Sunday, June 16, 2013

ကျွန်တော်နှင့် အချဉ်





မိုးနေ့စွဲတစ်ရက်တွင် ရန်ကုန်မြို့ထဲသို့ ထီးကောက်ရှည်တစ်လက်အား လက်မှကိုင်ကာ တိုလီမိုလီထည့် ထားသော အိတ်အဟောင်းလေးလွယ်ပြီး ကုပ်ချောင်းချောင်းနိုင်စွာဖြင့် ကျွန်တော်တစ်ယောက်တည်း ရောက်ဖြစ် ခဲ့ရ၏။ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စတချို့ ရှိနေခဲ့သောကြောင့်သာ ဖြစ်၏။

ကျွန်တော်စီးလာသော ဘီအမ်အမျိုးအစား ဘတ်စ်ကားက ဆူးလေကားမှတ်တိုင်တွင် ဆောင့်ကြီးအောင့် ကြီး ၀င်ရပ်လိုက်ချိန်မှာ နေ့လယ်တစ်နာရီစွန်းစွန်း အချိန်ဖြစ်၏။ အပြင်ဘက်တွင် မိုးက သည်းထန်လွန်နေခဲ့၏။ ကားပေါ်မှဆင်းကာ ထီးကောက်ရှည်ကြီးအား ဖွင့်ဆောင်းရင်း မှတ်တိုင်အမိုးအောက်တွင် ခဏခိုမိသည်။ ဒီမိုးနဲ့ဆို ငါ့တစ်ကိုယ်လုံး ကြွက်စုတ်ဖြစ်သွားနိုင်သည်ဟု တွေးမိသောကြောင့်ပင် ဖြစ်ပါသည်။

သို့သော် မှတ်တိုင်တွင်ရပ်ရင်း ငါးမိနစ်လောက်ကြာသည့်အထိ မိုးက စဲမသွားနိုင်ပဲ တိုးလို့သာ သည်းထန် လာခဲ့လေတော့၏။ မှတ်တိုင်အစွန်းတွင် ထီးဖြင့်ကာပြီးရပ်နေသော ကျွန်တော့်ဂျင်းဘောင်းဘီရှည်၏ အောက်ပိုင်း နှင့် စီးထားသော အလုံပိတ်ဖိနပ်မှာ မိုးရေတို့ဖြင့် တဖြည်းဖြည်း စိုနစ်လာရတာကိုလည်း သတိထားမိလိုက်သည်။ ထို့ကြောင့် မထူးတော့ပါဟု တွေးရင်း မှတ်တိုင်အပြင်ထွက်ကာ သွားရမည့်နေရာဆီသို့ ခြေလှမ်းပြင်မိ၏။

မြို့ထဲလမ်းမများ၏နံဘေးနှင့် ပလက်ဖောင်းအစပ်ကြားနေရာတိုင်းမှာ မိုးရေဖြူဖြူများ တဝေါဝေါဖြင့် စီးနေ ကြ၏။ ကျော်သွားလို့လည်းမရ။ ထို့ကြောင့် စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး မိုးရေများထဲ ခြေကိုနှစ်ကာ လျှောက်ရ၏။ ဖိနပ်ထဲရေတွေဝင်ကာ ၀တ်ထားသော ခြေအိတ်များပါ ရေစိုနေရတာမို့ အနေခက်လှပါသည်။ ရေလွတ်ရာ ပလက် ဖောင်းများပေါ်မှာ လမ်းလျှောက်သောအခါ ရေပြည့်နေသော ဖိနပ်များက ကလောက်၊ ကလောက်မြည်သံပေး၏။ လမ်းလျှောက်ရင်း မိုးရေထဲတွင် စီးကရက်တစ်လိပ်အား ခက်ခက်ခဲခဲ မီးညှိကာ ဖွာလိုက်မိသေး၏။ စကားမစပ် ပြောပြရမည်ဆိုလျှင် မိုးရွာထဲမှာလမ်းလျှောက်ရင်း ဆေးလိပ်သောက်ရတာကို ကျွန်တော်အလွန်နှစ်သက်သည်။ (မသောက်တတ်သော သူငယ်ချင်းများ၊ ညီလေး၊ ညီမလေးများ ကျွန်တော့်ကို အတုမယူကြပါနှင့်။ စမ်းမကြည့်ကြ ပါနှင့်ခင်ဗျာ။)

