေးရှိရာဆီသို့ ဦး တည့်ခဲ့လိုက်သည်။

~~~@~~~

ထားသံလမ်းပေါ်မှဆင်းကာ ကားလမ်းမကြီးကိုဖြတ်ကူးပြီး အိမ်ရှေ့အရောက်တွင် နောက်ပြန်လှည့်ပြီး ဘူတာရုံလေးဆီသို့ လည်ပြန်ကြည့်မိ၏။ ထိုအခါ မှုန်မှိုင်းသော နှင်းမှုန် စ,များကြားတွင် ဘူတာရုံလေးက တိတ်ဆိတ်စွာဖြင့် ပြန်လည်ငိုက်မြည်းနေခဲ့တာကို တွေ့ လိုက်ရလေ၏။    

~~~@~~~


--------------------------------------------------------------------------------------------------------------
သက်တံဆယ်စင်းစာအုပ်လေးမှာ ရေးဖြစ်ခဲ့တဲ့ အက်ဆေးလေးပါ။ ခုမှ သတိရလို့ တင်လိုက်ခြင်းပါခင်ဗျာ...။
---------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~
(အသံများနှင့်...) 
Year 2011. November.    

6 comments:

ဆလူး said...

ဖတ်နေရင်း စာအုပ်ထုတ်ရင် ကောင်းမယ် လို့ တွေးမိတုံး ရှိသေးတယ် သက်တံ့ဆယ်စင်းမှာ ထည့်ထားတယ်ဆိုလို့ ဝမ်းသာတယ် ကိုဏီ .....

ကျေးဇူးပါ သက်တံ့ဆယ်စင်း စာအုပ် မဖတ်ဖူးတော့ blog ပေါ် ပြန် တင် ပေးတာ ........

ayesnake said...

မှန်တယ်။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေမှာ လိုက်ခံစားမနေနဲ့  ဆုံးမထားတာလေးကို မှတ်သားထားပါ့မယ် ကဏီ။

ဆွေလေးမွန် said...

ကိုယ်ရနေတဲ့ဘ၀မှာ ရောင့်ရဲကျေနပ်ပြီး ဘ၀အတွက် ဖြစ်နိုင်မယ့် တက်လမ်းကို မျက်စိဖွင့် နားစွင့်ထားရမယ်.။
ကောင်းလဲသတိ ဆိုးလဲသတိနဲ့ နေရမယ်။
ကိုယ့်ကို မနှစ်သက်လို့ ထားခဲ့သူမှန်သမျှကို မှန်တဲ့စိတ်ထားနဲ့ မေတ္တာနဲ့ တုံ့ပြန်ပြီး အမှန်ကို မြင်နိုင်ရမယ်။

ဖတ်ပြီး အဲလို အမြင်ပေါက်သွားတယ် ကိုဏီး ဒါပေမယ့် ..ခက်တယ်..

Ma Tint said...

ဖတ်ဘူးခဲ့ပေမယ့် ကွန်မန့်လေးပေးချင်လို့ ၀င်ရေးသွားတယ် မောင်ဏီရေ...
"ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ ကိုယ်နဲ့တကယ်မဆိုင်တဲ့ကိစ္စရပ် တွေမှာ လိုက်ပြီးခံစားနေရင် ဘယ်သူမှ ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူး" Bravo !

မေတ္တာဖြင့်
တီတင့်

ထရီဆာ (Teresa) said...

ကိုဏီရေ..တီတင့်လိုပဲ ဖတ်ဖူးပေမယ့် အိမ်လေးတွေ လိုက်လည်ရင်း ထပ်မံရောက်ရှိခဲ့ပါတယ်၊ ပို့စ်အသစ် လေးတွေ မျှဝေပါအုန်းလို့ ...

ခင်မင်စွာ

June Moe said...

ကောင်းလိုက်တဲ့ စာမူလေးပါ အကို။
ဖတ်ပြီး အားအင်တွေပြည့်သွားသလို... အတွေးအမြင်ပေါင်းများစွာရသွားတဲ့အတွက် ပိုလို့ ကျေးဇူးတင်မိပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
ဂျွန်မိုး