Thursday, May 9, 2013

ဆုံဆည်းကြတဲ့ အခါ...




ကောင်းကင်၏ အနောက်ဘက်ထောင့်ဆီမှ တိမ်မည်းညိုတို့က တရိပ်ရိပ်ဖြင့် နိမ့်ဆင်းလာနေခဲ့ကြတာကို မြင်နေရ၏။ လေပြင်းတွေကလည်း ကျွန်တော့်ပတ်ဝန်းကျင်တစ်ဝိုက်တွင် အဆက်မပြတ်ဆိုသလို ဝေ့ယမ်းတိုက်ခတ်နေခဲ့ကြသည်။ ထို့ကြောင့် သစ်ပင်ကြီးငယ်များသည် လေယူရာနောက် လိုက်ပါရင်း ယိမ်းထိုးလှုပ်ရှားနေခဲ့ကြလေတော့၏။

လူရှင်းတိတ်ဆိတ်သော လမ်းသွယ်လေးထက်တွင် တစ်ယောက်တည်းလျှောက်ရင်း အဝေးဆီမှ ပြေးလာမည့် သူမ၏ခြေသံတစ်စုံကို ကျွန်တော်နားစွင့်နေခဲ့မိသည်။ ရင်ထဲတွင်လည်း မယုံမရဲစိတ်၏ စေ့ဆော်မှုတစ်ခုကြောင့် တထိတ်ထိတ်ဖြင့် တုန်ခါ လှုပ်ရှားလာရသလိုလို။

ဟုတ်သည်။ ဒီတစ်ခါရော သူမ တကယ်လာမှာလား။ အရင်အခါတုန်းကလိုမျိုး အရိပ်အယောင်ပြ၊ မာယာများပြီး ကျွန်တော့်ရပ်ဝန်းငယ်ကနေ တိမ်းရှောင်သွားဦးမှာလား။ သူမ၏အထိအတွေ့၊ ရနံ့နှင့် အသွင်အပြင်လေးတွေကို ခံစားချင်၊ မော်ဖူးချင်ဇောတို့ဖြင့် မျှော်ရင်း မချင့်မရဲဖြစ်ပြီး မောဟိုက်နွမ်းလျစွာ ကျွန်တော်ကျန်ရစ်ခဲ့ရတာ ဘယ်နှစ်ကြိမ်ရှိခဲ့ပြီလဲ။ တစ်ကြိမ်၊ နှစ်ကြိမ်လား...၊ ဟင့်အင်း... အဲ့ဒီထက်တော့ ပိုနေခဲ့လိမ့်ဦးမည်။

တစ်ကိုယ်ရည် အတွေးများဖြင့် ယောက်ယတ်ခတ်ရင်း ကျွန်တော်ဆက်လျှောက်နေဆဲ အနောက်ဘက်ဆီမှ သူမ၏ခြေသံများအား ပီပီပြင်ပြင် ကြားလိုက်ရ၏။ ကျွန်တော့်ရင်ထဲ လှပ်ခ,နဲခါ၏။ နောက်ဆုံးတော့ ကျွန်တော့်ဆီသို့ သူမ တကယ်လာခဲ့လေပြီ။ ရုတ်ချည်းဆိုသလို ကျွန်တော့်ပတ်ဝန်းကျင်တစ်ခိုတွင် သူမ၏ရနံ့များက အေးမြငြိမ်းချမ်းစွာ လွင့်ပျံ့လာခဲ့ကြတာမို့ ဖြစ်၏။

ရင်ထဲတွင် ပျော်နေသော်လည်း မျက်နှာကိုတော့ ကျွန်တော်မှုန်ကုပ်ထားလိုက်မိသည်။ လာပါလေ့စေဦး၊ မျှော်ရင်း မောခဲ့ရတဲ့အဖြစ်တွေအတွက် မင်းကို ငါ နည်းနည်း စိတ်ကောက်ရဦးမယ်။

အနားရောက်လာသော သူမက ကျွန်တော့်ပခုံးကို အသာအယာပုတ်ကာ  တီးတိုးညင်သာစကားဆို၏။

“ကြည့်စမ်းပါဦး၊ မျက်နှာကြီးကလည်း သုန်မှုန်လို့ရယ်။ ဘာလဲ... ကိုယ့်ကို မင်းမကြိုဆိုဘူးလား”

“မကြိုဆိုချင်တာ မဟုတ်ပါဘူး။ မင်းကို ငါမျှော်နေခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ အဲ့ဒါကို အခုမှ မင်းက ရောက်လာတဲ့ဟာ။ ငါ စိတ်ဆိုးချင်တာပေါ့”

“မဆိုးပါနဲ့ကွယ်...၊ ကိုယ်လည်း မင်းဆီလာချင်နေခဲ့တာပါ”

“သွားပါကွာ၊ နောက်ဆုံးကျမှ ငါ့ဆီလာပြီးတော့”