ဧမာနွေလ ဘုရားကျောင်းနားမှအဖြတ်တွင် မိုးထဲလေထဲမှာ ထီးဆောင်းပြီး ဇွဲကြီးကြီးဖြင့် မတ်တပ်ရပ်နေ သူတချို့က ကျွန်တော့်အားကြည့်၍ “ဒေါ်လာရောင်းမလား”ဟု လှမ်းမေးကြ၏။ မသိချင်ဟန်ဆောင်ပြီး မျက်နှာလွှဲ ကာ ကျွန်တော်ဖြတ်လျှောက်ခဲ့လိုက်သည်။ ပြောရမယ်ဆိုလျှင် သူတို့အားရောင်းစရာ “ဒေါ်လာရော၊ ဦးလာ”ရော ကျွန်တော့်မှာ မပါ။ ပါခဲ့လျှင်လည်း မရောင်း။ ဒီနေရာက ငွေရောင်းငွေဝယ်ကိစ္စတွေမှာ ပြဿနာရှိသည်ဟု သ တင်းနည်းနည်း ထွက်နေတာမို့ဖြစ်၏။ နောက်ပြီး ခုဆို ဘဏ်တွေမှာ တရားဝင် ရောင်းဝယ်လို့ရနေခဲ့ပြီ။ ဘလက်ခ် မားကက်ကို အားမပေးသင့်တော့။ ပြီးတော့ ကျွန်တော်က သူတို့လှည့်စားချင်တိုင်းရမည့် အချဉ်တစ်ကောင်မ ဟုတ်။ (သို့သော်လည်း မချိုလှပါ။)

ထိုစဉ် ကျွန်တော့်အရှေ့မှ ခပ်ဆန်းဆန်းအ၀တ်အစားများဖြင့် ကောင်မလေးနှစ်ယောက် ဖြတ်လျှောက် သွားကြ၏။ အပေါ်ပိုင်းမှာ ထီးကာနေတာမို့ မမြင်လိုက်ရသော်လည်း အသားကပ်ဘောင်းဘီရှည်လိုမျိုး (ခြေအိတ် လိုမျိုး) ၀တ်ထားသည့် သူတို့၏ ကောက်ညှင်းထုတ်ဆန်ဆန် ခြေသလုံးများကို မြင်လိုက်ရ၏။ ရေစိုနေသည်မှာ အကြည့်ရဆိုးလှသည်ဟု ကျွန်တော့်စိတ်ထဲ အားနာနာဖြင့်တွေးမိရင်း မျက်နှာလွှဲမိပြန်သည်။ ပြောကြစတမ်းဆို ကျွန်တော်က မိန်းကလေး များအားမြင်တိုင်း လိုက်ငမ်းတတ်သော အချဉ်တစ်ကောင် မဟုတ်ပြန်ပါ။ (မိန်းကလေးများကလည်း ကျွန်တော့်ပုံ စံအား သဘောကျမည်ဟု လုံးဝမထင်ပါ။ ကျွန်တော်က ပိန်ညောင် ချိနဲ့ကာ ကမ္မဌာန်းရုပ်ပေါက်နေသည့်ပုံစံမို့ပင် ဖြစ်လေ၏။)

ဆောင်ရွက်စရာ ကိစ္စရှိသည့်နေရာအရောက် သူတို့က ကျွန်တော့်အား နာရီပြန်နှစ်ချက်ခွဲမှပြန်လာရန် ချိန်း ကြ၏။ လက်မှနာရီကို ငုံ့ကြည့်မိတော့ တစ်နာရီခွဲသာသာပင် ရှိသေးတာ တွေ့ရ၏။ ထို့ကြောင့် ၃၇လမ်း အောက် ဘက်မှ “အုန်းစော” စာအုပ်အဟောင်းရောင်းဆိုင်ကြီးသို့ ကျွန်တော်ချီတက်မိ၏။

ဆိုင်ဝမှာရပ်ရင်း အောက်ပိုင်းတစ်ပိုင်းလုံး ရေစိုနေတာမို့ ဆိုင်ထဲဝင်ဖို့ ကျွန်တော်အားနာနေသော်လည်း ရောင်းသည့်ကောင်လေးက “လာပါအစ်ကို”ဟု ကျွန်တော့်အား ပျူပျူငှာငှာ ကြိုဆို၏။ ထို့ကြောင့် ထီးကို အပေါက် ၀တွင်ထားခဲ့ကာ ဆိုင်ထဲသို့ ကျွန်တော်ဝင်ခဲ့မိ၏။ ဆိုင်ထဲတွင် စာအုပ်အဟောင်းများ၏ရနံ့က အပြင်မှမိုးဒဏ်လေ ဒဏ်ကို မမှုသည့်အလား သင်းသင်းမြမြ ရှိနေခဲ့၏။ ထိုရနံ့လေးများအား ကျွန်တော် သိပ်နှစ်သက်၏။

စာအုပ်များကမူ စားပွဲပေါ်မှာ၊ စင်ပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ အပုံလိုက် အထွေးလိုက်။ တံတွေးတစ်ချက်ကို ဂလုခ,နဲနေအောင် ကျွန်တော်မျိုချမိ၏။ ဖြစ်နိုင်လျှင် ဒီစာအုပ်တွေအကုန်လုံး အိမ်သယ်သွားချင်လိုက်တာဟု စိတ် ထဲ မရိုးမရွတွေးမိ၏။ သို့သော် ကျွန်တော့်မှာက အဲ့ဒီလောက် အသပြာမပါ။ လောလောဆယ် ထိုစိတ်ကူးအိပ်မက် ကို အကောင်အထည်ဖော်ဖို့ မကြိုးစားရဲသေး။

နောက် ဖတ်ချင်သော စာအုပ်များကို ရှာ၏။ တွေ့သမျှ လိုချင်သော်လည်း နောက်ဆုံးပိတ်အဖြစ် (၁)မင်းလူ ၏ အခြားဝတ္ထုတိုများ၊ (၂) မင်းလူ၏ မင်းမဆိုးပါဘူး၊ (၃) မင်းလူ၏ အများနှင့် မသက်ဆိုင်သောသူ၊ (၄) ဒဂုန်ရွှေ မျှား၏ ရွှေစင်နတ်ဘုရား၊ (၅) ဒဂုန်ရွှေမျှား၏ ပုလဲဒေ၀ီ၊ (၆) ငြိမ်းကျော်၏ အချစ်ဦးသို့ ရွှေနားတော်သွင်းဧချင်း...စ သည့် ခြောက်အုပ်သာ ၀ယ်ဖို့ ပြင်မိ၏။ ကျသင့်ငွေမေးသောအခါ ဆိုင်ရှင်ကောင်လေးက ခုနှစ်ထောင်ဟုဆိုသည်။ ကျွန်တော်က ခပ်တည်တည်ဖြင့် ခြောက်ထောင်ထားပါဗျာ...ဟု ဆိုသောအခါ ဆိုင်ရှင်ကောင်လေးက သဘော ကောင်းစွာဖြင့် လိုက်လျောခဲ့လေ၏။ ကျွန်တော့်မှာ ၀မ်းသာလုံးဆို့သွားမိ၏။ တယ်လည်း ဈေးဆစ်ကောင်းတဲ့ ငါပါ လားဟု ကိုယ့်ကိုယ်ကို အဟုတ်ထင်မိလိုက်သေး၏။ ဟုတ်သည်လေ၊ သူပြောသည့်ဈေးအတိုင်း အချဉ်အဖြစ်မခံပဲ ဈေးဆစ်လိုက်မိတာကြောင့် အခုတော့ ကျွန်တော် တစ်ထောင်ကြီးများတောင် သက်သာသွားရပြီ မဟုတ်ပါလား။ (တစ်ထောင်ဆိုသည်မှာ ကျွန်တော်သောက်နေကျ လက်ဖက်ရည်ဆိုင်လေးတွင် နက်စ်ကော်ဖီမစ် ပလိန်းအား တစ်နေ့ တစ်ခွက်ဖြင့် ငါးရက်ဝယ်သောက်၍ ရပါသည်။)