“သြော်... ခုတော့ မင်းက ကိုယ့်ကို နှင်ရက်ပြီပေါ့လေ”

သူမ၏လေသံက ၀မ်းနည်းခြင်းများစွာဖြင့် မှိန်သဲ့သဲ့ဖြစ်သွားတာမို့ ကျွန်တော် နည်းနည်း သနားသွားမိသည်။ ကျွန်တော့်ရဲ့အငုံ့စိတ်ကိုက နာကျင်ဝမ်းနည်းမှုတွေကို ကိုယ်တိုင်မဖန်တီးတတ်ချင်ခဲ့တာ၊ သူတစ်ပါးကိုလည်း မခံစားစေချင်ခဲ့တာ။ ထို့ကြောင့် လေသံပျော့ပျော့ဖြင့်...

“မနှင်ပါဘူး။ ဘယ်သူက မင်းကို နှင်မယ်ပြောလို့လဲ။ ငါမင်းကို ဘယ်လောက်စောင့်စားခဲ့ရသလဲဆိုတာ မင်းအသိဆုံးပါ။ ပြောရမယ်ဆို မင်းလာချိန်မတန်သေးတုန်းက ငါမမျှော်ခဲ့ပါဘူး။ ဒါပေမယ့် မင်းလာချိန်တန်တဲ့အခါမှာတော့ ငါမင်းကို အမှန်တကယ် မျှော်မိခဲ့တယ်။ အဲ့ဒါကို မင်းက သူများတွေဆီအရင်သွားပြီး နောက်ဆုံးကျမှ ငါ့ဆီလာခဲ့တယ်ဆိုတော့ ငါမင်းကို စိတ်မဆိုးသင့်ဘူးလား”

သူမက ကျွန်တော့်မျက်ဝန်းများထဲသို့ နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ သက်ပြင်းလေးကို ဖွဖွချရင်း...

“မင်းဆီကို ကိုယ်အမြဲတမ်းလာချင်ခဲ့တာ မင်းမှ မသိတာပဲ။ မင်းဆီကို လာတဲ့လမ်းမှာ အတားအဆီးအမျိုးမျိုးတွေကို ကိုယ်ဘယ်လိုဖြတ်ကျော်ခဲ့ရသလဲဆိုတာသိရင် မင်း ဒီလိုမျိုး ကိုယ့်ကို စကားနာထိုးမှာမဟုတ်ပါဘူး”

“ငါ စကားနာထိုးတာမဟုတ်ပါဘူး”

“ဒါပေမယ့် မင်းပြောလိုက်တဲ့စကားနဲ့ မင်းရဲ့အမူအယာတွေက အဝေးကနေ အပြေးလာခဲ့တဲ့ ကိုယ့်ကို လဲပြိုကျသွားအောင် ထိုးနှက်လိုက်သလိုပဲလေ။ မင်းသိအောင် ကိုယ်ပြောပြမယ်။ မင်းဆီကိုရောက်ဖို့ ကိုယ်အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မင်းအနားကို ရောက်ခါနီးတိုင်း ကိုယ့်ဆီမှာ ရေငွေ့တွေ၊ လေထုစိုထိုင်းမှုတွေက လုံလောက်အောင်မရှိကြတော့ဘူး။ အဲ့ဒါကြောင့်မို့လို့ မင်းရဲ့နံဘေးကို ကိုယ်ခြေချခွင့် မရခဲ့တာပါကွယ်”

ပြောရင်း သူမ၏လေသံထဲတွင် ရှိုက်ငင်သံသဲ့သဲ့ပါလာတာ ကျွန်တော် သတိထားမိလိုက်တော့ တင်းမထားရက်တော့ပါ။

“ထားပါတော့။ ဘာပဲဖြစ်ဖြစ် ငါ့ဆီကို အခုတစ်ကြိမ်မှာ ရောက်အောင်လာခဲ့တဲ့မင်းကို ကျေးဇူးတင်ပါတယ်။ ငါ့ပတ်ဝန်းကျင်ငယ်လေးက ပူလောင်မှုတွေကို အဆုံးသတ်ပေးခဲ့တဲ့အတွက်ပါ”

“ကိုယ်အခုမှ အမောပြေသွားတော့တယ်”

ပြောရင်း သူမက ကျွန်တော့်ပခုံးကို ခပ်ဖွဖွ မီ၏။ သူမအား ညင်သာယုယစွာ ကျွန်တော်ထွေးပွေ့လိုက်မိတော့ ကြည်နူးချမ်းမြေ့သော ရယ်သံလွင်လွင်လေးက သူမထံမှ လွင့်ပျံ့လာခဲ့သည်။ သူမ၏ ရယ်သံလေးကိုကြားမှ ကျွန်တော်သတိရစွာဖြင့်...