စာအုပ်ဆိုင်ထဲက ထွက်ခဲ့ကာ ချိန်းထားသော နေရာဆီသို့ ရေစိုစို ခြေလှမ်းတွေကို ရွေ့ဖြစ်၏။ မိုး ကတော့ ရွာနေဆဲ၊ သို့သော် သိပ်မသည်းထန်တော့။ လမ်းလျှောက်ရင်း ၀ယ်လာဖြစ်သော စာအုပ်လေးများအ ကြောင်း စဉ်းစားနေမိသည်။ အကုန်လုံး အကြိုက်တွေချည်းဖြစ်သည့်အပြင် ထိုစာအုပ်ခြောက်အုပ်ထဲတွင် ဒဂုန် ရွှေမျှား၏ ပုလဲဒေ၀ီမှာ ၁- ၁၁- ၁၉၆၅ ခုနှစ်ထုတ်ဖြစ်ပြီး ငြိမ်းကျော်၏ အချစ်ဦးသို့ ရွှေနားတော်သွင်းဧချင်းမှာ ၁၉ ၇၆ခုနှစ် မေလထုတ်စာအုပ်လေးများဖြစ်တာမို့ (ကျွန်တော့်အသက်ထက် ကြီးနေသော စာအုပ်လေးများမို့) သ ဘောအကျကြီး ကျနေမိခဲ့ရသေး၏။

ဆောင်ရွက်စရာ ကိစ္စများ ပြီးမြောက်၍ မြို့ထဲမှနေ ကျွန်တော်နေသော ဆင်ခြေဖုံးရပ်ကွက်လေးသို့ပြန်ဖို့ရာ ဆူးလေကားမှတ်တိုင်တွင် ကမူးရှူးထိုးရပ်လာသော ဘီအမ်ကားကြီးတစ်စီးပေါ် ကျွန်တော်ခုန်တက်လိုက်၏။ ဂိတ် စမို့ ကံကောင်းစွာပင် ကားပေါ်တွင် နေရာလွတ်များစွာဖြင့်။ ထို့ကြောင့် အလယ်မှ ခုံတစ်ခုံတွင် အလုအယက် ၀င် ထိုင်မိ၏။ သို့သော် ကျွန်တော့်ခြေထောက်အောက်တွင် ဂက်စ်အိုးကြီးနှစ်အိုးရှိနေ၏။ ကျွန်တော်လန့်သွားသည်။ မ တော်လို့ ထ,ပေါက်ကွဲလျှင် ငါတော့ ကိုယ်ကျိုးနည်းချေမည်ဟု စဉ်းစားဖြစ်ကာ နောက်တစ်ခုံကျော်သို့ နေရာရွေ့ မိ၏။ နေရာရွေ့မိတာက ဘီးဖုံးပေါ်မှ နေရာမို့ ထိုင်ခုံပေါ်တွင် ထိုင်ရသော်လည်း ခြေချထား၍ မရ။ ဒူးထောင်ပြီး ထိုင်ရ၏။ ထီးကောက်ကြီးအား ဒူးနှစ်လုံးကြားမှာညှပ်ကာ သေသေချာချာထိုင်ပြီးမှ ပြန်စဉ်းစားမိသည်။ အင်း...ဟို နားက ဂက်စ်အိုးပေါက်ရင် ဒီနေရာလည်း လွတ်မှာမဟုတ်ပဲ တစ်ကားလုံး ကြွမယ့်ဟာကို ငါဘာအရူးထ,ပြီး ရွေ့မိ ပါလိမ့်ဟု ကိုယ့်ကိုယ်ကို ရယ်ချင်စွာ တွေးမိ၏။

ထိုကဲ့သို့ ကျွန်တော်စဉ်းစားနေစဉ် ကားက မထွက်သေး။ စပယ်ယာက ကားအောက်ဆင်းကာ ခပ်ဖွဲဖွဲ မိုး ရေများကြားမှာ လူခေါ်နေဆဲပင်။ ထို့ကြောင့် ကားပေါ်သို့ ဈေးသည်အချို့တက်လာကာ ဈေးရောင်းကြ၏။ တစ်ဦး က ငုံးဥပြုတ်ရောင်း၏။ ကျန်တစ်ယောက်က အသင့်ထုတ်ပြီးသားကွမ်းယာရောင်း၏။ နောက်တစ်ယောက် ရောင်း တာက ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသော အ၀ါရောင်သမ်းနေသည့် သရက်သီးစိမ်းများ။

ကျွန်တော့်ဘေးနားက (ပြတင်းပေါက် နံဘေးမှ) အသက်လေးဆယ်အရွယ်ခန့်လူတစ်ယောက်က သရက် သီးတစ်ထုတ်ဝယ်၏။ နှစ်ရာပေးရတာ ကျွန်တော်မြင်လိုက်ရ၏။ စကားမစပ် ပြောရမည်ဆိုလျှင် ကျွန်တော်လည်း သရက်သီးကြိုက်၏။ စိတ်ထဲ စားချင်မိသော်လည်း အခုလို လူတွေကြားထဲမှာ ကျွန်တော်မစားရဲ။ ရှက်သည်။ ထို့ ကြောင့် မ၀ယ်ပဲ ငြိမ်နေမိလိုက်၏။

မကြာခင် ကားက မှတ်တိုင်မှ စ,တင်ထွက်၏။ ကျွန်တော့်ဘေးနားမှ လူသည် သရက်သီးများကို တကျွတ် ကျွတ်မြည်အောင် မြိန်ရည်ယှက်ရည် ၀ါးစားနေလေတော့၏။ ကျွန်တော့်မှာ ဘေးနားကနေရင်း သူ့သရက်သီးများ မြန်မြန်ကုန်သွားပါစေဟု ဆုတောင်းနေမိတော့၏။ အခြားကြောင့်တော့ဖြင့် မဟုတ်၊ သူသရက်သီးစားနေပုံကို မ သိမသာကြည့်ရင်း၊ သူ့ဆီမှ လွင့်ပျံ့လာသော သရက်သီးအနံ့ကို ရှူရင်း ကျွန်တော့်ပါးတွေ ညောင်းကာ သွားရည် ကျချင်လာသော ကြောင့်ပင်တည်း။

ဗဟန်းသုံးလမ်းမှတ်တိုင်မှအထွက်တွင် ကားပေါ် ရဟန်းတစ်ပါးတက်လာ၏။ သက္ကန်းမှာက မိုးရေတွေစိုနေ တာ လှမ်းမြင်ရ၏။ ကျွန်တော်ထိုင်နေသောနေရာက ကားအလယ်ပိုင်းမှာမို့ ရှေ့ဆုံးခုံရှိ လူများထဲမှ ဘယ်သူထ, ပေးပါလိမ့်မည်နည်းဟု လှမ်းမျှော်ကြည့်မိတော့ ကျွန်တော် အံ့သြသွားရသည်။ (နေရာတော်တော်များများတွင် အ မျိုးဘာသာ သာသနာကို ချစ်တတ်ကြပါသည်ဟု ကြွေးကြော်တတ်ကြလေသော မြန်မာလူမျိုးများထဲမှ မြန်မာအ မျိုးသားအချို့သည် တုတ်တုတ်မျှ မလှုပ်၊ နေရာမှ ထ,မပေးကြပဲ မသိခြင်ထောင် ထောင်နေခဲ့ကြတာမို့ပင်ဖြစ်၏။) ထို့အစား နှုတ်ခမ်းမွှေးစစ၊ အနက်နုရောင်အသားအရည်၊ ခပ်နွမ်းနွမ်း အဆင်အပြင်တို့နှင့် ဟိန္ဒူအမျိုးသားတစ်ဦး က ထိုင်ရာမှထ,ကာ ထိုရဟန်းအား နေရာပေးလိုက်တာကို မြင်လိုက်ရသောကြောင့်ပင်။