“ပိတောက်ပန်းလေးတွေလည်း ငါ့ဝန်းကျင်မှာ ခုထိ မပွင့်ကြသေးဘူး။ မင်းအလာနောက်ကျလို့လေ။ မနက်တုန်းက ငါလက်ဖက်ရည်ဆိုင်သွားထိုင်တော့ ဆိုင်ရှေ့မှာရှိတဲ့ ပိတောက်ပင်ကြီးပေါ်က ပိတောက်ဖူးလေးတွေ ကြွေနေတာ ငါမြင်ခဲ့ရသေးတယ်”

“စိတ်မပူပါနဲ့၊ နောက်တစ်ခေါက် ကိုယ်ပြန်မရောက်လာခင် သူတို့လေးတွေကို ရွှေဝါရောင် ၀တ်စုံလေးတွေ ဆင်မြန်းပေးခဲ့ပါ့မယ်။ မင်းဟာလေ... အခုမှရောက်လာတဲ့ ကိုယ့်ကို ယုယဖို့အရင်သတိမရဘူး။ သူ့ပိတောက်ပန်းလေးတွေအတွက် အရင် စိတ်ပူနေတာပဲ...၊ ဟင်း”

စိတ်အလိုမကျသံလေးဖြင့် သူမကပြောရင်း နှုတ်ခမ်းလေးအား ဖွဖွကိုက်ကာ ကျွန်တော့်ကို မျက်စောင်းသဲ့သဲ့ထိုး၏။ ကြည်နူးချမ်းမြေ့စွာဖြင့် ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မိသည်။

~~~@~~~

မိုးရေထဲတွင် ထီးမပါပဲ   တစ်ယောက်တည်းပြုံးပြီး လျှောက်သွားနေသော ကျွန်တော့်ကို နံဘေးမှ ဖြတ်သွားဖြတ်လာ လူအချို့က အထူးအဆန်းသဖွယ် ကြည့်သွားကြ၏။ သို့သော် ကျွန်တော် ဂရုမစိုက်နိုင်အားပါ။ အဘယ့်ကြောင့်ဆိုသော် မိုးစက်များ ကျွန်တော့်အနီးသို့ ရောက်လာခဲ့ခြင်းကြောင့်သည်သာ....။       

~~~@~~~

--------------------------------------------------------------------------------------------
ခုထိ အပြင်မှာ တကယ်မရွာသေးတဲ့မိုးကို စိတ်ကူးထဲမှာ ရွာခိုင်းလိုက်ခြင်းပါပဲခင်ဗျာ...:D
--------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
ည(၁၁း ၀၈)နာရီ
၀၈၊ ၀၅၊ ၂၀၁၃
ဗုဒ္ဓဟူးနေ့
(ရန်ကုန် -  မြန်မာပြည်)
(ဆုံဆည်းကြတဲ့ အခါ...)



9 comments:

Myat said...

စဖတ်ထဲ က ထင်သားပဲ ။ ပူလောင်မှုတွေရရှိတိုင်း သူမ အနားအမြဲရောက်လာပါစေလို့ ဆုတောင်းပေးပါတယ် ။

အန်တီလေးမေခင် said...

ကိုဏီရေ
ဆုံဆည်းကြတယ်.အခါ စာပို.စ်လေး
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

Anonymous said...

ရင်ထဲမှာ ကြည်နူးခြင်းတစ်မျိုး
ကိန်းအောင်သွားရတယ် ကိုဏီ
ရေးထားတာ နူးညံ့တယ်
ပြုတ်ထားတဲ့ ကြက်ဥရဲ့ အနှစ်ကို
ကောက်ဝါးလိုက်ရသလိုပဲ

နွေလ

မိုးညချမ်း said...

ဖတ်ရင်း ကြည်နူးအေးချမ်းမှုလေးနဲ့အတူ ပြုံးမိသွားပါတယ် ကိုဏီရေ ... :)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ငြိမ့်ငြိမ့်ညောင်းညောင်းလေး နှုးညံ့တဲ့ခံစားချက်လေးတွေ ကိုဖော်ထုတ်တတ်တာကိုက ကိုဏီမဟုတ်လားဗျာ
လူပြိုကြီးတွေရဲ့ ခံစားချက်က နှုးညံ့ကြပါတယ်လေ

း)း)
ပုံ
ကျွတ်လွတ်သွားသူ
မောင်ဘကြိုင်း) စတာနော် ကိုဏီ အဲဒါအတည်း)

ွှThwin said...

အစက မိုးကို ပြောမှန်းမသိလိုက်ဖူး..။ ပြီးမှ သိလိုက်တာ..။

မြသွေးနီ said...

မဖတ်ရတာ ကြာပြီဖြစ်တဲ့ ကိုဏီရဲ့ ရေးဟန်နဲ့ စတိုင်လေးကို ဒီပို့စ်လေးမှာ ပြန်တွေ့လိုက်ရတယ်...

ပစ်ပစ် said...

အကို post တွေ ညီမ ဆိုက်ဘားမှာ
တက်မလာဘူး...

Theingi Shwe Sin said...

လာသွားတယ်​​နော်