ထိုအမျိုးသားအား စိတ်ထဲမှ ကြိတ်ကာ ကျေးဇူးတင်မိရင်း ဘာရယ်မှန်းမသိပဲ ကျွန်တော့်စိတ်ထဲ နည်းနည်း ရှက်သွားမိသလို ခံစားလိုက်ရသေးသည်။ သို့သော် ကျွန်တော့်ဘေးမှလူက သရက်သီးအား မပြီးနိုင်မစီးနိုင် ဇိမ်ခံ ပြီးစားနေဆဲ။ နေရင်းထိုင်ရင်း ကျွန်တော့်မှာ ပါးတွေ ညောင်းလာရပြန်၏။ ထို့ကြောင့် အာရုံလွှဲသည့်အနေဖြင့် အ ရှေ့ခုံမှ ကောင်လေးကိုကြည့်မိတော့ နားနှစ်ဘက်လုံး နားကပ်ပန်ထားကာ ခပ်ဆန်းဆန်း ဆံပင်ပုံအား ဆေးဆိုး ထားသော ဦးခေါင်းနောက်ပိုင်းကို တွေ့ရ၏။ သို့သော် သူက ဘတ်စ်ကားကြပ်ကြပ်ကြီးပေါ်တွင် စာတစ်အုပ်ကို သည်းကြီးမည်းကြီး ဖတ်နေခဲ့လေ၏။ ပုံစံက ခေတ်ဆန်သော်လည်း စာအုပ်စာပေအား နှစ်သက်ရှာပါလားဟု... ကျွန်တော့်စိတ်ထဲ ကျိတ်ကာ ချီးကျူးမိရ၏။

နောက်... ကျွန်တော့်စိတ်ထဲ တွေးမိသည်။ ဘေးနားမှလူ၏ သရက်သီးဖြင့်နှိပ်စက်မှုအား စာအုပ်ဖတ်ကာ အာရုံလွှဲရလျှင် ကောင်းလေလိမ့်မလားဟု။ ဟုတ်သည်၊ ကျွန်တော့်မှာလည်း စာအုပ်တွေပါ၏။ သို့သော်လည်း လူများကြားမှာ ကျွန်တော် စာမဖတ်တတ်။ ထို့ကြောင့် အာသာဖြေသည့်အနေဖြင့် အိတ်ထဲမှ စာအုပ်လေးများကို သာ ဖွင့်ကြည့်မိ၏။ စာအုပ်လေးများအား လက်ဖြင့်တို့ထိရင်း အိမ်ရောက်လျှင် မိုးအေးအေးဖြင့်ဖတ်ဖို့ ကျွန်တော် စိတ်ကူးယဉ်နေမိဆဲ အရှေ့မှကောင်လေး၏ဦးခေါင်းက ဆတ်ခ,နဲ နောက်ဘက်သို့ လှည့်လာလေ၏။ အခြား ကြောင့်တော့ မဟုတ်၊ စာအုပ်များအား တသသ လုပ်နေမိသောကြောင့် ကျွန်တော့် ဒူးခေါင်းကြားမှာ ညှပ်ထား သော ထီးကောက်ကြီးက အမှတ်တမဲ့ဖြင့် လွတ်ထွက်သွားပြီး အရှေ့မှ ကောင်လေး၏ခေါင်းကို ဒေါက်ခနဲ သွား ခေါက်မိသောကြောင့်ပင်တည်း။

ကျွန်တော့်မှာ ကသောကမြော တောင်းပန်ရင်း ကောင်လေးမြင်အောင် ထီးကောက်ကြီးအား ဒူးခေါင်းကြား မှာ သေသေချာချာ ညှပ်ပြလိုက်၏။ ထိုအခါမှ ကောင်လေးက စိတ်ချလက်ချပုံစံမျိုးဖြင့် အရှေ့ပြန်လှည့်သွားလေ ၏။ ကျွန်တော်သက်ပြင်းချမိသည်။ ပြဿနာမရှာတာ ကံကောင်းသည်ဟု တွေးမိ၏။

ရွှေဂုံတိုင်မီးပွိုင့်ကျော်သောအခါ ကျွန်တော့်ဘေးမှလူ၏ သရက်သီးများ ကုန်သွားလေတော့၏။ သူက ဆား တွေကျန်နေသေးသော ကျွတ်ကျွတ်အိတ်ကလေးအား ပြတင်းပေါက်မှနေ လျှောခနဲ လွှင့်ပစ်လိုက်တာကိုကြည့် ရင်း ကျွန်တော့်မှာ ၀မ်းပန်းတသာ။ ဟုတ်သည်လေ...၊ မစားရအညှော်ခံဘ၀မှ ကျွန်တော်လွတ်ကင်းရပြီမို့ပင်။ အ လကားနေရင်း ပါးတွေတောင့်၊ သွားရည်တွေကြိတ်ကျနေရသော ဘ၀မှ လွတ်ကင်းရလေပြီ။

ခုမှပဲ စိတ်အေးလက်အေးဖြင့် ဘတ်စ်ကား စီးရတော့မည်...ဟု တွေးမိ၏။ စိတ်လွတ်လပ်စွာဖြင့် ကားအပြင်ဘက်သို့ ကျွန်တော်ငေးကြည့်နေမိလိုက်၏။ ရေစိုစိုလမ်းများပေါ်တွင် လူ တွေသွားနေကြဆဲ။ မိုးကလည်း ရွာနေဆဲ။ ကားကြီးက ရွေ့နေဆဲ။ ကားပေါ်မှာလည်း လူတွေက ကျပ်နေဆဲ။ ကျွန်တော်ကလည်း အိမ်ပြန်ရောက်လျှင် ဖတ်ရတော့မည့် စာအုပ်များအကြောင်းစဉ်းစားရင်း အူမြူးနေမိဆဲ။ ထို စဉ် အတွေးတစ်စက ကျွန်တော့်ခေါင်းထဲသို့ ရုတ်တရက် ၀င်ရောက်လာခဲ့လေ၏.

အခြားတော့မဟုတ်၊ ကျွန်တော်သည် တချို့နေရာများတွင် အချဉ်အဖြစ်မခံခဲ့သော်လည်း တကယ့်အချဉ် နှင့် တည့်တည့်တိုးမိသောအခါတွင်တော့ အချဉ်၏နှိပ်စက်မှုဒဏ်အား အနည်းနှင့်အများ ခံခဲ့ရပါလားဟူ၍...။ ။


----------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်....
~ ဏီလင်းညို ~
၁၁၊ ၀၆၊ ၂၀၁၃။
အင်္ဂါနေ့။
ည( ၁း ၀၄) နာရီ
(ကျွန်တော်နှင့် အချဉ်)
(ရန်ကုန် - မြန်မာပြည်)

8 comments:

Latt Latt said...

အတွေးကောင်း အရေးကောင်းတယ်

တေလေ၂၀၁၂ said...

အားပေးနေတယ် အကို....

ငြိမ်းစိုးဦး said...

အချဉ်မှာ အက်ဆစ်ပါတာမို့ တော်သင့်ရုံထက်ပိုလာရင် လူတွေကို ဒုက္ခပေးမှာ ...

Anonymous said...

အစ အဆုံး စိတ်ဝင်စားစရာကောင်းပါတယ်။ ရေးလည်းရေးတတ်ပါရဲ့။
တယ်လဲတော်တဲ့ ကိုဏီ ပါလား။ တစ်ထောင်ကြီးများတောင်ဆစ်နိုင်တယ်။

ကိုယ် ကိုတိုင်က အချဉ်မကြိုက်ပေမယ့် ရံဖန်ရံခါ အချဉ်ဖြစ်သွားခဲ့ဖူးပါတယ်။ အချဉ်ဖြစ်သွားလို့ဖြစ်သွားမှန်သိ တောမသေးတာပေါ့နှော။

ခင်မင်စွာဖြင့်
SMT

ပစ်ပစ် said...

အကိုကတော့ ဖြစ်ရမယ်..း)

zin may said...

ပြုံးချင်စရာကို ဖတ်ရင်းပြုံးရင်း သရက်သီးစားတာကို အသားလွတ်
သရေယိုလာရင် စာဖတ်သွားပါကြောင်း ...

ခင်တဲ့
ဇင်လေး (ခ)ကဗျာလင်း

Maung Zo Phay said...

ကိုဏီ computer မကိုင်တာကြာတော့ မြန်မာလိုမဆေတနမအပကငသစဟ{ဏဥှွုျှွ့နျွှာညျှို

Theingi Shwe Sin said...

အချဉ်​ လာသွာုးပါတယ်